← Chapters

ကျောက်တုံးအပိုင်းအစလေးထံမှ အနက်ရောင်အလင်း

Vol. 26 Ch. 354

ကျောက်တုံးအပိုင်းအစလေးထံမှ အနက်ရောင်အလင်း

Vol. 26 Ch. 354

ရှာမန်ဒုတိယလှိုင်း တိုးဝင်လာသောအခါ စုမင်အနောက်မှ မာန်စွမ်းအားရှင်တစ်ရာသည် ကျီချဲနှင့် ယန်ပေါ်တို့ ဦးဆောင်မှုအောက်၌ အလျင်အမြန် ပြန်လည်ဆုတ်ခွာလာလိမ့်မည်ဟု လူပေါင်းများစွာက မမျှော်လင့်ထားခဲ့ပေ။

၎င်းတို့ ဆုတ်ခွာရန် ရွေးချယ်လိုက်သောအခါ ကျိုးသဲ၏ မျက်နှာက မကျေနပ်ဟန်ဖြင့် မျက်မှောင်ကြုတ်သွားခဲ့သည်။

အေးတိအေးစက် ထျန်းလန်ယို့၏ မျက်ဝန်းများထဲတွင် ကဲ့ရဲ့လိုဟန်များ ဖြစ်ပေါ်လာ၏။ ထို့နောက် ၎င်းတို့အား အာရုံမစိုက်ပဲ အကြည့်ပြန်လွှဲတော့မည့် အချိန်မှာပင် သူမမျက်ဝန်းတို့ ရုတ်တရက်ဆိုသလို ကျဉ်းမြောင်းသွားခဲ့ရသည်။

မာန်စွမ်းအားရှင်များအားလုံး ပြန်လည်ဆုတ်ခွာသွားချိန်မှာပင် လူတစ်ဦးက ရပ်ကျန်နေခဲ့သည်ကို သူမ မြင်လိုက်ရသောကြောင့် ဖြစ်သည်။ ထိုလူသည် ဆုတ်ခွာလာသော မာန်စွမ်းအားရှင်များနှင့် ချီတက်လာသော ရှာမန်များကြား၌ ရပ်နေခဲ့၏။ ယခုအချိန်တွင်တော့ ဤလူမှာ ချီတက်လာသူများနှင့် ဆုတ်ခွာလာသူများကို ပိုင်းခြားပေးထားသည့် ကောင်းကင်နှင့် မြေပြင်အကြားမှ ချောက်နက်ကြီးတစ်ခုသဖွယ်ပင် ဖြစ်သည်။

စုမင် နောက်မဆုတ်ခဲ့ပေ။

'ဒါက ဖျော်ဖြေမှုတစ်ခု။ သွေးစွန်းတဲ့ ဖျော်ဖြေမှုတစ်ခုပဲ။

မင်းတို့အားလုံးက အဲဒါကို မြင်ချင်တာဆိုမှတော့ လူတွေအများကြီး သေပေးနေစရာ မလိုပါဘူး... ငါကပဲ မင်းတို့အတွက် လုပ်ပေးရမှာပေါ့'

စုမင် ထိုနေရာတွင် ရပ်နေလျက်မှ တောင်ပိုင်းစစ်မြေပြင်ဆီသို့ ခေါင်းလှည့်ကြည့်လိုက်သည်။

ထိုနေရာမှ သူ့အား တည်ငြိမ်စွာစိုက်ကြည့်နေသူ တစ်ယောက်ရှိကြောင်း သူအနည်းငယ် လှမ်းမြင်နေရသည်။

'ဒီစစ်ပွဲမှာ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့ပြီးမှတော့ ငါ့အပိုင်းကို ငါလုပ်ဆောင်ရမှာပေါ့။ ငါ မင်းရဲ့အမိန့်တွေကို နာခံမယ်။ ဒါပေမယ့်... ငါ့ကိုယ်ပိုင်နည်းလမ်းတွေကို သုံးပြီးတော့ပဲ သူတို့ကိုနာခံနိုင်မယ်' စုမင် တောင်ပိုင်းစစ်မြေပြင်ထံမှ အကြည့်လွှဲလိုက်ပြီး ကောင်းကင်မြူခိုး မြို့တော်ဆီသို့ လှမ်းကြည့်လိုက်သည်။

