← Chapters

ရိုးရေစတေး

Vol. 26 Ch. 357

ရိုးရေစတေး

Vol. 26 Ch. 357

စုမင်နားထဲသို့ ပဲ့တင်ထပ်လာသော ရိုးရေစတေးနယ်ပယ် နတ်ဘုရားရုပ်တု၏ အသံမှာ အေးစက်ကာ စိတ်ခံစားချက် အလျင်းကင်းမဲ့လို့နေသည်။ စုမင်၏ နှလုံးသားမှာလည်း အပြင်းအထန် ခုန်လှုပ်နေပြီး သူ့ရင်ထဲမှ စိတ်လှုပ်ရှားမှု အရိပ်အမြွက်ကိုလည်း ခံစားမိနေ၏။

ဤအရာများအားလုံးမှာ သူ့ပိုင်ဆိုင်မှု ဖြစ်မလာသင့်ကြောင်း သိနေခဲ့သဖြင့် စိတ်လှုပ်ရှားနေရခြင်း ဖြစ်သည်။

သို့သော်ငြား မမျှော်လင့်ထားသော အခြေအနေတစ်ခုကြောင့် ယခုတော့ ထိုအရာများအားလုံးက သူ့အပိုင်ဖြစ်လာခဲ့ချေပြီ။ လေမာန်စွမ်းအားရှင်၏ အမွေအနှစ်နှင့် လေမာန်စွမ်းအားရှင် တစ်ဦးနှင့်သာ သက်ဆိုင်ရမည့် အရာအားလုံးကိုလည်း သူရရှိသွားခဲ့သည်။

လေ၏ရင်းမြစ်နှင့် ပေါင်းစည်းခဲ့ခြင်းက သူ့ကို ပတ်ဝန်းကျင်ရှိ လေများနှင့်မတူသော လေပြင်းတစ်ခုအား အထူးခံစားမိစေခဲ့သည်။ ထိုလေကို သူအလိုရှိသလို ထိန်းချုပ်နိုင်ခြင်း မရှိသော်ငြားလည်း ၎င်းအား သန့်စင်ပြီးသည်နှင့် သူ့ကိုယ်ထဲမှာပင် သန်မာသော လေပြင်းများဖြစ်ပေါ်လာအောင် လှုံ့ဆော်နိုင်လာပေလိမ့်မည်။

ထိုသို့ လုပ်နိုင်သည်နှင့် သူ့အမြန်နှုန်းမှာလည်း သေချာပေါက်ပင်... အံ့သြဖွယ် အဆင့်တစ်ခုသို့ ရောက်ရှိသွားလိမ့်မည် ဟူသော အတွေးက စုမင်နှလုံးသားကို စိတ်လှုပ်ရှားမှုကြောင့် အရူးအမူး ခုန်လှုပ်လာစေရန် ပြုလုပ်လို့နေသည်။

ဤအရာတစ်ခုတည်းကပင် သာမန်ထက်သာလွန်နေပြီ ဖြစ်သည်။ သို့သော်ငြား လေထုခွဲဖြာဓားချက် ကျင့်စဉ်ကိုလည်း သူ ရရှိလိုက်သေး၏။ ထိုပညာရပ်မှာ စုမင်၏ မျက်ခုံးများ အလယ်ဗဟိုသို့ ပေါင်းစည်းသွားခဲ့ပြီး သူ့မှတ်ဉာဏ်များအတွင်း တံဆိပ်တစ်ခုသဖွယ် နက်နက်ရှိုင်းရှိုင်း စွဲထင်ကျန်ရစ်သွားခဲ့သည်။

၎င်းမှာ မာန်စွမ်းအားရှင် မျိုးနွယ်စုအကြား လေနှင့်ပက်သက်သော နတ်ဘုရားစွမ်းရည်များအကြား အသန်မာဆုံးဖြစ်သည့်... လေခွဲဖြာခြင်းပင် ဖြစ်၏။

စုမင်သည် သူ့ခေါင်းထဲရှိ ပညာရပ်ကို တစ်ချက်ခန့် အမြန်ကြည့်ပြီးသွားပြီဖြစ်၍ ၎င်း၏ ခွန်အား အဆင့်အတန်းနှင့် ကြောက်မက်ဖွယ် အရှိန်အဝါတို့ကြောင့် ထိတ်လန့်တုန်လှုပ်နေခဲ့ရပြီး ဖြစ်သည်။ ဤပညာရပ်မှာ သူ၏ ကိုယ်ပိုင်ဖန်တီးမှု မဟုတ်သော်ငြားလည်း ၎င်း၏ စွမ်းအားကတော့ သေချာပေါက် သာမန်မဟုတ်ချေ။ အဆုံးတွင်တော့ ဤအရာမှာ ပထမမြောက် မာန်နတ်ဘုရား ကိုယ်တိုင် ဖန်တီးခဲ့သော ကျင့်စဉ်တစ်ခု ဖြစ်နေပြီး သူ့လက်အောက်ရှိ လေမာန်စွမ်းအားရှင်အတွက် ဖန်တီးပေးခဲ့သော အမွေအနှစ် ကျင့်စဉ်တစ်ခုလည်း ဖြစ်နေသေး၏။

