← Chapters

အခန်း (၁၂၃-၁၂၄)

Vol. 12 Ch. 113-114

အခန်း (၁၂၃-၁၂၄)

Vol. 12 Ch. 113-114

အခန်း (၁၁၃) အချို့က ရယ်မော၊ အချို့က ငိုကြွေး

နှစ်ရက်ခန့် ကြာပြီးနောက်။

ရဲ့ရန်ချိုးနှင့် ကောင်းယွီတို့သည် မြူတိမ်ဆောင်သို့ ပြန်ရောက်လာကြပြီ ဖြစ်သည်။ သူတို့နှင့်အတူ အာတိတ်တောင်တန်းမှ ပြန်လာကြသော ကြက်သွေးရောင်မီးလျှံအသင်းမှ ရှုံ့ပါးနှင့် ရေလဂိုဏ်းမှ နာနော့တို့လည်း ပါလာကြ၏။

တုမိုနှင့် လျိုယွန်ထောင်တို့၏ ရာထူးလွှဲပြောင်းပွဲကို ရဲ့ရန်ချိုး ပြန်ရောက်လာပြီးမှသာ အကြီးအကဲများရှေ့မှောက်တွင် ဆက်လက် လုပ်ဆောင်နိုင်မည် ဖြစ်သည်။ အခမ်းအနား ပြီးဆုံးသွားပါက တုကျဲနှင့် ကျောက်ချန်းတို့သည် နောက်တစ်နေ့ နံနက်တွင် တုမိုနှင့်အတူ အမှောင်အသူရာခန်းမသို့ လိုက်ပါသွားပြီး ကျင့်ကြံကြတော့မည် ဖြစ်သည်။

နံနက်ခင်းအချိန်။

တုကျဲသည် ချင်လဲ့၏ အိမ်သို့ ရောက်လာပြီး ပြောလိုက်လေသည်။

“ချင်လဲ့... ဒီနေ့ ငါ့အစ်ကိုက လျိုယွန်ထောင်ကို ရာထူးလွှဲပေးလိမ့်မယ်။ ငါတို့ကတော့ မနက်ဖြန် ထွက်သွားကြတော့မှာ။ ဒီညတော့ ငါတို့ ညီအစ်ကိုတွေ နောက်ဆုံးအနေနဲ့ ဆုံကြရအောင်။ ရေခဲကျောက်မြို့တော်မှာ အစည်ကားဆုံးဖြစ်တဲ့ မွှေးရနံ့ယစ်မူးဥယျာဉ်ကို သွားကြမယ်။ နောင်ဆိုရင် ငါတို့ ခဏခဏ ဆုံဖို့ မလွယ်တော့ဘူးလေ။ ဒါကြောင့် ဒီညတော့ အဝသောက်ကြတာပေါ့”

“မင်းလည်း ဂရုစိုက်ဦးနော်။ မနက်ဖြန် ကုန်သွယ်ရေးလမ်းမကို သွားတာက မင်းအတွက် အကောင်းဆုံးပဲ။ နောက်ဆိုရင်လည်း မြူတိမ်ဆောင်ကို မလာတာ အကောင်းဆုံးပဲ”

ကျောက်ချန်းကလည်း သတိပေးစကား ဆိုရှာသည်။ ချင်လဲ့က ခေါင်းညိတ်လိုက်ပြီး ပြန်ပြောလိုက်သည်။

“ညကျမှ တွေ့ကြတာပေါ့”

……

လင်မိသားစု၏ ခြံဝင်းအတွင်း။

အေးစက်စက် နိုင်လှသော မိန်းကလေးတစ်ဦး ဝင်လာပြီး ခြံဝင်းအတွင်းရှိ စိတ်ပျက်အားလျော့နေသော လင်မိသားစုဝင်များကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

“လင်မိသားစုရဲ့ ကိစ္စတွေကို ဘယ်သူ စီမံနေတာလဲ”

“ကျွန်တော်ပါ”

လင်ချန်းကျိသည် ညှိုးငယ်သော မျက်နှာဖြင့် ထွက်လာ၏။ ရောက်လာသူကို မြင်လိုက်ရသောအခါ သူ၏ အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားပြီး အံ့သြတကြီး အော်လိုက်မိသည်။

“သခင်မလေး လုလီ မဟုတ်လား”

ရောက်လာသူမှာ သုသာန်ခုနစ်ပါး တောင်ကြားရှိ ကျိုလျိုယု၏ အတော်ဆုံး တပည့်ဖြစ်သူ လုလီပင် ဖြစ်သည်။ သူမသည် လင်မြို့နယ်သို့ တစ်ခေါက် ရောက်ဖူးသဖြင့် လင်ချန်းကျိက မှတ်မိနေခြင်း ဖြစ်သည်။

“သခင်မလေး လု...”

လင်မိသားစုဝင်များက ဝိုင်းလာကြပြီး ဝမ်းနည်းပန်းနည်းဖြင့် အော်ဟစ်ကြတော့၏။

“သခင်မလေး လု၊ ကျွန်တော်တို့ လင်မိသားစုကို ကယ်တင်ပေးပါဦး”

“သခင်မလေး လု... ကျွန်တော့်အစ်ကိုကြီးနဲ့ လင်မိသားစုဝင် အတော်များများကို မြူတိမ်ဆောင်က လျိုယွန်ထောင်နဲ့ တုဟိုင်ထျန်တို့က လုပ်ကြံသတ်ဖြတ်ခဲ့တာပါ။ ကျွန်တော်တို့အတွက် တရားမျှတမှု ရှာပေးပါဦး သခင်မလေး”

လင်ချန်းကျိသည် မျက်ရည်များဖြင့် ဒူးထောက်ကာ အကူအညီ တောင်းခံလေတော့သည်။ လင်ဖုန်းကလည်း ဒူးထောက်လိုက်ပြီး လုလီကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေမိ၏။ လင်ယင်း၊ လင်ရှင်းနှင့် လင်ရှောင်တို့အတွက် ကလဲ့စားချေပေးနိုင်လိမ့်မည်ဟု သူ မျှော်လင့်နေမိသည်။

“ငါ နင်တို့ကို မကူညီနိုင်ဘူး”

လုလီ၏ အမူအရာမှာ အေးစက်နေပြီး သူတို့၏ တောင်းပန်တိုးလျှိုးမှုများကြောင့် စိတ်လှုပ်ရှားသွားခြင်း မရှိပေ။

“သုသာန်ခုနစ်ပါး တောင်ကြားက မြူတိမ်ဆောင်ရဲ့ ကိစ္စတွေမှာ ဝင်ပါခွင့် မရှိဘူး။ ပြီးတော့ ငါက ငါ့ဆရာ မဟုတ်တဲ့အတွက် လျိုယွန်ထောင်နဲ့ တုဟိုင်ထျန်တို့ကို ဖိအားမပေးနိုင်ဘူး။ တစ်ခုတော့ ရှိတာပေါ့... ငါ့ဆရာ ကိုယ်တိုင် ဒီမှာ ရှိနေရင်တောင်မှ နင်တို့အတွက် ကလဲ့စားချေပေးနိုင်မှာ မဟုတ်ဘူး”

“ဘာလို့လဲဗျာ”

လင်ချန်းကျိ၏ မျက်လုံးများမှာ နီမြန်းနေ၏။

“အမှောင်အသူရာခန်းမရဲ့ ပထမ နန်းတော်သခင် ယွမ်ထျန်ယ ကိုယ်တိုင် မြူတိမ်ဆောင်မှာ ရှိနေတာလေ။ သူက လျိုယွန်ထောင်တို့ကို ကာကွယ်ပေးထားတဲ့အတွက် ငါ့ဆရာတောင်မှ ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး”

လုလီသည် ဒူးထောက်နေသော လင်မိသားစုဝင်များကို ကြည့်ကာ ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ အေးစက်စွာ ဆိုလိုက်သည်။

“ငါ့ရဲ့ ဂိုဏ်းတူညီမလေးတွေရဲ့ မျက်နှာကို ထောက်ထားပြီး ငါ နင်တို့ကို လာပြောတာ။ မနက်ဖြန် မနက်မှာ ငါနဲ့အတူ ရေခဲကျောက်မြို့တော်ကနေ ထွက်သွားဖို့ ပြင်ထားကြ။ ပြီးတော့ ဘယ်သူမှ မသိအောင် တိတ်တဆိတ် ထွက်သွားတာ အကောင်းဆုံးပဲ”

“လင်မိသားစုက မြူတိမ်ဆောင်ရဲ့ လက်အောက်ခံ အင်အားစုပဲလေ။ ကျွန်တော်တို့သာ တိတ်တဆိတ် ထွက်သွားရင် ပြဿနာ တက်မကုန်ဘူးလား”

တစ်ယောက်က မေးလိုက်သည်။

“လင်မိသားစုသာ ရေခဲကျောက်မြို့တော်မှာ ဆက်နေရင်တော့ မကြာခင်မှာ အကုန် အသတ်ခံရလိမ့်မယ်”

လုလီက မျက်မှောင်ကြုတ်လိုက်၏။

“မြူတိမ်ဆောင်နဲ့ ညှိနှိုင်းဖို့ကတော့ သုသာန်ခုနစ်ပါး တောင်ကြားကပဲ ရှေ့ထွက် ဖြေရှင်းပေးမယ်။ အဲဒါကို နင်တို့ စိတ်ပူစရာ မလိုဘူး”

သူမက ဆက်လက်ပြောကြားဖို့ စိတ်မပါတော့ပေ။

“မနက်ဖြန် မြို့ဂိတ်ပေါက်ဝမှာ ငါ စောင့်နေမယ်။ နင်တို့ လာရင်လည်း လိုက်ခဲ့ကြ၊ မလာရင်လည်း နင်တို့အကြောင်းပဲ။ ငါ အကြာကြီး စောင့်မှာ မဟုတ်ဘူး”

ပြောပြီးသည်နှင့် သူမသည် လှည့်ထွက်သွားပြီး လင်ချန်းကျိ၏ မေးခွန်းများကို ဂရုမစိုက်ဘဲ ထွက်ခွာသွားတော့သည်။ ထို့နောက် သူမသည် မြူတိမ်ဆောင်ဆီသို့ ဦးတည်သွားလေ၏။

နှစ်နာရီခန့် ကြာပြီးနောက် သူမသည် ချင်လဲ့၏ အိမ်ငယ်လေးသို့ ရောက်လာသည်။ ဤသည်မှာ ချင်လဲ့ကို သူမ ဒုတိယအကြိမ် တွေ့ဖူးခြင်း ဖြစ်ပေသည်။

“ငါ မလာခင်မှာ ညီမလေးလင်က နင် ဘယ်လိုနေလဲဆိုတာ ကြည့်ခိုင်းလိုက်လို့ လာတာ”

ချင်လဲ့၏ အခန်းလေးထဲတွင် လုလီသည် ချင်လဲ့ ဝိညာဉ် တံဆိပ်ပြားတစ်ပြားကို ကိုင်ပြီး တစ်ခုခု ရေးထိုးနေသည်အား တွေ့လိုက်ရသည်။ သူမ၏ မျက်နှာမှာ အေးစက်နေပြီး မျက်လုံးထဲတွင်လည်း မည်သည့် ခံစားချက်မျှ မရှိပေ။

“တစ်နှစ်ကျော်လောက်ပဲ ရှိသေးတာကို နင်က ဝိညာဉ်သန့်စင်ခြင်း အဆင့် ၈ ကနေ ဝိညာဉ်ပေါက်ဖွားခြင်း အဆင့်အထိ တက်လာနိုင်တယ်ပေါ့”

သူမက ခေတ္တမျှ ရပ်လိုက်ပြီးနောက် အထင်သေးသော အကြည့်ဖြင့် ဆိုလိုက်သည်။

“ကြည့်ရတာ နင်ကတော့ ညီမလေး လင်ဆီကနေ အကျိုးအမြတ်တွေ တော်တော်ရလိုက်ပုံပဲ”

သူမကတော့ ချင်လဲ့၏ ကျင့်ကြံခြင်း တိုးတက်လာခြင်းမှာ လင်ယွီရှီး တိတ်တဆိတ် ပေးပို့ခဲ့သော ဆေးလုံးများနှင့် ဆေးနည်းများကြောင့်ဟု ထင်နေခြင်း ဖြစ်ပေသည်။ ချင်လဲ့သည် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ ဝိညာဉ် တံဆိပ်ပြားကို သိမ်းလိုက်ကာ စိတ်မရှည်စွာဖြင့် ပြောလိုက်၏။

“မင်းမှာ ဘာကိစ္စမှ မရှိရင် ထွက်သွားပေးပါ။ ငါ အလုပ်များနေလို့ မင်းအတွက် အချိန်မပေးနိုင်ဘူး”

“လင်မြို့နယ်တုန်းကတော့ ငါပေးတဲ့ မူလဆေးလုံးကိုတောင် ငြင်းခဲ့သေးတယ်။ အဲဒီတုန်းကတော့ နင့်ကို တကယ့် ယောကျ်ားကောင်း တစ်ယောက်လို့ ငါ ထင်ခဲ့တာ”

လုလီက ခေါင်းခါလျက် အေးစက်စွာ ရယ်မောလိုက်သည်။

“အခုကြည့်တော့ အားလုံးက အတုအယောင်တွေပဲကိုး။ နောက်ဆုံးတော့လည်း ညီမလေး လင် စုဆောင်းပေးထားတဲ့ ဆေးလုံးတွေ၊ သုသာန်ခုနစ်ပါး တောင်ကြားက ဆေးနည်းတွေနဲ့ ဝိညာဉ်ပစ္စည်းတွေကို အသုံးချပြီးတော့မှ ဒီအဆင့်အထိ ရောက်လာတာ မဟုတ်လား”

ချင်လဲ့မှာ ရှင်းပြနေဖို့ စိတ်မပါတော့သဖြင့် အေးစက်စွာပင် ပြန်မေးလိုက်၏။

“မင်း ဒီကို လာတာ အပိုတွေ လာပြောဖို့ပဲလား”

“လျိုယွန်ထောင်နဲ့ တုဟိုင်ထျန်တို့က လင်မိသားစုရဲ့ ဂိုဏ်းချုပ်နဲ့ မိသားစုဝင်တွေကို သတ်ဖို့ လုပ်နေကြပြီ။ ဒါပေမဲ့ နင်ကတော့ ဘာမှ မခံစားရသလိုပဲနော်”

လုလီက သူ့ကို စူးစိုက်ကြည့်လိုက်သည်။

“နင့်ကို တည်ငြိမ်လွန်းတယ်လို့ ချီးကျူးရမလား၊ ဒါမှမဟုတ် သူရဲဘောကြောင်တယ်လို့ပဲ ပြောရမလား။ နင် လင်ရှင်းတို့နဲ့အတူ တိုက်ပွဲဝင်ခဲ့ဖူးတယ်လို့ ငါ ကြားထားတယ်။ သူတို့ သေသွားတာက နင့်အပေါ် ဘာမှ သက်ရောက်မှု မရှိဘူးလား”

“တော်တော့”

ချင်လဲ့က ဒေါသတကြီးဖြင့် ထရပ်လိုက်ရာ သူ၏ မျက်နှာမှာ အလွန်ပင် ခက်ထန်နေပြီး လူသတ်တော့မည့်နှယ် ရှိနေပေသည်။ လုလီကလည်း ထိုအေးစက်သော အမူအရာဖြင့်ပင် နှာခေါင်းရှုံ့လိုက်၏။

“ငါက လျိုယွန်ထောင် မြူတိမ်ဆောင် သခင် ရာထူးယူတဲ့ပွဲကို လာတက်ဖို့ မြူတိမ်ဆောင်က ဖိတ်ထားလို့ လာတာ။ လမ်းကြုံလို့ ညီမလေး လင်အတွက် နင့်ကို တစ်ချက် ဝင်ကြည့်ပေးတာပဲ ရှိတယ်။ ကဲ... ငါ သွားပြီ”

သူမသည် ခေါင်းခါလိုက်ရင်း နောက်ဆုံးစကားတစ်ခွန်းကို ချန်ထားခဲ့လေသည်။

“နင်က ငါ့ကို တော်တော် စိတ်ပျက်စေတာပဲ”

ထို့နောက် သူမ ထွက်ခွာသွားတော့သည်။

ချင်လဲ့သည် အသက်ပြင်းပြင်းရှူလိုက်ပြီး စိတ်ကို အတင်း တည်ငြိမ်အောင် ထားလိုက်သည်။ သူသည် လုလီ၏ စကားများကြောင့် စိတ်မလှုပ်ရှားချင်သလို လျိုယွန်ထောင်နှင့် တုဟိုင်ထျန်တို့၏ ပျော်ပါးနေမှုများကိုလည်း မတွေးချင်ပေ။ သူသည် ဝိညာဉ်တံဆိပ်ပြားကို ထုတ်လိုက်ပြီး စိတ်ကို စုစည်းကာ ဝိညာဉ်စွမ်းအင်များကို ထည့်သွင်းလိုက်တော့သည်။

လွန်ခဲ့သော နှစ်ရက်လုံးလုံး သူသည် အဖျက်စွမ်းအားပြင်း ဝိညာဉ်ဗုံး၏ စွမ်းအားကို စမ်းသပ်ပြီးကတည်းက ကျင့်ကြံခြင်းအား ခေတ္တရပ်နားထားခဲ့သည်။ သူ၏ ဝိညာဉ်စွမ်းအင်များ ပြည့်လာတိုင်း ဝိညာဉ်တံဆိပ်ပြားထဲသို့သာ ထည့်သွင်းနေခဲ့ခြင်း ဖြစ်သည်။ ယနေ့တွင်မူ မြှင့်တင်ထားသော ဝိညာဉ်တံဆိပ်ပြားအတွင်း၌ ဝိညာဉ်စွမ်းအင် အတော်များများ သိုလှောင်ထားနိုင်ခဲ့ပြီ ဖြစ်၏။ ထိုစွမ်းအင်များကို သူ လိုအပ်သည့်အချိန်တိုင်း ပြန်လည် စုပ်ယူ အသုံးပြုနိုင်ပေသည်။

“ချင်လဲ့”

အနက်ရောင် ဝတ်စုံဝတ်ထားသော အေးစက်စက် အရှိန်အဝါရှိသည့် ကောင်းယွီသည် တံခါးဝတွင် ရုတ်တရက် ပေါ်လာပြန်သည်။

“မင်း ဘယ်တုန်းက ပြန်ရောက်တာလဲ”

ချင်လဲ့သည် အလုပ်ကို ရပ်လိုက်ပြီး ကောင်းယွီကို ကြည့်ကာ ဆိုလိုက်၏။

“မင်း ကြည့်ရတာ အခြေအနေ ကောင်းပုံပဲ။ အာတိတ်တောင်တန်းမှာ ဆုကြေးမှတ်တွေ အများကြီး ရခဲ့တယ် မဟုတ်လား”

“ငါ့မှာ အခု ဆုကြေးမှတ် လေးထောင် ရှိပြီ”

ကောင်းယွီက ခေါင်းညိတ်ပြပြီး ဆိုသည်။

“ဒါနဲ့... ငါလည်း ဝိညာဉ်ပေါက်ဖွားခြင်း အဆင့်ကို ရောက်သွားပြီ”

“ဂုဏ်ယူပါတယ်”

ချင်လဲ့က စိတ်ရင်းဖြင့် ချီးကျူးလိုက်၏။

“မင်းနဲ့ ယှဉ်ရင်တော့ ငါက နောက်ကျနေသေးတာပေါ့”

ကောင်းယွီက အခန်းထဲသို့ ဝင်လာပြီး အေးစက်စွာ ထိုင်လိုက်သည်။ ခေတ္တမျှ စဉ်းစားပြီးနောက် သူက မေးလိုက်၏။

“ဟိုးအရင် ဝံပုလွေတောင်မှာတုန်းက မင်းရော လင်မိသားစုဝင်တွေရော ငါ့ကို ရွံရှာသလိုမျိုး ကြည့်ခဲ့ကြတယ်။ အဲဒါ ငါ့အကြောင်း မကောင်းတဲ့ ကောလာဟလတွေ ကြားထားလို့လား”

ချင်လဲ့က အံ့သြသွားသည်။ ကောင်းယွီက အဘယ်ကြောင့် ထိုကိစ္စကို ယခုမှ လာပြောကြောင်း သူ နားမလည်ပေ။

“အင်း... လူတွေ ပြောတာတော့ မင်းက စိတ်နေစိတ်ထား မမှန်ဘူး၊ မိန်းကလေးတွေကို နှိပ်စက်ပြီး သတ်တတ်တယ် ဆိုတာမျိုး ကြားဖူးတယ်”

“တစ်ယောက်တည်းပါ”

မယုံနိုင်စရာကောင်းသည်မှာ ကောင်းယွီက ခေါင်းညိတ်ပြီး ဝန်ခံလိုက်ခြင်းပင်။ ချင်လဲ့က ပို၍ ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် ကောင်းယွီက ဆက်ပြောလိုက်၏။

“အဲဒီ မိန်းမယုတ်က သေသင့်လို့ပါ”

ချင်လဲ့က မျက်မှောင်ကြုတ်လျက် ကောင်းယွီ၏ ရှင်းပြချက်ကို စောင့်ဆိုင်းနေမိသည်။

“အဲဒီ မိန်းမက မူလက ငါ့အစ်မရဲ့ အစေခံ။ ငါ့အစ်မ မြူတိမ်ဆောင်ကို ရောက်သွားတော့ သူ ကောင်းမိသားစုမှာ ကျန်ခဲ့တာ။ သူက ငါ့ဘဝရဲ့ အချစ်ဦးပဲ။ ငါ့အစ်မတွေ ပေးတဲ့ ဝိညာဉ်ဆေးလုံးတွေ အားလုံး သူ့ကို ပေးခဲ့တယ်၊ သူ့ကို အစွမ်းကုန် ပြုစုယုယခဲ့တယ်၊ တစ်နေ့ကျရင် မြူတိမ်ဆောင်ကို အတူတူ ဝင်နိုင်မယ်လို့ ငါ မျှော်လင့်ခဲ့တာ”

“ဒါပေမဲ့ တကယ်တမ်းကျတော့ ငါ အပြင်မှာ ကျင့်ကြံနေတုန်း သူက ငါ့အဖေနဲ့ ခိုးစားပြီး ကျင့်ကြံဖို့ ဝိညာဉ်ပစ္စည်းတွေ တောင်းနေခဲ့တာ။ တကယ်ကို အစွမ်းထက်တဲ့ နည်းလမ်းပဲ။ နှစ်နှစ်လုံးလုံး သူက ငါနဲ့ ငါ့အဖေကို လက်ဖဝါးပေါ်မှာ ကစားခဲ့ပြီး ငါတို့ရဲ့ ဝိညာဉ်ကျောက်တုံးတွေနဲ့ ဆေးလုံးတွေကို သူ့အတွက် ပေးလှူခဲ့ရတာပေါ့”

“သူ ဝိညာဉ်ပေါက်ဖွားခြင်း အဆင့်ကို ရောက်ခါနီးလေးမှာမှ ငါက ငါ့အဖေနဲ့ သူ့ရဲ့ ပတ်သက်မှုကို သိသွားခဲ့တာ”

“သူက ငါ အချစ်ဆုံး မိန်းကလေးပဲ။ ဒါပေမဲ့လည်း ငါ့လက်နဲ့ပဲ သူ့ကို သတ်ခဲ့တယ်။ သူ့အသက် ထွက်သွားတဲ့အထိ ငါ သူ့ကို အထပ်ထပ် အခါခါ ဓားနဲ့ ထိုးခဲ့တာ”

ကောင်းယွီက တည်ငြိမ်စွာပင် ပြောပြနေသော်လည်း သူ၏ မျက်လုံးများထဲတွင်မူ အတိတ်ကို ပြန်လည် မြင်ယောင်နေသည့်နှယ် ရှိနေပေသည်။

“မင်း ဒါတွေကို ငါ့ကို ဘာလို့ လာပြောတာလဲ”

ချင်လဲ့က မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။

“ငါ မင်းနဲ့ ပတ်သက်လာတာ ကြာပြီဆိုတော့ မင်း ဘယ်လိုလူလဲဆိုတာ ငါ သိပါတယ်။ မင်း ဒါတွေကို လာရှင်းပြနေဖို့ မလိုပါဘူး”

“မင်းက ငါ့ရဲ့ တစ်ဦးတည်းသော... သူငယ်ချင်းမို့လို့ပါ။ မင်း ငါ့အပေါ် အထင်လွဲပြီး သေသွားမှာကို ငါ မလိုလားဘူး”

ကောင်းယွီက ထရပ်လိုက်ပြီး လေးနက်သော အသံဖြင့် ဆိုလိုက်၏။

“မင်း မိုက်မဲတဲ့ ကိစ္စမျိုးကို မလုပ်မိစေနဲ့။ မဟုတ်ရင်တော့ စည်းကမ်း ထိန်းသိမ်းရေးဆောင်ရဲ့ ခန်းမသခင်သစ်အနေနဲ့ ငါ ဒီအတိုင်း ကြည့်နေမှာ မဟုတ်ဘူး”

“အကြီးအကဲ ရဲ့ရဲ့ လက်အောက်မှာ ခန်းမသခင်သစ် ဖြစ်လာတဲ့အတွက် ဂုဏ်ယူပါတယ်”

ချင်လဲ့က ခေါင်းညိတ်ပြလိုက်ပြီး ပြန်မေးလိုက်သည်။

“ငါက ဘယ်လို မိုက်မဲတဲ့ ကိစ္စမျိုးကို လုပ်မှာမို့လို့လဲ”

“မင်း ရင်ထဲမှာ မင်း သိပြီးသားပါ”

ကောင်းယွီက အေးစက်စွာ ဆိုလိုက်၏။

“မင်းနဲ့ ငါ လေ့ကျင့်ရေးခန်းထဲမှာ တိုက်ခိုက်ခဲ့တာ အကြိမ်သုံးဆယ်ထက်မနည်း ရှိပြီ။ တိုက်ပွဲထဲမှာ မင်းရဲ့ အပြုအမူလေးတွေက ဘာကို ဆိုလိုသလဲဆိုတာ ငါ သိတယ်။ တုကျဲနဲ့ ကျောက်ချန်းတို့ထက် မင်းကို ငါ ပိုသိတယ်၊ မင်း ဘယ်လိုလူလဲဆိုတာလည်း ငါ သိတယ်...”

ချင်လဲ့၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသောအခါ ကောင်းယွီက တိုးတိုးလေး ဆိုလိုက်ပြန်သည်။

“မင်း ဘာတွေ ကြံစည်နေလဲဆိုတာ ငါ မသိပေမဲ့ မင်း တစ်ယောက်ယောက်ကို သတ်ချင်နေတယ်ဆိုတာတော့ ငါ သိတယ်။ အဲဒီလူက ဘယ်သူလဲဆိုတာလည်း ငါ ခန့်မှန်းလို့ ရတယ်။ ဒါပေမဲ့ မင်း အဲဒီစိတ်ကူးကို လက်လျှော့လိုက်တာ အကောင်းဆုံးပဲ။ မဟုတ်ရင် မင်း သေရလိမ့်မယ်၊ အဲဒီအခါကျရင် ဘယ်သူမှ မင်းကို မကယ်နိုင်ဘူး။ မင်းရဲ့... သူငယ်ချင်း တစ်ယောက်အနေနဲ့ ငါ မင်းကို လာသတိပေးတာ”

ပြောပြီးသည်နှင့် ကောင်းယွီသည် လှည့်ထွက်သွားတော့သည်။

ချင်လဲ့မှာ မျက်မှောင်ကြုတ်လျက် စကား ပြန်မပြောဘဲ ကျန်ရစ်ခဲ့၏။ စက္ကန့်အနည်းငယ် ကြာသောအခါမှ သူသည် ဝိညာဉ်တံဆိပ်ပြားထဲသို့ ဝိညာဉ်စွမ်းအင်များ ထည့်သွင်းခြင်းကို ပြန်လည် လုပ်ဆောင်လေတော့သည်။

……

ထိုနေ့တွင်ပင် အမှောင်အသူရာခန်းမ၏ ပထမ နန်းတော်သခင် ယွမ်ထျန်ယ၊ ကြက်သွေးရောင်မီးလျှံအသင်း၊ ရေလဂိုဏ်းနှင့် အခြားသော အဖွဲ့အစည်းများ၏ ရှေ့မှောက်တွင် တုမိုသည် မြူတိမ်ဆောင်၏ အရှင်သခင်ရာထူးကို တရားဝင် လွှဲပြောင်းပေးအပ်ခဲ့သည်။

လျိုယွန်ထောင်၊ တုဟိုင်ထျန်နှင့် ဝေ့ရှင်းတို့မှာ အလွန်ပင် ကျေနပ်အားရနေကြ၏။ သူတို့သည် ပါးစပ်မစိနိုင်အောင် ပြုံးပျော်နေကြပြီး အလွန်ပင် တက်ကြွနေကြပေသည်။ သူတို့၏ လက်အောက်မှ ခန်းမသခင်များနှင့် အဖွဲ့ဝင်များမှာလည်း ပျော်ရွှင်စွာဖြင့် စကားပြောဆို ရယ်မောနေကြတော့သည်။

အခြားတစ်ဖက်တွင်မူ ခမ်းဟွေးနှင့် ဟန်ချင်းယွီတို့၏ လက်အောက်ငယ်သားများမှာမူ အားကိုးရာမဲ့စွာဖြင့် ဝမ်းနည်းနေကြရ၏။ ချူယန်၏ လက်အောက်မှ လူအချို့မှာမူ အိမ်ထဲ၌ အောင်းနေကြပြီး အကြီးအကဲ ချူယန်အတွက် ငိုကြွေးနေကြရှာသည်။

ထိုညမှာပင် လျိုယွန်ထောင်သည် ယွမ်ထျန်ယနှင့်အတူ ရေခဲပြင်နန်းတော်မှ ရန်ဝမ်ယန်ကို စောင့်ဆိုင်းနေခဲ့သည်။ သူတို့သည် တိတ်တဆိတ် တွေ့ဆုံ ဆွေးနွေးကြဖို့ ရှိနေခြင်း ဖြစ်သည်။ နှစ်ပေါင်းများစွာကြာအောင် ရေခဲပြင်နန်းတော်၏ အရှင်သခင် ရန်ဝမ်ယန်သည် မြူတိမ်ဆောင်သို့ မလာခဲ့သော်လည်း အခုမူ လျိုယွန်ထောင်က တုမိသားစုကို အစားထိုးကာ အရှင်သခင် ဖြစ်လာခြင်းနှင့် ယွမ်ထျန်ယ ရောက်လာခြင်းတို့ကြောင့် သူကိုယ်တိုင် မြို့မြောက်ပိုင်းမှ ဆင်းလာခဲ့ခြင်း ဖြစ်ပေသည်။

လျိုယွန်ထောင်က ထွက်မလာနိုင်သဖြင့် တုဟိုင်ထျန်နှင့် ဝေ့ရှင်းတို့ကို မွှေးရနံ့ယစ်မူးဥယျာဉ် တစ်ဆောင်လုံးကို ငှားရမ်းစေပြီး ကြက်သွေးရောင်မီးလျှံအသင်းနှင့် ရေလဂိုဏ်းမှ လူများအား တည်ခင်းဧည့်ခံစေခဲ့သည်။

ယနေ့သည် လျိုယွန်ထောင်၏ အင်အားစုများ တရားဝင် ထွန်းကားလာသောနေ့ ဖြစ်သလို မြူတိမ်ဆောင်ကို သိမ်းပိုက်နိုင်ခဲ့သော နေ့ထူးနေ့မြတ်လည်း ဖြစ်သဖြင့် လူတိုင်းက ပျော်ပွဲရွှင်ပွဲ လုပ်နေကြခြင်း ဖြစ်၏။

ညနေစောင်းတွင် မွှေးရနံ့ယစ်မူးဥယျာဉ်မှာ လူများဖြင့် ပြည့်နှက်နေတော့သည်။ ကြက်သွေးရောင်မီးလျှံအသင်းမှ အကြီးအကဲ ကော့ဟုန်နှင့် ရှုံ့ပါး၊ ရေလဂိုဏ်းမှ အကြီးအကဲ လော့ဝေနှင့် နာနော့၊ သုသာန်ခုနစ်ပါး တောင်ကြားမှ လုလီနှင့် လီကျုံးကျန်းတို့အားလုံး ထိုပွဲသို့ ရောက်နေကြ၏။ သူတို့သည် တစ်ယောက်ကိုတစ်ယောက် သေရည်ခွက်များ မြှောက်ကာ ပျော်ပျော်ပါးပါး ဆင်နွှဲနေကြသည်။

ယနေ့ညတွင် တုဟိုင်ထျန်မှာ သေချာပေါက် ဇာတ်လိုက် ဖြစ်နေပေသည်။

“လာ... လာကြ... နောက်တစ်ခွက်လောက် သောက်ကြဦးစို့”

အရက်ဝိုင်းရှေ့တွင် သူ၏ မျက်နှာမှာ နီမြန်းနေပြီး တဟားဟား ရယ်မောလျက် သေရည်ခွက်ကို မြှောက်လိုက်သည်။

“ဂုဏ်ယူပါတယ် ဒု ခန်းမသခင် တု”

“ဒု ခန်းမသခင် တု... ဂုဏ်ယူပါတယ်ဗျာ”

အခန်း (၁၁၄) လမ်းမပေါ်က စိန်ခေါ်မှု

မွှေးရနံ့ယစ်မူးဥယျာဉ်နှင့် မျက်နှာချင်းဆိုင် ဖြစ်သည့် လသာဆောင် အတွင်းရှိ ပြတင်းပေါက်နားတွင် ချင်လဲ့၊ တုကျဲ၊ ကျောက်ချန်းနှင့် ခမ်းကျိတို့ ထိုင်နေကြသည်။

လသာဆောင်မှာလည်း ရေခဲကျောက်မြို့တော်တွင် နာမည်ကြီးသော ပျော်ပါးရာနေရာ တစ်နေရာ ဖြစ်သော်လည်း ၎င်း၏ ကျော်ကြားမှုနှင့် ခမ်းနားမှုမှာ မွှေးရနံ့ယစ်မူးဥယျာဉ်ကို အနည်းငယ်ပင် မမီပေ။ မူလက တုကျဲသည် မွှေးရနံ့ယစ်မူးဥယျာဉ်တွင် နေရာဦးထားခဲ့သော်လည်း လျိုယွန်ထောင် အာဏာရလာပြီး ထိုနေရာတစ်ခုလုံးကို ငှားရမ်းလိုက်သဖြင့် ဆိုင်ရှင်က တုကျဲ၏ ကြိုတင်မှာယူမှုအား တစ်ဖက်သတ် ဖျက်သိမ်းခဲ့ခြင်း ဖြစ်သည်။

“တောက်... ဒီခွေးအိုကြီးကလည်း မျက်နှာကြီးရာ ဟင်းဖတ်ပါတဲ့ လူစားပဲ”

ခမ်းကျိက ကျိန်ဆဲလိုက်သည်။

“အရင်က ငါတို့ မွှေးရနံ့ယစ်မူးဥယျာဉ်ကို သွားတုန်းကဆိုရင် အဲဒီခွေးအိုကြီးက ငါတို့ကို ဖားလိုက်ရတာမှ လွန်ရောပဲ။ အခု မင်းနဲ့ အရှင်သခင်တို့ ထွက်သွားတော့မယ်၊ ငါ့အဖေကလည်း အရှင်သခင်ရာထူးကို မဆက်ခံရဘူးဆိုတော့ အဲဒီခွေးအိုကြီးက ချက်ချင်း မျက်နှာပြောင်းသွားပြီး ငါတို့နေရာကို ဖျက်ပစ်လိုက်တယ်ပေါ့လေ”

“စီးပွားရေးသမားဆိုတာ လက်တွေ့ကျရတာပဲလေ။ ထားလိုက်ပါတော့... ငါတို့ အေးအေးဆေးဆေးပဲ သောက်ကြရအောင်”

တုကျဲက အလင်းရောင်များဖြင့် ထိန်လင်းနေသော မွှေးရနံ့ယစ်မူးဥယျာဉ်ကို ကြည့်ကာ သေရည်အား တိတ်ဆိတ်စွာ သောက်နေမိသည်။

လမ်းတစ်ဖက်တွင်မူ တုဟိုင်ထျန်တစ်ယောက် တက်ကြွပျော်ရွှင်နေသည်ကို ပြတင်းပေါက်မှတစ်ဆင့် ခပ်ဝါးဝါး မြင်နေရ၏။ သူတို့သည် ကြက်သွေးရောင်မီးလျှံအသင်းနှင့် ရေလဂိုဏ်းမှ အကြီးအကဲများနှင့်အတူ ဆူညံစွာ စကားပြောဆိုရင်း သေရည်ခွက်များကို အထပ်ထပ် တိုက်နေကြသည်။

“ချင်လဲ့... မနက်ဖြန်ကျရင် ပိုပြီး ဂရုစိုက်နော်”

ကျောက်ချန်းက ထပ်ခါတလဲလဲ သတိပေးနေရှာသည်။ ချင်လဲ့ကမူ ခေါင်းငုံ့လျက် တစ်ခုခုကို အလေးအနက် စဉ်းစားနေသည့်ဟန်ဖြင့် သေရည်အား တစ်ငုံချင်း မျှင်းသောက်နေ၏။ သူမ၏ စကားကို ကြားသောအခါ ခေါင်း အသာအယာသာ ညိတ်ပြလိုက်သည်။

“ခမ်းကျိ... မင်း သိထားတဲ့ သတင်းက တကယ်ပဲ မှန်ရဲ့လား”

တစ်ခုခုကို သတိရသွားသကဲ့သို့ သူက ရုတ်တရက် ခေါင်းမော့ကာ မေးလိုက်၏။

“ချင်လဲ့... မင်းက တုမိသားစုဝင်တွေ ဘယ်မှာနေလဲဆိုတာ ဘာလို့ သိချင်နေရတာလဲ”

ခမ်းကျိက သံသယဖြင့် ကြည့်လိုက်သည်။

“ငါ့သတင်းကတော့ သေချာပေါက် မှန်တယ်။ တုကျောက်လန်နဲ့ တုဖေးတို့က မြူတိမ်ဆောင်ထဲကို ဝင်ခွင့်မရှိဘူး။ သူတို့က ငါပြောတဲ့ နေရာတွေမှာပဲ ရှိနေကြတာ။ ဒါပေမဲ့ ဒါက မင်းနဲ့ ဘာဆိုင်လို့လဲ။ မင်းက အဲဒီနှစ်ယောက်ကို ကလဲ့စားချေဖို့ ကြံနေတာလား။ တုဟိုင်ထျန်က မင်းကို တကယ် မသတ်နိုင်ဘူးလို့ ထင်နေတာလား”

“ချင်လဲ့... မင်း မိုက်မဲတာတွေ မလုပ်နဲ့နော်။ တကယ်လို့ မင်းသာ တုကျောက်လန်နဲ့ တုဖေးတို့ကို တစ်ခုခု လုပ်လိုက်ရင် တုဟိုင်ထျန်က သူ့ရဲ့ ခန်းမသခင်တွေနဲ့ လက်အောက်ငယ်သားတွေကို ခေါ်ပြီး မင်းကို အမြစ်ပြတ် သတ်မှာ သေချာတယ်။ အခုချိန်မှာ တုဟိုင်ထိုင်က အာဏာအရှိဆုံးအချိန်ပဲ။ သူ့ကို သွားပြီး မဆွမိစေနဲ့။ မဟုတ်ရင် မင်း သေဖို့ပဲ ရှိတယ်”

တုကျဲ၏ အမူအရာမှာ အလွန်ပင် လေးနက်နေပေသည်။

“ဟုတ်တယ်... အခုလိုအချိန်မှာ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့။ စိတ်ကို ထိန်းစမ်းပါ”

ကျောက်ချန်းကလည်း လှမ်းအော်လိုက်၏။

“ငါ့အဖေ ရာထူးကနေ ဖယ်ပေးရတော့မယ်ဆိုတာတောင် ငါ စိတ်ကို ထိန်းထားရတာပဲ။ မင်းလည်း စိတ်ကို ထိန်းရမယ်လေ” ခမ်းကျိက ဆိုသည်။

ဟန်ဖုန်းနှင့် အခြားသူများကလည်း ချင်လဲ့ စိတ်လိုက်မာန်ပါလုပ်ပြီး တုဟိုင်ထျန်ကို သတ်ဖို့ အခွင့်အရေး မပေးမိစေရန် ဝိုင်းဝန်း ဖျောင်းဖျကြတော့သည်။

“စီနီယာ အစ်မလု... ဘာလို့ ဘာမှ မစားတာလဲဟင်။ ဟင်းတွေက အဆင်မပြေလို့လား။ ကျွန်တော် တခြားတစ်ဝိုင်း ပြောင်းပေးရမလား”

မွှေးရနံ့ယစ်မူးဥယျာဉ်ရှိ ပြတင်းပေါက်နားက တခြား အထူးခန်း တစ်ခန်းတွင် လီကျုံးကျန်းနှင့် သုသာန်ခုနစ်ပါး တောင်ကြားမှ လူငယ်အချို့ သေရည်သောက်နေကြသည်။ လီကျုံးကျန်းက ပြတင်းပေါက်နားတွင် ထိုင်နေသော လုလီကို ကြည့်ကာ ဖားယားပြီး မေးလိုက်ခြင်း ဖြစ်သည်။

လုလီ၏ အမူအရာမှာ အေးစက်နေ၏။ သူမသည် မျက်လုံးဖွင့်၍ လီကျုံးကျန်းကို ကြည့်ခြင်းပင် မရှိဘဲ တည်ငြိမ်စွာပင် ပြောလိုက်သည်။

“မနက်ဖြန် မနက်စောစော မြို့ဂိတ်ပေါက်ဝမှာ သွားစောင့်ဖို့ မမေ့နဲ့။ လင်မိသားစုဝင်တွေက အဲဒီကို စောစော ရောက်နေကြလိမ့်မယ်။ ဒါက ညီမလေး လင်အတွက် နင် လုပ်ပေးနိုင်တဲ့ တစ်ခုတည်းသော ကိစ္စပဲ”

“စိတ်ချပါ စီနီယာအစ်မလု။ ကျွန်တော် အားလုံးကို အဆင်ပြေအောင် လုပ်ပေးပါ့မယ်။ လင်မိသားစုဝင်တွေကို သုသာန်ခုနစ်ပါး တောင်ကြားရဲ့ နယ်မြေထဲကို ဘေးကင်းကင်းနဲ့ ပို့ပေးပါ့မယ်”

လီကျုံးကျန်းက ပြုံးလျက် ကတိပေးလိုက်သည်။

“ဒါနဲ့... သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်မလု။ မဟုတ်ရင် ညီမလေး လင်ကို ဘယ်လို စိတ်ချမ်းသာအောင် လုပ်ပေးရမလဲဆိုတာ ကျွန်တော် သိမှာ မဟုတ်ဘူး။ ဟဲဟဲ... ဒီကိစ္စ ပြီးသွားရင်တော့ ညီမလေး လင်က ကျွန်တော့်ကို အလေးအနက် ထားမှာ သေချာတယ်”

လုလီက အေးစက်သော မျက်နှာဖြင့် ခေါင်းညိတ်လိုက်ပြီး ဆိုသည်။

“အနည်းဆုံးတော့ နင်က အဲဒီ ချင်လဲ့ ဆိုတဲ့လူထက်စာရင် အသုံးဝင်သေးတာပေါ့”

“ချင်လဲ့လား”

လီကျုံးကျန်းက နှာခေါင်းရှုံ့လိုက်သည်။

“သူက ဘာကောင်မို့လို့လဲ။ ကျွန်တော်နဲ့ ဘယ်လိုလုပ် ယှဉ်လို့ ရမှာလဲ။ အဲဒီလို သနားစရာကောင်းတဲ့ ကောင်က တစ်သက်လုံး သံနက် အဆင့်ရှိတဲ့ အင်အားစုထဲတောင် ဝင်နိုင်မှာ မဟုတ်ဘူး။ သူက ညီမလေး လင်ကို ဘာပေးနိုင်မှာမို့လို့လဲ”

“သူက ဘာမှမဟုတ်တာတော့ အမှန်ပဲ” လုလီက တိုးတိုးလေး ရေရွတ်လိုက်၏။

……

“ဟားဟား... ဒီနေ့တော့ ဒီလောက်ပဲပေါ့။ ငါ နောက်မှ လုပ်စရာလေးတစ်ခု ရှိသေးလို့ အခုပဲ ပြန်တော့မယ်”

မွှေးရနံ့ယစ်မူးဥယျာဉ်၏ အဝင်ဝတွင် တုဟိုင်ထျန်က ကော့ဟုန်နှင့် လော့ဝေတို့ကို အားနာသလို ပြောလိုက်သည်။

“မနက်ဖြန် မင်းတို့ ဒီမှာ ရှိနေသေးရင်တော့ ငါ အလုပ်တွေအားလုံးကို ဘေးဖယ်ထားပြီး မင်းတို့နဲ့အတူ အမူးသောက်မှာပေါ့”

လျိုတင်၊ တုဟန်နှင့် ဝေ့လီတို့မှာမူ တခြားလူငယ်များဖြစ်သည့် ရှုံ့ပါး၊ နာနော့တို့နှင့်အတူ မွှေးရနံ့ယစ်မူးဥယျာဉ်၏ တခြား အထူးခန်း တစ်ခန်းထဲတွင် ရှိနေကြသည်။ တုဟိုင်ထျန် ပြန်တော့မည်ကို တွေ့သောအခါ လျိုတင်တို့ကလည်း ပြတင်းပေါက်နားသို့ စုရုံးလာကြပြီး လမ်းမပေါ်သို့ ငုံ့ကြည့်လိုက်ကြ၏။

“ဒု ခန်းမသခင် တုက မြူတိမ်ဆောင်မှာ ရှိနေတဲ့ ရေခဲပြင်နန်းတော်က ရန်ဝမ်ယန်နဲ့ ပထမ နန်းတော်သခင်ဆီကနေ ညွှန်ကြားချက်အသစ်တွေ သွားယူဖို့ ပြင်နေတာ မဟုတ်လား”

ကြက်သွေးရောင်မီးလျှံအသင်းမှ ကော့ဟုန်က အားကျသလို၊ နားလည်သလို အမူအရာဖြင့် ဆိုလိုက်သည်။

“ငါတို့ကတော့ ဒု ခန်းမသခင် တုရဲ့ အလုပ်တွေကို မနှောင့်ယှက်တော့ပါဘူး။ ဒီနေ့ကတော့ တကယ်ကို ပျော်စရာကောင်းတဲ့ နေ့တစ်နေ့ပါပဲ။ ကြက်သွေးရောင် မီးလျှံအသင်းအနေနဲ့ နောင်မှာ မြူတိမ်ဆောင်နဲ့ ပိုပြီး ရင်းရင်းနှီးနှီး ဆက်ဆံချင်ပါတယ်”

“မှန်တာပေါ့”

ရေလဂိုဏ်းမှ လော့ဝေကလည်း ပြုံးလျက် ခေါင်းညိတ်လိုက်၏။

“အရှင်သခင်လျိုနဲ့ ဒု ခန်းမသခင်တုတို့ရဲ့ အနာဂတ်က ပထမ နန်းတော်သခင်ရဲ့ လမ်းညွှန်မှုအောက်မှာ အလွန် တောက်ပမှာ သေချာပါတယ်”

“ချီးကျူးတာ ကျေးဇူးတင်ပါတယ်ဗျာ”

တုဟိုင်ထျန်က လက်သီးဆုပ်လျက် နှုတ်ဆက်လိုက်သည်။ ထို့နောက် သူသည် သူ၏ လက်အောက်ငယ်သား ဆယ်ဂဏန်းခန့်နှင့်အတူ လမ်းမပေါ်သို့ လှမ်းတက်လိုက်ပြီး မြူတိမ်ဆောင်ဆီသို့ ပြန်ရန် ပြင်လိုက်တော့သည်။

“သူ့ရဲ့ ကျေနပ်အားရနေတဲ့ မျက်နှာကို ကြည့်စမ်း”

ခမ်းကျိက မျက်မှောင်ကြုတ်လိုက်၏။

“ယုတ်မာတဲ့ ကောင်ပဲ။ အကြီးအကဲ ချူယန်ရဲ့ အနစ်နာခံမှုနဲ့ လင်မိသားစုဝင်တွေရဲ့ အသက်တွေကို အသုံးချပြီးတော့မှ ဒီရာထူးကို ရခဲ့တာ။ တစ်နေ့ကျရင် သူ ဝဋ်လည်မှာပါ”

“အဲဒါကတော့ နောင်ရေးပေါ့။ အခုချိန်မှာတော့ သူ့ကို ဘယ်သူမှ မထိနိုင်ဘူးလေ” ကျောက်ချန်းက အားမလိုအားမရ ဆိုရှာသည်။

“ငါ စမ်းကြည့်ချင်တယ်”

ထိုအချိန်မှာပင် တိတ်ဆိတ်စွာ သေရည်သောက်နေပြီး စကားလည်း သိပ်မပြောခဲ့သော ချင်လဲ့သည် ရုတ်တရက် ထရပ်လိုက်သည်။ ချင်လဲ့၏ ကိုယ်ပေါ်မှ ထက်မြက်လှသော အရှိန်အဝါများ ရုတ်တရက် ပေါက်ကွဲထွက်လာသဖြင့် တုကျဲ၊ ကျောက်ချန်းနှင့် ခမ်းကျိတို့ အံ့သြသွားကြရ၏။

သူတို့ အံ့သြနေစဉ်မှာပင် ချင်လဲ့သည် စားပွဲကို ကျော်ဖြတ်ကာ ပြတင်းပေါက်မှတစ်ဆင့် လမ်းမပေါ်သို့ ဝုန်းကနဲ ခုန်ဆင်းလိုက်လေသည်။

“ဗုန်း...”

သူ၏ ခန္ဓာကိုယ်သည် လမ်းမလယ်တွင် လှံတစ်စင်းနှယ် မတ်မတ်ရပ်လျက် ကျလာပြီး တုဟိုင်ထျန်တို့အဖွဲ့၏ လမ်းကို တားဆီးလိုက်၏။ သူက ဒေါသတကြီး အော်ဟစ်လိုက်သည်။

“တုဟိုင်ထျန်... ငါ ချင်လဲ့၊ မင်းကို စိန်ခေါ်တယ်”

မွှေးရနံ့ယစ်မူးဥယျာဉ်နှင့် လသာဆောင်ရှိ ပြတင်းပေါက်များအားလုံး တစ်ပြိုင်နက် ပွင့်လာကြတော့သည်။ ဒုတိယထပ်နှင့် တတိယထပ် ပြတင်းပေါက်များမှ လူများစွာ ခေါင်းပြူ၍ ကြည့်လိုက်ကြ၏။

လုလီ၊ လီကျုံးကျန်း၊ လျိုတင်၊ ရှုံ့ပါး၊ နာနော့၊ ကော့ဟုန်၊ လော့ဝေ၊ တုကျဲ၊ ကျောက်ချန်း...

လူတိုင်းသည် ပြတင်းပေါက်များတွင် စုရုံးလာကြပြီး လမင်းအလင်းရောင်နှင့် အနီရောင် မီးအိမ်များအောက်တွင် လမ်းမလယ်၌ ရပ်နေသော ချင်လဲ့ကို ကြည့်ကာ အံ့အားသင့်နေကြတော့သည်။

“ချင်လဲ့”

“ချင်လဲ့... မင်း ဘာလုပ်နေတာလဲ”

“မင်း ဘာတွေ လုပ်နေတာလဲ”

“ဒီကလေး ရူးသွားပြီလား။ သူက ဘာလို့ ဒု ခန်းမသခင်တုကို သွားစိန်ခေါ်နေတာလဲ”

“လင်မြို့က လူတွေနဲ့ သူ့သူငယ်ချင်းတွေက ဒု ခန်းမသခင်တု အနစ်နာခံခိုင်းလိုက်တဲ့ လူတွေထဲမှာ ပါနေလို့ ထင်တယ်။ တစ်ယောက်ယောက် ပြောတာ ငါ ကြားလိုက်မိတယ်”

“သူက ဘာအဆင့်မို့လို့ ဝိညာဉ်ပေါက်ဖွားခြင်း အဆင့် အလယ်အလတ်မှာရှိတဲ့ တုဟိုင်ထျန်ကို သွားစိန်ခေါ်ရတာလဲ။ သေခြင်းတရားဆိုတဲ့ စာလုံးကို သူ ဘယ်လို ရေးရမလဲ မသိဘူးထင်တယ်”

လမ်းဘေးဝဲယာရှိ စားသောက်ဆိုင်များမှ ဆူညံသံများ ပေါက်ကွဲထွက်ပေါ်လာသည်။ အတွင်းရေးကို သိရှိကြသော လူများမှာမူ ချင်လဲ့၏ စိန်ခေါ်မှုအား ကြည့်ကာ ပို၍ပင် အံ့သြနေကြ၏။

ချင်လဲ့၏ လမ်းမပေါ်က စိန်ခေါ်မှုသည် သေရည်မူးနေကြသော ကျင့်ကြံသူများ၏ စိတ်အားထက်သန်မှုကို မီးထိုးပေးလိုက်သကဲ့သို့ ဖြစ်သွားပြီး အားလုံးက ဝိုင်းဝန်း အော်ဟစ်နေကြတော့သည်။

လုလီသည် ပြတင်းပေါက်ကို ကိုင်ကာ လမ်းမပေါ်က ချင်လဲ့အား အေးစက်စွာ ကြည့်နေ၏။ သူမ၏ အေးစက်သော မျက်လုံးများထဲတွင် ထူးဆန်းသော အလင်းများ ပေါ်လာသည်။ ရှုံ့ပါး၊ နာနော့နှင့် အခြားသူများမှာလည်း ချင်လဲ့ကို ထူးဆန်းသော အကြည့်များဖြင့် စူးစိုက်ကြည့်နေကြ၏။ ကြက်သွေးရောင်မီးလျှံအသင်းမှ ကော့ဟုန်နှင့် ရေလဂိုဏ်းမှ လော့ဝေကဲ့သို့သော အကြီးအကဲများမှာမူ မျက်မှောင်ကြုတ်လျက် ချင်လဲ့၏ အပြုအမူကြောင့် အံ့သြနေကြရသည်။

“ချင်လဲ့... ဒီကို ပြန်လာခဲ့စမ်း” တုကျဲက ပြတင်းပေါက်မှ လှမ်းအော်သည်။

“မိုက်မဲတာတွေ မလုပ်နဲ့” ကျောက်ချန်းကလည်း လှမ်းအော်လိုက်၏။

“မြူတိမ်ဆောင်ရဲ့ စည်းကမ်းချက်အရ ငါ ချင်လဲ့က ဒု ခန်းမသခင် တုဟိုင်ထျန်ကို စိန်ခေါ်တယ်။ ဒု ခန်းမသခင်တုအနေနဲ့ ဒီအခွင့်အရေးကို ပေးစေချင်ပါတယ်။ ဒါမှမဟုတ်ရင်... မင်း ငါ့ကို ကြောက်နေလို့လား”

ချင်လဲ့က အေးစက်သော မျက်နှာ၊ ခက်ထန်သော အသံဖြင့် ဆိုလိုက်၏။ လူတိုင်း၏ အကြည့်မှာ တုဟိုင်ထျန်ဆီသို့ တစ်ပြိုင်နက် ရောက်ရှိသွားကြသည်။ သူ၏ မျက်လုံးများထဲမှ သတ်ဖြတ်လိုသော အလင်းတန်းများကို လူတိုင်း မြင်နေကြရ၏။

“ကောင်းပြီ... ငါ မင်းကို အခုပဲ အဲဒီအခွင့်အရေး ပေးလိုက်မယ်”

လူအများ၏ အကြည့်အောက်တွင် တုဟိုင်ထျန်က ခေါင်းညိတ်ပြလိုက်ပြီးနောက် သူ၏ ခန်းမသခင်များကို တိုးတိုးလေး ညွှန်ကြားလိုက်သည်။

“လသာဆောင်ရဲ့ ရှေ့ကို သွားပိတ်ထားလိုက်ကြ။ တုကျဲနဲ့ ကျောက်ချန်းတို့ကို ဒီတိုက်ပွဲထဲ ဝင်မပါစေနဲ့”

သူ၏ လက်အောက်မှ ခန်းမသခင်များသည် ရက်စက်စွာ ပြုံးလိုက်ကြပြီး သူတို့၏ လူများကို ခေါ်ဆောင်ကာ လသာဆောင် အဝင်ဝကို သွားပိတ်လိုက်ကြတော့သည်။ သူတို့သည် တုကျဲတို့ရှိရာသို့ ခေါင်းမော့ကြည့်လိုက်ပြီး မည်သူမျှ ထွက်မလာနိုင်အောင် စောင့်ကြပ်နေကြ၏။

“ချင်လဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေတော့မှာပဲ”

တုကျဲသည် ပြတင်းပေါက်မှ ဝုန်းကနဲ ခုန်ဆင်းလိုက်သည်။ ကျောက်ချန်း၊ ခမ်းကျိနှင့် ဟန်ဖုန်းတို့သည်လည်း ထိတ်လန့်တကြားဖြင့် ချင်လဲ့ကို ဆွဲခေါ်ရန် ပြတင်းပေါက်မှ တစ်ယောက်ပြီးတစ်ယောက် ခုန်ဆင်းလာကြ၏။

“စိတ်မကောင်းပါဘူး။ မင်းတို့ ဒီကနေ ကျော်သွားလို့ မရဘူး”

တုဟိုင်ထျန်၏ ခန်းမသခင်အချို့နှင့် အဆင့်မြင့် ကျင့်ကြံသူများက တုကျဲတို့၏ လမ်းကို ပိတ်ဆို့ထားကြသဖြင့် သူတို့ ဝင်ရောက် တားဆီး၍ မရနိုင်တော့ပေ။

“ချင်လဲ့တော့ သေပြီပဲ” နာနော့က တိုးတိုးလေး သက်ပြင်းချလိုက်သည်။

“သူ ဘာလုပ်နေတာလဲ။ သူ့ရဲ့ သေခြင်းတရားနဲ့ သတင်းစကားတစ်ခု ပေးချင်နေတာလား”

လီကျုံးကျန်းက လှောင်ပြုံးပြုံးလိုက်၏။

“မြူတိမ်ဆောင်ရဲ့ စည်းကမ်းချက်အချို့ကို ကျွန်တော် သိပါတယ်။ ဘယ်သူမှ မသေစေရဘူးဆိုတဲ့ စည်းကမ်းချက် ရှိပေမဲ့ မြူတိမ်ဆောင်ထဲက ဘယ်ကျင့်ကြံသူမဆို တစ်ယောက်ကိုတစ်ယောက် စိန်ခေါ်လို့ ရတယ်။ ဒါပေမဲ့ တုဟိုင်ထျန်က အခုမှ ခန့်အပ်ခံထားရတဲ့ ဒု ခန်းမသခင် ဖြစ်နေတော့ သူက ချင်လဲ့ကို မတော်တဆ သတ်လိုက်ရင်တောင်မှ ကြီးကြီးမားမား ပြဿနာ ရှိမှာ မဟုတ်ဘူး။ တကယ်လို့ ချင်လဲ့က ကံကောင်းလို့ တုဟိုင်ထျန်ကို သတ်နိုင်ခဲ့ရင်တောင်မှ သူ့ရဲ့ နိမ့်ကျတဲ့ အဆင့်အတန်းကြောင့် သူ သေရမှာပဲလေ”

သူ၏ အကြည့်မှာ လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေပေသည်။

“ဘယ်လိုပဲဖြစ်ဖြစ် သူ သေရမှာပဲ။ ဒါကိုမှ သူက ထွက်ပြီး ဆူညံအောင် လုပ်နေသေးတယ်။ တကယ့် လူအပဲ”

“သူက အစကတည်းက သေချင်နေတာ မဟုတ်လား” တစ်ယောက်က ဝင်ပြောလိုက်၏။

“ဟဲဟဲ... မင်းပြောတာ မှန်တယ်။ သူက ဒီကို ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ လာတာပဲ” လီကျုံးကျန်းက ပျော်ပျော်ပါးပါး ပြုံးလျက် ဆိုလိုက်သည်။

စားသောက်ဆိုင်အတွင်းမှ လူများ ဝေဖန်ဆွေးနွေးနေကြစဉ်မှာပင် တုဟိုင်ထျန်သည် ခါးကို ကိုင်းလိုက်ပြီး သူ၏ ဗိုက်ထဲမှ သေရည်များအား အကြိမ်အနည်းငယ် အန်ထုတ်လိုက်သည်။ ထို့နောက် သူ၏ လက်အင်္ကျီအတွင်းမှ လက်တစ်ကမ်းခန့် ရှည်သော အပြာရောင် ဓားမြှောင်တစ်စင်းကို ထုတ်ယူလိုက်၏။

“ငါ အရက်သောက်ထားလို့ မင်းက ငါ့ထက် သာလိမ့်မယ်၊ ငါ့ကို အနိုင်ယူနိုင်လိမ့်မယ်လို့ ထင်နေရင်တော့ မင်း တော်တော် မှားသွားပြီ”

ထိုအပြာရောင် ဓားမြှောင်လေးမှာ လက်နှစ်ချောင်းခန့် ကျယ်ပြီး မီတာဝက်ခန့် ရှည်လျားကာ အပြာရောင် အလင်းတန်းများ သဲ့သဲ့မျှ တောက်ပနေပေသည်။ တုဟိုင်ထျန်က ၎င်းအတွင်းသို့ ဝိညာဉ်စွမ်းအင်များ ထည့်သွင်းလိုက်သောအခါ ကျဉ်းမြောင်းလှသော ဓားသွား၏ ဘေးနှစ်ဖက်တွင် အပြာရောင် သစ်ရွက်ကလေးများစွာ ပေါ်ထွက်လာတော့သည်။ ထိုသစ်ရွက်ကလေးများသည် ဓားသွားမှ ပေါက်ဖွားလာသည့်နှယ် အလွန်ပင် လှပဆန်းကြယ်ပြီး အလွန်ပင် ထက်မြက်လှပေသည်။ ၎င်းတို့သည် အချိန်မရွေး လေထဲသို့ ပျံတက်သွားနိုင်မည့်နှယ် ရှိနေသလို သာမန်ထက်လည်း ပို၍ ထက်မြက်ပုံရ၏။

“အပြာရောင်သစ်ရွက်ဓား... နက်နဲ အဆင့် ၁ ရှိတဲ့ ဝိညာဉ်လက်နက်ပဲ။ တုဟိုင်ထျန်က ဒါကို လက်နက်ဆောင်ကနေ ငွေအမြောက်အမြား ပေးပြီး ဝယ်ခဲ့တာ”

ပြတင်းပေါက်မှ တစ်ယောက်က တိုးတိုးလေး ရေရွတ်လိုက်သည်။

“ကြားရတာတော့ ဒီအပြာရောင်သစ်ရွက်ဓားကို လက်နက်ဆောင်ရဲ့ ပန်းပဲပညာရှင် မိုဟိုင် လူငယ်ဘဝတုန်းက ဖန်တီးခဲ့တာတဲ့။ မိုဟိုင်ဆိုတာ အခုဆို နက်နဲ အဆင့် ၆ ရှိတဲ့ ပန်းပဲပညာရှင်ကြီး ဖြစ်နေပြီး လက်နက်ဆောင်မှာ နာမည်အကြီးဆုံး ပန်းပဲပညာရှင် တစ်ယောက်လေ”

“သူက ချင်လဲ့ကို တိုက်ဖို့ ဒီအပြာရောင်သစ်ရွက်ဓားကို ထုတ်သုံးတာက နည်းနည်း များမသွားဘူးလား”

“သူက ဘယ်သူနဲ့ပဲ တိုက်တိုက် အမြဲတမ်း ဂရုစိုက်တတ်တဲ့ လူစားပဲ။ သူ့ပြိုင်ဘက်က ဝိညာဉ်သန့်စင်ခြင်း အဆင့် ၈ ပဲ ရှိနေပါစေဦး၊ သူက လုံးဝ လျှော့မတွက်ဘဲ သူ့မှာရှိတဲ့ အစွမ်းအစ အကုန်ထုတ်သုံးတတ်တာ”

“တကယ့်ကို ကြောက်စရာကောင်းတဲ့ လူပဲ”

လူအုပ်ကြီးက ဝေဖန်နေကြ၏။ ချင်လဲ့သည် သစ်သားရုပ်တုကို ထုတ်လိုက်ပြီး အသက်ပြင်းပြင်းရှူကာ သူ၏ အကြည့်များအား အေးစက်အောင် ထားလိုက်သည်။

“ဖျစ်... ဖျစ်... ရှဲ...”

လက်မအရွယ်ခန့်ရှိသော အပြာရောင် လျှပ်စီးတန်းများမှာ သစ်သားရုပ်တု၏ ခေါင်းမှတစ်ဆင့် ရုတ်တရက် ထွက်ပေါ်လာတော့သည်။ သူသည် တုဟိုင်ထျန်ကို စူးစိုက်ကြည့်လိုက်ပြီး လျှပ်စစ်ရောင်စုံများ ဖြာထွက်နေသည့်နှယ် တုဟိုင်ထျန်ဆီသို့ ဦးစွာ စတင် တိုက်ခိုက်လိုက်လေတော့သည်။

All Chapters