'ငါ့လုပ်ရပ်တွေအားလုံးကို ငါပိုင်တယ်။ ဘယ်သူကမှ ဝင်ရောက်စွက်ဖက်လို့ မရသလို၊ ဘယ်သူကမှလည်း သူတို့စိတ်ဆန္ဒတွေနဲ့ ငါ့အပေါ် လွှမ်းမိုးလို့မရဘူး။ ဟင်းလင်းပြင်ထဲက တိထျန်းနဲ့ တောင်ပိုင်းစစ်မြေပြင်က ကျိုးသဲတို့လည်း မရဘူး။ ငါသာ မလုပ်ချင်ရင်... ကောင်းကင်မြူခိုး မြို့တော်တောင်မှ ခိုင်းစေနိုင်မှာမဟုတ်ဘူး' စုမင်အကြည့်ထဲတွင် သွေးရောင်အလင်းနှင့် အေးစက်မှုတို့အပြင် ခက်ထန်ခိုင်မာသော စိတ်ဆန္ဒတစ်ခုလည်း ပါဝင်နေခဲ့သည်။

ထိုခိုင်မာသော စိတ်ဆန္ဒသည် ကမ္ဘာပေါ်ရှိ မည်သည့် ဆန္ဒများကိုမှ အညံ့ခံလိမ့်မည် မဟုတ်သလို မည်သို့သော စွမ်းအားမျိုးကမှ မနှိမ်နင်းနိုင်မညိ့ အလင်းတစ်မျိုးလည်း ဖြစ်သည်။

'ငါက ရုပ်နယ်လွန်ပြည့်စုံဆင့်မှာ ရောက်နေပြီ။ ရိုးရေစတေးနယ်ပယ်ကို ရောက်ဖို့အတွက် အကွာအဝေးက နည်းနည်းလေးပဲ ကျန်တော့တယ်။ ဒါပေမယ့် အဲဒီအကွာအဝေးတိုလေးကို အနိုင်ယူဖို့ကလည်း ငါ့အတွက် အမြဲခက်ခဲနေခဲ့တယ်... စောစောက ဖြစ်သွားခဲ့တဲ့အရာက ငါ့စိတ်ကူးယဉ်မှုသက်သက် မဟုတ်တာတော့ အသေအချာပဲ... ဒါက ငါ့အတွက် ရုပ်နယ်လွန်နယ်ပယ်ကနေ ရိုးရေစတေးနယ်ပယ်ကို ချိုးဖျက်တက်ရောက်နိုင်မယ့် အခွင့်အရေးတစ်ခုလည်း ဖြစ်သွားနိုင်တယ်'

'ငါသာ ငါ့ကိုယ်ထဲက မာန်အရိုးကို အောင်အောင်မြင်မြင် အရည်ဖျော်ပစ်နိုင်ပြီဆိုရင်... ရိုးရေစတေးနယ်ပယ်ကို ရောက်သွားနိုင်လောက်တယ်'

နက်မှောင်တောင်မှစ၍ ယခု မာန်စွမ်းအားရှင်များနှင့် ရှာမန်များအကြား စစ်ပွဲအထိ ကိစ္စပေါင်းများစွာကို ဖြတ်သန်းခဲ့ရပြီးချိန်တွင်တော့ နောက်ဆုံး၌ စုမင်တစ်ယောက် ကြီးပြင်းလာခဲ့ချေပြီ။ ယခု သူသည် ဆယ်ကျော်သက်ကောင်လေး တစ်ယောက် မဟုတ်တော့ပဲ ကောင်းကောင်းမွန်မွန် အရွယ်ရောက်နေပြီးဖြစ်သော လူငယ်တစ်ဦး ဖြစ်နေလေပြီ။

သူ့ရုပ်ခန္ဓာကိုယ်သာ ကြီးထွားလာခဲ့ခြင်း မဟုတ်ပဲ သူ့စိတ်စွမ်းအားများ မွေးဖွားလာမှုကြောင့် စုမင်မှာ စိတ်ဓာတ်ခိုင်မာသော လူသစ်တစ်ယောက်သဖွယ် ဖြစ်နေခဲ့သည်။ သူသည် ကြိုးဖြင့် ချည်နှောင်ခံထားရသော သစ်သားရုပ်သေး တစ်ရုပ်နှင့် တူနေခဲ့ပြီး ယခုတော့ ထိုကြိုးမှာ ပြုတ်ထွက်တော့မည့် အရိပ်အယောင်များ ပြနေခဲ့ချေပြီ။

