← Chapters

အခန်း ၆၃-၆၄)

Vol. 10 Ch. 93-94

အခန်း ၆၃-၆၄)

Vol. 10 Ch. 93-94

အခန်း ၉၃ - ကစဉ့်ကလျား နန်းတော်၌ လက်မှတ်ထိုးဝင်ခြင်း၊ ချီတစ်ခုမှ သုံးခုအဖြစ် အသွင်ပြောင်းလဲခြင်း

ခဏအကြာတွင် သူတို့နှစ်ဦးသည် ဖရိုဖရဲဆန်ပြီး နောက်ကျိကျိ အလင်းတန်းများ ဖြာထွက်နေသော ဧရာမ နန်းတော်ကြီးတစ်ခု၏ ရှေ့တွင် ရပ်လိုက်ကြလေသည်။ ဤနန်းတော်ကြီးသည် ကျယ်ပြောလှသော ရင်ပြင်တစ်ခုပေါ်တွင် တည်ရှိသော်လည်း လက်ရှိတွင် လူသူကင်းမဲ့ကာ အေးစက်တိတ်ဆိတ်နေခဲ့သည်။

လင်းချန်နှင့် ရှောင်ဖန်တို့သည် လေဟာနယ် ထဲမှ ထွက်လာကြပြီး နန်းတော်ကို လေ့လာကြည့်လိုက်ကြသည်။ နန်းတော်ပေါ်တွင် ထွင်းထုထားသော အားမာန်ပါသည့် လက်ရေးအက္ခရာများကို မြင်သောအခါ လင်းချန်၏ မျက်ခုံးများ အနည်းငယ် လှုပ်ခတ်သွား၏။

“ကစဉ့်ကလျားနန်းတော်လား။ ငါ မှတ်မိသလောက်ဆိုရင် ဒါက မင်းတို့ ကစဉ့်ကလျား မြင့်မြတ်နယ်မြေရဲ့ ကျင့်စဉ်တွေနဲ့ နတ်ဘုရားစွမ်းရည်တွေ သိမ်းဆည်းထားတဲ့ နေရာ မဟုတ်လား။”

ရှောင်ဖန်က ခေါင်းငြိမ့်ကာ အတည်ပြုပေးလိုက်သည်။

“အမှန်ပဲ၊ ဒါက ငါတို့ ကစဉ့်ကလျား မြင့်မြတ်နယ်မြေရဲ့ အမျိုးမျိုးသော ကျင့်စဉ်တွေနဲ့ နတ်ဘုရားစွမ်းရည်တွေကို သိမ်းဆည်းထားတဲ့ နေရာပဲ။

ပုံမှန်ဆိုရင်တော့ တပည့်တွေနဲ့ ပညာရှင်တွေ အများကြီး ရှိတတ်ပေမဲ့ မင်း ရောက်လာတဲ့အတွက် ခဏတဖြုတ် ပိတ်ထားလိုက်တာ။ မင်းအနေနဲ့ ငါတို့ နယ်မြေရဲ့ အခြေခံအုတ်မြစ်တွေကို လေ့လာကြည့်ရှုဖို့ ပိုပြီး အဆင်ပြေအောင်လို့ မြင့်မြတ်အရှင်သခင် ကိုယ်တိုင် စီစဉ်ပေးထားတာလေ။”

အမှန်စင်စစ် လင်းချန်တို့အဖွဲ့ မရောက်လာမီကပင် အင်အားကြီးနှစ်ရပ်စလုံးသည် မဟာမိတ်ဖွဲ့ပြီးနောက် ဆောင်ရွက်မည့် အစီအစဉ်များကို ပြင်ဆင်ထားပြီး ဖြစ်သည်။ သူ ယခင်က သွားခဲ့သော ဝိညာဉ်ပုံဆောင်ခဲ ဂူဗိမာန်မှာ ပထမဖြစ်ပြီး ယခု ကစဉ့်ကလျားနန်းတော်မှာ ဒုတိယအစီအစဉ် ဖြစ်သည်။

ထိုစကားကို ကြားသောအခါ လင်းချန်၏ မျက်နှာတွင် နားလည်သဘောပေါက်သည့် အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

“မြင့်မြတ်အရှင်သခင်က တကယ်ကို စေ့စပ်သေချာတာပဲ။ ငါတို့ မိသားစုရဲ့ မဟာအကြီးအကဲနဲ့ သူတို့ ဘယ်လိုဆွေးနွေးနေကြပြီလဲ မသိဘူး။ ဖြစ်နိုင်ရင် တခြား မဟာမိတ်ကိစ္စတွေကို ဆက်လုပ်လို့ ရနေပြီ။”

တစ်ရက်တာ ကုန်ဆုံးသွားပြီ ဖြစ်ရာ မဟာမိတ်ဖွဲ့ခြင်း၏ အသေးစိတ် အချက်အလက်များမှာ အပြီးသတ်ရန် နီးစပ်နေပြီဟု ယူဆရသည်။ ရှောင်ဖန်ကမူ သူသည် လင်းချန်နှင့် အတူရှိနေသဖြင့် ပြင်ပအခြေအနေကို မသိကြောင်း ပုခုံးတွန့်ပြလိုက်သည်။

သူသည် ဝတ်ရုံအတွင်းမှ ငွေဖြူရောင် တံဆိပ်ပြားတစ်ခုကို ထုတ်ယူကာ ခပ်ဖွဖွ ရယ်လိုက်သည်။

“သွားကြစို့။ ကစဉ့်ကလျားနန်းတော်ရဲ့ အနက်ရှိုင်းဆုံး အစိတ်အပိုင်းတွေကလွဲရင် ကျန်တဲ့နေရာအားလုံးကို ခင်ဗျား လွတ်လွတ်လပ်လပ် သွားလို့ရတယ်။ ဒါက ငါတို့ ကစဉ့်ကလျား မြင့်မြတ်နယ်မြေက ပေးနိုင်တဲ့ အကြီးမားဆုံး ရိုးသားမှုကို ပြသတာပဲ။”

သူတို့ မိသားစုနှစ်ခုမှာ မဟာမိတ်ဖွဲ့ပြီးသား ဖြစ်သည်။ ပြင်ပလူကို မပြနိုင်သည့် အထူးလျှို့ဝှက်ချက်များမှလွဲ၍ ကျန်အရာအားလုံးကို လင်းချန် ကြည့်ရှုနိုင်ရန် ရှောင်ဖန်တွင် လုပ်ပိုင်ခွင့်ရှိသည်။ ထိုသို့ပြောပြီးနောက် ရှောင်ဖန်သည် ကစဉ့်ကလျားနန်းတော် တံခါးကြီးများဆီသို့ ဦးဆောင်ကာ လျှောက်သွားလိုက်လေသည်။

ထိုအရာကို မြင်သောအခါ လင်းချန်သည် မိမိကိုယ်ကိုယ် တည်ငြိမ်အောင် ပြင်ဆင်လိုက်ပြီး သူ၏ မျက်လုံးများတွင်လည်း မျှော်လင့်ချက်များ ပြည့်နှက်သွားခဲ့၏။ ရှေးဟောင်းကန္တာရ လင်းမိသားစုတွင် ရရှိခဲ့သော အတွေ့အကြုံအရ ကျင့်စဉ်များနှင့် နတ်ဘုရားစွမ်းရည်များ သိမ်းဆည်းသည့် နေရာများသည် လက်မှတ်ထိုးဝင်ခြင်း အခွင့်အရေးကို ပွင့်စေတတ်ပေသည်။

ယခု သူစဉ်းစားနေသည်မှာ ဤနေရာက သူ့ကို မည်သည့်ဆုလာဘ် ပေးမည်နည်းဟူ၍ ဖြစ်သည်။

ကျင့်စဉ်လား၊ နတ်ဘုရားစွမ်းရည်လား သို့မဟုတ် မှော်လက်နက်လား။ သို့မဟုတ် ထူးခြားသော အစွမ်းရှိသည့် လျှို့ဝှက်နည်းစနစ် သို့မဟုတ် ကျင့်စဉ်အဆင့်ကို မြှင့်တင်ပေးမည့် ဆုလာဘ်မျိုး ဖြစ်နိုင်မလား။

ကြီးမားသော မျှော်လင့်ချက်များဖြင့် လင်းချန်သည် ရှောင်ဖန်၏နောက်မှ ကစဉ့်ကလျားနန်းတော် တံခါးမကြီးဆီသို့ လိုက်ပါသွားခဲ့သည်။ မည်သို့ပင်ဖြစ်စေ... နန်းတော်ထဲ ရောက်မှသာ အဖြေကို သိရပေလိမ့့်မည်။

ရှောင်ဖန်သည် သူ၏ ငွေဖြူရောင်တံဆိပ်ပြားဖြင့် တံခါးကို ထိလိုက်သောအခါ ကစဉ့်ကလျားနန်းတော် တံခါးမကြီးမှာ အပြင်းအထန် တုန်ခါသွားတော့သည်။

ဝုန်း

ကျယ်လောင်သော မြည်ဟည်းသံကြီးနှင့်အတူ တံခါးမကြီးမှာ ဖြည်းညှင်းစွာ ပွင့်လာပြီး အဆုံးမဲ့ကာ လျှို့ဝှက်ဆန်းကြယ်သော လေဟာနယ် အရှိန်အဝါများ တိုးထွက်လာခဲ့သည်။ ပွင့်သွားသော တံခါး၏ အတွင်းဘက်တွင် မှောင်အတိကျနေပြီး ဘာကိုမျှ ရှင်းရှင်းလင်းလင်း မမြင်ရပေ။ အထဲမှ စီးထွက်လာသော ထူထပ်လှသည့် လေဟာနယ် အရှိန်အဝါများကသာ ဤနေရာ၏ ထူးခြားမှုကို ဖော်ပြနေခဲ့သည်။

သို့သော် လင်းချန်အတွက်မူ ဤအခြေအနေမှာ ရင်းနှီးပြီးသားဖြစ်သည်။ ဤသည်မှာ ကစဉ့်ကလျားနန်းတော်၏ ပြင်ပပုံသဏ္ဌာန်မှာ ဟန်ပြသက်သက်သာ ဖြစ်ကြောင်း ဖော်ပြနေခြင်းပင်။

စစ်မှန်သော ကစဉ့်ကလျားနန်းတော်သည် အမှန်စင်စစ်အားဖြင့် သီးခြားကမ္ဘာငယ် တစ်ခုအတွင်း၌ တည်ရှိနေခြင်းဖြစ်သည်။ နန်းတော်၏ ပြင်ပပုံသဏ္ဌာန်မှာ ဟန်ပြသက်သက်သာမက ထိုကမ္ဘာငယ်ကို ကာကွယ်ပေးထားသည့် အလွှာတစ်ခုလည်း ဖြစ်သည်။

မကြာမီမှာပင် ကစဉ့်ကလျားနန်းတော်၏ တံခါးမကြီးများ လုံးဝပွင့်သွားခဲ့လေသည်။ ထိုအရာကို မြင်သောအခါ ရှောင်ဖန်သည် ငွေရောင်တံဆိပ်ကို ပြန်သိမ်းလိုက်ပြီး လင်းချန်ကို ကြည့်ကာ ခေါင်းငြိမ့်ပြလိုက်သည်။

“တာအိုမိတ်ဆွေ လင်းချန် ကြွပါ။”

နားထဲသို့ ပဲ့တင်ထပ်ကာ ဝင်ရောက်လာသော အသံကြောင့် လင်းချန်သည် အတွေးထဲမှ ရုန်းထွက်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက် တွန့်ဆုတ်နေခြင်းမရှိဘဲ ရှေ့သို့ခြေလှမ်းလှမ်းကာ မှောင်အတိကျနေသော ကစဉ့်ကလျားနန်းတော်ထဲသို့ တိုက်ရိုက်ဝင်သွားလိုက်တော့သည်။

ပွင့်နေသော တံခါးမကြီးမှာ လင်းချန်ကို ဝါးမြိုသွားသကဲ့သို့ ဖြစ်သွားပြီးနောက် ရှောင်ဖန်ကလည်း ပြုံးလျက် ဖြည်းညှင်းစွာ လိုက်ဝင်သွားခဲ့သည်။

ဘုန်း

သူတို့နှစ်ဦး ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် ပွင့်နေသော ကစဉ့်ကလျားနန်းတော် တံခါးမကြီးမှာ ပြန်လည်စေ့ပိတ်သွားခဲ့သည်။

ကစဉ့်ကလျားနန်းတော် အတွင်း၌....။

လင်းချန်သည် ခဏမျှ အမှောင်ထဲသို့ ရောက်သွားသကဲ့သို့ ခံစားလိုက်ရသော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် အလင်းရောင်ကို ပြန်လည်မြင်တွေ့လိုက်ရသည်။ သူမြင်တွေ့ရသော မြင်ကွင်းမှာ ရှေးဟောင်းကန္တာရ လင်းမိသားစု၏ နတ်ဘုရားစွမ်းရည်ခန်းမနှင့် ဆင်တူလှသည်။

သို့သော် ကျယ်ပြောကြယ်စင်သည့် ကောင်းကင်ယံနေရာတွင် ကစဉ့်ကလျား မြင်ကွင်းတစ်ခုဖြင့် အစားထိုးထားသည်။ သူ၏ မျက်စိတစ်ဆုံး မြင်သမျှနေရာတိုင်းမှာ ကစဉ့်ကလျားစွမ်းအင်များသာ ဖြစ်ပြီး ဟိုတစ်စ ဒီတစ်စ လွင့်ပျံနေသော ရွှေရောင်အလင်းစက်လေးများကသာ ထူးခြားသော အရှိန်အဝါများကို ဖော်ပြနေခဲ့သည်။

ထိုလွင့်ပျံနေသော ရွှေရောင်အလင်းစက်လေးများသည် ကစဉ့်ကလျားနန်းတော်အတွင်း သိမ်းဆည်းထားသော နတ်ဘုရားစွမ်းရည်များနှင့် ကျင့်စဉ်များဖြစ်ကြောင်း လင်းချန် သိလိုက်သည်။ နတ်ဘုရားစွမ်းရည်နှင့် ကျင့်စဉ်များကို ရွေးချယ်ပုံမှာလည်း လင်းမိသားစု၏ နတ်ဘုရားစွမ်းရည်ခန်းမနှင့် အတူတူပင် ဖြစ်ဟန်တူသည်။ စိတ်အာရုံကို ထိုအလင်းစက်များထဲသို့ နှစ်မြှုပ်ကာ မိမိ၏ သိစိတ်ဖြင့် ရွေးချယ်ရခြင်းဖြစ်သည်။

လင်းချန် အနီးကပ် မလေ့လာရသေးမီမှာပင် သူ၏ စိတ်ထဲ၌ ရင်းနှီးနေသော စနစ်၏ အသိပေးချက် အသံမှာ ကြည်လင်စွာ ထွက်ပေါ်လာတော့သည်။

“အိမ်ရှင်သည် ကစဉ့်ကလျား မြင့်မြတ်နယ်မြေ၏ ကစဉ့်ကလျားနန်းတော်သို့ ရောက်ရှိနေကြောင်း သိရှိရပါသည်။ အိမ်ရှင် လက်မှတ်ထိုးဝင်နိုင်ပါပြီ။”

“အိမ်ရှင်အနေဖြင့် ယခုချက်ချင်း လက်မှတ်ထိုးဝင်လိုပါသလား။”

စိတ်ထဲမှ စနစ်၏ အသိပေးချက်ကို ကြားသောအခါ လင်းချန်သည် ကစဉ့်ကလျား မြင်ကွင်းမှ အကြည့်လွှဲလိုက်ပြီး သူ၏နှုတ်ဖျား၌ အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သူ ထင်ထားသည့်အတိုင်းပင်...။ ဤကစဉ့်ကလျားနန်းတော်သည် ပြိုင်ဘက်ကင်း လက်မှတ်ထိုးဝင်ခြင်းစနစ်အတွက် အခွင့်အရေးတစ်ခုကို ပွင့်စေခဲ့ပြီဖြစ်သည်။

နောက်ထပ် သူမျှော်လင့်ထားသည့်အတိုင်းပင် မည်သို့သော ဆုလာဘ်မျိုး ရရှိမည်ကိုသာ သူစောင့်ကြည့်ရပေတော့မည်။

ထိုစဉ် ရှောင်ဖန်၏ ပုံရိပ်မှာ လင်းချန်၏ ဘေး၌ ထွက်ပေါ်လာခဲ့သည်။ လင်းချန် ရပ်နေသည်ကို မြင်သောအခါ ရှောင်ဖန်၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

“ဒီကစဉ့်ကလျားနန်းတော်ကို ငါတို့ ကစဉ့်ကလျား မြင့်မြတ်နယ်မြေရဲ့ ဘိုးဘေး ကစဉ့်ကလျား ဧကရာဇ်က မြင့်မြတ်တဲ့ မန္တန်စွမ်းအားတွေနဲ့ ဖန်တီးခဲ့တာလေ။

သူ့ရဲ့ တည်ရှိပုံက လျှို့ဝှက်နယ်မြေ ကမ္ဘာငယ်တစ်ခုနဲ့ ဆင်တူပေမဲ့ နည်းနည်းတော့ ကွာခြားတယ်။ ဒါပေမဲ့ ယေဘုယျအားဖြင့်တော့ မင်းတို့ လင်းမိသားစုရဲ့ နတ်ဘုရားစွမ်းရည်ခန်းမနဲ့ အတူတူပါပဲ။ ငါ လိုက်ပြရဦးမလား။”

ထိုစကားကို ကြားသောအခါ လင်းချန် သတိပြန်ဝင်လာပြီး ခေါင်းခါပြလိုက်သည်။

“ငါ့မှာ နတ်ဘုရားစွမ်းရည်တွေနဲ့ ကျင့်စဉ်တွေ မလိုပါဘူး။ ဒါပေမဲ့ တခြားကျင့်စဉ်တွေရဲ့ အနှစ်သာရနဲ့ အသုံးဝင်တဲ့ အသိပညာတချို့ကိုတော့ လေ့လာစုပ်ယူချင်သေးတယ်။

ဖြစ်နိုင်ရင်း ဒီကစဉ့်ကလျားနန်းတော်ထဲမှာ ခဏလောက် တစ်ယောက်တည်း နေချင်တယ်။”

သူသည် ရှောင်ဖန်ကို အတူတူ လိုက်ပြခွင့် မပေးနိုင်ပေ။ သို့မဟုတ်ပါက သူ မည်သို့ လက်မှတ်ထိုးဝင်နိုင်မည်နည်း။ အကယ်၍ သူ လက်မှတ်ထိုးဝင်လိုက်၍ နတ်ဘုရားလက်နက် သို့မဟုတ် မှော်လက်နက်တစ်ခုခု ရလာပါက ရှင်းပြရန် ခက်ခဲလိမ့်မည်ဖြစ်သည်။

လင်းချန်၏ စကားကို ကြားသောအခါ ရှောင်ဖန်က နားလည်သဘောပေါက်သည့် အမူအရာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ အမှန်ပင် လင်းချန်ကဲ့သို့ အဆင့်အတန်းမျိုးနှင့်ဆိုလျှင် မည်သည့်ကျင့်စဉ် သို့မဟုတ် နတ်ဘုရားစွမ်းရည်ကိုမျှ လိုအပ်မည် မဟုတ်ချေ။ ဤနန်းတော်သို့ လာရခြင်းမှာ အများဆုံးအနေဖြင့် ဗဟုသုတ အနည်းငယ်လောက် ရယူရန်သာ ဖြစ်ပေလိမ့်မည်။

“ကောင်းပါပြီ။ ဒါဆို ငါ မနှောင့်ယှက်တော့ပါဘူး။ ဝင်ပေါက်မှာပဲ စောင့်နေပါ့မယ်။

ဒါပေမဲ့ အချိန်ကိုလည်း သတိပြုဦး။ နောက်ထပ်အခွင့်အရေး ပေါ်လာမယ့်အချိန်ကို လွတ်မသွားစေနဲ့ဦး။”

လင်းချန်က ပြုံးလျက် လက်ကာပြလိုက်သည်။

“အဲ့လောက်အထိ အကြာကြီး အချိန်မယူပါဘူး။ ဒီနေ့အတွင်းမှာပဲ ငါ ဒီကို ပြန်လာခဲ့ပါ့မယ်။”

စကားအဆုံးတွင် လင်းချန်သည် ကစဉ့်ကလျားနန်းတော်၏ အနက်ရှိုင်းဆုံး အစိတ်အပိုင်းများဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားတော့သည်။ သူသည် ကစဉ့်ကလျားနန်းတော်၌ လက်မှတ်ထိုးဝင်ရန်အတွက် ရှောင်ဖန် အာရုံမခံနိုင်မည့် နေရာတစ်ခုကို ရှာဖွေရန် လိုအပ်သည်။

ထို့နောက်တွင်မူ သူရှောင်ဖန်ကို ပြောခဲ့သည့်အတိုင်း ကစဉ့်ကလျားနန်းတော်ရှိ ကျင့်စဉ်များနှင့် နတ်ဘုရားစွမ်းရည်အချို့ကို လေ့လာကြည့်ရှုမည်ဖြစ်သည်။ ဖြစ်နိုင်သည်မှာ ထိုမှတစ်ဆင့် မထင်မှတ်ထားသော အကျိုးအမြတ်အချို့ ရရှိနိုင်ပေသည်။

ထွက်ခွာသွားသော လင်းချန်၏ ကျောပြင်ကို ကြည့်ရင်း ရှောင်ဖန်သည် အသက်ပြင်းပြင်းရှူကာ ထိုနေရာမှာပင် တင်ပျဉ်ခွေ ထိုင်ချလိုက်တော့သည်။ လင်းချန်အနေဖြင့် ဤကစဉ့်ကလျားနန်းတော်သို့ လာရောက်ရာတွင် ဝိညာဉ်ပုံဆောင်ခဲ ဂူဗိမာန်မှာတုန်းကလို သူ၏နှလုံးသားက မခံစားနိုင်လောက်မည့် ထူးဆန်းမှုမျိုး ထပ်မလုပ်ပါစေနှင့်ဟု သူမျှော်လင့်နေမိသည်။

မည်သို့ပင်ဆိုစေ သူ မျှော်လင့်ရုံသာ တတ်နိုင်သည်။ လင်းချန်ကဲ့သို့ ထူးဆန်းလွန်းသည့် လူစားမျိုးက ဘာလုပ်မည်ကို မည်သူမျှ ခန့်မှန်း၍မရနိုင်ပေ...။

လက်ဖက်ရည်တစ်ခွက်စာ အချိန်ကြာပြီးနောက် ကစဉ့်ကလျားနန်းတော်၏ အနက်ရှိုင်းဆုံးနေရာ၌...။

လင်းချန်သည် ပတ်ဝန်းကျင်ကို ကြည့်ရှုစစ်ဆေးပြီး ဝင်ပေါက်မှနေ၍ သူ့ကို အာရုံမခံနိုင်တော့ကြောင်း သေချာသွားသောအခါ စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်သည်။

“စနစ် ကစဉ့်ကလျားနန်းတော်မှာ လက်မှတ်ထိုးဝင်မယ်။”

“အိမ်ရှင်၏ တောင်းဆိုမှုကို လက်ခံရရှိပါသည်။ ကစဉ့်ကလျားနန်းတော်၌ လက်မှတ်ထိုးဝင်နေပါသည်...။”

“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ဂုဏ်ယူပါသည် အိမ်ရှင်။ သင်သည် ချီတစ်ခုမှ သုံးခုအဖြစ် အသွင်ပြောင်းလဲခြင်း လျှို့ဝှက်နည်းစနစ်ကို ရရှိသွားပါပြီ။”

အခန်း ၉၄ - အချိန်ကိုက်ရောက်လာသော သန့်စင်သော ကိုယ်ပွားသုံးခု၊ လောလောဆယ်တော့ အဲ့ဒါကို မစဉ်းစားသေးဘူး

ဘာ...။ ချီတစ်ခုသုံးခုအဖြစ် အသွင်ပြောင်းလဲခြင်း ဟုတ်လား။

စိတ်ထဲမှ ထွက်ပေါ်လာသော အသံကြောင့် လင်းချန်၏ ဦးနှောက်မှာ ခဏချင်းပင် အလုပ်မလုပ်တော့ဘဲ ကြောင်အသွားရသည်။

သူ ကြားလိုက်ရတာ မမှားပါဘူးနော်။ ဒါက တကယ်ပဲ သန့်စင်သောကိုယ်ပွားသုံးခုကျင့်စဉ်လား။ ဒီလက်မှတ်ထိုးဝင်ခြင်းဆုလာဘ်က အမှန်တကယ် ဒီနာမည်နဲ့ လျှို့ဝှက်နည်းစနစ်လား။

ဤလျှို့ဝှက်နည်းစနစ်သည် သူတွေးနေသည့် ကျင့်စဉ်မျိုးလား သို့မဟုတ် နာမည်တူနေခြင်းသက်သက်လားဆိုသည်ကို လင်းချန် သေချာမခွဲခြားနိုင်မီမှာပင် ကျယ်ပြောလှပြီး လျှို့ဝှက်ဆန်းကြယ်သော သတင်းအချက်အလက်များစွာမှာ သူ၏ စိတ်ထဲသို့ အလုံးအရင်းနှင့် ဝင်ရောက်လာခဲ့သည်။

သတင်းအချက်အလက်များ စီးဝင်လာသည်ကို ခံစားလိုက်ရသည်နှင့် သူသည် ချက်ချင်းပင် အာရုံကို ပြန်လည်စုစည်းလိုက်၏။ သူသည် ထိုနေရာမှာပင် တင်ပျဉ်ခွေထိုင်ချလိုက်ပြီး ကျယ်ပြောလှသော သတင်းအချက်အလက်များကို တက်ကြွစွာ လက်ခံရယူလိုက်တော့သည်။ ၎င်းသည် သူထင်သလို ဟုတ်၊ မဟုတ် ဆိုသည်မှာ ဤဆုလာဘ်ကို ခြေဖျက်ပြီးသည်နှင့် သိရပေလိမ့်မည်။

သူသည် သတင်းအချက်အလက်များကို လက်ခံရင်း နားလည်သဘောပေါက်အောင် ကြိုးစားနေစဉ် အချိန်များမှာ တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့ပြီး လင်းချန်၏ မျက်နှာပေါ်တွင်လည်း အမျိုးမျိုးသော အမူအရာများ ပေါ်ပေါက်လာခဲ့သည်။ တစ်ခါတစ်ရံ အံ့ဩသွားပြီး တစ်ခါတစ်ရံ ဇဝေဇဝါဖြစ်ကာ တစ်ခါတစ်ရံတွင်မူ ဉာဏ်အလင်းပွင့်သွားသကဲ့သို့ ဖြစ်သွားပြီးနောက် ပြင်းထန်သော ဝမ်းမြောက်မှုများဖြင့် ပြည့်နှက်သွားတော့သည်။

အခြေခံအားဖြင့် နားလည်သွားချိန်တွင် သူ အချက်တစ်ချက်ကို အတည်ပြုနိုင်ခဲ့သည်။ ဤ သန့်စင်သော ကိုယ်ပွားသုံးခုကျင့်စဉ်သည် သူတွေးထားသည့်အတိုင်း အတိအကျပင် ဖြစ်နေခဲ့လေသည်။

ဤလျှို့ဝှက်နည်းစနစ်သည် သူ၏နာမည်အတိုင်းပင် မိမိကိုယ်တွင်းမှ ချီတစ်ခုကို အသုံးပြု၍ မိမိနှင့် အရာရာတိုင်း ထပ်တူကျသော ပြင်ပကိုယ်ပွား နှစ်ခုကို ခွဲထုတ်လိုက်ခြင်း ဖြစ်သည်။ ထိုကိုယ်ပွားနှစ်ခုသည် မူလခန္ဓာနှင့် တူညီသော ကျင့်ကြံခြင်းအဆင့်၊ တိုက်ခိုက်ရေးစွမ်းရည်နှင့် မှတ်ဉာဏ်များကိုပါ ပိုင်ဆိုင်ထားကြသည်။ အကြောင်းမှာ သူတို့၏ လုပ်ဆောင်ချက်အားလုံးကို နတ်ဘုရားစိတ်ဝိညာဉ် တစ်ခုတည်းကသာ ထိန်းချုပ်ထားသောကြောင့် ဖြစ်သည်။

အကယ်၍ ကိုယ်ပွားနှင့် မူလခန္ဓာအကြား ကွာခြားချက်ရှိသည်ဆိုလျှင် ၎င်းမှာ ကိုယ်ပွား၌ နတ်ဘုရားစိတ်ဝိညာဉ် မရှိခြင်းပင် ဖြစ်သည်။ မူလခန္ဓာသည် ၎င်း၏ နတ်ဘုရားစိတ်ဝိညာဉ်ထဲမှ အစိတ်အပိုင်းတစ်ခုကို ခွဲထုတ်၍ ကိုယ်ပွားကို စီမံခန့်ခွဲရပြီး မူလခန္ဓာ အလိုရှိပါက မည်သည့်အချိန်တွင်မဆို ကိုယ်ပွားကို ပြန်လည်ရုပ်သိမ်းနိုင်ပေသည်။ အကွာအဝေးမှာလည်း အကန့်အသတ်မရှိပေ။ ကိုယ်ပွားက မည်သည့်နေရာတွင်ပင် ရှိနေပါစေ မူလခန္ဓာက စိတ်ကူးလိုက်ရုံဖြင့် ချက်ချင်း ပြန်ခေါ်နိုင်ပေသည်။

သို့သော် လင်းချန်ကို အပျော်ဆုံးဖြစ်စေသည့် အချက်မှာ ထိုအချက် မဟုတ်ပေ။

အကယ်၍ ကိုယ်ပွားတစ်ခုသည် အပြင်လောကတွင် တစ်ကိုယ်တည်း စွန့်စားသွားလာနေရင်း အခွင့်အရေး သို့မဟုတ် ကံကောင်းမှု တစ်စုံတစ်ခုကြောင့် အင်အားများ တိုးတက်လာခဲ့လျှင်... မူလခန္ဓာနှင့် ကျန်ရှိသော အခြားကိုယ်ပွားတစ်ခုသည်လည်း ၎င်းနှင့်အညီ ကျင့်ကြံခြင်းအဆင့်နှင့် အင်အားများ လိုက်ပါမြင့်တက်လာမည် ဖြစ်သည်။

ဤအချက်တစ်ချက်တည်းနှင့်ပင် လင်းချန်သည် အနာဂတ်အတွက် အကောင်းဆုံး ကျင့်ကြံခြင်းနည်းလမ်းကို စဉ်းစားမိသွားခဲ့တော့သည်။ ခန္ဓာ သုံးခုအနက် နှစ်ခုကို လုံခြုံသောနေရာတွင် အေးဆေးစွာ ကျင့်ကြံစေပြီး ကျန်ခန္ဓာတစ်ခုကိုမူ အမျိုးမျိုးသော အခွင့်အရေးများကို အရယူရန် စွန့်စားခန်းထွက်ခိုင်းမည် ဖြစ်သည်။

စွန့်စားခန်းထွက်သည့် ခန္ဓာမှာ ကိုယ်ပွားဖြစ်နေခြင်းက အကောင်းဆုံးပင်။ ၎င်း အကြောင်းမှာ အသက်အန္တရာယ်နှင့် ကြုံတွေ့ရလျှင်ပင် ကြီးမားသော ဆုံးရှုံးမှု မရှိနိုင်သောကြောင့် ဖြစ်သည်။ အဆိုးဆုံးအနေဖြင့် မူလခန္ဓာအနေဖြင့် အချိန်အနည်းငယ်နှင့် ဝိညာဉ်စွမ်းအား အနည်းငယ် အသုံးပြု၍ နောက်ထပ်ကိုယ်ပွားတစ်ခုကို ပြန်လည်ဖန်တီးရုံသာ ရှိသည်။ သို့သော် ကိုယ်ပွားက အင်အားတိုးတက်လာလျှင်မူ မူလခန္ဓာ၏ ကျင့်စဉ်မှာလည်း လိုက်ပါတိုးတက်လာမည် မဟုတ်ပါလော။

ဤနည်းဖြင့် အကျိုးအမြတ်ကို အမြင့်ဆုံး ရယူနိုင်မည်ဖြစ်သည်။

ထို့အပြင် လင်းချန်သည် အလွန်အရေးကြီးသော အချက်တစ်ချက်ကိုလည်း တွေးမိလိုက်သည်။ ဤကျင့်စဉ်ကို အသုံးပြုခြင်းဖြင့် သူ လက်ရှိရင်ဆိုင်နေရသော ကြီးမားလှသည့် အသက်အန္တရာယ်ကို ရှောင်လွှဲနိုင်မည်ဖြစ်သည်။ ၎င်းမှာ တားမြစ်နယ်မြေရှိ အထွတ်အထိပ် ပုဂ္ဂိုလ်များ၏ ခြိမ်းခြောက်မှုပင် ဖြစ်သည်။

ထိုအထွတ်အထိပ် ပုဂ္ဂိုလ်များသည် တားမြစ်နယ်မြေမှ ထွက်မလာကြသေးသော်လည်း သူကမူ ကြိုတင်ပြင်ဆင်ထားရပေလိမ့်မည်။ အပြင်တွင် လှည့်လည်သွားလာနေသော ကိုယ်ပွားတစ်ခုကို ထိုသူများက ချောင်းမြောင်းသတ်ဖြတ်လိုက်လျှင်ပင် သူကတော့ အေးအေးဆေးဆေး ဘေးကင်းနေမည်ဖြစ်သည်။

သူသည် နောက်ထပ်ကိုယ်ပွားတစ်ခုကို စိတ်အေးလက်အေး ပြန်လည်စေလွှတ်နိုင်ပြီး ထိုအထွတ်အထိပ် ပုဂ္ဂိုလ်များ မည်မျှအထိ စိတ်ရှည်သည်ကို စောင့်ကြည့်ရုံသာ ရှိတော့သည်။

ဤ သန့်စင်သော ကိုယ်ပွားသုံးခုကျင့်စဉ်သည် အမှန်တကယ် အချိန်ကိုက် ရောက်ရှိလာခြင်းပင်။

တစ်နာရီ၏ လေးပုံတစ်ပုံခန့် အချိန်မှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ လင်းချန်၏ မျက်တောင်များ လှုပ်ခတ်သွားပြီး မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ရာ သူ၏ မျက်ဝန်းများထဲတွင် ဖုံးကွယ်မရသော ဝမ်းသာမှုများဖြင့် ပြည့်နှက်သွားခဲ့သည်။

ယခုအခါ သူသည် ဤကျင့်စဉ်ကို အပြည့်အဝ တတ်မြောက်သွားပြီ ဖြစ်သော်လည်း ပြဿနာတစ်ခုနှင့် ရင်ဆိုင်နေရ၏။ အကြောင်းမှာ သူ၏ လက်ရှိကျင့်စဉ်အဆင့်နှင့်ဆိုလျှင် ကိုယ်ပွားတစ်ခုကိုသာ ခွဲထုတ်နိုင်သေးသောကြောင့်ပင်။ ထို့ကြောင့် ခန္ဓာနှစ်ခုကို ကျင့်ကြံစေပြီး တစ်ခုကို စွန့်စားခိုင်းမည့် သူ၏ အစီအစဉ်မှာ လောလောဆယ်တွင် မဖြစ်နိုင်သေးပေ။

သူသည် ခန္ဓာတစ်ခုကို ကျင့်ကြံစေပြီး ကျန်တစ်ခုကို စွန့်စားခန်းထွက်စေရန်သာ လုပ်ဆောင်နိုင်ပါဦးမည်။

ဤအချက်နှစ်ခုအကြား ကြီးမားသော ပဋိပက္ခမရှိသော်လည်း သူ၏ ကျင့်ကြံခြင်းနှုန်းမှာမူ အနည်းငယ် ကျဆင်းသွားပေလိမ့်မည်။ ဤသည်မှာ လင်းချန်အတွက် တစ်ခုတည်းသော နှမြောစရာ အချက်ပင် ဖြစ်သည်။

“ဟူး...”

လင်းချန်သည် အသက်ကို ဖြည်းဖြည်းချင်း ရှူထုတ်ကာ မတ်တပ်ထရပ်လိုက်၏။ သူ၏ မျက်နှာပေါ်ရှိ အပြုံးကိုမူ မည်သို့မျှ ဖုံးကွယ်ထား၍ မရတော့ချေ။

သူသည် ယခုပင် ကိုယ်ပွားတစ်ခုကို ချက်ချင်း ဖန်တီးလိုက်ချင်စိတ်ပင် ပေါက်နေမိလေသည်။ သို့သော် ကိုယ်ပွားတစ်ခုကို စုစည်းဖန်တီးရန် အနည်းဆုံး နေ့တစ်ဝက်ခန့် အချိန်ယူရမည်ဖြစ်ကြောင်း သူ ကောင်းကောင်းသိသည်။ ယခုအချိန်မှာ ထိုသို့လုပ်ဆောင်ရန် သင့်တော်သော အချိန်မဟုတ်ပေ။

ကစဉ့်ကလျား မြင့်မြတ်နယ်မြေမှ ကိစ္စရပ်များ ပြီးဆုံး၍ ရှေးဟောင်းကန္တာရ လင်းမိသားစုသို့ ပြန်ရောက်မှသာ ကိုယ်ပွားကို ဖန်တီးလျှင်လည်း အချိန်မနှောင်းသေးပါချေ။ သူ ကိုယ်ပွားဖန်တီးပြီးချိန်တွင် နောက်ထပ် အခွင့်အရေးအသစ်တစ်ခု ပေါ်လာမည့်အချိန်နှင့် အတော်ပင် ကိုက်ညီပေလိမ့်မည်။ ထိုအချိန်ကျမှသာ သူ၏ကိုယ်ပွားကို ကောင်းကောင်း စမ်းသပ်ကြည့်ရပေတော့မည်။

ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုရင်း လင်းချန်သည် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး ပတ်ပတ်လည်ရှိ ရွှေရောင်အလင်းစက်လေးများနှင့် စိတ်ချင်းဆက်သွယ်ကာ အမျိုးမျိုးသော နတ်ဘုရားစွမ်းရည်များနှင့် ကျင့်စဉ်များကို စတင်လေ့လာတော့သည်။

နာရီဝက်ခန့် ကြာပြီးနောက် ကစဉ့်ကလျားနန်းတော်၏ ဝင်ပေါက်၌...။

ရှောင်ဖန်သည် တစ်စုံတစ်ခုကို အာရုံခံလိုက်မိသကဲ့သို့ မျက်လုံးများကို ဖွင့်လိုက်ပြီး မိမိထံသို့ လျှောက်လှမ်းလာသော ရင်းနှီးသည့် ပုံရိပ်ကို ကြည့်လိုက်သည်။ လင်းချန်တွင် ထူးထူးခြားခြား ပြောင်းလဲမှုမျိုး မရှိသည်ကို မြင်သောအခါမှ ရှောင်ဖန်သည် ရင်ထဲမှ သက်ပြင်းတစ်ချက်ကို အားပါးတရ ချလိုက်မိတော့သည်။

တော်သေးသည်။ ဤထူးဆန်းသော ကောင်မှာ ကစဉ့်ကလျားနန်းတော်သို့ ရောက်ပြီးနောက်တွင် ထူးထူးဆန်းဆန်း အပိုအလုပ်များ လုပ်မသွားခဲ့ပေ။ သူပြောခဲ့သည့်အတိုင်း ကစဉ့်ကလျားနန်းတော်၏ ကျင့်စဉ်များနှင့် နတ်ဘုရားစွမ်းရည်များကို လေ့လာကြည့်ရှုရုံသာ ပြုလုပ်ခဲ့သည်။ ရှောင်ဖန် မတ်တပ်ရပ်လိုက်စဉ် သူ၏မျက်နှာပေါ်၌ အလိုအလျောက် ပြုံးရိပ်တစ်ခု ထင်ဟပ်လာခဲ့သည်။

လင်းချန်က သူ၏ရှေ့သို့ ရောက်လာကာ ရပ်တန့်လိုက်ပြီး ထိုမြင်ကွင်းကို အနည်းငယ် ဇဝေဇဝါ ဖြစ်နေသော အမူအရာဖြင့် ကြည့်လိုက်သည်။

“တာအိုမိတ်ဆွေ ရှောင်ဖန် ဘာတွေ အဲ့လောက်တောင် ဝမ်းသာနေရတာလဲ။”

ထိုစကားကို ကြားသောအခါ ရှောင်ဖန်က လက်ကာပြရင်း အလျင်အမြန် ပြောလိုက်သည်။

“ဘာမှမဟုတ်ပါဘူး၊ ဘာမှမဟုတ်ပါဘူး။ တာအိုမိတ်ဆွေ လင်းချန်ကို မြင်လိုက်ရတာနဲ့တင် ငါ အလိုလို ပျော်သွားတာပါ။”

လင်းချန်တစ်ယောက် ဤတစ်ကြိမ်တွင် ထူးထူးဆန်းဆန်းများ မလုပ်ခဲ့သည့်အတွက် အမှန်တကယ် ဝမ်းသာနေခြင်းဖြစ်ကြောင်း သူက ဘယ်လိုလုပ်ပြီး ပြောပြနိုင်မည်နည်း။

‘အလိုလို ပျော်သွားတာလား။’

ရှောင်ဖန်၏ အနည်းငယ် ကျပ်မပြည့်သလို စကားကို ကြားလိုက်ရသောအခါ လင်းချန်မှာ မနေနိုင်ဘဲ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိသည်။ သူသည် ရှောင်ဖန်ကို သံသယဖြင့် ကြည့်ကာ သတိပေးလိုက်၏။

“ဒါကိုတော့ ရှင်းရှင်းလင်းလင်း ပြောထားမယ်နော်။ ငါက လောလောဆယ် အဲ့ဒီလို ကိစ္စတွေကို စဉ်းစားဖို့ အစီအစဉ်မရှိသေးဘူး။ စဉ်းစားခဲ့ရင်တောင် လိင်တူချင်းကိုတော့ လုံးဝစဉ်းစားမှာ မဟုတ်ဘူး။”

ဘာကြီးလဲဟ...။

ရှောင်ဖန်မှာ ခဏမျှ ကြောင်အသွားရ၏။

‘လင်းချန်... မင်း ဘာတွေပြောနေတာလဲ။ ငါ ဘာတစ်ခုမှ နားမလည်တော့ဘူး။’

ရှောင်ဖန်၏ ပုံစံကို မြင်သောအခါမှ လင်းချန်သည် သူ အတွေးလွန်သွားမှန်း သိလိုက်ရတော့သည်။ သူသည် ချောင်းတစ်ချက်ဟန့်လိုက်ပြီး ဘာမှမဖြစ်သကဲ့သို့ ပြောလိုက်သည်။

“အဟမ်း... တယအိုမိတ်ဆွေ ရှောင်ဖန် အချိန်ကျန်သေးတုန်း ငါ့ကို မြင့်မြတ်နယ်မြေရဲ့ တခြားနေရာတွေကို လိုက်ပြပေးပါဦး။”

ရှောင်ဖန်မှာလည်း ကြောင်တောင်တောင်ဖြင့် သတိပြန်ဝင်လာကာ မသိစိတ်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

“ဪ... အင်း ကောင်းပါပြီ။”

ထိုသို့ပြောရင်း သူသည် ကစဉ့်ကလျားနန်းတော် တံခါးမကြီးများကို ပြန်ဖွင့်လိုက်သည်။ သို့သော် သူ၏ ရင်ထဲတွင်မူ ဇဝေဇဝါ ဖြစ်နေဆဲပင်။

‘ခုနက လင်းချန်ပြောသွားတဲ့ စကားက တကယ်ပဲ ဘာကို ဆိုလိုတာပါလိမ့်။’

All Chapters