← Chapters

အခန်း (၂၄၈)

Vol. 25 Ch. 248

အခန်း (၂၄၈)

Vol. 25 Ch. 248

" အဝတ်အစားတွေ ချွတ်မယ်။ " ကျောက်ကောင်းက ကြေညာလိုက်သည်။

နန်းတွင်းစေခံအမျိုးသမီးဆယ်ယောက်ကျော်က အခန်းထဲသို့ ဝင်လာကြသည်။ ရင်ကျန့်က သူ၏ လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီ အစေခံများက သူ၏ ဘုရင်ဝတ်ရုံနှင့် သရဖူကို ဂရုတစိုက် ချွတ်ပေးလိုက်ကြသည်။

နန်းတွင်းအစေခံတစ်စုက ကျောက်ဖုန်းကိုပါ ဝန်းရံလာသောအခါ သူက ချက်ချင်း လက်ကာပြလိုက်သည်။

" တော်ပြီ။ ငါဘာသာငါ လုပ်မယ်။ " ကျောက်ဖုန်းက သူ၏ ဝတ်စုံကို ချွတ်လိုက်ပြီး အတွင်းခံဘောင်းဘီတစ်ထည်သာ ကျန်နေခဲ့သည်။

" ဘာလဲ။ မင်းလို စစ်သေနာပတိချုပ်တစ်ယောက်က ကိုယ့်ဘာသာကိုယ် အဝတ်အစားချွတ်နေတုန်းလား။ " ရင်ကျန့်က နောက်ပြောင်လိုက်သည်။ " မင်းက ဝမ်မိသားစုရဲ့ သမီးတစ်ယောက်တည်းနဲ့ပဲ နေခဲ့ဖူးတာလို့တော့ ငါ့ကို မပြောနဲ့နော်။ "

၎င်းကို ကြားသောအခါ ကျောက်ဖုန်းက အနည်းငယ် ရှက်ကိုရှက်ကန်းဖြစ်သွားသည်။ ရင်ကျန့်ပြောသည်မှာ မှန်ပါသည်။ စစ်တပ်ကို အမြဲတမ်း ဦးဆောင်တိုက်ခိုက်ပြီး အခြားနိုင်ငံမှ မင်းသမီးများနှင့် ကိုယ်လုပ်တော်များကို ဖမ်းဆီးရမိခဲ့သော်လည်း ကျောက်ဖုန်းက သူတို့ထဲမှ တစ်ဦးကိုမျှ မထိတွေ့ခဲ့ဖူးပေ။ သူ၏ တစ်ခုတည်းသော အာရုံစိုက်မှုမှာ ပိုမိုသန်မာလာစေရန် ဖြစ်သည်။

" ငါမင်းကို ပိုပြီး ချီးမြှင့်ပေးရမယ့်ပုံပဲ။ မင်းရဲ့ မင်္ဂလာပွဲပြီးရင် ဟန်ကတစ်ယောက်၊ ကျောက်ကတစ်ယောက် မင်းသမီးနှစ်ပါး ငါပေးမယ်။ ငါတို့ ချင်ရဲ့ စစ်သေနာပတိချုပ်က ဇနီးတစ်ယောက်တည်းရှိတယ်ဆိုတာ မဖြစ်သင့်ဘူး။ " ရင်ကျန့်က ရယ်မောပြီး ရေပူစမ်းထဲသို့ ဆင်းလိုက်သည်။

ရင်ကျန့်က ကျောက်ဖုန်းကို လှမ်းကြည့်ပြီး အနည်းငယ် အံ့အားသင့်သွားသည်။ ကျောက်ဖုန်း၏ ရင်ဘတ်တွင် ဓားဒဏ်ရာများနှင့် မြားဒဏ်ရာများဖြင့် ပြည့်နှက်နေသည်။ ဒဏ်ရာများ ကျက်သွားပြီဖြစ်သော်လည်း အမာရွတ်များက ကျန်ရှိနေဆဲ ဖြစ်သည်။

" ချင်ရဲ့ စစ်သေနာပတိချုပ်တွေအားလုံးထဲမှာ မင်းက ဒဏ်ရာအများဆုံးရတဲ့သူဖြစ်လိမ့်မယ်။ မင်းရဲ့ ယောက္ခမပြောတာ ငါကြားဖူးတယ်။ မင်းက ရှေ့ဆုံးက ကိုယ်တိုင်တိုက်ခိုက်ရတာ သဘောကျတယ်ဆို။ အဲ့ဒီအကျင့်ကို မင်းတကယ်ပြင်ဖို့ လိုတယ်။ " ရင်ကျန့်က စိုးရိမ်စွာဖြင့် ပြောလိုက်သည်။

" အခြေအနေပေါ်မူတည်ပြီး ကျွန်တော်မျိုး လုပ်ဆောင်ပါ့မယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ငါကလွဲရင် ရန်သူတွေကို သတ်ပြီး စွမ်းရည်တွေ စုဆောင်းရတဲ့ ပျော်ရွှင်မှုကို ဘယ်သူကများ နားလည်နိုင်မှာလဲ။ ငါ့ရဲ့ စွမ်းရည်တွေ အဆက်မပြတ်တက်လာပြီး ပိုပြီးသန်မာလာတဲ့ ခံစားချက်က တကယ်ရင်ခုန်ဖို့ ကောင်းတယ်။ "

" မင်းကတော့..." ရင်ကျန့်က လက်လျှော့လိုက်သည့်သဘောဖြင့် ခေါင်းခါလိုက်သည်။

နန်းတွင်းအစေခံများက ဝိုင်အိုးနှင့် အသားများကို ယူဆောင်လာပြီးသောအခါ ရင်ကျန့်က သူ၏ လက်ကို ဝှေ့ရမ်းလိုက်သည်။ ကျောက်ကောင်းက ချက်ချင်း နားလည်သွားပြီး အစေခံများနှင့်အတူ အခန်းထဲမှ ထွက်ခွာသွားသည်။

" မင်းနဲ့ မင်းညီမက အမြွှာတွေလား။ " ရင်ကျန့်က ရုတ်တရက် မေးလိုက်သည်။

"ဟုတ်ပါတယ်။ ကျွန်တော်တို့က အမြွှာတွေပါ။ " ကျောက်ဖုန်းက ခေါင်းညိမ့်ပြီး ပြောလိုက်သည်။

" မင်းက အခု အသက်နှစ်ဆယ်နီးပါးရှိနေပြီဆိုတော့ မင်းညီမအသက်ကလည်း အတူတူပဲပေါ့။ သူမက အခုထိ အိမ်ထောင်မပြုရသေးဘူးလို့ ငါကြားတယ်။ အသက်နှစ်ဆယ်ဆိုတာ အတော်လေး အသက်ကြီးနေပြီလို့ ယူဆလို့ရတယ်။ " ရင်ကျန့်က ပြောလိုက်သည်။

" ကျွန်တော်မျိုးရဲ့ အမေက တော်တော်လေး သဘောထားကြီးပါတယ်။ သူမက အတင်းအကျပ် စီစဉ်တဲ့ အိမ်ထောင်ရေးတွေကို သဘောမကျဘူး။ ဒါကြောင့် ကျွန်တော်မျိုးညီမကို ဘယ်တော့မှ အတင်းအကျပ် မလုပ်ခဲ့ဘူး။ ကျွန်တော်မျိုးလည်း အတူတူပါပဲ။ တကယ်လို့ ကျွန်တော်မျိုးညီမက သူမ တကယ်ချစ်တဲ့သူကို တွေ့ခဲ့ရင် သူမရဲ့ ရွေးချယ်မှုကို ကျွန်တော်မျိုး ထောက်ခံမှာပါ။ တကယ်လို့ သူမက အိမ်ထောင်မပြုချင်ဘူးဆိုရင်လည်း ကျွန်တော်မျိုးက အတင်းအကျပ်မလုပ်ပါဘူး။ " ကျောက်ဖုန်းက ပြောလိုက်သည်။

ကျောက်ဖုန်းက သူ၏ တစ်ဦးတည်းသော ညီမကို အလွန်ချစ်ပြီး မည်သည့်မတရားမှုမျိုးကိုမှ ခံစားစေရန် ခွင့်ပြုမည်မဟုတ်ပေ။

" မင်းအမေက အတော်လေး အမြင်ကျယ်တာပဲ။ " ရင်ကျန့်က အနည်းငယ် အံ့အားသင့်သွားသည်။

" ကျွန်တော်မျိုးတို့ မိသားစုက သာမန်အရပ်သားတွေပဲလေ။ အထက်တန်းလွှာတွေလို တင်းကျပ်တဲ့ စည်းမျဉ်းတွေမရှိတာ သဘာဝပါပဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ဟုတ်တယ်။ အထက်တန်းလွှာတွေရဲ့ စည်းမျဉ်းတွေ..." ရင်ကျန့်က သက်ပြင်းချလိုက်သည်။ " ငါလည်း အဲ့ဒါတွေကို အတော်လေး သဘောမကျဘူး။ ဒါပေမယ့် ဒီရာထူးနေရာကို တကယ်ရောက်လာတဲ့အခါ ကန့်သတ်ချုပ်ချယ်မှုတွေမရှဘဲ ဘယ်လိုလုပ်နေနိုင်မှာလဲ။ အရာအားလုံးက အကျိုးအမြတ်အတွက်ပဲလေ။ "

" အရှင်မင်းကြီးပြောတာ မှန်ပါတယ်။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။ ဒါပေမယ့် ကျွန်တော်မျိုးရဲ့ ကလေးတွေကျရင်လည်း သူတို့ဘာသာသူတို့ ရွေးချယ်ခွင့်ကို ပေးဦးမှာပါပဲ။ "

" တကယ်လို့ အနာဂတ်မှာ မင်းရဲ့ ကလေးတွေအတွက် ငါကိုယ်တိုင် အိမ်ထောင်ဖက် စီစဉ်ပေးရင်တောင် မင်းက ငြင်းဆန်ဦးမှာလား။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

ထိုစကားများကြောင့် ကျောက်ဖုန်း၏ အမူအရာက ပြောင်းလဲသွားသည်။ သူက ခဏတုန့်ဆိုင်းပြီးနောက် အကူအညီမဲ့စွာ ပြောလိုက်သည်။ " ကျွန်တော်မျိုးရဲ့ သားနဲ့သမီးက အခုမှ တစ်နှစ်ပဲ ရှိပါသေးတယ်။ အဲ့ဒီအချိန်ကျရင် အရှင်မင်းကြီး စိုးရိမ်စရာမလိုလောက်တော့ပါဘူး။ "

" မင်းပြောပုံအရဆို ငါက အဲ့လောက်ထိ အသက်မရှည်တော့မယ့်ပုံပဲ။ " ရင်ကျန့်က ကျောက်ဖုန်းကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

" မဟုတ်ပါဘူး။ ကျွန်တော်မျိုးက အဲ့လိုဆိုလိုတာမဟုတ်ပါဘူး။ " ကျောက်ဖုန်းက လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။

သို့သော် ရင်ကျန့်က ဒေါသမထွက်ဘဲ ပြုံးလိုက်သည်။ " အခုတော့ ငါစိတ်ဝင်စားသွားပြီ။ မင်း ဝမ်ကျန့်ကို သူ့သမီးနဲ့ လက်ထပ်ခွင့်ရအောင် ဘယ်လိုလုပ်ခဲ့တာလဲ။ "

" ထွေထွေထူးထူးတော့မဟုတ်ပါဘူး။ ဖြစ်ပြီးတာတွေ ဖြစ်ကုန်ပြီလို့ပဲ ပြောခဲ့တာပါ။ " ကျောက်ဖုန်းက ကောက်ကျစ်စွာ ပြုံးလိုက်သည်။ " ကျွန်တော်ယောက္ခမကြီးက ကိုယ်ဝန်ရှိနေတဲ့ယန်အာကို တော်ဝင်မိသားစုဝင်တစ်ယောက်နဲ့ လက်ထပ်ပေးလို့မှ မရတော့တာ။ "

ရင်ကျန့်၏ အမူအရာက ထူးဆန်းသွားသည်။ ယခုအခါ သူတို့နှစ်ယောက်တည်း ရှိနေသောကြောင့် ကျောက်ဖုန်းက ယခင်ကဲ့သို့ စောင့်စည်းမှုများ မရှိတော့ လုံးဝလွတ်လပ်သွားတော့သည်။ ရင်ကျန့်က ထိုအချကကြောင့် ဒေါသမထွက်သည့်အပြင် အတော်လေး သဘောကျသွားသည်။

သူက ထိုကဲ့သို့ တစ်စုံတစ်ယောက်နှင့် လွတ်လွတ်လပ်လပ် စကားပြောခွင့်မရသည်မှာ ကြာပြီဖြစ်သည်။ အခြားသူများဆိုလျှင် သူ၏ ရှေ့တွင် စိုးရိမ်တကြီးဖြစ်နေပြီး သူတို့၏ စိတ်ထဲမှ စကားများကို ပြောရန် ကြောက်ရွံ့နေကြသည်။ သို့သော် ကျောက်ဖုန်းတွင် ထိုသို့သော ကန့်သတ်ချက်များမရှိဘဲ ရင်ကျန့်ကို စိတ်အေးချမ်းမှု ပေးစွမ်းနိုင်သည်။

" တကယ်တော့ မင်းပေါ်မလာခဲ့ရင်တောင် ဝမ်ကျန့်က သူ့သမီးနဲ့ လက်ထပ်ပေးမှာ မဟုတ်ဘူး။ " ရင်ကျန့်က ဖြည်းညင်းစွာ ပြောလိုက်သည်။

" ဒါပေါ့။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။

" မင်း မအံ့ဩသွားဘူးလား။ " ရင်ကျန့်က အံ့အားသင့်သွားသည်။

" အရှင်မင်းကြီးက အမှန်တရားကို ကြားချင်တာလား ဒါမှမဟုတ် လိမ်ညာတာကို ကြားချင်တာလား။ " ကျောက်ဖုန်းက ပြုံးစစဖြင့် မေးလိုက်သည်။

" ငါက လိမ်လည်တဲ့ စကားတွေကို သဘောကျတယ်လို့ ထင်နေတာလား။ " ရင်ကျန့်က ပြောလိုက်သည်။

" ဒါဆိုရင်တော့ အရှင်မင်းကြီးအနေနဲ့ ဒါကို ကြားပြီးရင် ဒေါသမထွက်ဖို့ သဘေယတးရပါတယ်။ ကျွန်တော်မျိုးက စကားပြောကောင်းတဲ့သူ မဟုတ်ပါဘူး။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။

" ပြောစရာရှိတာ မြန်မြန်ပြောစမ်း။ " ရင်ကျန့်က ဆူပူလိုက်သည်။

" ကျွန်တော်မျိုးရဲ့ ယောက္ခမက နန်းတွင်းကိစ္စတွေမှာ ပါဝင်ပက်သက်ရတာကို ရှောင်ကြဉ်ပါတယ်။ သူက ကိုယ့်ကိုကိုယ် ကာကွယ်တဲ့နေရာမှာ တကယ်ဆရာကျပါတယ်။ သူ့သမီးကို အရှင်မင်းကြီးရဲ့ သားတော်နဲ့ လက်ထပ်ပေးလိုက်တာက ကြီးကျယ်တဲ့ ဂုဏ်ယူစရာလို့ ထင်ရပေမယ့် အဲ့ဒါက ကျွန်တော် ယောက္ခမအနေနဲ့ ဘက်တစ်ခုကို ရွေးလိုက်တာနဲ့ အတူတူပါပဲ။ "

" တကယ်လို့ အနာဂတ်မှာ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တစ်ခုခုဖြစ်လာခဲ့ရင် အဲ့ဒါက ဝမ်မိသားစုတစ်ခုလုံးကို ထိခိုက်သွားစေလိမ့်မယ်။ နောက်ဆုံးတော့ အရှင်မင်းကြီးကိုယ်တိုင်လည်း ထီးနန်းလုပွဲတွေအကြောင်း နားလည်မှာပါ။ "