သူ့ကိုယ်ပိုင်အတွေးများ၊ သူ့ကိုယ်ပိုင် စိတ်စွမ်းအားနှင့် ပြတ်ပြတ်သားသား ရှေ့ဆက်ရန် လှုံ့ဆော်ပေးနိုင်သည့် ရဲစွမ်းသတ္တိများလည်း ရရှိလာခဲ့ပြီ ဖြစ်သည်။

စုမင် ခန္ဓာကိုယ်ကိုလှည့်၍ ကောင်းကင်မြူခိုး မြို့တော်အား လှမ်းကြည့်လိုက်သည်။ သူ့အနောက်ဘက် ပေ၇၀၀၀ခန့် အကွာအဝေးတွင်တော့ အကောင်းမွန်ဆုံး အခြေအနေတွင်ရှိနေသော ရှာမန်မုဆိုးများစွာက ရှာမန်တစ်ရာကျော်ကို ဦးဆောင်လာနေ၏။ ၎င်းတို့ မျက်လုံးများထဲတွင် ပြင်းပြသော သတ်ဖြတ်လိုသည့် စိတ်ဆန္ဒများ ရှိနေခဲ့သည်။

ဤရှာမန်များမှာ စစ်တပ်ကြီး တစ်ခုသဖွယ်ဖြစ်ပြီး သွေးစက်တို့ပက်ဖျန်းခံထားရသော မြေပြင်ကိုပင် ဖုန်တထောင်းထောင်း ထလာစေသည်။ လေထဲသို့ ပျံ့လွင့်လာသော ဖုန်မှုန့်များသည် ၎င်းတို့လမ်းကြာင်းကို ပိတ်ဆို့ထားသော စုမင်အား ဝါးမြိုပစ်လိုဟန်ဖြင့် လေထုအတွင်းမှာပင် ကြောက်မက်ဖွယ် ဧရာမ ပါးစပ်ကြီးတစ်ခုအသွင် ပြောင်းလဲသွားခဲ့သည်။

စုမင်က ရှာမန်များကို ကျောခိုင်းထားခဲ့ခြင်း ဖြစ်သည်။ သူ့အရှေ့ ပေထောင်ပေါင်းများစွာ အကွာတွင်တော့ မာန်စွမ်းအားရှင် တစ်ရာခန့်က နောက်သို့ဆုတ်ခွာနေကြသည်။ ဤလူများသည် ဆုတ်ခွာနေရင်းမှပင် သူတို့နောက်သို့ စုမင် လိုက်ပါမလာခဲ့ကြောင်း တစ်ယောက်ပြီးတစ်ယောက် သတိပြုမိသွားကြ၏။ တစ်ဖြည်းဖြည်းဖြင့် သူတို့အရှိန်များ နှေးကျသွားခဲ့သည်။ အချို့ဆိုလျှင် သူတို့အနောက်တွင် ရပ်နေသော စုမင်ကိုပင် ပြန်လှည့်ကြည့်နေကြချေပြီ။

စုမင်အား မြင်လိုက်ချိန်တွင်တော့ သူ့အနောက်ရှိ ပျံ့လွင့်နေသော ဖုန်မှုန့်များနှင့် သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် ရှာမန်များကိုလည်း သူတို့ မြင်တွေ့လိုက်ကြရလေသည်။

"နောက်ပြန်မလှည့်ကြနဲ့။ စစ်မြေပြင်ထဲကို ပြန်ဆုတ်ကြ" စုမင် အော်ဟစ်လိုက်သည်။

ထိုအော်ဟစ်သံအတွင်း စိတ်ဆန္ဒတစ်ခုပါ ပါဝင်နေသည်။ ထိုစိတ်ဆန္ဒသည် အခြားမာန်စွမ်းအားရှင်များအပေါ် သက်ရောက်မှု မရှိနိုင်သော်လည်း သူနှင့်အတူ လိုက်ပါတိုက်ခိုက်ခဲ့သော ထိုလူတစ်ရာအတွက်တော့ သူတို့ဘဝတွင် အခိုင်မာဆုံးသော အသံအဖြစ် ပြောင်းလဲသွားခဲ့ချေသည်။

"စစ်မြေပြင်ဆီကို ပြန်သွားပြီး ငါ့ကိုအဲမှာ စောင့်နေကြ" လူအုပ်အကြားသို့ သူ့အသံ ရောက်ရှိသွားသည်နှင့် စုမင် တစ်ဖက်သို့ ပြန်လှည့်လိုက်သည်။ ထိုအချိန်တွင်တော့ ချီတက်လာနေသော ရှာမန်များမှာ သူနှင့် ပေ၄၀၀၀ပင် မဝေးတော့ပါချေ။ သူတို့မှာ တစ်ယောက်မျက်နှာကိုပင် တစ်ယောက် ရှင်းရှင်းလင်းလင်း မြင်နိုင်နေပြီဖြစ်သည်။

"အစွမ်းထက်စစ်သည်တော်တစ်ဦးနဲ့ ရင်ဆိုင်ရချိန်မှာတောင် မင်းနောက်မဆုတ်ပဲ ရှေ့ဆက်တိုးနိုင်ခဲ့မယ်ဆိုရင် အဲဒါက ရဲစွမ်းသတ္တိတစ်မျိုးပဲ။ ရာချီ၊ ထောင်ချီတဲ့ စစ်သည်တော်တွေနဲ့ ရင်ဆိုင်ရချိန်မှာ ရှေ့ဆက်တိုးနိုင်ခဲ့မယ် ဆိုရင်လည်း အဲဒါက ရဲစွမ်းသတ္တိတစ်မျိုး ဖြစ်နေဦးမှာပဲ... တစ်နေ့နေ့မှာတော့ အဲဒါက ဘယ်လိုခံစားချက်မျိုးလဲဆိုတာ မင်းနားလည်လာနိုင်ကောင်းပါရဲ့" စုမင် ခေါင်းငုံ့လိုက်စဉ် သူ့အကြီးအကဲ၏ စကားသံများက ခေါင်းထဲ၌ ပဲ့တင်ထပ်လာခဲ့သည်။

ရှာမန်များမှာ ပိုမိုနီးကပ်လာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းတို့က ပေ၃၀၀၀ပင် မဝေးတော့ချေ။

ပေ ၂၀၀၀၊ ပေ ၁၅၀၀၊ ပေ ၁၀၀၀...

ထိုရှာမန်များ ပေ ၁၀၀၀ အကွာအဝေးသို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် စုမင် ဦးခေါင်းက မော့လာခဲ့ပြီး သူ့နှုတ်ခမ်းများမှတစ်ဆင့် ခပ်တိုးတိုးကြုံးဝါးသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထို့နောက် ခဏအတွင်းမှာပင် ရှေ့တည့်တည့်သို့ ဦးတည်တိုးဝင်သွားခဲ့လေသည်။

'သေခြင်း၊ ရှင်ခြင်း ကပ်ဘေးတစ်ခုကသာ ငါ့ခန္ဓာကိုယ်ထဲက မာန်အရိုးကို အရည်ပျော်အောင် လုပ်ပေးနိုင်တယ်။ ငါ ပိုပြင်းထန်တဲ့ အန္တရာယ်တစ်ခုနဲ့ ရင်ဆိုင်ပြီး ပိုခက်ခဲတဲ့ သေခြင်းနဲ့ရှင်ခြင်းကြား စမ်းသပ်မှုတစ်ခုကို ကျော်ဖြတ်ဖို့လိုတယ်။ အဲဒါမှ ငါ့ကိုယ်ထဲက မာန်အရိုးကို လုံးဝအရည်ဖျော်ပစ်နိုင်ပြီး... ငါ့အရိုးတွေကို စတေးဖို့ ကြိုးစားနိုင်မှာ'

ထိုအချိန်တွင်တော့ သူ့အမြန်နှုန်းမှာ ၎င်း၏ အလျင်မြန်ဆုံး အခြေအနေသို့ ရောက်ရှိနေခဲ့ချေပြီ။

