ကောင်းကင်ပေါ်မှ အပြောင်းအလဲ
Vol. 26 Ch. 355
မမြင်ရသော လက်ကြီးတစ်စုံသည် ကောင်းကင်ထက်ရှိ အစိမ်းရောင်မြူခိုးများအတွင်းသို့ နက်ရှိုင်းစွာ ထိုးစိုက်ကာ တစ်ချက်တည်းဖြင့် ဆုတ်ဖြဲပစ်လိုက်ပုံပေါ်သည်။
ထိုမြူခိုးလွှာမှာ တစ်စစီပြိုကွဲသွားပြီး ဧရိယာတစ်ဝိုက် ပြန့်ကျဲသွားသောအခါ မြူလွှာအတွင်းမှ အစွမ်းထက်ရှာမန်သုံးဦးသည်လည်း ထိတ်လန့်တုန်လှုပ်နေသော အမူအယာများဖြင့် ပြန်လည်ဆုတ်ခွာလာကြရသည်။ အစွမ်းထက် မာန်စွမ်းအားရှင်ငါးဦးသည်လည်း တူညီသော အမူအယာများဖြင့် လျင်မြန်စွာ ပြန်လည်ဆုတ်ခွာလာခဲ့၏။
ကောင်းကင်ထက်မှ အစိမ်းရောင်မြူခိုးများသည် ချက်ချင်းဆိုသလို အပိုင်းပိုင်း ဆုတ်ဖြဲခံလိုက်ရပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့လွင့်သွားခဲ့သည်။ ထို့နောက် အနက်ရောင်ကောင်းကင်ကြီး ထွက်ပေါ်လာခဲ့လေသည်။
ထိုကောင်းကင်၌ သူတို့ထံသို့ အဝေးမှဖြာထွက်လာသော အပြာရောင်အလင်းတန်းများကို ရှင်းရှင်းလင်းလင်း မြင်လိုက်ကြရသည်။ ၎င်းအလင်းတို့ ထွက်ပေါ်လာသည်နှင့် မူလက မှောင်မည်းနေခဲ့သော ကောင်းကင်ကြီးမှာလည်း အပြာရောင် ပြောင်းသွားခဲ့သည်။ သို့သော် ထိုအပြာရောင်အရိပ်မှာ နေ့အချိန်၏ အပြာရောင် အရောင်အဆင်းနှင့်တော့ ကွာခြားလို့နေသည်။ ၎င်းမှာ ထူးဆန်းသော ခန့်ညားမှုတစ်ခုဖြင့် ပြည့်နေသည့် နက်ပြာရောင်မျိုး ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်ထက်ရှိ လေထုထဲမှ စူးရှသော လေချွန်သံများ ထွက်ပေါ်လာသည်။ ထိုလေချွန်သံများမှာ တစ်စုံတစ်ယောက်က သီချင်းသီဆိုနေသလို သို့တည်းမဟုတ် အော်ဟစ်နေသလိုမျိုး ဖြစ်သည်။ ဖော်ပြခြင်းငှါ မစွမ်းသာသော ဖိအား လှိုင်းလုံးကြီးတစ်ခုမှာလည်း ကောင်းကင်ထက်တွင် အလျင်အမြန်စုဝေးလာပြီး ကုန်းမြေပေါ် ဖြန့်ကျက်ကျဆင်းလာခဲ့သည်။
"ရိုးရေစတေးနယ်ပယ်ရဲ့ နတ်ဘုရားရုပ်တု" ကောင်းကင်မှ ပြန်ဆင်းသက်လာသော အစွမ်းထက်မာန်စွမ်းအားရှင် ခြောက်ဦးထဲမှ တစ်ဦးက ရုတ်တရက် အော်ဟစ်လိုက်သည်။
"ဒါက ငါတို့အပေါ်ကို ရိုးရေစတေးနယ်ပယ်ရဲ့ နတ်ဘုရားရုပ်တု ဆင်းသက်လာတော့မယ့် လက္ခဏာပဲ။ မဟာယုမင်းဆက်မှာရှိတဲ့ နတ်ဘုရားရုပ်တုက လေဟာနယ်ကိုဖြတ်သန်းပြီး ဒီနေရာဆီလာနေတာပဲ"
"တစ်ယောက်ယောက်က စစ်မြေပြင်ထဲမှာတင် အဆင့်ချိုးဖျက်တက်ရောက်ရင်း ရိုးရေစတေးနယ်ပယ်ရဲ့ နတ်ဘုရားရုပ်တုကို ဆင့်ခေါ်ခဲ့တာပေါ့"
