အခန်း (၁၈၁-၁၈၃)
Vol. 13 Ch. 181-183
အခန်း(၁၈၁)
ဖန်းအင်တည်းခိုဆောင်သည် အလွန်သန့်ရှင်းသည်။ တည်းခိုဆောင်ကို အရှေ့ပိုင်းနှင့် အနောက်ပိုင်းဟူ၍ ခွဲခြားထားသည်။ အရှေ့ပိုင်းတွင် အထပ်သုံးထပ် ရှိသည်။ ထိုနေရာမှာ ဧည့်သည်တော်များ သောက်စားကြသည်။ အနောက်ပိုင်းတွင် အထပ်လေးထပ် ရှိသည်။ ယင်းက ဧည့်သည်တော်များ အိပ်စက်အနားယူသောနေရာ ဖြစ်သည်။ အစားအစာများနှင့် အိပ်ခန်းများက ထိုနေရာမှာ ရှိသည်။ ဤတည်းခိုဆောင်ပိုင်ရှင်၏ စီမံခန့်ခွဲမှုက စည်းစနစ်ကျသည်ဟု ဆိုရမည်။
မည်သို့ဖြစ်ပါစေ ရှေးခေတ်ကာလတွင် စားသောက်ဆိုင်က စားသောက်ဆိုင်ဖြစ်ပြီး တည်းခိုဆောင်က တည်းခိုဆောင် ဖြစ်သည်။ တည်းခိုဆောင်က အစားအစာများ ထောက်ပံ့ပေးသည်ဆိုလျှင်ပင် ယင်းတို့က သာမန်ဟင်းလျာများ ဖြစ်ကြသည်။ တည်းခိုဆောင်၏ အစားအစာများက စားသောက်ဆိုင်ကို မယှဉ်နိုင်ပေ။
ထို့ကြောင့် ဖင်းအန်တည်းခိုဆောင်ထဲသို့ သီရှီထျန်ဝင်သွားသည့်အခါ သူမြင်လိုက်ရသောအရာကြောင့် စိတ်ထဲမှာ အံ့ဩသွားသည်။
တည်းခိုဆောင်ထဲသို့ သူတို့ဝင်သွားသည်နှင့် သွက်လက်သော စားပွဲထိုးတစ်ဦးက ချက်ချင်း အရှေ့ထွက်လာပြီး သူတို့ကို အပြုံးဖြင့် ကြိုဆိုနှုတ်ဆက်သည်။
“ မင်္ဂလာပါ ဧည့်သည်တော်တို့… ဘာများသုံးဆောင်ကြပါမလဲ… ကျုပ်တို့ဆီမှာ အစားအသောက်ကောင်းတွေ ရှိရုံတင်မကဘူး အိပ်ခန်းတွေကလည်း အရမ်းသက်တောင့်သက်သာရှိပါတယ်… ကျုပ်တို့တည်းခိုဆောင်ရဲ့ ဘဲကင်အစပ်နဲ့ ကြက်မွှကြော်က ဒီမိုင်တစ်ရာအတွင်းမှာ နာမည်ကျော်ကြားပါတယ်… ဒါ့အပြင် ဒီကို ရောက်လာကြတဲ့ ဧည့်သည်တော်အားလုံးက ကျုပ်တို့တည်းခိုဆောင်ရဲ့ စိတ်ရွှင်ပျော်သေရည်ကို မှာယူသောက်သုံးကြပါတယ်… ဧည့်သည်တော်တို့ သေချာပေါက် စိတ်ကျေနပ်စေမယ်လို့ ကျုပ်အာမခံပါတယ် ”
စားပွဲထိုးက သူတို့နှစ်ယောက်ကို ကြည့်လိုက်သည်။ ဝတ်စုံနက် ဝတ်ဆင်ထားသော သီရှီထျန်က ကြီးမြတ်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ဟွာဝမ့်ဝူက တန်ဖိုးကြီးအဝတ်အစားကို ဝတ်ဆင်ထားပြီး သူ၏ ခန္ဓာကိုယ်မှ တော်ဝင်အရှိန်အဝါကို ထုတ်လွှတ်နေသည်။ သူ၏ လှုပ်ရှားမှုတိုင်းမှာ မြင့်မြတ်ထည်ဝါမှုကို သယ်ဆောင်ထားသည်။ ယင်းက မထူးဆန်းပေ။ ဟွာဝမ့်ဝူက တော်ဝင်မိသားစုမှာ မွေးဖွားလာသူ ဖြစ်သည်။
ထို့ကြောင့် စားပွဲထိုးသည် အကြည့်တစ်ချက်ဖြင့်ပင် ထိုဧည့်သည်တော်နှစ်ဦးက သာမန်မဟုတ်ကြောင်း ပြောနိုင်သည်။ စကားပြောနေစဉ် သူ၏ မျက်လုံးထဲမှ အလင်းရောင်က ပိုပြီးထွန်းလင်းတောက်ပလာသည်။
ဟွာဝမ့်ဝူက ထိုသို့မေးခွန်းအတွက် တာဝန်ယူဖြေကြားသည်။ သူက ခေါင်းညိတ်လိုက်ပြီး လေးနက်စွာ ပြောသည်။
“ အင်း… ငါတို့ ဒီမှာ စားသောက်ပြီး တစ်ညအနားယူမယ်… ငါတို့အတွက် အခန်းနှစ်ခန်း အသင့်ပြင်ထားပါ… ပြီးတော့ မင်းတို့ဆီက အထင်ကရ အစားအသောက်အားလုံးကို ဒီမှာ လာချပေးပါ ”
သူက စကားပြောပြီးနောက် ငွေတုံးတစ်တုံးကို သူ့လက်ဖဝါးထဲမှာ အလေးချိန် ချိန်ဆပြီးနောက် စားပွဲထိုး၏ လက်ထဲသို့ သာမန်ကာလျှံကာ ပစ်ပေးလိုက်သည်။
“ ကောင်းပါပြီ… ဧည့်သည်တော်ကြီးများ… ကျေးဇူးပြုပြီး တတိယအထပ်ကို ကြွပါ ”
စားပွဲထိုးသည် သူ့လက်ထဲမှ ငွေတုံးကို အလေးချိန် ချိန်ဆလိုက်သည်။ ထို့နောက် သူ့မျက်နှာပေါ်မှ အပြုံးက ပိုပြီးထင်ရှားလာသည်။ သူက တတိယအထပ်ဆီသို့ အရှေ့မှ ဦးဆောင်သွားသည်။
ဤတည်းခိုဆောင်၏ စီးပွားရေးက အမှန်တကယ် ကောင်းသည်။ စားပွဲခုံတစ်ဝက်ကျော်မှာ ဧည့်သည်များဖြင့် ပြည့်နှက်နေသည်။ စကားသံအမျိုးမျိုး၊ အော်သံအမျိုးမျိုးကြောင့် တည်းခိုဆောင်က ဆူညံနေသည်။ ရံဖန်ရံခါ ရယ်သံများ ထွက်ပေါ်လာသည်။ ဤနေရာမှ ဧည့်သည်တော်အများစုက အစားအသောက်စားနေရင်း ကျယ်လောင်စွာ စကားပြောရသည်ကို သဘောကျဟန် ရ၏။ သူတို့က ခန္ဓာကိုယ်တစ်ဝိုက်မှာ ဓားများ၊ ဓားမော့များ၊ လှံများ အစရှိသော လက်နက်အမျိုးမျိုးကို သယ်ဆောင်ထားကြသည်။
တတိယအထပ်သို့ သူတို့ရောက်သွားသည့်အခါ ပြတင်းပေါက်နားမှာ စားပွဲဝိုင်းတစ်ခု လွတ်နေကြောင်း မြင်သွားသည်။ သူတို့က ထိုစားပွဲဝိုင်းဆီသို့ သွားရောက်ပြီး ထိုင်ခုံမှာ ဝင်ထိုင်လိုက်ကြသည်။ မကြာမီ စားပွဲထိုးက တည်းခိုဆောင်၏ အဓိကဟင်းလျာများကို တစ်ပွဲပြီးတစ်ပွဲ လာချပေးသည်။ ထို့ပြင် သူက အစောနက သူပြောခဲ့သော စိတ်ရွှင်ပျော်သေရည်တစ်အိုးကို လာချပေးသည်။
သေရည်အိုးပေါ်မှ ရွှံ့ချိပ်တံဆိပ်ကို ဖယ်ရှားလိုက်သည့်အခါ မွှေးပျံ့လတ်ဆတ်သော သေရည်အနံ့က ပျံ့လွင့်သွားသည်။ သီရှီထျန်က သေရည်ကို တစ်ငုံအရသာခံကြည့်လိုက်သည့်အခါ ယင်းက အတိတ်ဘဝမှာ သူသောက်ခဲ့ဖူးသော အရက်များထက် ပိုပြီးအရသာရှိကြောင်း အမှန်တကယ် လက်ခံသွားသည်။
အစားအစာသည်တော့ ဤလောကသို့ သူရောက်လာပြီးနောက် အသားစိမ်းများကိုသာ စားခဲ့ရသည်မဟုတ်ပါလော။ သို့ဖြစ်၍ ယခုအချိန်မှာ သူက ဟင်းလျာအမျိုးမျိုးကို သေချာအရသာခံ၍ မြည်းစမ်းကြည့်လိုက်သည်။
“ သေမျိုးလောကကနေ ပြန်သွားဖို့ ငါဆန္ဒမရှိဘူး… စိတ်ကျေနပ်တဲ့အထိ သေရည်သောက်မယ်… သေရည်က နှလုံးသားရဲ့ အနက်ပိုင်းထဲ စီးဆင်းသွားတဲ့အထိ သောက်မယ်… သေရည်က ခန္ဓာကိုယ်ထဲက လိုအင်ဆန္ဒတစ်ရာကို နိုးကြားစေတယ်… ”
သီရှီထျန်က သေရည်သောက်လိုက် ဟင်းပွဲများ မြည်းစမ်းလိုက်ဖြင့် လောကစည်းစိမ်ကို ခံစားနေသည်။ ထို့နောက် သူက စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။
“ သေမျိုးလောကက ဧရာမရွှံ့နွံအိုင်ကြီးလို့ လူတွေပြောတာ မထူးဆန်းတော့ပါဘူး… အထဲ တစ်ခါဝင်ပြီးတာနဲ့ ပြန်တတ်ဖို့ မလွယ်ကူတော့ဘူး… တကယ်တော့ ရုန်းထွက်ဖို့ ခက်ခဲတာ မဟုတ်ဘူး… ကိုယ်ကိုယ်တိုင်က ထွက်သွားဖို့ ဆန္ဒမရှိတော့တာ… ဘယ်သူက စိတ်ခံစားချက်ခုနစ်မျိုးနဲ့ လိုအင်ဆန္ဒခြောက်မျိုးကို တွန်းလှန်နိုင်လို့လဲ ”
သူက တိတ်တဆိတ် ထိုင်ခုံပေါ်မှာ ထိုင်နေရင်း စားသောက်နေသည်။ မည်သူမှ သတိမထားမိသည်မှာ ဘေးပတ်ဝန်းကျင်မှ အနက်ရောင်အခိုးအငွေ့များက သီရှီထျန်၏ ခန္ဓာကိုယ်ထဲသို့ တလိပ်လိပ် ဝင်ရောက်သွားနေသည်။
ထိုအနက်ရောင်အခိုးအငွေ့ကို သာမန်မျက်စိဖြင့် မမြင်နိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် ယင်းက မိုးမြေကြားမှ လိုအင်ဆန္ဒစွမ်းအင် ဖြစ်သည်။
ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းသည် ဘေးပတ်ဝန်းကျင်မှ လိုအင်ဆန္ဒစွမ်းအင်ကို သဘာဝအလျောက် စုပ်ယူနိုင်ပြီး မြန်ဆန်စွာ ဝါးမျိုနိုင်သည်။ ယင်းက အပြင်မှာ ထွက်ပေါ်နေသည်ဖြစ်စေ သို့မဟုတ် မိစ္ဆာစံအိမ်ထဲမှာ ရှိနေသည်ဖြစ်စေ လိုအင်ဆန္ဒစွမ်းအင်ကို သူ့အလိုအလျောက် စုပ်ယူနိုင်လိမ့်မည်။ ထိုသို့စုပ်ယူပြီးလျှင် လိုအင်ဆန္ဒစွမ်းအင်က ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်း၏ စွမ်းအား ဖြစ်လာလိမ့်မည်။ မည်သည့်နေရာမှာဖြစ်ပါစေ ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းက မည်သည့်လိုဆန္ဒစွမ်းအင်ကိုမဆို သဘာဝအလျောက် စုပ်ယူနိုင်သည်။
ယင်းကို သီရှီထျန် ထိန်းချုပ်ပေးရန် မလိုပေ။
စက်ကရာသည် အစားစားနေရင်း ဘေးပတ်ဝန်းကျင်မှ လူများ၏ စကားဝိုင်းများကို သေချာနားစွင့်နေသည်။ သူတို့၏ စကားဝိုင်းများထဲမှာ ဤနယ်မြို့ထဲမှ သာမန်အကြောင်းအရာများသာ ပါဝင်သည်။ ဥပမာ ကျန်းမိသားစုက ခွေးတစ်ကောင် ပျောက်ဆုံးသွားသည်။ လီမိသားစုက သူတို့မွေးထားသော နွားတစ်ကောင်ကို ဆုံးရှုံးသွားသည်။ မှန်ပေသည်။ စက်ကရာက ထိုသို့ကိစ္စများကို လျစ်လျူရှုထားသည်။
မကြာမီ စကားတစ်ခုက သူ၏ နားထဲသို့ ရုတ်တရက် ဝင်ရောက်လာသည်။
“ အကိုကြီး… နန်းမြို့တော်က ထွက်လာတဲ့ သတင်းက တကယ်အမှန်ပဲလား… ချင်မိသားစုရဲ့ ကုချင်းနတ်သမီးကိုတိုမီက တကယ်ပဲ သတိုးသားလောင်း ရှာနေတာလား ”
ထိုစကားက သီရှီထျန်၏ စိတ်ဝင်စားမှုကို ချက်ချင်း ဆွဲဆောင်သွားသည်။ သူ၏ အကြည့်က အသံထွက်ပေါ်လာသော ဦးတည်ရာဆီသို့ ချက်ချင်း ရွှေ့ပြောင်းသွားသည်။ ထိုအကြည့်ကြောင့် သူ့ခန္ဓာကိုယ်က အနည်းငယ် တုန်သွားသည်။
တတိယအထပ်၏ တခြားဘက်မှ စားပွဲဝိုင်းတွင် လူငယ်နှစ်ယောက် ထိုင်နေကြသည်။ ထိုလူငယ်နှစ်ယောက်ဆီမှာ သာမန်လူများထံတွင် မရှိသော အရှိန်အဝါ ရှိသည်။ ဤသည်မှာ သူတို့က သာမန်လူများထက် ပိုပြီးမြင့်မြတ်သည့်အလားပင်။ ရှင်းလင်းစွာပင် သူတို့က မသေမျိုးကျင့်ကြံသူများ ဖြစ်ကြသည်။
သီရှီထျန်က အနည်းငယ် မျက်ခုံးပင့်တင်လိုက်သည်။ သို့သော်လည်း မထူးမခြားနား အရိပ်အယောင်က သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ထိုကျင့်ကြံသူနှစ်ယောက်၏ ကျင့်ကြံခြင်းအခြေခံက မမြင့်မားကြောင်း အကြည့်တစ်ချက်ဖြင့် သူပြောနိုင်သည်။ သူတို့က အလယ်အလတ်အဆင့် ချီသန့်စင်ခြင်းနယ်ပယ်မှာ ဖြစ်ကြသည်။ ထိုသို့ကျင့်ကြံသူများက သူ့မျက်လုံးထဲမှာ ပုရွက်ဆိတ်များနှင့် မခြားပေ။ သူက လက်ညှိုးတစ်ချောင်းတည်းဖြင့် ထိုကျင့်ကြံသူနှစ်ယောက်ကို အလွယ်လေး သတ်ပစ်နိုင်သည်။
သို့သော်လည်း ဤနေရာက သေမျိုးလောက ဖြစ်သည်။ အရေးမပါသော ကျင့်ကြံသူနှစ်ယောက်ကို သတ်ပြီး သူ၏ သရုပ်မှန်ကို မထုတ်ဖော်ချင်ပေ။ ယင်းက သေမျိုးလောကဆီသို့ ရောက်လာသော သူ၏ ရည်ရွယ်ချက်အတွက် အတားအဆီး ဖြစ်လာနိုင်သည်။
ထို့ပြင် သူတို့ပြောနေသော စကားဝိုင်းကို သူစိတ်ဝင်စားသည်။
" ချင်မိသားစုရဲ့ အကြီးဆုံးသမီး ကိုတိုမီကို သူတို့က ကုချင်းနတ်သမီးလို့ ခေါ်ကြတယ်… ကြည့်ရတာ ငါ့အထင်က မှန်နေတဲ့ပုံပဲ… ချင်မိသားစုက သာမန်မိသားစုမဟုတ်ဘူး… သေမျိုးလောကမှာ အခြေချနေထိုင်တဲ့ ကျင့်ကြံခြင်းမိသားစုတစ်ခုပဲ… ပြီးတော့ အဲ့ဒီကိုတိုမီက သတိုးသားလောင်း ရှာနေတယ်… ကျင့်ကြံခြင်းမိသားစုတစ်ခုရဲ့ သမီးတစ်ယောက်က သတိုးသားလောင်း ရှာနေတယ်တဲ့လား… စိတ်ဝင်စားစရာပဲ ”
သီရှီထျန်၏ မျက်လုံးထဲမှာ စိတ်ဝင်စားသော အလင်းရောင် ထွက်ပေါ်လာသည်။
ထိုစကားမှတဆင့် သူက အကြောင်းအရာအများကြီးကို နားလည်သွားသည်။ အနည်းဆုံးတော့ ချင်မိသားစုက သာမန်မိသားစုမဟုတ်ဘဲ ကျင့်ကြံခြင်းမိသားစုတစ်ခုဖြစ်ကြောင်း သူသေချာသွားသည်။ ဟွာဝမ့်ဝူ၏ ဖော်ပြချက်အရ ကိုတိုမီအပေါ် အနည်းငယ် သူအထင်ကြီးမိသည်။
မည်သို့ဖြစ်ပါစေ ကုချင်းအသံဖြင့် လိပ်ပြာများကို ကခုန်စေနိုင်သည့် ကုချင်းပညာရှင်က မည်သို့ သာမန်ဖြစ်နိုင်မည်နည်း။ ယခုအခါ ကိုတိုမီက သတိုးသားလောင်းကို ရှာဖွေနေသည်။ ယင်းက သူ၏ စိတ်ဝင်စားမှုကို ပိုပြီးမြင့်တတ်သွားစေသည်။
ထို့ကြောင့် သူက စိတ်ဝင်တစား နားထောင်လိုက်သည်။
“ အဲ့ဒီသတင်းက မမှားဘူး… အခုချိန်မှာ ဝူတိုင်းပြည်၊ ချီတိုင်းပြည်နဲ့ ကျိုးတိုင်းပြည်တင်မကဘူး ကျင့်ကြံခြင်းမိသားစုတွေနဲ့ တစ်ကိုယ်တော်လေလွင့်ကျင့်ကြံသူတွေက အဲ့ဒီသတင်း ကြားပြီးတာနဲ့ ဝူတိုင်းပြည်ရဲ့ နန်းမြို့တော်ဆီ အပြေးအလွှား လာနေကြပြီ… ကုချင်းနတ်သမီးကိုတိုမီက တိုင်းပြည်ပျက်အောင် လှတယ်လို့ ငါကြားဖူးတယ်… ဒါပေမဲ့ သူက အပြင်ထွက်တိုင်း သူ့မျက်နှာကို ဇာပဝါနဲ့ ဖုံးအုပ်ထားတယ်… အပြင်လူတွေက သူ့မျက်နှာကို တစ်ခါမှ မမြင်ဖူးကြဘူး… အဲ့ဒီတော့ ကုချင်းနတ်သမီးကိုတိုမီက တကယ်လှလား မလှဘူးလား မသေချာဘူး ”
အသက်ပိုကြီးပြီး ဝတ်စုံစိမ်း ဝတ်ဆင်ထားသော အမျိုးသားကျင့်ကြံသူက သက်ပြင်းချလိုက်ပြီး လျှာဖြင့် နှုတ်ခမ်းသပ်လိုက်သည်။
သူ၏ မျက်နှာပေါ်မှာ လိုချင်တပ်မက်မှုဖြင့် ပြည့်နှက်နေသည်။
“ ဟုတ်လား အကိုကြီး… ဒါနဲ့ သတိုးသားလောင်းကို ဘယ်လိုရှာဖွေမှာလဲ… ကုချင်းနတ်သမီးရဲ့ သရုပ်အဆင့်အတန်းအရ သူပါးစပ်ဟလိုက်တာနဲ့ လက်ရွေးစင်ကျင့်ကြံသူတွေအများကြီးက ချင်မိသားစုအိမ်ရှေ့မှာ တင်တောင်းဖို့ တန်းစီရပ်နေကြလိမ့်မယ် မဟုတ်ဘူးလား ”
ငယ်ရွယ်သော ကျင့်ကြံသူက ဝတ်စုံစိမ်းဝတ် ကျင့်ကြံသူအတွက် သေရည်ငှဲ့ပေးလိုက်ပြီး စူးစမ်းသိလိုစွာ မေးသည်။
“ ဟား ဟား ”
ဝတ်စုံစိမ်းဝတ် ကျင့်ကြံသူက သူ့အရှေ့မှ သေရည်ခွက်ကို ယူသောက်လိုက်ပြီး ရယ်လိုက်သည်။ သူက ဆက်ပြောသည်။
“ မင်းက အဲ့ဒီအကြောင်းကို မသိသေးဘူးကို… ကုချင်းနတ်သမီးရဲ့ သတိုးသားလောင်းရှာဖွေမှုက မရိုးရှင်းဘူးလို့ ငါကြားခဲ့တယ် ”
“ ဘယ်လိုမရိုးရှင်းတာလဲ ”
ယင်းကို ကြားသောအခါ သီရှီထျန်သည်လည်း ပိုပြီးစိတ်ဝင်စားသွားသည်။ ထိုကိစ္စက အလွန်အရေးကြီးကြောင်း သူသိ၏။ ထို့ကြောင့် သူက အာရုံစိုက်၍ သေချာနားစွင့်လိုက်လေရာ တောက်ပသော အလင်းတန်းက သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။
အခြားတစ်ဖက်တွင် ဟွာဝမ့်ဝူသည် သီရှီထျန်ကဲ့သို့ အစွမ်းမထက်သောကြောင့် တစ်ဖက်စားပွဲဝိုင်းမှ စကားများကို မကြားနိုင်ပေ။ သို့သော်လည်း သီရှီထျန်၏ အမူအရာကို သူမြင်သွားသောအခါ သီရှီထျန်က တစ်စုံတစ်ခုကို အာရုံစိုက်၍ နားထောင်နေကြောင်း သူသိသွားသည်။ ထို့ကြောင့် သူက သီရှီထျန်ကို အနှောင့်အယှက်မပေးဘဲ နှုတ်ဆိတ်နေလိုက်သည်။
“ ကောလဟာလအရ ချင်မိသားစုရဲ့ တောင်တန်းအနောက်ဘက်မှာ တားမြစ်နယ်မြေတစ်ခု ရှိတယ်… အဲ့ဒီတားမြစ်နယ်မြေက ချင်မိသားစုရဲ့ ဘိုးဘေးတွေ တံခါးပိတ်ကျင့်ကြံကြတဲ့ နေရာဖြစ်တယ်… တားမြစ်နယ်မြေရဲ့ အနက်ပိုင်းထဲမှာ ကုချင်းဘုံဆိုတာ ရှိတယ်… ကုချင်းဘုံက အရမ်းအန္တရာယ်များတယ်လို့ ပြောကြတယ်… ချင်မိသားစုရဲ့ ဘိုးဘေးအများကြီးက အဲ့ဒီမှာ ကျဆုံးသွားခဲ့ကြတယ်… ဒီတစ်ခေါက် ချင်မိသားစုရဲ့ သတိုးသားလောင်းရွေးချယ်ပွဲအတွက် စမ်းသပ်မှုက ကုချင်းဘုံထဲ ဝင်ရောက်ပြီး မြစိမ်းကုချင်းကို ရှာဖွေဖို့ပဲ… မြစိမ်းကုချင်းကို ဘယ်သူပဲ ရှာတွေ့ပါစေ အဲ့ဒီလူက ကုချင်းနတ်သမီးကိုတိုမီရဲ့ တာအိုလက်တွဲဖော် ဖြစ်လာလိမ့်မယ် ”
ဝတ်စုံစိမ်း ဝတ်ဆင်ထားသော ကျင့်ကြံသူက ထိုအကြောင်းကို ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။ မည်သို့ဖြစ်ပါစေ သူက ထိုသတင်းကို အလွယ်တကူ ရရှိလာခဲ့ခြင်း မဟုတ်ပေ။ ထို့အတွက် ကြီးမားသော တန်ဖိုးတစ်ခုကို ပေးချေခဲ့ရသည်။
အခန်း(၁၈၂)
“ မြစိမ်းကုချင်းလား ”
ယင်းကို လူငယ်ကျင့်ကြံသူ ကြားသောအခါ သူက အံ့ဩထိတ်လန့်သွားသည်။
“ မဟုတ်မှ အဲ့ဒါက ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ချင်မိသားစု တည်ထောင်သူဘိုးဘေးရဲ့ ဝိညာဉ်ရတနာလား… ပြောကြတာတော့ အဲ့ဒါက ဝိညာဉ်ရတနာအဆင့်ကို ရောက်သွားပြီးတဲ့ အစွမ်းထက်ဓမ္မလက်နက်တဲ့… မြစိမ်းကုချင်းနဲ့ သီချင်းတစ်ပုဒ် တီးခတ်လိုက်ရင် ပုံရိပ်ယောင်ကမ္ဘာထဲမှာ ကျင့်ကြံသူထောင်သောင်းချီက နစ်မြုပ်သွားလိမ့်မယ်… ဘယ်တော့မှ ပြန်မနိုးလာတော့ဘူး ”
သူ၏ မျက်လုံးထဲမှာ အံ့ဩမှု၊ မယုံကြည်နိုင်မှုဖြင့် ပြည့်နှက်သွားသည်။ သူက အံ့ဖွယ်ကောင်းသော ဒဏ္ဍာရီတစ်ခုကို ပြန်အမှတ်ရသွားဟန် ရ၏။
“ ဟုတ်တယ်… ဟုတ်တယ်… အဲ့ဒီကုချင်းပဲ ”
ဝတ်စုံစိမ်းဝတ် ကျင့်ကြံသူက ခေါင်းညိတ်လိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောသည်။
“ အဲ့ဒီသတင်း ပျံ့နှံ့သွားပြီးတဲ့နောက် ငယ်ရွယ်တဲ့ လက်ရွေးစင်ကျင့်ကြံသူတွေ ဘယ်လောက်တောင်မှ ချင်မိသားစုဆီ ပြေးသွားနေကြလဲ နတ်ဘုရားပဲ သိနိုင်လိမ့်မယ်… သူတို့က ကုချင်းဘုံထဲကနေ မြစိမ်းကုချင်းကို ပြန်ယူဆောင်ပေးနိုင်မယ်ဆိုရင် ကုချင်းနတ်သမီးရဲ့ တာအိုလက်တွဲဖော် ဖြစ်လာနိုင်လိမ့်မယ်… ဒါ့အပြင် သူတို့က ချင်မိသားစုရဲ့ ကျောထောက်နောက်ခံကိုလည်း ရရှိဦးမယ်… ကံမကောင်းတာတစ်ခုက မြစိမ်းကုချင်းက သွေးမျိုးဆက်ရတနာတစ်ခုပဲ… ချင်မိသားစုရဲ့ သွေးမျိုးဆက်မရှိတဲ့ လူတွေက အဲ့ဒါကို အသုံးမပြုနိုင်ဘူး ”
“ ဒါဆို ငါတို့က ဘာကို ထိုင်စောင့်နေမှာလဲ… ငါတို့လည်း နန်းမြို့တော်ဆီ သွားပြီး သတိုးသားလောင်းရွေးချယ်ပွဲမှာ ပါဝင်ကြရအောင် ”
ကျင့်ကြံသူနှစ်ယောက်က စကားအများကြီး မပြောပေ။ မကြာမီ သူတို့က အကြောင်းအရာခေါင်းစဉ် ပြောင်းလဲလိုက်ကြသည်။ သူတို့က စားသောက်ရင်း တခြားကိစ္စများကို ပြောသည်။ သို့သော်လည်း စားသောက်သော သူတို့၏ အလျင်က ယခင်ကထက် ပိုပြီးမြန်သွားသည်။
“ ချင်မိသားစု… ကုချင်းနတ်သမီး… ကုချင်းဘုံ… ကြည့်ရတာ ကိစ္စတွေက စိတ်ဝင်စားဖို့ကောင်းလာတော့မယ် ထင်တယ် ”
ယင်းကို သီရှီထျန် ကြားသောအခါ အတွေးနက်သော အမူအရာက သူ့မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ ထိုကျင့်ကြံသူနှစ်ယောက်၏ စကားဝိုင်းက သူ့ကို သတင်းအချက်အလက်အများကြီး ပေးသည်။ ထို့ပြင် ချင်မိသားစုအပေါ် သူ၏ စိတ်ဝင်စားမှုက ပိုပြီးတိုးပွားလာသည်။
သူက စိတ်ထဲမှာ တွေးတောလိုက်သည်။ ချင်မိသားစုက အတိတ်မှာ အလွန်သန်မာသော ကျင့်ကြံခြင်းမိသားစုတစ်ခု ဖြစ်ခဲ့ပုံပေါ်သည်။ ထို့ပြင် ချင်မိသားစု၏ ကျင့်ကြံခြင်းက အသံတိုက်ခိုက်မှုပေါ်မှာ မူတည်ဟန် ရသည်။ သူတို့က နှစ်ပေါင်းများစွာကြာအောင် ဤလောကမှာ ရပ်တည်နိုင်ခဲ့လေရာ သူတို့ဆီမှာ တမူထူးခြားသော အသံတိုက်ခိုက်မှုများ သေချာပေါက် ရှိရမည်။
“ ချင်မိသားစုဆီ ငါသွားရမယ် ”
“ ဝမ့်ဝူ… ချင်မိသားစုရဲ့ တည်နေရာက ဘယ်မှာလဲ မင်းသိလား”
သီရှီထျန်က ဟွာဝမ့်ဝူကို ကြည့်ပြီး မေးသည်။
“ ချင်မိသားစုလား… ဒါပေါ့ ကျုပ်သိပါတယ် ”
ဟွာဝမ့်ဝူက တစ်ခဏ အံ့ဩသွားသော်လည်း ချက်ချင်း ပြန်ဖြေလိုက်သည်။
“ ဆရာသီက ချင်မိသားစုကို စိတ်ဝင်စားတယ်ဆိုရင် နန်းမြို့တော်ဆီ ရောက်တဲ့အခါ ဒီတပည့်ကိုယ်တိုင် လိုက်ပို့ပေးပါမယ်… ပြောရရင် ချင်မိသားစုရဲ့ တည်နေရာက ရှာဖွေဖို့ ခက်ခဲပါတယ်… သူတို့က ဝူတိုင်းပြည်ရဲ့ အကောင်းဆုံးနေရာတွေထဲက တစ်ခုဖြစ်တဲ့ ခရမ်းဝါးတောမှာ နေထိုင်ကြပါတယ် ”
“ ကောင်းပြီ… နန်းမြို့တော်ကို ရောက်မှ ဆက်ပြောကြမယ်… မနက်ဖြန်ကျရင် ဒီနယ်မြို့ကနေ ထွက်သွားကြမယ် ”
သီရှီထျန်က စကားပြောပြီးနောက် တူကို ပြန်ကောက်လိုက်ပြီး သူ့အရှေ့မှ ဟင်းခွက်များပေါ်သို့ ရွှေ့လိုက်သည်။ သေရည်အများစုနှင့် ဟင်းလျာများက သူ၏ ဝမ်းဗိုက်ထဲသို့ ဝင်ရောက်သွားသည်။
စားသောက်ပြီးသွားသောအခါ သီရှီထျန်က စားပွဲထိုးအား စိတ်ရွှင်ပျော်သေရည်အိုးတစ်ရာကို သူ့အခန်းဆီသို့ လာပို့ခိုင်းလိုက်သည်။ အခန်းထဲသို့ ရောက်သွားသည့်အခါ သူက သိုလှောင်အိတ်ကို ဖွင့်လိုက်ပြီး သေရည်အိုးများကို သိမ်းဆည်းလိုက်သည်။ ငွေကြေးကိုတော့ ဟွာဝမ့်ဝူက ပေးချေခဲ့သည်။
နောက်တစ်နေ့နံနက်တွင် သူတို့က ရထားလုံးတစ်စီး ငှား၍ နန်းမြို့တော်ဆီသို့ အမြန်သွားကြသည်။
ချင်မိသားစုအကြောင်း သိရှိသွားပြီးနောက် သူတို့သည် လမ်းခရီးတစ်လျှောက်မှ ရှုခင်းအလှများကို မကြည့်နိုင်ကြတော့ပေ။ သူတို့သည် သေမျိုးလောက၏ စည်ကားသိုက်မြိုက်မှုကို ခံစားရန် အချိန်မပေးနိုင်ကြတော့ပေ။ သူတို့က နန်းမြို့တော်ဆီသို့ တန်းမတ်စွာ ဦးတည်သွားကြသည်။
သီရှီထျန်က ရထားလုံးထဲမှာ ထိုင်နေရင်း မျက်လုံးမှိတ်လျက် ကျင့်ကြံနေသည်။ သူက ခန္ဓာကိုယ်ထဲမှ ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းကို သူ၏ အနီးနားဝန်းကျင်မှ လိုအင်ဆန္ဒစွမ်းအင်အား စုပ်ယူစေသည်။ တစ်ချိန်တည်းမှာ သူက ကျားဟိန်းသံကျင့်စဉ်ကို တိတ်တဆိတ် လှည့်ပတ်၍ မိစ္ဆာချီကို သူ၏ မရီဒျန်များထဲမှာ ဖြတ်သန်းစီးဆင်းစေသည်။ ထိုသို့လှည့်ပတ်နေစဉ် မိစ္ဆာချီတချို့တစ်ဝက်က သူ၏ စေခိုင်းမှုအောက်မှာ သူ၏ အသွေးအသားနှင့် ပေါင်းစပ်သွားသည်။
လိုအင်ဆန္ဒစွမ်းအင်သည်တော့ လူသားများနေထိုင်သော သေမျိုးလောကဆီသို့ သူတို့ဝင်ရောက်လာပြီးနောက် အလွန်ပေါများကြောင်း သီရှီထျန် ရှာတွေ့သွားသည်။ ယင်းက တောင်ပိုင်းမြေရိုင်းဒေသမှာထက် အဆပေါင်းများစွာ ပိုပြီးသိပ်သည်းသည်။ ရထားလုံး ဖြတ်သန်းသွားသည့်နေရာတိုင်း လိုအင်ဆန္ဒစွမ်းအင်က ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်း၏ စုပ်ယူခံလိုက်ရသည်။ ထိုသို့စုပ်ယူခံလိုက်ရသည့်အခါ လိုအင်ဆန္ဒစွမ်းအင်က အချိန်တစ်ခဏကြာ ပျောက်ကွယ်သွားသည်။ သို့သော်လည်း မကြာမီ လိုအင်ဆန္ဒစွမ်းအင်က တဖန် ပြန်ပြည့်နှက်သွားသည်။
ဤသည်မှာ မိုးမြေကြား၌ လိုအင်ဆန္ဒစွမ်းအင်က အဆုံးမဲ့စွာ ရှိနေသည့်အလားပင်။ ယင်းက သာမန်လူများ မမြင်နိုင်သောအရာ ဖြစ်သည်။
သီရှီထျန်သည်ပင် ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်း၏ အကူအညီကြောင့် ဤလောကထဲမှာ အကန့်အသတ်မဲ့ လိုအင်ဆန္ဒစွမ်းအင်ဖြင့် ပြည့်နှက်နေကြောင်း အာရုံခံမိသွားခြင်း ဖြစ်သည်။ လိုအင်ဆန္ဒဟူသည် အသိဉာဏ်ရှိသော သတ္တဝါအားလုံးထံမှ ထွက်ပေါ်နေသောအရာ ဖြစ်သည်။ သက်ရှိတစ်ဦးဆီမှာ စဉ်းစားနိုင်သော အသိဉာဏ်ရှိလျှင် သူ့ဆီမှာ လိုအင်ဆန္ဒ ရှိလိမ့်မည်။
ထို့ကြောင့် ဤလောကတွင် ကျင့်ကြံသူများ အာရုံခံစားနိုင်သော ဝိညာဉ်စွမ်းအင်အပြင် တမူထူးခြားသော လိုအင်ဆန္ဒစွမ်းအင်လည်း ရှိသည်။
သတ္တဝါအားလုံးက လိုအင်ဆန္ဒစွမ်းအင်၏ ဇစ်မြစ်ဖြစ်သည်။
သို့ဖြစ်၍ ဤလောကမှာ သတ္တဝါများရှိနေသေးသရွေ့ လိုအင်ဆန္ဒစွမ်းအင်က မည်သည့်အခါမှ မကုန်ခမ်းသွားနိုင်ပေ။
“ ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းက ဒီလောကရဲ့ လိုအင်ဆန္ဒစွမ်းအင်ကို စိတ်ခံစားချက်ခုနစ်မျိုးနဲ့ လိုအင်ဆန္ဒခြောက်မျိုး အနန္တသန့်စင်ခြင်းအစီအရင်ကနေ စုပ်ယူနိုင်တယ်… လိုအင်ဆန္ဒစွမ်းအင်က ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းကို နောက်ထပ် ဆင့်ကဲပြောင်းလဲနိုင်အောင် အာဟာရဖြည့်ပေးတယ် ”
“ တကယ်လို့ ငါသာ မိုးမြေကြားက လိုအင်ဆန္ဒစွမ်းအင်ကို ငါ့ရဲ့ ကိုယ်ပိုင်ကျင့်ကြံခြင်းအတွက် စုပ်ယူနိုင်မယ်ဆိုရင် ကျင့်ကြံခြင်းလမ်းစဉ်မှာ ဖြတ်လမ်းတစ်ခု ငါဖန်တီးနိုင်လိမ့်မယ် မဟုတ်ဘူးလား… ဒီလောကမှာ လိုအင်ဆန္ဒစွမ်းအင်က ဝိညာဉ်စွမ်းအင်ထက် အများကြီး ပိုအားကောင်းတယ်… အဲ့ဒါကို ငါစုပ်ယူနိုင်မယ်ဆိုရင် ငါ့ရဲ့ ကျင့်ကြံခြင်းအမြန်နှုန်းက နောက်တစ်ဆင့်ကို ရောက်သွားလိမ့်မယ် ”
“ ကံကောင်းမယ်ဆိုရင် ငါက အထွတ်အထိပ်ကို တစ်ခါတည်း ရောက်ရှိသွားပြီး အံ့ဖွယ်ကောင်းတဲ့ မှော်စွမ်းရည်တွေကို ပိုင်ဆိုင်သွားလိမ့်မယ် ”
မှန်ပေသည်။ စက်ကရာက လိုအင်ဆန္ဒစွမ်းအင်ကို စုပ်ယူချင်နေသည်။ သို့သော်လည်း လိုအင်ဆန္ဒစွမ်းအင်ကို သူမစုပ်ယူနိုင်ပေ။ အကယ်၍ သူက ယင်းကို သူ့ခန္ဓာကိုယ်ထဲသို့ စုပ်ယူနိုင်မည်ဆိုလျှင်ပင် လိုအင်ဆန္ဒစွမ်းအင်ကို သူထိန်းချုပ်နိုင်လိမ့်မည် မဟုတ်ချေ။ ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းက လိုအင်ဆန္ဒစွမ်းအင်ကို စုပ်ယူနိုင်ခြင်းမှာ ယင်း၏ ကိုယ်ထည်ပေါ်မှာ ရေးထွင်းထားသော စိတ်ခံစားချက်ခုနစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်မျိုး အနန္တအစီအရင်ကြောင့် ဖြစ်သည်။
မဟုတ်မှ သူ၏ ခန္ဓာကိုယ်ပေါ်မှာလည်း ထိုသို့အစီအရင်တစ်ခုကို ရေးဆွဲရမည်လော။
သီရှီထျန်က ထိုအတွေးကို ချက်ချင်း ဖယ်ရှားလိုက်သည်။ ယင်းက ယုတ္တိမရှိသောအတွေး ဖြစ်သည်။
ထိုသို့ခက်ခဲမှုကြောင့် သီရှီထျန်၏ မာန်မာနက ထွက်ပေါ်လာသည်။ သူက ထိုအတွက်ကြောင့် အနောက်မဆုတ်သွားပေ။ သူက လိုအင်ဆန္ဒစွမ်းအင်ကို ကျင့်ကြံခြင်းမှာ အသုံးပြုရန် မည်သို့လုပ်ဆောင်သင့်ကြောင်း အဆက်မပြတ် တွေးတောလိုက်သည်။ လိုအင်ဆန္ဒစွမ်းအင်ကို အထူးတလည် စုပ်ယူနိုင်မည့် ကျင့်စဉ်အသစ်တစ်ခုကို သူဖန်တီးရမည်လော။
ထိုအတွေး ထွက်ပေါ်လာသည်နှင့်ချက်ချင်း သီရှီထျန်က စိတ်ထဲမှာ ခါးသီးစွာ ပြုံးလိုက်သည်။ ကျင့်စဉ်အသစ်တစ်ခု ဖန်တီးရန်သည် လွယ်ကူသောအလုပ် မဟုတ်ပေ။ ထိုအတွက် လုံလောက်သော ကျင့်ကြံခြင်းအခြေခံ၊ အတွေ့အကြုံများနှင့် ဗဟုသုတများ ရှိရမည်။ ထို့ပြင် ကံကောင်းမှုကိုလည်း လိုအပ်သည်။ သို့မဟုတ်လျှင် တစ်စုံတစ်ယောက်က ကျင့်စဉ်အသစ်တစ်ခုကို ဖန်တီးနိုင်လိမ့်မည် မဟုတ်ချေ။
သီရှီထျန်က ကျားဟိန်းသံကျင့်စဉ်ကို တိတ်တဆိတ် လှည့်ပတ်နေရင်း ပြဿနာကို တွေးတောစဉ်းစားနေစဉ် အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးသွားသည်။ လမ်းတစ်လျှောက်တွင် သူတို့က နယ်မြို့အများအပြားကို ဖြတ်ကျော်ခဲ့ကြသည်။ သို့သော်လည်း အချိန်အကြာကြီး မရပ်နားခဲ့ပေ။ သူတို့က အစားစားရန် ခေတ္တရပ်နားပြီးလျှင် ခရီးပြန်ဆက်ကြသည်။
သီရှီထျန်က လေထဲမှာ ပျံသန်းရန် လေဟုန်စီးမန္တန်ကို အသုံးမပြုနိုင်ခြင်း မဟုတ်ပေ။ လေဟုန်စီးမန္တန်ကို သူအသုံးပြုလိုက်လျှင် မိစ္ဆာချီက ထွက်ပေါ်လာလိမ့်မည်။ အကယ်၍ အလွန်သိပ်သည်းသော မိစ္ဆာချီက ဤနေရာမှာ ထွက်ပေါ်လာမည်ဆိုလျှင် နန်းမြို့တော်ဆီ သူတို့မရောက်ခင် ပြဿနာအများကြီးက သူတို့ဆီသို့ ရောက်လာလိမ့်မည်။ ထို့ကြောင့် သူတို့က နန်းမြို့တော်ဆီသို့ သွားရောက်ရန် ရထားလုံးကိုသာ မှီခိုအားထားနေရသည်။ သူတို့က ရထားလုံးဖြင့် နေ့ရောညရော ခရီးဆက်ကြသည်။
နောက်ဆုံးမှာတော့ ကိုးရက်မြောက်နေ့တွင် ရထားလုံးက နန်းမြို့တော်၏ ဂိတ်တံခါးအရှေ့သို့ ရောက်ရှိသွားသည်။
“ ဒုတ် ”
ရထားလုံးက ဂိတ်တံခါးနားမှာ ရပ်တန့်သွားသည်။ ကြွပ်ဆပ်သော မြည်သံနှင့်အတူ ရထားလုံးတံခါးက ပွင့်သွားသည်။ ဟွာဝမ့်ဝူက ရထားလုံးထဲမှ အရင်ဦးစွာ ဆင်းသက်လာသည်။ သူက မြေကြီးပေါ်မှာ ရပ်လိုက်ပြီး ပြောသည်။
“ ဆရာသီ… အခု ဆင်းလာလို့ ရပါပြီ… နန်းမြို့တော်ဆီ ကျုပ်တို့ရောက်ပါပြီ ”
သူက စကားပြောပြီးသည်နှင့် နန်းမြို့တော်ကို ကြည့်လိုက်သည်။ မြို့ဂိတ်တံခါးပေါ်မှ “ နန်းမြို့တော် ”ဟူသော စာလုံးကြီးများကို သူကြည့်လိုက်သည့်အခါ စိတ်ရှုပ်ထွေးသော အမူအရာက သူ့မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
“ အဲ့ဒါက နန်းမြို့တော်လား… ပုံမှန်မြို့တစ်မြို့ထက် အများကြီး ပိုကြီးမားကျယ်ပြောတာပဲ ”
စက်ကရာက ရထားလုံးအပြင်သို့ ထွက်လျှောက်လာသည်။ အေးမြသော လေပြေက သူ့ကို တိုးဝှေ့သွားသည်။ သူ၏ အင်္ကျီလက်များက တဖျပ်ဖျပ်လှုပ်ခတ်သွားသည်။ သူက သူ့အရှေ့မှ နန်းမြို့တော်ကို မထူးမခြားနား ကြည့်လိုက်သည်။ အကြည့်တစ်ချက်ဖြင့်ပင် သူ၏ မျက်နှာပေါ်မှာ အံ့ဩသောအမူအရာ ထွက်ပေါ်လာသည်။
မြို့တော်က အလွန်ကြီးမားကျယ်ပြောသည်။
ခမ်းနားထည်ဝါမှုနှင့် ရှေးကျမှုက မြို့တော်ထံမှ အထင်အရှား ထွက်ပေါ်နေသည်။
ယင်းက ပထမဆုံးအကြိမ် ထိုမျှကြီးမားသော ရှေးဟောင်းနန်းမြို့တော်တစ်ခုကို သူမြင်ဖူးခြင်း ဖြစ်၏။ နန်းမြို့တော်သည် သာမန်ရှေးဟောင်းမြို့တော်တစ်ခုထက် အဆပေါင်းများစွာ ပိုကြီးမားသည်။
ထို့ပြင် မြို့တံတိုင်းများကို ကြီးမားသော အနက်ရောင်ကျောက်တုံးများဖြင့် ဆောက်လုပ်ထားသည်။ ဓားလှံများ၏ ထိုးရာခုတ်ရာများက မြို့တံတိုင်းများပေါ်မှာ နက်ရှိုင်းစွာ နစ်မြုပ်နေသည်။ နံနက်ခင်း နေရောင်ခြည်အောက်မှာ မြို့တံတိုင်းများက နီညိုရောင် ထွန်းလင်းနေသည်။ ဤသည်မှာ သွေးက မြို့တံတိုင်းများပေါ်မှ စီးကျနေသည့်အလားပင်။
ဤရှေးဟောင်းနန်းမြို့တော်က ဤနေရာမှာ နှစ်ပေါင်းများစွာကြာအောင် တည်ရှိနေခဲ့ကြောင်း သံသယရှိရန် မလိုပေ။
“ ဆရာသီ… ဒီဟာက ဝူတိုင်းပြည်ရဲ့ နန်းမြို့တော်ပါ… နောင်တစ်ချိန် မြို့တော်ထဲ ဝင်ရောက်တဲ့အခါ ဝမ့်ဝူက ခင်ဗျားကို နေရာစုံ လိုက်ပြပေးပါမယ် ”
ဟွာဝမ့်ဝူ၏ လေသံက အလွန်ရိုသေလေးစားသည်။ မည်သို့ဖြစ်ပါစေ နန်းမြို့တော်ဆီ သူပြန်ရောက်လာပြီး ရာဇပလ္လင်အတွက် ယှဉ်ပြိုင်ရန် သီရှီထျန်အပေါ် သူမှီခိုအားထားရလိမ့်မည်။ သို့ဖြစ်၍ သီရှီထျန်အပေါ် မရိုမသေ သူမပြုနိုင်ပေ။ ဤရက်များမှာ သူက သီရှီထျန်နှင့် ရင်းနှီးရန် နည်းလမ်းရှာဖွေနေခဲ့သည်။
တစ်ခါတစ်ရံ သူက ရူးမိုက်သောအရာကို တွေးမိသည်။
‘ ဆရာသီက သခင်မလေးကိုတိုမီရဲ့ သတင်းတွေကို အရမ်းစိတ်ဝင်စားတယ်… သူက မိန်းမလှလေးတွေကို ကြိုက်နှစ်သက်တာ ဖြစ်နိုင်တယ်… ငါ့ရဲ့ အမတော်ကို ဆရာသီနဲ့ မိတ်ဆက်ပေးရင်ကောင်းမလား… ’
“ အို… မင်းဆိုလိုတာက အခု ငါတို့က မြို့တော်ထဲ မဝင်ရောက်ရဘူးလား ”
သီရှီထျန်က မျက်ခုံးပင့်တင်လိုက်သည်။ သူ၏ နဖူးပေါ်မှ ခရမ်းရောင်အမှတ်အသားက မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည့်အခါ ကြီးမားသော ဖိအားက သူ့ခန္ဓာကိုယ်ထဲမှ ချက်ချင်း ထွက်ပေါ်လာသည်။ ဘေးပတ်ဝန်းကျင်မှ လေထုက အနည်းငယ် တင်းကျပ်လာသည်။ သူက ဟွာဝမ့်ဝူ၏ စကားနောက်မှ အဓိပ္ပာယ်ကို ချက်ချင်း နားလည်သွားသည်။
သူက ထိုမျှအရည်အချင်းမရှိလျှင် အတိတ်ဘဝမှာ မည်သို့ကြောင့် ဟွာရှား၏ စီးပွားရေးကို ချုပ်ကိုင်နိုင်ခဲ့မည်နည်း။
အခန်း(၁၈၃)
ဟွာဝမ့်ဝူက ခေါင်းညိတ်လိုက်ပြီး ပြောသည်။
“ ဆရာသီက အားလုံးကို သိနေတာပါပဲ ”
ဟွာဝမ့်ဝူက ထိုသို့မှတ်ချက်ပေးပြီးလျှင် ဆက်ပြောသည်။
“ ဆရာသီ… ခင်ဗျားက ချင်မိသားစုဆီ သွားချင်နေတာမလား… ချင်မိသားစုက နန်းမြို့တော်ထဲမှာလို့ ပြောကြပေမဲ့ တကယ်တော့ နန်းမြို့တော်ထဲမှာ မဟုတ်ပါဘူး… ချင်မိသားစုက နန်းမြို့တော်ရဲ့ အပြင်ဘက် ခရမ်းဝါးတောမှာ တည်ရှိပါတယ်… ဒါကြောင့် ခင်ဗျားက ချင်မိသားစုဆီ အရင်သွားမယ်ဆိုရင် နန်းမြို့တော်ကို နောက်မှပဲ ဝင်ရောက်နိုင်ပါလိမ့်မယ် ”
“ ငါနားလည်ပြီ ”
သီရှီထျန်၏ မျက်လုံးထဲမှာ အလင်းရောင် ထွက်ပေါ်လာသည်။ သူက လမ်းသွားလမ်းလာများထဲတွင် ခါးပေါ်မှာ ရောင်စုံအိတ် ချိတ်ဆွဲထားသော လူများကို ရုတ်တရက် မြင်တွေ့သွားသည်။ သူက တိုးညင်းစွာ ပြောသည်။
“ ချင်မိသားစုဆီ ငါ့ဘာသာ သွားဖို့ နည်းလမ်းရှိတယ်… မင်းငါ့ကို လိုက်ပို့ပေးစရာ မလိုဘူး… မင်းက နန်းမြို့တော်ဆီ အရင်ပြန်သွားပါ… ငါ့ကိစ္စတွေ ပြီးသွားတဲ့အခါ မင်းကို ကူညီဖို့ နန်းမြို့တော်ဆီ ငါလာခဲ့မယ် ”
“ အဲ့ဒါက… ”
ဟွာဝမ့်ဝူ၏ အမူအရာက ပြောင်းလဲသွားသည်။ သူက အနည်းငယ် အံ့ဩသွားသည်။ တစ်ခဏ တွေးပြီးနောက် သူက ရိုသေလေးစားစွာ ပြန်ပြောသည်။
“ ဆရာသီက အဲ့လိုပြောမှတော့ ဒီတပည့်က နာခံရပါမယ်… ဒါပေမဲ့ ကျုပ်ရဲ့ ခမည်းတော်က သိပ်မကျန်းမာပါဘူး… ဆရာသီ နန်းမြို့တော်ဆီ အမြန်ဆုံး ဝင်ရောက်လာဖို့ ကျုပ်မျှော်လင့်ပါတယ်… ဒီတပည့်က ဆရာသီအတွက် မြို့ဂိတ်တံခါးမှာ လူစီစဉ်ပေးထားပါမယ်… ဆရာသီ ရောက်လာတာနဲ့ တစ်ယောက်ယောက်က လမ်းညွှန်ပေးပါလိမ့်မယ်”
“ ဘာမှစိတ်မပူနဲ့… ငါမင်းကို ကတိပေးခဲ့မှတော့ ဒီဘုရင်က သူ့စကားကို ပြန်ရုပ်သိမ်းမှာမဟုတ်ဘူး… ဒါ့အပြင် ကိစ္စတစ်ခု လုပ်ဆောင်ဖို့ မင်းရဲ့ အကူအညီကိုလည်း ငါလိုအပ်တယ် ”
သီရှီထျန်က သူ့ကို အဓိပ္ပာယ်ရှိစွာ ကြည့်လိုက်သည်။ တစ်ဖက်လူ၏ စကားနောက်မှ အဓိပ္ပာယ်ကို မည်သို့ကြောင့် သူနားမလည်ဘဲ နေမည်နည်း။
စကားပြောပြီးနောက် သူက ဟွာဝမ့်ဝူကို နောက်ထပ် အရေးမစိုက်တော့ပေ။ သူက အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ပြီး မနီးမဝေးမှ ကျင့်ကြံသူများကို ကြည့်လိုက်သည်။ ထိုကျင့်ကြံသူများက တောင်ပိုင်းတောအုပ်ဆီသို့ လျှောက်သွားနေကြောင်း သူမြင်သောအခါ ထိုလူများ၏ အနောက်မှ ချက်ချင်း လိုက်သွားသည်။
“ လက်ရှိအချိန် နန်းမြို့တော်ထဲက ကျင့်ကြံသူတွေကို ဆွဲဆောင်နိုင်တဲ့အရာက ချင်မိသားစုရဲ့ သတိုးသားလောင်းရှာဖွေပွဲပဲ… ဟွာဝမ့်ဝူပြောတာက ချင်မိသားစုက နန်းမြို့တော်ရဲ့ အပြင်ဘက်မှာ တည်ရှိတယ်… အဲ့ဒီကျင့်ကြံသူတွေရဲ့ အနောက်ကနေ ငါလိုက်သွားမယ်ဆိုရင် ချင်မိသားစုတည်ရှိတဲ့ ခရမ်းဝါးတောဆီ ငါရောက်နိုင်လိမ့်မယ် ”
မိစ္ဆာအသင်္ချေချိုင့်ဝှမ်းမှ သီရှီထျန် မထွက်လာမီ ပိုင်ဟူက သူ့ကို တမူထူးခြားသော အသက်ရှူကျင့်စဉ်တစ်ခု သင်ကြားပေးခဲ့သည်။ ယင်းကို ဝိညာဉ်မြွေဖုံးကွယ်အသက်ရှူကျင့်စဉ်ဟု ခေါ်သည်။
မြွေများသည် ဆောင်းရာသီတွင် ဆောင်းခိုရန် လုပ်ဆောင်ကြရသည်။ ထိုသို့အချိန်တွင် သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးထဲမှ စွမ်းအင်ကို အပြင်သို့ နည်းနည်းမှ မပျံ့လွင့်သွားစေရန် တစ်နေရာတည်းမှာ စုစည်းထားရသည်။ ထိုနည်းဖြင့်ဆိုလျှင် မြွေများသည် အအေးဒဏ်ကို တောင့်ခံနိုင်ကြလိမ့်မည်။ သို့ဖြစ်၍ ဆောင်းရာသီတွင် တိရိစ္ဆာန်အနည်းစုကသာ ဆောင်းခိုနေသော မြွေများကို ရှာဖွေနိုင်ကြသည်။
ဝိညာဉ်မြွေဖုံးကွယ်အသက်ရှူကျင့်စဉ်က ထိုအခြေအနေမှ ဆင်းသက်လာသော ကျင့်စဉ်ဖြစ်သည်။ ယင်းက တစ်စုံတစ်ယောက်၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါကို ဖုံးကွယ်ပေးနိုင်သည်။ မိစ္ဆာမျိုးနွယ်စုတွင်မူ ယင်းက မိစ္ဆာအရှိန်အဝါကို ဖုံးကွယ်ပေးနိုင်သည်။
သေမျိုးလောကသို့ သူဝင်ရောက်သည့်အခါ ဝိညာဉ်မြွေဖုံးကွယ်အသက်ရှူကျင့်စဉ်ကို အသုံးပြု၍ မိစ္ဆာအရှိန်အဝါကို ဖုံးကွယ်နိုင်သည်။ သူက မိစ္ဆာအရှိန်အဝါကို အပြည့်အဝ မထုတ်လွှတ်သေးသရွေ့ အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်သည်ပင် သူ၏ သရုပ်မှန်ကို ဖော်ထုတ်နိုင်လိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် သီရှီထျန်က သူ၏ သရုပ်မှန်ကို ကျင့်ကြံသူများ ရှာတွေ့သွားမည်ကို မစိုးရိမ်ပေ။
သူက ထိုကျင့်ကြံသူများ၏ အနောက်မှ တိတ်တဆိတ် လိုက်သွားသည်။
လမ်းတစ်လျှောက်တွင် ငယ်ရွယ်သော ကျင့်ကြံသူများက တစ်ယောက်တည်းဖြစ်စေ သို့မဟုတ် သုံးလေးယောက်အုပ်စုဖွဲ့၍ဖြစ်စေ ခရီးဆက်နေကြကြောင်း သီရှီထျန် မြင်တွေ့သွားသည်။ သူတို့အားလုံးက တူညီသော ဦးတည်ရာဆီသို့ သွားနေကြသည်။ သူတို့က လမ်းပျောက်သွားမည်ကို မစိုးရိမ်ကြပေ။ သို့သော်လည်း လမ်းခရီးတွင် တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင် တွေ့ဆုံသွားသည့်အခါ သူတို့၏ မျက်လုံးထဲ၌ သတိထားသောအကြည့် ထွက်ပေါ်လာသည်။
" ကြည့်ရတာ အဲ့ဒီလူတွေက ချင်မိသားစုရဲ့ သတိုးသားလောင်းရှာဖွေပွဲအတွက် ရောက်လာကြတဲ့ပုံပဲ… ချင်မိသားစုက ဒီရက်ပိုင်း အတော်လေး စည်ကားနေတော့မှာပဲ ”
သီရှီထျန်က စိတ်ထဲမှာ တွေးတောလိုက်သည်။ သူက အရှေ့သို့ မြန်ဆန်စွာ လျှောက်သွားနေရင်း အပင်များကို ဖြတ်ကျော်သွားသည်။
တောင်ကုန်းအများအပြားကို ဆက်တိုက် ဖြတ်ကျော်သွားပြီးနောက် မြင်ကွင်းတစ်ခုက သူ့အရှေ့မှာ ရုတ်တရက် ထွက်ပေါ်လာသည်။
" ဘယ်လောက်ကြီးလိုက်တဲ့ ချိုင့်ဝှမ်းလဲ… ဘယ်လောက်ကျယ်ပြောလိုက်တဲ့ ခရမ်းဝါးတောလဲ… ဝါးတောထဲက ကမ္ဘာငယ်တစ်ခု ရှိတဲ့ပုံပဲ ”
သီရှီထျန်က တိတ်တဆိတ် အံ့ဩသွားသည်။ သူက ထိုကျင့်ကြံသူများ၏ အနောက်မှ လိုက်သွားပြီး တောင်ကုန်းအများအပြားကို ဖြတ်ကျော်သွားခဲ့သည်။ နောက်ဆုံးမှာ ဧရာမချိုင့်ဝှမ်းတစ်ခုက သူ၏ အရှေ့မှာ ထွက်ပေါ်လာသည်။ ချိုင့်ဝှမ်းသည် သူ၏ မိစ္ဆာအသင်္ချေချိုင့်ဝှမ်း၏ တစ်ဝက်ခန့် ကြီးမားကျယ်ပြောသည်။ ထို့ပြင် သူ၏ မျက်လုံးထဲသို့ ပထမဆုံး ဝင်ရောက်လာသည်မှာ ချိုင့်ဝှမ်းထဲမှ ခရမ်းဝါးတော ဖြစ်သည်။
ခရမ်းဝါးတောထဲမှ ဝါးပင်များသည် မကြီးမားပေ။ ယင်းတို့က ပုလွေပြုလုပ်နိုင်သော အရွယ်အစားမျှသာ ရှိသည်။ လေတိုက်ခတ်သွားသည့်အခါတိုင်း ဝါးပင်များက ဘယ်ညာယိမ်းနွဲ့သွားကြသည်။ ဝါးပင်များ၏ ယိမ်းနွဲ့မှုက မြင်ရသူအပေါ် တမူထူးခြားသော စိတ်ခံစားမှုတချို့ ဖြစ်ပေါ်စေသည်။
ဤအခိုက်အတန့်မှာ အရေအတွက်တစ်ရာခန့်ရှိသော လူငယ်ကျင့်ကြံသူများက ချိုင့်ဝှမ်းထဲမှ မြေကွက်လပ်တစ်ခုထဲမှာ စုဝေးနေကြသည်။ ထိုကျင့်ကြံသူများသည် ချိုင့်ဝှမ်းထဲမှာ အပျင်းမခိုနေကြပေ။ သူတို့က မြေကြီးပေါ်မှာ သားရဲအရေပြားတစ်ခုကို ခင်းကျင်း၍ ထိုအပေါ်မှာ ဆေးလုံးများနှင့် မှော်အဆောင်များကို နေရာချလိုက်ကြသည်။
မှန်ပေသည်။ သူတို့က ဤနေရာမှာ ဈေးရောင်းနေကြသည်။ လူတချို့က ထိုသို့ပျံကျဈေးသည်များ၏ အနားမှာ ရစ်ဝဲနေကြသည်။
တစ်ချိန်တည်းမှာ သူတို့က စကားပြောနေကြသည်။ သို့သော်လည်း သူတို့က တိုးညင်းစွာ စကားပြောကြသည်။ ဤသည်မှာ သူတို့က တစ်စုံတစ်ခုအပေါ် အနှောင့်အယှက်ပေးမိမည်ကို စိုးရိမ်နေသည့်အလားပင်။
“ စိတ်ဝင်စားစရာပဲ ”
သီရှီထျန်က ခပ်ရေးရေး ပြုံးလိုက်သည်။
“ ဟဲ ဟဲ… ဒီက ညီလေး… တကယ်လို့ ဒီအဖိုးကြီးရဲ့ အမြင်မမှားရင် မင်းက ချင်မိသားစုရဲ့ ကုချင်းနတ်သမီးကြောင့် ဒီရောက်လာတာမလား… ချင်မိသားစုရဲ့ ကုချင်းနတ်သမီးအကြောင်း မင်းသိချင်တယ်မလား… လာ လာ… ဟိုနားမှာ စကားသွားပြောကြမယ် ”
သီရှီထျန်က ချိုင့်ဝှမ်းထဲသို့ ဝင်သွားသည်နှင့်ချက်ချင်း အသက်ကြီးသော တာအိုဆရာတစ်ပါးက ရယ်မောပြုံးရွှင်လျက် သူ့အနားမှာ ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုတာအိုဆရာက သူ့လက်ကို ဖမ်းဆုပ်၍ တစ်နေရာသို့ ခေါ်ဆောင်သွားရန် ပြင်လိုက်သည်။
“ ဟဲ ဟဲ… မင်းဘာပဲ သိချင်ပါစေ ဒီအဖိုးကြီးက မင်းအတွက် အဖြေပေးနိုင်တယ်… မသေမျိုးကျင့်ကြံခြင်းလောကမှာ ကောင်းကင်ဘုံ သိထားတဲ့ ကိုးဆယ်ရာခိုင်နှုန်းကို ငါသိထားသလို မြေကြီး သိထားတဲ့ ခုနစ်ဆယ်ရာခိုင်နှုန်းကိုလည်း ငါသိထားတယ်… ဒါကြောင့် ဒီကုန်းမြေမှာ ငါမသိတာ ဘာမှမရှိဘူးလို့ ပြောနိုင်တယ် ”
“ ငါက အရာအားလုံးသိဆရာကြီးဆိုပြီး ဂုဏ်သတင်းကျော်ဇောတယ်… ချင်မိသားစုအကြောင်း မင်းသိချင်တာတစ်ခုခုရှိရင် ငါ့ကို မေးပါ… မင်းလူရွေးမမှားဘူးလို့ ငါအာမခံတယ် ”
အဖိုအိုက သီရှီထျန်ကို လက်ဆွဲခေါ်သွားရင်း ပါးစပ်မှ မရပ်မနား စကားပြောသည်။ သူက စကားပြောနေရင်း ကိုယ့်ကိုယ်ကိုယ် အလွန်အမွှမ်းတင်သည်။
အဖိုးအို၏ လက်ဆွဲခံလိုက်ရသောအခါ သီရှီထျန်က ချက်ချင်း ရုန်းထွက်ရန် ကြိုးစားသည်။ သို့သော်လည်း အဖိုးအို၏ ကိုယ့်ကိုယ်ကိုယ် အလွန်ယုံကြည်မှုရှိသော စကားများကို ကြားသောအခါ ထိုအတွေးကို သူပယ်ဖျက်လိုက်သည်။ သူက နောက်ထပ် မခုခံတော့ဘဲ အဖိုးအို ခေါ်ဆောင်သောနေရာသို့ လိုက်သွားသည်။
အဖိုးအိုသည် ခရမ်းဝါးတော၏ ထောင့်တစ်နေရာမှ ကျောက်တုံးကြီးတစ်တုံးဆီသို့ သူ့ကို ခေါ်ဆောင်သွားသည်။ သူက ကျောက်တုံးကြီးပေါ်မှာ တိုက်ရိုက် ဖင်ထိုင်ချလိုက်သည်။
“ ခင်ဗျားက အရာအားလုံးသိဆရာကြီးလား… ကောင်းကင်ဘုံသိထားတဲ့ ကိုးဆယ်ရာခိုင်နှုန်းကို ခင်ဗျားသိထားသလို မြေကြီးသိထားတဲ့ ခုနစ်ဆယ်ရာခိုင်နှုန်းကိုလည်း ခင်ဗျားသိထားတယ်လား ”
ထူးဆန်းသော အကြည့်က သီရှီထျန်၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ရုတ်တရက် သူ့အရှေ့မှာ ထွက်ပေါ်လာသော ထိုအဖိုးအိုကို မထူးမခြားနား အမူအရာဖြင့် ကြည့်လိုက်သည်။ သူက အဖိုးအိုကို စုန်ချည်ဆန်ချည် အကဲခတ်ကြည့်လိုက်သည်။
ထိုသို့အကဲခတ်ကြည့်ပြီးနောက် ထိုအဖိုးအိုဆီမှာ ထူးခြားသော သွင်ပြင်လက္ခဏာများရှိကြောင်း သူသတိထားမိသွားသည်။ သူ၏ ပါးစပ်က ထက်ရှပြီး သူ့မှာ မျောက်နှင့်တူသော ပါးများ ရှိသည်။ သူက ငါးပေစွန်းစွန်းသာ ရှည်လျားလေရာ အရပ်ပုသည်ဟု ဆိုရမည်။ သူ၏ လက်များတွင် အသားများကို သိပ်မမြင်ရပေ။ သူ၏ လက်များက ထင်းချောင်းတစ်ခုပမာ ပိန်ပါးပြီး သေးငယ်သည်။ သူက သင်္ချိုင်းကုန်းသို့ ခြေတစ်ဖက်လှမ်းနေသော သက်ကြီးရွယ်အိုတစ်ယောက်နှင့် ပိုပြီးဆင်တူသည်။ သူ၏ မျက်လုံးများက ထွန်းလင်းတောက်ပနေပြီး သူ၏ ခန္ဓာကိုယ်က သေခါနီးလူတစ်ယောက်ပုံစံ မရှိနေသောကြောင့်မဟုတ်လျှင် သီရှီထျန်က ထိုအဖိုးအိုကို သာမန်သေမျိုးတစ်ယောက်ဟု ယူဆမိလိမ့်မည်။
သူက အဖြူရောင်တာအိုဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာက ပြုံးရွှင်နေသည်။ ကြည့်ရသည်မှာ အဖိုးအိုက ပျော်ပျော်နေတတ်သူ ဖြစ်ပုံပေါ်သည်။
“ ဟဲ ဟဲ… ငါ အာမခံပါတယ်… ငါကြွားပြောနေတာ မဟုတ်ဘူး… ခရမ်းရွှေကုန်းမြေမှာ ငါမသိတဲ့ကိစ္စက အနည်းအကျဉ်းပဲ ရှိတယ်… မင်းဘာသိချင်လဲပြော… အဖြေကို ငါပြောပြမယ်… ဒါပေမဲ့… ”
အရာအားလုံးသိဆရာကြီးက ရယ်လိုက်သည်။ ဉာဏ်များသော အရိပ်အယောင်က သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ပြုံးလိုက်ပြီး ပြောသည်။
“ မင်းလည်း သိမှာပါ… သတင်းအချက်အလက်တွေ စုဆောင်းတာက ငါ့အတွက် လွယ်ကူတဲ့အလုပ် မဟုတ်ဘူး… အဲ့တော့ မင်းသိချင်တာရှိရင် အရင်ဆုံး ငါ့ကို တန်ဖိုးတစ်ခု ပေးချေရမယ် ”
သီရှီထျန်က မျက်ခုံးပင့်တင်လိုက်သည်။ ကိစ္စအများကြီး ပြောခဲ့ပြီးနောက်မှာ အဖိုးအို၏ အဓိကရည်ရွယ်ချက်က နောက်ဆုံးစကားမှာ ထွက်ပေါ်လာသည်။
“ အို… တန်ဖိုးက ဘာလဲ… ပြီးတော့ ခင်ဗျားပေးတဲ့ သတင်းအချက်အလက်က အမှန်ဟုတ်မဟုတ်ဆိုတာ ကျုပ်ဘယ်လိုသိနိုင်မှာလဲ… ခင်ဗျားက ကျုပ်ကို သတင်းအမှားကြီးပေးပြီး လှည့်စားသွားရင် ကျုပ်ပဲ နစ်နာမှာ မဟုတ်ဘူးလား ”
သီရှီထျန်က မထူးမခြားနား အမူအရာဖြင့် အရာအားလုံးသိဆရာကြီးကို ကြည့်လိုက်ပြီး လေးနက်သော အသံဖြင့် ပြောသည်။ သူက ထိုသို့ပြောလိုက်သော်လည်း ထိုအဖိုးအိုအပေါ် စူးစမ်းသိလိုစိတ်ဖြစ်မိသည်။
သူက စိတ်ထဲမှာ သူ့ဘာသာ တွေးလိုက်သည်။
“ အရာအားလုံးသိဆရာကြီးဆိုပါလား… တကယ်လို့ သူပြောတာ အမှန်ဆိုရင် သူ့ဆီကနေ အရေးကြီးတဲ့ သတင်းအချက်အလက်တချို့ကို ငါရနိုင်လိမ့်မယ် ”
“ ကျွတ်… ကျွတ်… ကျွတ်… ညီလေး… မင်းမှားနေပြီ… မင်းသာ တန်ဖိုးကို အတိအကျပေးချေနိုင်မယ်ဆိုရင် မင်းလိုချင်တဲ့ သတင်းအချက်အလက်တွေကို ငါပေးနိုင်တယ်… ငါက စီးပွားရေးလုပ်တဲ့နေရာမှာ အမြဲတမ်း ရိုးသားတယ် ”
“ တကယ်လို့ မင်းက ငါ့ကို လနန်းတော်ရဲ့ လနတ်ဘုရားက သူ့ရည်းစားကို သတိရနေလား… ဒါမှမဟုတ် သူ့ရည်းစားက ဘယ်သူလဲလို့ မေးရင်တောင် အားလုံးကို ငါဖြေပေးနိုင်တယ်… အားယိုး… ”
အရာအားလုံးသိဆရာကြီးက ပေါက်ကရစကားများကို ပြောသည်။ သူက စကားပြောနေရင်း စိတ်ဓာတ်တတ်ကြွလာပြီး သူ၏ ခြေလက်များကို အားကြိုးမာန်တတ် လှုပ်ရှားလိုက်သည်။ သူက အလွန်စိတ်လှုပ်ရှားနေဟန် ရ၏။ သို့သော်လည်း သူ့စကားက တစ်ဝက်တစ်ပျက်မှာ ရပ်တန့်သွားသည်။
အဘယ့်ကြောင့်ဆိုသော် ဗာဒံသီးစေ့တစ်လုံးက သူ၏ ဦးခေါင်းတည့်တည့်ပေါ်သို့ ရုတ်တရက် ပြုတ်ကျလာသောကြောင့်ပင်။ ထူးဆန်းသည်မှာ ထိုဗာဒံသီးစေ့က မည်သည့်နေရာမှ ထွက်ပေါ်လာကြောင်း မသိရပေ။