လေထုအတွင်း လေပြင်းတစ်ခု ဖြစ်ပေါ်လာသည်။ ထိုအခိုက်အတန့်၌ စုမင်မှာ အလွန်လျင်မြန်လှသဖြင့် ချက်ချင်းဆိုသလိုပင် ပေ ရာပေါင်းများစွာအား ဖြတ်သန်းခရီးနှင်သွားခဲ့၏။ ယခု သူသည် ရှာမန်အုပ်စုနှင့် အလွန်နီးကပ်နေခဲ့ချေပြီ။

'ဒါက ပြီးမြောက်ဖို့ အရမ်းခက်ခဲတဲ့ တာဝန်တစ်ခုပဲ။ လူတိုင်းသေသွားရင်တောင် ဒီတာဝန်ကို ပြီးအောင်လုပ်နိုင်ဖို့ဆိုတာ အရမ်းခက်နေဦးမှာ... နည်းလမ်းတစ်ခုပဲ ရှိတော့တယ်... အဲဒါက ငါအဲဒီနေရာကို သွားပြီး ကတော့ပုံ အရာဝတ္ထုကို နေရာချနိုင်ဖို့အတွက် ဒီသာလွန်ထူးကဲတဲ့ အမြန်နှုန်းကို အသုံးပြုဖို့ပဲ...'

'ငါ့အမြန်နှုန်းနဲ့ဆိုရင်၊ မလုပ်နိုင်ဘူးဆိုတာ မဖြစ်နိုင်ဘူး။ ငါ အသက်ရှင်လျက်တောင် ပြန်လာနိုင်တယ်... ဒါပေမယ့် တစ်ခြားသူတွေကတော့ လုပ်နိုင်မှာမဟုတ်ဘူး။ ပြီးတော့ ခုလို အန္တရာယ်မျိုးထဲမှာဆိုရင် ငါ့ကိုယ်ထဲက မာန်အရိုးကလည်း သေချာပေါက်အရည်ပျော်လိမ့်မယ်'

'ပိုမြန်ဦး။ ငါ ဒီထက်ပိုမြန်ဖို့ လိုတယ်'

စုမင် စိတ်ထဲမှ အော်ဟစ်လိုက်သည်။ သူ့ကိုယ်ထဲမှလည်း ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ သူ့စိတ်စွမ်းအားနှင့် ထူးခြားသော သန့်စင်မှုနည်းလမ်းတို့ကြောင့် စုမင်အမြန်နှုန်းမှာ နောက်တစ်ဖန် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် အမြန်နှုန်းတိုးပွားလာမှုကြောင့် သူ့ကိုယ်ထဲရှိ မာန်အရိုးမှာလည်း အနည်းငယ်အရည်ပျော်သွားကြောင်း စုမင် ရှင်းရှင်းလင်းလင်း ခံစားမိလိုက်သည်။

'ဒါ မလုံလောက်သေးဘူး။ ငါအရမ်းနှေးနေသေးတယ်။ ဒီထက် ပိုအရည်ပျော်ဖို့အတွက် ငါပိုမြန်မှရမယ်' စုမင် စိတ်ဓာတ်တို့ တက်ကြွလာသည်။ သူ့အယူအဆ မှန်ကန်ကြောင်း သိသွားခဲ့ပြီဖြစ်၍ ယခု သူ့ခေါင်းထဲတွင် ကျန်ရှိနေသည့် တစ်ခုတည်းသော အတွေးမှာ ပိုမိုမြန်ဆန်လာရန်သာ ဖြစ်သည်။

ပိုမိုမြန်ဆန်လာချင်သော ဆန္ဒမှာ သူ့အတွေးများဖြင့် ပေါင်းစည်းသွားပြီး စိတ်ဆန္ဒအဖြစ် ပြောင်းလဲသွားသည်။ ဤစိတ်ဆန္ဒနှင့်အတူ သူ့လည်ပင်းတွင် ဆွဲထားသော ထူးဆန်းသည့် အနက်ရောင်ကျောက်တုံး အပိုင်းအစလေးကလည်း ရုတ်တရက်ဆိုသလိုပင် အနက်ရောင်အလင်းတစ်ဖြာ ထုတ်လွှတ်လာခဲ့သည်။

