အရှိန်ဝါများကို အရည်အဖြစ် ပြောင်းလဲခြင်း
Vol. 26 Ch. 359
၁၀၀၀ခုမြောက် သွေးကြော...
၎င်းက အမြဲရှိနေခဲ့သော်လည်း စုမင်ကတော့ ဤအကြောင်းကို ယခုအချိန်မတိုင်ခင်ထိ မသိခဲ့ပေ။ အကယ်၍သာ သူရိုးရေစတေးနယ်ပယ် ရောက်ရှိချိန်တွင် မာန်အရိုးတစ်ခုကိုသာ စတေးခဲ့မည်ဆိုပါက ထို ၁၀၀၀ခုမြောက် သွေးကြောမှာလည်း ပေါ်ထွက်လာခဲ့လိမ့်မည် မဟုတ်ချေ။
အကယ်၍ ဒုတိယမြောက် မာန်အရိုးအား စတေးပြီးနောက် ရပ်တန့်ရန် ရွေးချယ်ခဲ့မည် ဆိုလျှင်လည်း ၎င်းက ပေါ်လာလိမ့်ဦးမည် မဟုတ်ပေ။
သို့သော်လည်း သူမည်သည့်အရာမျှ မပြောဆိုခဲ့လျှင်ပင် သူ၏ဆုံးဖြတ်ချက်မှာ သူ့နှလုံးသားထဲ၌ ကြွေးကြော်သံတစ်ခုသဖွယ် ပဲ့တင်ထပ်နေခဲ့ပြီး ဖြစ်သည်။
သူ ပိုမို၍ သန်မာလာချင်သည်။ သူသည် အခြားဆန္ဒများ အားလုံးကို လွှမ်းမိုးနိုင်မည့် အစွမ်းထက် စစ်သည်တော်တစ်ဦး ဖြစ်လာလို၏။ ထို့အပြင် မည်သူမှ သူတို့ဆန္ဒကို လိုက်နာစေရန် ဖိအားမပေးနိုင်သူ၊ မည်သူတို့၏ ဆုံးဖြတ်ချက်များဖြင့်မဆို ချုပ်ထိန်းမရနိုင်သည် အထိ သန်မာသူနှင့် ကမ္ဘာပေါ်ရှိ မည်သူတစ်ဦးတစ်ယောက်၏ ထိန်းချုပ်မှုကိုမှ မခံရသည့် တည်ရှိမှုတစ်ခုလည်း ဖြစ်လာလိုသည်။
ထို တတိယမြောက် မာန်အရိုးကို သူလိုချင်သည်။ ရိုးရေစတေးနယ်ပယ် နတ်ဘုရားရုပ်တု ရှိနေဆဲအချိန်မှာပင် သူ့ဆန္ဒကို အောင်မြင်အောင် ဖြည့်စည်းချင်သည်။ ဤနယ်ပယ်သို့ စရောက်ရောက်ပြီးချင်းမှာပင် ၎င်းရုပ်တု၏ ခွန်အားကိုသုံးလျက် အနည်းငယ် ရှေ့ဆက်တိုးချင်၏။
ဤအရာက စုမင်၏ ဆန္ဒဖြစ်သည်။
ထို ၁၀၀၀ခုမြောက် သွေးကြောကလည်း သူ၏ဆန္ဒကြောင့် ပေါ်ထွက်လာခဲ့၏။ ၎င်းပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် စုမင်ကျောရိုးရှိ တတိယကျောရိုးဆစ်ထံမှ အားကောင်းသော အပြာရောင်အလင်းတစ်ခု ပေါက်ကွဲ ထွက်ပေါ်လာသည်။ ထိုအပြာရောင်အလင်းသည် စုမင်ခန္ဓာကိုယ်အား ထိုးဖောက်သွားပြီး သူ့ပတ်ဝန်းကျင်ရှိ ပေ၁၀၀၀ ပတ်လည်ဧရိယာကို ဖုံးလွှမ်းလျက် လေပွေကြီးအောက်ခြေရှိ ဧရိယာနှင့် နတ်ဘုရားရုပ်တု၏ ဘေးဘက်ရှိ ကောင်းကင်အား လုံးဝဥဿုံ အပြာရောင် ပြောင်းသွားစေခဲ့သည်။
