အို လေမာန်စွမ်းအားရှင် ပညာရပ်
Vol. 26 Ch. 356
မာန်ဝိညာဉ်နယ်ပယ် နတ်ဘုရားရုပ်တုထံမှ ဖိအားသက်ရောက်ခံရမှုကြောင့် ဒါဇင်ခန့် သားရဲရိုင်းများသည်လည်း ဒူးထောက်ဝပ်တွားလျက် တုန်ရီနေကြသည်။ ၎င်းတို့က စုမင်ကို တားဆီးခြင်းမပြုနိုင်ခဲ့ပေ။ အမှန်စင်စစ်တော့ မာန်ဝိညာဉ်နယ်ပယ် နတ်ဘုရားရုပ်တု ထွက်ပေါ်လာခြင်း မရှိလျှင်တောင် တုတ်ချောင်းပုံမြွေလေးနှင့်သာဆိုပါက စုမင်တစ်ယောက် ထိုသားရဲရိုင်းများကို လုံလုံခြုံခြုံ ဖြတ်သန်းသွားနိုင်ဆဲ ဖြစ်သည်။ ၎င်းကပင် သူဤသတ္တဝါများကို မကြောက်ရွံ့ပဲ တစ်ဦးတည်း လာခဲ့ရသည့် အကြောင်းအရင်းဖြစ်သည်။
လျှပ်တပြက်အတွင်းမှာပင် အမျိုးသမီးနှင့် ပေ၁၀၀၀ အကွာအဝေးသို့ စုမင်ရောက်ရှိလာသည်။ လေထဲတွင် ပျံသန်းနေသော ပေ၁၀၀၀၀ အရွယ်အစားရှိ သားရဲရိုင်းကြီးသည်ပင် မာန်ဝိညာဉ်နယ်ပယ် နတ်ဘုရားရုပ်တု၏ ဖိအားအောက်၌ တဆတ်ဆတ်တုန်ယင်လျက် ဆုတ်ခွာနေခဲ့ပြီဖြစ်သည်။
သို့သော် ထိုအမျိုးသမီးမှာတော့ တည်ငြိမ်နေဆဲပင်။ သူမဆီသို့ ဦးတည်လာနေသော စုမင်အား ကြည့်နေရင်းဖြင့် သူမမျက်ဝန်းများအတွင်း မသေချာ၊ မရေရာမှုနှင့် ရှုပ်ထွေးမှုများ ထွက်ပေါ်လာခဲ့သည်။ သို့သော် တစ်ခဏအတွင်းမှာပင် ထိုစိတ်ခံစားချက်များက အံ့အားသင့်မှုအဖြစ် ပြောင်းလဲသွားခဲ့သည်။
"အဲဒါ မင်းပဲ..."
ထိုအရာက အမျိုးသမီးထံမှ ထွက်ပေါ်လာသည့် ပထမဆုံးသော စကားဖြစ်သည်။
ထိုစကားလုံးတို့ကို ပြောပြီးသည်နှင့် သူမမျက်နှာထက်တွင် သနားကရုဏာသက်ဟန် အရိပ်အမြွက်တစ်ခုနှင့်အတူ ရှုပ်ထွေးသော အမူအယာတစ်ခု ဖြစ်ပေါ်လာခဲ့သည်...
"ကံကြမ္မာ..."
ထိုအချိန်တွင် စုမင်သည်တော့ မြေပြင်ထက်၌ ဝပ်တွားတုန်ယင်နေကြသည့် ခုခံနိုင်စွမ်း လုံးဝမရှိတော့သော ရှာမန်များကို ဖြတ်သန်းရင်း ဖော်ပြခြင်းငှါ မစွမ်းသာသော သူ၏အမြန်နှုန်းကြောင့် ပြင်းထန်သော လေပြင်းတစ်ခုကိုပင် ဖြစ်ပေါ်လာစေခဲ့လေသည်။
သူ့ပန်းတိုင်သို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် လက်ထဲရှိ အနက်ရောင် ကတော့ချွန်လေးကို မြေပြင်ထက်သို့ ထိုးစိုက်လိုက်တော့မည့် အချိန်မှာပင် အမျိုးသမီးထံမှ ထိုစကားစုနှစ်ခု၊ စကားလုံးသုံးလုံးတို့က စုမင်နားထဲသို့ ဝင်ရောက်လာခဲ့သည်။
ကံကြမ္မာ...