အစွမ်းထက် မာန်စွမ်းအားရှင်ခြောက်ဦးမှာ အသိဉာဏ်နည်းပါးသော အရူးများ မဟုတ်ချေ။ တစ်ချက်ကြည့်လိုက်ရုံဖြင့် တစ်စုံတစ်ဦးကတော့ ရိုးရေစတေးနယ်ပယ်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရှိသွားခဲ့သည်။ ဤအရာမှာ သူတို့အတွက် အသေးအဖွဲကိစ္စသာ ဖြစ်သင့်သော်လည်း ယခုအချိန်တွင်တော့ သည်ကိစ္စမှာ သေချာပေါက်ပင် အသေးအဖွဲမဟုတ်ကြောင်း သူတို့အမူအယာများက ဖော်ပြနေခဲ့သည်။
"သာမန်မာန်စွမ်းအားရှင် တစ်ယောက်သာ ရုပ်နယ်လွန်နယ်ပယ်ကနေ ရိုးရေစတေးနယ်ပယ်ကို ချိုးဖျက်တက်ရောက်တာဆိုရင် ရိုးရေစတေးနယ်ပယ်ရဲ့ နတ်ဘုရားရုပ်တုကို ဆင့်ခေါ်နိုင်မှာ မဟုတ်ဘူး။ ရိုးရေစတေးနယ်ပယ်ရဲ့ နတ်ဘုရားရုပ်တုကို ထွက်ပေါ်လာစေနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက ရိုးရေစတေးနယ်ပယ်မှာ စစ်နတ်ဘုရားတစ်ပါး မွေးဖွားလာတာကြောင့်ပဲ" ကောင်းကင်မြူခိုး မြို့တော်၏ မြို့ရိုးများပေါ်မှနေ၍ ကောင်းကင်ထက်သို့ မော့ကြည့်နေသော အဘိုးအိုရှစ်ဦးထဲမှ တစ်ဦးက ခြောက်ကပ်ကပ်အသံဖြင့် မှတ်ချက်ပြုသည်။
"ပြီးတော့ ဒါက နတ်ဘုရားရုပ်တုရဲ့ အစစ်အမှန်ကိုယ်ထည်ပဲ။ အဲဒါက ပုံရိပ်တစ်ခုသာဆိုရင် မြူခိုးတွေကို ဆုတ်ဖြဲပစ်နိုင်တဲ့ စွမ်းအားမျိုးရှိမှာ မဟုတ်သလို သူတို့တိုက်ပွဲကို ရပ်တန့်ပစ်နိုင်တဲ့ အရမ်းသန်မာတဲ့ ဖိအားမျိုးကိုလည်း ဖန်တီးနိုင်မှာ မဟုတ်ဘူး"
"ဒါက သူ့ရဲ့ ပြီးပြည့်စုံတဲ့ အစစ်အမှန်ပုံစံပဲ။ တစ်ယောက်ယောက်က ရိုးရေစတေးနယ်ပယ် နတ်ဘုရားရုပ်တုကိုတောင် အပြည့်စုံဆုံးပုံစံနဲ့ ထွက်ပေါ်လာအောင် အမှန်တစ်ကယ် ဆင့်ခေါ်နိုင်ခဲ့တာပဲ။ ငါမှတ်မိသလောက်ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်အတွင်းမှာ ရိုးရေစတေးနယ်ပယ် နတ်ဘုရားရုပ်တုရဲ့ ပြီးပြည့်စုံတဲ့ပုံစံကို ဆင့်ခေါ်နိုင်ခဲ့တဲ့ မာန်စွမ်းအားရှင်ဆိုလို့ တစ်ယောက်ပဲရှိခဲ့တာ မဟုတ်လား။ တစ်ကယ်ပဲ နတ်ဘုရားရုပ်တုရဲ့ ပြီးပြည့်စုံတဲ့ ပုံစံကို ဆင့်ခေါ်နိုင်ခဲ့တဲ့ သူက ဘယ်သူများပါလိမ့်"
"ရိုးရေစတေးနယ်ပယ်ရဲ့ စစ်နတ်ဘုရားအဖြစ် ခန့်အပ်ခံရရင်တောင် သူ့ရဲ့ အစစ်အမှန်ကိုယ်ထည် တစ်ဝက်ကိုပဲ ထုတ်ဖော်ပြတတ်တာ။ ဒါပေမယ့် အခုဒီနတ်ဘုရားရုပ်တုကတော့ ပြီးပြည့်စုံတဲ့ပုံစံနဲ့ပဲ။ ဒီနှစ်တော့ တောင်ပိုင်းအရုဏ်ဦး ကုန်းမြေရဲ့ ဒုတိယမြောက် အစစ်အမှန် စစ်နတ်ဘုရားတစ်ပါး ပေါ်ထွက်လာခဲ့ပြီပေါ့"
ကောင်းကင်ထက်မှ အပြောင်းအလဲနှင့်ပက်သက်၍ ခန့်မှန်းချက်များ ပြုလုပ်နေကြသော ဤစွမ်းအားကြီး မာန်စွမ်းအားရှင်များ၏ ဗဟုသုတနှင့် ယှဉ်လျှင် မြေပြင်ပေါ်ရှိ သိန်းချီသောလူများထဲတွင်တော့ အရိပ်အမြွက်ခန့် သိနေသူ တစ်ချို့တစ်လေမှအပ လူအများစုမှာ မိန်းမောတွေဝေလျက် ဘာဖြစ်နေမှန်း မသိကြသေးချေ။ ကောင်းကင်အား မော့ကြည့်နေသော သူတို့နှလုံးသားများထဲတွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့်သာ ပြည့်နေခဲ့သည်။
ထိုအချိန်တွင် ကျိုးသဲသည်လည်း သူ့အကြည့်အား ကောင်းကင်ပေါ်သို့ ရွှေ့ပြောင်းထားခဲ့ပြီဖြစ်သည်။ သူ့အာရုံစိုက်မှုမှာ စုမင်အပေါ်တွင် မရှိတော့ချေ။ စစ်မြေပြင်ကြီး တစ်ခုလုံးတွင် ထျန်းလန်မုန်နှင့် စုမင်၏ နောက်လိုက်တစ်ရာတို့သည်သာ စုမင်အား မမှိတ်မသုန် စောင့်ကြည့်နေခဲ့ကြလေသည်။
သူတို့သည်သာ စုမင်ရှိရာဘက်သို့ လှမ်းကြည့်နေခဲ့ကြခြင်း ဖြစ်သည်။
စုမင်တစ်ကိုယ်လုံးမှာ တောက်ပသော ပြာလဲ့လဲ့အလင်းတန်းအဖြစ် ပြောင်းလဲသွားခဲ့ချေပြီ။ လူတို့သည် ထိုအပြာရောင်အလင်းကိုသာ တွေ့မြင်နိုင်ပြီး ၎င်းအတွင်း၌ ရှိနေသောအရာကိုတော့ မမြင်ရပါချေ။ အပြာရောင်အလင်းတို့ တောက်ပလာသည်နှင့်အမျှ စုမင်၏အမြန်နှုန်းမှာလည်း ဆက်လက်မြင့်တက်လာခဲ့ပြီး လွန်ခဲ့သော ခဏခန့်ကပင် သူ့ဦးတည်ရာနှင့် ပေ ၃၅၀၀၀ အကွာအဝေးတွင် ရှိနေရာမှ ချက်ချင်းဆိုသလို ပေ၁၀၀၀၀ အကွာအဝေးသို့ ရောက်ရှိသွားခဲ့သည်။
စုမင် မျက်လုံးထဲတွင်တော့ သူ့ဦးတည်ရာပန်းတိုင်မှအပ ကျန်အရာအားလုံးက မှုန်ဝါးဝါး အရှုပ်အထွေးများ ဖြစ်နေခဲ့သည်။ ပေ ၁၀၀၀၀ အကွာအဝေးတွင် လူများစုဖွဲ့ ကာကွယ်ပေးထားသည့် အမျိုးသမီးတစ်ဦးကို သူမြင်တွေ့နေရ၏။
ထိုအမျိုးသမီးသည် ရှည်လျားသော ဝတ်ရုံရှည်တစ်ထည် ဝတ်ဆင်ထားပြီး စုမင်အား လှပကြော့ရှင်းစွာ လှမ်းကြည့်နေခဲ့သည်။ သူမက အသက်ရှူမှားလောက်ဖွယ် အလှလေးတစ်ယောက် ဟုတ်မနေသော်ငြားလည်း ရိုးရိုးရှင်းရှင်းနှင့် လှပသူတစ်ယောက်ဟုတော့ ပြောဆိုနိုင်၏။ သူမ၏ ရှည်လျားသော ဆံနွယ်ခွေများပေါ်တွင် အရောင်စုံငှက်မွေးတောင်တစ်ချောင်း ထိုးစိုက်ထားသည်မှအပ အခြားအသုံးအဆောင်ပစ္စည်းများ ဆင်ယင်ထားခဲ့ခြင်း မရှိပေ။
သူမအကြည့်မှာ နက်နဲသိမ်မွေ့နေပြီး မြင်ကွင်းထဲသို့ ဝင်ရောက်လာသူများကို အကြည့်ထဲသို့ နစ်မြောကာ ပြန်လည်မလွတ်မြောက်နိုင်တော့ရန် ပြုလုပ်နေသည့် အမျိုးအမည်မသိ စွမ်းအားတစ်မျိုးပင် ပါဝင်နေပုံရသည်။
စုမင်မှာ သူ၏ လက်ရှိအမြန်နှုန်းဖြင့် ထိုအမျိုးသမီးနှင့် ပေ၁၀၀၀၀ အကွာအဝေးသို့ ရောက်လာသောအခါ ကောင်းကင်ကြီးမှာ နက်ပြာရောင်အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ချေပြီ။ ထိုနက်ပြာရောင် အလင်းအောက်တွင် ကောင်းကင်တစ်ခွင်လုံးမှာ ဧရာမ လေပွေကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ၎င်းက အလျင်အမြန် ပတ်လည်လှည့်လှုပ်ရှားနေပြီး ဖော်ပြ၍ မရနိုင်သော ဖိအားတစ်ခုမှာလည်း မြေပြင်ထက်သို့ လျင်မြန်စွာ ကျဆင်းလာခဲ့သည်။
ထိုဖိအားကြောင့် မြေပြင်ထက်မှ မာန်စွမ်းအားရှင်များနှင့် ရှာမန်များသည်လည်း ဆက်လက်တိုက်ခိုက်နိုင်စွမ်း မရှိတော့ချေ။ ဖိအားအောက်တွင် စိတ်နှလုံး၏ နက်ရှိုင်းသောနေရာမှ လေးစားမှုတို့ ထွက်ပေါ်လာသူများမှာ မာန်စွမ်းအားရှင်တို့သာ မဟုတ်ပဲ ရှာမန်များသည်လည်း အလားတူပင်ဖြစ်သည်။
ပထမဦးဆုံးအကြိမ်အဖြစ် စစ်မြေပြင်တွင် အတိုက်အခိုက်ရပ်စဲမှုကြီး ဖြစ်ပေါ်လာခဲ့သည်။
စုမင်တစ်ဦးတည်းသာ သူ့မျက်လုံးထဲ၌ မြင်နေရသော နေရာဆီသို့ ဆက်လက်ရွေ့လျားနေခြင်း ဖြစ်သည်။ သို့သော်လည်း စောင့်ကြည့်နေသူ အနည်းငယ်တော့ ရှိနေသေး၏။ ရှာမန်အများစု၏ မျက်လုံးများသည်ပင် ကောင်းကင်ထက်မှ ထူးဆန်းသော မြင်ကွင်းဆီသို့ ရောက်ရှိနေကြချေပြီ။
အမျိုးသမီးထံမှ ပေ၈၀၀၀ အကွာအဝေးသို့ စုမင် ရောက်လာသောအခါ ကောင်းကင်ရှိ ဧရာမလေပွေကြီး၏ အလယ်ဗဟိုမှ စူးရှတောက်ပသော အလင်းတစ်ခု တိုးထွက်လာပြီး မြေပြင်တစ်ခွင် ထွန်းလင်းတောက်ပသွားစေသည်။ ထိုအလင်းရောင်မှာ အပြာရောင်ဖြစ်ပြီး တစ်ခဏအတွင်းမှာပင် ကုန်းမြေတစ်ပြင်လုံးကို ဖုံးလွှမ်းသွားခဲ့သည်။
တောက်ပသော အပြာရောင်အလင်းတို့ ထွန်းလင်းသွားသည်နှင့် တစ်ပြိုင်နက် ပေ၁၀၀၀၀ အရွယ်အစားရှိ နတ်ဘုရားရုပ်တုကြီးသည်လည်း လေပွေကြီးအတွင်းမှ တစ်ဖြည်းဖြည်း ကျဆင်းလာခဲ့သည်။
နတ်ဘုရားရုပ်တု၏ အလင်းမှာ ကျယ်ကျယ်ပြန့်ပြန့်ပင် ထွန်းလင်းတောက်ပနေခဲ့၏။ ၎င်း၏မျက်နှာကို ရှင်းရှင်းလင်းလင်းမမြင်ရသော်လည်း ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အချိန်သည်ပင် အတင်းအကြပ် ရပ်တန့်ခံလိုက်ရပုံ ပေါ်သည်။ မယုံနိုင်လောက်အောင်ပင် သန်မာသော ဖိအားကြီးတစ်ခုက မြေပြင်ထက်ရှိ မာန်စွမ်းအားရှင်များ အားလုံးကို မြေပြင်ပေါ် ဝပ်တွားသွားစေ၏။
၎င်းတို့သာ မဟုတ်ချေ။ ရှာမန်တို့၏ မျက်နှာထက်တွင်လည်း မြင်သာထင်သာရှိသော ရုန်းကန်လှုပ်ရှားနေရဟန်များ ပေါ်လာခဲ့သည်။ သို့သော် ၎င်းတို့သည်လည်း သူတို့ကိုယ်သူတို့ ထိန်းချုပ်နိုင်ခြင်းမရှိပဲ မြေပြင်ပေါ်သို့ ဝပ်ကျသွားခဲ့ကြသည်။
ထိုအချိန်တွင် လူစိမ်းတစ်ယောက်ကသာ ကောင်းကင်ထက်မှ ငုံ့ကြည့်မိမည်ဆိုလျှင် ထိုသူ့အနေဖြင့် မည်သူက မာန်စွမ်းအားရှင်၊ မည်သူက ရှာမန်ဟူ၍ ကျိန်းသေပေါက် ခွဲခြားပြောဆိုနိုင်တော့မည် မဟုတ်ချေ။ ၎င်းတို့မှာ မတူညီသော အကြောင်းအရင်းနှစ်ခုကြောင့် အချင်းချင်းပြန်လည်တိုက်ခိုက်နေကြသော လူမျိုးတစ်မျိုးသဖွယ်ပင် ဖြစ်နေခဲ့သည်။
ဒူးမထောက်ပဲ ကျန်ရစ်နေနိုင်သူများမှာ အမှန်တစ်ကယ်ပင် မယုံနိုင်လောက်အောင် စွမ်းအားကြီးသော မာန်စွမ်းအားရှင်များသာ ဖြစ်သည်။ ၎င်းတို့သည် ကောင်းကင်မြူခိုး မြို့တော်အတွင်းရှိ လေထုအလယ်တွင် မတ်တပ်ရပ်နေလျက် ကောင်းကင်မှ နတ်ဘုရားရုပ်တုကို ရိုသေလေးစားစွာ ကြည့်နေခဲ့သည်။ သူတို့သည်တော့ ရုပ်တု၏ စွမ်းအားနှင့် ဖိအားတို့ကြောင့် အလွန်အမင်းဖိနှိပ်ခံခဲ့ရခြင်း မရှိချေ။
ဤလူများအပြင် သားရဲရိုင်းများနှင့် လေထဲတွင်လွင့်မျောနေသော ဆံပင်ရှည်တို့ဖြင့် အမျိုးသမီးတို့သည်လည်း ဒူးမထောက်ခဲ့ကြပေ။ သူမနံဘေးရှိ လူတိုင်း မြေပြင်ထက်တွင် ဝပ်တွားနေကြစဉ် ပေ ၁၀၀၀၀ အရွယ်အစားရှိ သားရဲရိုင်းကြီး၏ အောက်ခြေ၊ အခြား သားရဲရိုင်း တစ်ဒါဇင်၏အလယ်၌ သူမတစ်ဦးတည်းသာ မတ်တပ်ရပ်လျက် ကျန်ရစ်နေခဲ့လေသည်။
ထိုအမျိုးသမီးသည် သူမလက်တစ်ဖက်ကိုပင် မြှောက်၍ လေထဲတွင် လွင့်မျောနေသော ဆံပင်ရှည်များထဲမှ ဆံနွယ်ခွေတစ်ခုကိုပင် ဆွဲယူဆော့ကစားနေသေးသည်။ သူမ၏ လက်ချောင်းပေါ်တွင်တော့ လက်စွပ်တစ်ကွင်း ရှိနေ၏။
စုမင်ကိုယ်ထဲရှိ မာန်အရိုးမှာ လုံးလုံးလျားလျား ပျော်ဝင်သွားခဲ့ပြီဖြစ်ပြီး အဆုံးမရှိသော လေပမာဏများနှင့်အတူ သူ့ကျောရိုးအတွင်းသို့ စုပ်ယူခံလိုက်ရချေပြီ။ စုမင်ကိုယ်တွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားသော လေတို့မှာ သူ့အား ပိုမိုလျင်မြန်လာစေပြီး တစ်ချက်ရွေ့လျားလိုက်ရုံဖြင့်ပင် ဆံပင်ရှည်အမျိုးသမီးနှင့် ပေ၅၀၀၀ အကွာအဝေးသို့ ရောက်ရှိလာခဲ့စေသည်။
