← Chapters

အခန်း (၅၀၃-၅၀၄)

Vol. 51 Ch. 503-504

အခန်း (၅၀၃-၅၀၄)

Vol. 51 Ch. 503-504

အခန်း။ ၅၀၃

ဂါးးးးဂီး…..

ဇွန်ဘီတောင်ကုန်းကြီးများ၏ အောက်ခြေတွင် ဇွန်ဘီရုပ်သေးများသည် သူတို့၏ စူးရှသော အစွယ်များနှင့် လက်သည်းများကို အသုံးပြုကာ ဝက်ဝံလူသားများ၏ ခန္ဓာကိုယ်ကို ဝိုင်းအုံ၍ ကိုက်ခဲနေကြသည်။

ဝက်ဝံလူသားများတွင် ထူထဲသော အမွေးအမှင်များနှင့် သန်မာသော သံချပ်ကာများ ရှိနေသော်လည်း ဤကဲ့သို့ အဆက်မပြတ် တိုက်ခိုက်ခံရမှုအောက်တွင် တစ်ကိုယ်လုံး ဒဏ်ရာဗရပွ ဖြစ်လာခဲ့ရသည်။

ဇွန်ဘီဒီရေလှိုင်းအောက်တွင် နစ်မြုပ်နေသော ဝက်ဝံလူသားအများအပြားမှာ အသည်းအသန် ပြန်လည်ရုန်းကန်ကြပြီး သူတို့အပေါ် ဖိထားသော ဇွန်ဘီရုပ်သေးများကို ခါထုတ်ပစ်

လိုက်ကြသည်။

ထို့နောက် တိုက်ပွဲဝင်ပုဆိန်များကို ဝှေ့ယမ်းကာ ပတ်ဝန်းကျင်ရှိ ဇွန်ဘီများကို သုတ်သင်ပစ်ရာ ဇွန်ဘီ အပိုင်းအစများမှာ နေရာအနှံ့ လွင့်စင်သွားတော့သည်။

သို့သော် ဤဝက်ဝံလူသားများမှာ စက္ကန့်ပိုင်းမျှသာ ပြန်လည် ထရပ်နိုင်ကြပြီး ပိုမိုများပြားသော ဇွန်ဘီအုပ်ကြီးက သူတို့ကို တစ်ဖန် ပြန်လည်ဝိုင်းအုံကာ ဖိနှိပ်ထားပြန်သည်။ အရေအတွက်မှာ တဖြည်းဖြည်း ပိုမိုများပြားလာရာ နောက်ဆုံးတွင် ဝက်ဝံလူသားများမှာ မခုခံနိုင်တော့ပေ။ အဆုံးသတ်တွင်မူ ဤအဖမ်းခံလိုက်ရသော ဝက်ဝံလူသား အများစုမှာလည်း ရှေ့မှကောင်များကဲ့သို့ပင် အသက်ပျောက်သွားကြရတော့သည်။

တစ်ချိန်တည်းမှာပင် နောက်တန်းရှိ ဝက်ဝံလူသား အနည်းငယ်မှာမူ သူတို့၏ တည်နေရာ အခွင့်အသာကြောင့် ဇွန်ဘီဒီရေလှိုင်း၏ ဝိုင်းရံမှုအတွင်းမှ လွတ်မြောက်သွားခဲ့ပြီး လျင်မြန်စွာ ဆုတ်ခွာသွားကြရာ ခဏချင်းအတွင်းမှာပင် ဇွန်ဘီအုပ်ကြီး၏ အနားမှ ထွက်ခွာသွားနိုင်ခဲ့သည်။

ထိုအရာကို မြင်လိုက်ရသော လုချွမ်းသည် ထိုဝက်ဝံလူသားများကို လွှတ်ပေးရန် အစီအစဉ်မရှိပေ။ သူသည် ရန်သူကို အမြစ်ပြတ် သုတ်သင်ရမည်ဟူသော အယူအဆကို အမြဲကိုင်စွဲထားသူဖြစ်သည်။ စိတ်အာရုံတစ်ခုဖြင့်ပင် လုချွမ်းသည် ဇွန်ဘီဒီရေလှိုင်းအတွင်းမှ လျင်မြန်ဖြတ်လတ်သည့် အလျင်နှုန်းစားဇွန်ဘီရုပ်သေး ထောင်ပေါင်းများစွာကို ခွဲထုတ်လိုက်ပြီး ထွက်ပြေးသွားသော ဝက်ဝံလူသားများနောက်သို့ တရစပ် လိုက်လံစေခဲ့သည်။

ဝုန်း... ဝုန်း...

ခဏချင်းအတွင်းမှာပင် အလျင်နှုန်းစား ဇွန်ဘီရုပ်သေးများသည် ဝက်ဝံလူသားများကို မှီသွားခဲ့ပြီး ဝိုင်းရံတိုက်ခိုက်ခြင်းဖြင့် သူတို့ကို တားဆီးထားနိုင်ခဲ့သည်။

ဝက်ဝံလူသား တစ်ကောင်ချင်းစီမှာ သန်မာထွားကြိုင်းသည်။ အလျင်နှုန်းစား ဇွန်ဘီရုပ်သေးများမှာ မြန်ဆန်သော်လည်း ခုခံအားကောင်းလှသော ဝက်ဝံလူသားများကို ပြင်းထန်သော ဒဏ်ရာရအောင် လုပ်ရန် ခက်ခဲလှသည်။ ထို့ကြောင့် သူတို့သည် ရန်သူများကို ထိုနေရာတွင်တင် ပိတ်မိနေစေရန်သာ ထိန်းချုပ်ထားကြသည်။

မကြာမီမှာပင် ဝက်ဝံလူသားမျိုးနွယ်စု တစ်ခုလုံးမှာ သေဆုံးသွားခဲ့ရပြီး မြို့တံတိုင်းအပြင်ဘက်တွင် အလောင်းများမှာ ပြန့်ကျဲနေတော့သည်။ မြေပြင်တစ်ခုလုံးမှာလည်း သွေးညှီနံ့များ ဖုံးလွှမ်းနေခဲ့သည်။

တိုက်ပွဲပြီးဆုံးသွားသောအခါ လုချွမ်းသည် ဇွန်ဘီရုပ်သေးများကို အသုံးပြု၍ တိုက်ပွဲမြေပြင်ကို စတင်ရှင်းလင်းလေတော့သည်။ အထူးသဖြင့် အလျင်နှုန်းစား ဇွန်ဘီရုပ်သေးများကို သူ၏ ထိန်းချုပ်မှုဖြင့် ဝက်ဝံလူသား အလောင်းများကို ဝါးမြိုစေခဲ့သည်။

ဝက်ဝံလူသားများ၏ သန်မာသော ကိုယ်ခန္ဓာနှင့် ထူးခြားသော ခုခံအားမှာ အဆင့်မြှင့်တင်ရန်

အတွက် အလွန်ကောင်းမွန်သော ပစ္စည်းများဖြစ်ရာ ဇွန်ဘီဒီရေလှိုင်းအတွင်းရှိ အလျင်နှုန်းစား ဇွန်ဘီရုပ်သေးများအတွက် အလွန်ပင် တန်ဖိုးရှိလှသည်။

လက်ရှိတွင် လုချွမ်း၏ ဇွန်ဘီဒီရေလှိုင်းက ရန်သူကို တိုက်ခိုက်သည့်အခါ အလျင်နှုန်းစား ဇွန်ဘီရုပ်သေးများမှာ အသုံးဝင်မှု နည်းပါးနေသေးသည်။ သူတို့၏ ခုခံအားမှာ အလွန်အားနည်းပြီး တိုက်ခိုက်နိုင်စွမ်းမှာလည်း မလုံလောက်လှပေ။ လိုက်လံတိုက်ခိုက်မှုများနှင့် ကောင်းကင်ယံ တိုက်ပွဲများတွင် အလျင်နှုန်းစား ဇွန်ဘီရုပ်သေးများမှာ စစ်တပ်အတွင်း၌ အနည်းငယ် အဆင်မပြေဖြစ်နေခဲ့သည်။

ယခုအခါ လုချွမ်းသည် ဤအလျင်နှုန်းစား ဇွန်ဘီရုပ်သေးများကို အသွင်ပြောင်းလဲပေးလိုပြီး ဝက်ဝံလူသားများကို ဝါးမြိုစေခြင်းဖြင့် သူတို့၏ သန်မာသော ကိုယ်ခန္ဓာနှင့် ခုခံနိုင်စွမ်းများကို ရယူစေလိုခြင်းပင်။

အချိန်ကုန်လွန်သွားသည်နှင့်အမျှ ဝက်ဝံလူသားများကို ဝါးမြိုပြီးသော အလျင်နှုန်းစား ဇွန်ဘီရုပ်သေးများသည် တစ်ကောင်ပြီးတစ်ကောင် အောင်မြင်စွာ အသွင်ပြောင်းလဲသွားကြသည်။ ချက်ချင်းဆိုသလိုပင် တစ်ကောင်ချင်းစီမှာ သိသိသာသာ ပြောင်းလဲသွားပြီး ယခင်နှင့် လုံးဝမတူတော့ပေ။

ထိုဇွန်ဘီရုပ်သေးများသည် လေမှုတ်သွင်းလိုက်သကဲ့သို့ပင် ခန္ဓာကိုယ်များမှာ ချက်ချင်း ကြီးထွားလာပြီး ခြေလက်များမှာလည်း သန်မာထွားကြိုင်းလာခဲ့သည်။ တစ်ကောင်ချင်းစီမှာ အမြင့် သုံးမီတာကျော်ရှိလာပြီး ခန္ဓာကိုယ်ပေါ်တွင် ထူထဲသော အမွေးအမှင်များ ဖုံးလွှမ်းသွားသည်။

ယခင်က ကုန်းကုန်းလေး ဖြစ်နေသော ခန္ဓာကိုယ်များမှာလည်း မတ်မတ်ရပ်နိုင်လာခဲ့သည်။ ရှေ့လက်မောင်းများမှာမူ မည်းနက်ပြီး ထက်မြက်လှသော ဓားရှည်ကြီးများအလား ဖြစ်လာပြီး မြေပြင်ပေါ်သို့ပင် ထိလုနီးပါးပင်။

ထို့ပြင် ဤဇွန်ဘီရုပ်သေးများ၏ ဦးခေါင်းများမှာ ဝက်ဝံပုံသဏ္ဍာန်သို့ လုံးဝပြောင်းလဲသွားပြီး ကြောက်မက်ဖွယ်ကောင်းသော မျက်နှာများဖြင့် ဇွန်ဘီရုပ်သေး အမျိုးအစားသစ် ဖြစ်သည့် ဝက်ဝံလူသား ဇွန်ဘီရုပ်သေးအဖြစ်သို့ ရောက်ရှိသွားတော့သည်။

ဤဇွန်ဘီရုပ်သေးအုပ်စု၏ ဝါးမြိုဆင့်ကဲပြောင်းလဲမှု ပြီးဆုံးသွားသောအခါ လုချွမ်းသည် ကျန်ရှိနေသော တိုက်ပွဲမြေပြင်ကို ရှင်းလင်းရန်နှင့် သေဆုံးသွားသော ဇွန်ဘီများ၏ ခန္ဓာကိုယ်အတွင်းမှ အမြုတေများကို ထုတ်ယူရန် ဇွန်ဘီရုပ်သေးများကို စတင်စေခိုင်းလိုက်သည်။

ဝက်ဝံလူသားများ၏ အသားနှင့် သွေးများသည် ဇွန်ဘီဒီရေလှိုင်းကြီးအတွက် အာဟာရဖြစ်စေပြီး ဝက်ဝံလူသားများ၏ နတ်ဆိုးအမြုတေဆေးလုံးများကိုမူ ကျိရုရွှယ်ထံသို့ လွှဲပြောင်းပေးအပ်လိုက်သည်။

လုချွမ်းသည် အမြုတေများကို တတ်နိုင်သမျှ များများရယူရန် စိတ်အားထက်သန်နေသူဖြစ်သည်။ ဝက်ဝံလူသားများ သတ်ဖြတ်လိုက်သော ဇွန်ဘီများမှာ အဆင့်နိမ့်ပြီး အမြုတေများ၏ အရည်အသွေးမှာ မမြင့်မားသော်လည်း "နည်းနည်းချင်းစီ စုဆောင်းခြင်း" ဟူသော မူအတိုင်း သူ အလဟဿ အဖြစ်မခံပေ။

ထိုအချိန်တွင် မိုးတိမ်မိုးရေ အခြေစိုက်စခန်းအတွင်း၌...

"ဇွန်ဘီဘုရင်က ဒီမိစ္ဆာတွေကို ငါတို့တွေအတွက် ရှင်းပေးခဲ့ပြီဆိုတော့ ငါတို့အခြေစိုက်စခန်းရဲ့ ရိုးသားမှုကို ပြသတဲ့အနေနဲ့ ဆင့်ကဲပြောင်းလဲသူတစ်ဖွဲ့ကို စေလွှတ်ပြီး အဲဒီမိစ္ဆာအလောင်းတွေကို ကိုင်တွယ်တဲ့နေရာမှာ ကူညီပေးကြမယ်။ ပြီးတော့ တိုက်ပွဲမြေပြင်ကိုလည်း အတူတူ ရှင်းလင်းပေးလိုက်ကြ"

အဆင့်မြင့်အရာရှိကြီးများနှင့်အတူ တံတိုင်းမြင့်ပေါ်သို့ ရောက်ရှိနေပြီဖြစ်သော အခြေစိုက်စခန်းခေါင်းဆောင်သည် အဝေးမှ မြင်ကွင်းကို ကြည့်ရင်း အလျင်အမြန် အမိန့်ပေးလိုက်သည်။

ဤဆင့်ကဲပြောင်းလဲသူအဖွဲ့ကို စေလွှတ်ခြင်းမှာ လူသားတို့၏ စေတနာကို ပြသရန်အတွက်သာမက ဇွန်ဘီဘုရင်၏ တုံ့ပြန်မှုကို စမ်းသပ်ရန်လည်း ဖြစ်သည်။

အကယ်၍ ဇွန်ဘီဘုရင်သည် ထိုလူများကို တိုက်ခိုက်ခြင်းမပြုပါက ၎င်းသည် ဇွန်ဘီဘုရင်၏ လူသားများအပေါ်ထားရှိသော သဘောထားကို ခိုင်မာစွာ ဖော်ပြရာရောက်ပေလိမ့်မည်။

မကြာမီမှာပင် အခြေစိုက်စခန်းမှ ဆင့်ကဲပြောင်းလဲသူ တစ်ရာကျော်ပါဝင်သော အဖွဲ့သည် တိုက်ပွဲမြေပြင်ဆီသို့ ထွက်ခွာလာခဲ့ကြသည်။ မိုးတိမ်မိုးရေ အခြေစိုက်စခန်းမှ စေလွှတ်

လိုက်သော ထိုအဖွဲ့ကို လုချွမ်း သတိထားမိသော်လည်း သူသည် ဇွတ်အတင်း မပြုမူဘဲ ထိုလူများ ဘာလုပ်မလဲဆိုသည်ကိုသာ စောင့်ကြည့်နေလိုက်သည်။

ထိုလူများက တိုက်ပွဲမြေပြင်ကို ကူညီရှင်းလင်းပေးနေသည်ကို မြင်သောအခါ လုချွမ်းမှာ အနည်းငယ် အံ့အားသင့်သွားသော်လည်း ၎င်းမှာ သူ့အပေါ် စေတနာပြသခြင်းဖြစ်ကြောင်း မကြာမီ နားလည်သွားခဲ့သည်။

ထို့ကြောင့် သူကလည်း မငြင်းပယ်ဘဲ ဇွန်ဘီဒီရေလှိုင်းနှင့်အတူ ရှုပ်ထွေးနေသော တိုက်ပွဲမြေပြင်ကို ရှင်းလင်းရန် ခွင့်ပြုပေးလိုက်သည်။

သိပ်မကြာလိုက်မီမှာပင် တိုက်ပွဲမြေပြင်၌ ရပ်နေသော ဇွန်ဘီများနှင့် လူသားအဖွဲ့သာ ကျန်ရစ်တော့သည်။ မြေပြင်ပေါ်ရှိ အလောင်းများကို ကိုင်တွယ်ပြီးဖြစ်ကာ အဝေးသို့ သယ်ဆောင်သွားကြပြီဖြစ်သည်။

နှစ်ဖက်စလုံးသည် တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေကြသော်လည်း ထူးခြားသည်မှာ ဆယ်မိနစ်ခန့် ကြာသည်အထိ လုချွမ်း၏ ဇွန်ဘီများမှာ ဆင့်ကဲပြောင်းလဲသူများကို တိုက်ခိုက်ခြင်းမပြုခဲ့ပေ။

ထိုအရာကို မြင်လိုက်ရသောအခါ မိုးတိမ်မိုးရေ အခြေစိုက်စခန်းမှ လူများမှာ သက်ပြင်းချကာ စိတ်အေးသွားကြတော့သည်။ ဇွန်ဘီဘုရင်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းမှာ အမှန်တကယ်ပင် အလုပ်ဖြစ်နေပြီဖြစ်သည်။ ဤနည်းဖြင့် ဇွန်ဘီဒီရေလှိုင်းမှာ သူတို့အတွက် ခြိမ်းခြောက်မှု မဟုတ်တော့ပေ။

"သွားကြ... အသင့်ပြင်ထားတဲ့ အမြုတေတွေနဲ့ နတ်ဆိုးအမြုတေဆေးလုံးတွေကို ယူလာခဲ့။ သူတို့ဆီကို သွားပို့ပေးလိုက်ကြ ယဉ်ယဉ်ကျေးကျေး ဖြစ်ပါစေဦး"

အခြေစိုက်စခန်းခေါင်းဆောင်က သူ၏လက်အောက်ငယ်သားများကို ကြိုတင်ပြင်ဆင်ထားသော ဆုလာဘ်များ ပေးအပ်ရန် ညွှန်ကြားလိုက်သည်။ ဤအမြုတေများနှင့် နတ်ဆိုးအမြုတေဆေးလုံးများမှာ ကမ္ဘာပျက်ကပ် စတင်ကတည်းက စုဆောင်းထားသော အခြေစိုက်စခန်း၏ အရန်ပစ္စည်းများဖြစ်ရာ အလွန်ပင် တန်ဖိုးရှိလှသည်။ သို့သော် အခြေစိုက်စခန်း၏ လုံခြုံရေးနှင့် ယှဉ်လျှင်မူ ဤသည်မှာ မပြောပလောက်ရုံသာ ရှိသည်။

မကြာမီမှာပင် သေတ္တာများ တင်ဆောင်ထားသော ကုန်တင်ကား သုံးစီးသည် အခြေစိုက်စခန်းအတွင်းမှ ဖြည်းညှင်းစွာ မောင်းထွက်လာပြီး ဇွန်ဘီဒီရေလှိုင်းဆီသို့ ဦးတည်လာခဲ့သည်။ ကုန်တင်ကား တစ်စီးချင်းစီတွင် အမြုတေများနှင့် နတ်ဆိုးအမြုတေဆေးလုံးများ အပြည့်ထည့်ထားသော သစ်သားသေတ္တာကြီး နှစ်လုံးစီ ပါဝင်သည်။

သေတ္တာ ငါးလုံးတွင် အဆင့်အမျိုးမျိုးရှိသော အမြုတေများ ပါဝင်ပြီး ကျန်သေတ္တာတစ်လုံးတွင်မူ ပိုမိုရှားပါးသော နတ်ဆိုးအမြုတေဆေးလုံးများ ပါဝင်သည်။

လုချွမ်းသည် ပျံသန်းရေးဇွန်ဘီရုပ်သေးမှတစ်ဆင့် ကားပေါ်ရှိ သစ်သားသေတ္တာများမှာ ပွင့်နေပြီး အတွင်းရှိ အမြုတေများကို မြင်တွေ့ရသဖြင့် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

ထို့နောက် လုချွမ်းသည် ဇွန်ဘီများကို စေလွှတ်၍ ထိုပစ္စည်းများကို လက်ခံယူစေလိုက်သည်။ သန်မာသော ဇွန်ဘီရုပ်သေး ခြောက်ကောင်သည် ကားပေါ်မှ သေတ္တာများကို သူတို့၏ ပခုံးပေါ်သို့ မယူလိုက်ကြသည်။ ထို့နောက် ထိုဇွန်ဘီရုပ်သေးများသည် ဇွန်ဘီဒီရေလှိုင်းအတွင်းသို့ ပြန်လာကာ ယာဉ်တန်း၏ အလယ်ရှိ ကုန်တင်ကားပေါ်သို့ သေတ္တာများကို တင်လိုက်ကြသည်။ သေတ္တာများ တင်လိုက်သည်နှင့် ကုန်တင်ကားမှာ အနည်းငယ် နိမ့်ဆင်းသွားပြီး တာယာများမှာလည်း အနည်းငယ် ပြားသွားခဲ့ရသည်။

ယခုကဲ့သို့ ရရှိမှုအပေါ် ကျေနပ်သွားသော လုချွမ်းသည် ဇွန်ဘီဒီရေလှိုင်းနှင့်အတူ ထွက်ခွာရန် ပြင်ဆင်လိုက်သော်လည်း တစ်ဖန် ပြန်လည်စဉ်းစားပြီးနောက် ပျံသန်းရေးဇွန်ဘီရုပ်သေးတစ်ကောင်ကို စေလွှတ်၍ တစ်ဖက်အဖွဲ့ထံသို့ စာတစ်စောင် ပေးပို့စေလိုက်သည်။

တံတိုင်းမြင့်ပေါ်တွင် ပျံသန်းရေးဇွန်ဘီရုပ်သေးတစ်ကောင် ချဉ်းကပ်လာသည်ကို မြင်သောအခါ ဆင့်ကဲပြောင်းလဲသူများမှာ ရန်သူနှင့် ရင်ဆိုင်ရသကဲ့သို့ တုံ့ပြန်ကြပြီး အဆင့်မြင့်အရာရှိကြီးများကို သူတို့၏နောက်တွင် အကာအကွယ်ပေးထားလိုက်ကြသည်။

ထိုအရာကို မြင်လိုက်ရသော ပျံသန်းရေးဇွန်ဘီရုပ်သေးမှာ ပိုမိုနီးကပ်စွာ မတိုးတော့ဘဲ ကစားကတ်ပြားတစ်ခုကိုသာ ချပေးခဲ့ပြီးနောက် လျင်မြန်စွာ လှည့်ထွက်သွားတော့သည်။

ခဏအကြာတွင် အခြေစိုက်စခန်းခေါင်းဆောင်သည် ဆင့်ကဲပြောင်းလဲသူတစ်ဦးထံမှ ထိုကတ်ပြားကို လက်ခံရရှိလိုက်ရာ ၎င်းပေါ်တွင် ရေးထားသော စာလုံးများကို တွေ့လိုက်ရသည်။

"ကြည်နူးစရာကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုပဲ"

အခန်း။ ၅၀၄

"ဒီဇွန်ဘီဘုရင်ရဲ့ အမြော်အမြင်ကတော့..."

ကတ်ပြား၏ အခြားတစ်ဖက်တွင် ရေးသားထားသော စာလုံးလေးလုံးကို စိုက်ကြည့်ရင်း အခြေစိုက်စခန်းခေါင်းဆောင်၏ မျက်သူငယ်များ ကျုံ့သွားကာ စိတ်ထဲတွင် အကြီးအကျယ် တုန်လှုပ်သွားရသည်။ ဇွန်ဘီဘုရင်၏ ဉာဏ်ပညာမှာ ဤမျှအထိ ဖွံ့ဖြိုးနေလိမ့်မည်ဟု သူ လုံးဝမထင်မှတ်ထားခဲ့ပေ။

၎င်းမှာ ယဉ်ကျေးပျူငှာသော စကားစုလေးတစ်ခုမျှသာ ဖြစ်သော်လည်း ဇွန်ဘီဘုရင်

ကိုယ်တိုင် ရေးသားနိုင်ခြင်းက သူ၏ ထူးခြားလှသော အသိဉာဏ်ကို ဖော်ပြနေသည်။

လူသားတို့၏ အတွေးအခေါ်ကို နားလည်ပြီး ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း ရှိနေခြင်းမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။

ယနေ့ခေတ်တွင် လူသားတို့သည် သူတို့၏ ဉာဏ်ပညာကို ဂုဏ်ယူရင်း ဇွန်ဘီမျိုးနွယ်စုများကို ရင်ဆိုင်နေကြခြင်းပင်။ ဤဉာဏ်ပညာကြောင့်သာ လူသားတို့သည် ဘေးအန္တရာယ် ထူပြောလှသော ကမ္ဘာပျက်ကပ်အတွင်း ရှင်သန်နိုင်ကြပြီး ဇွန်ဘီများကိုပင် ပြန်လည်နှိမ်နင်းနိုင်ရန် ကြိုးစားနေကြခြင်းပင်။ သို့သော် ယခုမူ ထိုလူသားတို့၏ အသာစီးရမှုကို ဇွန်ဘီဘုရင်က ရိုက်ချိုးလိုက်ပြီ ဖြစ်သည်။

လက်ထဲမှ ကတ်ပြားကို တင်းတင်းဆုပ်ကိုင်ရင်း အခြေစိုက်စခန်းခေါင်းဆောင်သည် အဝေးသို့ လှမ်းကြည့်လိုက်သည်။ ဇွန်ဘီဘုရင်သည် ဤနေရာကို တစ်နေရာရာမှ စောင့်ကြည့်နေမည်ကို သူ သိနေသည်။

တစ်ဖက်တွင်မူ လုချွမ်းသည် သူရေးလိုက်သော စာလုံးလေးလုံးကြောင့် အခြေစိုက်စခန်းခေါင်းဆောင် ဤမျှအထိ တုန်လှုပ်နေမည်ကို မသိရှိပေ။ သူသည် တစ်ဖက်လူ ထင်မြင်ထားသကဲ့သို့ပင် တံတိုင်းမြင့်ကြီးပေါ်သို့ တစ်ချက်လှမ်းကြည့်လိုက်သည်။

လုချွမ်း၏ အမြင်တွင်မူ ဆုလာဘ်ကို ရရှိပြီးပြီဖြစ်၍ ထွက်ခွာရန် အချိန်တန်ပြီဖြစ်သည်။ ဤနေရာတွင် ဆက်လက်ရှိနေခြင်းမှာ မလိုအပ်သော သံသယများကို ဖြစ်ပေါ်စေရုံသာမက သူ၏ အချိန်များကိုလည်း အလဟဿ ဖြုန်းတီးရာ ရောက်ပေလိမ့်မည်။

ဝုန်း...

လုချွမ်း၏ ထိန်းချုပ်မှုအောက်တွင် ဇွန်ဘီဒီရေလှိုင်းကြီး စတင်ရွေ့လျားတော့သည်။ ဇွန်ဘီရုပ်သေး တစ်ကောင်ချင်းစီမှာ မတားဆီးနိုင်သော အရှိန်အဝါများဖြင့် ရှေ့သို့ အရှိန်အဟုန်ဖြင့် လှမ်းချီကြသည်။ ကောင်းကင်နှင့် မြေကြီးကိုပင် ဖျက်ဆီးပစ်နိုင်မည့်အလား ထင်ရသော ထိုပင်လယ်နက်ကြီးမှာ ပင်လယ်ပြည်နယ်ဘက်သို့ ဖြည်းညှင်းစွာ ဦးတည်သွားတော့သည်။

ဇွန်ဘီဒီရေလှိုင်းကြီး ချီတက်သွားသံမှာ မိုင်ပေါင်းရာချီ ပျံ့နှံ့သွားပြီး မြေပြင်မှာလည်း တုန်ခါနေတော့သည်။ ဤခမ်းနားလှသော အရှိန်အဟုန်ကြောင့် တောတောင်များအတွင်းရှိ သားရဲတိရစ္ဆာန်များမှာ ကြောက်လန့်တကြား ထွက်ပြေးကုန်ကြသည်။

လမ်းတစ်လျှောက်ရှိ လေလွင့်ဇွန်ဘီ အများစုမှာလည်း ဇွန်ဘီဒီရေလှိုင်းကြီးအတွင်းသို့ သဘာဝအလျောက် ပေါင်းစည်းသွားကြသည်။

"ကြည့်ကြဦး အကုန်လုံး ကြည့်လိုက်ကြစမ်း။ သူတို့တွေ ထွက်သွားပြီ။ ဇွန်ဘီဒီရေလှိုင်းကြီး ထွက်သွားပြီဟေ့"

"တကယ်ပဲ ထွက်သွားတာပဲ ဟားဟား... ငါတို့တွေ အသက်ရှင်ပြီ။ ဇွန်ဘီဒီရေလှိုင်းကိုပဲ ကျေးဇူးတင်ရမလိုပဲ"

"နောက်ဆုံးတော့ သူတို့ ထွက်သွားပြီ။ အခုမှပဲ ငါတို့တွေ အနားယူလို့ ရတော့မယ်..."

တံတိုင်းမြင့်ပေါ်ရှိ ဆင့်ကဲပြောင်းလဲသူ အားလုံးမှာ သက်ပြင်းချကာ စိတ်အေးသွားကြပြီး လူအများအပြားမှာလည်း ဝမ်းသာအားရ ကြွေးကြော်နေကြတော့သည်။

"စစ်နတ်ဘုရားမ ကျောက်လင်းရဲ့ ရွေးချယ်မှုက မမှားခဲ့ဘူးပဲ။ ဇွန်ဘီဘုရင်က တကယ်ပဲ ကတိတည်တာပဲ"

ဆုလာဘ်ရရှိပြီးနောက် တိုက်ရိုက်ထွက်ခွာသွားသော ဇွန်ဘီစစ်တပ်ကို ကြည့်ရင်း အခြေစိုက်စခန်းခေါင်းဆောင်၏ မျက်နှာတွင် ခံစားချက်မျိုးစုံ ဖြစ်ပေါ်နေသည်။

ဇွန်ဘီဘုရင် ပိုမိုအင်အားကြီးလာပါက ဘေးအန္တရာယ်ကြီးတစ်ခု ဖြစ်လာမှာကို စိုးရိမ်မိသော်လည်း ဇွန်ဘီဘုရင်၏ အကူအညီကြောင့် လူသားတို့၏ ဖိအားများစွာ လျော့ကျသွားမည်ကို တွေးမိကာ စိတ်သက်သာရာ ရနေပြန်သည်။

အကယ်၍ သူတို့သာ ဆုလာဘ်ကို ပေးဆောင်လိုစိတ်ရှိပါက နောင်တွင် တစ်ပါးကမ္ဘာသားများ၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရသည့်အခါ အခြေစိုက်စခန်းတစ်ခုချင်းစီအတွက် အပိုအင်အားတစ်ခု ရှိနေမည်ပင်။

"ဒီဇွန်ဘီဘုရင်ရဲ့ အင်အားက တကယ်ကို ကြောက်စရာကောင်းတာပဲ။ မိုးတိမ်မိုးရေ အခြေစိုက်စခန်းကို ကျဆုံးလုနီးပါး ဖြစ်အောင်လုပ်ခဲ့တဲ့ တစ်ပါးကမ္ဘာသားတွေကို သူတို့က မျက်စိတစ်မှိတ်အတွင်းမှာတင် ချေမှုန်းပစ်လိုက်တာ"

အရာရှိတစ်ဦးက မချီးကျူးဘဲ မနေနိုင်တော့ပေ။

"ဟုတ်တယ် ငါတို့တွေ ပေးဆပ်လိုက်ရတာ တန်ပါတယ်။ အစောကြီးကတည်းက ပေးလိုက်ရင် ငါတို့အခြေစိုက်စခန်းမှာ ဒီလောက်အထိ လူအသေအပျောက် များမှာမဟုတ်ဘူး"

အခြားခေါင်းဆောင်တစ်ဦးကလည်း စိတ်မကောင်းစွာဖြင့် ခေါင်းညိတ်၍ ထောက်ခံလိုက်သည်။

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် အခြေစိုက်စခန်းခေါင်းဆောင်သည် ရောက်ရှိနေသော ခေါင်းဆောင်များဘက်သို့ လှည့်ကာ တည်ကြည်စွာ ပြောလိုက်သည်။

"မိုးတိမ်မိုးရေ အခြေစိုက်စခန်းရဲ့ အန္တရာယ်ကတော့ နောက်ဆုံးမှာ ပြီးဆုံးသွားပါပြီ။ ကျန်တဲ့ကိစ္စတွေကိုတော့ နောက်မှပဲ ငါတို့တွေ အသေးစိတ် ဆွေးနွေးကြတာပေါ့"

"အခုအချိန်မှာ ငါတို့တွေမှာ ပိုပြီးအရေးကြီးတဲ့ တာဝန်တွေ ရှိနေပြီ။ တစ်ပါးကမ္ဘာသား မိစ္ဆာတွေကို တိုက်ခိုက်ရင်း စစ်သည်တော်များစွာ ရဲရဲဝံ့ဝံ့ စတေးခံခဲ့ကြရတယ်။ သူတို့ရဲ့ မိသားစုတွေအတွက် ထောက်ပံ့ကူညီရေးလုပ်ငန်းတွေကို ချက်ချင်း ဆောင်ရွက်သွားရမယ်။ ငါတို့စစ်သည်တွေကို သွေးမြေကျရုံတင်မကဘဲ မျက်ရည်ပါ ကျအောင် ငါတို့တွေ ခွင့်မပြုနိုင်ဘူး

အဲဒီအပြင် ဇွန်ဘီဘုရင်ကို ငှားရမ်းတဲ့ကိစ္စကလည်း အောင်မြင်သွားပြီဆိုတော့ ဒါကို အထက်လူကြီးတွေဆီ ဘယ်လိုသတင်းပို့ရမလဲဆိုတာ ဆွေးနွေးကြတာပေါ့။

နောက်ဆုံးအနေနဲ့ သိထားကြရမှာက ဇွန်ဘီဘုရင်ကို ငှားဖို့အတွက် ငါတို့အခြေစိုက်စခန်းရဲ့ အရန်ရိက္ခာတွေအားလုံး ကုန်သလောက် ဖြစ်သွားပြီ။ အနာဂတ်မှာ မိုးတိမ်မိုးရေ အခြေစိုက်

စခန်း ပိုမိုတိုးတက်လာဖို့ ငါတို့တွေအားလုံး လက်တွဲပြီး ကြိုးစားသွားကြရမယ်..."

မိုးတိမ်မိုးရေ အခြေစိုက်စခန်းခေါင်းဆောင်က မရပ်မနား ပြောဆိုနေစဉ်မှာပင် အခြားတစ်ဖက်၌ လုချွမ်းသည် ဇွန်ဘီဒီရေလှိုင်းကြီးနှင့်အတူ အရှိန်အဟုန်ဖြင့် ချီတက်နေသည်။ တစ်ချိန်တည်းမှာပင် လုချွမ်းသည် ကားရှေ့ခန်း၌ တိတ်ဆိတ်စွာ ထိုင်နေရင်း ခုနက တိုက်ပွဲမှ အရှုံးအမြတ်များကို တွက်ချက်နေမိသည်။

ဇွန်ဘီဒီရေလှိုင်းအတွင်းမှ ဇွန်ဘီရုပ်သေးအချို့ ဆုံးရှုံးခဲ့သော်လည်း အများစုမှာ ကျင့်ကြံမှုအဆင့် မမြင့်မားလှသဖြင့် လုချွမ်းအနေဖြင့် နှမြောတသခြင်း မရှိပေ။

အနည်းဆုံးတော့ ဝက်ဝံလူသားများ၏ အသားနှင့် သွေးများက အဆင့်မြင့် ဇွန်ဘီရုပ်သေးများစွာအတွက် အားအင်ဖြစ်စေခဲ့သည်။

ယခုအခါ ဇွန်ဘီဒီရေလှိုင်း၏ အရေအတွက်မှာ အတိုင်းအဆတစ်ခုအထိ ရှိလာပြီဖြစ်ရာ၊ လုချွမ်းအနေဖြင့် စစ်တပ်၏အင်အားကို မြှင့်တင်လိုလျှင် အရေအတွက်ထက် အရည်အသွေးကို ပိုမိုအာရုံစိုက်ရန် လိုအပ်လာပြီဖြစ်သည်။

လက်ရှိတွင် သူ၏လက်ဝယ်၌ အဆင့်မြင့်ဇွန်ဘီရုပ်သေး အုပ်စုတစ်စု ရှိနေပြီဖြစ်ရာ သူတို့ကို ဇွန်ဘီဒီရေလှိုင်း၏ အဓိကနေရာများတွင် ဗျူဟာမြောက် ဖြန့်ကျက်ထားခြင်းဖြင့် စစ်တပ်ကြီးတစ်ခုလုံးကို တောင်ကြီးတစ်လုံးပမာ ခိုင်ခံ့မြဲမြံစေသည်။

ရန်သူစစ်သည် ထောင်သောင်းနှင့် ရင်ဆိုင်ရလျှင်ပင် ဇွန်ဘီဒီရေလှိုင်းကြီးမှာ တုန်လှုပ်ခြင်းမရှိတော့ပေ။

ထို့နောက် လုချွမ်းသည် ကားပေါ်၌ တင်ဆောင်လာသော ဆုလာဘ်များကို တစ်ချက်ကြည့်လိုက်သည်။ ဤအမြုတေများကို စနစ်တကျ အသုံးချနိုင်လျှင် သူသည် အဆင့်မြင့်

ဇွန်ဘီရုပ်သေး နောက်ထပ်တစ်သုတ်ကို ရရှိနိုင်မည်ဖြစ်သည်။

အဆင့်နိမ့်ဇွန်ဘီများ စတေးခံလိုက်ရခြင်းမှာ အဆင့်မြင့်ဇွန်ဘီများကို ရရှိရန်အတွက် အမှန်တကယ်ပင် တန်ဖိုးရှိလှသည်။

သူ၏အမြင်တွင် တိုက်ပွဲမြေပြင်၌ အဆင့်နိမ့်ဇွန်ဘီများသည် ရန်သူကို ဒုက္ခပေးနိုင်စွမ်း သိပ်မရှိဘဲ စစ်တပ်၏ အရှိန်အဝါကို မြှင့်တင်ရန်နှင့် အသေးအဖွဲများကို ရှင်းလင်းရန်

အတွက်သာ အသုံးဝင်သည်။

အဆင့်လတ်နှင့် အဆင့်မြင့်ဇွန်ဘီများသာလျှင် ဇွန်ဘီဒီရေလှိုင်း၏ အဓိကကျောရိုးဖြစ်ရာ သူတို့ အရေအတွက် များလေလေ ပိုကောင်းလေလေ ဖြစ်သည်။

မကြာမီမှာပင် မိုးတိမ်မိုးရေ အခြေစိုက်စခန်းမှ သတင်းများသည် အင်ပါယာမြို့တော်ဆီသို့ ရောက်ရှိသွားခဲ့သည်။ ဤသည်မှာ လူသားမျိုးနွယ်နှင့် ဇွန်ဘီဘုရင်တို့အကြား ပထမဆုံးအကြိမ် အောင်မြင်စွာ ပူးပေါင်းဆောင်ရွက်နိုင်မှုအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။

အစည်းအဝေးခန်းမအတွင်း၌...

"ဒီဇွန်ဘီဘုရင်က တကယ်ပဲ ကောက်ကျစ်စဉ်းလဲမှုတွေ မလုပ်ဘဲ ငါတို့တွေနဲ့ ပူးပေါင်းဖို့ ဆန္ဒရှိနေတယ်ဆိုတာ အားလုံး မြင်တွေ့ကြရမှာပါ"

အမြင့်ဆုံးခေါင်းဆောင်ကြီးက အောက်ရှိ မြို့တော်ခေါင်းဆောင်များကို ပြုံးလျက် ပြောကြားလိုက်သည်။

"ဒီဇွန်ဘီဘုရင်က ငါတို့လူသားမျိုးနွယ်နဲ့ လက်တွဲဖို့ တကယ်ပဲ ဆန္ဒရှိလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ သူ့ကို လျှော့မတွက်သင့်သလို သူ့ရဲ့ ဉာဏ်ပညာကိုလည်း လျစ်လျူမရှုသင့်ဘူး"

စစ်ဘက်ဆိုင်ရာ အဆင့်မြင့်အရာရှိတစ်ဦးက အံ့ဩတကြီး ပြောဆို လိုက်သည်။

ဇွန်ဘီဆိုသည်မှာ သွေးဆာတတ်ပြီး အသိဉာဏ်နည်းပါးသည်ဟု လူသားတို့က ရှေးယခင်ကတည်းက သတ်မှတ်ထားကြခြင်းပင်။ အသိဉာဏ်ရှိပုံရသော ဇွန်ဘီဘုရင်ပင်လျှင် သာမန်ဇွန်ဘီများထက် အနည်းငယ်သာ သာလွန်မည်ဖြစ်ပြီး လူသားများနှင့် ယှဉ်နိုင်လိမ့်မည်မဟုတ်ဟု ထင်မှတ်ခဲ့ကြသည်။

သို့သော် ယခုမူ သူတို့ ရင်ဆိုင်ရခက်ခဲနေသော ဤဇွန်ဘီဘုရင်မှာ လုံးဝကွဲပြားခြားနားနေသည်။ သူသည် လူသားတို့၏ အတွေးအခေါ်မျိုး ရှိနေသည့်အလား ကိစ္စရပ်များကို အလွန်ပါးနပ်စွာ ကိုင်တွယ်ဖြေရှင်းသွားခဲ့သည်။

"ဟားဟား... ဒါက သတင်းကောင်းပဲ နောင်မှာ ဘယ်အခြေစိုက်စခန်းမဆို တစ်ပါးကမ္ဘာသားတွေရဲ့ တိုက်ခိုက်မှုကို မခံနိုင်တော့ဘူးဆိုရင် ဇွန်ဘီဘုရင်ရဲ့ အကူအညီကို တောင်းလို့ရတာပေါ့။ ပေးရမယ့် အခကြေးငွေကလည်း အမြုတေတွေနဲ့ နတ်ဆိုးအမြုတေဆေးလုံးအချို့ပဲလေ"

အခြားအရာရှိတစ်ဦးကလည်း ဝမ်းသာအားရ ပြောဆို လိုက်သည်။

ထို့နောက် အဆင့်မြင့်အရာရှိကြီးများက သူတို့၏ အမြင်များကို အသီးသီး တင်ပြကြရာ အများစုမှာ ဇွန်ဘီဘုရင်နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် ထောက်ခံကြသည်။

"ဇွန်ဘီဘုရင်က ကတိတည်ခဲ့ပြီဆိုတော့ ငါတို့လူသားမျိုးနွယ်ဘက်ကလည်း အလျှော့ပေးလို့ မရဘူး။ ပိုပြီး ရင်းနှီးတဲ့ ဆက်ဆံရေးဖြစ်အောင် ငါတို့ဘက်ကလည်း ရိုးသားမှုကို ပြသရမယ်"

နောက်ဆုံးတွင် အမြင့်ဆုံးခေါင်းဆောင်ကြီးက တည်ကြည်လေးနက်သော မျက်နှာထားဖြင့် အလေးအနက် ပြောလိုက်သည်။ မကြာမီမှာပင် မြို့တော်အစိုးရသည် အခြေစိုက်စခန်းအားလုံးနှင့် အသက်ရှင်ကျန်ရစ်သူများထံသို့ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။

ယနေ့မှစ၍ ဇွန်ဘီဘုရင်သည် လူသားတို့၏ မိတ်ဆွေဖြစ်လာပြီဖြစ်ကြောင်းနှင့် အခြေစိုက်စခန်းအားလုံးက သူ့ကို လေးစားသမှုဖြင့် ဆက်ဆံရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဤကြေညာချက်ကြောင့် အသက်ရှင်ကျန်ရစ်သူများအကြားတွင် အကြီးအကျယ် ရိုက်ခတ်သွားခဲ့ပြီး လူတိုင်းမှာ အံ့ဩမဆုံး ဖြစ်နေကြတော့သည်။

ဒါက ဇွန်ဘီဘုရင်ပဲ။ သူက လူသားတွေရဲ့ မိတ်ဆွေ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

...

လုချွမ်း၏ဘက်တွင်မူ ပင်လယ်ပြည်နယ်ဆီသို့ ချီတက်မှုမှာ ဆက်လက်ရှိနေဆဲပင်။ လမ်းတစ်လျှောက်တွင် လုချွမ်းသည် ရရှိလာသမျှသော အမြုတေအားလုံးကို သုံးစွဲလိုက်သည်။

ရလဒ်အနေဖြင့် သူ၏လက်အောက်ရှိ အဆင့် ၇ ဇွန်ဘီရုပ်သေး အရေအတွက်မှာ ဆယ်ကောင်အထိ ရှိလာခဲ့ပြီဖြစ်ရာ နောက်ဆုံးတွင် အင်အားတောင့်တင်းသော အဖွဲ့အစည်းတစ်ခုအဖြစ် ပေါ်ပေါက်လာတော့သည်။

All Chapters