၎င်းစကားလုံးကို စုမင် မကြားရသည်မှာ အချိန်အတော်ကြာခဲ့ပေပြီ။
ထိုအရာကို ကြားလိုက်ရသည့် တစ်ခဏ၌ စုမင်ခန္ဓာကိုယ်မှာ တုန်ရီသွားရသော်လည်း သူ့လက်အား လှုပ်ရှားနေခြင်းကို မရပ်တန့်ပဲ ကတော့ချွန်ကို မြေပြင်ပေါ်ပစ်ချလိုက်ဆဲ ဖြစ်သည်။
အမျိုးသမီးသည် စုမင်လုပ်ရပ် အစမှအဆုံးအထိ တားဆီးခြင်းမပြုခဲ့သလို စုမင်မှာလည်း ထိုအမျိုးသမီး၏ အသက်ကိုသတ်ရန် စီစဉ်ထားခြင်း မရှိပေ။ အကြောင်းမှာ အမျိုးသမီးသည် ထိုနေရာတွင်သာ ရပ်နေခြင်းဖြစ်သော်လည်း သူမထံမှ ထွက်ပေါ်လာနေသော အရှိန်အဝါကပင် စုမင်အတွက် မယုံနိုင်ဖွယ် ခြိမ်းခြောက်မှုတစ်ခုအဖြစ် ခံစားနေရပြီ ဖြစ်သောကြောင့်ပင်။ သို့သော်ငြား ထူးဆန်းသောအရာက သူမထံတွင် သူ မဖော်ပြတတ်သော ရင်းနှီးကျွမ်းဝင်မှု အရိပ်အယောင်တစ်ခုလည်း ရှိနေခြင်းဖြစ်သည်။
ထိုအကျွမ်းတဝင်ရှိမှုသည် ယခင်အတိတ်အချိန်က စစ်မာရှင်းနှင့် တွေ့ဆုံစဉ်ကလို သို့တည်းမဟုတ် လွန်ခဲ့သော နှစ်များက ဟန်တောင်တန်း ဘိုးဘေးနှင့် တွေ့ဆုံခဲ့ရစဉ်ကလိုမျိုးပင် ဖြစ်၏။
နားထဲတွင် ပဲ့တင်ထပ်နေသော စကားစုနှစ်စုနှင့် စကားလုံးသုံးလုံးတို့က စုမင်နှလုံးသားကို တုန်ယင်သွားစေသည်။ တာဝန်အောင်မြင်သွားပြီဖြစ်၍ ပြန်လည်ဆုတ်ခွာခါနီးမှာပင် စုမင် ခေါင်းကိုမော့၍ ထိုအမျိုးသမီးအား ကြည့်လိုက်မိသည်။
အမျိုးသမီး၏ မျက်ဝန်းများထဲမှ ရှုပ်ထွေးနေသော စိတ်ခံစားချက်များနှင့် သနားကရုဏာသက်ခြင်းများက စုမင်ခေါင်းထဲ၌ အသံအကျယ်ကြီး မြည်ဟည်းသွားစေသည်။ 'ကံကြမ္မာ' ဟူသော စကားလုံးကို သူပထမဆုံးအကြိမ် ကြားဖူးခြင်းမဟုတ်ပေ။ ကွယ်လွန်သွားခဲ့ပြီဖြစ်သော ဟန်တောင်တန်းဘိုးဘေးထံမှ ဤစကားလုံးကို ကြားဖူးခဲ့သည့် အချိန်တည်းကပင် ၎င်းကို သူ့နှလုံးသားထဲ၌ ထည့်သွင်းထားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်လည်း စုမင် တုန်လှုပ်သွားခဲ့ရခြင်းပင်။
သူ့ခေါင်းထဲတွင် ထိုစကားလုံးများ ပဲ့တင်ထပ်သွားသည်နှင့် စုမင်နှလုံးသားမှာလည်း ပြင်းထန်သော အပြောင်းအလဲကြီးတစ်ခုကို ဖြတ်သန်းလိုက်ရသည်... နောက်ဆုံးတော့ သူ့အား 'ကံကြမ္မာ' ဟုခေါ်သည့် အခြားလူတစ်ဦးကို မှတ်မိသွားခဲ့ချေပြီ။
ဤအရာမှာ စုမင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့ရသော အခွင့်အရေးတစ်ခု ဖြစ်သည်။ သူသည် ဆယ်ကျော်သက်လေး တစ်ယောက် မဟုတ်တော့သလို၊ မရင့်ကျက်သေးသည့် ကလေးငယ်တစ်ဦးလည်း မဟုတ်တော့ချေ။ များစွာသော အရာတို့ကို တွေ့ကြုံဖြတ်သန်းခဲ့ရပြီး ထိုအတွေ့အကြုံများက သူ့အား ကိုယ်ပိုင် စိတ်စွမ်းအားကိုပင် ရရှိနိုင်သည်အထိ ကြီးပြင်းလာစေခဲ့သည်။
"ငါ့ညီမလေး အဆင်ပြေရဲ့လား..." စုမင် ရုတ်တရက် ပြန်မေးလိုက်သည်။ သို့သော် သူ့စကားဆုံးချိန်မှာပင် မြေပြင်ထက်တွင် ထိုးစိုက်ထားခဲ့သော အနက်ရောင်ကတော့ချွန်ထံမှ အနက်ရောင်အလင်းတစ်ဖြာ တောက်ပလာခဲ့သည်။ ထိုအလင်းသည် အပြင်သို့တိုးထွက်လာပြီး ဧရိယာတစ်ခုလုံးကို ဖုံးလွှမ်းသွားကာ စုမင်ရှိနေသော နေရာကိုသိနေသည့်အတိုင်း သူ့ဆီသို့ ဦးတည်တိုးဝင်လာခဲ့သည်။
အနက်ရောင်အလင်းမှ သန်မာသော စုပ်ယူအားတစ်ခု ထွက်ပေါ်လာသည်။ စုမင်၏ အတွေ့အကြုံများအရ တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုအနက်ရောင်အလင်းမှာ သူ့အား အန္တရာယ်မပြုကြောင်း သိရှိသွားခဲ့သည်။ ၎င်းအတွင်း၌ ပါရှိသောအရာမှာ တည်နေရာရွှေ့ပြောင်းခြင်းနှင့်တူသော စွမ်းအားတစ်ခုသာ ဖြစ်သည်။
ကျိုးသဲသည် ပေးအပ်ခဲ့သော တာဝန်ကိုလုပ်ဆောင်မည့် သူများအတွက် ဆုတ်ခွာရန်နည်းလမ်းတစ်ခုကို စဉ်းစားထားခဲ့ပြီး ဖြစ်သည်မှာ ရှင်းလင်းလို့နေ၏။ ၎င်းဖုံးအုပ်သွားသော ဧရိယာအရ ဆုံးဖြတ်ရမည်ဆိုလျှင် တည်နေရာရွှေ့ပြောင်းခြင်း၏ အကန့်အသတ်မှာ လူတစ်ဦးတည်းအတွက်သာ ဟုတ်ပုံမရပေ။ ၎င်းသည် ဧရိယာအတွင်းရှိ မာန်စွမ်းအားရှင်များ အားလုံးကိုဖုံးအုပ်၍ အလျင်အမြန် တည်နေရာ ရွှေ့ပြောင်းပေးနိုင်လောက်၏။
စုမင်အား အနက်ရောင်အလင်းတို့ ဖုံးလွှမ်းသွားသည်နှင့် တစ်ပြိုင်နက် အမျိုးသမီးမှာ စုမင်မေးခွန်းကို ကြားလိုက်ရသည်။ သူမ အံ့အားသင့်မင်သက်သွားပြီး စုမင်အတွက် သူ့စိတ်ဝိညာဉ်ကို သန်းပေါင်းများစွာသော မိုးကြိုးလျှပ်စီးများ ဝါးမြိုခံလိုက်ရသလို ခံစားသွားရစေသည့် အဖြေတစ်ခု ပြန်ပေးလာခဲ့သည်။
"တာ့ချန် သူမက... မင်း... မင်း..." အမျိုးသမီးသည် သူမစကား၏ ပထမတစ်ဝက်ကို အလိုအလျောက် ပြောလိုက်မိပြီးနောက် ရုတ်တရက်ဆိုသလို သူမမျက်နှာအမူအယာက အပြင်းအထန် ပြောင်းလဲသွားခဲ့သည်။ သူမမျက်လုံးများထဲ၌ ကြောက်ရွံ့မှုများ ပေါ်လာပြီး အနောက်သို့ပင် ခြေလှမ်းအနည်းငယ်ခန့် ဆက်တိုက်ဆုတ်သွားခဲ့သည်။
စုမင် အသက်ရှူသံများ လျင်မြန်သွားရသည်။ သူ့အိပ်မက်များထဲရှိ အသံမှာ အမှန်တစ်ကယ် တည်ရှိနေလားဆိုသည်နှင့် သူနှင့်အမှန်တစ်ကယ် ဆက်စပ်မှုရှိလား ဆိုသည်ကို စစ်ဆေးရန် ထိုမေးခွန်းကို မေးမြန်းလိုက်ခြင်း ဖြစ်သည်။
အမျိုးသမီးမှာ သူမစကားကို အဆုံးမသတ်နိုင်ခဲ့သော်လည်း စုမင်ကတော့ နားလည်သွားခဲ့ချေပြီ။
သူ့ခန္ဓာကိုယ်အား အနက်ရောင်အလင်းမှ ဝါးမြိုသွားပြီး