ထိုကျောက်တုံးလေး၏ မူရင်းဇာစ်မြစ်ကို မသိရသေးသော်ငြား ယခုအချိန်တွင်တော့ ၎င်းသည် စုမင်ဆန္ဒကို ခံစားမိဟန်ဖြင့် အနက်ရောင်အလင်းတစ်ခုဖြင့် တောက်ပနေခဲ့သည်။ ထိုအရာက နက်မှောင်တောင်၏ မာန်နတ်ဘုရားရုပ်တုကြီးရှေ့၌ သူ့မာန်စွမ်းအားရှင်ဘဝ၏ အစပျိုးခြင်းကို လက်ခံရရှိခဲ့သည့် အချိန်ကလိုပင် ဖြစ်သည်။ မာန်စွမ်းအားရှင်တစ်ဦး ဖြစ်လာလိုသော စုမင်ဆန္ဒကြောင့် ထိုအနက်ရောင်ကျောက်တုံးလေးသည် အနက်ရောင်အလင်းတစ်ဖြာ တောက်ပပေးခဲ့ပြီး စုမင်သွေးမှာ မာန်စွမ်းအားရှင်တစ်ဦး ဖြစ်လာရန် လုံလောက်သည်ဟု အသိအမှတ်ပြုပေးရန် ရုပ်တုကို လှည့်စားခဲ့သည်။ ယခု အနက်ရောင်အလင်းထံမှ စုမင်ရရှိနေသော ခံစားချက်သည်လည်း ယခင် အတိတ်အချိန်က ခံစားချက်နှင့်အတူတူပင် ဖြစ်သည်။

ထိုအနက်ရောင်အလင်း တောက်ပသွားသည်နှင့် သူ့ခန္ဓာကိုယ်မှာ လေပြင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်ဟု စုမင်ရုတ်တရက် ခံစားလိုက်ရသည်။ ထိုခံစားချက်မှာ ရုတ်တရက်ချက်ချင်း ထွက်ပေါ်လာခြင်း ဖြစ်ပြီး မကြာမီမှာပင် သူ့တစ်ကိုယ်လုံး စုတ်ပြဲသွားတော့မည်ကဲ့သို့ နာကျင်လာခဲ့သည်။ သူ့အမြန်နှုန်းမှာ ပေါက်ကွဲထွက်ပေါ်လာပြီး တိုးဝင်လာနေသော ရှာမန်များရှေ့မှာပင် ပုံရိပ်ယောင်တစ်ခု ချန်ထားရစ်ခဲ့လေသည်။

၎င်းတို့အား ပြင်းထန်သော လေပြင်းတစ်ခု ဖြတ်သန်းတိုက်ခတ်သွားပြီး ရှာမန်များကြားမှ နာနာကျင်ကျင် အော်ဟစ်သံများ ထွက်ပေါ်လာသည်။ အကြောင်းအရင်းမရှိပဲ ပေါက်ကွဲသေဆုံးသွားပုံရသည့် လူအချို့ပင် ရှိနေခဲ့သည်။ တိုက်ခတ်သွားခဲ့သော လေပြင်းမှာ အလွန်ပြင်းထန်လွန်းသဖြင့် တိုင်ဖွန်းမုန်တိုင်း တစ်ခုသဖွယ်ပင် ဖြစ်သည်။

ခဏအကြာမှာပင် စုမင်က ရှာမန်တစ်ရာကျော် ပါဝင်သော လူအုပ်ကြီး၏အနောက်၌ ပေါ်လာခဲ့သည်။ သူသည် ရပ်တန့်ခြင်းမပြုပဲ ပေ၁၀၀၀၀ အရွယ်အစားရှိ ဧရာမသားရဲကြီးနှင့် ရှာမန်များ ကာကွယ်စောင့်ကြပ်နေသော နေရာဆီသို့ ဆက်လက်ဦးတည်လိုက်လေသည်။

ထိုအလွန်လျင်မြန်သော အမြန်နှုန်းကို အသုံးပြုထားသောအခါ စုမင်နားထဲတွင် လေတိုးသံများမှအပ အခြားဘာမျှ မကြားရတော့ပေ။ မိမိမှာ လေပြင်းတစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ ခံစားချက်ကလည်း ပိုမိုပြင်းထန်လာခဲ့သည်။

သို့သော် ဤအရာမှာ သူရရှိနိုင်သည့် အမြန်နှုန်းမဟုတ်ကြောင်း စုမင်သေချာသိနေသည်။ ထိုအနက်ရောင်ကျောက်တုံးလေးသည် လွန်ခဲ့သောနှစ်ပေါင်းများစွာက နက်မှောင်တောင်တွင် ပြုလုပ်ခဲ့သော နည်းလမ်းကိုပင် အသုံးပြုနေခြင်း ဖြစ်သည်။ ၎င်းထံတွင် စုမင်အား လေပြင်းတစ်ခုအဖြစ် ပြောင်းလဲပေးနိုင်မည့် ထူးခြားသော အမည်မသိ နည်းလမ်းတစ်ခု ရှိနေခဲ့၏။

သူသည် လေပြင်းတစ်ခု ဖြစ်နေပြီး သူ့နှလုံးသားနှင့် စိတ်တို့သည်ပင် ထိုသို့ပြောင်းလဲသွားသည့် ခံစားချက်၌ နစ်မြုပ်နေခဲ့သည်။

စုမင်ကိုယ်တိုင်ကပင် လေ၏ တစ်စိတ်တစ်ပိုင်း ဖြစ်နေခဲ့ပြီ ဖြစ်သောကြောင့် ထိုအရာကို ခုခံရန် မလိုအပ်သလို သူ့ကိုယ်ထဲသို့ လေများစိမ့်ဝင်သွားအောင်လည်း လုပ်စရာမလိုတော့ပေ။ သူ့စိတ်ဆန္ဒမှာ လေ၏စိတ်ဆန္ဒဖြစ်ပြီး သူရှိနေသောနေရာတွင် လေရှိနေလိမ့်မည်။

ထိုအချိန်တွင် စုမင်မှာ သူ၏ ဦးတည်ရာနှင့် ပေ ၃၅၀၀၀သာ ကွာဝေးတော့သည်။ လေပြင်းအဖြစ် ပြောင်းလဲသွားသည်ဟု ခံစားနေရသည်နှင့် တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်မှ စူးရှတောက်ပသော အလင်းတစ်ဖြာ ထွက်ပေါ်လာသည်ကိုတော့ စုမင် သတိမပြုမိခဲ့ပေ။ ထိုအလင်းမှာ နေ့အချိန်ကောင်းကင်၏ အရောင်ကဲ့သို့ အပြာရောင်ဖြစ်သည်။

သူ့ခန္ဓာကိုယ်မှ အပြာရောင်အလင်းတို့ တောက်ပလာသည်နှင့်အမျှ ခန္ဓာကိုယ်အတွင်းရှိ ဟန်တောင်တန်းဘိုးဘေး၏ မာန်အရိုးမှာလည်း မယုံနိုင်ဖွယ် မြန်ဆန်သော အရှိန်ဖြင့် အရည်ပျော်နေခဲ့သည်ကိုလည်း စုမင်သတိမပြုမိခဲ့ပေ။

ထိုအရိုးသည် ရိုးရေစတေးနယ်ပယ်မှ အစွမ်းထက် မာန်စွမ်းအားရှင်တစ်ယောက် ပိုင်ဆိုင်သောအရာဖြစ်သည်။ ၎င်း၏ တည်ရှိမှုသည် စုမင်အား သွေးကြော ၁၀၀၀ နီးပါး ထုတ်ဖော်စေနိုင်ခဲ့ပြီး ရုပ်နယ်လွန်နယ်ပယ်မှ အခြားသူများနှင့် ယှဉ်လျင် သူ့စွမ်းအား တိုးတက်နှုန်းကို ပိုမိုမြန်ဆန်စေခဲ့သည်။

ထိုအချိန်က အရိုးနှင့်ယှဉ်လျှင် ယခုမှာ အကြွင်းအကျန်အပိုင်းငယ်လေးသာ ရှိတော့ခြင်းဖြစ်၍ အဆက်မပြတ် လျင်မြန်စွာ အရည်ပျော်လာသောအခါ တစ်ခဏအတွင်းမှာပင်... လုံးဝ ပျော်ဝင်သွားတော့သည်။