ထိုအချိန်မှာပင် ကောင်းကင်မြူခိုး မြို့တော်၏ နံရံများပေါ်တွင်ရပ်လျက် ကောင်းကင်မှ အပြောင်းအလဲများကို စောင့်ကြည့်နေကြသော အဘိုးအိုရှစ်ဦး၏ မျက်နှာအမူအယာများက ရုတ်ခြည်းပြောင်းလဲသွားခဲ့ကြသည်။ သူတို့မျက်နှာများထက်တွင် မယုံကြည်နိုင်မှုနှင့် ထိတ်လန့်မှုများ တစ်ဖြည်းဖြည်း ထွက်ပေါ်လာခဲ့၏။
၎င်းတို့သာ ထိုသို့ တုန့်ပြန်မိကြခြင်း မဟုတ်ပဲ အစွမ်းထက် မာန်စွမ်းအားရှင် ခြောက်ဦးနှင့် ရှာမန်သုံးဦးတို့၏ တုန့်ပြန်မှုများမှာလည်း အလားတူပင်ဖြစ်သည်။
"ဖိအားက... ပိုတိုးလာနေတယ်"
ရိုးရေစတေးနယ်ပယ်၏ နတ်ဘုရားရုပ်တု ကျဆင်းလာသည်နှင့်အမျှ ကောင်းကင်၌ မူလကရှိနေခဲ့သော ဖိအားမှာလည်း ရုတ်တရက်မြင့်တက်လာသည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်ရှိ လေပွေကြီး၏ အလယ်ဗဟိုချက်သည်လည်း ရုတ်ခြည်းဆိုသလို နောက်ပြန် စတင်လည်ပတ်လာခဲ့၏။
တစ်ခဏအတွင်းမှာပင် လေပွေကြီး၏ ဦးတည်ချက်က လုံးဝပြောင်းလဲသွားခဲ့ချေပြီ။ သို့သော် ထိုမျှမကသေးပဲ လေပွေကြီးသည် နတ်ဘုရားရုပ်တု၏ အသွင်အပြင်ထက် သာလွန်နေသည့် ကျယ်လောင်သောအသံများ ထုတ်လွှတ်လျက် အရပ်မျက်နှာအနှံ့သို့ စတင်ကျယ်ပြန့်လာခဲ့သည်။ ၎င်းဖြန့်ကျက်သွားသော ဧရိယာမှာ အလွန်ကျယ်ပြန့်လွန်းသဖြင့် စစ်မြေပြင်တစ်ခုလုံးကိုသာမက ကောင်းကင်မြူခိုး မြို့တော်ကိုပင် ကျော်ဖြတ်သွားခဲ့သည်။
"ဒါ... ဒါက မာန်ဝိညာဉ်နယ်ပယ် နတ်ဘုရားရုပ်တု ပေါ်လာတဲ့ လက္ခဏာပဲ" မြို့ရိုးများပေါ်တွင် ရပ်နေသော အဘိုးအိုရှစ်ဦးအနက် တစ်ဦးက အထိတ်တလန့် အော်ဟစ်လိုက်သည်။
သူ့စကားဆုံးသည်နှင့် ကောင်းကင်ရှိ လေပွေကြီးအတွင်းမှ ထိတ်လန့်ဖွယ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်မှာ မိုးကောင်းကင်ကိုယ်တိုင်က အက်ကွဲသွားသကဲ့သို့ပင် ဖြစ်သည်။ ၎င်းအတွင်းမှ စကားလုံးတို့ဖြင့် ဖော်ပြခြင်းငှါ မစွမ်းသာသော နတ်ဘုရားရုပ်တုတစ်ခု၏ အစိတ်အပိုင်းငယ်လေးက ဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့သည်။
၎င်းမှာ အစိတ်အပိုင်းငယ်လေး တစ်ခုသာ ဖြစ်သော်လည်း ကုန်းမြေတစ်ခုလုံးကို တုန်ခါနေစေခဲ့သည်။ ကောင်းကင်ထက်တွင် ပျံဝဲနေသော ရှာမန်မျိုးနွယ်စုနှင့် မာန်စွမ်းအားရှင်မျိုးနွယ်စုမှ အစွမ်းထက် စစ်သည်တော် ကိုးဦးသည်လည်း လေထဲတွင် ဆက်လက်မရပ်တည်နိုင်တော့ဟန်ဖြင့် အလျင်အမြန်ပြန်လည်ဆုတ်ခွာကာ မြေပြင်ထက်သို့ ကျဆင်းလာခဲ့ကြသည်။
ထွက်ပေါ်လာသော ထိုအစိတ်အပိုင်းငယ်လေးမှာ စူးရှသော အနီရောင်အလင်းတို့ဖြင့် တောက်ပနေပြီး အရွယ်အစားအတိအကျ မသိရသော ဤနတ်ဘုရားရုပ်တုကြီး၏ အစွန်းလေးတစ်ခုသာ ဖြစ်ကြောင်း မြင်တွေ့နိုင်ပေ၏။ ၎င်းမှာ အစွန်းလေးတစ်ခုသာ ဖြစ်သော်လည်း ယခုလိုသန်မာသော စွမ်းအားတစ်မျိုးကို ထုတ်ဖော်နေခဲ့ပြီးဖြစ်သည်။ နတ်ဘုရားရုပ်တုကြီး တစ်ခုလုံးသာ သူတို့အပေါ် ကျရောက်လာခဲ့မည် ဆိုလျှင်တော့ ၎င်း၏ ဖိအားတစ်ခုတည်းကပင် စစ်မြေပြင်မှ လူသိန်းပေါင်းများစွာကို ပေါက်ကွဲသွားစေပေလိမ့်မည်။
ရိုးရေစတေးနယ်ပယ်၏ နတ်ဘုရားရုပ်တုနှင့် မာန်ဝိညာဉ်နယ်ပယ်၏ နတ်ဘုရားရုပ်တုတို့ အတူတကွ ထွက်ပေါ်လာခဲ့သည်။ ဤမြင်ကွင်းမှာ လူတိုင်း မျှော်လင့်နိုင်သည်ထက် ကျော်လွန်နေခဲ့၏။ ဤထူးဆန်းသော မြင်ကွင်းကို မည်သည့် ရှေးဟောင်းမှတ်တမ်းများတွင်မှ မှတ်တမ်းတင်ထားဖူးခြင်း မရှိပေ။ ထို့ကြောင့် ယခုလိုထွက်ပေါ်လာသောအခါ မြင်တွေ့လိုက်ရသူအားလုံးကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။
ထိုအစိတ်အပိုင်းငယ်လေး ထွက်ပေါ်လာပြီးသည်နှင့် နတ်ဘုရားရုပ်တုသည် လက်မအနည်းငယ်ခန့် ထပ်မံနိမ့်ဆင်းလာပြီး မာန်ဝိညာဉ်နယ်ပယ်မှ သန်မာသော မာန်စွမ်းအားရှင်များသည်ပင် ဤဖိအားကို မတောင့်ခံနိုင်ပဲ ဝပ်တွားကျသွားကြသည်။
"တစ်ကယ်ပဲ ဘာတွေဖြစ်နေတာလဲ။ ဘာကြောင့် ဒီလိုတွေ ဖြစ်နေရတာလဲ"
"တစ်ယောက်ယောက်ကများ ရုပ်နယ်လွန်နယ်ပယ်ကနေ မာန်ဝိညာဉ်နယ်ပယ်ထိ တိုက်ရိုက် ဖြတ်ကျော်တက်ရောက်သွားတာလား။ ဒါ... ဒါက"
"နတ်ဘုရားရုပ်တု နှစ်ခု တစ်ချိန်တည်းပေါ်လာရခြင်း နောက်ကွယ်က အကြောင်းအရင်းက ဘာများလဲ" ဤအဖြစ်အပျက်ကြောင့် စစ်ပွဲများ ရပ်တန့်နေခဲ့ပြီး လူတိုင်း၏ စိတ်များ ရှူပ်ထွေးနေချိန်မှာပင် ကောင်းကင်မြူခိုး မြို့တော်အတွင်းမှ တိုးညှင်းသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"ဒါက လေမာန်စွမ်းအားရှင်ပဲ... သူက သူ့အမွေအနှစ်ကို ပထမဆုံး လက်ခံရရှိသူပဲ..."