ကျောက်ဖုန်း၏ စကားများကို ကြားသောအခါ ရင်ကျန့်၏ မျက်နှာပေါ်မှ အပြုံးမှာ ပျက်မသွားခဲ့ပေ။ ကျောက်ဖုန်း၏ စကားက လုံးဝ မှန်ကန်နေသောကြောင့် သူက လုံးဝ ဒေါသမထွက်ပေ။

" ဝမ်မိသားစုရဲ့ သမီးအတွက် စီစဉ်တဲ့ အိမ်ထောင်ရေးကို ဘယ်သူက အကြံပြုခဲ့တယ်လို့ မင်းထင်လဲ။ " ရင်ကျန့်က ပြုံး၍ မေးလိုက်သည်။

" အရှင်မင်းကြီးမဟုတ်ဘူးလား။ " ကျောက်ဖုန်းက ပြန်ဖြေလိုက်သည်။

" ဘုရင်တစ်ပါးက ဘာကိုအကြောက်ဆုံးလဲဆိုတာ မင်းသိလား။ " ရင်ကျန့်က သူ၏ ဘုရင်အဆင့်အတန်းနှင့် ဂုဏ်သိက္ခာတို့ကို ခဏဘေးဖယ်ထားလိုက်သည်။

" ကိုယ်ကျိုးအတွက် အုပ်စုဖွဲ့တာပဲ။ " ကျောက်ဖုန်းက ပြန်ဖြေလိုက်သည်။

" မင်းက စစ်တပ်ကွပ်ကဲတဲ့နေရာမှာ ကျွမ်းကျင်ရုံတင်မကဘူး။ နန်းတွင်းရေးရာကို အတော်လေးနားလည်ပုံရတယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" ကျွန်တော်မျိုးရဲ့ ယောက္ခမက စစ်အာဏာကို ကိုင်ထားတယ်။ ပြီးတော့ အိမ်ရှေ့စံမင်းသားနေရာကလည်း လက်ရှိမှာ မရေမရာဖြစ်နေတယ်။ သူ့ရဲ့ ထောက်ခံမှုကို ရတဲ့သူက အင်အားကြီးတဲ့ မဟာမိတ်တစ်ယောက်ကို ရရှိမှာပဲ။ နန်းတွင်းက ဝန်ကြီးတွေက ဒါကို တွန်းအားပေးခဲ့တာထင်တယ်။ " ကျောက်ဖုန်းက ကောက်ချက်ချလိုက်သည်။

" မင်းက တော်တော်လေး စဉ်းစားချင့်ချိန်တတ်တာပဲ။ " ရင်ကျန့်က ရယ်မောလိုက်သည်။

" အရှင်မင်းကြီး ကျွန်တော်မျိုးက စဉ်းစားချင့်ချိန်တတ်တာမဟုတ်ပါဘူး။ အရင်က စစ်တပ်ထဲမှာ မင်းသားဖုစုအတွက် ဝမ်မိသားစုနဲ့ စေ့စပ်ထားတာကို ဖျက်သိမ်းဖို့ ကျွန်တော်မျိုး ခြိမ်းခြောက်ခံရဖူးလို့ပါ။ " ကျောက်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။

ထိုကိစ္စက ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး ဖုစုက လာရောက်တောင်းပန်ခဲ့သော်လည်း ယနေ့တွင် ပိုင်ဝူက သူ့ကို ပစ်မှတ်ထားခဲ့သည်။ ၎င်းနောက်ကွယ်တွင် ဝမ်ဝမ်တို့အုပ်စု ရှိနေသည်ကို ကျောက်ဖုန်းက သိနေပြီး သူတို့ကိုလည်း ကျောက်ဖုန်က လွှတ်ပေးရန် အစီအစဉ်မရှိပေ။ ယခု ချင်ဘုရင်က အလွန်ရင်းနှီးဖော်ရွေနေသဖြင့် သူက ဝမ်ဝမ်နှင့် အခြားသူများအပေါ် ဖိအားတိုးပေးရန် အခွင့်အရေးယူလိုက်ခြင်း ဖြစ်သည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters