← Chapters

အခန်း (၂၄၆)

Vol. 25 Ch. 246

အခန်း (၂၄၆)

Vol. 25 Ch. 246

ကျောက်ကောင်း၏ အသံက ညီလာခံတစ်ခုလုံး ဟိန်းထွက်သွားသည်။ အမိန့်တော်ကို ဖတ်ပြီးသည်နှင့် ချင်တွင် နောက်ထပ်စစ်သေနာပတိချုက်တစ်ယောက် ထွက်ပေါ်လာပြီဖြစ်သည်။ သူက ချင်နိုင်ငံတစ်ခုလုံးတွင် အသက်ငယ်ဆုံး စစ်သေနာပတိချုပ်ဖြစ်သကဲ့သို့ ဆယ့်လေးဆင့်မြောက်ဘွဲ့ထူးကို ရရှိထားသူလည်းဖြစ်သည်။

ညီလာခံ၏ အခြေအနေက ပြောင်းလဲသွားခဲ့သည်။ စစ်စခန်းတစ်ခုကို ကွပ်ကဲခွင့်ရှိသော စတုတ္ထမြောက် စစ်သေနာပတိချုပ်ကို ခန့်အပ်လိုက်ခြင်းဖြစ်သည်။ ထို့အပြင် သူက အခြားစစ်သေနာပတိချုပ် သုံးယောက်ထက်ပင် ပို၍ စွမ်းဆောင်နိုင်ခဲ့သည်။

ကျောက်ဖုန်းကို စစ်သေနာပတိချုပ်ရာထူး တိုးမြှင့်ပေးခြင်းက လျာထားပြီးဖြစ်သောလည်း ယနေ့ တရားဝင်ချီးမြှင့်သည်ကို ကြားရခြင်းမှာ ထိတ်လန့်စရာကောင်းနေဆဲ ဖြစ်သည်။ အသက်နှစ်ဆယ်ပင် မပြည့်သေးသော ကျောက်ဖုန်းက ကမ္ဘာပေါ်တွင် အသက်အငယ်ဆုံး စစ်သေနာပတိချုပ် ဖြစ်လာခဲ့သည်။

" အရှင်မင်းကြီးရဲ့ ချီးမြှင့်မှုအတွက် ကျေးဇူးတင်ပါတယ်။ " ကျောက်ဖုန်းက စိတ်ထဲတွင် ဝမ်းသာနေပြီး ရင်ကျန့်ကို ဦးညွှတ်၍ ပြောလိုက်သည်။

သူက ယခုအခါ ချင်၏ စစ်သေနာပတိချုပ်တစ်ယောက် ဖြစ်လာခဲ့ပြီဖြစ်သည်။ စစ်ထဲဝင်ပြီး လေးနှစ်အတွင်း သူက သာမန်စစ်သားဘဝမှ စစ်မှန်သော စစ်သေနာပတိချုပ်တစ်ယောက် ဖြစ်လာခဲ့သည်။

စစ်သေနာပတိချုပ်တစ်ယောက်က လူတစ်ထောင်ပါဝင်သော ကိုယ်ရံတော်တပ်ဖွဲ့ကို ဖွဲ့စည်းခွင့်ရှိပြီး ထိုလူများက က်ုယ်ပိုင်စစ့သည်များအဖြစ် အမှုထမ်းကြမည်ဖြစ်သည်။ ချင်နိုင်ငံတစ်ခုလုံးတွင် ဝမ်ကျန့်အပါအဝင် စစ်သေနာပတိချုပ်သုံးယောက်သာလျှင် ထိုသို့သော တပ်ဖွဲ့ကို ကွပ်ကဲခွင့်ရှိသည်။ ၎င်းက သူတို့၏ လုံခြုံရေးကို စိတ်ချစေရန်အတွက် ထိပ်တန်းစစ်သေနာပတိချုပ်များပေါ် ဘုရင်က အပ်နှင်းထားသောအာဏာဖြစ်သည်။

" ဝန်ကြီးတို့ စစ်သေနာပတိချုပ်ကျောက်ကို ဂုဏ်မပြုကြတော့ဘူးလား။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

ချင်ဘုရင်က ပြောလာသောပခါ ညီလာခံတွင် ဘယ်သူမှမနာခံဘဲ မနေရဲပေ။ ချက်ချင်းဆိုသလိုပင် စိတ်ပါသည်ဖြစ်စေ စိတ်မပါသည်ဖြစ်စေ ဝန်ကြီးများအားလုံးက ကျောက်ဖုန်းကို ဂုဏ်ပြုစကား ပြောလိုက်ကြသည်။

" စစ်သေနာပတိချုပ်ကျောက်ဖုန်းကို ဂုဏ်ပြုပါတယ်။ "

" ငါ့သမက်က ငါ့လိုပဲ စစ်သေနာပတိချုပ်တစ်ယောက်ဖြစ်သွားပြီ။ ဒါက ငါတ်ု့မိသားစုအတွက် တကယ်ကို ဂုဏ်ယူစရာပဲ။ " ဝမ်ကျန့်က ဝမ်းသာစွာဖြင့် တွေးလိုက်သည်။

" ကျေးဇူးတင်ပါတယ် ဝန်ကြီးတို့။ " ကျောက်ဖုန်းက ပြုံး၍ ပြန်ပြောလိုက်သည်။

" စစ်သေနာပတိချုပ် အမိန့်တော်ကို လက်ခံပေးပါ။ " ကျောက်ကောင်းက ကျောက်ဖုန်းဆီသို့ လျှောက်လာပြီး အမိန့်တော်ကို ပေးလိုက်သည်။

ကျောက်ဖုန်းက အမိန့်တော်ကို လက်ခံလိုက်သည်။

" ဝန်ကြီးဝမ် " ရင်ကျန့်က ခေါ်လိုက်သည်။

" ကျွန်တော်မျိုး ရှိပါတယ်။ " ဝမ်ကျန့်က ချက်ချင်း ရှေ့တိုးလာသည်။

" မင်း စစ်ထွက်တုန်းက ငါမင်းကို ကတိတစ်ခု ပေးခဲ့တယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။ " အဲ့ဒါက မင်းအောင်ပွဲနဲ့ပြန်လာရင် မင်းရဲ့ သမီးနဲ့ ဝန်ကြီးကျောက်တို့ရဲ့ လက်ထပ်ပွဲကို ငါစီစဉ်ပေးဖို့ပဲ။ "

သူ၏ လက်ဝှေ့ရမ်းမှုနှင့်အတူ ကျောက်ကောင်းက နောက်ထပ်အမိန့်တစ်ခုကို ယူလိုက်သည်။

" ချင်ဘုရင်ရဲ့ အမိန့်တော် စစ်သေနာပတိချုပ်ဝမ်ကျန့်ရဲ့ သမီး ဝမ်ယန်က လှပချောမောပြီး ယဉ်ကျေးသိမ်မွေ့သူဖြစ်တယ်။ သူမနဲ့ ချင်စစ်သေနာပတိချုပ် ကျောက်ဖုန်းတို့က စစ်တပ်အတွင်း ချစ်ကြိုက်ခဲ့ပြီး တစ်ယောက်ကိုတစ်ယောက် မေတ္တာရှိခဲ့ကြတယ်။ ဒီနေ့ ငါက ဝမ်မိသားစုရဲ့ သမီးကို ကျောက်ဖုန်းဆီ ဇနီးအဖြစ် အပ်နှင်းလိုက်တယ်။ မင်္ဂလာရက်ကို သူတို့စိတ်ကြိုက် ရွေးချယ်နိုင်တယ်။ "

" ကျွန်တော်မျိုးရဲ့ သမီးကိုယ်စား အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။ " ဝမ်ကျန့်က ပြုံး၍ ဦးညွှတ်လိုက်သည်။

" နောက်တစ်ခုကျန်သေးတယ်။ လီယန်နဲ့ ဝမ်ပင်းတို့ရဲ့ မင်္ဂလာရက်ကိုလည်း ဒီလအလယ်မှာ သတ်မှတ်ပြီးပြီ။ စစ်သေနာပတိချုပ် မင်း သေချာပြင်ဆင်ထားသင့်တယ်။ " ရင်ကျန့်က ရယ်ပြီး ပြောလိုက်သည်။

" အရှင်မင်းကြီးကို ကျေးဇူးအထူးတင်ပါတယ်။ ဝမ်မိသားစုပိုင်ဆိုင်သမျှက အရှင်မင်းကြီးရဲ့ မျက်နှာသာပေးမှုကြောင့်ပါ။ ကျွန်တော်မျိုး အသက်ပေးပြီး ကျေးဇူးဆပ်ပါမယ်။ " ဝမ်ကျန့်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

ယခင် နန်းတွင်းမှ ဝန်ကြီးများက ဝမ်ကျန့်၏ သမီးနှင့် လက်ထပ်ပွဲစီစဉ်ပေးရန် ရည်ရွယ်ခဲ့ကြပြီး ဖုစုအတွက် ထောက်ခံမှုရယူရန် ဖြစ်သည်။ သို့သော် ဝမ်ကျန့်က ကျောက်ဖုန်းမရှိလျှင်တောင် ၎င်းကို သဘောတူလိမ့်မည်မဟုတ်ပေ။ သူက ဘုရင်အာဏာနှင့် နိုင်ငံရေးအားပြိုင်မှုများ၏ ကြောက်စရာကောင်းပုံကို နက်ရှိုင်းစွာ နားလည်ထားသည်။

ခြေတစ်လှမ်းမှားသည်နှင့် ဝမ်မိသားစုက ပြန်လမ်းမရှိအောင် ပျက်စီးသွားပေလိမ့်မည်။ ယခုရလဒ်က သူစိတ်ကူးသမျှထဲတွင် အကောင်းဆုံးရလဒ်ဖြစ်သည်။ သူကိုယ်တိုင်က စစ်သေနာပတိချုပ်တစ်ယောက်ဖြစ်သကဲ့သို့ သူ၏ သမက်ကလည်း စစ်သေနာပတိချုပ်တစ်ယောက် ဖြစ်လာခဲ့သည်။ ဝမ်မိသားစုအနေဖြင့် နိုင်ငံသစ္စာဖောက်မှုမလုပ်သရွေ့ အနည်းဆုံး မျိုးဆက်နှစ်ဆက်တော့ စိတ်ချရပြီဖြစ်သည်။

" အရှင်မင်းကြီးကို အစီရင်ခံပါတယ်။ " ဝန်ကြီးတစ်ယောက်က ရှေ့သို့ တိုးလာသည်။ သူက လက်ရှိ တော်ဝင်မိသားစု၏ ခေါင်းဆောင်ဖြစ်သူ ရင်ရှီဖြစ်ပြီး ဝါအရဆိုလျှင် ရင်ကျန့်၏ ဦးလေးတော်စပ်သူဖြစ်သည်။

" မင်းသားဖုစုရဲ့ မင်္ဂလာပွဲကို စစ်သူကြီးဝမ်ပင်းရဲ့ မင်္ဂလာပွဲထက် နှစ်ရက်စောပြီး သတ်မှတ်ထားပါတယ်။ ကျွန်တော်မျိုးတို့ တော်ဝင်မိသားစုဘက်က ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ရပါဦးမယ်။ "

" ဒီကိစ္စကို တော်ဝင်မိသားစုဆိုင်ရာဝန်းကြီးကိုပဲ လွှဲအပ်လိုက်မယ်။ " ရင်ကျန့်က ဖြည်းညင်းစွာ ပြောလ်ုက်သည်။

" အမိန့်အတိုင်းပါ အရှင်မင်းကြီး။ " ရင်ရှီက အမိန့်ကို လက်ခံလိုက်သည်။ " ဒါပေမယ့် ကျွန်တော်မျိုးမှာ မေးခွန်းတစ်ခုရှိပါတယ်။ "

" ပြောပါ။ " ရင်ကျန့်က အေးစက်သော အမူအရာဖြင့် ပြောလိုက်သည်။

" မင်းသားဖုစုရဲ့ မင်္ဂလာပွဲကို ဘယ်လိုအဆင့်အတန်းမျိုးနဲ့ ကျင့်ပရမှာလဲ။ " ရင်ရှီက မျှော်လင့်ချက်များနှင့် ပြောလိုက်သည်။

ဝမ်ဝမ်နှင့် ဟွိုက်ကျွမ်းတို့ကလည်း ဝမ်းသာသွားကြပြီး ရင်ကျန့်ကို မျှော်လင့်တကြီး ကြည့်လိုက်ကြသည်။

မင်းသားတစ်ပါး၏ မင်္ဂလာပွဲအတွက် အဆင့်အတန်း အမျိုးမျိုးရှိသည်။ အကယ်၍ အိမ်ရှေ့စံမင်းသား အဆင့်အတန်းအတိုင်း ကျင်းပမည်ဆိုလျှင် ထိုအဓ်ပ္ပါယ်သက်ရောက်သွားမည်ဖြစ်ရာ ရင်ရှီက ရင်ကျန့်၏ သဘောထားကို စမ်းသပ်ရန် ကြိုးစားနေခြင်းသာ ဖြစ်သည်။

" မင်းသားတစ်ပါးရဲ့ အဆင့်အတန်းအတိုင်းပဲ ကျင်းပရမယ်။ " ရင်ကျန့်က ထိုအချက်ကို သိသော်လည်း ဂရုမစိုက်ဘဲ ပြောလိုက်သည်။

၎င်းကို ကြားသောအခါ ရင်ရှီနှင့် ဝမ်ဝမ်တို့အုပ်စုက စိတ်ပျက်သွားကြသည်။

" ကျွန်တော်မျိုး နားလည်ပါပြီ။ " ရင်ရှီက ရိုသေစွာ ပြန်ဖြေလိုက်သည်။

" လီစီရဲ့သမီးနဲ့လား။ " ဖုစုက အလွန်စိတ်ပျက်နေပြီး မလိုလားမှုများဖြင့် ပြည့်နှက်နေသည်။ သူက ဖြစ်နိုင်လျှင် လီစီ၏ သမီးနှင့် လုံးဝ လက်မထပ်ချင်ပေ။

" တရားရေးဝန်ကြီး မင်းလည်း မင်္ဂလာပွဲအတွက် စီစဉ်စရာတွေ အများကြီးရှိမှာပေါ့။ " ရင်ကျန့်က လီစီဘက်သို့ လှည့်ပြီး ပြောလိုက်သည်။

" ကျွန်တော်မျိုး နားလည်ပါပြီ။ " လီစီက စိတ်မပါသော်လည်း သဘောတူကြောင်း ခေါင်းညိမံရုံသာ ရှိတော့သည်။

" ကောင်းပြီ။ ဝန်ကြီးတို့ တင်ပြစရာရှိသေးလား။ " ရင်ကျန့်က ဝန်ကြီးများကို ကြည့်ပြီး ပြောလိုက်သည်။

" ကျွန်တော်မျိုးတို့ တင်ပြစရာမရှိတော့ပါဘူး။ " ဝန်ကြီးအားလုံးက တစ်ညီတစ်ညွှတ်တည်း ပြောလိုက်ကြသည်။

" ဒါဆို ညီလာခံရပ်နားမယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။ " ကျောက်ဖုန်း မင်းနေခဲ့ဦး။ ငါနဲ့အတူ ကျန်းထိုင်နန်းဆောင်ကို လိုက်ခဲ့။ "

ထို့နောက် သူက နောက်ဘက်ခန်းမဆီသို့ လျှောက်သွားလိုက်သည်။

" အရှင်မင်းကြီးကို နှုတ်ဆက်ပါတယ်။ " ဝန်ကြီးများအားလုံးက ဦးညွှတ်လိုက်ကြသည်။

ရင်ကျန့်၏ ပုံရိပ်ပျောက်ကွယ်သွားမှ ဝန်ကြီးများက စတင်ထွက်ခွာသွားကြသည်။

" ကျန်းထိုင်နန်းဆောင်ထဲရောက်ရင် စကားကို မဆင်မခြင်မပြောနဲ့။ " ဝမ်ကျန့်က ကျောက်ဖုန်းဆီသို့လာပြီး လေးနက်စွာ သတိပေးလိုက်သည်။

" အခု မင်းက ဘုရင်ရဲ့ မျက်နှာသာပေးမှု အများကြီးရထားတာ။ ဒါပေမယ့် ဘကရင်က ဘုရင်၊ လက်အောက်ခံက လက်အောက်ခံပဲ။ "

" ကျွန်တော်အတွက် ဒီလောက်တောင် စိုးရိမ်နေတာလား။ " ကျောက်ဖုန်းက ကူကယ်ရာမဲ့စွာ မေးလိုက်သည်။

" စိုးရိမ်တာပေါ့ဟ။ အဲ့ဒီတုန်းက မင်းပြောတဲ့စကားတွေကို ငါမှတ်မိနေသေးတယ်။ " ဝမ်ကျန့်က စနောက်လိုက်သည်။

" ကောင်းပြီ ကောင်းပြီ။ အဲ့ဒါတွေကို ပြန်ပြောဖို့ မလိုပါဘူး။ " ကျောက်ဖုန်းက ရယ်ပြီး ပြောလိုက်သည်။ " အခု ယန်အာက ကျွန်တော်ဇနီးဖြစ်တော့မှာဆိုတော့ အဲ့ဒါတွေ စိတ်ပူဖို့ မလိုတော့ဘူး။ "

" ကောင်းပြီ။ အရှင်မင်းကြီးနဲ့တွေ့ပြီးရင် အိမ်ကို အမြန်လာခဲ့ပါ။ မင်းရဲ့ ကလေးတွေကို မတွေ့ရသေးဘူးမဟုတ်လား။ " ဝမ်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" ဟုတ်သားပဲ။ ကျန်းထိုင်နန်းဆောင်ကိုတောင် မသွားချင်တော့ဘူး။ " ကျောက်ဖုန်း၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပေါ်လာသည်။

" အရှင်မင်းကြီး အမိန့်ကို မနာခံလို့မရဘူး။ မင်းသွားတော့။ ငါ့ကတော့ ငါမြေးတွေနဲ့ အချိန်သွားဖြုန်းတော့မယ်။ " ဝမ်ကျန့်က ပြုံး၍ ပြောလိုက်ပြီး ခန်းမထဲမှ ထွက်ခွာသွားသည်။

" စစ်သေနာပတိချုပ် ဂုဏ်ပြုပါတယ်။ " ယွီလျောင်က လျှောက်လာပြီး ကျောက်ဖုန်းကို ပြောလိုက်သည်။

" ခင်ဗျားက ကွေ့ကုကျိရဲ့ တပည့် ယွီလျောင်ဖြစ်မယ်ထင်တယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြန်ပြောလိုက်သည်။

" စစ်သေနာပတိချုပ်က ကျုပ်အကြောင်းသိနေတာ အံ့ဩစရာပဲ။ " ယွီလျောင်က အနည်းငယ် အံ့အားသင့်သွားပြီး ပြောလိုက်သည်။

" ရှောက်ဖူရဲ့ ကျောက်ကြားမှုကို ကျုပ်ဘယ်လိုလုပ်မသိဘဲနေမလဲ။ " ကျောက်ဖုန်းက ပြုံးလိုက်သည်။

" စစ်သေနာပတိချုပ်ကို ဂုဏ်ပြုပါတယ်။ " လီစီကလည်း ရောက်လာသည်။

" တရားရေးဝန်ကြီးက ဖော်ရွေလွန်းနေပါပြီ။ " ကျောက်ဖုန်းက ယဉ်ကျေးစွာ ပြန်လည်နှုတ်ဆက်လိုက်သည်။

" စစ်သေနာပတိချုပ်ရဲ့ ကျော်ကြားမှုကို ကြားဖူးနေတာ ကြာပါပြီ။ ဒီနေ့ လူချင်တွေ့တော့မှ အဲ့ဒါက ထိုက်တန်တယ်ဆိုတာ သိခဲ့ရတယ်။ "

" စစ်သေနာပတိချုပ်က ချင်ရဲ့ သူရဲကောင်းတစ်ယောက်ပါပဲ။ "

ဝမ်ဝမ်နှင့် ဟွိုက်ကျွမ်းတို့ကလည်း ချဉ်းကပ်လာပြီး ပြောလိုက်ကြသည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters