အခန်း (၇၂၁-၇၂၃)
Vol. 49 Ch. 721-723
အခန်း (၇၂၁) ကျားဟိန်းသံနှင့် မိုးခြိမ်းသံ။ တောင်တန်းနှင့် မြစ်ချောင်းများ ပျက်စီးခြင်း။ (၁)
စူးချန်ခုန်းသည် ထူးခြားဆန်းကြယ်သော နတ်ဘုရားစွမ်းရည်များကို ပိုင်ဆိုင်ထားသော်လည်း အမြဲတမ်း ခပ်လျှိုလျှို နေထိုင်တတ်သူ ဖြစ်သည်။ သူ ဝိညာဉ်လမ်းစဉ်ဂိုဏ်းသို့ ရောက်ရှိလာချိန်မှစ၍ အတိတ်တွင်ရော ပစ္စုပ္ပန်မှာပါ သူ၏ ဖြစ်တည်မှုမှာ လျှို့ဝှက်ချက်များဖြင့် ဖုံးလွှမ်းနေခဲ့သည်။ သို့သော် ဂိုဏ်းချုပ် ဟေးလျန်ယွမ်နှင့် အခြားသူများမှာမူ စူးချန်ခုန်း၏ ထူးခြားမှုကို အတိုင်းအတာတစ်ခုအထိ သိထားကြသည်။
စူးချန်ခုန်း ငယ်စဉ်က ဝိညာဉ်လမ်းစဉ်ဂိုဏ်းသို့ ရောက်လာစဉ်က သူ၏ သွေးကြောများမှာ လုံးဝ ပြတ်တောက်နေခဲ့သည်။ သို့သော် သူသည် နတ်ပိုးချည်ကျင့်စဉ်ကို သုံးလအတွင်း အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့ပြီး သူ၏ သွေးကြောများကို ပြန်ဆက်နိုင်ခဲ့သည်။
ထို့ပြင် သူသည် မူလနယ်ပယ်သို့ပင် မရောက်သေးမီအချိန်ကပင် အလောင်းလာခိုးသော မူလနယ်ပယ်သိုင်းသမား ကျန့်ဖေးရှကို သတ်ဖြတ်နိုင်ခဲ့ပြီး ထိုအချိန်မှစ၍ ဝိညာဉ်လမ်းစဉ်ဂိုဏ်း၏ ဧည့်သည်အကြီးအကဲ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့သော နှစ်နှစ် သုံးနှစ်က ဝိညာဉ်လမ်းစဉ်ဂိုဏ်း ဘေးဒုက္ခနှင့် ကြုံတွေ့ရစဉ်ကလည်း စူးချန်ခုန်းကပင် မိစ္ဆာဂိုဏ်းမှ သိုင်းပညာရှင်များကို သတ်ဖြတ်ကာ ဝိညာဉ်ကြောများကို ပြန်လည်ရယူပေးခဲ့သည်။ မကြာသေးမီကလည်း သူသည် မူလနယ်ပယ် သိုင်းပညာရှင် တစ်ရာကျော်ကို အချိန်တိုအတွင်း မွေးထုတ်ပေးနိုင်ခဲ့သည်။
သူတို့အားလုံး စူးချန်ခုန်း၏ အစွမ်းကို သိကြသော်လည်း ယခုလောက်အထိ ထူးခြားလိမ့်မည်ဟု မထင်မှတ်ထားကြပေ။ မကြာသေးမီက ကျော်ကြားလာခဲ့သော သိုင်းပညာရှင်ကြီးများကို သတ်ဖြတ်ကာ မိစ္ဆာဂိုဏ်းများကို နှိမ်နင်းခဲ့သည့် 'တာ့ဝူဖုန်း' မှာ စူးချန်ခုန်း ဖြစ်နေလိမ့်မည်ဟု သူတို့ ဘယ်သောအခါမှ မတွေးမိခဲ့ကြပေ။
“အဲဒီ သုံးယောက်က သာမန်လူတွေ မဟုတ်ဘူး။ အကြီးအကဲစူးရဲ့ နောက်ခံကို သိရက်နဲ့ လာပြီး ပြဿနာရှာတယ်ဆိုတော့ သူတို့မှာ ယုံကြည်ချက် တစ်ခုခု ရှိလို့ဖြစ်မယ်။” ချိုင်ဖေး၏ မျက်နှာတွင် စိုးရိမ်မှုများ ပြည့်နှက်နေသည်။
“အကြီးအကဲစူး ဘေးကင်းပါစေလို့ပဲ ဆုတောင်းရုံပဲ ရှိတော့တယ်” ဟေးလျန်ယွမ်က သက်ပြင်းချရင်း ပြောလိုက်သည်။
ဝိညာဉ်လမ်းစဉ်ဂိုဏ်းနှင့် မိုင်ပေါင်းများစွာ ဝေးကွာသော လူသူဆိတ်သုဉ်းသည့် တောင်တန်းတစ်ခုတွင် စူးချန်ခုန်း မြေပြင်သို့ ဆင်းသက်လိုက်သည်။ ပိုင်ယင်ခွမ်းနှင့် အခြားနှစ်ဦးမှာလည်း တစ်ပြိုင်တည်း ဆင်းသက်လာကြပြီး စူးချန်ခုန်းကို အေးစက်စွာ စိုက်ကြည့်နေကြသည်။