စုမင် လည်ချောင်းတို့ ခြောက်သွေ့နေရချေပြီ။ ဤအရာနှစ်ခုအပြင် ပိုမိုအရေးကြီးသော အမွေဆက်ခံခြင်း သလင်းကျောက်ကိုလည်း သူရရှိခဲ့သေးသည်။ ထိုပစ္စည်းမှာ ယခုအချိန်တွင် သူ့သိုလှောင်အိတ်ထဲ၌ ရှိနေပြီး ၎င်းကိုဆွဲယူလိုက်စဉ်က သလင်းကျောက်အတွင်းမှ အံ့သြဖွယ် အသက်ဓာတ်နှင့် စွမ်းအားတို့ကို သူခံစားမိခဲ့လေသည်။ သူသာ ထိုစွမ်းအားကို ရရှိနိုင်မည်ဆိုလျှင် အခြားကျင့်ကြံဆင့်တစ်ခုသို့ ချက်ချင်းရောက်ရှိသွားလိမ့်မည်မှာ သေချာပေါက်ပင်။

အမွေဆက်ခံခြင်း သလင်းကျောက်တွင် ထူးဆန်းသော အာရုံခံနိုင်စွမ်းတစ်ခု ရှိနေခြင်းကတော့ စိတ်မကောင်းစရာပင် ဖြစ်၏။ စုမင်နှင့် ပက်သက်၍ တစ်စုံတစ်ရာ လွဲမှားနေကြောင်း ၎င်းက ပထမဆုံး သတိပြုမိခဲ့ခြင်း ဖြစ်သည်။ အနက်ရောင် ကျောက်တုံးအပိုင်းအစလေးထံမှသာ အနက်ရောင်အလင်း တစ်ဖန်တောက်ပမလာခဲ့လျှင် သူ့အား ဖော်ထုတ်ခံရပြီး ဖြစ်လောက်ချေပြီ။

အံ့အားသင့်ဖွယ်အရာက ရုတ်တရက်ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်၍ စုမင် အနည်းငယ် စိတ်ရှုပ်ထွေးနေမိသည်။ စုမင်အား လေမာန်စွမ်းအားရှင်ဟူသော ဘွဲ့အမည် ပေးအပ်ပြီးသည်နှင့် ရိုးရေစတေး နတ်ဘုရားရုပ်တု၏ အသံက ချက်ချင်းလိုက်ပါ ပျံ့လွင့်လာခဲ့သည်။

"အို လေမာန်စွမ်းအားရှင်၏ မျိုးဆက် အသင်လူသား၊ အသင်သည် ရိုးရေစတေးနယ်ပယ်အတွက် ပထမမြောက် မာန်နတ်ဘုရားချမှတ်ခဲ့တဲ့ ဒုတိယဥပဒေသကို ဖြည့်ဆည်းခဲ့ပြီဖြစ်၍ အကျွန်ုပ် သင့်အား ရိုးရေစတေးနယ်ပယ်၏ ဤပုံရိပ်ယောင်ချပ်ဝတ်ကို ပေးအပ်လိုက်သည်။ မဟာယုမင်းဆက်ဆီသို့ အလျင်အမြန်သွားရောက်၍ အစစ်အမှန်ချပ်ဝတ်ကို လက်ခံရယူပါ..."

ထိုအေးစက်စက် အသံ ပျံ့နှံ့သွားသည်နှင့် ပေ ၁၀၀၀၀ နတ်ဘုရားရုပ်တုကြီးပေါ်တွင် အပြာရောင်အလင်းတို့ တောက်ပလာပြီး ၎င်း၏ မျက်ခုံးများကြားမှ အလင်းတန်းတစ်ခု တိုးထွက်လာကာ စုမင်ထံ တည့်တည့် ဦးတည်တိုးဝင်လာခဲ့သည်။ ၎င်းက စုမင်အား ဝန်းရံသွားသောအခါ ရုပ်နယ်လွန်နယ်ပယ်၏ စစ်နတ်ဘုရားချပ်ဝတ်မှာ သူ့ကိုယ်ပေါ်တွင် အလိုအလျောက် ထွက်ပေါ်လာခဲ့သည်။ အနက်ရောင် အခိုးအငွေ့များမှာ ပိုးမျှင်များအသွင်ဖြင့် ထွက်ပေါ်လာပြီး စုမင်ဝန်းကျင်တွင် တွန့်လိမ်လှုပ်ရှားလျက် အပြာရောင်အလင်းနှင့် အလျင်အမြန် ပေါင်းစပ်သွားသည်။

အနက်ရောင် အခိုးအငွေ့များနှင့် အပြာရောင်အလင်းတို့ တစ်ခုနှင့်တစ်ခု ရောနှောသွားသည်။ ထို့နောက် ၎င်းအနက်ရောင်အရိပ်များ တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားပြီး စုမင်ကိုယ်ပေါ်တွင် အပြာရင့်ရောင် ချပ်ဝတ်တစ်ခု ထွက်ပေါ်လာခဲ့လေသည်။ ထိုချပ်ဝတ်သည် မယုံနိုင်လောက်အောင်ပင် အစွမ်းထက်ပုံပေါ်ပြီး စုမင်အား ဦးခေါင်းမှ ခြေဖျားသို့တိုင်အောင် ဖုံးအုပ်ထားခဲ့သည်။ ၎င်း၏ ပုံစံအရ ဆုံးဖြတ်ရမည်ဆိုလျှင် စုမင်၏ ချပ်ဝတ်မှာ သူယခင်က မြင်တွေ့ခဲ့ဖူးသော ပိုင်ချန်းကျိုက် ဝတ်ဆင်ထားသည့် စစ်နတ်ဘုရား ချပ်ဝတ်နှင့် အတူတူပင်ဖြစ်သည်။

ရုပ်နယ်လွန်နယ်ပယ်၏ စစ်နတ်ဘုရားချပ်ဝတ်မှာတော့ ဤအရာနှင့် အဆင့်တူအတွင်းမှာပင် ရှိမနေချေ။

ဤအရာမှာ ပုံရိပ်ယောင်တစ်ခုသာ ဖြစ်နေသေး၏။ အစစ်အမှန်ချပ်ဝတ်သာဆိုလျှင် သေချာပေါက် ပိုမိုထူးခြားကောင်းမွန်ပေလိမ့်မည်။

သို့သော်ငြား သူ့အား လက်ဆောင်ပစ္စည်းများ ပေးအပ်ခံနေရခြင်းမှာ ယခုအချိန်ထိ မပြီးဆုံးသေးချေ...

"အို အသင် လေမာန်စွမ်းအားရှင်..."

"အို အသင် လေမာန်စွမ်းအားရှင်..."

စုမင်ခေါင်းထဲ၌ တဝီဝီမြည်သံများပင် ထွက်ပေါ်လာရသည်။ သူ့အား လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်နေခြင်းကို နားထောင်နေရသော်လည်း ၎င်းတို့အားလုံးမှာ မဟာယုမင်းဆက်ထံတွင် ရှိနေသဖြင့် သူကိုယ်တိုင် သွားယူမှရမည်ဖြစ်၍ သနားစရာကောင်းသည်ဟု ခံစားနေရလေသည်။ ဤသို့ဆိုလျှင်တောင် ထိုလက်ဆောင်ပစ္စည်းများမှာ ကြားလိုက်ရသူများအား မနာလိုမှုကြောင့် ရူးသွပ်သွားစေနိုင်သည်အထိ လုံလောက်နေခဲ့ချေပြီ။

"အို လေမာန်စွမ်းအားရှင်၏ မျိုးဆက် အသင်လူသား၊ အသင်သည် ပထမမြောက် မာန်နတ်ဘုရား ချမှတ်ခဲ့သော စည်းမျဉ်းဥပဒေတို့ကို ဖြည့်ဆည်းနိုင်ခဲ့ပြီဖြစ်၍ ယခု သင်ပိုင်ဆိုင်သော အရိုးများကို ယဇ်ပူဇော်လေတော့" ပေ ၁၀၀၀၀ အရွယ်အစားရှိ ရိုးရေစတေးနယ်ပယ် နတ်ဘုရားရုပ်တုသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံကြီးနှင့် ပြောဆိုလိုက်ပြီးနောက် ၎င်း၏ ကြီးမားလှသော ညာလက်ကြီးကိုမြှောက်၍ စုမင်အား ညွှန်ပြလိုက်သည်။

ပေဒါဇင်ပေါင်းများစွာ အရွယ်အစားရှိသော ဧရာမလက်ညှိုးကြီးမှာ စုမင်ထံ တည့်မတ်စွာ ဦးတည်လာခဲ့သည်။ စုမင် ရှောင်တိမ်းခြင်းမပြုခဲ့ပေ။ ရုပ်နယ်လွန်ခဲ့ချိန်ကလည်း အလားတူအတွေ့အကြုံမျိုး သူရရှိခဲ့ဖူးပြီး ဖြစ်သည့်အပြင် သူ့အရိုးများ စတေးခြင်းကိုလည်း သူငြင်းပယ်လိုခြင်း မရှိပေ။ အဆုံးတွင်တော့ လေမာန်စွမ်းအားရှင် တစ်ယောက်အဖြစ် သူ၏ အဆင့်အတန်းကို နည်းမှန်လမ်းမှန် ရရှိခဲ့ခြင်းမဟုတ်ကြောင်း သူအတိအကျ သိနေခဲ့လေသည်။

'ငါ့အရိုးတွေကို စတေးမယ်။ ငါ့အရိုးတွေကို စတေးချင်တယ်' စုမင်မျက်လုံးများအတွင်း တောက်ပသော အလင်းတစ်ဖြာ ထွက်ပေါ်လာသည်။ သူ ပိုမိုသန်မာလာချင်သည်၊ ပိုမို၍ စွမ်းအားကြီးချင်သည်။ သို့မှသာ သူအစွမ်းထက် မာန်စွမ်းအားရှင်တစ်ဦး ဖြစ်လာပြီး သူ့အလိုဆန္ဒများအားလုံးအား အကောင်အထည် ဖော်နိုင်ခွင့်ကို ရရှိနိုင်မည် ဖြစ်သောကြောင့်ပင်။

သို့မှသာ အစစ်အမှန် သူကိုယ်တိုင် ဖြစ်လာနိုင်ပြီး သူလိုချင်သော အဖြေများကို ရှာဖွေနိုင်မည် ဖြစ်သလို သူ့အမြင်တို့ကိုဖွင့်၍ အခြားသူများ မမြင်နိုင်သော ကမ္ဘာတစ်ခုကို တွေ့မြင်နိုင်မှာ ဖြစ်သည်။

ထိုလက်ညှိုးကြီးမှာ စုမင်အနီးသို့ ချက်ချင်းရောက်ရှိလာပြီး သူ့မျက်ခုံးများအလယ်သို့ ထိကပ်လာသည်။ ၎င်းသည် မယုံနိုင်ဖွယ် သန်မာသော အရှိန်အဝါတစ်ခုနှင့်အတူ တိုးဝင်လာခဲ့ခြင်း ဖြစ်သော်ငြားလည်း စုမင်၏ မျက်ခုံးများ အလယ်ဗဟိုသို့ ထိလိုက်ချိန်တွင်တော့ ၎င်း၏ အထိအတွေ့က လေကဲ့သို့ နူးညံ့နေခဲ့သည်။

ထိုအထိအတွေ့က စုမင်ခန္ဓာကိုယ်ကို အပြင်းအထန် တုန်ယင်သွားစေသည်။ သူ့ကိုယ်ထဲသို့ အလျင်အမြန် တိုးဝင်လာနေသော ဖော်ပြခြင်းငှါ မစွမ်းသာသည့် စွမ်းအင်လှိုင်းတစ်ခုအား ခံစားလိုက်မိ၏။ ၎င်းက ထောပတ်ကို လှီးဖြတ်လိုက်သော ဓားပူပူတစ်ချောင်းသဖွယ် အားတစ်ခုဖြင့် သူ့ထံတိုးဝင်လာပြီး သွေးကြောများတစ်လျှောက် စတင်စီးဆင်းလာသည်။

သူ့ခန္ဓာကိုယ်တစ်လျှောက် ကိုးကြိမ်လှည့်ပတ်ပြီးသည်နှင့် ထိုစွမ်းအင်လှိုင်းသည် ကျယ်လောင်သော မြည်ဟီးသံ တစ်ချက်နှင့်အတူ သူ့ကျောရိုးထံသို့ အလျင်အမြန် တိုးဝင်သွားခဲ့သည်။

လူတစ်ဦး၏ ကျောရိုးမှာ အရွယ်ရောက်လာချိန်တွင် ထိုသူ ကလေးအရွယ်ကနှင့် မတူညီတော့ပဲ ကွဲပြားခြားနားသွားတတ်သည်။ ပုံမှန်အားဖြင့် ကလေးငယ်တစ်ဦး၏ ကျောရိုးကို ကျောရိုးဆစ် ၃၃ခုဖြင့် ဖွဲ့စည်းထားတတ်သော်လည်း ထိုကလေး အရွယ်ရောက်လာချိန်တွင်တော့ ကျောရိုးဆစ် ၂၆ခုသာ ကျန်ရှိတော့လေသည်။

သို့သော်ငြား လူတစ်ဦးနှင့် တစ်ဦးကြား ကွာခြားမှုကြောင့် မတူညီသော ကျောရိုးဆစ်အရေအတွက် ရှိသူတစ်ချို့လည်း ရှိတတ်သည်။

စုမင် ကျောရိုးကိုတော့ ကျောရိုးဆစ်၂၆ခုဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ကျောရိုးဆစ်၂၆ခုမှ ဖွဲ့စည်းထားသော ကျောရိုးကြီးမှာ ယခုအခါတွင်တော့ ရိုးရေစတေးနယ်ပယ် နတ်ဘုရားရုပ်တုထံမှ ထွက်ပေါ်လာနေသော စွမ်းအားအောက်၌ တုန်ယင်နေခဲ့ချေပြီ။