၎င်း ပျောက်ကွယ်သွားချိန်တွင် စုမင်ခန္ဓာကိုယ်၌ စွမ်းအင်ပမာဏများစွာဖြင့် ပြည့်နှက်သွားပြီး သူ့စွမ်းအားများ ပေါက်ကွဲထွက်လာကာ အရှိန်နှုန်းမှာလည်း ပိုမိုတိုးမြင့်လာခဲ့သည်။

သို့သော် ထိုအရာများက အကုန်မဟုတ်သေးချေ။ စုမင် အရှိန်မြင့်တက်လာသည်နှင့်အမျှ လေပြင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်ဟူသော ခံစားချက်ကလည်း ပိုမိုပြင်းထန်လာခဲ့သည်။ သူ့ကျောရိုးသည် ထိုစွမ်းအင်များကို လျင်မြန်စွာ စုပ်ယူနေ၏။ စုမင်ခန္ဓာကိုယ်ပေါ်ရှိ အပြာရောင်အလင်းမှာလည်း သူ့ကျောရိုးမှ ထွက်ပေါ်လာနေခြင်း ဖြစ်သည်။

လေအဖြစ် ပြောင်းလဲသွားသည်ဟူသော ခံစားချက်မှာ စုမင်၏ စိတ်ကူးယဉ်မှုသက်သက်သာ မဟုတ်ပေ။ အမှန်တစ်ကယ်တွင်လည်း ထိုအချိန်၌ သူ့ကိုယ်ထဲတွင် သိုလှောင်ထားသောလေများ ရှိနေခဲ့ချေပြီ။ ထိုလေများသည် သူ့ခန္ဓာကိုယ်အား ဖြတ်သန်းသွားခဲ့သင့်သော်ငြား အပြာရောင်အလင်းတို့ တောက်ပနေသော စုမင်၏ကျောရိုးမှာ ကိုယ်တွင်းရှိ စွမ်းအင်များကို စုပ်ယူနေသည်နှင့်အမျှ ၎င်းလေများသည်လည်း သူ့ကျောရိုး၏ အရူးအမူး စုပ်ယူခံလိုက်ရသကဲ့သို့ အပြင်ပြန်ထွက်မလာတော့ပေ။ သူ့ကျောရိုးမှာ တွင်းနက်ကြီးတစ်ခုသဖွယ် ပြောင်းလဲသွားပုံရသည်။

ကောင်းကင်ရှိ အစိမ်းရောင်မြူများသည် ပင်လယ်ပြင်မှ ဒေါမာန်တကြီး လှိုင်းလုံးကြီးများသဖွယ် အပြင်းအထန် လှုပ်ရှားနိမ့်ဆင်းလာသည်ကိုလည်း စုမင် မမြင်ခဲ့ပေ။ မြူများအတွင်းမှ ကျယ်လောင်သော အသံကြီးများ အဆက်မပြတ်ထွက်ပေါ်လာခဲ့သည်။ စွမ်းအင်တစ်မျိုးသည် ထိုအစွမ်းထက်စစ်သည်တော်များ ရှိနေသည့် အစိမ်းရောင်မြူများကို ဖိနှိပ်ချေမွပစ်လိုဟန်ဖြင့် ကျရောက်လာသကဲ့သို့ပင် ဖြစ်သည်။

ကောင်းကင်ထက်မှ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံကြီးများ ထွက်ပေါ်လာသည်။ ထိုကြမ်းတမ်းသော အသံကြီးများမှာ ကောင်းကင်နှင့်မြေပြင်ကို တုန်ခါလာစေပြီး စစ်မြေပြင်အတွင်း အကျယ်လောင်ဆုံးအသံများ ဖြစ်လာကြ၏။ လူပေါင်းများစွာသည် စုမင်ထံမှ အကြည့်လွှဲကာ ကောင်းကင်သို့ အလိုလိုမော့ကြည့်လိုက်မိကြသည်။

သို့သော် ထိုအကြည့်တစ်ချက်သည်ပင် မာန်စွမ်းအားရှင်များကိုသာမက ရှာမန်များဆီသို့ပါ ထိတ်လန့်တုန်လှုပ်မှု လှိုင်းလုံးကြီးတစ်ခု ယူဆောင်လာခဲ့လေသည်။

***

All Chapters