“ခင်ဗျားတို့ သုံးယောက် ကျွန်တော့်ကို ဘယ်လို ရှာတွေ့တာလဲ။” စူးချန်ခုန်းက ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း မေးလိုက်သည်။ နောက်နောင် သတိထားနိုင်ရန် သူ မည်သို့ ခြေရာခံခဲ့ရသည်ကို သိလိုခြင်း ဖြစ်သည်။
ပိုင်ယင်ခွမ်းက လှောင်ပြုံး ပြုံးလိုက်သည်။ “မင်းက ပုန်းတဲ့နေရာမှာတော့ တော်ပါတယ်။ ဒါပေမဲ့ ငါတို့ရဲ့ အသင်းတော် အရှင် ကိုယ်တိုင် လှုပ်ရှားပြီး မင်း ဘယ်မှာလဲဆိုတာကို ရှာတွေ့ခဲ့တာ။”
“အသင်းတော် အရှင်…အသက်ခြွေအဖွဲ့အစည်းရဲ့ အရှင်သခင်လား။” စူးချန်ခုန်း အံ့ဩသွားပြီး ထိုသူ၏ အရေးပါမှုကို ချက်ချင်း သဘောပေါက်လိုက်သည်။
စူးချန်ခုန်းသည် အသက်ခြွေအဖွဲ့အစည်း၏ အရှင်သခင်အကြောင်းကို ဟုန်းကျန်းရှန့်အား မေးမြန်းခဲ့ဖူးသည်။ ဟုန်းကျန်းရှန့်၏ ပြောပြချက်အရ ထိုသူမှာ အလွန် လျှို့ဝှက်ဆန်းကြယ်ပြီး အမည်မှာ ‘ချင်းမေ့ရှန်’ ဖြစ်သည်။ ချင်းမေ့ရှန်သည် ဝါရင့်အကြီးအကဲများစွာကို ပြုစုပျိုးထောင်ခဲ့ပြီး ဖန်ရှန့်ဝူလည်း တစ်ဦးအပါအဝင် ဖြစ်သည်။
ယခု ရှေ့မှ မိစ္ဆာသိုင်းပညာရှင် သုံးဦးမှာ ဖန်ရှန့်ဝူထက် မနိမ့်သော အစွမ်းရှိရာ သူတို့မှာလည်း အသက်ခြွေအဖွဲ့အစည်း၏ အကြီးအကဲများ ဖြစ်လိမ့်မည်။
‘ချင်းမေ့ရှန်က ငါ့ကို ခြေရာခံမိတယ်ဆိုရင်... လွန်ခဲ့တဲ့ ရက်ပိုင်းက မော့ကျွင်းလင်ကို ခြောက်လှန့်ပြီး မောင်းထုတ်လိုက်တာလည်း ချင်းမေ့ရှန်များလား။’ စူးချန်ခုန်း ချက်ချင်းပင် သတိရလိုက်သည်။ ထိုစဉ်က မော့ကျွင်းလင်မှာ ထိတ်လန့်တကြား ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။
‘ချင်းမေ့ရှန်က ငါ့ကို ရှာတွေ့သွားပြီဆိုရင် ဘာလို့ သူကိုယ်တိုင် လာမရှင်းတာလဲ။ သူက အမှောင်ထဲမှာ ပုန်းနေတာများလား။’ စူးချန်ခုန်း အခြေအနေကို အလွန် အလေးအနက် ထားလာသည်။ အပေါ်ယံတွင် သုံးယောက်သာ ပေါ်လာသော်လည်း ချင်းမေ့ရှန်မှာ တစ်နေရာရာတွင် ပုန်းနေနိုင်ပေသည်။
“တာ့ဝူဖုန်း... ငါတို့က မင်းကို သတ်ဖို့ လာတာ မဟုတ်ဘူး။ ကိုယ့်ဘာသာကိုယ် အညံ့ခံလိုက်စမ်းပါ။ မင်းကို ရှယန်မိသားစုဆီက ဖန်ရှန့်ဝူနဲ့ လဲလှယ်ဖို့ ဓားစာခံအဖြစ်ပဲ သုံးမှာပါ။ အေးအေးဆေးဆေး လိုက်လာရင် ဘာဒဏ်ရာမှရမှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်း ခုခံမယ်ဆိုရင်တော့ ငါတို့ လက်သီးတွေက မင်းအရိုးတွေကို ချိုးပစ်ရလိမ့်မယ်။”
ပိုင်ယင်ခွမ်းက သူ၏ ထွားကျိုင်းသော ခန္ဓာကိုယ်ကို ဆန့်ထုတ်ရင်း ပြောလိုက်သည်။ ဟုန်းကျန်းရှန့်က ဖန်ရှန့်ဝူကို ဝါးမြိုထားသဖြင့် ချင်းမေ့ရှန်အတွက် ဖန်ရှန့်ဝူမှာ အလွန် အရေးကြီးနေသည်။ ထို့ကြောင့် စူးချန်ခုန်းကို ဖမ်းကာ ဟုန်းကျန့်ရှန့်နှင့် လဲလှယ်ရန် စီစဉ်ခြင်း ဖြစ်သည်။
“မင်းတို့လို ကြွက်သုံးကောင်နဲ့လား။ ချင်းမေ့ရှန် ကိုယ်တိုင်လာမှပဲ တန်လိမ့်မယ်။” စူးချန်ခုန်းက အေးစက်စွာ ပြောလိုက်သည်။ သူသည် ချင်းမေ့ရှန် ရောက်မရောက်ကို စမ်းသပ်လိုသဖြင့် တမင် ရန်စစကား ပြောလိုက်ခြင်း ဖြစ်သည်။
“မင်းကို နှိမ်နင်းဖို့ အရှင် ကိုယ်တိုင် လာစရာ မလိုပါဘူး။ ငါ အရင်ဆုံး မင်းရဲ့ အရိုးတွေကို တစ်ချောင်းမကျန် ချိုးပြမယ်။” ပိုင်ယင်ခွမ်းက ရယ်မောရင်း အားရပါးရ တိုက်ခိုက်ရန် ပြင်လိုက်သည်။
“ဝုန်း”
ရုတ်တရက် ပိုင်ယင်ခွမ်း ရှေ့သို့ တိုးလာရာ သူ၏ ခန္ဓာကိုယ်မှ ပြင်းထန်လှသော မိစ္ဆာစွမ်းအင်များ ပေါက်ကွဲထွက်လာပြီး တိမ်တိုက်မည်းကြီးများကဲ့သို့ ကောင်းကင်သို့ မြင့်တက်သွားသည်။ သူ၏ ညာလက်သီးမှာ တောင်တစ်လုံးကဲ့သို့ လေးလံလှသော အရှိန်အဟုန်ဖြင့် စူးချန်ခုန်းထံသို့ ဦးတည်လာတော့သည်။ ထိုလက်သီးချက်ကြောင့် ဖြစ်ပေါ်လာသော လေပြင်းမှာ ပတ်ဝန်းကျင်ရှိ သစ်ပင်ကြီးများကိုပင် လဲပြိုသွားစေသည်။
‘အရင်ဆုံး ဒီကောင်တွေကို သတ်ရမယ်။ ချင်းမေ့ရှန် ဘယ်မှာ ပုန်းနေလဲဆိုတာ ငါ မသိသေးဘူး။’ ပိုင်ယင်ခွမ်း၏ ပြင်းထန်သော တိုက်ခိုက်မှုကို ရင်ဆိုင်ရသော်လည်း စူးချန်ခုန်း၏ မျက်နှာမှာ မပြောင်းလဲပေ။ သူ၏ မျက်လုံးများထဲတွင်မူ လျှပ်စစ်အလင်းတန်းများ တောက်ပလာတော့သည်။
အခန်း (၇၂၂) ကျားဟိန်းသံနှင့် မိုးခြိမ်းသံ။ တောင်တန်းနှင့် မြစ်ချောင်းများ ပျက်စီးခြင်း။ (၂)
ဝူချင်းရှီ၊ ကျားဖြူဟိန်းသံဖြင့် သတ်ဖြတ်ခြင်း။
စူးချန်ခုန်းသည် ရှောင်တိမ်းခြင်းမပြုဘဲ ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။ သူ၏ ညာလက်သီးတွင် ဝိညာဉ်စွမ်းအင်များကို စုစည်းလိုက်ပြီး ခန္ဓာကိုယ်အတွင်းရှိ ယင်ယန်စွမ်းအင်များကို ပြောင်းလဲလိုက်သည်။ သူ၏ လက်သီးနှင့် လေထု ပွတ်တိုက်မိရာမှ မိုးကြိုးလျှပ်စီးတန်းများ ဖြစ်ပေါ်လာပြီး လက်သီးတစ်ခုလုံးကို ရစ်ပတ်သွားခဲ့သည်။
စူးချန်ခုန်းသည် ယင်ယန်စွမ်းအင် ပြောင်းလဲခြင်းမှတစ်ဆင့် လေနှင့်မိုးကြိုးကို မည်သို့ထုတ်ဖော်ရမည်ကို နားလည်သွားပြီးနောက် ၎င်းကို သူ၏ သိုင်းပညာရပ်များတွင် ထည့်သွင်းလိုက်ရာ သဘာဝတရား၏ စွမ်းအားများပါဝင်လာပြီး အရည်အသွေးပိုင်းအရ လုံးဝ ပြောင်းလဲသွားခြင်း ဖြစ်သည်။
“ဝုန်း”
လေးလံလှသော လက်သီးနှစ်ခု ထိပ်တိုက်တွေ့ဆုံသွားချိန်တွင် နားကွဲလုမတတ် ကျယ်လောင်လှသော မိုးကြိုးသံကြီး ပေါက်ကွဲထွက်လာခဲ့သည်။
“ဟင်”
လက်သီးချင်း ထိတွေ့လိုက်သည်နှင့် ပိုင်ယင်ခွမ်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ စူးချန်ခုန်း၏ လက်သီးတွင် 'ကျားဖြူဟိန်းသံ' ၏ နက်နဲမှုနှင့် မိုးကြိုးလျှပ်စီးတို့ ပေါင်းစပ်ထားသဖြင့် ထိတွေ့မှုအတွင်း တောက်ပလှသော မိုးကြိုးအလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ဟိန်းဟောက်နေသော ကျားဖြူတစ်ကောင်၏ အရှိန်အဝါ ပါရှိနေသည်။ ၎င်းမှာ ကိုးထပ်ကောင်းကင်ယံမှ မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင် ပြင်းထန်လှသည်။
“ဂျိန်း... ဝုန်း”
အဆုံးမရှိသော မိုးကြိုးသံများ ထွက်ပေါ်လာပြီး ပိုင်ယင်ခွမ်းသည် မရပ်မနားနိုင်သော ဧရာမ အားအင်တစ်ခုကြောင့် လေထဲသို့ လွင့်စင်သွားခဲ့သည်။ သူ၏ လက်မောင်းကို ကာကွယ်ထားသော မိစ္ဆာစွမ်းအင် အကာအကွယ်မှာလည်း ကြေမွသွားပြီး သူ၏ ညာလက်မောင်းမှာ အရိုးအထိ နာကျင်သွားကာ ပေါက်ကွဲထွက်လုနီးပါး ဖြစ်သွားခဲ့သည်။
‘ဒီကောင်လေး... တကယ်ကို ကြမ်းတာပဲ။ ဝူမုန့်၊ ဝူချင်း... အတူတူ တိုက်ကြစမ်း’
ပိုင်ယင်ခွမ်း နောက်သို့ လွင့်စင်သွားစဉ် သူ၏ ခန္ဓာကိုယ်မှ အနက်ရောင် မိစ္ဆာမြူခိုးများကို ထုတ်လွှတ်၍ အရှိန်သတ်လိုက်သည်။ ထို့နောက် သူသည် ကျယ်လောင်စွာ အော်ဟစ်၍ အသက်ခြွေအဖွဲ့ အကြီးအကဲများဖြစ်သော ဝူမုန့်နှင့် ဝူချင်းတို့ကို စူးချန်ခုန်းအား ပူးပေါင်းတိုက်ခိုက်ရန် အချက်ပေးလိုက်သည်။
“သတ်”
ဝူမုန့်နှင့် ဝူချင်းတို့မှာလည်း တွန့်ဆုတ်မနေဘဲ တစ်ပြိုင်တည်း လှုပ်ရှားလိုက်ကြသည်။
ဝူမုန့်က လက်ကို ဝေ့ယမ်းလိုက်ရာ သူ၏ ကျောပြင်ရှိ လေးပေကျော်ရှည်သော နက်မှောင်သည့် ဓားရှည်ကြီးမှာ အလိုအလျောက် ထွက်ပေါ်လာသည်။ ထိုဓားပေါ်တွင် ဖျော့တော့သော သွေးရောင်အလင်းတန်းများ စီးဆင်းနေ၏။
“ဖျက်ဆီးခြင်း မိစ္ဆာဓား”
ဝူမုန့်သည် ဓားရှည်ကို ကိုင်စွဲ၍ ခုတ်ချလိုက်ရာ အနက်ရောင် ဓားအလင်းတန်းမှာ ဝိညာဉ်ကို ဖမ်းစားနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းလှသည်။ ထိုဓားအလင်း ဖြတ်သန်းသွားသော နေရာရှိ သစ်ပင်များမှာ ဝိညာဉ်မဲ့သွားသကဲ့သို့ ချက်ချင်း ညှိုးနွမ်းသွားပြီး သူတို့၏ အသက်စွမ်းအားများပါ စုပ်ယူခံလိုက်ရသည်။ ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များမှာလည်း ထိုဓားချက်အောက်တွင် ပျောက်ကွယ်သွားခဲ့သည်။ ဤဓားချက်၏ ဖျက်ဆီးနိုင်စွမ်းမှာ မည်မျှပင် ခိုင်မာသော ကာကွယ်ရေးမျိုးကိုမဆို စက္ကူကဲ့သို့ ဖြတ်တောက်နိုင်သည့် အဆင့်တွင် ရှိသည်။
ဝတ်ရုံနက်နှင့် ဝူချင်းမှာမူ ပို၍ ယုတ်မာသည်။ သူ၏ အရေပြားပေါက်များမှ နက်မှောင်သော သွေးစက်များစွာ ထွက်ပေါ်လာပြီး ထိုသွေးစက်များသည် ကျည်ဆန်များကဲ့သို့ စူးချန်ခုန်းထံသို့ တိုးဝင်လာသည်။ ဤသွေးစက်များသည် ရန်သူ၏ ခန္ဓာကိုယ်နှင့် ထိတွေ့မိသည်နှင့် တစ်ကိုယ်လုံးရှိ သွေးနှင့် ချီစွမ်းအင်များကို ချက်ချင်း စုပ်ယူပစ်ကာ သေဆုံးသွားစေနိုင်စွမ်း ရှိသည်။
ပိုင်ယင်ခွမ်းကလည်း သူ၏ တိုက်စစ်ကို ပြန်လည်ပြင်ဆင်လိုက်သည်။ သူ၏ စွမ်းအင်သိုလှောင်ရာအတွင်းမှ မိစ္ဆာစွမ်းအင်များကို စုစည်းကာ မိစ္ဆာနဂါးတစ်ကောင်ကဲ့သို့ မှုတ်ထုတ်လိုက်ရာ တိမ်တိုက်မြူခိုးများအဖြစ် ပြောင်းလဲသွားသည်။ ထိုတိမ်တိုက်များသည် ပေါ့ပါးပုံရသော်လည်း တောင်တန်းများကိုပင် ပြားချပ်သွားစေနိုင်လောက်အောင် လေးလံလှပြီး အရပ်မျက်နှာအနှံ့မှ စူးချန်ခုန်းကို ဝိုင်းပတ် ညှစ်ခြေလာတော့သည်။
ထိပ်တန်း မိစ္ဆာသိုင်းပညာရှင် သုံးဦး၏ ပူးပေါင်းတိုက်ခိုက်မှုမှာ လျှော့တွက်၍ မရပေ။
စူးချန်ခုန်းသည် မတုန်မလှုပ် ရပ်နေသော်လည်း သူ၏ ပတ်ဝန်းကျင် ကိုက်ရာပေါင်းများစွာအတွင်းရှိ ဝိညာဉ်စွမ်းအင်များမှာ စုစည်းလာပြီး အညိုရောင် အမွေးအမှင်များရှိသော ဧရာမ ဝက်ဝံကြီးတစ်ကောင်အဖြစ် ပုံပေါ်လာသည်။ သူ၏ စွမ်းအင်သိုလှောင်ရာအတွင်းမှ ဆန်းကြယ်လိပ်ချီစွမ်းအင်အရည် တစ်စက်ကို ထိုပုံရိပ်အတွင်း ထည့်သွင်းလိုက်ရာ ဝက်ဝံကြီးမှာ ကောင်းကင်သို့ မော့ဟိန်းလိုက်ပြီး ပေ ၆၀ ကျော်အထိ ကြီးမားလာကာ သားရဲအစစ်အမှန် တစ်ကောင်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလှသည်။
ဝူချင်းရှီ၊ ဝက်ဝံရိုင်း ကမ္ဘာမြေကို တုန်ခါစေခြင်း။
ဝက်ဝံကြီးသည် သူ၏ ဧရာမလက်ဝါးကြီးများကို မြှောက်၍ မြေပြင်သို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။ ထိုတိုက်ကွက်တွင် စူးချန်ခုန်း၏ ယင်ယန်ပြောင်းလဲခြင်းမှ ထွက်ပေါ်လာသော မိုးကြိုးလျှပ်စီးများပါဝင်နေသဖြင့် ဝက်ဝံ၏ လက်ဝါးများတွင် လျှပ်စစ်တန်းများ ရစ်ပတ်နေသည်။ ဤနေရာမှာ လူသူကင်းမဲ့သော တောင်တန်းဖြစ်သဖြင့် စူးချန်ခုန်းအနေဖြင့် အပြစ်မဲ့သူများ ထိခိုက်မည်ကို စိုးရိမ်စရာမလိုဘဲ အားရပါးရ တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
“ဘာ”
ဝက်ဝံ၏ လက်ဝါးကြီးများကို မြင်လိုက်ရသောအခါ မိစ္ဆာသိုင်းပညာရှင် သုံးဦးစလုံး မျက်နှာပျက်သွားကြသည်။ ထိုလက်ဝါးများမှာ နှေးကွေးပုံရသော်လည်း မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပြင်းထန်လှသော အရှိန်အဟုန်ဖြင့် မြေပြင်သို့ ကျဆင်းလာခြင်း ဖြစ်သည်။
“ဂျိန်း... ဝုန်း”
ဝက်ဝံလက်ဝါးများ မြေပြင်နှင့် ထိတွေ့လိုက်သည်နှင့် တောင်တန်းတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီး လျှပ်စီးတန်းများ ပါဝင်သော ရိုက်ခတ်မှုလှိုင်းများသည် အရပ်မျက်နှာအနှံ့သို့ ပြန့်ကားသွားခဲ့သည်။
ဂျွတ်... ဂျွတ်... ဂျွတ်
မြေပြင်မှာ အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားပြီး ကျောက်ဆောင်များ ပေါက်ကွဲထွက်ကုန်သည်။ သစ်ပင်ကြီးများမှာလည်း မြက်ခြောက်များကဲ့သို့ ကျိုးပြတ်ကာ မြေမှုန့်အဖြစ် ပြောင်းလဲသွားကြသည်။ ချီစွမ်းအင်အနှစ်သာရနှင့် မိုးကြိုးစွမ်းအားများ ပေါင်းစပ်ထားသော ဤတိုက်ကွက်မှာ ကမ္ဘာမြေကိုပင် ဖျက်ဆီးပစ်နိုင်သော စွမ်းအား ရှိနေသည်။
စူးချန်ခုန်းကို ဝိုင်းရံတိုက်ခိုက်နေသော မိစ္ဆာသိုင်းပညာရှင် သုံးဦးမှာလည်း ထိုပြင်းထန်လှသော ရိုက်ခတ်မှုကြောင့် နောက်သို့ လွင့်စင်သွားကြသည်။ အကယ်၍ သူတို့တွင် အားကောင်းသော မိစ္ဆာစွမ်းအင် အကာအကွယ်များသာ မရှိပါက ချက်ချင်းပင် အပိုင်းပိုင်းပြတ်သွားပေလိမ့်မည်။ သို့သော်လည်း သူတို့မှာ ဆန်အိတ်များကဲ့သို့ လွင့်ထွက်သွားပြီး သူတို့၏ အကာအကွယ်များမှာလည်း ကြေမွသွားခဲ့ရသည်။ တောင်တန်းကြီးမှာလည်း မိုင်ရာပေါင်းများစွာအထိ သိသိသာသာ တုန်ခါသွားခဲ့သည်။
“တစ်ယောက်ချင်းစီ ရှင်းရမယ်။”
စူးချန်ခုန်း၏ မျက်လုံးများထဲ၌ သတ်ဖြတ်လိုစိတ်များ လက်ကနဲ။ သူသည် 'နတ်သမင် ကောင်းကင်လှမ်းခြေ' ကို အသုံးပြု၍ ဓားကိုင်ထားသော ဝူမုန့်ထံသို့ ချက်ချင်း ချဉ်းကပ်လိုက်သည်။
သံဖြတ်ဓားမှာ စူးချန်ခုန်း၏ လက်ဝါးထဲတွင် ပေါ်လာပြီး သူ၏ ဓားသွားဝိညာဉ်မှာလည်း တုန်ခါလာသည်။ ဓားသွားပေါ်တွင် မိုးကြိုးလျှပ်စီးများ ဖြစ်ပေါ်လာပြီး ရိုးရှင်းသော အလျားလိုက် ခုတ်ချက်တစ်ခုကို ထုတ်ဖော်လိုက်သည်။ သို့သော် ထိုခုတ်ချက်မှာ ရန်သူ၏ ဝိညာဉ်ကိုပါ အမြစ်ပြတ် ချေမှုန်းနိုင်သော စွမ်းအား ရှိနေသည်။
“တောက်”
ဝူမုန့်က ဒေါသတကြီး ဆဲဆိုလိုက်သည်။ သူသည် ဝက်ဝံ၏ တိုက်ကွက်ကြောင့် ဟန်ချက်မညီသေးခင်မှာပင် စူးချန်ခုန်းက အနားသို့ ရောက်လာခြင်း ဖြစ်သည်။ သူလုပ်နိုင်သည်မှာ မိစ္ဆာစွမ်းအင်များကို စုစည်း၍ သူ၏ အနက်ရောင် ဓားရှည်ဖြင့် စူးချန်ခုန်း၏ သံဖြတ်ဓားကို အတင်းအကြပ် ခုခံလိုက်ခြင်းသာ ဖြစ်သည်။
ဂျွတ်
သို့သော် ထိတွေ့မိသည်နှင့် ဓားကျိုးသွားသော အသံကို ဝူမုန့် ကြားလိုက်ရသည်။ ဓားသွားဝိညာဉ်နှင့် မိုးကြိုးစွမ်းအားများ ပါဝင်သော စူးချန်ခုန်း၏ ဓားချက်မှာ မည်သည့်အရာကမျှ တားဆီး၍မရပေ။ ဝူမုန့်၏ မိစ္ဆာဓားမှာ အပိုင်းပိုင်းပြတ်သွားတော့သည်။
အခန်း ၉၇၂၃) ကျားဟိန်းသံနှင့် မိုးခြိမ်းသံ။ တောင်တန်းနှင့် မြစ်ချောင်းများ ပျက်စီးခြင်း။ (၃)
ဓားအလင်းတန်းမှာ စီးဆင်းနေသော အလင်းတန်းတစ်ခုကဲ့သို့ ဝူမုန့်၏ ရင်ဘတ်ကို ဖြတ်သန်းသွားခဲ့သည်။ ဝူမုန့်၏ ခန္ဓာကိုယ်အထက်ပိုင်းမှာ လွင့်စင်သွားပြီး ပြတ်တောက်သွားသော နေရာမှ သွေးများ ပန်းထွက်လာတော့သည်။ သူသည် သူ၏ 'မသေမျိုးခန္ဓာ' ကို အားကိုး၍ ဒဏ်ရာကို ကုသရန် ကြိုးစားသော်လည်း စူးချန်ခုန်း၏ 'ဓားသွားဝိညာဉ်' ကြောင့် ရရှိသော ဒဏ်ရာမှာ ဝိညာဉ်နှင့် အသိစိတ်ပင်လယ်အဆင့်အထိ ထိခိုက်ထားခြင်းဖြစ်ရာ မသေမျိုးခန္ဓာပင်လျှင် လွယ်ကူစွာ မကုသနိုင်တော့ပေ။
“ငါ မင်းကို သတ်ပစ်မယ်။”
စူးချန်ခုန်း၏ နောက်ကျောဘက်မှ စူးရှသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး အနက်ရောင် သွေးလှိုင်းကြီးတစ်ခု တိုးဝင်လာသည်။ ၎င်းမှာ ဝူချင်းပင် ဖြစ်သည်။ သူသည် ဝက်ဝံ၏ ရိုက်ခတ်မှုလှိုင်းကြောင့် သူ၏ အသားအရေများကို သွေးများအဖြစ် ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။ စူးချန်ခုန်းက ဝူမုန့်ကို ပိုင်းဖြတ်နေစဉ်မှာပင် ထိုသွေးလှိုင်းများသည် သွေးမြှားများအဖြစ် ပြောင်းလဲကာ စူးချန်ခုန်းထံသို့ မိုးရွာသကဲ့သို့ ကျဆင်းလာခဲ့သည်။ စူးချန်ခုန်းအနေဖြင့် ရှောင်တိမ်းရန် အချိန်မရှိတော့ပေ။
ဆန်းကြယ်လိပ်ချီစွမ်းအင်သံချပ်ကာ
စူးချန်ခုန်း၏ စွမ်းအင်သိုလှောင်ရာအတွင်းမှ ဆန်းကြယ်လိပ်ချီစွမ်းအင်အရည် တစ်စက်မှာ ကွဲထွက်သွားပြီး သူ၏ ပတ်ဝန်းကျင်တွင် ပင်လယ်ကဲ့သို့ နက်ရှိုင်းလှသော အပြာရောင် သလင်းကျောက် သံချပ်ကာတစ်ခု ဖြစ်ပေါ်လာသည်။
“ဖတ်... ဖတ်... ဖတ်”
သွေးမြှားများမှာ သံချပ်ကာပေါ်သို့ တစ်စက်ပြီးတစ်စက် ထိမှန်သွားပြီး သံချပ်ကာမှာ အတွင်းသို့ ချိုင့်ဝင်သွားကာ ပေါက်ထွက်လုနီးပါး ဖြစ်သွားခဲ့သော်လည်း နောက်ဆုံးတွင် အားလုံးကို ခုခံနိုင်ခဲ့သည်။
“သူ့ရဲ့ အရေပြားလေးကို နည်းနည်းလောက် ထိရုံနဲ့ ငါ သူ့ကို သတ်နိုင်တယ်” သွေးများအဖြစ် ပြောင်းလဲနေသော ဝူချင်းက ရိုင်းစိုင်းစွာ ဟိန်းဟောက်လိုက်သည်။
ထိုသွေးနီရောင် မြှားများသည် သက်ရှိများကဲ့သို့ တွန့်လိမ်နေကြပြီး စူးချန်ခုန်း၏ သံချပ်ကာအတွင်းသို့ ထိုးဖောက်ဝင်ရောက်ရန် အသေအလဲ ကြိုးစားနေကြသည်။ သို့သော် စူးချန်ခုန်းက ထိုသို့ ဖြစ်ခွင့်ပေးမည် မဟုတ်ပေ။
“ဖယ်စမ်း...”
စူးချန်ခုန်း၏ အသိစိတ်ပင်လယ်အတွင်းရှိ ဓားသွားဝိညာဉ်မှာ တုန်ခါလာပြီး ဆန်းကြယ်လိပ်ချီစွမ်းအင် အတွင်းသို့ ပေါင်းစပ်သွားသည်။ တစ်ခဏအတွင်းမှာပင် ဓားချီတန်းများစွာ ထွက်ပေါ်လာပြီး အရပ်မျက်နှာအနှံ့သို့ ရမ်းခါပိုင်းဖြတ်လိုက်တော့သည်။ သွေးမြှားများသည် ဓားသွားဝိညာဉ်၏ စွမ်းအားနှင့် ထိတွေ့မိသည်နှင့် သူတို့၏ သက်ရှိကဲ့သို့ လှုပ်ရှားမှုများ ပျောက်ကွယ်သွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျကုန်သည်။
ထိုသွေးလှိုင်းကြီးမှာ လျှပ်စစ်နှင့် ထိမိသကဲ့သို့ အမြန်ဆန် နောက်ဆုတ်သွားပြီး လူပုံရိပ်တစ်ခုအဖြစ် ပြန်လည်ဖွဲ့စည်းလိုက်သည်။ ဝူချင်း၏ မျက်လုံးများထဲတွင် နာကျင်မှုများ ပြည့်နှက်နေ၏။
‘ဒီကောင်လေး... ဒီလောက်တောင် အစွမ်းထက်တာလား။’
လေထဲတွင် လွင့်စင်နေသော ပိုင်ယခွမ်းမှာလည်း သူ၏ ဟန်ချက်ကို ပြန်ထိန်းလိုက်နိုင်သည်။ လေထဲသို့ လွင့်တက်နေသော ဖုန်မှုန့်များနှင့် ကျောက်စရစ်ခဲများမှာ မြေပြင်သို့ပင် ပြန်မကျသေးပေ။ တောင်တန်းတစ်ခုလုံးတွင် အကောင်းပကတိရှိသော သစ်ပင်ဟူ၍ တစ်ပင်မျှ မကျန်တော့ပေ။
သို့သော် ဤအချိန်တိုလေးအတွင်းမှာပင် ဝူမုန့်မှာ ခန္ဓာကိုယ် နှစ်ပိုင်းပြတ်သွားပြီး ဝူချင်းမှာလည်း ဒဏ်ရာရရှိသွားခဲ့သည်။ စူးချန်ခုန်း၏ အစွမ်းမှာ သူတို့ မျှော်လင့်ထားသည်ထက် များစွာ ကျော်လွန်နေသည်။ သူ၏ လှုပ်ရှားမှုတိုင်းမှာ တောင်များကို ပြိုလဲစေပြီး မြေပြင်ကို အက်ကွဲစေနိုင်လောက်အောင် ပြင်းထန်လှသည်။
“မင်းတို့ သုံးယောက်က... နည်းနည်း အားနည်းနေသလိုပဲ။ ချင်းမေ့ရှန်က မင်းတို့ သုံးယောက်ကို အသေခံခိုင်းဖို့ လွှတ်လိုက်တာလား။”
စူးချန်ခုန်းက မပြောဘဲ မနေနိုင်တော့ပေ။ သူတို့က အားနည်းတာ မဟုတ်ဘဲ ယခု စူးချန်ခုန်းကသာ အလွန် အစွမ်းထက်နေခြင်း ဖြစ်သည်။ သူ၏ ဆန်းကြယ်လိပ်ချီစွမ်းအင်အရည်၊ ယင်ယန်ပြောင်းလဲခြင်းနှင့် မသေမျိုးခန္ဓာကို ချေမှုန်းနိုင်သော ဓားသွားဝိညာဉ်တို့ကြောင့် ဤအကြီးအကဲ သုံးဦးမှာ သူ့အတွက် ဖိအားမဖြစ်စေတော့ပေ။
ထိုစကားကို ကြားသောအခါ ပိုင်ယင်ခွမ်း၏ မျက်လုံးများမှာ သွေးစက်များကဲ့သို့ နီမြန်းလာသည်။ သူသည် တစ်ခါမျှ ဤကဲ့သို့ အထင်အမြင်သေးခြင်း မခံရဖူးပေ။
“မင်းက... တော်တော်လေး အစွမ်းထက်တာပဲ”
ထိုအချိန်တွင် ကျောချမ်းဖွယ်ကောင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။
ထိုအသံကြောင့် စူးချန်ခုန်း၏ မျက်ဆန်များ ကျုံ့သွားသည်။ သားရဲကြီးတစ်ကောင်၏ အကြည့်ခံနေရသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ နှလုံးခုန်သံမှာလည်း အလိုအလျောက် မြန်လာခဲ့သည်။ ဤခံစားချက်မှာ သာမန်လူတစ်ယောက်က ကျားရဲတစ်ကောင်နှင့် ရင်ဆိုင်နေရသကဲ့သို့ပင်။
လွင့်ပျံနေသော ဖုန်မှုန့်များကြားမှ ဝတ်ရုံနက်နှင့် ပုံရိပ်တစ်ခုမှာ လေနှင့်အတူ ဆင်းသက်လာခဲ့သည်။ ဝတ်ရုံနက်အောက်တွင် အနက်ရောင် မြူခိုးများမှလွဲ၍ ဘာမျှမရှိပေ။ ဖျော့တော့သော ရွှေရောင်မျက်လုံး တစ်စုံကိုသာ မြင်တွေ့ရပြီး ထိုမျက်လုံးများသည် ဝိညာဉ်ကို ချောက်ကမ်းပါးထဲသို့ ဆွဲချနေသကဲ့သို့ပင်။
“ချင်းမေ့ရှန်”
စူးချန်ခုန်း၏ စိတ်ထဲတွင် အလွန်လေးနက်သော သတိထားမှုတစ်ခု ဖြစ်ပေါ်လာသည်။ ဤဝတ်ရုံနက်နှင့်လူကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သော်လည်း တစ်ဖက်လူ၏ ကြောက်မက်ဖွယ်ကောင်းမှုကို သူ အာရုံခံမိသည်။ ဤဝတ်ရုံနက်နှင့်လူမှာ သာမန်ထက် မြင့်မားသော ဖြစ်တည်မှုတစ်ခုတွင် ရှိနေသကဲ့သို့ပင်။
“အသင်းတော် အရှင်”
ပိုင်ယင်ခွမ်း၊ ဝူချင်း နှင့် ခန္ဓာကိုယ် နှစ်ပိုင်းပြတ်နေသော ဝူမုန့်တို့မှာ ဝတ်ရုံနက်နှင့်လူကို မြင်သည်နှင့် ရိုသေစွာ ဂါရဝပြုလိုက်ကြရာ သူ မည်သူမည်ဝါဖြစ်ကြောင်း ပိုမိုထင်ရှားသွားခဲ့သည်။
စူးချန်ခုန်း ထင်ထားသည့်အတိုင်း ချင်းမေ့ရှန် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ သူသည် အမှောင်ထဲတွင် ပုန်းကွယ်စောင့်ကြည့်နေပြီး ယခုမှသာ ကိုယ်ထင်ပြလိုက်ခြင်း ဖြစ်သည်။
‘အရင်က မော့ကျွင်းလင် ဘာလို့ ချက်ချင်း နောက်ဆုတ်သွားလဲဆိုတာ အခုမှ သဘောပေါက်တော့တယ်... ချင်းမေ့ရှန်က သူ့ကို စောင့်ကြည့်နေခဲ့တာပဲ။’
ချင်းမေ့ရှန်၏ ထိုရွှေရောင်မျက်လုံးများ၏ စိုက်ကြည့်မှုကို ခံရသောအခါ စူးချန်ခုန်းသည် မော့ကျွင်းလင် အဘယ်ကြောင့် ထွက်ပြေးသွားသည်ကို အပြည့်အဝ နားလည်သွားသည်။ ချင်းမေ့ရှန်ထံမှ ထွက်ပေါ်နေသော အရှိန်အဝါမှာ အရာအားလုံးကို ဝါးမြိုပစ်နိုင်သည့် ချောက်နက်ကြီးတစ်ခုကဲ့သို့ပင် အလွန်တရာ အစွမ်းထက်လှသည်။