၎င်းသည် အစောပိုင်းက စုမင်ရရှိခဲ့သော မာန်အရိုးကို စုပ်ယူထားခဲ့ပြီးဖြစ်သည့်အပြင် ယခု ထိုစွမ်းအားတို့ကိုပါ စုပ်ယူနေပြန်၏။ တစ်ချိန်တည်းမှာပင် အဆုံးမရှိသော လေပမာဏများကိုလည်း စုပ်ယူနေခဲ့သေးသည်။

အတိတ်အချိန်က သူရုပ်နယ်လွန်ခဲ့ချိန်တွင် စုမင်၏ချီတို့မှာ ပျော်ဝင်သွားပြီး ရုပ်နယ်လွန်စွမ်းအားအဖြစ် ပြောင်းလဲသွားခဲ့သည်။ စုမင်ကိုယ်ထဲတွင် သိုလှောင်ထားသော ထိုရုပ်နယ်လွန်စွမ်းအားမှာ သူ့ခန္ဓာကိုယ်တစ်လျှောက် သွေးများကဲ့သို့ စီးဆင်းနေကြခြင်း ဖြစ်သည်။ သူ လိုအပ်လျှင် ထိုစွမ်းအားတို့သည် မယုံနိုင်ဖွယ် အင်အားတို့နှင့် ပေါက်ကွဲထွက်ပေါ်လာလိမ့်မှာ ဖြစ်၏။

သို့သော် ရိုးရေစတေးနယ်ပယ်နှင့် ရုပ်နယ်လွန်နယ်ပယ်တို့မှာ လုံးဝမတူကွဲပြားသော အရာများဖြစ်သည်။ ဤအရာက စွမ်းအားတိုးလာခြင်း သက်သက်သာ မဟုတ်ပဲ နယ်ပယ်အပြောင်းအလဲကြီး တစ်ခုလုံး ဖြစ်သည့်အပြင် သူ့ခန္ဓာကိုယ်သည်ပင် အံ့သြဖွယ် အသွင်ပြောင်းမှုတစ်ခုကို ဖြတ်သန်းရပေလိမ့်ဦးမည်။

ရိုးရေ စတေးခြင်း။ အရိုးအရေ စတေးခြင်း...

ဤစကားလုံးတို့၏ အဓိပ္ပါယ်မှာ မာန်စွမ်းအားရှင်တစ်ဦး၏ ကိုယ်တွင်းရှိ အရိုးကို စတေးရန်ဖြစ်ပြီး စတေးရမည့် အရိုးမှာလည်း ကျောရိုးဖြစ်သည်။

မာန်စွမ်းအားရှင်မျိုးနွယ်စု၏ ရှေးဘိုးဘေးများက လူတစ်ဦး၏ ခန္ဓာကိုယ်တွင် အရေးကြီးဆုံး အစိတ်အပိုင်းမှာ ကျောရိုးဖြစ်သည်ဟု ယုံကြည်ခဲ့ကြသည်။ ကောင်းကင်နှင့် မြေကြီးအား  ဆက်သွယ်ပေးထားသကဲ့သို့ပင် ၎င်းသည်လည်း လူတစ်ဦးအား မတ်မတ်ရပ်နိုင်စေပြီး လူတို့အား လူသားများအဖြစ် သိရှိနိုင်စေရန် ပြုလုပ်ပေးထားခြင်း ဖြစ်သည်။ (သူဆိုလိုချင်တာက... လူတွေကို မတ်မတ်ရပ်နေနိုင်ဖို့ ပြုလုပ်ပေးထားလို့ တစ်ခြားသက်ရှိတွေနဲ့ ကွဲပြားနေပြီး လူသားဖြစ်နေစေတယ်ဆိုတဲ့ သဘောထင်ပါတယ်)

ကျောရိုးသည် လူတစ်ဦးအား ခွန်အားများစွာ ပေးစွမ်းနိုင်သလို တစ်ချိန်တည်းမှာပင် ၎င်းမှာ စိတ်၏ ထောက်တိုင်တစ်ခုလည်း ဖြစ်နေသေးသည်။ ၎င်းက လူတစ်ဦး၏ စိတ်နှင့် ခန္ဓာကိုယ်ကို ထောက်ပံ့ပေးထားသည်။ ထို့အပြင် ခန္ဓာကိုယ်အတွင်းရှိ အရာအားလုံး၏ ရင်းမြစ်လည်းဖြစ်သည်။