တစ်ခဏအတွင်း ထိုနေရာမှ ပျောက်ကွယ်သွားခဲ့သည်။
စုမင် ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် အစိတ်အပိုင်းငယ်လေး ထွက်ပေါ်နေပြီဖြစ်သော နတ်ဘုရားရုပ်တုကြီးထံမှ ကောင်းကင်နှင့်မြေပြင်ကိုပင် လှုပ်ခတ်သွားစေနိုင်သည့် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ အရပ်မျက်နှာအနှံ့သို့ ပဲ့တင်ထပ်ပျံ့လွင့်လာသော ထိုအသံထဲ၌ အေးစက်စက် ကရုဏာမဲ့မှုများမှအပ အခြားစိတ်ခံစားချက် အရိပ်အမြွက်ပင် ပါဝင်မနေချေ။
"အို လေမာန်စွမ်းအားရှင် ပညာရပ်၏ ပထမမျိုးဆက် ... ပထမ မာန်နတ်ဘုရား ဖန်တီးခဲ့သော အစစ်အမှန်နတ်ဘုရားတို့အား အုပ်ချုပ်နေသည့် ဥပဒေများကို ဖြည့်ဆည်းခဲ့သော အိုအသင်စစ်သည်၊ သင့်အား လေမာန်စွမ်းအားရှင်ဟူသော အမည်နာမကို ပေးအပ်လိုက်သည်... မဟာယုမင်းဆက်ဆီ အမြန်လာရောက်ပြီး အစစ်အမှန် စိတ်ဝိညာဉ်ကို လက်ခံရယူပါ..."
ထိုအသံကြီး နေရာအနှံ့သို့ ပျံ့နှံ့သွားသောအခါ မူလက အနက်ရောင်အလင်းနှင့်အတူ ပျောက်ကွယ်နေခဲ့သော စုမင်အား ရုတ်တရက်ဆိုသလို အပြာရောင်အလင်းတန်းတို့ ဝန်းရံသွားပြီး အစိတ်အပိုင်းငယ်လေးသာ ထွက်ပေါ်နေသော မာန်ဝိညာဉ်နယ်ပယ် နတ်ဘုရားရုပ်တုကြီး၏ အောက်ခြေတည့်တည့် စစ်မြေပြင်အထက်ရှိ ကောင်းကင်တွင် ပြန်ပေါ်လာခဲ့လေသည်။
စုမင်မျက်လုံးများအတွင်း ရှုပ်ထွေးမှုများ ပေါ်လာသော်လည်း ၎င်းတို့က မကြာမီမှာပင် ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။ အမျိုးသမီး၏ စကားလုံးများကြောင့် ထိတ်လန့်တုန်လှုပ်နေသော စိတ်ခံစားချက်များကိုလည်း ငြိမ်သက်သွားစေလိုက်သည်။
ထို့နောက် အဆုံးမဲ့လေဝဲကြီးအောက်တွင် ထွက်ပေါ်နေသော နတ်ဘုရားရုပ်တု၏ အစိတ်အပိုင်းငယ်လေးကို ကြည့်လိုက်မိစဉ်မှာပင် သူ့ထံသို့ ပြင်းထန်သော ဖိအားတစ်ခု တိုးဝင်ရိူက်ခတ်လာခဲ့လေသည်။
စုမင်ဘဝတွင် ထိုဖိအား၏ ခွန်အားမျိုး မကြုံခဲ့ဖူးသော်ငြား ဤဖိအားမှာ သူ့ခန္ဓာကိုယ်အား ဘာမှလုပ်လိမ့်မည် မဟုတ်ကြောင်းကိုတော့ သူပြောနိုင်နေသည်။ စုမင် ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် မြေပြင်ပေါ်မှ မာန်စွမ်းအားရှင်များအားလုံးသည်လည်း သူ့အားမြင်တွေ့သွားခဲ့သည်။ သို့သော် သူ၏ပေါ်ထွက်လာမှုအပေါ် အမြင်ကတော့ တစ်ဦးချင်းစီအတွက် ကွာခြားနေခဲ့သည်။
လူအများစုမှာ စူးရှတောက်ပသော အပြာရောင်အလင်းကိုသာ မြင်နိုင်ကြပြီး အလင်းရောင်အတွင်းမှ စုမင်မျက်နှာကိုတော့ မမြင်နိုင်ကြပေ။
စုမင် မျက်နှာကို မြင်နိုင်သူက အနည်းငယ်သာ ရှိ၏။ ၎င်းတို့အထဲမှ တစ်ဦးမှာ ကျိုးသဲ ဖြစ်သည်။ ထျန်းလန်မုန်နှင့် မြောက်ပိုင်းစစ်မြေပြင်မှ တပ်မှူးအဘိုးအိုတို့သည်လည်း စုမင်ကို မြင်တွေ့သွားကြသည်။ ထျန်းလန်ယို့၏ မျက်နှာအမူအယာသည်ပင် အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ချေပြီ။ သူမသည်လည်း စုမင်ကို မြင်တွေ့လိုက်ရသူတစ်ဦး ဖြစ်သည်။
ကောင်းကင်မြူခိုး မြို့တော်မှ အဘိုးအိုများသည်လည်း ကောင်းကင်မှ စုမင်ကို မြင်တွေ့လိုက်ကြရသည်။
မာန်စွမ်းအားရှင်များကဲ့သို့ပင် ရှာမန်များမှာလည်း စုမင်ကို မြင်တွေ့သွားခဲ့သင့်သော်ငြား ကောင်းကင်ထက်တွင် စုမင်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကောင်းကင်မြူခိုးမြို့တော် အတွင်းမှ အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ထိုအသံမှာ အစပိုင်းတွင် အားပျော့နေခဲ့သော်လည်း ကမ္ဘာလောကကြီးအတွင်း ပဲ့တင်ထပ်နေသော အသံလှိုင်းငယ်များ များစွာ ဖြစ်ပေါ်လာစေခဲ့သည်။ အခြားအချိန်တစ်ခုသာ ဆိုလျှင် ဤလှိုင်းဂယက်ငယ်များ၏ ထွက်ပေါ်လာမှုက သာမန်မျှသာ ဖြစ်နိုင်၏။ သို့သော် ယခု မာန်ဝိညာဉ်နယ်ပယ် နတ်ဘုရားရုပ်တု၏ အစိတ်အပိုင်းငယ်လေးထံမှ ပြင်းထန်သောဖိအားကြောင့် ကမ္ဘာပေါ်ရှိ စွမ်းအားအလုံးစုံ ပိတ်ဆို့ခံထားရပုံ ပေါ်နေချိန်တွင်တော့ ဤလှိုင်းဂယက်ငယ်များကို ဖြစ်ပေါ်စေခဲ့သော အသံပိုင်ရှင်မှာ မယုံနိုင်လောက်အောင်ပင် သန်မာကြောင်း မြင်တွေ့နိုင်သွားလေသည်။
ထိုအေးစက်စက်အသံသည် အင်အားကြီးရှာမန်အားလုံး၏ နားထဲတွင် ပဲ့တင်ထပ်သွားပြီး ၎င်းတို့၏ စိတ်များကို ချက်ချင်းတုန်လှုပ်သွားစေသည်။ သူတို့၏ အာရုံခံစားမှုများအားလုံး ပိတ်ဆို့ခံလိုက်ရသကဲ့သို့ အမြင်အာရုံများ ဝေဝါးသွားပြီး စုမင်ကို မမြင်နိုင်တော့ချေ။
အကယ်၍ ဤစွမ်းအားမျိုးကိုသာ ယခင်စစ်ပွဲအတွင်း အသုံးပြုခဲ့မည်ဆိုလျှင် အံ့သြဖွယ် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာစေလိမ့်မည် ဖြစ်သော်လည်း ၎င်းက ဘယ်တုန်းကမှ ထွက်ပေါ်လာခြင်း မရှိခဲ့ပေ။ ဤနတ်ဘုရားစွမ်းရည်မျိုးမှာ ထုတ်ဖော်ဖို့ မလွယ်ကူကြောင်း ရှင်းရှင်းလင်းလင်း သိနိုင်ချေသည်။
စုမင်သည် လေထဲတွင်ရပ်လျက် ဧရာမ လေဝဲကြီးအတွင်းမှ ထွက်ပေါ်နေသော နတ်ဘုရားရုပ်တု၏ အစိတ်အပိုင်းငယ်လေးအား ကြည့်လိုက်မိသည်။ သူ့နားထဲတွင်တော့ နတ်ဘုရားရုပ်တု၏ အေးစက်စက် စကားသံများကသာ ပဲ့တင်ထပ်နေပြီး ကောင်းကင်မြူခိုး မြို့တော်မှ ထွက်ပေါ်လာခဲ့သော အသံကိုပင် မကြားနိုင်ခဲ့ပေ။
