အခန်း (၇၂၄-၇၂၆)
Vol. 49 Ch. 724-726
အခန်း (၇၂၄) မသေနိုင်သော မိစ္ဆာဝိညာဉ်နှင့် အသက်ခြွေအဖွဲ့အစည်း၏ အရှင်သခင်။ (၁)
“အသင်းတော်အရှင်... ကျွန်တော်တို့ကို အချိန်နည်းနည်းလောက် ထပ်ပေးပါ။ သူ့ကို အမိဖမ်းပြပါ့မယ်။”
ပိုင်ယင်ခွမ်းက အလျင်အမြန် ပြောလိုက်သည်။ သူတို့ သုံးယောက်စလုံး ပူးပေါင်းတိုက်ခိုက်ပါလျက် စူးချန်ခုန်း၏ ဖိနှိပ်မှုကို ခံရပြီး ပြင်းထန်စွာ ဒဏ်ရာရရှိသွားခြင်းအပေါ် ဝတ်ရုံနက်နှင့်လူက စိတ်တိုင်းမကျသဖြင့် ကိုယ်တိုင် ကိုယ်ထင်ပြလာခြင်းဖြစ်ကြောင်း သူတို့ နားလည်ကြသည်။
ဝတ်ရုံနက်နှင့်လူ ချင်းမေ့ရှန်က တည်ငြိမ်စွာ ပြောလိုက်သည်။ “မင်းတို့ သူ့ကို နှိမ်နင်းနိုင်လိမ့်မယ်လို့ ငါ တကယ် မထင်ထားခဲ့ပါဘူး”
သူ၏ တည်ငြိမ်သော စကားလုံးများထဲတွင် အထင်အမြင်သေးမှု အနည်းငယ် ပါဝင်နေပြီး ဤသုံးယောက်မှာ စူးချန်ခုန်း၏ ပြိုင်ဘက်မဟုတ်ကြောင်း သူ ကြိုတင်သိရှိထားသကဲ့သို့ပင်။ သို့သော် ပိုင်ယင်ခွမ်း၊ ဝူမုန့် နှင့် ဝူချင်းတို့မှာမူ အနည်းငယ်မျှပင် မကျေမနပ် မဖြစ်ရဲကြပေ။
“လူငယ်လေး... မင်းက ငါ့ကို အံ့သြအောင် လုပ်နိုင်သားပဲ။ ငါကိုယ်တိုင် ကိုယ်ထင်ပြရတဲ့အထိကို မင်းက စွမ်းဆောင်နိုင်ခဲ့တယ်”
ချင်းမေ့ရှန်က စူးချန်ခုန်းကို စိုက်ကြည့်ကာ ပြောလိုက်သည်။ သူ၏ လေသံမှာ အေးဆေးတည်ငြိမ်လွန်းလှသဖြင့် ဝမ်းသာနေတာလား ဒေါသထွက်နေတာလားဆိုတာ ခွဲခြားရန် ခက်ခဲလှသည်။
‘ချင်းမေ့ရှန်ရဲ့ အရှိန်အဝါက ကြောက်စရာကောင်းလွန်းတယ်။ ဒါပေမဲ့... သူ ဘာလို့ အစကတည်းက မလှုပ်ရှားတာလဲ။’
စူးချန်ခုန်းသည် အစွမ်းကုန် သတိထားနေရင်း ချင်းမေ့ရှန်၏ အရှိန်အဝါ၏ နက်နဲမှုကို အံ့သြမိသော်လည်း တစ်ခုခု မှားယွင်းနေသည်ကိုလည်း သူ အာရုံခံမိသည်။
ချင်းမေ့ရှန်သည် အမှောင်ထဲတွင် ပုန်းကွယ်နေစဉ်က မော့ကျွင်းလင်ကို ခြောက်လှန့်ရုံသာ လုပ်ခဲ့ပြီး ကိုယ်တိုင် တိုက်ခိုက်ခြင်း မပြုခဲ့ပေ။ ယခုလည်း သူ၏ တပည့် သုံးဦးကို အရင် တိုက်ခိုက်ခိုင်းခဲ့သည်။ ဤသည်မှာ ချင်းမေ့ရှန်အနေဖြင့် စူးချန်ခုန်းကို တိုက်ရိုက် တိုက်ခိုက်ရန် အခက်အခဲ တစ်ခုခု ရှိနေနိုင်ကြောင်း ဖော်ပြနေသည်။
သူ၏ တပည့်များက စူးချန်ခုန်းကို မနိုင်တော့မှသာ သူ ကိုယ်တိုင် လှုပ်ရှားရန် ဆုံးဖြတ်လိုက်ပုံရသည်။
သို့သော်လည်း စူးချန်ခုန်းသည် အမြင့်ဆုံး သတိထားမှုကို ထိန်းသိမ်းထားရင်း လေးနက်သောအသံဖြင့် မေးလိုက်သည်။ “ခင်ဗျားက ချင်းမေ့ရှန်လား။ ကျွန်တော့်ကို ဘယ်လို ရှာတွေ့တာလဲ။”
စူးချန်ခုန်းသည် သူ၏ သံသယကို မေးလိုက်ခြင်း ဖြစ်သည်။ လွန်ခဲ့သော ရက်ပိုင်းက မော့ကျွင်းလင်နှင့် တိုက်ခိုက်နေစဉ်ကပင် ချင်းမေ့ရှန်က သူ့ကို ခြေရာခံမိခဲ့ခြင်း ဖြစ်သည်။
ချင်းမေ့ရှန်းက အေးဆေးစွာ ပြန်ဖြေသည်။ “ကံတရားကြောင့်ပဲလေ။ ငါက ကောင်းကင်နတ်ဆိုးအဘိုးကြီး နောက်ကို လိုက်ရင်းနဲ့ မင်းနဲ့ ဆက်နွယ်နေတဲ့ ကြမ္မာကြိုးမျှင်ကို မြင်လိုက်ရတာ”
ထိုစကားကြောင့် စူးချန်ခုန်း၏ နှလုံးသားထဲတွင် အေးစိမ့်သွားခဲ့သည်။ ချင်းမေ့ရှန်က သူ့ကို တွေ့ရှိသွားရခြင်းမှာ ကောင်းကင်နတ်ဆိုးအဘိုးကြီး ကြောင့်ပင် ဖြစ်သည်။
ကောင်းကင်နဂါး မင်္ဂလာနယ်မြေသို့ သွားရာလမ်းကို ဖွင့်ပေးမည့် ကျောက်စိမ်းတံဆိပ်ပြားမှာ ချင်းမေ့ရှန်ကဲ့သို့သော အဆင့်ရှိသူတစ်ဦးအား ကံတရားကြိုးမျှင်များကို အတိုင်းအတာတစ်ခုအထိ မြင်နိုင်စေသည်။
စူးချန်ခုန်းသည် အသက်ခြွေအဖွဲ့အစည်းနှင့် ကံတရား ဆက်နွယ်မှု ရှိနေသည်မှာ ကြာပြီဖြစ်ရာ ချင်းမေ့ရှန်က ၎င်းကို အာရုံခံမိသွားခြင်း ဖြစ်သည်။ သူသည် ကောင်းကင်နတ်ဆိုးအဘိုးကြီး၏ ခြေရာခံနိုင်စွမ်းကို အသုံးပြု၍ စူးချန်ခုန်းကို ရှာဖွေရန် စီစဉ်ခဲ့သည်။ ချင်းမေ့ရှန်၏ အမြင်အရ အဘိုးကြီး၏ ခန္ဓာကိုယ်ပေါ်တွင် ကံတရားကြိုးမျှင်များ ရှိနေသည် မဟုတ်ပါလား။
ချင်းမေ့ရှန် စောင့်ဆိုင်းနေသည့်အတိုင်းပင် အဘိုးကြီးမှာ ကျောက်စိမ်းတံဆိပ်ပြားကို ရရှိခဲ့ပြီး မကြာမီမှာပင် မော့ကျွင်းလင်၏ တိုက်ခိုက်ခြင်းကို ခံရကာ စူးချန်ခုန်းနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
စူးချန်ခုန်းက မော့ကျွင်းလင်နှင့် တိုက်ခိုက်နေစဉ် ချင်းမေ့ရှန်က အမှောင်ထဲမှ သူ၏ အရှိန်အဝါ အစအနလေးကို ထုတ်ပြကာ မော့ကျွင်းလင်ကို ခြောက်လှန့် မောင်းထုတ်လိုက်ခြင်း ဖြစ်သည်။ ချင်းမေ့ရှန်၏ ရည်ရွယ်ချက်မှာ စူးချန်ခုန်းကို အရှင်ဖမ်းဆီးရန်နှင့် ကျောက်စိမ်းတံဆိပ်ပြားကို ကိုယ်တိုင်ရယူရန် ဖြစ်သည်။ အကယ်၍ စူးချန်ခုန်းသာ မော့ကျွင်းလင် လက်ချက်ဖြင့် သေသွားပါက သူသည် ဖန်ရှန့်ဝူနှင့် လဲလှယ်ရန် ဓားစာခံ ရတော့မည် မဟုတ်ပေ။
မော့ကျွင်းလင် ထွက်ပြေးသွားပြီးနောက် ချင်းမေ့ရှန်သည် စူးချန်ခုန်းနောက်သို့ တိတ်တဆိတ် လိုက်ပါခဲ့ပြီး သူ ဝိညာဉ်လမ်းစဉ်ဂိုဏ်းသို့ ပြန်သွားသည်ကို မြင်တွေ့ကာ သူ ပုန်းကွယ်နေသော နေရာကို အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် သူ၏ တပည့်ရင်းများဖြစ်သော မိစ္ဆာသိုင်းပညာရှင် သုံးဦးကို ဆင့်ခေါ်ကာ တိုက်ခိုက်ခိုင်းခဲ့ခြင်း ဖြစ်သည်။
‘ဒီချင်းမေ့ရှန်က... တကယ့်ကို ကြောက်စရာကောင်းတာပဲ။ သူက ကံတရားကြိုးမျှင်တွေကိုတောင် မြင်နိုင်တယ်ဆိုတော့... ဒါက နတ်ဘုရားစွမ်းရည် တစ်ခုခုလား’
စူးချန်ခုန်း၏ စိတ်ထဲတွင် ကျောချမ်းသွားခဲ့သည်။ ချင်းမေ့ရှန်မှာ တကယ့် သိုင်းဝိဇ္ဇာသူတော်စင်အဆင့် ပညာရှင်တစ်ဦး ဖြစ်နေနိုင်သည်ဟု သူ တွေးလိုက်မိသည်။
ယုတ္တိဗေဒအရဆိုလျှင် စူးချန်ခုန်းအတွက် အကောင်းဆုံးမှာ ချက်ချင်း နောက်ဆုတ်ရန် ဖြစ်သည်။ သို့သော် သူ ထွက်ပြေးလျှင်ပင် လွတ်နိုင်မလွတ်နိုင် မသေချာသည့်အပြင် သူ ထွက်ပြေးသွားပါက ဝိညာဉ်လမ်းစဉ်ဂိုဏ်းမှာလည်း သေချာပေါက် ပျက်စီးသွားပေလိမ့်မည်။
‘ချင်းမေ့ရှန်က ဒီလောက်အထိ လုပ်နေတာတောင် ငါ့ကို တွေ့တွေ့ချင်း ကိုယ်တိုင် မတိုက်တာက သူကိုယ်တိုင်မှာ အခက်အခဲ တစ်ခုခု ရှိနေလို့ ဖြစ်ရမယ်။ သူ့ရဲ့ အရှိန်အဝါက ချောက်နက်ကြီးလို နက်ရှိုင်းပေမဲ့... အပေါ်ယံမှာ သန်မာပြီး အတွင်းပိုင်းမှာ အားနည်းနေသလိုပဲ။ ငါ သူ့ကို မယှဉ်နိုင်တာမျိုး မဟုတ်လောက်ဘူး’
စူးချန်ခုန်းသည် ချင်းမေ့ရှန်ကို ဂရုတစိုက် လေ့လာလိုက်သည်။ သူ၏ ဝတ်ရုံနက်အောက်တွင် ဗလာဖြစ်နေပုံရပြီး လူတစ်ယောက်ကို မျှော်လင့်ချက်မဲ့စေလောက်သော ဖိအားမျိုး ပေးစွမ်းနိုင်ခြင်း မရှိသေးပေ။ ထို့ကြောင့် ချင်းမေ့ရှန်မှာ ပြဿနာ တစ်ခုခု ရှိနေသဖြင့် ယခုမှ ကိုယ်ထင်ပြရခြင်းဖြစ်ကြောင်း စူးချန်ခုန်း ခန့်မှန်းလိုက်သည်။
ချင်းမေ့ရှန်း၏ ရွှေရောင်မျက်လုံးများက စူးချန်ခုန်းကို စိုက်ကြည့်လိုက်သည်။ “အညံ့ခံလိုက်စမ်းပါ၊ မင်းကို ဖန်ရှန့်ဝူနဲ့ လဲလှယ်ဖို့ပဲ သုံးမှာပါ။ မင်း ခုခံမယ်ဆိုရင်တော့... သေရလိမ့်မယ်”
ချင်းမေ့ရှန်၏ ရိုးရှင်းသော စကားလုံးများထဲတွင် ပါဝင်နေသော အေးစက်မှုမှာ လူတစ်ယောက်၏ အရိုးထဲအထိ စိမ့်ဝင်သွားစေနိုင်သည်။
“တကယ်လား။ ငါကတော့ မင်းပဲ သေရလိမ့်မယ်လို့ ထင်တယ်။”
စူးချန်ခုန်း၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းတန်းများ ဖြတ်ပြေးသွားသည်။ ခန့်မှန်းနေမည့်အစား လက်တွေ့ စမ်းသပ်ကြည့်ရန် အချိန်တန်လေပြီ။
“တောက်”
စူးချန်ခုန်း၏ စိတ်အာရုံကြောင့် ဓားသွားဝိညာဉ်မှာ တုန်ခါသွားပြီး အားကောင်းလှသော ဓားချီများမှာ လေထုထဲတွင် ပုံပေါ်လာကာ ချင်းမေ့ရှန်ကို သတ်ဖြတ်ရန် ဦးတည်သွားတော့သည်။
“ဖျတ်”
ဓားသွားဝိညာဉ်၏ စွမ်းအားပါဝင်သော ဤတိုက်ကွက်မှာ ရန်သူ၏ ဝိညာဉ်အရှိန်အဝါကိုပါ ပစ်မှတ်ထားထားခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် ရန်သူ၏ အဆင့်မှာ စူးချန်ခုန်းထက် မနိမ့်မှသာ ခုခံနိုင် သို့မဟုတ် ရှောင်တိမ်းနိုင်မည် ဖြစ်သည်။ သို့သော် ချင်းမေ့ရှန်မှာမူ မလှုပ်မယှက် ရပ်နေရင်း တစ္ဆေတစ်ကောင်ကဲ့သို့ ဘေးဘက်သို့ ကိုက်အနည်းငယ် အသာအယာ ရွေ့လျားလိုက်ရာ စူးချန်ခုန်း၏ တိုက်ကွက်မှာ လေထုကိုသာ ပိုင်းဖြတ်မိပြီး လွဲချော်သွားခဲ့သည်။
ဤလှုပ်ရှားမှုလေး တစ်ခုတည်းကပင် စူးချန်ခုန်းကို ထိတ်လန့်သွားစေသည်။ ချင်းမေ့ရှန်၏ လှုပ်ရှားမှု အရှိန်မှာ သူ့ထက် မနိမ့်ကြောင်း ပြသနေသဖြင့် သူ ထွက်ပြေးလျှင်ပင် ချင်းမေ့ရှန်းက လွယ်လွယ်ကူကူ လိုက်နိုင်မည် ဖြစ်သည်။
ချင်းမေ့ရှန်က သက်ပြင်းတစ်ချက် ချလိုက်သည်။ “ကောင်းပြီလေ... ငါ တစ်ယောက်ယောက်နဲ့ မတိုက်ဖြစ်တာ တော်တော်ကြာပြီ။ တကယ့် မျှော်လင့်ချက်မဲ့ခြင်းဆိုတာ ဘာလဲဆိုတာ ငါ မင်းကို ပြရတာပေါ့။”
စူးချန်ခုန်းမှာ အစွမ်းထက်ပြီး အနာဂတ်တွင် သိုင်းဝိဇ္ဇာသူတော်စင် ဖြစ်လာနိုင်သော ပါရမီရှင်တစ်ဦး ဖြစ်နိုင်သော်လည်း ချင်းမေ့ရှန် ကိုယ်တိုင် လှုပ်ရှားရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်ရာ မှားယွင်းမှု ရှိလိမ့်မည် မဟုတ်ပေ။
“ပိုင်ယင်ခွမ်း... မင်းတို့ သုံးယောက် ငါ့အတွက် အသက်ပေးဖို့ အချိန်တန်ပြီ”
ချင်းမေ့ရှန်၏ တည်ငြိမ်အေးစက်သော အသံမှာ ပိုင်ယင်ခွမ်းနှင့် အခြားနှစ်ဦး၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားတော့သည်။
အခန်း (၇၂၅) မသေနိုင်သော မိစ္ဆာဝိညာဉ်နှင့် အသက်ခြွေအဖွဲ့အစည်း၏ အရှင်သခင်။ (၂)
“အရှင်…မလုပ်ပါနဲ့။ ကျွန်တော့်ကို နောက်ထပ် အခွင့်အရေးတစ်ခုလောက် ထပ်ပေးပါ။ ကျွန်တော့်ရဲ့ အစွမ်းရှိသမျှ သုံးပြီး ဒီကောင်လေးကို ဖမ်းပေးပါ့မယ်။”
ပိုင်ယင်ခွမ်း၏ မျက်ခွံများမှာ တုန်ယင်သွားသည်။ သူသည် တစ်စုံတစ်ခုကို ရိပ်မိသွားသဖြင့် အသည်းအသန် အော်ဟစ်လျက် နောက်သို့ ဆုတ်ခွာရန် ကြိုးစားတော့သည်။ သို့သော် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ထူထပ်လှသော မိစ္ဆာစွမ်းအားများမှာ သူ၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့ဘဲ သူ့ကို ထိုနေရာမှာပင် တုပ်နှောင်ထားသကဲ့သို့ ဖြစ်သွားစေသည်။ လက်ချောင်းတစ်ချောင်းကိုပင် လှုပ်ရှားရန် ခက်ခဲသွားခဲ့သည်။
ချင်းမေ့ရှန် ပြုစုပျိုးထောင်ထားသော လက်အောက်ငယ်သားများမှာ သူတို့၏ ခန္ဓာကိုယ်အတွင်း၌ သစ္စာဖောက်ခြင်းကို ကာကွယ်ရန် ထိန်းချုပ်ဆေးများ ထည့်သွင်းခံထားရသူများ ဖြစ်ကြသည်။ သူတို့သည် အရှင်သခင်ကို မည်သို့မျှ ဆန့်ကျင်၍ မရပေ။ ပိုင်ယင်ခွမ်းသည် အန္တရာယ်ကို သိရှိသဖြင့် ထွက်ပြေးလိုသော်လည်း အချည်းနှီးသာ။
ဝူးရှ်
ဝတ်ရုံနက်နှင့် ချင်းမေ့ရှန်၏ ပုံရိပ်သည် ပိုင်ယင်ခွမ်းထံသို့ တိုက်ရိုက် ပျံသန်းသွားသည်။ သူတို့ ထိတွေ့မိသည်နှင့် ဝတ်ရုံနက်အောက်မှ နက်မှောင်သော မြူခိုးများသည် ပိုင်ယင်ခွမ်း၏ မျက်လုံး၊ နား၊ ပါးစပ်၊ နှာခေါင်းနှင့် အရေပြားပေါက်များအတွင်းသို့ ချက်ချင်း တိုးဝင်သွားတော့သည်။
“အားးးး”
ပိုင်ယင်ခွမ်းသည် နားကွဲလုမတတ် စူးရှလှသော အော်ဟစ်သံကြီးကို ထုတ်ဖော်လိုက်ရာ ကောင်းကင်ယံရှိ တိမ်တိုက်များပင် လူးလာတုံ့ပြန်သွားခဲ့သည်။
ဂျွတ်... ဂျွတ်... ဂျွတ်
ပိုင်ယင်ခွမ်း၏ ထွားကျိုင်းလှသော ခန္ဓာကိုယ်မှာ ပြင်းထန်စွာ ဖောင်းကားလာသည်။ သူ၏ မိစ္ဆာစွမ်းအားများမှာ မီးရှို့ခံလိုက်ရသကဲ့သို့ ဆူပွက်လာပြီး အရိုးများ ကျိုးကြေသံများနှင့်အတူ သူ၏ အရပ်မှာ ဆယ်ပေခန့်အထိ မြင့်တက်လာခဲ့သည်။
ပိုင်ယင်ခွမ်း၏ အရေပြားများ ပေါက်ထွက်သွားပြီး ၎င်းတို့အောက်မှ အနက်ရောင် အကြေးခွံများ ပေါ်ထွက်လာကာ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသည်။ သူ၏ ဦးခေါင်းခွံကို ဖောက်ထွက်၍ ဦးချိုနှစ်ချောင်း ထွက်ပေါ်လာရာ ကောင်းကင်ကြီးကိုပင် ထိုးခွဲတော့မည့်အလား အပေါ်သို့ ကွေးတက်သွားသည်။
ထိုအချိန်မှာပင် ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာအရှိန်အဝါတစ်ခု ကောင်းကင်သို့ မြင့်တက်သွားပြီး အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားသည်။ ကြယ်နှင့် လတို့ မှိန်ဖျော့နေသော ညအချိန်ဖြစ်သော်လည်း ဤတောင်တန်း၏ ပတ်ဝန်းကျင် ကိုက်ပေါင်းများစွာမှာ အခြားသော အတိုင်းအတာတစ်ခုအတွင်းသို့ ရောက်ရှိသွားသကဲ့သို့ မိမိလက်ဝါးကိုပင် မမြင်ရလောက်အောင် မှောင်အတိ ကျသွားခဲ့သည်။
‘အသင်းတော် အရှင်က...ပိုင်ယင်ခွမ်းရဲ့ ခန္ဓာကိုယ်ထဲကို ဝင်သွားတာလား။ ပိုင်ယင်ခွမ်းရဲ့ အရှိန်အဝါက... အရင်ကထက် အဆပေါင်းများစွာ မြင့်တက်လာတယ်။’
ဝူမုန့်နှင့် ဝူချင်းတို့မှာ မယုံနိုင်သော မျက်လုံးများဖြင့် ကြည့်နေကြသည်။ ခဏချင်းအတွင်းမှာပင် ပိုင်ယင်ခွမ်း၏ အရှိန်အဝါမှာ သူတို့ လုံးဝ မမီနိုင်သော အဆင့်သို့ ရောက်ရှိသွားခဲ့သည်။ ဤသည်မှာ ချင်းမေ့ရှန်းက ပိုင်ယင်ခွမ်း၏ ခန္ဓာကိုယ်ကို ယုတ်မာစွာ သိမ်းပိုက်လိုက်ခြင်းကြောင့်ပင် ဖြစ်သည်။
အထောက်အပံ့မရှိတော့သော ဝတ်ရုံနက်မှာ မြေပြင်ပေါ်သို့ ပုံကျသွားသော်လည်း ပိုင်ယင်ခွမ်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ပြင်းထန်လှသော မိစ္ဆာစွမ်းအားများကြောင့် ချက်ချင်းပင် အစအနမကျန် ပျက်စီးသွားတော့သည်။
‘သူက... ချင်းမေ့ရှန်လား။’
ပိုင်ယင်ခွမ်း၏ အံ့ဩဖွယ် အသွင်ပြောင်းလဲမှုကို စူးချန်ခုန်းလည်း မှင်သက်စွာ ကြည့်နေမိသည်။
ယခုအခါ ပိုင်ယင်ခွမ်းမှာ လူသားပုံသဏ္ဍာန် ပျောက်ကွယ်သွားပြီး အကြေးခွံများ၊ ဦးချိုများနှင့် သံမဏိနှာမောင်းကဲ့သို့သော အမြီးတစ်ခု ပါရှိလာသည်။ အပြင်ပန်းမှ ကြည့်ပါက သူသည် နက်မှောင်သော အကြေးခွံများ ဖုံးလွှမ်းထားပြီး ဦးချိုနှစ်ချောင်း ထွက်နေသည့် လူသားပုံစံ မိစ္ဆာကြီးတစ်ကောင် ဖြစ်သွားခဲ့လေပြီ။
“ဂါး... ခန္ဓာကိုယ်တစ်ခု ရှိရတာ တကယ်ကို ကောင်းတာပဲ။”
ပိုင်ယင်ခွမ်း သို့မဟုတ် တိတိကျကျ ပြောရလျှင် ချင်းမေ့ရှန်သည် မိစ္ဆာခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ရင်း သူ၏ လည်ချောင်းအတွင်းမှ ဩရှရှ အသံဖြင့် ရေရွတ်လိုက်သည်။
‘ဒါကြောင့်ကိုး... ဒီချင်းမေ့ရှန်က အစက ခန္ဓာကိုယ် မရှိလို့ တိုက်ခိုက်နိုင်စွမ်း မရှိခဲ့တာပဲ။ သူက ပိုင်ယင်ခွမ်းအပါအဝင် မိစ္ဆာသိုင်းပညာရှင် သုံးယောက်ကို ခေါ်လာတာက ငါနဲ့ တိုက်ဖို့အတွက် သူတို့ရဲ့ ခန္ဓာကိုယ်တွေကို လက်ခံကောင်အဖြစ် သုံးဖို့ပဲ။’
ချင်းမေ့ရှန်၏ ကြောက်မက်ဖွယ် အရှိန်အဝါကြောင့် ထိတ်လန့်သွားရုံသာမက စူးချန်ခုန်းသည် အခြေအနေကိုလည်း အကြမ်းဖျင်း နားလည်သွားသည်။ ချင်းမေ့ရှန်သည် ဝိညာဉ်အခြေအနေဖြင့်သာ တည်ရှိနေပြီး တိုက်ခိုက်နိုင်စွမ်း မရှိသူ ဖြစ်သည်။
သူသည် ပိုင်ယင်ခွမ်းနှင့် အခြားနှစ်ဦးကို ခေါ်လာခြင်းမှာ သူတို့၏ ခန္ဓာကိုယ်ကို ခဏတာ ငှားရမ်း၍ စူးချန်ခုန်းနှင့် တိုက်ခိုက်ရန် ဖြစ်သည်။ အကယ်၍ သူတို့ သုံးယောက်က စူးချန်ခုန်းကို အနိုင်ယူနိုင်ပါက သူကိုယ်တိုင် လှုပ်ရှားစရာ မလိုသော်လည်း တိုက်ပွဲစသည်နှင့် ပိုင်ယင်ခွမ်းတို့မှာ အထိနာနေသည်ကို မြင်သောအခါ သူကိုယ်တိုင် သိမ်းပိုက်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
“မင်းတို့ကို ငါ အရင်းအမြစ်တွေ ကျင့်စဉ်တွေနဲ့ အချိန်တွေ အများကြီး ပေးခဲ့တာတောင် အဆင့်မတက်နိုင်ကြဘူး။ အသုံးမကျတဲ့ကောင်တွေ။ အသုံးမကျတဲ့ကောင်တွေဆိုတာ နောက်ဆုံးအစွမ်းအထိ အသုံးချခံရဖို့ပဲ ရှိတယ်။”
ချင်းမေ့ရှန်သည် အကြေးခွံများဖုံးနေသော သူ၏ ထွားကျိုင်းလှသော မိစ္ဆာခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သည်။ ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်သွားပြီဖြစ်ရာ သူ၏ စိတ်ခံစားချက်မှာ ပိုမို ကြမ်းတမ်းလာပြီး နှုတ်ခမ်းတွင် အပြုံးတစ်ခု ဆင်မြန်းလျက် ရေရွတ်နေသည်။
နှစ်ပေါင်းများစွာအတွင်း ချင်းမေ့ရှန်သည် မိစ္ဆာသိုင်းပညာရှင်များစွာကို ပျိုးထောင်ခဲ့သော်လည်း အားလုံးမှာ အောင်မြင်မှု မရရှိခဲ့ကြပေ။ ခန္ဓာကိုယ်များကို အမြဲတမ်း လဲလှယ်နိုင်ပြီး အကန့်အသတ်များကို ကျော်လွန်နိုင်မည့် ‘ဝင်စားခြင်း’ မိစ္ဆာအတတ်ကို ကျင့်ကြံနေသော ဖန်ရှန့်ဝူ တစ်ဦးတည်းကိုသာ သူ တကယ့်ကို တန်ဖိုးထားခဲ့ခြင်း ဖြစ်သည်။
သို့သော် ဖန်ရှန့်ဝူမှာ စူးချန်ခုန်းလက်တွင် ရှုံးနိမ့်သွားခဲ့သဖြင့် ချင်းမေ့ရှန် ကိုယ်တိုင် လှုပ်ရှားရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ စူးချန်ခုန်းကို အရှင်မဖမ်းနိုင်လျှင်ပင် သူ သတ်ပစ်ရမည်။ သူ၏ ကံကြမ္မာကို ဖြတ်တောက်ပြီး ဆက်လက် ကြီးထွားလာမည့် အခွင့်အရေးကို မပေးရန် သူ ဆုံးဖြတ်ထားသည်။
“သူတို့ကို သတ်ရမယ်။”
စူးချန်ခုန်း ရုတ်တရက် လှုပ်ရှားလိုက်သော်လည်း သူသည် ချင်းမေ့ရှန်ထံသို့ တိုက်ရိုက် မသွားပေ။ ထိုအစား ဝူမုန့်နှင့် ဝူချင်းတို့ကို ဦးတည်လိုက်သည်။
ပိုင်ယင်ခွမ်းနှင့် အခြားနှစ်ဦးမှာ ချင်းမေ့ရှန်၏ စွမ်းအားများကို လက်ခံရန် ပြင်ဆင်ထားသော ခန္ဓာကိုယ်များ ဖြစ်ကြသည်။ ထို့ကြောင့် ဝူမုန့်နှင့် ဝူချင်းတို့ကို သတ်ပစ်ခြင်းက ချင်းမေ့ရှန်၏ အစွမ်းကို သွယ်ဝိုက်သောနည်းဖြင့် အားနည်းသွားစေမည် ဖြစ်သည်။
ဝူးရှ်
စူးချန်ခုန်းသည် မြေပြင်ကို ကျုံ့စေခြင်းအတတ်ဖြင့် တစ်လှမ်းတည်းနှင့် ခန္ဓာကိုယ် နှစ်ပိုင်းပြတ်နေသော ဝူမုန့်၏ ရှေ့သို့ ရောက်သွားပြီး သူ၏ သံဖြတ်ဓားဖြင့် ဝူမုန့်၏ ဦးခေါင်းကို တိုက်ရိုက် ခုတ်ချလိုက်သည်။
“မဖြစ်ဘူး”
ဝူမုန့်သည် သေခြင်းတရား၏ အငွေ့အသက်ကို ခံစားလိုက်ရသော်လည်း ဒဏ်ရာကြောင့် ပြန်လည် မခုခံနိုင်တော့ပေ။ သို့သော် ထွားကျိုင်းသော ပုံရိပ်တစ်ခုက လေကိုခွင်း၍ ဝူမုန့်၏ ရှေ့တွင် တစ်ခဏချင်း ပေါ်လာခဲ့သည်။ ၎င်းမှာ ချင်းမေ့ရှန်ပင် ဖြစ်သည်။
“ဝုန်း”
ချင်းမေ့ရှန်သည် အကြေးခွံများဖုံးနေသော သူ၏ ဘယ်လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်၍ စူးချန်ခုန်း၏ ဓားချက်ကို ရင်ဆိုင်လိုက်သည်။ ထိုလက်သီးချက်တွင် ပါဝင်လာသော လေပြင်းမှာ ဒီရေလှိုင်းကြီးတစ်ခုကဲ့သို့ အဟုန်ပြင်းလှသည်။
“ချလွမ်”
သတ္တုချင်း ထိတွေ့သံနှင့်အတူ စူးချန်ခုန်းသည် ဓားသွားမှတစ်ဆင့် တိုးဝင်လာသော ဧရာမ အားအင်တစ်ခုကြောင့် နောက်သို့ လွင့်စင်သွားခဲ့သည်။ ချင်းမေ့ရှန်၏ လက်သီးပေါ်ရှိ အကြေးခွံများမှာမူ အက်ကြောင်း အနည်းငယ်သာ ဖြစ်ပေါ်သွားခဲ့သည်။
အခန်း (၇၂၆) မသေနိုင်သော မိစ္ဆာဝိညာဉ်နှင့် အသက်ခြွေအဖွဲ့အစည်း၏ အရှင်သခင်။ (၃)
“အရှင်... အသင်းတော် အရှင်...”
သေကံမရောက် သက်မပျောက်ခဲ့သော ဝူမုန့်မှာ ကျေးဇူးတင်စကားပင် ပြောခွင့်မရလိုက်ပေ။ ချင်းမေ့ရှန်၏ လက်ဝါးမှာ အားဖြင့် ဆုပ်ကိုင်လိုက်သည်။
ဂျွတ်... ဂျတ်
ဝူမုန့် တစ်ချက်ကလေးပင် အော်ဟစ်ချိန်မရလိုက်ဘဲ အရပ်မျက်နှာအနှံ့မှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားများက သူ့ကို ညှစ်ခြေလိုက်ရာ အရိုးများ ကြေမွပြီး အသားစိုင်များမှာ ကလေးလက်သီးဆုပ်ခန့် အသားလုံးလေးတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
“အစ်ကိုကြီး”
မလှမ်းမကမ်းရှိ ဝူချင်းမှာ ဝူမုန့် တစ်ယောက် ချင်းမေ့ရှန်၏ လက်ထဲတွင် အသားလုံး ဖြစ်သွားသည်ကို မြင်ပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
“မင်းလည်း လာခဲ့စမ်း”
ချင်းမေ့ရှန်က အခြားလက်တစ်ဖက်ဖြင့် လေထဲသို့ လှမ်းဖမ်းလိုက်ရာ ဝူချင်းမှာလည်း မခုခံနိုင်ဘဲ သူ၏ထံသို့ ဆွဲခေါ်ခြင်း ခံလိုက်ရသည်။ သူ၏ ကံကြမ္မာကို သိသွားသောအခါ ဝူချင်းသည် ဒေါသတကြီး ဆဲဆိုတော့သည်။ “ချင်းမေ့ရှန်…မင်းလို မိစ္ဆာကောင်... အသေဆိုးနဲ့သေပါစေ။”
နှစ်ပေါင်းများစွာ သူတို့ သစ္စာရှိရှိ အလုပ်အကျွေးပြုခဲ့သော်လည်း ယခုအခါ တာ့ဝူဖုန်းကို နှိမ်နင်းရန်အတွက် သူတို့ကို အမှိုက်ကဲ့သို့ သဘောထားကာ နှမြောခြင်းမရှိဘဲ စတေးလိုက်ခြင်း ဖြစ်သည်။
“မင်းတို့ရဲ့ အသက်တွေက အစကတည်းက ငါ့အပိုင်ပဲ။”
ချင်းမေ့ရှန်မှာ တုန်လှုပ်ခြင်း မရှိပေ။ သူ၏ လက်ချောင်းများကို ညှစ်လိုက်ရာ အရိုးနှင့် အသားများ ကြေမွသွားသံနှင့်အတူ ဝူချင်း၏ ခန္ဓာကိုယ်မှာလည်း အသားလုံးလေးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် သူသည် ပါးစပ်ကို ကျယ်ကျယ်ဖွင့်ကာ ဝူမုန့်နှင့် ဝူချင်းတို့ ဖြစ်ခဲ့ဖူးသော အသားလုံးများကို တစ်လုပ်တည်း ဝါးမြိုပစ်လိုက်သည်။
“ဒါနဲ့ဆိုရင်... ငါ့မှာ အားအင်တွေ ပိုရှိလာပြီး ပိုပြီးတော့ ကြာကြာ လှုပ်ရှားနိုင်မှာပေါ့။”
ချင်းမေ့ရှန်က သူ၏ နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ရာ သူ၏ မျက်နှာမှာ ရက်စက်ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်နေသည်။
သူ၏ မိစ္ဆာဝိညာဉ်သည် ပိုင်ယင်ခွမ်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ သူ၏ အစွမ်းရှိသမျှကို လောင်စာကဲ့သို့ အသုံးပြု၍ အကန့်အသတ်များကို ကျော်လွန်အောင် လုပ်ဆောင်ထားခြင်း ဖြစ်သည်။ သို့သော် ထိုလောင်စာမှာ အချိန်တိုအတွင်း ကုန်ဆုံးသွားနိုင်ရာ ဝူမုန့်နှင့် ဝူချင်းတို့ကို ဝါးမြိုခြင်းမှာ မီးတောက်ကို ပိုမို အားကောင်းစေရန်နှင့် ကြာရှည်ခံစေရန် ထင်းထည့်လိုက်ခြင်းပင် ဖြစ်သည်။
ဤအချိန်အတွင်း၌ ချင်းမေ့ရှန်သည် သိုင်းဝိဇ္ဇာသူတော်စင်များမှလွဲ၍ မည်သည့် ပြိုင်ဘက်ကိုမဆို အနိုင်ယူနိုင်စွမ်း ရှိနေသည်။ ဤသည်မှာလည်း သူ အသက်ခြွေအဖွဲ့အစည်းမှ လူသုံးယောက်ကို ခေါ်လာရသည့် အဓိက အကြောင်းရင်း ဖြစ်သည်။
‘ဒီချင်းမေ့ရှန်က... တကယ့် မိစ္ဆာစစ်စစ်ပဲ။’
ရှေ့မှ မြင်ကွင်းကြောင့် စူးချန်ခုန်း၏ စိတ်လေးသွားခဲ့သည်။ ချင်းမေ့ရှန်သည် ဟုန်းကျန်းရှန့် ပြောပြခဲ့သကဲ့သို့ပင် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းပြီး ရည်မှန်းချက်အတွက်ဆိုလျှင် ဘာမဆို လုပ်ဝံ့သည့် သွေးအေးရက်စက်သူ ဖြစ်သည်။
ချင်းမေ့ရှန်က စူးချန်ခုန်းကို အဝေးမှ လှမ်းကြည့်ကာ ဟိန်းဟောက်လိုက်သည်။ “လူငယ်လေး... ထွက်ပြေးဖို့ မစဉ်းစားနဲ့။ မင်း ငါ့လက်က လွတ်မှာ မဟုတ်ဘူး... မင်း လွတ်သွားရင်တောင် မင်းရဲ့ ဂိုဏ်းသားအားလုံးကို ငါ သတ်ပစ်မယ်။ မင်း လုပ်နိုင်တာက ငါစိတ်ကျေနပ်အောင် အစွမ်းကုန် ခုခံပြဖို့ပဲ ရှိတယ်။”
ချင်းမေ့ရှန်သည် ဝိညာဉ်လမ်းစဉ်ဂိုဏ်းကို အသုံးပြု၍ တိုက်ရိုက် ခြိမ်းခြောက်လိုက်ရာ စူးချန်ခုန်းမှာ နောက်ဆုတ်ရန် လမ်းမရှိတော့ပေ။
“ချင်းမေ့ရှန်... မင်း ဘယ်လို မိစ္ဆာပဲဖြစ်ဖြစ် ဒီနေ့တော့... မင်း သေကို သေရမယ်။”
စူးချန်ခုန်း၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ တောက်လောင်နေလျက်။ ယနေ့တွင် အသက်ခြွေအဖွဲ့အစည်းနှင့် စာရင်းဟောင်းအားလုံး ရှင်းရန် သူ ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။ ချင်းမေ့ရှန်ကို သတ်နိုင်ပါက အဖွဲ့ကြီးမှာ ပျက်စီးသွားမည်ဖြစ်ပြီး သူ၏ အန္တရာယ်အရှိဆုံး ရန်သူကိုလည်း ဖယ်ရှားနိုင်မည် ဖြစ်သည်။
“ရှူးးး”
စကားအဆုံးတွင် စူးချန်ခုန်း လှုပ်ရှားလိုက်ရာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ခရီးအကွာအဝေးများစွာကို ကျော်ဖြတ်သွားခဲ့သည်။ သူ၏ ဓားသွားဝိညာဉ်ကို နှိုးဆော်လိုက်ပြီး သံဖြတ်ဓားပေါ်တွင် မိုးကြိုးလျှပ်စီးများ တောက်ပလာကာ ဖျက်ဆီးခြင်း နတ်ဘုရား၏ လက်နက်ကဲ့သို့ ရန်သူထံသို့ ကျဆင်းသွားသည်။
ယင်ယန်ပြောင်းလဲခြင်းမှ ရရှိသော မိုးကြိုးစွမ်းအား ပါဝင်သည့် ဤဓားချက်မှာ အရှိန်ရော အစွမ်းပါ အရင်ကထက် များစွာ သာလွန်နေသည်။
“ဖျတ်”
ပြင်းထန်လှသော ခုတ်ချက်မှာ ချင်းမေ့ရှန်၏ ဦးခေါင်းပေါ်သို့ ကျရောက်သွားပြီး မိစ္ဆာစွမ်းအင် အကာအကွယ်ကို ဖောက်ထွက်ကာ အနက်ဝက်ခန့်အထိ ပိုင်းဖြတ်မိသွားသည်။ ဓားသွားဝိညာဉ်၏ စွမ်းအားမှာလည်း တစ်ပြိုင်တည်း တိုးဝင်သွားပြီး ချင်းမေ့ရှန်၏ ဝိညာဉ်ကို တိုက်ရိုက် ပိုင်းဖြတ်ရန် ကြိုးစားလိုက်သည်။
သို့သော် ဓားဝိညာဉ်မှ ဖြစ်ပေါ်လာသော လှိုင်းလုံးကြီးမှာ ချင်းမေ့ရှန်၏ ခန္ဓာကိုယ်အတွင်းသို့ ရောက်ရှိသွားချိန်တွင် သမုဒ္ဒရာထဲသို့ ရွှံ့ခဲတစ်ခဲ ပစ်ချလိုက်သကဲ့သို့ ဘာမျှမထူးခြားဘဲ ပျောက်ကွယ်သွားခဲ့သည်။
“ဝိညာဉ်စွမ်းအား အပိုင်းမှာဆိုရင်... ငါက မင်းထက် ပိုသန်မာတယ်။”
ချင်းမေ့ရှန်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ စူးချန်ခုန်းမှာ ဓားသွားဝိညာဉ်ကို ပိုင်ဆိုင်ထားသော်လည်း ချင်းမေ့ရှန်မှာမူ နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်လာခဲ့သော တကယ့် မိစ္ဆာကြီး ဖြစ်သည်။ သူ၏ မိစ္ဆာဝိညာဉ်မှာ ခန္ဓာကိုယ်မရှိဘဲ လွတ်လပ်စွာ သွားလာနိုင်သည်အထိ အားကောင်းလှသည်။ ဝိညာဉ်အဆင့်တွင် သူသည် စူးချန်ခုန်းထက် များစွာ သာလွန်နေသဖြင့် စူးချန်ခုန်းအနေဖြင့် ဝိညာဉ်အဆင့်မှ တိုက်ခိုက်သတ်ဖြတ်ရန်မှာ အလွန် ခက်ခဲလှသည်။
စကားအဆုံးတွင် ချင်းမေ့ရှန်၏ အကြေးခွံများဖုံးနေသော လက်ဝါးမှာ လျှပ်စီးကဲ့သို့ မြန်ဆန်စွာ ထွက်ပေါ်လာသည်။ သူ၏ ချွန်ထက်လှသော လက်သည်းများမှာ လေထုကို ပွတ်တိုက်မိကာ အနက်ရောင် အက်ကြောင်းငါးခုကို ဖြစ်ပေါ်စေသည်။
စူးချန်ခုန်း ကျန်ရစ်ခဲ့သော ပုံရိပ်မှာ ချက်ချင်း ကြေမွသွားခဲ့လေ၏။ သူသည် 'နတ်သမင် ကောင်းကင်လှမ်းခြေ' အတတ်ဖြင့် ချင်းမေ့ရှန်၏ နောက်ကျောဘက်သို့ ချက်ချင်း ရောက်ရှိသွားပြီး သူ၏ သံဖြတ်ဓားကို လေ၏ ပြောင်းလဲခြင်းများနှင့် ပေါင်းစပ်လိုက်သည်။
တစ်ခဏအတွင်းမှာပင် စူးချန်ခုန်းသည် ဓားချက်ပေါင်း ဆယ်ဂဏန်းကျော်ကို ထုတ်ဖော်လိုက်သည်။ ဓားသွားပေါ်ရှိ လေပြင်းများမှာ လေဓားများအဖြစ် ပြောင်းလဲသွားပြီး ချင်းမေ့ရှန်၏ လည်ပင်း၊ ကျောရိုးနှင့် အရေးပါသော နေရာများကို ပစ်မှတ်ထားကာ ဓားကွန်ရက်တစ်ခုအဖြစ် ဝိုင်းပတ်လိုက်သည်။
သို့သော် ချင်းမေ့ရှန်မှာ ရှောင်တိမ်းရန်ပင် စိတ်မဝင်စားပေ။ သူ၏ မိစ္ဆာခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာအက်ကြောင်းလေးများ ပေါ်လာသော်လည်း မျက်တောင်တစ်ခတ်အတွင်း ပြန်လည် ကုသသွားသဖြင့် မည်သည့် ထိခိုက်မှုမျှ မရှိပေ။
စူးချန်ခုန်း၏ ဓားသွားဝိညာဉ်မှာ ချင်းမေ့ရှန်၏ အလွန် အားကောင်းလှသော မိစ္ဆာဝိညာဉ်ကို မထိခိုက်နိုင်သဖြင့် ဤမိစ္ဆာခန္ဓာကိုယ်၏ 'မသေမျိုးခန္ဓာ' ကိုလည်း မတားဆီးနိုင်တော့ပေ။ ဆိုလိုသည်မှာ စူးချန်ခုန်းအနေဖြင့် အဆက်မပြတ် ပြင်းထန်စွာ တိုက်ခိုက်ခြင်းဖြင့်သာ သူ့ကို သတ်နိုင်ရန် ကြိုးစားရမည် ဖြစ်သည်။ သို့သော် စူးချန်ခုန်း၏ ဓားချက်များမှာ ချင်းမေ့ရှန်အတွက် အပေါ်ယံ ဒဏ်ရာလောက်သာ ပေးနိုင်သဖြင့် အရေးမပါလှပေ။
“မိစ္ဆာတိမ်တိုက် ကောင်းကင်ပိတ်ဆို့ခြင်း”
ချင်းမေ့ရှန်၏ ရွှေရောင်မျက်လုံးများမှာ အေးစက်နေလျက်။ သူ၏ ပြင်းထန်လှသော မိစ္ဆာစွမ်းအားများမှာ တောမီးကဲ့သို့ ပျံ့နှံ့သွားပြီး ကိုက်တစ်ရာအတွင်းရှိ ပတ်ဝန်းကျင်ကို တစ်ခဏချင်း ဖုံးလွှမ်းသွားတော့သည်။
ဝူးရှ်
ပတ်ဝန်းကျင် ဟင်းလင်းပြင် တစ်ခုလုံးမှာ မိစ္ဆာအရှိန်အဝါများ ပြည့်နှက်သွားရာ အခန်းလွတ်တစ်ခုအတွင်းသို့ ပစ္စည်းများ အတင်းအကျပ် ဖြည့်သွင်းလိုက်သကဲ့သို့ ဖြစ်သွားသည်။ ထိုအတွင်း၌ ပိတ်မိနေသော စူးချန်ခုန်းမှာ ရုန်းကန်ရ ခက်ခဲသွားပြီး နတ်သမင် ကောင်းကင်ခြေလှမ်းအတတ်ကိုလည်း ကောင်းမွန်စွာ မသုံးနိုင်တော့ပေ။
“ကောင်းကင်မိစ္ဆာ မိစ္ဆာဘုရင် ချိပ်စည်း”
ချင်းမေ့ရှန်က ရုတ်တရက် လှည့်လိုက်ပြီး သူ၏ ညာလက်ကို လက်သီးတံဆိပ်အဖြစ် ဖော်ဆောင်လိုက်သည်။ တောက်လောင်နေသော မိစ္ဆာစွမ်းအားများသည် အဆုံးမရှိသော မိစ္ဆာမီးတောက်များအဖြစ် ပြောင်းလဲသွားပြီး နတ်ဘုရားနှင့် မိစ္ဆာများကိုပင် သတ်ဖြတ်နိုင်သော ကြောက်မက်ဖွယ် လက်သီးချက်ကို ပစ်လွှတ်လိုက်သည်။
ချင်းမေ့ရှန်သည် ပိုင်ယင်ခွမ်း၏ ခန္ဓာကိုယ်ကို အသုံးပြု၍ သူ၏ မိစ္ဆာဝိညာဉ်ဖြင့် ထိုခန္ဓာကိုယ်၏ အစွမ်းရှိသမျှကို အထွတ်အထိပ်သို့ ရောက်အောင် နှိုးဆော်လိုက်ခြင်း ဖြစ်သည်။ ၎င်းမှာ ဝူမုန့်နှင့် ဝူချင်းတို့၏ စွမ်းအားများပါ ပေါင်းစပ်ထားသဖြင့် အချိန်ကြာရှည် မခံနိုင်သော်လည်း တစ်ခဏတာအတွင်း၌မူ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အစွမ်းကို ထုတ်ဖော်နိုင်ခြင်း ဖြစ်သည်။
“ဆန်းကြယ်လိပ် ချီစွမ်းအင်သံချပ်ကာ”
ပတ်ဝန်းကျင်မှာ ချင်းမေ့ရှန်၏ ပိတ်ဆို့ခြင်းကို ခံထားရသဖြင့် စူးချန်ခုန်းအနေဖြင့် အတင်း ခုခံရန်မှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။ ဆန်းကြယ်လိပ် ချီစွမ်းအင်အရည်တစ်စက်မှာ ကွဲထွက်သွားပြီး မည်သူမျှ မထိုးဖောက်နိုင်သော စွမ်းအင်သံချပ်ကာအဖြစ် သူ့ကို ဖုံးလွှမ်းသွားခဲ့သည်။
“ဝုန်း”
ချင်းမေ့ရှန်၏ ပြင်းထန်လှသော လက်သီးချက်မှာ စူးချန်ခုန်း၏ ရင်ဘတ်ပေါ်သို့ ကျရောက်သွားသည်။ ထိုခဏ၌ ဧရာမ အားအင်တစ်ခု ပေါက်ကွဲထွက်လာပြီး ပတ်ဝန်းကျင် လေဟာပြင်ကြီးမှာ ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။ ကြမ်းတမ်းလှသော မိစ္ဆာအရှိန်အဝါများသည် လေပြင်းမုန်တိုင်းကဲ့သို့ အရပ်မျက်နှာအနှံ့သို့ တိုက်ခတ်သွားရာ ကမ္ဘာမြေကြီးပင် လန်တက်သွားတော့မည့်အလား ထင်ရသည်။
ဂျွတ်... ဂျွတ်... ဂျွတ်
မည်သူမျှ မထိုးဖောက်နိုင်ဟု ယူဆထားသော ဆန်းကြယ်လိပ် ချီစွမ်းအင်သံချပ်ကာမှာ ထိုကြောက်မက်ဖွယ် လက်သီးချက်အောက်တွင် အစိတ်စိတ်အမွှာမွှာ ကြေမွသွားခဲ့သည်။ အပြာရောင် သလင်းကျောက်ကဲ့သို့ သံချပ်ကာမှာ ကွဲထွက်သွားပြီး စူးချန်ခုန်းမှာလည်း ဧရာမ သားရဲကြီးတစ်ကောင် အတိုက်ခံလိုက်ရသကဲ့သို့ နောက်သို့ လွင့်စင်သွားတော့သည်။
ချင်းမေ့ရှန်က ပိုင်ယင်ခွမ်း၏ ခန္ဓာကိုယ်မှတစ်ဆင့် ထုတ်ဖော်လိုက်သော အစွမ်းမှာ ပိုင်ယင်ခွမ်း ကိုယ်တိုင် ထုတ်ဖော်ခြင်းနှင့် လုံးဝ ခြားနားလှပေတော့သည်။