အခန်း (၅၀၇-၅၀၈)
Vol. 51 Ch. 507-508
အခန်း။ ၅၀၇
ကင်းထောက်လေကြောင်းအဖွဲ့မှတစ်ဆင့် ချဉ်းကပ်လာသော ယာဉ်တန်းနှင့် သူတို့သယ်ဆောင်လာသည့် ပစ္စည်းများကို မြင်လိုက်ရသောအခါ လုချွမ်း ပြုံးလိုက်မိသည်။
ဤပိုင်ရွှယ်အခြေစိုက်စခန်းမှ လူများမှာ အမှန်တကယ်ပင် အလိုက်သိတတ်ကြသည်။ တိုက်ပွဲပြီးဆုံးရုံသာ ရှိသေးပြီး သူတို့ဘက်မှ လူလွှတ်၍ တောင်းခံရန်ပင် အချိန်မရသေးမီမှာပင် သူတို့ဘက်မှ အသိစိတ်ရှိရှိဖြင့် လာရောက်ပို့ဆောင်ပေးကြခြင်းပင်။
ဤကဲ့သို့ အကဲခတ်မြန်သောသူများနှင့် အလုပ်လုပ်ရသည်မှာ သူ အနှစ်သက်ဆုံးပင်။
လုချွမ်းသည် လူသားများကို ထိတ်လန့်သွားစေရန် ကိုယ်တိုင်ကိုယ်ကျ ထွက်မပြလာတော့ဘဲ ကင်းထောက် ၁ ကိုသာ စေလွှတ်လိုက်သည်။
ရှူး...
ကင်းထောက် ၁ သည် ကောင်းကင်ယံ၌ ဝဲပျံနေရာမှ သူ၏တောင်ပံများကို တုန်ခါစေလျက် လျှပ်စီးကြောင်းတစ်ခုအလား အောက်သို့ ထိုးဆင်းလာရာ လေခွဲသံမှာပင် စူးရှလှသည်။
ဘုန်း...
မျက်စိတစ်မှိတ်အတွင်းမှာပင် ကင်းထောက် ၁ သည် မြေပြင်ပေါ်သို့ အရှိန်ဖြင့် ဆင်းသက်လိုက်ရာ မြေကြီးမှာ သိမ့်သိမ့်တုန်သွားခဲ့ပြီး သူ၏ဧရာမတောင်ပံကြီးများကို အကြိမ်အနည်းငယ် ခါယမ်းလိုက်ပြီးနောက် ဖြည်းညှင်းစွာ ပြန်လည်ရုပ်သိမ်းလိုက်သည်။
"ကားတွေကို ရပ်လိုက်ကြ"
လမ်းပိတ်ရပ်နေသော ထူးဆန်းသည့် ဇွန်ဘီကို မြင်လိုက်ရသောအခါ ပိုင်ရွှယ်အခြေစိုက်
စခန်းမှ စေလွှတ်လိုက်သော ကိုယ်စားလှယ်က အလောတကြီး အော်ဟစ်၍ တားဆီးလိုက်သည်။ ရှေ့သို့ ဆက်တိုးပါက ထိုဇွန်ဘီက သူတို့ကို တိုက်ခိုက်မည်ကို စိုးရိမ်နေကြခြင်းပင်။
ကျွီ...
ချက်ချင်းပင် ယာဉ်တန်းတစ်ခုလုံး ရပ်တန့်သွားတော့သည်။
"ကျွန်တော်ကတော့ ပိုင်ရွှယ်အခြေစိုက်စခန်းက စေလွှတ်လိုက်တဲ့ ကိုယ်စားလှယ်ပါ။ ပိုင်ရွှယ်အခြေစိုက်စခန်း တစ်ခုလုံးကို ကိုယ်စားပြုပြီး အခြေစိုက်စခန်းကို ကူညီပေးခဲ့လို့ရော တစ်ပါးကမ္ဘာသတ္တဝါတွေကို သုတ်သင်ပေးခဲ့လို့ရော ဇွန်ဘီဘုရင်ကြီးကို ကျေးဇူးအထူးတင်ရှိကြောင်း ပြောချင်လို့ပါ။ ဒါတွေကတော့ ကျွန်တော်တို့ အခြေစိုက်စခန်းက ဇွန်ဘီဘုရင်ကြီးအတွက် အထူးပြင်ဆင်ထားတဲ့ အမြုတေတွေနဲ့ နတ်ဆိုးအမြုတေဆေးလုံးတွေပါ။ ဒါကို ကျွန်တော်တို့ရဲ့ ရိုးသားတဲ့ ကျေးဇူးတင်လွှာလေးတစ်ခုလို့ သဘောထားပေးပါ"
ထိုကိုယ်စားလှယ်မှာ ကားပေါ်မှ အလျင်အမြန် ဆင်းလာပြီး ကင်းထောက် ၁ ကို ဦးညွှတ်၍ အရိုအသေပြုလိုက်သည်။ ထို့နောက် သူ၏နောက်မှ စောင့်ဆိုင်းနေသော စစ်သည်များကို အချက်ပြလိုက်သည်။
ပိုင်ရွှယ်အခြေစိုက်စခန်းမှ စစ်သည်များသည် ကားနောက်ခန်းများပေါ်သို့ အပြိုင်အဆိုင် တက်သွားကြပြီး အမြုတေများနှင့် နတ်ဆိုးအမြုတေဆေးလုံးများ အပြည့်ထည့်ထားသော သေတ္တာများကို တစ်လုံးပြီးတစ်လုံး ကြိုးစားပမ်းစား အောက်သို့ ချပေးကြသည်။
မကြာမီမှာပင် အမြုတေနှင့် နတ်ဆိုးအမြုတေဆေးလုံး သေတ္တာ စုစုပေါင်း တစ်ဆယ့်
ငါးလုံးကို ကင်းထောက် ၁ ၏ ရှေ့တွင် ချထားလိုက်ပြီး သေတ္တာအဖုံးများကိုလည်း အသင့ဖွင့်ပေးထားကြသည်။
ကင်းထောက် ၁ ၏ အမြင်အာရုံမှတစ်ဆင့် ဤမြင်ကွင်းကို ကြည့်နေသော လုချွမ်းသည် မျက်လုံးများ တောက်ပသွားကာ စိတ်လှုပ်ရှားမှုများနှင့်အတူ အမြုတေသေတ္တာများကို စိုက်ကြည့်နေမိတော့သည်။
ဟားဟား... ဒီလောက်အထိ များပြားတဲ့ အမြုတေတွေကို ရဖို့က တကယ်ကို လွယ်ကူလွန်းတာပဲ။
ဤအမြုတေများနှင့်ဆိုလျှင် သူ၏ ဇွန်ဘီရုပ်သေးများ၏ အင်အားမှာ နောက်ထပ် အဆင့်တစ်ခုသို့ အမှန်တကယ် မြင့်တက်သွားပေလိမ့်မည်။
"ဒါတွေကတော့ ပိုင်ရွှယ်အခြေစိုက်စခန်းရဲ့ အရန်ပစ္စည်း အားလုံးပါပဲ။ ဒါက ကျွန်တော်တို့ရဲ့ ရိုးသားမှုကို ပြတာပါ။ နောင်မှာလည်း ဇွန်ဘီဘုရင်ကြီးနဲ့ ထပ်မံပူးပေါင်းဆောင်ရွက်ခွင့် ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်"
ကိုယ်စားလှယ်သည် ကင်းထောက် ၁ ၏ အကြည့်မှာ အမြုတေများပေါ်၌သာ ရှိနေသည်ကို သတိပြုမိသဖြင့် အချိန်ကိုက်၍ ယဉ်ကျေးပျူငှာစွာ ပြောဆို လိုက်သည်။
ဤတစ်ကြိမ်တွင် ပိုင်ရွှယ်အခြေစိုက်စခန်းမှာ တစ်ပါးကမ္ဘာသတ္တဝါများ၏ ကျူးကျော်မှုကြောင့် ပျက်စီးလုနီးပါး ဖြစ်ခဲ့ရပြီး မြို့တံတိုင်းမှာလည်း ကျိုးပေါက်လုနီး ဖြစ်ခဲ့ရသည်။
ထို့ကြောင့် အခြေစိုက်စခန်းမှ အဆင့်မြင့်အရာရှိကြီးများ အားလုံးမှာ ထိတ်လန့်တုန်လှုပ်နေကြဆဲပင်။ တစ်ပါးကမ္ဘာသတ္တဝါများကို ဇွန်ဘီဘုရင်က သုတ်သင်ပေးခဲ့ပြီ ဆိုသော်ငြားလည်း သူတို့မှာ လက်တွေ့ကျသော ပြဿနာတစ်ခုကို ဆက်လက်စဉ်းစားနေကြရဆဲပင်။
"ပိုင်ရွှယ်အခြေစိုက်စခန်းဟာ တစ်ပါးကမ္ဘာသတ္တဝါတွေရဲ့ ကျူးကျော်မှုကို တစ်ကြိမ်တည်း ရင်ဆိုင်ပြီးသွားရင် နောက်ပိုင်းမှာ အမြဲဘေးကင်းလုံခြုံနေပါ့မလားဆိုတာ ဘယ်သူမှ အတိအကျ မပြောနိုင်ဘူး။ တကယ်လို့ ကြောက်မက်ဖွယ်ကောင်းတဲ့ တစ်ပါးကမ္ဘာသတ္တဝါတွေ ထပ်ပြီး ကျူးကျော်လာခဲ့ရင် ပိုင်ရွှယ်အခြေစိုက်စခန်းက ဘာလုပ်ရမှာလဲ"
အကယ်၍ မခုခံနိုင်တော့ပါက သူတို့သည် ဇွန်ဘီဘုရင်၏ အကူအညီကိုသာ ဆက်လက်တောင်းခံရမည် ဖြစ်သည်။ ထို့ကြောင့် အစောပိုင်းကတည်းက ရင်းနှီးသော ဆက်ဆံရေးတစ်ခု တည်ဆောက်ထားနိုင်ပါက နောင်တွင် အကူအညီတောင်းရန် ပိုမိုလွယ်ကူသွားပေလိမ့်မည်။
ထိုအကြောင်းအရင်းက ပိုင်ရွှယ်အခြေစိုက်စခန်းက သူတို့ရဲ့ အရန်ရိက္ခာအားလုံးကို ပုံအောပေးခဲ့ရတဲ့ အဓိက အကြောင်းရင်းလည်း ဖြစ်သည်။
လုချွမ်းသည် ကင်းထောက် ၁ ၏ ကိုယ်ထည်ကို အသုံးပြု၍ အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီးနောက် ကိုယ်စားလှယ်အဖွဲ့အား ထွက်ခွာရန် အချက်ပြလိုက်သည်။
"ဒါဆိုရင် ကျွန်တော်တို့ ခွင့်ပြုပါဦးမယ်"
ထိုအရာကို မြင်လိုက်ရသော ကိုယ်စားလှယ်သည် ပါးနပ်စွာဖြင့် ဆက်မပြောတော့ဘဲ အနည်းငယ် ဦးညွှတ်အရိုအသေပြုကာ စစ်သည်များနှင့်အတူ ကားပေါ်သို့ ပြန်တက်သွားခဲ့သည်။
တစ်မိနစ်ခန့်အကြာတွင် ယာဉ်တန်းမှာ လမ်းကြောင်းပြောင်းကာ အခြေစိုက်စခန်းဆီသို့ ပြန်လည်မောင်းနှင်သွားတော့သည်။
ထိုအတောအတွင်း လုချွမ်းသည် ထိုလူများကို ဂရုမစိုက်နိုင်တော့ပေ။ တန်ဖိုးရှိလှသော အမြုတေများမှာ သူ၏ရှေ့တည့်တည့်တွင် ရှိနေပြီဖြစ်ရာ ၎င်းတို့ကို အကျိုးရှိရှိ အသုံးချရန်သာ လိုအပ်တော့သည်။
လုချွမ်း၏ စိတ်အာရုံစေခိုင်းမှုကြောင့် ဇွန်ဘီဒီရေလှိုင်းအတွင်းမှ ဇွန်ဘီရုပ်သေးများ ထွက်ပေါ်လာပြီး မြေပြင်ပေါ်ရှိ သေတ္တာအားလုံးကို သူ့ထံသို့ မယူလာကြသည်။
အမြုတေ သေတ္တာ ဆယ့်သုံးလုံးနှင့် နတ်ဆိုးအမြုတေဆေးလုံး သေတ္တာ နှစ်လုံး။
ထိုအမြုတေများကို ကြည့်ရင်း လုချွမ်းမှာ အသည်းယားလာခဲ့သည်။ သို့သော် သူသည် ဇွန်ဘီရုပ်သေးများကို အမြုတေများ ချက်ချင်းကျွေးရန် မလောဆော်ခဲ့ပေ။
ခဏလေးအလိုကတင် ဇွန်ဘီဒီရေလှိုင်းသည် သွေးဆာနတ်ဆိုးပိုးမွှားအားလုံးကို ဝါးမြိုခဲ့ပြီးဖြစ်ရာ ယခုအခါ ဇွန်ဘီရုပ်သေး အများအပြားမှာ အဆင့်တက်ရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေကြပြီဖြစ်သည်။ ၎င်းတို့ အဆင့်ဆင့် တိုးတက်လာရန်အတွက် အချိန်အနည်းငယ်သာ လိုအပ်တော့သည်။
ဝုန်း... ဝုန်း... ဝုန်း...
မကြာမီမှာပင် ဇွန်ဘီဒီရေလှိုင်းအတွင်းမှ ဟိန်းဟောက်သံများ ထွက်ပေါ်လာပြီး ဇွန်ဘီရုပ်သေးများသည် အကျိုးကျေးဇူးများစွာကို ရရှိကာ အောင်မြင်စွာ အဆင့်တက်သွားကြသည်။
တစ်ကောင်ပြီးတစ်ကောင် အဆင့်မြင့်လာသည်ကို ကြည့်ရင်း လုချွမ်း၏ စိတ်ထဲတွင် ကျေနပ်အားရမှုများ ပြည့်လျှံနေတော့သည်။
နာရီဝက်ခန့်အကြာတွင် သွေးဆာနတ်ဆိုးပိုးမွှားများမှ ရရှိသော အာဟာရများ ကုန်ဆုံးသွားသဖြင့် ဇွန်ဘီရုပ်သေးများ၏ အဆင့်တက်မှုမှာ ရပ်တန့်သွားခဲ့သည်။
ရလဒ်မှာ အံ့မခန်းပေ။ အဆင့် ၃ နှင့် ၄ များကို ထည့်မတွက်လျှင်ပင် အဆင့် ၅ ဇွန်ဘီရုပ်သေး တစ်ရာကျော်နှင့် အဆင့် ၆ ဆယ်ဂဏန်းခန့် တိုးပွားလာခဲ့သဖြင့် အဆင့်မြင့်ဇွန်ဘီစစ်တပ်၏ တိုက်ခိုက်နိုင်စွမ်းမှာ သိသိသာသာ မြင့်တက်သွားခဲ့သည်။
ထို့နောက်တွင် လုချွမ်းသည် အမြုတေများကို အသုံးပြု၍ သူ၏ ဇွန်ဘီရုပ်သေးများကို စတင်အဆင့်မြှင့်တင်တော့သည်။
အမြုတေများကို အဆက်မပြတ် ခွဲဝေပေးပြီးနောက် လုချွမ်းသည် အဆင့် ၆ ဇွန်ဘီရုပ်သေး အုပ်စုတစ်စုကို လျင်မြန်စွာ ရရှိခဲ့သည်။
ဆက်လက်၍ လုချွမ်းသည် အဆင့် ၆ ဇွန်ဘီရုပ်သေးများထဲမှ တစ်သုတ်ကို ရွေးချယ်ကာ အဆင့် ၆ အမြုတေများကို အသုံးပြု၍ အဆင့် ၆ ဇွန်ဘီရုပ်သေး ငါးကောင်ကို အဆင့် ၇ သို့ အောင်မြင်စွာ မြှင့်တင်ပေးလိုက်သည်။
ယခုဆိုလျှင် လုချွမ်း၏ လက်အောက်တွင် အထင်ကြီးစရာကောင်းလှသော အဆင့် ၇ ဇွန်ဘီရုပ်သေး ဆယ့်ငါးကောင်အထိ ရှိလာပြီဖြစ်သည်။
အသစ်တိုးလာသော အဆင့် ၇ ဇွန်ဘီရုပ်သေး ငါးကောင်ကို ကြည့်ရင်း လုချွမ်း၏ မျက်ဝန်းများမှာ တောက်ပလာပြီး သူကိုယ်တိုင် အဆင့် ၈ သို့ တက်လှမ်းရန် စတင်စဉ်းစားနေတော့သည်။
ချက်ချင်းပင် လုချွမ်းသည် သူ၏အမိန့်ဖြင့် မသေနိုင်သူ ၁ ကို လှုပ်ရှားစေကာ အဆင့် ၇ ဇွန်ဘီရုပ်သေး လေးကောင်ကို သတ်ဖြတ်ပြီး အဆင့် ၈ သို့ တက်လှမ်းရန် လိုအပ်သော အဆင့် ၇ အမြုတေ လေးလုံးကို ထုတ်ယူလိုက်သည်။
လုချွမ်းသည် ထိုအမြုတေ လေးလုံးကို လက်ဝယ်ရရှိလိုက်ချိန်မှာပင် သွေးဆာနတ်ဆိုးအမြုတေဆေးလုံးများကို သိမ်းဆည်းနေသော ကျိရုရွှယ်မှာ ပျံသန်းရောက်ရှိလာခဲ့သည်။
"နတ်ဆိုးအမြုတေဆေးလုံးတွေ အများကြီးပဲ"
ကျိရုရွှယ်သည် လုချွမ်း၏လက်ထဲရှိ အမြုတေများကို အစပိုင်းတွင် သတိမထားမိဘဲ ကျန်ရှိနေသော နတ်ဆိုးအမြုတေဆေးလုံး သေတ္တာနှစ်လုံးဆီသို့သာ အာရုံရောက်သွားခဲ့သည်။
နောက်တစ်ခဏတွင် ကျိရုရွှယ်သည် ဝမ်းသာအားရ ပြုံးရွှင်သွားပြီး အနီးကပ်ကြည့်ရှုရန် ထိုသေတ္တာများဆီသို့ အမြန်ပျံသန်းသွားတော့သည်။
ဟားဟား... ဒီသေတ္တာနှစ်လုံးထဲက နတ်ဆိုးအမြုတေဆေးလုံး အရေအတွက်က ဒီတစ်ခေါက် တိုက်ပွဲတစ်ခုလုံးက ရရှိတဲ့ ပမာဏနဲ့တောင် ရင်ဘောင်တန်းနိုင်တာပဲ။
ပိုင်ရွှယ်အခြေစိုက်စခန်းကတော့ တကယ်ကို ချမ်းသာတာပဲ။ ပထမအလုပ်ရှင်ထက် အများကြီး ပိုပြီး ရက်ရောတယ်။
ကျိရုရွှယ်၏ မျက်နှာတွင် အပြုံးများဖြင့် ပြည့်နှက်နေတော့သည်။
"ချီချီလေး... နောက်မှာ ဖေဖေ အဆင့် ၈ ကို တက်လှမ်းဖို့ ကြိုးစားတော့မယ်။ ဒါကြောင့် ဖေဖေ့အနားမှာပဲနေပြီး ကာကွယ်ပေးထားဦးနော်"
