← Chapters

အခန်း (၁၉၀-၁၉၂)

Vol. 13 Ch. 190-192

အခန်း (၁၉၀-၁၉၂)

Vol. 13 Ch. 190-192

အခန်း(၁၉၀)

သီရှီထျန်က ပိုပြီးစဉ်းစားလေ သူ၏ ဆုံးဖြတ်ချက်က ပိုပြီးပြတ်သားလာလေ ဖြစ်သည်။ တစ်ချိန်တည်းမှာ သူ့အတွေးက ကျောက်ဆောင်ကြီးတစ်ခုပမာ မြဲမြံလာသည်။

ထိုစဉ် အကြီးအကဲသီနှင့် အကြီးအကဲရှောင်က ကျောက်ပြားအရှေ့မှာ ရပ်နေရင်း လက်ဝှေ့ယမ်းလိုက်ပြီး ပြောသည်။

“ အားလုံးပဲ… ဒီနေရာက ချင်မိသားစုရဲ့ တားမြစ်နယ်မြေဖြစ်တဲ့ ကုချင်းဘုံပါ… ကုချင်းဘုံထဲ ဝင်သွားတာနဲ့ စမ်းသပ်မှုက စတင်ပါလိမ့်မယ်… စမ်းသပ်မှုကို ဖြတ်ကျော်နိုင်တဲ့လူတွေက ရွေးချယ်စရာနှစ်ခု ရှိပါမယ်… ပထမတစ်ခုက ကျုပ်တို့ရဲ့ ချင်မိသားစုထဲ ဝင်ရောက်ဖို့ပါ… ဒုတိယတစ်ခုက အတွင်းပိုင်းနယ်မြေဆီ ဆက်ပြီးဝင်ရောက်ဖို့ပါ… တကယ်လို့ အတွင်းပိုင်းနယ်မြေဆီ ဝင်ရောက်မယ်ဆိုရင် ခင်ဗျားတို့ရဲ့ သေခြင်းရှင်ခြင်းက ကိုယ့်အပေါ်မှာပဲ မူတည်ပါလိမ့်မယ် ”

“ အားလုံးပဲ… ကျုပ်တို့နှစ်ယောက် အရင်သွားနှင့်ပါမယ်… ကျုပ်တို့တွေ ခင်ဗျားတို့ကို ထျန်းဂီတနန်းဆောင်မှာ စောင့်နေပါမယ် ”

ထိုသို့ပြောပြီးနောက် အကြီးအကဲသီနှင့် အကြီးအကဲရှောင်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ခပ်ရေးရေး ပြုံးလိုက်ကြသည်။ သူတို့က အင်္ကျီလက်ရှည်ကို ဝှေ့ယမ်းလိုက်ကြပြီး ကျောက်ပြားအနောက်မှ အဖြူရောင်မြူခိုးထဲသို့ လျှောက်သွားကြသည်။ ထူးဆန်းသည်မှာ သူတို့၏ ပုံရိပ်များက အဖြူရောင်မြူခိုးနှင့် တွေ့ဆုံသွားသည့်အခါ မြူခိုးက ပြင်းထန်စွာ လှုပ်ခတ်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူတို့နှစ်ယောက်ကို မြူခိုးက ဝါးမျိုသွားသည်။ သူတို့၏ ပုံရိပ်များကို နောက်ထပ် မမြင်နိုင်တော့ပေ။ သူတို့က တည်ငြိမ်အေးဆေးပြီး လွတ်လပ်သော ကိုယ်ဟန်အမူအရာဖြင့် အဝေးသို့ လျှောက်သွားကြသည်။

အရေအတွက်ထောင်ကျော်သော လူငယ်ကျင့်ကြံသူများသည် မြူခိုးထုအရှေ့တွင် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သီရှီထျန်သည်လည်း ဘေးဘီသို့ ဂရုတစိုက် စစ်ဆေးကြည့်လိုက်သည်။ အစောနက မြင်ကွင်းကို တွေ့ကြုံခဲ့သည့်လူက သူတစ်ယောက်တည်းဖြစ်ဟန် ရ၏။ တခြားလူများသည် ကျောက်ပြားကို မြင်သည့်တိုင် မည်သည့်တုံ့ပြန်မှုမှ မဖော်ပြကြချေ။ ထို့ကြောင့် သူက စိတ်ထဲမှာ အံ့ဩသွားသည်။

“ ရွှဲသ၊ ရွှဲအာ… အထဲဝင်ကြစို့ ”

ဝတ်စုံနီဝတ်ဆင်ထားသော လူငယ်က သူ့အရှေ့မှ မြူခိုးကို ဂရုတစိုက် စစ်ဆေးကြည့်လိုက်ပြီး သူ့အနောက်မှ သက်လတ်ပိုင်းအရွယ် ကျင့်ကြံသူနှစ်ယောက်ကို ပြောသည်။ သူက ကုချင်းဘုံထဲသို့ ဝင်ရောက်ရန် ပြင်ဆင်လိုက်သည်။ သို့သော်လည်း သူမဝင်ရောက်မီ ဘေးဘီကို လှည့်ကြည့်လိုက်သည်။ သူက မျက်လုံးဝင်းလက်သွားပြီးလျှင် တီးတိုးပြောသည်။

“ မင်းတို့နှစ်ယောက် ငါ့ကို စော်ကားသွားတဲ့ အဲ့ဒီကောင်ကို သေချာစောင့်ကြည့်ထားပါ… သူက ကုချင်းဘုံရဲ့ အပြင်ပိုင်းနယ်မြေထဲ ဝင်ရောက်မယ်ဆိုရင် ဘာပြဿနာမှ မရှိဘူး… ဒါပေမဲ့ အတွင်းပိုင်းနယ်မြေထဲ သူဝင်ရောက်တာနဲ့ သူ့ကို ချက်ချင်း ဖမ်းဆီးပါ… သွေးတိမ်ဂိုဏ်းက သခင်လေးကို ဆန့်ကျင်ရင် ဘယ်လိုအကျိုးဆက်တွေ ခံစားရမလဲ ဒင်းသိအောင် ငါလုပ်မယ် ”

သူ၏ အသံက အေးစက်နေပြီး သူ၏ မျက်လုံးထဲမှာ ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင် ဖြတ်ပြေးသွားသည်။

“ ဟုတ်ကဲ့ပါ… သခင်လေး ”

ယင်းကို ရွှဲသနှင့် ရွှဲအာ ကြားသောအခါ သတ်ဖြတ်ခြင်းအရှိန်အဝါက သူတို့၏ ခန္ဓာကိုယ်ထဲမှ အလိုအလျောက် ပေါ်လျှိုးလာသည်။ သူတို့က ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူများကို အမြန်စစ်ဆေးလိုက်သည်။ မကြာမီ သူတို့၏ အကြည့်က သီရှီထျန်အပေါ်သို့ ကျရောက်သွားသည်။ သူတို့က သီရှီထျန်ကို ထိုမျှမြန်ဆန်စွာ ရှာနိုင်ခဲ့ခြင်းမှာ သီရှီထျန်၏ တမူထူးခြားသော အရှိန်အဝါကြောင့် ဖြစ်သည်။ သူက လူအုပ်ကြားထဲမှာ တသီးတခြား ခွဲထွက်နေသည်။ သူထုတ်ဖော်ထားသော အေးစက်မှုနှင့် မောက်မာထောင်လွှားသော ဟန်အမူအရာကြောင့် မည်သူမှ သူ့အနားသို့ မချဉ်းကပ်ဝံ့ကြချေ။ သို့ဖြစ်၍ သူက ကြက်အုပ်စုထဲမှာ ရပ်နေသော ကြိုးကြာတစ်ကောင်နှင့် ဆင်တူသည်။ ထို့ကြောင့် ရွှဲသနှင့် ရွှဲအာက သူ့ကို အလွယ်တကူ ရှာတွေ့သွားသည်။

“ သတ်ဖြတ်ခြင်းအရှိန်အဝါလား ”

ရွှဲသနှင့် ရွှဲအာ၏ အကြည့်က သူ့အပေါ်သို့ ကျရောက်လာသည့်အခါ သီရှီထျန်က အန္တရာယ်အငွေ့အသက်ကို ရုတ်တရက် ခံစားမိသွားသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ အမွှေးအမျှင်များက ထောင်မတ်သွားသည်။ သူက ချက်ချင်း ခေါင်းလှည့်လိုက်ပြီး ရွှဲယင်ရီနှင့် တခြားနှစ်ယောက်ကို စိုက်ကြည့်လိုက်သည်။ သူက မျက်ခုံးပင့်တင်လိုက်သည်။ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။

“ ကြည့်ရတာ ရွှဲယင်ရီက ငါ့ကို ကုချင်းဘုံထဲမှာ သတ်ပစ်ဖို့ စီစဉ်ထားတဲ့ပုံပဲ… ဒါပေမဲ့ ဘယ်သူက ဘယ်သူ့ကို သတ်ပစ်မယ်ဆိုတာ မသေချာသေးပါဘူး ”

ရွှဲယင်ရီ၏ ကျင့်ကြံခြင်းက အခြေတည်နယ်ပယ်မှာ ဖြစ်သည်။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်မှ မကောင်းဆိုးဝါးအရှိန်အဝါ တစ်စွန်းတစ်စကို ထုတ်လွှတ်နေသည်။ ကြည့်ရသည်မှာ သူက အခြေတည်နယ်ပယ်သို့ တတ်လှမ်းရန် ဖြတ်လမ်းနည်းကို အသုံးပြုခဲ့ဟန် ရ၏။

ရွှဲသသည် အမြူတေဖွဲ့စည်းခြင်းနယ်ပယ်သို့ မကြာသေးခင်ကမှ တတ်လှမ်းခဲ့သူ ဖြစ်ပြီး ရွှဲအာသည် နှောင်းပိုင်းအဆင့် အခြေတည်နယ်ပယ်မှာ ဖြစ်သည်။ သူတို့သုံးယောက် အင်အားပူးပေါင်းလိုက်သည့်အခါ ဤနေရာမှာ ရှိနေကြသော ကျင့်ကြံသူတစ်ထောင်ကျော်ထဲတွင် အင်အားကြီးမားသော အုပ်စုတစ်စု ဖြစ်သွားသည်။

“ သွားကြမယ် ”

တစ်ခဏကြာ တုံ့ဆိုင်းနေပြီးနောက် ကျင့်ကြံသူအားလုံးက အဖြူရောင်မြူခိုးထုထဲသို့ စတင်ရွေ့လျားသွားကြသည်။ မြူခိုးထုအရှေ့သို့ ရောက်ရှိသွားသည့်အခါ အစောနက အကြီးအကဲနှစ်ယောက်ပေါ်တွင် ဖြစ်ပေါ်ခဲ့သော မြင်ကွင်းက ထပ်မံ ထွက်ပေါ်လာသည်။ အဖြူရောင်မြူခိုးက တအိအိလှုပ်ခတ်သွားပြီး ကျင့်ကြံသူများကို ဝါးမျိုလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူတို့အားလုံးက ပျောက်ကွယ်သွားကြသည်။

အသက်ရှူချိန်အနည်းငယ်အတွင်းမှာ ကျင့်ကြံသူထက်ဝက်ကျော်က အဖြူရောင်မြူခိုး၏ ဝါးမျိုခံလိုက်ရသည်။

သီရှီထျန်သည်လည်း တုံ့ဆိုင်းမနေပေ။ သူက အရှေ့သို့ တည်ငြိမ်စွာ လျှောက်သွားပြီး အဖြူရောင်မြူခိုးထံသို့ ချဉ်းကပ်သွားသည်။ သူ၏ ခန္ဓာကိုယ်က မြူခိုးထုနှင့် ထိတွေ့သွားသည့်အခါ သူ့အရှေ့မှ မြူခိုးက ရုတ်တရက် ကျယ်ပြန့်သွားပြီး သူ၏ တစ်ကိုယ်လုံးကို ချက်ချင်း ဖုံးလွှမ်းသွားသည်။ ထို့နောက် ထူးဆန်းသော စွမ်းအားတစ်ခုက သူ၏ ခန္ဓာကိုယ်ကို ချည်နှောင်သွားပြီး သူ့ကို အရှေ့သို့ ဆွဲခေါ်သွားနေကြောင်း သူခံစားမိသွားသည်။

သူ့အရှေ့မှ မြင်ကွင်းက ရုတ်တရက် ပြောင်းလဲသွားသည်။

ခရမ်းဝါးတောထဲ၌ ချင်ရွှမ်းနှင့် တခြားလူများသည် ကုချင်းဘုံထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်သွားနေကြသော ကျင့်ကြံသူတစ်ထောင်ကျော်ကို ကြည့်လိုက်ကြသည်။

ချင်ရွှမ်း၏ ဘေးမှာ ရပ်နေသော သက်လတ်ပိုင်းအမျိုးသမီးက ရုတ်တရက် ပြုံးလိုက်ပြီး ပြောသည်။

“ ယောင်္ကျား… အရေအတွက်ထောင်ချီတဲ့ အဲ့ဒီကျင့်ကြံသူတွေကို ကြည့်စမ်းပါဦး… သူတို့ထဲမှာ ဘယ်သူက ကျွန်မတို့သမီးနဲ့ ထိုက်တန်မယ်လို့ ရှင်ထင်လဲ… ရှင် ဒီရက်တွေမှာ ချိုင့်ဝှမ်းဆီ ခဏခဏ သွားနေတာ ကျွန်မသိသားပဲ… ရှင့်စိတ်ထဲမှာ အဖြေတစ်ခုခုရှိပြီးပြီလို့ ကျွန်မထင်တယ် ”

“ အမေ… သမီးရဲ့ မင်္ဂလာပွဲကို ကံကြမ္မာက ဆုံးဖြတ်ပေးလိမ့်မယ်လို့ သမီးပြောပြီးပြီပဲ… ဘာလို့ အဲ့ဒီအကြောင်း ထပ်ပြောနေတာလဲ ”

ကိုတိုမီ၏ မျက်နှာကို ဇာပဝါဖြင့် ဖုံးကွယ်ထားသော်လည်း သူ၏ ကြော့ရှင်းသော လည်တိုင်ပေါ်မှာ ပန်းနုရောင်အလွှာ ထွက်ပေါ်လာသည်။ ရှင်းလင်းစွာပင် သူက ရှက်ရွံ့နေသည်။

“ ဟား ဟား ”

ချင်ရွှမ်းက ရယ်မောလိုက်သည်။ သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး တည်ကြည်လေးနက်စွာ ပြောသည်။

" ကုချင်းဘုံထဲကနေ မြစိမ်းကုချင်းကို ပြန်ယူပေးလာနိုင်တဲ့ လူက ရှင်းအာအတွက် ကောင်းကင်ဘုံက ရွေးချယ်ပေးတဲ့ သတိုးသားလောင်း ဖြစ်လိမ့်မယ်… ဒါပေမဲ့ ဒီရက်တွေမှာ ငါက ချိုင့်ဝှမ်းထဲက လူငယ်ကျင့်ကြံသူတွေကို ဂရုတစိုက် စစ်ဆေးလေ့လာခဲ့တယ်… တကယ်လို့ တစ်စုံတစ်ယောက်က မြစိမ်းကုချင်းကို ကုချင်းဘုံထဲကနေ ပြန်ယူပေးလာနိုင်ရင် အဲ့ဒီလူက သူတို့ထဲက တစ်ယောက်ပဲ ဖြစ်ရမယ် ”

တစ်စုံတစ်ယောက်က မြစိမ်းကုချင်းကို ရှာဖွေနိုင်လျှင်ပင် အောင်မြင်သည်ဟု မဆိုနိုင်သေးပေ။ မြစိမ်းကုချင်းကို ကုချင်းဘုံထဲမှ ပြန်ယူပေးလာနိုင်မည့် လူကသာ စစ်မှန်သော အနိုင်ရသူ ဖြစ်သည်။ ထို့ကြောင့် ဤစမ်းသပ်မှုသည် ကံကောင်းခြင်းကိုသာ စမ်းသပ်ခြင်းမဟုတ်ပေ။ ယင်းက ခွန်အားကို စမ်းသပ်သော စစ်သပ်မှုလည်း ဖြစ်၏။ သို့မဟုတ်လျှင် တစ်စုံတစ်ယောက်က မြစိမ်းကုချင်းကို ရှာတွေ့သွားလျှင်ပင် လမ်းတစ်ဝက်၌ တခြားတစ်ယောက်၏ လုယက်ခံရနိုင်သည်။ တစ်စုံတစ်ယောက်မှာ လုံလောက်သော ခွန်အားမရှိလျှင် မြစိမ်းကုချင်းကို ကာကွယ်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ဤစမ်းသပ်မှုတွင် ကံကောင်းခြင်းထက် ခွန်အားက ပိုပြီးအရေးကြီးသည်။

“ ရှင်က ဘာလို့ ကျုပ်တို့ကို သိုဝှက်နေသေးတာလဲ… မြန်မြန် ပြောပြပါ… ဒီတစ်ကြိမ်မှာ ဘယ်လိုလက်ရွေးစင်ကျင့်ကြံသူတွေ ရောက်လာကြလဲ ကျွန်မလည်း သိချင်တယ် ”

သခင်မချင်က ချင်ရွှမ်းကို မျက်စောင်းထိုးလိုက်သည်။ သူ၏ မျက်နှာပေါ်မှာ စူးစမ်းသိလိုသော အမူအရာ ရှိသည်။

“ စုစုပေါင်း လူရည်ချွန်ငါးယောက် ရှိတယ်… တစ်ယောက်က သွေးတိမ်ဂိုဏ်းက သခင်လေး ရွှဲယင်ရီ… သူက အကြင်နာမဲ့ပြီး ရက်စက်ကြမ်းကြုတ်တယ်… သူ့ရဲ့ ကျင့်ကြံခြင်းအခြေခံက အခြေတည်နယ်ပယ်မှာဆိုပေမဲ့ သူက သွေးတိမ်ဂိုဏ်းရဲ့ အထွတ်အမြတ် ကျင့်စဉ်ဖြစ်တဲ့ ‘ သွေးတိမ်အမှောင်ကျင့်စဉ် ’ကို အသုံးပြုလိုက်မယ်ဆိုရင် အရမ်းသန်မာတယ်… သူက ဒီတစ်ခေါက် ရောက်လာကြတဲ့ ကျင့်ကြံသူတွေထဲမှာ အသန်မာဆုံးပဲ ”

“ ဒုတိယတစ်ယောက်က ရေလနန်းတော်ရဲ့ သခင်လေး ရွှေဝူဟန်… သူက သိမ်မွေ့နူးညံ့ပြီး လှပတဲ့ အရာတွေကို အထူးနှစ်သက်တယ်… အကျင့်စရိုက်အရဆိုရင် သူက ရှင်းအာနဲ့ အသင့်တော်ဆုံးပဲ ”

ချင်ရွှမ်းသည် ထိုသို့ဖြစ်လာမည်ကို အစောကြီးကတည်းက ကြိုသိနေဟန် ရ၏။ ယခု သူက ထိုအကြောင်းကို အလွတ်ကျက်မှတ်ထားသည့်အလား မရပ်မနား ပြောသည်။

" တတိယတစ်ယောက်က လေလွင့်ကျင့်ကြံသူတစ်ယောက်ပဲ… သူ့နာမည်က ဝူဝူဒီ… ထူးခြားတာက သူက မသေမျိုးကျင့်ကြံသူမဟုတ်ဘဲ သိုင်းပညာကျင့်ကြံသူတစ်ယောက် ဖြစ်တယ်… သူက ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်ထဲ ဝင်ရောက်ပြီးနေပြီ… သူ့ရဲ့ စွမ်းအားက အခြေတည်နယ်ပယ် ကျင့်ကြံသူတစ်ယောက်နဲ့ နှိုင်းယှဉ်နိုင်တယ်… သူက ကြွက်သားသန့်စင်ခြင်းနယ်ပယ်ကို ဝင်ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်… သူက အရမ်းသန်မာတယ် ”

ဝူဝူဒီအကြောင်း ချင်ရွှမ်းပြောသည့်အခါ ချီးကျူးလေးစားသော အကြည့်က သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

ခရမ်းရွှေကုန်းမြေတွင် မိစ္ဆာများနှင့် ကျင့်ကြံသူများက အလွန်နာမည်ကျော်ကြားကြသည်။ ကျင့်ကြံသူများတွင် မသေမျိုးကျင့်ကြံသူများနှင့် သိုင်းပညာကျင့်ကြံသူများဟူ၍ နှစ်မျိုးထပ်ရှိသည်။ မသေမျိုးကျင့်ကြံသူများသည် မူလဝိညာဉ်ကို ကျင့်ကြံကြပြီး ဓမ္မလက်နက်များကို ထိန်းချုပ်ကာ အံ့ဖွယ်ကောင်းသော မှော်စွမ်းရည်များကို ထုတ်ဖော်နိုင်ကြသည်။ အစွမ်းထက်သော မသေမျိုးကျင့်ကြံသူများသည် လက်တစ်ဖက်ကို မြှောက်ရုံဖြင့် တောင်တန်းများကို ဖြိုချပစ်နိုင်ပြီး ပင်လယ်များကို မှောက်လှန်ပစ်နိုင်ကြသည်။

သိုင်းပညာကျင့်ကြံသူများသည်တော့ သူတို့က ရုပ်ခန္ဓာကိုယ်နှင့် အသွေးအသားကို ထုဆစ်ပုံသွင်းရန် ကျင့်ကြံကြသည်။ ဒဏ္ဍာရီအရ သိုင်းပညာကျင့်ကြံသူများသည် ဟင်းလင်းပြင်ခွဲနယ်ပယ်သို့ ရောက်ရှိသွားသည့်အခါ လက်တစ်ဖက်ဖြင့် ဟင်းလင်းပြင်ကို ခွဲ၍ ကောင်းကင်ဘုံသို့ တတ်လှမ်းနိုင်ကြသည်။ သို့သော်လည်း လက်ရှိ ခရမ်းရွှေကုန်းမြေတွင် မသေမျိုးကျင့်ကြံသူများကိုသာ အများဆုံး မြင်တွေ့ရသည်။ မည်သို့ဖြစ်ပါစေ ဓားပျံကို ထိန်းချုပ်ပြီး ကောင်းကင်ဘုံပေါ်သို့ မပျံသန်းချင်သောလူ မည်သူရှိမည်နည်း။

သိုင်းပညာကျင့်ကြံခြင်းလမ်းစဉ်က ရုပ်ခန္ဓာကိုယ်ကိုသာ ကျင့်ကြံရသည်။ ထို့ပြင် သူတို့သည် အဆင့်တစ်ဆင့် တတ်လှမ်းနိုင်ရန် မသေမျိုးကျင့်ကြံသူများထက် အများကြီး ပိုမိုခက်ခဲကြမ်းတမ်းစွာ ရုန်းကန်ကြရသည်။ ရိုးရှင်းစွာဆိုရသော် သိုင်းပညာကျင့်ကြံသူများက ဒုက္ကရစရိယာလမ်းစဉ်ကို လျှောက်လှမ်းနေသူများ ဖြစ်ကြသည်။

“ စတုတ္ထလူက ဘယ်သူလဲ ”

သခင်မချင်က ပိုပြီးစိတ်ဝင်စားလာသည်။

သူတစ်ယောက်တည်း မဟုတ်ပေ။ အနီးနားမှ ချင်မိသားစုဝင်များသည်လည်း နားစွင့်လိုက်ကြသည်။ သူတို့က တစ်စုံတစ်ခု လွတ်သွားမည်ကို စိုးရိမ်နေကြသည်။

“ စတုတ္ထလူက အံ့ဖွယ်ဓားနှလုံးသားဂိုဏ်းရဲ့ လက်ရွေးစင်ကျင့်ကြံသူတစ်ယောက်… သူ့နာမည်က လုကျီလင်း… သူ့ရဲ့ ကျင့်ကြံခြင်းက ပထမသုံးယောက်ထက် နည်းနည်းမှ မနိမ့်ကျဘူး… ဒါပေမဲ့ အဲ့ဒီလူငယ်က အရမ်းသဘောထားသေးသိမ်တယ်… သူက ကိစ္စသေးသေးလေးကိုတောင် စိတ်ထဲမှာ မှတ်သားထားပြီး လက်စားပြန်ချေတတ်တယ်... သူက ယုံကြည်ထိုက်တဲ့လူ မဟုတ်ဘူး ”

ချင်ရွှမ်းက ခေါင်းယမ်းလိုက်ပြီး ပြောသည်။ ရှင်းလင်းစွာပင် သူက လုကျီလင်းကို သဘောမကျပေ။ သို့သော်လည်း သူက လုကျီလင်းအကြောင်း အများကြီး မပြောပေ။ သူက ဆက်ပြောသည်။

“ ပထမလေးယောက်နဲ့ပတ်သက်ပြီး ပြောရရင် ငါ့စိတ်ထဲမှာ အတွေးတစ်ခု ရှိတယ်… ဒါပေမဲ့ ပဉ္စမမြောက်လူကိုတော့ လက်တလောမှ ငါသတိထားမိခဲ့တာ… သူ့နာမည်က သီရှီထျန်… ငါက သူ့နာမည်ကလွဲလို့ တခြားဘာမှမသိဘူး… ဒါပေမဲ့ အဲ့ဒီလူငယ်က လုံးဝ သာမန်မဟုတ်ဘူးလို့ ငါ့စိတ်ထဲမှာ ခံစားနေမိတယ် ”

မကြာသေးခင်က သီရှီထျန်သည် ဆေးလုံးနည်းပညာတစ်ခုကို ဝယ်ယူရန် ဝိညာဉ်ကျောက်တုံးတစ်သောင်း တန်ဖိုးရှိသော မျောက်မင်းဝိုင်ကို သာမန်ကာလျှံကာ ထုတ်ပေးခဲ့ကြောင်း ချင်ရွှမ်း မြင်တွေ့ခဲ့သည်။ ထို့ကြောင့် သူက သီရှီထျန်ကို အထူးအာရုံစိုက်ခဲ့သည်။ သို့သော်လည်း သူ၏ ကျင့်ကြံခြင်းအဆင့်ဖြင့်ပင် တစ်ဖက်လူ၏ စွမ်းရည်ကို ထိုးဖောက်မမြင်နိုင်ခဲ့ပေ။ တစ်ဖက်လူ၏ ခန္ဓာကိုယ်ကို အလွန်ထူထဲသော မြူခိုးထုက ဖုံးကွယ်ထားကြောင်း သူခံစားမိသည်။

ချင်ရွှမ်းက သူ၏ အဆက်အသွယ်များကို အသုံးပြု၍ သီရှီထျန်၏ နောက်ကြောင်းကို စုံစမ်းကြည့်ခဲ့သည်။ သို့သော်လည်း မည်သည့်သဲလွန်စမှ သူရှာမတွေ့ပေ။

ဤသည်မှာ တစ်ဖက်လူက လေထဲမှာ ဘွားခနဲ ထွက်ပေါ်လာသည့်အလားပင်။ ယင်းက အလွန်လျှို့ဝှက်ဆန်းကြယ်သည်။

ကိုတိုမီသည် သူ့မိဘနှစ်ပါးက သူ့ဘဝလက်တွဲဖော်နှင့် သက်ဆိုင်နေသော ကိစ္စကို ဆွေးနွေးနေကြောင်း ကြားသောအခါ ရှက်သွားသည်။ သို့သော်လည်း သူက သူ့အဖေပြောသော စကားတိုင်းကို ဂရုတစိုက် နားထောင်နေသည်။ သူ့အဖေသည်ပင် ထိုးဖောက်မမြင်နိုင်သော ပုဂ္ဂိုလ်တစ်ယောက် ရှိနေကြောင်း သူကြားသွားသောအခါ စူးစမ်းလိုသောစိတ်က သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။

သူက ခေါင်းမော့လိုက်ပြီး ကုချင်းဘုံ၏ တည်နေရာဆီသို့ လှမ်းကြည့်လိုက်သည်။ သူက စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။

“ အဲ့ဒီပုဂ္ဂိုလ်က ဘယ်သူလဲ မသိဘူး… ဘာပဲဖြစ်ဖြစ် ပထမစမ်းသပ်မှုဖြစ်တဲ့ နှလုံးသားသန့်စင်သီချင်းကို သူတို့ဖြတ်ကျော်နိုင်မလား စောင့်ကြည့်ရဦးမယ် ”

အခန်း(၁၉၁)

အခြားတစ်ဖက်မှာတော့ စက်ကရာသည် လျှို့ဝှက်ဆန်းကြယ်သော အင်အား၏ ချုပ်နှောင်မှုမှ ရုန်းမထွက်နိုင်ပေ။ သူက အဖြူရောင်မြူခိုးထဲ၌ အရှေ့သို့ ဆွဲခေါ်ခံသွားနေရသည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူက အဖြူရောင်မြူခိုးထဲမှ ထွက်နိုင်သွားသည်။ သို့သော်လည်း သူ့အရှေ့မှ မြင်ကွင်းက သူ့အား အံ့ဩမှင်သက်စေသည်။

“ အမ်… အဲ့ဒါက… ”

သူက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ အရှေ့မှာ ခရမ်းဝါးတော ရှိသည်။ သို့သော်လည်း ထိုနေရာတွင် မည်သည့်ကျင့်ကြံသူမှ မရှိပေ။ သူတစ်ယောက်တည်း မတ်တတ်ရပ်နေသည်။ သိမ်မွေ့ညင်သာသော လေပြေက တဖြူးဖြူး တိုက်ခတ်နေလေရာ ဝါးရွက်များက လှုပ်ခတ်သွားကြသည်။ ဝါးရွက်များ အချင်းချင်း ပွတ်တိုက်သွားကြသည့်အခါ ထူးဆန်းသော အသံများ ထွက်ပေါ်လာသည်။ ယင်းက သူ့ကို စိတ်တည်ငြိမ်စေသည်။

“ တင်း… တုန်… တင်း… တုန်… ”

ဝါးရွက်များ ပွတ်တိုက်နေစဉ် ကုချင်းအသံက လေထဲမှာ ထွက်ပေါ်လာသည်။ ထိုကုချင်းအသံက ဝါးရွက်ပွတ်တိုက်သံနှင့် လိုက်ဖက်ညီစွာ ရောယှက်နေသည်။ ယင်းက သဘာဝအလျောက် ဖြစ်ပေါ်နေသော ဂီတအသံ ဖြစ်သည့်အလားပင်။ ယင်းကို သီရှီထျန် ကြားသောအခါ သူ၏ စိတ်နှလုံးက ချက်ချင်း အေးချမ်းသွားသည်။ တဖြည်းဖြည်း သူက ငိုက်မျဉ်းလာသည်။

ဤသည်မှာ သူက ဂီတအသံကို နားထောင်နေရင်း အိပ်ပျော်သွားတော့မည့်အလားပင်။

“ ဒီကုချင်းအသံက ထူးဆန်းလိုက်တာ ”

စက်ကရာသည် တစ်ခဏကြာ မိန်းမောနေပြီးနောက် ရုတ်တရက် သတိပြန်ဝင်သွားသည်။ ထိုကုချင်းအသံက သာမန်ကုချင်းအသံ မဟုတ်ကြောင်း ချက်ချင်း သူနားလည်သွားသည်။ ယင်းထဲမှာ လျှို့ဝှက်ဆန်းကြယ်သောစွမ်းအား ရှိသည်။ ထိုသို့သူနားလည်သွားသည့်အခါ သူ၏ မျက်လုံးက ထွန်းလင်းတောက်ပသွားသည်။

“ တင်း… တုန်… တင်း… တုန် ”

ကုချင်းအသံက သူ၏ နားနှင့် စိတ်ထဲသို့ အဆက်မပြတ် ဝင်ရောက်လာသည်။ ထိုကုချင်းအသံက ထူးခြားဆန်းကြယ်ကြောင်း သီရှီထျန် နားလည်သော်လည်း ယင်းကို သူမရပ်တန့်နိုင်ပေ။ ကုချင်းအသံက သိမ်မွေ့သော လေပြေပမာ သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်။ သူက အာရုံခြောက်ပါးစလုံးကို ပိတ်ဆို့ထားလျှင်ပင် ယင်းကို မတားဆီးနိုင်ပေ။

ကုချင်းအသံက သူ၏ နားထဲသို့ ဝင်ရောက်မလာပေ။ ယင်းအစား ကုချင်းအသံက သူ၏ စိတ်ထဲသို့ တိုက်ရိုက် ပဲ့တင်ထပ်သွားသည်။

“ ကုချင်းဘုံ… ကုချင်းအသံ… အဲ့ဒါကို ငါမတားဆီးနိုင်မှတော့ အဲ့ဒီကုချင်းအသံ ဘာလုပ်ချင်နေတာလဲ ငါကြည့်ရမယ် ”

သီရှီထျန်က မျက်ခုံးပင့်တင်လိုက်သည်။ ချင်မိသားစုခေါင်းဆောင် ချင်ရွှမ်းသည် ကုချင်းဘုံအကြောင်း အနည်းအကျဉ်း ပြောပြခဲ့သည်။ ကုချင်းဘုံကို အတွင်းပိုင်းနယ်မြေနှင့် အပြင်ပိုင်းနယ်မြေဟူ၍ ခွဲခြားထားကြောင်း သူသိသည်။ အပြင်ပိုင်းနယ်မြေသည် ချင်မိသားစု တပည့်ခေါ်ယူစုဆောင်းရန် စမ်းသပ်မှုပြုလုပ်သောနေရာ ဖြစ်သည်။ အကယ်၍ သူက စမ်းသပ်မှုကို မဖြတ်ကျော်နိုင်လျှင်ပင် မည်သည့်အန္တရာယ်မှ မရှိနိုင်ပေ။ ချင်မိသားစုက ထိုကိစ္စကို လိမ်ညာလိမ့်မည်ဟု သူမယုံပေ။

ထို့ကြောင့် သီရှီထျန်က ကုချင်းအသံကို မတားဆီးပေ။ သူက ဘေးဘီကို လှည့်ပတ်ကြည့်လိုက်သည်။ ဤနေရာမှာ သူမှလွဲ၍ တခြားမည်သူမှမရှိကြောင်း မြင်သောအခါ သူက ခရမ်းဝါးတော၏ အလယ်မှာ တင်ပျဉ်ခွေထိုင်လိုက်သည်။

သူက ကုချင်းအသံကို စိတ်ဝင်တစား နားထောင်လိုက်သည်။

ကုချင်းအသံကို သူအာရုံစိုက်လိုက်သည့်အခါ မရေမတွက်နိုင်သော ပုံရိပ်များက သူ၏ စိတ်ထဲမှာ ရုတ်တရက် ထွက်ပေါ်လာကြသည်။ သူ၏ အသိစိတ်က ရုတ်တရက် ဗလာနတ္ထိဟင်းလင်းပြင် ဖြစ်သွားသည်။ မရေမတွက်နိုင်သော မှတ်ဉာဏ်များက သူ့နှလုံးသား၏ အနက်ပိုင်းထဲမှ အဆက်မပြတ် ပေါ်လျှိုးလာနေသည်။

သူ၏ အသိစိတ်က ထူးဆန်းသော နယ်မြေတစ်ခုထဲမှာ ထွက်ပေါ်လာသည်။ သူက ထိုနေရာမှာ ရင်းနှီးကျွမ်းဝင်သော မြင်ကွင်းတစ်ခုကို မြင်တွေ့သွားသည်။ ထိုနေရာမှာ အရှိန်ပြင်းပြင်း မောင်းနှင်နေသော ကားများ၊ လင်းထိန်နေသော ရောင်စုံမီးအလင်းရောင်များနှင့် ရှည်လျားသော အဆောက်အဦးကြီးများ ဖြစ်ကြသည်။

မှန်ပေသည်။ ယင်းက သူ၏ အတိတ်ဘဝ ဖြစ်သည်။ သူမွေးဖွားလာပြီးနောက် သူ့အမေက ရောဂါကြောင့် တဖြည်းဖြည်း အားနည်းလာပြီး နောက်ဆုံးမှာ ဆုံးပါးသွားခဲ့သည်။ သီမိသားစုထဲတွင် လူတိုင်းက သူ့ကို ချင်ခင်ကြသည်။ အသက်ဆယ်လေးနှစ်မှာ သူက အိမ်မှ တစ်ယောက်တည်း ထွက်သွားပြီး သူ့ခြေထောက်ပေါ်သူ ရပ်ခဲ့သည်။ မကြာမီ သူက စီးပွားရေးလောကတွင် နာမည်တစ်ခုရလာခဲ့သည်။ သူက ကိုယ်ပိုင်စီးပွားရေးအင်ပါယာကို တည်ထောင်ရန် တစ်ဆင့်ပြီးတစ်ဆင့် ကြိုးစားအားထုတ်ခဲ့သည်။

ဤအခိုက်အတန့်မှာ သီရှီထျန်က အံ့ဖွယ်ကောင်းသော အခြေအနေထဲမှာ ရှိနေဟန် ရ၏။

အတိတ်ဘဝ၌ သူငယ်ငယ်လေးကတည်းက တွေ့ကြုံခဲ့ရသော အရာများက ယခု သူ၏ မျက်စိအရှေ့မှာ ပြန်ပေါ်လာသည်။ ယင်းက အိမ်မက်တစ်ခု သို့မဟုတ် ပုံရိပ်ယောင်တစ်ခု ဖြစ်နိုင်သည်။ ကောင်းမွန်သောအရာများဖြစ်စေ ဆိုးဝါးသောအရာများဖြစ်စေ အရာအားလုံးက သူ၏ အရှေ့မှာ ဖြစ်ပျက်နေသည်။ ဤသည်မှာ သီရှီထျန်က ရုပ်ရှင်ရုံထဲ၌ သူ၏ အတိတ်ဘဝဇာတ်လမ်းကို ပြန်ကြည့်နေသည့်အလားပင်။

ယခု သူက ထိုဇာတ်လမ်းထဲမှာကဲ့သို့ အားနည်းမနေကြောင်း သီရှီထျန် သိသည်။ သူ့မှာ မိစ္ဆာတစ်ကောင်၏ အံ့ဖွယ်ခွန်အား ရှိသည်။ သူ၏ လက်သီးတစ်ချက်က တိုက်ကြီးများကို ဖြိုချပစ်နိုင်သည်။ သူက ထိုဇာတ်လမ်းထဲမှ မှားယွင်းသော ဆုံးဖြတ်ချက်များကို အလွယ်တကူ ပြောင်းလဲပစ်နိုင်သည်။ ကံကြမ္မာဆိုးများ မထွက်ပေါ်လာအောင် ယင်းတို့ကို သူကြိုတင်တားဆီးနိုင်သည်။

ဥပမာ သူ၏ မိထွေး နန်းကုန်းရှင်းနှင့် သူ့ညီလေးကို အစောကြီးကတည်းက သူရှင်းထုတ်ပစ်နိုင်သည်။

အကယ်၍ သူသာ ဆန္ဒရှိမည်ဆိုလျှင် ဇာတ်လမ်း၏ ဆိုးဝါးသော အဆုံးသတ်ကို ပြောင်းလဲပစ်နိုင်သည်။

သို့သော်လည်း သီရှီထျန်က ထိုသို့မလုပ်ဆောင်ပေ။ သူက သူ့အရှေ့မှ ဇာတ်လမ်းကို မထူးမခြားနားအမူအရာဖြင့် စိုက်ကြည့်နေသည်။ သူက အတိတ်မှ အဖြစ်အပျက်များကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်သည်။

“ ဘန်း ”

နောက်ဆုံးမှာ သူ့အသက်ကို ဇီဝိန်ချွေမည့် ကျည်ဆန်က ထွက်ပေါ်လာသည်။ သူသေဆုံးသွားသည့်အခါ အတိတ်ဘဝက နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။

ကျည်ဆန်မှန်သွားပြီးနောက် သူ့အရှေ့မှ အရာအားလုံးက အချိန်မြစ်တစ်စင်းအဖြစ် ရုတ်တရက် ပြောင်းလဲသွားဟန် ရ၏။ နောက်အခိုက်အတန့်မှာ အချိန်မြစ်က ပြောင်းပြန်စီးဆင်းသွားသည်။ စက္ကန့်ပိုင်းလေးအတွင်းမှာ သူက ကလေးဘဝသို့ ပြန်ရောက်သွားသည်။

ထိုသို့ဖြင့် သူ၏ အတိတ်ဘဝက သူ့မျက်စိအရှေ့မှာ ထပ်ခါတလဲလဲ ဖြစ်ပျက်နေသည်။ ယင်းက အဆုံးမဲ့သော သံသရာစက်ဝန်းပမာ ထပ်ခါထပ်ခါ ပြန်ကြော့နေသည်။ ဤသည်မှာ ဇာတ်လမ်းက သီရှီထျန်ကို အရှေ့ထွက်လာစေပြီး ဇာတ်ကြောင်းကို တစ်စုံတစ်ရာ ပြောင်းလဲပစ်ရန် သွေးဆောင်ဖျားယောင်းနေသည့်အလားပင်။

သူက ထပ်ခါတလဲလဲ ပြသနေသော သူ၏ အတိတ်ဘဝကို စူးစိုက်ကြည့်နေသည်။ သူက မလှုပ်မယှက် ဆက်ရှိနေသည်။ အတိတ်ဘဝဇာတ်လမ်းက ကိုးကြိမ်တိုင်အောင် ထပ်ကြော့ပြီးသွားသည့်အခါ သီရှီထျန်၏ မျက်လုံးထဲ၌ နက်နဲသိမ်မွေ့သောအလင်း ထွက်ပေါ်လာသည်။ သူ၏ မျက်လုံးများက ရေသေပမာ တည်ငြိမ်နေသည်။ သူက မထူးမခြားနား ပြောသည်။

“ အတိတ်က အတိတ်မှာပဲ ကျန်ခဲ့ပြီ… အဲ့ဒါကို မပြောင်းလဲနိုင်ဘူး… ဒီဘဝမှာ ငါက မိစ္ဆာတစ်ကောင်ဖြစ်တယ်… ငါ့ရဲ့ အနာဂတ်ကို ငါကပဲ ထိန်းချုပ်နိုင်ရမယ်… ငါ့ရဲ့ ကံကြမ္မာက ငါ့ရဲ့ လက်ခုပ်ထဲမှာပဲ… ကောင်းကင်ဘုံကတောင် ငါ့ရဲ့ ကံကြမ္မာကို ဝင်မစွက်ဖက်နိုင်ဘူး… ငါ့ရဲ့ ကံကြမ္မာကို ငါကိုယ်တိုင်ပဲ ဖန်တီးမယ် "

ထိုစကားကို ပြောလိုက်သည့်အခါ သူ့အရှေ့မှ မြင်ကွင်းက ရုတ်တရက် ပြောင်းလဲသွားသည်။ သူ့အရှေ့မှ အရာအားလုံးက ချက်ချင်း ပြိုကွဲသွားသည်။ ဤသည်မှာ ကြေးမုံတစ်ချပ်က အပိုင်းပိုင်းအစစ အက်ကွဲသွားသည့်အလားပင်။ ထို့နောက် အပိုင်းအစများက သီရှီထျန်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။

“ ရွှတ် ”

သူ၏ မှိတ်ထားသော မျက်လုံးက ရုတ်တရက် ပြန်ဖွင့်သွားသည်။ ချောက်ချားဖွယ်ကောင်းသော အလင်းတန်းနှစ်ခုက သူ၏ မျက်လုံးထဲမှ ပျံသန်းထွက်လာသည်။ သူ၏ ခန္ဓာကိုယ်ထဲမှာ နဂိုကတည်းက တည်ရှိနေသော အထွတ်အမြတ် ဩဇာအာဏာအရှိန်အဝါက ဤအခိုက်အတန့်မှာ ပိုပြီးသန်စွမ်းလာသည်။ သူ၏ အကြည့်က နက်ရှိုင်းပြီး သူ၏ နှလုံးသားက ကန်ရေပြင်ပမာ တည်ငြိမ်သည်။ တမူထူးခြားသော တည်ရှိမှုအငွေ့အသက်က သူ၏ ခန္ဓာကိုယ်တစ်ဝိုက်မှာ ထွက်ပေါ်လာသည်။ သူ၏ အသိစိတ်က ကျောက်ဆောင်တစ်ခုပမာ ပိုမိုခိုင်မြဲလာပြီး ပိုမိုပြတ်သားလာသည်။ သူ၏ မိစ္ဆာအာရုံက တစ်စုံတစ်ခု၏ သန့်စင်ခံလိုက်ရသည့်အလား ပိုပြီးထက်ရှလာပြီး အားကောင်းလာသည်။ သူ၏ မိစ္ဆာအာရုံသည် ယခင်ကထက် နှစ်ဆပိုပြီးသန်စွမ်းသွားသည်။

“ အတိတ်ဘဝမှာပဲဖြစ်စေ လက်ရှိဘဝမှာပဲဖြစ်စေ ငါဟာ ငါပဲ ”

ထိုစကားသံ ထွက်ပေါ်လာသည်နှင့်ချက်ချင်း လောကတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ ထို့နောက် သူက မတ်တတ်ပြန်ရပ်လိုက်ပြီး ကုချင်းအသံနောက်သို့ လိုက်သွားသည်။

ကုချင်းဘုံကို အတွင်းပိုင်းနယ်မြေနှင့် အပြင်ပိုင်းနယ်မြေဟု ခွဲခြားထားသည့် အကြောင်းအရင်းမှာ အပြင်ပိုင်းနယ်မြေသည် တစ်စုံတစ်ယောက်၏ စိတ်ကို စမ်းသပ်သော နေရာဖြစ်သောကြောင့်ပင်။ အစောနက သီရှီထျန် ကြားခဲ့သော ကုချင်းအသံကို နှလုံးသားသန့်စင်သီချင်းဟု ခေါ်သည်။ ထိုသီချင်းကို တီးခတ်လိုက်သည့်အခါ တစ်စုံတစ်ယောက်၏ စိတ်နှင့် ဘဝအတွေ့အကြုံများက သူ့အရှေ့မှာ ပြန်မြင်ယောင်လာလိမ့်မည်။ ထို့နောက် ထိုမှတ်ဉာဏ်များက နှလုံးသားသန့်စင်ပုံရိပ်ယောင်အဖြစ် ဆင့်ကဲပြောင်းလဲသွားလိမ့်မည်။ ပုံရိပ်ယောင်ထဲတွင် တစ်စုံတစ်ယောက်သည် သူမွေးဖွားလာသည့်အချိန်မှစ၍ ဖြစ်ပျက်ခဲ့သော အရာအားလုံးကို ရှင်းလင်းစွာ ပြန်မြင်နိုင်သွားလိမ့်မည်။

သူတို့က ပျော်ရွှင်မှုအမျိုးမျိုးနှင့် နောင်တအမျိုးမျိုးကို ရှင်းလင်းစွာ မြင်နိုင်ကြလိမ့်မည်။

ထိုပုံရိပ်ယောင်ထဲတွင် အတုနှင့် အစစ်သည် ကွဲပြားမှုမရှိသလောက်နီးပါးပင်။ ယင်းက တစ်စုံတစ်ယောက်၏ အတိတ်အကြောင်းနှင့် အမှန်တကယ် ဆက်စပ်နေသည်။

တစ်စုံတစ်ယောက်သည် မိမိ၏ အတိတ်ကို ပြန်ကြည့်ရသည့်အခါ အနည်းနှင့်အများ စိတ်ယိမ်းယိုင်သွားလိမ့်မည်။ သူက အတိတ်မှာ နောင်တရခဲ့သော အရာများကို ပြန်လည်ပြင်ဆင်ရန် ကြိုးစားချင်လာလိမ့်မည်။ ထိုသို့ဖြစ်လာမည်ဆိုလျှင် သူက ပုံရိပ်ယောင်ထဲမှာ ချက်ချင်း နစ်မြုပ်သွားလိမ့်မည်။ သူက ပစ္စုပ္ပန်မှ အရာအားလုံးကို မေ့လျော့သွားပြီး အတိတ်ပုံရိပ်ယောင်ထဲမှာသာ ဆက်နေသွားလိမ့်မည်။

ထိုအခါ သူသည် အပြင်လောကတွင် နှစ်ချိုက်စွာ အိပ်ပျော်သွားလိမ့်မည်။ ယင်းက ဤစမ်းသပ်မှုတွင် သူကျရှုံးသွားပြီဟု ဆိုလိုသည်။ တစ်စုံတစ်ယောက်က သူ့ကို တမူထူးခြားသော နည်းလမ်းဖြင့် လာရောက်မနှိုးသရွေ့ သူက ပုံရိပ်ယောင်ထဲမှာသာ ဆက်လက် နစ်မြုပ်နေပြီး မည်သည့်အခါမှ ပြန်နိုးလာတော့မည် မဟုတ်ချေ။

နှလုံးသားသန့်စင်ပုံရိပ်ယောင်၏ စစ်မှန်သော အဓိပ္ပာယ်က အတိတ်ကို ထွင်းဖောက်မြင်နိုင်ခြင်း၊ အတိတ်ကို စွန့်လွှတ်ခြင်းနှင့် အနာဂတ်ကို ရည်မှန်းခြင်းတို့ ဖြစ်သည်။ တစ်စုံတစ်ယောက်က အတိတ်ကို ထွင်းဖောက်မြင်နိုင်ပြီး ယင်းကို စွန့်လွှတ်မည်ဆိုလျှင် သူ၏ စိတ်ဝိညာဉ်ကို ချုပ်နှောင်ထားသော အတားအဆီးများက ပျောက်ကွယ်သွားလိမ့်မည်။ အနာဂတ်ကို ရှင်းလင်းစွာ မြင်နိုင်သွားသည့်အခါ သူ၏ စိတ်ဝိညာဉ်က ကြည်လင်သန့်စင်သွားလိမ့်မည်။

တစ်နည်းဆိုရသော် ယင်းက ရုတ်တရက် ဉာဏ်အလင်းရသွားခြင်းနှင့် ဆင်တူသည်။ သို့ဖြစ်၍ တစ်စုံတစ်ယောက်က ဤနှလုံးသားသန့်စင်ပုံရိပ်ယောင်ကို ချိုးဖြတ်နိုင်မည်ဆိုလျှင် ကြီးမားသော အကျိုးကျေးဇူးများ ရရှိသွားလိမ့်မည်။

“ ရှပ်… ရှပ်… ”

သူက အရှေ့သို့ ခြေတစ်လှမ်းချင်း လျှောက်သွားသည်။ တစ်ချိန်တည်းမှာ သူက ဘေးဘီကို စစ်ဆေးလေ့လာလိုက်သည်။ ဤနေရာသည် အစောနက ခရမ်းဝါးတောနှင့် မတူတော့ပေ။ ထို့ပြင် ဤနေရာမှာ သူတစ်ယောက်တည်း မဟုတ်ပေ။ ကျင့်ကြံသူအများအပြားက ဤနေရာမှာ ထိုင်နေကြသည်။ သူတို့အားလုံးက တင်းကျပ်စွာ မျက်စိမှိတ်ထားကြပြီး သူတို့၏ မျက်နှာအမူအရာက အချိန်တိုင်း ပြောင်းလဲသွားနေသည်။ ဤသည်မှာ သူတို့က မျက်နှာအမူအရာပြောင်းလဲခြင်းပညာကို လေ့ကျင့်နေကြသည့်အလားပင်။ ယင်းက အမှန်တကယ် အံ့ဩဖွယ်ကောင်းသည်။

တချို့လူများဆိုလျှင် သူတို့၏ နဖူးပေါ်မှာ ချွေးစေးများ စီးကျနေသည်။ ရှင်းလင်းစွာပင် သူတို့က ပုံရိပ်ယောင်ထဲမှာ နစ်မြုပ်နေကြသည်။ သူတို့က ပုံရိပ်ယောင်နှင့် အစစ်အမှန်ကို မခွဲခြားနိုင်ကြတော့ပေ။

ကျင့်ကြံသူတစ်ထောင်ကျော်ထဲတွင် သူတို့၏ ကိုယ်ပိုင်လမ်းကြောင်းကို ရှင်းလင်းစွာ ရှာဖွေနိုင်သူများက သုံးပုံတစ်ပုံခန့်သာ ရှိသည်။ ထို့ကြောင့် စုစုပေါင်း လူသုံးထောင်ရှိသည့်အနက် ယခု တစ်ထောင်ခန့်သာ ပုံရိပ်ယောင်ထဲမှ နိုးထလာကြသည်။

ထိုကျင့်ကြံသူများက အရှေ့သို့ ဆက်လျှောက်သွားနေကြသည်။ ဝမ်းသာပျော်ရွှင်သော အမူအရာက သူတို့၏ မျက်နှာပေါ်မှာ ထွက်ပေါ်နေသည်။ ရှင်းလင်းစွာပင် သူတို့သည် စောစောက နှလုံးသားသန့်စင်သီချင်းထံမှ အကျိုးအမြတ်များစွာ ရရှိခဲ့ကြသည်။

အခန်း(၁၉၂)

“ ရွှဲယင်ရီလည်း ပုံရိပ်ယောင်ကို ချိုးဖြတ်နိုင်ခဲ့တာလား ”

သီရှီထျန်က ဘေးပတ်ဝန်းကျင်ကို သာမန်ကာလျှံကာ ကြည့်လိုက်သည်။ ရွှဲယင်ရီက သူ၏ နောက်လိုက်နှစ်ယောက်နှင့်အတူ ကုချင်းဘုံထဲသို့ လျှောက်သွားနေကြောင်း သူမြင်သွားသောအခါ ရက်စက်ကြမ်းကြုတ်သော အမူအရာက သူ့မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

“ ကောင်းတယ်… ကုချင်းဘုံရဲ့ အပြင်ပိုင်းနယ်မြေထဲမှာ မင်းမကျရှုံးသွားတာ ကောင်းတယ်… မဟုတ်ရင် မင်းအပေါ် ငါလှုပ်ရှားဖို့ အခက်တွေ့နေလိမ့်မယ် ”

စက်ကရာ၏ နှလုံးက ရေခဲတမျှ အေးစက်သွားသည်။ သူက နောက်ထပ် တုံ့ဆိုင်းမနေတော့ဘဲ အရှေ့သို့ ဆက်လျှောက်သွားသည်။ မကြာမီ သူက ခရမ်းဝါးတောကို ဖြတ်ကျော်သွားသည်။ နောက်အခိုက်အတန့်မှာ နယ်မြေလွတ်တစ်ခုက သူ့အရှေ့မှာ ထွက်ပေါ်လာသည်။ ထိုနေရာ၏ အလယ်တည့်တည့်တွင် ခမ်းနားထည်ဝါသော ရှေးဟောင်းနန်းဆောင်တစ်ခု ရှိသည်။

ရှေးဟောင်းနန်းဆောင်၏ ဘေးပတ်ဝန်းကျင်တွင် အမျိုးအစားစုံလင်သော ပန်းပင်များနှင့် ဆေးဖက်ဝင်အပင်များ ပွင့်လန်းနေကြသည်။ လတ်ဆတ်ပြီး မွှေးပျံ့သော ပန်းရနံ့များက လေထဲမှာ ပျံ့လွင့်နေသည်။ ယင်းက စိတ်ကို ကြည်လင်ရှင်းလင်းစေသည်။

နန်းဆောင်ထဲတွင် မကြာသေးခင်က ပျောက်ကွယ်သွားခဲ့သော အကြီးအကဲသီနှင့် အကြီးအကဲရှောင်က အတူတူ ထိုင်နေကြရင်း ဂီတအကြောင်း ဆွေးနွေးနေကြသည်။ ကျင့်ကြံသူတချို့က ခရမ်းဝါးတောထဲမှ ထွက်လျှောက်လာနေကြောင်း သူတို့မြင်သွားကြသည်။

အကြီးအကဲသီက ခပ်ရေးရေး ပြုံးလိုက်ပြီး ပြောသည်။

" မဆိုးဘူး… သူတို့က ခြောက်နာရီအတွင်း အပြင်ထွက်လာနိုင်ကြတယ်… အရင်အသုတ်တွေတုန်းက လူတွေထက်စာရင် သူတို့က ပိုပြီးထူးချွန်ကြတယ်… အရင်တစ်သုတ်တုန်းက ပထမဆုံး အပြင်ထွက်လာနိုင်တဲ့လူက ရှစ်နာရီကြာမြင့်ခဲ့တယ် ”

ယင်းကို ကြားသောအခါ အကြီးအကဲရှောင်က သဘောကျစွာ ရယ်လိုက်သည်။

“ အကိုသီ… ဒါက မထူးဆန်းပါဘူး… သူတို့က တူမလေးကိုတိုမီရဲ့ သတိုးသားလောင်းရွေးချယ်ပွဲအတွက် အနယ်နယ်အရပ်ရပ်ကနေ ရောက်လာကြတဲ့ လူငယ်လက်ရွေးစင်တွေလေ… သူတို့က သာမန်ကျင့်ကြံသူတွေထက် ပိုပြီးထူးချွန်ကြတယ်… ခြောက်နာရီအတွင်း သူတို့ထွက်လာနိုင်တာ ဖြစ်သင့်ပါတယ် ”

သူက စကားဆုံးသွားသည်နှင့် လေးနက်စွာ ပြုံးလိုက်ပြီး ဆက်ပြောသည်။

“ ဒီတစ်ကြိမ်မှာ ကျင့်ကြံသူသုံးထောင်ကျော်အနက် တစ်ထောင်ကျော်က အောင်မြင်သွားကြတယ်… သူတို့ထဲက အများစုက ကျင့်ကြံခြင်းမိသားစုတွေနဲ့ ဂိုဏ်းတွေက ဖြစ်ကြတယ်… ဒါပေမဲ့ လေလွင့်ကျင့်ကြံသူတွေလည်း အများကြီး ပါဝင်ကြတယ်… တကယ်လို့ အဲ့ဒီလူတွေသာ ချင်မိသားစုထဲ ဝင်ရောက်မယ်ဆိုရင် ကျုပ်တို့ချင်မိသားစုရဲ့ လူငယ်မျိုးဆက်က ပိုပြီးအင်အားကြီးမားလာလိမ့်မယ်… အဲ့ဒါက ကျုပ်တို့ချင်မိသားစုအတွက် သတင်းကောင်းပဲ ”

အကြီးအကဲသီက သဘောတူညီစွာ ခေါင်းညိတ်လိုက်သည်။

ထိုအခိုက်အတန့်မှာ နှလုံးသားသန့်စင်သီချင်း၏ စမ်းသပ်မှုကို ဖြတ်ကျော်နိုင်သွားသူများက ခရမ်းဝါးတောထဲမှ ထွက်လျှောက်လာကြပြီး ရှေးဟောင်းနန်းဆောင်၏ အရှေ့မှာ ရပ်လိုက်ကြသည်။ သူတို့သည် စုစုပေါင်း အရေအတွက်တစ်ထောင်ကျော်သည်။

အကြီးအကဲရှောင်က မတ်တတ်ထရပ်လိုက်ပြီး လူတိုင်းကို ကြည့်လိုက်သည်။ သူက လေးနက်သောအသံဖြင့် ပြောသည်။

“ စောစောက မင်းတို့ကြုံတွေခဲ့တာက ငါတို့ချင်မိသားစုရဲ့ တမူထူးခြားတဲ့ နှလုံးသားသန့်စင်သီချင်းပဲ… စမ်းသပ်မှုကို ဖြတ်ကျော်နိုင်တဲ့လူတွေက အသိစိတ်ကြည်လင်ရှင်းလင်းသွားလိမ့်မယ်… အနာဂတ်မှာ ကိုယ်တွင်းနတ်ဆိုး ထွက်ပေါ်လာနိုင်ခြေလည်း လျော့နည်းသွားလိမ့်မယ် ”

“ ဒါ့အပြင် မင်းတို့ရဲ့ စိတ်အာရုံက ပိုပြီးသန်စွမ်းသွားလိမ့်မယ်… အမြူတေဖွဲ့စည်းခြင်းနယ်ပယ်ကို ရောက်တဲ့အထိ မင်းတို့အတွက် ဘာအတားအဆီးမှ ရှိမှာမဟုတ်ဘူး ”

“ အခု… လူတိုင်းကို ငါမေးချင်တယ်… မင်းတို့ထဲမှာ ဘယ်သူက ငါတို့ချင်မိသားစုဆီ ဝင်ရောက်ပြီး တပည့်ဖြစ်လာချင်လဲ ”

သူ၏ လေသံအရ သူက ကြီးမားသော အကျိုးအမြတ်ကို ရိတ်သိမ်းတော့မည့်ဟန် ရ၏။ တစ်ခုသိထားရမည်မှာ တစ်စုံတစ်ယောက်သည် နှလုံးသားသန့်စင်သီချင်းကို ဘဝမှာ တစ်ကြိမ်သာလျှင် တွေ့ကြုံခံစားနိုင်သည်။ ယင်းက ရှားပါးအခွင့်အရေး ဖြစ်သည်။ သာမန်အပြင်လူများက ထိုသို့အခွင့်အရေးကို ခံစားခွင့်ရလိမ့်မည် မဟုတ်ချေ။

ဤတစ်ကြိမ် သူတို့ဆီမှာ တခြားရွေးချယ်စရာမရှိသောကြောင့် မဟုတ်လျှင် ချင်မိသားစုက အပြင်လူများကို သူတို့၏ ကုချင်းဘုံထဲသို့ ဝင်ရောက်ခွင့်ပြုလိမ့်မည် မဟုတ်သကဲ့သို့ နှလုံးသားသန့်စင်သီချင်းကိုလည်း တွေ့ကြုံခံစားစေလိမ့်မည် မဟုတ်ချေ။

မည်သို့ဖြစ်ပါစေ ထိုသို့နှလုံးသားသန့်စင်ခြင်းက ကျင့်ကြံသူများအတွက် အလွန်တန်ဖိုးကြီးမားပေသည်။ ယင်းကို ဖြတ်ကျော်နိုင်လျှင် သူတို့က ဉာဏ်အလင်းပွင့်သွားပြီး အရှေ့ဆက်လျှောက်ရမည့် လမ်းကြောင်းကို ရှင်းလင်းစွာ မြင်နိုင်သွားလိမ့်မည်။

သူတို့သည် အမြူတေဖွဲ့စည်းခြင်းနယ်ပယ်အထိ မည်သည့်အတားအဆီးမှမရှိဘဲ အဆင့်တတ်လှမ်းနိုင်ကြလိမ့်မည်။

တစ်နည်းဆိုရလျှင် ထိုစမ်းသပ်မှုကို ဖြတ်ကျော်နိုင်သူများသည် အနာဂတ်တွင် မည်သည့်မတော်တဆမှုမှ မရှိလျှင် သေချာပေါက် အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူများ ဖြစ်လာကြလိမ့်မည်။ ချင်မိသားစုသည် ကိုယ့်အတွက် အကျိုးမရှိဘဲ ထိုသို့အကူအညီပေးသည်အထိ စိတ်စေတနာ မကောင်းပေ။ ချင်မိသားစု၏ သတိုးသားလောင်းရှာဖွေပွဲထဲမှာ ကိစ္စအများကြီး ပါဝင်ပတ်သက်နေသည်။ အထူးသဖြင့် ချင်မိသားစု တည်ထောင်သူဘိုးဘေး၏ မြစိမ်းကုချင်း ဖြစ်သည်။ မြစိမ်းကုချင်းကို အရေးတကြီး လိုအပ်နေသောကြောင့်မဟုတ်လျှင် ချင်မိသားစုက အပြင်လူအများကြီးကို ကုချင်းဘုံထဲသို့ ဝင်ရောက်ခွင့်ပြုလိမ့်မည် မဟုတ်ချေ။

မှန်ပေသည်။ စမ်းသပ်မှုကို ဖြတ်ကျော်နိုင်ခဲ့သော လေလွင့်ကျင့်ကြံသူများကို ချင်မိသားစု၏ လက်အောက်ထဲသို့ ထည့်သွင်းနိုင်ခြင်းကလည်း သူတို့အတွက် အကျိုးရှိသောအရာ ဖြစ်သည်။ ထိုနည်းလမ်းဖြင့်ဆိုလျှင် သူတို့၏ ဆုံးရှုံးမှုက ကြီးမားတော့မည် မဟုတ်ချေ။

အကြီးအကဲရှောင်သည် စကားဆုံးသွားသည်နှင့် သူ့အရှေ့မှ ကျင့်ကြံသူများကို တည်ငြိမ်စွာ ကြည့်လိုက်သည်။ သူက ထိုကျင့်ကြံသူများ၏ ရွေးချယ်မှုကို တိတ်တဆိတ် စောင့်ဆိုင်းသည်။

“ အကြီးအကဲ… ဒီငယ်သားမှာ ဂိုဏ်းမရှိပါဘူး… ချင်မိသားစုထဲ ဝင်ရောက်ဖို့ ဒီငယ်သား ဆန္ဒရှိပါတယ် ”

ချင်မိသားစု၏ အဓိကကျင့်ကြံခြင်းဖြစ်သော အသံတိုက်ခိုက်မှုအတတ်ပညာများက မရေမတွက်နိုင်သော ကျင့်ကြံသူများ လိုချင်တပ်မက်သောအရာ ဖြစ်သည်။ သူတို့သည် ချိုင့်ဝှမ်းထဲမှာ နေထိုင်ခဲ့စဉ်ကတည်းက ချင်မိသားစုထဲသို့ ဝင်ရောက်ရန် အခွင့်အရေးရှိကြောင်း ကြားသိခဲ့ရသည်။ ယခု ထိုအခွင့်အရေးက သူတို့၏ အရှေ့မှာ အမှန်တကယ် ထွက်ပေါ်လာသည့်အခါ သူတို့က တုံ့ဆိုင်းမနေဘဲ ချင်မိသားစုထဲသို့ ဝင်ရောက်ရန် ရွေးချယ်လိုက်ကြသည်။

ပထမဆုံး လှုပ်ရှားလိုက်သူများသည် အမျိုးသမီးလေလွင့်ကျင့်ကြံသူများ ဖြစ်ကြသည်။

ထိုအမျိုးသမီးလေလွင့်ကျင့်ကြံသူများသည် ကိုတိုမီ၏ သတိုးသားရှာဖွေပွဲအတွက် ဤနေရာသို့ ရောက်လာကြခြင်း မဟုတ်ပေ။ ချင်မိသားစုက သတိုးသားလောင်းရှာဖွေပွဲတွင် တပည့်သစ်များ ခေါ်ယူစုဆောင်းမည်ဖြစ်ကြောင်း သူတို့ကြားသိခဲ့သောကြောင့် ဤနေရာသို့ ရောက်လာကြခြင်း ဖြစ်သည်။ လက်ရှိအချိန်တွင် စမ်းသပ်မှုအောင်မြင်သွားသော အမျိုးသမီးလေလွင့်ကျင့်ကြံသူများက ဆယ်ယောက်ခန့် ရှိသည်။ သူတို့က အကြီးအကဲရှောင် ထိုသို့ပြောလာမည်ကို စောင့်နေကြခြင်း ဖြစ်သည်။

ယခု သူတို့ကြားချင်သော စကားကို ကြားလိုက်ရသောအခါ သူတို့အားလုံးက တုံ့ဆိုင်းမနေဘဲ အရှေ့ထွက်သွားကြပြီး ချင်မိသားစုထဲသို့ ဝင်ရောက်ရန် ဆုံးဖြတ်လိုက်ကြသည်။

“ ကောင်းတယ်… မင်းတို့က ငါတို့ချင်မိသားစုထဲ ဝင်ရောက်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုမှတော့ နန်းဆောင်မှာ အရင်အနားယူကြပါ… နောက်ကျရင် မိသားစုခေါင်းဆောင်နဲ့ တွေ့ပေးဖို့ မင်းတို့ကို ငါခေါ်သွားမယ် ”

အမျိုးသမီးလေလွင့်ကျင့်ကြံသူဒါဇင်ခန့်က ချင်မိသားစုထဲသို့ ဝင်ရောက်ရန် ချက်ချင်း ဆုံးဖြတ်လိုက်ကြောင်း အကြီးအကဲရှောင် မြင်သွားသောအခါ သူက ဝမ်းသာပျော်ရွှင်သွားသည်။ သူက ထိုအမျိုးသမီးကျင့်ကြံသူများကို နန်းဆောင်ထဲသို့ ခေါ်သွင်းလိုက်သည်။ ထို့နောက် သူက ဆက်ပြောသည်။

“ စောစောက မင်းတို့တွေ့ကြုံခဲ့တာက ကုချင်းဘုံရဲ့ အပြင်ပိုင်းနယ်မြေပဲ ရှိသေးတယ်… အဲ့ဒီမှာ ဘာအန္တရာယ်မှမရှိဘူး… တကယ်လို့ မင်းက ကုချင်းဘုံရဲ့ အတွင်းပိုင်းနယ်မြေထဲ ဝင်ရောက်ဖို့ စိတ်အားထက်သန်နေတယ်ဆိုရင် ချင်မိသားစုက မင်းတို့ရဲ့ သေခြင်းရှင်ခြင်းကို တာဝန်ယူပေးမှာ မဟုတ်ဘူး… မင်းက ချင်မိသားစုထဲ ဝင်ရောက်ဖို့ ဆန္ဒရှိတယ်ဆိုရင် သတိုးသားလောင်းရှာဖွေပွဲမှာ ပါဝင်နိုင်တော့မှာ မဟုတ်ဘူး… မင်းတို့တွေ သေချာစဉ်းစားပြီး ဆုံးဖြတ်ချက်ချဖို့ ငါအကြံပေးချင်တယ် ”

“ ဟုတ်တယ် ”

အကြီးအကဲသီက ထပ်လောင်း ပြောသည်။

“ ဒီအထိ ရောက်လာကြတဲ့ လူအားလုံးက ကျင့်ကြံခြင်းလောကရဲ့ ပါရမီရှင်တွေချည်းပဲ… အတွင်းပိုင်းနယ်မြေမှာ အသက်ဆုံးရှုံးစေနိုင်တဲ့ အန္တရာယ်တွေအများကြီး ရှိတယ်… ဒါကြောင့် မင်းတို့တွေ ဆုံးဖြတ်ချက်မချခင် သေချာစဉ်းစားကြပါ ”

မည်သို့ဖြစ်ပါစေ ထိုနေရာက ချင်မိသားစု၏ တားမြစ်နယ်မြေ ဖြစ်သည်။ ကုချင်းဘုံသည် အမှန်တကယ် အန္တရာယ်များသည်။ အကယ်၍ တစ်စုံတစ်ယောက်က ထိုနေရာမှာ သေဆုံးသွားမည်ဆိုလျှင် သူတို့အတွက် ပြဿနာဖြစ်လာနိုင်၏။ ထို့ကြောင့် သူတို့သည် တာဝန်အရ ကုချင်းဘုံက မည်မျှအန္တရာယ်များကြောင်း စောစီးစွာ ကြိုပြောပြထားရမည်။

“ ဟား ဟား… ဘာမှမစိုးရိမ်ပါနဲ့ အကြီးအကဲများခင်ဗျာ… ကျုပ်တို့က ဒီကို ရောက်လာဖို့ ဆုံးဖြတ်ခဲ့ကြမှတော့ သေခြင်းရှင်ခြင်းကို ဂရုစိုက်နေမှာ မဟုတ်ပါဘူး… ကျုပ်တို့က အသက်စတေးရမယ်ဆိုရင်တောင် မြစိမ်းကုချင်းကို အပြင်ကို သေချာပေါက် ပြန်ယူလာပြီး မိန်းကလေးကိုတိုမီဆီ မင်္ဂလာလက်ဖွဲ့အဖြစ် ပေးပါမယ်… ကုချင်းနတ်သမီးရဲ့ ဘဝလက်တွဲဖော်ဖြစ်လာနိုင်တဲ့ အခွင့်အရေးက ကျုပ်လက်ထဲမှာ ရှိနေမှတော့ ဘာလို့ သေခြင်းရှင်ခြင်းကို ကြောက်နေမှာလဲ ”

အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်တစ်ယောက်သည် ကျောပေါ်တွင် အနက်ရောင်ဓားရှည်တစ်လက်ကို သယ်ဆောင်ထားလျက် စကားပြောသည်။ သူ၏ စကားများနှင့် လေသံထဲမှာ တည်ကြည်ဖြောင့်မတ်မှုနှင့် စိတ်ဓာတ်ပြတ်သားမှု ပါဝင်နေသည်။ သူ၏ အရှိန်အဝါက ရှေးဟောင်းဓားတစ်လက်ပမာ အလွန်ထက်ရှသည်။

သူ၏ အသွင်သဏ္ဍာန်က ချောမောခန့်ညားသည်။ ထို့ကြောင့် သူက သာမန်ကျင့်ကြံသူများကြားထဲမှာ ထင်ပေါ်နေသည်။ ဓားသယ်ဆောင်ထားသော ထိုလူငယ်သည် ရွှမ်ရှင်းဓားဂိုဏ်း၏ လုကျီလင်းမှလွဲ၍ တခြားမဟုတ်ပေ။ ဓားကျင့်ကြံသူများသည် ဓားပေါ်မှာသာ အမြဲတမ်း အာရုံစူးစိုက်ထားကြသည်။ မသေမျိုးကျင့်ကြံသူများထဲ၌ ဓားကျင့်ကြံသူများက အသန်မာဆုံး တိုက်ခိုက်စွမ်းရည်ကို ပိုင်ဆိုင်ထားကြသည်။ သူတို့၏ အလုံးစုံကျင့်ကြံခြင်းက ဓားပေါ်မှာ မူတည်သည်။ သူတို့၏ ဓားအတတ်ပညာများက ဖော်မပြနိုင်အောင် အပြောင်းအလဲများပြီး အလွန်သန်စွမ်းသည်။ ထို့ကြောင့် သူတို့က သိုင်းပညာကျင့်ကြံသူများဖြင့်ပင် အနီးကပ် တိုက်ခိုက်နိုင်ကြသည်။

ထို့ပြင် ဓားကျင့်ကြံသူများသည် ဓားများက သူတို့နည်းတူ ကျင့်ကြံနိုင်သည်ဟု ယုံကြည်ထားကြသည်။ ထို့ကြောင့် သူတို့က ဓားများကို သတ်ဖြတ်ခြင်းလက်နက်တစ်ခုအဖြစ် အသုံးပြုရုံသာမက ယင်းတို့ကို နေ့စဉ် ပျိုးထောင်ပေးကြသည်။ ဓားထဲမှ ထက်ရှသော ဓားချီအမျှင်တန်းကို ဓားကျင့်ကြံသူ၏ ခန္ဓာကိုယ်ထဲသို့ ပြောင်းရွှေ့နိုင်သည်။ သို့ဖြစ်၍ ဓားကျင့်ကြံသူဆယ်ယောက်တွင် ကိုးယောက်က ကြမ်းတမ်းခက်ထန်သော အကျင့်စရိုက် ရှိကြသည်။

သူတို့သည် ဓားဆွဲထုတ်ပြီးသည်နှင့် အနည်းငယ်မှ တုံ့ဆိုင်းမနေဘဲ ရန်သူကို သတ်ဖြတ်ကြလိမ့်မည်။ ထို့ကြောင့် ကျင့်ကြံခြင်းလောကတွင် လူအနည်းစုသာ ဓားကျင့်ကြံသူများကို ရန်စဝံ့ကြသည်။

“ ဟုတ်တယ်… ချင်မိသားစုရဲ့ ကုချင်းဘုံက လျှို့ဝှက်ဆန်းကြယ်ပြီး အံ့ဖွယ်ကောင်းတယ်လို့ ကျုပ်ကြားဖူးနေတာ ကြာပါပြီ… အဲ့ဒါက တကယ်ဟုတ်မဟုတ် ကျုပ်မြင်ချင်ပါတယ် ”

ထိုအခိုက်အတန့်မှာ တခြားတစ်ယောက်က ပြောသည်။ ထိုပုဂ္ဂိုလ်မှာ သူရဲကောင်းဆန်သော အသွင်သဏ္ဍာန် ရှိသည်။ ထူးခြားချက်မှာ သူ၏ ရုပ်ခန္ဓာကိုယ်က တခြားလူများထက် ပိုပြီးသန်စွမ်းကြံ့ခိုင်သည်။ သူက သီရှီထျန်ထက် နည်နည်းမှ မလျော့ပေ။ သူက အပြာရောင်သိုင်းဝတ်စုံကို ချပ်ချပ်ရပ်ရပ် ဝတ်ဆင်ထားသည်။ သူက ရုပ်ရည်ချောမောသူမဟုတ်သော်လည်း ရင့်ကျက်တည်ငြိမ်ပုံပေါ်သည်။ သူ့ဆီမှာ မည်သည့်လက်နက်မှ မရှိပေ။ သူက နေရာမှာ မတ်တတ်ရပ်နေစဉ် အလွန်အားကောင်းသော တိုက်ပွဲစိတ်ဆန္ဒကို ထုတ်လွှတ်နေသည်။ ဤသည်မှာ သူက မိုးကောင်းကင်ကိုပင် စိန်ခေါ်တိုက်ခိုက်ဝံ့သည့်အလားပင်။ သူ့မှာ အနိုင်မခံအရှုံးမပေးသော စိတ်ဓာတ်ရှိပုံပေါ်သည်။

သူ၏ ကြေးနီရောင်အရေပြားအောက်တွင် အံ့ဖွယ်ကောင်းသော ခွန်အားက ကိန်းအောင်းနေသည်။

ထိုပုဂ္ဂိုလ်သည် အလွန်ရှားပါးသော သိုင်းပညာကျင့်ကြံသူ ဝူဝူဒီ ဖြစ်သည်။

“ ကောင်းပြီ… ချင်မိသားစုထဲ ဝင်ရောက်ဖို့ ဆန္ဒရှိတဲ့လူတွေ ကျေးဇူးပြုပြီး ကျုပ်အနောက်က နန်းဆောင်ဆီ လာပေးကြပါ ”

အကြီးအကဲရှောင်သည် သူတို့ကို နောက်ထပ် မသွေးဆောင်တော့ပေ။ ဤတစ်ကြိမ်တွင် သူသည် သူတို့ကို ကုချင်းဘုံထဲသို့ အမှန်တကယ် ဝင်ရောက်စေလိုပြီး မြစိမ်းကုချင်းကို ရှာဖွေစေလိုသည်။

မည်သို့ဖြစ်ပါစေ သူသည် ဝတ္တရားအရ သူပြောသင့်သော စကားအားလုံးကို ပြောပြပြီးပြီ ဖြစ်သည်။ ကုချင်းဘုံထဲသို့ ဝင်ရောက်ပြီးလျှင် တစ်စုံတစ်ယောက်၏ သေခြင်းရှင်ခြင်းက သူ့ကိုယ်သူပေါ်မှာသာ မူတည်လိမ့်မည်။ ကျန်ကိစ္စများက သူနှင့်မသက်ဆိုင်ပေ။

All Chapters