စစ်မြေပြင်မှ ထွက်ခွာခြင်း
Vol. 26 Ch. 361
ကမ္ဘာပေါ်တွင် နတ်ဘုရားရုပ်တုများကို တိုက်ခိုက်ရန် သတ္တိရှိသူများ ရှိကောင်းရှိနိုင်သော်လည်း ၎င်းတို့က ရှားပါးပြီး လူအနည်းစုကြားမှာသာ ရှိနိုင်ခြင်းဖြစ်သည်။ တောင်ပိုင်းအရုဏ်ဦးကုန်းမြေတွင်တော့ မာန်စွမ်းအားရှင်များ၌ ဤကဲ့သို့ တည်ရှိမှုမျိုးနှင့် သတ္တိမျိုး မရှိသည်က သဘာဝပင်ဖြစ်သည်။ ရှာမန်များကြားမှာပင် ယခုလို စွမ်းအားနှင့် တည်ရှိမှုမျိုးရှိသူ တစ်ဦးတည်းသာ ရှိချေသည်။
ထိုလူသည် ရှာမန်များအကြားတွင် အသန်မာဆုံးဖြစ်ပြီး ကျင့်ကြံဆင့်မှာလည်း အဆုံးသတ်အဆင့်ကို ချိုးဖျက်တက်ရောက်ခဲ့ပြီးဖြစ်သော ရှာမန်မျိုးနွယ်စု၏ အထွတ်အထိပ် မဟာဘိုးဘေးကြီးပင် ဖြစ်သည်။
အတိတ်အချိန်က မဟာမာန်စွမ်းအားရှင်သုံးဦးကို တစ်ဦးတည်း တိုက်ခိုက်ခဲ့ပြီး အပြင်းအထန် ဒဏ်ရာရသွားခဲ့သော်လည်း သေဆုံးခြင်းမရှိပဲ နက်ရှိုင်းစွာ အိပ်မောကျသွားရုံသာ ဖြစ်ခဲ့သော သူတစ်ဦးတည်းတွင်သာ ယခုလို အရှိန်အဝါမျိုး ရှိနေပေလိမ့်မည်။
သူတစ်ဦးတည်းကသာ စုမင် ပထမဆုံးမာန်နတ်ဘုရား၏ မျိုးဆက်ဖြစ်လာသည်ကို ဂရုမစိုက်ပဲ မာန်နတ်ဘုရားရုပ်တုကို ဖျက်ဆီးရန်အတွက်သာ ရည်ရွယ်၍ လှံရှည်ကို ပစ်လွှတ်လိုက်မည့်သူဖြစ်သည်။ သူသည်ကား အနာဂါတ်မာန်စွမ်းအားရှင်များအား ရိုးရေစတေးနယ်ပယ်သို့ ဝင်ရောက်ခြင်းမှ အမြဲတစေတားဆီးပစ်ချင်သည့် မဟာဘိုးဘေးကြီးပင် ဖြစ်၏။
ထိုလှံရှည်သည် လေထုကို ထိုးခွင်းလာပြီး ၎င်းဖြတ်သန်းသွားရာ နေရာတိုင်း၌ ကောင်းကင်က ပိုင်းဖြတ်ခံလိုက်ရပုံပေါ်ပြီး ကြီးမားသော အက်ကြောင်းကြီး ထွက်ပေါ်လာခဲ့သည်။ စကားလုံးများဖြင့် ဖော်ပြ၍မရနိုင်လောက်သည့် တည်ရှိမှုတစ်ခုနှင့် ထိုလှံရှည်မှာ ပျောက်ကွယ်သွားနေသော ရိုးရေစတေးနယ်ပယ် နတ်ဘုရားရုပ်တုရှေ့တွင် ထွက်ပေါ်လာပြီး စူးရှသံတစ်ခုနှင့်အတူ ရုပ်တုအား တိုက်ခိုက်လိုက်သည်။
လှိုင်းဂယက်များ ထွက်ပေါ်လာခြင်း မရှိသလို ပေါက်ကွဲဆူညံသံများလည်း ထွက်ပေါ်လာခဲ့ခြင်းမရှိ... ရိုးရေစတေးနယ်ပယ် နတ်ဘုရားရုပ်တုမှာ လှံရှည်၏ ထိုးဖောက်ခံလိုက်ရပုံ ပေါ်သော်ငြားလည်း ၎င်းထံ၌ ပျက်စီးမှုအရိပ်အမြွက် တစ်ခုလေးပင် ဖြစ်ပေါ်မလာခဲ့ချေ။ အနက်ရောင်မြူခိုးများဆီသို့ အေးစက်စက် အကြည့်တစ်ချက်သာ ထုတ်ဖော်လိုက်ပြီး သဲလွန်စပင်မကျန် ပျောက်ကွယ်သွားတော့သည်။
"ငါတို့ နတ်ဘုရားရုပ်တုတွေကိုသာ ဒီလောက်လွယ်လွယ်နဲ့ ဖျက်ဆီးလို့ရမယ်ဆိုရင် မာန်စွမ်းအားရှင် မျိုးနွယ်စုဆိုတာ ဒီနေ့ ဒီအချိန်ထိတောင် တည်ရှိနေလိမ့်မှာမဟုတ်ဘူး။ အင်မော်တယ်တွေတောင် မလုပ်နိုင်မှတော့ မင်းလိုလူအိုတစ်ယောက်က ဘယ်လိုလုပ်နိုင်မှာတဲ့လဲ။ မို့လော မင်းက အင်မော်တယ်တွေရဲ့ ခွေးတစ်ကောင်သာသာပဲ ရှိတာပါ" ကောင်းကင်မြူခိုး မြို့တော်ထံမှ အိုမင်းသောအသံကြီးက ပြောဆိုလာသည်။ တစ်ချိန်တည်းမှာပင် အပြာရောင်ဝတ်ရုံရှည်တို့ဖြင့် သက်လတ်ပိုင်းလူတစ်ဦးက ကောင်းကင်သို့ လျှောက်လှမ်းလာခဲ့သည်။
ထိုသူသည် အသက်မကြီးသေးပုံ ပေါ်သော်ငြားလည်း သူ့မျက်လုံးများထဲတွင်တော့ အဆုံးမဲ့အချိန်ကာလတစ်ခုကို ဖြတ်သန်းခဲ့ရမှုကြောင့် ဖြစ်ပေါ်လာခဲ့သည့် ရှေးကျရင့်ကျက်သော အကြည့်တစ်ခု ရှိနေခဲ့သည်။ ထိုသူက အလွန်ခန့်ညားချောမောပြီး သူ၏အသွင်အပြင်များမှာ ထျန်းလန်မုန်နှင့် အတော်လေး ဆင်တူနေခဲ့၏။
"ပြီးတော့ မင်းရဲ့ ကိုယ်ပွားတစ်ချို့လောက်သာ နိုးထလာသေးတာ။ မင်းရဲ့ အစစ်အမှန် ခန္ဓာကိုယ်က အိပ်မောကျနေဆဲ ဖြစ်ရမယ်၊ ဟုတ်တယ်မလား။ ကိုယ်ပွားလေး တစ်ခုထဲနဲ့များ ကောင်းကင်မြူခိုးမြို့တော်ထဲကို လာနိုင်မယ် ထင်နေတာလား" သက်လတ်ပိုင်းလူသည် စကားတပြောပြောဖြင့် လျှောက်လှမ်းလာပြီး ဆုတ်ခွာရန်ပြင်နေသည့် စုမင်ဘေး၌ လာရပ်လိုက်သည်။
"ပြန်ဆင်းပြီး ကောင်းကင်မြူခိုးမြို့တော်ဆီ သွားလိုက်။ ပြီးရင် ငါ့မှာ မင်းကို မေးစရာ မေးခွန်းတစ်ချို့ ရှိတယ်" သက်လတ်ပိုင်းလူ၏ အသံက တည်ငြိမ်နေသော်ငြား သူ၏စကားသံထဲတွင် မနာခံမှု မှန်သမျှကို သည်းခံလိမ့်မည် မဟုတ်ကြောင်း ပြောပြနေသည့် အသံနေအသံထားမျိုး ပါရှိနေခဲ့သည်။ သူ့မျက်လုံးများသည်လည်း စုမင်ညာလက်ညှိုးရှိ ဆံချည်မျှင်ဒဏ်ရာကို သာမန်ကာလျှံကာမျှ ကြည့်သွားခဲ့သည်။
စုမင်မျက်နှာပေါ်တွင် ကြောက်ရွံ့မှု အရိပ်အမြွက်နှင့်အတူ ရိုသေလေးစားမှုတို့ ဖြစ်ပေါ်လာခဲ့သည်။ သူ အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး နာခံစွာဖြင့် ကောင်းကင်မြူခိုး မြို့တော်ထံ ပျံသန်းသွားရန်ပြင်လိုက်သည်။
စုမင် ထိုသို့လုပ်လိုက်သည့် အခိုက်အတန့်မှာပင် လှံရှည် ထွက်ပေါ်လာခဲ့သော မြူခိုးများအတွင်းမှ အေးစက်စက် လှောင်ပြောင်သံတစ်ခု ထွက်ပေါ်လာခဲ့၏။ ထို့နောက် ၎င်းမြူခိုးများမှာ အပြာရောင်ဝတ်ရုံဖြင့် သက်လတ်ပိုင်းလူထံသို့ ကျယ်လောင်သံတစ်ခုနှင့်အတူ ဦးတည်တိုးဝင်လာခဲ့သည်။ ကောင်းကင်သည် ချက်ချင်းတုန်ခါသွားပြီး စစ်ပွဲက ပြန်လည်စတင်တော့သည်။
တစ်ချိန်တည်းမှာပင် အစွမ်းထက် ရှာမန်သုံးဦးသည်လည်း မကြာသေးမီက နှောင့်ယှက်ခံလိုက်ရသော တိုက်ပွဲကိုအဆုံးသတ်ရန်အတွက် မာန်စွမ်းအားရှင်ခြောက်ဦးနှင့် ကောင်းကင်ထက်၌ စတင်တိုက်ခိုက်လိုက်ကြသည်။
မြေပြင်ပေါ်ရှိ မျိုးနွယ်စုနှစ်ခုမှ လူများသည်လည်း တစ်ဦးနှင့်တစ်ဦး စတင်တိုက်ခိုက်လိုက်ကြသည်။
ထိုအချိန်တွင် ရှာမန်တို့၏ နယ်မြေထဲမှ ကျယ်လောင်သော အော်မြည်သံတစ်ခု ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ နေ့အချိန်က စုမင်မြင်တွေ့ခဲ့သော တိမ်ပင်လယ်ကြီးအတွင်း ကူးခတ်နေခဲ့သည့် မက်ကရယ်ငါးကြီး ဖြစ်သည်။
မက်ကရယ်ငါးကြီး၏ အရွယ်အစားမှာ ပေဖြင့်ပင် တိုင်းတာမရနိုင်ချေ။ ထိုအခိုက်အတန့်တွင် ၎င်းသည် အဝေးရှိ မိုးကုပ်စက်ဝိုင်းမှနေ၍ အံ့အားသင့်ဖွယ် အရှိန်ဝါတစ်ရပ်နှင့်အတူ ၎င်း၏ ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုအား ထုတ်ဖော်ပြသလာခဲ့ပြီ ဖြစ်သည်။ ၎င်းအပေါ်တွင် ရပ်နေသော အမျိုးသမီးမှာ အပေါက်အချို့ပါသော အစိမ်းရောင် ဝါးတစ်ချောင်း(ပုလွေ)ကို ကိုင်ဆောင်ထား၏။ သူမက ၎င်းကို ပါးစပ်တွင်တေ့၍ အသာအယာ မှုတ်လိုက်ရာ လေထဲသို့ ဂီတသံတစ်ခု ပျံ့လွင့်လာခဲ့သည်။
လေထဲတွင် ထိုဂီတသံများ ပဲ့တင်ထပ်သွားသည်နှင့် တစ်ပြိုင်နက် စစ်မြေပြင် တစ်ခုလုံး၌ လူသေတို့၏ အငြိုးအတေးဝိညာဉ်များက ရုတ်တရက် စတင်စုဝေးလာကြသည်။ နေရာအနှံ့ ပြန့်ကျဲနေသော မြေပြင်ထက်မှ အလောင်းများသည်လည်း တွန့်လိမ်ကောက်ကွေးဖြင့် စတင်ထရပ်လာကြ၏။ ထူထပ်သော သေဆုံးခြင်းအငွေ့အသက်များက ဧရိယာတစ်ခုလုံးကို ချက်ချင်း ဖုံးအုပ်သွားတော့သည်။
တိုက်ပွဲသံများက စစ်မြေပြင်မှ အပြင်းအထန် ထွက်ပေါ်လာသည်။ မက်ကရယ်ငါးကြီး ပေါ်ထွက်လာမှုက ကောင်းကင်မြူခိုးမြို့ရိုးပေါ်မှ အဘိုးအိုရှစ်ဦး၏ အာရုံကို ဖမ်းစားသွားခဲ့သည်။ သေဆုံးခြင်း အငွေ့အသက်များ စုဝေးလာခြင်းနှင့် အလောင်းကောင်များ တွားသွားထလာခြင်းတို့ကြောင့် စစ်မြေပြင်တွင် ကစဉ့်ကလျားဖြစ်ရပ်များ စတင်ဖြစ်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကောင်းကင်မြူခိုး မြို့တော်ဆီသို့ ဦးတည်ပျံသန်းနေသော စုမင်တစ်ယောက် လှုပ်ရှားမှုကို ချက်ချင်း ရပ်တန့်လိုက်သည်။
သူ့မျက်လုံးများမှာ စူးရှတောက်ပနေပြီး တုန့်ဆိုင်းခြင်း အလျင်းမရှိပဲ သူ၏ဦးတည်ရာကို လျင်မြန်စွာ ပြောင်းလဲပစ်လိုက်သည်။ အမြန်နှုန်း အပြည့်ဖြင့် အလင်းတန်းရှည်တစ်ခု အသွင်ပြောင်းလျက် တောင်ပိုင်းစစ်မြေပြင်သို့ တိုးဝင်သွားတော့သည်။
မြေပြင်ပေါ်ရှိ ကစဉ့်ကလျား ဖြစ်စဉ်များကြားမှာပင် သူ့လုပ်ရပ်များက အာရုံစိုက်မှု အချို့ကို ဆွဲဆောင်ထားနိုင်ဆဲ ဖြစ်သည်။ သို့သော် စုမင်သည် တောင်ပိုင်းစစ်မြေပြင်သို့သာ သွားနေခြင်းကြောင့် သူ့ကို အနီးကပ်စောင့်ကြည့်နေသူ အများစုမှာ မရေမရာ ဖြစ်လာကြသည်။
စောင့်ကြည့်နေသူများ၏ စိတ်ထဲ၌ သံသယတို့ ကြီးထွားလာစဉ်မှာပင် စုမင်က တောင်ပိုင်းစစ်မြေပြင်ဆီသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ သူသည် ခဏတာ ရပ်တန့်လိုက်ပြီးနောက် တိုက်ပွဲဝင်နေသော လူအုပ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်။ ထို့နောက် တစ်ချက် လှုပ်ရှားလိုက်ရုံဖြင့် လူအုပ်၏ တစ်ဖက်ခြမ်းတွင် ပြန်ပေါ်လာပြီး သူ့ကိုသတ်ရန် ရှေ့တိုးလာသော ရှာမန်တစ်ယောက်နှင့် ရင်ဆိုင်လိုက်သည်။ စုမင်သည် ထိုလူအနီးမှ ဖြတ်လျှောက်သွားသည်နှင့် လေပြင်းတစ်ခုသဖွယ် လက်သီးချက်ဖြင့် ထိုလူ့ရင်ဘတ်ကို ထိုးနှက်လိုက်ရာ ထိုလူ့ခန္ဓာကိုယ်က တုန်ယင်သွားပြီး သွေးများအနထုတ်လိုက်ရသည်။ ထို့နောက် မြေပေါ်သို့ လဲကျသေဆုံးသွားတော့သည်။
စုမင် အလွန်သတိကြီးစွာ ထားနေမိသည်။ သူ့အား လူ ဘယ်နှယောက်လောက် စောင့်ကြည့်နေမှန်း သူမသိချေ။ သူသည် လူအုပ်ကြား၌ လျင်မြန်စွာ ရွေ့လျားနေလျှင်တောင် အလွန်မသန်မာသူများကိုသာ တုန်လှုပ်စေနိုင်ပေသည်။ စစ်မှန်သော အစွမ်းထက် စစ်သည်တော်များ... အထူးသဖြင့် မာန်ဝိညာဉ်နယ်ပယ်ရှိ လူများကတော့ တစ်နည်းနည်းဖြင့် သူ့တည်နေရာကို သိရှိနေနိုင်ဆဲ ဖြစ်သည်။ သူသာ ထူးဆန်းတာ တစ်ခုခု လုပ်လိုက်မည်ဆိုလျှင် တစ်စုံတစ်ယောက်က သူ့ကို သေချာပေါက် လာရှာပေလိမ့်မည်။
ယခုအချိန်တွင် စစ်မြေပြင်မှာ အနည်းငယ် မငြိမ်မသက်ဖြစ်နေ၏။ လေထုထဲတွင် ပြည့်နေသော အငြိုးအတေး ဝိညာဉ်များ၊ မြေပြင်ပေါ်မှ တွားသွားထလာနေသော အလောင်းကောင်များနှင့် ၎င်းတို့အား ဝန်းရံနေသော သေဆုံးခြင်း အငွေ့အသက်များက ထိုနေရာကို မှုန်မှိုင်းနေစေသည်။ စုမင်သည်လည်း အခြားမာန်စွမ်းအားရှင်များလိုပင် ရပ်တန့်ခြင်းမရှိပဲ ဆက်လက်တိုက်ခိုက်ခဲ့သည်။
သူသည် ထွက်ပြေးရန် ကြိုးစားနေခြင်းမဟုတ်ပဲ ဆက်လက်တိုက်ခိုက်ချင်သောကြောင့်သာ ကောင်းကင်မြူခိုး မြို့တော်ဆီ ပြန်မလာသလိုပင်ဖြစ်၏။ စုမင်သည် ဖြည်းညင်းစွာ ဆက်လက်ရွေ့လျားရင်းဖြင့် တောင်ပိုင်းစစ်မြေပြင်၏ အစွန်သို့ မတော်တဆ ရောက်ရှိလာပုံရသည်။ သူ ထိုနေရာသို့ ရောက်လာသောအခါ နောက်ကျော၌ ပုရွက်ဆိတ်များ ပြေးလွှားလှုပ်ရှားနေသကဲ့သို့ ထူးထူးခြားခြား မသက်မသာ ခံစားချက်များဖြင့် ပြည့်နှက်သွားသည်။ ဤအရာသည် သူမသိသော နေရာတစ်ချို့မှနေ၍ သူ့အား စောင့်ကြည့်နေသည့် အစွမ်းထက် စစ်သည်တော်များ ရှိနေကြောင်း ပြသနေသော လက္ခဏာတစ်ခု ဖြစ်သည်။ သူတို့အကြည့်များ၌ ရန်လိုမုန်းတီးမှုများဖြင့် ပြည့်နှက်နေခြင်းကြောင့်သာ မဟုတ်လျှင် စုမင် ယခုလို ခံစားရမည် မဟုတ်ပေ။
သူ့နံဘေးရှိ မာန်စွမ်းအားရှင်တစ်ယောက် အသတ်ခံလိုက်ရခြင်းနှင့်အတူ စုမင် မျက်တောင်တစ်ချက် မခတ်ပဲ ပြန်လည်ဆုတ်ခွာလာခဲ့သည်။
'ငါ ထင်ထားတဲ့ အတိုင်းပဲ။ ငါ့မှာရှိတဲ့ အဖိုးတန်အရာတွေကြောင့် ငါတော့ ဒုက္ခရောက်နေပြီ...' စုမင်မျက်လုံးများက တောက်ပနေသည်။
'အခွင့်အရေး တစ်ခု... လူတိုင်းရဲ့ အာရုံကို လွှဲသွားနိုင်မယ့် အခွင့်အရေးတစ်ခု ငါလိုတယ်...' စုမင် မျက်မှောင်ကြုတ်လျက် ဆက်လက် တိုက်ခိုက်နေခဲ့သည်။ သို့သော် သူအချိန်ကြာကြာ မစောင့်လိုက်ရခင်မှာပင် စစ်မြေပြင်၌ ထိုသို့ အခွင့်အရေးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
မြေပြင်က တုန်ခါလာသည်။ ၎င်းသည် အနည်းငယ်တုန်ခါခြင်းဖြင့်သာ စတင်ခဲ့သော်လည်း မကြာမီမှာပင် တောင်တန်းနှင့် မြေပြင်ကို အက်ကွဲသွားစေနိုင်သော အင်အားတစ်ရပ်ဖြင့် စတင်တုန်ခါလာခဲ့သည်။ တုန်ခါမှုများသည် ကောင်းကင်မြူခိုး မြို့တော်ရှေ့ရှိ အရှေ့ပိုင်းစစ်မြေပြင်မှ ထွက်ပေါ်လာပြီး အပြင်သို့ ဆက်လက် ပျံ့နှံ့သွားခဲ့သည်။ မကြာမီမှာပင် မြေကြီးထဲမှ ဝိုးတဝါး ဟိန်းဟောက်သံကြီး ထွက်ပေါ်လာပြီး အရှေ့ပိုင်း စစ်မြေပြင်မှ လူအားလုံးသည် အရပ်မျက်နှာ နှစ်ဖက်ဆီသို့ အလျင်အမြန် ဆုတ်ခွာသွားကြသည်။
ဧရာမ အက်ကြောင်းကြီးတစ်ခုက မြေပြင်ကို ခွဲပစ်လိုက်သည်။ ထို့နောက် ၎င်းအတွင်းမှနေ၍ ပေတစ်သိန်းခန့် ရှည်လျားပြီး ပေထောင်ပေါင်းများစွာ အကျယ်ရှိသော မြွေပုံသဏ္ဍာန် သားရဲရိုင်းကြီး တစ်ကောင် တိုးထွက်လာခဲ့သည်။
ထိုသတ္တဝါ၏ ထင်ရှားသော အစိတ်အပိုင်း တစ်ခုတည်းကပင် ပေ၁၀၀၀၀ခန့် ရှည်လျားနေသည်။ သို့သော် ၎င်းသည် မြွေကြီးတစ်ကောင် မဟုတ်သလို မျက်လုံးများလည်း ရှိမနေပေ။ ၎င်းက တီကောင်တစ်ကောင်နှင့်တူသော ဧရာမအရာကြီးတစ်ခုသာ ဖြစ်သည်။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ကြက်သွေးရောင်ဖြစ်နေပြီး အရေပြားမှ အကျိအချွဲများ စီးကျနေသည်။ ထိုအကျိချွဲများဖြင့် ထိမိသွားသူတိုင်းထံမှ စူးရှနာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာပြီး သူတို့၏ ခန္ဓာကိုယ်များမှာလည်း ချက်ချင်းဆိုသလို စတင်ပုပ်ပွလာကြသည်။
ထိုပေတစ်သိန်းခန့် အရွယ်အစားရှိသော သတ္တဝါကြီးသည် ၎င်းထံတွင် ပါရှိသည့် တစ်ခုတည်းသော ပါးစပ်ကြီးကို ကျယ်ကျယ်ဖွင့်ဟလိုက်ရာ အတွင်းဘက်မှ ခြောက်ချားဖွယ် ချွန်ထက်သော သွားများ ထွက်ပေါ်လာခဲ့သည်။ ၎င်းသည် ကောင်းကင်သို့ ဟိန်းဟောက်လိုက်ပြီး သူ့ခန္ဓာကိုယ်ကြီးအား တစ်ချက်လွှဲယမ်းလျက် ကောင်းကင်မြူခိုး မြို့တော်ကို တိုက်ခိုက်လိုက်သည်။
ထိုအရာတင် မကသေးပဲ ၎င်းတိုက်ခိုက်လိုက်သည်နှင့် တစ်ပြိုင်နက် မြောက်ပိုင်းစစ်မြေပြင်တွင်း၌ ဒုတိယအက်ကြောင်းကြီး ပေါ်လာခဲ့သည်။ ၎င်းနှင့်တူသော အခြားသတ္တဝါကြီးတစ်ကောင် တိုးထွက်လာပြီး ဟိန်းဟောက်ကာ ၎င်း၏ခန္ဓာကိုယ်ပြီးဖြင့် ကောင်းကင်မြူခိုး မြို့တော်ကို ဒေါင်လိုက် ပစ်တိုက်လိုက်ပြန်သည်။
တစ်ချိန်တည်းမှာပင် တောင်ပိုင်းစစ်မြေပြင်အတွင်းရှိ မြေပြင်မှာလည်း စတင်တုန်ခါလာပြီး စုမင်နှင့် သိပ်မဝေးသော နေရာ၌ အက်ကြောင်းကြီးတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။ ထိုအက်ကြောင်းသည် မမြင်ရသော ဧရာမလက်ကြီးတစ်စုံဖြင့် ဆွဲဖြဲခံလိုက်ရသကဲ့သို့ ရုတ်တရက် ကျယ်ပြန့်လာခဲ့ပြီး ယခင်နှစ်ကောင်ကဲ့သို့ တတိယမြောက် သတ္တဝါကြီးတစ်ကောင် တိုးထွက်လာခဲ့လေသည်။
ထိုအချိန်တွင်တော့ ကောင်းကင်မြူခိုး မြို့တော်တစ်ခုလုံး အတွင်းရှိ အစွမ်းထက်မာန်စွမ်းအားရှင်များ အားလုံးနီးပါး၏ အကြည့်များက ကြောက်မက်ဖွယ် သတ္တဝါကြီး သုံးကောင်ဆီသို့သာ ရောက်ရှိသွားကြတော့သည်။ စုမင်သည် ထိုတစ်ခဏမှာပင် စတင်ဆုတ်ခွာလိုက်ပြီး သူ့မျက်လုံးများထဲတွင်လည်း စူးရှသော အကြည့်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ တောင်ပိုင်းစစ်မြေပြင် အတွင်းရှိ အက်ကြောင်းထဲမှ တိုးထွက်လာသော သတ္တဝါကြီးမှာ ဟိန်းဟောက်လိုဟန်ဖြင့် ၎င်း၏ပါးစပ်အား ဟလိုက်သည်ကို စုမင် မြင်တွေ့လိုက်ရသည်။
စုမင် ရုတ်တရက် လှုပ်ရှားလိုက်ပြီး သူ့ခြေထောက်အောက်၌ အနက်ရောင်မီးခိုးငွေ့များ ထွက်ပေါ်လာခဲ့သည်။ ထိုအနက်ရောင် အခိုးအငွေ့များမှာ သူ့ကိုယ်ပေါ်တွင် အလျင်အမြန် စုဝေးလာပြီးနောက် စုမင်နှင့် တစ်ထပ်တည်းတူညီသော ခန္ဓာကိုယ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
၎င်းသည် သူ၏ စိတ်တစ္ဆေခက်ရင်းခွမှ အသွင်ပြောင်းလဲထားသော ပုံစံဖြစ်ပြီး စုမင်နှင့် တစ်ထပ်တည်းတူညီသော အရှိန်အဝါ တည်ရှိမှုမျိုး ရှိနေ၏။
စိတ်တစ္ဆေခက်ရင်းခွသည် စုမင်တစ်ဦးအဖြစ် ပြောင်းလဲသွားပြီးသည်နှင့် ဟိန်းဟောက်နေသော သတ္တဝါကြီးထံ တည့်တည့်တိုးဝင်သွားသည်။ တစ်ချိန်တည်းမှာပင် စုမင်သည်လည်း အသက်ပြင်းပြင်း ရှူရှိုက်လိုက်၏။ ရုတ်တရက်ဆိုသလို သူ့ကိုယ်တွင်းရှိ လေများသိုလှောင်ထားသော နေရာမှ လေပြင်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်။ ထိုလေများသည် သူ့အား ဖြတ်သန်းတိုက်ခတ်သွားပြီး စုမင်အမြန်နှုန်းက ရုတ်တရက် အဆမတန် တိုးမြင့်သွားခဲ့သည်။ ထို့နောက် သူသည် စစ်မြေပြင်၏ အစွန်းဖြစ်သော တောင်ဘက်ပိုင်းသို့ တည့်တည့် ဦးတည်လိုက်တော့သည်။
စုမင်သည် ပုံရိပ်ယောင်အချို့ ချန်ထားရစ်ခဲ့ပြီး ပြန်ပေါ်လာသောအခါ ပေသိန်းပေါင်းများစွာ အဝေးသို့ပင် ရောက်ရှိနေခဲ့ချေပြီ။ ထို့နောက် လျှပ်တပြက်အတွင်း၌ တောင်ဘက်ပိုင်းသို့ ထပ်မံဦးတည်တိုးဝင်သွားခဲ့ပြန်သည်။
စုမင်တစ်ယောက် အမြန်နှုန်းအပြည့်ဖြင့် ပြေးထွက်သွားသည်နှင့် တစ်ပြိုင်နက် သူ့အားစောင့်ကြည့်နေခြင်းကို မရပ်တန့်ခဲ့သည့် ကောင်းကင်မြူခိုး မြို့တော်မြို့ရိုးပေါ်မှ အဘိုးအိုတစ်ဦးကလည်း ချက်ချင်းလှုပ်ရှားလိုက်သည်။
စူးရှတောက်ပသော အကြည့်တစ်ခုနှင့် ထိုအဘိုးအို၏ နှုတ်ခမ်းထက်တွင်တော့ အေးစက်စက် လှောင်ပြုံးတစ်ခု ရှိနေခဲ့သည်။ သူ့အမြန်နှုန်းမှာ စုမင်ထက် လျော့နည်းခြင်းမရှိပဲ မျက်စိတစ်မှိတ်အတွင်းမှာပင် မြို့ရိုးနှင့် ပေ၁၀၀၀၀ အကွာသို့ ရောက်လာခဲ့ချေသည်။
တစ်ချိန်တည်းမှာပင် ရှာမန်များအကြားရှိ ပိန်ပါးခြောက်ကပ်နေသော အဘိုးအိုတစ်ဦးသည်လည်း ရှေ့တစ်လှမ်းတက်ကာ အစိမ်းရောင်မီးခိုးငွေ့များအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူသည်လည်း တစ်ခဏအတွင်းမှာပင် ပေ၁၀၀၀၀ခန့် ဖြတ်သန်းရောက်ရှိသွားခဲ့သည်။
ထိုနှစ်ဦးသည် စုမင်အနောက်မှနေ၍ တစ်ယောက်ပြီးတစ်ယောက် လိုက်ပါသွားခဲ့ကြသည်။
စုမင်သည် ပြေးလွှားနေရင်းမှ နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်လိုက်သည်။ ကိုယ်တွင်းရှိ လမ်းကြောင်းအတွင်း သိုလှောင်ထားသော အရှိန်ဝါအဆီနှစ်များက လျင်မြန်စွာ စတင်လှည့်ပတ်လာကြပြီး သူ့နတ်ဘုရားစိတ်အာရုံကို ပေသိန်းပေါင်းများစွာ အဝေးထိ ချက်ချင်းဖုံးအုပ်သွားစေသည်။ ထိုဧရိယာအတွင်းရှိ အရာအားလုံးကိုလည်း ယခင်ကထက် ပိုမို၍ ရှင်းလင်းပြတ်သားစွာ အာရုံခံလိုက်မိသည်။
သူ့အနောက်မှ အလျင်အမြန် လိုက်ပါလာသော အဘိုးအိုနှစ်ဦးကိုလည်း ရှင်းရှင်းလင်းလင်း တွေ့လိုက်ရသည်။ သူနှင့် ၎င်းတို့ကြား၌ ပေသုံးသောင်းခန့်သာ ကွာဝေးလေသည်။
စုမင် အေးစက်စက်ရေရွတ်လိုက်သည်။ သူသည် ယခင်တည်းက သူ့အခြေအနေကို ဆန်းစစ်ထားခဲ့ပြီး ဖြစ်၍ ကောင်းကင်မြူခိုး မြို့တော်ဆီသို့ လုံးဝပြန်မသွားနိုင်တော့ကြောင်း သိနေခဲ့ပြီး ဖြစ်သည်။ ဤကိစ္စနှင့်ပက်သက်၍ မည်သည့်စွန့်စားမှုမျိုးကိုမှ ပြုလုပ်လိမ့်မည် မဟုတ်သလို မည်သူ့ကိုမှလည်း လက်ဦးမှုရယူခွင့် ပေးလိမ့်မည်မဟုတ်ပေ။ သူကိုယ်တိုင် ထိန်းချုပ်နိုင်လျှင်တော့ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
ရှေ့သို့ ပြေးလွှားနေရင်းဖြင့် သူ့ကိုယ်တွင်းရှိ မာန်အရိုးလေးခုမှ ပေါက်ကွဲထွက်ပေါ်လာသော ရိုးရေစတေးနယ်ပယ်၏ စွမ်းအားများက စုမင်အမြန်နှုန်းကို တစ်ဆနီးပါး ရုတ်တရက်တိုးမြင့်သွားစေသည်။ ချက်ချင်းဆိုသလို ထိုအရာက သူနှင့် ထိုလူများအကြား အကွာအဝေးကို ပေ၅၀၀၀၀ကျော်ခန့် ကျယ်ပြန့်သွားစေ၏။
'သူတို့နဲ့ ငါ့ကြား အကွာအဝေးကိုချဲ့ပြီး ချန်ထားရစ်ခဲ့ရမယ်။ ပြီးရင်တော့ စစ်မြေပြင်ကနေ ထွက်ခွာရမယ်'
စုမင်ကိုယ်တွင်းရှိ လေ၏မူလရင်းမြစ်ကြောင့် ဖြစ်ပေါ်လာသည့် ပြင်းထန်သောလေပြင်းက နောက်ထပ်တစ်ဖန် စတင်၍ အလျင်အမြန် ပျံ့နှံ့လာပြီး
သူ့အမြန်နှုန်းကို များစွာတိုးမြင့်သွားစေပြန်သည်။ စုမင်ခန္ဓာကိုယ်ကို မမြင်နိုင်တော့ပဲ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။
သို့သော်လည်း လူနှစ်ဦးမှာတော့ သူ့နောက်သို့ ဆက်လက်၍ လိုက်ပါဖမ်းဆီးနေဆဲသာ ဖြစ်သည်။
***