အခန်း (၁၉၃-၁၉၅)
Vol. 13 Ch. 193-195
အခန်း(၁၉၃)
ချင်မိသားစု၏ တပည့်ဖြစ်လာလျှင် သူတို့က ကျင့်ကြံခြင်းလောက၏ ထူးခြားဆန်းကြယ်သော အသံတိုက်ခိုက်မှုပညာရပ်များကို သင်ယူနိုင်လိမ့်မည်။ သို့ဖြစ်၍ ကျင့်ကြံသူအများအပြားသည် ထိုမျှအားကောင်းသော သွေးဆောင်မှုကို မငြင်းဆန်နိုင်ကြချေ။
မြစိမ်းကုချင်းကို ရှာဖွေရန် မျှော်လင့်ချက်သိပ်မရှိသော လေလွင့်ကျင့်ကြံသူများက အပြင်သို့ ချက်ချင်း ထွက်လျှောက်လာကြပြီး နန်းဆောင်ထဲသို့ ဝင်ရောက်သွားကြသည်။ ရှင်းလင်းစွာပင် သူတို့က ကိုတိုမီ၏ သတိုးသားလောင်းဖြစ်လာနိုင်မည့် အခွင့်အရေးကို လက်လျော့လိုက်ကြသည်။
တစ်ခဏကြာပြီးနောက် နောက်ထပ် မည်သူမှ မထွက်လာကြတော့ချေ။ ခန့်မှန်းခြေအားဖြင့် လူတစ်ရာ့သုံးဆယ်ကျော်က ချင်မိသားစုထဲသို့ ဝင်ရောက်ရန် ဆုံးဖြတ်လိုက်ကြသည်။ ထိုအရေအတွက်သည် များသည်ဟု မထင်ရပေ။ သို့သော်လည်း အမှန်မှာ ယင်းက အလွန်များပြားသော ပမာဏဖြစ်သည်။ သူတို့က နှလုံးသားသန့်စင်သီချင်း၏ စမ်းသပ်မှုကို ဖြတ်ကျော်နိုင်ခဲ့ကြသော ပါရမီရှင်များ ဖြစ်ကြသည်။ ချင်မိသားစုက သူတို့ကို လက်ခံလိုက်မည်ဆိုလျှင် ချင်မိသားစု၏ အင်အားက မျက်စိတစ်မှိတ်အတွင်း ချက်ချင်း ကြီးမားတိုးပွားသွားလိမ့်မည်။
အနာဂတ်တွင် ချင်မိသားစု၏ အသံတိုက်ခိုက်မှုပညာရပ်များကို သင်ယူပြီးသွားသည့်အခါ သူတို့က ချင်မိသားစု၏ အခြေခံအုတ်မြစ်အတွက် အားကိုးအားထားရသော ထောင့်တိုင်များ ဖြစ်လာကြလိမ့်မည်။ ချင်မိသားစု၏ အင်အားက အချိန်တိုလေးအတွင်း ကြီးကြီးမားမား တိုးတတ်သွားလိမ့်မည်။
ထို့ကြောင့် အကြီးအကဲရှောင်နှင့် အကြီးအကဲသီက သူတို့၏ မုတ်ဆိတ်ရှည်ကို ပွတ်သပ်၍ ပြုံးလိုက်ကြသည်။ သူတို့က ဤရလဒ်ကို အလွန်စိတ်ကျေနပ်ကြသည်။
ခရမ်းဝါးတောထဲ၌ နှလုံးသားသန့်စင်သီချင်းကို နားထောင်လျှင် တစ်စုံတစ်ယောက်သည် မိမိ၏ အတိတ်ကို ထွင်းဖောက်မြင်နိုင်ပြီး ကိုယ့်ကိုယ်ကိုယ် ပိုပြီးနက်ရှိုင်းစွာ နားလည်သဘောပေါက်သွားလိမ့်မည်။
သီရှီထျန်နှင့် တခြားလူများက ကုချင်းဘုံထဲသို့ ဝင်ရောက်သွားသည့်အခါ သူတို့က ခရမ်းဝါးတောထဲမှာ ထွက်ပေါ်လာကြသည်။ ယခု ခရမ်းဝါးတောထဲမှ သူတို့ထွက်လျှောက်လာသည့်အခါ ရှေးဟောင်းနန်းဆောင်တစ်ခုက သူတို့၏ အရှေ့မှာ ထွက်ပေါ်လာသည်။ ရှေးဟောင်းနန်းဆောင်၏ အနောက်တွင် အဌဂံယဇ်ပလ္လင်တစ်ခု ရှိသည်။ ယဇ်ပလ္လင်သည် လူဆယ်ယောက် မတ်တတ်ရပ်ရန် အလုံအလောက် ကျယ်ဝန်းသည်။ ယဇ်ပလ္လင်၏ ထောင့်တစ်ထောင့်စီမှာ သလင်းကျောက်တစ်ခု နစ်မြုပ်နေသည်။ ယင်းတို့က ထွန်းလင်းတောက်ပသော အလင်းရောင်ကို ထုတ်လွှတ်နေသည်။
ထိုသလင်းကျောက်သည် ဝိညာဉ်ကျောက်တုံးများထဲမှာ တန်ဖိုးအကြီးမားဆုံးဖြစ်သော အထွတ်အမြတ်အဆင့် ဝိညာဉ်ကျောက်တုံး ဖြစ်သည်။ အထွတ်အမြတ်အဆင့် ဝိညာဉ်ကျောက်တုံးသည် တခြားဝိညာဉ်ကျောက်တုံးများနှင့် မတူပေ။ ဝိညာဉ်ကျောက်တုံးထဲမှ ဝိညာဉ်စွမ်းအား ကုန်ဆုံးသွားလျှင်ပင် ယင်းက သာမန်ကျောက်တုံးအဖြစ် မပြောင်းလဲသွားပေ။ ယင်းအစား ကျောက်တုံးက မိုးမြေကြားမှ ဝိညာဉ်စွမ်းအားကို အလိုအလျောက် စုပ်ယူပြီး ပြန်အားဖြည့်လိမ့်မည်။ ထို့ကြောင့် အထွတ်အမြတ်အဆင့် ဝိညာဉ်ကျောက်တုံးများက အလွန်တန်ဖိုးကြီးမားသည်။
ထိုသို့ဝိညာဉ်ကျောက်တုံးတစ်တုံးကို ပိုင်ဆိုင်ထားခြင်းက သုံးမကုန်သော ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ထားခြင်းနှင့် ဆင်တူသည်။ ယင်းက ကျင့်ကြံခြင်းအတွက် မည်မျှအသုံးဝင်ကြောင်း စိတ်ကူးကြည့်နိုင်ပေသည်။
သို့သော်လည်း ဤယဇ်ပလ္လင်ပေါ်တွင် အထွတ်အမြတ်အဆင့် ဝိညာဉ်ကျောက်တုံးက ရှစ်ခုတောင် ရှိ၏။ အကယ်၍ ထိုသတင်းသာ အပြင်လောကသို့ ပျံ့နှံ့သွားမည်ဆိုလျှင် လူအများအပြားက အံ့ဩထိတ်လန့်သွားကြလိမ့်မည်။ သို့သော်လည်း ထိုဝိညာဉ်ကျောက်တုံးများက အလွန်လျှို့ဝှက်သော နေရာမှာ တည်ရှိသည်။ အကယ်၍ တစ်စုံတစ်ယောက်က သေချာမကြည့်လျှင် ယင်းတို့ကို ရှာတွေ့လိမ့်မည် မဟုတ်ချေ။
အကြီးအကဲရှောင်နှင့် အကြီးအကဲသီသည် တပည့်များ ခေါ်ယူစုဆောင်းပြီးလျှင် ယဇ်ပလ္လင်၏ အရှေ့သို့ လျှောက်သွားကြသည်။ သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး တစ်ပြိုင်နက် ခေါင်းညိတ်လိုက်ကြသည်။
သူတို့က လျှို့ဝှက်ဆန်းကြယ်သော ချိပ်တံဆိပ်များကို မြန်ဆန်စွာ ဖွဲ့စည်းလိုက်ကြပြီး ယင်းတို့ကို ယဇ်ပလ္လင်ထဲသို့ ပို့လွှတ်လိုက်ကြသည်။
“ ရွှတ် ”
ချိပ်တံဆိပ်များ ဝင်ရောက်လာသည့်အခါ ယဇ်ပလ္လင်က ရုတ်တရက် တုန်ယင်သွားပြီး အဖြူရောင်အလင်းတန်းကို ထုတ်လွှတ်လိုက်သည်။ အဖြူရောင်အလင်းသည် လေထဲမှာ မလွင့်ပြယ်သွားပေ။ ယင်းက ယဇ်ပလ္လင်ပေါ်တွင် ကြီးမားသော ပုံရိပ်ယောင်တံခါးတစ်ချပ်ကို ဖွဲ့စည်းပေးလိုက်သည်။
တံခါးက ယဇ်ပလ္လင်ပေါ်မှာ လွင့်မျောနေပြီး အဖြူရောင်အလင်းကို ထုတ်လွှတ်နေသည်။ စွမ်းအင်လှိုင်းဂယက်များက တံခါး၏ မျက်နှာပြင်ပေါ်တွင် ရေလှိုင်းများသဖွယ် တအိအိလှုပ်ခတ်နေသည်။ ယင်းက အလွန်အံ့ဖွယ်ကောင်းသည်။
“ ချင်မိသားစုဆီမှာ တကယ်ပဲ နက်ရှိုင်းတဲ့ အခြေခံအုတ်မြစ်ရှိတယ်… ဒဏ္ဍာရီအရ ပုံရိပ်ယောင်တံခါးက ရှေးခေတ်ကတည်းက ဆင်းသက်လာခဲ့တာတဲ့… တစ်စုံတစ်ယောက်က ပုံရိပ်ယောင်တံခါးထဲ ဝင်ရောက်သွားမယ်ဆိုရင် မျက်စိတစ်မှိတ်အတွင်းမှာ တခြားကမ္ဘာတစ်ခုဆီ ရောက်ရှိသွားလိမ့်မယ်… အဲ့ဒါက ဟင်းလင်းပြင်ကို တိုက်ရိုက် ဖြတ်ကျော်သွားတာနဲ့ အတူတူပဲ ”
“ အံ့ဩစရာပဲ… တည်နေရာပြောင်းရွှေ့ခြင်းဝင်္ကပါကို ငါအသုံးပြုဖူးတယ်… ဒီဟာက ပုံရိပ်ယောင်တံခါးကို ပထမဆုံးအကြိမ် ငါမြင်ဖူးတာပဲ ”
“ အဲ့ဒီပုံရိပ်ယောင်တံခါးရဲ့ အနောက်မှာ ကုချင်းဘုံရဲ့ တကယ့်တည်နေရာရှိရမယ်… အဲ့ဒါက တခြားဟင်းလင်းပြင်ထဲမှာ ဟုတ်တယ်မလား… ဒဏ္ဍာရီထဲမှာ ဖော်ပြထားတာက ပုံရိပ်ယောင်တံခါးတွေက မတူညီတဲ့ ဟင်းလင်းပြင်အမျိုးမျိုးဆီ ခေါ်ဆောင်သွားနိုင်တယ် ”
ပုံရိပ်ယောင်တံခါး ထွက်ပေါ်လာသည့်အခါ အဆင့်မြင့်သော ထိုတည်နေရာပြောင်းရွှေ့ခြင်းဝင်္ကပါအကြောင်း သိထားကြသော လူများက တုန်ယင်သွားကြသည်။ ထူးဆန်းသော အလင်းရောင်က သူတို့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ လူအများအပြားက အံ့ဩထိတ်လန့်စွာ တီးတိုးရေရွတ်လိုက်ကြသည်။ ကုချင်းဘုံသို့ ဝင်ရောက်ရန် ထိုပုံရိပ်ယောင်တံခါးကို ဖြတ်သန်းရလိမ့်မည်ဟု သူတို့မမျှော်လင့်ထားကြချေ။
အဘယ့်ကြောင့်ဆိုသော် ရှေးခေတ်မှာကတည်းက ပုံရိပ်ယောင်တံခါးများသည် တသီးတခြားတည်ရှိသော ဟင်းလင်းပြင်များနှင့် အမြဲတမ်း ဆက်သွယ်နေသည်။ ယင်းက သာမန်မျက်စိ သို့မဟုတ် စိတ်အာရုံဖြင့် မစူးစမ်းနိုင်သော လျှို့ဝှက်ဟင်းလင်းပြင်နှင့် ဆင်တူသည်။
ယင်းက ပုံရိပ်ယောင်တံခါး၏ အထူးခြားဆုံး လျှို့ဝှက်ဆန်းကြယ်မှု ဖြစ်သည်။
“ အားလုံးပဲ… ဒီတံခါးထဲ မင်းတို့ဝင်လိုက်တာနဲ့ စစ်မှန်တဲ့ ကုချင်းဘုံဆီ ရောက်ရှိသွားလိမ့်မယ်… ဒါပေမဲ့ မင်းတို့သိထားရမှာက ကုချင်းဘုံထဲ ဝင်ရောက်သွားတာနဲ့ ဒီအကြီးအကဲက မင်းတို့ကို ဘာမှမကူညီပေးနိုင်တော့ဘူး… အထဲမှာ အခွင့်အလမ်းကောင်းတွေ ရှာဖွေနိုင်မလားဆိုတာ မင်းတို့ရဲ့ ကံကြမ္မာနဲ့ အရည်အချင်းပေါ်မှာပဲ မူတည်လိမ့်မယ်… ကောင်းပြီ… အထဲ ဝင်ကြပါ ”
အကြီးအကဲသီက ခပ်ရေးရေး ပြုံးလိုက်ပြီး ပြောသည်။ သူ၏ အပြောအဆိုနှင့် အပြုအမူများက အေးဆေးတည်ငြိမ်ပြီး စိတ်ရင်းမှန်ဖြစ်သည်။ သူက ပုံရိပ်ယောင်တံခါးကို ဖွင့်လှစ်ပြီးနောက် အကြီးအကဲရှောင်နှင့်အတူ နန်းဆောင်ဆီသို့ ပြန်သွားသည်။ ကျန်ကိစ္စများကို သူက ဂရုမစိုက်တော့ဟန် ရ၏။
သူဆိုလိုချင်သော အဓိပ္ပာယ်က ရိုးရှင်းသည်။ မည်သူမဆို ကုချင်းဘုံထဲသို့ ဝင်ရောက်နိုင်သည်။ မဝင်ရောက်ချင်သူများကို သူက အတင်းဖိအားမပေးပေ။ ဆုံးဖြတ်ချက်ချနိုင်မည့် အခွင့်အရေးက သူတို့၏ လက်ထဲမှာသာ ရှိ၏။
“ အားလုံးလဲ… ကျုပ်လုကျီလင်းက အရင်သွားနှင့်ပါမယ်… ကုချင်းဘုံက ဘယ်လိုအရာမျိုးလဲ ကျုပ်မြင်ချင်တယ် ”
လုကျီလင်းသည် တုံ့ဆိုင်းမနေဘဲ ယဇ်ပလ္လင်ပေါ်သို့ လျှပ်စီးပမာ အလျင်ဖြင့် ပျံသန်းသွားသည်။ သူက ပုံရိပ်ယောင်တံခါးထဲသို့ တန်းမတ်စွာ ဝင်ရောက်သွားသည်။ နောက်အခိုက်အတန့်မှာ လူတိုင်း မြင်လိုက်ရသည်မှာ ပုံရိပ်ယောင်တံခါးက ကျောက်ခဲပြုတ်ကျသွားသော ရေမျက်နှာပြင်ကဲ့သို့ လှိုင်းဂယက်ထသွားပြီး လုကျီလင်း၏ ပုံရိပ်က ပျောက်ကွယ်သွားသည်။
သို့သော်လည်း ဘေးပတ်ဝန်းကျင်မှ မိုးမြေဝိညာဉ်စွမ်းအားတွင် မည်သည့်ပြောင်းလဲမှုမှ မထွက်ပေါ်လာပေ။ လှိုင်းတစ်ခုပင် မထွက်ပေါ်လာပေ။ ယင်းက အမှန်တကယ် လျှို့ဝှက်ဆန်းကြယ်သည်။
တစ်ယောက်က အရှေ့မှ ဦးဆောင်သွားသည့်အခါ ကျန်လူများသည်လည်း စတင်ရွေ့လျားလိုက်ကြသည်။ လူတစ်ယောက်ပြီးတစ်ယောက်က ပုံရိပ်ယောင်တံခါးထဲသို့ အလျှင်အမြန် ပျံသန်းသွားကြသည်။ မြစိမ်းကုချင်းကို တစ်ယောက်ယောက်က သူတို့ထက်အရင် ရယူသွားမည်ကို စိုးရိမ်နေကြဟန် ရ၏။
စက်ကရာသည် နေရာမှာ ရပ်နေသည်။ သူက ပုံရိပ်ယောင်တံခါးထဲသို့ အလျှင်စလို မဝင်ရောက်ပေ။ ယင်းအစား သူက ပုံရိပ်ယောင်တံခါးထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်သွားနေကြသော ကျင့်ကြံသူများကို အေးတိအေးစက် စိုက်ကြည့်နေသည်။
သူက စိတ်ထဲမှာ တိတ်တဆိတ် ရေရွတ်လိုက်သည်။
“ ချင်မိသားစုက သာမန်ကျင့်ကြံခြင်းမိသားစုတစ်ခု လုံးဝ မဖြစ်နိုင်ဘူး… အဲ့ဒီပုံရိပ်ယောင်တံခါးက ကျင့်ကြံခြင်းမိသားစုတစ်ခုကို မဆိုထားနဲ့ ကျင့်ကြံခြင်းဂိုဏ်းတွေကတောင် မတည်ဆောက်နိုင်ခဲ့ဘူး… ဒဏ္ဍာရီထဲမှာ ပြောထားတဲ့အတိုင်းဆိုရင် ပုံရိပ်ယောင်တံခါးရဲ့ အနောက်မှာ အံ့ဖွယ်မှော်စွမ်းရည်နဲ့ ဖွင့်လှစ်ထားတဲ့ သီးခြားဟင်းလင်းပြင်တစ်ခု ရှိတယ်… ကုချင်းဘုံက အဲ့ဒီဟင်းလင်းပြင်ထဲမှာ တည်ရှိနေတာလား… ဒီလိုစွမ်းရည်က တကယ်အံ့ဩစရာပဲ ”
ထိုသို့သူစဉ်းစားနေစဉ် ကျင့်ကြံသူအားလုံးနီးပါးက ပုံရိပ်ယောင်တံခါးထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားကြသည်။
သူက နောက်ထပ် တုံ့ဆိုင်းမနေဘဲ ယဇ်ပလ္လင်ပေါ်သို့ လှေကားထစ်မှတဆင့် လျှောက်သွားသည်။ သူက ယဇ်ပလ္လင်ပေါ်မှ ပုံရိပ်ယောင်တံခါးကို သေချာဂရုတစိုက် စစ်ဆေးကြည့်လိုက်သည်။
ထိုပုံရိပ်ယောင်တံခါးက အမှန်တကယ် ထူးခြားသည်။ ယင်းက ရေတံခွန်မှ စီးကျနေသော ရေကန့်လန့်ကာနှင့် ဆင်တူသည်။
သီရှီထျန်သည် စိတ်ထဲမှာ ချီးကျူးပြီးလျှင် အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး ပုံရိပ်ယောင်တံခါးထဲသို့ ဝင်ရောက်သွားသည်။ သူ၏ ခန္ဓာကိုယ်က ပုံရိပ်ယောင်တံခါးကို ဖြတ်သန်း၍ ယင်း၏ အနောက်မှ သီခြားဟင်းလင်းပြင်ဆီသို့ ရောက်ရှိသွားသည်။
" ထူးဆန်းလိုက်တာ "
သီရှီထျန်က သူ့ဘာသာ တွေးတောလိုက်သည်။ ပုံရိပ်ယောင်တံခါးနှင့် သူထိတွေ့သွားသည့်အခါ ရေအောက်ထဲသို့ သူဝင်ရောက်သွားသည့်အလား ခံစားမိသွားသည်။ ယင်းက အလွန်အေးသည်။
သို့သော်လည်း ထိုအခြေအနေနှင့် သဟဇာတ သူမဖြစ်ခင် သူ၏ ခန္ဓာကိုယ်က တံခါးကို ဖြတ်ကျော်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူ့အရှေ့မှ မြင်ကွင်းက ရုတ်တရက် ပြောင်းလဲသွားသည်။ သူ၏ ခြေထောက်က လေထဲမှာ ရှိနေသည်။ သူက မည်သည့်အချိန်ကမှန်းမသိ လေထဲမှာ ထွက်ပေါ်လာသည်။
သူက မြေကြီးနှင့် မီတာဒါဇင်ခန့် ကွာဝေးနေသည်။ အကယ်၍ သူပြုတ်ကျသွားလျှင် သူ့မှာ သန်စွမ်းသော မိစ္ဆာခန္ဓာကိုယ်ရှိလျှင်ပင် သူက ခေါင်းမူးဝေသွားပြီး တစ်ခဏကြာ သတိမေ့သွားလိမ့်မည်။
“ လေဟုန်စီးမန္တန် ”
သီရှီထျန်၏ စိတ်က တည်ငြိမ်နေသည်။ ယင်းကို သူမြင်သွားသော်လည်း မကြောက်ပေ။ သူက လေဟုန်စီးမန္တန်ကို ချက်ချင်း အသုံးပြုလိုက်သည်။ ချက်ချင်းဆိုသလိုပင် အနက်ရောင်လေက ရုတ်တရက် ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်တစ်ဝိုက်မှာ ရစ်ပတ်လိုက်သည်။ မိစ္ဆာချီက အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွားသည်။
အတွေးတစ်ချက်နှင့်အတူ မိစ္ဆာလေ၏ ပံ့ပိုးမှုအောက်မှာ သူ့ခန္ဓာကိုယ်က မြေကြီးပေါ်သို့ ဖြည်းဖြည်းချင်း ဆင်းသက်သွားသည်။ တစ်ချိန်တည်းမှာ သူက ဘေးပတ်ဝန်းကျင်ကို မြန်ဆန်စွာ စစ်ဆေးကြည့်လိုက်သည်။ ထိုအခါ သူ့မျက်လုံးက ဝင်းလက်သွားသည်။
အောက်သို့ သူကြည့်လိုက်သည့်အခါ အမှန်တကယ် အံ့ဩသွားသည်။
သူ၏ ခြေဖဝါးအောက်မှာ တောအုပ်တစ်ခု ရှိဟန် ရ၏။ ထူးဆန်းသော မြူခိုးအလွှာတစ်ခုက တောအုပ်ကို ဖုံးကွယ်ထားသည်။ ထို့ကြောင့် အပေါ်မှ သူကြည့်သည့်အခါ မည်သည့်အရာမှ မမြင်ရပေ။ မြူခိုးထဲတွင် သူက မည်သည့်ဦးတည်ရာသို့ သွားနေကြောင်း မပြောနိုင်ပေ။
ကြည့်ရသည်မှာ လျှို့ဝှက်ဆန်းကြယ်မှုက အရာအားလုံးကို ဖုံးလွှမ်းထားဟန် ရသည်။
" ဘုတ် "
သူက ဘေးဘီကို စစ်ဆေးကြည့်နေစဉ် သူ၏ ခန္ဓာကိုယ်က အောက်သို့ မြန်ဆန်စွာ ဆင်းသက်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူက မြူခိုးထုကို ဖြတ်ကျော်သွားပြီး မြေကြီးပေါ်သို့ ခြေချသွားသည်။
“ ရွှီး ”
စက်ကရာက မြေကြီးပေါ်မှာ သူ့ကိုယ်သူ ဟန်ချက်ထိန်းလိုက်သည်။ သို့သော်လည်း ဘေးဘီကို သူမကြည့်နိုင်မီ ထူးဆန်းသော အသံတစ်သံက သူ့အနောက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအသံထဲမှာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ကိန်းအောင်းနေသည်။ ထိုအသံ ထွက်ပေါ်လာသည်နှင့် စူးရှသော လေခွင်းသံက သူ၏ အနောက်မှာ ရုတ်တရက် ထွက်ပေါ်လာသည်။
“ မကောင်းတော့ဘူး ”
ထိုအသံကို စက်ကရာ ကြားလိုက်သည်နှင့်ချက်ချင်း သူ၏ သူငယ်အိမ်များက ရုတ်တရက် ကျုံ့သွားပြီး သူ၏ နှလုံးခုန်သံက မြန်ဆန်လာသည်။ အခြေအနေမကောင်းတော့ကြောင်း သူသိလိုက်သည်။ သူက နှစ်ခါစဉ်းစားမနေဘဲ လေခွင်းသံ ထွက်ပေါ်လာသော သူ့အနောက်သို့ ချက်ချင်း ရိုက်ချလိုက်သည်။
“ ခရက် ”
တစ်ချိန်တည်းမှာ ထူထဲသော အနက်ရောင်အလင်းလွှာတစ်ခုက သူ၏ ညာလက်ပေါ်မှာ ထွက်ပေါ်လာသည်။ အနက်ရောင်အလင်းထဲတွင် မိစ္ဆာချီက သူ၏ လက်ပေါ်မှ မွေးညင်းပေါက်များထဲမှ စိမ့်ထွက်လာသည်။ မိစ္ဆာချီက ပြောင်းပြန်လှည့်ပတ်သွားသည့်အခါ အနက်ရောင်အမွှေးအမျှင်များက သံမဏိအပ်များသဖွယ် သူ၏ လက်ပေါ်မှာ ထောင်မတ်သွားကြသည်။ သူ၏ လက်က လေထိုးလိုက်သော ပူဖောင်းတစ်လုံးနှယ် ကြီးမားသွားသည်။ သူ၏ လက်ပေါ်မှ အဝတ်အစားက အပိုင်းပိုင်းဆုတ်ပြဲသွားသည်။ စက္ကန့်ပိုင်းလေးအတွင်းမှာ သူ၏ လက်က ဧရာမကျားလက်သည်းအဖြစ် ပြောင်းလဲသွားသည်။
သူရိုက်ချလိုက်သည့်အခါ မိစ္ဆာချီလှိုင်းများက ကျားလက်သည်းထဲသို့ စီးဆင်းသွားသည်။ မိစ္ဆာချီက ကိုးကြိမ်လှည့်ပတ်သွားပြီး အနက်ရောင်ကျားလက်သည်းတစ်ခုအဖြစ် တိုက်ရိုက် သိပ်သည်းသွားသည်။ ကျားလက်သည်းက လေပေါ်သို့ မြှောက်သွားစဉ် မိစ္ဆာချီက သူ့ကို လျှပ်စီးပမာ အလျင်ဖြင့် တိုက်ခိုက်လာသော တစ်စုံတစ်ခုဆီသို့ ဝင်ဆောင့်သွားသည်။ ကျားလက်သည်းက မိစ္ဆာချီအနောက်မှ လိုက်သွားသည်။
အခန်း(၁၉၄)
ယခုအချိန်မှာ သီရှီထျန်၏ မိစ္ဆာချီက မိစ္ဆာသန့်စင်ခြင်းမီးဖို၏ အဆက်မပြတ် သန့်စင်ပေးမှုကြောင့် အလွန်သန့်စင်သည်။ သူတိုက်ခိုက်လိုက်သည့်အခါ သားရဲဘုရင်၏ လွှမ်းမိုးဗိုလ်ကျသော အရှိန်အဝါက ထွက်ပေါ်လာသည်။ သူ့အရှေ့မှ လေဟာနယ်သည်ပင် သူ၏ လက်သည်းချက်ကြောင့် အက်ကွဲသွားတော့မည့်ဟန် ရ၏။
သူ၏ ခြေထောက်သည်လည်း ရပ်မနေပေ။ သူက အနောက်သို့ အမြန်လှည့်လိုက်သည်။
“ ခရက် ”
သူမမျှော်လင့်ထားသည်မှာ ထိုရုတ်တရက် တိုက်ခိုက်မှုက အလွန်အားကောင်းသည်။ မိစ္ဆာချီမှ ဖွဲ့စည်းသွားသော အနက်ရောင်ကျားလက်သည်းက အပိုင်းပိုင်းအစစ ပြိုကွဲသွားသည်။ ထို့နောက် စစ်မှန်သော ကျားလက်သည်းသည် မည်သည့်အကာအကွယ်မှမရှိတော့ဘဲ လျှို့ဝှက်ဆန်းကြယ်သော တိုက်ခိုက်မှုနှင့် တွေ့ဆုံသွားသည်။
" ဘန်း "
သီရှီထျန်၏ သန်စွမ်းကြံ့ခိုင်သော ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ယင်သွားသည်။ သူ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ သူ၏ ဦးခေါင်းအနောက်တွင် အနက်ရောင်ဆံနွယ်များက လေမတိုက်ဘဲ ပြင်းထန်စွာ လှုပ်ယမ်းသွားသည်။ မိစ္ဆာချီလှိုင်းများက ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားသည်။ မိစ္ဆာစံအိမ်ထဲမှ မိစ္ဆာသန့်စင်ခြင်းမီးဖိုသည်လည်း ပြင်းထန်စွာ တုန်ယင်သွားပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ မိစ္ဆာချီလှိုင်းများကို မြန်ဆန်စွာ ထုတ်လွှတ်ပေးလိုက်သည်။
“ ချိုးဖြတ်စမ်း ”
သီရှီထျန်က မျက်ခုံးပင့်တင်လိုက်သည်။ သူ၏ နဖူးပေါ်မှ ခရမ်းရောင်ဘုရင်အမှတ်အသားက မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။ ယင်းက ခရမ်းရောင်မီးတောက်ဘောလုံးတစ်လုံးနှယ် အပြင်းအထန် လှုပ်ခတ်သွားသည်။ ကြောက်မက်ဖွယ်ကောင်းသော ဖိအားက ခရမ်းရောင်ဘုရင်အမှတ်အသားထံမှ ထွက်ပေါ်လာသည်။ သီရှီထျန်က အေးစက်စွာ အော်လိုက်သည်။ လျှပ်တစ်ပြက်အတွင်းမှာ ဝုန်းခနဲ မြည်သံက သူ့အရှေ့မှာ ထွက်ပေါ်လာပြီး ထက်ရှသော စွမ်းအင်က အရပ်မျက်နှာအသီးသီးဆီသို့ ပြန့်ကျဲသွားသည်။
" ဘယ်သူလဲ… မင်းက ငါ့ကို အသံဓားနဲ့ တိုက်ခိုက်ရဲတယ် ”
စက်ကရာ၏ ကျားလက်သည်းပေါ်တွင် သေးငယ်သော ဒဏ်ရာတစ်ခု ထွက်ပေါ်လာသည်။ နီစွေးသော သွေးတစ်စက်က လက်သည်းထံမှ ကျဆင်းသွားသည်။
အသံဓား… ။
မှန်ပေသည်။ ယင်းက အသံဓားဖြစ်သည်။ အနောက်သို့ သူလှည့်လိုက်သည့်အခိုက် သူ့အား တိုက်ခိုက်လာသောအရာကို မြင်လိုက်ရသည်။ ယင်းက သွေးနီရောင်အသံဓားဖြစ်ပြီး ဓားထဲမှာ သတ်ဖြတ်ခြင်းအရှိန်အဝါဖြင့် ပြည့်နှက်နေသည်။
ထို့ပြင် အသံဓားထဲမှာ ကြောက်မက်ဖွယ်စွမ်းအားနှင့် ဖော်မပြနိုင်သော ထက်ရှမှု ကိန်းအောင်းနေသည်။ ယင်းက သူ၏ သန်စွမ်းသော ရုပ်ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာတစ်ခု ကျန်ရစ်စေခဲ့သည်။ လက်ရှိသူ့ခန္ဓာကိုယ်က စစ်မှန်သော မိစ္ဆာခန္ဓာကိုယ်အဖြစ် မပြောင်းလဲထားလျှင်ပင် အသံဓားက မည်မျှအစွမ်းထက်ကြောင်း မြင်နိုင်ပေသည်။
ထိုအခိုက်အတန့်မှာ သူက ထိတ်လန့်သွားသည်။ အကြီးအကဲသီနှင့် အကြီးအကဲရှောင်၏ ပြောကြားမှုအရ ကုချင်းဘုံက အလွန်အန္တရာယ်များကြောင်း သူသိထားသည်။ ကုချင်းဘုံထဲသို့ သူဝင်ရောက်သွားသည်နှင့် အချိန်မရွေး သေဆုံးသွားနိုင်၏။ သို့သော်လည်း အန္တရာယ်က မြေကြီးပေါ်သို့ သူခြေချလိုက်သည်နှင့်ချက်ချင်း ထွက်ပေါ်လာလိမ့်မည်ဟု မည်သူက မျှော်လင့်ထားမည်နည်း။ ယင်းက အမှန်တကယ် အန္တရာယ်များသည်။
သတိပေးခေါင်းလောင်းသံက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ အသံဓားနှင့် သူတွေ့ဆုံသွားသည့်အခိုက် ယင်း၏ စွမ်းအားက အခြေတည်နယ်ပယ် မည်သည့်ကျင့်ကြံသူထက်မှ အားမနည်းကြောင်း သူခံစားမိသည်။ ယင်းက နှောင်းပိုင်းအဆင့် အခြေတည်နယ်ပယ် ကျင့်ကြံသူတစ်ယောက်၏ အစွမ်းပြည့်တိုက်ခိုက်မှုနှင့် ညီမျှသည်။ အကယ်၍ သူသာ အနည်းငယ် နှောင့်နှေးခဲ့မည်ဆိုလျှင် ကြီးမားသော ထိခိုက်ဒဏ်ရာကို ရရှိသွားနိုင်သည်။ အကယ်၍ သူ့နေရာမှာ တခြားတစ်ယောက်ဆိုလျှင် ထိုသူက အသံဓားအောက်မှာ အသတ်ခံရနိုင်ခြေရှိသည်။
သူက အသံဓားထွက်ပေါ်လာသော ဦးတည်ရာဆီသို့ ကြည့်လိုက်သည့်အခါ မျက်လုံးဝင်းလက်သွားသည်။
သူက အမြန် တစ်ချက်ကြည့်လိုက်လေရာ ဘေးပတ်ဝန်းကျင်မှ အရာအားလုံးက သူ၏ မျက်စိအရှေ့မှာ ထွက်ပေါ်လာသည်။ ဘေးပတ်ဝန်းကျင်မှ သစ်ပင်များက အလွန်ထူးဆန်းကြောင်း သူမြင်သွားသည်။ ထိုသစ်ပင်များသည် သာမန်သစ်ပင်များနှင့် အနည်းငယ် ကွာခြားသည်။ ယင်းတို့က ထန်းပင်များ၊ ထင်းရှူးပင်များနှင့် ဝါးပင်အမျိုးမျိုး အစရှိသည်တို့ ဖြစ်ကြသည်။ မြေကြီးပေါ်တွင် ကျောက်ဆောင်ကျောက်တုံးများက ပရမ်းပတာ ပြန့်ကျဲနေသည်။
သူ့အရှေ့တွင် ကျောက်စိမ်းသဖွယ် အသားအရေဖြူဖွေးသော အမျိုးသမီးတစ်ယောက် ရှိသည်။ သူက လက်ထဲမှာ ကျောက်စိမ်းပုလွေတစ်ချောင်းကို ကိုင်ထားသည်။ သူ၏ မျက်နှာပေါ်မှာ ရက်စက်ခက်ထန်သော အမူအရာ ရှိသည်။ သူက သီရှီထျန်ကို မဟာရန်သူတော်တစ်ယောက်ပမာ စိုက်ကြည့်နေသည်။ သူ၏ မျက်လုံးထဲမှာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ထွက်ပေါ်နေသည်။ ဤသည်မှာ သူက သီရှီထျန်ကို သတ်ဖြတ်ချင်နေသည့်အလားပင်။
“ မင်းဘယ်သူလဲ ”
သီရှီထျန်က မျက်မှောင်ကြုတ်လိုက်သည်။ သူက စိတ်ထဲမှာ သတိကြီးစွာထားလိုက်သည်။ အကယ်၍ သူအမှတ်မမှားလျှင် ထိုအမျိုးသမီးသည် ကုချင်းဘုံထဲသို့ ဝင်ရောက်လာသူများထဲမှာ မပါဝင်ပေ။ ထို့ပြင် ထိုအမျိုးသမီးကို ယခင်က တစ်ခါမှ သူမမြင်ဖူးပေ။ သူတို့က တစ်ခါမှ မတွေ့ဆုံဖူးသော်လည်း ထိုအမျိုးသမီးသည် သူ့ကို မဟာရန်သူတော်တစ်ဦးပမာ စူးစိုက်ကြည့်နေသည်။ ထိုစဉ် ကုချင်းဘုံ၏ လျှို့ဝှက်ဆန်းကြယ်မှုကို သူပြန်စဉ်းစားမိသွားသည်။
" ကုချင်းဘုံထဲ ဝင်လာတဲ့ လူတွေ… သေရမယ် ”
အမျိုးသမီးက သီရှီထျန်ကို သွေးနီရောင်မျက်လုံးဖြင့် စိုက်ကြည့်နေသည်။ သူက စိတ်ခံစားမှုမပါသော စကားကို ပြောသည်။
" ဟူး ဟူး ဟူး ”
အေးစက်စက် စကားကို ပြောပြီးနောက် အမျိုးသမီးသည် သူ၏ သေးသွယ်သော လက်ချောင်းများဖြင့် ပုလွေကို ကိုင်၍ နှုတ်ခမ်းအရှေ့မှာ တေ့လိုက်သည်။ သူပုလေမှုတ်လိုက်သည့်အခါ စူးရှသော အသံသုံးသံက သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့်အတူ ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်လာသည်။
လေထဲတွင် ပုလွေအသံများက သွေးနီရောင်လခြမ်းကွေးဓားသုံးလက်အဖြစ် လျှို့ဝှက်ဆန်းကြယ်စွာ ပြောင်းလဲသွားသည်။ ယင်းတို့က လေထဲ၌ တြိဂံပုံသဏ္ဍာန် ဖွဲ့စည်းသွားကြပြီး သီရှီထျန်၏ ဘေးပတ်ပတ်လည်ကို ချိပ်ပိတ်လိုက်သည်။ ပုလွေအသံ ထွက်ပေါ်လာသည်နှင့် ဘေးပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်သွားသည်။ သတ်ဖြတ်ခြင်းအရှိန်အဝါက ဤဧရိယာကို ဖုံးလွှမ်းသွားသည်။
" ဟွန့်… ဒီနေ့ မင်းဘယ်သူပဲဖြစ်ဖြစ် ငါဂရုမစိုက်ဘူး… ငါကလွဲလို့ ဘယ်သူမှ ငါ့အသက်ကို မနုတ်ယူနိုင်ဘူး… ငါ့ကို သတ်ချင်တဲ့လူတွေကို ငါက ပြန်သတ်ပစ်မယ် ”
အမျိုးသမီးက သူ့ကို ထပ်မံ တိုက်ခိုက်လာကြောင်း သီရှီထျန် မြင်သွားသောအခါ သူ၏ အကြည့်က အေးစက်သွားသည်။ သူက သိုလှောင်အိတ်ကို တစ်ချက်ပုတ်လိုက်လေရာ အနက်ရောင်ဓားမော့တစ်လက်က သူ၏ လက်ထဲမှာ ထွက်ပေါ်လာသည်။
အနက်ရောင်ဓားမော့သည် တစ်မီတာထက် ပိုပြီးရှည်သည်။ ယင်းက အလွန်လေးလံသည်။ သူက ဓားကို လက်ထဲမှာ ဆုပ်ထားစဉ် တစ်ရာကီလိုဂရမ်ထက် မလျော့သော အလေးချိန်ကို ခံစားမိသွားသည်။ အနက်ရောင်အလင်းက ဓားမော့ပေါ်တွင် ရေစီးကြောင်းတစ်ခုပမာ စီးဆင်းနေသည်။ ဓားမော့က အေးစက်စက် အငွေ့အသက်ကို ထုတ်လွှတ်နေသည်။ တစ်ချက်ကြည့်ရုံဖြင့်ပင် ယင်းက သာမန်ဓားမော့မဟုတ်ကြောင်း မြင်နိုင်ပေသည်။ ယင်းက ကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်ပေါ်မှာ သီရှီထျန်ရှာတွေ့ခဲ့သော ဓမ္မလက်နက် ဖြစ်သည်။
ဓားမော့ကို မည်သို့အသုံးပြုရမည်ဖြစ်ကြောင်း သူမသိပေ။ သို့သော်လည်း အခြေခံဓားမော့နည်းပညာကို သူတတ်ကျွမ်းထားသည်။
သူက ညာလက်ဖြင့် ဓားမော့အရိုးကို တင်းကျပ်စွာ ဆုပ်လိုက်သည်။ သူက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ သူ့လက်ထဲမှ ဓားမော့က ထိုခြေလှမ်းနှင့်အတူ အရှေ့သို့ လိုက်ပါသွားပြီး အလျားလိုက် ခုတ်ပိုင်းလိုက်သည်။
သီရှီထျန်၏ ဓားမော့က အလွန်ထက်ရှသည်။ သူ၏ ခန္ဓာကိုယ်က ဖော်မပြနိုင်အောင် အလွန်သန်စွမ်းသည်။ လူသားတစ်ယောက်နှင့် နှိုင်းယှဉ်လျှင် သူ၏ ခွန်အားက အဆပေါင်းများစွာ ပိုပြီးသန်မာသည်။ ထို့ပြင် သူက ပမာဏများပြားသော မိစ္ဆာချီကို ဓားမော့ထဲမှာ ထည့်သွင်းခဲ့သည်။ ထိုဓားမော့ခုတ်ချက်သည် လျှပ်စီးပမာ မြန်ဆန်သည်။ သို့ဖြစ်၍ အနက်ရောင်ဓားစက်ဝန်းတစ်ခုက သူ့အရှေ့မှာ ထွက်ပေါ်လာသည်။ ဓားစက်ဝန်းက အသံဓားနှင့် တွေ့ဆုံသွားသည်။
" ထန် "
အသံဓားက အလွန်ထက်ရှပြီး ယင်းက အသံလှိုင်းများမှ ဖွဲ့စည်းသွားခြင်း ဖြစ်သည်။ ထို့ကြောင့် ယင်းဆီမှာ အံ့ဖွယ်ကောင်းသော တုန်ခါမှုအား ကိန်းအောင်းနေသည်။
သို့သော်လည်း ပမာဏများပြားသော မိစ္ဆာချီပါဝင်သည့် ဓားချက်အောက်မှာ အသံဓားက မတော့င်ခံနိုင်ချေ။ မျက်စိတစ်မှိတ်အတွင်းမှာ အသံဓားက ပြိုကွဲသွားသည်။
" ထန် ထန် "
စက်ကရာက ထပ်မံ တိုက်ခိုက်လိုက်သည်။ သူ့လက်ထဲမှ ဓားမော့က ရပ်တန့်မနေပေ။ သူက လက်ကောက်ဝတ်ကို ညင်သာစွာ လှုပ်ရှားလိုက်ပြီး ဓားမော့ကို အပေါ်သို့ ပင့်မြှောက်ကာ ဒုတိယမြောက်အသံဓားကို ခုတ်ပိုင်းလိုက်သည်။ ထို့နောက် သူက အရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး ဓားမော့ထိပ်ဖျားဖြင့် တတိယမြောက်အသံဓားကို တန်းမတ်စွာ ထိုးစိုက်လိုက်သည်။ ထို့ကြောင့် နောက်ဆုံးအသံဓားက အပိုင်းပိုင်းအစစ ပြိုကွဲသွားသည်။
အသံဓားသုံးလက် ပြိုကွဲသွားပြီးနောက် သူက အရှေ့သို့ နောက်ထပ် ခြေနှစ်လမ်း တိုးသွားသည်။ မြေကြီးပေါ်သို့ သူခြေဆောင့်လိုက်သည့်အခါ အက်ကွဲကြောင်းများက ပင့်ကူအိမ်သဖွယ် မြေကြီးပေါ်မှာ ပျံ့နှံ့သွားသည်။
" သေစမ်း "
ကျားဘုရင်၏ နဖူးပေါ်မှ ခရမ်းရောင်ဘုရင်အမှတ်အသားက ပုံမှန်မဟုတ်ဘဲ စိတ်လှုပ်ရှားနေဟန် ရ၏။ ယင်းက အရူးအမူး ခုန်ပေါက်နေပြီး ပရမ်းပတာ လှုပ်ခတ်နေသည်။ ကျားဘုရင်၏ လွှမ်းမိုးဗိုလ်ကျသော အရှိန်အဝါက အရပ်မျက်နှာအသီးသီးဆီသို့ ပျံ့နှံ့သွားသည်။ ဤသည်မှာ ကောင်းကင်ဘုံအင်အားက လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးပေါ်သို့ ဖိကျသွားသည့်အလားပင်။ စက်ကရာ၏ ခန္ဓာကိုယ်ပေါ်တွင် မဟူရာမိစ္ဆာချီက တဟုန်းဟုန်း တောက်လောင်နေသည်။ သူ၏ မျက်နှာက အေးစက်ခက်ထန်နေသည်။
" ဘန်း ဘန်း ဘန်း “
အသံဓားသုံးလက်ကို ဖြိုခွင်းပြီးနောက် သီရှီထျန်က ရပ်မနေပေ။ သူက အရှေ့သို့ ကြမ်းတမ်းစွာ လျှောက်သွားသည်။ သူခြေတစ်လှမ်း လှမ်းလိုက်တိုင်း မြေကြီးက တုန်ခါသွားပြီး မရေမတွက်နိုင်သော အက်ကွဲကြောင်းများ ထွက်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်က အရှေ့သို့ ခုန်ဝင်သွားသည်။ သူ၏ အရှိန်အဝါက တောင်ပေါ်မှ ခုန်ဆင်းလာသော ကျားရိုင်းတစ်ကောင်နှင့် ဆင်တူသည်။ ကျားဟိန်းသံသဲ့သဲ့ပင် သူ၏ အနောက်မှာ ထွက်ပေါ်နေသည်။ သူ၏ လက်မောင်းများပေါ်မှ ကြွက်သားများသည် နဂါးတစ်ကောင်ရစ်ခွေနေသည့်ပုံစံ ရှိသည်။ သူက လူများကို အရှင်လတ်လတ် ဝါးစားချင်နေသည့်အလား ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
မိစ္ဆာစံအိမ်ထဲမှ မိစ္ဆာသန့်စင်ခြင်းမီးဖိုက ပြင်းထန်စွာ တုန်ယင်သွားသည်။ မိစ္ဆာချီလှိုင်းများက ရေပန်းသဖွယ် ထွက်ပေါ်လာပြီး အနက်ရောင်ဓားမော့ထဲသို့ စီးဆင်းသွားသည်။ မိစ္ဆာချီ၏ အားဖြည့်ပေးမှုကြောင့် ဓားမော့က ထွန်းလင်းတောက်ပသော အနက်ရောင်အလင်းကို ထုတ်လွှတ်လိုက်သည်။ ဓားမော့၏ အရှိန်အဝါက သက်တံ့ရှည်တစ်ခုနှယ် ပေါ်ထွက်လာသည်။
“ ထန် ထန် ထန် ”
အမျိုးသမီးသည်လည်း ထူးဆန်းသည်။ သူ၏ မျက်လုံးထဲမှာ သေခြင်းတိတ်ဆိတ်မှုသာ ရှိသည်။ မည်သည့်စိတ်ခံစားမှုမှ မရှိပေ။ သီရှီထျန်၏ ဓားချက်က သူ့အပေါ်သို့ ခုတ်ပိုင်းလာနေကြောင်း မြင်နေသော်လည်း သူက မတိမ်းရှောင်ပေ။ ယင်းအစား သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ၏ တစ်ကိုယ်လုံးကို အပြည့်အဝ ဖုံးလွှမ်းထားသည်။ သူက နောက်တစ်ကြိမ် ပုလွေမှုတ်လိုက်သည်။ အသံဓားသုံးလက်သည် သူ့အပေါ်သို့ ကျဆင်းလာနေသော ဓားမော့ကို လျစ်လျူရှုလျက် အနောက်မှ သီရှီထျန်ဆီသို့ ဦးတည်သွားကြသည်။
အမျိုးသမီးထုတ်လွှတ်လိုက်သော အသံဓားသုံးလက်သည် အလွန်အစွမ်းထက်ပြီး အခြေတည်နယ်ပယ် ကျင့်ကြံသူကို သတ်ပစ်နိုင်စွမ်းရှိသည်။ အသံဓားများ၏ အေးစက်ပြီး ထက်ရှသော အရှိန်အဝါက တစ်စုံတစ်ယောက်ကို ကြက်သီးမွေးညင်းထစေနိုင်ပြီး နှလုံးခုန်မြန်စေနိုင်သည်။ ဤသည်မှာ သူက အရာအားလုံးကို ဖျက်ဆီးပစ်ချင်နေသည့်အလားပင်။
" တင်း… တုန် "
သို့သော်လည်း အသံဓားသုံးလက်က စက်ကရာ၏ ခန္ဓာကိုယ်ကို ထိမှန်တော့မည့်အချိန် မိစ္ဆာစံအိမ်ထဲမှာ ပျံဝဲနေပြီး လိုအင်ဆန္ဒစွမ်းအင်ကို စုပ်ယူဝါးမျိုနေသော ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းက အဖြူရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ အပြင်သို့ ထွက်လာသည်။
ကုချင်း၏ ကြိုးကိုးချောင်းသည် သူ့လက်နှင့်ထိစရာမလိုဘဲ သူ့အလိုအလျောက် လှုပ်ရှားသွားကြသည်။
ကုချင်းအသံက မြန်ဆန်စွာ ထွက်ပေါ်လာသည့်အခါ အသံလှိုင်းစက်ဝန်းများက သူ၏ ခန္ဓာကိုယ်ကို ဗဟိုပြု၍ အရပ်ရှစ်မျက်နှာဆီသို့ ချက်ချင်း ပျံ့နှံ့သွားကြသည်။ ယင်းတို့က သဏ္ဍာန်မဲ့သော အကာအကွယ်နယ်မြေတစ်ခုကို ဖန်တီးလိုက်သည်။
ပုလွေအသံမှ အသံဓားများက ထိုဧရိယာထဲသို့ ဝင်ရောက်လာသည့်အခါ အသံလှိုင်းစက်ဝန်းများဖြင့် အဆက်မပြတ် ရိုက်ခတ်ခံလိုက်ရသည်။ ထို့အခါ ယင်းတို့က နှေးကွေးခြင်းမန္တန်ဖြင့် သက်ရောက်ခံလိုက်ရသည့်အလား နှေးကွေးသွားကြသည်။
ထို့ပြင် သဏ္ဍာန်မဲ့သော အသံလှိုင်းများသည် ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းထံမှ တစ်လှိုင်းပြီးတစ်လှိုင်း ထွက်ပေါ်လာသည်။ ယင်းတို့က အဆုံးမရှိပေ။ ထို့ကြောင့် အသံဓားသုံးလက်သည် သီရှီထျန်၏ အနားသို့ မချဉ်းကပ်နိုင်ကြပေ။
သဏ္ဍာန်မဲ့သော အသံလှိုင်းများ၏ အဆက်မပြတ် ရိုက်ခတ်မှုကြောင့် အသံဓားများထဲမှ အင်အားက ပျက်ပြယ်သွားသည်။ ယင်းတို့၏ အလျင်သည်လည်း သိသိသာသာ နှေးကွေးသွားသည်။
“ မိစ္ဆာမြူနှင်းဓားသွား ”
သီရှီထျန်၏ ဘေးပတ်ဝန်းကျင်မှ မိစ္ဆာမြူခိုးထုက တုန်ခါသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ မြူခိုးထုက အနက်ရောင်လခြမ်းကွေးဓားများအဖြစ် မြန်ဆန်စွာ သိပ်သည်းသွားသည်။ ယင်းတို့က သူ၏ ဘေးပတ်ပတ်လည်၌ နိမ့်ချည်မြင့်ချည် ရွေ့လျားနေကြပြီး တင်းကျပ်သော အကာအကွယ်အလွှာကို ဖွဲ့စည်းလိုက်ကြသည်။
အသံဓားများ ရောက်လာသည့်အခါ ယင်းတို့က မိစ္ဆာမြူနှင်းဓားသွားများနှင့် ထိပ်တိုက် တွေ့ဆုံသွားကြသည်။ ထိုအခါ ကျယ်လောင်သော သတ္ထုမြည်သံများ ထွက်ပေါ်လာသည်။ ပြင်းထန်သော အင်အားနှစ်ခု၏ အပြန်အလှန် ဆန့်ကျင်မှုကြောင့် ဘေးပတ်ဝန်းကျင်မှ ကျောက်တုံးများနှင့် သစ်ပင်များက ပြိုကွဲပျက်စီးသွားကြသည်။
“ သေစမ်း ”
အခန်း(၁၉၅)
ထိုအရာအားလုံးကို ဖော်ပြရန် အချိန်အတော်ကြာသော်လည်း အမှန်မှာ ယင်းတို့အားလုံးက စက္ကန့်ပိုင်းအတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ သီရှီထျန်က အသံဓားများကို ခုခံတားဆီးလိုက်စဉ် အနက်ရောင်ဓားမော့က အမျိုးသမီး၏ ဦးခေါင်းကို ခုတ်ပိုင်းလိုက်သည်။
ဓားမော့သည် အမျိုးသမီးအပေါ် လုံးဝ သနားညှာတာမနေပေ။ ယင်းက အမျိုးသမီး၏ ချောမောလှပသော ရုပ်အဆင်းကိုလည်း လျစ်လျူရှုထားသည်။ ယင်းက လျှပ်စီးပမာ အလျင်ဖြင့် အမျိုးသမီး၏ ဦးခေါင်းကို စိတ်ဓာတ်ပြတ်သားစွာ ခုတ်ပိုင်းလိုက်သည်။
တစ်ချိန်တည်းမှာ ပမာဏများပြားသော မိစ္ဆာချီက ဓားမော့ထဲသို့ တိုးဝင်သွားသည်။ ယင်းက ဓားမော့ကို အနက်ရောင်အလင်း တောက်ပသွားစေသည်။ ထွန်းလင်းတောက်ပသော အနက်ရောင်အလင်းက အမျိုးသမီးကို တိုက်ရိုက် ဖုံးလွှမ်းသွားသည်။
“ ဘန်း ”
သီရှီထျန်၏ ခွန်အားအပြည့် ပါဝင်သော ဓားမော့ခုတ်ချက်က အမှန်တကယ် ကြောက်စရာကောင်းသည်။ ယင်းက ကျောက်တုံးကျောက်ဆောင်များကို ထက်ခြမ်းခွဲပစ်နိုင်ဟန် ရ၏။ ကြောက်မက်ဖွယ်ကောင်းသော ထိုဓားမော့ခုတ်ချက်အောက်မှာ အမျိုးသမီးက မည်သို့အသက်ရှင်နိုင်မည်နည်း။ အနက်ရောင်ဓားအလင်းအောက်တွင် သူ၏ ခန္ဓာကိုယ်က အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားသည်။
“ ဟွန့်… မင်းက ဘယ်သူပဲဖြစ်ပါစေ ဒီဘုရင်ကို သတ်ဖို့ ကြံစည်ရဲရင် ဒီဘုရင်သတ်တာ ခံရလိမ့်မယ် ”
သီရှီထျန်က မြေကြီးပေါ်သို့ ခြေချလိုက်သည်။ သူ၏ ခန္ဓာကိုယ်က သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ထုတ်လွှတ်နေသည်။ သူ၏ နဖူးပေါ်တွင် ခရမ်းရောင်ဘုရင်အမှတ်အသားက မီးတောက်တစ်ခုပမာ တဖျပ်ဖျပ်လှုပ်နေသည်။ ဤတိုက်ပွဲပြီးနောက် သူ၏ သားရဲဘုရင်အရှိန်အဝါက ပိုပြီးသန်စွမ်းလာသည်။ ဤသည်မှာ သူက မြေကြီးပေါ်တွင် အစွမ်းကြီးမားစွာ သို့မဟုတ် မောက်မာထောင်လွှားစွာ တစ်ယောက်တည်း ရပ်နေသည့်အလားပင်။ မည်သူမှ သူ့အား မတုယှဉ်နိုင်ပေ။
သူ၏ ဘုရင်အရှိန်အဝါသည် ပျိုးထောင်ပေးရန် လိုအပ်သည်။ သူ့ကံကြမ္မာကို သူသာလျှင် ဖန်တီးနိုင်သည်ဟု ယုံကြည်သွားသည့်နေ့မှစ၍ ထိုအရှိန်အဝါက သူ၏ ခန္ဓာကိုယ်ထဲမှာ မျိုးစေ့တစ်ခုအဖြစ် ရှိလာသည်။ ထိုမျိုးစေ့ အပင်ပေါက်လာပြီး ရှင်သန်ကြီးထွားလာရန် သူ့ကိုယ်ပိုင်တိုက်ပွဲအတွေ့အကြုံများဖြင့် ယင်းကို ပျိုးထောင်ပေးရမည်။ တစ်နေ့ကျလျှင် ထိုမျိုးစေ့က သစ်ပင်ကြီးတစ်ပင် ဖြစ်လာလိမ့်မည်။ ထိုအချိန်ကျလျှင် ဤလောက၌ သူတစ်ဦးတည်းသာ ပိုင်ဆိုင်နိုင်သည့် အထွတ်အမြတ် ဩဇာအာဏာအရှိန်အဝါက ပေါ်ထွန်းလာလိမ့်မည်။ ထိုအချိန်မှာ သူ၏ လှုပ်ရှားမှုတိုင်းက အထွတ်အမြတ် ဩဇာအာဏာအရှိန်အဝါဖြင့် ပြည့်နှက်နေလိမ့်မည်။
ရန်သူ၏ စိတ်ခွန်အား သို့မဟုတ် ကျင့်ကြံခြင်းနယ်ပယ်က သူ့ထက် နိမ့်ကျနေလျှင် ထိုသူက သူ၏ အရှေ့မှာ ကောင်းကောင်း မတ်တတ်ရပ်နိုင်လိမ့်မည် မဟုတ်ချေ။ တစ်ဖက်လူသည် သူ့ကို မြင်သည်နှင့် အလိုအလျောက် ကြောက်စိတ်ဝင်လာလိမ့်မည်။
အသေအကြေတိုက်ပွဲမျိုးတွင် ထိုသို့ဖြစ်လာပါက ရန်သူသည် သူ၏ စွမ်းအားအပြည့်အဝကို ထုတ်ဖော်နိုင်တော့မည် မဟုတ်ချေ။ ထိုအခါ သူက ရန်သူကို အလွယ်လေး အနိုင်ယူနိုင်သွားလိမ့်မည်။
သူက ထိုမျိုးစေ့ကို ရန်သူများအား သတ်ဖြတ်ခြင်းဖြင့် ပျိုးထောင်နိုင်သည်။
ယခု သူက လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးကို စိတ်ဓာတ်ပြတ်သားစွာ သတ်ဖြတ်လိုက်သည့်အခါ သူ၏ ခန္ဓာကိုယ်ထဲမှ မျိုးစေ့က ကြီးမားသော အာဟာရဓာတ်ကို ရရှိသွား၏။ ထို့ကြောင့် သူ၏ အထွတ်အမြတ် ဩဇာအာဏာအရှိန်အဝါက ပိုပြီးအားကောင်းလာသည်။
အမျိုးသမီးက အသတ်ခံလိုက်ရသော်လည်း သူ့အရှေ့မှ မြင်ကွင်းက သီရှီထျန်ကို အံ့ဩသွားစေသည်။ သူက ထိုမြင်ကွင်းကြောင့် မျက်ခုံးပင့်တင်လိုက်သည်။
အဘယ့်ကြောင့်ဆိုသော် အမျိုးသမီး၏ ခန္ဓာကိုယ်က အပိုင်းပိုင်းအစစ ကွဲထွက်သွားသော်လည်း မည်သည်သွေးစက်မှ မထွက်ပေါ်လာပေ။ ယင်းအစား သူ၏ ခန္ဓာကိုယ်က အဖြူရောင်အငွေ့အဖြစ် လျှို့ဝှက်ဆန်းကြယ်စွာ ပြောင်းလဲသွားပြီး သူအသုံးပြုခဲ့သော ပုလွေထဲသို့ ဝင်ရောက်သွားသည်။
အဖြူရောင်အငွေ့ ဝင်ရောက်သွားသည့်အခါ ကျောက်စိမ်းပုလွေက ပိုပြီးအရောင်တောက်ပလာသည်။ ထို့နောက် ပုလွေက မြေကြီးပေါ်သို့ ပြုတ်ကျသွားပြီး ကြွပ်ဆပ်သော မြည်သံ ထွက်ပေါ်လာသည်။
‘ မဟုတ်မှ အဲ့ဒီအမျိုးသမီးက လူသား ဒါမှမဟုတ် သက်ရှိတစ်ကောင် မဟုတ်ဘူးလား… သူက သေဆုံးသွားပြီးနောက် ဘာအလောင်းမှ ကျန်မနေဘဲ အဖြူရောင်အငွေ့အဖြစ် ပြောင်းလဲသွားတယ်… ပြီးတော့ ပုလွေထဲ ဝင်ရောက်သွားတယ်… အဲ့ဒါ ဘာသဘောလဲ ’
ထိုမြင်ကွင်းကြောင့် သီရှီထျန်က မအံ့ဩဘဲ မနေပေ။ ကုချင်းဘုံက ထိုမျှထူးဆန်းဖွယ်ကောင်းလိမ့်မည်ဟု သူမမျှော်လင့်ထားပေ။ ကုချင်းဘုံထဲသို့ သူဝင်ရောက်သွားသည်နှင့်ချက်ချင်း လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးက သူ့ကို ရုတ်တရက် တိုက်ခိုက်လာသည်။ ထိုအမျိုးသမီးကို သူသတ်ပစ်လိုက်သော်လည်း မည်သည့်အလောင်းမှ ကျန်မနေခဲ့ပေ။ ယင်းအစား သူက မသေခင် သူအသုံးပြုခဲ့သော ပုလွေ၏ စွမ်းအင်အနှစ်သာရ ဖြစ်လာသည်။ ယင်းက အလွန်လျှို့ဝှက်ဆန်းကြယ်သည်။ ထိုသို့ကိစ္စမျိုး တစ်ခါမှ သူမကြားဖူးပေ။
“ ကုချင်းဘုံက အဲ့ဒီအကြီးအကဲနှစ်ယောက်ပြောခဲ့သလိုပဲ တကယ် အန္တရာယ်များတယ်… အချိန်မရွေး အသက်အန္တရာယ်နဲ့ ငါကြုံတွေ့နိုင်တယ်… ငါသေချာဂရုမစိုက်ဘူးဆိုရင် ငါ့ရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်က ချက်ချင်း ဖျက်ဆီးခံရလိမ့်မယ်… မဖြစ်ဘူး… ပုန်းအောင်းဖို့ နေရာတစ်နေရာ အမြန်ဆုံး ငါရှာဖွေရမယ်… အဆင့်ချိုးဖြတ်ပြီး အလယ်အလတ်အဆင့် မိစ္ဆာသားရဲတစ်ကောင်ဖြစ်လာအောင် ငါကြိုးစားရမယ်… ငါပိုပြီးသန်မာလာမှ ဒီကုချင်းဘုံထဲမှာ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း ကာကွယ်နိုင်လိမ့်မယ်… မဟုတ်ရင် ဒီလိုအမျိုးသမီးတွေ အများကြီး ထွက်ပေါ်လာတဲ့အခါ ငါအန္တရာယ်ကျရောက်နိုင်တယ် ”
မည်သည့်အခြေအနေမှာဖြစ်ပါစေ အရေးကြီးဆုံးက အသက်ရှင်သန်ရန်ဖြစ်ကြောင်း သီရှီထျန်သိသည်။ အသက်ရှင်နေသေးသရွေ့ သူ့မှာ မျှော်လင့်ချက်နှင့် ရည်မှန်းချက် ဆက်ပြီး ရှိနေလိမ့်မည်။ သူအသက်မရှင်တော့လျှင် အရာအားလုံးက လေနှင့်အတူ ပျောက်ကွယ်သွားလိမ့်မည်။ ယခု သူ၏ ကျင့်ကြံခြင်းသည် ပထမဆုံး မိစ္ဆာသွေးကြောဖွင့်လှစ်ရန် အကောင်းဆုံး အခြေအနေမှာ ရှိသည်။ ယင်းကို သူအောင်မြင်သွားလျှင် သူ၏ ကျင့်ကြံခြင်းစွမ်းအားက ကြီးမားစွာ တိုးမြှင့်သွားလိမ့်မည်။ ထိုအခါကျလျှင် ကုချင်းဘုံက မည်မျှအန္တရာယ်များပါစေ သူ့ကိုယ်သူ ကောင်းကောင်း ကာကွယ်နိုင်သွားလိမ့်မည်။
ထိုအမျိုးသမီး၏ စောစောက တိုက်ခိုက်မှုသည် နှောင်းပိုင်းအဆင့် အခြေတည်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ထက် လုံးဝ အားမနည်းပေ။ ထိုသို့အမျိုးသမီးများ နောက်ထပ် နှစ်ယောက်သုံးယောက် ထွက်ပေါ်လာမည်ဆိုလျှင် သူက အဝေးသို့ ထွက်ပြေးရန် အရင်စဉ်းစားရလိမ့်မည်။
“ ဖတ် ”
သီရှီထျန်သည် မျက်မှောင်ကြုတ်နေခြင်းကို ဖြေလျော့ပြီးနောက် အရှေ့သို့ လျှောက်သွားပြီး မြေကြီးပေါ်မှာ ကျနေသော ပုလွေကို တည်ငြိမ်စွာ ကောက်ယူလိုက်သည်။ တစ်ချိန်တည်းမှာ သူက မိစ္ဆာချီကို ပုလွေထဲသို့ ထည့်သွင်းလိုက်သည်။
ထိုအခါ သူ၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ သူ၏ တည်ငြိမ်သော မျက်နှာပေါ်မှာ အံ့ဩသောအမူအရာ ထွက်ပေါ်လာသည်။
“ ဒီပုလွေက… ဓမ္မလက်နက်တစ်ခုပဲ… ပြီးတော့ အဲ့ဒါက အဆင့်မြင့်ဓမ္မလက်နက်ပဲ ”
ထိုကျောက်စိမ်းပုလွေက ဓမ္မလက်နက်တစ်ခု ဖြစ်သည်။ ယင်းက သီရှီထျန်အတွက်တော့ မထူးဆန်းပေ။ သို့သော်လည်း ထိုကျောက်စိမ်းပုလွေက သာမန်ဓမ္မလက်နက် မဟုတ်ပေ။ ယင်းဆီမှာ သန့်စင်ထားသော အရိပ်အယောင်ကို မတွေ့ရပေ။ ဤသည်မှာ ကျောက်စိမ်းပုလွေက သဘာဝအတိုင်း ဖွဲ့စည်းသွားသည့်အလားပင်။ ယင်းဆီမှာ မည်သည့်ဆက်နွယ်မှုမှ သူမခံစားရပေ။ ကျောက်စိမ်းပုလွေပေါ်မှာ မည်သည့်အစီအရင်မှ မရှိပေ။ ဤသည်မှာ ယင်းက ဓမ္မလက်နက်တစ်ခု၏ သန္ဓေသားလောင်းပုံစံ ဖြစ်သည့်အလားပင်။ တစ်စုံတစ်ယောက်က ယင်းပေါ်မှာ အစီအရင်တစ်ခုကို ရေးထွင်းပြီး သူ၏ စိတ်ဝိညာဉ်ကို တံဆိပ်ရိုက်ခတ်မည်ဆိုလျှင် ကျောက်စိမ်းပုလွေက အဆင့်မြင့် ဓမ္မလက်နက်တစ်ခု ဖြစ်လာလိမ့်မည်။
“ မဖြစ်နိုင်တာ… ဘယ်လိုလုပ် ဒီလောက်ထူးဆန်းတဲ့အရာ ဒီလောကမှာ ရှိနေတာလဲ… တကယ်လို့ ဓမ္မလက်နက်တစ်ခုက သဘာဝအလျောက် မွေးဖွားလာပြီး ကောင်းကင်ဘုံရဲ့ ပျိုးထောင်ပေးခြင်းခံထားရမယ်ဆိုရင် အဲ့ဒါက ဓမ္မလက်နက် မဖြစ်နိုင်တော့ဘူး… အဲ့ဒီအစား အထွတ်အမြတ်ရတနာ ဖြစ်လာလိမ့်မယ်… ထူးဆန်းတယ်… ဒီဟာက တကယ်ထူးဆန်းတယ်… စောစောက အမျိုးသမီးက လူသားမဟုတ်ဘူးလား… ဘာတွေ ဖြစ်ကုန်တာလဲ ”
ဤအခိုက်အတန့်မှာ မြူခိုးထုက သူ၏ အသိစိတ်ကို ဖုံးလွှမ်းသွားဟန် ရ၏။ သူ့မျက်လုံးထဲမှာ စူးစမ်းလိုမှုနှင့် ဇဝေဇဝါဖြစ်မှုဖြင့် ပြည့်နှက်နေသည်။ သို့သော်လည်း အဖြေကို သူမရှာဖွေနိုင်သေးပေ။ သူက မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ အတွေးများကို ပြန်ရုပ်သိမ်းလိုက်သည်။
ကုချင်းဘုံမှာ မည်သို့သော လျှို့ဝှက်ချက်များ ရှိနေပါစေ ယခု သူက ဤနေရာမှာ ရှိနေမှတော့ ယင်း၏ လျှို့ဝှက်ချက်များက အနှေးနှင့်အမြန် သူ့အရှေ့မှာ ထွက်ပေါ်လာလိမ့်မည်။
သူက အများကြီး စဉ်းစားမနေဘဲ ကျောက်စိမ်းပုလွေကို သူ၏ သိုလှောင်အိတ်ထဲသို့ ထည့်သွင်းလိုက်သည်။ ထိုကျောက်စိမ်းပုလွေက သန္ဓေသားလောင်းတစ်ခု ဖြစ်သည်။ အနာဂတ်မှာ သူက ယင်းကို အသုံးပြုချင်သည်ဆိုလျှင် ကျောက်စိမ်းပုလွေကို သူသန့်စင်လိုက်ရုံဖြင့် ယင်းက အဆင့်မြင့် ဓမ္မလက်နက်တစ်ခု ဖြစ်လာလိမ့်မည်။ ယင်းက ရှားပါးရတနာတစ်ခု ဖြစ်သည်။ ယင်းက လက်နက်သန့်စင်ခြင်း သတ္ထုများထက် အများကြီး ပိုအဖိုးတန်သည်။ ကုချင်းဘုံထဲ၌ အခွင့်အလမ်းများရှိသည်ဟု အကြီးအကဲရှောင်နှင့် အကြီးအကဲသီပြောခဲ့သော စကားကို ယခု သူနားလည်သွားဟန် ရသည်။
သူက ဘေးဘီကို ကြည့်လိုက်လေရာ ဝါးပင်များနှင့် ထန်းပင်များကို မြင်တွေ့သွားသည်။ ယင်းတို့က နေရာတိုင်းမှာ တည်ရှိသည်။ အကြည့်တစ်ချက်ဖြင့် ဤတောအုပ်၏ အဆုံးသတ်ကို သူမမြင်နိုင်ပေ။ အကယ်၍ သူက ကောင်းကင်ပေါ်သို့ ပျံသန်းသွားလျှင်ပင် ဤတောအုပ်က မည်မျှကျယ်ပြောကြောင်း မြင်နိုင်လိမ့်မည် မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် ဤတောအုပ်ကို မြူခိုးအလွှာက ဖုံးအုပ်ထားသောကြောင့်ပင်။
သို့သော်လည်း ဤနေရာက သူနေထိုင်သော မူလလောကမဟုတ်ကြောင်း သူအတည်ပြုနိုင်ခဲ့သည်။ ယင်းအစား ဤနေရာက ချင်မိသားစု၏ ဘိုးဘေးများ သူတို့၏ အံ့ဖွယ်စွမ်းအားဖြင့် ဖွင့်လှစ်ခဲ့သော တခြားဟင်းလင်းပြင်တစ်ခု ဖြစ်သည်။ ယင်းက ကုချင်းဘုံ ပုန်းကွယ်နေသောနေရာ ဖြစ်သည်။
" ကုချင်းဘုံထဲမှာ အန္တရာယ်တွေက နေရာတိုင်းမှာ ရှိတယ်… ဒီနေရာကို ငါမရင်းနှီးဘူး… တကယ်လို့ ခြေဦးတည်ရာ ငါလျှောက်သွားနေမယ်ဆိုရင် ပိုပြီးအန္တရာယ်ရှိနိုင်တယ်… ဒီနေရာမှာ ငါပုန်းအောင်းဖို့ လှိုဏ်ဂူတစ်ခု မရှာနိုင်ဘူးဆိုတော့ မြေအောက်လှိုဏ်ဂူတစ်ခုကို ငါ့ဘာသာ ဖွင့်လှစ်ရမယ်… အဲ့ဒါက ဘေးကင်းလုံခြုံတယ်… ဘာပဲပြောပြော မြေအောက်ထဲမှာ ငါပုန်းအောင်းနေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ… မိစ္ဆာသွေးကြောကို ငါဖွဲ့စည်းနေတဲ့အချိန် ဘယ်သူမှ ငါ့ကို အနှောင့်အယှက် လာမပေးနိုင်ဘူး ”
ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ပြီးနောက် စက်ကရာက ဆုံးဖြတ်ချက်တစ်ခုကို အမြန်ချလိုက်သည်။ သူက လှိုဏ်ဂူရှာဖွေရန် တခြားနေရာများဆီသို့ သွားမည့်အစား ဤနေရာမှာ မြေအောက်လှိုဏ်ဂူတစ်ခုကို ဖွင့်လှစ်မည်။ ယင်းက ဘေးကင်းအလုံခြုံဆုံးနေရာ ဖြစ်သည်ဟု ဆိုနိုင်သည်။ ထိုနည်းဖြင့်ဆိုလျှင် သူက တခြားအန္တရာယ်များကို ရှောင်ရှားနိုင်လိမ့်မည်။
မြစိမ်းကုချင်းကို ရှာဖွေရန်အတွက်တော့ သူအလျင်မလိုပေ။ အကယ်၍ မြစိမ်းကုချင်းကို အလွယ်တကူ ရှာဖွေနိုင်မည်ဆိုလျှင် ချင်မိသားစုက အပြင်လူများကို အကူအညီတောင်းရသည်အထိ ထိုမျှမျှော်လင့်ချက်မဲ့နေမည် မဟုတ်ချေ။
သူက ဆုံးဖြတ်ချက်ချပြီးသည်နှင့် နောက်ထပ် တုံ့ဆိုင်းမနေဘဲ လှုပ်ရှားလိုက်သည်။
“ ဖွင့်လှစ်စမ်း ”
သူက လက်ထဲမှ ဓားမော့ကို အသုံးပြု၍ သူ့ခြေထောက်အောက်မှ မြေကြီးကို တူးဖော်လိုက်သည်။ ဓားရောင် ဝင်းလက်သွားသည့်အခါ မြေကြီးက မြန်ဆန်စွာ တူးဖော်ခံလိုက်ရသည်။ သီရှီထျန်၏ လက်ရှိ ကျင့်ကြံခြင်းအရ မြေအောက်ထဲမှာ လှိုဏ်ဂူတူးခြင်းက သူ့အတွက် ခက်ခဲသောအရာ မဟုတ်ပေ။ ယင်းက သူ့အတွက် အလွန်လွယ်ကူသည်။ ဓားရောင် တစ်ခါဝင်းလက်သွားတိုင်း ပမာဏများပြားသော မြေဆီလွှာနှင့် ကျောက်တုံးများက အပေါ်သို့ တူးဖော်ခံလိုက်ရသည်။
မြေဆီလွှာသည် သူ့ဘေးနားတွင် တောင်ကုန်းတစ်ခုနှယ် ချက်ချင်း စုပုံသွားသည်။
နာရီဝက်ကြာပြီးနောက် ကြီးမားသော လှိုဏ်ဂူတစ်ခုက မြေအောက်ထဲမှာ ထွက်ပေါ်လာသည်။ လှိုဏ်ဂူသည် ဆယ်ပေနက်ပြီး လေးမီတာ ငါးမီတာခန့် ကျယ်ဝန်းသည်။ ယင်းက သူတံခါးပိတ်ကျင့်ကြံရန် သင့်တော်သည်။
“ ခရက် ”
သူက လှိုဏ်ဂူထဲသို့ ခုန်ဝင်လိုက်သည်။ ထို့နောက် သူက လေမန္တန်ကို အသုံးပြု၍ မြေကြီးကို လှိုဏ်ဂူအပေါ်မှာ ပြန်ဖို့လိုက်သည်။ မိစ္ဆာချီက မြေကြီးထဲသို့ တိုးဝင်သွားသည့်အခါ နူးညံ့သော မြေဆီလွှာက ဘေးပတ်ဝန်းကျင်မှ မြေသားနှင့် တစ်သားတည်း ပေါင်းစပ်သွားသည်။
မြေအောက်လှိုဏ်ဂူထဲ၌ စက်ကရာသည် သူ၏ မိစ္ဆာအရှိန်အဝါကို အသုံးပြု၍ ဘေးပတ်ဝန်းကျင်မှ မြေသားကို ပိုမိုမာကျောစေရန် ပြုလုပ်လိုက်သည်။ ထို့ပြင် သူက ခေါင်းပေါ်၌ လေရှူပေါက်သေးသေးလေးတစ်ခု ပြုလုပ်လိုက်သည်။
ထိုသို့ဖြင့် သူတံခါးပိတ်ကျင့်ကြံမည့်နေရာက ပြီးမြောက်သွားသည်။
ထို့နောက် သူက သိုလှောင်အိတ်ထဲမှ အခြေခံဝင်္ကပါအလံငါးခုကို ထုတ်၍ သူ၏ ဘေးပတ်ပတ်လည်မှာ စည်းချလိုက်သည်။ ထိုအခါ အခြေခံဒြပ်စင်ငါးပါးဝင်္ကပါက မြေအောက်လှိုဏ်ဂူထဲမှာ ထွက်ပေါ်လာပြီး သူ့အား ကာကွယ်ပေးလိုက်သည်။ အခြေခံဒြပ်စင်ငါးပါးဝင်္ကပါသည် မသန်မာပေ။ ယင်းက ဖျက်ဆီးမခံရမီ အခြေတည်နယ်ပယ် ကျင့်ကြံသူတစ်ယောက်၏ တိုက်ခိုက်မှုကို တစ်ကြိမ်သာ ကာကွယ်ပေးနိုင်သည်။ ထို့ကြောင့် ယင်းကို ဝိညာဉ်ကျောက်တုံးတစ်ရာကျော်ဖြင့် မည်သူမဆို အလွယ်တကူ ဝယ်ယူနိုင်သည်။ ကျင့်ကြံသူများသည် များသောအားဖြင့် ထိုသို့ဝင်္ကပါကို တံခါးပိတ်ကျင့်ကြံနေစဉ်အတွင်း အန္တရာယ်သတိပေးသင်္ကေတအဖြစ် အသုံးပြုကြသည်။