အခန်း (၂၄၃)
Vol. 25 Ch. 243
" အရှင်မင်းကြီးက သူ့ကို စစ်သေနာပတိချုပ်အဖြစ် ရာထူးတိုးပေးမယ့် အစီအစဉ်ကို ပြန်ရုတ်သိမ်းလိုက်ရင် ငါတို့အတွက် အကျိုးရှိနိုင်တယ်။ " ဝမ်ဝမ်က ပြုံး၍ ပြောလိုက်သည်။
" ဝန်ကြီးဝမ်က တကယ်ကို ထက်မြက်ပါတယ်။ ဒါဆိုရင်တော့ ငါတို့ဝင်မပါတော့ဘူး။ " ဟွိုင်ကျွမ်းက ပြုံး၍ ပြောလိုက်သည်။
အခြားတစ်ဖက်တွင် စစ်ဘက်အရာရှိများ၏ ရှေ့ဆုံးတွင် ဝမ်ကျန့်က ပြုံးနေသည်။
" မင်းက အဲ့လောက်တောင် ဂုဏ်ယူနေတာလား။ ကိုယ့်ကိုကိုယ်လည်း ထိန်းပါဦး။ " မုန့်ဝူက မနေနိုင်တော့ဘဲ ပြောလိုက်သည်။
၎င်းကို ကြားသောအခါ ဝမ်ကျန့်က နောက်လှည့်ကြည့်ပြီး ပို၍ပင် ဂုဏ်ယူစွာ ပြောလိုက်သည်။
" မင်းလိုလူအိုကြီးကတော့ မနာလိုဖြစ်နေရုံပေါ့။ ငါ့ရဲ့ သမက်က စစ်သေနာပတိချုပ်အဖြစ် ခန့်အပ်ခံရတော့မှာ။ မင်းမှာ အဲ့ဒီလိုထူးချွန်တဲ့ သမက်ရှိလား။ နေဦး မင်မှာ သမီးမှမရှိတာ ဟားဟားဟား ဆက်ပြီး မနာလိုဖြစ်နေလိုက်စမ်းပါ။ "
ဝမ်ကျန့်က ဂုဏ်ယူဝင့်ကြွားနေသည်ကို ကြည့်ပြီး မုန့်ဝူက အလွန်ဒေါသထွက်နေသော်လည်း ပြန်ပြောစရာ စကားမရှိပေ။
" မုန့်ဝူ ငါသာမင်းနေရာမှဆိုရင် သူ့ကို ဒီအတိုင်း လွှတ်ထားလိုက်မယ်။ " ဟွမ်ယိက ဘေးမှ ပြုံး၍ ပြောလိုက်သည်။
" ဟွမ်ယိ အဲ့ဒီစကားကြောင့် နောက်တစ်ခါ ချင်စစ်ချီတဲ့အခါ ငါ မင်းနဲ့ မပြိုင်တော့ဘူး။ " ဝမ်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" မင်းက ငါနဲ့ လာပြိုင်ရင်တောင် ငါမင်းကို အလျှော့မပေးတော့ဘူး။ " ဟွမ်ယိက ပြောလိုက်သည်။ " မင်းရဲ့ လန်ထျန်းစခန်းက နိုင်ငံနှစ်ခုကိုတောင် ဖျက်ဆီးပြီးသွားပြီ။ ငါကတော့ ဘေးကနေပဲ ကြည့်နေခဲ့ရတယ်။ နောက်တစ်ခါတော့ ငါရဲ့ စစ်တပ်က တိုက်ခိုက်မယ်။ "
" စိတ်ချပါ။ ငါမင်းနဲ့ မပြိုင်ပါဘူး။ " ဝမ်ကျန့်က ပြန်ပြောလိုက်သည်။
နန်းတွင်းမှ အားပြိုင်မှုများက စစ်တပ်ထက်ပင် ပို၍ ရက်စက်လှသည်။ လူများက အကောင်းဆုံး မိတ်ဆွေများ ဖြစ်နေလျှင်တောင် ကိုယ်ကျိုးအတွက်ဆိုလျှင် တစ်ယောက်ကိုတစ်ယောက် သစ္စာဖောက်နိုင်ကြသည်။
ဝမ်ကျန့်၊ မုန့်ဝူနှင့် ဟွမ်ယိတို့၏ ဆက်ဆံရေးက နက်ရှိုင်းခြင်းမရှိသည်မှာ သိသာလှသည်။ ထိုသို့ဖြစ်ရခြင်းက အကြောင်းရင်း နှစ်ခုရှိသည်။ ပထမအချက်မှာ ရှင်ဘုရင်၏ သတိထားမှုကြောင့် ဖြစ်သည်။
ဒုတိယအချက်မှာ သူတို့၏ အကျိုးစီးပွားများက တိုက်ရိုက်ယှဉ်ပြိုင်နေရသောကြောင့် ဖြစ်သည်။ လက်ရှိ ချင်နိုင်ငံတွင် စစ်သေနာပတိချုပ် သုံးယောက် ရှိနေသော်လည်း စစ်ဦးစီးချုပ်ရာထူးက လစ်လပ်နေဆဲ ဖြစ်သည်။ ၎င်းက သူတို့ကြိုးစားနေသော ပန်းတိုင်ဖြစ်သောကြောင့် ၎င်းကို ရရန်အတွက် သူတို့က အဆုံးထိ ယှဉ်ပြိုင်ကြမည်မှာ အသေအချာပင်ဖြစ်သည်။
" ဒီကိစ္စတွေ အားလုံးပြီးသွားရင် ငါတို့ မင်းသမီးရဲ့ မင်္ဂလာပွဲကို တက်ရတော့မှာမဟုတ်လား။ " မုန့်ဝူက ရုတ်တရက် ပြောလိုက်သည်။
" မင်္ဂလာပွဲက မကြာခင်ဖြစ်တော့မှာပါ။ " ဝမ်ကျန့်က ပြုံးလိုက်သည်။ " အချိန်တန်ရင် မင်းတို့ နှစ်ယောက်လုံးကို ငါ ဖိတ်ခေါ်လိုက်ပါမယ်။ ငါတို့ အဝသောက်ကြတာပေါ့။ "
" မင်း သမီးရဲ့ မင်္ဂလာပွဲက ကြီးကျယ်ခမ်းနားမှာ သေချာတယ်။ ဒါပေမယ့် ဝိုင်ကတော့ အင်မော်တယ်ဝိုင်ခန်းမက ဝိုင်လို အကောင်းဆုံး ဖြစ်ရမယ်။ " ဟွမ်ယိက ပြောလိုက်သည်။
" မင်းကလည်း အင်မော်တယ်ဝိုင်ခန်းမအကြောင်း သိနေတာလား။ " ဝမ်ကျန့်က မေးလိုက်သည်။
" အင်မော်တယ်ဝိုင်ခန်းမက ယင်ချွမ်းမှာ ဆိုပေမယ်အ ကုန်သည်တွေက သူတို့ရဲ့ ဝိုင်တွေကို ရောင်းချနေကြတာပဲ။ ငါတို့ မမြည်းကြည့်ဘဲ ဘယ်နေပါ့မလဲ။ "
" အင်မော်တယ်ဝိုင်ခန်းမက ဝိုင်ကို သောက်ပြီးတဲ့နောက်မှာ ငါ တခြားဘယ်ဝိုင်ကိုမှ မသာက်ချင်တော့ဘူး။ နန်းတော်က ဝိုင်တောင် အဲ့ဒါကို မမှီလောက်ဘူး။ " မုန့်ဝူက သက်ပြင်းချပြီး ပြောလိုက်သည်။
ကျောက်ဖုန်း၏ အင်မော်တယ်ဝိုင်ခန်းမက ထိုကဲ့သို့ စစ်သေနာပတိချုပ်များအပေါ် သက်ရောက်မှုရှိနေခြင်းမှာ ၎င်း၏ ကြီးမားသော လွှမ်းမိုးမှုကို သက်သေပြနေခြင်းဖြစ်သည်။
"ငါ့မှာ မင်းတို့အတွက် သတင်းကောင်းရှိတယ်။ " ဝမ်ကျန့်က ရယ်ပြီး ပြောလိုက်သည်။ " နောက်ထပ် ရက်နည်းနည်းနေရင် အင်မော်တယ်ဝိုင်ခန်းမက ရှန်းယန်မြို့မှာ ဆိုင်ခွဲတစ်ခု ဖွင့်လိမ့်မယ်။ "
" အဲ့ဒါကို မင်းဘယ်လိုလုပ်သိတာလဲ။ " မုန့်ဝူနှင့် ဟွမ်ယိတို့က အံ့အားသင့်သွားပြီး မေးလိုက်သည်။
" ငါ့အိမ်က အိမ်တော်ထိမ်းက ငါ့အတွက် ဝိုင်ခဏခဏ ဝယ်ပေးလေ့ရှိတော့ ကုန်သည်တွေနဲ့ ရင်းနှီးသွားတာပေါ့။ သူတို့ဆီကတစ်ဆင့် အဲ့သတင်းကို ကြားခဲ့တာပဲ။ " ဝမ်ကျန့်က ပြောလိုက်သည်။
တော်ဝင်ရထားလုံးက ရှေ့သို့ တိုးလာနေပြီး နောက်မှ အရာရှိများက လိုက်ပါလာကြသည်။ အရာရှိများကလည်း လမ်းတစ်လျှောက် စကားများ ပြောလာကြသည်။ မကြာမီ သယတို့က မြို့တံခါးသို့ ရောက်ရှိလာကြသည်။
" အရှင်မင်းကြီး ကျွန်တော်မျိုးတို့ စောရောက်လာတဲ့ပုံပဲ။ " ရန်ရှောင်က ရိုသေစွာ ပြောလိုက်သည်။ " လွန်ခဲ့တဲ့ တစ်နာရီက အစီရင်ခံစာအရ စစ်သူကြီးကျောက်က ရှန်းယန်နဲ့ နည်းနည်းဝေးပါသေးတယ်။ ကျွန်တော်မျိုးတို့ ခဏလောက် စောင့်ရမယ်ထင်တယ်။ "
" ငါတို့က ချင်ရဲ့ သူရဲကောင်းတစ်ယောက်ကို ကြိုဆိုဖို့လာတာပဲ။ ငါတို့ စောင့်ကြတာပေါ့။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" နားလည်ပါပြီ။ " ရန်ရှောင်က ပြန်ပြောလိုက်သည်။
အမွတေိုင်တစ်တိုင် လောင်ကျွမ်းချိန်ကုန်သောအခါ ရှန်းယန်မြို့၏ အဝေးတွင် ကျန်းမင်က ထိတ်လန့်တုန်လှုပ်စွာဖြင့် ရှေ့သို့ စိုက်ကြည့်နေသည်။
" အရှင် မြို့ပြင်မှ လူတွေအများကြီး စုနေကြတယ်။ "
" သူတို့က အရှင်ကို ကြိုဆိုဖို့ ရောက်နေကြတာလား။ " ကိုယ်ရံတော်တစ်ယောက်က နောက်ပြောင်လိုက်သည်။
" မြို့တော်က အရှင်ကို ကြိုဆိုနေတာလား။ ပြီးတော့ သာမန်ပြည်သူတွေကလည်း သူတို့ဘာသာသူတို့ ထွက်လာကြတာလား။ အရှင်ရဲ့ ကျော်ကြားမှုက ရှန်းယန်အထိ ရောက်နေပြီလား။ "ကျန်းမင်က လေးစားစွာ ပြောလိုက်သည်။
ကျောက်ဖုန်းက မြို့ဘက်သို့ လှမ်းကြည့်လိုက်သည်။ သူက သာမန်လူများထက် ပိုမိုဝေးကွာသော နေရာများထိ မြင်နိုင်သည်။
" တော်ဝင်ရထားလုံးက မြို့ပြင်မှာ ရပ်နေတယ်။ ချင်ဘုရင်ကိုယ်တိုင်က ငါ့ကို ကြိိုဆိုဖို့ ရောက်နေတာလား။ " ကျောက်ဖုန်းက အနည်းငယ် မှင်သက်သွားသည်။
" အရှိန်မြှင့်လိုက်။ အရှင်မင်းကြီးက မြို့တံခါးမှာ ငါတို့ကို စောင့်နေတယ်။ ငါတို့ရိုင်းပျလို့မရဘူး။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။ ထို့နောက် သူက မြင်းကို အရှိန်မြှင့်ပြီး ရှန်းယန်မြို့သို့ ဦးတည်သွားသည်။
၎င်းကို ကြားသောအခါ ကိုယ်ရံတော်များက အံ့ဩမှင်သက်သွားကြပြီး အချင်းချင်း ကြည့်လိုက်ကြသည်။ သူတို့က စိတ်လှုပ်ရှားစွာဖြင့် ကျောက်ဖုန်းနောက်သို့ လိုက်သွားခဲ့သည်။ ၎င်းက သူတို့အရှင်၏ ဂုဏ်သိက္ခာဖြစ်သကဲ့သို့ သူတို့အတွက်လည်း ဂုဏ်ယူစရာပင်ဖြစ်သည်။
မကြာမီ ကျောက်ဖုန်းနှင့် သူ၏ ကိုယ်ရံတော်များက ရှန်းယန်မြို့သို့ ချဉ်းကပ်သွားကြသည်။ မြို့တံခါးနှင့် ပေနှစ်ရာအကွာသို့ ရောက်သောအခါ ကျောက်ဖုန်းက မြင်းပေါ်မှ ဆင်လိုက်သည်။ သူ၏ နောက်မှ ကိုယ်ရံတော်များကလည်း အလားတူ ပြုလုပ်လိုက်ကြသည်။
" အရှင်မင်းကြီး စစ်သူကြီးကျောက် ရောက်လာပါပြီ။ " ရန်ရှောင်က ရိုသေစွာ အစီရင်ခံလိုက်ပြီး ရထားလုံးလိုက်ကာကို ဆွဲဖွင့်ပေးလိုက်သည်။
နဂါးဝတ်ရုံကို ဝတ်ဆင်ထားသော ရင်ကျန့်က ရထားလုံးပေါ်မှ ဖြည်းညင်းစွာ ဆင်းလာသည်။ နီးကပ်လာသော ကျောက်ဖုန်းကို ကြည့်ရင်း သူ၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
" ဒါက တကယ်ချင်ဘုရင်ပဲ။ ငါ့ကို အရာရှိအားလုံးနဲ့အတူ ကိုယ်တိုင် ထွက်ကြိုနေတယ်။ ဒါက တကယ်ကို ကြီးမားတဲ့ ဂုဏ်ပြုမှုပဲ။ " ကျောက်ဖုန်းက တော်ဝင်ရထားလုံးရှေ့မှ ရင်ကျန့်ကို မြင်သောအခါ စိတ်လှုပ်ရှားသွားမိသည်။
" ကောင်းကင်သားတော်က လက်အောက်ငယ်သားကို နှုတ်ဆက်ဖို့ လှေကားထစ်တွေက ဆင်းလာရင် အဲ့ဒီလက်အောက်ငယ်သားက အကြိမ်တစ်ရာ သေပေးရင်တောင် အဲ့ဒီဂုဏ်ကျေးဇးးကို ပြန်မဆပ်နိုင်ဘူးလို့ ပြောကြတာ မထူးဆန်းပါဘူး။ "
ကျောက်ဖုန်းက တွေးလိုက်ပြီး ရှေ့သို့ လှမ်းသွားကာ ရင်ကျန့်ကို အလေးအနက် ဦးညွှတ်လိုက်သည်။
" အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ "
" စစ်သူကြီးကျောက်က ကောလဟာလတွေအတိုင်း တကယ်ကို ငယ်ရွယ်တာပဲ။ "
