← Chapters

အခန်း (၁၁၁-၁၁၂)

Vol. 12 Ch. 111-112

အခန်း (၁၁၁-၁၁၂)

Vol. 12 Ch. 111-112

အခန်း (၁၁၁) ပထမ နန်းတော်သခင်

ညဉ့်နက် သန်းခေါင်ယံအချိန်၊ လီဈေးဆိုင်။

ချင်လဲ့၏ မျက်နှာမှာ အတော်ပင် နွမ်းနယ်နေ၏။ သူသည် အခန်းငယ်လေးထဲတွင် အောင်းနေပြီး အဖျက်စွမ်းအားပြင်း ဝိညာဉ်ဗုံး၏ ဝိညာဉ်အစီရင်ကို ရေးထိုးရန်သာ အာရုံစိုက်နေခဲ့သည်။

“ဖူး”

ထူးဆန်းသောအသံတစ်သံ ထွက်ပေါ်လာပြီးနောက် အစိမ်းရင့်ရောင် ဘောလုံးငယ်အတွင်းမှ မီးခိုးငွေ့ပါးပါးလေး ထွက်လာတော့၏။ တစ်ခုခု လောင်ကျွမ်းသွားသည့် အနံ့များလည်း အခန်းထဲတွင် ပြည့်နှက်သွားသည်။

ချင်လဲ့သည် စိတ်ပျက်အားလျော့သွားသည့်နှယ် မြေပြင်ပေါ်တွင် ပက်လက်လှန်လိုက်ပြီး မျက်နှာကြက်ကို ငေးကြည့်နေမိသည်။ သူ၏ မျက်နှာထက်တွင် စိတ်ပျက်မှုတို့ အထင်အရှား ရှိနေပေသည်။

“ဘာဖြစ်တာလဲ။ နောက်တစ်ခါ ထပ်ရှုံးပြန်ပြီလား”

အပြင်ဘက်မှ လီမု၏ အသံသည် အချိန်ကိုက်ပင် ထွက်ပေါ်လာ၏။

“ဘယ်နှစ်ကြိမ်ရှိသွားပြီလဲ”

“သုံးကြိမ်မြောက်ပါ”

ချင်လဲ့က ပြန်ထိုင်လိုက်ရင်း ဆက်ပြောသည်။

“ကျွန်တော် ဝိညာဉ်ပစ္စည်း ခြောက်ခု လုပ်ခဲ့ပေမဲ့ အခု သုံးခုကတော့ ပျက်သွားပြီ။ ဝိညာဉ်တံဆိပ်ပြားပေါ်မှာ ရေးထိုးတာနဲ့ တကယ့်လက်နက်ပေါ်မှာ ရေးထိုးတာက တော်တော် ကွာခြားလွန်းတယ်”

သူသည် အခန်းထဲမှ ထွက်လာခဲ့ရာ ညအမှောင်အောက်တွင် တစ်ယောက်တည်း သေရည်သောက်နေသော လီမုကို တွေ့လိုက်ရသည်။

“ဒါက သဘာဝပါပဲ”

လီမုက ပြုံးပြလိုက်ရင်း ဘေးတွင် ထိုင်ရန် အရိပ်အယောင် ပြလိုက်သည်။

“ဒါက မင်း ပထမဆုံး တကယ့် လက်နက်ပေါ်မှာ ဝိညာဉ်အစီရင် ရေးထိုးတာပဲလေ။ ပထမဆုံးအကြိမ်မှာ ကျရှုံးတတ်တာက ပုံမှန်ပါပဲ။ အရင်တစ်ခါက မင်း ပြုပြင်ပေးခဲ့တာက သူများရေးထားပြီးသား အခြေခံပေါ်မှာ လုပ်ခဲ့တာဆိုတော့ ပိုလွယ်တာပေါ့”

“နားလည်ပါပြီ”

ချင်လဲ့က အတင်းပြုံးလိုက်ရင်း ဆိုသည်။

“အခုတလော ကိစ္စတွေက များနေတော့ ကျွန်တော် အမြန်အောင်မြင်ချင်နေတာပါ။ အခုလို ခဏခဏ ကျရှုံးနေတော့ စိတ်မရှည်သလို ဖြစ်မိတယ်”

လီမုက မျက်မှောင်ကြုတ်လိုက်ပြီး ချင်လဲ့အတွက် သေရည်တစ်ခွက် ငှဲ့ပေးလိုက်သည်။ ထို့နောက် သူက ရုတ်တရက် ဆိုလိုက်သည်။

“မင်း တစ်ယောက်ယောက်ကို သတ်ချင်နေတာ မဟုတ်လား”

ချင်လဲ့၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး ခေါင်းငုံ့ကာ သေရည်ကို တစ်ငုံ သောက်လိုက်သည်။ သူ ချက်ချင်း ပြန်မဖြေဘဲ လည်ချောင်းထဲမှ ပူလောင်သွားသည့် ခံစားချက်ကိုသာ ငြိမ်၍ ခံစားနေမိ၏။ လီမုက သူ့ကို အကဲခတ်ကာ စူးစူးစိုက်စိုက် ကြည့်လိုက်ရင်း အေးအေးဆေးဆေးပင် ပြောလိုက်သည်။

“မင်းရဲ့ မျက်လုံးတွေထဲမှာ သတ်ဖြတ်လိုတဲ့ အငွေ့အသက်တွေကို ငါ မြင်နေရတယ်။ အပြင်မှာ ဖြစ်နေတဲ့ အခြေအနေတွေကိုလည်း ငါ နည်းနည်းကြားထားတယ်”

“ဦးလေးလီ။ လူတစ်ယောက်ကို သတ်ဖို့အတွက် ကြောက်စရာကောင်းတဲ့ အဖိုးအခကို ပေးရမယ်ဆိုရင် အဲဒါကို လုပ်သင့်သလား”

ချင်လဲ့က ခေါင်းမော့ကာ လီမု၏ မျက်လုံးများကို စိုက်ကြည့်လျက် မေးလိုက်သည်။

“အဲဒါက မင်း သူ့ကို ဘယ်လောက်အထိ သတ်ချင်နေလဲ ဆိုတာပေါ်မှာ မူတည်တယ်”

လီမုက သေရည်ခွက်ကို ချလိုက်ပြီး ခေတ္တမျှ စဉ်းစားလိုက်၏။

“မင်းရဲ့ ရင်ထဲမှာ ရှိနေတဲ့ သတ်ဖြတ်လိုစိတ်ကို မထိန်းချုပ်နိုင်တော့ဘူးဆိုရင်၊ ဘာပဲဖြစ်ဖြစ် သတ်ရမယ်ဆိုတဲ့ အကြောင်းပြချက် ရှိနေတယ်ဆိုရင်၊ တကယ်လို့ မသတ်လိုက်ရလို့ တစ်သက်လုံး နောင်တရနေမယ်ဆိုရင်၊ ဒါမှမဟုတ် အဲဒီလူကို မသတ်ရရင် မင်းကိုယ်မင်း မျက်နှာချင်း မဆိုင်ဝံ့တော့ဘူးဆိုရင်... အဲဒီလိုဆိုရင်တော့ ဘယ်လောက်ပဲ ကြီးမားတဲ့ အဖိုးအခ ပေးရပါစေ ကိုယ့်အသက်ကို အာမခံချက် ရှိနေသရွေ့တော့ ကြိုးစားကြည့်သင့်တာပေါ့”

ချင်လဲ့၏ ကိုယ်ခန္ဓာမှာ သိမ့်ခနဲ တုန်သွားသည်။ သူသည် တစ်ခုခုကို ပြတ်ပြတ်သားသား ဆုံးဖြတ်ချက် ချလိုက်သည့်နှယ် ဆိုလိုက်သည်။

“ကျေးဇူးတင်ပါတယ် ဦးလေးလီ”

လီမုက ခေါင်းညိတ်ပြလိုက်ပြီး ပေါ့ပေါ့ပါးပါးပင် ပြောလိုက်လေသည်။

“မြူတိမ်ဆောင်က မင်းကို လက်မခံတော့ဘူးဆိုရင်လည်း လီဈေးဆိုင်က မင်းအတွက် အမြဲရှိနေပါတယ်”

ချင်လဲ့၏ ရင်ထဲတွင် နွေးထွေးသွားရ၏။ သူသည် နောက်ထပ် သေရည်တစ်ခွက်ကို သောက်လိုက်ပြီး ကောင်းကင်ယံသို့ ကြည့်ကာ ဆိုလိုက်သည်။

“ကျွန်တော် မြူတိမ်ဆောင်ကို ပြန်သွားဦးမယ်။ ကျွန်တော့် သူငယ်ချင်းနှစ်ယောက်... မကြာခင် ထွက်သွားရတော့မယ် ထင်တယ်”

သူသည် ခြံဝင်းထဲမှ ထွက်ခါနီးတွင် လီမုက မျက်လုံးများကို မှေးစိုက်လျက် လှမ်းပြောလိုက်လေသည်။

“ကုန်သွယ်ရေးလမ်းမပေါ်မှာ တိုက်ခိုက်တာကို တားမြစ်ထားတယ်။ ဒါကြောင့် မင်း ဒီမှာရှိနေသရွေ့ မြူတိမ်ဆောင်ပဲဖြစ်ဖြစ် ရေခဲပြင်နန်းတော်ပဲဖြစ်ဖြစ် မင်းကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။ မှတ်ထားပါ။ တကယ်လို့ ထွက်ပေါက်မရှိတော့ဘူး ဆိုရင်တော့ ငါ့ဆိုင်ကိုသာ ပြန်လာခဲ့ပါ”

“ကျေးဇူးပါ ဦးလေးလီ”

ချင်လဲ့က တိုးတိုးလေး ပြန်ပြောပြီးနောက် ထွက်ခွာသွားတော့သည်။ လီမုကမူ အေးအေးဆေးဆေးပင် သူ၏ သေရည်ကို ဆက်သောက်နေခဲ့၏။

……

မြူတိမ်ဆောင်။

ဒုတိယနေ့တွင် ချင်လဲ့ ရောက်လာသောအခါ ယောင်ထိုက်မှာ ထွက်သွားပြီဖြစ်ကြောင်း သိလိုက်ရသည်။ လက်နက်ဆောင်မှာလည်း ပိတ်ထားပြီး မီးဖိုကြီးတစ်လုံးသာ ကျန်ရစ်နေတော့၏။

“မင်း ဘယ်တော့ ထွက်သွားမှာလဲ”

ဂိုဏ်းအတွင်း၌ ကျောက်ချန်း၊ ချင်လဲ့၊ ခမ်းကျိနှင့် ဟန်ဖုန်းတို့ စုမိနေကြသည်။ တုကျဲနှင့် ကျောက်ချန်းတို့၏ မျက်ဝန်းများတွင် စိတ်ပျက်အားလျော့မှုတို့ဖြင့် ပြည့်နှက်နေပြီး သူတို့၏ မျက်နှာများမှာလည်း အားကိုးရာမဲ့နေသည့်နှယ် ရှိနေပေသည်။

“လျိုယွန်ထောင် ပြန်လာပြီး ငါ့အစ်ကိုက ရာထူးလွှဲပြောင်းပေးပြီးတာနဲ့ ငါ ကျောက်ချန်းနဲ့အတူ ထွက်သွားတော့မှာ”

တုကျဲက မျက်နှာပျက်ပျက်ဖြင့် ပြန်ဖြေ၏။

“ချူဖုန်းရော ဘယ်လိုနေလဲ”

ချင်လဲ့က မေးလိုက်သည်။

“သူ့အခန်းထဲမှာ သူ အောင်းနေတာ ရက်တော်တော်ကြာပြီ။ ငါတို့ သွားတွေ့တာတောင် အတွေ့မခံဘူး”

တုကျဲက သက်ပြင်းချလိုက်ရင်း ဆိုသည်။

“သူ ငါ့အပေါ် အငြိုးရှိနေတယ်ဆိုတာ ငါ သိပါတယ်။ ဒါပေမဲ့ ငါလည်း ဘာမှ မတတ်နိုင်ဘူးလေ။ အထက်လူကြီးတွေက လျိုယွန်ထောင်ကို ရာထူးတိုးပေးဖို့ သဘောတူလိုက်ကြပြီ။ အနာဂတ်မှာ တုမိသားစုက မြူတိမ်ဆောင်ရဲ့ ကိစ္စတွေမှာ ဝင်ပါခွင့် ရှိတော့မှာ မဟုတ်ဘူး။ ငါ ဘာလုပ်နိုင်မှာလဲ”

“သူ အမြန်ဆုံး အဆင်ပြေလာပါစေလို့ပဲ မျှော်လင့်ရတာပေါ့”

ကျောက်ချန်းက တိုးတိုးလေး ဆိုလိုက်သည်။

“ခမ်းကျိ။ မင်းကော ဘယ်လိုလဲ”

ချင်လဲ့က ထပ်မေးပြန်သည်။

“ဘုရားပဲ သိမှာပေါ့”

ဝတုတ်လေး ခမ်းကျိ၏ မျက်နှာထက်တွင်လည်း အပြုံးများ ပျောက်ဆုံးနေခဲ့ပြီ။

“ကျွန်တော့် အဖေ ဘာပြောမလဲဆိုတာပေါ်မှာပဲ မူတည်မှာပါ။ ဘာပဲဖြစ်ဖြစ် မြူတိမ်ဆောင်မှာ ဆက်နေဖို့ကတော့ မဖြစ်နိုင်တော့ဘူးလေ။ သူ သွားတဲ့နောက်ပဲ လိုက်ရမှာပေါ့”

“ကျွန်တော်လည်း အတူတူပါပဲ။ အဖေ ဘာပြောမလဲ ဆိုတာကိုပဲ စောင့်ကြည့်ရမှာပဲ”

ဟန်ဖုန်းကလည်း သူ၏ ဆန္ဒကို ဖော်ပြလိုက်သည်။

“ချင်လဲ့။ နင်ကော ဘယ်လိုလဲ”

ကျောက်ချန်းက မေးလိုက်၏။

“ကျွန်တော်လား။ ကျွန်တော်လည်း သေချာ မသိသေးပါဘူး”

ချင်လဲ့က ခေါင်းခါလျက် ဆိုသည်။

“အမှောင်အသူရာခန်းမရဲ့ ပြည်တွင်းရေးဌာနက ရှဲ့ကျင်ရွှမ်နဲ့ လျန်ကျုံးတို့လည်း အာတိတ်တောင်တန်း အစွန်အဖျားမှာ ရှိနေကြတယ်။ သူတို့ နောက်နှစ်ရက်လောက်ဆို ရောက်လာလိမ့်မယ်”

တုကျဲက ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ အကြံပေးလိုက်၏။

“အဲဒီ လျန်ကျုံးက မင်းကို တော်တော် သဘောကျတာ။ ဒါကြောင့် သူ့ကို ထွက်ပေါက်ရှိမလားဆိုတာ တစ်ချက် စုံစမ်းကြည့်လို့ရတယ်။ မင်းသာ အမှောင်အသူရာခန်းမထဲကို ဝင်နိုင်မယ်ဆိုရင်... အရာရှိကြီး မဖြစ်ရင်တောင်မှ မင်းအတွက် လမ်းစသစ် တစ်ခု ဖြစ်လာနိုင်တယ်”

“အင်း... နင် အဲဒီမိန်းမနဲ့ ပတ်သက်တာကို ငါ သိပ်သဘောမတူပေမဲ့ ဒီလမ်းက မြူတိမ်ဆောင်မှာ ဆက်နေတာထက်စာရင် ပိုကောင်းမယ်လို့ ထင်တယ်”

ကျောက်ချန်းကလည်း ထောက်ခံလိုက်ရင်း ဆိုလိုက်၏။

“တုဟိုင်ထျန်က မင်းအပေါ် အငြိုးကြီးတယ်။ မင်းသာ ဒီမှာ ဆက်နေရင် သူ မင်းကို အမျိုးမျိုး ဒုက္ခပေးလိမ့်မယ်။ မင်း အသက်ကိုတောင် ခြိမ်းခြောက်လာနိုင်တယ်။ မင်း အမြန်ဆုံး ထွက်သွားတာ ပိုကောင်းမယ်”

“ဒါကို နောက်မှပဲ ဆက်ပြောကြတာပေါ့”

ချင်လဲ့က မျက်မှောင်ကြုတ်လျက် ဆိုလိုက်သည်။ တစ်ဖွဲ့လုံးသည် စိတ်မကောင်းစွာဖြင့် သေရည်အတူသောက်နေကြသော်လည်း သောက်လေလေ ပို၍ စိတ်ဓာတ်ကျလေလေ ဖြစ်နေကြတော့သည်။

……

“ဒု ခန်းမသခင် လျို ပြန်လာပြီ”

“အခုဆို အရှင်သခင် လျိုလို့ ခေါ်ရတော့မှာပေါ့”

“ဟင်။ ကြက်သွေးရောင်မီးလျှံအသင်းနဲ့ ရေလဂိုဏ်းက လူတွေလည်း ပါလာပါလား”

“အရှင်သခင် လျို။ ပြန်လာတာကို ကြိုဆိုပါတယ်”

ညနေစောင်းတွင် မြူတိမ်ဆောင်၏ ဂိတ်ပေါက်ဝ၌ ဆူညံသံများ ထွက်ပေါ်လာတော့၏။ လျိုယွန်ထောင်၊ တုဟိုင်ထျန်နှင့် ဝေ့ရှင်းတို့သည် အမှောင်အသူရာခန်းမ၏ ပထမ နန်းတော်သခင် ယွမ်ထျန်ယကို အဖော်ပြုလျက် ဂိုဏ်းအတွင်းသို့ ဝင်လာကြ၏။ သူတို့နောက်တွင် ကြက်သွေးရောင်မီးလျှံအသင်းနှင့် ရေလဂိုဏ်းမှ အကြီးအကဲများကလည်း ရိုသေစွာဖြင့် လိုက်ပါလာကြသည်။

ယွမ်ထျန်ယသည် အသက်လေးဆယ်ခန့် ရှိပြီဖြစ်၏။ သူ၏ ကိုယ်လုံးကိုယ်ပေါက်မှာ မြင့်မားပြီး မျက်နှာမှာ ထူးဆန်းစွာ အိုမင်းနေပေသည်။ သူ၏ နက်ရှိုင်းပြီး ရက်စက်ပုံရသော မျက်လုံးများသည် လူတစ်ယောက်၏ စိတ်နှလုံးကို ထိုးဖောက်မြင်နိုင်စွမ်း ရှိသည့်နှယ်ပင်။

သူသည် ဂိုဏ်းအတွင်းသို့ ဝင်ဝင်ချင်း လူတိုင်းကို ပြုံးပြလိုက်သော်လည်း သူ့အကြည့်နှင့် ဆုံသူတိုင်းမှာ သူတို့၏ လျှို့ဝှက်ချက်များအား ချောင်းကြည့်ခံလိုက်ရသလို ခံစားလိုက်ကြရသဖြင့် စိတ်ထဲတွင် မသက်မသာ ဖြစ်သွားကြရသည်။

“ပထမ နန်းတော်သခင်ကို ကြိုဆိုခွင့်ရတာ ဂုဏ်ယူပါတယ်”

မြူတိမ်ဆောင်ရှိ ကျင့်ကြံသူတိုင်းသည် ယွမ်ထျန်ယ ကိုယ်တိုင် ရောက်လာသည်ကို မြင်သောအခါ ရိုသေစွာဖြင့် အလေးပြုလိုက်ကြ၏။ တုမိုနှင့် ဟန်ချင်းယွီတို့သည်လည်း ထိုသတင်းကို ကြားသည်နှင့် ချက်ချင်း ပြေးလာကြပြီး အရိုအသေပြုကာ ကြိုဆိုကြရသည်။ တုမိုကိုယ်တိုင်ပင် ယွမ်ထျန်ယကို စီမံရေးခန်းမဆောင်ဆီသို့ လမ်းပြခေါ်ဆောင်သွားလေသည်။

“ကျေးဇူးတင်ပါတယ် မြူတိမ်ဆောင်သခင် တု”

ယွမ်ထျန်ယက အေးစက်စွာ ပြုံးလျက် ခေါင်းညိတ်ပြပြီး ဆိုလိုက်သည်။

“ငါထင်တဲ့အတိုင်းပဲ။ အဖေတူ သားရတနာပဲ။ မင်းရဲ့အဖေ တုရှီရှုံ့ဟာ အမှောင်အသူရာခန်းမမှာ စစ်မှုထမ်းခဲ့တုန်းက တကယ့်ကို အားကျစရာကောင်းတဲ့သူပဲ။ သူဟာ အနောက်ပိုင်း စစ်မြေပြင်ကို အကြိမ်ကြိမ် ဝင်ခဲ့ပေမဲ့ အမြဲတမ်း အသက်ရှင်လျက် ပြန်လာနိုင်ခဲ့တယ်”

သူက တုမိုကို ကြည့်ကာ ဆက်ပြောသည်။

“မင်းလည်း မကြာခင် အမှောင်အသူရာခန်းမကို လာရတော့မယ်။ စစ်သည် အသစ် တစ်ယောက်အနေနဲ့ မင်းလည်း အနောက်ပိုင်း စစ်မြေပြင်ကို သွားရမှာပဲ။ မင်းရဲ့ အဖေလိုပဲ နာမည်ကျော်ကြားတဲ့ တပ်မှူးတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်”

ထို့နောက် ယွမ်ထျန်ယက ပေါ့ပေါ့ပါးပါးပင် ပြုံးလိုက်ရင်း မေးလိုက်လေသည်။

“ငါ့ဆီမှာ တပ်မှူးရာထူး တစ်နေရာ လွတ်နေတယ်။ မင်းမှာ အဲဒီလို စွမ်းရည်ရှိမလား ဒါမှမဟုတ် စိတ်ဝင်စားမလားဆိုတာ ငါ သိချင်မိတယ်”

“ပထမ နန်းတော်သခင် ချီးမြှောက်လွန်းပါတယ်”

တုမိုက အနည်းငယ် ဦးညွှတ်လျက် ပြန်ဖြေ၏။ သူသည် ယွမ်ထျန်ယ၏ မေးခွန်းအား တိတိကျကျ မဖြေဘဲ လမ်းကိုသာ ဆက်လက် ပြသပေးလိုက်သည်။ ယွမ်ထျန်ယကမူ အဓိပ္ပာယ်ပါပါ ပြုံးလိုက်ပြီး စကား ဆက်မပြောတော့ပေ။

ချင်လဲ့၊ တုကျဲနှင့် အဖွဲ့သားများလည်း အနားသို့ စုလာကြပြီး လျိုယွန်ထောင်၊ တုဟိုင်ထျန်၊ ဝေ့ရှင်းနှင့် ယွမ်ထျန်ယတို့ကို ကြည့်နေကြသည်။ သူတို့ လူစု ပျောက်ကွယ်သွားသောအခါ ကျန်ရှိနေသော ကျင့်ကြံသူများလည်း ယွမ်ထျန်ယ အဘယ်ကြောင့် လာကြောင်း ဆွေးနွေးလျက် လူစုခွဲသွားကြတော့၏။

“ယွမ်ထျန်ယက အမှောင်အသူရာခန်းမရဲ့ ပထမ နန်းတော်သခင်ပဲ။ သူက ဝိညာဉ်လမ်းကြောင်း အဆင့် အဆင့်မြင့်ပိုင်းကို ရောက်နေပြီလို့ ပြောကြတယ်။ သူ့ရဲ့ စွမ်းအားက ခန့်မှန်းလို့ မရနိုင်ဘူး။ သူဟာ ဂိုဏ်းချုပ် ဖြစ်လာဖို့ အရည်အချင်းရှိတဲ့ ပညာရှင် တစ်ယောက်ပဲ”

ယွမ်ထျန်ယ ပျောက်ကွယ်သွားသော ဘက်ကို ကြည့်ရင်း ကျောက်ချန်းက တိုးတိုးလေး ဆိုလိုက်သည်။

“လျိုယွန်ထောင်ကို အခုလို ဂုဏ်ပြုပြီး ရေခဲကျောက်မြို့တော်အထိ ကိုယ်တိုင်လာတာကတော့ တကယ်ပဲ အံ့သြစရာပဲ။ သူ ဒီမှာ ရှိနေမှတော့ လျိုယွန်ထောင် အရှင်သခင် ရာထူး ယူတာကို ဘယ်သူမှ ကန့်ကွက်ဝံ့မှာ မဟုတ်တော့ဘူး”

“သူ ဒီမှာ ရှိနေရင် ရေခဲပြင်နန်းတော်ရဲ့ အရှင်သခင် ရန်ဝမ်ယန်တောင်မှ ငြိမ်ကုပ်နေမှာပဲ”

တုကျဲက ခေါင်းညိတ်လျက် ဆို၏။

“ရန်ဝမ်ယန်ရဲ့ အားကိုးရာကလည်း ယွမ်ထျန်ယပဲလေ။ ရန်ဝမ်ယန်သာ ဝိညာဉ်ထင်ရှားခြင်း အဆင့်ကို ရောက်သွားရင် သူ့လက်အောက်မှာ တပ်မှူးရာထူး ပေးဖို့ ကမ်းလှမ်းထားတယ်လို့လည်း ကြားဖူးတယ်”

“ရေခဲပြင်နန်းတော်နဲ့ မြူတိမ်ဆောင်ကြားက အတွင်းရန်ပွဲတွေကတော့ သူ့ကြောင့် တကယ်ပဲ ရပ်တန့်သွားတော့မှာပါ”

ကျောက်ချန်းက သက်ပြင်းချလိုက်ရင်း ဆိုလေသည်။

“အထက်လူကြီးတွေက တုမိသားစုကို မြူတိမ်ဆောင်ကနေ အပြီးအပိုင် ဖယ်ရှားဖို့အတွက် လျိုယွန်ထောင်ကို လွှတ်လိုက်တာပဲ ဖြစ်ရမယ်”

တုကျဲကမူ စကားတစ်ခွန်းမျှ ပြန်မပြောတော့ပေ။

“အား...”

ရုတ်တရက်ဆိုသလို မြူတိမ်ဆောင်၏ အရှေ့တောင်ဘက် ထောင့်မှနေ၍ စူးရှလှသော အော်ဟစ်သံကြီးတစ်သံ ကောင်းကင်ယံသို့ ပျံ့လွင့်လာတော့၏။

“ဒါ... ချူဖုန်းရဲ့ အသံပဲ”

ကျောက်ချန်း၏ မျက်နှာ ပျက်သွားတော့သည်။ ချင်လဲ့၊ တုကျဲနှင့် အဖွဲ့သားများလည်း မည်သည်မျှ မစဉ်းစားတော့ဘဲ အသံလာရာဘက်သို့ အပြေးအလွှား သွားကြည့်ကြတော့၏။ ကျန်ရှိသော ကျင့်ကြံသူများစွာလည်း ထိုကြောက်စရာကောင်းသော အော်သံကြောင့် ထိုနေရာသို့ စုရုံးလာကြသည်။

စီမံရေးခန်းမဆောင် အတွင်း၌မူ ယွမ်ထျန်ယသည် ထိုအော်ဟစ်သံကို မကြားသည့်နှယ်ပင် တုမို၊ လျိုယွန်ထောင်တို့နှင့် အေးအေးဆေးဆေးပင် စကားပြောနေခဲ့လေသည်။

မြူတိမ်ဆောင်ရှိ လက်နက်မျှော်စင်၏ အရှေ့တောင်ဘက်ထောင့်တွင် တုဟန်နှင့် ဝေ့လီတို့သည် မျက်နှာပျက်ပျက်ဖြင့် သူတို့၏ ဝိညာဉ်စွမ်းအင်များကို ထုတ်ဖော်လျက် မြေပြင်ပေါ်၌ လဲကျနေသော ချူဖုန်းကို ဝိုင်းဝန်း ရိုက်နှက်နေကြ၏။

လျိုတင်ကမူ ဘေးမှနေ၍ သတ်ဖြတ်လိုသော မျက်ဝန်းများဖြင့် ကြည့်နေရင်း ဆိုလိုက်သည်။

“နင့်လိုကောင်က ငါတို့ကို သတ်ဖို့ ကြိုးစားရဲတယ်ပေါ့။ နင် တကယ် သေချင်နေတာပဲ”

“မင်းက ငါ့ကို သတ်ချင်တာလား... ဟမ်”

တုဟန်ကလည်း ဆဲဆိုကြိမ်းမောင်းရင်း သူ၏လက်ထဲမှ ရွှေရောင်ဝိညာဉ်ငှက်အစွမ်းဖြင့် ချူဖုန်းကို အကြိမ်ကြိမ် တိုက်ခိုက်နေတော့သည်။

ချူဖုန်း၏ တစ်ကိုယ်လုံးတွင် သွေးများ စိုရွှဲနေပြီး ကြည့်ရသည်မှာ အလွန်ပင် ဆိုးဝါးလှ၏။ သူ၏ မျက်လုံးများတွင်မူ ရူးသွပ်မှုတို့ဖြင့် ပြည့်နှက်နေပြီး သေမည်ကို မကြောက်ဘဲ ဝိညာဉ်စွမ်းအင်များအား ထုတ်ကာ တုဟန်နှင့် ဝေ့လီတို့ကို ထိုးနှက်ရန် ကြိုးစားနေဆဲပင်။ သို့သော်လည်း သူတို့နှစ်ယောက်၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် ချူဖုန်းမှာ မခံနိုင်တော့ဘဲ သွေးအိုင်ထဲသို့ လဲကျသွားရတော့သည်။

“ချူဖုန်းကတော့ အသက်ရှင်ချင်ပုံ မရတော့ဘူး”

ဘေးမှ မြင်လိုက်ရသူတစ်ဦးက ပြောပြ၏။

“အရှင်သခင်လျိုနဲ့ အကြီးအကဲတုတို့ ပြန်လာတဲ့နေ့ကိုမှ ရွေးပြီး တိုက်ခိုက်တာကတော့ သူတို့ကိုလည်း ချစ်ရသူကို ဆုံးရှုံးရတဲ့ ခံစားချက်မျိုး ပေးချင်လို့ ထင်တယ်။ သူ အောင်မြင်ရင်တောင်မှ အသက်ရှင်မှာ မဟုတ်ဘူးဆိုတာ သူ သိပြီးသားပဲ။ အင်း... သနားစရာပါပဲ”

“သူ့အဖေက အသုံးချခံပြီး အသက်ပေးလိုက်ရတာတောင် အရှင်သခင်လျိုနဲ့ အကြီးအကဲတုတို့က အပြစ်ပေးမခံရတဲ့အပြင် ရာထူးတွေတောင် တိုးသွားကြတာကိုး။ ပထမ နန်းတော်သခင်ရဲ့ ချီးကျူးတာကိုတောင် ခံရသေးတယ်ဆိုတော့...”

နောက်တစ်ဦးက ဝင်ပြော၏။

“ဒါကို သူ ဘယ်လိုမှ လက်မခံနိုင်တော့လို့ပဲ ဖြစ်ရမယ်။ ဒါပေမဲ့ ဒီလိုအချိန်မျိုးမှာမှ အသက်နဲ့ရင်းပြီး လာလုပ်လိမ့်မယ်လို့တော့ မထင်ထားဘူး”

ချင်လဲ့နှင့် တုကျဲတို့ ရောက်လာသောအခါ ထိုစကားများကို ကြားလိုက်ရသဖြင့် မည်သည်မျှ မစဉ်းစားတော့ဘဲ လူအုပ်ထဲမှနေ၍ ပြေးထွက်သွားကြတော့သည်။

“အခုချက်ချင်း ရပ်စမ်း”

တုကျဲက ဒေါသတကြီး ဟောက်လိုက်ပြီးနောက် သူ၏ မြူတိမ်ဓားရှည်ကို ဆွဲထုတ်ကာ တိုက်ပွဲထဲသို့ ဝင်သွားတော့၏။ ချင်လဲ့၏ မျက်လုံးများတွင်မူ ရက်စက်မှုတို့ဖြင့် ပြည့်နှက်နေပြီး စကားတစ်ခွန်းမှ မပြောဘဲ သတ်ဖြတ်လိုသော အရှိန်အဝါများဖြင့် တုဟန်ရှိရာသို့ တစ်လှမ်းချင်း လျှောက်သွားလေတော့သည်။

အခန်း (၁၁၂) ငါ မင်းကို သတ်မယ်

“ဂျိန်း...”

ဟိန်းဟောက်သံကြီးတစ်သံ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာ၏။

ချင်လဲ့သည် လူအုပ်အလယ်သို့ ဝုန်းကနဲ ပြေးဝင်သွားပြီး တုဟန်နှင့် ဝေ့လီတို့အဖွဲ့ကို အတင်းဝင်တိုက်လိုက်သည်။ သူ၏ တစ်ကိုယ်လုံးမှ လျှပ်စီးများနှင့် မိုးကြိုးသံများမှာလည်း တဂျိန်းဂျိန်းနှင့် ထွက်ပေါ်နေပေသည်။

တုဟန်နှင့် ဝေ့လီတို့မှာ ခဏချင်းပင် လွင့်စင်သွားကြတော့၏။ လျှပ်စီးများမှာ သူတို့ကိုယ်ထဲသို့ စီးဝင်သွားသဖြင့် ဆံပင်များမှာ မည်းတူးသွားပြီး ဖြူဖွေးသန့်စင်သော မျက်နှာများမှာလည်း မီးခိုးမှိုင်းများကြောင့် မည်းမှောင်သွားရသည်။

ချူဖုန်းမှာမူ သွေးအိုင်ထဲ၌ အားအင်ကုန်ခမ်းစွာ လဲကျနေသော်လည်း သူ၏ မျက်လုံးများထဲတွင်မူ မေ့ပျောက်၍မရနိုင်သော အမုန်းတရားများဖြင့် ပြည့်နှက်နေပေသည်။

“ဖယ်ကြစမ်း”

တုကျဲ၊ ကျောက်ချန်းနှင့် ခမ်းကျိတို့က ဒေါသတကြီး ဟောက်လိုက်ရင်း လျိုတင်တို့အဖွဲ့ကို ရက်စက်သော အမူအရာများဖြင့် ဝင်ရောက်တိုက်ခိုက်ကြတော့၏။

ချင်လဲ့က ခေါင်းငုံ့ပြီး ချူဖုန်းကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် တုဟန်နှင့် ဝေ့လီတို့ကို စူးစိုက်ကြည့်ကာ ရှေ့သို့ တိုးသွားလေသည်။ သူသည် သူ၏ညာလက်ဖြင့် သစ်သားရုပ်တုကို ထုတ်ယူလိုက်ပြီး တုဟန်တို့အဖွဲ့ရှိရာသို့ စွမ်းအင်များကို ပို့လွှတ်လိုက်၏။

“ဂျိန်း... အုန်း... ဖျစ်...”

တောက်လောင်နေသော မိုးကြိုးလျှပ်စီးများသည် လက်မအရွယ်ခန့်ရှိသော မြွေငယ်လေးများအသွင် ပြောင်းလဲသွားပြီး တုဟန်နှင့် ဝေ့လီတို့၏ ရင်ဘတ်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။ သူတို့သည် ထိုလျှပ်စီးမြွေများ၏ အတိုက်ခံရမှုကြောင့် နာကျင်စွာဖြင့် အော်ဟစ်နေကြရ၏။

“အတင့်ရဲလှချည်လား”

လျိုတင်က စူးစူးဝါးဝါး အော်လိုက်သည်။

“ချင်လဲ့... နင် ဒီလိုအချိန်မျိုးမှာတောင် ငါတို့ကို ဆန့်ကျင်ရဲသေးတယ်ပေါ့။ နင် တကယ်ပဲ သေချင်နေတာလား”

“ချင်လဲ့”

“ချင်လဲ့”

တုကျဲနှင့် ကျောက်ချန်းတို့၏ မျက်နှာများ ပျက်သွားကြ၏။ ချင်လဲ့၏ ရူးသွပ်နေသောအမူအရာကို မြင်သောအခါ သူတို့ အလောတကြီး လှမ်းအော်လိုက်ကြရသည်။ ခမ်းကျိနှင့် ဟန်ဖုန်းတို့သည်လည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီးနောက် ချင်လဲ့၏ ဘေးသို့ ပြေးသွားကာ အစွမ်းကုန် တားဆီးလိုက်ကြ၏။ ချင်လဲ့သာ တုဟန်နှင့် ဝေ့လီတို့အား တကယ်သတ်ပစ်လိုက်မည်ကို သူတို့ ကြောက်နေကြမိသည်။

တုဟန်နှင့် ဝေ့လီတို့မှာ ဝိညာဉ်ပေါက်ဖွားခြင်း အဆင့်သို့ မရောက်သေးပေ။ အကယ်၍ ချင်လဲ့သာ သူ၏ စွမ်းအားအပြည့်ဖြင့် တိုက်ခိုက်လိုက်ပါက သူတို့ ခံနိုင်ရည်ရှိမည် မဟုတ်ဘဲ အသေအလဲ အရိုက်ခံရပေလိမ့်မည်။

ယခုချိန်သည် အမှောင်အသူရာခန်းမ၏ ပထမ နန်းတော်သခင် ယွမ်ထျန်ယသည် ဂိုဏ်းအတွင်း၌ ရှိနေသလို လျိုယွန်ထောင်၊ တုဟိုင်ထျန်နှင့် ဝေ့ရှင်းတို့မှာလည်း အာဏာရှိနေသည့်အချိန် ဖြစ်သည်။ အကယ်၍ ချင်လဲ့သာ တုဟန်နှင့် ဝေ့လီတို့ကို သတ်လိုက်ပါက သူ အသက်ရှင်ဖို့ လမ်းရှိတော့မည် မဟုတ်ပေ။ သူသည် ကြီးလေးသော ပြစ်မှုဖြင့် ဂိုဏ်း၏ ကွပ်မျက်ခြင်းကို ခံရမည်မှာ သေချာပေသည်။

လင်မိသားစုဝင်များ သေဆုံးသွားခြင်းက ချင်လဲ့၏ ရင်ထဲတွင် ကြီးမားသော အမုန်းတရားများကို ဖြစ်ပေါ်စေခဲ့သည်အား တုကျဲတို့ သိရှိထားကြသည်။ ချင်လဲ့မှာလည်း ချူဖုန်းလိုပင် စိတ်ထိန်းနိုင်စွမ်း မရှိတော့ဘဲ ဖြစ်သွားမည်ကို သူတို့ အလွန်စိုးရိမ်နေကြ၏။

ကျောက်ချန်းကလည်း လျိုတင်ကို ဂရုမစိုက်နိုင်တော့ဘဲ ချင်လဲ့အား အတင်းဖက်၍ တားဆီးလိုက်သည်။ သူမက တိုးတိုးလေး ဆိုလိုက်၏။

“စိတ်ကို ထိန်းပါဦး။ အခု အထက်လူကြီးတွေအားလုံး ဂိုဏ်းထဲမှာ ရှိနေကြတာ။ ပြဿနာရှာတာက ငါတို့အတွက် ဘာမှ အကျိုးရှိမှာ မဟုတ်ဘူး”

“ခမ်းကျိ၊ ဟန်ဖုန်း။ ချူဖုန်းကို အမြန်ခေါ်သွားပြီး ဆေးကုပေးလိုက်ကြစမ်း”

တုကျဲက အော်ပြောလိုက်သည်။ ခမ်းကျိနှင့် ဟန်ဖုန်းတို့သည် သွေးအိုင်ထဲမှ ချူဖုန်းကို အမြန်မကာ ထိုနေရာမှ ထွက်ခွာသွားကြတော့၏။

“ဖျစ်... ဖျစ်... ဖျစ်...”

တုဟန်နှင့် ဝေ့လီတို့၏ ကိုယ်ပေါ်တွင် လျှပ်စီးများက ဟိုဟိုသည်သည် ခုန်ကူးနေဆဲဖြစ်ပြီး သူတို့၏ ကိုယ်ခန္ဓာမှာလည်း ချမ်းတုန်နေသည့်နှယ် တုန်ရီနေကြသည်။ သူတို့၏ မျက်လုံးများထဲတွင်မူ တုန်လှုပ်ခြောက်ခြားမှုတို့ဖြင့် ပြည့်နှက်နေပေသည်။

“ဘာတွေ ဖြစ်နေကြတာလဲ”

တုဟိုင်ထျန်သည် စီမံရေး ခန်းမဆောင် အတွင်းမှ ထွက်လာပြီး လူအုပ်ကို အေးစက်စွာ ကြည့်လိုက်သည်။

“မင်းတို့ ဘာတွေလုပ်နေကြတာလဲ။ ဒီနေ့ ငါတို့မှာ အရေးကြီးတဲ့ ဧည့်သည်ရှိနေတာကို ဘာလို့ အခုလိုအချိန်မှာ ရန်ဖြစ်နေကြတာလဲ”

စီမံရေးခန်းမအတွင်း၌ တုမိုနှင့် ဟန်ချင်းယွီတို့လည်း သတင်းကို ကြားသော်လည်း ယွမ်ထျန်ယ ရှိနေသဖြင့် ထွက်မလာနိုင်ကြဘဲ အဖော်ပြုပေးနေရဆဲ ဖြစ်သည်။

စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲ ရဲ့ရန်ချိုး ပြန်လာဖို့က နောက်ထပ် တစ်ရက်၊ နှစ်ရက်လောက် လိုသေးသဖြင့် ကျန်ရှိနေသော စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်များမှာလည်း တုကျဲနှင့် လျိုတင်တို့၏ ပဋိပက္ခကြားတွင် ဝင်မပါရဲကြပေ။ ထို့ကြောင့် သူတို့သည် ရန်ပွဲအကြောင်း ကြားနေသော်လည်း မမြင်ချင်ယောင်ဆောင်ကာ ခေတ္တမျှ ပုန်းနေကြရသည်။

ထို့ကြောင့်ပင် တုဟိုင်ထျန်က ရှေ့သို့ ထွက်လာရခြင်း ဖြစ်ပေသည်။

“ချူဖုန်းက လူအုပ်ထဲကနေ ကျွန်မတို့ကို ရုတ်တရက် သတ်ဖို့ ကြိုးစားခဲ့တာပါ”

လျိုတင်က အေးစက်စွာ ရှင်းပြလိုက်သည်။

“တုဟန်က ကျောကုန်းကို အထိုးခံလိုက်ရတာ။ တကယ်လို့ သူ ဝတ်ထားတဲ့ နှလုံးကာချပ်ဝတ်သာ မပါရင် သူ့နှလုံးသားကို ထိုးဖောက်သွားမှာ သေချာတယ်”

“ဦးလေး ပေးခဲ့တဲ့ နှလုံးကာချပ်ဝတ်အတွက် ကျေးဇူးတင်ပါတယ်ဗျာ။ မဟုတ်ရင် ကျွန်တော် သေနေလောက်ပြီ”

တုဟန်က လူအုပ်ကို ကျောပေးလိုက်သည်။ သူ၏ အင်္ကျီမှာ နှလုံးနေရာ၌ စုတ်ပြဲနေပြီး ကြေးမုံပြင်အရွယ်ခန့်ရှိသော ငွေရောင်ချပ်ဝတ်ကို တွေ့လိုက်ရ၏။ ထိုအရာကပင် ချူဖုန်း၏ တိုက်ခိုက်မှုကို ကာကွယ်ပေးခဲ့ခြင်း ဖြစ်သည်။

တုဟိုင်ထျန်၏ မျက်နှာမှာ မည်းမှောင်သွားတော့၏။

“ချူဖုန်း ဘယ်မှာလဲ”

“အကြီးအကဲ တု... ဒီလိုပါ...”

ဘေးမှ တစ်ယောက်က ရှင်းပြလေသည်။

“တုကျဲ ရောက်လာပြီး နှစ်ဖက်စလုံးကို တားလိုက်တာပါ။ ဒဏ်ရာအပြင်းအထန်ရသွားတဲ့ ချူဖုန်းကိုတော့ ခေါ်သွားကြပါပြီ။ ချင်လဲ့ကလည်း ရောက်လာပြီး တုဟန်တို့နဲ့ တိုက်ခိုက်ခဲ့ပေမဲ့ တုကျဲတို့က ပြန်တားထားပါတယ်”

“တုဟန်နဲ့ ဝေ့လီတို့ကတော့ ဒဏ်ရာနည်းနည်းပဲ ရလိုက်တာပါ။ ဒါက လူငယ်အချင်းချင်း စကားများတာဆိုတော့ အကြီးအကျယ် လုပ်နေဖို့ မလိုဘူး မဟုတ်လား”

ဘေးမှ လူများကလည်း ထိုကိစ္စကို အေးအေးဆေးဆေး ပြီးသွားစေချင်သဖြင့် ဝိုင်းဝန်း ရှင်းပြပေးနေကြသည်။

တုဟိုင်ထျန်ကမူ တုကျဲနှင့် ကျောက်ချန်းတို့ကို ကြည့်ကာ မျက်မှောင်ကြုတ်လျက် ကြိမ်းမောင်းလိုက်၏။

“အမှောင်အသူရာခန်းမက နန်းတော်သခင် ယွမ်တောင် ဒီနေ့ ကိုယ်တိုင်ရောက်နေတာ။ မင်းတို့ကတော့ ချူဖုန်းလိုပဲ အသိတရားမရှိဘဲ လျှောက်လုပ်နေကြတာကို ငါ မယုံနိုင်ဘူး”

တုကျဲနှင့် ကျောက်ချန်းတို့ကမူ မည်သည့် စကားမျှ ပြန်မပြောဘဲ မျက်မှောင်ကြုတ်နေကြတော့သည်။ သူက ချင်လဲ့ကို ကြည့်ကာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။

“မင်းရှိတဲ့ နေရာတိုင်းမှာ ပြဿနာက အမြဲရှိနေတာပဲ။ ချင်လဲ့... မင်း မြူတိမ်ဆောင်မှာ ကိုယ့်နေရာကိုယ် သိနေတာ ပိုကောင်းမယ်။ မဟုတ်ရင်တော့...”

“မဟုတ်ရင် ဘာဖြစ်မလဲ”

ချင်လဲ့က ခေါင်းမော့ကာ အေးစက်သော အမူအရာဖြင့် ပြန်မေးလိုက်သည်။

“ဘာဖြစ်မလဲဆိုတာ မင်းရင်ထဲမှာ သိပြီးသားဖြစ်မှာပါ”

တုဟိုင်ထျန်၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး တိုးတိုးလေး ဆိုလိုက်သည်။

“ဒီနေ့တော့ ဒီလောက်ပဲ။ အားလုံး လူစုခွဲကြတော့။ နောက်ထပ် ပြဿနာ မရှာကြနဲ့”

သူ၏ လက်အောက်ခံ ကျင့်ကြံသူအချို့က လူအုပ်ကို ဝိုင်းအော်ကာ လူစုခွဲခိုင်းလိုက်သဖြင့် ခဏချင်းပင် ထိုနေရာ၌ မည်သူမျှ မကျန်တော့ပေ။

ထိုအချိန်တွင် တုဟိုင်ထျန်သည် ချင်လဲ့၏ အနားသို့ တိုးကပ်လာပြီး မျက်နှာချင်းဆိုင်ကာ တိုးတိုးလေး ပြောလိုက်လေသည်။

“ငါ သတ်ချင်တဲ့သူကို သတ်ဖို့ ငါ့မှာ အမြဲတမ်း နည်းလမ်းရှိတယ်။ လင်ယွီရှီးနဲ့ လင်ရွှမ်းရွှမ်းတို့က ကျိုလျိုယုရဲ့ ဂိုဏ်းထဲ ဝင်သွားတယ်ဆိုပေမဲ့လည်း ငါကတော့ လင်မိသားစု တစ်စုလုံးကို သတ်ဦးမှာပဲ။ အဲဒီ ညီအစ်မနှစ်ယောက်က ငါ့ကို ဘာလုပ်နိုင်မှာလဲ”

သူက အသံကို နှိမ့်ပြောလိုက်သော်လည်း ဘေးမှ တုကျဲနှင့် ကျောက်ချန်းတို့မှာ ထိုစကားအား ကြားလိုက်ရသဖြင့် ကိုယ်ခန္ဓာများ အေးစက်သွားကြရ၏။ လျိုတင်၊ တုဟန်နှင့် ဝေ့လီတို့ကမူ အေးစက်စွာ ပြုံးလျက် ကျေနပ်နေကြသည်။

“ငါ မင်းကို သတ်မယ်”

ချင်လဲ့က အံကြိတ်လျက် ပြောလိုက်၏။

“မင်းကလား”

တုဟိုင်ထျန်က ရက်စက်စွာ ရယ်မောလိုက်သည်။

“မင်းသာ ရေခဲကျောက်မြို့တော်မှာ ဆက်နေမယ်ဆိုရင် တစ်လထက် ပိုမရှင်စေရဘူးလို့ ငါ အာမခံတယ်။ တစ်ယောက်ပြီး တစ်ယောက်၊ မင်းလည်း ကျန်တဲ့ လင်မိသားစုဝင်တွေလိုပဲ သေရမှာပဲ”

ပြောပြီးသည်နှင့် သူသည် ချင်လဲ့၏ ဘေးမှ ဖြတ်သွားကာ ဆိုလိုက်သည်။

“အားလုံး လူစုခွဲကြစမ်း။ ချူဖုန်းရဲ့ အမှားအတွက်တော့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ရဲ့ရန်ချိုး ပြန်လာတာကို စောင့်ပြီးမှ စီရင်ကြတာပေါ့”

လျိုတင်၊ တုဟန်နှင့် ဝေ့လီတို့သည်လည်း အေးစက်စွာ ရယ်မောလျက် သူ၏နောက်မှ လိုက်သွားကြတော့၏။

ချင်လဲ့မှာမူ မျက်နှာပျက်ပျက်ဖြင့် ထိုနေရာ၌ပင် ရပ်နေဆဲဖြစ်ပြီး သူ၏ မျက်လုံးများထဲမှ သတ်ဖြတ်လိုစိတ်များမှာ အချိန်မရွေး ပေါက်ကွဲထွက်လာတော့မည့်နှယ် ရှိနေပေသည်။

“ချင်လဲ့... လျိုယွန်ထောင် မြူတိမ်ဆောင်ကို အုပ်ချုပ်တာနဲ့ နင် ချက်ချင်း ထွက်သွားရမယ်”

ကျောက်ချန်းက အနားသို့ လာကာ သတိပေးရှာသည်။

“မင်း ဒီမှာ ဆက်နေလို့ လုံးဝ မဖြစ်ဘူး”

“မင်း သွားကို သွားရမယ်။ တုဟိုင်ထျန်က အခုလို ဗြောင်ခြိမ်းခြောက်နေမှတော့ သူ မင်းကို သေချာပေါက် သတ်ဖို့ ကြိုးစားမှာပဲ။ မင်း ဒီအတိုင်း ငြိမ်နေလို့ မရဘူး”

တုကျဲကလည်း အလေးအနက် ဆိုလိုက်သည်။

“မင်း လီဈေးဆိုင်ကို အမြန်ဆုံး သွားသင့်တယ်။ ဖြစ်နိုင်ရင် ကုန်သွယ်ရေးလမ်းမကနေ အပြင်မထွက်ပါနဲ့။ တုဟိုင်ထျန် မင်းကို လုပ်ကြံဖို့ အခွင့်အရေး မပေးမိစေနဲ့”

တုဟိုင်ထျန်က သူတို့၏ ရှေ့မှောက်၌ပင် ချင်လဲ့နှင့် လင်မိသားစုကို သတ်မည်ဟု ဗြောင်ပြောရဲလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။ လျိုယွန်ထောင်နှင့် တုဟိုင်ထျန်တို့သည် ပထမ နန်းတော်သခင် ယွမ်ထျန်ယနှင့် နီးစပ်သွားပြီးနောက် မြူတိမ်ဆောင်၏ အာဏာမှာ သူတို့ဘက်သို့ လုံးဝ ရောက်ရှိသွားပြီဖြစ်ကြောင်း သူတို့ နားလည်လိုက်ကြရသည်။

“ကျွန်တော့်မှာ ကျန်နေတဲ့ ဆုကြေးမှတ်တွေကို ဝိညာဉ်ကျောက်တုံးတွေနဲ့ သွားလဲလိုက်ဦးမယ်”

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ချင်လဲ့က ဆိုလိုက်၏။

“ကောင်းတယ်။ အဲဒါ မင်းလုပ်သင့်တဲ့ အရာပဲ။ မင်း နားလည်သွားတာ ကောင်းပါတယ်”

တုကျဲက နှစ်သိမ့်ရှာသည်။

“အသက်ရှင်နေသရွေ့တော့ မျှော်လင့်ချက် ရှိပါသေးတယ်။ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်တွေ မြင့်မားလာပြီး ပိုကြီးမားတဲ့ အင်အားစုတွေထဲ ရောက်သွားတဲ့အခါ တုဟိုင်ထျန်လိုလူကို နှိမ်နင်းဖို့က မခက်ခဲပါဘူး။ အခုချိန်မှာ အာဏာက သူ့ဘက်မှာ ရှိနေတာဆိုတော့ သူ့ကို အသေအလဲ တိုက်ခိုက်နေဖို့ အကြောင်းမရှိဘူး။ ဒါက မင်းအတွက် ဘာမှ အကျိုးမရှိဘူးလေ”

“နင် အမြန်ဆုံး ထွက်သွားတာ ကောင်းမယ်။ မြူတိမ်ဆောင်မှာ ဆက်နေလို့ မဖြစ်တော့ဘူး”

ကျောက်ချန်းကလည်း ထပ်လောင်း ပြောကြားလိုက်သည်။

ချင်လဲ့ကမူ စကား ပြန်မပြောတော့ပေ။ သူသည် သိုလှောင်ရုံသို့ သွားကာ ကျန်ရှိနေသော ဆုကြေးမှတ်များကို ဝိညာဉ်ကျောက်တုံးများနှင့် လဲလှယ်လိုက်သည်။ ထို့နောက် သူ၏ အိမ်သို့ ပြန်လာပြီး ကျန်ရှိနေသော အဖျက်စွမ်းအားပြင်း ဝိညာဉ်ဗုံး သုံးလုံးကို ထုတ်ယူလိုက်၏။ သူသည် စိတ်ကို အတင်းတည်ငြိမ်အောင် ထားလိုက်ပြီးနောက် ဝိညာဉ်ဗုံးအတွက် ပထမဆုံး ဝိညာဉ်အစီရင်ကို စတင် ရေးထိုးလေတော့သည်။

ထူးဆန်းသည်မှာ ယခုတစ်ကြိမ်တွင် သူ၏ ရေးထိုးမှုမှာ အလွန်ပင် ချောမွေ့နေပြီး မည်သည့် အတားအဆီးမျှ မရှိခဲ့ပေ။ ဝိညာဉ်ဗုံးအတွင်း၌ အလင်းစက်ငယ်များမှာ တဖျတ်ဖျတ် တောက်ပနေပြီး လှပဆန်းကြယ်သော အစီရင်ကွန်ရက်တစ်ခုကို ဖန်တီးလိုက်ကြသည်။

“ဝူး...”

သစ်သားစေ့ အရွယ်ခန့်ရှိသော ဘောလုံးငယ်အတွင်းမှ အပြာရောင် အလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာ၏။ ဝိညာဉ်ဗုံးအတွင်းမှ မိုးကြိုးသံများမှာလည်း သဲ့သဲ့မျှ ထွက်ပေါ်နေပေသည်။

ချင်လဲ့သည် အံ့သြသွားသဖြင့် သူ၏ မျက်လုံးများထဲတွင် ထူးဆန်းသောအလင်းများ ဖြတ်ပြေးသွားပြီး တိုးတိုးလေး ရေရွတ်လိုက်မိ၏။

“ငါ... ငါ တကယ် လုပ်နိုင်ခဲ့ပြီ”

ဝိညာဉ်အစီရင် ပါဝင်သွားသောအခါ ဝိညာဉ်ဗုံးမှာ အပြာရောင်အလင်းများ ထွက်ပေါ်နေတော့သည်။ ကိုင်လိုက်သောအခါတွင်လည်း အေးစက်နေပြီး ယခင်ကထက် အနည်းငယ် ပို၍ လေးလံနေသလို ခံစားရ၏။

“ဆက်လုပ်ရမယ်”

သူသည် ထိုအရာကို ခေတ္တမျှ ကြည့်ရှုပြီးနောက် နောက်ထပ် ဝိညာဉ်ဗုံး အသစ် တစ်လုံးကို ထုတ်ယူကာ ဆက်လက် ရေးထိုးလေတော့သည်။

နှစ်ရက်ခန့် ကြာပြီးနောက်။

“ဝူး... ဝူး”

သစ်သားစားပွဲပေါ်တွင် ဝိညာဉ်ဗုံးသုံးလုံးမှာ အပြာရောင် အလင်းဖျော့ဖျော့များ ထွက်ပေါ်နေကြသည်။ ကိုင်ကြည့်လိုက်သော အခါတွင်လည်း ထိုဘောလုံးငယ်များအတွင်း၌ မိုးကြိုးလှိုင်းများ ပုန်းကွယ်နေသည်ကို ခံစားလိုက်ရ၏။

ညဉ့်နက် သန်းခေါင်ယံအချိန် ဖြစ်သဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေပေသည်။ ချင်လဲ့သည် ပြတင်းပေါက်ကို မှီလျက် ခေတ္တမျှ စဉ်းစားနေမိ၏။ ထို့နောက် သူသည် တိတ်တဆိတ် ထလိုက်ပြီး ချိပ်ပိတ်ထားသော လက်နက်ဆောင်အတွင်းသို့ ခိုးဝင်သွားလိုက်သည်။

အဆောင်အတွင်းရှိ ဗီဒိုများအားလုံးမှာ ချိပ်ပိတ်ခံထားရပြီး အသုံးဝင်သော ဝိညာဉ်ပစ္စည်းများလည်း မရှိတော့ပေ။ အလယ်တွင်ရှိသော မီးဖိုကြီးမှာမူ ကြီးမားလွန်းသဖြင့် တစ်လုံးတည်း ကျန်ရှိနေခြင်း ဖြစ်သည်။

ချင်လဲ့၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေပြီး သူ၏လက်ထဲမှ ဝိညာဉ်ဗုံးအတွင်းသို့ မိုးကြိုးစွမ်းအင်များကို ထည့်သွင်းလိုက်သည်။ ထိုစွမ်းအင်များသည် ဝိညာဉ်စုဆောင်းခြင်း အစီရင်မှတစ်ဆင့် စွမ်းအင်မြှင့်တင်ခြင်း အစီရင်ထဲသို့ ရောက်ရှိသွားပြီး အကြိမ်ကြိမ် လည်ပတ်နေတော့၏။

တဖြည်းဖြည်းနှင့် ဝိညာဉ်ဗုံးအတွင်းရှိ မိုးကြိုးစွမ်းအင်များမှာ ပိုမို ပြင်းထန်လာတော့သည်။ ချင်လဲ့သည် ဝိညာဉ်ဗုံးကို ကိုင်ထားရင်း အတွင်းရှိ မိုးကြိုးစွမ်းအင်များမှာ အဆမတန် မြင့်တက်လာသည်ကို ခံစားနေရ၏။ မိုးကြိုးစွမ်းအင်များမှာ ဝိညာဉ်အစီရင်ကို နှိုးဆွလိုက်ပြီး ရေခဲဝိညာဉ်မြွေ၏ အမြူတေကိုပါ လှုပ်နှိုးလိုက်သဖြင့် စွမ်းအင်များမှာ တစ်စုတစ်စည်းတည်း ဖြစ်သွားကြသည်။ လည်ပတ်မှု တစ်ကြိမ်တိုင်းတွင် စွမ်းအင်များမှာ နှစ်ဆခန့် မြင့်တက်လာပြီး ပိုမို ပြင်းထန်လာတော့၏။

အကြိမ်အနည်းငယ် လည်ပတ်ပြီးနောက်တွင်မူ ဝိညာဉ်ဗုံးအတွင်းရှိ ပြင်းထန်လှသော မိုးကြိုးစွမ်းအင်များသည် ဝိညာဉ်သိုလှောင်ခြင်း အစီရင် ၏ အဝင်ဝဆီသို့ တဟုန်ထိုး ပြေးဝင်သွားကြတော့သည်။

ထိုစွမ်းအင်များ ဝိညာဉ်သိုလှောင်ခြင်း အစီရင် အတွင်းသို့ မဝင်မီလေးမှာပင် ချင်လဲ့သည် ဝိညာဉ်ဗုံးကို မီးဖိုကြီးအတွင်းသို့ ပစ်ထည့်လိုက်ပြီး အဖုံးအား အမြန် ပိတ်လိုက်လေသည်။ ထို့နောက် သူသည် အမြန်ဆုံး နောက်ဆုတ်လိုက်၏။ သူသည် လက်နက်ဆောင် အပြင်ဘက်သို့ ရောက်သည်အထိ ဆုတ်ခွာသွားပြီး မီတာအနည်းငယ်ခန့် ဝေးကွာသွားသောအခါမှ စတင် ရေတွက်လိုက်တော့သည်။

“တစ်... နှစ်... သုံး...”

“အုန်း...”

သူ ငါးအထိ ရေတွက်လိုက်သောအခါ နားကွဲလုမတတ် ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာပြီး ယောင်ထိုက် အမြတ်တနိုး ထားခဲ့သော မီးဖိုကြီးမှာ အပိုင်းပိုင်းအစစ ဖြစ်သွားတော့သည်။ မီးဖိုပျက်စီးရာမှ ထွက်လာသော အပိုင်းအစများသည် လက်နက်ဆောင်အတွင်းရှိ နံရံများအား ဖောက်ထွက်သွားပြီး အပေါက်ကြီးများ ဖြစ်သွားစေခဲ့သလို အိပ်ပျော်နေသော ကျင့်ကြံသူ အားလုံးကိုလည်း လန့်နိုးသွားစေခဲ့သည်။

ချင်လဲ့သည် လက်နက်ဆောင် အပြင်ဘက်မှနေ၍ ထိုအပေါက်များမှ တစ်ဆင့် ပျက်စီးသွားသော မီးဖိုကြီးကို ကြည့်နေမိ၏။ ထို့နောက် စက္ကန့်အနည်းငယ် ကြာသောအခါ သူ၏ မျက်နှာမှာ အနည်းငယ် ဖြူဖျော့သွားပြီး ထိုနေရာမှ ထွက်ခွာသွားလေတော့သည်။

All Chapters