← Chapters

၁၀၀၀ ခုမြောက် သွေးကြော

Vol. 26 Ch. 358

၁၀၀၀ ခုမြောက် သွေးကြော

Vol. 26 Ch. 358

ပထမဆုံး မာန်အရိုး ဖြစ်ပေါ်လာသည်နှင့် တစ်ပြိုင်နက်၊ စုမင်နံဖူးမှ ချွေးတို့စိမ့်ထွက်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်တစ်ခဏ အတွင်းမှာပင် သူ၏ သွေးများ၊ ရုပ်နယ်လွန်စွမ်းအားများနှင့် သူ့အသက်ဓာတ်တို့ အပါအဝင် ခန္ဓာကိုယ်အတွင်းရှိ အရာအားလုံးမှာ မကြာသေးမီက ဖြစ်ပေါ်လာခဲ့သော မာန်အရိုးအတွင်းသို့ စုပ်ယူခံလိုက်ရသောကြောင့် ဖြစ်သည်။

ထိုမာန်အရိုးမှာ အရာအားလုံးကို ရူးသွပ်စွာ ဝါးမြိုနေသော ဟင်းလင်းပြင်တစ်ခု သဖွယ် ပြောင်းလဲသွားသကဲ့သို့ပင်။

စုမင်ခန္ဓာကိုယ်မှာ အလျင်အမြန်ပင် စတင်ခြောက်ကပ်လာသည်။ သူ့ပါးများ ချောင်ကျသွားပြီး အသားများမှာလည်း အလျင်အမြန် ရှုံ့တွသွားကြသည်။ တစ်ခဏတာ အတွင်းမှာပင် ပိုမိုပိန်ပါးသွားခဲ့လေသည်။

သူ့တွင် ရှိရှိသမျှ အရာအားလုံးကို ထိုမာန်အရိုးမှ စုပ်ယူသွားခဲ့သည်။

သို့သော်လည်း စုမင် ခုခံခြင်းမပြုခဲ့ပေ။ တည်ငြိမ်အေးဆေးသော အကြည့်တစ်ခုဖြင့်သာ ထိုနေရာတွင် ဆက်ရပ်နေခဲ့သည်။ ထိုမာန်အရိုးသည် သူ၏ အသက်ဓာတ် သုံးပုံတစ်ပုံကို စုပ်ယူပြီးသောအခါမှသာ ရပ်တန့်သွားခဲ့၏။

၎င်းရပ်တန့်သွားသည်နှင့် တစ်ပြိုင်နက် သူ့အပေါ်တွင် တောက်ပနေသော အပြာရောင်အလင်းမှာလည်း ပိုမိုပြင်းထန်စွာ စူးရှတောက်ပလာခဲ့သည်။

'အဲဒါက သုံးပုံတစ်ပုံကိုပဲ စုပ်ယူသွားခဲ့တာလား'

စုမင် မျက်လုံးတို့ တောက်ပသွားသည်။ ပိုမိုပိန်ပါးသွားပြီး သူ့တွင် ခွန်အားအပြည့် မရှိတော့သော်ငြားလည်း စုမင်ထံတွင် သူရရှိခဲ့သော မာန်အရိုး၏ စွမ်းအားနှင့်ပက်သက်၍ ခံစားချက်တစ်ခု ရှိနေ၏။

ဆန့်ကျင်ဘက် ဖြစ်နေဟန်တူသော်လည်း အမှန်စင်စစ်တော့ ထိုအားနည်းမှု အခိုက်အတန့်မှာ ယာယီသာဖြစ်သည်။ သူစွမ်းအားရှိသည်ဟု ခံစားနေရခြင်းမှာ ရုပ်နယ်လွန်နယ်ပယ်အား ကျော်ဖြတ်၍ ရိုးရေစတေးနယ်ပယ်မှ စစ်မှန်သော အစွမ်းထက်မာန်စွမ်းအားရှင် တစ်ဦး ဖြစ်လာခဲ့ခြင်းကြောင့် ဖြစ်သည်။

သူ့မျက်လုံးများထဲ၌ တစ်လောကလုံးက ကွဲပြားခြားနား သွားခဲ့ချေပြီ။ ယခုအချိန်တွင်တော့ ယခင်က သူမမြင်နိုင်ခဲ့သော ကောင်းကင်ရှိ လေဝဲကြီးအတွင်းမှ ဝေဝါးဝါး ဧရာမအရိပ်ကြီးတစ်ခုကိုပင် စုမင် မြင်တွေ့နိုင်နေပြီ ဖြစ်၏။

၎င်းမှာ လေဝဲကြီးအတွင်း ဖုံးကွယ်နေသော မာန်ဝိညာဉ်နယ်ပယ် နတ်ဘုရားရုပ်တု၏ အစစ်အမှန်ပုံစံကြီး ဖြစ်သည်။

ကမ္ဘာလောကကြီးက ပြည့်စုံခြင်းမရှိကြောင်းကို ယခုတော့ သူမြင်တွေ့ခဲ့ရချေပြီ။ ၎င်းထံတွင် ရှေးကျသော အရှိန်အဝါတစ်ခု ထွက်ပေါ်နေသည့် အက်ကြောင်းများစွာ ရှိနေသည်။ ဤအက်ကြောင်းများသည် ယခုမှသာထွက်ပေါ်လာခြင်း မဟုတ်ပဲ မူလအစတည်းက ရှိနေခဲ့ခြင်း ဖြစ်သည်။

သူ အစောပိုင်းက မမြင်နိုင်ခဲ့သော ဟယ်ဖုန်းကိုလည်း စုမင် တွေ့လိုက်ရသည်။ ဟယ်ဖုန်းမှာ အခြားမာန်စွမ်းအားရှင် တစ်ဦး၏ ခန္ဓာကိုယ်အဖြစ်ပင် ပြောင်းလဲထားခဲ့ချေပြီ။ စူးရှတောက်ပနေသော မျက်လုံးများဖြင့် ၎င်းသည် ထိုနေရာတွင်ရပ်လျက် သူ့ကိုယ်ပိုင်အတွေးများအတွင်း နစ်မြုပ်နေခဲ့သည်။ သူ့ပုံစံမှာ စုမင်အကြည့်အား လုံးဝသတိမပြုမိသကဲ့သို့ပင် ဖြစ်၏။

ထို့အပြင် ကမ္ဘာလောကထဲရှိ ကြီးမားသော စွမ်းအားပမာဏတစ်မျိုးကိုလည်း စုမင်ခံစားမိနေသည်။ ထိုစွမ်းအားမှာ ကမ္ဘာလောကကြီးကိုယ်တိုင် ဖြစ်နေသကဲ့သို့ပင်။ သူ ၎င်းကိုမြင်နိုင်သော်လည်း အသုံးတော့မချနိုင်ချေ။

"ရိုးရေစတေး... မင်းအရိုးကို စတေးပြီး မာန်အရိုးအဖြစ် ပြောင်းလဲလိုက်တဲ့အခါ ကမ္ဘာပေါ်မှာရှိတဲ့ ကြီးမားတဲ့ စွမ်းအားပမာဏတွေကို မင်း စတင်ထိန်းချုပ်နိုင်လာလိမ့်မယ်..." စုမင် တီးတိုးရေရွတ်လိုက်ကာ စိတ်ထဲမှ နားလည်သဘောပေါက်သွားခဲ့သည်။

ထိုအခိုက်အတန့်တွင် မြေပြင်ထက်ရှိ မာန်စွမ်းအားရှင်များနှင့် ရှာမန်များအပေါ် တိတ်ဆိတ်မှုကသာ ကြီးစိုးထားခဲ့သည်။ ၎င်းတို့မှာ ကောင်းကင်ကို မော့ကြည့်နေကြ၏။ စုမင်မျက်နှာကို မမြင်ရသော်ငြား ထူးဆန်းသောမြင်ကွင်းနှင့် နတ်ဘုရားရုပ်တု၏ အေးစက်စက် စကားသံများက သူတို့မျက်နှာမမြင်ရသော ထိုလူထံတွင် မည်သို့သော အဖြစ်အပျက်မျိုး ဖြစ်ပျက်နေကြောင်း သူတို့အား နားလည်သွားစေသည်။

ဤလူမှာ ရုပ်နယ်လွန်နယ်ပယ်အား ချိုးဖြတ်၍ ရိုးရေစတေးနယ်ပယ်သို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်းလည်း သူတို့ သိရှိသွားခဲ့ကြသည်။

ရှာမန်များကလည်း စောင့်ကြည့်နေကြခြင်း ဖြစ်သည်။ အစွမ်းထက် ရှာမန်တို့၏ စိတ်ထဲတွင် တဝီဝီမြည်သံများ ပဲ့တင်ထပ်လျက် စုမင်မျက်နှာကို မမြင်နိုင်ပဲ ဖြစ်နေစေ၏။ စုမင်အား မြင်နိုင်သူများမှာ မာန်စွမ်းအားရှင်မျိုးနွယ်စုမှ လူအနည်းငယ်သာ ဖြစ်သည်။ နတ်ဘုရားရုပ်တု၏ ဖိအားအောက်တွင်တော့ သူတို့သည်လည်း စုမင်၏ ခန္ဓာကိုယ်တွင်းမှ အပြောင်းအလဲများကို များစွာမတွေ့ရပဲ သူတို့ခံစားရသော အရှိန်အဝါပေါ်မူတည်၍ ကိုယ်ပိုင်မှန်းဆချက်များသာ ပြုလုပ်နိုင်လေသည်။

"ပြီးသွားပြီ... လေမာန်စွမ်းအားရှင်ရဲ့ အမွေကို သူဆက်ခံပြီးတာနဲ့ ရိုးရေစတေးနယ်ပယ်ရဲ့ အစစ်အမှန် စစ်နတ်ဘုရား တစ်ပါး ဖြစ်လာလိမ့်မယ်..."

"သူ့ရုပ်ရည်ကို ဖုံးကွယ်ဖို့ သီးခြားတံခါးပိတ် ကျင့်ကြံနေတဲ့ ကောင်းကင်မြူခိုး ဘိုးဘေးဆီကတောင် အကူအညီရအောင် လုပ်နိုင်ခဲ့သူကသာ ရိုးရေစတေးရဲ့ အစစ်အမှန် စစ်နတ်ဘုရား ဖြစ်လာနိုင်တာပါလား"

"ဒါပေမယ့် သူရှေ့ဆက်လျှောက်ရမယ့် လမ်းကြောင်းက အရှည်ကြီး ရှိပါသေးတယ်။ အမွေအနှစ်ကို ဆက်ခံဖို့က အချိန်လိုတယ်၊ ပိုမိုသန်မာလာဖို့ကလည်း အချိန်လိုအပ်သေးတာပဲ။ ပိုင်ချန်းကျိုက်ရဲ့ အဆင့်မှာရှိတဲ့ အစွမ်းထက်မာန်စွမ်းအားရှင် တစ်ယောက် ဖြစ်လာနိုင်မလား ဆိုတာကတော့ သူ့တစ်ယောက်တည်း အပေါ်မှာပဲ မူတည်နေမှာ"

ထျန်းလန်မုန်သည်လည်း စုမင်ကို မြင်နိုင်ချေ၏။ စုမင်ထံလှမ်းကြည့်နေသော သူမမျက်လုံးများအတွင်း ပျော်ရွှင်မှုများကို တွေ့မြင်နိုင်ပြီး သူမ မျက်နှာထက်တွင်လည်း နူးညံ့သော အပြုံးလေးတစ်ခု ရှိနေခဲ့သည်။

အေးတိအေးစက် ထျန်းလန်ယို့မှာ မျက်မှောင်ကြုတ်ထားဆဲ ဖြစ်သော်ငြား သူမအကြည့်များကတော့ စုမင်အပေါ်တွင်သာ စူးစိုက်ကျရောက်နေခဲ့သည်။ ဤလူသည် ယနေ့တွင်မှ သူမနှင့် ပထမဆုံး တွေ့ဖူးခြင်းဖြစ်သော်လည်း သူမထံတွင် အလွန်လေးနက်သော ထင်မြင်ချက်တစ်ခု ချန်ထားရစ်နိုင်ခဲ့ချေပြီ။ လူတစ်ထောင်အား ဦးဆောင်ခဲ့စဉ်က ဖြစ်စေ၊ ခိုင်မာသော ဆုံးဖြတ်ချက်ဖြင့် တစ်ဦးတည်း ကျန်ရစ်ခဲ့စဉ်က ဖြစ်စေ၊ စစ်မြေပြင်တွင် အထင်ရှားဆုံး မြင်ကွင်းတစ်ခု ဖြစ်သွားခဲ့စဉ်က ဖြစ်စေ ၎င်းအရာများအားလုံးက သူမလျစ်လျူရှုမထားနိုင်သော အရာများဖြစ်နေသည်။

သို့သော် စိတ်အရှုပ်ထွေးဆုံး ဖြစ်နေသူကတော့ သေချာပေါက်ပင် ကျိုးသဲဖြစ်သည်။ သူတန်ဖိုးထားခဲ့ပြီး ဤတစ်ကြိမ် ဖျော်ဖြေတင်ဆက်မှုအတွက် စီစဉ်ပေးခဲ့သူမှာ ရိုးရေစတေးနယ်ပယ်၏ အစစ်အမှန် စစ်နတ်ဘုရားတစ်ပါး ဖြစ်သွားလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဖူးချေ။

"ပြီးသွားပြီ... သူက အခု မာန်အရိုးတစ်ခုရှိတဲ့ ရိုးရေစတေးနယ်ပယ်က မာန်စွမ်းအားရှင်တစ်ယောက် ဖြစ်သွားပြီ" ကောင်းကင်မြူခိုး မြို့တော်၏ နံရံများထက်တွင် ရပ်နေသော အဘိုးအိုရှစ်ဦးအနက် တစ်စုံတစ်ယောက်က ဖြည်းညင်းစွာ မှတ်ချက်ချသည်။

အခြားသူ အများစုတွင်လည်း တူညီသော အမြင်မျိုးရှိနေခဲ့သည်။ ဤကိစ္စမှာ ဤနေရာတွင်သာ အဆုံးသတ်သွားပေလိမ့်မည်။ ထို့နောက်တွင်တာ့ နတ်ဘုရားရုပ်တု နှစ်ခု ထွက်ခွာသွားခြင်းက နောက်ဆက်တွဲကပ်ပါလာလိမ့်မည်။ ပြီးလျှင်တော့ စစ်ပွဲက ဆက်လက်ဖြစ်ပွားကောင်း ဖြစ်ပွားပေလိမ့်မည်...

သို့သော် ထိုအခိုက်အတန့်မှာပင် ကောင်းကင်ထက်ရှိ ရိုးရေစတေးနယ်ပယ် နတ်ဘုရားရုပ်တုဘေးတွင် ရှိနေသော စုမင်မှာ ပိုမိုတောက်ပသော အပြာရောင်အလင်းဖြင့် ရုတ်ခြည်း စတင်တောက်ပလာခဲ့သည်။ ထိုအလင်းမှာ အလွန်အံ့သြဖွယ်ကောင်းပြီး ၎င်းတောက်ပလာသည်နှင့် အမျှ တအံ့တသြ အကြည့်များကလည်း ထိုနေရာသို့ ရောက်ရှိလာခဲ့သည်။

"ဒါက... ဒုတိယမြောက် မာန်အရိုး ပေါ်လာတဲ့ လက္ခဏာပဲ"

"ရုပ်နယ်လွန်နယ်ပယ်ကနေ ချိုးဖျက် တက်ရောက်ခါစ လူတိုင်းနီးပါးက ပထမမာန်အရိုး စတေးမှု ပြီးမြောက်ဖို့အတွက်ပဲ သူတို့ရဲ့ ရုပ်နယ်လွန်စွမ်းအားကို သုံးနိုင်ကြတာ။ သူ... အဲဒါ သူပဲ ဖြစ်နေမလား..."

"သူ့နာမည် ဘယ်လိုခေါ်လဲ။ ဘယ်မျိုးနွယ်စု၊ ကလန်က လာတာလဲ။ ရုပ်နယ်လွန်ချိန်တုန်းက သွေးကြော ဘယ်နှစ်ခု ထုတ်ဖော်နိုင်ခဲ့တာလဲ"

"ရုပ်နယ်လွန်တုန်းက သူ့ကိုယ်ထဲမှာ စုဆောင်းထားခဲ့တဲ့ ရုပ်နယ်လွန်စွမ်းအားတွေက သာမန်ရုပ်နယ်လွန် မာန်စွမ်းအားရှင်တစ်ယောက်ထက် အများကြီး သာလွန်နေတာများ ဖြစ်နိုင်မလား"

"အဲလိုပဲ ဖြစ်ရမယ်။ သူ့ကို ကြည့်လိုက်လေ။ သူက မကြာသေးခင်တုန်းကမှ ရုပ်နယ်လွန်နယ်ပယ် ပြည့်စုံခြင်းကို ရောက်ခဲ့တဲ့ မာန်စွမ်းအားရှင်လေး တစ်ယောက်ဆိုပေမယ့် ရိုးရေးစတေးနယ်ပယ်က လူတွေကို သတ်နိုင်နေပြီ။ အဲဒါကတင် ငါတို့ကို ဘာတွေဖြစ်နေတာလဲဆိုတာ ပြောပြနိုင်ဖို့ လုံလောက်နေပြီပဲ"

အဘိုးအိုရှစ်ဦး၏ မျက်လုံးများအတွင်း အံ့အားသင့်မှုများ ထွက်ပေါ်လာခဲ့သည်။

"သူ့နာမည်က စုမင်။ ပြီးတော့ အေးခဲကောင်းကင် ကလန်ကပဲ... သူရုပ်နယ်လွန်ချိန်မှာ သွေးကြော ၉၉၉ခု ထုတ်ဖော်ခဲ့တယ်"  မကြာသေးမီက ပြောဆိုခဲ့သော အိုမင်းနေသည့် အသံကြီးက ကောင်းကင်မြူခိုး မြို့တော်ထံမှ နောက်တစ်ဖန် ထွက်ပေါ်လာခဲ့ပြန်သည်။

ထိုအသံမှာ မာန်စွမ်းအားရှင် မျိုးနွယ်စုအတွင်းမှ ကန့်သတ်ထားသော လူအနည်းငယ်သာ ကြားနိုင်သည့်ပုံစံဖြင့် ထွက်ပေါ်လာနေဆဲ ဖြစ်သည်။

ထိုစကားလုံးများ ထွက်ပေါ်လာပြီးသည်နှင့် ထျန်းလန်ယို့၏ အမူအရာက ပထမဆုံး ပြောင်းလဲသွားခဲ့သည်။ မျက်နှာထက်တွင် မယုံကြည်နိုင်မှုတို့ အထင်းသားထွက်ပေါ်လာပြီး သူမတစ်ဦးတည်းသာ ထိုသို့ တုန့်ပြန်လိုက်မိခြင်း မဟုတ်ပေ။ ကျိုးသဲမှာလည်း ထိုနည်းအတိုင်း တုန့်ပြန်လိုက်မိပြီး အသက်ကိုပင် ခပ်ပြင်းပြင်း ရှူရှိုက်လိုက်မိ၏။ အများအားဖြင့် ထွက်ပေါ်လာလေ့ မရှိသော ယခု စစ်မြေပြင်အတွင်းရှိ

မာန်ဝိညာဉ်နယ်ပယ်မှ မွန်းစတားအိုကြီးများ၏ မျက်လုံးများကလည်း တောက်ပလာကြသည်။

"သူ့ရဲ့ ပထမဆုံး မာန်အရိုးကို စတေးချိန်မှာ သူ့ကိုယ်ထဲက စွမ်းအား သုံးပုံတစ်ပုံလောက်ပဲ ကုန်သွားခဲ့တယ်..." အိုမင်းသော အသံကြီးက နောက်တစ်ဖန် ထပ်ပြောလိုက်ရာ ကြားလိုက်ရသူများအားလုံးက စုမင်အား ချက်ချင်း စူးစိုက်ကြည့်လိုက်ကြသည်။

ထိုအခိုက်အတန့်တွင် ကျောရိုးရှိ ပထမကျောရိုးဆစ်အား ပထမဆုံး မာန်အရိုးအဖြစ် ပြောင်းလဲပြီးသွားသည်နှင့် စုမင်ခန္ဓာကိုယ်ကို ဖုံးလွှမ်းနေသော အပြာရောင်အလင်းက ရုတ်တရက် ပိုမိုတောက်ပလာခဲ့သည်။ ၎င်းရုတ်တရက် ပိုမိုတောက်ပလာရခြင်း၏ ရင်းမြစ်က စုမင်၏ ဒုတိယကျောရိုးဆစ်ပင် ဖြစ်သည်။

ဒုတိယကျောရိုးဆစ်မှ အပြာရောင်အလင်း တောက်ပလာခြင်းက တစ်ခုတည်းကိုသာ ဆိုလို၏... စုမင် ရုပ်နယ်လွန်ခဲ့ချိန်က သူ့ကိုယ်ထဲတွင် သိုလှောင်ထားခဲ့သော ရုပ်နယ်လွန်စွမ်းအားမှာ သာမန် ရုပ်နယ်လွန်မာန်စွမ်းအားရှင် တစ်ယောက်တွင်ရှိသော စွမ်းအားပမာဏထက် များစွာသာလွန်နေခဲ့သည် ဟူ၍ပင်။

အကယ်၍ သေချာတွေးကြည့်လျှင်တော့ ဤအရာသည် သွေးကြောကျောက်သား နယ်ပယ်၌ရှိစဉ်က စုမင်ထံတွင် သွေးကြော ၉၉၉ခု ရှိခဲ့သည်ဆိုသော အချက်နှင့် တိုက်ရိုက်ဆက်စပ်နေကြောင်း တွေ့ရပေလိမ့်မည်။ သွေးကြောကျောက်သား နယ်ပယ်တွင် ရှိစဉ်ကတည်းက စုမင်က ထိပ်ဆုံးတွင် ရပ်တည်နေခဲ့ပြီး ဖြစ်သည်။ သူ့ကိုယ်ထဲရှိ ဟန်တောင်တန်းဘိုးဘေး၏ မာန်အရိုးပါ ထပ်ပေါင်းလိုက်သောအခါ ရုပ်နယ်လွန်ပြီးချိန်၌ စုမင်စွမ်းအားက ရွယ်တူများထက် များစွာကျော်လွန်သွားခဲ့တော့သည်။

သူ၏ ဖန်တီးမှုပညာရပ်နှင့် ထျန်းရှဲ့ကျီ၏ လမ်းညွှန်မှုတို့ပါ ပါဝင်လာသောအခါ ရိုးရေစတေးနယ်ပယ်သို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် ထိုအရာများအတွင်းမှ အလားအလာများအားလုံး ပေါက်ကွဲထွက်ပေါ်လာတော့၏။

ထိုအရာမှာ သူစုဆောင်းထားသော ခွန်အားများအားလုံးကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်လိုက်သည် ဟူသော အဓိပ္ပါယ်လည်း ဖြစ်သည်။

သွေးကြောကျောက်သား နယ်ပယ်၌ သွေးကြောများ များပြားစွာ ထုတ်ဖော်နိုင်ခဲ့ခြင်းနှင့် ရုပ်နယ်လွန်နယ်ပယ်တွင် သိပ်သည်းသော ရုပ်နယ်လွန်စွမ်းအားများ စုဆောင်းနိုင်ခဲ့ခြင်းတို့က စုမင်အား သူ၏ ပထမဆုံး မာန်အရိုး စတေးမှု ပြီးမြောက်ပြီး နောက်မှာပင် စွမ်းအား ခုနစ်ပုံခန့် ကျန်ရှိနေစေသည်။ ထိုစွမ်းအားမှာ သူ၏ ဒုတိယမြောက် မာန်အရိုးကို စတေးနိုင်ရန် လုံလောက်ပေသည်။

အကယ်၍ သူ့တွင် မာန်အရိုးတစ်ခုတည်းသာ ရှိခဲ့မည်ဆိုလျှင် ရိုးရေစတေးနယ်ပယ် ကနဦးဆင့်တွင်သာ ရှိနေလိမ့်မည် ဖြစ်သော်ငြား မာန်အရိုးနှစ်ခု ရရှိခဲ့လျှင်တော့ အလယ်ဆင့်သို့ ရောက်ရှိသွားပေလိမ့်မည်။

မာန်စွမ်းအားရှင်တို့၏ သမိုင်းတစ်လျှောက် ဤအရာကို လုပ်နိုင်သူ မရှိခဲ့ခြင်း မဟုတ်သော်လည်း လုပ်ဆောင်နိုင်ခဲ့သူကတော့ အလွန်နည်းပါးလှ၏။ ဤအရာအတွက် အလွန်ခိုင်မာသော အခြေခံအုတ်မြစ်နှင့်အတူ ကြီးစွာသော ကံကောင်းမှုတို့ လိုအပ်ချေသည်။ တစ်ခုလေးပင် လွဲချော်၍မရပေ။

ထိုအချိန်မှာပင် စုမင်ကိုယ်ပေါ်ရှိ အပြာရောင်အလင်းမှာ ပိုမိုတောက်ပလာပြီး သူ့သွေးနှင့် အခြားအရာအားလုံးမှာလည်း နောက်တစ်ဖန် ပြန်လည်ခြောက်ကပ်လာပြန်သည်။ သူ၏သွေးနှင့် အသက်ဓာတ်တို့မှာ အသစ်ဖြစ်ပေါ်လာသော ဒုတိယမြောက် မာန်အရိုး၏ ကြောက်မက်ဖွယ်အရှိန်ဖြင့် စုပ်ယူခြင်းခံလိုက်ရသည်။

ပထမမာန်အရိုးသည် သူ၏ သွေးနှင့် အသက်ဓာတ် သုံးပုံတစ်ပုံကိုသာ လိုအပ်ခဲ့သော်လည်း ဒုတိယမာန်အရိုးကတော့ မျက်စိတစ်မှိတ်အတွင်း အခြားသုံးပုံတစ်ပုံကို စုပ်ယူပြီးသွားချိန်မှာပင် ၎င်းတို့အား ဆက်လက်စုပ်ယူနေဆဲ ဖြစ်သည်။

စတေးရမည့် မာန်အရိုး အသစ်တစ်ခုစီအတွက် လိုအပ်သော တန်ဖိုးက သိသိသာသာ မြင့်တက်လာမည်မှာ ရှင်းလင်းထင်ရှားလို့ နေသည်။

သူ့ခန္ဓာကိုယ် အလျင်အမြန် အားနည်းလာနေသည်ကို စုမင်ခံစားမိသော်လည်း အလဲအလှယ်အနေဖြင့် ထိုအခိုက်အတန့်အတွက် ပြန်လည်ရရှိလိုက်သည်က ကြီးမားသော စွမ်းအားတစ်ခု ဖြစ်နေ၏။ သူ့ကိုယ်ထဲ၌ ဒုတိယမြောက် မာန်အရိုး ပေါ်လာတော့မည့် အချိန်မှာပင် ဖော်ပြခြင်းငှါ မစွမ်းသာသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာပြီး ကမ္ဘာပေါ်ရှိ ထိုဝေဝါးဝါး စွမ်းအားကိုပင် သူပိုမိုပြတ်သားစွာ အာရုံခံနိုင်လာခဲ့သည်။

၎င်းသည် နေရာတိုင်း၌ ရှိနေပြီး ရုပ်နယ်လွန်နယ်ပယ်တွင် ရှိနေသူများ အာရုံမခံနိုင်သည့် စွမ်းအားတစ်ခု ဖြစ်သည်။ ရိုးရေစတေးနယ်ပယ်သို့ ရောက်ရှိပြီးသူများသည်သာ သူတို့ကိုယ်ထဲရှိ မာန်အရိုးများကြောင့် ၎င်းကို အာရုံခံနိုင်လာကြသည်။ သို့သောလည်း ၎င်းတို့အား အနည်းငယ်မျှပင် ဖြစ်စေ ထိန်းချုပ်လိုလျှင်တော့ ရိုးရေစတေးနယ်ပယ် နှောင်းပိုင်းအဆင့်တွင် ရှိနေဖို့ လိုပေလိမ့်မည်။ မာန်ဝိညာဉ်နယ်ပယ်၌ ရှိနေသူများသာလျှင် ကမ္ဘာလောက၏ စွမ်းအားကို အပြည့်အဝ ထိန်းချုပ်နိုင်လိမ့်မှာ ဖြစ်သည်။

သူနှင့် ကမ္ဘာလောကကြီးက ပေါင်းစည်းသွားသလို စုမင်ခံစားလိုက်ရသည်။ သူက ၎င်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာသကဲ့သို့ပင်။ ကမ္ဘာလောကကြီးမှာ သူ၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာပြီဟုလည်း ပြောကောင်းပြောနိုင်၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် စုမင်ခန္ဓာကိုယ်က အတော်ကြီး ခြောက်ကပ်ပိန်ပါးသွားခဲ့ပြီ ဖြစ်သည်။ သူ့ပုံစံမှာ အသိအမှတ်ပြုနိုင်သည်ထက် ပိုမိုကျိုးပဲ့လွယ်ပုံ ပေါ်လာပြီး ခန္ဓာကိုယ်တွင်း၌လည်း အသက်ဓာတ်နှင့် သွေးတို့ ၁၀ပုံပုံ ၂ပုံသာ ကျန်တော့သောအခါ နောက်ဆုံးတွင်မတော့ စုမင်ကျောရိုးပေါ်တွင် ဒုတိယမြောက်မာန်အရိုးက လုံးလုံးလျားလျား ထွက်ပေါ်လာခဲ့ချေသည်။

၎င်းပေါ်လာသည်နှင့် တစ်ပြိုင်နက် စုမင် ကောင်းကင်သို့မော့ကြည့်လျက် ကြာမြင့်စွာ အော်ဟစ်လိုက်သည်။ ထိုအော်ဟစ်သံသည် ကောင်းကင်ကို လှုပ်ခါ၍ အရပ်မျက်နှာ အနှံ့သို့ ပျံ့နှံ့သွားပြီး လှိုင်းဂယက်ငယ်လေးများပင် ဖြစ်ပေါ်လာစေခဲ့သည်။

စုမင်ခန္ဓာကိုယ်၏ ကျဆင်းသွားမှုနှင့် စွမ်းအား၏ ခံစားချက်၊ ဤဆန့်ကျင်ဘက် အာရုံနှစ်ခုမှာ အတူတကွ ရောယှက်သွားပြီး အော်ဟစ်သံနှင့်အတူ သူ့ပတ်လည်၌ ပျံ့နှံ့သွားသည်။

မာန်အရိုး နှစ်ခု...

အဖြစ်အပျက်များ၏ တိုးတက်မှုက အောက်ရှိ မာန်စွမ်းအားရှင်များ မျှော်မှန်းနိုင်သည်ထက် ကျော်လွန်နေခဲ့သည်။ မာန်အရိုးနှစ်ခုအား စတေးပြီးသောအခါ စုမင်မှာ သူ့အကန့်အသတ်သို့ ရောက်ရှိသွားလောက်ပြီဟု သူတို့ မူလက တွေးထင်ထားခဲ့ခြင်း ဖြစ်သည်။

စုမင် ကိုယ်တိုင်လည်း အလားတူ တွေးထားခဲ့မိသည်မှာ ထိုအရာ မတိုင်မီအထိပင်...

သူ့သွေး၊ အသက်ဓာတ်နှင့် ရုပ်နယ်လွန်စွမ်းအားတို့ ၁၀ပုံ ၂ပုံသာ ကျန်တော့ချိန်တွင် စုမင်ခန္ဓာကိုယ်ရှိ သွေးကြောအားလုံးမှာ အလျင်အမြန် ကြီးမားလာပြီး အရေပြားပေါ်သို့ ထွက်ပေါ်လာကြသည်။ သူ့ခန္ဓာကိုယ် တစ်ခုလုံးတွင် အစိမ်းရောင် ကင်းမြီးကောက်များ တွားသွားနေသကဲ့သို့ ၎င်းတို့ပုံစံက အလွန်ကြောက်မက်ဖွယ် ကောင်းနေခဲ့သည်။

ထိုပုံစံမျိုး ဖြစ်ပေါ်နေပုံ ပေါ်သော်လည်း မည်သူမဆို သေချာဂရုတစိုက် ကြည့်လိုက်မည်ဆိုလျှင်တော့ စုမင်ကိုယ်ပေါ်ရှိ သွေးကြောများအားလုံးမှာ အတူတကွ စုဖွဲ့လျက် တွန့်လိမ်နေသော သွေးကြောကြီးတစ်ခုသဖွယ် ဖြစ်ပေါ်လာနေကြောင်း ပြောနိုင်ကြပေလိမ့်မည်။

၎င်းက ပူပူနွေးနွေး၊ လတ်လတ်ဆတ်ဆတ် သွေးအသစ်တို့ ပါဝင်နေသော အစိမ်းရောင်သွေးကြောကြီး ဖြစ်သည်... ၎င်းက အတိတ်တွင် စုမင် မထုတ်ဖော်ရန် ရွေးချယ်ခဲ့သော သွေးကြောဖြစ်သည်။ သို့သော်လည်း အမှန်စင်စစ်တွင်တော့ ၎င်းက သူ့ဆီသို့ ရောက်ရှိနေခဲ့ပြီး ဖြစ်၏။ ၎င်းက စုမင်၏ သွေးများထဲတွင် ဖုံးကွယ်ခံထားခဲ့ရပြီး ယခုတော့ သူ့ကိုယ်ပေါ်ရှိ သွေးကြောများအားလုံးကို... ၁၀၀၀ခုမြောက် သွေးကြောအဖြစ် ပြောင်းလဲလိုက်ခဲ့ချေပြီ။

***

All Chapters