← Chapters

အခန်း (၅၀၉-၅၁၀)

Vol. 51 Ch. 509-510

အခန်း (၅၀၉-၅၁၀)

Vol. 51 Ch. 509-510

အခန်း။ ၅၀၉

အဆင့် ၈ သို့ တက်လှမ်းပြီးနောက် ဖြစ်ပေါ်လာသော အပြောင်းအလဲများကို နားလည်

သဘောပေါက်ပြီးဖြစ်သော်လည်း လုချွမ်းသည် သူ၏ လက်ရှိအင်အားကို တိုက်ပွဲတစ်ခုဖြင့် စမ်းသပ်ကြည့်ချင်နေဆဲပင်။

ထိုသို့တွေးတောရင်း လုချွမ်းသည် မလှမ်းမကမ်းရှိ ချီချီလေးထံသို့ အကြည့်ကို ချက်ချင်းပင် လွှဲပြောင်းလိုက်သည်။ ချီချီလေး၏ စွမ်းရည်များမှာ အံ့မခန်းပေ။

သူမ၏ အဆင့်မှာ ခုနစ်အဆင့်သာ ရှိသေးသော်လည်း စွမ်းရည်များကို ကျွမ်းကျင်ပိုင်နိုင်မှုမှာ ထူးကဲလှပြီး တိုက်ခိုက်ရေးစွမ်းအားမှာလည်း အလွန်ပြင်းထန်လှသဖြင့် ပြိုင်ဘက်ကောင်းတစ်ဦး ဖြစ်ပေလိမ့်မည်။

"ဖေဖေ... အောင်မြင်စွာ အဆင့်တက်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်"

ထိုစဉ်မှာပင် လုချွမ်း မျက်လုံးဖွင့်လာသည်ကို မြင်လိုက်ရသော ကျိရုရွှယ်သည် ပြုံးလျက် လမ်းလျှောက်လာခဲ့သည်။

"ချီချီလေး... ဖေဖေ့ရဲ့ တိုက်ခိုက်ရေးစွမ်းအား ဘယ်လောက်အထိ ရှိနေပြီလဲဆိုတာ သိချင်လို့ဖေဖေတို့တွေ တစ်ချက်လောက် စမ်းတိုက်ကြည့်ရအောင်..."

လုချွမ်းက သူ၏ဆန္ဒကို မြန်မြန်ဆန်ဆန်ပင် ပြောပြလိုက်သည်။

"ကောင်းပါပြီ"

ကျိရုရွှယ်က ဖခင်ဖြစ်သူ၏ စကားကို ကြားသောအခါ ဘာမှမထူးခြားသကဲ့သို့ပင် ခေါင်းညိတ်လက်ခံလိုက်သည်။

သို့သော် ပြောပြီးနောက်တွင်မူ ကျိရုရွှယ်၏ မျက်ဝန်းထဲတွင် သိလိုစိတ်အချို့ ပေါ်လာခဲ့သည်။ ဖခင်ဖြစ်သူမှာ ဇွန်ဘီဘုရင်တစ်ဦး ဖြစ်သည့်အတွက် သူ၏ အင်အားအများစုမှာ သူထိန်းချုပ်ထားသော ဇွန်ဘီများထံမှ လာခြင်းဖြစ်သည်ကို လူတိုင်းသိထားကြသည်။

"အဲဒီလိုဆိုရင် သူက ဘာဖြစ်လို့ ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်ပြီး တိုက်ခိုက်ချင်နေရတာလဲ"

သူမအနေဖြင့် ဖခင်ဖြစ်သူ ဘာကြောင့် ကိုယ်တိုင်တိုက်ခိုက်ချင်နေရသလဲဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိသော်လည်း သူ၏ တောင်းဆိုချက်ကိုမူ ငြင်းပယ်ရန် စိတ်ကူးမရှိပေ။

မကြာမီမှာပင် သားအဖနှစ်ယောက်မှာ ကျယ်ဝန်းသော မြေကွက်လပ်တစ်ခုသို့ ရောက်ရှိလာကြသည်။ လုချွမ်းသည် ဇွန်ဘီရုပ်သေးများကို ထိုနေရာနှင့် ဝေးရာသို့ ရွှေ့ပြောင်းပေးရန် ကြိုတင်ထိန်းချုပ်ထားခဲ့သည်။

လုချွမ်းနှင့် ကျိရုရွှယ်တို့သည် မီတာတစ်ရာခန့် အကွာအဝေးတွင် မျက်နှာချင်းဆိုင် ရပ်လိုက်ကြသည်။

"ဖေဖေ... အခု စလို့ရပါပြီ"

ကျိရုရွှယ်သည် လေထဲသို့ ပျံတက်လိုက်ရင်း ပြုံးလျက် ပြောလိုက်သည်။ ချက်ချင်းဆိုသလိုပင် သူမထံမှ ပြင်းထန်သော စိတ်စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး မျက်စိဖြင့် မမြင်ရသော်လည်း အင်အားကြီးမားသော မြစ်ကြီးတစ်စင်းအလား သူမကို ဝန်းရံထားကာ တိုက်ခိုက်ရန် အသင့်ဖြစ်နေတော့သည်။

ရှူး...

တစ်ချိန်တည်းမှာပင် လုချွမ်းသည်လည်း ကောင်းကင်ယံသို့ ချက်ချင်းပင် ပျံတက်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာ စုစည်းထားသော ချော်ရည်များနှင့်တူနေပြီး ဟိန်းဟောက်နေသော မီးလျှံများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ ယခုအချိန်တွင် လုချွမ်းသည် မီးလျှံ ၁ ၏ စွမ်းရည်ကို လွှဲပြောင်းယူထားပြီး ဖြစ်သည်။

နီရဲနေသော ချော်ရည်များဖြင့် ဖွဲ့စည်းထားသကဲ့သို့ တောက်ပနေသော မျက်ဝန်းများဖြင့် လုချွမ်းက အသင့်ဖြစ်နေသော ကျိရုရွှယ်ကို ကြည့်ကာ သတိပေးလိုက်သည်။

"ချီချီလေး... သတိထားနော်"

စကားဆုံးသည်နှင့် တောက်ပလှသော မီးအလင်းတန်းများမှာ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။ လုချွမ်းမှာ အလွန်တောက်ပလှသော နေမင်းကြီးတစ်စင်းအဖြစ် ပြောင်းလဲသွားသည့်အလား အဆုံးမဲ့သော မီးလျှံများဖြင့် ဝန်းရံထားပြီး ကြောက်မက်ဖွယ်ကောင်းလှသော အပူလှိုင်းများမှာ အရပ်မျက်နှာအနှံ့သို့ ပြင်းထန်စွာ ရိုက်ခတ်သွားတော့သည်။

အဆင့် ၈ အဆင့်ရှိသော လုချွမ်း ပြသလိုက်သည့် မီးလျှံစွမ်းရည်မှာ အဆင့် ၇ ဖြစ်သော မီးလျှံ ၁ ထက် များစွာ သာလွန်သည်။

ဘုန်း... ဘုန်း... ဘုန်း...

မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်ယံရှိ လုချွမ်းသည် မီတာရာနှင့်ချီ၍ ကြီးမားလှသော ဧရာမမီးလုံးကြီးများကို ဖန်တီးလိုက်သည်။ ၎င်းမှာ နေမင်းကြီး ရာပေါင်းများစွာ ကောင်းကင်တွင် ချိတ်ဆွဲထားပြီး အလင်းနှင့် အပူများကို ထုတ်လွှတ်နေသည့်အလားပင်။

ပူပြင်းလှသော မီးအလင်းတန်းများသည် ပိုင်ရွှယ်အခြေစိုက်စခန်း၏ ကောင်းကင်ယံကို လွှမ်းခြုံသွားခဲ့ပြီး ဤကမ္ဘာလောက၏ အပူချိန်ကိုလည်း လျင်မြန်စွာ မြင့်တက်စေခဲ့သည်။

ဤရုတ်တရက် အပြောင်းအလဲကြောင့် ပိုင်ရွှယ်အခြေစိုက်စခန်းအတွင်းရှိ လူများမှာ အကြီးအကျယ် ထိတ်လန့်တုန်လှုပ်သွားကြပြီး ဆူညံပွက်လောရိုက်သွားတော့သည်။

မြို့အတွင်းရှိ အသက်ရှင်ကျန်ရစ်သူများမှာ ဘာတွေဖြစ်နေမှန်း မသိသဖြင့် အားလုံး ပြာပြာသလဲ ဖြစ်ကုန်ကြသည်။

တံတိုင်းမြင့်ကြီးပေါ်ရှိ ဆင့်ကဲပြောင်းလဲသူများနှင့် တာဝန်ရှိသူများမှာလည်း မှင်တက်သွားကြပြီး အဝေးမှ ဇွန်ဘီဒီရေလှိုင်းကြီး၏အထက်တွင် ဖြစ်ပေါ်နေသော ကြောက်မက်ဖွယ်ရာ မြင်ကွင်းကို မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေကြတော့သည်။

ကြောက်စရာကောင်းလိုက်တာ။ တကယ်ကို ကြောက်စရာကြီး။

"ဘယ်လိုမျိုး တည်ရှိမှုက ဒီလောက်အစွမ်းထက်တဲ့ စွမ်းရည်တွေကို ထုတ်ဖော်နိုင်တာလဲ ဒါ ဇွန်ဘီဘုရင် ဖြစ်နိုင်မလား"

ထိုစဉ်မှာပင် ဇွန်ဘီဒီရေလှိုင်း၏ အထက်ကောင်းကင်ယံ၌ လုချွမ်း၏ စိတ်ကူးတစ်ခုဖြင့် ကောင်းကင်တွင် ချိတ်ဆွဲထားသော မီးလုံးကြီးများသည် ကြွေလွင့်လာသော ကြယ်တံခွန်များပမာ ကျိရုရွှယ်ထံသို့ တဟုန်ထိုး ကျဆင်းသွားတော့သည်။

မီးလုံးရာပေါင်းများစွာ တစ်ပြိုင်နက်တည်း ရွေ့လျားလာမှုသည် ကောင်းကင်တစ်ခုလုံးကို နီရဲတောက်လောင်သွားစေပြီး ကြောက်မက်ဖွယ်ကောင်းလှသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သို့သော် ဤမြင်ကွင်းကို ကြည့်ရင်း ကျိရုရွှယ်မှာ တည်ငြိမ်နေဆဲပင်။ ဤသည်မှာ သူမ၏ဘဝတွင် ကြုံဖူးသမျှ အပြင်းထန်ဆုံး တိုက်ကွက်ဖြစ်သော်လည်း ၎င်းကို တားဆီးနိုင်မည်ဟု သူမ ယုံကြည်မှုရှိသည်။ နောက်တစ်ခဏတွင် သူမ၏ ညာဘက်လက်ဖဝါးကို ကျဆင်းလာသော မီးလုံးများဆီသို့ ဦးတည်လိုက်ရာ...

ပြင်းထန်လှသော စိတ်စွမ်းအင်များသည် သူမ၏အထက်တွင် လျင်မြန်စွာ စုစည်းသွားပြီး မည်သည့်အရာမျှ မဖောက်ထွင်းနိုင်သော စိတ်စွမ်းအင်မြစ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ဘုန်း... ဘုန်း... ဘုန်း...

မီးလုံးရာပေါင်းများစွာသည် စိတ်စွမ်းအင်မြစ်ကြီးနှင့် ထိပ်တိုက်တွေ့ကာ တစ်ခုပြီးတစ်ခု ပေါက်ကွဲသွားတော့သည်။ တောက်ပသော မီးလျှံများမှာ ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားပြီး နားကွဲလုမတတ် ပေါက်ကွဲသံများမှာလည်း အဆက်မပြတ် ထွက်ပေါ်နေသည်။ စိတ်စွမ်းအင်မြစ်ကြီးမှာ မီးလုံးများ၏ ဒဏ်ကြောင့် တဖြည်းဖြည်း ပြိုကွဲလာပြီး ပေါက်ကွဲမှုလှိုင်းများကြောင့် အဆက်မပြတ် တုန်ခါနေသည်။

ကံကောင်းထောက်မစွာဖြင့် ကျိရုရွှယ်သည် သူမ၏ စိတ်စွမ်းအင်များကို မရပ်မနား ဖြည့်တင်းပေးနေသဖြင့် စိတ်စွမ်းအင်မြစ်ကြီးကို လျင်မြန်စွာ ပြန်လည်တည်ငြိမ်စေခဲ့သည်။ ခေတ္တမျှကြာပြီးနောက် မီးလုံးအားလုံး ကျဆင်းပြီးသွားချိန်တွင် ကျိရုရွှယ်မှာ ဒဏ်ရာတစ်စုံတစ်ရာမရဘဲ ရှိနေခဲ့သည်။

သူမသည် ပြတ်သားသော အကြည့်ဖြင့် သူမ၏ စိတ်စွမ်းအင်များကို မျက်စိဖြင့် မမြင်ရသော စိတ်စွမ်းအင်အပ်ပေါင်း မြောက်မြားစွာအဖြစ် ပြောင်းလဲလိုက်ပြီး လုချွမ်းဆီသို့ အုပ်မိုးပစ်လွှတ်လိုက်ရာ ကောင်းကင်ကြီးမှာပင် ချက်ချင်း မှောင်မည်းသွားတော့သည်။

ဝင်ရောက်လာသော အပ်များကို ခံစားမိလိုက်သည်နှင့် လုချွမ်းသည် တစ်ကိုယ်လုံး စူးစူးရှရှ နာကျင်မှုကို ခံစားလိုက်ရသဖြင့် အချိန်မဆွဲတော့ဘဲ ရေထိန်းချုပ်သူ ၁ ၏ စွမ်းရည်သို့ ချက်ချင်း ပြောင်းလဲလိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် လုချွမ်းသည် သူ၏ရှေ့၌ ဧရာမ ရေဝဲဂယက်ကြီးတစ်ခုကို ဖန်တီးလိုက်ပြီး ဝင်ရောက်လာသော စိတ်စွမ်းအင်အပ်များကို ထိုရေဝဲထဲသို့ ဝါးမြိုစေလိုက်သည်။

နောက်တစ်ခဏ၌ လျင်မြန်စွာ လည်ပတ်နေသော ရေဝဲဂယက်ကြီးမှာ ရုတ်တရက် ပြိုကွဲသွားပြီး ဟိန်းဟောက်နေသော ရေနဂါးကြီးများအဖြစ် ပြောင်းလဲသွားကာ ကျိရုရွှယ်ထံသို့ ပါးစပ်များဖြဲ၍ တဟုန်ထိုး ပြေးဝင်သွားတော့သည်။

ကျိရုရွှယ်သည် မီတာတစ်ထောင်ခန့် နောက်သို့ ဆုတ်ခွာကာ အကွာအဝေးတစ်ခု ယူလိုက်ပြီးနောက် သူမ၏ အချိန်ထိန်းချုပ်မှုစွမ်းရည်ကို အသုံးပြု၍ ၁၀ မီတာခန့် ရှည်လျားသော ရေနဂါးကြီးများကို လေထဲ၌ ခေတ္တမျှ ရပ်တန့်သွားစေခဲ့သည်။

ထို့နောက် သူမ ကြိုတင်ပြင်ဆင်ထားသော စိတ်စွမ်းအင်အပ်များဖြင့် ရေနဂါးများကို တိုက်ရိုက် ထိုးဖောက်လိုက်ရာ ၎င်းတို့မှာ ရေငွေ့များအဖြစ် ပြိုကွဲကာ လေထဲတွင် ပျံ့လွင့်သွားတော့သည်။

ဝုန်း...

ဤသို့ဖြင့် သူတို့နှစ်ဦးမှာ အပြန်အလှန် တရစပ် တိုက်ခိုက်နေကြတော့သည်။ လုချွမ်းသည် သူ၏ ဇွန်ဘီရုပ်သေးများ၏ စွမ်းရည်အမျိုးမျိုးကို အဆက်မပြတ် ပြောင်းလဲအသုံးပြုကာ ကျိရုရွှယ်ကို အရပ်မျက်နှာအနှံ့မှ တိုက်ခိုက်နေသည်။

ကျိရုရွှယ်သည် တစ်ဆင့်နိမ့်နေသော်လည်း လုံးဝအလျှော့မပေးဘဲ သူမ၏ အချိန်ထိန်းချုပ်မှုနှင့် စိတ်စွမ်းအင်ထိန်းချုပ်မှုတို့ကို ကျွမ်းကျင်စွာ အသုံးပြု၍ ဝင်ရောက်လာသော တိုက်

ကွက်များကို ချေဖျက် သို့မဟုတ် တားဆီးနေခဲ့သည်။

တစ်ခါတစ်ရံတွင် သူမသည် ယခင်ဘဝက ကျွမ်းကျင်ခဲ့သော တိုက်ပွဲဝင် နည်းဗျူဟာများကို အသုံးပြုသဖြင့် လုချွမ်းပင်လျှင် အငိုက်မိသွားတတ်သည်။

အချိန်ကုန်လွန်သွားသည်နှင့်အမျှ အရောင်စုံ ဝိညာဉ်အလင်းတန်းများမှာ ကောင်းကင်ယံ၌ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေပြီး တိုက်ပွဲမှ ထွက်ပေါ်လာသော ဟိန်းဟောက်သံကြီးများမှာလည်း ဝေးလံသော အရပ်အထိ ပဲ့တင်ထပ်နေတော့သည်။

ဘုန်း...

နောက်ဆုံး တိုက်ချက်နှင့်အတူ နှစ်ဦးစလုံးမှာ ပြင်းထန်သော ရိုက်ခတ်မှုကြောင့် နောက်သို့ လွင့်ထွက်သွားကြပြီး မျက်နှာများမှာလည်း ဖြူဖျော့သွားကြသည်။ အဆုံးသတ်တွင် ကျိရုရွှယ်နှင့် လုချွမ်းတို့မှာ တစ်ဖက်နှင့်တစ်ဖက် အနိုင်မရဘဲ သရေကျသွားခဲ့သည်။

သို့သော်လည်း ကျိရုရွှယ်သည် သူမ၏ ဖခင်ကို မယုံနိုင်စရာ ကောင်းလောက်အောင် အံ့ဩတကြီး ကြည့်နေမိသည်။ ဇွန်ဘီဘုရင်တစ်ဦးအနေဖြင့် သူမဖခင်၏ အင်အား ၈၀ ရာခိုင်နှုန်းခန့်မှာ သူထိန်းချုပ်ထားသော ဇွန်ဘီများထံ၌သာ ရှိသည်ဟု သူမ သိထားခဲ့သည်။

သို့သော် ဖခင်ဖြစ်သူမှာ ဤမျှအထိ များပြားလှသော စွမ်းရည်များကို အသုံးပြုနိုင်လိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။ စွမ်းရည်တစ်ခုချင်းစီမှာလည်း အလွန်ကျွမ်းကျင်လှသဖြင့် တိုက်ခိုက်ရေးနည်းလမ်း အကန့်အသတ်ရှိသော သာမန်ဇွန်ဘီဘုရင်များနှင့် လုံးဝမတူပေ။

ဒါက ဇွန်ဘီဘုရင် အဆင့် ၈ ကို ရောက်သွားလို့ ပြောင်းလဲသွားတာလား။

ထို့အပြင် သူမသည် ပြန်လည်မွေးဖွားလာသော ဧကရာဇ်မတစ်ဦး ဖြစ်သည့်အပြင် ထူးခြားလှသော စွမ်းရည်နှစ်မျိုးနှင့် ယခင်ဘဝမှ တိုက်ခိုက်ရေး နည်းစနစ်များစွာ ရှိနေသဖြင့် သူမထက် အဆင့်မြင့်သူများကို တိုက်ခိုက်ခြင်းမှာ သူမအတွက် သာမန်ကိစ္စသာ ဖြစ်သည်။

သို့သော် ယခုမူ သူမ၏ အစွမ်းကုန် ကြိုးစားမှုဖြင့်ပင် ဖခင်ဖြစ်သူကို သရေသာ ကစားနိုင်ခဲ့သည်။

အခြားတစ်ဖက်တွင်မူ လုချွမ်းသည် သူ၏ ပြင်းထန်သော အရှိန်အဝါများကို ပြန်လည်ရုပ်သိမ်းလိုက်သည်။ သူ၏ လက်ရှိအင်အားအပေါ် အလွန်ကျေနပ်သွားသဖြင့် သူ၏မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

ဇွန်ဘီဘုရင်တစ်ဦးအနေဖြင့် တိုက်ခိုက်ရေးစွမ်းရည်မှာ သူ၏ အားနည်းချက်တစ်ခု ဖြစ်ခဲ့သော်လည်း ယခုမူ အခြေအနေမှာ လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ဇွန်ဘီရုပ်သေးများ၏ စွမ်းရည်များကို စိတ်ကြိုက်အသုံးပြုနိုင်ပြီ ဖြစ်သည့်အတွက် သူသည် သာမန်အဆင့် ၈ ရှိသော ဆင့်ကဲပြောင်းလဲသူ သို့မဟုတ် ဇွန်ဘီများထက် မည်သို့မျှ အားမနည်းတော့ပေ။

အခန်း။ ၅၁၀

"ဖေဖေ... ဖေဖေ့မှာ ဘယ်လိုလုပ်ပြီး စွမ်းရည်တွေ ဒီလောက်တောင် များနေတာလဲ"

တိုက်ပွဲပြီးဆုံးသွားပြီးနောက် ကျိရုရွှယ်သည် အနားသို့ရောက်လာပြီး မေးလိုက်မိတော့သည်။ ခုနက တိုက်ပွဲအတွင်း ဖခင်ဖြစ်သူ အသုံးပြုခဲ့သော မရေမတွက်နိုင်သည့် စွမ်းရည်များက သူမကို မျက်စိကျိန်းစေခဲ့ပြီး အကြိမ်ကြိမ်ပင် အရေးနိမ့်လုနီးပါး ဖြစ်စေခဲ့သည်။

အကယ်၍ ရန်သူကို ရပ်တန့်စေနိုင်သည့် အချိန်ထိန်းချုပ်မှု စွမ်းရည်သာ မရှိခဲ့ပါက သူမသည် ဖခင်ဖြစ်သူ၏ တိုက်ကွက်များကို အကြိမ်အနည်းငယ် ပြင်းပြင်းထန်ထန် ခံလိုက်ရမှာ သေချာသည်။

"ဟားဟား... ချီချီလေး ဒါတွေက ဖေဖေ အဆင့် ၈ ကို တက်လှမ်းပြီးမှ နိုးထလာတဲ့ စွမ်းရည်အသစ်တွေလေ။ ဒါက ဖေဖေ့လက်အောက်မှာရှိတဲ့ ဘယ်ဇွန်ဘီရဲ့ စွမ်းရည်ကိုမဆို အသုံးပြုခွင့်ပေးတာ။ ခုနက စွမ်းရည်တွေအားလုံးက လက်အောက်က ဇွန်ဘီတွေဆီကနေ ငှားပြီး သုံးခဲ့တာပေါ့"

ထိုသို့ပြောလိုက်စဉ် လုချွမ်း၏ မျက်ဝန်းထဲ၌ ဂုဏ်ယူရိပ်များ ဖြတ်ပြေးသွားပြီး ပြုံးလျက် ရှင်းပြနေတော့သည်။ ဇွန်ဘီစွမ်းရည်များကို စိတ်ကြိုက်ပြောင်းလဲနိုင်သည့် ဤနည်းလမ်းဖြင့် ယခုအခါ သူသည် အားနည်းချက်မရှိသော ဘက်စုံတော် စစ်သည်တော်ကြီးတစ်ဦးကဲ့သို့ ဖြစ်နေပြီဖြစ်သည်။

"သမီး ထင်သားပဲ"

လုချွမ်း၏ စကားကို ကြားသောအခါ ကျိရုရွှယ် နားလည်သွားပြီး သူမ၏ မျက်ဝန်းများ တောက်ပသွားသည်။ ဖခင်ဖြစ်သူ အဆင့် ၈ သို့ တက်လှမ်းပြီးနောက် စွမ်းရည်သစ်များ နိုးထလာလိမ့်မည်ဟု သူမ ကြိုတင်ခန့်မှန်းထားပြီးသား ဖြစ်သည်။

ဖခင်ဖြစ်သူ၏ ဤစွမ်းရည်သစ်အကြောင်း ပြန်လည်တွေးတောမိသောအခါ ကျိရုရွှယ် အံ့အားသင့်သွားရပြန်သည်။

လက်အောက်ရှိ ဇွန်ဘီများ၏ စွမ်းရည်များကို စိတ်ကြိုက်ပြောင်းလဲနိုင်သည် ဆိုပါက ယခုအခါ ဖခင်ဖြစ်သူသည် မရေမတွက်နိုင်သော စွမ်းရည်များကို ပိုင်ဆိုင်ထားခြင်းပင်။

လက်အောက်ခံ ဇွန်ဘီတစ်ကောင်တွင် ထိုစွမ်းရည်ရှိနေသရွေ့ ဖခင်ဖြစ်သူကလည်း ၎င်းကို ထုတ်ဖော်နိုင်မည်ဖြစ်သည်။

"သွားကြစို့ ဖေဖေတို့တွေ ရှေ့ဆက်ရမယ်။ ပင်လယ်ပြည်နယ်က သိပ်မဝေးတော့ဘူး"

ထိုအချိန်တွင် လုချွမ်းက ကျိရုရွှယ်၏ အတွေးများကို ဖြတ်တောက်ကာ သတိပေးလိုက်ပြီး ယာဉ်တန်းဆီသို့ ဦးတည်ထွက်ခွာသွားသည်။ ကျိရုရွှယ်လည်း သတိပြန်ဝင်လာပြီး ဖခင်ဖြစ်သူနောက်မှ အမြန်လိုက်ပါသွားတော့သည်။

ဝုန်း...

ဆယ်မိနစ်ခန့်အကြာတွင် ဇွန်ဘီတပ်မတော်ကြီးသည် တစ်ဖန်ပြန်လည် စတင်ထွက်ခွာခဲ့ပြီး အရှေ့ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားသွားခဲ့သည်။ သူတို့၏ နောက်ကွယ်ရှိ ပိုင်ရွှယ်အခြေစိုက်စခန်းမှ အဆင့်မြင့်အရာရှိကြီးများမှာမူ ဇွန်ဘီဒီရေလှိုင်းကြီး ဝေးရာသို့ ရွေ့လျားသွားသည်ကို မြင်မှပင် သက်ပြင်းချနိုင်ကြတော့သည်။

ခုနက ကမ္ဘာပျက်မတတ် ပြင်းထန်လှသော တိုက်ပွဲက သူတို့ကို သေလုမတတ် ထိတ်လန့်စေခဲ့ခြင်းပင်။

တိုက်ပွဲတွင် မည်သူတို့ ပါဝင်သည်ကို အတိအကျ မသိသော်လည်း တိုက်ပွဲမှာ ဇွန်ဘီဒီရေလှိုင်း၏ အထက်တည့်တည့်တွင် ဖြစ်ပွားခဲ့ခြင်းကြောင့် ၎င်းမှာ ဇွန်ဘီဒီရေလှိုင်းနှင့် ဇွန်ဘီဘုရင်တို့နှင့် သက်ဆိုင်လိမ့်မည်ဟု သူတို့ ခန့်မှန်းထားကြသည်။

အကယ်၍ ဇွန်ဘီဘုရင်နှင့် မသက်ဆိုင်ပါက တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ဇွန်ဘီဒီရေလှိုင်းကြီးမှာ ရူးသွပ်စွာ သောင်းကျန်းနေမည်မှာ သေချာလှသည်။

"နောက်ဆုံးတော့ သူတို့ ထွက်သွားကြပြီပဲ တကယ်ကို ကြောက်စရာကောင်းလိုက်တာ။ အဲဒီတိုက်ပွဲမှာ ပါဝင်တဲ့သူကသာ ဇွန်ဘီဘုရင် အစစ်အမှန်ဆိုရင်... သူ့ရဲ့ စွမ်းအားက အခုဆို ဘယ်လောက်တောင် မြင့်မားနေပြီလဲ မသိဘူး"

အခြေစိုက်စခန်း တပ်မှူးကြီးသည် နဖူးမှ ချွေးများကို သုတ်ရင်း ရေရွတ်လိုက်သည်။

"ကံကောင်းတာက သူတို့က ငါတို့အခြေစိုက်စခန်းကို ပစ်မှတ်မထားခဲ့တာပဲ။ မဟုတ်ရင် သူတို့ရဲ့ တိုက်ချက်တစ်ချက်တည်းနဲ့တင် ငါတို့တွေ အကြီးအကျယ် ပျက်စီးသွားနိုင်တယ်"

"ဟုတ်တယ် တကယ့်ကို ကြောက်စရာကြီး။ အဝေးကြီးကနေတောင် အဲဒီကြောက်မက်ဖွယ်ကောင်းတဲ့ အရှိန်အဝါက အသက်ရှူရတာ ကျပ်စေတယ်"

"ဇွန်ဘီဘုရင်က အဲဒီထဲက တစ်ယောက် ဖြစ်ရမယ်။ သူတို့ရဲ့ စွမ်းအားက တကယ်ကို မယုံနိုင်စရာပဲ..."

"..."

အဆင့်မြင့်အရာရှိကြီးများသည် တစ်ဦးနှင့်တစ်ဦး ဆွေးနွေးနေကြသော်လည်း သူတို့၏မျက်နှာများတွင် တုန်လှုပ်ခြောက်ခြားမှုများ အထင်းသား ရှိနေဆဲပင်။

"ကောင်းပြီ... ဒီကိစ္စကို နေပြည်တော်ကို အမြန်ဆုံး သတင်းပို့လိုက်ကြ ဇွန်ဘီဘုရင်ရဲ့ အစစ်အမှန် စွမ်းအားက ဘယ်လောက်အထိ ရှိနေပြီလဲဆိုတာ သူတို့ကို သိအောင်လုပ်ရမယ်..."

ဤသို့ပြောလိုက်စဉ် အခြေစိုက်စခန်း တပ်မှူးကြီး၏ မျက်နှာမှာ ခက်ထန်နေပြီး လေးနက်စွာဖြင့် ထပ်မံပြောကြားလိုက်သည်။ ဇွန်ဘီဘုရင်သည် အပြင်ပန်းတွင် မည်မျှပင် ရင်းနှီးဖော်ရွေသည်ဟု ထင်ရပါစေ တစ်ပါးကမ္ဘာသား သတ္တဝါများအပေါ် ထားရှိသော လူသားတို့၏ အခြေခံသဘောထားကိုမူ ပြောင်းလဲ၍မရပေ။

ဇွန်ဘီဘုရင်သည် အင်အားကြီးနိုင်သော်လည်း ယခုကဲ့သို့ အံ့ဩတုန်လှုပ်ဖွယ်ကောင်းလောက်အောင်တော့ အင်အားမကြီးသင့်ပေ။ ဇွန်ဘီဘုရင် ပိုမိုအင်အားကြီးလာလေလေ လူသားမျိုးနွယ်၏ အထက်တန်းလွှာများဖြစ်သော အခြေစိုက်စခန်း ထိန်းချုပ်သူများ၏ စိတ်နှလုံးထဲတွင် ပိုမိုလေးလံပြီး တင်းမာလာလေလေ ဖြစ်သည်။

ကျန်ရှိသောအရာရှိများကလည်း ကန့်ကွက်ခြင်းမရှိဘဲ ခေါင်းညိတ်ထောက်ခံကြသည်။ အဘယ်ကြောင့်ဆိုသော် ထူးခြားသော ဖြစ်ရပ်မှန်သမျှကို အင်ပါယာမြို့တော်သို့ သတင်းပို့ရန်မှာ သူတို့၏ တာဝန်ဖြစ်သောကြောင့်ပင်။

တစ်ချိန်တည်းမှာပင် ဇွန်ဘီတပ်မတော်ကြီးမှာ ရှေ့သို့ တည်ငြိမ်စွာ ဆက်လက်ချီတက်နေသည်။ ယာဉ်တန်း၏ နောက်ဘက်ရှိ ကားရှေ့ခန်းတွင် ထိုင်နေသော လုချွမ်း၏ မျက်နှာတွင်မူ နူးညံ့သော အပြုံးတစ်ခု ရှိနေတော့သည်။

ခုနလေးတင် သူသည် အသုံးမပြုရသေးသော ဇွန်ဘီဘုရင်ရဲ့ အရှိန်အဝါထဲမှ စွမ်းရည်

တစ်ခုကို သတိရသွားခဲ့သည်။ ၎င်းမှာ ထိခိုက်မှုမျှဝေခြင်းပင်။

ချက်ချင်းပင် လုချွမ်းသည် သူ၏ကိုယ်စား ထိခိုက်မှုများကို ခံယူပေးရန်အတွက် ဇွန်ဘီရုပ်သေး ဆယ်ကောင်ကို ပစ်မှတ်အဖြစ် ရွေးချယ်ကာ ချိတ်ဆက်လိုက်သည်။ ထိခိုက်ဒဏ်ရာများကို တောင့်ခံပေးရမည်ဖြစ်ရာ လုချွမ်းသည် သဘာဝအတိုင်းပင် ခံနိုင်ရည်မြင့်မားပြီး အသားထူသော ဇွန်ဘီရုပ်သေးများကိုသာ ရွေးချယ်ခဲ့သည်။

အဆင့်ဆင့် ရွေးချယ်ပြီးနောက်တွင် လုချွမ်းသည် အလွန်အမင်း အသက်ပြင်းလှသော တာဖန်း၊ အာဖန်းနှင့် ဒဏ်ရာများကို အလိုအလျောက် ပြန်လည်ကုသနိုင်စွမ်းရှိသည့် မသေနိုင်သူ ၁ တို့အပါအဝင် အခြားသော ဇွန်ဘီများကို ရွေးချယ်လိုက်သည်။

ယခုအချိန်မှစ၍ ဤဇွန်ဘီရုပ်သေး ဆယ်ကောင်ကို အသားဒိုင်းများအဖြစ် အသုံးပြုခြင်းဖြင့် လုချွမ်းသည် အမှန်တကယ်ပင် အသက်အလွန်ပြင်းသော အကြီးအကဲတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

ရန်သူများ၏ အသေအလဲ ကြံစည်ထားသော ခေါင်းဆောင်ကို လုပ်ကြံခြင်းဗျူဟာများမှာလည်း သူ၏အနားသို့ သီနိုင်တော့မည်မဟုတ်ပေ။

ထို့အပြင် အကယ်၍ ထိခိုက်မှုများလွန်း၍ ဇွန်ဘီရုပ်သေးတစ်ကောင် သေဆုံးသွားလျှင်

ပင် သူ၏ဇွန်ဘီတပ်မတော်ကြီး ရှိနေသရွေ့ လုချွမ်းသည် နောက်ထပ် အစားထိုးတစ်ကောင်ကို ချက်ချင်း ရွေးချယ်နိုင်မည်ဖြစ်သည်။ တစ်ကိုယ်လုံးရှိ ဇွန်ဘီတပ်မတော်ကြီး တစ်ခုလုံး မျက်စိတစ်မှိတ်အတွင်း အမြစ်ပြတ်သွားခြင်း မရှိသရွေ့ လုချွမ်းမှာ မသေမျိုးတစ်ဦးကဲ့သို့ပင်။

တွေးမိလေလေ လုချွမ်း ပိုမိုစိတ်လှုပ်ရှားလေလေပင်။

စိတ်လှုပ်ရှားနေသည့် နှလုံးသားက ပုံမှန်အတိုင်း ပြန်လည်တည်ငြိမ်သွားဖို့အတွက် ဆယ့်ငါးမိနစ်ခန့် အချိန်ယူလိုက်ရသည်။

ထို့နောက် လုချွမ်းသည် ထိုင်ခုံနောက်ကျောမှ မြေပုံတစ်ခုကို ဆွဲထုတ်ကာ သေချာစွာ စစ်ဆေးကြည့်ရှုလိုက်သည်။ သူ ကျိရုရွှယ်ကို ပြောခဲ့သလိုပင် ပင်လယ်ပြည်နယ်သို့ ရောက်ရန် သိပ်မဝေးတော့ချေ။

လုချွမ်း၏ ခန့်မှန်းချက်အရ ဇွန်ဘီတပ်မတော်၏ လက်ရှိအရှိန်အဟုန်ဖြင့်ဆိုလျှင် ပင်လယ်ပြည်နယ်သို့ ချောမွေ့စွာရောက်ရှိရန် သုံးရက်ခန့်သာ ကြာမြင့်မည်ဖြစ်ရာ အချိန်အများကြီး မလိုတော့ပေ။

ဝီ... ဝီ... ဝီ...

ထိုစဉ် လုချွမ်း၏ အိတ်ကပ်ထဲမှ ဆက်သွယ်ရေးစက်လေး တုန်ခါလာခဲ့သည်။ လုချွမ်း အံ့အားသင့်သွားပြီး ထုတ်ကြည့်လိုက်ရာ ကျောက်လင်းထံမှ စာဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် အမြန်ပင် ဖွင့်ဖတ်လိုက်သည်။ ၎င်းမှာ ကျောက်လင်း၏ သတိပေးချက်တစ်ခု ဖြစ်နေသည်။

[ကျောက်လင်း: လုချွမ်း ငါသတိပေးလိုက်မယ်နော်။ မင်းအခုသွားနေတဲ့ လမ်းကြောင်းအရဆိုရင် ရှေ့က လိုက်ယွမ်မြို့နားကို မကြာခင် ဖြတ်ရလိမ့်မယ်။ အဲဒီနေရာကို ဧရာမနဂါးအချို့က သိမ်းပိုက်ထားကြတယ်။ သတိထားဖို့ မမေ့နဲ့ဦး]

"ဧရာမနဂါးတွေ ဟုတ်လား ငါတစ်ခါမှ မမြင်ဖူးသေးဘူး"

လုချွမ်းသည် စာကို စိုက်ကြည့်ရင်း စိတ်ဝင်တစားဖြင့် မျက်ဝန်းများ တောက်ပသွားသည်။

ထိုအချိန်တွင် နောက်ထပ်ခုံ၌ ထိုင်နေသော ကျိရုရွှယ်သည် ဆက်သွယ်ရေးစက် တုန်ခါသံကို ကြားလိုက်ရသဖြင့် ခေါင်းလေးပြူထွက်လာခဲ့သည်။

ဖခင်ဖြစ်သူ၏ ဆက်သွယ်ရေးစက်မှာ များသောအားဖြင့် ဘေးချထားလေ့ရှိပြီး အသုံးပြုခဲလှကာ ကျောက်လင်းတစ်ဦးတည်းသာ ဆက်သွယ်လေ့ရှိသဖြင့် ဤအသံကို ကြားသည်နှင့် ကျောက်လင်းထံမှဖြစ်ကြောင်း ကျိရုရွှယ် ချက်ချင်း ရိပ်မိလိုက်ခြင်းပင်။

"ဖေဖေ... အန်တီကျောက်လင်း ဆက်တာလား အန်တီက ဘာပြောလဲဟင်"

ကျိရုရွှယ်က အလောတကြီး မေးလိုက်သည်။

"မင်းရဲ့ အန်တီကျောက်လင်းက ရှေ့ကနယ်မြေကို ဧရာမနဂါးအချို့က သိမ်းထားတယ်။ သတိထားပါဦးဆိုပြီး သတိပေးထားတာပါ"

လုချွမ်းက ခေါင်းညိတ်ပြရင်း ပြန်ပြောပြလိုက်သည်။

"ရှေ့မှာ နဂါးတွေ ရှိနေတာလား"

ကျိရုရွှယ် အံ့အားသင့်သွားသည်။

"ဖေဖေ... ဒီနဂါးမျိုးနွယ်တွေက သူတို့ကိုယ်သူတို့ တစ်ပါးကမ္ဘာမှာ အင်အားအကြီးဆုံးလို့ သတ်မှတ်ထားကြတာ။ သူတို့က ဒီကမ္ဘာကြီးကို သူတို့ရဲ့ အိမ်နောက်ဖေး ဥယျာဉ်လို သဘောထားပြီး ဘယ်သူအရင်ရောက်ပြီး သိမ်းပိုက်သလဲ။ အဲဒီလူပဲ ပိုင်တယ်လို့ ယူဆထားကြတာ။ အခု အဲဒီနဂါးအချို့က ရှေ့ကနယ်မြေကို သူတို့ပိုင်နက်အဖြစ် သတ်မှတ်ထားပြီဆိုတော့ တို့တွေ အနားရောက်သွားတာနဲ့ သူတို့ရဲ့ တိုက်ခိုက်မှုကို ကြုံရဖို့ များတယ်"

ကျိရုရွှယ်က လုချွမ်းကို ဆက်လက်ရှင်းပြသည်။

ထိုစကားကို ကြားသောအခါ လုချွမ်း၏ မျက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး ကျိရုရွှယ်ကို ယုံကြည်မှုအပြည့်ဖြင့် ကြည့်ကာ လှောင်ပြုံးပြုံးလျက် ပြောလိုက်သည်။

"ရှေ့ကနယ်မြေကို သူတို့ပိုင်နက်အဖြစ် သတ်မှတ်ထားတယ် ဟုတ်လား ချီချီလေး... သမီး နဂါးအသားကို မြည်းကြည့်ချင်လား။ နဂါးအသား ကင်စားကြမယ်လေ"

All Chapters