စုမင်စိတ်တို့ အလွန်အမင်း လှုပ်ရှားနေပြီး သူ့နှလုံးသားသည်ပင် ရင်ဘတ်မှ ပေါက်ထွက်တော့မည်ကဲ့သို့ ခုန်လှုပ်နေသည်။ ဤနတ်ဘုရားရုပ်တုကြီး အပါအဝင် သည်နယ်မြေရှိ သက်ရှိများအားလုံးကြားတွင် မိမိမှာ လေမာန်စွမ်းအားရှင် တစ်ယောက် မဟုတ်ကြောင်းသိသူဟူ၍ စုမင် တစ်ဦးတည်းသာ ရှိ၏။
သူသည် လေမာန်စွမ်းအားရှင် မဟုတ်ပေ။ အကယ်၍ သူသာ လေမာန်စွမ်းအားရှင်ဆိုပါက ဤမတိုင်ခင် မည်သည့်အရာကိုမျှ သတိမပြုခဲ့ရန် မဖြစ်နိုင်ပါချေ။ သူသာ လေမာန်စွမ်းအားရှင် ဆိုလျှင် အမြန်နှုန်း၏ သဘောတရားကို နားလည်သဘောပေါက်ရန် ထိုမျှ အချိန်အကြာကြီး လိုအပ်ခဲ့လိမ့်မည် မဟုတ်ပေ။ အလားတူပင် အကြိမ်ကြိမ်အဖန်ဖန် လေ့ကျင့်ရန်နှင့် ထိုအမြန်နှုန်းမျိုးအား တောင့်ခံနိုင်စေရန် သူ့ခန္ဓာကိုယ်ကို သန့်စင်ဖို့လည်း လိုအပ်ခဲ့မှာ မဟုတ်ပေ။
သူသည် လေမာန်စွမ်းအားရှင်ဟုခေါ်သော အရာမဟုတ်ကြောင်းတော့ စုမင် သေချာသိနေခဲ့သည်။
သို့သော်ငြား သူ့အား ပုရွက်ဆိတ်တစ်ကောင်သဖွယ် ခံစားနေရစေသည့် ဤအစွမ်းထက်သော နတ်ဘုရားရုပ်တုကြီးကတော့ သူသည် လေမာန်စွမ်းအားရှင် တစ်ယောက်ဟု သံသယကင်းကင်းဖြင့် ဖော်ပြခဲ့ပြီးချေပြီ။
ဤအရာက စုမင်နှလုံးခုန်နှုန်းကို လျင်မြန်လာစေပြီး တစ်ချိန်တည်းမှာပင် မာန်အရိုး အရည်ပျော်စေရန် သူပိုမိုမြန်ဆန်လာချင်သော ဆန္ဒပြင်းပြခဲ့ချိန်က အနက်ရောင်ကျောက်တုံးလေးထံမှ အနက်ရောင်အလင်းများ မည်သို့မည်ပုံ တောက်ပခဲ့ကြောင်း သူသတိရသွားမိသည်။
ထိုအနက်ရောင်အလင်းသည် စုမင်ကို လေအဖြစ် ပြောင်းလဲသွားစေပြီး သူ့အမြန်နှုန်းကိုလည်း ယခင်ကြိုးစားမှုများထက် သာလွန်သော နှုန်းထားတစ်ခုသို့ ရောက်ရှိသွားစေခဲ့သည်။
'တစ်လောကလုံးကို လှည့်စားနေတာလား၊ ဟား... အဲဒါလေးက အတိတ်တုန်းကလည်း နက်မှောင်တောင်ရဲ့ နတ်ဘုရားရုပ်တုကို လှည့်စားပြီး ငါ့ကို မာန်စွမ်းအားရှင်တစ်ယောက် ဖြစ်လာအောင် လေ့ကျင့်နိုင်တဲ့ နည်းလမ်းတွေ ရရှိစေခဲ့တယ်... ပြီးတော့ ဒီတစ်ကြိမ်လည်း... သူက ဒီနတ်ဘုရားရုပ်တုကို လှည့်စားလိုက်ပြန်ပြီ' စုမင် တစ်ခဏတာခန့် အံ့သြမှင်သက်လျက် မယုံကြည်နိုင်ဖြစ်နေမိသည်။
'အဲဒါလေးက နတ်ဘုရားရုပ်တုကို ငါက လေမာန်စွမ်းအားရှင်လို့ ထင်အောင် လိမ်နေတာပဲ' စုမင် ထိတ်လန့်တုန်လှုပ်နေစဉ်မှာပင် မာန်ဝိညာဉ်နယ်ပယ် နတ်ဘုရားရုပ်တုကြီး၏ အသံက သူ့နားထဲ၌ တစ်ဖန်ထွက်ပေါ်လာပြန်သည်။
"အို လေမာန်စွမ်းအားရှင် ပညာရပ်၏ ပထမမျိုးဆက်... ပထမဆုံး မာန်နတ်ဘုရား၏ အလိုတော်အရ၊ အကျွန်ုပ် သင့်အား လေ၏ ရင်းမြစ်ကို ပေးအပ်လိုက်သည်...