"ဘယ်လောက်တောင် လောဘကြီးလိုက်သလဲ... ဒါပေမယ့်လည်း ဒါကကောင်းတဲ့ လောဘမျိုးပါပဲလေ။ သွေးကြော အရေအတွက် ၁၀၀၀... ၁၀၀၀ တဲ့လား... ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ အခုအချိန်ကစလို့ စုမင်ဟာ ကောင်းကင်မြူခိုးရဲ့ ကလေးငယ် ဖြစ်လာလိမ့်မယ်" ကောင်းကင်းမြူခိုး မြို့တော်ထံမှ အိုမင်းသောအသံကြီးထံမှ ကျယ်လောင်သော ရယ်မောသံရှည်ကြီးက လေထုအတွင်း ထွက်ပေါ်လာသည်။
ထိုအခိုက်အတန့်တွင် စုမင်မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်နိုင်နေသော လူများအားလုံးမှာတော့ အလွန်အမင်း ထိတ်လန့်တုန်လှုပ် သွားခဲ့ကြလေသည်။
"သူ့မှာ တစ်ကယ်ကြီး သွေးကြောပေါင်း ၁၀၀၀ ရှိတယ်ပေါ့။ ဒါက မာန်စွမ်းအားရှင် မျိုးနွယ်စုထဲမှာ အချိန်ကြာမြင့်စွာ မဖြစ်ပွားခဲ့ဘူးတဲ့ အရာတစ်ခုပဲ"
"သူ့မှာ ဒီလိုအလားအလာတွေ ရှိနေတာကိုတောင် ငါတို့ သူ့အကြောင်း တစ်ခါမှ မကြားခဲ့ဖူးတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
"သူအရင်က ဘယ်လောက်ပဲ ကျော်ကြားခဲ့တယ်ဆိုတာ အရေးမကြီးတော့ဘူး။ အခုအချိန်ကစလို့ သူက တောင်ပိုင်းအရုဏ်ဦး ကုန်းမြေတစ်ခုလုံး အာရုံစိုက်ရတဲ့သူ ဖြစ်လာတော့မယ်"
စုမင်ကတော့ အောက်ဘက်တွင် ဖြစ်ပျက်နေသော အရာများကို မသိခဲ့ပေ။ ထိုအခိုက်အတန့်တွင် သူ၏ အာရုံအားလုံးမှာ မကြာသေးမီကမှ ဖြစ်ပေါ်လာပြီး အလျင်အမြန် ပြောင်းလဲနေသော တတိယမြောက် မာန်အရိုးပေါ်တွင်သာ ရှိနေခဲ့၏။
မာန်အရိုး စတင်ပြောင်းလဲလာသည်နှင့် တစ်ချိန်တည်းမှာပင် သူ၏ ၁၀ပုံပုံလျှင် ၂ပုံခန့် ကျန်ရှိနေသော သွေးနှင့် အသက်ဓာတ်တို့မှာလည်း ဆက်တိုက် ဝါးမြိုခံလာရသည်။ ၁၀၀၀ခုမြောက် သွေးကြော၏ ပေါ်ထွက်လာမှုက စွမ်းအင်မြောက်များစွာကို အဆက်မပြတ် ပို့ဆောင်ပေးခဲ့ပြီး စုမင်ကိုယ်ပေါ်၌ ထွက်ပေါ်နေသော သွေးကြောများမှာလည်း သူ့အရေပြားအတွင်းသို့ တစ်ဖြည်းဖြည်း ပြန်လည်၍ နစ်မြုပ်ပျောက်ကွယ်သွားကြသည်။ ထိုအချိန်တွင်တော့ သူ့ခန္ဓာကိုယ်တစ်ခုလုံး အားနည်းမှုကသာ ကြီးစိုးနေတော့သည်။
သို့သော်ငြား ထိုအခိုက်အတန့်မှာပင် တတိယမြောက် မာန်အရိုးကလည်း သူ့ကိုယ်တွင်း၌ ထွက်ပေါ်လာခဲ့ချေသည်။
မာန်အရိုးသုံးခု တောက်ပလာသည်နှင့်အမျှ ၎င်းတို့အတွင်းမှ ထွက်ပေါ်လာသည့် သန်မာသော ခံစားချက်က စုမင်အား သူ့မျက်လုံးများ မှိတ်ထားလျှင်တောင် ကမ္ဘာပေါ်ရှိ ကြီးမားသော စွမ်းအားပမာဏများကို ခံစားမိလာစေသည်။
ယခုဆိုလျှင် ကမ္ဘာပေါ်မှ ထိုစွမ်းအားများကို သူပို၍ပင် ရှင်းရှင်းလင်းလင်း ခံစားမိလာပြီဖြစ်သည်။
"ကမ္ဘာပေါ်မှာ တည်ရှိနေတဲ့ ဒီစွမ်းအား... နေရာတိုင်းမှာရှိနေတဲ့ ဒီအရှိန်အဝါ... ငါ အဲဒါကို သုံးနိုင်လောက်တယ်..." စုမင် တီးတိုးရေရွတ်လိုက်သည်။ ထိုအချိန်တွင် သူသည် ယခင်ကတစ်ခါမျှ မကြုံဖူးသော အားနည်းမှုအခြေအနေတစ်ခု၌ ရောက်ရှိနေခဲ့ချေပြီ။ အမှန်စင်စစ်တော့ လေပြင်းတစ်ချက် တိုက်ခံလိုက်ရလျှင်တောင် လွင့်ထွက်သွားတော့မည်ကဲ့သို့ သူခံစားနေရခြင်း ဖြစ်သည်။ သူ့ခန္ဓာကိုယ်မှာ အလောင်းကောင်တစ်ခုသဖွယ် ခြောက်ကပ်လို့နေသည်။ ထိုအရာက သူ့အရိုးများ စတေးခြင်းအတွက် ပေးဆပ်ရသော တန်ဖိုးဖြစ်သည်။
သူပြန်ကောင်းလာရန် လိုအပ်သော အချိန်အတိုင်းအတာ တစ်ခု ရှိသည်။ သို့သော် သူပြန်လည် ကောင်းမွန်လာချိန်ရောက်လျှင်လည်း အခြားမာန်အရိုးတစ်ခု ထုတ်ဖော်ရန်အတွက် ယခုလို နည်းလမ်းမျိုးအား သေချာပေါက် အသုံးပြုနိုင်တော့မည် မဟုတ်ပေ။ သူ့စွမ်းအားများကို ဖိနှိပ်ပုံသွင်းနိုင်သည့် ရိုးရေစတေးနယ်ပယ် နတ်ဘုရားရုပ်တုအတွင်းရှိ ထူးခြားသောစွမ်းအားသာ မရှိပါက သူသည်လည်း ရုပ်နယ်လွန်နယ်ပယ်မှ ရိုးရေစတေးနယ်ပယ်သို့ ရောက်ရှိရန် ဖြစ်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။
သူ့တွင် အခွင့်အရေးတစ်ခုသာ ရှိခဲ့သည်။
၎င်းအား သူ မည်မျှ ဖမ်းဆုပ်ထားနိုင်မည် ဆိုသည်ကလည်း သူ့အပေါ်တွင်သာ မူတည်၏။
နတ်ဘုရားရုပ်တု နောက်ထပ်တစ်ဖန် ပြန်ပေါ်လာမည့် အချိန်က စုမင် မာန်ဝိညာဉ်နယ်ပယ်သို့ ရောက်ရှိသောအခါ ဖြစ်၏။ ထိုအရာမှာလည်း သူရိုးရေစတေးနယ်ပယ် ပြည့်စုံဆင့်သို့ ရောက်ရှိပြီးနောက်တွင် သေဆုံးခြင်းမရှိပဲ ထိုနယ်ပယ်သို့ တက်ရောက်နိုင်ဦးမှသာ ဖြစ်သည်။
အဆုံးတွင်တော့ ရိုးရေစတေးနယ်ပယ် နှောင်းပိုင်းအဆင့်ကသာ လူအများစုအတွက် နောက်ဆုံးပစ်မှတ် ဖြစ်လို့နေဆဲပင်။
စုမင် မျက်လုံးများကို မှိတ်၍ ကမ္ဘာ၏ စွမ်းအားများကို အာရုံခံလိုက်ချိန်မှာပင် ကောင်းကင်ထက်ရှိ လေပွေကြီးအတွင်းမှ တစ်စိတ်တစ်ပိုင်း ထွက်ပေါ်နေခဲ့သော မာန်ဝိညာဉ်နယ်ပယ် နတ်ဘုရားရုပ်တုကြီးမှာလည်း ပျောက်ကွယ်သွားတော့မည့် အရိပ်အယောင်များ စတင်ပြသလာခဲ့ချေပြီ။ ရိုးရေစတေးနယ်ပယ် နတ်ဘုရားရုပ်တုသည်လည်း ပျောက်ကွယ်သွားတော့မည်ကဲ့သို့ တစ်ဖြည်းဖြည်း ကြည်လင်လာခဲ့သည်...
မြေပြင်ပေါ်ရှိ ဖိအားများသည်လည်း စတင်လျော့ပါးစ ပြုလာသည်။ များမကြာမီမှာပင် ကမ္ဘာကြီးက ပုံမှန်ပြန်ဖြစ်သွားပြီး စုမင် ဤတစ်ကြိမ် ကြုံတွေ့ရသည့် အခွင့်ထူးကလည်း အဆုံးသတ်တော့မည်ဟု ဆိုလိုနေခြင်း ဖြစ်သည်။
ဖိအားများ ပျောက်ကွယ်လာသည်နှင့်အမျှ မြေပြင်ပေါ်ရှိ လူအချို့မှာလည်း မတ်တပ်ထရပ်လာကြသော်ငြား ခံစားနေရသည့် ဒုက္ခက ကြီးမားနေဆဲဖြစ်သည်။ သို့သော်လည်း သူတို့မျက်လုံးများကတော့ အပြာရောင်အလင်းတို့ ဖုံးလွှမ်းနေသော မပီဝိုးတဝါး လူတစ်ယောက်ကို ကြည့်ရန် ကောင်းကင်ကိုသာ စူးစိုက်ထားကြလေသည်။
အချိန်တို့ ကုန်လွန်လာပြီး လေပွေအတွင်းရှိ မာန်ဝိညာဉ်နယ်ပယ် နတ်ဘုရားရုပ်တုကြီးမှာ ပျောက်ကွယ်လုနီးပါးပင် ဖြစ်သွားချေပြီ။ ၎င်း၏ ပုံစံအရဆိုလျှင် တစ်ခဏအတွင်းမှာပင် လုံးဝ ပျောက်ကွယ်သွားပေလိမ့်မည်။ ရိုးရေစတေးနယ်ပယ် နတ်ဘုရားရုပ်တုသည်လည်း လုံးဝ ပျောက်ကွယ်သွားတော့မှာ ဖြစ်သည်။
စုမင်ကတော့ မျက်လုံးများကို မှိတ်ထားဆဲဖြစ်သည်။ ထိုအခိုက်အတန့်တွင် သူသည် အလွန်အမင်း အားနည်းနေပြီး သူ မာန်စွမ်းအားရှင်တစ်ယောက် ဖြစ်မလာခင် သာမန်မျိုးနွယ်စုဝင်လေး တစ်ယောက်ဘဝတုန်းကလိုပင် တစ်ထပ်တည်း ခံစားနေရလေသည်။ သို့သော် သူ့ခန္ဓာကိုယ်က ပိုမိုအားနည်းနေခဲ့သော်လည်း သူ့ပတ်ဝန်းကျင်တွင် တည်ရှိနေသော ကမ္ဘာ့စွမ်းအားများကိုတော့ ပိုမိုရှင်းလင်းစွာ ခံစားမိနေသည်။
သူသည် အားနည်းကောင်း အားနည်းနေနိုင်သော်ငြားလည်း လုံးဝဥဿုံ ချိနဲ့နေပုံ မပေါ်သည်ကိုတော့ တစ်ဖြည်းဖြည်း တွေ့ရှိလာခဲ့သည်။ သူ့ကိုယ်ထဲ၌ တည်ရှိနေသော အရှိန်အဝါတစ်ခု ရှိနေသေးသလိုပင်။ သို့သော် ၎င်းက အလွန်အားပျော့နေပြီး ရုပ်နယ်လွန်စွမ်းအားများကြောင့် သူ့ကိုယ်တွင်း၌ အရေးမပါသည့် အရာတစ်ခုသဖွယ် ဖြစ်နေခဲ့သည်။ သို့သော် ရုပ်နယ်လွန်စွမ်းအားများ မှေးမှိန်လာသည်နှင့်အမျှ ၎င်းက တစ်ဖြည်းဖြည်း စတင်ထင်ရှားလာခဲ့သည်။
ထိုအရာက သန့်စင်ထားသော အရှိန်ဝါကို ဆိုလိုခြင်းဖြစ်သည်။
၎င်းသည် စုမင်အား နတ်ဘုရားစိတ်အာရုံကို ရရှိစေခဲ့သော သူ့ကိုယ်တွင်း ဖွင့်လှစ်ထားသော လမ်းကြောင်း၌ သိုလှောင်ထားသည့် အရှိန်ဝါဖြစ်သည်။
'ဒါက အရှိန်ဝါသန့်စင်ခြင်း ကျင့်စဉ်ပဲ။ အဲဒါက ငါ ဟယ်ဖုန်းဆီကနေ ရပြီး သင်ယူခဲ့ပြီးချိန်မှာ အမည်ပေးထားခဲ့တဲ့ တစ်ခြား ကျင့်ကြံခြင်း နည်းလမ်းတစ်မျိုးပဲ'
စုမင် မျက်လုံးများကို ဖွင့်လိုက်သည်။ ထိုအရာက သူ့စိတ်ကူးယဉ်မှု သက်သက်လားဆိုတာ မသေချာသော်ငြားလည်း သူ့ကိုယ်တွင်းရှိ စွမ်းအားများမှာ ကမ္ဘာပေါ်ရှိ ဤစွမ်းအားများနှင့် အတော်ဆင်တူနေသည်ဟုတော့ ခံစားနေရလေသည်။
ဤတူညီမှုက သူ့အား ထိုသန့်စင်သောအရှိန်ဝါကို ပထမဆုံး ရရှိခဲ့စဉ်က ရင်းနှီးကျွမ်းဝင်သော ခံစားချက်တစ်ခုကို ပြန်လည်သတိရသွားစေသည်။ ထိုခံစားချက်ကြောင့်လည်း သူဤကျင့်စဉ်ကို အရှိန်ဝါသန့်စင်ခြင်းဟု အမည်ပေးခဲ့ခြင်း ဖြစ်သည်။
စုမင် မျက်လုံးတို့ တောက်ပသွားသည်။ သူ့ကိုယ်တွင်းရှိ ဖွင့်လှစ်ထားသော လမ်းကြောင်းမှ ထိုအရှိန်ဝါများမှာ ယခုတော့ သူ့အာရုံများ၌ သိသိသာသာ ပေါ်ထွက်လာခဲ့ချေပြီ။ သူ့မျက်လုံးများအတွင်း တစ်ချက်တောက်ပသွားပြီး ပါစပ်ဟကာ အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။
ထိုရှူသွင်းလိုက်သော အရာက သူ့ခန္ဓာကိုယ် အတွင်းပိုင်းသို့ လျင်မြန်စွာ ပျံ့နှံ့သွားပြီး သူ့ခန္ဓာကိုယ်ရှိ အရှိန်ဝါများကို ရှင်းရှင်းလင်းလင်း ခံစားလာရစေသည်။ ထိုစွမ်းအားများ သူ့ခန္ဓာကိုယ်တစ်လျှောက် အလျင်အမြန် ပျံ့နှံ့ပြီးသွားသည်နှင့် တစ်ပြိုင်နက် လောကစွမ်းအားများမှာ စုမင်ထံ တိုးဝင်လာကြပြီး သူကလည်း ၎င်းတို့အား ပိုမိုများပြားစွာ ရှူသွင်းလိုက်သည်။
ကမ္ဘာပေါ်မှ ထိုစွမ်းအားတစ်ရှိုက်စာကပင် စုမင်ခန္ဓာကိုယ်အား ရုတ်ခြည်းဖောင်းကားသွားစေခဲ့သည်။ သူဆုံးရှုံးခဲ့ရသည့် အသက်ဓာတ်နှင့် သွေးတို့မှာလည်း အနည်းငယ် ပြန်လည်ပြည့်ဝလာခဲ့သည်။
၎င်းသာမက... ပိုအရေးကြီးသည်မှာ ယခင်က သိုလှောင်ထားခဲ့သော အရှိန်ဝါများမှာ အဆပေါင်းများစွာ ပိုမိုသန်မာလာပြီး ယခုဆိုလျှင် သူ့ကိုယ်တွင်း၌ နဂါးတစ်ကောင်သဖွယ် လျင်မြန်စွာ ကူးခတ် လှုပ်ရှားနေသည်ကိုပင် စုမင်ခံစားမိနေခြင်း ဖြစ်သည်။
စုမင် အနည်းငယ် စိတ်ရှုပ်ထွေးသွားသော်လည်း သူ့တွင် ထိုအကြောင်းနှင့်ပက်သက်၍ စဉ်းစားနေရန် အချိန်များစွာမရှိကြောင်း သိနေခဲ့သည်။ နတ်ဘုရားရုပ်တုကြီးတစ်ခုက ပျောက်ကွယ်သွားခါနီး ဖြစ်နေချေပြီ။ သူ့ပါးစပ်ကို ချက်ချင်းဟ၍ နောက်ထပ်တစ်ဖန် ရှူရှိုက်လိုက်ပြန်သည်။
ဤတစ်ကြိမ်တွင်တော့ သူ့ပါးစပ်တွင်းသို့ လောကစွမ်းအားများ ဝင်ရောက်လာပြီးသည်နှင့် စုမင်ခန္ဓာကိုယ်မှာ ပြန်လည်ပြည့်ဖြိုးလာပြီး သွေးနှင့် အသက်ဓာတ်တို့မှာလည်း ချက်ချင်း ပြန်လည်ပြည့်ဝသွားခဲ့သည်။ သို့သော် တစ်ချိန်တည်းမှာပင် သူ့ကိုယ်တွင်း၌လည်း အလွန်အမင်းစူးရှသော နာကျင်မှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ဖွင့်လှစ်ထားသော လမ်းကြောင်းငယ်အတွင်းရှိ အရှိန်ဝါတို့မှာ နောက်ထပ်တစ်ဖန် ပိုမိုအားကောင်းလာပြန်သည်။ ၎င်းတို့က စုမင်ကိုယ်တွင်း၌ ပျံ့နှံ့သွားပြီး လောကစွမ်းအားနှင့် ဆက်စပ်လုနီးပါး ဖြစ်သွားခဲ့သည်။
စုမင် ဤလုပ်ရပ်ကို လုပ်လိုက်သည်နှင့် မြေပြင်ပေါ်မှ အစွမ်းထက်ရှာမန်သုံးဦး၏ အမူအယာများက သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ သူတို့မျက်ဝန်းများက ကျဉ်းမြောင်းသွားပြီး ကောင်းကင်အား စူးစိုက်ကြည့်လိုက်မိကြသည်။
သူတို့စိတ်ထဲ၌ ဆူညံသံများ ဖြစ်ပေါ်နေပြီး သူတို့၏ နတ်ဘုရားစိတ်အာရုံများမှာ ပိတ်ဆို့ခံထားရပုံ ပေါ်သော်ငြားလည်း ၎င်းတို့၏ ခန္ဓာကိုယ်များကတော့ ကမ္ဘာပေါ်ရှိ စွမ်းအားများအတွင်းမှ အပြောင်းအလဲများကို ခံစားနိုင်နေဆဲ ဖြစ်သည်။ ဦးတည်တိုးဝင်နေသည့် ၎င်းစွမ်းအားများ၏ အင်အားက သူတို့အား ကောင်းကင်ရှိ လူမှာ ရိုးရေစတေးနယ်ပယ်မှ မာန်စွမ်းအားရှင်တစ်ဦး မဟုတ်ပဲ မာန်ဝိညာဉ်နယ်ပယ်မှ မာန်စွမ်းအားရှင်တစ်ဦး ဖြစ်သည်ဟူသော ခံစားမှုမျိုး ပေးစွမ်းလို့နေသည်။
မာန်ဝိညာဉ်နယ်ပယ်ရှိ မာန်စွမ်းအားရှင်အိုကြီးများ၏ အမူအယာများသည်လည်း မယုံကြည်နိုင်မှုနှင့် ထိတ်လန့်တုန်လှုပ်မှုများ အဖြစ် ပြောင်းလဲသွားခဲ့သည်။
"အဲဒါ လောကစွမ်းအားပဲ။ သူက ကမ္ဘာကြီးရဲ့ လောကစွမ်းအားတွေကို တစ်ကယ်ကြီး ထိန်းချုပ်နိုင်တယ်ပေါ့"
"ဒါက ရိုးရေစတေးနယ်ပယ် နှောင်းပိုင်းအဆင့်မှာ ရှိတဲ့သူတွေသာ အစွန်အဖျားလောက် သုံးနိုင်ပြီး မာန်ဝိညာဉ်နယ်ပယ် ရောက်မှသာ ထိန်းချုပ်နိုင်တဲ့ စွမ်းအားမဟုတ်ဘူးလား။ သူ ဘယ်လိုလုပ်လိုက်တာလဲ"
"သူနဲ့ ပက်သက်ပြီး တစ်ခုခုတော့ လွဲနေပြီ..."
စုမင်၏ အသက်ဓာတ်နှင့် သွေးတို့မှာ ပြန်လည် ကောင်းမွန်လာပြီး ပေါက်ကွဲထွက်တော့မည့် ခံစားချက်က ပိုမိုပြင်းထန်လာသဖြင့် ခေါင်းကိုမော့ကာ ကောင်းကင်သို့ ဟစ်ကြွေးလိုက်သည်။ ထိုသို့ လုပ်လိုက်သည်နှင့် သူ့ကျောရိုးပေါ်ရှိ စတုတ္ထမြောက် ကျောရိုးဆစ်မှ အပြာရောင်အလင်းများ ပေါက်ကွဲထွက်ပေါ်လာသည်။
အပြာရောင်အလင်းတို့ ပျံ့နှံ့သွားသည်နှင့် တစ်ပြိုင်နက် ပျောက်ကွယ်လုနီးပါး ဖြစ်နေသော နတ်ဘုရားရုပ်တုကြီး နှစ်ခုသည်လည်း ပျောက်ကွယ်သွားနေရာမှ ရုတ်ခြည်း ရပ်တန့်သွားကြသည်။ ယင်းအစား ၎င်းတို့၏ အကောင်အထည်ရှိသော ပုံစံများကိုပင် တစ်ဖန်ပြန်လည် ရရှိလာကြသည်။ ၎င်းတို့ခန္ဓာကိုယ်များ ရုပ်လုံးပေါ်လာသည်နှင့် အမျှ စုမင်ခန္ဓာကိုယ်သည်လည်း ရိုးရေစတေးနယ်ပယ်သို့ ရောက်ရှိရန် ကူညီပေးမည့် ထူးခြားသောဖိအားများအောက်တွင် စတင်ခြောက်ကပ်လာခဲ့သည်။
လောကစွမ်းအားများကြောင့် ပြန်လည်ကောင်းမွန်လာသော သူ့ကိုယ်တွင်းရှိ သွေးနှင့် အသက်ဓာတ်တို့မှာလည်း စတုတ္ထမြောက် မာန်အရိုး၏ ချက်ချင်းစုပ်ယူခြင်းကို ခံလိုက်ရပြီး စုမင်ကိုယ်မှာလည်း လျင်မြန်သောအရှိန်ဖြင့် ပိန်ပါးလာခဲ့ချေသည်။
စုမင်မျက်လုံးများအတွင်း စိတ်လှုပ်ရှားမှုတို့ ဖြစ်ပေါ်လာသည်။ သူ၏ မရည်ရွယ်ထားသော လုပ်ရပ်က သူ့ထံသို့ ကြီးကျယ်သော အခွင့်ကောင်းတစ်ခု ယူဆောင်လာခဲ့လိမ့်မည်ဟု စုမင်လုံးဝ မမျှော်လင့်ထားခဲ့မိပေ။ သူ့နှလုံးခုန်သံများသည်လည်း အလွန်လျင်မြန်လာ၏။ ခန္ဓာကိုယ်က စတင်ခြောက်ကပ်လာသောအခါ စုမင် ကောင်းကင်သို့မော့၍ ပါးစပ်ဟကာ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြန်သည်။
သူရှူသွင်းလိုက်သည်နှင့် လောကစွမ်းအားများမှာ သူ့ထံတိုးဝင်လာကြပြီး စုမင်ပါးစပ်ထဲသို့ စုပ်ယူခံလိုက်ကြရသည်။ ၎င်းက သူ့ခန္ဓာကိုယ်အား နောက်တစ်ကြိမ် ပြန်လည်ကောင်းမွန်လာစေပြီး တစ်ချိန်တည်းမှာပင် သူ၏ အသစ်သိုလှောင်လိုက်သော အသက်ဓာတ်နှင့် သွေးများမှာလည်း စတုတ္ထမြောက်မာန်အရိုး၏ စုပ်ယူခြင်းကို ခံလိုက်ရပြန်သည်။ အခြားတစ်ဖက်တွင်တော့ သူ့ကိုယ်တွင်းရှိ ဖွင့်လှစ်ထားသော လမ်းကြောင်းငယ်တစ်လျှောက်မှ နဂါးတစ်ကောင်သဖွယ် အရှိန်ဝါတို့မှာ ပိုမိုများပြားလာပြီး သူ့ကိုယ်တွင်း၌ ဆက်လက်လှည့်ပတ်နေရင်း ၎င်း၏ အမြီးနှင့်ခေါင်းက ဆက်စပ်သွားခဲ့လေသည်။
အရှိန်ဝါများ၏ ဦးခေါင်းမှာ ၎င်း၏ အမြီးနှင့် ဆက်စပ်သွားသည်နှင့် တစ်ပြိုင်နက် စုမင် သူ့မျက်လုံးများကို မှိတ်ချလိုက်မိပြီး သူ့ခန္ဓာကိုယ်ကလည်း ရှေ့သို့ ယိမ်းထိုးသွားသည်။ အသွင်ပြောင်းလဲမှုတစ်ခုအား ဖြတ်သန်းခဲ့ရဟန်ဖြင့် သူ့ကိုယ်တွင်းမှ အနက်ရောင်အညစ်အကြေးများ ချက်ချင်းစိမ့်ထွက်လာခဲ့သည်။
ထိုအသွင်ပြောင်းခြင်းနှင့်အတူ ကိုယ်တွင်းရှိ ပွင့်နေသော လမ်းကြောင်းမှာလည်း ကြီးမားကျယ်ပြန့်လာပြီး ၎င်းအတွင်းရှိ ဆက်စပ်နေသော အရှိန်ဝါများမှာ အလျင်အမြန် စတင်ပေါင်းစပ်လာကြသည်။ အရှိန်ဝါများမှာ စုစည်းသွားမိသည်နှင့် တစ်ပြိုင်နက် အချင်းချင်းဖိနှိပ်လျက် အရည်စက်များအဖြစ် စတင်ပြောင်းလဲလာကြသည်ကို စုမင် အာရုံခံလိုက်မိသည်။
သူ့အရှိန်ဝါများက အရည်အဖြစ်သို့ ပြောင်းလဲသွားခဲ့ချေပြီ။
ဤအရာကြောင့် သူ့ခန္ဓာကိုယ်သည်လည်း ပြောင်းလဲသွားခဲ့၏။ သူသည် ယခင်ထက် ပိုမိုသေးသွယ်လာပြီး မာန်စွမ်းအားရှင် မျိုးနွယ်စုဝင် တစ်ဦး၏ ပုံပန်းသွင်ပြင်များအားလုံး ပျောက်ဆုံးသွားခဲ့သည်။ သူ့ဆံပင်များမှာလည်း ပိုမိုရှည်လျားလာပြီး အသားအရည်ကတော့ သလင်းကျောက်သဖွယ် ဖြူဖျော့ကြည်လင်လာခဲ့သည်။ သူ့ထံမှ ထူးခြားသော စရိုက်လက္ခဏာတစ်ခုလည်း ထွက်ပေါ်လာခဲ့သည်... ၎င်းက တိတ်ဆိတ် ငြိမ်းချမ်းသော လေထုတစ်ခု ဖြစ်သော်လည်း တစ်ချိန်တည်းမှာပင် ထူးဆန်းစွာ ဆွဲဆောင်မှု ရှိနေခဲ့ပြန်သည်။
ထိုအချိန်မှာပင် စုမင် မျက်လုံးများကို ပြန်ဖွင့်ကြည့်လိုက်သည်။ သူ့အကြည့်ထဲတွင်တော့ ကမ္ဘာပေါ်ရှိ အရာအားလုံးထံ ပျော်ဝင်သွားနိုင်ပုံပေါ်သည့် နက်နဲသိမ်မွေ့မှုတစ်ခု ပါဝင်နေသည်။ ၎င်းအခိုက်အတန့်တွင်တော့ စုမင်၏ စရိုက်လက္ခဏာရပ်များမှာ လွန်ခဲ့သော အချိန်အချို့ခန့်က သူ့အား ကံကြမ္မာဟု ခေါ်ဆိုခဲ့သော ရှာမန်အမျိုးသမီး၏ အရှိန်အဝါလက္ခဏာများနှင့် အလွန်တူညီသွားခဲ့လေသည်။
သူတို့သည် အဝတ်စတစ်ခုတည်းမှ ဖြတ်တောက်ထားသော အဝတ်စများသဖွယ်၊ တူညီသော ကျင့်ကြံခြင်း နည်းလမ်းတစ်မျိုးတည်းကို လေ့ကျင့်ထားသူများ သဖွယ်ပင်...
စုမင် မျက်လုံးများ ဖွင့်လိုက်ချိန်မှာပင် သူ၏ စတုတ္ထမြောက်ကျောရိုးဆစ်အား စတေးခြင်းမှာလည်း ပြီးဆုံးသွားပြီး ၎င်းက မာန်အရိုးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ချေပြီ။
"ငါတစ်ခုခုကို ရည်မှန်းရမယ်ဆိုမှတော့ သေချာပေါက် မြင့်မြင့်မှန်းရမှာပေါ့" သူ့အထက်ရှိ နတ်ဘုရားရုပ်တုကြီးနှစ်ခုကို စုမင်မော့ကြည့်လိုက်သည်။ သူ့အကြည့်ထဲတွင်လည်း ရူးသွပ်မှု အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာပြီး တိုးညှင်းစွာ ရေရွတ်လိုက်ချေသည်။
***