← Chapters

အခန်း (၂၄၅)

Vol. 25 Ch. 245

အခန်း (၂၄၅)

Vol. 25 Ch. 245

ကျောက်ကောင်းက ဝါးချပ်စာလိပ်ကို ဆက်သလိုက်သောအခါ ရင်ကျန့်က ၎င်းကို ယူပြီး ဖတ်ကြည့်လိုက်သည်။ အကြောင်းအရာအားလုံးကို ဖတ်ပြီးနောက် သူ၏ မျက်နှာက ဒေါသကြောင့် နီရဲသွားသည်။

" အသုံးမကျတဲ့ကောင်တွေ " ရင်ကျန့်က သူ၏ လက်ထဲမှ ဝါးချပ်စာလိပ်ကို ခန်းမထဲရှိ ပိုင်ဝူဆီသို့ ပစ်ပေါက်လိုက်သည်။ ၎င်းက ပိုင်ဝူကို ထိမှန်သွားသော်လည်း သူက လုံးဝ မလှုပ်ရဲပေ။

"အရှင်မင်းကြီး ဒေါသကို ထိန်းပါဦး။ " ပိုင်ဝူက အလျင်အမြန် ပြောလိုက်သည်။

" မင်းက စစ်သူကြီးကျောက်ကို စွပ်စွဲချင်တာလား။ " ရင်ကျန့်က ပိုင်ဝူကို အေးစက်စွာ ကြည့်လိုက်သည်။

" ကျွန်တော်မျိုး..." ရင်ကျန့်က အလွန်ဒေါသထွက်နေသောကြောင့် ပိုင်ဝူက ဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်။

" အဲ့ဒီဝါးချပ်စာလိပ်ပေါ်မှာ ဘာရေးထားလဲဆိုတာ ဖတ်ကြည့်စမ်း။ " ရင်ကျန့်က အေးစက်စွာ ပြောလိုက်သည်။

ပိုင်ဝူက ဘာမှမပြောရဲတော့ဘဲ ဝါးချပ်စာလိပ်ကို ကောက်ယူပြီး ဖတ်ကြည့်လ်ုက်သည်။ အထဲမှအကြောင်းအရာများကို မြင်သောအခါ သူ၏ မျက်နှာက ဖြူလျော့သွားသည်။

"အရှင်မင်းကြီး ဒေါသထိန်းတော်မူပါ။ ကျွန်တော်မျိုး ဒီကိစ္စကို လုံးဝ မသိခဲ့ပါဘူး။ လင်းကွမ်မြို့က ကျွန်တော်မျိုးဆီ ပို့လိုက်တဲ့ စွပ်စွဲချက်မှာ စစ်သူကြီးကျောက်က ခွင့်ပြုချက်မရှိဘဲ ပြစ်ဒဏ်တွေပေးနေတယ်လို့ပဲ ပြောထားပါတယ်။ သူတို့က ဒီလောက်ရဲတင်းတဲ့ လုပ်ရပ်တွေ လုပ်ရဲလိမ့်မယ်လို့ ကျွန်တော်မျိုး မထင်ထားခဲ့ပါဘူး။အရှင်မင်းကြီး စိတ်လျှော့ပါ။ ကျွန်တော်မျိုး မှားသွားပါတယ်။ " ပိုင်ဝူက အလွန်ထိတ်လန့်သွားသည်။

" သူက တကယ်ပဲ သေချာပြင်ဆင်လာတာပဲ။ ဒီကျောက်ဖုန်းက တကယ်ရင်ဆိုင်ရခက်တဲ့သူပဲ။ " ဝမ်ဝမ်နှင့် ဟွိုက်ကျွမ်းတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

" ငါအုပ်ချုပ်ကတည်းက ငါအမုန်းဆုံးက နှစ်စဉ်လစာကို အလွဲသုံးစားလုပ်တာပဲ။ " ရင်ကျန့်၏ မျက်နှာက ဒေါသကြောင့် ပြာနှမ်းနေသည်။ " ငါဒီလောက် တင်းတင်းကျပ်ကျပ် စောင့်ကြည့်နေတာတောင် နှစ်စဉ်လစာကို အလွဲသုံးစားလုပ်ရဲတယ်။ လင်းကွမ်မြို့မှာ အထူးစစ်သည်ရော ထောက်ပို့တပ်သားရောပေါင်းရင် လူတစ်ထောင်နီးပါးရှိတယ်။ "

