အခန်း (၁၈၇-၁၈၉)
Vol. 13 Ch. 187-189
အခန်း(၁၈၇)
သီရှီထန်က ပြောသည်။
" ဒီဟာကို တစ်ငုံသောက်တာက စွမ်းအင်စုစည်းဆေးလုံးတစ်လုံးကို သောက်သုံးတာနဲ့ ညီမျှတယ်… တကယ်တော့ မျောက်မင်းဝိုင်က ပိုပြီးတော့ သာလွန်သေးတယ်… မျောက်မင်းဝိုင်ထဲမှာ ပါဝင်တဲ့ စွမ်းအားက သိမ်မွေ့ညင်သာတယ်… ဘာအန္တရာယ်မှ ဘာဆိုးကျိုးမှ မရှိဘူး… ဆေးလုံးနည်းပညာကို ဒီမျောက်မင်းဝိုင်နဲ့ ကျုပ်လဲလှယ်ချင်တယ် ”
ထိုစကားများ ပြောလိုက်သည့်အခါ ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူများက ချက်ချင်း မျက်လုံးဝင်းလက်သွားကြသည်။
လူအများအပြားက အံ့ဩတကြီး ရေရွတ်လိုက်ကြသည်။
“ အဲ့ဒါ တကယ်ပဲ မျောက်မင်းဝိုင်လား… မျောက်မင်းဝိုင်က သာမန်ဝိုင်မဟုတ်ဘဲ ဝိညာဉ်ဝိုင်လို့ ငါကြားဖူးတယ်… အဲ့ဒါက ကျင့်ကြံသူတွေအတွက် ရှားပါးရတနာတစ်ခုပဲ… ချီသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူတွေတင်မကဘူး အခြေတည်နယ်ပယ် ကျင့်ကြံသူတွေအတွက်လည်း အဲ့ဒါက အသုံးဝင်တယ်… မျောက်မင်းဝိုင်ကို သောက်သုံးပြီး ကျင့်ကြံရင် ပုံမှန်ထက် အဆပေါင်းများစွာ ပိုမြန်ဆန်သွားလိမ့်မယ် ”
“ ဒါ့အပြင် မျောက်မင်းဝိုင်ရဲ့ အရသာက ထူးကဲသာလွန်တယ်… အဲ့ဒါက ကျင့်ကြံခြင်းအတွက် အမတပစ္စည်းတစ်ခုပဲ ”
“ ဟုတ်တယ်… မျောက်မင်းဝိုင်က တန်ဖိုးအရမ်းကြီးမားတယ် ”
“ အရင်တစ်ခေါက်က အမတစုဝေးမြို့တော်ထဲက လေလံစံအိမ်တစ်ခုမှာ မျောက်မင်းဝိုင်တစ်ပုလင်းကို ဝိညာဉ်ကျောက်တုံးတစ်သောင်းနဲ့ လေးလံတင်ရောင်းချခဲ့တာကို ငါမှတ်မိနေသေးတယ်… အဲ့ဒီပစ္စည်းက ငွေရှိရင်တောင် အလွယ်တကူ မဝယ်နိုင်တဲ့အရာပဲ ”
ထိုအခိုက်အတန့်မှာ ချင်ရွှမ်းသည်ပင် မျက်လုံးဝင်းလက်သွားသည်။ သူက သီရှီထျန်ကို လေးနက်စွာ ကြည့်လိုက်သည်။ ရံဖန်ရံခါ သူ၏ အကြည့်က ဝိုင်ဘူးသီးခြောက်ပေါ်သို့ ကျရောက်သွားသည်။
သို့သော်လည်း ရွှဲယင်ရီ၏ အမူအရာက အရုပ်ဆိုးသွားသည်။ သီရှီထျန်က ထိုမျှတန်ဖိုးကြီးမားသော ရတနာကို ထုတ်လာလိမ့်မည်ဟု သူမမျှော်လင့်ထားပေ။
" မျောက်မင်းဝိုင်ကို ကျွန်မယူမယ်… ဒီအကိုကြီးကို ဆေးလုံးနည်းပညာ ပေးမယ်… ပြီးတော့ ‘ အခြေခံဆေးပညာရပ် ’ရောပဲ ”
ဘေးပတ်ဝန်းကျင်မှ စကားသံများကို ကြားသောအခါ မျောက်မင်းဝိုင်က မည်မျှတန်ဖိုးကြီးမားကြောင်း မိန်းကလေး နားလည်သွားသည်။ သူက မျက်လုံးဝင်းလက်သွားပြီး ကျောက်စိမ်းပြားနှင့် ရှေးဟောင်းစာအုပ်ကို သီရှီထျန်၏ လက်ထဲသို့ အမြန်ထည့်ပေးလိုက်သည်။ ထို့နောက် သူက ဝိုင်ဘူးသီးခြောက်ကို ယူလိုက်ပြီး ညင်သာစွာ အဖုံးဖွင့်လိုက်သည်။
ချက်ချင်းဆိုသလိုပင် မွှေးပျံ့သော ဝိုင်အနံ့က ဘူးသီးခြောက်ထဲမှ ထွက်ပေါ်လာသည်။ ယင်းကို ရှူလိုက်သော မည်သူမဆို ချက်ချင်း စိတ်ရွှင်လန်းသွားပြီး အားအင်ဖြင့် ပြည့်နှက်သွားလိမ့်မည်။
“ ဟုတ်တယ်… အဲ့ဒါက တကယ့် မျောက်မင်းဝိုင်ပဲ ”
ချင်ရွှမ်းက ခေါင်းညိတ်လိုက်ပြီး မျောက်မင်းဝိုင်က အစစ်အမှန်ဖြစ်ကြောင်း အတည်ပြုပေးလိုက်သည်။
သူက စကားပြောပြီးနောက် ဘေးပတ်ဝန်းကျင်၌ စုဝေးနေကြသော ကျင့်ကြံသူများကို ဝေ့ဝိုက်ကြည့်လိုက်သည်။ သူက ညင်သာစွာ ပြုံးလိုက်ပြီး ပြောသည်။
“ အခုလို ငယ်ရွယ်တဲ့ လက်ရွေးစင်ကျင့်ကြံသူတွေ ကျုပ်ရဲ့ ကုချင်းချိုင့်ဝှမ်းဆီ ရောက်လာကြတာ ကျုပ်တို့ ချင်မိသားစုအပေါ် မျက်နှာသာပေးလိုက်တာပါပဲ… ဒီတစ်ကြိမ်မှာ ကျုပ်ရဲ့ ချစ်သမီးလေးက လူငယ်ကျင့်ကြံသူတွေထဲကနေ အထူးချွန်ဆုံးလူကို သူ့ရဲ့ ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်ပါလိမ့်မယ်… ပြိုင်ပွဲကို နောက်သုံးရက်နေရင် ကျင်းပပါမယ်… ဒီအတောအတွင်းမှာ အားလုံး ငြိမ်းငြိမ်းချမ်းချမ်း နေကြမယ်လို့ ကျုပ်မျှော်လင့်ပါတယ်… အဲ့လိုမဟုတ်ဘဲ တစ်စုံတစ်ယောက်က ပြဿနာရှာမယ် ရန်ဖြစ်မယ်ဆိုရင် ကျုပ်ရဲ့ ချင်မိသားစုက သူ့ကို ဒီကနေ မောင်းထုတ်ပစ်ဖို့ ဝန်လေးနေမှာမဟုတ်ပါဘူး ”
သူက ပထမစကားကို ယဉ်ကျေးစွာ ပြောသည်။ သို့သော်လည်း သူ၏ ဒုတိယစကားထဲမှာ ခြိမ်းခြောက်သော အငွေ့အသက် ပါဝင်နေသည်။ ယင်းက ချိုင့်ဝှမ်းထဲမှ ကျင့်ကြံသူများကို ချက်ချင်း တုန်ယင်သွားစေသည်။
“ ဦးရီးတော် စိတ်ချပါ… တကယ်လို့ တစ်ယောက်ယောက်က ချိုင့်ဝှမ်းထဲမှာ ပြဿနာရှာရဲမယ်ဆိုရင် အဲ့ဒီလူက ကျုပ်ရဲ့ သွေးတိမ်ဂိုဏ်းနဲ့ ရန်သူဖြစ်လာလိမ့်မယ်… ဒီတူမောင်က သူတို့တွေကို လုံးဝ အလွတ်ပေးမှာမဟုတ်ဘူး ”
ရှဲယင်ရီက စကားပြောနေရင်း သီရှီထျန်ကို စိုက်ကြည့်လိုက်သည်။ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ သူက အပေါ်ယံတွင် ရယ်မောနေသော်လည်း သူ၏ အတွင်းစိတ်တွင်မူ…
" ဟွန့်… ဘယ်က ငချွတ်ကများ ဒီသခင်လေးရဲ့ အရှေ့မှာ မောက်မာရဲတာလဲ… မင်းစောင့်နေစမ်းပါ… နောက်သုံးရက်နေလို့ ကုချင်းဘုံထဲ ငါတို့ဝင်ရောက်တဲ့အခါ မင်းကို ငါသတ်ပစ်မယ်… မဟုတ်ရင် ငါ့နှလုံးသားထဲက အမုန်းတရားက ဂင်္ဂါမြစ်ရေနဲ့ ဆေးကြောရင်တောင် ပျောက်ကွယ်သွားမှာ မဟုတ်ဘူး ”
သူက စိတ်ထဲမှာ သီရှီထျန်ကို ရန်သူတစ်ယောက်အဖြစ် သတ်မှတ်လိုက်သည်။
သီရှီထျန်က သတိကြီးသူဖြစ်လေရာ ရွှဲယင်ရီ၏ မျက်လုံးထဲမှ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို မည်သို့ကြောင့် မမြင်နိုင်ဘဲ နေမည်နည်း။
သို့သော်လည်း ရွှဲယင်ရီ မသိသည်မှာ သီရှီထျန်ကလည်း သူ့ကို သတ်ပစ်ရန် စိတ်ဆုံးဖြတ်ထားသည်။
ရွှဲယင်ရီက သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ထုတ်ဖော်လိုက်သည်နှင့် သီရှီထျန်က ယင်းကို သူ့စိတ်ထဲမှာ မှတ်သားလိုက်သည်။ ပြင်းထန်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ သူ၏ တမူထူးခြားသော အရှိန်အဝါက ရွှဲယင်ရီ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကြောင့် လှုံ့ဆော်ခံလိုက်ရဟန် ရ၏။ ကြောက်မက်ဖွယ်ကောင်းသော အထွတ်အမြတ် ဩဇာအာဏာအရှိန်အဝါက ချိုင့်ဝှမ်းတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
သို့သော်လည်း ဤနေရာက တိုက်ခိုက်ရန် မသင့်တော်ကြောင်း စက်ကရာ သိသည်။ ထို့ကြောင့် သူက ဩဇာအာဏာအရှိန်အဝါကို ခန္ဓာကိုယ်ထဲသို့ ချက်ချင်း ပြန်ရုပ်သိမ်းလိုက်သည်။ အရှိန်အဝါက ထွက်ပေါ်လာပြီး သိပ်မကြာမီ ချက်ချင်း ပျောက်ကွယ်သွားသည်။ အဖြစ်အပျက်က အလွန်မြန်ဆန်လေရာ လူအများကြီး သတိမထားမိကြချေ။ တချို့လူများက ယင်းကို ကောင်းကင်ဘုံအင်အားဟု ထင်ယောင်ထင်မှားဖြစ်သွားကြသည်။
သို့သော်လည်း ချင်ရွှမ်း၏ သူငယ်အိမ်က ချက်ချင်း ကျုံ့သွားသည်။ သူက သီရှီထျန်ကို နောက်တစ်ကြိမ် ကြည့်လိုက်သည်။ သူ၏ အကြည့်က ယခင်ကနှင့် ကွဲပြားသွားသည်။ ချိုင့်ဝှမ်းထဲ၌ တခြားကျင့်ကြံသူတစ်ယောက်နှင့် မရပ်မနား စကားပြောနေသော အရာအားလုံးသိဆရာကြီးက ထိုအခိုက်အတန့်မှာ ခပ်ရေးရေး ပြုံးလိုက်သည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ သူ့အပြုံးက ပျောက်ကွယ်သွားသည်။ သူက ဆက်ပြီး အလုပ်လုပ်သည်။
“ မင်းနာမည် ဘယ်လိုခေါ်လဲ ”
သီရှီထျန်က ရွှဲယင်ရီတို့အုပ်စုကို လျစ်လျူရှုလိုက်သည်။ သူက ခေါင်းလှည့်လိုက်ပြီး ဝိုင်ဘူးသီးခြောက်အား ပွေ့ထားသော မိန်းကလေးကို ကြည့်လိုက်သည်။ သူက ပြောသည်။
“ မျောက်မင်းဝိုင်က တန်ဖိုးကြီးမားတယ်… ဒီအတောအတွင်း အရေးကြီးကိစ္စမရှိရင် ကုချင်းချိုင့်ဝှမ်းကနေ မထွက်သွားဖို့ ငါအကြံပေးချင်တယ်… မဟုတ်ရင် မင်းအန္တရာယ်ကျရောက်လိမ့်မယ် ”
ဘေးပတ်ဝန်းကျင်တွင် ကျင့်ကြံသူအများအပြားက ဘူးသီးခြောက်ကို စိုက်ကြည့်နေကြသည်။ သူတို့က မျက်လုံးနီရဲနေကြပြီး လှုပ်ရှားရန် အသင့်ပြင်နေကြသည်။ ကုချင်းချိုင့်ဝှမ်းထဲမှာ တိုက်ခိုက်ခြင်းကို တားမြစ်ထားပြီး ယနေ့ ချင်ရွှမ်းကိုယ်တိုင် ရောက်ရှိနေသောကြောင့်မဟုတ်လျှင် သူတို့က ဝိုင်ဘူးသီးခြောက်ကို လုယက်ရန် တုံ့ဆိုင်းနေကြမည် မဟုတ်ချေ။ မျောက်မင်းဝိုင်၏ ဆွဲဆောင်မှုက အလွန်ကြီးမားပေသည်။
မည်သို့ဖြစ်ပါစေ မျောက်မင်းဝိုင်သည် မသေမျိုးကျင့်ကြံခြင်းလောကတွင် အလွန်ရှားပါးသော ဝိညာဉ်ဝိုင်တစ်မျိုး ဖြစ်သည်။ ယင်းက ကျင့်ကြံခြင်းတွင် ကြီးမားသော အကျိုးအာနိသင်များကို ပေးနိုင်သည်။ ထို့ပြင် မျောက်မင်းဝိုင်ထဲမှ စွမ်းအင်အနှစ်သာရက သိမ်မွေ့နူးညံ့လေရာ မည်သူမဆို ယင်းကို အလွယ်တကူ စုပ်ယူနိုင်သည်။ ထိုသို့ရတနာသည် အပြင်မှာ ထွက်ပေါ်လာသည်နှင့် လုယက်ခြင်းဖြစ်ပေါ်လာရန် သွေးဆောင်နိုင်သည်။
ကျင့်ကြံသူများက မျောက်မင်းဝိုင်ကို လိုချင်တပ်မက်နေကြစဉ် မိုးမြေကြားမှ လိုအင်ဆန္ဒစွမ်းအင်အမျှင်တန်းများက သူ၏ ခန္ဓာကိုယ်ထဲသို့ ဒလဟော တိုးဝင်လာနေကြောင်း သီရှီထျန် ခံစားမိသွားသည်။ ယင်းတို့က ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်း၏ မြန်ဆန်စွာ ဝါးမျိုခံလိုက်ရသည်။ ကျောက်စိမ်းကုချင်းပေါ်မှ မိစ္ဆာအရှိန်အဝါက မြန်ဆန်စွာ ပိုအားကောင်းလာသည်။
လင်းသွဲ့က မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး ဝမ်းသာပျော်ရွှင်စွာ ပြောသည်။
" ကျေးဇူးတင်ပါတယ် အကိုကြီး… လင်းသွဲ့က ချိုင့်ဝှမ်းကနေ ထွက်သွားမှာ မဟုတ်ပါဘူး… သတိုးသားလောင်းရှာဖွေပွဲ ပြီးသွားတာနဲ့ ကျွန်မက ချင်မိသားစုဆီ သွားပြီး တပည့်ခံပါမယ် ”
ချင်မိသားစုအကြောင်း ပြောသည့်အခါ မျှော်လင့်သော အမူအရာက သူ့မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
“ မင်းရဲ့ နာမည်က လင်းသွဲ့လား ”
ထိုအခိုက်အတန့်မှာ ချင်ရွှမ်းက မိန်းကလေးကို ကြည့်လိုက်ပြီး ရုတ်တရက် ခေါင်းညိတ်လိုက်သည်။
" မင်းဆီမှာ အလယ်အလတ်အဆင့် ဝိညာဉ်အမြစ်ပဲ ရှိတယ်… ဒါပေမဲ့ ငါ့ရဲ့ ချင်မိသားစုဆီ ဝင်ရောက်ဖို့က ဝိညာဉ်အမြစ်ပေါ်မှာ အဓိကမမူတည်ဘူး… အရေးကြီးဆုံးက ဂီတပေါ်မှာ ပါရမီပါလား မပါဘူးလား ဆိုတာပဲ… မင်းဆန္ဒရှိရင် ချင်စံအိမ်ဆီသွားပြီး တစ်ခေါက် ကြိုးစားကြည့်နိုင်တယ် ”
သူက စကားဆုံးသည်နှင့် အနောက်လှည့်လိုက်ပြီး ခရမ်းဝါးတော၏ အနက်ပိုင်းထဲသို့ လျှောက်သွားသည်။ သူက ထွက်သွားသည်။
စက်ကရာက အဝေးသို့ ထွက်သွားသော ချင်ရွှမ်း၏ နောက်ကျောကို ကြည့်လိုက်သည်။ သူက အချိန်တစ်ခဏ ကြာသည်အထိ အကြည့်ပြန်မရုပ်ခဲ့ပေ။ ချင်ရွှမ်း၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါက တခြားကျင့်ကြံသူများနှင့် ကွဲပြားခြားနားသည်ဟု သူခံစားမိသည်။ သူ၏ စကားပြောဆိုမှု၊ လမ်းလျှောက်မှုနှင့် လှုပ်ရှားမှုတိုင်းမှာ ထူးဆန်းသော စည်းချက်တစ်ခုရှိနေဟန် ရ၏။ ဤသည်မှာ သူ၏ ခန္ဓာကိုယ်လှုပ်ရှားမှုတိုင်းက စည်းဝါးကိုက်နေသည့်အလားပင်။
“ ချင်မိသားစုက တကယ်မရိုးရှင်းဘူး… ဂီတကို အထူးပြုတဲ့ ကျင့်ကြံခြင်းမိသားစုတစ်ခုလို့ ငါမျှော်လင့်ထားသလိုပါပဲလား… ဂီတရဲ့ လွှမ်းမိုးမှုကြောင့် ထင်တယ် သူတို့ရဲ့ ခန္ဓာကိုယ်က ထူးဆန်းတဲ့ အရှိန်အဝါကို ထုတ်လွှတ်ပေးနေတယ်… ဂီတနဲ့ နီးကပ်သွားတဲ့အခါ သူတို့ရဲ့ ခန္ဓာကိုယ်က တမူထူးခြားတဲ့ ဆွဲဆောင်မှုကို သဘာဝအလျောက် ထုတ်လွှတ်ပေးလိမ့်မယ် ”
စက်ကရာက စိတ်ထဲမှာ သူ့ဘာသာ တွေးတောလိုက်သည်။ ထို့နောက် သူက အကြည့်ပြန်ရုပ်လိုက်ပြီး လီသွဲ့ထံမှ ဆေးမီးဖိုတစ်လုံး ဝယ်ယူလိုက်သည်။ ထိုဆေးမီးဖိုက အဆင့်နိမ့် ဓမ္မလက်နက်တစ်ခုသာ ဖြစ်သော်လည်း သာမန်ဓမ္မလက်နက်တစ်ခုထက် အများကြီး ပိုဈေးကြီးသည်။ ထို့ပြင် သူက ဆေးလုံးဖော်စပ်နည်းများကိုလည်း ဝယ်ယူလိုက်သည်။ ယင်းတို့အားလုံးကို မျောက်မင်းဝိုင်၏ တန်ဖိုးဖြင့် ပေးချေလိုက်သည်။
ထို့နောက် သူက ခရမ်းဝါးတောထဲမှ တိတ်ဆိတ်အေးချမ်းသော နေရာလွတ်တစ်နေရာကို ရှာဖွေလိုက်ပြီး မြေကြီးပေါ်မှာ ထိုင်ချလိုက်သည်။ သူက တိတ်တဆိတ် မျက်လုံးမှိတ်လိုက်ပြီး မိစ္ဆာစံအိမ်ထဲမှ မိစ္ဆာသန့်စင်ခြင်းမီးဖိုကို လှည့်ပတ်လိုက်သည်။ တစ်ချိန်တည်းမှာ သူက ချိုင့်ဝှမ်းထဲမှ လိုအင်ဆန္ဒစွမ်းအင်ကို စုပ်ယူလိုက်သည်။
ထိုသို့စုပ်ယူနေစဉ် ထူးခြားချက်တစ်ခုကို သူရှာတွေ့သွားသည်။ ချိုင့်ဝှမ်းထဲမှ လိုအင်ဆန္ဒစွမ်းအင်သည် အပြင်မှာထက် အများကြီး ပိုနည်းပါးနေသည်။ ထို့ပြင် သူစုပ်ယူနေသော လိုအင်ဆန္ဒစွမ်းအင်သည် ယခုမှ ချိုင့်ဝှမ်းထဲသို့ ဝင်ရောက်လာကြသော ကျင့်ကြံသူများထံမှ ဖြစ်သည်။
“ ဂီတက လိုအင်ဆန္ဒကို သန့်စင်ပေးနိုင်တာလား ”
ထိုအတွေးက သူ့စိတ်ထဲမှာ ထွက်ပေါ်လာသည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ သူက ကျင့်ကြံခြင်းမှာသာ အာရုံစူးစိုက်လိုက်သည်။
“ မိစ္ဆာသားရဲတစ်ကောင်က နောက်ထပ် အဆင့်တတ်လှမ်းချင်တယ်ဆိုရင် မိစ္ဆာသွေးကြောတွေကို ဖွဲ့စည်းရမယ်… အဲ့ဒီအတွက် မူလမရီဒျန်တွေကို ဖျက်ဆီးပစ်ရမယ်… ပြီးတော့ မိစ္ဆာချီနဲ့ လျှို့ဝှက်နည်းစနစ်ကို အသုံးပြုပြီး တမူထူးခြားတဲ့ မိစ္ဆာသွေးကြောတစ်ခုကို ဖွဲ့စည်းရမယ်… မိစ္ဆာသွေးကြောတစ်ခု ဖွဲ့စည်းသွားတိုင်း ငါက အရှေ့ကို ခြေတစ်လှမ်း တိုးသွားလိမ့်မယ် ”
“ အခု မိစ္ဆာချီကို ငါစုဆောင်းထားတာ ပမာဏတစ်ခုအထိ ရှိသွားပြီ… အဲ့ဒါက ပထမမိစ္ဆာသွေးကြောကို ဖွဲ့စည်းဖို့ လုံလောက်တယ်… မိစ္ဆာသွေးကြောတစ်ခုကို အောင်မြင်စွာ ဖွဲ့စည်းသွားနိုင်တဲ့အခါ ငါက အလယ်အလတ်အဆင့် မိစ္ဆာသားရဲတစ်ကောင် ဖြစ်လာလိမ့်မယ်… ဒါပေမဲ့ မိစ္ဆာသွေးကြော ဖွဲ့စည်းနေတဲ့အချိန် ငါ့ရဲ့ မိစ္ဆာချီကို ငါထိန်းချုပ်နိုင်မှာမဟုတ်ဘူး ”
မိစ္ဆာစံအိမ်ထဲမှ မိစ္ဆာသန့်စင်ခြင်းမီးဖိုထဲတွင် မိစ္ဆာအရည်က သုံးပုံတစ်ပုံခန့် ရှိသွားသည်။ ကျောက်စိမ်းဆေးမီးဖိုထဲမှ အနက်ရောင်အရည်က ကြောက်မက်ဖွယ်ကောင်းသော အားလှိုင်းဂယက်များကို ထုတ်လွှတ်နေသည်။ ယင်းက ရေသေကဲ့သို့ တည်ငြိမ်နေသည်။ မိစ္ဆာအရည်၏ အပေါ်တွင် အနက်ရောင်မြူခိုးတိမ်တိုက်တစ်ခု လွင့်မျောနေသည်။ အချိန်တစ်ခဏကြာသွားတိုင်း အနက်ရောင်အရည်တစ်စက်က မြူခိုးတိမ်တိုက်ထဲမှ ကျဆင်းလာပြီး ကျောက်စိမ်းဆေးမီးဖိုထဲမှ မိစ္ဆာအရည်နှင့် ပေါင်းစပ်သွားသည်။
မိစ္ဆာချီသည် မိစ္ဆာသန့်စင်ခြင်းမီးဖိုထဲမှ တိုးထွက်လာပြီး မိစ္ဆာစံအိမ်၏ အပြင်ဘက်၊ နှလုံး၏ အပြင်သို့ ထွက်သွားသည်။ ယင်းက သူ၏ ခန္ဓာကိုယ်ထဲမှ မရီဒျန်အားလုံးဆီသို့ စီးဆင်းသွားသည်။ မရီဒျန်များထဲမှာ ဖြတ်သန်းစီးဆင်းနေစဉ် မိစ္ဆာချီအမျှင်တန်းတချို့က သူ၏ အသွေးအသားနှင့် ပေါင်းစပ်သွားသည်။ ယင်းက သူ၏ မိစ္ဆာခန္ဓာကိုယ်ကို တဖြည်းဖြည်း ပိုပြီးသန်မာစေသည်။
ယခု သူ၏ ခန္ဓာကိုယ်ပေါ်တွင် မရီဒျန်နှစ်စုံ ရှိသည်။ တစ်စုံက သူ့ကိုယ်ပိုင်မိစ္ဆာခန္ဓာကိုယ်၏ မရီဒျန်များ ဖြစ်ကြသည်။ ယင်းတို့က စုစုပေါင်းသုံးခု ရှိသည်။ တစ်ခုက သူ၏ ဦးခေါင်းနှင့် ခန္ဓာကိုယ်တစ်ခုလုံးကို ဆက်သွယ်ပေးထားသော မရီဒျန် ဖြစ်သည်။ အခြားနှစ်ခုက သူ၏ ခြေလက်မရီဒျန်များ ဖြစ်ကြသည်။ ယင်းတို့က သူ၏ မိစ္ဆာခန္ဓာကိုယ်ထဲမှာ မူလကတည်းက တည်ရှိနေသော မရီဒျန်များ ဖြစ်ကြသည်။ အခြားမရီဒျန်တစ်စုံသည်တော့ အံ့ဖွယ်လအသွင်ပြောင်းလဲခြင်း လျှို့ဝှက်အတတ်ပညာမှ ဖွဲ့စည်းသွားသော လူသားခန္ဓာကိုယ်မရီဒျန်များ ဖြစ်ကြသည်။
သို့သော်လည်း ထိုမရီဒျန်နှစ်စုံစလုံးကို မိစ္ဆာကျင့်ကြံခြင်းလမ်းစဉ်အရ သူစွန့်ပစ်ရလိမ့်မည်။
အခန်း(၁၈၈)
မိစ္ဆာသွေးကြောတစ်ခုကို ဖွဲ့စည်းခြင်းသည် ခန္ဓာကိုယ်ထဲ၌ တစ်ခါမှ မရှိဖူးသေးသော မိစ္ဆာသွေးကြောအသစ်ကို ဖွဲ့စည်းရခြင်း ဖြစ်သည်။ ထို့ပြင် ယင်းက မိစ္ဆာစံအိမ်နှင့် အမှန်တကယ် ဆက်သွယ်နေရမည်။
လက်ရှိ သီရှီထျန်၏ ခန္ဓာကိုယ်ထဲတွင် မရီဒျန်များက မိစ္ဆာစံအိမ်နှင့် အမှန်တကယ် မဆက်သွယ်နေပေ။ ယင်းက မရီဒျန်များထဲ၌ မိစ္ဆာချီ၏ စီးဆင်းမှုကို နှောင့်နှေးကြန့်ကြာစေသည်။ အကယ်၍ မိစ္ဆာသွေးကြောအသစ် ဖွဲ့စည်းသွားမည်ဆိုလျှင် မိစ္ဆာချီက မိစ္ဆာစံအိမ်ထဲမှ တိုက်ရိုက် ထွက်လာပြီး မိစ္ဆာသွေးကြောထဲသို့ မြန်ဆန်စွာ စီးဆင်းသွားနိုင်လိမ့်မည်။
ဝိညာဉ်သားရဲများက သူတို့၏ ဝိညာဉ်လှိုဏ်ခေါင်းများကို ဖွင့်လှစ်ရသည်ဆိုလျှင် မိစ္ဆာများက မိစ္ဆာချီကို စုဆောင်းရပြီး မရီဒျန်များကို ဆက်သွယ်ပေးကာ မိစ္ဆာစံအိမ်ကို ဖွင့်လှစ်ရသည်။ မိစ္ဆာစံအိမ်ဖွင့်လှစ်ပြီးလျှင် သူတို့က မိစ္ဆာသွေးကြောများကို နောက်ထပ် ဖွဲ့စည်းရလိမ့်မည်။ သို့မှသာ သူတို့က မိစ္ဆာအမြူတေဓာတ်လုံးကို ဖွဲ့စည်းနိုင်လိမ့်မည်။
“ ကုချင်းဘုံက ဘယ်လိုနေရာမျိုးလဲ ငါမသိဘူး… အဲ့ဒီနေရာမှာ ငါ့ရဲ့ ပထမဆုံး မိစ္ဆာသွေးကြောကို ဖွဲ့စည်းနိုင်လောက်မလား ”
စက်ကရာက သူ့စိတ်ထဲမှာ စတင်တွေးတောလိုက်သည်။
ကုချင်းချိုင့်ဝှမ်းဆီသို့ သူရောက်လာရခြင်းက သတိုးသားလောင်းရှာဖွေပွဲအတွက် မဟုတ်ပေ။ သူက ချင်မိသားစုထံမှ ဂီတအကြောင်းနှင့် ကုချင်းတီးခတ်နည်းကို သင်ယူချင်သည်။ တခြားကိစ္စများက သူ့အတွက် အရေးမကြီးပေ။ သူက သတိုးသားလောင်းရွေးချယ်မည့် အချိန်မှ ရောက်လာခဲ့ခြင်း ဖြစ်သည်။ ယင်းကို တိုက်ဆိုင်မှုဟု ဆိုနိုင်သည်။
ဤချိုင့်ဝှမ်းထဲမှာ သူက ကုချင်းဘုံအကြောင်း ကြိမ်ဖန်များစွာ ကြားခဲ့ရသည်။ ယင်းက ချင်မိသားစု၏ တားမြစ်နယ်မြေဖြစ်ကြောင်းသာ သူသိသည်။ ကုချင်းဘုံထဲမှာ မည်သို့သောအရာများရှိကြောင်း သူမသိပေ။ ထို့ကြောင့် သူ့နှလုံးသားထဲမှာ စူးစမ်းသိလိုစိတ် ဖြစ်ပေါ်လာသည်။ ကုချင်းဘုံထဲသို့ ဝင်ရောက်ရန် စက်ကရာက သူ့စိတ်ထဲမှာ ဆုံးဖြတ်ချက်ချလိုက်သည်။ ပထမအကြောင်းအရင်းမှာ သူက မိစ္ဆာသွေးကြောတစ်ခုကို ဖွဲ့စည်းပြီး အလယ်အလတ်အဆင့် မိစ္ဆာသားရဲတစ်ကောင်အဖြစ်သို့ အဆင့်တတ်နိုင်မည့် အခွင့်အရေးကို ကုချင်းဘုံထဲမှာ သူရှာဖွေချင်သည်။
ထိုနည်းဖြင့်ဆိုလျှင် သူက ပိုပြီးသန်မာလာပြီး လူသားလောကထဲမှာ ကိုယ့်ကိုယ်ကိုယ် ပိုပြီးကာကွယ်စောင့်ရှောက်နိုင်သွားလိမ့်မည်။ ဒုတိယအကြောင်းအရင်းမှာ သူက ဤအခွင့်အရေးကို အသုံးချပြီး ချင်မိသားစုထဲသို့ ဝင်ရောက်ချင်သည်။
အချိန်က မြန်ဆန်စွာ ကုန်ဆုံးသွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာ သုံးရက်က တိတ်တဆိတ် ကုန်ဆုံးသွားသည်။
“ ဒေါင်… ဒေါင်… ဒေါင်… ”
တတိယမြောက်နေ့ နံနက်တွင် ရိုးရှင်းသော ခေါင်းလောင်းမြည်သံက ကုချင်းချိုင့်ဝှမ်းထဲမှာ ပဲ့တင်ထပ်သွားသည်။ ခေါင်းလောင်းမြည်သံထဲမှာ သန့်စင်မှုစွမ်းအား ကိန်းအောင်းနေဟန် ရ၏။ ချိုင့်ဝှမ်းထဲမှ ကျင့်ကြံသူအားလုံးသည် နွေခေါင်ခေါင်တွင် ရေခဲရေပုံးဖြင့် ခေါင်းမှ လောင်းချခံလိုက်ရသည့်အလား လန်းဆန်းသွားကြသည်။ သူတို့က အေးစိမ့်မှုကို ခန္ဓာကိုယ်တစ်ခုလုံးမှ ခံစားမိသွားကြသည်။ သူတို့သည် မသိစိတ်မှ ထိုသို့အခြေအနေကို နှစ်သက်သဘောကျသွားကြသည်။
မူလက ပရမ်းပတာ လှုပ်ခတ်နေသော သူတို့၏ စိတ်ခံစားချက်များက တဖြည်းဖြည်း ငြိမ်သက်သွားသည်။ သူတို့၏ စိတ်ဝိညာဉ်က ခေါင်းလောင်းမြည်သံ၏ လှုံ့ဆော်မှုကြောင့် ငြိမ်းချမ်းသွားသည်။
“ ကုချင်းချိုင့်ဝှမ်းရဲ့ ‘ ဝိညာဉ်လှုံ့ဆော်ခေါင်းလောင်း ’က သူ့ရဲ့ ဂုဏ်သတင်းနဲ့ တကယ်ပဲ ထိုက်တန်ပါတယ် ”
ကုချင်းချိုင့်ဝှမ်းထဲတွင် တောင်မြစ်ယပ်တောင်ကို ကိုင်ထားသော လူငယ်က ယပ်တောင်ကို တဖျပ်ဖျပ်ခတ်နေရင်း သိမ်မွေ့နူးညံ့စွာ ပြောသည်။ သူ၏ မျက်နှာပေါ်မှာ အံ့ဩသော အမူအရာ ထွက်ပေါ်လာသည်။
“ ဒဏ္ဍာရီထဲမှာ ပြောထားတာက ‘ ဝိညာဉ်လှုံ့ဆော်ခေါင်းလောင်း ’က ချင်မိသားစုရဲ့ ရတနာတစ်ခုဖြစ်တယ်… အဲ့ဒီခေါင်းလောင်းမှာ အတွင်းမိစ္ဆာကို ဖယ်ရှားပေးပြီး စိတ်ဝိညာဉ်ကို သန့်စင်ပေးနိုင်တဲ့ အံ့ဖွယ်စွမ်းရည်ရှိတယ်… တကယ်လို့ တစ်စုံတစ်ယောက်က ခေါင်းလောင်းမြည်သံကို မကြာခဏ နားထောင်နိုင်မယ်ဆိုရင် ကိုယ်တွင်းနတ်ဆိုး ထွက်ပေါ်လာမှာကို စိုးရိမ်စရာမလိုတော့ဘူး… ဒီနေ့ အဲ့ဒါကို ငါနားထောင်ကြည့်လိုက်တော့ ဒီဏ္ဍာရီထဲမှာ ဖော်ပြထားတာက တကယ်အမှန်ဆိုတာ ငါနားလည်သွားပြီ ”
ဝတ်စုံနီဝတ်ထားသော ရွှဲယင်ရီက ခေါင်းလောင်းမြည်သံ ထွက်ပေါ်လာသော အရပ်ဆီသို့ ကြည့်လိုက်သည်။ လိုချင်တပ်မက်မှုနှင့် လောဘအရိပ်အယောင်က သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
သုံးရက်ကြာပြီးနောက် ကုချင်းချိုင့်ဝှမ်းထဲမှ ကျင့်ကြံသူအရေအတွက်က သုံးထောင်ကျော်သွားသည်။ ဤအခိုက်အတန့်မှာ ခေါင်းလောင်းမြည်သံ ထွက်ပေါ်လာသည့်အခါ လူတိုင်းက တည်ကြည်လေးနက်စွာ မတ်တတ်ထရပ်လိုက်ကြပြီး ချင်စံအိမ်ဆီသို့ ကြည့်လိုက်ကြသည်။
ခေါင်းလောင်းမြည်သံ ထွက်ပေါ်လာပြီး သိပ်မကြာမီ လူတစ်အုပ်စုက ခရမ်းဝါးတောထဲမှ ထွက်လျှောက်လာကြသည်။
အရှေ့ဆုံးမှ ထွက်ပေါ်လာသူသည် ယခင်က သူတို့မြင်တွေ့ဖူးသော ချင်မိသားစုခေါင်းဆောင် ချင်ရွှမ်း ဖြစ်သည်။ သူ၏ ဘယ်ညာတစ်ဖက်စီတွင် သက်လတ်ပိုင်းအရွယ် ချောမောလှပသော အမျိုးသမီးတစ်ယောက်နှင့် မျက်နှာကို ဇာပဝါဖြင့် ဖုံးအုပ်ထားသော မိန်းမလှတစ်ယောက် ရှိသည်။ သူတို့နှစ်ယောက်၏ အနောက်တွင် အမျိုးသားနှစ်ယောက် လိုက်ပါလာကြသည်။ တစ်ယောက်က ခရမ်းရောင်ဝါးပုလွေကို ကိုင်ထားစဉ် အခြားတစ်ယောက်က ကျောက်စိမ်းပုလွေကို ကိုင်ထားသည်။ ကျန်လူများသည်တော့ ချင်မိသားစု၏ တပည့်များ ဖြစ်ကြသည်။ သူတို့အုပ်စုသည် စုစုပေါင်း လူဆယ်ယောက်ကျော်သည်။
“ ကျုပ်ရဲ့ ကုချင်းချိုင့်ဝှမ်းဆီ ရောက်လာကြတဲ့ လူတိုင်းအတွက် ကျုပ်ရဲ့ ချင်မိသားစုက ဂုဏ်ယူဝမ်းမြောက်မိပါတယ် ”
ချင်ရွှမ်းသည် ချင်မိသားစုထဲမှ တပည့်များကို ချိုင့်ဝှမ်းဆီသို့ ခေါ်ဆောင်လာသည်။ သူက ကျင့်ကြံသူတစ်ထောင်ကျော်ကို မျက်နှာမူလျက် နွေးထွေးစွာ ပြုံးလိုက်သည်။ သူက လေးနက်စွာ ပြောသည်။
“ ကျုပ်ရဲ့ သမီး ကိုတိုမီကို လူတိုင်းက ချစ်ခင်ကြလို့ ကုချင်းနတ်သမီးလို့ ခေါ်ကြပါတယ်… ဒီတစ်ကြိမ်မှာ ကျုပ်က သမီးအတွက် တာအိုလက်တွဲဖော်ကို ရှာဖွေပေးဖို့ မောင်ရင်တို့အားလုံးကို ဒီကို ခေါ်လိုက်ရတာပါ… အဲ့ဒီတာအိုလက်တွဲဖော်က ကျုပ်သမီးနဲ့အတူ မသေမျိုးကျင့်ကြံခြင်းလမ်းစဉ်မှာ အပြန်အလှန် ဖေးမကူညီရင်း ရှေ့ဆက်နိုင်ကြမယ်လို့ ကျုပ်မျှော်လင့်ပါတယ်… အားလုံး ဒီအကြောင်းကို သိပြီးသားဖြစ်မယ်လို့ ကျုပ်ယုံကြည်ပါတယ် ”
ချိုင့်ဝှမ်းက လုံးဝ တိတ်ဆိတ်ငြိမ်သက်နေသည်။ ထိုအသံထဲမှာ ထူးဆန်းသောစွမ်းအား ကိန်းအောင်းနေသည့်အလား ယင်းက ချိုင့်ဝှမ်းထဲမှ ကျင့်ကြံသူအားလုံး၏ နားထဲသို့ ရှင်းလင်းပီသစွာ ပဲ့တင်ထပ်သွားသည်။
ထိုစဉ် ကျင့်ကြံသူတစ်ယောက်က ပါးစပ်ဖွင့်လိုက်ပြီး ပြောသည်။
“ ဆရာချင်… ဒီအကြောင်းကို ကျုပ်တို့အားလုံး သိထားပြီးပါပြီ… အဲ့ဒီအကြောင်း ပြောနေမယ့်အစား ဘာလို့ စည်းမျဉ်းတွေအကြောင်း ကျုပ်တို့ကို မပြောပြတာလဲ ”
ယင်းက သူတစ်ယောက်တည်း၏ အတွေးမဟုတ်ပေ။ တခြားကျင့်ကြံသူများသည်လည်း ထိုသို့တွေးနေကြသည်။
ချင်ရွှမ်းက ခပ်ရေးရေး ပြုံးလိုက်ပြီး သူ့အရှေ့မှ ငယ်ရွယ်သော လက်ရွေးစင်ကျင့်ကြံသူများကို ကြည့်လိုက်သည်။ သူက လေးနက်စွာ ပြောသည်။
“ ဒီချိုင့်ဝှမ်းထဲမှာ ရှိနေကြတဲ့ ကျင့်ကြံသူတွေက အနယ်နယ်အရပ်ရပ်က လက်ရွေးစင်တွေဖြစ်မယ်လို့ ကျုပ်ယုံကြည်ပါတယ်… မောင်ရင်တို့အားလုံးက ဒီမျိုးဆက်ရဲ့ ထူးချွန်တဲ့ လူငယ်ပါရမီရှင်တွေ ဖြစ်ကြပါတယ်… ကံမကောင်းတာက ကျုပ်မှာက သမီးတစ်ယောက်တည်း ရှိပါတယ်… ဒါကြောင့် ကျုပ်သမီးရဲ့ တာအိုလက်တွဲဖော်ကို ကောင်းကင်ဘုံရဲ့ စိတ်ဆန္ဒနဲ့ ကံတရားကိုပဲ ရွေးချယ်ခိုင်းဖို့ ဆုံးဖြတ်လိုက်ပါတယ် ”
“ ကျုပ်ရဲ့ ချင်မိသားစုက ရှေးခေတ်ကနေ ဒီနေ့အထိ တည်ရှိနိုင်ခဲ့ပါတယ်… ကျုပ်တို့ရဲ့ ဘိုးဘေးတွေက တောင်အနောက်ဘက်ခြမ်းမှာ တားမြစ်နယ်မြေတစ်ခု ချန်ရစ်ခဲ့ကြပါတယ်… အဲ့ဒါကို ကုချင်းဘုံလို့ ခေါ်ပါတယ်… ကုချင်းဘုံထဲမှာ အန္တရာယ်တွေနဲ့ ပြည့်နှက်နေပါတယ်… မှန်ပါတယ်… ကုချင်းဘုံထဲ ဝင်ရောက်တာက အခွင့်အရေးတစ်ခုဆိုလည်း ဟုတ်ပါတယ်… ကျုပ်ရဲ့ ချင်မိသားစုဝင်တွေတောင် ကုချင်းဘုံထဲ အလွယ်တကူ မဝင်ရောက်နိုင်ကြပါဘူး… "
" ကုချင်းဘုံကို အတွင်းနယ်မြေနဲ့ အပြင်နယ်မြေဆိုပြီး နှစ်ပိုင်းခွဲထားတယ်… တကယ်လို့ မင်းက အပြင်နယ်မြေကို ဖြတ်ကျော်နိုင်မယ်ဆိုရင် ချင်မိသားစုရဲ့ တပည့်ဖြစ်လာဖို့ ရွေးချယ်နိုင်လိမ့်မယ်… တကယ်လို့ မင်းက ကျရှုံးသွားမယ်ဆိုရင်တောင် အသက်အန္တရာယ်မရှိနိုင်ဘူး… ဒါပေမဲ့ မင်းက ငါ့သမက် ဖြစ်လာချင်တယ်ဆိုရင် အတွင်းနယ်မြေဆီ သေချာပေါက် ဝင်ရောက်ရလိမ့်မယ်… အတွင်းနယ်မြေက အန္တရာယ်တွေနဲ့ ပြည့်နှက်နေတယ်… အဲ့ဒီမှာ အချိန်မရွေး အသက်ဆုံးရှုံးသွားနိုင်တယ် ”
ကုချင်းဘုံအကြောင်း ချင်ရွှမ်းပြောနေစဉ် သူ၏ အမူအရာက တည်ကြည်လေးနက်သွားသည်။ ကုချင်းဘုံသည် ချင်မိသားစု၏ လျှို့ဝှက်အဆန်းကြယ်ဆုံး တားမြစ်ဧရိယာ ဖြစ်သည်။ အပြင်ပိုင်းနယ်မြေသည် ချင်မိသားစု၏ တပည့်ဖြစ်လာချင်သော လူများအတွက် စမ်းသပ်မှုပြုလုပ်သော နေရာဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်က စမ်းသပ်မှုကျရှုံးသွားလျှင်ပင် အလွန်ဆုံး သတိမေ့သွားလိမ့်မည်။ အသက်အန္တရာယ်မရှိနိုင်ပေ။ စမ်းသပ်မှုကို ဖြတ်ကျော်နိုင်သူများက ချင်မိသားစု၏ တပည့်များ ဖြစ်လာကြလိမ့်မည်။
အတိတ်တွင် ချင်မိသားစုသည် တပည့်ရွေးချယ်ရန် ထိုနည်းလမ်းကို အမြဲတမ်း အသုံးပြုခဲ့သည်။
အတွင်းပိုင်းနယ်မြေသည် အစစ်အမှန် ကုချင်းဘုံ ဖြစ်သည်။ အတွင်းပိုင်းနယ်မြေထဲမှ အန္တရာယ်များက တစ်စုံတစ်ယောက်၏ အသက်ကို အချိန်မရွေး နုတ်ယူပစ်နိုင်သည်။ ချင်မိသားစုဝင်များသည်ပင် ကုချင်းဘုံ၏ အတွင်းပိုင်းနယ်မြေထဲသို့ မဆင်မခြင် မဝင်ရောက်ဝံ့ကြပေ။ အတွင်းပိုင်းနယ်မြေထဲသို့ အမှန်တကယ် ဝင်ရောက်နိုင်သူများက အလွန်နည်းပါးသည်။ ထို့ပြင် အတွင်းပိုင်းနယ်မြေထဲမှာ အန္တရာယ်များသာရှိခြင်း မဟုတ်ပေ။ အခွင့်အလမ်းများလည်း ရှိသည်။
ဥပမာ သူတို့က အတွင်းပိုင်းနယ်မြေထဲမှာ သေဆုံးသွားခဲ့သော ကျင့်ကြံသူများထံမှ ဓမ္မလက်နက်များ၊ ဓမ္မရတနာများနှင့် ကျင့်စဉ်များကို ရှာဖွေနိုင်ကြလိမ့်မည်။
မှန်ပေသည်။ အထဲမှာ တမူထူးခြားသော အရာများလည်း ရှိသည်။
“ ဘာ… ကုချင်းဘုံထဲမှာ လူသေနိုင်တယ်လား ”
“ အို… ငါတို့တွေ နောက်ဆုံးတော့ ကံကောင်းပြီ… ချင်မိသားစုက ဆယ်စုနှစ်တစ်ခုကြာပြီးမှ တပည့်ခေါ်ယူစုဆောင်းတယ်လို့ ငါကြားဖူးတယ်… အခု ငါတို့က အပြင်ပိုင်းနယ်မြေကို ဖြတ်ကျော်နိုင်တာနဲ့ ချင်မိသားစုရဲ့ တပည့်တွေ ဖြစ်လာကြလိမ့်မယ်… ဒဏ္ဍာရီထဲမှာ ဖော်ပြထားတာက ချင်မိသားစုဆီမှာ ‘ ပုံရိပ်တစ်ထောင်အမတသံစဉ် ’ဆိုတဲ့ အစွမ်းထက်ကျင့်စဉ် ရှိတယ်… အဲ့ဒါက အသံတိုက်ခိုက်မှုတွေအတွက် အထွတ်အမြတ်ကျင့်စဉ်တစ်ခုပဲ… တစ်စုံတစ်ယောက်က အဲ့ဒါကို သင်ယူပြီးသွားရင် သီချင်းတစ်ပုဒ်နဲ့ ပုံရိပ်တစ်ထောင်ကို ဖန်တီးနိုင်လိမ့်မယ်… မင်းက အတွင်းပိုင်းနယ်မြေရဲ့ စမ်းသပ်မှုကို မဖြတ်ကျော်နိုင်ရင်တောင် ချင်မိသားစုထဲ ဝင်ရောက်တာက ကံကြမ္မာကောင်းတစ်ခုပဲ ”
“ ဟား ဟား… ငါက ဂီတပညာမှာ ထိပ်တန်းပါရမီရှင်တစ်ယောက်လို့ ကိုယ့်ကိုယ်ကိုယ် အမြဲတွေးထားခဲ့တာ… ဒီတစ်ကြိမ် ချင်မိသားစုဆီ သေချာပေါက် ငါဝင်ရောက်နိုင်ရမယ် ”
ချင်ရွှမ်း၏ စကားများက ချိုင့်ဝှမ်းထဲမှ ကျင့်ကြံသူများကို ချက်ချင်း ဆူညံပွက်လောရိုက်သွားစေသည်။ ချင်မိသားစုသည် ကျင့်ကြံခြင်းမိသားစုတစ်ခု ဖြစ်ရုံသာမက မသေမျိုးကျင့်ကြံခြင်းလောကတွင် အတော်လေး နာမည်ကျော်ကြားသည်။ အဘယ့်ကြောင့်ဆိုသော် ချင်မိသားစု၏ အသံတိုက်ခိုက်မှုများက လျှို့ဝှက်ဆန်းကြယ်ပြီး အလွန်အားကောင်းသည်။
ယေဘုယျအားဖြင့်ဆိုရသော် အသံတိုက်ခိုက်မှုများကို တတ်ကျွမ်းထားသော ပညာရှင်တစ်ဦးသည် အဆင့်တူညီသော ကျင့်ကြံသူနှစ်ယောက် သုံးယောက်နှင့် ရင်ဆိုင်တိုက်ခိုက်နိုင်ပေသည်။ အကယ်၍ ဂီတတာအိုအပေါ် တစ်စုံတစ်ယောက်၏ နားလည်သဘောပေါက်မှုက အလွန်မြင့်မားလျှင် သူက အဆင့်ကျော်လွှားပြီး တိုက်ခိုက်နိုင်လိမ့်မည်။
ထို့ကြောင့် လူအနည်းစုသာလျှင် ချင်မိသားစုကို ရန်ပြုဝံ့ကြသည်။
လွန်ခဲ့သောနှစ်များတွင် ချင်မိသားစုသည် မိသားစုထဲမှ လူများကိုသာ သူတို့၏ တပည့်များအဖြစ် သတ်မှတ်ခဲ့ကြသည်။ သူတို့က သေမျိုးလောကထဲမှ လူများကို တပည့်အဖြစ် ရွေးချယ်ခြင်း မပြုလုပ်ကြချေ။ ယင်းက အလွန်ရှားပါးသော အခြေအနေဖြစ်သည်။
သို့သော်လည်း ဤတစ်ကြိမ်တွင် ချင်မိသားစုသည် အပြင်ပိုင်းနယ်မြေ၏ စမ်းသပ်မှုအား ကျော်ဖြတ်နိုင်သူများကို သူတို့၏ တပည့်များအဖြစ် ခေါ်ယူစုဆောင်းကြလိမ့်မည်။ သို့ဖြစ်၍ ယင်းက ကြီးမားသော အခွင့်အရေးတစ်ခုဖြစ်ကြောင်း သံသယရှိရန် မလိုပေ။ ထို့ပြင် ဤနေရာမှာ စုဝေးရှိနေကြသော လူများက အနယ်ပယ်အရပ်ရပ်မှ လက်ရွေးစင်ကျင့်ကြံသူများ ဖြစ်ကြသည်။ အကယ်၍ သူတို့က ချင်မိသားစုထဲသို့ ဝင်ရောက်သွားကြမည်ဆိုလျှင် ချင်မိသားစု၏ အလုံးစုံအင်အားက ယခင်ထက် အများကြီး ပိုတိုးတတ်သွားလိမ့်မည်။
ချင်မိသားစု၏ ဤလှုပ်ရှားမှုက အလွန်ပြောင်မြောက်သည်။
ချိုင့်ဝှမ်းထဲတွင် ကျင့်ကြံသူအများအပြားက အမူအရာပြောင်းလဲသွားကြသည်။ ရှင်းလင်းစွာပင် သူတို့က ချင်မိသားစု၏ ရည်ရွယ်ချက်နှင့် သူတို့၏ အကြံအစည်ကို နားလည်သဘောပေါက်သွားကြသည်။
ရွှဲယင်ရီ၏ အမူအရာက ဆက်တိုက် ပြောင်းလဲသွားသည်။ သူက စိတ်ထဲမှာ တွေးတောလိုက်သည်။
“ ကောင်းလိုက်တဲ့ လှုပ်ရှားမှုပဲ ချင်ရွှမ်း… ခင်ဗျားက သတိုးသားလောင်းရွေးချယ်ပွဲကို အကြောင်းပြပြီး ချင်မိသားစုရဲ့ အလုံးစုံအင်အားကို တိုးမြှင့်ဖို့ စဉ်းစားနိုင်ခဲ့တယ်… သူတို့က တကယ့် မြေခွေးအိုကြီးတွေပဲ… ဒါပေမဲ့ ကိစ္စမရှိပါဘူး… ခင်ဗျားရဲ့ သမီးကို ကျုပ်လက်ထပ်နိုင်တဲ့အခါ ချင်မိသားစုက အနှေးနဲ့အမြန် ကျုပ်အပိုင်ဖြစ်လာလိမ့်မယ် ”
“ အံ့ဩစရာပဲ ”
အတိတ်ဘဝမှ အတွေ့အကြုံများကို ပိုင်ဆိုင်ထားသော သီရှီထျန်သည်ပင် ချင်မိသားစု၏ လုပ်ဆောင်မှုကို မချီးကျူးဘဲ မနေနိုင်ပေ။ ယင်းက အမှန်တကယ် အံ့ဖွယ်ကောင်းသည်။ ယင်းက မည်သည့်စတေးမှုမှမရှိဘဲ အကျိုးအမြတ်ရယူခြင်း ဖြစ်သည်။
အံ့ဩစရာပဲ… တကယ် အံ့ဩစရာပဲ…
လေလွင့်ကျင့်ကြံသူများမဟုတ်သော ကျင့်ကြံခြင်းမိသားစုဝင်များနှင့် ဂိုဏ်းတပည့်များက ချင်မိသားစု၏ အကြံအစည်ကို နားလည်သဘောပေါက်သွားသောအခါ သူတို့၏ စိတ်ထဲ၌ အတွေးအမျိုးမျိုး ဝင်လာကြသည်။
အခန်း(၁၈၉)
ချင်ရွှမ်းသည် တခြားလူများ၏ အတွေးများကို ဂရုစိုက်မနေဘဲ ဆက်ပြောသည်။
" ချင်မိသားစုရဲ့ အတွင်းပိုင်းနယ်မြေထဲမှာ ကျုပ်တို့ချင်မိသားစုရဲ့ တည်ထောင်သူဘိုးဘေးရဲ့ သက်စောင့်ဓမ္မရတနာဖြစ်တဲ့ မြစိမ်းကုချင်း ရှိပါတယ်… ဒီတစ်ကြိမ် စမ်းသပ်မှုက မြစိမ်းကုချင်းပေါ်မှာ မူတည်ပါတယ်… ကုချင်းဘုံထဲ ဝင်ရောက်ပြီး မြစိမ်းကုချင်းကို အပြင်ကို ပြန်ယူဆောင်ပေးနိုင်တဲ့လူက ကျုပ်သမီး ကိုတိုမီရဲ့ တာအိုလက်တွဲဖော် ဖြစ်လာပါလိမ့်မယ် ”
“ တကယ်လို့ ဘယ်သူမှ မြစိမ်းကုချင်းကို ရှာမတွေ့ဘူးဆိုရင် ကျုပ်သမီးရဲ့ တာအိုလက်တွဲဖော်က ဒီတစ်ကြိမ်မှာ မပေါ်လာသေးဘူးလို့ သတ်မှတ်ပါမယ်… သတိုးသားလောင်းရှာဖွေပွဲလည်းပဲ ဖျက်သိမ်းခံရပါမယ် ”
မည်သူမှ သတိမထားမိသည်မှာ ထိုစကားများကို သူပြောလိုက်စဉ် ချင်ရွှမ်း၏ မျက်လုံးအနက်ပိုင်းထဲ၌ အပြစ်ရှိသော စိတ်ခံစားမှုအရိပ်အယောင် ထွက်ပေါ်လာသည်။ သူက အလွန် တုံ့ဆိုင်းနေသည်။
“ အဖေ… သမီး စကားနည်းနည်း ပြောချင်တယ် ”
ထိုအခိုက်အတန့်မှာ မျက်နှာကို ဇာပဝါဖြင့် ဖုံးကွယ်ထားသော မိန်းမလှလေးက ချင်ရွှမ်းကို ပြောသည်။
ချင်ရွှမ်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သို့သော်လည်း သူက ခေါင်းညိတ်လိုက်ဆဲပင်။ သူက အနောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ပြီး မိန်းမလှလေးကို သူ့အရှေ့သို့ ထွက်လာစေသည်။
ကိုတိုမီ အရှေ့ထွက်လာကြောင်း ချိုင့်ဝှမ်းထဲမှ ကျင့်ကြံသူများ မြင်သွားသောအခါ ချိုင့်ဝှမ်းက ရုတ်တရက် တိတ်ဆိတ်သွားသည်။
ရွှဲယင်ရီက ကိုတိုမီကို မြင်သွားသောအခါ ထူးဆန်းသော အလင်းရောင်က သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ အလွန်ပြင်းပြသော လိုအင်ဆန္ဒက သူ့နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ သူက စိတ်ထဲမှာ တွေးတောလိုက်သည်။
“ အဲ့ဒီမိန်းမလှလေးက ကုချင်းနတ်သမီးဖြစ်ရမယ်… ငါကြားထားတဲ့ သတင်းက မမှားဘူး… သူ့ခန္ဓာကိုယ်က အရမ်းအားကောင်းတဲ့ ယင်စွမ်းအားကို ထုတ်လွှတ်နေတယ်… သူ့မှာ ဒဏ္ဍာရီလာ နဝမယင်နတ်ဘုရားမရီဒျန် ရှိရမယ်… နဝမယင်နတ်ဘုရားမရီဒျန်နဲ့ မွေးဖွားလာတဲ့ မိန်းကလေးတွေက အကောင်းဆုံး လူသားဆေးမီးဖိုတွေ ဖြစ်ကြတယ်… တကယ်လို့ ငါသာ သူ့ရဲ့ အပျိုစင်ခန္ဓာကိုယ်ကို သိမ်းပိုက်နိုင်မယ်ဆိုရင် ငါ့ရဲ့ ‘ သွေးတိမ်အမှောင်ကျင့်စဉ် ’က အမြန်ဆုံး အဆင့်တတ်သွားလိမ့်မယ်… အဲ့ဒါက ပြီးပြည့်စုံတဲ့ အဆင့်ထိ ရောက်သွားနိုင်တယ်… သူက သေချာပေါက် ငါ့အပိုင်ဖြစ်ရမယ် ”
ကိုတိုမီကို မြင်သွားသောအခါ ချိုင့်ဝှမ်းထဲမှ ကျင့်ကြံသူအများအပြားက မျက်လုံးဝင်းလက်သွားကြသည်။ ကိုတိုမီကို ကြည့်နေစဉ် သူတို့၏ မျက်လုံးများက မီးဟုန်းဟုန်းတောက်လာဟန် ရ၏။
“ ကျွန်မက ကိုတိုမီပါ… ဒီတစ်ခေါက် ကုချင်းဘုံထဲက စမ်းသပ်မှုက အရမ်းအန္တရာယ်များပါတယ်… ရှင်တို့ရဲ့ ကျင့်ကြံခြင်းက အခြေတည်နယ်ပယ်ကို မရောက်သေးဘူးဆိုရင် ကုချင်းဘုံထဲ မဆင်မခြင် မဝင်ရောက်ဖို့ ကျွန်မ အကြံပေးချင်ပါတယ်… မြစိမ်းကုချင်းက ကျွန်မတို့ ချင်မိသားစုရဲ့ တန်ဖိုးအကြီးမားဆုံး ရတနာပါ… ကံမကောင်းစွာဘဲ မြစိမ်းကုချင်းက ကုချင်းဘုံထဲမှာ ပျောက်ဆုံးသွားခဲ့ပါတယ်… ကျွန်မက ငယ်ငယ်လေးကတည်းက ကုချင်းတွေကို သဘောကျနှစ်သက်ခဲ့ပါတယ်… ဒါပေမဲ့ ဒီနေ့အထိ ချင်မိသားစုရဲ့ အမြင့်မြတ်ဆုံး ရတနာဖြစ်တဲ့ မြစိမ်းကုချင်းကို ကျွန်မရဲ့ မျက်စိနဲ့ မမြင်နိုင်သေးတာ စိတ်မကောင်းဖြစ်ရပါတယ် ”
“ ဒါကြောင့် ကျွန်မ ကျိန်ဆိုခဲ့ပါတယ်… မြစိမ်းကုချင်းကို ကုချင်းဘုံထဲကနေ ပြန်ယူလာပေးနိုင်တဲ့ ဘယ်သူ့ကိုမဆို ကျွန်မရဲ့ ဘဝလက်တွဲဖော်အဖြစ် သတ်မှတ်ပါမယ် ”
ကိုတိုမီက ဖြည်းဖြည်းချင်း စကားပြောသည်။ သူ၏ အသံက ချိုင့်ဝှမ်းထဲမှာ သဘာဝအသံပမာ ပဲ့တင်ထပ်သွားသည်။ ယင်းက ချိုင့်ဝှမ်းထဲမှ ကျင့်ကြံသူများကို အံ့ဖွယ်ကောင်းသော စိတ်ခံစားမှု ဖြစ်ပေါ်စေသည်။
ကျင့်ကြံသူအများအပြားက စိတ်လှုပ်ရှားသွားကြပြီး အော်ပြောလိုက်ကြသည်။
“ ကုချင်းနတ်သမီး… ဘာမှစိတ်မပူပါနဲ့… ဒီတစ်ခေါက် ကျုပ်တို့ဘက်မှာ လူအများကြီး ရှိပါတယ်… မြစိမ်းကုချင်းကို ကျုပ်တို့ ရှာမတွေ့နိုင်ဘူးလို့ မယုံဘူး ”
“ ဟုတ်တယ်… တကယ်လို့ ကျုပ်တို့ရဲ့ အသက်ကို စတေးရမယ်ဆိုရင်တောင် မြစိမ်းကုချင်းကို မတွေ့တွေ့အောင် ရှာဖွေပြီး ကုချင်းနတ်သမီးရဲ့ လက်ထဲ ထည့်ပေးပါမယ် ”
ဤအခိုက်အတန့်မှာ လူအုပ်ကြီးက စိတ်လှုပ်ရှားသွားကြသည်။
“ ကောင်းပါပြီ… အချိန်ကန့်သတ်ချက်က တစ်လပါ… တစ်လကြာပြီးလို့ မြစိမ်းကုချင်းကို ရှာမတွေ့သေးဘူးဆိုရင် ရှင်တို့တွေ ကုချင်းဘုံကနေ ထွက်သွားရလိမ့်မယ် ”
ကိုတိုမီက လက်မြှောက်လိုက်ပြီး ပြောသည်။
“ အကြီးအကဲသီနှင့် အကြီးအကဲရှောင်က ရှင်တို့ကို ကုချင်းဘုံဆီ ခေါ်ဆောင်သွားပေးပါလိမ့်မယ် ”
သူ့စကားဆုံးသွားသည်နှင့် ခရမ်းရောင်ဝါးပုလွေနှင့် ကျောက်စိမ်းပုလွေကို ကိုင်ထားသော အမျိုးသားနှစ်ယောက်က တစ်ပြိုင်နက် အရှေ့ထွက်လာကြသည်။ သူတို့က ချိုင့်ဝှမ်းထဲမှ ကျင့်ကြံသူများကို ကြည့်လိုက်ပြီး ပြောသည်။
“ အားလုံးပဲ… တောင်အနောက်ဆီ သွားဖို့ ကျုပ်တို့နောက်ကနေ လိုက်ခဲ့ကြပါ ”
ထိုသို့ပြောပြီးနောက် သူတို့နှစ်ယောက်က လေထဲသို့ ပျံတတ်သွားကြပြီး တောင်အနောက်ဆီသို့ အရှေ့မှ ဦးဆောင်သွားကြသည်။
ချိုင့်ဝှမ်းထဲမှ ကျင့်ကြံသူများက စိတ်လှုပ်ရှားသွားကြပြီး တစ်ယောက်ပြီးတစ်ယောက် အနောက်မှ လိုက်သွားကြသည်။ အရှေ့သို့ ရွေ့လျားသွားနေစဉ် အတွေးများစွာက သူတို့၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။
“ စိတ်ဝင်စားစရာပဲ… ကုချင်းဘုံက ဘယ်လိုမျိုးထူးဆန်းတာလဲ ငါမြင်ချင်တယ်… ပြီးတော့ အပြင်ပိုင်းနယ်မြေနဲ့ အတွင်းပိုင်းနယ်မြေက ဘယ်လိုကွာခြားတာလဲ ”
သီရှီထျန်က လေဟုန်စီးမန္တန်ကို အသုံးမပြုပေ။ သို့မဟုတ်လျှင် သူ၏ သရုပ်က ချက်ချင်း ထုတ်ဖော်ခံရလိမ့်မည်။ ထို့ကြောင့် သူက နတ်ဘုရားခရီးသွားမှော်အဆောင်ကို သူ၏ ခန္ဓာကိုယ်ပေါ်မှာ ကပ်လိုက်ပြီး ကျင့်ကြံသူအုပ်စုနောက်မှ လိုက်သွားသည်။
သူက အမြန်ရွေ့လျားနေရင်း စိတ်ထဲမှာ တွေးတောလိုက်သည်။ ချင်ရွှမ်းနှင့် တခြားလူများက ကုချင်းဘုံအကြောင်း အပေါ်ယံသာ ပြောပြခဲ့ကြောင်း သူနားလည်သည်။ ယင်းတို့က ကုချင်းဘုံ၏ အခြေခံအကျဆုံး အချက်များသာဖြစ်သည်။ ချင်ရွှမ်းက သူတို့ကို ကုချင်းဘုံအကြောင်း သေသေချာချာ မပြောပြခဲ့ပေ။ သို့သော်လည်း ယင်းက ထူးဆန်းသောကိစ္စ မဟုတ်ပေ။ ကုချင်းဘုံသည် ချင်မိသားစု၏ တားမြစ်နယ်မြေ ဖြစ်သည်။ အကယ်၍ သူသာ ကုချင်းဘုံအကြောင်း ပြည့်ပြည့်စုံစုံ ပြောပြမည်ဆိုလျှင် ချင်မိသားစု၏ လျှို့ဝှက်ချက်က ထုတ်ဖော်ခံရလိမ့်မည် မဟုတ်ပါလော။
သို့ဖြစ်၍ ချင်ရွှမ်းသည် ကုချင်းဘုံ၏ အပြင်ပိုင်းနယ်မြေနှင့် အတွင်းပိုင်းနယ်မြေထဲမှာ မည်သည့်အရာများ တည်ရှိကြောင်း မပြောပြခဲ့ပေ။ ရှင်းလင်းစွာပင် သူက အပြင်လူများအား အသိမပေးနိုင်သော ကိစ္စတချို့ကို ဖုံးကွယ်ထားသည်။
“ အပြင်ပိုင်းနယ်မြေက ချင်မိသားစုရဲ့ တပည့်ဖြစ်လာဖို့ စမ်းသပ်တဲ့နေရာ ဖြစ်တယ်… ဒီတော့ အဲ့ဒါက အရမ်းမခက်ခဲလောက်ဘူး… ဒါပေမဲ့ အပြင်ပိုင်းနယ်မြေက ငါအဆင့်ချိုးဖြတ်ပြီး ပထမဆုံး မိစ္ဆာသွေးကြောကို ဖွဲ့စည်းဖို့ မသင့်တော်ဘူး… မဟုတ်ရင် ငါ့ရဲ့ မိစ္ဆာအရှိန်အဝါက ပျံ့နှံ့သွားနိုင်တယ်… ဒီတော့ မိစ္ဆာသွေးကြောကို ဘအန္တရာယ်မှမရှိဘဲ ဖွဲ့စည်းချင်တယ်ဆိုရင် အတွင်းပိုင်းနယ်မြေဆီ သေချာပေါက် ငါဝင်ရောက်ရလိမ့်မယ် ”
သီရှီထျန်၏ မျက်လုံးထဲမှာ အသိဉာဏ်ရှိသောအလင်းရောင် ထွက်ပေါ်လာသည်။ မှန်ပေသည်။ သူက ကုချင်းဘုံအကြောင်းကို ပိုပြီးစိတ်ဝင်စားသည်။
ကုချင်းဘုံသည် ချင်မိသားစု၏ တားမြစ်နယ်မြေ ဖြစ်သည်။ သို့မဟုတ် ယင်းက ဘိုးဘေးများ တံခါးပိတ်ကျင့်ကြံသောနေရာ ဖြစ်နိုင်၏။ တည်ထောင်သူဘိုးဘေး၏ တန်ဖိုးအကြီးမားဆုံး ရတနာဖြစ်သော မြစိမ်းကုချင်းသည်ပင် ထိုနေရာမှာ ပျောက်ဆုံးသွားခဲ့သည်။ သို့ဖြစ်လေရာ ထိုနေရာမှာ မြစိမ်းကုချင်းအပြင် တခြားရတနာများ သေချာပေါက် ရှိလိမ့်မည်။
ထို့ပြင် ချင်ရွှမ်းက ကုချင်းဘုံထဲမှာ အန္တရာယ်များအပြင် အခွင့်အလမ်းများလည်းရှိသည်ဟု ပြောခဲ့သည်။ သီရှီထျန်က ထိုစကားကို သူ၏ စိတ်ထဲမှာ သေချာမှတ်သားထားသည်။
ကျင့်ကြံသူအားလုံးနီးပါးသည် ချင်မိသားစု၏ အကြီးအကဲနှစ်ယောက်အနောက်မှ အမြန်လိုက်သွားကြသည်။ ဆယ့်ငါးမိနစ်ကြာပြီးနောက် အရေအတွက်ထောင်ကျော်သော ကျင့်ကြံသူများက ထူးဆန်းသော နေရာတစ်ခု၏ အရှေ့မှာ ရုတ်တရက် ရပ်လိုက်ကြသည်။
“ ကြည့်စမ်း… အဲ့ဒါက ကုချင်းဘုံလား… ဘာလို့ မြူခိုးက ဖုံးကွယ်နေတာလဲ… အထဲမှာ ဘာတွေရှိလဲ ငါဘာမှမမြင်နိုင်ဘူး ”
“ ဒီနေရာက အရမ်းကျယ်ပြောတာပဲ… ဒီနေရာကို အရင်က ငါဘာလို့ သတိမထားမိခဲ့တာလဲ… ထူးဆန်းလိုက်တာ ”
“ အားလုံးပဲ… ဟိုးအရှေ့ကို ကြည့်လိုက်… အဲ့ဒီမှာ ကျောက်ပြားတစ်ချပ် ရှိတယ် ”
အကြီးအကဲသီနှင့် အကြီးအကဲရှောင်က ရပ်လိုက်သည့်အခါ ကျင့်ကြံသူများသည် သူတို့သွားရမည့် နေရာသို့ ရောက်သွားပြီဖြစ်ကြောင်း သိလိုက်ကြသည်။ သူတို့က ဘေးဘီကို စစ်ဆေးကြည့်လိုက်လေရာ အံ့ဩသော အမူအရာက သူတို့၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
သီရှီထျန်သည်လည်း ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။ သူက မျက်မှောင်မကြုတ်ဘဲ မနေနိုင်ပေ။ သူ့အရှေ့မှ လျှို့ဝှက်ဆန်းကြယ်သော ဧရိယာကို အဖြူရောင်မြူခိုးက ဖုံးလွှမ်းထားသည်။ ထိုဧရိယာက မည်မျှကျယ်ပြောကြောင်း သူမသိပေ။ သို့သော်လည်း အထဲတွင် မြူခိုးက အဆုံးမဲ့စွာ တအိအိရွေ့လျားနေသည်။
ထို့ပြင် ရံဖန်ရံခါ တေးသံတချို့ ထွက်ပေါ်လာသည်။ ယင်းတို့က ပုလွေသံများ၊ ကုချင်းသံများနှင့် တခြားတူရိယာအသံများ ဖြစ်ကြသည်။
တူရိယာအသံများက အချင်းချင်း ပေါင်းစပ်သွားနေလေရာ လျှို့ဝှက်ဆန်းကြယ်သော စိတ်ခံစားမှုကို ဖြစ်ပေါ်စေသည်။
နောက်ဆုံးမှာတော့ သူက မြူခိုးထု၏ အရှေ့မှ ကျောက်ပြားကို ကြည့်လိုက်သည်။
“ ကုချင်းဘုံ ”
ပြိုင်စံရှားအောင် ချောမောလှပသော မိန်းမလှတစ်ဦးက တိမ်တိုက်များပေါ်မှာ ထိုင်နေသည်။ သူ၏ ပေါင်ပေါ်မှာ ရှေးဟောင်းကုချင်းတစ်ခု ရှိသည်။ ယင်းက ကြိုးခုနစ်ချောင်းတပ်ကုချင်း ဖြစ်သည်။ သူ၏ သေးသွယ်သော လက်ချောင်းလေးများက ကုချင်းကြိုးများပေါ်မှာ အဆက်မပြတ် ရွေ့လျားနေသည်။ သူ၏ လှုပ်ရှားမှုတိုင်းက လွင့်မျောနေသော တိမ် သို့မဟုတ် စီးဆင်းနေသော ရေကဲ့သို့ သိမ်မွေ့နူးညံ့သည်။ ကောင်းကင်ဘုံတေးသံသဖွယ် သာယာနာပျော်ဖွယ်ကောင်းသော ကုချင်းအသံက လောကတစ်ခွင် ပဲ့တင်ထပ်သွားသည်။
ထိုကုချင်းအသံကို ကြားလိုက်ရသူတိုင်းက ကုချင်းအသံထဲမှာ အလိုအလျောက် ဈာန်ဝင်စားသွားကြသည်။ သူတို့၏ စိတ်ဝိညာဉ်က ကုချင်းအသံ၏ ဂီတအနုပညာထဲမှာ နစ်မွန်းသွားကြသည်။
ယင်းက မြင့်မားမတ်စောက်သော တောင်တန်းသဖွယ် သို့မဟုတ် တသွင်သွင် စီးဆင်းနေသော မြစ်ရေသဖွယ် ချောမွေ့ပြေပြစ်သည်။ ဤသည်မှာ တစ်စုံတစ်ယောက်က မြစ်ရေစီးကြောင်းနှင့်အတူ လိုက်ပါရွေ့လျားနေသည့်အလားပင်။ တောင်တန်းများနှင့် မြစ်ချောင်းများ၏ သဘာဝတရားက သူတို့၏ နှလုံးသားထဲမှာ အလိုအလျောက် ဖြစ်ပေါ်လာသည်။
ထိုခံစားမှုက အမှန်တကယ် စစ်မှန်သည်။
ကုချင်းအသံသည် နိမ့်တစ်ခါ မြင့်တစ်လှည့် ထွက်ပေါ်နေသည်။ ယင်းက တုနှိုင်းမဲ့သော ဂီတအသံ ဖြစ်သည်။ ထိုစဉ် ကုချင်းအသံက တဖြည်းဖြည်း အရှိန်မြင့်လာသည့်အခါ ထူးဆန်းသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။
“ တင်း… တုန်… တင်း… ”
စက်ကရာသည် ကုချင်းအသံမှတဆင့် မြင့်မားမတ်စောက်သော တောင်တန်းများနှင့် စီးဆင်းနေသော မြစ်ရေကို စိတ်ကူးကြည့်နိုင်သွားသည်။ ဤသည်မှာ သူက တောင်တန်းများနှင့် မြစ်ချောင်းများရှိသော ကမ္ဘာငယ်တစ်ခု၏ အလယ်မှာ ရပ်နေသည့်အလားပင်။ သူက ကုချင်းအသံထဲမှာ ဈာန်ဝင်သွားနေစဉ် ရုတ်တရက် အပြောင်းအလဲတစ်ခု ထွက်ပေါ်လာသည်။ လှိုင်းတဝုန်းဝုန်းထနေသော မြစ်တစ်စင်းက သူ့အရှေ့မှ ဟင်းလင်းပြင်ထဲမှာ ဘွားခနဲ ထွက်ပေါ်လာသည်။
မြစ်က ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ပေးလိုက်ပြီး တသွင်သွင် စီးဆင်းနေသည်။ မြစ်က တည်ငြိမ်နေဟန် ထင်မှတ်ရသော်လည်း အမှန်မှာ ယင်းက အိပ်ပျော်နေသော ဧရာမသားရဲကြီးတစ်ကောင်နှင့် ဆင်တူသည်။
ထို့ပြင် ဧရာမတောင်ကြီးတစ်တောင်က ကြီးကျယ်မြင့်မြတ်သော ခမ်းနားထည်ဝါမှုနှင့်အတူ ဟင်းလင်းပြင်ထဲမှာ ရုတ်တရက် ထွက်ပေါ်လာသည်။ တောင့်တင်းသန်စွမ်းပြီး ကြီးမားလေးလံသော အရှိန်အဝါက အပြင်သို့ ပျံ့နှံ့သွားသည်။
“ အဲ့ဒါက… ”
စက်ကရာက အံ့ဩမှင်သက်သွားသည်။ ထိုတောင်နှင့် မြစ်က ကုချင်းအသံမှ ဆင့်ကဲပြောင်းလဲသွားသော အရာများဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သူအာရုံခံနိုင်သည်။ ကုချင်းအသံထဲမှာ အထွတ်အမြတ် ဂီတအနုပညာ ပါဝင်နေဟန် ရသည်။ ယင်းက တောင်နှင့် မြစ်ကို ဆင့်ခေါ်နိုင်စွမ်းရှိသည်။ ထိုသို့အစွမ်းက အမှန်တကယ် ကြောက်စရာကောင်းသည်။ ယင်းက ကမ္ဘာမြေတုန်ဟီးသွားစေမည့် လုပ်ဆောင်မှု ဖြစ်သည်။
ထို့ပြင် တောင်နှင့် မြစ်သည် ကုချင်းအသံပေါ် မူတည်၍ လိုက်လံရွေ့လျားနေသည်။ သံစဉ်တစ်ခုပြောင်းလဲသွားတိုင်း တောင်နှင့် မြစ်က အံ့ဖွယ်ကောင်းစွာ ပြောင်းလဲသွားသည်။ ဥပမာ ကုချင်းအသံ မြန်လာသည့်အခါ မြစ်ရေစီးဆင်းမှုက အရူးအမူး မြန်ဆန်လာသည်။ ဤသည်မှာ မြစ်ရေက ကောင်းကင်ပေါ်မှ ကျဆင်းလာပြီး လောကတစ်ခုလုံးကို ရေလွှမ်းသွားတော့မည့်အလားပင်။ ဧရာမတောင်ကြီးသည်လည်း ပြင်းထန်စွာ တုန်ခါနေလေရာ ယင်းက အချိန်မရွေး ပြိုကျသွားတော့မည့်အလားပင်။
“ တင်း… တုန်… တင်း… တုန် ”
ကုချင်းအသံက ရုတ်တရက် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ ထိုအခါ မြစ်သည် “ ဝုန်း ”ဟူသော မြည်သံနှင့်အတူ စက်ကရာ၏ အပေါ်သို့ ကျဆင်းလာသည်။ ဧရာမတောင်ကြီးသည်လည်း ပြင်းထန်စွာ တုန်လှုပ်သွားပြီး သူ၏ ခန္ဓာကိုယ်ပေါ်သို့ ဖိကျလာသည်။
“ အား ”
သီရှီထျန်က အလန့်တကြား အော်ဟစ်လိုက်သည်။ သူ၏ အသိစိတ်က ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်သွားသည့်အခါ သူက ကျောက်ပြားနှင့် ဝေးရာဆီသို့ အနောက်ဆုတ်သွားသည်။
ချွေးသီးချွေးပေါက်များက သူ၏ နဖူးပေါ်မှ စီးကျလာသည်။
သူက အမှန်တကယ် ကြောက်လန့်သွားသည်။ သူက ကျောက်ပြားကို နောက်တစ်ကြိမ် မကြည့်ဝံ့တော့ပေ။ သူက စိတ်ထဲမှာ တွေးတောလိုက်သည်။
“ ဘယ်လောက်ကြောက်စရာကောင်းလိုက်လဲ… ဘယ်သူက အဲ့ဒီကျောက်ပြားကို ချန်ထားခဲ့တာလဲ… ချင်မိသားစုရဲ့ တည်ထောင်သူဘိုးဘေးလား… ဒီလောက်အဆင့်မြင့်တဲ့ ဂီတအနုပညာကို ကျောက်ပြားထဲမှာ ချန်ထားနိုင်တယ်လား… ပြီးတော့ ဘာသတိပေးမှုမှမရှိဘဲ တစ်စုံတစ်ယောက်ရဲ့ အသိစိတ်ကို ကျောက်ပြားထဲ ဆွဲခေါ်သွားနိုင်တယ်… တကယ်လို့ အဲ့ဒီအမျိုးသမီးက အသက်ရှင်နေဦးမယ်ဆိုရင် သူ့ရဲ့ ကျင့်ကြံခြင်းက ဘယ်အဆင့်ထိရောက်နေမလဲ ငါသိချင်မိတယ်… သူက ကုချင်းအသံနဲ့ ရုပ်ဝတ္ထုတွေ၊ ဒြပ်ထည်ပစ္စည်းတွေကို ပုံဖော်နိုင်တယ်… ကုချင်းအသံထဲမှာ တောင်တန်းတွေနဲ့ မြစ်တွေ တည်ရှိနေတာကို ငါအာရုံခံမိတယ်… ဒါ့အပြင် သူက ကုချင်းရဲ့ စိတ်ဆန္ဒကို ဧရာမတောင်တစ်လုံးနဲ့ မြစ်တစ်စင်းအဖြစ် ပြောင်းလဲခဲ့တယ် ”
“ ဒါ… ဒါက အသံတိုက်ခိုက်မှုဆိုတာလား ”
အစောနက သူမြင်ခဲ့သော မယုံကြည်နိုင်ဖွယ်ကောင်းသည့် မြင်ကွင်းကို ပြန်စဉ်းစားလိုက်သည့်အခါ သီရှီထျန်၏ မျက်လုံးထဲမှ အံ့ဩထိတ်လန့်မှုက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ယင်းအစား ပြင်းထန်သော ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုက အစားထိုးထွက်ပေါ်လာသည်။
အစောနက သူမြင်ခဲ့သော မြင်ကွင်းက သူ့ကို အံ့ဩထိတ်လန့်စေခဲ့ရုံသာမက ပန်းတိုင်တစ်ခုကိုလည်း ရှာတွေ့စေခဲ့သည်။ ယင်းက သူ့အား လမ်းကြောင်းတစ်ခုကို ဖွင့်လှစ်ပေးလိုက်သည်။
“ ကုချင်းအသံက အဲ့ဒီအဆင့်ထိ ရောက်နိုင်တယ်ဆိုရင် တစ်နေ့ ငါလည်းပဲ အဲ့ဒီလို သေချာပေါက် လုပ်ဆောင်နိုင်ရမယ်… သာမန်သီချင်းတစ်ပုဒ်တောင် ဒီလောက်အစွမ်းထက်နေရင် ဒုစရိုက်ခုနစ်ပါးနတ်ဘုရားတေးသွားကို ငါတီးခတ်လိုက်တဲ့အခါ ကြောက်စရာကောင်းတဲ့ ဘယ်လိုအရာတွေ ဖြစ်ပေါ်လာလိမ့်မလဲ… ဒါဆိုရင် အနာဂတ်မှာ သားရဲတစ်သောင်းဂိုဏ်းကို ငါရင်ဆိုင်ဖို့ ပိုပြီးယုံကြည်ချက်ရှိလာလိမ့်မယ် ”