← Chapters

အခန်း (၁၁၅-၁၁၆)

Vol. 12 Ch. 115-116

အခန်း (၁၁၅-၁၁၆)

Vol. 12 Ch. 115-116

အခန်း (၁၁၅) အားလုံး၏ အာရုံစိုက်ရာ

အေးစက်တောက်ပသော လရောင်အောက်တွင် အပြာရောင် သစ်ရွက်ကလေးများမှာ လွင့်ပျံကျဆင်းလာကြသည်။ သစ်ရွက်တိုင်းသည် လူသတ်လက်နက်များနှယ် အပြာရောင်အလင်းများ တဖျတ်ဖျတ် တောက်နေ၏။

“ဖျစ်... ဖျစ်... ဖျစ်...”

ချင်လဲ့၏ ခေါင်းပေါ်တွင်မူ သစ်သားရုပ်တုအတွင်းမှ ထွက်ပေါ်လာသော အပြာနုရောင် လျှပ်စီးတန်းများက အကာအကွယ်တစ်ခုသဖွယ် ယှက်နွယ်နေကြသည်။

“ဖောက်... ဖောက်... ဖောက်...”

ပြင်းထန်လှသော အပြာရောင်လျှပ်စီးတန်းများမှ ယမ်းပုံမီးကျသံကဲ့သို့ အသံများ ထွက်ပေါ်နေ၏။ အပြာရောင် သစ်ရွက်ကလေးတစ်ရွက် လျှပ်စီးပေါ်သို့ ကျရောက်တိုင်း လျှပ်စစ်အလင်းတန်းများမှာ အနည်းငယ် မှိန်သွားရသည်။

ထိုသစ်ရွက်ကလေးများသည် ရိုက်ခတ်လာသော လှိုင်းလုံးကြီးများနှယ် လျှပ်စီးတန်းများအား ထိုးဖောက်ဝင်ရောက်လာသဖြင့် ချင်လဲ့မှာ ကိုယ်ကိုကိုင်းကာ ခြေလှမ်းများ ယိုင်နဲ့သွားရတော့သည်။

တုဟိုင်ထျန်သည် အပြာရောင်သစ်ရွက်ဓားကို ဆုပ်ကိုင်ထားပြီး တည်ငြိမ်အေးစက်သော မျက်နှာဖြင့် ချင်လဲ့အား ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်၏။

“ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတယ်”

သူသည် အပြာရောင်သစ်ရွက်ဓားကို စည်းချက်ကျကျ သုံးကြိမ်မျှ တုန်ခါစေလိုက်ရာ အပြာရောင် လှိုင်းအလင်းတန်း သုံးလွှာ ထွက်ပေါ်လာတော့သည်။ ဝိညာဉ်စွမ်းအင် လှိုင်းလွှာတစ်လွှာချင်းစီသည် တစ်လွှာထက်တစ်လွာ ပို၍ အစွမ်းထက်လာပြီး ပင်လယ်လှိုင်းလုံးကြီးများနှယ် ချင်လဲ့ဆီသို့ တစ်လွှာပြီးတစ်လွှာ တိုးဝင်လာလေသည်။

“ဗုန်း...”

ပထမလှိုင်းလုံးကြီး ချင်လဲ့ကို ရိုက်ခတ်လိုက်သောအခါ သူ၏ ခန္ဓာကိုယ်မှာ တုန်ခါသွားပြီး မျက်နှာမှာ ချက်ချင်း ဖြူဖျော့သွားတော့သည်။ သူသည် ခေါင်းပေါ်က သစ်ရွက်ကလေးများကို ကာကွယ်ရန် သူ၏ စွမ်းအင်အားလုံးကို အသုံးချနေရသဖြင့် တုဟိုင်ထျန်၏ ဝိညာဉ်စွမ်းအင် လှိုင်းလုံးကြီးများ ထပ်မံ တိုက်ခိုက်လာမည်အား မမျှော်လင့်ထားမိပေ။

“ဗုန်း...”

ဒုတိယလှိုင်းလုံးကြီး ထပ်မံ ရိုက်ခတ်လာပြန်ရာ ချင်လဲ့၏ ခန္ဓာကိုယ်မှာ နောက်သို့ လွင့်ထွက်သွားတော့သည်။ သူ၏ မျက်နှာတစ်ခုလုံး နီမြန်းလာပြီး လည်ချောင်းထဲတွင် တစ်ဆို့နေသော သွေးများကို အတင်း မျိုချနေရ၏။ ဤလှိုင်းလုံးကြီး၏ စွမ်းအားမှာ ပထမတစ်လွှာထက် နှစ်ဆမျှ ပို၍ ပြင်းထန်လှပေသည်။

“လှိုင်းလုံးစွမ်းအား... တတိယအလွှာ”

တုဟိုင်ထျန်က ရက်စက်စွာ ပြုံးလိုက်သည်။

“ဗုန်း...”

မျက်စိဖြင့် မမြင်နိုင်လောက်သော တတိယလှိုင်းလုံးကြီးမှာ ချင်လဲ့ ခြေမခိုင်ခင်မှာပင် နှင်းတောင်ပြိုကျလာသကဲ့သို့ ချင်လဲ့ဆီသို့ အဟုန်ဖြင့် ပြေးဝင်လာတော့သည်။ နောက်ဆုံးတွင်မူ ချင်လဲ့သည် အရှိန်ကို မခံနိုင်တော့ဘဲ ပါးစပ်မှ သွေးများ ပန်းထွက်လျက် မြှားတစ်စင်းနှယ် နောက်သို့ လွင့်ထွက်သွားလေတော့သည်။

“ဝုန်း...”

သူ မြေပြင်ပေါ်သို့ ပြန်အကျတွင်မူ သူ၏ မျက်နှာမှာ ရဲရာမှ ချက်ချင်းပင် ဖြူဆုတ်သွားတော့၏။ သူ၏ စိတ်ဝိညာဉ်မှာလည်း တစ်ခဏအတွင်း အားနည်းသွားပုံရသည်။ လမ်းဘေးဝဲယာရှိ ထိန်လင်းနေသော ပြတင်းပေါက်များမှ ကြည့်နေကြသော လူအုပ်ကြီးမှာ တိတ်ဆိတ်သွားကြရ၏။

ချင်လဲ့သည် တုဟိုင်ထျန်နှင့် ယှဉ်လျှင် တိုက်ပွဲအတွေ့အကြုံရော ဝိညာဉ်စွမ်းအင် ကြွယ်ဝမှုနှင့် သန့်စင်မှုပိုင်းမှာပါ အများကြီး အားနည်းနေသည်ကို လူတိုင်း မြင်နေကြရသည်။ တုဟိုင်ထျန်၏ လှိုင်းလုံးစွမ်းအားမှာ ချင်လဲ့၏ ရင်ဘတ်တည့်တည့်ကို ထိမှန်သွားခဲ့ခြင်း ဖြစ်သည်။ သူ၏ အရှိန်အဟုန်ဖြင့် တိုးဝင်လာမှုမှာ ရုတ်တရက် ရပ်တန့်သွားပြီး သွေးများ အန်ထုတ်ကာ လွင့်ထွက်သွားရခြင်း ဖြစ်၏။ သူသည် တစ်ခဏအတွင်း တိုက်ခိုက်နိုင်စွမ်း ကုန်ဆုံးသွားသည့်နှယ် ရှိနေပေသည်။

“မင်းက ဝိညာဉ်ပေါက်ဖွားခြင်း အဆင့်ကို အခုမှ ရောက်ပြီး ဝိညာဉ်နန်းတော် တစ်ဆောင်တည်းပဲ ရှိသေးတာကို ငါ့ကို လာစိန်ခေါ်ရဲတယ်ပေါ့။ မင်း ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ”

တုဟိုင်ထျန်သည် အပြာရောင်သစ်ရွက်ဓားကို ကိုင်လျက် တည်ငြိမ်စွာပင် ပြောလိုက်သည်။

“ငါ့မှာ ဝိညာဉ်နန်းတော် ခြောက်ဆောင်တောင် ပွင့်ထားပြီးပြီဆိုတာ မင်း မကြားဘူးလား။ ငါ့မှာ မင်းထက် စွမ်းအား ခြောက်ဆ ပိုရှိတယ်။ ဒီတိုက်ပွဲရဲ့ ရလဒ်ကတော့ မေးနေစရာတောင် မလိုပါဘူး။ မင်းက ငါ့ကို ဘယ်လိုနည်းနဲ့မှ ခြိမ်းခြောက်နိုင်မှာ မဟုတ်ဘူး”

သူသည် ချင်လဲ့၏ ရှေ့သို့ ရောက်ခါနီးတွင် အသံကို နှိမ့်လိုက်ပြီး ဆိုသည်။

“ငါက မင်းကို သတ်ဖို့ ကြောက်နေမယ်လို့ မင်း တကယ် ထင်နေတာလား။ ငါက မြူတိမ်ဆောင်ရဲ့ ဒု ခန်းမသခင်ဆိုတာ မင်း မှတ်ထားပါ။ ငါ မင်းကို သတ်လိုက်ရင်တောင်မှ ရဲ့ရန်ချိုးက ငါ့ကို ဘာမှ လုပ်ရဲမှာ မဟုတ်ဘူး။ အထူးသဖြင့် သူကိုယ်တိုင်တောင် အခုချိန်မှာ မနည်း ရုန်းကန်နေရတာလေ”

သူ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အာဃာတများ ပြည့်နှက်နေပြီး သူ၏ လက်ထဲမှ အပြာရောင်သစ်ရွက်ဓားမှာလည်း ပို၍ တောက်ပလာကာ အပြာရောင် သစ်ရွက်ကလေးများစွာ ထပ်မံ ထွက်ပေါ်လာပြန်သည်။

“ချင်လဲ့... ပြေးတော့”

တုကျဲက တစ်ဖက်မှ လှမ်းအော်သည်။

“သူ မင်းကို သတ်တော့မယ်။ သူ တကယ် သတ်တော့မှာ”

“ပြေးပါ ချင်လဲ့ရာ” ကျောက်ချန်းကလည်း ငိုယိုအော်ဟစ်နေရှာသည်။

ကံဆိုးစွာဖြင့် တုဟိုင်ထျန်၏ လက်အောက်မှ ခန်းမသခင်များနှင့် အဆင့်မြင့်ကျင့်ကြံသူများက သူတို့ကို လုံးဝ ဝိုင်းပတ်ပိတ်ဆို့ထားသဖြင့် သူတို့ ချင်လဲ့ကို သွားရောက် မကူညီနိုင်ကြပေ။ သူတို့ လုပ်နိုင်သည်မှာ အော်ဟစ် သတိပေးရန်သာ ရှိတော့သည်။

လမ်းမပေါ်ရှိ အဖွဲ့အစည်းပေါင်းစုံမှ ကျင့်ကြံသူများသည် ပြတင်းပေါက်တွင် ကပ်လျက် တုဟိုင်ထျန် ချင်လဲ့ဆီသို့ တစ်လှမ်းချင်း တိုးလာနေသည်အား စူးစိုက်ကြည့်နေကြသည်။ တုဟိုင်ထျန်၏ မျက်လုံးများထဲတွင် ချင်လဲ့ကို သတ်ပစ်တော့မည်ဟူသော အဓိပ္ပာယ်အား သူတို့ မြင်နေကြရ၏။ လူတိုင်းကလည်း တုဟိုင်ထျန်သည် ချင်လဲ့ကို သတ်ဖြတ်လိမ့်မည်ဟု ယုံကြည်နေကြသည်။ အကြောင်းမှာ သူသည် မြူတိမ်ဆောင်၏ ဒု ခန်းမသခင် ဖြစ်နေသောကြောင့်ပင်။

“မင်း ငါ့ကို သတ်ရဲတယ်ဆိုတာ ငါ သိပါတယ်”

ချင်လဲ့သည် သူ၏ နှုတ်ခမ်းထောင့်က သွေးစများကို သုတ်လိုက်ပြီး ရုတ်တရက် ထရပ်လိုက်သည်။ သူသည် ဖြူဖျော့နေသော မျက်နှာဖြင့် တုဟိုင်ထျန် တစ်လှမ်းချင်း တိုးလာသည်ကို ကြည့်နေပြီး သူ၏ မျက်လုံးများထဲတွင် ရူးသွပ်မှု အလင်းတန်းများ ဖြတ်ပြေးသွား၏။

“ငါ ဒီမှာပဲ မင်း ငါ့ကို သတ်မှာကို စောင့်နေမယ်။ လာလေ... တုဟိုင်ထျန်။ ငါ ဒီမှာပဲ ရပ်နေမယ်။ မင်း ငါ့ကို ဘယ်လို သတ်မလဲဆိုတာ ပြစမ်းပါဦး”

သူသည် ညာလက်မှ သစ်သားရုပ်တုကို ဝှေ့ယမ်းလိုက်ပြီး ပြင်းထန်သော လျှပ်စစ်စွမ်းအင်များကို ထပ်မံ ထုတ်ဖော်ကာ ကျဆင်းလာသော အပြာရောင်သစ်ရွက်များအား တစ်ရွက်ပြီးတစ်ရွက် ဖျက်ဆီးပစ်လိုက်သည်။ သူ၏ ဘယ်လက်ကိုမူ လက်အင်္ကျီအတွင်း၌ ဝှက်ထားပြီး အဖျက်စွမ်းအားပြင်း ဝိညာဉ်ဗုံး တစ်လုံးကို တိတ်တဆိတ် ဆုပ်ကိုင်လျက် အသင့်ပြင်ထားလိုက်၏။

တုဟိုင်ထျန်သည် တစ်ခုခုကို ရိပ်မိသွားသကဲ့သို့ သူ၏ ခြေလှမ်းများအား ရုတ်တရက် ရပ်တန့်လိုက်ပြီး အေးစက်စွာ ဆိုလိုက်သည်။

“ဪ... ငါ့ကိုပါ မင်းနဲ့အတူ အသေခံဖို့ ဆွဲခေါ်ချင်တာလား”

သူသည် ရှေ့သို့ ဆက်မတိုးတော့ဘဲ ခေါင်းခါလိုက်ကာ သူ၏ ဓားကို လေထဲတွင် ဝှေ့ယမ်းလိုက်၏။ ပြင်းထန်လှသော ဝိညာဉ်စွမ်းအင်များမှာ လှိုင်းလုံးစွမ်းအားအဖြစ် ထပ်မံ စုစည်းလာပြန်သည်။ သူသည် ချင်လဲ့ကို အနားမကပ်ဘဲ အဝေးမှပင် သတ်ရန် ကြံစည်နေခြင်း ဖြစ်သည်။

ချင်လဲ့သည် တုဟိုင်ထျန်၏ ဂရုစိုက်လွန်းမှုကို စိတ်ထဲမှ ကျိန်ဆဲလိုက်မိ၏။ လှိုင်းလုံးစွမ်းအားများ ထပ်မံ ပေါ်လာသည်ကို မြင်သောအခါ သူသည် ဘေးသို့ အမြန်ရှောင်တိမ်းလိုက်ရသည်။ ထိုလှိုင်းလုံး သုံးလွှာသာ သူ့ကို ထပ်မှန်ပါက သူ ခံနိုင်ရည် ရှိတော့မည် မဟုတ်ပေ။ သူသည် လက်ထဲက ဝိညာဉ်ဗုံးကို လျှပ်စစ်စွမ်းအင်ဖြင့် အစပျိုးရန် မဝံ့ရဲသေးသဖြင့် ခေတ္တမျှ ဘေးဖယ်ထားလိုက်ရသည်။

ချင်လဲ့၏ အစီအစဉ်မှာမူ သူ၏ ကောင်းကင်မိုးကြိုးသန့်စင်ခန္ဓာဖြင့် လှိုင်းလုံးစွမ်းအားကို ခံယူပြီး အားနည်းနေဟန် ပြကာ တုဟိုင်ထျန်အား အနားသို့ ဆွဲဆောင်ရန် ဖြစ်သည်။ ထို့နောက် တုဟိုင်ထျန် အနားရောက်လာမှ ဝိညာဉ်ဗုံးကို ဖောက်ခွဲပြီး တစ်ခဏအတွင်း သတ်ပစ်ရန် သူ ကြံစည်ထားခြင်း ဖြစ်၏။ သူသည် ဤပြီးပြည့်စုံသော အစီအစဉ်ကို ရင်ထဲတွင် ကြာမြင့်စွာကတည်းက ရေးဆွဲထားခဲ့သော်လည်း တုဟိုင်ထျန်က အသာစီးရနေပါလျက်နှင့် ယခုကဲ့သို့ ဂရုတစိုက် ရှိနေလိမ့်မည်ဟု သူ မထင်ထားမိပေ။

လှိုင်းလုံးစွမ်းအားကို တိုက်ရိုက် ခံလိုက်ရပြီးနောက် ၎င်းက ထပ်မံ ထွက်ပေါ်လာသည်အား မြင်သောအခါ ချင်လဲ့လည်း ရင်ထဲတွင် ထိတ်လန့်သွားမိ၏။ ထို့ကြောင့် တခြားနည်းလမ်း မရှိတော့ဘဲ ရှောင်တိမ်းလိုက်ရခြင်း ဖြစ်သည်။

“ဗုန်း... ဗုန်း... ဗုန်း”

ချင်လဲ့ ရှောင်လိုက်သဖြင့် ထိုလှိုင်းလုံးများသည် ကျောက်တံတိုင်းကို သွားရောက် ထိမှန်သွားပြီး ထူထဲလှသော ကျောက်တံတိုင်းကြီးမှာ ပြိုကျသွားတော့သည်။ ပြတင်းပေါက်များမှ ကြည့်နေကြသော ကျင့်ကြံသူများအားလုံး၏ မျက်နှာမှာ အနည်းငယ် ပျက်သွားကြရ၏။

“ကြည့်ရတာ ဒီလူက ဝိညာဉ်ပေါက်ဖွားခြင်း အဆင့် နှောင်းပိုင်းကို ရောက်တော့မယ် ထင်တယ်” သုသာန်ခုနစ်ပါး တောင်ကြားမှ လီကျုံးကျန်းက အံ့သြတကြီး ဆိုလိုက်သည်။

လုလီကလည်း ခေါင်းညိတ်ပြပြီး ဆိုသည်။

“ကြည့်ရတာ သူ့ရဲ့ ဝိညာဉ်နန်းတော် ခြောက်ဆောင်လုံးက စွမ်းအင်တွေ ပြည့်နေပုံပဲ။ မြူတိမ်ဆောင်ရဲ့ ဒု ခန်မးသခင်ဆိုတာ အကြံအဖန်နဲ့တင် ဖြစ်လာတာ မဟုတ်ဘူးပဲ။ သူ့မှာ အခြေခံ စွမ်းအားလည်း ရှိတာပဲ”

“ငါတော့ ချင်လဲ့ရဲ့ သတ္တိကို နည်းနည်း အထင်ကြီးသွားပြီ”

လီကျုံးကျန်းက လှောင်ပြုံးပြုံးလိုက်၏။

“ဝိညာဉ်ပေါက်ဖွားခြင်း အဆင့်ကို အခုမှ ရောက်ပြီး ဝိညာဉ်နန်းတော် တစ်ဆောင်တည်း ရှိတဲ့ ကောင်က ဝိညာဉ်နန်းတော် ခြောက်ဆောင်လုံး ပြည့်နေတဲ့ ရန်သူကို သွားစိန်ခေါ်ရဲတယ်ပေါ့...”

သူက ခေတ္တမျှ ရပ်လိုက်ပြီး ခေါင်းခါလျက် ဆိုသည်။

“တုဟိုင်ထျန် ပြောသလိုပဲ... တကယ့်ကို ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတဲ့ မိုက်မဲတဲ့ကောင်ပဲ”

“နာနော့... ဟိုတစ်ခါ ကျောက်တောအုပ်ထဲမှာတုန်းကလို ချင်လဲ့က ကောင်းကင်က မိုးကြိုးတွေကို ခေါ်နိုင်မယ် ထင်လား”

ရေလဂိုဏ်းဘက်တွင်မူ စာကလေးမလေးက တိုးတိုးလေး မေးလိုက်သည်။

“တကယ်လို့ သူက ဟိုတစ်ခါလို မိုးကြိုးတွေကို ခေါ်နိုင်မယ်ဆိုရင်တော့ သူ အနိုင်ရဖို့ အခွင့်အရေး ရှိနိုင်တယ်နော်”

“ဟိုတစ်ခါက သူက ဝိညာဉ်ပေါက်ဖွားခြင်း အဆင့်ကို အခုမှ တက်လှမ်းတာ ဖြစ်သလို သူ ကျင့်ကြံတဲ့ ပညာကလည်း မိုးကြိုးစွမ်းအား ဖြစ်နေလို့ အခြေအနေပေးသွားတာပါ”

နာနော့ကလည်း လေသံကို နှိမ့်ကာ ပြောလိုက်၏။

“အခု သူက အဆင့်တက်ပြီးသွားပြီဆိုတော့ အဲဒီလို အံ့သြစရာမျိုး ထပ်ဖြစ်ဖို့ မလွယ်တော့ဘူး။ မဟုတ်ရင် သူ မိုးကြိုးတွေကို ခေါ်တာ ကြာလှပြီပေါ့။ အခုလို အရှုံးပေးစရာ လိုမလား”

“ဒါလည်း ဟုတ်တာပဲ” စာကလေးမလေးက သက်ပြင်းချလိုက်သည်။

“ချင်လဲ့က ကျောက်တောအုပ်ထဲမှာ ဝိညာဉ်စုပ်သားရဲကို နှိမ်နင်းပေးခဲ့တာလေ။ သူက ငါတို့အားလုံးကို ကယ်ခဲ့တာဆိုတော့ သူ အန္တရာယ်ဖြစ်မှာကို ငါ မလိုလားဘူး...”

နာနော့က ခေါင်းညိတ်လိုက်ပြီး ဆိုရှာသည်။

“ဖြစ်နိုင်ခြေ နည်းပေမဲ့ ငါလည်း သူ့ကို အသက်ရှင်စေချင်ပါတယ်”

“ချင်လဲ့... မင်း ဒီလောက်လေးနဲ့ ငါ့ကို လာစိန်ခေါ်တာလား”

တုဟိုင်ထျန်သည် အပြာရောင်သစ်ရွက်ဓားကို ဝှေ့ယမ်းလိုက်ရာ အပြာရောင်သစ်ရွက်ကလေးများစွာမှာ လေထဲတွင် လွင့်ပျံလာပြီး ချင်လဲ့၏ ခေါင်းပေါ်သို့ ကျဆင်းလာပြန်သည်။

ချင်လဲ့သည် ကောင်းကင်မိုးကြိုး နှိမ်နင်းခြင်း ပညာကို အဆက်မပြတ် အသုံးပြုလျက် သစ်သားရုပ်တုအတွင်းမှ လျှပ်စီးများဖြင့် ထိုသစ်ရွက်များအား ဖျက်ဆီးပစ်ရင်း အခက်အခဲများစွာဖြင့် ရှောင်တိမ်းနေရ၏။ သူသည် တုဟိုင်ထျန်၏ လှိုင်းလုံးစွမ်းအားကိုလည်း သတိထား ရှောင်နေရသလို တုဟိုင်ထျန်အနားသို့ ကပ်နိုင်ဖို့ အခွင့်အရေးကိုလည်း ရှာဖွေနေသည်။

သို့သော်လည်း တုဟိုင်ထျန်သည် ချင်လဲ့၏ စိတ်ကူးကို သိနေသည့်နှယ် အကွာအဝေးတစ်ခုအား အမြဲ ထိန်းထားပြီး သူ့အနားကို ချဉ်းကပ်ခွင့် မပေးပေ။

“မင်းက မသေခင် ငါ့ကို ဒဏ်ရာအပြင်းအထန် ရအောင် လုပ်ချင်နေတာ မဟုတ်လား။ ငါက တိုက်ပွဲပေါင်းများစွာကို ဖြတ်သန်းလာခဲ့တာပါ။ မင်းလိုကောင်မျိုးဆီက ဒဏ်ရာရစရာ အကြောင်း မရှိဘူး”

တုဟိုင်ထျန်က အသက်ပြင်းပြင်းရှူလိုက်ပြီး စိတ်မရှည်သော အမူအရာဖြင့် ဆိုလိုက်သည်။

“မင်း ဘယ်လောက်အထိ ထပ်ရှောင်နိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့”

ပြင်းထန်လှသော ဝိညာဉ်စွမ်းအင်များမှာ တုဟိုင်ထျန်၏ ကိုယ်မှ ထွက်ပေါ်လာသည်။ အပြာရောင်သစ်ရွက်ဓားမှာလည်း ရုတ်တရက် ပိုမို တောက်ပလာပြီး အပြာရောင်သစ်ရွက်ကလေး ဆယ်ဂဏန်းခန့်မှာ အရပ်မျက်နှာ အသီးသီးမှ ချင်လဲ့ဆီသို့ လွင့်ပျံလာတော့သည်။

“သစ်ရွက်တစ်ရွက်စီက မင်းရဲ့ စွမ်းအင်တွေကို ကုန်ဆုံးစေလိမ့်မယ်။ မင်းရဲ့ ဝိညာဉ်နန်းတော် တစ်ဆောင်တည်းက စွမ်းအင်က ငါ့ရဲ့ ဝိညာဉ်နန်းတော် ခြောက်ဆောင်က စွမ်းအင်ကို ဘယ်လို ယှဉ်မလဲဆိုတာ ကြည့်ရသေးတာပေါ့” တုဟိုင်ထျန်က အော်ဟစ်လိုက်၏။

“ဖောက်... ဖောက်... ဖောက်...”

မိုးပေါ်က ကျလာသော အပြာရောင်သစ်ရွက်များသည် သစ်သားရုပ်တုမှ ထွက်ပေါ်လာသော လျှပ်စီးများနှင့် ထိတွေ့ပြီး ပေါက်ကွဲသွားကြသည်။ သစ်ရွက်တစ်ရွက် ပေါက်ကွဲတိုင်း ချင်လဲ့၏ စွမ်းအင်များမှာ အနည်းငယ်စီ လျော့နည်းသွားရ၏။ တုဟိုင်ထျန် ပြောသကဲ့သို့ပင် ချင်လဲ့သည် လျှပ်စစ်စွမ်းအင်များကို အသုံးပြုပြီး သစ်ရွက်များအား ဖျက်ဆီးနေရသဖြင့် သူ၏ စွမ်းအင်များမှာ ကုန်ဆုံးနေခြင်း ဖြစ်သည်။

ယခုဆိုလျှင် သူ၏ ဝိညာဉ်ပင်လယ်အတွင်းရှိ ဝိညာဉ်နန်းတော်ထဲမှ မိုးကြိုးလျှပ်စစ်စွမ်းအင်များ၏ ငါးပုံသုံးပုံခန့်မှာ ကုန်ဆုံးသွားပြီ ဖြစ်သည်။ ကောင်းကင်တစ်ခုလုံး အပြာရောင်သစ်ရွက်များ ဖုံးလွှမ်းသွားသည်ကို မြင်သောအခါ ချင်လဲ့၏ ရင်ထဲတွင် လေးလံသွားတော့၏။ တုဟိုင်ထျန်သည် သူ၏ စွမ်းအင်ကြွယ်ဝမှုအား အသုံးချကာ ချင်လဲ့၏ အားနည်းချက်ကို တိုက်ခိုက်နေပြီး စွမ်းအင်ကုန်အောင် လုပ်နေခြင်း ဖြစ်သည်အား သူ နားလည်လိုက်သည်။ ထို့နောက်မှ တုဟိုင်ထျန်က သူ့ကို အလွယ်တကူ သတ်ပစ်လိမ့်မည် ဖြစ်သည်။

“သခင်မလေး... လမ်းမပေါ်မှာ တစ်ယောက်ယောက် တိုက်နေကြတယ် ထင်တယ်”

လမ်းမ၏ အနောက်တောင်ဘက်တွင် လူနှစ်ယောက်မှာ လရောင်အောက်၌ ကုန်သွယ်ရေးလမ်းမဆီသို့ ဦးတည် လျှောက်လှမ်းလာကြသည်။ တစ်ယောက်က ဝိညာဉ်စွမ်းအင် တုန်ခါမှုများကို ကြားလိုက်ရသဖြင့် လှမ်းပြောလိုက်ခြင်း ဖြစ်၏။ သူကား လျန်ကျုံးပင် ဖြစ်သည်။ သူက သခင်မလေးဟု ခေါ်လိုက်သူမှာ အမှောင်အသူရာခန်းမ၊ ပြည်တွင်းရေးဌာနမှ ရှဲ့ကျင့်ရွှမ် ဖြစ်ပေသည်။

သူတို့နှစ်ဦးသည် ညမမှောင်ခင်မှာပင် ရေခဲကျောက်မြို့တော်သို့ ရောက်ရှိလာကြခြင်း ဖြစ်၏။ သူတို့သည် လီအရောင်းဆိုင်သို့ သွားရောက်ပြီး ဝိညာဉ်တံဆိပ်ပြား အသစ်များ ရှိ မရှိ ကြည့်ရန် သွားနေကြခြင်း ဖြစ်သည်။ အာတိတ်တောင်တန်းက ကိစ္စမှာလည်း ပြီးဆုံးသွားပြီ ဖြစ်သည်။ ကျင့်ကြံသူများနှင့် ဝိညာဉ်သားရဲဘုရင်တို့မှာ စာချုပ်အသစ် ချုပ်ဆိုခဲ့ကြပြီး ဝိညာဉ်စုပ်သားရဲမှာလည်း သေဆုံးသွားခဲ့ပြီ ဖြစ်သဖြင့် သူတို့၏ တာဝန်မှာ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ မနက်ဖြန် မနက်တွင်လည်း အမှောင်အသူရာခန်းမသို့ ပြန်ကြတော့မည် ဖြစ်သည်။

“ဒီနေ့ ယွမ်ထျန်ယက မြူတိမ်ဆောင်မှာ ရှိနေသလို လျိုယွန်ထောင်ကလည်း အရှင်သခင်ရာထူးကို ယူထားတာလေ။ ဘယ်သူကများ အခုလိုအချိန်မှာ မြို့ထဲမှာ တိုက်ခိုက်ရဲလောက်အောင် မိုက်မဲနေရတာလဲ”

ရှဲ့ကျင့်ရွှမ်က တိုးတိုးလေး ဆိုလိုက်ပြီး သူမ၏ လှပသော မျက်ခုံးတန်းလေးများမှာ တွန့်ချိုးသွားကာ စိတ်ဝင်တစား ရှိနေ၏။

“သွားကြည့်ရအောင်”

ညအမှောင်အောက်တွင် ထိုလူနှစ်ယောက်မှာ လျှပ်စီးတန်း နှစ်တန်းနှယ် လျင်မြန်လှပေသည်။ ခဏအကြာတွင် သူတို့သည် လမ်းထောင့်တစ်နေရာသို့ ရောက်ရှိသွားကြ၏။

“ဒါ ချင်လဲ့ပဲ”

လျန်ကျုံးက တိုးတိုးလေး အော်ဟစ်လိုက်ပြီး သူ၏ အမူအရာမှာ ရှုပ်ထွေးသွားတော့သည်။

“တုဟိုင်ထျန်နဲ့ လျိုယွန်ထောင်တို့က လင်မိသားစုဝင်တွေကို အနစ်နာခံခိုင်းလိုက်တာဆိုတော့ ချင်လဲ့က ဒေါသထွက်မှာကတော့ သဘာဝပါပဲ။ ဒါပေမဲ့ သူက တုဟိုင်ထျန်ကို လမ်းမပေါ်မှာ စိန်ခေါ်ရဲတယ်ဆိုတော့... သူ တကယ်ပဲ ရူးသွားပြီလား”

သူက ခေတ္တမျှ ရပ်လိုက်ပြီး မျက်မှောင်ကြုတ်ကာ ဆက်ပြောလိုက်၏။

“သူ ရှုံးမှာပဲ။ တုဟိုင်ထျန်က သူ့ကို သတ်လိမ့်မယ်။ တကယ်လို့ သူ အနိုင်ရခဲ့ရင်တောင်မှ တုဟိုင်ထျန်ကို သတ်မိရင် သူက သူပုန်အဖြစ် သတ်မှတ်ခံရမှာပဲလေ။ တစ်မြို့လုံးက သူ့ကို လိုက်လံ ဖမ်းဆီးကြမှာ။ ဘယ်လိုပဲ ကြည့်ကြည့် သူ ဘာမှ အကျိုးအမြတ် မရှိဘူး။ သူ ဘာလို့ ဒီလောက်အထိ အသိဉာဏ်မဲ့နေရတာလဲ”

ဖြူစင်သော ဝတ်စုံကို ဝတ်ဆင်ထားသည့် ရှဲ့ကျင့်ရွှမ်မှာမူ လမ်းထောင့်တွင် တစ္ဆေတစ်ကောင်နှယ် ရပ်လျက် ချင်လဲ့ ရှောင်တိမ်းနေသည်အား အေးစက်စွာ ကြည့်နေမိသည်။ ခဏအကြာတွင် သူမသည် ခေါင်းခါလိုက်ပြီး ဆိုသည်။

“သူတို့နှစ်ယောက်ကြားက ကွာခြားချက်က ကြီးမားလွန်းတယ်။ သူ ကောင်းကင်က မိုးကြိုးတွေကို ထပ်ပြီး မခေါ်နိုင်ဘူးဆိုရင်တော့ သူ သေရမှာ သေချာတယ်” သူမက မှတ်ချက်ပေးလိုက်လေသည်။

အခန်း (၁၁၆) ခေါင်းဖြတ်ခြင်း

မြူတိမ်ဆောင်၊ လျိုယွန်ထောင်၏ စာကြည့်ခန်းအတွင်း။

ယွမ်ထျန်ယသည် အမြင့်ဆုံးနေရာတွင် ပြုံးလျက် ထိုင်နေပြီး လျိုယွန်ထောင်၊ ရန်ဝမ်ယန်နှင့် ဝေ့ရှင်းတို့နှင့် စကားပြောနေ၏။

“ဝမ်ယန်... မင်းရဲ့သားသေဆုံးမှုကို ငါ့လူတွေ စုံစမ်းခိုင်းထားတယ်။ သူ တကယ်ပဲ ဝိညာဉ်စုပ်သားရဲ ကိုက်လို့ သေတာလားဆိုတာ မကြာခင် သိရမှာပါ။ ရှဲ့ကျင့်ရွှမ် သတ်တာသာ မဟုတ်ရင် ငါ မင်းအတွက် တရားမျှတမှု ရအောင် လုပ်ပေးနိုင်ပါတယ်”

ယွမ်ထျန်ယက တည်ငြိမ်စွာ ဆိုလိုက်သည်။

“နန်းတော်သခင်... အဲဒီ ရှဲ့ကျင့်ရွှမ်ဆိုတဲ့ အမျိုးသမီးက ဘယ်လို နောက်ခံမျိုး ရှိလို့လဲဟင်” လျိုယွန်ထောင်က လေးနက်စွာ မေးလိုက်၏။

ယွမ်ထျန်ယက ပြုံးလိုက်ပြီး ဆိုသည်။

“ဒါကို မမေးတာ အကောင်းဆုံးပဲ။ မင်း သိထားရမှာက သူ့ကို သွားမဆွဖို့ပဲ။ အင်း... ဒီလို ပြောရမလား။ ငါ ဂိုဏ်းချုပ် ရာထူးကို ရခဲ့ရင်တောင် သူ့ကိုတော့ အတော်လေး အလေးထား ဆက်ဆံရဦးမှာပဲ”

ထိုစကားကြောင့် အားလုံး၏ မျက်နှာများ ပျက်သွားကြပြီး ရှဲ့ကျင့်ရွှမ်ကို ရင်ထဲတွင် ကြောက်လန့်သွားကြတော့သည်။

“ကျောက်ချန်းကို မြူတိမ်ဆောင်မှာ လေ့ကျင့်ဖို့ ထားခဲ့တာဆိုတော့... သူကလည်း အပေါ်ကနေ အမှောင်အသူရာခန်းမမှာ လေ့ကျင့်ဖို့ လာနေတာမျိုးလား” လျိုယွန်ထောင်က ရိပ်မိသလို မေးလိုက်သည်။

ယွမ်ထျန်ယက အံ့သြသွားပြီးမှ ခေါင်းညိတ်ပြ၏။

“တော်တော် တော်တာပဲ။ ငါ မင်းကို ရွေးချယ်ခဲ့တာ မမှားဘူးပဲ”

“တကယ်လို့ မင်းရဲ့သားက သူ့လက်ထဲမှာ သေသွားတာဆိုရင်တော့... မင်း ကံဆိုးတယ်လို့ပဲ သဘောထားလိုက်ပါတော့”

လျိုယွန်ထောင်က မျက်မှောင်ကြုတ်လျက် ရေခဲပြင်နန်းတော်၏ အရှင်သခင် ရန်ဝမ်ယန်ကို ကြည့်ကာ ပြောလိုက်သည်။ ရန်ဝမ်ယန်ကမူ မျက်နှာပျက်သွားသော်လည်း တစ်ခွန်းမျှ ပြန်မပြောပေ။ ထိုအချိန်မှာပင် အပြင်ဘက်မှ တစ်ယောက်က တိုးတိုးလေး လာသတင်းပို့၏။

“အရှင်သခင်... သတင်းပို့စရာ ရှိလို့ပါ”

လျိုယွန်ထောင်၏ မျက်နှာမှာ ပျက်သွားပြီး မေးလိုက်သည်။

“ဘာကိစ္စလဲ”

“ချင်လဲ့က လမ်းမပေါ်မှာ ဒု ခန်းမသခင် တုကို စိန်ခေါ်နေပါတယ်။ အခု သူတို့ မွှေးရနံ့ယစ်မူးဥယျာဉ်နဲ့ လသာဆောင် ကြားက လမ်းမပေါ်မှာ တိုက်နေကြပါပြီ”

အပြင်ဘက်ကလူက အခန်းထဲသို့ မဝင်ရဲဘဲ အလွန်ပင် ရိုသေစွာဖြင့် မေးလိုက်သည်။

“ဒု ခန်းမသခင်က သူ့ကို သတ်ပစ်ဖို့ ကြံနေပုံရပါတယ်။ သူ့ကို နည်းနည်း လျှော့ခိုင်းဖို့ ပြောရမလားခင်ဗျာ”

“တကယ့်ကို ရိုင်းစိုင်းတဲ့ကောင်ပဲ။ ငါ အရှင်သခင် ဖြစ်တဲ့နေ့မှာမှ ပြဿနာလာရှာရဲတယ်ပေါ့။ ဟိုင်ထျန်ကို ပြောလိုက်... ဒီကောင်ကို အမြစ်ပြတ် သတ်ပစ်လိုက်လို့”

“ဟုတ်ကဲ့ပါ”

ထိုလူက တိတ်တဆိတ် ပြန်ထွက်သွားသည်။ လျိုယွန်ထောင်ကလည်း ယွမ်ထျန်ယကို ဆက်လက် ဧည့်ခံနေ၏။ ဤကိစ္စငယ်လေးမှာ သူတို့အတွက် မည်သို့မျှ အရေးမပါပေ။ သူတို့အတွက်တော့ ချင်လဲ့မှာ သေပြီးသား လူတစ်ယောက်သာ ဖြစ်သည်။

……

ညအမှောင်အောက်က လမ်းမပေါ်တွင်။

ချင်လဲ့၏ ခေါင်းပေါ်သို့ ကျဆင်းလာသော အပြာရောင်သစ်ရွက်များကြားတွင် သူသည် ကောင်းကင်မိုးကြိုး နှိမ်နင်းခြင်း ပညာကို အစွမ်းကုန် အသုံးချလျက် လျှပ်စစ်ကွန်ရက်ဖြင့် ခက်ခဲစွာ ကာကွယ်နေရသည်။ တစ်ခါတစ်ရံတွင်လည်း တုဟိုင်ထျန်၏ အသံတိတ် လှိုင်းလုံးစွမ်းအား တိုက်ကွက်များကို ထိတ်လန့်တကြား ရှောင်တိမ်းနေရ၏။

သူ၏ ဝိညာဉ်စွမ်းအင်များမှာ လျင်မြန်စွာ ကုန်ဆုံးနေပြီး ဝိညာဉ်နန်းတော် အတွင်းရှိ မိုးကြိုးလျှပ်စစ်စွမ်းအင်များမှာလည်း အလွန်အမင်း လျော့နည်းလာနေပြီ ဖြစ်သည်။ သူ၏ မျက်နှာမှာလည်း ပို၍ ပို၍ ပင်ပန်းနွမ်းနယ်လာ၏။

လမ်းဘေးဝဲယာရှိ အဆောက်အဦးတိုင်း၏ ပြတင်းပေါက်များမှာ ပွင့်နေကြပြီး မရေမတွက်နိုင်သော မျက်လုံးများက လမ်းမပေါ်ရှိ ချင်လဲ့နှင့် တုဟိုင်ထျန်တို့ကို စူးစိုက်ကြည့်နေကြသည်။ လမ်းထောင့်တွင်မူ ဖြူစင်သော ဝတ်စုံကို ဝတ်ဆင်ထားသည့် ရှဲ့ကျင့်ရွှမ်နှင့် လျန်ကျုံးတို့ကလည်း တိုက်ပွဲအား ကြည့်နေကြ၏။

တုကျဲ၊ ကျောက်ချန်းနှင့် ခမ်းကျိတို့မှာမူ တုဟိုင်ထျန်၏ လက်အောက်ငယ်သားများ ဝိုင်းထားခြင်းကို ခံထားရသဖြင့် မည်သို့မျှ မလုပ်နိုင်ဘဲ မျက်လုံးများ နီမြန်းလျက် စိုးရိမ်တကြီး ကြည့်နေရုံသာ ရှိတော့သည်။

“ဖောက်... ဖောက်...”

သူ၏ ခေါင်းပေါ်တွင် လျှပ်စစ်များ လက်ခနဲ ဖြစ်သွားပြီး အပြာရောင်သစ်ရွက် နှစ်ရွက် ထပ်မံ ပေါက်ကွဲသွားပြန်သည်။ ပေါက်ကွဲမှုမှ လွင့်စင်လာသော အပြာရောင်အလင်းစလေးများသည် လျှပ်စစ်ကွန်ရက်ကို ထိုးဖောက်ကာ ချင်လဲ့၏ ပခုံးပေါ်သို့ ကျရောက်သွား၏။

“ဗြိ...”

ဓားဖြင့် မွှန်းလိုက်သကဲ့သို့ ချင်လဲ့၏ ပခုံးနှစ်ဖက်လုံးတွင် ဒဏ်ရာများ ချက်ချင်း ပေါ်လာပြီး သွေးများ စီးကျလာတော့သည်။

“ဖောက်... ဖောက်... ဖောက်...”

အပြာရောင်သစ်ရွက်များ ပိုမို ပေါက်ကွဲလာသည်နှင့်အမျှ လျှပ်စီးတန်းများကြားမှ ထိုးဖောက်ဝင်ရောက်လာသော အပြာရောင် အလင်းစလေးများမှာ ချင်လဲ့၏ ကိုယ်ပေါ်သို့ ပိုမို ကျရောက်လာ၏။ ချင်လဲ့၏ ကိုယ်ပေါ်တွင် ဒဏ်ရာတစ်ချက်ပြီး တစ်ချက် ပေါ်လာပြီး သွေးများမှာလည်း အဆက်မပြတ် ထွက်ပေါ်နေသဖြင့် သူ၏ တစ်ကိုယ်လုံးမှာ သွေးချင်းချင်းနီနေတော့သည်။

ထိုသည်ကို မြင်ရသူတိုင်းက ချင်လဲ့၏ စွမ်းအင်များ ကုန်ဆုံးနေပြီဖြစ်၍ လျှပ်စစ်ကွန်ရက်ကို ထူထူထဲထဲ မထိန်းထားနိုင်တော့ကြောင်း နားလည်လိုက်ကြသည်။ ထို့ကြောင့်လည်း အပြာရောင်အလင်းစများက ထိုးဖောက်ဝင်ရောက်ကာ သူ့ကို ဒဏ်ရာရစေခြင်း ဖြစ်သည်။

တုဟိုင်ထျန်ကမူ စကား မပြောဘဲ တည်ငြိမ်စွာပင် အပြာရောင်သစ်ရွက်ဓားကို ဝှေ့ယမ်းကာ သစ်ရွက်ကလေးများကို ထပ်မံ ဖန်တီးနေ၏။ ချင်လဲ့မှာ သွေးချင်းချင်းနီလျက် မျက်လုံးများအတွင်းမှ အလင်းရောင်များ မှိန်ဖျော့လာသည်ကို တွေ့သောအခါ တုဟိုင်ထျန်က မျက်မှောင်ကြုတ်ကာ ဆိုသည်။

“မင်း ဒီလောက်အထိ တောင့်ခံနိုင်လိမ့်မယ်လို့ ငါ မထင်ထားဘူး။ ဒါပေမဲ့ နောက်ဆုံးတော့လည်း မင်း သေရမှာပါပဲ။ ဒါနဲ့... ငါက မင်းကို အခုလို နှိပ်စက်ပြီး သတ်ရတာကို တကယ် သဘောကျတယ်”

နောက်ဆုံးတွင်မူ သူသည် ချင်လဲ့အနားသို့ ချဉ်းကပ်ဝံ့သွားတော့သည်။

“လင်မြို့မှာရှိတဲ့ လင်ယင်း၊ လင်ရှင်းနဲ့ လင်ရှောင်တို့နဲ့ မင်းက တော်တော် ခင်တယ်လို့ ကြားတယ်။ မင်းရဲ့ ကံကြမ္မာကလည်း သူတို့လိုပဲ ဖြစ်လာတော့မှာ သိလား... အလောင်းတောင် ကျန်မှာ မဟုတ်ဘူး...”

တုဟိုင်ထျန်၏ အသံမှာ တဖြည်းဖြည်း တိုးသွားပြီး ချင်လဲ့ တစ်ယောက်တည်းသာ ကြားနိုင်မည့် လေသံဖြင့် ဆိုသည်။

“သူတို့ သေတုန်းက ငါက ချိုင့်ဝှမ်းရဲ့ အပေါ်ကနေ ကြည့်နေတာလေ။ လင်ချန်ယဲ့လိုပဲ သူတို့ တစ်ယောက်ပြီးတစ်ယောက် ဝိညာဉ်သားရဲတွေရဲ့ အကိုက်ခံရပြီး အရှင်လတ်လတ် အစားခံရတာကို ငါ ကြည့်နေခဲ့တာ။ အဲဒီတုန်းက ငါ ဘယ်လောက် ပျော်ခဲ့လဲဆိုတာ မင်း သိလား”

သူ၏ အမူအရာမှာ မှောင်မိုက်ကာ ကြောက်စရာကောင်းလှပေသည်။

“အဲဒီ ကောင်မလေး လင်ရွှမ်းရွှမ်းက ငါ့သား ဖေးအာကို ဒုက္ခိတ ဖြစ်အောင် လုပ်ခဲ့တာ။ ငါ လင်မိသားစုဝင်တွေ အားလုံးရဲ့ အလောင်းတွေကို သုံးပြီး ဖေးအာအတွက် ကလဲ့စားချေမှာ။ လင်ချန်ယဲ့ သေသွားပြီ၊ နောက်တစ်ယောက်က သူ့ညီ လင်ချန်ကျိ၊ ပြီးရင် လင်ဖုန်းနဲ့ တခြား လင်မိသားစုဝင်တွေ အားလုံးပဲ။ သူတို့အားလုံးက အခု မင်းလိုပဲ ခန္ဓာကိုယ်တွေ စုတ်ပြတ်သတ်ပြီး သေကြရမှာ”

သူ အနားရောက်လာသည်နှင့် လှိုင်းလုံးစွမ်းအားကို ထပ်မံ အသုံးပြုလိုက်ပြန်သည်။ ဤလှိုင်းလုံး သုံးလွှာဖြင့် ချင်လဲ့ကို အနားမကပ်နိုင်အောင် လုပ်ပြီး အဆိုးရွားဆုံး နည်းလမ်းဖြင့် သတ်ပစ်ရန် သူ ကြံစည်နေခြင်း ဖြစ်၏။

သူ၏ စကားများကို ကြားသောအခါ မသေခင်က လင်ယင်းနှင့် လင်ရှင်းတို့၏ ကြောက်စရာကောင်းလှသော ပုံရိပ်များမှာ ချင်လဲ့၏ စိတ်ထဲတွင် ပေါ်လာတော့သည်။ လှိုင်းလုံးစွမ်းအားများ ပြေးဝင်လာသည်အား မြင်သောအခါ ချင်လဲ့သည် အံကို တင်းတင်းကြိတ်လျက် ရှောင်တိမ်းခြင်း မပြုတော့ဘဲ အော်ဟစ်လိုက်သည်။

“ငါသာ ဒီနေ့ အသက်ရှင်ခဲ့ရင် တုကျောက်လန်၊ တုဖေးနဲ့ တုဟန်တို့ကို အသားတစ်စစီ ဖြစ်အောင် ငါ ဆွဲဖြဲပစ်မယ်လို့ ကျိန်ဆိုတယ်”

သူသည် ရူးသွပ်မှုနှင့် ဒေါသများ ပြည့်နှက်နေသော မျက်နှာဖြင့် တုဟိုင်ထျန်ဆီသို့ အရှိန်အဟုန်ဖြင့် တိုးဝင်လိုက်ရာ သူ၏ တစ်ကိုယ်လုံးမှ စွမ်းအင်များမှာ ရုတ်တရက် တောင့်တင်းခိုင်မာလာတော့သည်။

“ဝုန်း... ဝုန်း... ဝုန်း...”

မိုးကြိုးသံများနှင့်အတူ လျှပ်စီးတန်းများမှာ သူ၏ သွေးကြောများအတွင်းမှ ထွက်ပေါ်လာသည်။ သူ၏ မျက်လုံးနှစ်ဖက်လုံးမှပင် မိုးကြိုးလျှပ်စီးများ ထွက်ပေါ်နေ၏။

“သေပေတော့”

တုဟိုင်ထျန်၏ မျက်လုံးများမှာ အေးစက်သွားပြီး လှိုင်းလုံးစွမ်းအား အလွှာများကို ချင်လဲ့ဆီသို့ လွှတ်ထုတ်လိုက်ကာ တစ်ခါတည်း အပြတ်ရှင်းရန် ကြံလိုက်သည်။ စွမ်းအင်ကုန်ခမ်းနေပြီဖြစ်သော ချင်လဲ့သည် အနီးကပ် တိုက်ခိုက်လာလျှင်ပင် သူ့ကို မည်သို့မျှ လုပ်နိုင်မည် မဟုတ်ဟု သူ ယုံကြည်နေခြင်း ဖြစ်၏။ ထို့အပြင် ချင်လဲ့သည် လှိုင်းလုံးစွမ်းအားများကို ဖောက်ထွက်နိုင်လိမ့်မည်ဟုလည်း သူ မထင်ပေ။

“ရှူး...”

ချင်လဲ့ ကိုင်ထားသော သစ်သားရုပ်တုမှာ ရုတ်တရက် ပျောက်ကွယ်သွားပြီး သူ၏ ညာလက်တွင် ဝိညာဉ် တံဆိပ်ပြား တစ်ပြား ပေါ်လာသည်။ ၎င်းကား ဝိညာဉ်သိုလှောင် တံဆိပ်ပြားပင် ဖြစ်သည်။

စိတ်အာရုံတစ်ခုဖြင့် ဝိညာဉ်သိုလှောင် တံဆိပ်ပြားအတွင်း ရက်ပေါင်းများစွာ သိုလှောင်ထားသော ဝိညာဉ်စွမ်းအင်များမှာ သူ၏ ဝိညာဉ်ပင်လယ်အတွင်းသို့ တစ်ခဏအတွင်း စီးဝင်သွားတော့သည်။ ထိုအခါ သူ၏ မျက်လုံးများမှာ တောက်ပလာပြီး သူ၏ စိတ်အာရုံမှာလည်း စွမ်းအားများဖြင့် ထူးဆန်းစွာ ပြန်လည် ပြည့်နှက်သွား၏။

သူ၏ ဘယ်ဘက်လက်မောင်းမှ လျှပ်စီးတန်းများမှာ အဖျက်စွမ်းအားပြင်း ဝိညာဉ်ဗုံး အတွင်းသို့ စီးဝင်သွားရာ အပြာရင့်ရောင် မိုးကြိုးလုံးလေးမှာ ရုတ်တရက် တုန်ခါသွားတော့သည်။

“ဖောက်... ဖောက်... ဖောက်...”

မိုးကြိုးလျှပ်စစ်စွမ်းအင်များမှာ သူ၏ ဝိညာဉ်နန်းတော်၊ သွေးကြောများနှင့် သွေးများအတွင်း ဆူပွက်ကာ ထွက်ပေါ်လာသဖြင့် သူ၏ တစ်ကိုယ်လုံးမှ မိုးကြိုးသံများ မြည်ဟည်းနေပြီး လျှပ်စီးတန်းများဖြင့် ဖုံးလွှမ်းသွားတော့သည်။ ဤအခိုက်အတန့်တွင် ချင်လဲ့၏ ကောင်းကင်မိုးကြိုးသန့်စင်ခန္ဓာ၏ စစ်မှန်သော စွမ်းအားမှာ ပေါ်ထွက်လာခြင်း ဖြစ်၏။

“ဟင်...”

လမ်းဘေးဝဲယာရှိ ပြတင်းပေါက်များမှ အံ့သြတကြီး အော်ဟစ်သံများ ထွက်ပေါ်လာသည်။ လူတိုင်းက ချင်လဲ့ကို ထူးဆန်းသော အကြည့်များဖြင့် စူးစိုက်ကြည့်နေကြ၏။ ရှဲ့ကျင့်ရွှမ်၏ မျက်လုံးများမှာလည်း တောက်ပလာပြီး ဆိုလိုက်သည်။

“သူ့ရဲ့ အရှိန်အဝါက ရုတ်တရက် အကြီးအကျယ် တက်လာတာပဲ...”

“ဒါ ဘာလဲ” လျန်ကျုံးလည်း အံ့သြသွားရသည်။

ယခု တုဟိုင်ထျန်ဆီသို့ တိုးဝင်နေသော ချင်လဲ့မှာ စွမ်းအင်ကုန်ခမ်းနေသည့်ဟန် လုံးဝ မရှိတော့ပေ။ သူ၏ ရုတ်တရက် ထွက်ပေါ်လာသော အရှိန်အဝါမှာ အလွန်ပင် ကြီးမားလှသဖြင့် ဘေးက ကြည့်နေသူများကိုပါ တုန်လှုပ်သွားစေ၏။ တုဟိုင်ထျန်၏ အမူအရာမှာလည်း ဤတိုက်ပွဲအတွင်း ပထမဆုံးအကြိမ်အဖြစ် ပျက်သွားရတော့သည်။

သူသည် ချင်လဲ့နှင့် အလွန်ပင် နီးကပ်နေသလို လှိုင်းလုံးစွမ်းအားကိုလည်း ထုတ်သုံးထားပြီးဖြစ်၍ အင်အား အနည်းငယ် လျော့နည်းနေချိန် ဖြစ်သည်။ ထို့ကြောင့် သူ ရှောင်တိမ်းရန် မဖြစ်နိုင်တော့ပေ။ တုဟိုင်ထျန်သည် ထိုတိုက်ကွက်ကို တိုက်ရိုက် ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်၏။

“ဗုန်း...”

လှိုင်းလုံးစွမ်းအား ပထမအလွှာ ချင်လဲ့ကို ထိမှန်လိုက်သော်လည်း ချင်လဲ့မှာ ကျောက်ဆောင်တစ်ဆောင်နှယ် တည်ငြိမ်နေပြီး လုံးဝ တုန်လှုပ်သွားခြင်း မရှိပေ။ သူ၏ ကိုယ်ပေါ်က လျှပ်စီးတန်းများမှာလည်း အားနည်းသွားခြင်း မရှိချေ။

“ဗုန်း...”

ဒုတိယအလွှာ ထပ်မံ ထိမှန်ပြန်သည်။ ၎င်း၏ စွမ်းအားမှာ ပထမတစ်လွှာထက် နှစ်ဆကျော် ပိုပြင်းသော်လည်း ချင်လဲ့ကို ခေတ္တမျှသာ ရပ်တန့်သွားစေပြီး သွေးစအချို့သာ ထွက်လာစေသည်။ ချင်လဲ့၏ အရှိန်အဝါမှာ အားကောင်းမြဲ အားကောင်းနေဆဲ ဖြစ်ပြီး သူ၏ ကိုယ်ပေါ်က မိုးကြိုးလျှပ်စီးများမှာလည်း တဖျတ်ဖျတ် မြည်နေဆဲ ဖြစ်၏။ သူ၏ မျက်လုံးများမှာလည်း ပို၍ ပို၍ တောက်ပလာသည်။

“ဗုန်း...”

တတိယအလွှာမှာ တောင်တန်းကြီးတစ်တန်း ပြိုကျလာသကဲ့သို့ ရိုက်ခတ်လာတော့သည်။ ချင်လဲ့၏ တစ်ကိုယ်လုံးရှိ အရိုးများမှ အက်ကွဲသံများ ထွက်ပေါ်လာပြီး ပါးစပ်မှလည်း သွေးများ အဆက်မပြတ် ပန်းထွက်လာ၏။ သူ၏ ရှေ့သို့ တိုးဝင်နေသော အရှိန်မှာ ရပ်တန့်သွားပြီး သူ တစ်လှမ်းမှ ဆက်မတိုးနိုင်တော့ပေ။

သူသည် တုဟိုင်ထျန်နှင့် ငါးလှမ်းအကွာတွင် ရှိနေခြင်း ဖြစ်သည်။ သူသည် အံကို တင်းတင်းကြိတ်ကာ လှိုင်းလုံးစွမ်းအားကို အတင်း အံတုလျက် ရှေ့သို့ တစ်လှမ်းတိုးရန် ကြိုးစားသော်လည်း သူ၏ ခြေထောက်များမှာ တုန်ယင်နေပြီး ခွန်အား မရှိတော့ပေ။ သူ တုဟိုင်ထျန်နားကို တစ်လက်မမျှပင် တိုးမရတော့ပေ။

တတိယအလွှာမှာ ဤတိုက်ကွက်၏ အနှစ်သာရ ဖြစ်ပြီး ၎င်းတွင် ဆက်တိုက် ရိုက်ခတ်နေသော နောက်ဆက်တွဲ လှိုင်းများ ပါဝင်နေသည်။ ချင်လဲ့သည် ထိုလှိုင်းများ၏ ရိုက်ခတ်မှုကို ခံနေရပြီး ပင်လယ်လှိုင်းလုံးများ၏ တွန်းထုတ်မှုကို ခံနေရသည့်နှယ် တုဟိုင်ထျန်နားသို့ လုံးဝ တိုးမရဖြစ်နေခြင်း ဖြစ်၏။

“နှမြောစရာပဲ”

ရှဲ့ကျင့်ရွှမ်က ခေါင်းခါလိုက်သည်။

“သူ ဘာလို့ တုဟိုင်ထျန်နားကို ကပ်ချင်နေတာလဲတော့ ငါ မသိဘူး။ ဒါပေမဲ့ နောက်ဆုံးတော့ သူ မအောင်မြင်ခဲ့ဘူးဆိုတော့ သူ့ရဲ့ နောက်ဆုံးတိုက်ကွက်ကို သုံးနိုင်မှာ မဟုတ်တော့ဘူး”

လျန်ကျုံးက မျက်မှောင်ကြုတ်လျက် ဆိုသည်။

“သခင်မလေး... ကျွန်တော် ဒီကလေးကို သဘောကျသွားပြီ”

“ဒါက သူကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ စိန်ခေါ်မှုပဲ” ရှဲ့ကျင့်ရွှမ်က အေးစက်စွာ ပြောလိုက်သည်။

“ဒါကြောင့်မို့လို့ ရလဒ်က ဘာပဲဖြစ်ဖြစ်၊ သူ သေမလား ရှင်မလား ငါတို့ ဝင်မစွက်ဖက်ရဘူး။ ဒါက စိန်ခေါ်မှုပဲ။ စိန်ခေါ်သူတစ်ယောက်အနေနဲ့ သေခြင်းတရားကို ရင်ဆိုင်ရဲတဲ့ သတ္တိနဲ့ နားလည်မှု ရှိရမယ်”

ထိုစကားကြောင့် လျန်ကျုံး၏ မျက်လုံးများထဲတွင် စိတ်ပျက်မှုများ ပေါ်လာသည်။ ရှဲ့ကျင့်ရွှမ် ဝင်မပါတော့ကြောင်း သူ နားလည်လိုက်၏။ ရှဲ့ကျင့်ရွှမ် ဝင်မပါလျှင် သူသည်လည်း အစေခံတစ်ယောက်အနေဖြင့် ကိုယ့်သဘောနှင့်ကိုယ် ဝင်ပါ၍ မရပေ။ သူ လုပ်နိုင်သည်မှာ တိတ်တဆိတ် ကြည့်နေရန်သာ ရှိတော့သည်။

“ချင်လဲ့...” တုကျဲက မျက်လုံးများ နီမြန်းလျက် အော်ဟစ်လိုက်သည်။ သူသည် အဆုံးသတ်ကို မြင်နေရသကဲ့သို့ ခံစားနေရ၏။ ကျောက်ချန်းနှင့် ခမ်းကျိတို့၏ မျက်လုံးများတွင်လည်း မျက်ရည်များ ပြည့်နေတော့သည်။

“သူက ယောက်ျားကောင်းတစ်ယောက်ပဲ”

ရှုံ့ပါးက လျိုတင်နှင့် တုဟန်တို့၏ မုန်းတီးသော အကြည့်များကို လျစ်လျူရှုကာ ခေါင်းညိတ်လိုက်သည်။

“ကျောက်တောအုပ်ထဲမှာတုန်းက သူက ဒီလောက်အထိ ခိုင်မာတဲ့လူမှန်း ငါ သိခဲ့ရင် သူ့ကို ငါ့ဘက်ပါအောင် အစွမ်းကုန် ကြိုးစားခဲ့မှာ။ ဟူး... နှမြောစရာပဲ...”

“မဆိုးပါဘူး” လုလီက တခြားပြတင်းပေါက်မှ မျက်မှောင်ကြုတ်လျက် တိုးတိုးလေး ရေရွတ်လိုက်၏။ “ညီမလေး လင်တော့ လူမှားမရွေးခဲ့ဘူးပဲ...”

“ဒီမှာတင် အဆုံးသတ်ကြရအောင်”

တုဟိုင်ထျန်က သက်သာရာရသွားဟန်ဖြင့် လက်ကို ထပ်မံ မြှောက်လိုက်ပြန်သည်။ လှိုင်းလုံးစွမ်းအား ထပ်မံ ထွက်ပေါ်လာပြန်ပြီ ဖြစ်၏။ ချင်လဲ့ ဆက်ပြီး တောင့်ခံနိုင်လိမ့်မည်ဟု မည်သူမျှ မထင်ကြတော့ပေ။

မရေမတွက်နိုင်သော မျက်လုံးများအောက်တွင် ချင်လဲ့သည် ရုတ်တရက် နောက်သို့ ခုန်ဆုတ်လိုက်လေတော့သည်။ ရှေ့သို့ တိုးရန် ခက်ခဲသော်လည်း နောက်သို့ ဆုတ်ရန်မှာမူ အလွန်ပင် လွယ်ကူလှပေသည်။ သူသည် တစ်ချက်တည်းနှင့် ၁၀ မီတာခန့် ဝေးရာသို့ ရောက်ရှိသွားပြီး နောက်ထပ်တစ်ချက် ထပ်ခုန်လိုက်ပြန်သည်။

“သူ့ရဲ့ လက်အင်္ကျီထဲကနေ အလုံးလေးတစ်လုံး ကျလာတယ်...” မျက်စိလျင်သူတစ်ယောက်က တိုးတိုးလေး ပြောလိုက်၏။

ထို့နောက်တွင်မူ လူအများက ချင်လဲ့ ရပ်ခဲ့သော နေရာတွင် သစ်ကြားသီး အရွယ်ခန့်ရှိသော အပြာရင့်ရောင် အလုံးလေးတစ်လုံးကို တွေ့လိုက်ကြရသည်။ ထိုအလုံးလေးမှာ လျှပ်စစ်များ တဖျတ်ဖျတ် လက်နေပြီး အတွင်းမှလည်း မိုးကြိုးသံများ သဲ့သဲ့မျှ ထွက်ပေါ်နေ၏။

“တစ်... နှစ်... သုံး...” ချင်လဲ့က စိတ်ထဲမှ ရေတွက်လိုက်သည်။

“ဝုန်း...”

ရေခဲကျောက်မြို့တော် တစ်ခုလုံးကို တုန်ခါသွားစေလောက်သော ပြင်းထန်လှသည့် ပေါက်ကွဲမှုကြီးမှာ တုဟိုင်ထျန်၏ ရှေ့တည့်တည့်တွင် ဖြစ်ပွားသွားတော့သည်။ သံစလေးများ ရောနှောနေသော ကြောက်စရာကောင်းလှသည့် လှိုင်းလုံးကြီးမှာ ပတ်ဝန်းကျင်သို့ ပြန့်နှက်သွားပြီး လမ်းမတစ်ခုလုံးမှာ ဖုန်မှုန့်များနှင့် ကျောက်စများဖြင့် ဖုံးလွှမ်းသွားတော့၏။

ဖုန်မှုန့်များ ငြိမ်သက်သွားသောအခါ လမ်းမပေါ်တွင် မီတာ ၃၀ ခန့် ကျယ်ပြီး ၂ မီတာခန့် နက်သော တွင်းကြီးတစ်တွင်း ပေါ်လာတော့သည်။ တွင်းလယ်တွင်မူ လူပုံမပေါက်တော့သော တုဟိုင်ထျန်မှာ လဲလျောင်းနေပြီး သူ၏ တစ်ကိုယ်လုံးမှာ တဆတ်ဆတ် တုန်ယင်နေကာ သွေးများလည်း နေရာအနှံ့မှ ထွက်နေ၏။ သူ၏ ရင်ဘတ်တွင် အရိုးများ မြင်နေရလောက်အောင် နက်ရှိုင်းလှသော ဒဏ်ရာပေါင်းများစွာ ရှိနေပြီး သူ၏ အူများပင် ဗိုက်ထဲမှ ထွက်နေပေသည်။ သူ အသက်ရှင်ရန် မဖြစ်နိုင်တော့သည်မှာ သိသာလှပေသည်။

လူတိုင်း အံ့သြနေစဉ်မှာပင် ချင်လဲ့သည် ရှေ့သို့ အမြန်ပြေးဝင်သွားပြီး မြေပြင်ပေါ်ကျနေသော တုဟိုင်ထျန်၏ အပြာရောင်သစ်ရွက်ဓားကို ကောက်ယူလိုက်သည်။ ထို့နောက်တွင်မူ တုဟန်၏ ဒေါသတကြီး အော်ဟစ်သံနှင့်အတူ ချင်လဲ့သည် တုဟိုင်ထျန်၏ ခေါင်းကို ဓားတစ်ချက်တည်းဖြင့် ဖြတ်ချလိုက်ပြီး နောက်သို့ပင် လှည့်မကြည့်တော့ဘဲ ရေခဲကျောက်မြို့တော်အပြင်ဘက်သို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားလေတော့သတည်း။

ငိုယိုအော်ဟစ်နေသော တုဟန်မှလွဲ၍ ကျန်ရှိနေသော ဘေးက ကြည့်နေသူများအားလုံးမှာမူ မည်သို့ လုပ်ရမှန်း မသိဘဲ ထိုနေရာတွင် ကြောင်အမ်းအမ်းဖြင့် ရပ်ကျန်ခဲ့ကြရလေတော့သည်။

All Chapters