← Chapters

မာန်နတ်ဘုရား၏ စွမ်းအား

Vol. 26 Ch. 360

မာန်နတ်ဘုရား၏ စွမ်းအား

Vol. 26 Ch. 360

စုမင် သူ့လက်မောင်းများကို ကျယ်ပြန့်စွာ ဖြန့်ကားလိုက်သည်။ သူသည် ကမ္ဘာပေါ်မှ ထိုစွမ်းအားများကို ထပ်မံစုပ်ယူရန် ကြိုးစားခဲ့ပြီး ဖြစ်သော်ငြားလည်း ခန္ဓာကိုယ်တွင်းရှိ ဖွင့်လှစ်ထားသော လမ်းကြောင်းမှ အရှိန်ဝါတို့မှာ အရည်အဖြစ် ပြောင်းလဲပြီးသွားသည်နှင့် ယာယီခန့် ပြည့်ဝသွားပုံပေါ်ပြီး မည်သည့်စွမ်းအားကိုမှ ထပ်၍လက်မခံနိုင်တော့ပေ။

သို့သော် စုမင်ကတော့ ယခုလိုဖြင့် လက်မလျှော့နိုင်ချေ။ နောက်ထပ်တစ်ဖန် တစ်ဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ် သွားနေသော နတ်ဘုရားရုပ်တုကြီးနှစ်ခုအား ငေးကြည့်နေရင်းဖြင့် သူ့မျက်လုံးများမှာ စူးရှတောက်ပသွားပြီး သူ့တစ်ကိုယ်လုံး၌ လျှပ်စီးများ စတင်၍ ကူးခပ်လှုပ်ရှားလာကြသည်။

လျှပ်တပြက်အတွင်းမှာပင် ထိုလျှပ်စီးမှုန်များက စုမင်ခန္ဓာကိုယ် တစ်ခုလုံးကို ဖုံးအုပ်သွားပြီး သူ့ကိုယ်ပေါ်ရှိ ရိုးရေစတေးနယ်ပယ်၏ အပြာရောင်ချပ်ဝတ်အား လျှပ်စီးအလင်းတို့ဖြင့် ပြည့်နှက်သွားစေသည်။

'လေ မာန်စွမ်းအားရှင်နဲ့ မီးတောက် မာန်စွမ်းအားရှင် ရှိတယ်ဆိုမှတော့ လျှပ်စီး မာန်စွမ်းအားရှင်လည်း ရှိနိုင်တာပဲမလား။ ငါမှတ်မိထားတာအရ မီးတောက်မာန်စွမ်းအားရှင်တွေဟာ မာန်နတ်ဘုရားရဲ့ ဖျက်စီးခံခဲ့ရတာကတော့ စိတ်မကောင်းစရာပဲ... ဒါကြောင့် ငါနတ်ဘုရားရုပ်တုတွေ အောက်မှာတော့ အဲဒီစွမ်းအားတွေကို လွယ်လွယ်ထုတ်ပြဖို့ မဖြစ်နိုင်တော့ဘူး'

'ဒီလိုဆိုမှတော့ လျှပ်စီးမာန်စွမ်းအားရှင်ရဲ့ သတ်မှတ်ချက်တွေကိုပဲ ငါ ဖြည့်ဆည်းပေးရတော့မှာပေါ့။ ပထမဆုံး မာန်နတ်ဘုရားရဲ့ လက်အောက်မှာ လျှပ်စီးမာန်စွမ်းအားရှင်တွေ ရှိရဲ့လားဆိုတာလေးပဲ ငါမသိတာ' စုမင် တစ်ကိုယ်လုံး၌ လျှပ်စီးအလင်းစက်များ တောက်ပလာပြီး အရာအားလုံးကို တုန်ခါသွားစေနိုင်သည့် ပြင်းထန်သော မိုးခြိမ်းသံများလည်း ထွက်ပေါ်လာခဲ့သည်။

သူ့ခန္ဓာကိုယ်ပေါ်မှ လျှပ်စီးများ၏ အသွင်က မြေပြင်ထက်ရှိ လူအားလုံး၏ အာရုံကို ချက်ချင်းဆွဲဆောင်သွားခဲ့သည်။ လူအများစုမှာ သူ့မျက်နှာကို မမြင်နိုင်သေးသော်ငြားလည်း လျှပ်စီးအလင်းများနှင့် မိုးခြိမ်းသံများကိုတော့ ရှင်းရှင်းလင်းလင်း မြင်ရကြားရလေသည်။

"ဘာ... သူ ဘာလုပ်ချင်နေတာလဲ"

၎င်းက လူတိုင်း၏ စိတ်ထဲတွင် ပေါ်ပေါက်လာသော မေးခွန်းဖြစ်သည်။

စုမင် မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်နိုင်သူများသည်လည်း သူ့လုပ်ရပ်များကြောင့် အံ့သြမင်သက်သွားကြသည်...