ထိုအသံမှာ အချိန်ကာလပေါင်းများစွာကို ဖြတ်ကျော်လာရသကဲ့သို့ အိုမင်းရှေးကျလို့နေ၏။ ၎င်းအသံသည် အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားပြီး မာန်ဝိညာဉ်နယ်ပယ်မှ အစွမ်းထက်မာန်စွမ်းအားရှင် အားလုံး၏ နားထဲသို့ ရောက်ရှိသွားသည်။ အခြားသူများကတော့ ထိုအသံကို မကြားနိုင်ခဲ့ချေ။
"ရိုးရေစတေးနယ်ပယ်ရဲ့ စစ်နတ်ဘုရားတွေက ရုပ်နယ်လွန်နယ်ပယ်မှာရှိတဲ့ စစ်နတ်ဘုရားတွေနဲ့ မတူဘူး။ သူတို့ကြားမှာ အတန်းအစား ခွဲခြားမှုတစ်ချို့ရှိတယ်။ အစစ်အမှန် နတ်ဘုရားဆိုတာ သူတို့အကုန်လုံးထဲမှာ အမြင့်ဆုံးပဲ... အစစ်အမှန်နတ်ဘုရားရဲ့ စိတ်ဆန္ဒဟာ ပထမဆုံးမာန်နတ်ဘုရားနဲ့အတူ ပျောက်ကွယ်သွားခဲ့တယ်။ အခုအချိန်မှာတော့ သူတို့စိတ်ဆန္ဒတွေဟာ မပြတ်မသား မှုန်ဝါးဝါးအဖြစ်ပဲ ရှိနေတော့တယ်..."
"ငါ့မှတ်ဉာဏ်အပိုင်းအစတွေထဲမှာ ကျန်ရစ်နေသေးတဲ့ အစစ်အမှန်နတ်ဘုရားတွေအကြောင်း အချက်အလက်တစ်ချို့ ရှိတယ်။ အစစ်အမှန်နတ်ဘုရား အမျိုးအစား လေးမျိုးရှိတယ်။ ခေါင်းဆောင်က လေဖြစ်ပြီး သူ့နောက်မှာတော့ တိမ်၊ လျှပ်စီးနဲ့ နောက်ဆုံးက မြူပဲ"
"တိမ်၊ လျှပ်စီးနဲ့ မြူ မျိုးဆက်တွေက ခေတ်အဆက်ဆက် ထွက်ပေါ်လာခဲ့ပြီးပြီ။ ဒါပေမယ့် လေမာန်စွမ်းအားရှင်ကတော့ ဘယ်တုန်းကမှ ထွက်ပေါ်မလာခဲ့ဖူးဘူး... အခုတော့ လေမာန်စွမ်းအားရှင်ရဲ့ မျိုးဆက်က ထွက်ပေါ်လာခဲ့ပြီ"
"ဘာကြောင့်ဆို ရိုးရေစတေးနယ်ပယ် နတ်ဘုရားရုပ်တုကနေ သူ့အမွေအနှစ်ကို လက်ခံရရှိတဲ့ ပထမဆုံးမျိုးဆက်ကသာ မာန်ဝိညာဉ်နယ်ပယ် နတ်ဘုရားရုပ်တုရဲ့ အစစ်အမှန်ပုံစံကိုယ်တိုင် ဘိသိက်မြှောက်မှုကို ခံရတာ... အကယ်၍ အဲဒီလူသာ သေသွားခဲ့ရင်တော့ လေမာန်စွမ်းအားရှင်ရဲ့ လာမယ့်မျိုးဆက်တွေမှာ ဒီလိုအရာမျိုး ဖြစ်ပျက်တော့မှာ မဟုတ်ဘူး"
ဧရာမ လေပွေကြီးအတွင်းမှ မာန်ဝိညာဉ်နယ်ပယ် နတ်ဘုရားရုပ်တု၏ အပိုင်းငယ်လေး ထွက်ပေါ်လာချိန်တွင် စုမင်မှာ ဆံပင်ရှည်အမျိုးသမီးနှင့် ပေ ၂၀၀၀ ပင်မဝေးတော့ပါချေ။
***