အကျွန်ုပ်၏ ဆရာသခင် ပထမဆုံးမာန်နတ်ဘုရား ကိုယ်တိုင် သန့်စင်ခဲ့သော ဤပစ္စည်းသည် ယခုမှစ၍ လောကတွင် ဆက်လက်တည်ရှိနေတော့မည် မဟုတ်..."
လေထဲ၌ နတ်ဘုရားရုပ်တုကြီး၏ အသံ ပဲ့တင်ထပ်နေစဉ် ကောင်းကင်ရှိ လေဝဲကြီးအတွင်းမှ သလင်းကျောက်ကဲ့သို့ အလင်းတန်းတစ်ခု တိုးထွက်လာပြီး စုမင်ထံ တိုက်ရိုက်တိုးဝင်လာသည်။ တစ်ခဏအတွင်းမှာပင် ၎င်းသည် စုမင်၏ မျက်ခုံးများအလယ်ဗဟိုသို့ ပေါင်းစပ်ဝင်ရောက်သွားခဲ့၏။ ထို့နောက် စုမင်ကိုယ်တွင်းသို့ ဝင်ရောက်လာပြီးသည်နှင့် စတင်ပျော်ဝင်သွားတော့သည်။
၎င်းစတင်ပျော်ဝင်သွားသောအခါ စုမင်ထိတ်လန့်သွားရသည်။ သူ့ကိုယ်အတွင်းမှ လေ၏တည်ရှိမှုကို သူခံစားနိုင်နေချေပြီ။ ထိုလေပြင်း၏ စွမ်းအားမှာ အလွန်သန်မာလွန်းသဖြင့် ၎င်း၏တည်ရှိမှုကို သတိပြုမိလိုက်ရုံဖြင့်ပင် စုမင်လည်ချောင်းတို့ ခြောက်ကပ်သွားခဲ့ရသည်။
"အို လေမာန်စွမ်းအားရှင် ပညာရပ်၏ ပထမမျိုးဆက်၊ ပထမဆုံး မာန်နတ်ဘုရား၏ အလိုတော်အရ အကျွန်ုပ် သင့်အား ဤလေထုခွဲဖြာဓားချက် ကျင့်စဉ်ကို ပေးအပ်လိုက်သည်..." မာန်နတ်ဘုရားရုပ်တု၏ အေးစက်စက်အသံကြီးမှာ လေထဲတွင် ပဲ့တင်ထပ်သွားပြီး
လေဝဲကြီး အတွင်းမှ အခြားကြည်လင်သော အလင်းတန်းတစ်ခု တိုးထွက်လာပြန်သည်။ ထို့နောက် ၎င်းသည်လည်း စုမင်၏ မျက်ခုံးများအကြား ဝင်ရောက်ပျာက်ကွယ်သွားခဲ့သည်။
"အို လေမာန်စွမ်းအားရှင် ပညာရပ်၏ ပထမမျိုးဆက်၊ ပထမမာန်နတ်ဘုရား၏ အလိုတော်အရ အကျွန်ုပ် သင့်အား ဤအမွေဆက်ခံခြင်း သလင်းကျောက်ကို ပေးအပ်လိုက်သည်..."