" သူတို့ရဲ့ နှစ်စဉ်လစာ ဆယ်ပုံတစ်ပုံကို ဖြတ်တောက်ခံခဲ့ရတယ်။ ပြီးတော့ စစ်သူကြီးကျောက်ရဲ့ လက်အောက်ငယ်သား တပ်မှူးတစ်ယောက်ဆိုရင် နှစ်စဉ်လစာအားလုံး အလွဲသုံးစားလုပ်ခံခဲ့ရတယ်။ ဒီလောက်ယုတ်မာတဲ့လုပ်ရပ်တွေ နိုင်ငံရဲ့ ဥပဒေကို ဒီလောက်ထိ ဂရုမစိုက်တာတောင် မင်းက ခံရသူလို ဟန်ဆောင်ပြီး စစ်သူကြီးကျောက်ကို စွပ်စွဲရဲတယ်ပေါ့။ "

၎င်းကို ကြားသောအခါ ပိုင်ဝူ၏ ခန္ဓာကိုယ်က တုန်ယင်လာပြီး မျက်နှာက လူသေတစ်ယောက်ကဲ့သို့ ဖြူလျော့သွားသည်။ " အရှင်မင်းကြီး ဒေါသကို ထိန်းတော်မူပါ။ ကျွန်တော်မျိုး မသိနားမလည်ခဲ့တာပါ။ ကျွန်တော်မျိုး အမှားကို ဝန်ခံပါတယ်။ "

" ငါတို့ ချင်စစ်သည်တွေ အသက်နဲ့ရင်းပြီး ရယူထားတဲ့ နှစ်စဉ်လစာကို အလွဲသုံးစားလုပ်တဲ့သူ ဘယ်သူ့ကိုမဆို ငါ လွှတ်ပေးမှာမဟုတ်ဘူးလို့ ပြောခဲ့တယ်။ အဲ့ဒီအကျင့်ပျက် မြို့စားမင်းကို ကွပ်မျက်ပြီး သူ့ရဲ့ မိသားစုကို အကျဉ်းချတာအပြင် သူ့ရဲ့ မျိုးနွယ်တစ်ခုလုံးကို သတ်လိုက်ရင်တောင် မလွန်ဘူး။ "

" နှစ်စဉ်လစာကို အလွဲသုံးစားလုပ်တာကို တွေ့ရင် ငါ့ကို အစီရင်ခံနေစရာမလိုဘဲ တိုက်ရိုက်ကိုင်တွယ်ဖို့ ငါအရင်ကတည်းက ပြောခဲ့ပြီးသားပဲ။ ဒါက ဘယ်လိုလုပ် ခွင့်ပြုချက်မရှိဘဲ ပြစ်ဒဏ်ပေးမှုဖြစ်နိုင်မှာလဲ။ " ရင်ကျန့်က အေးစက်စွာ ပြောလိုက်သည်။

"ကျွန်တော်မျိုး မှားသွားပါတယ်။ " ပိုင်ဝူက တုန်ယီစွာဖြင့် ပြန်ပြောလိုက်သည်။

" အရှင်မင်းကြီး ကျွန်တော်မျိုး လင်းကွမ်မြို့မှာ လုပ်ခဲ့တဲ့ လုပ်ရပ်တွေက အကြောင်းမဲ့မဟုတ်ပါဘူး။ "ကျောက်ဖုန်းက ပြောလိုက်သည်။ " ကျွန်တော်မျိုးရဲ့ လက်အောက်ငယ်သား တပ်မှူးတစ်ယောက်က သူရဲ့ ဇာတိရွာမှာ ရှိနေတုန်းက လင်းကွမ်မြို့က ပိုင်မိသားစုရဲ့ နှိပ်စက်မှုကို ခံခဲ့ရပါတယ်။ "

" သူ့ရဲ့ ညီမက ပိုင်မိသားစုဝင်ရဲ့ အဓမ္မပြုကျင့်မှုကို ခံခဲ့ရပြီး သူက အာဏာပိုင်တွေကို တိုင်ခဲ့ပေမယ့် သူတို့က အဲ့ဒီမိသားစုကို ကာကွယ်ပေးပြီး သူ့ကိုပဲ ပစ်မှတ်ထားခဲ့ကြပါတယ်။ နှစ်စဉ်လစာကို အလွဲသုံးစားလုပ်တဲ့ကိစ္စကိုတော့ လင်းကွမ်မြို့ကအရာရှိက ဝန်ခံခဲ့တာပါ။ အခုကျွန်တော်မျိုးက အဲ့ဒီမြို့စားမင်းကို ခေါင်းဖြတ်ပြီး သူ့ရဲ့ မိသားစုတစ်ခုလုံးကိုလည်း ထောင်ချထားပါတယ်။ "

