လိုက်လံဖမ်းဆီးခြင်း
Vol. 26 Ch. 362
၎င်းတို့သုံးဦးသည် ရှေ့သို့ တဟုန်ထိုး ပြေးလွှားလာရင်းဖြင့် စစ်မြေပြင်အား တဖြည်းဖြည်း ချန်ထားရစ်ခဲ့ကြသည်။ သူတို့အနောက်မှ တိုက်ပွဲသံများနှင့်လည်း တဖြည်းဖြည်း ဝေးကွာလာခဲ့သည်။
စုမင်သည် သူ၏ စစ်မြေပြင်မှ ထွက်ခွာမှုအတွက် အချိန်ကို ကောင်းစွာစီမံနိုင်ခဲ့သည်။ သို့မဟုတ်ပါက သူ့နောက်သို့ လိုက်လံဖမ်းဆီးမည့်သူမှာ ထိုနှစ်ဦးတည်းသာ မဟုတ်ပဲ မာန်ဝိညာဉ်နယ်ပယ် အလယ်ဆင့်မှ မွန်းစတားအိုကြီးများပင် ပေါ်လာနိုင်ခြေ များပေသည်။
ကံကောင်းထောက်မစွာဖြင့် ဤအရာမှာ ကောင်းကင်မြူခိုး မြို့တော်တွင်းမှ တိုက်ပွဲ၏ အစပထမခန့်သာ ရှိနေသေး၏။ ကောင်းကင်မြူခိုး မြို့တော်၏ ကိုယ်ပိုင်အကာအကွယ်ဖြင့် ဆိုလျှင် မြို့တော်ကို အချိန်တိုအတွင်း သိမ်းပိုက်နိုင်လိမ့်မည် မဟုတ်ပေ။ မြို့တော်တွင်း၌ မူလနေထိုင်သော အစွမ်းထက် မာန်စွမ်းအားရှင် အရေအတွက်မှာ ထိုမျှ များပြားခြင်း မရှိသဖြင့် မာန်စွမ်းအားရှင်မျိုးနွယ်စုမှ များပြားသော စစ်သည်တော်များက မြို့တော်သို့ ပြောင်းရွှေ့လာကြပေလိမ့်မည်။
ရှာမန်များအတွက်လည်း အလားတူပင်ဖြစ်သည်။ တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပြီး အချိန်တိုအတွင်း အဆုံးသတ်သွားလိမ့်မည် မဟုတ်ချေ။ ယခု ဖြစ်ပျက်နေသော အရာအားလုံးမှာ အခြားတစ်ဖက်ဆီမှ သတင်းအချက်အလက်များကို စုံစမ်းထောက်လှမ်းရန် ကြိုးစားနေရုံသက်သက်သာ ရှိနေသေးသည်။
စုမင်သည် သူ၏ အမြန်နှုန်းအပြည့်ကို အသက်သွင်းထားပြီး ရှာမန်များ၏ နယ်မြေကို လေပြင်းတစ်ခုသဖွယ် ဖြတ်သန်းလာခဲ့သည်။
အနောက်မှ လူနှစ်ဦးသည်လည်း စုမင်နောက်သို့ မရပ်မနား လိုက်ပါလာသည်။ သို့သော် သူတို့သည်လည်း တစ်ယောက်ကို တစ်ယောက် သတိထားနေပြီး ခွဲခွာကာ လိုက်ပါလာကြ၏။ အထူးသဖြင့် မာန်စွမ်းအားရှင်အိုကြီး ဖြစ်သည်။ အကယ်၍ စုမင်ကသာ သူ့အတွက် သွေးဆောင်မှု ကြီးမားလွန်းနေခြင်းကြောင့် မဟုတ်လျှင် စစ်ပွဲအတွင်း၌ ရှာမန်နယ်မြေထဲသို့ ဝင်ရောက်ရန် သို့တည်းမဟုတ် ၎င်းတို့ နယ်မြေထဲသို့ နက်နက်ရှိုင်းရှိုင်း တိုးဝင်ရန် သေချာပေါက် စွန့်စားချင်ခဲ့မည် မဟုတ်ချေ။
အခြားတစ်ဖက်ရှိ ရှာမန်အိုကြီး၏ မျက်လုံးများကတော့ တောက်ပနေပြီး နှုတ်ခမ်းများထက်တွင်လည်း အေးစက်စက် လှောင်ပြုံးတစ်ခု ရှိနေခဲ့သည်။ သူသည် စုမင်ကို ဖမ်းဆီးရန်သာ စိတ်ပိုင်းဖြတ်ထားခြင်း မဟုတ်ပဲ အခြားလူကိုလည်း သတ်ပစ်ချင်နေခြင်း ဖြစ်သည်။
ခေါင်းထဲ၌ ကိုယ်ပိုင်အတွေးများဖြင့် ထိုနှစ်ဦးသည် ရှေ့ဆက်တိုးလာနေရင်းမှ နှစ်ဦးလုံး မျက်မှောင်ကြုတ်သွားခဲ့ကြ၏။ အချိန်အတော် ကြာမြင့်ပြီးနောက်မှာပင် စုမင်အမြန်နှုန်းက ရပ်တန့်သွားမည့် အရိပ်အယောင် မပြသေးပေ။ ထိုမျှသာမက သူက ပိုမို၍ပင် မြန်ဆန်လာသေးသည်။
ထိုမျှသာမကသေးပဲ စုမင်သည် သူတို့ရှေ့တွင် ဆက်လက်ပျံသန်းနေရင်းမှ အထက်သို့ ပိုပိုမြင့်လာခဲ့၏။ သူတို့နှစ်ဦးမှာ လိုက်ပါလာနိုင်သော်လည်း အမြင့်တစ်နေရာသို့ ရောက်သည်နှင့် ကောင်းကင်ကိုးခု၏ အထက်တွင်သာ တည်ရှိပုံရသော ပြင်းထန်သည့် လေပြင်းတစ်ခုနှင့် ရင်ဆိုင်လိုက်ရသည်။ လူတစ်ဦးသည် ပတ်ဝန်းကျင်၌ ထိုလေပြင်းမျိုးရှိနေချိန် သတ်မှတ်ထားသော အရှိန်အဟုန်ကို ကျော်လွန်သွားပါက ၎င်းမှာ ပြင်းထန်သည့် တွန်းလှန်နိုင်စွမ်းအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။
အမှန်စင်စစ်တော့ သူတို့သာ ပိုမြန်မြန်သွားခဲ့လျှင် တိုက်ခတ်နေသော လေပြင်းက သူတို့ခန္ဓာကိုယ်နှင့် မျက်နှာများကို ဓားသွားများသဖွယ် လှီးဖြတ်၍ ပြင်းပြင်းထန်ထန် နာကျင်လာစေလိမ့်မည်။
သူတို့အထဲမှ တစ်ဦးသည် မာန်ဝိညာဉ်နယ်ပယ် ကနဦးဆင့် ဖြစ်ပြီး အခြားတစ်ဦးမှာ အဆုံးသတ်ရှာမန်တစ်ဦး ဖြစ်နေခဲ့လျှင်တောင် ယခုလိုလေမျိုးဖြင့် အချိန်ကြာကြာ တိုက်ခတ်ခံရမည်ဆိုပါက သူတို့အမြန်နှုန်းကိုလည်း ထိခိုက်လာစေပေလိမ့်မည်။
သို့သော် သူတို့မျက်စိရှေ့မှ စုမင်သည်တော့ ရေထဲမှ ငါးတစ်ကောင်သဖွယ် ဖြစ်နေခဲ့သည်။ လေပြင်း၏ ခုခံမှုသည် သူ့ကို နှေးကွေးမသွားစေရုံသာမက ထိုအစား ပိုမို၍ပင် မြန်ဆန်လာစေသေးသည်။ သူသည် ရှေ့သို့ဦးတည်ပြေးလွှားနေရင်း တစ်ခဏအတွင်း၌ သူတို့အကြား အကွာအဝေးကို ပေ၈၀၀၀၀အထိ ချဲ့ပစ်လိုက်နိုင်ခဲ့သည်။
၎င်းတို့အကြား အကွာအဝေးက ဆက်၍ ကြီးထွားလာသည်။ သူတို့ ပေတစ်သိန်းကျော် ဝေးကွာလာချိန်တွင်တော့ ရှာမန်အိုကြီးအတွက် စုမင်နောက်သို့ လိုက်ပါရန် ပိုမိုခက်ခဲလာခဲ့၏။ သူ့မျက်လုံးအတွင်း စူးရှသော အကြည့်တစ်ချက် ဖြစ်ပေါ်လာပြီး ရှေ့သို့ ပြေးလွှားနေရင်းမှ ညာလက်ကို မြှောက်လိုက်သည်။ ထို့နောက် သူ့လက်သီးကို တင်းတင်းဆုပ်လိုက်ပြီးနောက် လက်ချောင်းများကို ဖြေလျော့လိုက်သည်။ ထိုသို့ လုပ်လိုက်သည်နှင့် သူ့လက်ငါးချောင်းလုံးတွင် ဒဏ်ရာများ ဖြစ်ပေါ်လာပြီး တစ်ချိန်တည်းမှာပင် သွေးစက်ငါးစက် စီးထွက်လာခဲ့သည်။ ၎င်းတို့အား တိုက်ခတ်နေသော လေပြင်းကြားမှာပင် ထိုသွေးငါးစက်က စုဝေးသွားပြီး လူသေးသေးလေး တစ်ဦးအဖြစ် ပြောင်းလဲသွားသည်။
ထိုလူသေးသေးလေး၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ အနီရောင်အလင်းတစ်ဖြာ တောက်ပနေပြီး ၎င်းပေါ်လာသည်နှင့် တစ်ပြိုင်နက် စူးရှကျယ်လောင်သော အော်မြည်သံတစ်ခုလည်း ထွက်ပေါ်လာခဲ့သည်။ ၎င်းကိုယ်တွင်း သိုလှောင်ထားသော စွမ်းအင်များမှာ လောင်ကျွမ်းခံနေရဟန်ဖြင့် ၎င်းကိုယ်ပေါ်တွင် မီးတောက်များ ထွက်ပေါ်လာသည်။ ထို့နောက် အရှေ့သို့ ဦးတည်တိုးဝင်သွားလေသည်။
၎င်းမှာ အလွန်လျင်မြန်ပြီး တစ်ခဏအတွင်း စုမင်နှင့် ပေ၃၀၀၀၀ အကွာအဝေးသို့ ရောက်ရှိသွားခဲ့သည်။ ထို့နောက် အခြား စူးရှစွာ အော်မြည်သံတစ်ခုနှင့်အတူ လူသေးသေးလေးက တစ်ဖန် ကျုံ့ဝင်သွားခဲ့သည်။ ၎င်းသည် လက်ဖဝါးအရွယ်အစားခန့် ကျုံ့သွားပြီးသောအခါ ၎င်း၏ အမြန်နှုန်းက အဆမတန် တိုးမြင့်သွားပြီး ယခုတစ်ကြိမ်တွင်တော့ စုမင်အနောက် ပေတစ်ထောင်ပင် မဝေးသောနေရာတွင် ပေါ်လာခဲ့သည်။ ထိုလူသေးသေးလေး၏ ခန္ဓာကိုယ်က ချက်ချင်းပေါက်ကွဲသွားပြီး သွေးစက်တစ်စက်မှာ စုမင်ဆီသို့ တိုက်ရိုက် ဦးတည်တိုးဝင်သွားခဲ့၏။
ရှာမန်အိုကြီးနှင့် မာန်စွမ်းအားရှင်အိုကြီးတို့ ရှေ့မှာပင် ထိုသွေးစက်မှာ စုမင်ကျောပေါ် ကျရောက်သွားပြီး သူ့အား တုန်ယင်လျက် သွေးအန်လိုက်ရစေသည်ကို မြင်လိုက်ကြရသည်။ တစ်ခဏအတွင်း သူ့အမြန်နှုန်းမှာလည်း ရုတ်ခြည်း ကျဆင်းသွားတော့သည်။
မာန်စွမ်းအားရှင်အိုကြီး၏ မျက်လုံးများ တောက်ပသွားပြီး သူ့ရှေ့ရှိ လေထဲ၌ ညာလက်ဖြင့် မျဉ်းတစ်ကြောင်း ဆွဲသားလိုက်သည်။ စူးရှသော အလင်းတန်းများ စုဝေးလာပြီး မှော်အစီအရင် သင်္ကေတတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ အဘိုးအိုသည် တောက်ပနေသော မှော်သင်္ကေတပေါ်သို့ လက်ဝါးဖြင့် ရိုက်ချလိုက်ရာ ၎င်းက ပျောက်ကွယ်သွားခဲ့သည်။
သို့သော် စုမင်အနောက်ဘက် ပေတစ်သောင်းခန့်ရှိ လေဟာနယ်မှာ ပုံပျက်သွားပြီး မှောသင်္ကေတက ချက်ချင်းပေါ်ထွက်လာသည်။ ၎င်းက ပေါက်ကွဲကာ လေလှိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သို့သော် ၎င်းက အပြင်သို့ ပျံ့နှံ့မသွားပဲ ထိုအစား လေလှိုင်းများဖြင့် ပြုလုပ်ထားသော ဝံပုလွေကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားကာ ဟိန်းဟောက်သံတစ်ချက်နှင့်အတူ စုမင်ကို ခုန်အုပ်လာခဲ့သည်။
ဝုန်း...
စုမင်သည် ဤရှည်လျားသော ပျံသန်းမှုကြောင့် မယုဲနိုင်ဖွယ် အားနည်းနေခဲ့ဟန်ဖြင့် နောက်ထပ်တစ်ဖန် သွေးအန်လိုက်ရပြန်သည်။ ယခုတော့ သူသည် မွန်းစတားအိုကြီး နှစ်ဦးကြောင့်လည်း ဒဏ်ရာအပြင်းအထန် ရသွားရသဖြင့် ဆက်လက်ပျံသန်းနိုင်ခြင်း မရှိတော့ပဲ မြေပြင်ထက်သို့ ထိုးကျသွားတော့သည်။
ထိုးကျသွားသောအခါ စုမင်မျက်နှာသည် အနောက်မှ အဘိုးအိုနှစ်ဦးဘက်သို့ မျက်နှာမူထားခဲ့သဖြင့် လုံးဝဥဿုံ သွေးမရှိတော့ပဲ ဖြူဖျော့နေသော သူ့မျက်နှာကိုသာ သူ့မျက်လုံးများမှာလည်း ပိတ်ကျနေခဲ့ပြီဖြစ်ကြောင်း ထိုနှစ်ဦးအား ရှင်းရှင်းလင်းလင်း မြင်လိုက်ရစေသည်။ သူ့မျက်နှာထက်တွင် ဖုံးကွယ်မရသော ပင်ပန်းနွမ်းနယ်မှုနှင့်အတူ နာကျင်မှုတစ်ခုကိုလည်း မြင်တွေ့နိုင်သည်။ အဘိုးအို နှစ်ဦးလုံးမှာ ထိုအရာများကို အလွယ်တကူ ယုံနိုင်လိမ့်မည် မဟုတ်သော်လည်း စုမင်ချီများထဲမှ မငြိမ်မသက်မှုများနှင့် သူ၏ အားနည်းနေမှုတို့ကတော့ သူတို့အာရုံများကို လှည့်စားနိုင်သည့် အရာမျိုးမဟုတ်ပါချေ။
အဆုံးတွင်တော့ စုမင်သည် သူ၏ အမြန်နှုန်းမှအပ အရာအားလုံးကို ဤလူနှစ်ဦးနှင့် နှိုင်းယှဉ်ရန် မမျှော်လင့်နိုင်ချေ။
ရှာမန်အိုကြီး၏ မျက်လုံးများမှာ တောက်ပသွားပြီး စုမင်ထံ ဦးတည်လိုက်၏။ သို့သော် သူသည် လူငယ်လေးထံသို့ ပြေးဝင်သွားတော့မည့် အရိပ်အယောင်မျိုး ပြလိုက်သလို မာန်စွမ်းအားရှင်အိုကြီးရှိရာ အခြားတစ်ဖက်ဆီသို့လည်း ညာလက်ကိုမြှောက်၍ ဝှေ့ယမ်းလိုက်သည်။
သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ လေထဲ၌ ပေါက်ကွဲသံများ ပဲ့တင်ထပ်သွားပြီး သူ့အရှေ့မှာပင် လှိုင်းဂယက်ငယ်များ ချက်ချင်းဖြစ်ပေါ်လာခဲ့သည်။ မာန်စွမ်းအားရှင်အိုကြီးသည် အေးစက်စက် လှောင်ပြောင်သံတစ်သံ ပြုလုပ်လိုက်ပြီး လျှာကိုကိုက်၍ သွေးတစ်ငုံ ထွေးထုတ်လိုက်သည်။ ၎င်းက သွေးပင်လယ်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားပြီး တိုးဝင်လာသော လှိုင်းဂယက်ငယ်များဖြင့် ရင်ဆိုင်မိပြီး ပေါက်ကွဲသံများ ပဲ့တင်ထပ်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ရှာမန်အိုကြီးသည် ပြုတ်ကျနေသော စုမင်ဆီသို့ ဘယ်လက်ဖြင့် ညွှန်ပြလိုက်သည်။ ညင်သာစွာ တိုက်ခတ်လာသော လေက စုမင်၏ ပြုတ်ကျနေသော အရှိန်ကို သိသိသာသာ နှေးကျသွားစေသည်။
ဤသည်မှာ ရှာမန်အိုကြီးက စုမင်ကို ကူညီနေသည်ဟုတော့ မဆိုလိုပေ။ သူသည် ကောင်းကင်မှ သတိလစ်လျက် ပြုတ်ကျလာသောအခါ စုမင်သေဆုံးသွားမည်ကို ကြောက်ရွံ့နေရုံသာ ဖြစ်သည်။
သူသာ သေဆုံးသွားလျင် ဆုံးရှုံးမှုက အမြတ်ထက် များသွားပေလိမ့်မည်။
အဘိုးအိုနှစ်ဦးသည် ပြုတ်ကျနေသော စုမင်ကို လိုက်လံဖမ်းဆီးရန် လက်လျော့လိုက်ပြီး အချင်းချင်း အရင်ဆုံး တိုက်ခိုက်ရန်သာ ရွေးချယ်လိုက်ကြသည်။ စုမင်မှာ သူတို့အတွက် စိတ်ပူစရာ အကြောင်းအရင်းတစ်ခု မဟုတ်တော့ပေ။ သူတို့သာ အခြားတစ်ဦးကို ဖယ်ရှားပစ်နိုင်သရွေ့ ကျန်ရှိသူက သူ့ကို ဖမ်းဆီးနိုင်လိမ့်မည်သာ။
စုမင်သည်လည်း သတိလစ်နေပြီး ထွက်ပြေးနိုင်ခြင်း မရှိတော့သောကြောင့် ဖြစ်၏။
၎င်းတို့နှစ်ဦး အချင်းချင်း တိုက်ခိုက်နေကြစဉ်မှာပင် အောက်သို့ထိုးကျနေသော စုမင်မျက်လုံးများက ရုတ်တရက် ပွင့်လာခဲ့သည်။ ထိုမျက်လုံးများမှာ နီရဲလျက် မောပန်းနွမ်းနယ်မှုတို့ဖြင့် ပြည့်နေသော်ငြား စူးရှတောက်ပလို့နေဆဲ ဖြစ်သည်။ သူ့ကိုယ်သူ ဆက်လက်ပြုတ်ကျခွင့် ပြုထားလိုက်ပြီး ကောင်းကင်မှ ပေါက်ကွဲသံများ ထွက်ပေါ်လာနေရာသို့ လှမ်းကြည့်လိုက်ရင်း သူ့နှုတ်ခမ်းများထက်၌ အေးစက်စက် လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သူ့ခန္ဓာကိုယ်မှာ မြေပြင်နှင့် နီးကပ်သွားပြီး ဝုန်းခနဲ တိုက်မိလိုက်ချိန်အထိပင် သူဆက်လက်၍ ငေးကြည့်နေခဲ့သည်။ သူ့ခန္ဓာကိုယ် မြေပြင်နှင့် ထိသည်နှင့် အနည်းငယ်ရွှေ့လိုက်ပြီး ပြုတ်ကျမှုကြောင့် ဒဏ်ရာမရစေရန် လုပ်ဆောင်လိုက်သည်။ ထို့နောက် တောင်နံဘေး ဆင်ခြေလျှောမှာပင် ကျောက်တုံးတစ်တုံးသဖွယ် လဲလျောင်းနေလိုက်ချေသည်။
'သူတို့ စွမ်းအားတွေနဲ့ဆိုရင်၊ တစ်ယောက်ယောက် သေသွားနိုင်ဖို့ အခွင့်အလမ်းက သိပ်မမြင့်ဘူး... ဒါပေမယ့် လုံးဝကြီး မဖြစ်နိုင်တာတော့လည်း မဟုတ်သေးဘူး။ အကယ်၍ မာန်စွမ်းအားရှင်အိုကြီးသာ သေသွားမယ်ဆိုရင် ငါက ရှာမန်ကြီးနဲ့ ရင်ဆိုင်ရလိမ့်မယ်။ နောက်ဆုံးတော့လည်း ဒီလူက ငါနဲ့စာရင် ဒီဒေသဇာတိ ဖြစ်နေတာကြောင့် သူ့ဆီက လွတ်မြောက်နိုင်ဖို့ဆိုတာ နည်းနည်းတော့ ပိုခက်လိမ့်မယ်...'
'မာန်စွမ်းအားရှင်အိုကြီးသာ အနိုင်ရခဲ့မယ်ဆိုရင်တော့ ပိုလွယ်သွားလိမ့်မယ်...' စုမင် စဉ်းစားရင်း အလုပ်ရှုပ်နေစဉ်မှာပင် သူ့အမူအယာက ရုတ်ခြည်းပြောင်းလဲသွားပြီး မျက်လုံးများကလည်း ဓားသွားသဖွယ် ကျဉ်းမြောင်းသွားခဲ့သည်။
တိုက်ခိုက်နေသော နေရာမှ အလျင်အမြန် ပြန်လည်ဆုတ်ခွာလာနေသော ရှာမန်အိုကြီးကို မြင်လိုက်ရခြင်း ဖြစ်သည်။ သူသည် ပြန်လည်ဆုတ်ခွာလာရင်းမှ ပါးစပ်အပြည့် သွေးအန်လိုက်ရပြီး သူ့အနောက်မှ မာန်စွမ်းအားရှင်အိုကြီး လိုက်ပါလာသောအခါ ညာလက်ကို အလျင်အမြန် မြှောက်လိုက်သည်။ အနီရောင်အလင်းတို့ တောက်ပသွားပြီး အနီရောင် လှံရှည်တစ်ချောင်းသည် စုမင်ထံသို့ ကောင်းကင်မှနေ၍ ဟိန်းဟောက်သံပေးလျက် တိုးဝင်လာခဲ့သည်။
လှံရှည်သည် မယုံနိုင်လောက်အောင်ပင် လျင်မြန်လှပြီး တစ်ခဏအတွင်းမှာပင် စုမင်အနီးသို့ ချဉ်းကပ်လာခဲ့သည်။ ၎င်း၏ ထိပ်ဖျား ညွှန်ထားခြင်းအရ လှံရှည်မှာ စုမင်နံဖူးအလယ်သို့ တည့်တည့်ဦးတည်နေခဲ့ခြင်း ဖြစ်သည်။
မာန်စွမ်းအားရှင်အိုကြီး၏ အမူအယာက သိသိသာသာ ပြောင်းလဲသွားပြီး ထိုလှံရှည်ကို ရပ်တန့်လိုဟန်ဖြင့် အလိုအလျောက် လှုပ်ရှားလိုက်မိသည်။ သို့သော် အကယ်၍ သူသာ ထိုအရာကို ရပ်တန့်လိုက်လျှင် ရှာမန်ကြီးက လွတ်မြောက်သွားလိမ့်မည် ဖြစ်ပြီး ၎င်းသာ လွတ်မြောက်သွားခဲ့လျှင် မာန်စွမ်းအားရှင်များ၏ နယ်မြေဆီသို့ မိမိ၏ အပြန်လမ်းကလည်း အန္တရာယ်အမျိုးမျိုးဖြင့် ပြည့်နှက်နေလိမ့်မည်ဟူ ဆိုလိုနေပြန်၏။
အကယ်၍ သူသာ စုမင်ကို မကယ်ပဲ သေဆုံးသွားပြန်လျှင်လည်း ဤနေရာအထိ လိုက်လံဖမ်းဆီးခဲ့ရသော သူ့ကြိုးပမ်းမှုများ အားလုံးက အလဟသ ဖြစ်သွားပေလိမ့်မည်။ ဤသည်မှာ ခက်ခဲသော ဆုံးဖြတ်ချက်တစ်ခု ဖြစ်သော်လည်း မာန်စွမ်းအားရှင်အိုကြီးက ချက်ချင်း ဆုံးဖြတ်လိုက်နိုင်ဆဲ ဖြစ်သည်။
သူသည် စွန့်စားရမည့်အစား ရှာမန်အိုကြီးဆီသို့သာ တည့်တည့်တိုးဝင်သွားခဲ့သည်။ သူ့အတွက်တော့ သူ့ဘဝကသာ အရေးပါဆုံး ဖြစ်သည်။ ထိုရှာမန်ကို သတ်၍ သူ့အကြောင်း သတင်းအချက်အလက်များကို ပို့နိုင်မည့် ဖြစ်နိုင်ချေအားလုံးကို ဖျက်ဆီးပြီးသည်နှင့် မာန်စွမ်းအားရှင် မျိုးနွယ်စုဆီသို့ သတိကြီးစွာထားလျက် ပြန်သွားနိုင်ပေသည်။
စုမင်ကတော့ သေဆုံးသွားလျှင်တောင် သူ့အလောင်းကို ဆက်လက်စစ်ဆေးနိုင်ပြီး ထိုအရာများမှတစ်ဆင့် သဲလွန်စအချို့ ရှာဖွေနိုင်ဦးမှာ ဖြစ်သည်။
သူ ရှာမန်အိုကြီးထံ ဦးတည်လိုက်သည်နှင့် စုမင်သည်လည်း မြေပြင်ပေါ်မှ အလျင်အမြန် ပျံတက်လိုက်ပြီး သူ့ထံ ဦးတည်လာနေသော လှံရှည်ကို ရှောင်တိမ်းလိုက်သည်။ ထို့နောက် ညာလက်ကိုမြှောက်၍ အချိန်ကြာမြင့်စွာတည်းက သူကိုင်ထားခဲ့သော အရာတစ်ခုကို ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။
၎င်းအရာက... ပင်လယ်အဆီအနှစ် အရည်တစ်စက် ဖြစ်သည်။
သူ့ပါးစပ်ထဲသို့ ထိုအရာ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် စုမင်၏ ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်မှ အသက်ဓာတ်များ ပြန်လည်ထွက်ပေါ်လာပုံ ပေါ်သည်။ သူ၏စွမ်းအားများ ပြန်လည်ကောင်းမွန်လာပြီး ခန္ဓာကိုယ်သည်လည်း အသက်ဓာတ်များဖြင့် ပြည့်ဖြိုးလာသည်။ သူ့မျက်လုံးများထဲ၌ စူးရှသော အကြည့်တစ်ခု ဖြစ်ပေါ်လာပြီး အမြန်နှုန်းအပြည့်ဖြင့် အဝေးသို့ ဦးတည်လိုက်တော့သည်။ ထို့နောက် တစ်ခဏအတွင်း ပေတစ်သောင်း အဝေးသို့ ရောက်ရှိသွားလေသည်။
ရှာမန်ကို လိုက်လံဖမ်းဆီးနေသော မာန်စွမ်းအားရှင်အိုကြီးမှာ စုမင်ချီတို့ ပြန်လည်ကောင်းမွန်သွားသည်ကို ချက်ချင်း သတိပြုမိလိုက်သည်။ ရှာမန်အိုကြီး၏ အမူအယာမှာလည်း ပြောင်းလဲသွားခဲ့၏။ သူတို့သည် မကြာသေးမီကပင် စုမင်အခြေအနေကို သေချာစစ်ဆေးခဲ့ကြသော်လည်း သူ့ထံ၌ ဤမျှ မြန်မြန် ပြန်ကောင်းလာစေနိုင်သည့် ဆေးတစ်မျိုး ပိုင်ဆိုင်ထားလိမ့်မည်ဟုတော့ မျှော်လင့်မထားမိခဲ့ကြပေ။
ဤဆေးမျိုးမှာ မယုံနိုင်ဖွယ် ရှားပါးလှပြီး ရုပ်နယ်လွန်နယ်ပယ်မှ မာန်စွမ်းအားရှင် တစ်ယောက်အတွက် ၎င်းကို ရရှိနိုင်ရန် အလွန်ခဲယဉ်းပေလိမ့်မည်။ ၎င်းကို သုံးစွဲလိုက်လျင်လည်း လုံးဝဥဿုံ ဖြုန်းတီးမှုတစ်ခုသာ ဖြစ်သည်။
မာန်စွမ်းအားရှင်အိုကြီး၏ မျက်လုံးထဲ၌ ရုန်းကန်နေရဟန်များ ထပ်မံပေါ်ထွက်လာပြန်သည်။ သူ့အနေဖြင့် စုမင်ကို လိုက်လံဖမ်းဆီးသင့်သည်လား သို့်တည်းမဟုတ် ရှာမန်ကို သတ်သင့်သည်လား...
ရှာမန်အိုကြီး၏ မျက်ဝန်းများမှာ တောက်ပသွားပြီး တုန့်ဆိုင်းခြင်း အလျဉ်းမရှိပဲ အဝေးသို့ ဦးတည်လိုက်သည်။ မာန်စွမ်းအားရှင် အိုကြီးသည်လည်း အံကိုတင်းတင်းကြိတ်လျက် သူ့အနောက်သို့ လိုက်ပါသွားလေသည်။
သူ့အနေဖြင့် ဤရှာမန်အိုကြီးကို အရင်သတ်ရပေမည်။ သို့မဟုတ်ပါက သူ့အသက်ကို အန္တရာယ်ဖြစ်စေနိုင်မည့် အကျပ်အတည်း ဘေးဒုက္ခတစ်ခု ပေါ်လာပေလိမ့်မည်။ သူ့အပေါ် ခြိမ်းခြောက်နိုင်မှု အားလုံးကို အနိမ့်ဆုံးသို့ လျော့ချပြီးမှသာ စုမင်နောက်သို့ လိုက်ဖမ်းရခြင်းကို လုံခြုံမှုရှိသည်ဟု ခံစားရမှာဖြစ်သည်။
စုမင် အမြန်နှုန်းအပြည့်ဖြင့် ပျံသန်းလာရင်း သက်ပြင်းချလိုက်မိသည်။ သူ့ကိုယ်သူ အားနည်းအောင် ပြုလုပ်ခဲ့သည် ယခုလို လှည့်စားမှုမျိုးမှာ တစ်ခါသုံးသာဖြစ်ပြီး ပထမဆုံးအကြိမ် အသုံးပြုလျှင်သာ အကျိုးသက်ရောက်မှု ရှိခြင်းဖြစ်သည်။ လိုက်လံဖမ်းဆီးသူ နှစ်ဦးသည် အချင်းချင်း သတိကြီးစွာထားလျက် မုန်းတီးနေကြခြင်းကြောင့်သာ သူ့အစီအစဉ်က အောင်မြင်ခဲ့ခြင်းဖြစ်၏။ မဟုတ်လျှင်တော့ ၎င်းက အလုပ်ဖြစ်လိမ့်မည် မဟုတ်ချေ။
အကယ်၍ သူတို့သာ ဆက်လက်၍ လိုက်ဖမ်းနေခဲ့မည်ဆိုလျှင် ဤနည်းလမ်း၏ အကျိုးသက်ရောက်မှုက ဆုံးရှုံးသွားပေလိမ့်မည်။ အဆုံးတွင်တော့ မာန်ဝိညာဉ်နယ်ပယ်သို့ ရောက်ရှိနေပြီးသူတစ်ယောက်မှာ ရံဖန်ရံခါ၌ အမှားတစ်ခု လုပ်မိလျှင်ပင် ထိုအမှားများက မကြာခဏ ဖြစ်ပျက်နေလိမ့်မည်တော့ မဟုတ်ချေ။
ယခုတော့ စုမင်အနေဖြင့် အခြားနည်းလမ်းများကို အသုံးပြုနေခဲ့လျှင်တောင် သူ့ကို သတိထားမိပြီးဖြစ်သော ထိုမွန်းစတားအိုကြီးများနှင့် ယှဉ်ပြိုင်ဖို့ မဖြစ်နိုင်သေးပါချေ။ သူ့အတွေ့အကြုံကလည်း ဤမျှ မလုံလောက်သေးပေ...
'ငါ မာန်နတ်ဘုရားရဲ့ စွမ်းအားကိုတောင် သုံးဖို့ လိုကောင်းလိုလိမ့်မယ်'
***