မာန်စွမ်းအားရှင် တစ်ဦး၏ ကျင့်ကြံခြင်းတွင် သွေးကြောကျောက်သား နယ်ပယ်သည် သူတို့ခန္ဓာကိုယ် အတွင်းရှိ မာန်စွမ်းအားရှင် မျိုးနွယ်စု၏ စွမ်းအင်ရင်းမြစ်ကို ပေါက်ကွဲထွက်ပေါ်လာစေရန် ၎င်းတို့၏ သွေးကြောများကို အဆက်မပြတ် ထုတ်ဖော်ရခြင်း ဖြစ်သည်။ ထိုစွမ်းအင်တို့ကို ဆက်လက်စုဆောင်းလျက် ၎င်းတို့၏ သွေးကြောများ တိုးပွားလာသည်နှင့်အမျှ သူတို့၏ သွေးများမှာလည်း သန့်စင်ခံလိုက်ရသကဲ့သို့ ပိုမိုသန့်စင် လာပေလိမ့်မည်။

ဤအရာက သွေးကြောကျောက်သား၏ ပန်းတိုင်ဖြစ်သည်။ ဤသို့ လုပ်ဆောင်ခြင်းဖြင့်သာ မာန်စွမ်းအားရှင်တစ်ဦး ရုပ်နယ်လွန်သောအခါ ထိုသွေးများမှတစ်ဆင့် ရုပ်နယ်လွန်စွမ်းအား မွေးဖွားလာခြင်း ဖြစ်သည်။ သွေးနှင့်ဆင်တူသော ထိုရုပ်နယ်လွန်စွမ်းအားမှာ ခန္ဓာကိုယ်အတွင်း သိုလှောင်ခံထားရပြီး ၎င်းအား မမြင်ရသော်လည်း ခံစားမိနိုင်ချေသည်။

ဤအချိန်သည်လူတစ်ဦးအား မာန်စွမ်းအားရှင်မျိုးနွယ်စု၏ သွေးစွမ်းအားကို အသုံးပြုရစေသည့် ပထမဆုံးအကြိမ် ဖြစ်ပြီး ရုပ်နယ်လွန်ပြီး မာန်စွမ်းအားရှင်များအား ပျံသန်းခြင်းနှင့် ကိုယ်ပိုင်မာန်အမှတ်အသား ဆွဲသားခြင်းတို့ကို ပြုလုပ်၍ရစေ၏။ မာန်အမှတ်အသားနှင့်အတူ ထိုသူတို့သည် သွေးထံမှ အခြေခံကျဆုံး အဆင့် စွမ်းအင်ကို လှုံ့ဆော်နိုင်လေသည်။

ရိုးရေစတေးနယ်ပယ်မှာတော့ မတူညီတော့ပေ။

ဤနယ်ပယ်တွင် မာန်စွမ်းအားရှင် မျိုးနွယ်စု၏ သွေးစွမ်းအားအပေါ် ပိုမိုနက်ရှိုင်းသော နားလည်အသုံးချမှု အဆင့်တစ်ခု လိုအပ်လာချေပြီ။ မာန်စွမ်းအားရှင် မျိုးနွယ်စု၏ ယုံကြည်ချက်နှင့် ကျောရိုးအပေါ် သူတို့၏ အလေးထားမှုကြောင့် ထူးခြားသော နည်းလမ်းတစ်ခုကိုသုံးလျက် သူတို့ခန္ဓာကိုယ်အတွင်းရှိ ရုပ်နယ်လွန်စွမ်းအားများ အားလုံးကို ကျောရိုးပေါ်ရှိ အရိုးအပိုင်းအစတစ်ခုပေါ်သို့ နေရာချထားလိုက်ကြသည်။ ထိုအချိန်တွင် အရိုးမှာ ရုပ်နယ်လွန်စွမ်းအား အလုံးစုံကို စုပ်ယူသွားပြီးသည်နှင့် အသွင်ပြောင်းခြင်းတစ်ခုကို ဖြတ်သန်းရပေလိမ့်မည်။ ၎င်းအရိုးသည် အဆက်မပြတ် စတေးသန့်စင်ခံရင်းဖြင့်ပင် စစ်မှန်သော မာန်အရိုးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလိမ့်မှာ ဖြစ်သည်။

သို့မှသာ ထိုမာန်စွမ်းအားရှင်မှာ ရိုးရေစတေးနယ်ပယ်သို့ ဝင်ရောက်သွားခဲ့ပြီဟူ၍ ယူဆနိုင်မှာဖြစ်၏။

ရိုးရေစတေးနယ်ပယ် ကနဦးဆင့်ရှိ အစွမ်းထက်မာန်စွမ်းအားရှင်များမှာ ရုပ်နယ်လွန်နယ်ပယ် ပြည့်စုံဆင့်သို့ ရောက်ရှိခဲ့သူများနှင့် များစွာခြားနားမှုမရှိချေ။ သိသာထင်ရှားသော အပြောင်းအလဲများလည်း များများစားစား မရှိချေ။ အဆုံးတွင်တော့ မာန်အရိုးအဖြစ် ပြောင်းလဲသွားသော အရိုးမှာ တစ်ခုသာရှိသေးမည်ဆိုလျှင် ရိုးရေစတေးနယ်ပယ်၏ စွမ်းအားကို ထုတ်ဖော်ပြသနိုင်ခြင်း မရှိသေးသောကြောင့် ဖြစ်သည်။

