← Chapters

အခန်း (၁၈၄-၁၈၆)

Vol. 13 Ch. 184-186

အခန်း (၁၈၄-၁၈၆)

Vol. 13 Ch. 184-186

အခန်း(၁၈၄)

အရာအားလုံးသိဆရာကြီးက သူ့ဦးခေါင်းကို လက်ဖြင့်အုပ်၍ နာကျင်စွာ အော်လိုက်သည်။ မူလက သူ့ပါးစပ်ထဲမှ ထွက်ကျလာတော့မည့် စကားများက ရုတ်တရက် ရပ်တန့်သွားသည်။ သူက ခေါင်းမော့လိုက်ပြီး အပေါ်ကို ကြည့်လိုက်သည်။

“ အတိုချုပ်ပြောရရင်… မင်းသိချင်တာအားလုံးကို ငါဖြေပေးနိုင်တယ်… ဒါပေမဲ့ တန်ဖိုးကတော့ မနိမ့်ဘူး… သတင်းအချက်အလက်ပေါ်မူတည်ပြီး တန်ဖိုးက ပြောင်းလဲသွားတယ်… ဥပမာ မင်းက ချင်မိသားစုရဲ့ ကုချင်းနတ်သမီးအကြောင်း သိချင်တယ်ဆိုရင် တန်ဖိုးက သိပ်မများပါဘူး… မင်းငါ့ကို နှစ်တစ်ရာဝိညာဉ်ဆေးပင်တစ်ပင် ဒါမှမဟုတ် ဝိညာဉ်ကျောက်တုံးတစ်ထောင် ပေးရမယ်… ဘယ်လိုလဲ မင်းစိတ်ဝင်စားလား… မင်းက ရုပ်ရည်အသင့်အတင့်ရှိသားပဲ… ဒီလိုလုပ်ကွာ… ငါပြောပြီးတဲ့အခါ ကုချင်းနတ်သမီးရဲ့ ပုံတူပန်းချီကို မင်းကို ငါပေးမယ် ”

အရာအားလုံးသိဆရာကြီးက တဟားဟား ရယ်လိုက်ပြီး ပြောသည်။ သီရှီထျန်၏ မျက်လုံးထဲတွင်မူ ထိုအဖိုးကြီး ရယ်နေသည်မှာ အလွန်စက်ဆုပ်ဖွယ်ကောင်း၏။

“ ကုချင်းနတ်သမီးအကြောင်း သိဖို့ ကျုပ်အလျင်မလိုပါဘူး… တကယ်ပဲ ခင်ဗျားက ဒီလောကရဲ့ ကိစ္စအားလုံးကို သိတယ်ဆိုရင် ခရမ်းရွှေကျောက်စိမ်းပိုးမျှင်ကို ဘယ်နေရာမှာ ကျုပ်ရှာဖွေနိုင်မလဲ မေးနိုင်မလား… ခရမ်းရွှေနတ်ဘုရားသံမဏိကို ဘယ်နေရာမှာ ကျုပ်ရှာဖွေနိုင်မလဲ… ထျန်းကံကြမ္မာကျောက်စိမ်းကို ဘယ်နေရာမှာ ကျုပ်ရှာဖွေနိုင်မလဲ ”

သီရှီထျန်က မထူးမခြားနား ပြုံးလိုက်သည်။ သူက ရုတ်တရက် ပါးစပ်ဖွင့်လိုက်ပြီး အရာအားလုံးသိဆရာကြီးကို မေးခွန်းသုံးခု ဆက်တိုက် မေးသည်။ စကားပြောပြီးနောက် သူက အဖိုးအိုကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်လိုက်သည်။ သူက အဖိုးအိုထံမှ အမူအရာပြောင်းလဲမှု သေးသေးလေးကိုပင် လက်လွှတ်မခံချင်ပေ။

“ အမ်… ကောင်စုတ်လေး… မင်းက တကယ်ကြီး ငါ့ကို မေးနေတာပဲ ”

အရာအားလုံးသိဆရာကြီးသည် သီရှီထျန်ထံမှ မေးခွန်းသုံးခုကို ကြားပြီးနောက် ကျောက်တုံးကြီးပေါ်မှ ရုတ်တရက် ထခုန်လိုက်သည်။ သူက သီရှီထျန်ကို အံ့ဩစွာ လက်ညှိုးထိုးလိုက်သည်။ သူက သီရှီထျန်၏ ခန္ဓာကိုယ်ကို စုန်ချည်ဆန်ချည် စစ်ဆေးကြည့်လိုက်သည်။ ယခု သူက သီရှီထျန်ကို စိတ်ဝင်စားသွားဟန် ရ၏။

“ ကြည့်ရတာ ခင်ဗျား ဘာမှမသိဘူးပဲ ”

ယင်းကို မြင်သောအခါ သီရှီထျန်က တည်ငြိမ်စွာ ပြောသည်။

“ ဟဲ ဟဲ ”

ယင်းကို ကြားသောအခါ အရာအားလုံးသိဆရာကြီးက ထူးဆန်းစွာ ရယ်လိုက်သည်။ သူက ပြောသည်။

“ ညီလေး… မင်းငါ့ကို သွေးထိုးဖို့ မလိုပါဘူး… မင်းမေးတဲ့ မေးခွန်းသုံးခုကို ငါမသိတာ မဟုတ်ဘူး… မင်း အဲ့ဒီမေးခွန်းတွေအတွက် လုံလောက်တဲ့ တန်ဖိုးကို ပေးချေနိုင်ပါ့မလား ငါသိချင်မိတယ် ”

အရာအားလုံးသိဆရာကြီးက နှုတ်ခမ်းသပ်လိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောသည်။

“ သာမန်လူတစ်ယောက်ဆိုရင် အစောနက မင်းမေးတဲ့ မေးခွန်းမျိုး ငါ့ကို မေးမှာ မဟုတ်ဘူး… ကြည့်ရတာ မင်းက သာမန်မဟုတ်တဲ့ပုံပဲ… ခရမ်းရွှေကျောက်စိမ်းပိုးမျှင်က ပိုးမျှင်တွေထဲမှာ နံပါတ်တစ် အထွတ်အမြတ်ပစ္စည်းပဲ… ပိုးမျှင်တစ်မျှင်ကတောင် ခရမ်းရွှေကုန်းမြေတစ်ခုလုံးကို မုန်တိုင်းထန်သွားစေနိုင်တယ်… ခရမ်းရွှေကျောက်စိမ်းပိုးမျှင်နဲ့ပတ်သက်တဲ့ သတင်းတစ်ခု ပျံ့နှံ့သွားမယ်ဆိုရင် ကုန်းမြေတစ်ခုလုံး တုန်လှုပ်သွားလိမ့်မယ်… ခရမ်းရွှေနတ်ဘုရားသံမဏိကတော့… ကောင်စုတ်လေး မင်းမို့လို့ အဲ့ဒီဟာကို ပါးစပ်ကနေ ထုတ်ပြောရဲတယ်… အဲ့ဒါက ခရမ်းရွှေနတ်ဘုရားသဲမှုန်တွေ နှစ်တစ်ထောင်ကြာအောင် သိပ်သည်းနေပြီးမှ ဖွဲ့စည်းသွားတဲ့ အထွတ်အမြတ် နတ်ဘုရားသံမဏိတုံးပဲ… ခရမ်းရွှေနတ်ဘုရားသဲတစ်မှုန်ကတောင် အဖိုးမဖြတ်နိုင်အောင် တန်ဖိုးကြီးမားတယ်… ထျန်းကံကြမ္မာကျောက်စိမ်းကတော့… ကျွတ် ကျွတ်… အဲ့ဒါက ကံစပ်တဲ့လူပဲ ရှာတွေ့နိုင်တဲ့ ရတနာ… ”

သူက အကြိမ်ရေအနည်းငယ် အော်ဟစ်လိုက်သည်။ ထို့နောက် သူက ပြောသည်။

“ မင်းကများ အဲ့ဒီလို အထွတ်အမြတ်ရတနာတွေအကြောင်း သိချင်တယ်လား… မင်းရဲ့ တစ်ကိုယ်လုံး ရောင်းချမယ်ဆိုရင်တောင် အဲ့ဒီမေးခွန်းတွေအတွက် တန်ဖိုးကို မပေးချေနိုင်ဘူး သိရဲ့လား… ညီလေး… ငါမင်းကို အကြံတစ်ခုပေးမယ်… မင်း တခြားဟာ ပြောင်းမေးပါလား ”

ယင်းကို သီရှီထျန် ကြားသောအခါ နက်နဲသိမ်မွေ့သော အလင်းက သူ့မျက်လုံးထဲမှာ လင်းလက်သွားသည်။ သူ့အမူအရာက ချက်ချင်း လေးနက်သွားသည်။ အရာအားလုံးသိဆရာကြီးကို ကြည့်သော သူ၏ ပုံစံက ရုတ်တရက် ပြောင်းလဲသွားသည်။ တစ်ခဏကြာပြီးနောက် သူက လေးနက်စွာ ပြောသည်။

“ တကယ်လို့ ကျုပ်က အဲ့ဒါတွေကို သိချင်တယ်ဆိုရင် ဘယ်လောက်တန်ဖိုးကို ပေးချေရမလဲ ”

သူ့အရှေ့မှ အရာအားလုံးသိဆရာကြီးက လူလိမ်မဟုတ်ဘဲ သာလွန်ထူးခြားသော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ကြောင်း သူနားလည်သွားသည်။ ခရမ်းရွှေကျောက်စိမ်းပိုးမျှင်အကြောင်းကို ထျန်းအင်ပါယာရတနာသေတ္တာထဲမှ သူရရှိခဲ့သော ရှေးဟောင်းစာလိပ်ထံမှ သူသိခဲ့ခြင်း ဖြစ်သည်။ ခရမ်းရွှေနတ်ဘုရားသံမဏိနှင့် ထျန်းကံကြမ္မာကျောက်စိမ်းကိုတော့ လွန်ခဲ့သော ရက်အနည်းငယ်ကမှ သူသိခဲ့ခြင်း ဖြစ်သည်။ သူက ယင်းတို့၏ နာမည်ကိုသာ သိခဲ့ခြင်း ဖြစ်သည်။ ယင်းတို့က ထိုမျှတန်ဖိုးကြီးမားမည်ဟု သူမသိထားပေ။

သူ့အရှေ့မှ ထိုအဖိုးအိုက ထိုမျှတန်ဖိုးကြီးမားသော ရတနာများအကြောင်း သိထားလေရာ အရာအားလုံးသိဆရာကြီးဟူသော သူ၏ ဂုဏ်ပုဒ်က ကြွားရုံသက်သက် မဟုတ်ကြောင်း သီရှီထျန် သိသွားသည်။

“ ဟဲ ဟဲ… ငါပြောပြီးပါပေါ့လား… တန်ဖိုးကို မင်းမတတ်နိုင်ပါဘူးဆို… နှစ်တစ်သောင်းမျောက်မင်းဝိုင်ကို မင်းပေးနိုင်လား… အမတမက်မွန်သီး မင်းဆီမှာ ရှိလား… လောကသစ်ပင်ရဲ့ အကိုင်းအခတ်တစ်ခုကို မင်းပေးနိုင်လား…ကျန်တာတွေကိုတော့ ဆက်ပြောနေဖို့ မလိုတော့ဘူး ”

အရာအားလုံးသိဆရာကြီးက ခေါင်းယမ်းလိုက်ပြီး သီရှီထျန်ကို အထင်သေးစွာ ကြည့်လိုက်သည်။ ဤသည်မှာ သူက သီရှီထျန်ကို ထွင်းဖောက်မြင်နိုင်သည့်အလား သို့မဟုတ် သီရှီထျန်က ထိုမေးခွန်းများအတွက် တန်ဖိုးကို မပေးချေနိုင်ကြောင်း သူသိထားသည့်အလားပင်။

သီရှီထျန်က ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။ သူက အဖိုးအိုပြောခဲ့သော ပစ္စည်းများထဲတွင် မျောက်မင်းဝိုင်ကိုသာ သိသည်။ သို့သော်လည်း နှစ်တစ်သောင်းမျောက်မင်းဝိုင်ကို သူမပေးနိုင်ပေ။ ကျန်ပစ္စည်းများသည်တော့ သူက ယင်းတို့ကို ယခုမှ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။

“ တင်း… တုန်… တင်း… တုန် ”

ထိုအခိုက်အတန့်မှာ ခရမ်းဝါးတော၏ အနက်ပိုင်းထဲတွင် ခရမ်းရောင်ဝါးများဖြင့် ဆောက်လုပ်ထားသော စံအိမ်ကြီးတစ်ခု ရှိသည်။ စံအိမ်ကြီးပေါ်တွင် သစ်သားပြားတစ်ခုကို ချိတ်ဆွဲထားသည်။ ထိုသစ်သားပြားပေါ်တွင် “ ချင်စံအိမ် ”ဟူသော စကားလုံးကို ရေးထွင်းထားသည်။ လက်ရေးလှ ကျွမ်းကျင်ပညာရှင်တစ်ယောက်က ထိုစကားလုံးကို ရေးသားခဲ့သည့်အလား ယင်းက တမူထူးခြားသော ဆွဲဆောင်မှုကို ထုတ်လွှတ်နေသည်။ တစ်စုံတစ်ယောက်သည် အကြည့်တစ်ချက်ဖြင့်ပင် ယင်းက သာမန်မဟုတ်ကြောင်း ချက်ချင်း ခံစားရလိမ့်မည်။

ချင်စံအိမ်၏ အနောက်ဘက်ခြံဝန်းတွင်… ။

ရေကန်၏ အလယ်ဗဟို၌ ကြာပန်းပွင့်နန်းဆောင်တစ်ခုကို ဆောက်လုပ်ထားသည်။ ရေကန်၏ မျက်နှာပြင်ပေါ်မှာ ကြာပန်းပွင့်များက ပွင့်လန်းနေကြသည်။ မွှေးပျံ့သော ပန်းရနံ့က လေထဲမှာ ပျံ့လွင့်နေသည်။ အမျိုးသမီးနှစ်ယောက်က ကြာပန်းပွင့်နန်းဆောင်ထဲမှာ ထိုင်နေကြသည်။

တစ်ဦးက အသက်သုံးဆယ်ခန့်ရှိသော အမျိုးသမီး ဖြစ်သည်။ သူက အိမ်ထောင်ရှိ ဇနီးသည်တစ်ယောက်၏ ရင့်ကျက်မှုကို ပိုင်ဆိုင်ထားပုံပေါ်သည်။ သူက တည်ငြိမ်ပြီး ကျက်သရေရှိသည်။ သူ၏ အလှက ငယ်ရွယ်ချောမောသော မိန်းကလေးများထက် နည်းနည်းမှ မလျော့ပေ။ ထို့ပြင် သူက ကြော့ရှင်းတင့်တယ်သော ကိုယ်ဟန်အမူအရာကို ပိုင်ဆိုင်ထားသည်။ ယင်းက သူ၏ အလှကို ပိုပြီးကျက်သရေတိုးစေသည်။

အခြားတစ်ဦးက မျက်နှာကို ဇာပဝါဖြင့် ဖုံးထားသော မိန်းကလေးဖြစ်သည်။ ထိုမိန်းကလေးက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ့ဝတ်စုံက သူ၏ ခန္ဓာကိုယ်အချိုးအစားနှင့် ပြီးပြည့်စုံစွာ လိုက်ဖက်နေလေရာ သူ၏ ခန္ဓာကိုယ်အလှက ပိုပြီးထင်ပေါ်သွားသည်။ သူ့မှာ မို့မောက်သော ရင်သား၊ နက်မှောင်သော ဆံနွယ်ရှည်နှင့် ကျောက်စိမ်းသဖွယ် သေးသွယ်သော လက်ချောင်းများ ရှိသည်။ သူက ပြစ်ချက်မဲ့စွာ ချောမောလှပသည်။

သူ၏ မျက်နှာကို ဇာပဝါဖြင့် ဖုံးအုပ်ထားလျှင်ပင် သူက သာမန်မိန်းကလေး မဖြစ်နိုင်ပေ။ အနည်းဆုံးတော့ သူက ရုပ်မဆိုးနိုင်ပေ။ ကြော့ရှင်းတင့်တယ်မှုက သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည်။

မိန်းကလေးသည် နန်းဆောင်ထဲမှာ အေးဆေးတည်ငြိမ်စွာ ထိုင်နေသည်။ သူ၏ အရှေ့မှ ကျောက်စိမ်းစားပွဲခုံပေါ်တွင် ကြိုးခုနစ်ချောင်းကုချင်းတစ်ခု ရှိသည်။ သူက သေးသွယ်သော လက်ချောင်းများကို အစိမ်းရောင်ကုချင်းပေါ်မှ ကြိုးများပေါ်သို့ တင်လိုက်သည်။ သူက မနှေးလွန်း မမြန်လွန်းသော အလျင်၊ မတင်းလွန်း မလျော့လွန်းသော အင်အားဖြင့် ကုချင်းကြိုးများကို တီးခတ်နေသည်။ ကုချင်းကြိုးများ တုန်ခါသွားသည့်အခါတိုင်း ကောင်းကင်ဘုံတေးသံပမာ သာယာနာပျော်ဖွယ်ကောင်းသော ကုချင်းအသံက ထွက်ပေါ်လာသည်။ ရေကန်၏ မျက်နှာပြင်ပေါ်တွင် ရောင်စုံငါးများက တစ်ကောင်ပြီးတစ်ကောင် ခေါင်းထွက်လာကြသည်။ ယင်းက အလွန်အံ့ဖွယ်ကောင်းသည်။

ယင်းက နှလုံးသားကုချင်းအသံ ဖြစ်သည်။

သို့သော်လည်း ကုချင်းအသံထဲမှာ ညှိုးမှိုင်မှုတစ်စုံတစ်ရာ ပါဝင်နေဟန် ရ၏။ ယင်းက ကုချင်းအသံ ကြားရသူတိုင်းကို စိတ်အားငယ်မှုအား အလိုအလျောက် ခံစားရစေလိမ့်မည်။ ဤသည်မှာ တစ်စုံတစ်ယောက်က ဖြေရှင်းရန် ခက်ခဲသော ပြဿနာတစ်စုံတစ်ခုကို တွေ့ကြုံနေသည့်အလားပင်။

သူတို့၏ စိတ်ခံစားမှုက ကုချင်းအသံ၏ အနိမ့်အမြင့်ပေါ်မူတည်၍ လိုက်လံပြောင်းလဲသွားသည်။

" တင် "

နောက်ဆုံးမှာ ကုချင်းအသံက ရပ်တန့်သွားသည်။

“ ရှင်းအာ… သမီးရဲ့ ဆုံးဖြတ်ချက်က အရမ်းမလောနေဘူးလား… ဒီကိစ္စက သမီးရဲ့ ဘဝတစ်သက်တာပျော်ရွှင်မှုနဲ့ သက်ဆိုင်နေတယ်… အမေ့ရဲ့ အမြင်မှာတော့ ဒီကိစ္စကို သမီး နောက်တစ်ကြိမ် စဉ်းစားသင့်တယ်… ဘာပဲဖြစ်ဖြစ် အခုချိန်က နောက်ပြန်ဆုတ်ဖို့ သိပ်နောက်မကျသေးဘူး… ချင်မိသားစုအတွက်နဲ့ သမီးရဲ့ ဘဝကို မစတေးသင့်ဘူး ”

သက်လတ်ပိုင်းအရွယ် အမျိုးသမီးက နူးညံ့စွာ သက်ပြင်းချလိုက်သည်။ သူက မိန်းကလေးကို ကြည့်နေရင်း နားချသည်။

“ အမေ… ”

မိန်းကလေးက ခေါင်းမော့လိုက်ပြီး နူးညံ့စွာ ပြောသည်။

“ သမီးကို နောက်ထပ် မဆွဲဆောင်ပါနဲ့တော့… ဘယ်သူမှ သမီးကို တွန်းအားမပေးနိုင်ပါဘူး… ဒီဟာကို သမီးကိုယ်တိုင် ဆန္ဒရှိတာပါ… ချင်မိသားစုရဲ့ အထွတ်အမြတ်ကျင့်စဉ်ကို မြစိမ်းကုချင်းထဲမှာ ဝှက်ထားတယ်… မြစိမ်းကုချင်းကို သမီးတို့ ပြန်ရမယ်ဆိုရင် ချင်မိသားစုကို ပြန်လည်တည်ဆောက်နိုင်ပြီး မကြာခင် ကျရောက်လာတော့မယ့် ကပ်ဘေးကို ကျော်လွှားနိုင်လိမ့်မယ်… မဟုတ်ရင် ချင်မိသားစုရဲ့ လက်ရှိအင်အားအရ သမီးတို့တစ်မိသားစုလုံး သတ်ဖြတ်ခံရလိမ့်မယ် ”

မိန်းကလေးသည် စကားပြောနေရင်း ရေကန်ထဲမှ ကြာပန်းများကို ကြည့်လိုက်သည်။ သူက ခပ်ရေးရေး ပြုံးလိုက်သည်။

“ ပြီးတော့ တစ်စုံတစ်ယောက်က ကုချင်းဘုံထဲကနေ မြစိမ်းကုချင်းကို တကယ်ပဲ ပြန်ယူလာနိုင်မယ်ဆိုရင် အဲ့ဒီလူက လူတွေကြားက နဂါးပဲ… သူ့ကို လက်တွဲဖော်အဖြစ် သတ်မှတ်တာ မမှားနိုင်ပါဘူး… သမီးရဲ့ ကံကြမ္မာကို ဘိုးဘေးရဲ့ အမွေအနှစ်က ဆုံးဖြတ်ပေးပါလိမ့်မယ် ”

“ အဲ့လိုဖြစ်လာဖို့ အမေလည်း မျှော်လင့်ပါတယ်”

သက်လတ်ပိုင်းအရွယ် အမျိုးသမီးက ခေါင်းခါလိုက်သည်။ သူ့သမီးက စိတ်ဆုံးဖြတ်ပြီးလျှင် လွယ်လွယ် စိတ်မပြောင်းနိုင်ကြောင်း သူသိသည်။

သူက ပြောသည်။

" အခု လူငယ်လက်ရွေးစင်တွေအများကြီး ချိုင့်ဝှမ်းဆီ အပြေးအလွှား လာနေကြတယ်… အမေ ကြည့်ရတာတော့ စမ်းသပ်မှုမစတင်ခင် အနည်းဆုံး အရေအတွက်တစ်ထောင်လောက် ရှိလိမ့်မယ်… ဒါပေမဲ့ ကုချင်းဘုံက အရမ်းအန္တရာယ်များတယ်… ကုချင်းဘုံထဲ ဝင်ရောက်ဖို့ လွယ်ကူပေမဲ့ ပြန်ထွက်လာဖို့က အရမ်းခက်ခဲတယ်… ဘယ်နှစ်ယောက် အသက်ရှင်ကျန်ရစ်မလဲ ဘယ်သူမှ မသိနိုင်ဘူး ”

ချိုင့်ဝှမ်းထဲတွင် အရေအတွက်များပြားသော ကျင့်ကြံသူများက နေ့စဉ်နှင့်အမျှ တိုးပွားလာနေသည်။ သူတို့အားလုံးက လူငယ်ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့အားလုံးက အသက်လေးဆယ်မကျော်ဟန် ရ၏။ မည်သို့ဖြစ်ပါစေ ကျင့်ကြံသူများသည် သာမန်လူများထက် သက်တမ်းပိုရှည်လျားကြသည်။ ထို့ကြောင့် အသက်လေးဆယ်ကို ငယ်ရွယ်သည်ဟု ဆိုနိုင်သည်။ အသက်လေးဆယ်ထက် ကျော်လွန်သွားသူများသည်တော့ ဤသတိုးသားလောင်းရွေးချယ်ပွဲမှာ မပါဝင်နိုင်ကြပေ။ ထို့ကြောင့် လူအနည်းစုသာလျှင် ဤနေရာသို့ ရောက်လာနိုင်ကြသည်။

ထိုသို့မဟုတ်ဘဲ အကယ်၍ ပြည်ထောင်သုံးခုထဲမှ လေလွင့်ကျင့်ကြံသူအားလုံးနှင့် ကျင့်ကြံခြင်းမိသားစုအားလုံး အတူတကွ ရောက်လာကြမည်ဆိုလျှင် ဤချိုင့်ဝှမ်းထဲမှာ လူအယောက်တစ်သောင်းထက်မနည်း စုဝေးသွားကြလိမ့်မည်။

ချိုင့်ဝှမ်းထဲသို့ ဝင်ရောက်လာကြသော လူငယ်ကျင့်ကြံသူများထဲတွင် အများစုက ချီသန့်စင်ခြင်းနယ်ပယ်မှာသာ ဖြစ်ကြသည်။ သို့သော်လည်း အခြေတည်နယ်ပယ် ကျင့်ကြံသူများက မရှားပါးပေ။ အသက်ကြီးသော ကျင့်ကြံသူတချို့က အပျော်ရှာရန်သက်သက် ရောက်လာကြသည်။ တချို့က ဤအခြေအနေကို အသုံးချ၍ ပျံကျဈေးသည်များ လုပ်ကြသည်။ သူတို့က အသုံးမလိုသော ပစ္စည်းများကို သားရဲအရေပြားပေါ်မှာ ခင်းကျင်းရောင်းချကြသည်။

အနှစ်ချုပ်ဆိုရသော် ဤချိုင့်ဝှမ်းထဲမှာ ရည်ရွယ်ချက်ကိုယ်စီရှိသော လူအမျိုးမျိုး ရောနှောစုဝေးနေကြသည်။

ဤအခိုက်အတန့်မှာ ချိုင့်ဝှမ်း၏ လူစည်ကားသော နေရာတွင် ပျံကျဈေးသည်အများအပြား ထွက်ပေါ်လာကြသည်။ သူတို့က ဘေးတစ်ဖက်စီမှာ နေရာယူထားကြပြီး အလယ်ကို လျှောက်လမ်းအဖြစ် သတ်မှတ်ထားကြသည်။ သို့ဖြစ်၍ ဤနေရာက ဈေးလမ်းနှင့် ဆင်တူသွားသည်။

သို့သော် ထိုပျံကျဈေးသည်များသည် သေမျိုးလောကမှ ဈေးသည်များကဲ့သို့ အသံကျယ်ကျယ်ဖြင့် မအော်နေကြပေ။ သူတို့အားလုံးက ကိုယ်ပိုင်ဈေးဆိုင်၏ အရှေ့မှာ ထိုင်နေကြသည်။ တစ်စုံတစ်ယောက်က ဈေးဆိုင်အရှေ့သို့ လျှောက်လာပြီး ဈေးဝယ်ချင်သော အရိပ်အယောင်ကို ဖော်ပြလာလျှင် သူတို့က ပါးစပ်ဟ၍ သူတို့ပစ္စည်းများ၏ ကောင်းကြောင်းများကို မနားတမ်း ပြောကြလိမ့်မည်။ မည်သို့ဖြစ်ပါစေ ကျင့်ကြံသူများသည် သူတို့ကိုယ်သူတို့ သာမန်သေမျိုးများထက် ပိုပြီးမြင့်မြတ်သည်ဟု ခံယူထားကြသည်။ သို့ဖြစ်လေရာ သူတို့၏ ဈေးရောင်းပုံက မည်သို့ကြောင့် သေမျိုးများနှင့် တူညီမည်နည်း။

“ နှစ်တစ်သောင်းမျောက်မင်းဝိုင်၊ အမတမက်မွန်သီး၊ လောကသစ်ပင်ရဲ့ အကိုင်းအခတ်လား ”

ယင်းကို သီရှီထျန်ကြားသောအခါ အံ့ဩမှုက သူ၏ နှလုံးသားထဲ၌ လှိုင်းလုံးတစ်ခုပမာ ပေါ်လျှိုးလာသည်။ သူက တစ်ခဏကြာအောင် စဉ်းစားပြီးနောက် ခေါင်းယမ်းလိုက်သည်။ ထို့နောက် သူက သူ့အရှေ့မှာ ထိုင်နေသော အရာအားလုံးသိဆရာကြီးကို ကြည့်လိုက်ပြီး ပြုံးလိုက်သည်။ သူက တိုးညင်းစွာ ပြောသည်။

“ ကျုပ်မှာ အဲ့ဒီပစ္စည်းတွေ တကယ်မရှိဘူး… ဒါပေမဲ့ တစ်နေ့ အဲ့ဒါတွေကို ကျုပ်ပိုင်ဆိုင်လာတဲ့အခါ ခင်ဗျားကို ဘယ်လိုရှာရမလဲ ”

သူသည် နာမည်ကြားရုံဖြင့်ပင် ထိုပစ္စည်းများက တစ်သက်မှာ တစ်ခါသာလျှင် ရှာတွေ့နိုင်သော တန်ဖိုးကြီးပစ္စည်းများဖြစ်ကြောင်း သိလိုက်သည်။ အမတမက်မွန်သီး။ ယင်းက သာမန်မက်မွန်သီး မဖြစ်နိုင်ပေ။ ဖြစ်နိုင်သည်မှာ ယင်းက အတိတ်ဘဝ၌ သူကြားခဲ့ဖူးသည့် ဒဏ္ဍာရီထဲမှ စွန်းဝူခုန်း ခိုးစားခဲ့သော မက်မွန်သီး ဖြစ်နိုင်သည်။ လောကသစ်ပင်။ ထိုနာမည်ကို ဤမတိုင်ခင်အထိ တစ်ခါမှ သူမကြားဖူးပေ။ နာမည်ကို နားထောင်ရုံဖြင့် ထိုသစ်ပင်က သာမန်သစ်ပင်မဟုတ်နိုင်ကြောင်း မည်သူမဆို ခန့်မှန်းနိုင်လိမ့်မည်။

သာမန်ကျင့်ကြံသူများသည် ထိုသို့ပစ္စည်းများကို သူတို့တစ်ဘဝလုံး၌ လက်လှမ်းမီနိုင်လိမ့်မည် မဟုတ်ချေ။

သို့သော်လည်း သူက စိတ်ထဲမှာ တိတ်တဆိတ် ဆုံးဖြတ်ချက်ချလိုက်သည်။

ထိုပစ္စည်းများကို လောလောဆယ် သူမရနိုင်သေးသော်လည်း အနာဂတ်မှာ ယင်းတို့ကို သူမရနိုင်ဘူးဟု မပြောနိုင်ပေ။ အကယ်၍ ယင်းတို့ကို သူပိုင်ဆိုင်သွားခဲ့သည်ရှိသော် သူလိုချင်သော သတင်းအချက်အလက်များကို သိနိုင်လိမ့်မည်။

သူ့အရှေ့မှ အရာအားလုံးသိဆရာကြီးက သေမျိုးလောကမှာ လှည့်ပတ်သွားလာနေသော လူထူးဆန်းပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း သူခန့်မှန်းမိသည်။

အခန်း(၁၈၅)

သီရှီထျန်၏ စကားကို ကြားသောအခါ အရာအားလုံးသိဆရာကြီး၏ မျက်နှာပေါ်မှာ စိတ်ဝင်စားသောအမူအရာ ထွက်ပေါ်လာသည်။ သူက ဘေးပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးသည်။

" ဒီအဖိုးကြီးက အဲ့ဒီရတနာတွေထဲက တစ်ခုခုကို မင်းရရှိလိမ့်မယ်လို့ မယုံဘူးဆိုပေမဲ့ နောင်အနှစ်ငါးရာကြာတဲ့အခါ နှစ်တစ်ထောင်ပြည့်ရင် တစ်ခါပွင့်လေ့ရှိတဲ့ မူလလောကဘုံက ပြန်ပွင့်သွားလိမ့်မယ်… တကယ်လို့ မင်းက အဲ့ဒီထဲ ဝင်နိုင်မယ်ဆိုရင် ငါပြောခဲ့တဲ့ ရတနာတွေထဲက တစ်ခုကို မင်းရနိုင်လိမ့်မယ်… ထားလိုက်ပါတော့… ဒီမှာ ခရမ်းရွှေဒင်္ဂါးပြား… အဲ့ဒါက ငါ့ရဲ့ တုံကင်အမှတ်အသားပဲ… ငါပြောတဲ့ ရတနာတွေကို တကယ် မင်းရှာတွေ့ပြီဆိုရင် ဒီဒင်္ဂါးပြားထဲ မင်းရဲ့ ဝိညာဉ်အမျှင်တန်းကို ထည့်သွင်းလိုက်ပါ… အဲ့ဒီအခါ အလိုအလျောက် ငါသိသွားလိမ့်မယ်… အချိန်ကျလာရင် ငါမင်းကို လာရှာမယ်… ရော့ "

အရာအားလုံးသိဆရာကြီးက စကားဆုံးသွားသည်နှင့် ခရမ်းရွှေဒင်္ဂါးပြားတစ်ခုကို သာမန်ကာလျှံကာ ပစ်ပေးလိုက်သည်။ ယင်းက ခရမ်းရောင်အလင်းတန်းနှင့်အတူ သီရှီထျန်ဆီသို့ ပျံသန်းသွားသည်။ သီရှီထျန်က လက်ဆန့်ထုတ်လိုက်ပြီး ခရမ်းရွှေဒင်္ဂါးပြားကို ဖမ်းဆုပ်လိုက်သည်။ သို့သော်လည်း ဒင်္ဂါးပြားကို အနီးကပ် သူမကြည့်နိုင်ခင် အရာအားလုံးသိဆရာကြီးက ကျောက်တုံးကြီးပေါ်မှ ခုန်ဆင်းလိုက်ပြီး အော်လိုက်သည်။

“ ကောင်းပြီ ကောင်လေး… မင်းကြည့်ရတာ ကုချင်းနတ်သမီးအကြောင်း သိချင်တဲ့ပုံမပေါ်ဘူး… ဒီအဖိုးကြီးက မင်းနဲ့ ဆက်ပြီး အချိန်မဖြုန်းတော့ဘူး… နောက်ထပ် ဆူဖြိုးဖြိုး သိုးတစ်ကောင်ကို ငါသွားရှာရမယ်… ဟဲ ဟဲ… ”

သူက လက်ဖဝါးနှစ်ဖက်ကို ပွတ်သပ်လိုက်စဉ် မျက်လုံးအရောင်တောက်သွားသည်။ သူက ယခုလေးမှ ချိုင့်ဝှမ်းထဲသို့ ဝင်ရောက်လာသော ကျင့်ကြံသူများကို ကြည့်လိုက်သည်။ ထိုထဲတွင် အဖွဲ့ခေါင်းဆောင်ဖြစ်ဟန်တူသော ရုပ်ချောချော ကျင့်ကြံသူတစ်ယောက် ရှိသည်။ သူက တန်ဖိုးကြီးမားသော အဖြူရောင်ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူက ချောမောခန့်ညားရုံသာမက သူ၏ လှုပ်ရှားမှုတိုင်းမှာ ကြော့ရှင်းတင့်တယ်မှုကို သယ်ဆောင်ထားသည်။ သူက လက်ထဲမှာ ခေါက်ယပ်တောင်တစ်ချောင်းကို ကိုင်ထားသည်။ ခေါက်ယပ်တောင်ကို ဖြန့်လိုက်သည့်အခါ တောင်တန်းများနှင့် ပင်လယ်များပါသော ရုပ်ပုံများ ထွက်ပေါ်လာသည်။ ထို့ပြင် ယင်း၏ မျက်နှာပြင်က ဝိညာဉ်စွမ်းအားကို မထင်မရှား ထုတ်လွှတ်နေသည်။ ထူးခြားသည်မှာ ယပ်တောင်သည် စက္ကူမဟုတ်ပေ။ ယင်းအစား ပိုးမျှင်များဖြင့် ရက်လုပ်ထားသောပစ္စည်း ဖြစ်သည်။ ရှင်းလင်းစွာပင် ထိုယပ်တောင်က သာမန်ယပ်တောင်မဟုတ်ပေ။ ယင်းက ကျင့်ကြံသူတစ်ယောက်၏ အစွမ်းထက် ဓမ္မလက်နက် သို့မဟုတ် ဓမ္မရတနာ ဖြစ်နိုင်သည်။

ထိုကျင့်ကြံသူ၏ အနောက်မှာ မိန်းကလေးအစေခံ လေးယောက် ရှိကြသည်။ သူတို့အားလုံးက အမွှာများဖြစ်ကြသည့်အလား ရုပ်ချင်းဆင်ကြသည်။ သူတို့က အသက်ဆယ့်ခုနစ်နှစ် ဆယ့်ရှစ်နှစ်ခန့်သာ ရှိကြသည်။ ထို့ပြင် သူတို့တစ်ယောက်စီက ဆွဲဆောင်မှုရှိစွာ ချောမောလှပကြသည်။ သူတို့လေးယောက်က အနီ၊ အဝါ၊ အပြာနှင့် အစိမ်းဟူသော မတူညီသည့် ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။ ထူးခြားချက်တစ်ခုမှာ သူတို့၏ လက်ကောက်ဝတ်တွင် သေးငယ်သော ရွှေခေါင်းလောင်းတစ်လုံးကို ချိတ်ဆွဲထားသည်။ သို့ဖြစ်၍ သူတို့ရွေ့လျားသွားနေစဉ် ရွှေခေါင်းလောင်းက သာယာနာပျော်ဖွယ်ကောင်းသော မြည်သံကို ထုတ်လွှတ်နေသည်။

ထို့ပြင် ထိုမိန်းကလေးလေးယောက်၏ အကြည့်က သူတို့အရှေ့မှ လူငယ်ပေါ်မှာသာ အမြဲရှိနေသည်။ ဤသည်မှာ သူတို့၏ အမြင်တွင် ဤလောကမှာ ထိုလူငယ်တစ်ယောက်တည်း တည်ရှိနေသည့်အလားပင်။ ယင်းကို မြင်သောအခါ ချိုင့်ဝှမ်းထဲမှ လူငယ်ကျင့်ကြံသူအများအပြားက အဖြူရောင်ပိုးထည်ဝတ်စုံ ဝတ်ဆင်ထားသော ကျင့်ကြံသူကို မနာလိုစွာ ကြည့်လိုက်ကြသည်။

အရာအားလုံးသိဆရာကြီးက ဝမ်းသာပျော်ရွှင်သွားပြီး အဖြူရောင်ပိုးထည်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်ဆီသို့ အမြန်ပြေးသွားသည်။ သူက လူငယ်ကို စကားအများကြီး ပြောနေလေရာ ပါးစပ်ထဲ၌ အမြှုပ်တစီစီ ထွက်ပေါ်လာသည်။ လူငယ်၏ အမူအရာကို ကြည့်ရသည်မှာ သူက အဖိုးကြီး၏ စကားများကို အလွန်စိတ်ဝင်စားနေဟန် ရ၏။

သီရှီထျန်က ထိုမြင်ကွင်းကို တစ်ချက်ကြည့်လိုက်သည်။ ထူးဆန်းသော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သူက ခေါင်းငုံ့လိုက်ပြီး သူ့လက်ထဲမှ ဒင်္ဂါးပြားကို ကြည့်လိုက်သည်။ ဒင်္ဂါးပြား၏ အရောင်က ခရမ်းရွှေရောင်ဖြစ်သည်။ သူက ဒင်္ဂါးပြားကို အားဖြင့် ဖျစ်ညှစ်လိုက်လေရာ ယင်းက အလွန်မာကျောကြောင်း ရှာတွေ့သွားသည်။

ဒင်္ဂါးပြား၏ မျက်နှာပြင်တစ်ဖက်ပေါ်တွင် မက်မွန်းသီးအများကြီး သီးနေသော မက်မွန်အပင်တစ်ပင်၏ ရုပ်ပုံ ရှိသည်။ မက်မွန်အပင်ရုပ်ပုံက အလွန်အနုလက်ရာမြောက်လေရာ ယင်းက အမှန်တကယ် အသက်ဝင်နေဟန် အောက်မေ့ရ၏။

အခြားမျက်နှာပြင်တစ်ဖက်တွင်မူ ရှေးဟောင်းစာလုံးကြီးလေးလုံး ရှိသည်။ ယင်းတို့က…

“ အရာအားလုံးသိဆရာကြီး ”

ဘယ်လောက် ဝင့်ကြွားလိုက်တဲ့ လူလဲ… ။

သီရှီထျန်က အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး လေးနက်စွာ ပြောသည်။ ဒင်္ဂါးပြားပေါ်မှ စာလုံးများက ရှေးခေတ်ဘာသာစကား ဖြစ်သည်။ တစ်စုံတစ်ယောက်က ရှေးခေတ်ကာလမှာပင် “ အရာအားလုံးသိဆရာကြီး ”ဟု ကိုယ့်ကိုယ်ကိုယ် ပြောဝံ့သည်လော။ ထိုသို့ပုဂ္ဂိုလ်သည် အရူးမဟုတ်လျှင် အမှန်တကယ် အရည်အချင်းရှိသူဖြစ်ရမည်။

သူက အဝေးမှာ မတ်တတ်ရပ်နေသော အရာအားလုံးသိဆရာကြီးကို နောက်တစ်ကြိမ် ကြည့်လိုက်ပြီး ခရမ်းရွှေဒင်္ဂါးပြားကို ဂရုတစိုက် သိမ်းဆည်းလိုက်သည်။

“ ငါ့ရဲ့ သိုလှောင်အိတ်ထဲက နယ်မြေလွတ်က အရမ်းသေးလွန်းတယ်… ငါ့မှာ နယ်မြေလွတ်ပိုကြီးတဲ့ သိုလှောင်ရေးရတနာတစ်ခုရှိရင် ပိုကောင်းလိမ့်မယ်… သိုလှောင်လက်စွပ်နဲ့ သိုလှောင်လက်ကောက်က သိုလှောင်အိတ်ထက် အဆင့်ပိုမြင့်တယ်… အဲ့ဒါတွေကို ဒီချိုင့်ဝှမ်းထဲမှာ ငါရှာဖွေနိုင်မလားမသိဘူး ”

သီရှီထျန်က သူ၏ ခါးပေါ်မှ သိုလှောင်အိတ်ကို တစ်ချက်ကြည့်လိုက်လေရာ ပိုပြီးအဆင့်မြင့်သော သိုလှောင်ခြင်းရတနာတစ်ခု သူ့ဆီမှာ ရှိသင့်သည်ဟု အတွေးရသွားသည်။

သိုလှောင်အိတ်တစ်ရာကျော်ကို ပိုင်ဆိုင်သွားပြီးနောက် သိုလှောင်အိတ်တစ်လုံးစီမှာ ပစ္စည်းအများကြီး မပါရှိသည့်တိုင် ယင်းတို့အားလုံးကို စုပေါင်းလိုက်သည့်အခါ သိုလှောင်အိတ်တစ်လုံး သို့မဟုတ် နှစ်လုံးဖြင့် အကုန်လုံးကို မသိမ်းဆည်းနိုင်တော့ပေ။

ထို့ကြောင့် ယခု သူ့ခါးပေါ်မှ သိုလှောင်အိတ်က အလွန်သေးငယ်ပြီး သူ့အတွက် အများကြီး အသုံးမဝင်တော့ကြောင်း သီရှီထျန် ခံစားမိသွားသည်။ သိုလှောင်လက်စွပ်၏ နယ်မြေလွတ်က ပိုပြီးကြီးမားသကဲ့သို့ ယင်းကို လက်ချောင်းထဲမှာ အလွယ်တကူ ဝတ်ဆင်နိုင်ကြောင်း သူကြားဖူးသည်။

ထို့ပြင် သိုလှောင်လက်စွပ်က သူ့ဘာသာ ဖုံးကွယ်နိုင်စွမ်းရှိသည်။ တခြားလူများက ယင်းကို မမြင်နိုင်ပေ။ ကံမကောင်းစွာပင် သိုလှောင်လက်စွပ်က သာမန်ကျင့်ကြံသူများ ပိုင်ဆိုင်နိုင်သောအရာ မဟုတ်ပေ။

သတိုးသားလောင်းရွေးချယ်ပွဲစတင်ရန် နောက်ထပ် ရက်အနည်းငယ် ကြာဦးလိမ့်မည်။ ထို့ကြောင့် သူက ချိုင့်ဝှမ်းထဲမှ ပျံကျဈေးသည်များကို တစ်ချက်ကြည့်လိုက်သည်။ သူက ဈေးလမ်းဆီသို့ အမြန်လျှောက်သွားသည်။

ဈေးလမ်းထဲသို့ ဝင်သွားပြီးနောက် သူက လမ်း၏ ဘေးတစ်ဖက်စီမှ ပစ္စည်းများကို ဂရုတစိုက် စစ်ဆေးကြည့်လိုက်သည်။

ယင်းတို့ထဲမှာ သားရဲအရိုးအမျိုးမျိုး ရှိကြသည်။ ယင်းတို့က စွမ်းအင်လှိုင်းတချို့ကို ထုတ်လွှတ်နေကြသည်။ ရှင်းလင်းစွာပင် ယင်းတို့က သာမန်သားရဲအရိုးများ မဟုတ်ကြချေ။ တချို့က ဝိညာဉ်မှော်အဆောင်များကို ရောင်းချကြသည်။ သို့သော်လည်း ယင်းတို့၏ အရည်အသွေးက မမြင့်မားပေ။

တချို့က မှော်အဆောင်ဖန်တီးရာတွင် လိုအပ်သော ဝိညာဉ်စုတ်တံများ၊ ဝိညာဉ်စက္ကူများနှင့် ဝိညာဉ်သတ္ထုများကို ရောင်းချကြသည်။ ထို့ပြင် ဝိညာဉ်သားရဲများ၏ အစိတ်အပိုင်းများလည်း ရှိကြသည်။

ပျံကျဈေးသည်တချို့က ဓမ္မလက်နက်များ၊ ဝိညာဉ်ဆေးလုံးများ၊ ရှေးဟောင်းစာအုပ်များနှင့် ကျောက်စိမ်းပြားများကို သူတို့၏ အရှေ့မှာ ခင်းကျင်းပြသထားကြသည်။ ရှင်းလင်းစွာပင် ထိုကျောက်စိမ်းပြားများထဲမှာ ကျင့်စဉ်အမျိုးမျိုး ပါဝင်ကြသည်။ ထို့ပြင် ထူးခြားဆန်းကြယ်သော ပစ္စည်းများလည်း ရှိကြသည်။ သာမန်မဟုတ်သော မည်သည့်ပစ္စည်းကိုမဆို ရောင်းချနိုင်ပေသည်။

လမ်းတစ်လျှောက်တွင် သီရှီထျန်က စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။ ထိုသို့အရာများကို ပထမဆုံးအကြိမ် သူမြင်ဖူးခြင်း ဖြစ်သည်။

သူက တစ်လှမ်းချင်း တစ်လှမ်းချင်း လမ်းလျှောက်နေသည်။ ထို့နောက် သူက ဈေးဆိုင်တစ်ဆိုင်၏ အရှေ့မှာ ရုတ်တရက် ရပ်လိုက်သည်။

ထိုဈေးဆိုင်၏ ပိုင်ရှင်က အသက်ဆယ့်ခုနစ်နှစ် ဆယ့်ရှစ်နှစ်ခန့်သာ ရှိသေးသော မိန်းကလေးတစ်ယောက် ဖြစ်သည်။ မိန်းကလေးသည် အလယ်အလတ်အဆင့် ချီသန့်စင်ခြင်းနယ်ပယ်မှာ ဖြစ်သည်။ သူက သေးသွယ်ပြီး လှပသည်။ သူ၏ အသွင်သဏ္ဍာန်က သိမ်မွေ့နူးညံ့ပုံပေါ်သည်။ သူ့အရှေ့မှ စင်ပေါ်တွင် ရှေးဟောင်းစာအုပ်တချို့၊ ကျောက်စိမ်းပြားတချို့နှင့် လိပ်ထားသော ရှေးဟောင်းစာလိပ်တချို့ ရှိသည်။ ယင်းတို့၏ ဘေးမှာ ရိုးရှင်းသော ဆေးမီးဖိုများ ရှိသည်။ ထို့ပြင် ဆေးပုလင်းအများအပြားကိုလည်း သူ၏ အရှေ့မှာ စီစီရီရီ ချထားသည်။

“ အကိုကြီး… ဆေးလုံးဝယ်ချင်လို့လား… ကျွန်မဆီမှာ စွမ်းအင်စုစည်းဆေးလုံးတွေ ရှိပါတယ်… အဲ့ဒါက ကျင့်ကြံခြင်းကို အကူအညီပေးနိုင်ပါတယ်… ချီသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူတွေအတွက် အရမ်းအသုံးဝင်ပါတယ်… ဒါ့အပြင် ဝိညာဉ်ပြန်ဆေးလုံးတွေလည်း ရှိပါတယ်… အဲ့ဒါက အခြေတည်နယ်ပယ် ကျင့်ကြံသူတွေကို အမြန်ဆုံး စွမ်းအားပြန်ဖြည့်ပေးနိုင်ပါတယ်… ဒါ့အပြင် အဆိပ်ပြယ်ဆေးလုံးတွေနဲ့ ဝိညာဉ်စုစည်းဆေးမှုန့်တွေလည်း ရှိပါတယ်… အဲ့ဒါတွေက ပစ္စည်းကောင်းတွေပါ ”

“ ချင်မိသားစုရဲ့ သတိုးသားလောင်းရွေးချယ်ပွဲကို ကုချင်းဘုံထဲမှာ စမ်းသပ်မယ်လို့ ကျွန်မကြားခဲ့ပါတယ်… ကုချင်းဘုံက အရမ်းအန္တရာယ်များပါတယ်… အသက်ကယ်ဆေးလုံးတချို့ကို ဝယ်ယူသွားတာက မမှားနိုင်ပါဘူး ”

မိန်းကလေးက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။ သီရှီထျန်က သူ၏ ဆိုင်အရှေ့မှာ ရပ်လိုက်ကြောင်း မြင်သွားသောအခါ သူက ချက်ချင်း စိတ်လှုပ်ရှားသွားသည်။ သူက ဆိုင်ထဲမှ ပစ္စည်းများကို အားကြိုးမာန်တတ် မိတ်ဆက်ပေးလိုက်သည်။

အဆိပ်ပြယ်ဆေးလုံးက သူ့နာမည်အတိုင်း အဆိပ်ကို ဖြေရှင်းပေးနိုင်သည်။ တစ်စုံတစ်ယောက်က အဆိပ်ပြယ်ဆေးလုံးကို သောက်သုံးထားလျှင် အဆိပ်မြူခိုးထဲမှာ မည်သည့်စိုးရိမ်ကြောင့်ကြမှုမှမရှိဘဲ ဖြတ်သန်းသွားလာနိုင်လိမ့်မည်။ ဝိညာဉ်စုစည်းဆေးမှုန့်သည်တော့ အသုံးပြုသူ၏ စိတ်အာရုံကို အမြန်ဆုံး တည်ငြိမ်အေးချမ်းစေလိမ့်မည်။ ထိုနည်းဖြင့်ဆိုလျှင် သူတို့က ကျင့်ကြံခြင်းကို ပိုပြီးအာရုံစူးစိုက်နိုင်သွားလိမ့်မည်။ ယင်းက တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းအမြန်နှုန်းကို တိုးမြှင့်ပေးနိုင်သည်။ ထို့ကြောင့် ယင်းတို့အားလုံးက ပစ္စည်းကောင်းများ ဖြစ်ကြသည်။

“ ငါရောက်လာတာ ဆေးလုံးဝယ်ဖို့အတွက် မဟုတ်ဘူး… ဒီရှေးဟောင်းစာအုပ်တွေနဲ့ ကျောက်စိမ်းပြားထဲမှာ ဘယ်လိုအရာကို မှတ်တမ်းတင်ထားလဲ ”

သီရှီထျန်က မထူးမခြားနား အမူအရာဖြင့် သူ့အရှေ့မှ ရှေးဟောင်းစာအုပ်များနှင့် ကျောက်စိမ်းပြားကို လက်ညှိုးညွှန်ပြလိုက်သည်။

ကျင့်ကြံခြင်းဆေးလုံးများသည် သူ့အတွက် မရှားပါးချေ။ တောင်ပိုင်းမြေရိုင်းဒေသထဲမှ လေလွင့်ကျင့်ကြံသူအများကြီးကို သူသတ်ဖြတ်ပြီးနောက် ဆေးလုံးအများအပြားကို ပိုင်ဆိုင်သွားသည်။ ထို့ကြောင့် မိန်းကလေးရောင်းသော ဆေးလုံးအမျိုးအစားအားလုံးက သူ၏ သိုလှောင်အိတ်ထဲမှာ ရှိသည်။ သို့ဖြစ်၍ သူက ဆေးလုံးများကို စိတ်မဝင်စားပေ။ သူက နောက်ထပ် အချိန်မဆွဲဘဲ သူ၏ ရည်ရွယ်ချက်ကို တိုက်ရိုက်‌ ဖော်ပြလိုက်သည်။

ဤဈေးဆိုင်တွင် ကျင့်ကြံခြင်းဆေးလုံးများကို အဓိကရောင်းချသည်။

ဤနေရာမှ ပစ္စည်းအားလုံးက ဆေးပညာနှင့်ဆက်စပ်နေသည်။ သိရှီထျန်သည် ဆေးပညာကို အလွန်စိတ်ဝင်စားသည်။ သူ့ဆီမှာ ကောင်းကင်ဘုံအဆင့် မိစ္ဆာစံအိမ်နှင့် မိစ္ဆာသန့်စင်ခြင်းဆေးမီးဖို ရှိသောကြောင့် မည်သည့်ဝိညာဉ်ဆေးပင်ကိုမဆို တိုက်ရိုက် သူဝါးမျိုနိုင်သည်။ မိစ္ဆာသန့်စင်ခြင်းဆေးမီးဖိုက ဆေးပင်များထဲမှ စွမ်းအင်အနှစ်သာရကို တိုက်ရိုက် ဆွဲထုတ်နိုင်သည်။ သို့သော်လည်း ဆေးပညာက အမှန်တကယ် စိတ်ဝင်စားဖွယ်ကောင်းသည်။

မတူညီသော ဆေးပင်အမျိုးမျိုးကို အချိုးအစားမှန်ကန်စွာ ရောယှက်ပြီး ဆေးလုံးများအဖြစ် ဖန်တီးသန့်စင်မည်ဆိုလျှင် ဆေးပင်များထဲမှ အစွမ်းအာနိသင်က (၁၅၀)ရာခိုင်နှုန်း သို့မဟုတ် (၂၀၀)ရာခိုင်နှုန်းအထိ တိုးမြှင့်သွားလိမ့်မည်။ ထိုသို့နည်းလမ်းက အမှန်တကယ် အံ့ဖွယ်ကောင်းသည်။

မိစ္ဆာကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ အမြန်ဆုံး သူခြေချနိုင်ခဲ့ခြင်းက စွမ်းအင်စုစည်းဆေးလုံးများကြောင့် ဖြစ်၏။ ထိုအချိန်ကတည်းက သူက ဆေးပညာကို သင်ယူလေ့လာရန် စိတ်ဝင်စားခဲ့သည်။ သို့သော်လည်း သူက တောင်တန်းဒေသထဲမှာ နေထိုင်နေလေရာ မည်သို့ကြောင့် ဆေးပညာကို သင်ယူနိုင်မည်နည်း။

ယခု သူက ဤဈေးဆိုင်ထဲမှာ ဆေးပညာနှင့်ပတ်သက်သော ပစ္စည်းများကို မြင်လိုက်ရသောအခါ ဆေးပညာသင်ယူချင်သည့် သူ့အတွေးက စိတ်ထဲမှာ ပြန်ပေါ်လာသည်။ ဆေးပညာနှင့်ပတ်သက်သော အခြေခံစာအုပ်တစ်အုပ်ကို သူဝယ်ယူနိုင်မည်လော သိချင်သည်။ အကယ်၍ သူက ဆေးလုံးများကို ကိုယ်တိုင်သန့်စင်နိုင်သွားမည်ဆိုလျှင် ထိုဆေးလုံးများဖြင့် မိစ္ဆာအသင်္ချေချိုင့်ဝှမ်း၏ အလုံးစုံအင်အားကို မြန်ဆန်စွာ တိုးမြှင့်နိုင်လိမ့်မည်။

“ အကိုကြီးက ဒီရှေးဟောင်းစာအုပ်တွေကို ပြောနေတာလား ”

ယင်းကို မိန်းကလေး ကြားသောအခါ သူက သီရှီထျန်ကို စူးစမ်းလိုစွာ ကြည့်လိုက်သည်။ ထို့နောက် သူက ပြောသည်။

“ အဲ့ဒီရှေးဟောင်းစာအုပ်တွေက ‘ အခြေခံဆေးပညာရပ် ’တွေပါ… အဲ့ဒါတွေက ဆေးပညာကို အခုမှ စတင်လေ့လာမယ့်သူတွေအတွက်ပါ… ကျောက်စိမ်းပြားထဲမှာတော့ ‘ ဇာမဏီဆေးလုံးနည်းပညာ ’ကို မှတ်တမ်းတင်ထားပါတယ်… ‘ ဇာမဏီဆေးလုံးနည်းပညာ ’က ဆေးလုံးဖော်စပ်တဲ့ အောင်မြင်နိုင်ခြေကို မြှင့်တင်ပေးနိုင်တဲ့ ပညာရပ်တစ်ခုပါ… အကိုကြီးက ဆေးပညာကို သင်ယူချင်တာလား ”

မိန်းကလေးက စူးစမ်းသိလိုစွာ မေးသည်။ သို့သော်လည်း သူက မမေးသင့်သောအရာကို မေးခဲ့ကြောင်း ချက်ချင်း နားလည်သွားသည်။ ထို့ကြောင့် သူက အားတုံ့အားနာ ပြုံးလိုက်သည်။

“ အို… တကယ်လို့ ငါက ‘ အခြေခံဆေးပညာရပ် ’နဲ့ ‘ ဇာမဏီဆေးလုံးနည်းပညာ ’ကို ဝယ်ချင်တယ်ဆိုရင် ဝိညာဉ်ကျောက်တုံး ဘယ်လောက်ပေးရမလဲ ”

သီရှီထျန်က တခြားအရာများကို ဂရုစိုက်မနေဘဲ ဈေးနှုန်းကို တိုက်ရိုက် မေးသည်။

အခန်း(၁၈၆)

“ ‘ အခြေခံဆေးပညာရပ် ’က ဝိညာဉ်ကျောက်တုံးငါးရာ ကျပါမယ်… ‘ ဇာမဏီဆေးလုံးနည်းပညာ ’ကတော့ ပြီးပြည့်စုံတဲ့ အာခီမီချိပ်တံဆိပ်တစ်ခု ဖြစ်ပါတယ်… ဒါကြောင့် ဈေးပိုကြီးပါတယ်… ဝိညာဉ်ကျောက်တုံးသုံးထောင် ကျပါမယ်… ကျွန်မနဲ့ မောင်လေးက ကျင့်ကြံဖို့ ဝိညာဉ်ကျောက်တုံးတွေ အရေးတကြီး လိုအပ်နေတာကြောင့်မဟုတ်ရင် ဘိုးဘေးပိုင် ဒီဆေးပညာရပ်တွေကို ရောင်းချပစ်မှာ မဟုတ်ပါဘူး ”

မိန်းကလေးက ‘ ဇာမဏီဆေးလုံးနည်းပညာ ’ပါဝင်သော ကျောက်စိမ်းပြားကို တုံ့ဆိုင်းသော အမူအရာဖြင့် ကြည့်လိုက်သည်။

မသေမျိုးကျင့်ကြံခြင်းလောကတွင် တစ်စုံတစ်ယောက်သည် ကျင့်ကြံခြင်းစွမ်းအား အနည်းငယ်ရှိသည်နှင့် ဆေးပညာအကြောင်း အနည်းအကျဉ်း သိထားလိမ့်မည်။ တစ်စုံတစ်ယောက်ဆီမှာ မူလသမာဓိမီးတောက် ထုတ်လွှတ်ပေးနိုင်သော ဆေးမီးဖိုတစ်လုံး ရှိမည်ဆိုလျှင် သူက အခြေခံဆေးလုံးများကို သန့်စင်နိုင်လိမ့်မည်။ သို့သော်လည်း ဆေးလုံးသန့်စင်သည့် အောင်မြင်နိုင်ခြေက အလွန်နည်းပါးသည်။ ထိုအတွက် ပြီးပြည့်စုံသော ဆေးလုံးနည်းပညာတစ်ခုကို မဖြစ်မနေ လိုအပ်လိမ့်မည်။

အမှန်မှာ ဆေးလုံးနည်းပညာများသည် ဆေးလုံးသန့်စင်နေစဉ်အတွင်း ဆေးမီးဖိုထဲသို့ ထည့်သွင်းရသော အာခီမီချိပ်တံဆိပ်များသာ ဖြစ်ကြသည်။ ထိုအာခီမီချိပ်တံဆိပ်များသည် ဝိညာဉ်ဆေးပင်များထဲမှာ ကိန်းအောင်းနေသော မသန့်စင်မှုများနှင့် အညစ်အကြေးများကို သန့်စင်ပေးနိုင်သည်။ ဝိညာဉ်ဆေးပင်များ၏ မသန့်စင်မှုများ ပပျောက်သွားသည့်အခါ ထုံးစံအားဖြင့် ဆေးအာနိသင်က အဆပေါင်းများစွာ တိုးပွားသွားလိမ့်မည်။ ထို့နည်းတူပင် ယင်းက ဆေးလုံးသန့်စင်နိုင်သော အောင်မြင်နိုင်ခြေကို မြှင့်တင်ပေးလိမ့်မည်။

ထိုမျှသာ မဟုတ်ပေ။ ဆေးလုံးနည်းပညာများက ဆေးမီးဖို၏ မီးအပူချိန်ကို ထိန်းညှိပေးနိုင်သည့်အပြင် ဘေးပတ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအားကိုလည်း ဆေးမီးဖိုထဲသို့ ထည့်သွင်းပေးနိုင်သည်။ တစ်နည်းဆိုရလျှင် ယင်းတို့က ဆေးလုံးသန့်စင်ခြင်းကို အထောက်အကူပေးသော အထူးပညာရပ်များ ဖြစ်ကြသည်။

ထို့ကြောင့် ဆေးပညာကို လေ့လာနေသူများအတွက် အရည်အသွေးမြင့်သော ဆေးလုံးနည်းပညာတစ်ခုက အလွန်အရေးကြီးသည်။

‘ ဇာမဏီဆေးလုံးနည်းပညာ ’သည် အလွန်အစွမ်းထက်သော ဆေးလုံးနည်းပညာတစ်ခု မဟုတ်ပေ။ ဟွမ်အဆင့်၊ အံ့ဖွယ်အဆင့်၊ မြေကြီးအဆင့်နှင့် ကောင်းကင်ဘုံအဆင့်ဟူသော အဆင့်ခွဲခြားမှုတွင် ယင်းက ဟွမ်အဆင့် ဆေးလုံးနည်းပညာတစ်ခုသာ ဖြစ်၏။ သို့သော်လည်း ယင်းက ပြီးပြည့်စုံသော ဆေးလုံးနည်းပညာဖြစ်၍ အလွန်တန်ဖိုးကြီးမားသည်ဟု ဆိုရမည်။ ယင်းကို အပြင်မှာ ရောင်းချမည်ဆိုလျှင် ဝယ်ယူလိုသူများ ရှားပါးလိမ့်မည် မဟုတ်ချေ။

“ ဝိညာဉ်ကျောက်တုံးသုံးထောင်လား… အဲ့ဒါ ငါ့ကို ရောင်းပါ… ဒီသခင်လေးက အဲ့ဒါကို လိုချင်တယ်… ပြီးပြည့်စုံတဲ့ ဆေးလုံးနည်းပညာတစ်ခုက ကျင့်ကြံခြင်းလောကမှာ အတော်လေး ရှားပါးတယ်… ဒီလိုနေရာမျိုးမှာ အဲ့ဒါကို ငါရှာတွေ့လိမ့်မယ်လို့ မမျှော်လင့်ထားဘူး… ရွှဲသ သူ့ကို ဝိညာဉ်ကျောက်တုံးတွေ ပေးလိုက်ပါ ”

စက်ကရာက ထိုပစ္စည်းနှစ်ခုကို ဝယ်ယူရန် စဉ်းစားနေသည့်အချိန် မောက်မာထောင်လွှားသော အသံက ရုတ်တရက် သူ့ဘေးမှာ ထွက်ပေါ်လာသည်။ အသံပိုင်ရှင်၏ လေသံအရ သူက ဝိညာဉ်ကျောက်တုံးများကို အရေးမစိုက်ဟန် ရ၏။

ထို့ပြင် သူက စကားဆုံးသွားသည်နှင့် မိန်းကလေး ညွှန်ပြနေသော စင်ပေါ်မှ တစ်ခုတည်းသော ကျောက်စိမ်းပြားကို တိုက်ရိုက် ကောက်ယူသွားသည်။

“ ဟုတ်ကဲ့ပါ သခင်လေး ”

ရိုသေလေးစားသော အသံက ထွက်ပေါ်လာသည်။

“ ဟွန့် ”

သီရှီထျန်၏ မထူးမခြားနား အကြည့်က ရုတ်တရက် အေးစက်သွားသည်။ သူက ညာလက်ကို ဆန့်လိုက်ပြီး သူ၏ လက်ချောင်းများကို လက်သည်းပုံသဏ္ဍာန် ပြောင်းလိုက်သည်။ သူက လျှပ်စီးပမာ မြန်ဆန်သော အလျင်ဖြင့် အရှေ့သို့ ဖမ်းဆုပ်လိုက်သည်။ သူ့လက်က တစ်ဖက်လူ၏ လက်ကောက်ဝတ်ကို အတင်းအဓမ္မ ဖမ်းဆုပ်သွားသည်။ ထို့နောက် သူက လက်ကောက်ဝတ်ကို အားအနည်းငယ် စိုက်ထည့်၍ လှန်လိုက်သည်။ သူ၏ လှုပ်ရှားမှုထဲတွင် မိစ္ဆာချီကို အသုံးမပြုခဲ့ပေ။ သူက ရုပ်ခွန်အားကိုသာ အသုံးပြုခဲ့သည်။

“ ဘန်း ”

မမျှော်လင့်ထားသော အပြောင်းအလဲက ရုတ်တရက်ဆန်စွာ ထွက်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာ မောက်မာထောင်လွှားသော အသံပိုင်ရှင်၏ လက်က ကြီးမားသော အင်အားကြောင့် ပြင်းထန်စွာ တုန်ယင်သွားသည်။ ထို့နောက် ကျယ်လောင်သော အော်သံက လေထဲမှာ ပျံ့လွင့်သွားသည်။

“ မင်းဘယ်သူလဲ… ဘာလို့ ငါ့ကို တိုက်ခိုက်တာလဲ… မင်းက အသက်ရှင်ရတာ ငြီးငွေ့နေပြီလား ”

စက်ကရာက ဘေးသို့ လှည့်လိုက်ပြီး သေချာကြည့်လိုက်သည်။ သူ၏ အရှေ့မှ ပုဂ္ဂိုလ်သည် ဝတ်စုံနီ ဝတ်ဆင်ထားသော လူငယ်တစ်ယောက် ဖြစ်သည်။ သူ၏ မျက်နှာက ရက်စက်ခက်ထန်ပုံပေါ်သည်။ ယခု ထိုလူငယ်က သူ့ကို အေးတိအေးစက် အမူအရာဖြင့် စိုက်ကြည့်နေသည်။ သူ့မျက်လုံးထဲမှာ မောက်မာထောင်လွှားမှုနှင့် ဘဝင်မြင့်သော အရိပ်အယောင် ရှိသည်။ ထို့ပြင် သူ၏ ခန္ဓာကိုယ်က သတ်ဖြတ်ခြင်းအရှိန်အဝါတချို့ကို ထုတ်လွှတ်နေသည်။

ဝတ်စုံနီလူငယ်၏ အနောက်တွင် အေးစက်စက်မျက်နှာဖြင့် အမျိုးသားနှစ်ယောက် ရပ်နေကြသည်။ သူတို့နှစ်ယောက်က မကောင်းဆိုးဝါးအရှိန်အဝါကို တူညီစွာ ထုတ်လွှတ်နေကြသည်။ တစ်ယောက်က ဘယ်ဘက်မှာ ရပ်နေပြီး အခြားတစ်ယောက်က ညာဘက်မှာ ရပ်နေသည်။ သူတို့က ခြိမ်းခြောက်သော အရှိန်အဝါကို ထုတ်လွှတ်၍ သီရှီထျန်ကို ဖိနှိပ်ရန် ကြိုးစားနေကြသည်။

“ ဟွန့်… အရင်လာတဲ့သူကို ဦးစားပေးရမယ်ဆိုတာ မင်းမသိဘူးလား… ဒီကျောက်စိမ်းပြားကို ဝယ်ဖို့ ငါဆုံးဖြတ်ထားပြီးသား… မင်းကများ ငါ့ကို ကျော်ပြီး ဒီကျောက်စိမ်းပြားကို ဝယ်ချင်တာလား… မင်းက ငါ့ကို ဘယ်သူလဲလို့တောင် ပြန်မေးရဲသေးတယ် ”

ဝတ်စုံနီလူငယ်၏ အသံက အေးစက်သော်လည်း သီရှီထျန်က သူ့ထက်ပင် ပို၍အေးစက်သည်။ သူ၏ လေသံထဲမှာ ရက်စက်ကြမ်းကြုတ်သော စိတ်ဆန္ဒလည်း ပါဝင်နေသည်။ သူက တစ်ဖက်အုပ်စု၏ ခြိမ်းခြောက်သော အရှိန်အဝါကို မကြောက်ပေ။ သူ၏ မျက်လုံးက မြားများသဖွယ် စူးရှနေသည်။ ဤသည်မှာ သူ့အကြည့်က သူ၏ အရှေ့မှ လူသုံးယောက်ကို ဖောက်ထွင်းသွားတော့မည့်အလားပင်။ လွှမ်းမိုးဗိုလ်ကျသော အရှိန်အဝါက ဒီရေသဖွယ် ပေါ်လျှိုးလာပြီး သူ့အရှေ့မှ လူသုံးယောက်ကို ဖုံးလွှမ်းသွားသည်။

တစ်ချိန်တည်းမှာ ချိုင့်ဝှမ်းထဲမှ တခြားလူများက ထိုအဖြစ်အပျက်ကို သတိထားမိသွားကြသည်။ သူတို့အားလုံးက ဈေးဆိုင်၏ ဘေးပတ်ပတ်လည်မှာ စုဝေးလိုက်ကြပြီး တီးတိုးတီးတိုး ပြောကြသည်။ သို့သော်လည်း ထိုလူများက ဝတ်စုံနီလူငယ်ကို မြင်သွားသောအခါ ကြောက်ရွံ့သော အမူအရာက သူတို့၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သူတို့က မသိစိတ်မှ အနောက်သို့ ခြေတစ်လှမ်း ဆုတ်သွားကြသည်။

“ ကျွတ် ကျွတ်… စိတ်ဝင်စားစရာပဲ… ကုချင်းချိုင့်ဝှမ်းထဲမှာ ငါတို့ရဲ့ သွေးတိမ်ဂိုဏ်းကို မကြောက်တဲ့ လူတစ်ယောက်နဲ့ တွေ့ဆုံရလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး… ကြည့်ရတာ ငါတို့ရဲ့ သွေးတိမ်ဂိုဏ်းက အရမ်းကြင်နာလွန်းနေတယ် ထင်တယ် ”

ဝတ်စုံနီလူငယ်သည် သီရှီထျန်၏ ခန္ဓာကိုယ်ထံမှ ဖိအားကို ခံစားမိသောအခါ သူ၏ မျက်နှာက ပြောင်းလဲသွားသည်။ သို့သော်လည်း ထူးဆန်းသည်မှာ သူက ထိုဖိအား၏ သက်ရောက်မှုကို စိုးစဉ်းမျှ မခံစားရသည့်အလားပင်။ ယင်းအစား ထူးဆန်းသောအလင်းက သူ့မျက်လုံးထဲမှာ လင်းလက်သွားသည်။ သူက ခပ်ရေးရေး ပြုံးလိုက်ပြီး သီရှီထျန်ကို ကြည့်လိုက်သည်။ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ၏ မျက်လုံးထောင့်မှာ ထွက်ပေါ်လာသည်။

" ဟွန့် "

သီရှီထျန်သည် အနောက်ဆုတ်မည့် မည်သည့်အရိပ်အယောင်မှ မဖော်ပြချေ။

အကယ်၍ သူတို့က တိုက်ခိုက်ချင်သည်ဆိုလျှင် သူက အနောက်ဆုတ်သွားလိမ့်မည် မဟုတ်ချေ။ အနောက်ဆုတ်ခြင်းနှင့် ငြိမ်ခံခြင်းသည် သူ၏ ရာဇဝင်မှာ မရှိပေ။

နှစ်ဖက်စလုံးက တုတ်ဆွဲဓားဆွဲတော့မည့်အချိန် ခြေလှမ်းသံများက ခရမ်းဝါးတော၏ အနက်ပိုင်းထဲမှ အမြန်ထွက်ပေါ်လာသည်။

“ မင်းတို့နှစ်ယောက်… ရပ်လိုက်ကြစမ်း… ”

ထူးဆန်းသော အော်သံက ချိုင့်ဝှမ်းထဲမှာ ရုတ်တရက် ပဲ့တင်ထပ်သွားသည်။ ထိုအော်သံထဲမှာ ထူးဆန်းသောစွမ်းအား ကိန်းအောင်းနေဟန် ရ၏။ ယင်းက ချိုင့်ဝှမ်းထဲမှ တင်းမာသော လေထုနှင့် ကြီးမားလေးလံသော ဖိအားကို ဗလာနတ္ထိအဖြစ် လွင့်ပြယ်သွားစေသည်။

ဤသည်မှာ သိမ်မွေ့သော လေပြေက သတ်ဖြတ်ခြင်းအရှိန်အဝါအားလုံးကို တိုက်ခတ်ဖယ်ရှားပစ်လိုက်သည့်အလားပင်။

“ ဒီနေရာက ကုချင်းချိုင့်ဝှမ်း… ဒီနေရာက တိုက်ခိုက်ဖို့ မသင့်တော်ဘူး… မင်းကံကောင်းသွားတယ် မှတ်ပါ… နို့မဟုတ်ရင်… ”

ဝတ်စုံနီလူငယ်က ထူးဆန်းသော အပြုံးကို ထုတ်ဖော်လိုက်သည်။ သူက သတ်ဖြတ်ခြင်းအရှိန်အဝါကို အမြန်ပြန်ရုပ်သိမ်းလိုက်သည်။ ထို့နောက် သူက အသစ်ရောက်လာသူကို ဦးညွတ်၍ အရိုအသေပေးလိုက်သည်။

“ သွေးတိမ်ဂိုဏ်းရဲ့ ရွှဲယင်ရီက ဦးရီတော်ချင်ကို ဂါရဝပြုပါတယ်… ဒီဟာက နားလည်မှုလွဲသွားရုံပါ… ဒီကိစ္စအတွက်နဲ့ ဦးရီတော်ချင် ရောက်လာဖို့ မလိုပါဘူး… အဲ့ဒီအတွက် ဒီတူမောင်က အမှားဝန်ခံပါတယ်”

“ အို… တူမောင်ရွှဲယင်ရီကို… ယဉ်ကျေးနေဖို့ မလိုပါဘူး ”

အသစ်ရောက်လာသော အမျိုးသားက ကွန်ဖြူးရှပ်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ့မှာ တည်ကြည်ဖြောင့်မတ်သော အသွင်သဏ္ဍာန် ရှိသည်။ သူ၏ ခြေလှမ်းများက မြန်ဆန်သော်လည်း သူ၏ အသွင်သဏ္ဍာန်က စိုးစဉ်းမျှ ဖရိုဖရဲဖြစ်မနေပေ။ သူ၏ လှုပ်ရှားမှုတိုင်းမှာ ကျောင်းတော်သားတစ်ယောက်၏ သိမ်မွေ့ညင်သာမှုဖြင့် ပြည့်နှက်နေသည်။ သူက သက်လတ်ပိုင်းအရွယ် အမျိုးသားဖြစ်သည်။ သူက စိတ်ရွှင်ပျော်နေသည့်အလား ပြုံးနေသည်။

သူ့အနောက်တွင် အိမ်တော်ထိန်းပုံစံ ဝတ်ဆင်ထားသော အမျိုးသားတစ်ယောက်နှင့် တပည့်တချို့ လိုက်ပါလာကြသည်။

ချိုင့်ဝှမ်းထဲမှ ကျင့်ကြံသူအားလုံးသည် ထိုကျောင်းတော်သားကို မြင်သွားသောအခါ ကြည်ညိုလေးစားသော အမူအရာကို ထုတ်ဖော်လိုက်ကြသည်။ ရှင်းလင်းစွာပင် သူတို့အားလုံးက ထိုကျောင်းတော်သား၏ သရုပ်မှန်ကို သိထားကြသည်။

ထိုကျောင်းတော်သားသည် ချင်မိသားစု၏ လက်ရှိခေါင်းဆောင် ချင်ရွှမ်း ဖြစ်သည်။ သူက အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူ ဖြစ်သည်။ အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံခြင်းသည် ကျင့်ကြံသူအများစု မော်ကြည့်ရုံသာ တတ်စွမ်းကြသော အဆင့်မြင့်နယ်ပယ် ဖြစ်သည်။

“ မင်းတို့နှစ်ယောက် ဘာကိစ္စကြောင့် အငြင်းပွားနေကြတာလဲ ငါမသိဘူး… ဒါပေမဲ့ ငါ့ရဲ့ ကုချင်းချိုင့်ဝှမ်းထဲမှာ တိုက်ခိုက်တာကို တားမြစ်ထားတယ် ”

ချင်ရွှမ်းက သီရှီထျန်ကို တစ်ချက်ကြည့်လိုက်သည်။ တစ်ဖက်လူက မထူးမခြားနားပုံစံရှိနေပြီး ဘုရင်တစ်ပါးကဲ့သို့ လွှမ်းမိုးဗိုလ်ကျသော အရှိန်အဝါကို သဘာဝအလျောက် ပိုင်ဆိုင်ထားကြောင်း သူအာရုံခံမိသွားသောအခါ ချင်ရွှမ်း အနည်းငယ် အံ့ဩသွားသည်။ ထို့ကြောင့် သူက သီရှီထျန်ကို အကြိမ်ရေအနည်းငယ် ပိုကြည့်လိုက်ပြီး စစ်ဆေးလေ့လာလိုက်သည်။

“ အကြီးအကဲချင်… ”

သီရှီထျန် စကားပြောတော့မည့်အချိန် ဈေးဆိုင်ပိုင်ရှင် မိန်းကလေးက စိုးရိမ်ကြောင့်ကြသော အမူအရာဖြင့် အရင်ဦးစွာ ပြောသည်။

“ ပြဿနာက ဒီကအကိုကြီးနှစ်ယောက် ကျွန်မဆီကနေ ‘ ဇာမဏီဆေးလုံးနည်းပညာ ’ကို ဝယ်ယူချင်တာကနေ စပါတယ်… အကြောင်းစုံကတော့ ဒီလိုပါ… ”

ဤပြဿနာက သူ့ထံမှ စတင်ခဲ့ကြောင်း မိန်းကလေးသိသောကြောင့် သူက ဤသို့အခြေအနေမှာ ဘေးထွက်မနေပေ။ သူက အနည်းငယ် စိုးရိမ်ကြောင့်ကြနေသော်လည်း ဖြစ်ကြောင်းကုန်စင်ကို စကားလုံးအနည်းငယ်ဖြင့် အနှစ်ချုပ်ပြောပြလိုက်သည်။

“ ဒီတော့ ဖြစ်ပုံက အဲ့ဒီလိုကို… ”

ယင်းကို ကြားသောအခါ ချင်ရွှမ်း၏ မျက်နှာပေါ်မှာ နားလည်သဘောပေါက်သော အမူအရာ ထွက်ပေါ်လာသည်။ သူက သီရှီထျန်နှင့် ရွှဲယင်ရီကို တစ်လှည့်စီ ကြည့်လိုက်ပြီး တစ်ခဏကြာ စဉ်းစားလိုက်သည်။

“ မင်းတို့နှစ်ယောက်စလုံးက ဒီဆေးလုံးနည်းပညာကို စိတ်ဝင်စားကြတယ်ဆိုတော့ ဒီလိုလုပ်ရင် အဆင်ပြေနိုင်မလား… အမြင့်ဆုံး တန်ဖိုးကို ပေးနိုင်တဲ့လူ ဒါမှမဟုတ် ဒီမိန်းကလေး သဘောကျတဲ့အရာကို ပေးနိုင်တဲ့လူက ဆေးလုံးနည်းပညာကို ပိုင်ဆိုင်နိုင်မယ်… မင်းတို့ ဘယ်လိုသဘောရကြလဲ ”

တစ်ခဏကြာပြီးနောက် ချင်ရွှမ်းက ဖြေရှင်းနည်းတစ်ခုကို ပြောပြသည်။ အမှန်မှာ သူ၏ နည်းလမ်းက လေလံဆွဲခြင်းနှင့် ဆင်တူသည်။ သို့သော်လည်း ဤနေရာမှာ လူနှစ်ယောက်တည်းသာ လေလံဆွဲကြလိမ့်မည်။ သူတို့က သီရှီထျန်နှင့် ရွှဲယင်ရီ ဖြစ်သည်။

“ ဒီတူမောင်က ဦးရီတော်ချင်ရဲ့ စကားကို မငြင်းဆန်ပါဘူး… ဒီဆေးလုံးနည်းပညာအတွက် ဝိညာဉ်ကျောက်တုံးငါးထောင် ကျုပ်ပေးပါမယ် ”

ရွှဲယင်ရီက ယုံကြည်ချက်ရှိစွာ ပြုံးလိုက်ပြီး မိန်းကလေးကို ကြည့်လိုက်သည်။ သူက ပါးစပ်ဟလိုက်သည်နှင့် ဈေးနှုန်းကို နှစ်ဆနီးပါး မြှင့်တင်လိုက်သည်။ ဤသည်မှာ ဝိညာဉ်ကျောက်တုံးများက သူ့အတွက် ဘာမှမဟုတ်သည့်အလားပင်။

“ ကျုပ်မှာတော့ ဝိညာဉ်ကျောက်တုံးတွေ မရှိဘူး… ဒါပေမဲ့ ကျုပ်မှာ မျောက်မင်းဝိုင်ပါတဲ့ ဘူးသီးခြောက်တစ်ခုရှိတယ် ”

သီရှီထျန်က မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။ ယခုအချိန်က တိုက်ခိုက်ရန် အချိန်ကောင်းမဟုတ်ကြောင်း သူသိသည်။ သို့မဟုတ်လျှင် သူ၏ သရုပ်မှန်က ဖော်ထုတ်ခံရလိမ့်မည်။ ထိုအခါကျလျှင် သူက ဤချိုင့်ဝှမ်းထဲမှ ထွက်ပြေးလွတ်မြောက်ရန် ခဲယဉ်းသွားလိမ့်မည်။ သူက ခါးပေါ်မှ သိုလှောင်အိတ်ကို တစ်ချက်ပုတ်လိုက်လေရာ လက်ဖဝါးအရွယ်ခန့်ရှိသော ဘူးသီးခြောက်တစ်လုံးက သူ၏ လက်ဖဝါးပေါ်မှာ ထွက်ပေါ်လာသည်။

ယင်းက မျောက်မင်းဝိုင်ကို သိမ်းဆည်းထားသော ဘူးသီးခြောက် ဖြစ်သည်။ မှန်ပေသည်။ ယင်းက သာမန်မျောက်မင်းဝိုင်ဖြစ်သည်။ ယင်းက တန်ဖိုးကြီးမားသော နှစ်တစ်ရာမျောက်မင်းဝိုင် မဟုတ်ပေ။

All Chapters