အခန်း (၉၁-၉၂)
Vol. 10 Ch. 91-92
အခန်း ၉၁ - သူတော်စင်နယ်ပယ် အဆင့် ၈ ရှိ နတ်ဘုရားစိတ်ဝိညာဉ်၊ ထာဝရ ပါရမီရှင်
လင်းချန်သည် ကောင်းကင်တာအို၏ တိုက်ရိုက်အစာကျွေးခြင်း (စွမ်းအားလွှဲပြောင်းပေးခြင်း) ကို အကြိမ်အနည်းငယ် ခံစားဖူးပြီးသား ဖြစ်သည်။ သို့သော် အမှောင်ခန်းငယ်လေးထဲသို့ ဆွဲသွင်းခံရပြီး အစားအစာများကို ဗိုက်ထဲသို့ တိုက်ရိုက်ထည့်ပေးခံရသကဲ့သို့ ခံစားချက်မျိုးမှာမူ သူ့အတွက် ပထမဆုံးအကြိမ် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ဤသို့ ကျင့်ကြံခြင်းအဆင့်ကို တိုက်ရိုက်ရရှိနေသည့် အတွေ့အကြုံက ထူးဆန်းသော သာယာမှုတစ်မျိုးကို ပေးစွမ်းနေသည်ဟု ဆိုရပေမည်။
“ဝုန်း”
လင်းချန်၏ ခန္ဓာကိုယ် တုန်ခါသွားပြီး ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားစိတ်ဝိညာဉ်ဖိအားများသည် အရပ်မျက်နှာအနှံ့သို့ မလိုလားဘဲ ပျံ့နှံ့ထွက်ပေါ်လာခဲ့သည်။
နတ်ဘုရားစိတ်ဝိညာဉ်ကျင့်စဉ် အဆင့်တက်လှမ်းမှု - သူတော်စင်နယ်ပယ် အဆင့် ၄
စတင်ပြီး မကြာမီမှာပင် လင်းချန်၏ နတ်ဘုရားစိတ်ဝိညာဉ်ကျင့်ကြံခြင်းသည် သူတော်စင်နယ်ပယ် တတိယအလွှာမှ စတုတ္ထအလွှာသို့ ကျော်ဖြတ်သွားခဲ့သည်။ ဤသည်မှာ သူတော်စင်နယ်ပယ် အစောပိုင်းအဆင့်မှ အလယ်အလတ်အဆင့်သို့ ကူးပြောင်းသွားသည့် နိမိတ်လက္ခဏာပင် ဖြစ်သည်။
သူ၏ နတ်ဘုရားစိတ်ဝိညာဉ်သည် ဆယ်ဆမက ကျယ်ပြန့်လာကာ ခိုင်မာမှုနှင့် ကြံ့ခိုင်မှုတို့သည်လည်း လိုက်ပါမြင့်တက်လာသည်ဟု သူ ခံစားလိုက်ရသည်။ သို့သော်ငြား အမည်မသိဟင်းလင်းပြင်အတွင်း အဆက်မပြတ် စီးဆင်းနေသော စစ်မှန်သည့် နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအင်များသည် လင်းချန်၏ နတ်ဘုရားစိတ်ဝိညာဉ်ကျင့်ကြံခြင်းကို စိတ်ကူးမယဉ်နိုင်သော အမြင့်တစ်ခုသို့ ဆက်လက်တွန်းတင်ပေးနေဆဲပင်။
၎င်းသည် လင်းချန်၏ နတ်ဘုရားစိတ်ဝိညာဉ်ကျင့်စဉ်ကို မည်သူမျှ လက်လှမ်းမမီနိုင်သော အဆင့်အထိ ရောက်အောင် ပံ့ပိုးပေးလိုနေသည့်နှယ်ပင်။
ကစဉ့်ကလျား မြင့်မြတ်နယ်မြေ ပြင်ပတွင်...။
ကောင်းကင်ထက်၌ လင်းချန်၏ ပုံရိပ်မှာ ပျောက်ကွယ်သွားပြီး ၎င်း၏နေရာတွင် ပေရာပေါင်းများစွာ ကျယ်ပြန့်ကာ တရားစီရင်ခြင်း အရှိန်အဝါများ ထွက်ပေါ်နေသည့် ထူးဆန်းသော အနက်ရောင် မြူထုကြီး တစ်ခု အစားထိုးဝင်ရောက်လာခဲ့သည်။
လင်းချန်ကို မမြင်ရသော်လည်း ကစဉ့်ကလျား မြင့်မြတ်နယ်မြေရှိ နက်နဲသော ကျင့်ကြံခြင်းအဆင့်ရှိသည့် ပုဂ္ဂိုလ်ကြီးများမှာမူ လင်းချန်၏ အခြေအနေသည် ထိုအနက်ရောင်မြူထုအတွင်း အလွန်ကောင်းမွန်နေကြောင်း အာရုံခံနိုင်ကြဆဲပင်။ အချိန်ကြာလာသည်နှင့်အမျှ လင်းချန်၏ နတ်ဘုရားစိတ်ဝိညာဉ် အသက်စွမ်းအားမှာလည်း အဆက်မပြတ် အားကောင်းလာပြီး အသွင်ကူးပြောင်းမှုတစ်ခုကို ဖြတ်သန်းနေသည်။
ကစဉ့်ကလျား နတ်ဘုရားတောင်ထိပ်၌...။
ကစဉ့်ကလျား မြင့်မြတ်နယ်မြေ၏ ထိပ်တန်းပုဂ္ဂိုလ်ကြီးများသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ပြတ်သားသော အကြည့်များကို ပြသလိုက်ကြသည်။ သူတို့၏ ကစဉ့်ကလျား မြင့်မြတ်နယ်မြေအနေဖြင့် ရှေးဟောင်းကန္တာရ လင်းမိသားစုနှင့် အကြွင်းမဲ့ ပူးပေါင်းကာ လင်းချန်ကို အတူတကွ ပျိုးထောင်ပေးရန် ဆုံးဖြတ်လိုက်ကြပုံရသည်။
လင်းချန်သာ ဧကရာဇ်တစ်ပါး ဖြစ်လာခဲ့လျှင် ၎င်းသည် သူတို့၏ ကစဉ့်ကလျား မြင့်မြတ်နယ်မြေအတွက် နတ်ဘုရားက ပေးသနားသော အခွင့်အရေးပင် ဖြစ်လိမ့်မည်။ ထိုအချိန်ကျလျှင် သူတို့စောင့်ကြပ်နေသော တားမြစ်နယ်မြေကို အမြစ်ပြတ် တိုက်ဖျက်နိုင်ရုံသာမက ကစဉ့်ကလျား မြင့်မြတ်နယ်မြေကိုလည်း နောက်ထပ် အဆင့်တစ်ခုသို့ တက်လှမ်းနိုင်စေမည့် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကိုလည်း ရရှိလာမည်ဖြစ်သည်။
လင်းချန်သည် ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းနိုင်ပါ့မလား သို့မဟုတ် တက်လှမ်းပြီးနောက် တားမြစ်နယ်မြေကို ရှင်းလင်းနိုင်ပါ့မလား ဆိုသည့် မေးခွန်းများကိုမူ သူတို့ လုံးဝမစဉ်းစားတော့ပေ။
လင်းချန်၏ ပါရမီနှင့်ဆိုလျှင် ဧကရာဇ်နယ်ပယ်သို့ ရောက်ရှိရန်မှာ အနှောင့်အယှက် လုံးဝမရှိနိုင်ပေ။ ပါရမီရှင်စာရင်းတွင် နံပါတ် (၁) နှင့် နတ်ဘုရားစာရင်းတွင် နံပါတ် (၁) ရထားခြင်းမှာ အလကားမဟုတ်ပေ။
ထို့အပြင် တားမြစ်နယ်မြေမှ အထွတ်အထိပ် ပုဂ္ဂိုလ်များ ဆိုသည်မှာလည်း နည်းလမ်းအမှားများကို သုံးကာ ဧကရာဇ်နယ်ပယ်သို့ ခြေတစ်လှမ်းလှမ်းထားကြသည့် လူအိုကြီးများသာ ဖြစ်သည်။ စစ်မှန်သော မဟာဧကရာဇ် တစ်ပါးရှေ့တွင် သူတို့မှာ အလွန်ပင် နုနယ်လှပေသည်။
ထို့ထက်မက လင်းချန်ကဲ့သို့ အဆင့်တူတွင် တာအိုဘိုးဘေးကိုပင် အနိုင်ယူနိုင်သည့် ပြိုင်ဘက်ကင်း ဧကရာဇ်မျိုးနှင့် ဆိုလျှင် သာ၍ပင် ပြောစရာမလိုတော့ချေ။
အခြား မဟာဧကရာဇ်များနှင့်ဆိုလျှင် တားမြစ်နယ်မြေရှိ အထွတ်အထိပ်ပုဂ္ဂိုလ်များက အင်အားစုပေါင်း၍ ယှဉ်ပြိုင်နိုင်ကောင်း နိုင်လိမ့်မည် ဖြစ်သော်လည်း ပြိုင်ဘက်ကင်း ဧကရာဇ်တစ်ပါးရှေ့တွင်မူ သူတို့၏ ကံကြမ္မာမှာ သမိုင်း၏ ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားရန်သာ ရှိတော့သည်။
ကစဉ့်ကလျား မြင့်မြတ်နယ်မြေရှိ ပုဂ္ဂိုလ်ကြီးများ၏ မျက်နှာအမူအရာများ ပြောင်းလဲသွားသည်ကို မြင်သောအခါ လင်းမိသားစုမှ အကြီးအကဲများ ကျေနပ်စွာ ပြုံးလိုက်မိကြသည်။ ကစဉ့်ကလျား မြင့်မြတ်နယ်မြေ၏ အဆင့်မြင့်ပုဂ္ဂိုလ်များသည် သူတို့နှင့်အတူ ပခုံးချင်းယှဉ် တိုက်ပွဲဝင်ရန် လုံးဝဆုံးဖြတ်လိုက်ကြပြီ ဖြစ်ကြောင်း သိသာလှပေသည်။
ယခုအခါတွင်မူ မိသားစု မဟာအကြီးအကဲနှင့် ကစဉ့်ကလျား မြင့်မြတ်နယ်မြေ၏ အရှင်သခင်ယွမ်ချူးတို့၏ ဆွေးနွေးမှု မည်သို့ဖြစ်လာမည်ကိုသာ စောင့်ကြည့်ရန် ကျန်တော့သည်။
မိသားစု အကြီးအကဲအားလုံးသည် မထိန်းချုပ်နိုင်သော ချစ်ခင်မြတ်နိုးမှု၊ ကြည်ညိုလေးစားမှုများဖြင့် လင်းချန်ရှိရာ အရပ်သို့ တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြသည်။ ဤကဲ့သို့သော နတ်ဘုရားသားတော်တစ်ပါး ရှိနေသရွေ့ သူတို့၏ ရှေးဟောင်းကန္တာရ လင်းမိသားစုသည် ဘိုးဘေးများလက်ထက်က ရောက်ရှိခဲ့သော အထွတ်အထိပ်အခြေအနေကိုပင် ကျော်လွန်သွားနိုင်ပေလိမ့်မည်။
“ဝုန်း... ဝုန်း... ဝုန်း...”
အချိန်မည်မျှကြာသွားသည်မသိ...တုန်ခါနေသောအသံများစွာနှင့်အတူ အနက်ရောင်မြူထုကြီးမှာ ရုတ်တရက် အစအနမကျန် ပျောက်ကွယ်သွား၏။ ကစဉ့်ကလျား မြင့်မြတ်နယ်မြေ၏ ကောင်းကင်ထက်တွင် တင်ပျဉ်ခွေထိုင်နေသော လူငယ်တစ်ဦး၏ ပုံရိပ်သာ ကျန်ရှိတော့လေသည်။
သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် အားကောင်းလှသော နတ်ဘုရားစိတ်ဝိညာဉ်ဖိအားများသည် အတိုင်းအဆမရှိ ပျံ့နှံ့ထွက်ပေါ်နေပြီး ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံထားကာ အရာအားလုံးကို ရပ်တန့်သွားစေမည့်အလား ခံစားရစေသည်။
ဤသည်ကို မြင်သောအခါမှ ကစဉ့်ကလျား မြင့်မြတ်နယ်မြေ၏ တပည့်များနှင့် အားကောင်းသော ပုဂ္ဂိုလ်ကြီးများသည် ယခင်က ဖြစ်ပေါ်ခဲ့သော တုန်လှုပ်မှုနှင့် ဝေခွဲမရဖြစ်မှုများမှ ပြန်လည်သက်သာလာကြသည်။ ဤတစ်ကြိမ်တွင်မူ အတိဒုက္ခကို ကျော်ဖြတ်ခြင်း အမှန်တကယ် ပြီးဆုံးသွားပြီ မဟုတ်ပါလော။
လင်းချန်၏ လက်ရှိပုံစံကို ကြည့်ခြင်းအားဖြင့် သူ၏ နတ်ဘုရားစိတ်ဝိညာဉ်ကျင့်စဉ်သည် နောက်ထပ် တိုးတက်မှုအသစ်များ ရရှိခဲ့သည်မှာ သေချာသလောက်ပင်။
အတိဒုက္ခကို ကျော်ဖြတ်နေစဉ်မှာပင် သူ၏အင်အားကို အလျင်အမြန် မြှင့်တင်နိုင်သည့် လင်းချန်၏ စွမ်းဆောင်ရည်အပေါ် သူတို့အားလုံးက စိတ်ရင်းမှန်ဖြင့် မနာလိုဖြစ်မိကြသည်။
ကစဉ့်ကလျား မြင့်မြတ်နယ်မြေရှိ တပည့်များနှင့် ပုဂ္ဂိုလ်ကြီးများ အားလုံး၏ စောင့်ကြည့်နေမှုအောက်တွင် လင်းချန်၏ မျက်တောင်များ လှုပ်ခတ်သွားပြီး မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ သူ မျက်လုံးဖွင့်လိုက်သည်နှင့် တပြိုင်နက် ဟုန်းဟုန်းတောက်နေသော နတ်ဘုရားစိတ်ဝိညာဉ်ဖိအားများသည် တိတ်ဆိတ်စွာ ပြန်လည်ဆုတ်ခွာသွားပြီး အစအနမကျန် ပျောက်ကွယ်သွားတော့သည်။
“ဟူး...”
လင်းချန်သည် မတ်တပ်ရပ်ကာ အကြောဆန့်လိုက်ပြီး မျက်နှာတွင် တည်ငြိမ်သော အပြုံးတစ်ခုကို ဆင်မြန်းလိုက်သည်။
ကောင်းကင်ဘုံအတိဒုက္ခ အလွှာသုံးခုစလုံး ပြီးဆုံးသွားပြီဖြစ်ရာ ၎င်းသည် ယာယီနိဂုံးချုပ်သွားခြင်းပင် ဖြစ်သည်။
ဤ သုံးထပ်ကွမ်း ကောင်းကင်ဘုံအတိဒုက္ခသည် သူ၏ လက်ရှိ နတ်ဘုရားစိတ်ဝိညာဉ်ကျင့်စဉ်ကို သူတော်စင်နယ်ပယ်အဆင့် ၈ သို့ ရောက်ရှိစေခဲ့သည်။ သူ၏ ဝိညာဉ်စွမ်းအာ ကျင့်စဉ်မှာ သူတော်စင်နယ်ပယ် အဆင့် ၁ တွင်သာ ရှိနေသေးသော်လည်း ဝိညာဉ်စွမ်းအား၏ အရည်အသွေးမှာမူ အကြိမ်ကြိမ် အသွင်ပြောင်းလဲခဲ့ပြီးဖြစ်ရာ အဆမတန် အားကောင်းလာခဲ့ပြီဖြစ်သည်။
သူ၏ ရုပ်ခန္ဓာကျင့်စဉ်မှာမူ မဟာသူတော်စင်နယ်ပယ် အဆင့် ၆ သို့ တစ်ဟုန်ထိုး တက်လှမ်းသွားခဲ့သည်။ အရေးကြီးဆုံးအချက်မှာ သူသည် မိမိ၏ အင်အားကို အပြည့်အဝ ထိန်းချုပ်နိုင်စွမ်းရှိသွားခြင်းဖြစ်ပြီး ယခုအခါ သူပိုင်ဆိုင်သမျှ အရာအားလုံး၏ ရာနှုန်းပြည့်စွမ်းအားကို ထုတ်ဖော်နိုင်ပြီ ဖြစ်သည်။
ကစဉ့်ကလျား မြင့်မြတ်နယ်မြေသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် နောက်အခိုက်တွင် တပည့်များနှင့် ပုဂ္ဂိုလ်ကြီးများအားလုံးက တစ်ဦးနှင့်တစ်ဦး ကြိုတင်တိုင်ပင်ထားသကဲ့သို့ တညီတညွတ်တည်း အော်ဟစ်နှုတ်ဆက်လိုက်ကြသည်။
“ရှေးဟောင်းကန္တာရ လင်းမိသားစုရဲ့ နတ်ဘုရားသားတော် အတိဒုက္ခကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ပြီး အင်အားတွေ အဆမတန် တိုးတက်လာတဲ့အတွက် ဂုဏ်ပြုပါတယ်။”
ဤအခိုက်အတန့်တွင် သူတို့၏ နှလုံးသားထဲ၌ လင်းချန်အပေါ် အကြွင်းမဲ့ အံ့ဩလေးစားမှုများဖြင့် ပြည့်နှက်နေလေပြီ။ ဤကဲ့သို့သော ပါရမီရှင်မျိုးကိုသာ ထာဝရ အားအကောင်းဆုံး ပါရမီရှင်ဟု ခေါ်ဆိုထိုက်ပေသည်။
အခန်း ၉၂ - နတ်ဘုရားစာရင်း၏ အဓိကအပြောင်းအလဲများ၊ လောကကြီးက မသိသေးသော ဝါကျ၏နောက်ကွယ်မှ အမှန်တရား
ကောင်းကင်ထက်တွင် ပဲ့တင်ထပ်နေသော ဟိန်းဟောက်သံကြီးသည် လင်းချန်၏ နားထဲသို့ ရောက်ရှိလာပြီး သူ၏ အတွေးများကို ရပ်တန့်စေခဲ့သည်။ သူသည် အောက်ဘက်သို့ ငုံ့ကြည့်ကာ တည်ငြိမ်သောအပြုံးဖြင့် တုံ့ပြန်လိုက်သည်။
“ကျေးဇူးတင်ပါတယ် တာအိုမိတ်ဆွေတို့။”
သူ၏အသံမှာ အေးဆေးတည်ငြိမ်သော်လည်း ဖရိုဖရဲ ဝိညာဉ်စွမ်းအား၏ အကူအညီဖြင့် နယ်မြေတစ်ခုလုံး၏ အနှံ့အပြားသို့ ပဲ့တင်ထပ်သွားခဲ့သည်။ သူ၏အသံဆုံးသည်နှင့် တစ်ဖက်မှ တုံ့ပြန်မှုကိုပင် မစောင့်တော့ဘဲ လင်းချန်သည် ရှေ့သို့ခြေတစ်လှမ်းလှမ်းကာ ကောင်းကင်ယံမှ ပျောက်ကွယ်သွားတော့သည်။
အတိဒုက္ခကို ကျော်ဖြတ်ခြင်း ပြီးဆုံးသွားပြီဖြစ်ရာ သူသည် ကစဉ့်ကလျား မြင့်မြတ်နယ်မြေအတွင်းရှိ အခြားလျှို့ဝှက်ဆန်းကြယ်သော နေရာများသို့သွားရောက်၍ လက်မှတ်ထိုးဝင်ခြင်း အခွင့်အရေးများကို အသုံးချရန် ရည်ရွယ်ထားပေသည်။ ထို့အပြင် အချိန်ကို တွက်ချက်ကြည့်လျှင် နတ်ဘုရားမျှော်စင် အခွင့်အရေး ကုန်ဆုံးရန် အချိန်မှာလည်း နီးကပ်နေပြီဖြစ်သည်။
နောက်ထပ် မည်သည့်အခွင့်အရေးများ ပေါ်ပေါက်လာဦးမည်နည်းဆိုသည်ကို လင်းချန် အတော်လေး မျှော်လင့်နေမိ၏။ ထို့ကြောင့် မနက်ဖြန်တွင် နတ်ဘုရားမျှော်စင် အခွင့်အရေး မကုန်ဆုံးမီ ကစဉ့်ကလျား မြင့်မြတ်နယ်မြေရှိ လျှို့ဝှက်နေရာအားလုံးကို ပတ်ကြည့်ရန် သူ ဆုံးဖြတ်လိုက်သည်။
လုံလောက်သော ပြင်ဆင်မှုများ ပြုလုပ်ပြီးပါက သူသည် နောက်ထပ်ပေါ်လာမည့် အခွင့်အရေးကို အရယူကာ သူ၏ အင်အားကို ဆက်လက်မြှင့်တင်ရမည် ဖြစ်သည်။ သူ၏ လက်ရှိအင်အားမှာ သိသိသာသာ တိုးတက်လာပြီ ဖြစ်သော်လည်း သူ၏ ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိရန်မှာမူ များစွာ လိုအပ်နေသေးသည်။
ကစဉ့်ကလျား မြင့်မြတ်နယ်မြေရှိ တပည့်များနှင့် ပညာရှင်များသည် လင်းချန်၏ တုံ့ပြန်စကားကို ကြားသောအခါ ပြုံးမိကြသည်။ လင်းမိသားစု၏ နတ်ဘုရားသားတော်မှာ မာနထောင်လွှားခြင်းမရှိဘဲ အလွန်ကောင်းမွန်သော စိတ်နေသဘောထား ရှိပုံရသည်။ ဤကဲ့သို့သော အမူအကျင့်မျိုးမှာ စစ်မှန်သော ပါရမီရှင်တစ်ဦး ပိုင်ဆိုင်သင့်သည့် အရည်အချင်းပင် ဖြစ်သည်။
“သူတစ်ပါးက ငါ့ကို မနှောင့်ယှက်ရင် ငါလည်း မနှောင့်ယှက်ဘူး။ သူတစ်ပါးက ငါ့ကို လေးစားရင် ငါကလည်း ယဉ်ကျေးစွာ ဆက်ဆံမယ်။”
သာမန်ရင်ပြင်တစ်ခုတွင် ရှောင်ဖန်သည် အသက်ပြင်းပြင်းရှူကာ သူ၏ စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်လိုက်သည်။ လင်းချန်၏ အတိဒုက္ခကျော်ဖြတ်ခြင်း ပြီးဆုံးသွားပြီဖြစ်ရာ သူသည် ကစဉ့်ကလျား မြင့်မြတ်နယ်မြေ၏ ကျန်ရှိသော နေရာများကို ဆက်လက် လှည့်လည်ကြည့်ရှုပေဦးမည်။
ထို့ပြင် ဖူကွမ်းမြို့ အထက်တွင် ပေါ်ထွန်းနေသော နတ်ဘုရားမျှော်စင် အခွင့်အရေးမှာလည်း မကြာမီ ကုန်ဆုံးတော့မည် ဖြစ်သည်။ နောက်ထပ် အခွင့်အရေးအသစ်တစ်ခု ပေါ်လာပါက လင်းချန်သည် ထိုနေရာသို့ သေချာပေါက် အပြေးအလွှား သွားပေလိမ့်မည်။ ထို့ကြောင့် လင်းချန် သူတို့နယ်မြေတွင် ဆက်နေမည့်အချိန်မှာ သိပ်မကျန်တော့ပေ။
ဤသည်ကို တွေးမိရင်း ရှောင်ဖန်သည် ရင်ထဲမှ သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်မိသည်။
‘ဒီလို ထူးဆန်းလွန်းတဲ့ ကောင်မျိုး ငါတို့နယ်မြေကနေ မြန်မြန်ထွက်သွားတာပဲ ကောင်းတယ်။’
လင်းချန်သာ ဆက်နေဦးမည်ဆိုလျှင် သူ ရူးသွားနိုင်သည်ဟု ရှောင်ဖန် ခံစားနေရသည်။ လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀ က လင်းချန်နှင့် ပြိုင်ဘက်အဖြစ် ယှဉ်ပြိုင်ခဲ့စဉ်ကထက်ပင် ယခုခံစားချက်က ပို၍ ပြင်းထန်နေသေးသည်။ ထိုစဉ်က လင်းချန်မှာ ထူးချွန်သော်လည်း ယခုလောက်အထိ ကြောက်စရာ မကောင်းခဲ့ပေ။ နှစ်ပေါင်း ၃၀၀၀ ကြာ မိမိကိုယ်ကိုယ် ချိတ်ပိတ်ထားပြီးနောက်တွင်မူ လင်းချန်သည် အရာအားလုံး ထိန်းချုပ်မရအောင်ပင် တိုးတက်လာခဲ့ပုံရသည်။
ထိုစဉ် သူ့အနောက်ဘက်မှ အလွန်ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“တာအိုမိတ်ဆွေ ရှောင်ဖန် ငါ မင်းကို အကြာကြီး စောင့်ခိုင်းလိုက်မိသွားလား။”
ထိုအသံကို ကြားလျှင် ရှောင်ဖန်သည် ချက်ချင်းလှည့်ကြည့်လိုက်ရာ သူ အတွေ့ချင်ဆုံး မဟုတ်သည့် လူသား၏ ပုံရိပ်ကို မြင်လိုက်ရလေသည်။ ရှောင်ဖန်သည် နှုတ်ခမ်းကို အနည်းငယ် တွန့်လိမ်လိုက်ရင်း အားတင်းကာ ပြောလိုက်သည်။
“မလောပါဘူး...။ မင်း ခုနက အတိဒုက္ခကျော်ဖြတ်တဲ့ မြင်ကွင်းက အရမ်းကို မှင်တက်စရာ ကောင်းနေလို့ သတိမကပ်နိုင် ဖြစ်သွားတာပါ။
ဒါနဲ့ မင်း ငါတို့ ကစဉ့်ကလျား မြင့်မြတ်နယ်မြေက တခြားနေရာတွေကို ဆက်သွားဦးမှာလား။ အခုလေးတင် နတ်ဘုရားစာရင်းမှာ အပြောင်းအလဲတချို့ ဖြစ်သွားခဲ့တယ်။”
နတ်ဘုရားစာရင်းမှာ အပြောင်းအလဲအသစ်တွေ ဖြစ်သွားတာလား။
ထိုစကားကို ကြားသောအခါ လင်းချန်၏ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့သည်။ သူသည် ဤအချက်ကို သိပ်သတိမထားမိခဲ့ပေ။ ခုနက အတိဒုက္ခကို ကျော်ဖြတ်နေစဉ်အတွင်း ကောင်းကင်ဘုံအတိဒုက္ခကိုသာ အာရုံစိုက်နေခဲ့ရပေသည်။
သူသည် ကောင်းကင်၏ အနက်ရှိုင်းဆုံးနေရာတွင် အထင်အရှားတည်ရှိနေသော ရွှေအိုရောင် နတ်ဘုရားစာရင်းဆီသို့ အသာအယာ မော့ကြည့်လိုက်သည်။ နောက်အခိုက်တွင် လင်းချန်၏ မျက်နှာပေါ်၌ အံ့ဩသော အရိပ်အယောင်များ ဖြစ်ပေါ်လာတော့သည်။
အမှန်တကယ်ပင် အပြောင်းအလဲများ ဖြစ်ပေါ်နေပြီး ထိုအပြောင်းအလဲများမှာ အတော်လေး သိသာလှသည်။ နတ်ဘုရားစာရင်း၏ အောက်ဆုံးအဆင့်များ အားလုံးနီးပါး ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ယခင်က ရှိခဲ့သော အဆင့်များမှာ ပျောက်ကွယ်သွားပြီး နာမည်အသစ်များဖြင့် အစားထိုးဝင်ရောက်လာခဲ့သည်။
[နတ်ဘုရားစာရင်း၊ အဆင့် ၉၉ - ဖူကွမ်းမြင့်မြတ်ပြည်နယ်၊ ရှေးဟောင်းကန္တာပ လင်းမိသားစု၊ လင်းထင်ထောင်း]
[နတ်ဘုရားစာရင်း၊ အဆင့် ၉၈ - နတ်ဆိုးနတ်ဘုရား ပြည်နယ်၊ လိပ်နက်မျိုးနွယ်စု၊ ရွှမ်းကျွင်း]
[နတ်ဘုရားစာရင်း၊ အဆင့် ၉၇ - နတ်ဆိုးနတ်ဘုရား ပြည်နယ်၊ ကျားဖြူမျိုးနွယ်စု၊ ပိုင်ကူ]
[နတ်ဘုရားစာရင်း၊ အဆင့် ၉၆ - မင်ပြည်နယ်၊ ဆန်လော့ ဝိဉာည်နယ်ပယ်၊ ထူစန်းလော့]
[နတ်ဘုရားစာရင်း၊ အဆင့် ၉၅ - ယွမ်ထျန်း နတ်ဘုရားတိုက်ကြီး၊ ရှေးဟောင်း ယွမ်မိသားစု၊ ယွမ်ချန်းချိုး]
[နတ်ဘုရားစာရင်း၊ အဆင့် ၉၄ - နတ်ဆိုးနတ်ဘုရား ပြည်နယ်၊ မသေမျိုး ဖီးနစ်မျိုးနွယ်စု၊ ဟွမ်ကျိုးယို]
[နတ်ဘုရားစာရင်း၊ အဆင့် ၉၃ - နတ်ဆိုးနတ်ဘုရား ပြည်နယ်၊ ခြေသည်းငါးချောင်း ရွှေနဂါးမျိုးနွယ်စု၊ အောင်ထျန်းကျွင်း]
[နတ်ဘုရားစာရင်း၊ အဆင့် ၉၂ - လျိုရှား ကောင်းကင်ပြည်နယ်၊ လျိုရှား သူတော်စင်နယ်မြေ၊ ယန်လျိုရှား]
[နတ်ဘုရားစာရင်း၊ အဆင့် ၉၀ - ဖူကွမ်း မြင့်မြတ်ပြည်နယ်၊ ရှေးဟောင်းကန္တာရ လင်းမိသားစု၊ လင်းရှန်ဟဲ]
နတ်ဘုရားစာရင်း၏ အဆုံးပိုင်းတွင် အဆင့်အသစ် ကိုးခု ပေါ်ထွက်လာပြီး ထိုနေရာများကို နှစ်ပေါင်းများစွာကြာအောင် သိမ်းပိုက်ထားသည့် သမိုင်းတစ်လျှောက် အတော်ဆုံး ပါရမီရှင် ကိုးဦးကို ဖယ်ရှားကာ အစားထိုးလိုက်ခြင်း ဖြစ်သည်။
လင်းချန်မှလွဲ၍ ပါရမီရှင်စာရင်း၏ ထိပ်ဆုံးဆယ်ဦးတွင် ကျန်ရှိနေသော ပါရမီရှင်များသည် သမိုင်းတစ်လျှောက် အားအကောင်းဆုံး ပါရမီရှင်သစ်များ ဖြစ်လာကြပြီဖြစ်သည်။
နတ်ဘုရားစာရင်းသစ်တွင် လင်းချန်ကို စိတ်ဝင်စားစေသည့်အချက်မှာ လင်းရှန်ဟဲသည် အဆင့် ၉၀ အထိ ရောက်ရှိနေခြင်းပင် ဖြစ်သည်။ သူသည် ပါရမီရှင်စာရင်းတွင် အဆင့် ၃ ရှိသော ယန်လျိုရှားထက်ပင် နှစ်ဆင့်သာနေခဲ့သည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူ၏အင်အားမှာ များစွာ တိုးတက်လာပုံရသည်။ ဤရွှေခေတ်ကြီး၏ အကြောက်စရာအကောင်းဆုံး ပါရမီရှင်အုပ်စုသည်လည်း သူတို့၏ ကိုယ်ပိုင်အသီးအပွင့်များကို ရရှိခဲ့ကြပြီး အင်အားများကို မြှင့်တင်နိုင်ခဲ့ကြပေသည်။
နတ်ဘုရားစာရင်းမှ အကြည့်ကို လွှဲလိုက်ပြီးနောက် လင်းချန်သည် ရှောင်ဖန်ကို ပြန်ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
“မင်းသာ မိမိကိုယ်ကိုယ် ချိတ်ပိတ်ဖို့ ရွေးချယ်ခဲ့မယ်ဆိုရင် မင်းရဲ့ ပါရမီနဲ့ ဒီနတ်ဘုရားစာရင်းထဲမှာ ပါဖို့ အခွင့်အလမ်း အများကြီး ရှိခဲ့မှာပါပဲ။ အခုလို ရလဒ်မျိုးအပေါ်မှာ မင်း နောင်တရတာမျိုး မရှိဘူးလား။”
ဤနေရာတွင် လင်းချန်သည် ရှောင်ဖန်၏ အဖြေကို မစောင့်တော့ဘဲ တစ်ကိုယ်တည်း ဆက်ပြောလိုက်သည်။
“ငါ နိုးထလာစတုန်းက မင်းလည်း ငါ့လိုပဲ ကိုယ့်ကိုယ်ကိုယ် ချိတ်ပိတ်ထားမယ်လို့ ထင်ခဲ့မိတယ်။ ဒါပေမဲ့ မင်းက ပြင်ပလောကမှာ နှစ်ပေါင်း ၃၀၀၀ ကြာအောင် ကျင့်ကြံဖို့ ရွေးချယ်ခဲ့လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။”
စကားအဆုံးတွင် လင်းချန်သည် အနည်းငယ် နှမြောတသဟန်ဖြင့် သက်ပြင်းချလိုက်သည်။ သူသည် ကစဉ့်ကလျား မြင့်မြတ်နယ်မြေသို့ ရောက်ကတည်းက ဤစကားများကို ရှောင်ဖန်အား ပြောရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။
ယခင်က အခွင့်အရေး မရခဲ့သော်လည်း ယခု အကြောင်းအရာ ပေါ်လာသဖြင့် ပြောပြလိုက်ခြင်း ဖြစ်သည်။ သူ၏ မျိုးဆက်မှ ပါရမီရှင်များထဲတွင် သူ အမှန်တကယ် အသိအမှတ်ပြုထားသူမှာ ရှောင်ဖန် တစ်ဦးတည်းသာ ရှိသည်။
ရှောင်ဖန်သည် သူ၏ နောက်လိုက်ဖြစ်ရန် မထိုက်တန်ဟု ပြောခဲ့ခြင်းမှာလည်း သူသည် မည်သည့်နောက်လိုက်ကိုမျှ မယူလိုသောကြောင့် ဆင်ခြေပေးခဲ့ခြင်းသာ ဖြစ်ပြီး ရှောင်ဖန်ကို အထင်သေးလိုစိတ် အလျဉ်းမရှိပေ။
သူ့စကားအဆုံးတွင် ရှောင်ဖန်၏ မျက်နှာအမူအရာမှာ အနည်းငယ်မျှပင် ပြောင်းလဲမသွားဘဲ ပွင့်လင်းစွာ ပြုံးလိုက်သည်။
“ငါ့ရဲ့ အဘိဓာန်မှာ နောင်တဆိုတဲ့ စကားလုံး မရှိဘူး။ ငါ တစ်ခါ ရွေးချယ်ပြီးပြီဆိုရင် အဲ့ဒီလမ်းကို ငါ အဆုံးအထိ ဆက်လျှောက်မယ်။ ဒါ့အပြင် ငါ့ရဲ့ ကျင့်ကြံဆင့်က သူတို့ထက် အများကြီး သာနေသေးတယ်။ နောက်ဆုံးမှာ ဘယ်သူနိုင်မလဲ ဆိုတာကတော့ မသိနိုင်သေးပါဘူး။”
သူ၏ ရဲရင့်သော ထိုစကားသံများမှာ ဟိန်းထွက်သွားပြီး ရှောင်ဖန်၏ ရင်ထဲမှ စစ်မှန်သော အတွေးများကို ထင်ဟပ်စေခဲ့သည်။
ထိုစကားကို ကြားသောအခါ လင်းချန်သည် မျှော်လင့်ထားသည့်အတိုင်း ပြုံးလိုက်မိ၏။
ဤလူမှာ အရင်အတိုင်းပင်။ တည်ငြိမ်သော အသွင်အပြင်အောက်တွင် ထက်သန်ပြင်းပြပြီး ရဲရင့်သော စိတ်ဝိညာဉ်တစ်ခုကို ဖုံးကွယ်ထားဆဲပင်။
လင်းချန်က ရှောင်ဖန်ကို သူ၏နောက်လိုက်ဖြစ်ရန် မထိုက်တန်ဟု ပြောဆိုကာ ငြင်းပယ်ခဲ့သည်ကိုသာ လောကက သိထားကြသော်လည်း ထိုစဉ်က နောက်ဆုံး၌ ရှောင်ဖန် ပြောသွားခဲ့သော စကားတစ်ခွန်းကိုမူ မည်သူမျှ မသိကြပေ။
“မင်းက ငါ့ကို မင်းရဲ့နောက်လိုက်အဖြစ် လက်မခံချင်ဘူးဆိုရင် တစ်နေ့မှာ ငါ မင်းထက်သာအောင် လုပ်ပြမယ်။ ပြီးရင် မင်းကို ငါ့ရဲ့နောက်လိုက် ဖြစ်လာစေရမယ်။”
လင်းချန်သည် ရှောင်ဖန်၏ ပုခုံးကို ပုတ်ကာ ခပ်ဖွဖွ ပြုံးလိုက်သည်။
“အခု မင်းရဲ့ အင်အားက ငါ့ထက် သာနေပြီဆိုတော့ အဲ့ဒီတုန်းက ပြောခဲ့တဲ့ စကားရဲ့ တစ်ဝက်ကို မင်း ဖြည့်ဆည်းနိုင်ခဲ့ပြီလို့ ပြောလို့ရတယ်။ ဒါပေမဲ့ ကျန်တဲ့ တစ်ဝက်အတွက်ကတော့ မင်းအတွက် မျှော်လင့်ချက် သိပ်မမြင်မိဘူး။”
ပြောပြောဆိုဆိုဖြင့် လင်းချန်သည် လက်နှစ်ဖက်ကို ခေါင်းနောက်တွင် ပိုက်ကာ ရင်ပြင်ပြင်ပသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားရင်း ဝေးကွာသွားသော စကားသံတစ်ခုကိုသာ ချန်ထားခဲ့သည်။
“တာအိုမိတ်ဆွေ ရှောင်ဖန် နောက်ထပ် မင်းတို့ရဲ့ မြင့်မြတ်နယ်မြေကို လိုက်ပြဖို့ အချိန်ရောက်ပြီနော်။”
လင်းချန်၏ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း ရှောင်ဖန် အနည်းငယ် မှင်တက်သွားပြီးနောက် ခေါင်းကိုခါယမ်းကာ ပြုံးလိုက်မိသည်။
“လာပါပြီကွာ...။ ဘာလို့ ဒီလောက်ထိ အလောတကြီး ဖြစ်နေတာလဲ။”
ထိုသို့ပြောရင်း သူသည်လည်း ရှေ့သို့ခြေတစ်လှမ်းလှမ်းကာ လင်းချန်၏ နောက်သို့ နီးကပ်စွာ လိုက်ပါသွားတော့သည်။