မာန်စွမ်းအားရှင်တစ်ဦး အနေဖြင့် ကျောရိုးဆစ်တစ်ခုအား မာန်အရိုးအဖြစ် ပြောင်းလဲနိုင်သွားသည်နှင့်အမျှ မာန်စွမ်းအားရှင်မျိုးနွယ်စု အကြားရှိ အဆင့်ခွဲများအရ ထိုသူအား ရိုးရေစတေးနယ်ပယ် ကနဦးအဆင့်သို့ ရောက်ရှိသွားပြီဟု ယူဆနိုင်ပေလိမ့်မည်။ သို့သော်ငြား ဤအချက်ကြောင့်ပင် နောက်ဆက်တွဲ သန့်စင်မှုများမှာတော့ ပိုမို၍ ခက်ခဲလာလိမ့်မှာ ဖြစ်သည်။

မာန်စွမ်းအားရှင်တစ်ဦးသည် သူ(သို့မဟုတ်)သူမ၏ ဒုတိယမြောက် မာန်အရိုးကို ရရှိသွားသောအခါ ရိုးရေစတေးနယ်ပယ် အလယ်ဆင့်သို့ ရောက်ရှိသွားပြီဟု ယူဆနိုင်ပေလိမ့်မည်။ အကယ်၍ သူ(သို့မဟုတ်) သူမအနေဖြင့် အလယ်ဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိလိုလျှင်တော့ မာန်အရိုးဆယ့်သုံးခု လိုအပ်လိမ့်မှာ ဖြစ်သည်။

ဤအရာကပင် ရိုးရေစတေးနယ်ပယ် ကနဦးဆင့်မှ လူများနှင့် အလယ်ဆင့်မှ လူအချို့ကို စုမင်သတ်ဖြတ်နိုင်ရသည့် အကြောင်းအရင်းလည်း ဖြစ်သည်။ သို့သော် ရိုးရေစတေးနယ်ပယ် အလယ်ဆင့်မှ အစွမ်းထက်စစ်သည်တော်များနှင့် ရင်ဆိုင်တွေ့ရလျှင်တော့  စုမင်၏ တိုက်ပွဲမှာ အလွန်အင်မတန် ခက်ခဲသွားပေလိမ့်မည်။ ရန်သူအား တိုက်ခိုက်နိုင်ရန် သူ့တိုက်ခိုက်မှုများ အားလုံးကိုပင် ပေါင်းစပ်အသုံးချရန် လိုအပ်လိမ့်မှာ ဖြစ်၏။

လူတစ်ဦးတွင် မာန်အရိုး ဆယ့်လေးချောင်း ရှိသွားသည်နှင့် ရိုးရေစတေးနယ်ပယ် နှောင်းပိုင်းအဆင့်ဟု ယူဆ၍ ရသွားပေလိမ့်မည်။ ထိုအဆင့်ရှိ အစွမ်းထက်မာန်စွမ်းအားရှင်များမှာ ရိုးရေစတေးနယ်ပယ်၏ အခမ်းနားဆုံး အခိုက်အတန့်၌ ရှိနေသည်ဟု ဆိုနိုင်သည်။ သူတို့၏ စွမ်းအားသည် ၎င်းတို့အား နယ်မြေတစ်ခု၏ အုပ်ချုပ်သူများအဖြစ် ပြောင်းလဲစေနိုင်၏။

နယ်ပယ်၏ နှောင်းပိုင်းအဆင့်မှာပင် မာန်အရိုး နှစ်ဆယ့်ငါးခု ရရှိသွားသောအခါ ထိုဂုဏ်အသရေမျိုးက အထွတ်အထိပ်သို့ ရောက်ရှိသွားပေလိမ့်မည်။ အမှန်စင်စစ်တော့ ထိုအဆင့်ရှိလူများကို မာန်ဝိညာဉ်နယ်ပယ် အောက်တွင် အသန်မာဆုံးဟုပင် ယူဆကြလေသည်။

ထိုအရာကြောင့်ပင် ရိုးရေစတေးနယ်ပယ်၏ ပြည့်စုံမှုမှာတော့ ကျောရိုးရှိ အရိုးဆစ် ၂၆ခုလုံးအား စတေး၍ အစစ်အမှန် မာန်အရိုးများအဖြစ် ပြောင်းလဲမှာ ဖြစ်သည်။ ထိုသို့လုပ်ဆောင်ပြီးသည်နှင့် ကောင်းကင်ဘုံအကြားရှိ လမ်းကြောင်းတစ်ခုကို ဖွင့်လှစ်ခဲ့သလို ဖြစ်သွားကာ သေမျိုးတစ်ဦး ဘဝမှနေ၍ သူတော်စင်တစ်ဦး ဖြစ်လာပေလိမ့်မည်။

သို့သော်  ၂၆ခုမြောက် မာန်အရိုးအဖြစ် စတေးရခြင်းက အလွန်ခက်ခဲပေသည်။ အလွန်အမင်း ကံကောင်း၍ အခွင့်အရေးကြီးတစ်ခုကို ရရှိကာ ၂၆ခုမြောက် မာန်အရိုးကို စတေးနိုင်ခဲ့မည်ဆိုလျှင်တောင် ထိုမာန်စွမ်းအားရှင် အနေဖြင့် မာန်ဝိညာဉ်နယ်ပယ်သို့ ရောက်ရှိနိုင်ရန် ကြိုးစားရပေလိမ့်ဦးမည်။

ထိုနေရာ၌ အခွင့်အလမ်းတစ်ခုသာ ရှိ၏။

အကယ်၍ ထိုလူ အောင်မြင်သွားခဲ့လျှင်တော့ မာန်ဝိညာဉ်နယ်ပယ်သို့ ရောက်ရှိကာ မာန်စွမ်းအားရှင် မျိုးနွယ်စုရှိ နယ်ပယ်ကြီး လေးခုအနက် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနိုင်ခဲ့သူများထဲမှ တစ်ဦးအပါအဝင် ဖြစ်လာပေလိမ့်မည်။ အကယ်၍ ထိုလူအနေဖြင့် ကျရှုံးခဲ့မည်ဆိုလျှင်တော့ သူ့ကျောရိုးတစ်ခုလုံးမှာ ဖုန်မှုန့်များအဖြစ် ကြေမွပျောက်ကွယ်သွားပြီး ချက်ချင်း သေဆုံးသွားပေလိမ့်မည်။

ရိုးရေစတေးနယ်ပယ် ပြည့်စုံဆင့်မှာ ထိုနယ်ပယ်သို့ ရောက်ရှိနေခဲ့ပြီးဖြစ်သော မာန်စွမ်းအားရှင်များ အားလုံးအား ချည်နှောင်ထားသော အသက်ကြိုးတစ်ခုနှင့် တူသည်။ သူတို့ လွတ်မြောက်အောင် လုပ်နိုင်လျှင် သူတော်စင်များ ဖြစ်လာနိုင်ပြီး မလုပ်နိုင်လျှင်တော့ သေဆုံးသွားလိမ့်မည်။

ထို့ကြောင့်ပင် ၂၅ခုမြောက် မာန်အရိုးတွင်သာ ရပ်လျက် မာန်ဝိညာဉ်နယ်ပယ်အောက်ရှိ အသန်မာဆုံးသူများ ဖြစ်နေသော မကြိုးစားရဲသူ များစွာရှိနေခြင်း ဖြစ်သည်။

နဝမတောင်ထွတ်တွင် ရှိနေခဲ့ချိန်က ရိုးရေစတေးနယ်ပယ်နှင့် ပက်သက်သော ဤအရာများအကြောင်း စုမင်သိရှိခဲ့ရသည်။ စုမင်ခန္ဓာကိုယ်က တုန်ယင်နေပြီး နတ်ဘုရားရုပ်တု၏ စွမ်းအားမှာ သူ့ကျောရိုး၏ ပထမဆုံး ကျောရိုးဆစ်အတွင်း တိုးဝင်လာသည်နှင့်အမျှ ထိုကျောရိုး အစိတ်အပိုင်းသည်လည်း အလျင်အမြန် စတင်ပြောင်းလဲလာပြီး သူ၏ အခြားအရိုးများနှင့် တစ်ဖြည်းဖြည်း ကွဲပြားလာခဲ့သည်။

၎င်းသည် မျက်စိကျိန်းဖွယ် အပြာရောင်အလင်းတို့ တောက်ပလာပြီး စုမင်ခန္ဓာကိုယ်မှ တိုးထွက်လျက် အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသည်။ အကယ်၍ တစ်စုံတစ်ယောက်သည်သာ အဝေးမှ လှမ်းကြည့်လိုက်မည်ဆိုလျှင် စုမင်တစ်ကိုယ်လုံးအား အပြာရောင်တို့ ဖုံးအုပ်သွားသည်ကို မြင်လိုက်ရပေလိမ့်မည်။

အသွင်းပြောင်းလဲမှုနှုန်းမှာ အလွန်လျင်မြန်လှသဖြင့် အသက်ရှူချိန် အနည်းငယ်အတွင်းမှာပင် ထိုအရိုးမှာ လုံးလုံးလျားလျား ပြောင်းလဲသွားပြီး စုမင်၏ ပထမဆုံးသော မာန်အရိုးအဖြစ် ပြောင်းလဲသွားခဲ့လေသည်။

***

All Chapters