'လှည့်စားလိုက်' စုမင် စိတ်ထဲမှ အော်ဟစ်လိုက်ပြီး ထိုအော်ဟစ်သံကို အနက်ရောင်ကျောက်တုံး အပိုင်းအစအတွင်းသို့ တွန်းပို့လိုက်သည်။ ကျောက်တုံးလေးမှ အနက်ရောင်အလင်းတစ်ဖြာ ချက်ချင်းတောက်ပလာပြီး စုမင်အား အလျင်အမြန် ဖုံးလွှမ်းသွားပြီးနောက် ပျောက်ကွယ်သွားခဲ့သည်။

၎င်းက ထိုသို့လုပ်လိုက်သည်နှင့် တစ်ပြိုင်နက် စုမင်ကိုယ်ပေါ်ရှိ လျှပ်စီးအလင်းများမှာလည်း ချက်ချင်းဆိုသလို အဆပေါင်းများစွာ ပိုမို  ကြီးမားလာခဲ့၏။ ထို့နောက် ၎င်းတို့က စတင်ပျံ့နှံ့လာပြီး လျှပ်တစ်ပြက်အတွင်းမှာပင် ပေ၁၀၀၀၀နီးပါးရှိ အဝန်းအဝိုင်း ဧရိယာတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ချေပြီ။

၎င်းပုံစံက ထိတ်လန့်အံ့အားသင့်ဖွယ်ရာပင် ဖြစ်သည်။

သို့သော် စုမင်ကတော့ ဤအရာအားလုံးမှာ အတုအယောင်မျှသာ ဖြစ်ကြောင်း သိနေခဲ့သည်။ သူ၏ မူလမာန်အကြောမျှင်အတွက် ယခုလို ပြင်းထန်သော လျှပ်စီးများ ထုတ်ဖော်နိုင်ဖို့ဆိုသည်မှာ မယုံနိုင်လောက်အောင်ပင် ခက်ခဲပေလိမ့်မည်။ ဤအရာအားလုံးမှာ ပုံရိပ်ယောင်တစ်ခုမျှသာ ဖြစ်ပြီး မည်သည့်စွမ်းအားမှ မပါဝင်ချေ။

မည်သို့ပင်ဆိုစေ သူ့နှလုံးသားက အလျင်အမြန် ခုန်လှုပ်သွားမိဆဲ ဖြစ်သည်။ စုမင် မာန်ဝိညာဉ်နယ်ပယ် နတ်ဘုရားရုပ်တုကို ငေးစိုက်ကြည့်လိုက်သည်။ သို့သော်လည်း သူ့ရှေ့ရှိ မာန်ဝိညာဉ်နယ်ပယ် နတ်ဘုရားရုပ်တုကြီးကတော့ ကောင်းကင်ထက်ရှိ လေဝဲကြီးအတွင်း ဖြည်းညှင်းစွာ ပေါင်းစည်းပျောက်ကွယ် သွားနေခြင်းကို ရပ်တန့်သွားမည့်အရိပ်အယောင်မျိုး ပြမလာခဲ့ပေ။

စုမင်မျက်လုံးများအတွင်း စိတ်ပျက်မှုတို့ ထွက်ပေါ်လာပြီး သူ သက်ပြင်းချလိုက်မိ၏။

'ကြည့်ရတာတော့ လျှပ်စီးမာန်စွမ်းအားရှင် ဆိုတာမျိုး မရှိဘူးထင်ပါရဲ့...'

သို့သော် ထိုအချိန်မှာပင် ပျောက်ကွယ်သွားသင့်ပြီဖြစ်သော ရိုးရေစတေးနယ်ပယ် နတ်ဘုရားရုပ်တုမှာ မူလပျောက်ကွယ်သွားနေသော အခြေအနေမှတစ်ဆင့်

အလျင်အမြန် ပြန်လည်ပုံပေါ်လာခဲ့သည်။ ဤမတိုင်မီက များစွာ လျော့ပါးသွားခဲ့သော ဖိအားမှာလည်း ချက်ချင်းပြန်ပေါ်လာခဲ့၏။

ဧရာမနတ်ဘုရား ရုပ်တုကြီးသည် ၎င်း၏ ဦးခေါင်းကို ဖြည်းညှင်းစွာလှည့်၍ စုမင်အား လှမ်းကြည့်လာသည်။

"အို လျှပ်စီးမာန်စွမ်းအားရှင် ပညာရပ်..."

ထိုစကားလုံးများကို ကြားလိုက်ရသည်နှင့် စုမင်မျက်လုံးများအတွင်း အလွန်အမင်း စိတ်အားတက်ကြွမှုများ ဖြစ်ပေါ်လာခဲ့သည်။ သို့သော် မြေပြင်ရှိ စစ်မြေပြင်တစ်ခုလုံးကတော့ သူ၏ စိတ်အားတက်မှုနှင့် မတူညီသော စိတ်ခံစားချက်မျိုးသာ ခံစားလိုက်ကြရသည်။ ထိုစကားလုံးများ ထွက်ပေါ်လာပြီးသည်နှင့် တစ်ပြိုင်နက် မြေပြင်ပေါ်မှ စစ်မြေပြင်ထက်တွင် များစွာသော ဆူညံသံများ ထွက်ပေါ်လို့လာခဲ့သည်။

၎င်းက မယုံကြည်နိုင်မှုများ ပြည့်နှက်နေသော အကြည့်များနှင့် အံ့သြတကြီး အော်ဟစ်သံများမှ စုဝေးဖြစ်တည်လာသော မုန်တိုင်းကြီးတစ်ခုလိုပင် ဖြစ်သည်။

"လျှပ်စီးမာန်စွမ်းအားရှင် တဲ့လား။ သူက လေမာန်စွမ်းအားရှင် ဖြစ်ရမှာမဟုတ်ဘူးလား။ အခုကျ ဘာလို့ လျှပ်စီးမာန်စွမ်းအားရှင် ဖြစ်သွားရပြန်တာလဲ"

"ဒါ... ဒါက... သူက တစ်ချိန်တည်းမှာပဲ လေမာန်စွမ်းအားရှင်ရော လျှပ်စီးမာန်စွမ်းအားရှင်ရော ဖြစ်နေတာများလား"

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

မြို့ရိုးပေါ်ရှိ အဘိုးအိုရှစ်ဦးသည်လည်း အသက်ပြင်းပြင်း ရှူရှိုက်လိုက်မိကြ၏။ သူတို့မျက်နှာများထက်တွင် ထိတ်လန့်တုန်လှုပ်မှုများ အထင်းသားပေါ်လာကြပြီး တစ်ဦးကိုတစ်ဦး စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်မိကြသည်။

"လေမာန်စွမ်းအားရှင်နဲ့ လျှပ်စီးမာန်စွမ်းအားရှင်က တူနေတာပေါ့..."

၎င်းတို့အားလုံး မင်သက်နေကြစဉ်မှာပင် ကောင်းကင်ရှိ ရိုးရေစတေးနယ်ပယ် နတ်ဘုရားရုပ်တုကြီး၏ ကျယ်လောင်သံ အသံက လေထဲသို့ ပျံ့လွင့်လာခဲ့သည်။

"အို လျှပ်စီးမာန်စွမ်းအားရှင် ပညာရပ်... ပထမဆုံး မာန်နတ်ဘုရား ချမှတ်ခဲ့သည့် ပထမဆုံး စည်းမျဉ်းကို ဖြည့်ဆည်းနိုင်ခဲ့သော အိုအသင်လူသား။ အသင်ဟာ ပထမမျိုးဆက် မဟုတ်သော်ငြားလည်း လျှပ်စီး၏ မူလအစကို အသင့်အား လွှဲပြောင်းပေးအပ်လိုက်သည်..." နတ်ဘုရားရုပ်တုကြီးက ပြောဆိုပြီးသည်နှင့် ၎င်း၏ညာလက်ကိုမြှောက်၍ ကောင်းကင်ထက်မှ တစ်စုံတစ်ရာကို ဆွဲယူဟန်ပြုလိုက်သည်။ မိုးခြိမ်းသံများ ချက်ချင်းထွက်ပေါ်လာပြီး တောက်ပသော အနီရောင်မိုးကြိုးသွားတစ်ခုက နတ်ဘုရားရုပ်တုကြီး၏ ညာလက်ပေါ်၌ ထွက်ပေါ်လာခဲ့သည်။ ၎င်းက ထိုမိုးကြိုးသွားကို စုမင်ထံ ပစ်လွှတ်လိုက်သည်။

မိုးကြိုးသွားမှာ ကျယ်လောင်စွာ မြည်ဟီးလျက် တိုးဝင်လာပြီး အလွန်အမင်း စိတ်လှုပ်ရှားနေသော စုမင်၏ မျက်ခုံးများအလယ်သို့ စိမ့်ဝင် ပျောက်ကွယ်သွားခဲ့သည်။

"အို လျှပ်စီးမာန်စွမ်းအားရှင်ပညာရပ်... ပထမဆုံး မာန်နတ်ဘုရား၏ ဒုတိယမြောက် စည်းမျဉ်းကို ဖြည့်ဆည်းနိုင်ခဲ့သော အသင့်အား... မိုးကြိုးကိုးမျိုး ဖျက်ဆီးခြင်း ကျင့်စဉ်ကို... လွှဲပြောင်း ပေးအပ်လိုက်သည်..."

"အို လျှပ်စီးမာန်စွမ်းအားရှင် ပညာရပ်၊ အကျွန်ုပ်သင့်အား... အမွေဆက်ခံခြင်း သလင်းကျောက်ကို... ပေးအပ်လိုက်သည်..." ရိုးရေစတေးနယ်ပယ် နတ်ဘုရားရုပ်တုသည် ထိုနေရာရောက်သည်နှင့် ရုတ်တရက်ရပ်တန့်ကာ တိတ်ဆိတ်ငြိမ်သက်သွားသည်။

၎င်းက အချိန်အနည်းငယ်ကြာမှသာ တစ်ဖန်ပြန်လည်၍ စကားဆက်ပြောလာခဲ့သည်။

"လျှပ်စီးမာန်စွမ်းအားရှင်က တည်ရှိပြီးသား ဖြစ်နေပြီ... ပထမဆုံး မာန်နတ်ဘုရားချမှတ်ခဲ့သော တတိယမြောက်စည်းမျဉ်းအရ သလင်းကျောက်ကို နှစ်ပိုင်းခွဲခြားခံရမည်ဖြစ်ပြီး ၎င်းတို့ အတူတကွ ပေါင်းစည်းသောအခါမှသာ တစ်ဖန်ပြန်လည် ပြည့်စုံပေလိမ့်မည်..." ထိုစကားများကို ပြောဆိုပြီးသည်နှင့် နတ်ဘုရားရုပ်တုသည် ၎င်း၏ညာလက်ကိုမြှောက်၍ လေထဲမှ ထပ်မံဆွဲယူလိုက်ပြန်သည်။ ၎င်း၏လက်ထဲတွင် လက်သီးဆုပ်တစ်ခု၏ တစ်ဝက်ခန့်အရွယ်အစားရှိသော သလင်းကျောက်တစ်လုံး ချက်ချင်းထွက်ပေါ်လာခဲ့သည်။ ထိုသလင်းကျောက်မှာ လျှပ်စီးအလင်းစက်တို့ဖြင့် တောက်ပနေပြီး ၎င်းအပေါ်၌ သွေးစက်အချို့ပင် ရှိနေခဲ့၏။

နတ်ဘုရားရုပ်တုသည် သလင်းကျောက်ကိုကို ပစ်လွှတ်လိုက်ရာ ၎င်းက စုမင်ထံတည့်မတ်စွာ တိုးဝင်လာခဲ့သည်။ လေမာန်စွမ်းအားရှင်အဖြစ် ခန့်အပ်ခံရချိန်က အဖြစ်အပျက်ကြောင့် စုမင် မဆိုင်းမတွပင် ရှေ့တစ်လှမ်းတိုး၍ အမွေဆက်ခံခြင်း လျှပ်စီးသလင်းကျောက်၏ တစ်ဝက်ကို ဆွဲယူလိုက်သည်။

၎င်းအား သူ့လက်ဖြင့် ထိမိသည်နှင့်တစ်ပြိုင်နက် သူ့ခေါင်းထဲ၌ ထိတ်လန့်ချောက်ချားဖွယ် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိုအသံထဲတွင် ဝေးလံသောကုန်းမြေတစ်ခုမှ ဖြတ်သန်းရောက်ရှိလာပုံရသော ကြုံးဝါးသံတစ်ခု ပါဝင်နေသည်။ ထိုအသံတွင် ရူးသွပ်မှုတစ်မျိုးဖြင့် ပြည့်နှက်နေပြီး သတ်ဖြတ်လိုသော ဆန္ဒတစ်ခုနှင့်အတူ အမုန်းတရားများပါ ပါဝင်နေသည်။

"ငါက အရှေ့ပိုင်းနယ်မြေက ချီလေ့ထျန်းပဲ။ မင်း ဘယ်သူလဲ၊ ငါ့လျှပ်စီးသလင်းကျောက် တစ်ဝက်ကို အလစ်သုတ်ဖို့ ဘယ်လိုနည်းလမ်းမျိုးကို သုံးသွားလဲဆိုတာ ငါဂရုမစိုက်ဘူးကွ။ မင်းတော့သေပြီပဲ။

ငါမင်းကို သေချာပေါက် ရအောင်ရှာမယ်။ ငါ့လျှပ်စီးသလင်းကျောက်ကို ပြန်ပေးစမ်း"

ထိုအသံတွင်းရှိ အမုန်းတရားများမှာ လေဟာနယ်ကိုပင် ဖြတ်သန်းခရီးနှင်လာပုံ ပေါ်ပြီး စုမင်အား ထိတ်လန့်တုန်လှုပ်သွားစေသည်။ သူ့မျက်လုံးများအတွင်း စူးရှသော အကြည့်တစ်ခုဖြစ်ပေါ်လာပြီး လျှပ်စီးသလင်းကျောက်ကို တင်းတင်းဆုပ်လျက် သိုလှောင်အိတ်ထဲသို့ ထည့်သွင်းသိမ်းဆည်းလိုက်သည်။

"အို လျှပ်စီးမာန်စွမ်းအားရှင်နှင့် လေမာန်စွမ်းအားရှင် ပညာရပ်... အသင်သည် ပထမဆုံးမာန်နတ်ဘုရား၏ စွမ်းအားကို ဆက်ခံရန် လိုအပ်ချက်ကိုးခုအနက် ပထမဆုံးလိုအပ်ချက်ကို ဖြည့်ဆည်းပြီးချေပြီ။ မာန်နတ်ဘုရားပိုင်ဆိုင်သော စွမ်းအား၏ ခွဲတမ်းတစ်ခုကို  အကျွန်ုပ်သင့်အား လွှဲပြောင်းပေးအပ်လိုက်သည်... ဤစွမ်းအားကို ကောင်းကင်နှင့် မြေပြင်အား ဖျက်ဆီးရန် နှစ်ကြိမ်အသုံးပြုနိုင်သည်"

ရိုးရေစတေး နတ်ဘုရားရုပ်တု၏ နောက်ဆုံးစကားများကို မြေပြင်ထက်မှ လူများပါ ကြားနိုင်ချေ၏။ ထိုအခိုက်အတန့်တွင် သူတို့၏အသံများမှာ မိုးခြိမ်းသံများ၏ ဝါးမြိုခံလိုက်ရသလိုပင်။ သူတို့အားလုံးကြား၌ ရုတ်တရက်တိတ်ဆိတ်မှုကသာ ကြီးစိုးသွားခဲ့သည်။

ရိုးရေစတေးနတ်ဘုရားရုပ်တုသည် ၎င်း၏ညာလက်ကို မြှောက်လိုက်ရာ ညာဘက်လက်တစ်ခုလုံးက ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားသည်။ ထိုအထဲတွင်တော့ စုမင်ထံ ဦးတည်လာသော ဆံချည်တစ်မျှင် ရှိနေသည်။ ၎င်းသည် ဆံချည်တစ်မျှင်မျှသာ ဖြစ်သော်လည်း စုမင်အား ကောင်းကင်နှင့် မြေပြင်တို့ပင် ပြိုလဲအက်ကွဲသွားသကဲ့သို့ ခံစားချက်မျိုး ပေးစွမ်းနေခဲ့သည်။ သူ့ခေါင်းထဲတွင် ကျယ်လောင်သော မြည်ဟည်းသံကြီး ထွက်ပေါ်လာပြီး မတ်တပ်ရပ်နေရန်ပင် အနိုင်နိုင်ဖြစ်သွားခဲ့ရသည်။

သူကဲ့သို့ လက်ခံရရှိသူပင် ထိုသို့ ခံစားလိုက်ရသည်ဆိုပါက အခြားသူများအတွက်တော့ ဆိုဖွယ်ရာပင် မရှိတော့ချေ။ ထိုဆံချည်မျှင် ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် အောက်ဘက်ရှိ လူအားလုံးမှာ မြေပြင်ထက်သို့ ထပ်မံ၍  ဝပ်တွားကျသွားကြပြန်သည်။ ဆံပင်ရှည်တို့ဖြင့် အမျိုးသမီးသည်ပင် ဖြူဖျော့သွားခဲ့၏။ သူမခန္ဓာကိုယ်လေးက တုန်ယင်သွားပြီး ဒူးထောက်ရန် အတင်းအကြပ် ဖိအားပေးခံလိုက်ရသည်။

မာန်ဝိညာဉ်နယ်ပယ်မှ မွန်းစတားအိုကြီးများသည်လည်း ထိုသို့လုပ်ဆောင်ရန် ဖိအားပေးခံလိုက်ကြရသည်။

မြေပြင်ထက်သို့ ဝပ်တွားခြင်းမရှိသူဟူ၍ တစ်ဦးတစ်ယောက်မျှ မကျန်ပါတော့ချေ။ သားရဲရိုင်းများသည်ပင် အလားတူအပြုအမူမျိုး ပြုလုပ်နေကြပြီး ဖြစ်သည်။

သူ့ထံလာနေသော ဆံချည်မျှင်ကို စုမင် မျက်တောင်မခတ် စိုက်ကြည့်နေမိသည်။ ၎င်းက ကိုယ်တိုင်ကိုယ်ကျပင် စုမင်၏ ညာလက်ညှိုးကို ကိုးကြိမ်ရစ်ပတ်သွားပြီး သူ့လက်ချောင်းအတွင်း နက်နက်ရှိုင်းရှိုင်း တိုးဝင်သွားပုံပေါ်၏။

စွမ်းအားတစ်မျိုးက ထိုလက်ချောင်းထံမှ ပေါက်ကွဲထွက်ပေါ်လာသည်။ စုမင်သည် ထိုစွမ်းအား၏ခွန်အားမှာ အလွန်ပြင်းထန်လွန်းသဖြင့် လက်ညှိုးတစ်ချက်ဖြင့်ပင် ကောင်းကင်ကို ဖောက်ခွဲပစ်နိုင်ပြီး အခြားတစ်ချက်ဖြင့် မြေပြင်အား ဖျက်ဆီးပစ်နိုင်သည်ဟူ၍ မှားယွင်းစွာ ခံစားနေရသည်။

ဤအရာမှာ ပထမဆုံးမာန်နတ်ဘုရား ပိုင်ဆိုင်သော စွမ်းအား၏ အစိတ်အပိုင်းငယ်လေး တစ်ခုခန့်သာ ရှိသေး၏။

ထိုအချိန်တွင်တော့ စုမင်တစ်ယောက် သူအလွန်အကျွံ ရယူလိုက်မိပြီဖြစ်ကြောင်း သိသွားခဲ့သည်။ လျှပ်စီးမာန်စွမ်းအားရှင်၏ အမွေအနှစ်ကို ရရှိခဲ့လျှင်တောင် ထိုအရာက သူ့အတွက် ကောင်းမွန်နေပေလိမ့်ဦးမည်။ သူသည် ထိုနေရာတွင်သာ ဆက်နေနိုင်ပြီး သူ့အပေါ် မကောင်းသောစိတ်ဆန္ဒများဖြင့် ဝင်ရောက်လာမည့် မာန်စွမ်းအားရှင် မျိုးနွယ်စုမှ လူများနှင့် ပက်သက်၍လည်း စိတ်ပူနေစရာလိုမည် မဟုတ်ချေ။

သို့သော်... လျှပ်စီးမာန်စွမ်းအားရှင်၏ အမွေအနှစ်ကို ရရှိပြီးသွားသည်နှင့် မာန်စွမ်းအားရှင်အားလုံးကို ရူးသွပ်သွားစေနိုင်သည့် ပထမဆုံးမာန်နတ်ဘုရား၏ အမွေအနှစ်ဟူသည့် စကားလုံးများ ထွက်ပေါ်လာစေလိမ့်မည်ဟုတော့ သူမမျှော်လင့်ထားမိခဲ့ပေ။

ပထမဆုံး မာန်နတ်ဘုရား၏ အမွေအနှစ်ဆိုသည်က ကိစ္စတစ်ခုတည်းကိုသာ ဆိုလိုနေသည်။ ၎င်း၏ ဆိုလိုရင်းကို မာန်စွမ်းအားရှင်များအားလုံး ရှင်းရှင်းလင်းလင်း သိသည်ဟုပင် ဆိုလိုနိုင်၏... အသစ်ပေါ်ထွက်လာမည့် မာန်နတ်ဘုရား အသစ်တစ်ပါး။

အထူးသဖြင့် မာန်ဝိညာဉ်နယ်ပယ်မှ မွန်းစတားအိုကြီးများအတွက်ပင် ဖြစ်သည်။ မာန်နတ်ဘုရား ဖြစ်လာခြင်းဟူသော ဆွဲဆောင်မှုက သူတို့အားလုံး၏ အခြားစိတ်ဆန္ဒများအပေါ် လွှမ်းမိုးထားသည်ဟုပင် ဆိုနိုင်သည်။ ပထမဆုံး မာန်နတ်ဘုရား သေဆုံးသွားပြီးနောက် လူတစ်ဦးတစ်ယောက်တည်းကသာ အစစ်အမှန်နတ်ဘုရားနှစ်ပါး၏ မျိုးဆက်ဖြစ်လာခြင်းမျိုး ပေါ်ထွက်မလာခဲ့သည်မှာ အချိန်အတော်ကြာသွားခဲ့ပြီ ဖြစ်၏။ ထို့ကြောင့်လည်း မည်သူကမှ ပထမဆုံးမာန်နတ်ဘုရား၏ စွမ်းအားကိုဆက်ခံရန် ပထမဆုံးစည်းမျဉ်းကို မဖြည့်ဆည်းနိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ပထမဆုံးမာန်နတ်ဘုရားမှ ယခုလိုအမွေအနှစ်မျိုး ချန်ထားရစ်ခဲ့ကြောင်း မည်သူမှမသိခြင်းက သဘာဝကျပေသည်။

ဤသည်က တောင်ပိုင်းအရုဏ်ဦး ကုန်းမြေတစ်ခုလုံးကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေမည့် သတင်းအချက်အလက် အပိုင်းအစတစ်ခု ဖြစ်လာပေလိမ့်မည်။ ၎င်းအား တောင်ပိုင်းအရုဏ်ဦးမှ အစွမ်းထက် မာန်စွမ်းအားရှင်အားလုံး သိရှိသွားကြပေလိမ့်မည်။ ၎င်းသတင်းသည် ရှာမန်များကြားတွင်လည်း အချိန်တိုအတွင်း ပျံ့နှံ့သွားပြီး အလားတူအခြေအနေမျိုး ဖြစ်ပေါ်လာပေလိမ့်မည်။

ဆိုလိုသည်က သူ၊ စုမင်အနေဖြင့် ဖော်ပြ၍မရနိုင်သော အခြေအနေတစ်ခုထဲသို့ ကျရောက်သွားခဲ့ပြီ ဟူ၍ပင်။

ဤအရာ၏ တန်ဖိုးကြောင့် သူ့လှုပ်ရှားမှုတိုင်း၌ သေခြင်းတရားနှင့် ရင်ဆိုင်ရပေလိမ့်မည်။ ၎င်းကား စစ်ပွဲအတွင်း တိုက်ပွဲများနှင့် ယှဉ်လျှင် ပိုမို၍ပင် အန္တရာယ်များပေလိမ့်ဦးမည်။ ရှာမန်များသည်လည်း လိုလိုမယ်မယ်အဖြစ် သူ့အား သေချာပေါက် သတ်ဖြတ်ချင်ကြပေလိမ့်မည်။

မာန်စွမ်းအားရှင်များ ကြားတွင်လည်း သူ့ကို ဖမ်းဆီးချင်သူ များစွာရှိနေမှာ သေချာသည်။ အဆုံးတွင်တော့ ပထမဆုံးမာန်နတ်ဘုရား၏ စွမ်းအားဆက်ခံရန် စည်းမျဉ်းကိုးခုထဲမှ ပထမဆုံးစည်းမျဉ်းကို ဖြည့်ဆည်းနိုင်ခဲ့သူဟူ၍ စုမင် တစ်ဦးတည်းသာ ရှိနေသေးခြင်း ဖြစ်သည်။ သူတို့အတွက် စုမင်ခန္ဓာကိုယ်မှတစ်ဆင့် ပိုမိုများပြားသော သဲလွန်စများ ရှာတွေ့ကောင်း ရှာတွေ့နိုင်ပေသည်။

၎င်းတို့က သဲလွန်စများ ဖြစ်နေလျှင်ပင် လူတစ်ဦးကို ရူးသွပ်သွားစေနိုင်ဖို့ လုံလောက်နေပြီးဖြစ်သည်။

ထိုအရာက ကြီးမားသော တန်ဖိုးတစ်ခုဖြစ်သော်လည်း စုမင်ကို လုံလောက်သောဆုလာဘ်များလည်း ပေးအပ်ခဲ့သည်။ ၎င်းမှာ တိုက်ခိုက်မှုနှစ်ချက်သာ ဆိုသော်လည်း ယခုအချိန်တွင် စုမင်ညာလက်ညှိုးမှ ထွက်ပေါ်လာနေသည့် ပထမမာန်နတ်ဘုရား၏ စွမ်းအားကတော့ စုမင်အား မာန်ဝိညာဉ်နယ်ပယ်တွင် ရှိသူများသည်ပင် ထိုတိုက်ခိုက်မှု၏ စွမ်းအားအောက်၌ ဖုန်မှုန့်ဖြစ်သွားလိမ့်မည်ဟု နှလုံးသားတွင်းမှ အကြွင်းမဲ့ ယုံကြည်မိနေအောင် ပြုလုပ်ထားနိုင်စွမ်းရှိနေ၏။

'ဒါက သွေးလွှမ်းမယ့် အမွေအနှစ်တစ်ခုပဲ... အဲဒါက မျိုးဆက်အတွက် စမ်းသပ်မှုတစ်ခုပဲ။ တစ်ကယ့်ကို ရက်စက်လိုက်တဲ့ စမ်းသပ်မှု' စုမင်မျက်နှာမှာ ရှုံ့မဲ့သွားရသည်။ မြေပြင်ပေါ်မှ သူ့အားလှမ်းကြည့်နေသော မျက်ဝန်းများအတွင်း လောဘတရားတို့ကို ရှင်းရှင်းလင်းလင်း ခံစားမိနေလျှင်တောင် သူနောင်တရလိမ့်မှာတော့ လုံးဝမဟုတ်ပေ။

'ကောင်းကင်မြူခိုး မြို့တော်ကို ငါပြန်လို့မရတော့ဘူး...' စုမင်မျက်လုံးများမှ တစ်စုံတစ်ရာ တောက်ပသွားခဲ့သည်။ ထိုအချိန်တွင် သူ့ကိုယ်တွင်းရှိ မာန်အရိုးလေးခုမှာ အရှိန်ဝါအရည်အနှစ်များကြောင့် ၎င်းတို့၏ စွမ်းအား အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ချေပြီ။ သူ၏ ပင်ပန်းနွမ်းနယ်နေမှုများမှာလည်း ပျောက်ကွယ်သွားပြီး သူ့အခြေအနေက ပြန်လည်ကောင်းမွန်လာပြီ ဖြစ်သည်။

'ငါ အချိန်တစ်ခဏလောက်တော့ မာန်စွမ်းအားရှင်တွေရဲ့ နယ်မြေဆီ ပြန်လို့ရဦးမှာ မဟုတ်ဘူး... ဒီကိစ္စက အရမ်းကြီးမားနေတာဆိုတော့ နဝမတောင်ထွတ် ရှိနေရင်တောင် သူတို့ကိုပဲ အရမ်းဒုက္ခပေးမိသလို ဖြစ်နေလိမ့်မယ်... ရှာမန်တွေ ဆိုရင်ရော။ ငါ ရှာမန်နယ်မြေထဲကို သွားရမယ်။ အဲနေရာမှာဆိုရင် ငါလေ့ကျင့်ပြီး ခန္ဓာကိုယ်ကို သန့်စင်ရင်း စွမ်းအားတိုးလာအောင် လုပ်လို့ရမယ်။ အရှေ့ခြမ်းနယ်မြေတွေရဲ့ ကပ်ဆိုးကြီး ကျရောက်လာတဲ့အခါ တောင်ပိုင်းအရုဏ်ဦး ကုန်းမြေတစ်ခုလုံး ပရမ်းပတာဖြစ်သွားလိမ့်မယ်။ အဲဒီအချိန်ကျရင်တော့ ငါ့ကိုအာရုံစိုက်မယ့်လူ သိပ်ရှိမှာမဟုတ်တော့ဘူး'

စုမင်စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခု ချက်ချင်းဖြစ်ပေါ်လာသည်။

'ငါ အခွင့်အရေးတစ်ခု လိုတယ်။ ဒီနေရာကနေ ထွက်ခွာနိုင်မယ့် အခွင့်အရေးတစ်ခု...'

ယခုအခါ စစ်မြေပြင်ကြီးတစ်ခုလုံးမှာ သုဿန်တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်လို့နေသည်။

အသက်ရှူသံ အနည်းငယ်ပြင်းသွားလျှင်တောင် ကြားနိုင်ချေသည်။ စုမင်နံဘေးရှိ ကောင်းကင်တွင် ညာဘက်လက် မရှိတော့သော ပေ၁၀၀၀၀ အရွယ်အစားရှိ ရိုးရေစတေးနယ်ပယ် နတ်ဘုရားရုပ်တုကြီးမှာ ဖြည်းညှင်းစွာ ပျောက်ကွယ်သွားနေပြီး တစ်ဝက်ခန့် ထွင်းဖောက်မြင်နေရသည်အထိ မှိန်ဖျော့လာပြီဖြစ်သည်။ ၎င်းပုံစံ အချိန်မရွေး ပျောက်ကွယ်သွားတော့မည်ကဲ့သို့ ဖြစ်သည်။

၎င်းက ပျောက်ကွယ်သွားတော့မည့်အချိန်မှာပင် ရှာမန်ပိုင်မြေထဲမှ ကောင်းကင်သို့ပင် ထိစပ်နေသည့် ထူထဲသော အနက်ရောင်မြူခိုးလွှာတစ်ခု ရုတ်ခြည်းထွက်ပေါ်လာခဲ့သည်။

ထိုမြူခိုးများမှာ တုန်ခါသွားပြီး ၎င်းတို့အတွင်းမှ ထိတ်လန့်ဖွယ် စူးရှသောအော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထို့နောက် မြူခိုးများအတွင်းမှ လှံရှည်တစ်ချောင်း ရုတ်တရက် တိုးထွက်လာခဲ့သည်။ ၎င်းသည် ယခင်က တစ်ခါမျှမမြင်ဖူးသည့် အလွန်ခမ်းနားကြီးကျယ်သော တည်ရှိမှုတစ်ခုနှင့်အတူ အလျင်အမြန် တိုးဝင်လာခဲ့၏။ ၎င်း၏ ပစ်မှတ်မှာတော့ စုမင်မဟုတ်ပဲ... သူ့နံဘေးရှိ ပျောက်ကွယ်သွားတော့မည့် ရိုးရေစတေးနယ်ပယ် နတ်ဘုရားရုပ်တုကြီးသာ ဖြစ်သည်။

***

All Chapters