" ဟူး... လူအချင်းချင်းတောင် နှိုင်းယှဉ်လို့မရဘူးပဲ။ "
ကျောက်ဖုန်းက ကောလဟာလများအတိုင်း ငယ်ရွယ်သည်ကို မြင်တွေ့ရခြင်းမှာ သာမန်ပြည်သူများ၏ ဆွေးနွေးမှုများကို ပိုမိုအားကောင်းလာစေခဲ့ပြီး အားလုံးမှာ ချီးကျူးမှုများဖြင့် ပြည့်နှက်နေသည်။
ရင်ကျန့်က အနည်းငယ်ပြုံးပြီး ရှေ့သို့တိုးကာ ကျောက်ဖုန်းကို ထူပေးလိုက်သည်။
" စစ်သူကြီးကျောက် မင်း နောက်ဆုံးတော့ ပြန်ရောက်လာပြီပေါ့။ "
" အရှင်မင်းကြီးကို စောင့်ဆိုင်းစေခဲ့မိတာ ကျွန်တော်မျိုးရဲ့ အပြစ်ပါ။ " ကျောက်ဖုန်းက ချက်ချင်း ပြောလိုက်သည်။
" စစ်သူကြီးကျောက် မင်းက စစ်မြေပြင်ရဲ့ ပင်ပန်းဆင်းရဲမှုတွေက ပြန်လာတာ ဘာအပြစ်ရှိမှာလဲ။ လာ ငါနဲ့အတူ တော်ဝင်ရထားစီးပြီး နန်းတော်ကို လိုက်ခဲ့ပါ။ " ရင်ကျန့်က ရယ်မောပြီး ပြောလိုက်သည်။
" တော်ဝင်ရထားလုံးက အရှင်မင်းကြီးအတွက်ပါ။ ကျွန်တော်မျိုး ဒီလောက်ထိ မရိုမသေ မလုပ်ဝံ့ပါဘူး။ ရထားလုံးဘေးကနေပဲ လမ်းလျှောက်လိုက်ခဲ့ပါမယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။
ရင်ကျန့်ကိုယ်တိုင် မြို့ပြင်သို့ ထွက်၍ ကြိုဆိုခြင်းကပင် ကြီးမားသော ဂုဏ်ပြုမှုဖြစ်နေပြီဖြစ်သည်။ အကယ်၍ ကျောက်ဖုန်းက တော်ဝင်ရထားလုံးကိုပါ စီးမည်ဆိုလျှင် အလွန်အမင်း ကြွားဝါရာရောက်ပေလိမ့်မည်။ သူက ကျင့်ဝတ်စည်းကို နားလည်သည်။ သူက ချင်အပေါ် မှီခိုနေရာဆဲ ဖြစ်သဖြင့် သင့်တော်သော အနေအထားကို ထိန်းသိမ်းရမည်ဖြစ်သည်။
" ဒါဆိုလည်း ငါ မင်းနဲ့အတူ လမ်းလျှောက်မယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။ " ကျောက်ဖုန်းက နောက်ထပ်မငြင်းတော့ပေ။
" အရှင်မင်းကြီး ကြွချီတော်မူမယ်။ အရာရှိအားလုံး နန်းတော်ကို ပြန်ကြမယ်။ " ရန်ရှောင်က ကျယ်လောင်စွာ ကြေညာလိုက်သည်။ ထို့နောက် သူက ကျန်းမင်ဘက်သို့ လှည့်လိုက်သည်။ " စစ်သူကြီးကျောက်ရဲ့ ကိုယ်ရံတော်တွေကို တည်းခိုဆောင်ကို ပို့ပြီး နေရာချပေးလိုက်ပါ။ "
" နားလည်ပါပြီ။ " ကျန်းမင်က ချက်ချင်း ပြန်ပြောလိုက်သည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့