← Chapters

အခန်း (၉၅-၉၆)

Vol. 10 Ch. 95-96

အခန်း (၉၅-၉၆)

Vol. 10 Ch. 95-96

အခန်း ၉၅ - အမည်မသိ စမ်းသပ်မှုနယ်မြေ၊ လျှို့ဝှက်ချက်ကို ထုတ်ဖော်ရန် ဆုံးဖြတ်ခြင်း

ကစဉ့်ကလျားနန်းတော်မှ ထွက်ခွာလာပြီး ပြင်ပရင်ပြင်သို့ ရောက်လာသည့်တိုင်အောင် လင်းချန် ပြောသွားသည့် ထူးဆန်းသော စကားများကို ရှောင်ဖန် တစ်ယောက် စဉ်းစား၍ မရနိုင်သေးပေ။

ဒါကို မစဉ်းစားဘူးကွာ...။ ပြီးတော့မှ ဟိုဟာကို စဉ်းစားမယ်...။

အရာအားလုံးက ရှုပ်ထွေးနေပြီး သူ ဘာတစ်ခုမှ နားမလည်နိုင် ဖြစ်နေခဲ့လေသည်။ သို့သော် ထိုအချက်ထက်စာလျှင် လင်းချန်၏ ဦးနှောက်ထဲတွင် တစ်နေကုန် ဘာတွေတွေးနေသနည်းဆိုသည်ကို သူ ပို၍ သိချင်မိသည်။

ယခင်က လင်းချန်၏ လုပ်ရပ်များသည် နားလည်ရခက်ပြီး ထူးဆန်းခဲ့လေသည်။ ယခုမူ စကားပြောပုံကပါ ထိုသို့ ဖြစ်နေပြီဖြစ်ရာ မကြာမီမှာပင် သူသည် လင်းချန်၏ အရှိန်အဟုန်ကို လုံးဝ လိုက်နိုင်တော့မည် မဟုတ်ပေ။

ရှောင်ဖန် တစ်ခုခုကို တွေးတောနေသည်ကို မြင်သောအခါ လင်းချန်က အချိန်မဆွဲဘဲ အလျင်အမြန် စကားစလိုက်သည်။

“တာအိုမိတ်ဆွေ ရှောင်ဖန် ဒီနေ့အတွက် အချိန်နည်းနည်း ကျန်သေးတယ်ဆိုတော့ အချိန်မဖြုန်းဘဲ နောက်ထပ်နေရာတစ်ခုကို သွားကြရအောင်လား။”

နေဝင်ရိုးရီ အချိန်သို့ နီးကပ်နေပြီဖြစ်ရာ နောက်တစ်နေ့သို့ ကူးပြောင်းရန် နာရီအနည်းငယ်သာ လိုတော့သည်။ အကယ်၍ သူတို့ အလျင်အမြန် သွားကြမည်ဆိုလျှင် မှောင်မသွားမီ အရာအားလုံးကို အပြီးသတ်နိုင်ပေလိမ့်မည်။ ထိုသို့ဖြစ်ရန်မှာ နောက်ထပ်ပွင့်လာမည့် လက်မှတ်ထိုးဝင်နိုင်သည့် အခွင့်အရေးများမှ ရရှိလာမည့် ဆုလာဘ်များကို လက်ခံရယူရာတွင် အချိန်အများကြီး မကုန်ရန်တော့ လိုအပ်ပေသည်။

ရှောင်ဖန်သည် ဇဝေဇဝါ ဖြစ်နေသော်လည်း လင်းချန်၏ စကားကို မငြင်းဆိုဘဲ ခေါင်းငြိမ့်လိုက်သည်။

“ဒါဆို တာအိုမိတ်ဆွေ လင်းချန် ငါ့နောက် လိုက်ခဲ့ပါ။”

ထိုသို့ပြောပြီးနောက် သူသည် ဟင်းလင်းပြင်ကို ပိုင်းဖြတ်ကာ ရှေ့မှ ဦးဆောင်၍ ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။

ထိုအရာကို မြင်သောအခါမှ လင်းချန် ရင်ထဲမှ သက်ပြင်းတစ်ချက်ကို အားရပါးရ ချလိုက်ပြီး နောက်မှ လိုက်သွားတော့သည်။

‘ငါ ခုနက ဘာတွေ လျှောက်ပြောလိုက်တာလဲ။ တကယ့်ကို အဓိပ္ပာယ်မရှိတာပဲ။’

ထိုကဲ့သို့သော စကားမျိုး သူ၏ ပါးစပ်မှ ထွက်လာလိမ့်မည်ဟု သူကိုယ်တိုင်ပင် မထင်ထားခဲ့ပေ။ တော်သေးသည်မှာ ဤကမ္ဘာမှ လူများသည် ထိုကဲ့သို့သော အသုံးအနှုန်းများကို နားမလည်ကြသဖြင့် ရှောင်ဖန်လည်း သဘောမပေါက်ခဲ့ခြင်းပင်။ သို့မဟုတ်ပါက သူ တစ်သက်လုံး တည်ဆောက်လာခဲ့သော ဂုဏ်သတင်းမှာ ဤကိစ္စနှင့်တင် ပျက်စီးသွားပေလိမ့်မည်။

နောက်ထပ် အချိန်အနည်းငယ်အတွင်း ရှောင်ဖန်သည် လင်းချန်ကို ကစဉ့်ကလျား မြင့်မြတ်နယ်မြေအတွင်းရှိ အရေးကြီးပြီး ထူးခြားဆန်းကြယ်သော နေရာအချို့သို့ ထပ်မံခေါ်ဆောင်သွားခဲ့သည်။ ကံမကောင်းစွာဖြင့် ထိုနေရာများသည် ပြိုင်ဘက်ကင်း စနစ်အတွက် အခွင့်အရေးများကို ပွင့်မလာစေခဲ့ဘဲ လင်းချန်အတွက် ဗဟုသုတအဖြစ် ကြည့်ရှုရုံသာ ရှိခဲ့သည်။

တစ်နာရီကျော် ကြာပြီးနောက် ကစဉ့်ကလျား မြင့်မြတ်နယ်မြေ၏ အနက်ရှိုင်းဆုံး တစ်နေရာတွင် သူတို့သည် ထူထပ်လှသော ဟင်းလင်းပြင် အရှိန်အဝါများ ထွက်ပေါ်နေသည့် အနက်ရောင် ဟင်းလင်းပြင်ဥမင်လိုဏ်ခေါင်းတစ်ခု၏ ရှေ့တွင် ရပ်နေခဲ့ကြသည်။ ဤအနက်ရောင် ဥမင်မှာ အခြားအရာများနှင့် မတူဘဲ ၎င်း၏ အထက်တွင် အလွန်တရာ ရှေးကျသော အငွေ့အသက်များ တည်ရှိနေလေသည်။ ၎င်းသည် အဆုံးမဲ့သော ခေတ်ကာလများစွာကတည်းက ဤနေရာတွင် အမြဲတမ်း တည်ရှိနေခဲ့သည့်အလား ခံစားရစေသည်။

ဟင်းလင်းပြင်သည် အနည်းငယ် တွန့်လိမ်သွားပြီးနောက် လင်းချန်နှင့် ရှောင်ဖန်တို့၏ ပုံရိပ်များ ပေါ်ထွက်လာခဲ့သည်။ ရှောင်ဖန်သည် ပတ်ဝန်းကျင်ကို ကြည့်ရှုကာ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။

“တာအိုမိတ်ဆွေ လင်းချန် ဒါက ငါတို့ သွားရမယ့် နောက်ဆုံးနေရာပဲ။ ဒီဟင်းလင်းပြင်ဥမင်ရဲ့ တစ်ဖက်ခြမ်းမှာ ငါတို့ ကစဉ့်ကလျား မြင့်မြတ်နယ်မြေရဲ့ စမ်းသပ်မှုနယ်မြေတစ်ခု ရှိတယ်။ အဲ့ဒီနေရာက အရမ်းကို ရှေးကျလွန်းတယ်။

“ဒါပေမဲ့ နှမြောစရာကောင်းတာက ဒီနေ့အထိ ဘယ်သူမှ ဒီစမ်းသပ်မှုကို အောင်မြင်အောင် မကျော်ဖြတ်နိုင်သေးတာပဲ။

မင်းရော ဒီတစ်ခေါက် လာရောက်လည်ပတ်ရင်းနဲ့ အဲ့ဒါကို အောင်မြင်အောင် လုပ်နိုင်မလားဆိုတာ ငါ သိချင်မိတယ်။”

ရှေးကျသော စမ်းသပ်မှုနယ်မြေလား။ ဘယ်သူမှ မကျော်ဖြတ်နိုင်သေးတဲ့ နေရာလား။

ထိုစကားကို ကြားလိုက်ရသောအခါ လင်းချန်၏ မျက်နှာတွင် စိတ်ဝင်စားသည့် အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။ ဤနေရာ၏ ပတ်ဝန်းကျင်တွင် ဘာမှမရှိဘဲ ပြင်ပလောကနှင့် လုံးဝ အဆက်ပြတ်နေကြောင်း သူ သတိပြုမိလိုက်သည်။ ဟင်းလင်းပြင် အလွှာများကို ဖြတ်ကျော်နိုင်သည့် အထူးနည်းလမ်းကို အသုံးပြုမှသာ ယခု သူတို့ရှိနေသည့် နေရာသို့ ရောက်ရှိနိုင်ပြီး ရှေ့ရှိ အနက်ရောင်ဥမင်ကို မြင်တွေ့နိုင်မည်ဖြစ်သည်။ ဤမျှအထိ နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားသည်ကို ကြည့်ခြင်းအားဖြင့် ဤစမ်းသပ်မှုနယ်မြေမှာ ကစဉ့်ကလျား မြင့်မြတ်နယ်မြေအတွက် အလွန်အရေးပါသော နေရာဖြစ်ပုံရသည်။

လင်းချန်က ရှောင်ဖန်ကို ကြည့်ကာ ပြုံးပြီး မေးလိုက်သည်။

“တာအိုမိတ်ဆွေ ရှောင်ဖန် ဒီစမ်းသပ်မှုနယ်မြေကို ဘယ်သူက ဘယ်တုန်းက ချန်ထားခဲ့တာလဲဆိုတာ ငါ သိချင်မိတယ်။

ပြီးတော့ ဒီထဲကို ဝင်ရောက်စိန်ခေါ်လို့ အောင်မြင်သွားရင်ရော ဘာဆုလာဘ်တွေ ရနိုင်မလဲ။”

ရှောင်ဖန်က အတော်လေး လျှို့ဝှက်ဆန်းကြယ်အောင် ပြောနေသော်လည် အကယ်၍ ဘာဆုလာဘ်မှ မရှိဘူးဆိုလျှင်တော့ သူ ဝင်ရောက်စိန်ခေါ်နေရန် အကြောင်းမရှိပေ။

သို့မဟုတ်ပါက နောက်ပိုင်းတွင် စမ်းသပ်မှုကို ဝင်ရောက်ဖြေဆိုရာ၌ အလွန်အမင်း အလေးအနက်ထားနေရန် မလိုတော့ပေ။

သူသည် ထိုစမ်းသပ်မှုနယ်မြေ အတွင်း၌ လက်မှတ်ထိုးဝင်ခြင်း အခွင့်အရေး ပွင့်၊ မပွင့်ကို သိရှိနိုင်ရန် သေချာပေါက် ဝင်ရောက်ကြည့်ရှုရမည်ဖြစ်သည်။ သူသည် ကစဉ့်ကလျား မြင့်မြတ်နယ်မြေ၏ ဘိုးဘေးများ အခြေချရာ နယ်မြေအတွင်းသို့ ဝင်ရောက်ခွင့်ရရန် အခွင့်အရေး မရှိတော့ပေ။ ထို့ကြောင့် သူ၏ရှေ့မှ ဤနေရာသည် ကစဉ့်ကလျား မြင့်မြတ်နယ်မြေသို့ လာရောက်လည်ပတ်စဉ် လက်မှတ်ထိုးဝင်ခြင်း အခွင့်အရေး ပွင့်လာနိုင်ခြေရှိသော နောက်ဆုံး လျှို့ဝှက်ဆန်းကြယ်သည့် နေရာပင် ဖြစ်ပေလိမ့်မည်။

လင်းချန်၏ မေးခွန်းကို ကြားသောအခါ ရှောင်ဖန်မှာ တစ်စုံတစ်ခုကို ပြောပြရန် တွန့်ဆုတ်နေပုံရသည်။ အကြောင်းမှာ ဤတစ်ကြိမ်တွင် သူတို့၏ ရည်ရွယ်ချက်မှာ အနည်းငယ် မရိုးသားသောကြောင့် ဖြစ်သည်။ သူတို့သည် လင်းချန်၏ ပါရမီကို အသုံးချ၍ ကစဉ့်ကလျား မြင့်မြတ်နယ်မြေအတွက် အချက်အလက်အချို့ကို အတည်ပြုပေးရန် အလိုရှိနေကြခြင်းပင်။

ရှောင်ဖန်၏ မျက်နှာအမူအရာ အနည်းငယ် ပျက်ယွင်းသွားသည်ကို မြင်သောအခါ လင်းချန်၏ စိတ်ထဲ၌ တစ်စုံတစ်ခုကို ရိပ်မိသွားခဲ့သည်။ ဤစမ်းသပ်မှုနယ်မြေသည် အဘယ်ကြောင့် ပို၍ ပို၍ ထူးခြားလာရသနည်း။ အသေးစိတ် ရှင်းပြရန်ပင် ဝန်လေးနေခြင်းမှာ ဤနေရာသည် ကစဉ့်ကလျား မြင့်မြတ်နယ်မြေအတွက် မည်မျှအထိ အရေးကြီးကြောင်း ဖော်ပြနေခြင်းပင် ဖြစ်သည်။

နောက်ဆုံးတွင် အတော်ကြာ တွန့်ဆုတ်နေပြီးနောက် ရှောင်ဖန်က ခါးသီးစွာ ပြုံးကာ ပြောလိုက်သည်။

“ကောင်းပါပြီ...။ တာအိုမိတ်ဆွေ လင်းချန် ငါ မင်းကို ဖုံးကွယ်မထားတော့ပါဘူး။ ဒီစမ်းသပ်မှုနယ်မြေက တကယ်တော့ ငါတို့ ကစဉ့်ကလျာစ မြင့်မြတ်နယ်မြေရဲ့ ဘိုးဘေး ကစဉ့်ကလျား မဟာဧကရာဇ် ချန်ထားခဲ့တာပဲ။

ဒဏ္ဍာရီတွေအရတော့ ဒီစမ်းသပ်မှုကို အောင်မြင်အောင် ကျော်ဖြတ်နိုင်တဲ့သူဟာ ဧကရာဇ်မင်းမြတ်နဲ့ ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံခွင့်ရမှာဖြစ်ပြီး မေးခွန်းသုံးခုကို မေးမြန်းခွင့် ရလိမ့်မယ်။

ငါတို့ ကစဉ့်ကလျား မြင့်မြတ်နယ်မြေက မင်းကို တောင်းဆိုချင်ပါတယ်...။ စမ်းသပ်မှုကို အောင်မြင်အောင် လုပ်ဆောင်ပေးပြီး ဧကရာဇ်မင်းမြတ်ကို ငါတို့အတွက် မေးခွန်းတစ်ခု မေးပေးပါ။

ကျန်တဲ့ မေးခွန်းနှစ်ခုကိုတော့ မင်း စိတ်ကြိုက် အသုံးပြုနိုင်ပါတယ်ဗျာ။ ဒါကို ငါတို့ဘက်က ကျေးဇူးတုံ့ပြန်တဲ့ အမှတ်အသားတစ်ခုလို့ မှတ်ယူပေးပါ။”

ရှောင်ဖန်၏ စကားအဆုံးတွင် လင်းချန်၏ မျက်နှာပေါ်၌ အံ့ဩသော အရိပ်အယောင်များ အလိုအလျောက် ဖြစ်ပေါ်လာတော့သည်။

ဘာလဲ...။ စမ်းသပ်မှုကို အောင်မြင်ရင် ကစဉ့်ကလျား မဟာဧကရာဇ်နဲ့ တွေ့ခွင့်ရပြီး မေးခွန်းသုံးခု မေးခွင့်ရမယ် ဟုတ်လား။

ကစဉ့်ကလျား ဧကရာဇ်သည် ယခင်က နတ်ဘုရားစာရင်းတွင် အဆင့် (၂၇) ရှိခဲ့ကြောင်း သူ ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။ သူ့ကို ရှုံးနိမ့်ပြီးနောက်တွင်မှ နတ်ဘုရားစာရင်း၏ အဆင့် (၂၈) သို့ ကျဆင်းသွားခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့ အားကောင်းသော ပါရမီရှင်မျိုးက မဟာဧကရာဇ်အဖြစ် တက်လှမ်းနိုင်ခဲ့သည်ဆိုလျှင် သူ၏ စွမ်းအားမှာ မည်မျှအထိ ကြောက်စရာကောင်းမည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။ သူ၏ မေးခွန်းသုံးခုကို ရရှိခြင်းမှာ ဧကရာဇ်တစ်ပိုင်းအဆင့် လက်နက်နှင့် ညီမျှသော တန်ဖိုးရှိလှသည်။

သို့သော် ဤအချက်ထက် လင်းချန် ပို၍ သိချင်နေသည်မှာ အခြားတစ်ချက်တစ်ခု ဖြစ်သည်။ သူသည် ရှောင်ဖန်ကို ကြည့်ကာ စိတ်ဝင်တစား မေးလိုက်၏။

“မင်းတို့... ဒါမှမဟုတ် မင်းတို့ ကစဉ့်ကလျား မြင့်မြတ်နယ်မြေက တကယ်ပဲ ငါက မေးခွန်းမေးပေးပြီး အမှန်အတိုင်း ပြန်ပြောပြလိမ့်မယ်လို့ ယုံကြည်နေတာလား။”

စမ်းသပ်မှုကို အောင်မြင်ပါ့မလားဆိုသည့် အချက်ကိုမူ သူ လုံးဝ ထည့်မစဉ်းစားတော့ပေ။ ထိုကဲ့သို့သော အရာမျိုးမှာ သူ၏ ပါရမီနှင့်ဆိုလျှင် သံသယဖြစ်ဖွယ် မရှိသောကြောင့် ဖြစ်သည်။

ရှောင်ဖန်က ခေါင်းခါရင်း ပြုံးလိုက်သည်။

“ငါ သိထားသလောက်တော့ တာအိုမိတ်ဆွေ လင်းချန် မင်းသာ ဒီကိစ္စကို သဘောတူလိုက်ပြီဆိုရင် ကတိဖျက်မှာ မဟုတ်ဘူးဆိုတာ ငါ ယုံကြည်ပါတယ်။

ဒါဆိုရင် တာအိုမိတ်ဆွေ လင်းချန် ငါတို့ ကစဉ့်ကလျား မြင့်မြတ်နယ်မြေအတွက် ဒီအကူအညီကို လုပ်ပေးနိုင်မလား။”

ထိုသို့ပြောပြီးနောက် ရှောင်ဖန်၏ မျက်နှာပေါ်တွင် မျှော်လင့်ချက်များ ပြည့်နှက်သွားခဲ့သည်။ ဤစမ်းသပ်မှုကို အောင်မြင်ရန်မှာ ထူးကဲသော ပါရမီနှင့် အံ့အားသင့်ဖွယ် နားလည်သဘောပေါက်နိုင်စွမ်းရှိရန် လိုအပ်သည်။ သူကိုယ်တိုင်ပင်လျှင် တစ်ချိန်က အနည်းငယ် လိုအပ်သွားခဲ့သဖြင့် ကျရှုံးခဲ့ရသည်။

နှမြောစရာကောင်းသည်မှာ ဤစမ်းသပ်မှုနယ်မြေသို့ တစ်သက်တွင် တစ်ကြိမ်သာ ဝင်ရောက်ခွင့် ရှိခြင်းပင် ဖြစ်သည်။ သို့မဟုတ်ပါက ဒုတိယအကြိမ်တွင် သူ သေချာပေါက် အောင်မြင်မည်ဟု ယုံကြည်ချက်ရှိပေသည်။

လင်းချန်သည် ချက်ချင်း အဖြေမပေးဘဲ အနည်းငယ် စဉ်းစားလိုက်၏။ ခြုံငုံကြည့်လျှင် ဤစမ်းသပ်မှုကို ကြိုးစားကြည့်ခြင်းဖြင့် သူ့အတွက် နစ်နာစရာ ဘာမှမရှိပေ။

သူသည် လက်မှတ်ထိုးဝင်ခြင်း အခွင့်အရေးကို ဖွင့်ရန် ကြိုးစားခွင့်ရမည့်အပြင် စမ်းသပ်မှုကို အောင်မြင်ပြီးနောက် ကစဉ့်ကလျား ဧကရာဇ်ကို မေးခွန်းနှစ်ခုလည်း မေးမြန်းနိုင်ဦးမည်ဖြစ်သည်။

၎င်းမှာ မေးခွန်းမေးခွင့် အသေးအဖွဲ အခွင့်အရေးနှစ်ခုဟု ထင်ရသော်လည်း သူ၏စိတ်ကို အချိန်အတော်ကြာ နှောင့်ယှက်နေခဲ့သော ကိစ္စရပ်များစွာကို ဖြေရှင်းပေးနိုင်ပေလိမ့်မည်။ နောက်ဆုံးတွင် လင်းချန်သည် စိတ်ကို ဆုံးဖြတ်လိုက်ပြီး ရှောင်ဖန်ကို ကြည့်ကာ ခပ်ဖွဖွ ပြုံးလိုက်သည်။

“ဒီအကူအညီကို ငါ ပေးပါ့မယ်။ ဒါပေမဲ့ မင်းတို့ မြင့်မုယြတ်နယ်မြေက ငါ့ကို ဘာမေးခွန်း မေးခိုင်းချင်တာလဲဆိုတာ သိပါရစေဦး။”

ရှောင်ဖန်သည် ဝမ်းသာအားရ ဖြစ်သွားပြီး အလျင်အမြန် ပြောလိုက်သည်။

“တကယ်တော့ အဲ့ဒါက မေးခွန်းအကြီးကြီး မဟုတ်ပါဘူး။ ငါတို့က ရွှေခေတ်ကြီး ဆင်းသက်လာမယ့် စည်းမျဉ်းအသေးစိတ်ကိုပဲ ဘိုးဘေးကို မေးချင်တာပါ။

ပထမဆုံး ဧကရာဇ် တာအိုသစ်သီးပေါ်လာပြီးရင် ဒုတိယနဲ့ နောက်ဆက်တွဲ သစ်သီးတွေက ဘယ်အချိန်မှာ ပေါ်လာမလဲ ဆိုတာကိုပါပဲ။”

ရှေးဟောင်းကျမ်းစာများတွင်မူ ရှေးဟောင်းကာလ၏ ရွှေခေတ်ကြီးသည် အချိုးအကွေ့များစွာကို ဖြတ်သန်းခဲ့ရပြီး နှစ်ပေါင်း ဆယ်သန်းအတွင်း စုစုပေါင်း ဧကရာဇ် တာအိုသစ်သီး ၃၃ ခု ပေါ်ထွက်ခဲ့သည်ဟုသာ မှတ်တမ်းတင်ထားသည်။ သို့သော် ၎င်းတို့ ဆင်းသက်လာမည့် စည်းမျဉ်းများ သို့မဟုတ် ပေါ်ထွက်လာမည့် အချိန်ကာလကိုမူ အသေးစိတ် မှတ်တမ်းတင်ထားခြင်း မရှိပေ။

ယခု သူတို့ မေးလိုသည်မှာ ဒုတိယမြောက် သစ်သီးနှင့် ကျန်ရှိသော သစ်သီးများ ပေါ်ထွက်လာမည့် အချိန်ပင် ဖြစ်သည်။ ပထမဆုံးနှင့် အဖိုးတန်ဆုံးသော ဧကရာဇ် တာအိုသစ်သီး ပေါ်ထွက်လာပြီးနောက် ရွှေခေတ်ကြီးသည် မည်သို့သော အပြောင်းအလဲများကို ဖြတ်သန်းရမည်နည်း။

ဤမေးခွန်းကို ကြားသောအခါ လင်းချန်၏ မျက်နှာအမူအရာမှာ အနည်းငယ် ထူးဆန်းသွားခဲ့သည်။

သူ မဟာဧကရာဇ် ဖြစ်လာပြီးနောက် တာအိုပြည်နယ် သုံးထောင်၏ စည်းမျဉ်းများကို ပြီးပြည့်စုံစေရန် သူ၏ ကိုယ်ပိုင်စည်းမျဉ်းများကို အသုံးပြုနိုင်ကြောင်း ရှောင်ဖန်နှင့် ကစဉ့်ကလျား မြင့်မြတ်နယ်မြေကို သူ ပြောပြသင့်ပါလော။ ထိုအချိန်ကျလျှင် ရွှေခေတ်ကြီးသည် ထာဝရ တည်ရှိနေမည်ဖြစ်ပြီး ဧကရာဇ်ဖြစ်ရန် တက်လှမ်းရာတွင် မည်သည့်ကန့်သတ်ချက်မှ ရှိတော့မည်မဟုတ်ပေ။ မိမိ၏ စုဆောင်းထားသောအင်အား လုံလောက်သည်နှင့်တစ်ပြိုင်နက် မည်သူမဆို ချက်ချင်း ဧကရာဇ် ဖြစ်လာနိုင်ပေလိမ့်မည်။

ယခုအချိန်အထိ ဤကိစ္စကို သူ မည်သူ့ကိုမျှ မပြောရသေးပေ။ သူ၏ ဖခင်နှင့် မိခင်ကိုပင် မပြောရသေးချေ။ လင်းချန်က သူတို့ကို မပြောချင်၍ မဟုတ်ဘဲ ဖခင်ဖြစ်သူ လင်းဟောက်ရန် တံခါးပိတ်ကျင့်ကြံမည့် သတင်းကြောင့် စိတ်အာရုံလွင့်သွားကာ မေ့နေခဲ့ခြင်း ဖြစ်သည်။ သို့သော် ကစဉ့်ကလျား မြင့်မြတ်နယ်မြေမှာမူ ယခုအခါ ရှေးဟောင်းကန္တာရ လင်းမိသားစု၏ မဟာမိတ်ဖြစ်နေပြီ ဖြစ်ရာ သူတို့လည်း သိပိုင်ခွင့် ရှိပုံရသည်။

လင်းချန်၏ ထူးဆန်းသော အမူအရာနှင့် တုံ့ပြန်မှု မရှိခြင်းတို့ကို မြင်သောအခါ ရှောင်ဖန်မှာ အနည်းငယ် စိုးရိမ်သွားပြီး မသေချာသလို မေးလိုက်သည်။

“တာအိုမိတ်ဆွေ လင်းချန် မင်းမှာ တစ်ခုခု စိုးရိမ်စရာ ရှိလို့လား။ ရှိရင်လည်း ပြောလိုက်ပါ။ ငါတို့ မြင့်မြတ်နယ်မြေဘက်က အဲ့ဒါကို ထည့်သွင်းစဉ်းစားပေးပါ့မယ်။”

ထိုစကားကို ကြားလိုက်ရသောအခါ လင်းချန်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး လက်ရှိတွင် သူနှင့် ကောင်းကင်တာအိုသာ သိထားသည့် ဤလျှို့ဝှက်ချက်ကို ထုတ်ဖော်ရန် ဆုံးဖြတ်လိုက်တော့သည်။ ကစဉ့်ကလျား မြင့်မြတ်နယ်မြေ၏ ပညာရှင်များက ဤအချက်ကို ယုံကြည်သွားသရွေ့ သူတို့သည် လင်းချန်ကို ပထမဆုံးသော ဧကရာဇ် ဖြစ်လာစေရန် အစွမ်းကုန် ထောက်ပံ့ပေးကြမည်မှာ သေချာသည်။

“တကယ်တော့ တာအိုမိတ်ဆွေ ရှောင်ဖန် မင်း ဒီမေးခွန်းကို မေးစရာ မလိုပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ ငါ့မှာ ရွှေခေတ်ကြီစကို ထာဝရ တည်ရှိနေအောင် လုပ်နိုင်တဲ့ နည်းလမ်း ရှိလို့ပဲ။ ပြီးတော့ အဲ့ဒီခေတ်က ဧကရာဇ်နယ်ပယ်ကို တက်လှမ်းဖို့အတွက် ဘာကန့်သတ်ချက်မှ မရှိတဲ့ ရွှေခေတ်မျိုး ဖြစ်လာလိမ့်မယ်။”

သူ့စကားမဆုံးမီမှာပင် ရှောင်ဖန်၏ မျက်သူငယ်အိမ်မှာ ပြင်းထန်စွာ ကျုံ့ဝင်သွားပြီး သူ၏ မျက်နှာထက်တွင်လည်း ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားတော့သည်။

“ငါ... ငါ အခု ဘာကြားလိုက်တာလဲ။”

အခန်း ၉၆- ငါ အရင်စမ်းသပ်ကြည့်မယ်၊ ပညာရှင်တွေအားလုံး စုံတဲ့အခါ လူတိုင်းကို ငါအသိပေးမယ်

ရှောင်ဖန်သည် လင်းချန်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိပြီး သူ၏မျက်ဝန်းများထဲတွင် နက်ရှိုင်းသော မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

လင်းချန်က ယခုလေးတင် သူသည် ရွှေခေတ်ကြီးကို ထာဝရတည်တံ့အောင် ပြုလုပ်နိုင်သည်ဟု ပြောလိုက်ခြင်းဖြစ်သည်။ ၎င်းမှာ ရှေးဟောင်းခေတ်မတိုင်မီကကဲ့သို့ ကျင့်စဉ်အဆင့်တက်လှမ်းမှုများအပေါ် ကန့်သတ်ချက်မရှိသော စစ်မှန်သည့် ရွှေခေတ်ကြီးမျိုး ဖြစ်လိမ့်မည်။

တစ်နည်းအားဖြင့်ဆိုသော် ၎င်းသည် မျိုးဆက်တစ်ခုတည်းတွင် မဟာဧကရာဇ် အဆင့်ပညာရှင် အများအပြား အတူတကွ ယှဉ်တွဲတည်ရှိနိုင်သည့် စစ်မှန်သော ရွှေခေတ်ကြီး ဖြစ်ပေလိမ့်မည်။

လင်းချန်သည် တာအိုပြည်နယ်သုံးထောင်တွင် ရှေးဟောင်းခေတ်မတိုင်မီက စည်ပင်ဝပြောမှုမျိုးကို အမှန်တကယ် ပြန်လည်ပေါ်ပေါက်စေနိုင်ပါမည်လော။

ရှောင်ဖန်၏ စိတ်ထဲတွင် ပထမဆုံးဝင်လာသော အတွေးမှာ “ဒါက မဖြစ်နိုင်ဘူး” ဟူ၍သာ။

ဤအရာက မည်သို့ဖြစ်နိုင်မည်နည်း။ ထိုသူသည် လင်းချန်ပင် ဖြစ်နေပါစေဦးတော့၊ လူတစ်ယောက်တည်း၏ စွမ်းအားဖြင့် ဤကဲ့သို့သောအရာကို မည်သို့အောင်မြင်အောင် လုပ်ဆောင်နိုင်မည်နည်း။

သို့သော် ရှောင်ဖန်၏ လင်းချန်အပေါ် နားလည်မှုအရ လင်းချန်သည် အကြောင်းမဲ့ လျှောက်ပြောမည့်သူ သို့မဟုတ် ဤမျှရယ်စရာကောင်းသော မုသာဝါဒမျိုးကို ပြောမည့်သူမဟုတ်ကြောင်း သူသိပေသည်။ ထို့ကြောင့် လင်းချန်က ဤသို့ပြောလာလျှင် သူ့တွင် ခိုင်လုံသော အခြေခံအကြောင်းရင်းနှင့် အာမခံချက်တစ်ခုခု ရှိနေရပေမည်။

မယုံနိုင်စရာကောင်းပြီး အဓိပ္ပာယ်မရှိသလို ခံစားနေရသော်လည်း ရှောင်ဖန်သည် သူ၏စိတ်လှုပ်ရှားမှုများကို အတင်းအကျပ် ထိန်းချုပ်ကာ တည်ငြိမ်စွာ မေးလိုက်သည်။

“တာအိုမိတ်ဆွေ လင်းချန် မင်း ဘာကိုဆိုလိုတာလဲ။ ငါ သိပ်နားမလည်ဘူး။”

လင်းချန်သည် ဤတုံ့ပြန်မှုအတွက် အံ့သြခြင်းမရှိပေ။ မည်သူမဆို ဤစကားကို ကြားပါက မယုံကြည်နိုင်ဘဲ သူသည် လူအထင်ကြီးအောင် လျှောက်ပြောနေသည်ဟုသာ ထင်ကြပေလိမ့်မည်။ ရှောင်ဖန်က ဤမျှ တည်တည်ငြိမ်ငြိမ် မေးမြန်းနိုင်သည်မှာပင် ချီးကျူးထိုက်လှပြီဖြစ်သည်။

လင်းချန်က လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ပြီး ပြန်ပြောသည်။

“နတ်ဘုရားမျှော်စင်ရဲ့ ၉၉ ထပ်မြောက်ကို ငါအောင်မြင်ပြီးတဲ့နောက် ဘာလို့ ချက်ချင်းမျှော်စင်ထဲက ထွက်မလာတာလဲဆိုတာ မင်းသိလား။

အပြင်လောကကို မထွက်ခင် မျှော်စင်ထဲမှာ ငါ အချိန်အတော်ကြာအောင် ဘာလို့ စောင့်နေခဲ့တာလဲ။”

ရှောင်ဖန် မျက်မှောင်ကြုတ်လိုက်သည်။ ထိုအချိန်က ဖူကွမ်းမြို့တွင် သူကိုယ်တိုင်ရှိမနေခဲ့သဖြင့် ဤအကြောင်းကို သူ မသိခဲ့ပေ။ သို့သော် ဤအချက်သည် အဓိကသော့ချက်ဖြစ်ကြောင်း သူနားလည်လိုက်၏။ ရှောင်ဖန် အသက်ပြင်းပြင်းတစ်ချက်ရှူကာ စိတ်ကို တည်ငြိမ်အောင်ထားပြီး လင်းချန်၏စကားကို လိုက်ပါမေးမြန်းလိုက်သည်။

“အဲ့ဒီတုန်းက နတ်ဘုရားမျှော်စင်ထဲမှာ မင်း ဘာလုပ်ခဲ့တာလဲ။”

ရှောင်ဖန်၏ တုံ့ပြန်မှုကို လင်းချန် အလွန်ကျေနပ်သွားခဲ့သည်။ ဤကလေးမှာ အတော်လေး အကဲခတ်ကောင်းပေသည်။

လင်းချန်သည် လက်နှစ်ဖက်ကို နောက်ပစ်လျက် နက်မှောင်သော ဟင်းလင်းပြင်ဝင်ပေါက်ဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားရင်း သူ၏အသံသည် ထိုထူးခြားသော အာကာသဟင်းလင်းပြင်ထဲတွင် အပြုံးရိပ်တစ်ခုနှင့်အတူ ပဲ့တင်ထပ်သွားတော့သည်။

“တကယ်တော့ ထွေထွေထူးထူး မဟုတ်ပါဘူး။ ငါ ကောင်းကင်တာအိုနဲ့ စကားစမြည်ပြောဖြစ်ခဲ့ရုံပါပဲ။ ပြီးတော့ သူက ငါ့ကို တာဝန်တစ်ခု ပေးအပ်ခဲ့တယ်။

ကောင်းကင်တာအိုက တာအိုပြည်နယ်သုံးထောင်ရဲ့ ပျက်စီးနေတဲ့ နိယာမတရားတွေကို ပြန်လည်ပြီးပြည့်စုံအောင်လုပ်ခိုင်းပြီး လုပ်ဆောင်နိုင်မယ့် နည်းလမ်းကို ငါ့ကို ပြောပြခဲ့တယ်လေ။”

သူ၏စကားသံ ဆုံးသွားသည်နှင့် ထိုနေရာအတွင်း၌ ပဲ့တင်သံများထွက်ပေါ်လာပြီး အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့သည်။

ရှောင်ဖန်၏ မျက်စိသူငယ်အိမ်များသည် အပ်ဖျားခန့်အထိ ကျုံ့ဝင်သွားပြီး သူ၏ အရှိန်အဝါများမှာလည်း ကမောက်ကမ ဖြစ်သွားတော့လေသည်။

နတ်ဘုရားမျှော်စင်ထဲတွင် ကောင်းကင်တာအိုကိုယ်တိုင်က လင်းချန်အား တာအိုပြည်နယ်သုံးထောင်၏ ပျက်စီးနေသော နိယာမများကို မည်သို့ပြုပြင်ရမည်ကို ပြောပြခဲ့သည်လော။

ကောင်းကင်တာအိုက ကိုယ်တိုင်ကိုယ်ကျ ကြားဝင်စွက်ဖက်ပြီး လင်းချန်အား ဤအရာများကို ပြောပြခဲ့သည်ဆိုခြင်းမှာ...။

နတ်ဘုရားအဆင့်သတ်မှတ်ချက်နှင့် ပါရမီအဆင့်သတ်မှတ်ချက် နှစ်ခုစလုံးတွင် နံပါတ်တစ်ဖြစ်သော လင်းချန်နှင့် အမှန်တကယ် ထိုက်တန်လှသည်ဟုသာ ဆိုရတော့မည်လော။

ရှောင်ဖန်၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ရီလာပြီး စကားပင် ထစ်သွားခဲ့လေသည်။

“လင်း...တာအိုမိတ်ဆွေ လင်းချန် မင်း ဘာပြောလိုက်တာလဲ။ ငါ့ကို လိမ်နေတာတော့ မဟုတ်ဘူးမလား။

မင်း အခုနက ပြောလိုက်တာက... ကောင်းကင်တာအိုက တာအိုပြည်နယ်သုံးထောင်ရဲ့ ပျက်စီးနေတဲ့ နိယာမတွေကို ပြန်လည်ဖြည့်ဆည်းပြီး ရှေးဟောင်းခေတ်မတိုင်ခင်က စည်ပင်ဝပြောတဲ့ မြင်ကွင်းတွေကို ပြန်လည်ဖော်ဆောင်ဖို့ နည်းလမ်းကို မင်းကို ပြောခဲ့တယ်လို့လား။”

စကားပြောနေရင်း ရှောင်ဖန်သည် တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်မိပြီး သူ၏အမူအရာမှာလည်း ယခင်ကထက် ပို၍ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာခဲ့သည်။

ဤကဲ့သို့သော ကိစ္စမျိုးကို သူ မည်သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်ပါမည်နည်း။

သူ့ကိုသာ မဆိုထားနှင့်။ အကယ်၍ ဤနေရာတွင် ဧကရာဇ်တစ်ပိုင်းအဆင့် ပညာရှင်တစ်ဦးရှိနေလျှင်ပင် ရှောင်ဖန်ထက် မနည်းသော သို့မဟုတ် ပို၍ပင် ပြင်းထန်သော စိတ်လှုပ်ရှားတုန်လှုပ်မှုမျိုး ခံစားရပေလိမ့်မည်။

ကောင်းကင်တာအို...။

အကယ်၍ ကောင်းကင်တာအိုကိုယ်တိုင်က ပြောကြားခဲ့သည်ဆိုလျှင် ၎င်းသည် မည်သို့ မှားယွင်းနိုင်ပါမည်နည်း။

လင်းချန်သည် ခေါင်းကို အနည်းငယ်စောင်းကာ ရှောင်ဖန်ကို ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။

“သဘာဝအတိုင်းပဲလေ။ ငါ မင်းကို လိမ်နေတာ မဟုတ်ဘူး။ လက်ရှိ တာအိုပြည်နယ်သုံးထောင်ရဲ့ ပျက်စီးနေတဲ့ နိယာမတွေကို ဘယ်လို ပြန်လည်ဖြည့်ဆည်းရမလဲဆိုတာကို ကောင်းကင်တာအိုက ငါ့ကို တကယ်ပဲ ပြောပြခဲ့တယ်။ အနာဂတ်မှာလည်း ငါ့မှာ အဲ့ဒါတွေကို ပြီးပြည့်စုံအောင် လုပ်နိုင်တဲ့ စွမ်းအားရှိလာလိမ့်မယ်။

ဒါပေမဲ့ ဒီအတွက် အလွန်ကြီးမားတဲ့ လိုအပ်ချက်တစ်ခုရှိနေတယ်။ အဲ့ဒီလိုအပ်ချက်က ငါတို့အားလုံး အတူတကွ ပူးပေါင်းပြီး အကောင်အထည်ဖော်ဖို့ လိုလိမ့်မယ်။”

ရှောင်ဖန်သည် သူ၏ စိတ်ခံစားချက်များကို တည်ငြိမ်စေရန် အသက်ကို အကြိမ်ကြိမ် ခပ်ပြင်းပြင်း အသက်ရှူသွင်းလိုက်လေသည်။ သို့သော် အဆုံးတွင် ၎င်းမှာ အချည်းနှီးသာဖြစ်ကြောင်း သူတွေ့ရှိလိုက်ရသည်။ သူ၏ နှလုံးခုန်သံမှာ ပိုမိုမြန်ဆန်လာရုံသာ ရှိတော့သည်။

လင်းချန်၏ အဖြေက အနာဂတ်တွင် လင်းချန်သည် တာအိုပြည်နယ်သုံးထောင်၏ နိယာမတရားများကို အမှန်တကယ် ပြန်လည်ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း သံသယဖြစ်ဖွယ်မရှိ အတည်ပြုပေးလိုက်ခြင်းပင်။

ထိုအချိန်ကျရောက်လျှင် သူတို့သည် မဟာဧကရာဇ်တာအိုသစ်သီးအတွက် သို့မဟုတ် တစ်ခုတည်းသော မဟာဧကရာဇ်နေရာအတွက် အချင်းချင်း တိုက်ခိုက်လုယူနေကြရန် မလိုတော့ပေ။

ထိုအခါ တာအိုပြည်နယ်သုံးထောင်ရှိ မည်သည့်သက်ရှိမဆို လုံလောက်သော အခြေခံအုတ်မြစ် ရှိနေသရွေ့ မဟာဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်လာနိုင်ပေလိမ့်မည်။ ရှေးဟောင်းခေတ်မတိုင်မီက စည်ပင်ဝပြောသောခေတ်ကြီးသည် ပြန်လည်အသက်ဝင်လာပြီး မဟာဧကရာဇ်အဆင့် ပညာရှင်များစွာ တစ်ခေတ်တည်းတွင် အတူတကွ ယှဉ်တွဲတည်ရှိနိုင်တော့မည်ဖြစ်သည်။

သို့သော် လင်းချန်ပြောသွားသော စကားထဲတွင် လိုအပ်ချက်တစ်ခုရှိနေသည်ကိုလည်း ရှောင်ဖန် သတိပြုမိလိုက်သည်။

ဤလိုအပ်ချက်သည် ကစဉ့်ကလျား မြင့်မြတ်နယ်မြေနှင့် ရှေးဟောင်းလင်းမိသားစု သို့မဟုတ် လင်းချန်ကိုယ်တိုင် ရှေ့တန်းတစ်ခုတည်းတွင် ခိုင်ခိုင်မာမာ ရပ်တည်ကြရန် ဆိုလိုခြင်းဖြစ်ကြောင်း သူသိသည်။

အကယ်၍ တာအိုပြည်နယ်သုံးထောင်၏ နိယာမများကို အမှန်တကယ် ပြန်လည်တည်ဆောက်နိုင်မည်ဆိုလျှင် ဤအရာသည် မဟာမိတ်များအနေဖြင့် လုပ်ဆောင်ရမည့် သဘာဝကျသော ကိစ္စတစ်ခုပင် ဖြစ်သည်။ သူတို့က ဘာကြောင့် ငြင်းဆန်ရပါမည်နည်း။

“တာအိုမိတ်ဆွေ လင်းချန် အဲ့ဒီလိုအပ်ချက်က ဘာလဲ။ ငါတို့ ကစဥ့်ကလျားမြင့်မြတ်နယ်မြေက ဘာတွေလုပ်ပေးဖို့ လိုလဲ။

ပြီးတော့... ပျက်စီးနေတဲ့ နိယာမတွေကို ပြန်ပြင်မယ့် နည်းလမ်းကို ကစဉ့်ကလျားမြင့်မြတ်နယ်မြေကိုရော မျှဝေပေးလို့ ရမလား။”

ရှုပ်ထွေးနေသော စိတ်ခံစားချက်များကို အနိုင်နိုင်ထိန်းချုပ်ရင်း ရှောင်ဖန်က အလောတကြီး မေးလိုက်သည်။

လင်းချန်သည် အကြောဆန့်လိုက်ပြီး ချက်ချင်းအဖြေမပေးဘဲ အသာအယာ ရယ်မောလိုက်၏။

“အဲ့ဒါကို မပြောခင် ငါ အရင်ဆုံး စမ်းသပ်နယ်မြေထဲဝင်ပြီး စမ်းသပ်မှု လုပ်လိုက်ဦးမယ်။

အဲ့ဒီအချိန်အတွင်းမှာ ငါ့ရဲ့ ရှေးဟောင်းလင်းမိသားစုက အကြီးအကဲတွေနဲ့ ကစဉ့်ကလျား မြင့်မြတ်နယ်မြေရဲ့ အထက်လူကြီးတွေကို ဒီနေရာကိုလာဖို့ တာအိုမိတ်ဆွေရှောင်ဖန်ကပဲ ကူညီပြီး အကြောင်းကြားပေးပါဦး။

ငါ အပြင်ပြန်ထွက်လာတဲ့အခါ အရာအားလုံးကို ရှင်းပြပေးပါ့မယ်။”

ထိုသို့ပြောပြီးနောက် လင်းချန်သည် ရှောင်ဖန်ကို တစ်ချက်ပြန်ပြုံးပြကာ နက်မှောင်သော ဟင်းလင်းပြင်လမ်းကြောင်းထဲသို့ လှမ်းဝင်သွားတော့လေသည်။

သူကျန်ရစ်ခဲ့သော အသံတိုးတိုးလေးမှာသာ ဟင်းလင်းပြင်ထဲတွင် ပဲ့တင်ထပ်ကာ ကျန်ရစ်ခဲ့သည်။

“စမ်းသပ်မှုအောင်မြင်ရင် ရမယ့် မေးခွန်းသုံးခုအတွက်တော့... ငါ အရင်ဆုံး လက်ခံလိုက်တော့မယ်နော်...”

လင်းချန်၏ ကျောပြင်သည် နက်မှောင်သော ဟင်းလင်းပြင်လမ်းကြောင်းထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ရှောင်ဖန်သည်လည်း တွန့်ဆုတ်မနေတော့ပေ။ သူသည် သူ၏ ဆက်သွယ်ရေးတိုကင် ကို ချက်ချင်းထုတ်ယူကာ သတင်းစကားများကို တစ်စောင်ပြီးတစ်စောင် ပေးပို့လိုက်တော့သည်။

သူသည် ယခုအချိန်တွင် ကစဉ့်ကလျား မြင့်မြတ်နယ်မြေ၌ ကျန်ရှိနေသော ပညာရှင်အားလုံးကို စုစည်းရမည်ဖြစ်သည်။

လင်းချန် ပြောတော့မည့်အရာသည် တာအိုပြည်နယ်သုံးထောင် တစ်ခုလုံးကို တုန်လှုပ်သွားစေရန်နှင့် လက်ရှိအခြေအနေကြီးတစ်ခုလုံးကို ပြောင်းလဲပစ်ရန် လုံလောက်ပေသည်။

အကယ်၍ စနစ်တကျ အသုံးချနိုင်မည်ဆိုလျှင် ထိုဝေဖန်ရခက်ပြီး မောက်မာလှသော တားမြစ်နယ်မြေ အထွတ်အထိပ်ပုဂ္ဂိုလ်များပင်လျှင် ငြိမ်သက်သွားပေလိမ့်မည်။

ခဏတာမျှ ရှောင်ဖန်သည် လင်းချန်အား စမ်းသပ်နယ်မြေသို့ ခေါ်ဆောင်လာရသည့် အဓိကရည်ရွယ်ချက်ကိုပင် မေ့လျော့သွားခဲ့သည်။

သူ့စိတ်ထဲတွင် လင်းချန်ပြောခဲ့သော မယုံနိုင်စရာကောင်းသော်လည်း လျစ်လျူရှု၍မရသည့် စကားများကို ကစဉ့်ကလျား မြင့်မြတ်နယ်မြေ၏ ထိပ်သီးပညာရှင်များထံ အမြန်ဆုံး အကြောင်းကြားရန်ဟူသော အတွေးတစ်ခုသာ ရှိတော့သည်။

All Chapters