အမွေဆက်ခံခြင်း သလင်းကျောက်မှာ မယုံနိုင်လောက်အောင်ပင် အဖိုးတန်သော အရာတစ်ခုဖြစ်သည်။ ၎င်းသည် အပြာရင့်ရောင် အလင်းတစ်ဖြာ တောက်ပနေပြီး လေဝဲအတွင်းမှ ဖြည်းညင်းစွာ ဆင်းသက်လာသည်။ ထို့နောက် စုမင်၏ မျက်ခုံးများ အလယ်ဗဟိုသို့ ပေါင်းစည်းလိုဟန်ဖြင့် စုမင်ရှေ့သို့ ရောက်ရှိလာခဲ့သည်။ သို့သော် သူ့နံဖူးအား ထိမိသည်နှင့် တစ်ပြိုင်နက် ထိုသလင်းကျောက်မှာ ပြန်လည်ဆုတ်ခွာလိုဟန်ဖြင့် ရုတ်တရက်ဆိုသလို အပြင်းအထန် စတင်လှုပ်ခါလာခဲ့သည်။
တစ်ချိန်တည်းမှာပင် မာန်ဝိညာဉ်နယ်ပယ် နတ်ဘုရားရုပ်တုကြီး၏ အသံထဲတွင်လည်း အပြောင်းအလဲတစ်ခု ချက်ချင်းဖြစ်ပေါ်လာပုံ ပေါ်သည်။
"မင်းက ပညာရပ်ရဲ့ မျိုးဆက် မဟုတ်..."
နတ်ဘုရားရုပ်တုထံမှ စကားသံ စတင်ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် စုမင် ညာလက်ကို အလျင်အမြန်မြှောက်၍ သူ့နံဖူးထံမှ ပြန်လည်ဆုတ်ခွာနေသော တုန်ယင်နေသည့် အမွေဆက်ခံခြင်း သလင်းကျောက်ကို ဆွဲယူလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့စိတ်ထဲမှလည်း အလျင်အမြန် စတင်အော်ဟစ်လိုက်၏။
'ဒါကို လှည့်စားလိုက်'
မမျှော်လင့်သော အဖြစ်အပျက်နှစ်ခုသည် စုမင်အား အနက်ရောင်ကျောက်တုံး အပိုင်းအစလေး၏ အခြား အသုံးပြုပုံများကို ဝိုးတဝါး ခံစားမိစေခဲ့သည်။ သူ့စိတ်ထဲမှ အော်ဟစ်လိုက်စဉ်မှာပင် ထိုကျောက်တုံးထံမှ အနက်ရောင်အလင်းတစ်ဖြာ ပြန်လည်တောက်ပလာခဲ့သည်။ ထိုအလင်းတစ်ချက် အတွင်းမှာပင် စုမင်က အမွေဆက်ခံခြင်း သလင်းကျောက်ကို ဆွဲယူ၍ သိုလှောင်အိတ်ထဲသို့ သိမ်းဆည်းပြီးသွားချေပြီ။
"အို... လေမာန်စွမ်းအားရှင် ပညာရပ်၏ ပထမမျိုးဆက်"
စုမင် ရင်ခုန်သံတို့ပင် လျင်မြန်နေသည်။ ထိုအချိန်တွင် သူ အတန်ငယ် စိတ်လှုပ်ရှားနေခဲ့ခြင်း ဖြစ်သည်။ မာန်ဝိညာဉ်နယ်ပယ် နတ်ဘုရားရုပ်တုကြီးမှ စုမင်အား လေမာန်စွမ်းအားရှင်တို့နှင့် သက်ဆိုင်သော ပစ္စည်းများကို ပေးအပ်ခြင်း ပြီးဆုံးသွားသည်နှင့် ၎င်းအောက်ရှိ စစ်မှန်သော အပြည့်အဝ ပုံစံဖြင့် ရိုးရေစတေးနယ်ပယ် နတ်ဘုရားရုပ်တု၏ မျက်လုံးများမှာ စတင်တောက်ပလာခဲ့သည်။
"အို လေမာန်စွမ်းအားရှင် ပညာရပ်၏ အသင်မျိုးဆက်၊ ရိုးရေစတေးနယ်ပယ် အတွင်းရှိ လူများအတွက် ပထမမြောက် မာန်နတ်ဘုရားရှင် ချမှတ်ခဲ့သော ပထမဆုံးဥပဒေသကို ဖြည့်ဆည်းခဲ့သော အသင်လူသား၊ အကျွန်ုပ် သင့်အား... တောင်ပိုင်း မဖြစ်မထွန်း လေးထောင့်ကွက် ဆေးအိုးကို ပေးအပ်လိုက်သည်။ မဟာယုမင်းဆက်ဆီသို့ အလျင်အမြန် သွားရောက်၍ ထိုအရာကို လက်ခံရယူပါ..."
***