" အဓမ္မပြုကျင့်ခဲ့တဲ့ ပိုင်မိသားစုဝင်ကိုတော့ သင်းကွပ်ပြီး အကျဉ်းချထားပါတယ်။ နှစ်စဉ်လစာကို အလွဲသုံးစားလုပ်တဲ့သူအားလုံးကိုလည်း အကျဉ်းချထားပြီး ပြစ်ဒဏ်ကို စောင့်ဆိုင်နေကြပါတယ်။ "

" သူတို့က သေချင်နေမှတော့ ငါက ဖြည့်ဆည်းပေးရမှာပေါ့။ တရားရေးဝန်ကြီး " ရင်ကျန့်က အေးစက်စွာ ပြောလိုက်သည်။

" ကျွန်တော်မျိုး ရှိပါတယ်။ " လီစီက ချက်ချင်း ရှေ့တိုးလာသည်။

" နှစ်စဉ်လစာကို အလွဲသုံးစားလုပ်တဲ့ ရာဇဝတ်မှုအတွက် ပြစ်ဒဏ်က တစ်မျိုးနွယ်လုံး သုတ်သင်တာပဲ။ ဒါကို မင်းကိုယ်တိုင် ကိုင်တွယ်ပြီး ငါ့ကိုယ်စား တစ်ကမ္ဘာလုံးသိအောင် ကြေညာလိုက်။ နောက်တစ်ခါ နှစ်စဉ်လစာကို အလွဲသုံးစားလုပ်တဲ့သူ ဘယ်သူမဆို တစ်မျိုးနွယ်လုံး သုတ်သင်ခြင်းခံရမယ်လို့ ကြေညာလိုက်။ " ရင်ကျန့်က အေးစက်စွာ ပြောလိုက်သည်။

" အမိန့်အတိုင်းပါ။ " လီစီက ပြန်ဖြေလိုက်သည်။

" မင်းကတော့..." ရင်ကျန့်၏ အကြည့်က ပိုင်ဝူဆီသို့ ကျရောက်သွားသည်။ " သစ္စာရှိတဲ့ စစ်သူကြီးတစ်ယောက်ကို မဆင်မခြင် စွပ်စွဲတဲ့အတွက် မင်းက ပြင်းထန်တဲ့ ပြစ်ဒဏ်နဲ့ ထိုက်တန်တယ်။ အခု မင်းကို အဆင့်မြင့်ဝန်ကြီး ရာထူးကနေ ထုတ်ပယ်ပြီး ရာထူးတစ်ဆင့် ချလိုက်တယ်။ ပြီးတော့ တစ်နှစ်စာ နှစ်စဉ်လစာကိုလည်း ဒဏ်ငွေအဖြစ် သိမ်းဆည်းလိုက်တယ်။ "

ကျောက်ဖုန်းက ပိုင်ဝူကို တစ်ချက်ကြည့်လိုက်သည်။ " မင်းက ပြဿနာရှာချင်တာကိုး။ ညီလာခံမှာ ထွက်ပြီး မစွပ်စွဲရင် ပြစ်ဒဏ်က ဒီလောက်ပြင်းထန်မှာမဟုတ်ဘူး။ "

" ဝန်ကြီးပိုင် " ကျောက်ဖုန်းက ပိုင်ဝူကို ကြည့်ပြီး ပြောလိုက်သည်။ " ကျုပ်မှတ်မိသလောက်ဆို ပိုင်မိသားစုဝင်အားလုံးကို ကျုပ်အကျဉ်းချခဲ့တာပါ။ အဲ့ဒီအစီရင်ခံစာကို ခင်ဗျားဆီ ဘယ်သူလာပေးတာလဲ။ လွတ်သွားတဲ့သူတွေ ရှိနေတာလား။ "

၎င်းက ကျောက်ဖုန်း၏ စရိုက်ပင်ဖြစ်သည်။ သူက အသေးအဖွဲကိစ္စလေးများပင် အငြိုးထားပြီး လက်စားချေတတ်သူဖြစ်သည်။

ပိုင်ဝူ၏ မျက်လုံးများထဲတွင် ကျောက်ဖုန်းအပေါ် မုန်းတီးမှုများဖြင့် ပြည့်နှင်နေသော်လည်း သူက ဘာမှမတတ်နိုင်ပေ။

" မှန်ပါတယ်။ လွတ်သွားတဲ့သူတွေရှိပါတယ်။ သူတို့ပုန်းနေတဲ့နေရာကို တရားရေးဝန်ကြီးကို ပြောလိုက်ပါ့မယ်။ " ပိုင်ဝူက စိတ်ပျက်အားလျော့စွာဖြင့် ပြောလိုက်သည်။

" ဒီကျောက်ဖုန်းက အသက်ငယ်ပေမယ့် သူ့ရဲ့ အတွေးတွေက စေ့စပ်သေချာပြီး ရက်စက်တယ်။ သူ့ကို လျှော့တွက်လို့မရဘူး။ သူက နန်းတွင်းမှာ အတွေ့အကြုံမရှိသေးပေမယ့် ရိုးအတဲ့ စစ်သည်တစ်ယောက်တော့ လုံးဝမဟုတ်ဘူး။ "

ပိုင်ဝူနှင့် ကိစ္စဖြစ်ပွားပြီးနောက် ညီလာခံရှိလူတိုင်းက ကျောက်ဖုန်းအပေါ် အမြင်သစ်ဖြင့် မြင်လာကြသည်။

" ဒီကောင်လေးက လက်စားချေဖို့ကို နောက်နေ့ထိ မစောင့်ဘူးပဲ။ " ရင်ကျန့်က တွေးလိုက်ပြီး သူ၏ နှုတ်ခမ်းတွင် သတိမထားမိနိုင်သော အပြုံးတစ်ခု ပေါ်လာသည်။

" ဟန်ကုခံတပ်နဲ့ ကပ်နေတဲ့ လင်းကွမ်မြို့။ ငါတို့ချင်က ဒီလောက်တင်းတင်းကျပ်ကျပ် စောင့်ကြပ်နေတဲ့ နေရာမှာတောင် နှစ်စဉ်လစာကို အလွဲသုံးစား လုပ်ရဲတယ်။ ချင်နယ်မြေအတွင်းက တခြားမြို့တွေမှာဆို အလွဲ့သုံးစားလုပ်တာ ဘယ်လောင်တောင်များမလဲ။ သေမှာမကြောက်တဲ့ အကျင့်ပျက်အရာရှိတွေ ဘယ်လောက်တောင်များမလဲမသိဘူး။ "

" ဒီနေ့ကစပြီး တရားရေးဝန်ကြီးနဲ့ ရှောက်ဖူတို့ ပူးပေါင်းပြီး ဒီကိစ္စကို ကိုင်တွယ်ရမယ်။ အလွဲသုံးစားလုပ်တာတွေကို စုံစမ်းစစ်ဆေးဖို့ စစ်ဆေးရေမှူးတွေကို လွှတ်လိုက်။ ရှာဖွေတွေ့ရှိတာနဲ့ အစီရင်ခံစရာမလိုဘူး။ သတိပေးချက်အနေနဲ့ မိသားစုတစ်ခုလုံး တိုက်ရိုက်ကွပ်မျက်လိုက်။ ဥပဒေကို လျစ်လျူရှုပြီး သာမန်ပြည်သူတွေကို ဖိနှိပ်တဲ့သူမှန်သမျှ ပြင်းထန်တဲ့ ပြစ်ဒဏ်နဲ့ရင်ဆိုင်ရမယ်။ နန်းတွင်းက ဝန်ကြီးတွေလည်း ပါဝင်ပက်သက်နေတဲ့ ဘယ်သူမဆို ငါလွှတ်ပေးမှာမဟုတ်ဘူး။ " ရင်ကျန့်က အေးစက်စွာ ပြောလိုက်သည်။

နှစ်စဉ်လစာက ချင်စစ်သည်တစ်သန်းပတွက် အရေးပါပြီး ၎င်းက ချင်၏ အခြေခံအုတ်မြစ်ဖြစ်သည်။ ရင်ကျန့်က အကျင့်ပျက်အရာရှိများ ချင်နိုင်ငံ၏ အခြေခံအုတ်မြစ်ကို ဖျက်ဆီးခွင့်ပေးမည်မဟုတ်ပေ။

" ကျွန်တော်မျိုးတို့ အမိန့်အတိုင်း နာခံပါမယ်။ " ယွီလျောင်နှင့် လီစီတို့က ပြန်ပြောလိုက်ကြသည်။

ထိုအချိန်တွင် ညီလာခံထဲမှ အရာရှိအချို့က စိတ်ထဲတွင် ထိတ်လန့်သွားကြသည်။ ရှေးယခင်ကတည်းက ရေကြည်လွန်းလျှင် ငါးမရှိဟု ဆိုရိုးရှိခဲ့သည်။ မည်သည့်နိုင်ငံတွင်မဆို အကျင့်ပျက်အရာရှိများက ရှိနေစမြဲဖြစ်သည်။ လူတိုင်းက သူတော်စင်များမဟုတ်ကြပေ။

" ကောင်းပြီ ဒီကိစ္စကို ဒီမှာပဲ ရပ်ထားလိုက်မယ်။ " ရင်ကျန့်က ပိုင်ဝူ၏ ကိစ္စကြောင့် အခြေအနေကို မပျက်စီးစေလိုပေ။ ထို့နောက် သူ၏ အကြည့်က ကျောက်ဖုန်းဆီသို့ ပြန်ရောက်သွားသည်။

" စစ်သူကြီးကျောက် မင်းက ချင်အတွက် ကြီးမားတဲ့ စစ်ရေးအောင်မြင်မှုတွေ ရယူပေးခဲ့တယ်။ မင်းက ဝူအန်းနဲ့ ဟန်တန်ကို ဖျက်ဆီးခ့တယ်။ ကျောက်ယန်ကို ဖမ်းဆီးခဲ့တယ်။ လျန်ပိုနဲ့ ဖန်ရွှမ်ကိုလည်း သတ်နိုင်ခဲ့တယ်။ မင်းရဲ့ စွမ်းဆောင်မှုတွေက ကြီးမားတဲ့ ဆုလာဘ်နဲ့ ထိုက်တန်တယ်။ " ရင်ကျန့်က ပြောပြီး စားပွဲပေါ်မှ အမိန့်စာကို ယူလိုက်သည်။

ကျောက်ကောင်းက ရှေ့တိုးပြီး အမိန့်တော်ကို မြှောက်ကာ ကျယ်လောင်စွာ ဖတ်ကြားလိုက်သည်။

" ချင်ဘုရင်ရဲ့ အမိန့်တော် လန်ထျန်းစခန်းရဲ့ ပင်မစစ်သူကြီး ကျောက်ဖုန်းက ကျောက်နိုင်ငံကို ဖျက်ဆီးရာမှာ သူ့ရဲ့ စွမ်းဆောင်မှုတွေကြောင့် ချင်စစ်သည်အားလုံးအတွက် စံပြပုဂ္ဂိုလ်ဖြစ်ခဲ့တယ်။ သူက ဝေမြို့ကိုကာကွယ်ပြီး ဝေဝူကျိကို အနိုင်ယူခဲ့တယ်။ ကျောက်နိုင်ငံကို တိုက်ခိုက်ရာမှလည်း လျန်ပိုနဲ့ ဖန်ရွှမ်ကို သတ်ဖြတ်ပြီး ကျောက်ဘုရင်ကိုလည်း ဖမ်းဆီးခဲ့တယ်။ ချင်ရဲ့ စစ်ရေးစွမ်းဆောင်မှုစနစ်အရ ကြီးမားတဲ့ ဘွဲ့ထူးဂုဏ်ထူးတွေနဲ့ ဆုလာဘ်တွေ ချီးမြှင့်ခံရမယ်။ "

" ဒီနေ့ကစပြီး ကျောက်ဖုန်းကို စစ်သေနာပတိချုပ်အဖြစ် ရာထူးတိုးမြှင့်ပေးလိုက်တယ်။ သူ့ရဲ့ ဘွဲ့ထူးကိုလည်း နှစ်ဆင့်တိုးမြှင့်ပေးလိုက်တယ်။ သူ့ကို ရှန်းယန်မြို့တော်မှာ စံအိမ်တစ်လုံး၊ အစေခံတစ်ရာ၊ ရွှေစတစ်ထောင်၊ ကျောက်စိမ်းတစ်ရာ၊ အကောင်းစားပိုးထည်လိပ်တစ်ထောင်၊ အကောင်းစားစစ်မြင်းတစ်ကောင်နဲ့ စစ်သေနာပတိချုပ်ဝတ်ရုံတို့ကို ချီးမြှင့်လိုက်တယ်။ ဒီစစ်သေနာပတိချုပ် ရာထူးတိုးမြှင့်မှုကို တစ်ပြည်လုံးသိအောင် ကြေညာစေရမယ်။ "

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters