← Chapters

အခန်း (၁၁၇-၁၁၈)

Vol. 12 Ch. 117-118

အခန်း (၁၁၇-၁၁၈)

Vol. 12 Ch. 117-118

အခန်း (၁၁၇) တစ်မြို့လုံး တုန်လှုပ်ချောက်ချားခြင်း

တုဟိုင်ထျန်၏ ခေါင်းပြတ်နေသော အလောင်းမှာ လမ်းမပေါ်ရှိ ကျင်းကြီးအတွင်း၌ လဲလျောင်းနေဆဲ ဖြစ်သည်။ သူ၏ ရင်ဘတ်ရှိ ဒဏ်ရာတွင်းများမှလည်း သွေးများမှာ တစီစီ ထွက်နေဆဲပင်။

ချင်လဲ့မှာမူ ထိုအခွင့်အရေးအား အသုံးချကာ ဆုတ်ခွာသွားခဲ့သည်မှာ ကြာပြီဖြစ်၍ သူ၏ အရိပ်အယောင်ကိုပင် မမြင်ရတော့ပေ။ အပေါ်ထပ်မှ ပြေးဆင်းလာပြီး လမ်းလယ်ရှိ တုဟိုင်ထျန်၏ အလောင်းနားတွင် ရူးသွပ်သူတစ်ဦးနှယ် အော်ဟစ်ငိုယိုနေသော တုဟန်၏ အသံကိုသာ လူအုပ်ကြီးက ကြားနေရသည်။

“ဆရာကြီး...”

တုဟိုင်ထျန်၏ လက်အောက် ငယ်သားများမှာလည်း အခုမှ သတိဝင်လာကြပြီး နာကျင်စွာ အော်ဟစ်လိုက်ကြ၏။ လမ်းဘေးရှိ စားသောက်ဆိုင်များမှ ကြည့်နေကြသော ကျင့်ကြံသူများ၏ မျက်နှာမှာလည်း လုံးဝ ပျက်ယွင်းနေတော့သည်။ လူအများမှာ သူတို့ မျက်စိရှေ့တွင် မြင်လိုက်ရသည့် အရာကို မယုံကြည်နိုင်ဘဲ ကြောင်အမ်းအမ်း ဖြစ်နေကြရ၏။

ဝိညာဉ်ပေါက်ဖွားခြင်း အဆင့် အလယ်အလတ်သို့ ရောက်နေပြီး ဝိညာဉ်နန်းတော် ခြောက်ဆောင်လုံး ပြည့်နေသော ကျင့်ကြံသူ တုဟိုင်ထျန်မှာ... ချင်လဲ့၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီး ခေါင်းဖြတ်အသတ်ခံလိုက်ရသည်လော။ ဤအဖြစ်မှန်က သူတို့၏ စိတ်ကို အကြီးအကျယ် ရိုက်ခတ်သွားစေတော့သည်။

တစ်ချိန်လုံး ချင်လဲ့ကို လှောင်ပြောင်နေခဲ့သော လီကျုံးကျန်းမှာမူ ယခုအခါ မျက်နှာပျက်လျက် တိတ်ဆိတ်သွားပြီး သူ၏ မျက်လုံးများထဲတွင်လည်း အံ့သြမှုများ ပြည့်နှက်နေ၏။ လုလီ၏ အမူအရာမှာမူ အေးစက်မြဲ အေးစက်နေဆဲ ဖြစ်သော်လည်း ချင်လဲ့ ပြေးထွက်သွားသော ဘက်ကို ကြည့်နေသည့် သူမ၏ မျက်လုံးများထဲတွင် ထူးဆန်းသော အရောင်အဝါတစ်ခု ဖြတ်ပြေးသွားသည်။

“ဒီချင်လဲ့က ငါ ထင်ထားတာထက်တောင် ပိုရူးတာပဲ” ကြက်သွေးရောင် မီးလျှံအသင်းမှ ရှုံ့ပါးက တိုးတိုးလေး ရေရွတ်လိုက်၏။ သူ၏ ရင်ထဲတွင်လည်း စိတ်လှုပ်ရှားမှုများ ဝေစီလာကာ အော်ပြောတော့သည်။

“သူက တုဟိုင်ထျန်ရဲ့ ခေါင်းကို တကယ်ပဲ ဖြတ်ရဲလိမ့်မယ်လို့ ငါ မထင်ထားဘူး။ သူတော့ တစ်မြို့လုံးက ဝိုင်းဖမ်းမယ့် သူပုန်အဖြစ် သတ်မှတ်ခံရတော့မှာပဲ။ ရေခဲကျောက်မြို့တော်မှာ သူ နေစရာ နေရာ ရှိတော့မှာ မဟုတ်ဘူး”

“ရူးသွပ်တဲ့ နည်းလမ်းတွေ သုံးတတ်တဲ့ အရူးတစ်ယောက်ပဲ” နာနော့၏ မျက်လုံးများမှာ အံ့သြမှုကြောင့် တောက်ပနေပြီး ခေါင်းညိတ်လျက် ဆိုသည်။

“ဒီနေ့က လျိုယွန်ထောင် မြူတိမ်ဆောင်ကို တရားဝင် စတင်အုပ်ချုပ်တဲ့နေ့၊ တုဟိုင်ထျန် ဒု ခန်းမသခင် ဖြစ်တဲ့နေ့လေ။ ဒါက သူ့ဘဝရဲ့ အမြင့်ဆုံး အချိန်ပဲ။ ဒါပေမဲ့ သူ့ဘဝရဲ့ အဂုဏ်ယူရဆုံးနေ့မှာပဲ ချင်လဲ့ရဲ့ လက်ထဲမှာ ခေါင်းဖြတ်အသတ်ခံရလိမ့်မယ်လို့ ဘယ်သူက ခန့်မှန်းမိမှာလဲ”

“ဒါ... ဒါက တကယ်ကို မယုံနိုင်စရာပဲ” စာကလေးမလေး၏ အသံမှာ တုန်ရီနေပြီး သူမ၏ စိတ်မှာလည်း လုံးဝ မတည်ငြိမ်သေးပုံရသည်။

အခြားတစ်ဖက်တွင်မူ။

တုကျဲ၊ ကျောက်ချန်းနှင့် ခမ်းကျိတို့မှာမူ ရင်ထဲက စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဘဲ တုန်ယင်နေကြသည်။

“ဒါ ဘယ်လိုဖြစ်နိုင်တာလဲ... ဘယ်လိုဖြစ်နိုင်တာလဲ”

ကျောက်ချန်းက ပျော်ရွှင်မှုများ ပြည့်နှက်နေသော မျက်နှာဖြင့် တိုးတိုးလေး ရေရွတ်နေ၏။ သူမ၏ အပြုံးများမှာလည်း ပို၍ ပို၍ ကျယ်ပြန့်လာကာ ဆိုသည်။

“သူ တုဟိုင်ထျန်ကို တကယ်ပဲ သတ်လိုက်ပြီ။ ဘုရားရေ...”

“သူ မြို့ထဲကနေ အလွယ်တကူ ထွက်နိုင်မှာ မဟုတ်ဘူး”

ထိုသူများထဲတွင် တုကျဲက အတည်ငြိမ်ဆုံး ဖြစ်သည်။ သူသည် စိတ်လှုပ်ရှားမှုများ လျော့ပါးသွားသည်နှင့် ချက်ချင်းပင် စိုးရိမ်လာတော့၏။

“လျိုယွန်ထောင်က ချင်လဲ့ကို ဒီညထက် ကျော်ပြီး အသက်ရှင်ခွင့် ပေးမှာ မဟုတ်ဘူး”

သူ၏ စကားကြောင့် ပျော်ရွှင်နေသော အဖွဲ့မှာ ချက်ချင်းပင် မျက်နှာပျက်သွားကြရသည်။

“သခင်မလေး...” လမ်းထောင့်တွင် လျန်ကျုံးက ပြုံးရွှင်သော မျက်နှာဖြင့် မေးလိုက်သည်။

“ဒီကလေးက အတော်လေး ဟုတ်နေတာပဲ မလား”

ရှဲ့ကျင့်ရွှမ်က မျက်မှောင်ကြုတ်လိုက်သော်လည်း ခေါင်းကို အနည်းငယ် ညိတ်ပြကာ ဆိုလိုက်သည်။

“မဆိုးပါဘူး”

“ဒါပေမဲ့ သူ ရေခဲကျောက်မြို့တော်ကနေ အသက်ရှင်လျက် လွတ်မြောက်နိုင်ပါ့မလား မသိဘူး...”

လျန်ကျုံးက တိုးတိုးလေး ဆိုလိုက်ပြီး တောင်းဆိုသော အကြည့်များဖြင့် မေးလိုက်ပြန်သည်။

“ကျွန်တော်တို့ သူ့ကို တစ်ချက်လောက် ကူညီပေးသင့်လား”

“မရဘူး” ရှဲ့ကျင့်ရွှမ်က သက်ပြင်းချလိုက်၏။

“သူသာ တုဟိုင်ထျန်ရဲ့ ခေါင်းကို မဖြတ်ခဲ့ရင် ငါ ကိုယ်တိုင် ထွက်ပြီး ညှိနှိုင်းပေးလို့ ရတယ်။ အဲဒီလိုဆိုရင် ယွမ်ထျန်ယက ငါ့ကို မျက်နှာထောက်ပြီး သူ့ကို အသက်ရှင်ခွင့် ပေးနိုင်တယ်။ ဒါပေမဲ့ အခုတော့...”

သူမက ခေါင်းခါလိုက်ပြီး သူမကိုယ်တိုင်လည်း နှမြောနေပုံရသည်။

“ဒီကောင်စုတ်လေးကတော့ကွာ” လျန်ကျုံးက ကျိန်ဆဲလိုက်၏။

“သူကတော့ တကယ်ကို စိတ်မြန်လက်မြန် ရှိလွန်းတာပဲ။ အဲဒီ နောက်ဆုံးတစ်ချက်သာ မလုပ်ခဲ့ရင် ဒါက တရားဝင် စိန်ခေါ်ပွဲမှာ အနိုင်ရတာလို့ သတ်မှတ်လို့ ရသေးတယ်။ သူလည်း ဘေးကင်းကင်းနဲ့ ထွက်သွားလို့ ရတာပေါ့”

“အဲဒီ နောက်ဆုံးတစ်ချက်သာ သူ မလုပ်ခဲ့ရင် တုဟိုင်ထျန်က အသက်ရှင်သွားနိုင်တယ်”

ရှဲ့ကျင့်ရွှမ်၏ လေသံမှာ တည်ငြိမ်လှပေသည်။

“သူ လူသတ်လိမ့်မယ်ဆိုတာ ငါ ခန့်မှန်းမိပါတယ်။ သူရဲ့ အရိုးထဲအထိ ရူးသွပ်မှုတွေ ကိန်းအောင်းနေတယ်ဆိုတာ ငါ အစကတည်းက သိခဲ့တာ။ သာမန်အချိန်တွေမှာတော့ အဲဒါက ပေါ်မလာပေမဲ့ အသက်လုတိုက်ပွဲမျိုးနဲ့ ကြုံလာရတဲ့အခါမှာတော့ သူရဲ့ ကြမ်းတမ်းမှုနဲ့ ရူးသွပ်မှုတွေက လုံးဝ ပေါ်ထွက်လာတော့တာပဲ”

“ဒီကလေးက ဘယ်လို နောက်ခံမျိုး ရှိလို့ပါလိမ့်” လျန်ကျုံးက အံ့သြတကြီး မေးလိုက်သည်။

“သူ ဒီညထက် ကျော်ပြီး အသက်ရှင်ဖို့ မလွယ်ဘူး”

ရှဲ့ကျင့်ရွှမ်က နောက်သို့ လှည့်ကာ ကုန်သွယ်ရေးလမ်းမဆီသို့ လျှောက်သွားရင်း ဆိုလိုက်သည်။

“တကယ်လို့ သူ ဒီနေ့ အသက်ရှင်ပြီး ရေခဲကျောက်မြို့တော်ကနေ လွတ်မြောက်သွားနိုင်မယ်ဆိုရင်တော့ သူ့ကို ငါတို့ ပြည်တွင်းရေးဌာနထဲ ခေါ်ဖို့ ငါ စဉ်းစားပေးမယ်။ ဒီနေ့ သူ ပြသခဲ့တဲ့ အရည်အချင်းတွေကတော့ အဲဒီအတွက် အရည်အချင်း ပြည့်မီပါတယ်။ အင်း... သူ မဆိုးပါဘူး”

“သူ လွတ်သွားပါစေလို့ပဲ ဆုတောင်းရမှာပဲ” လျန်ကျုံးက သက်ပြင်းချလိုက်သည်။

……

မြူတိမ်ဆောင်။

လျိုယွန်ထောင်၏ စာကြည့်ခန်းအတွင်း ယွမ်ထျန်ယ၏ အဖွဲ့သည် ရေခဲပြင်နန်းတော်နှင့် မြူတိမ်ဆောင်တို့၏ အနာဂတ်အစီအစဉ်များကို ဆွေးနွေးနေကြဆဲ ဖြစ်သည်။

“အရှင်... အရှင်သခင်”

အပြင်ဘက်မှ အော်သံတစ်သံ ထပ်မံ ထွက်ပေါ်လာပြန်သည်။ ဤတစ်ကြိမ်တွင်မူ ထိုအသံမှာ သိသိသာသာပင် ထိတ်လန့်တုန်လှုပ်နေပုံရ၏။

“ပြဿနာ တက်ပြီခင်ဗျာ”

လျိုယွန်ထောင်၏ မျက်နှာမှာ အေးစက်သွားပြီး မေးလိုက်သည်။

“လာပြန်ပြီ၊ ဘာကိစ္စလဲ”

“ဒု... ဒု ခန်းမသခင်တုက ချင်လဲ့ရဲ့ ပေါက်ကွဲမှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရသွားပြီး... အဲဒီမှာတင် ခေါင်းဖြတ်အသတ်ခံလိုက်ရပါပြီ...”

အပြင်ကလူက စကားများကို ထစ်ထစ်ငေါ့ငေါ့ ပြောလိုက်၏။ လျိုယွန်ထောင်၊ ဝေ့ရှင်းနှင့် ရန်ဝမ်ယန်တို့မှာ ချက်ချင်းပင် ထရပ်လိုက်ကြပြီး တပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။

“ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ”

အမှောင်အသူရာခန်းမ၏ ပထမနန်းတော်သခင် ယွမ်ထျန်ယကမူ ဆက်လက် ထိုင်နေဆဲ ဖြစ်သည်။ သူသည် မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်ပြီး သူ၏ မျက်လုံးများထဲတွင် စူးစမ်းလိုသော အရောင်အဝါများ ပေါ်လာ၏။ သူသည်လည်း တုဟိုင်ထျန်ကဲ့သို့ လူမျိုးက သူ့အောက် တစ်ဆင့်နိမ့်သော ကောင်ငယ်လေး တစ်ယောက်လက်တွင် အသတ်ခံလိုက်ရသည်ကို အံ့သြနေခြင်း ဖြစ်သည်။

“တကယ်ပါခင်ဗျာ။ ကြက်သွေးရောင် မီးလျှံအသင်းနဲ့ ရေလဂိုဏ်းက လူတွေအများကြီး ကိုယ်တိုင် မြင်လိုက်ကြတာပါ”

အပြင်ကလူက တုဟိုင်ထျန် မည်သို့ ရက်ရက်စက်စက် သေဆုံးခဲ့ရသည်ကို အမြန် ရှင်းပြလိုက်သည်။ လျိုယွန်ထောင်သည် မျက်နှာပျက်လျက် ထိုလူ စကားဆုံးသည်နှင့် ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။

“မြို့တံခါး အားလုံးကို ချက်ချင်း ပိတ်လိုက်စမ်း။ အဆောင်ထဲက ကျင့်ကြံသူအားလုံးကို လွှတ်လိုက်။ မနက်မလင်းခင် ချင်လဲ့ရဲ့ ခေါင်းကို ငါ့ရှေ့အရောက် ယူလာခဲ့ရမယ်”

“ရန်တယ်ဝူကိုလည်း အကြောင်းကြားလိုက်၊ မြောက်ဘက်တံခါးကိုပါ ပိတ်ထားဖို့။ ဒီည ဘယ်သူမှ အဝင်အထွက် မလုပ်စေနဲ့” ရေခဲပြင်နန်းတော်၏ အရှင်သခင် ရန်ဝမ်ယန်ကလည်း ညွှန်ကြားလိုက်၏။

“စည်းကမ်းထိန်းသိမ်းရေးဌာနက ရဲ့ရန်ချိုးကိုလည်း အကြောင်းကြားလိုက်၊ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင် အားလုံးကိုပါ လွှတ်ဖို့” လျိုယွန်ထောင်က ထပ်မံ အော်ဟစ်လိုက်ပြန်သည်။

“ဟုတ်ကဲ့ပါ”

အပြင်ကလူက လေးနက်စွာ ပြန်ထူးလိုက်၏။ အမိန့်များ ထွက်ပေါ်လာသည်နှင့် မြူတိမ်ဆောင်ရှိ ကျင့်ကြံသူတိုင်းမှာ ချင်လဲ့ကို မြို့အနှံ့ လိုက်လံရှာဖွေပြီး တွေ့သည့်နေရာတွင် သတ်ပစ်ရန် အမိန့်အား လက်ခံရရှိလိုက်ကြတော့သည်။

တစ်ခဏအတွင်းမှာပင် ရေခဲကျောက်မြို့တော်၏ တောင်ဘက်ပိုင်းတွင် ကျင့်ကြံသူများဖြင့် ဆူညံသွားပြီး မြို့တံခါးများဆီသို့ ဦးတည်နေသော လမ်းကြောင်းတိုင်းမှာလည်း လုံးဝ ပိတ်ဆို့ခံလိုက်ရသည်။ လူအများအတွက်တော့ ဤညသည် အိပ်မရသော ညတစ်ည ဖြစ်လာပေတော့မည်။

“မြန်မြန် လာစမ်း ကောင်းယွီ။ ချင်လဲ့က တုဟိုင်ထျန်ကို မွှေးရနံ့ယစ်မူးဥယျာဉ် ရှေ့မှာ သတ်လိုက်ပြီ။ အခု တစ်မြို့လုံး တုန်လှုပ်နေပြီ။ အရှင်သခင် လျိုကလည်း မနက်မလင်းခင် ချင်လဲ့ရဲ့ ခေါင်းကို ယူလာဖို့ အမိန့်ထုတ်ထားတယ်။ အဘိုး ရဲ့ကလည်း ငါတို့ကို တစ်မြို့လုံးအနှံ့ ရှာပြီး ချင်လဲ့ကို ဖမ်းဖို့ အမိန့်ပေးထားတယ်”

လျိုရန်သည် အံ့သြထိတ်လန့်နေသော မျက်လုံးများဖြင့် ကောင်းယွီ၏ အိမ်ထဲသို့ ပြေးဝင်လာသည်။ ပြတင်းပေါက်မရှိသော တဲအိမ်လေးအတွင်း လုံးဝ မှောင်မိုက်နေသော နေရာ၌ ကောင်းယွီ၏ မျက်လုံးများမှာ ထူးဆန်းကာ မကောင်းဆိုးဝါးဆန်သော အလင်းရောင်များဖြင့် တောက်ပနေ၏။ ထိုမျက်လုံးများကို မြင်သောအခါ လျိုယန်မှာ ရင်ထဲတွင် အေးစက်သွားသော်လည်း အမြန် မေးလိုက်ရသည်။

“မင်း... မင်း မအိပ်သေးဘူးလား”

“ငါ ကျင့်ကြံနေတာ” ကောင်းယွီက အေးစက်သော အသံဖြင့် ပြန်ဖြေ၏။ သူသည် သူ၏ ကျင့်ကြံမှုအတွင်းမှ လုံးဝ နိုးထလာခြင်း မရှိသေးပုံရသည်။ ခဏအကြာမှ သူ၏ လေသံမှာ ပုံမှန် ပြန်ဖြစ်သွားပြီး မျက်နှာပျက်လျက် လျိုယန်နှင့်အတူ အပြင်သို့ ထွက်လာသည်။

“သူ တကယ်ပဲ အောင်မြင်သွားတာပဲ...” သူ တိုးတိုးလေး ရေရွတ်လိုက်သည်။

“ကောင်းယွီ... မင်းနဲ့ ချင်လဲ့နဲ့ ခင်တာ ငါ သိပါတယ်။ ဒါပေမဲ့ ငါတို့က စည်းကမ်းထိန်းသိမ်းရေးဌာနက လူတွေလေ။ ဒါကြောင့်မို့လို့ ငါတို့ အပြင်ကို နည်းနည်းတော့ ထွက်ပြရမယ်”

လျိုရန်က ခေတ္တမျှ ရပ်လိုက်ပြီးမှ ဆိုသည်။

“ဟန်ဆောင်ရုံပဲ ဖြစ်ဖြစ် မြို့ထဲမှာ လျှောက်သွားပြရမယ်။ ဒါမှ တခြားလူတွေက ငါတို့လည်း အလုပ်ရှုပ်နေတယ်လို့ သိမှာ”

“ဪ...” ကောင်းယွီက ခေါင်းညိတ်လိုက်သည်။ သူ အပြင်ရောက်သည်နှင့် ခြေလှမ်းများကို မြန်လိုက်ပြီး ဆိုလိုက်သည်။

“ငါတို့ လမ်းခွဲကြရအောင်”

လျိုရန် စကား ပြန်မပြောနိုင်ခင်မှာပင် ကောင်းယွီသည် ညအမှောင်ထဲတွင် တစ်ချက်နှစ်ချက် လှုပ်ရှားလိုက်ရုံဖြင့် ပျောက်ကွယ်သွားတော့သည်။ မကြာခင်မှာပင် ကောင်းယွီသည် မြူတိမ်ဆောင်၏ အပြင်ဘက်သို့ ရောက်လာ၏။ မြူတိမ်ဆောင်ထဲက ကျင့်ကြံသူ အများအပြားမှာ ချင်လဲ့ကို ဖမ်းရန် မြို့တံခါးအသီးသီးဆီသို့ စုရုံးသွားကြသည်အား သူ တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။

“မင်းတို့အားလုံးက သူ့ရဲ့ ရူးသွပ်မှုကို အထင်သေးခဲ့ကြတာပဲ” ကောင်းယွီက စိတ်ထဲမှ တိုးတိုးလေး ရေရွတ်လိုက်ပြီး တစ်ယောက်တည်း ထွက်ခွာသွားတော့သည်။ သူသည် ချင်လဲ့ မည်သည့် နေရာကို သွားမည်ဆိုကြောင်း သိနေပုံရ၏။

“မြူတိမ်ဆောင်က ကျင့်ကြံသူအားလုံး ချင်လဲ့ကို တစ်မြို့လုံးအနှံ့ ချက်ချင်း လိုက်လံရှာဖွေ ဖမ်းဆီးကြစမ်း။ ဒါ အရှင်သခင်ကိုယ်တိုင် ထုတ်ပြန်တဲ့ အမိန့်ပဲ။ ဒါဟာ သူ အရှင်သခင် ဖြစ်လာပြီးနောက် ပထမဆုံး ထုတ်တဲ့ အမိန့်ပဲ”

ဝေ့ရှင်း၏ လက်အောက်မှ လူကြီး ပေအန်းနှင့် ဖန်းထုံတို့သည် မွှေးရနံ့ယစ်မူးဥယျာဉ်နှင့် လသာဆောင် ရှေ့တွင် ပေါ်လာပြီး အကျယ်ကြီး အော်ဟစ်လိုက်ကြသည်။ တုဟိုင်ထျန်၊ ဝေ့ရှင်းနှင့် လျိုယွန်ထောင်တို့၏ လက်အောက်ငယ်သားများမှာ သတ်ဖြတ်လိုသော အရှိန်အဟုန်များဖြင့် ချင်လဲ့ ထွက်ပြေးသွားသော ဘက်သို့ တညီတညွတ်တည်း လိုက်လံထွက်ခွာသွားကြတော့သည်။

“ငါကတော့ ဒီနေ့ သောက်တာ များသွားလို့ နေလို့ သိပ်မကောင်းဘူး။ မနက်ဖြန်လည်း အမှောင်အသူရာခန်းမကို သွားရဦးမှာဆိုတော့ ငါတော့ ကူညီနိုင်မှာ မဟုတ်ဘူး” တုကျဲက တည်ငြိမ်စွာ ဆိုလိုက်သည်။

“ငါလည်း အတူတူပဲ။ ငါ မူးနေလို့ လမ်းတောင် မလျှောက်နိုင်ဘူး” ကျောက်ချန်းကလည်း အော်ပြောလိုက်၏။

ခမ်းကျိနှင့် ဟန်ဖုန်းတို့ကလည်း ဖျားချင်ယောင်ဆောင်သူဆောင်၊ မူးချင်ယောင်ဆောင်သူဆောင်နှင့် သူတို့၏ ခြေထောက်များမှာ မြေပြင်တွင် အမြစ်တွယ်နေသည့်နှယ် ရပ်မြဲရပ်နေပြီး ပေအန်းနှင့် ဖန်းထုံတို့၏ အမိန့်ကို လုံးဝ လျစ်လျူရှုထားကြသည်။

သုသာန်ခုနစ်ပါး တောင်ကြား၊ ကြက်သွေးရောင် မီးလျှံအသင်းနှင့် ရေလဂိုဏ်းက လူများမှာမူ မည်သို့မျှ မဖြစ်သကဲ့သို့ပင် ပြတင်းပေါက်များတွင် ဆက်လက် ရပ်နေကြဆဲ ဖြစ်သည်။ သူတို့သည် ဤညတွင် အိပ်ရန် အစီအစဉ် မရှိကြဘဲ သေရည်သောက်ရင်း မြို့ထဲက ဆူညံမှုများကို စောင့်ကြည့်နေကြ၏။ ချင်လဲ့ကို မည်သည့်အချိန်တွင် တွေ့ပြီး မည်သည့်အချိန်တွင် ဝိုင်းဖမ်းကာ သတ်ပစ်မည်ဆိုကြောင်း သူတို့ စောင့်ကြည့်နေကြခြင်း ဖြစ်သည်။

ဤနေ့သည် အရှင်သခင် ရာထူးကို အသစ်ယူထားသော လျိုယွန်ထောင်အတွက် အထူးသဖြင့် အရေးကြီးသော နေ့ဖြစ်မှန်း သူတို့ ကောင်းကောင်း သိကြသည်။ အကယ်၍ ချင်လဲ့သာ တုဟိုင်ထျန်ကို သတ်ပြီးနောက် လျိုယွန်ထောင်က အမိန့်ထုတ်ထားပါလျက်နှင့် ရှင်လျက် လွတ်မြောက်သွားနိုင်မည်ဆိုလျှင်ဖြင့် အရှင်သခင်သစ်အတွက် အကြီးအကျယ် အရှက်ရစရာ ဖြစ်လာပေလိမ့်မည်။

“လမ်းကြောင်း အားလုံးကို ပိတ်ထားတာတောင် ဘာလို့ သူ့ကို မတွေ့သေးတာလဲ”

“မြို့တံခါးတွေလည်း ပိတ်ထားတာပဲ။ သူ ဒီည မလွတ်နိုင်ရင် နောက်ပိုင်းမှာ လွတ်ဖို့ အခွင့်အရေး ပိုနည်းသွားမှာပဲ”

“ရှာကြစမ်း။ ဆက်ရှာကြ။ အိမ်တိုင်းကို ရှာ။ တောင်ဘက်မြို့နယ်ကို မြေလှန်ပြီး ရှာရင်တောင် သူ့ကို တွေ့အောင် ရှာရမယ်”

“အရှင်သခင်က မနက်မလင်းခင် သူ့ခေါင်းကို ယူလာဖို့ အမိန့်ပေးထားတယ်”

“……”

တောင်ဘက်မြို့နယ်၏ လမ်းမကြီးတိုင်းတွင် အေးစက်သော မျက်နှာများဖြင့် ကျင့်ကြံသူများ သွားလာနေကြသည်ကို မြင်နေရသည်။ သူတို့သည် အိမ်တိုင်း၊ အိမ်တိုင်းသို့ ဝင်ရောက် ရှာဖွေနေကြခြင်း ဖြစ်၏။ တစ်မြို့လုံးမှာလည်း ဆူညံပွက်လောရိုက်နေပြီး မြူတိမ်ဆောင် ကျင့်ကြံသူတိုင်းမှာ ဒေါသတကြီး အော်ဟစ်နေကြသည်။ သူတို့သည် ချင်လဲ့ကို ဖမ်းဆီးသတ်ဖြတ်ရန် ရှာဖွေနေကြသော်လည်း ကံဆိုးစွာဖြင့် သူ၏ အရိပ်အယောင်ကိုပင် မတွေ့ကြရပေ။

တောင်ဘက်မြို့နယ်၏ အစွန်ဆုံး မြောက်ဘက်ပိုင်းတွင် မြို့လယ်နှင့် အတော်လေး ဝေးကွာလှသော သာယာလှပသည့် စံအိမ်ကြီးတစ်လုံး ရှိပေသည်။ မြို့ထဲက ဆူညံပွက်လောရိုက်နေမှုများမှာ ထိုနေရာသို့ မရောက်ရှိသေးပေ။ ထိုနေရာက လူများမှာလည်း ချင်လဲ့၏ လုပ်ရပ်များကြောင့် တောင်ဘက်မြို့နယ်တစ်ခုလုံး ဆူညံနေသည်ကို မသိကြသေးပေ။

ဤနေရာကား ရေခဲကျောက်မြို့တော်အတွင်းရှိ တုမိသားစု၏ အိမ်ပင် ဖြစ်သည်။

တုကျောက်လန်နှင့် တုဖေး သားအမိ၊ တုမိသားစုမှ လူကြီးများနှင့် အခြားသော အပေါင်းအပါများမှာ ဤနေရာ၌ ယနေ့ညတွင် ပျော်ပွဲစားပွဲ ပြုလုပ်ခဲ့ကြခြင်း ဖြစ်၏။ သူတို့သည် တုဟိုင်ထျန်၏ ရာထူးတိုးမှုကို ဂုဏ်ပြုနေကြခြင်း ဖြစ်သလို တုမိသားစုအား ဘုန်းမီးနေလ တောက်ပအောင် လုပ်ပေးနိုင်မည့် ခေါင်းဆောင်တစ်ယောက် ပေါ်ထွက်လာခြင်းကိုလည်း အောင်ပွဲခံနေကြခြင်း ဖြစ်သည်။

ဤအခိုက်အတန့်တွင် တုမိသားစုဝင် အားလုံးမှာ သေရည်များ အတော်လေး မူးနေကြပြီး ကိုယ့်အခန်းကိုယ် ပြန်ကာ အနားယူနေကြပြီ ဖြစ်သည်။

ဇိမ်ခံအခန်း တစ်ခန်းအတွင်း မြေပြင်ပေါ်တွင် တန်ဖိုးကြီး ကော်ဇောများကို ခင်းထားပြီး အဖြူရောင် ကျောက်စိမ်းများဖြင့် ထွင်းထုထားသော ကုတင်ကြီးပေါ်တွင်မူ မိန်းကလေးငယ် သုံးဦးမှာ အဝတ်အစားများ မပါဘဲ အမျိုးမျိုးသော အမူအရာများဖြင့် ဆွဲဆောင်နေကြ၏။ ကုတင်ဘေးတွင်မူ တုဖေးသည် ထိုမိန်းကလေး သုံးဦးကို ကြောက်စရာကောင်းသော အမူအရာဖြင့် စူးစိုက်ကြည့်နေပြီး သူ၏ ပေါင်ကြားကိုလည်း ခဏခဏ ငုံ့ကြည့်နေရှာသည်။

သို့သော် မည်သို့မျှ တုံ့ပြန်မှုမှ မရှိပေ...

“အမေ... ကျွန်တော် မရတော့ဘူး။ လုံးဝ မရတော့ဘူး”

တုဖေးက တိရစ္ဆာန်တစ်ကောင်နှယ် နာကျင်စွာ အော်ဟစ်လိုက်သည်။ သူ၏ အမူအရာမှာလည်း နာကျင်မှုများဖြင့် ပြည့်နှက်နေ၏။

“ဟိုကောင်မစုတ် လင်ရွှမ်းရွှမ်းကြောင့် ကျွန်တော် ပျက်စီးသွားပြီ။ ကျွန်တော့်ဟာက လုံးဝ အလုပ်မလုပ်တော့ဘူး။ ကျွန်တော်ကတော့ ဒုက္ခိတ ဖြစ်သွားပြီ”

ကုတင်ရှေ့က စားပွဲတွင် ထိုင်နေသော တုကျောက်လန်က သူ့ကို စူးစိုက်ကြည့်ကာ အားပေးလိုက်သည်။

“သူတို့ကို သေချာကြည့်ပြီး နင့်ရဲ့ စိတ်ကူးကို သုံးစမ်းပါ။ နင် လုပ်နိုင်ပါတယ်။ အမေ သိတယ်... နင် လုပ်နိုင်တယ်ဆိုတာ”

“သခင်လေး တု... ဒီ အစေခံလေးကို ပြုစုခွင့်ပေးပါဦးနော်” မိန်းကလေးတစ်ယောက်က ဆွဲဆောင်မှုရှိသော အပြုံးဖြင့် တရွေ့ရွေ့ တိုးလာပြီး သူမ၏ လျှာဖြင့် တုဖေး၏ လည်ပင်းကို ယက်လိုက်သည်။

သူမ၏ အချက်ပြမှုကြောင့် ကျန်မိန်းကလေး နှစ်ယောက်မှာလည်း တုဖေး၏ ကိုယ်ပေါ်သို့ တက်လာပြီး သူတို့၏ နူးညံ့သော ရင်သားများဖြင့် တုဖေး၏ ခန္ဓာကိုယ်ကို အဆက်မပြတ် ပွတ်သပ်ပေးနေကြ၏။

“မာလာပြီ။ မာလာပြီ ထင်တယ်”

တုဖေးက ရူးသွပ်စွာ ပျော်ရွှင်လျက် အော်ဟစ်လိုက်သည်။ သူ၏ မျက်နှာမှာလည်း နီမြန်းလာပြီး အလွန်ပင် စိတ်လှုပ်ရှားနေပုံရ၏။

“အမေ... ကျွန်တော့်ဟာက တုံ့ပြန်နေပြီ။ တကယ်ပဲ တုံ့ပြန်နေပြီ”

“အမေ သိသားပဲ... နင် လုပ်နိုင်မယ်ဆိုတာ” တုကျောက်လန်ကိုယ်တိုင်လည်း စိတ်လှုပ်ရှားသွားပြီး ဆိုသည်။

“စိတ်မပူပါနဲ့ ဖေးအာရယ်။ နင်သာ ဒီလို ပြန်ဖြစ်လာရင် အဲဒီ ကောင်မစုတ် နှစ်ယောက်ဖြစ်တဲ့ လင်ရွှမ်းရွှမ်းနဲ့ လင်ယွီရှီးတို့ကို ဖမ်းပေးမယ်လို့ အမေ ကတိပေးပါတယ်။ နင် သူတို့ကို စိတ်ကြိုက် နှိပ်စက်လို့ ရစေရမယ်။ သူတို့ကို နင့်ရဲ့ ပေါင်ကြားမှာ နေ့တိုင်း ငိုယိုပြီး သွေးထွက်အောင် လုပ်ပစ်လိုက်ရမယ်”

“မကြာခင် အဲဒီ ကောင်မစုတ် နှစ်ယောက်လုံးကို ကျွန်တော် သတ်ပစ်မယ်” တုဖေးက ရူးသွပ်စွာ ရယ်မောလိုက်၏။

“ဝုန်း...”

ပြတင်းပေါက်ကို ဖောက်ထွက်ပြီး ဓားအလင်းတန်းတစ်တန်း ဝင်ရောက်လာကာ သွေးချင်းချင်းနီနေသော လူတစ်ယောက် ရုတ်တရက် ပြေးဝင်လာတော့သည်။ တုကျောက်လန်နှင့် တုဖေး သားအမိ နှစ်ယောက် ပျော်ရွှင်စွာ ရယ်မောနေစဉ်မှာပင် လျှပ်စစ်မြွေဟောက်တန်းများမှာ အခန်းအတွင်း ထွက်ပေါ်လာပြီး တုကျောက်လန်၏ ကိုယ်ပေါ်သို့ ဦးတည်သွားတော့သည်။

“ဘယ်သူလဲ”

တုကျောက်လန်သည် ညသန်းခေါင်အချိန်တွင် တစ်ယောက်ယောက်က လာရောက် တိုက်ခိုက်လိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် အော်ဟစ်လိုက်ပြီး သူမ၏ လက်ထဲမှ လက်ဖက်ရည်ခွက်ကို ထိုလူဆီသို့ ပစ်ပေါက်လိုက်၏။

“ဖျစ်... ဖျစ်... ဖျစ်...” လျှပ်စစ်မြွေဟောက်တန်းများမှာ သူမကို ရစ်ပတ်သွားပြီး နွယ်ပင်များနှယ် သူမ၏ လက်မောင်းတစ်လျှောက် တက်လာကာ သူမ၏ ခန္ဓာကိုယ်ကို ချက်ချင်း ထုံကျဉ်သွားစေတော့သည်။

“အပြာရောင်သစ်ရွက်ဓား။ ဒါ ဟိုင်ထျန်ရဲ့ အပြာရောင်သစ်ရွက်ဓားပဲ”

တုကျောက်လန်က မထိန်းနိုင်ဘဲ အော်ဟစ်လိုက်ပြီး ဘေးသို့ အမြန်ရှောင်တိမ်းလိုက်၏။

“ဗြိ...”

ထိုဓားတိုမှာ သူမ အပေါ်သို့ ခုန်ရှောင်လိုက်သဖြင့် သူမ၏ နှလုံးသားကို မထိဘဲ သူမ၏ ဝမ်းဗိုက်အောက်ပိုင်းကိုသာ ထိုးဖောက်သွားတော့သည်။

“ချင်လဲ့။ ဒါ ချင်လဲ့ပဲ”

တုဖေးက ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်ပြီး အော်ဟစ်လေတော့သည်။

“ဘယ်သူရှိလဲ။ လာကြပါဦး... မြန်မြန် လာကြပါဦး”

အခန်း (၁၁၈) မင်းတို့တစ်မိသားစုလုံးကို သတ်ပစ်မယ်

“ချင်လဲ့... မင်း တုမိသားစုထဲအထိ ကျူးကျော်ဝင်ရောက်ပြီး လူသတ်ရဲတယ်ပေါ့။ မင်း ဒီကနေ အသက်ရှင်လျက် ပြန်ထွက်သွားရမယ်လို့ မထင်နဲ့”

တုဖေးက ခက်ထန်စွာ အော်ဟစ်လိုက်သော်လည်း သူကိုယ်တိုင်မှာမူ ချင်လဲ့နားသို့ မကပ်ဝံ့ပေ။ သူသည် ချင်လဲ့ကို ဝိုင်းသတ်ရန် တုမိသားစုဝင်များအား သွားခေါ်ရန် အပြင်သို့ ပြေးထွက်သွားတော့သည်။

“ဒါ... ဒါ ဟိုင်ထျန်ရဲ့ အပြာရောင်သစ်ရွက်ဓားပဲ”

အခန်းအတွင်း၌ တုကျောက်လန်သည် ဝမ်းဗိုက်တွင် ဒဏ်ရာပြင်းထန်စွာ ရရှိထားပြီး သွေးများ အလွန်အမင်း ထွက်နေသော်လည်း ချင်လဲ့ကိုင်ထားသော ဓားမှာ တုဟိုင်ထျန်၏ ဓားဖြစ်နေသည်ကို မြင်သောအခါ အလန့်တကြား အော်ဟစ်လိုက်မိသည်။

သားရေချပ်ဝတ်ကို ဝတ်ဆင်ထားပြီး တစ်ကိုယ်လုံး သွေးချင်းချင်းနီနေသော ချင်လဲ့၏ မျက်နှာတွင်မူ ရူးသွပ်မှုများ ပြည့်နှက်နေ၏။ သူသည် ဘေးသို့ ရှောင်တိမ်းလိုက်သော တုကျောက်လန်နှင့် အပြင်သို့ ပြေးထွက်သွားသော တုဖေးကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

“ဝှစ်...”

သူ၏ လက်ထဲမှ အပြာရောင်သစ်ရွက်ဓားမှာ ရုတ်တရက် လွင့်ထွက်သွားပြီး ညအမှောင်ကို ဖောက်ထွက်သွားသော အလင်းတန်းတစ်ခုနှယ် တုဖေး၏ ကျောပြင်ဆီသို့ လျှပ်စီးတန်းသဖွယ် ဦးတည်သွားတော့သည်။

“နင် မလုပ်နဲ့” တုကျောက်လန်က ဖရိုဖရဲ ဖြစ်နေသော ပုံစံဖြင့် ပြေးဝင်လာသော်လည်း မမီတော့ပေ။

အပြာရောင်သစ်ရွက်ဓား၏ အရှိန်အဟုန်ကို သူမ မတားဆီးနိုင်တော့ပေ။ စွပ်ဆိုသော အသံနှင့်အတူ ဓားမှာ တုဖေး၏ ကျောပြင်ကို ဖောက်ထွက်ကာ နှလုံးတည့်တည့်သို့ စိုက်ဝင်သွားပြီး သူ့အား သစ်ပင်တစ်ပင်တွင် တစ်ခါတည်း ကပ်လျက် စိုက်သွားစေတော့သည်။

“ဖေးအာ...”

တုကျောက်လန်က ရူးသွပ်စွာ အော်ဟစ်လိုက်ပြီး သူမ၏ ဗိုက်မှ သွေးထွက်နေသည်ကိုပင် ဂရုမစိုက်တော့ဘဲ ချင်လဲ့ဆီသို့ အစွမ်းကုန် ပြေးဝင်လာတော့သည်။

ချင်လဲ့က တုဖေးကို ဦးစွာ သတ်လိုက်ခြင်းမှာ တုကျောက်လန်ကို ရူးသွပ်သွားစေပြီး အသိတရားကင်းမဲ့သွားစေရန်ပင် ဖြစ်၏။ သူမ ပြေးဝင်လာသည်နှင့် ချင်လဲ့သည် သစ်သားရုပ်တုကို ထုတ်ယူကာ လျှပ်စစ်ကွန်ရက်ဖြင့် သူမအား ဆီးကြိုလိုက်သည်။

“ဖျစ်... ဖျစ်... ဖျစ်...”

ထူထပ်သော လျှပ်စစ်ကွန်ရက်များနှင့်အတူ မိုးကြိုးစွမ်းအင်များမှာ တုကျောက်လန်၏ ခန္ဓာကိုယ်ကို ချက်ချင်းပင် ရစ်ပတ်သွားတော့သည်။ သူမ နာကျင်စွာ အော်ဟစ်နေစဉ်မှာပင် ချင်လဲ့သည် အေးစက်သော မျက်နှာဖြင့် အနားသို့ ကပ်သွားပြီး မိုးကြိုးသဖွယ် ပြင်းထန်သော လက်သီးချက်များကို မုန်တိုင်းတစ်ခုနှယ် ရွာချလိုက်တော့သည်။

“ဗုန်း... ဗုန်း... ဗုန်း...”

တုကျောက်လန်၏ ခန္ဓာကိုယ်မှာ အဆက်မပြတ် အရိုက်ခံရပြီး မိုးကြိုးစွမ်းအင်များမှာ ပေါက်ကွဲသွားတော့သည်။ သူမ၏ အရိုးများမှာ ကြေမွသွားပြီး မျက်နှာပေါ်ရှိ အပေါက်တိုင်းမှ သွေးများ ထွက်လာ၏။

“ချင်လဲ့... ဟိုင်ထျန်က နင့်ကို သတ်လိမ့်မယ်။ သူ နင့်ကို အသေသတ်မှာ”

သူမ၏ ပါးစပ်တွင် သွေးများ ပြည့်နေပြီး မျက်လုံးများအတွင်းမှ အလင်းရောင်များ မှိန်ဖျော့နေပြီ ဖြစ်သော်လည်း တုကျောက်လန်မှာမူ သူ့ကို ခြိမ်းခြောက်ရန် မမေ့သေးပေ။

“သူ သေသွားပြီ” ချင်လဲ့က အေးစက်စွာ ပြန်ဖြေလိုက်၏။

တုကျောက်လန်၏ ခန္ဓာကိုယ်မှာ ရုတ်တရက် တုန်လှုပ်သွားပြီး အော်ဟစ်တော့သည်။

“မဖြစ်နိုင်တာ”

“ငါ သူ့ကို အရင်သတ်ပြီး အပြာရောင်သစ်ရွက်ဓားကို လုခဲ့တာ။ ပြီးမှ နင်တို့ သားအမိကို သတ်ဖို့ လာခဲ့တာ”

လျှပ်စစ်များ ရစ်ပတ်နေသော တုကျောက်လန်၏ နှလုံးသားတည့်တည့်သို့ လက်သီးဖြင့် အရှိန်အဟုန်ဖြင့် ထိုးချလိုက်ရင်း ချင်လဲ့က ဆက်ပြောလိုက်သည်။

“နင်တို့ တစ်မိသားစုလုံးက သေသင့်တဲ့လူတွေပဲ။ နောက်တစ်ယောက်က တုဟန်။ ငါ မင်းတို့ တစ်မိသားစုလုံးကို သတ်ပစ်မယ်”

“ဗုန်း...”

တုကျောက်လန်၏ ရင်ဘတ်အတွင်းမှ အသံဆိုးတစ်သံ ထွက်ပေါ်လာပြီး ချင်လဲ့၏ နောက်ဆုံးလက်သီးချက်ဖြင့် သူမ၏ အသက်မှာ လွင့်စင်သွားတော့သည်။

“ကျွန်မတို့ကို မသတ်ပါနဲ့။ ကျွန်မကို မသတ်ပါနဲ့”

အခန်းအတွင်းရှိ အဝတ်ဗလာနှင့် မိန်းကလေးများမှာ အဝတ်စပါးပါးလေးများကို ရစ်ပတ်ထားပြီး ကုတင်ထောင့်တွင် ကြောက်လန့်တုန်ရီလျက် ကပ်နေကြသည်။ သူတို့၏ မျက်လုံးထဲတွင် သွေးချင်းချင်းနီလျက် ဝင်ရောက်လာသော ချင်လဲ့မှာ သူတို့၏ အိမ်ရှေ့သို့ ရောက်လာသော ရက်စက်ကြမ်းကြုတ်သည့် မကောင်းဆိုးဝါး တစ်ကောင်နှယ်ပင်။ တုကျောက်လန်နှင့် တုဖေး သားအမိကို သတ်လိုက်သော ချင်လဲ့သည် သူတို့ကိုပါ တစ်ခါတည်း သတ်ပစ်မည်အား သူတို့ အလွန်ပင် ကြောက်လန့်နေကြသည်။

ချင်လဲ့က လှည့်ကြည့်လိုက်ပြီး တစ်ချက်ဝေ့ကြည့်ကာ တုမိသားစုဝင်များ၏ အော်ဟစ်သံများကြားတွင် သူ၏ ကိုယ်ဟန်ကို ဖျောက်ကွယ်ကာ အမှောင်ထဲသို့ တိုးဝင်သွားတော့သည်။

မိနစ်အနည်းငယ်အကြာတွင် တုမိသားစု၏ ခေါင်းဆောင်နှင့် လူကြီးအချို့မှာ ပြေးဝင်လာကြ၏။ သူတို့ ရောက်လာသည်နှင့် တုကျောက်လန်နှင့် တုဖေးတို့၏ အလောင်းများကို တွေ့လိုက်ရသဖြင့် အံ့သြထိတ်လန့်ကာ လူသတ်သမားအား ရှာဖွေရန် ဒေါသတကြီး အော်ဟစ်လိုက်ကြတော့သည်။

“တစ်ယောက်ယောက်က ကျောက်လန်နဲ့ တုဖေးကို သတ်သွားပြီ။ လူသတ်သမားက သိပ်မဝေးသေးဘူး၊ အမြန်လိုက်ကြ” တုမိသားစု ခေါင်းဆောင်က အော်ဟစ်လိုက်သည်။

“မြူတိမ်ဆောင်ကို တစ်ယောက်လောက် အမြန်သွား။ ဒီသတင်းကို ဟိုင်ထျန်ဆီ မြန်မြန်ပို့ပြီး မြူတိမ်ဆောင်က လက်ရွေးစင်တွေကို တစ်မြို့လုံးအနှံ့ လွှတ်ခိုင်းလိုက်”

“မျိုးနွယ်စု ခေါင်းဆောင်တု”

ထိုအချိန်မှာပင် မြူတိမ်ဆောင်မှ ဖန်းထုံနှင့် ကျင့်ကြံသူအချို့ ရောက်လာပြီး မေးလိုက်သည်။

“ဘာဖြစ်တာလဲခင်ဗျာ”

“ခန်းမသခင် ဖန်း... အချိန်မီ ရောက်လာတာပဲ။ တစ်ယောက်ယောက်က တုမိသားစုထဲ ဝင်ပြီး ဟိုင်ထျန်ရဲ့ ညီမနဲ့ တူကို သတ်သွားပြီ။ ကျွန်တော်တို့လည်း ဟိုင်ထျန်ဆီ လူလွှတ်မလို့ လုပ်နေတာ”

“ချင်လဲ့... သူ တုမိသားစုထဲမှာပါ လူထပ်သတ်ပြန်ပြီပေါ့”

ဖန်းထုံ၏ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားပြီး မေးလိုက်သည်။

“ဒါ ဖြစ်သွားတာ ဘယ်လောက်ကြာပြီလဲ”

“တုဖေး အော်ဟစ်နေတာ ခုလေးတင်ပဲ ရှိသေးတယ်” တုမျိုးနွယ်စု ခေါင်းဆောင်က ဖြေလိုက်၏။

“ဒါဆို သူ သိပ်မဝေးသေးဘူး” ဖန်းထုံက မျက်လုံးများ တောက်ပလာပြီး -

“ညီအစ်ကိုတို့... ဒီနေရာကို ဗဟိုထားပြီး ပတ်ဝန်းကျင်ကို ရှာကြ။ သူ ဒဏ်ရာအပြင်းအထန် ရထားတာဆိုတော့ မြေပြင်ပေါ်မှာ သွေးစက်တွေ ရှိလိမ့်မယ်။ သွေးစက်တွေကို သေချာကြည့်ပြီး ရှာကြ”

“ဟုတ်ကဲ့ပါ”

“ဘာတွေဖြစ်နေတာလဲ ခန်းမသခင် ဖန်း” တုမျိုးနွယ်စု ခေါင်းဆောင်က အံ့သြတကြီး မေးလိုက်သည်။

“ဒု ခန်းမသခင်တုဟာ မွှေးရနံ့ယစ်မူးဥယျာဉ် ရှေ့မှာ ချင်လဲ့ရဲ့ စိန်ခေါ်မှုကို ခံရပြီး ခေါင်းဖြတ်အသတ်ခံလိုက်ရပါပြီ”

ဖန်းထုံက အလျင်အမြန် ရှင်းပြလိုက်ပြီးနောက် အအော်ဟစ်လိုက်ပြန်သည်။

“အားလုံးပဲ မြန်မြန်လှုပ်ရှားကြ။ အရှင်သခင်က မနက်မလင်းခင် ချင်လဲ့ရဲ့ ခေါင်းကို ယူလာဖို့ အမိန့်ပေးထားတယ်”

ဖန်းထုံနှင့် သူ၏ လက်အောက်ငယ်သားများမှာ အရပ်မျက်နှာအနှံ့သို့ ပြန့်နှက်သွားပြီး ချင်လဲ့၏ သွေးစက်များကို လိုက်လံရှာဖွေကြတော့သည်။ တုမျိုးနွယ်စုခေါင်းဆောင်မှာမူ ထိတ်လန့်သွားသဖြင့် မြေပြင်ပေါ်သို့ ဖင်ထိုင်လျက် ကျသွားလေသည်။

“ဟိုင်ထျန် သေသွားပြီတဲ့လား။ ဟိုင်ထျန် တကယ်ပဲ အသတ်ခံလိုက်ရတာလား။ သူ ဒီနေ့တင် ဒု ခန်းမသခင် ဖြစ်တာလေ၊ ဘယ်လိုလုပ် အသတ်ခံလိုက်ရတာလဲ”

တုမိသားစုဝင် အားလုံးမှာလည်း ကြောက်လန့်သွားကြပြီး သူတို့ ကြားလိုက်ရသည့် သတင်းကို မယုံနိုင် ဖြစ်နေကြရသည်။ လွန်ခဲ့သော နှစ်နာရီခန့်ကမှ တုဟိုင်ထျန် ဒု ခန်းမသခင် ဖြစ်လာခြင်းကို သူတို့ အောင်ပွဲခံခဲ့ကြခြင်း ဖြစ်သည်။ တုမိသားစုအတွက် တောက်ပသော အနာဂတ် ရောက်လာပြီဟု သူတို့ ထင်ခဲ့ကြသော်လည်း ယခုအခါ တုဟိုင်ထျန် သေဆုံးသွားသည့်အပြင် တုကျောက်လန်နှင့် တုဖေးတို့ပါ အသတ်ခံလိုက်ရပြီ ဖြစ်သည်။

“ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ” တုမိသားစု ခေါင်းဆောင်က တိုးတိုးလေး ရေရွတ်နေမိသည်။

ဖန်းထုံ၏ အော်ဟစ်သံများကို ကြားမှ သူ သတိဝင်လာသည်၊

“မြူတိမ်ဆောင်နဲ့ ပေါင်းပြီး ဝိုင်းရှာကြစမ်း။ ဒီလူကို ငါတို့ သတ်ရမယ်။ ဝိညာဉ်သန့်စင်ခြင်း အဆင့် ၇ အထက် ရှိတဲ့ မျိုးနွယ်စုဝင်တွေ အားလုံး ထွက်လာကြ” သူက အမိန့်ပေးလိုက်တော့သည်။

ထိုညတွင် တုမိသားစုဝင် အားလုံးမှာလည်း ဆူညံပွက်လောရိုက်လျက် ချင်လဲ့ကို လိုက်လံရှာဖွေကြတော့သည်။

“ခန်းမသခင် ဖန်း... ဒီမှာ သွေးစက်တွေ တွေ့ပြီ”

ညအမှောင်အောက်တွင် မြူတိမ်ဆောင် ကျင့်ကြံသူတစ်ဦးက အော်ဟစ်လိုက်သည်။

“ဘုရားရေ... သူက မြို့တံခါးဘက်ကို သွားတာ မဟုတ်ဘူး။ သူက မြို့ထဲကိုပဲ ပြန်ဝင်သွားတာပဲ”

“အမြန်လိုက်ကြ” ဖန်းထုံက ဒေါသတကြီး အော်ဟစ်လိုက်၏။

သန်းခေါင်ယံ အချိန်သို့ ရောက်လာပြီ ဖြစ်သည်။

မြစ်ဘေးရှိ လမ်းကျဉ်းလေးအတိုင်း ချင်လဲ့သည် မျက်နှာဖြူဖျော့လျက် နာကျင်မှုကို အံတုကာ အမြန်ပြေးနေရသည်။ သူ၏ တစ်ကိုယ်လုံးရှိ ဒဏ်ရာငယ်များမှ သွေးများမှာ သူ ဝတ်ထားသော သားရေချပ်ဝတ်အတွင်းမှ လျှံထွက်ကာ လမ်းတစ်လျှောက် စီးကျနေ၏။ တုဟိုင်ထျန်နှင့် တိုက်ခိုက်ခဲ့စဉ်က အပြာရောင်သစ်ရွက်ဓားကြောင့် သူ၏ အရေပြားအများအပြားမှာ စုတ်ပြတ်နေပြီး အချို့ဒဏ်ရာများမှာ အရိုးအထိပင် နက်လှပေသည်။

လျန်ကျုံးပေးခဲ့သော သားရေချပ်ဝတ်ကို ဝတ်ဆင်ထားပြီး ဝိညာဉ်သိုလှောင်ပြားထဲက စွမ်းအင်များကို စုပ်ယူလိုက်မှသာ သူ အနည်းငယ် သက်သာလာခြင်း ဖြစ်သည်။ တုမိသားစုထဲသို့ ခိုးဝင်ကာ တုကျောက်လန်နှင့် တုဖေးတို့ကို သတ်ပြီးနောက်တွင်မူ သူ၏ စွမ်းအင်များမှာ လုံးဝ ကုန်ဆုံးသလောက် ဖြစ်နေပြီ ဖြစ်သည်။

“တုဟန်... တုဟန် တစ်ယောက်ပဲ ကျန်တော့တယ်”

သူသည် သူ၏ နောက်ဆုံးပစ်မှတ်ဖြစ်သော တုဟန်ကို သတ်ရန် အခွင့်အရေးရှာရန် မွှေးရနံ့ယစ်မူးဥယျာဉ်ဆီသို့ ပြန်သွားရန် ကြံစည်နေခြင်း ဖြစ်သည်။

“လိုက်ကြ... သူ ငါတို့ ရှေ့နားမှာပဲ ရှိသေးတယ်”

နောက်ဘက်မှ အော်ဟစ်သံများကို ကြားလိုက်ရသဖြင့် ချင်လဲ့၏ မျက်နှာ ပျက်သွားရသည်။ မြူတိမ်ဆောင်က လူများက မြို့တံခါးကို ပိတ်မစောင့်ဘဲ မြို့ထဲကို လိုက်ရှာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ဖန်းထုံသည် တုမိသားစုကို သတင်းပို့ရန် သွားရင်းနှင့် သူ့အား တွေ့သွားခြင်း ဖြစ်မှန်း သူ မသိပေ။

သူသည် သူ၏ ဝိညာဉ်စွမ်းအင်ကို စစ်ဆေးကြည့်လိုက်သောအခါ ၃၀ ရာခိုင်နှုန်းခန့်သာ ကျန်တော့သည်ကို တွေ့လိုက်ရပြီး မိုးကြိုးစွမ်းအင်မှာလည်း ၃၊ ၄ ကြိမ်ခန့်သာ တိုက်ခိုက်နိုင်တော့မည် ဖြစ်သည်။ သူသည် ဘေးဘီကို ဝေ့ကြည့်လိုက်ပြီးနောက် မြစ်အတွင်းသို့ ဖြည်းညှင်းစွာ ဆင်းလိုက်ပြီး ရေထဲတွင် ပုန်းနေလိုက်၏။

နှစ်မိနစ်ခန့်အကြာတွင် ဖန်းထုံနှင့် ကျင့်ကြံသူအချို့ ရောက်လာကြသည်။

“သွေးစက်တွေ ပျောက်သွားပြီ”

“သူ ဒီနားမှာပဲ ရှိရမယ်” ဖန်းထုံက အေးစက်စွာ ပြောလိုက်သည်။

“ဒီနေ့က အရှင်သခင် ရာထူးတက်တဲ့နေ့လေ။ ဒါကို မပြောပလောက်တဲ့ အင်းဆက်ကောင်က ရက်စက်တဲ့ နည်းလမ်းတွေ သုံးပြီး ဖျက်ဆီးခဲ့တာ။ သူ့ကို အမြန် မသတ်နိုင်ရင် အရှင်သခင်ရဲ့ ဂုဏ်သိက္ခာ ညှိုးနွမ်းသွားလိမ့်မယ်။ ညီအစ်ကိုတို့... သူ့ခေါင်းကိုသာ ယူသွားနိုင်ရင် အရှင်သခင်က ငါတို့ကို ဆုလာဘ်တွေ အကြီးအကျယ် ပေးမှာ သေချာတယ်”

ဖန်းထုံက သူ၏ လူများကို အားပေးရင်း ပတ်ဝန်းကျင်ကို ကြည့်ကာ ညွှန်ကြားလိုက်သည်။

“သစ်ပင်တွေပေါ်မှာ၊ လမ်းဘေးဝဲယာတွေမှာရော၊ မြစ်ကမ်းနားနဲ့ မြစ်ထဲမှာပါ ရှာကြစမ်း”

ကျင့်ကြံသူအချို့မှာ ချင်လဲ့ရှိနေသော မြစ်ဘေးနားသို့ ရောက်လာကြသည်။ တစ်ယောက်က ရေထဲကို ကြည့်ရင်း အော်လိုက်သည်။

“မြစ်ထဲမှာ သွေးတွေ ရှိနေတယ်”

“ဗွမ်း...”

ချင်လဲ့သည် ရေထဲမှ ရုတ်တရက် ခုန်ထွက်လာပြီး ထိုလူ့အနားသို့ ရေသတ္တဝါတစ်ကောင်နှယ် ကပ်သွားကာ သူ့ကို ရေထဲသို့ ဆွဲချလိုက်တော့သည်။ ရေထဲသို့ ရောက်သည်နှင့် ချင်လဲ့သည် ထိုလူ၏ နောက်စေ့ကို သူ၏ လက်သီးဖြင့် အဆက်မပြတ် ထိုးနှက်ကာ သတ်ပစ်လိုက်၏။

“မြစ်ထဲမှာ... ဒီကောင်စုတ်ကို သတ်ကြစမ်း” ဖန်းထုံက ကမ်းပေါ်မှ ဒေါသတကြီး အော်ဟစ်လိုက်သည်။

ကျင့်ကြံသူအချို့မှာ သူတို့၏ ဝိညာဉ်လက်နက်များကို အသုံးပြုကာ အလင်းတန်းများ၊ ရေခဲဓားများနှင့် မီးလျှံများအား ချင်လဲ့ရှိရာသို့ ပစ်ခတ်ကြတော့သည်။

“ဗုန်း... ဗုန်း... ဗုန်း”

ချင်လဲ့ ဝတ်ထားသော သားရေချပ်ဝတ်မှာ ထိုတိုက်ခိုက်မှုများကို ကာကွယ်ပေးထားသဖြင့် သူ၏ ခန္ဓာကိုယ်အား မထိခိုက်ပေ။

“ဒါ အမှောင်အသူရာခန်းမက စစ်သည်တွေ ဝတ်တဲ့ သားရေချပ်ဝတ်ပဲ။ ဒါက ဝိညာဉ်သန့်စင်ခြင်း အဆင့်က တိုက်ခိုက်မှုတွေကို အတော်လေး ကာကွယ်နိုင်တယ်။ သူ့ရဲ့ ခေါင်းကိုပဲ ချိန်ပြီး တိုက်ကြစမ်း”

ရေထဲတွင် ဖြစ်သဖြင့် ချင်လဲ့၏ လှုပ်ရှားမှုများမှာ အတော်လေး နှေးကွေးနေသည်။ ဖန်းထုံ၏ အမိန့်ကို ကြားသောအခါ ချင်လဲ့၏ ရင်ထဲတွင် အေးစက်သွားပြီး ရေထဲမှ ခုန်ထွက်ရန်မှတစ်ပါး အခြားမရှိတော့ပေ။ သူသည် တိုက်ခိုက်မှုများကို ချပ်ဝတ်ဖြင့် ကာကွယ်ရင်း မြစ်၏ အခြားတစ်ဖက် ကမ်းပေါ်သို့ တက်ရန် ကြိုးစားလိုက်သည်။

“ဗုန်း..”

ဖန်းထုံ၏ လက်ထဲမှ ဓားရှည်မှာ ရောင်စုံအလင်းများ တောက်ပလာပြီး ချင်လဲ့၏ ကျောပြင်ကို ရိုက်ခတ်သွားရာ ချင်လဲ့မှာ ရှေ့သို့ မှောက်လျက် ကျသွားတော့သည်။ သူသည် ထိုအရှိန်ကို အသုံးချကာ တစ်ဖက်ကမ်း လမ်းမပေါ်သို့ တက်လိုက်သော်လည်း သူ၏ ရှေ့တွင် ရပ်နေသော လူတစ်ယောက်ကို တွေ့လိုက်ရသဖြင့် မှင်တက်သွားရသည်။

“ကောင်းယွီ...”

ကောင်းယွီသည် လမ်းဘေးတွင် အေးစက်စွာ ရပ်လျက် သူ့ကို ငုံ့ကြည့်နေ၏။

“မင်း တုမိသားစုဆီ သွားပြီး သူတို့ကို သတ်လိမ့်မယ်ဆိုတာ ငါ သိသားပဲ”

“ကောင်းယွီ... သူ့ကို တားထားစမ်း။ ငါတို့ အခုလာပြီ” ဖန်းထုံက ဝမ်းသာအားရ အော်ဟစ်လိုက်ပြီး သူ၏ လူများကို ခေါ်ကာ မြစ်ကို ဖြတ်ပြီး ချင်လဲ့ဆီသို့ ပြေးဝင်လာကြသည်။

“ကောင်းပြီလေ” ကောင်းယွီက အေးစက်စွာ ခေါင်းညိတ်လိုက်သည်။

သူ၏ လက်ချောင်းများပေါ်ရှိ ဘီလူးရုပ် လက်စွပ်များမှ ဝိညာဉ်များ ထွက်ပေါ်လာပြီး ကြောက်စရာကောင်းလှသော ဝိညာဉ်နတ်ဆိုးကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားတော့သည်။ ထိုနတ်ဆိုးကြီးမှာ ချင်လဲ့၏ လည်ပင်းကို ဆွဲဖြဲရန် အရှိန်အဟုန်ဖြင့် ပြေးဝင်သွား၏။

“ကောင်းတယ်” ဖန်းထုံက အားပေးလိုက်သည်။

သို့သော် ချင်လဲ့က မလှုပ်ရှားပေ။ သူသည် ကောင်းယွီ၏ မျက်လုံးများကိုသာ စူးစိုက်ကြည့်နေပြီး ပြေးဝင်လာသော နတ်ဆိုးအား လုံးဝ ကာကွယ်ခြင်း မပြုပေ။

ကောင်းယွီက သူ၏ နှုတ်ခမ်းကို မဲ့လိုက်ပြီး အေးစက်သော လေသံဖြင့် ရေရွတ်လိုက်သည်။

“မင်း ငါ့ကို ဒီလောက်အထိ မယုံကြည်သင့်ဘူး...”

စကားဆုံးသည်နှင့် ချင်လဲ့ဆီသို့ ပြေးဝင်သွားသော နတ်ဆိုးကြီးမှာ ချင်လဲ့၏ ခေါင်းပေါ်မှ ဝဲပျံကျော်လွှားသွားပြီး ဖန်းထုံနှင့် သူ၏ လူများဆီသို့ ရက်စက်စွာ ပြေးဝင် တိုက်ခိုက်လေတော့သည်။

All Chapters