လုချွမ်းက သူ၏ဘေးရှိ ကျိရုရွှယ်ကို ပြုံးလျက် ပြောလိုက်သည်။
"ဖေဖေ အဆင့်တက်တော့မှာလား"
ထိုစကားကို ကြားမှပင် ကျိရုရွှယ်သည် လုချွမ်း၏လက်ထဲရှိ အဆင့် ၇ အမြုတေများကို သတိပြုမိသွားပြီး အံ့ဩသွားရသည်။
အဆင့် ၇ ရှိသော သတ္တဝါများမှာပင် အလွန်ရှားပါးလှပြီး တစ်ပါးကမ္ဘာသားများထဲ၌ပင် လက်ချိုးရေတွက်ရုံမျှသာ ရှိသည်ကို သူမ သိထားသည်။ ပိုမိုမြင့်မားသော အဆင့် ၈ ဆိုသည်မှာမူ ပြောနေစရာပင် မလိုတော့ပေ။
ဖခင်ဖြစ်သူ၏ တိုးတက်မှုအရှိန်မှာ သူမ မျှော်လင့်ထားသည်ထက် များစွာကျော်လွန်နေပြီဖြစ်ရာ ဇွန်ဘီတစ်ကောင် ဖြစ်ရကျိုးနပ်သည်။ အဆင့်တက်လှမ်းနိုင်သည့် အရှိန်အဟုန်မှာ အမှန်တကယ်ပင် အံ့မခန်းလှပေ။
သို့သော် ၎င်းမှာ ဖခင်ဖြစ်သူ၏ စွမ်းဆောင်ရည်ကြောင့်လည်း ပါဝင်သည်။ မဟုတ်ပါက အဆင့်တက်ရန် လိုအပ်သော အဆင့် ၇ အမြုတေ လေးလုံးကို ရရှိရန်မှာ သာမန်လူသားများအတွက် လုံးဝမဖြစ်နိုင်သော အရာပင်။
ယခုအခါ ကျိရုရွှယ်သည် ဤကမ္ဘာကြီး၏ အနာဂတ်အပေါ် ပိုမို၍ မျှော်လင့်ချက် မြင့်မားလာခဲ့ပြီဖြစ်သည်။
ဤနှုန်းအတိုင်းသာဆိုလျှင် ဖေဖေသည် မကြာမီမှာပင် အဆင့် ၉ ဧကရာဇ်အဆင့်သို့ ရောက်ရှိသွားနိုင်ပြီး ထိုအခါ တစ်ပါးကမ္ဘာသား မျိုးနွယ်စုအားလုံးကို နှိမ်နင်းကာ ကမ္ဘာပျက်ကပ်ကြီးကို အောင်နိုင်ပြီး အရာအားလုံးကို အုပ်စိုးနိုင်ပေလိမ့်မည်။
အခန်း။ ၅၀၈
"ဖေဖေ စိတ်မပူနဲ့။ သမီးရှိနေသရွေ့ ဘယ်သူ့ကိုမှ အနားကပ်ခွင့်မပေးဘူး"
ကျိရုရွှယ်က သူမ၏ ရင်ဘတ်ကို ပုတ်ကာ ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။ ယခုအခါ သူမသည် အဆင့် ၇ ဆင့်ကဲပြောင်းလဲသူတစ်ဦး ဖြစ်နေပြီဖြစ်ရာ သူမ၏ အကာအကွယ်ကို ဖောက်ထွက်ရန်မှာ မလွယ်ကူလှပေ။
"ကောင်းပြီ ချီချီလေး မင်းကို အရှိန်ဟုန်တွေ မထိခိုက်အောင် နည်းနည်းလောက် နောက်ဆုတ်ပေးထားဦးနော်"
လုချွမ်းက ပြုံးလျက် ခေါင်းညိတ်ကာ သတိပေးလိုက်သည်။
"ဟုတ်ကဲ့ပါ"
ကျိရုရွှယ်သည် ထိုစကားကို ကြားသည်နှင့် လုံလောက်သော အကွာအကွယ်တစ်ခု ရရှိစေရန် နောက်သို့ အလျင်အမြန် ဆုတ်ခွာပေးလိုက်သည်။
ထို့နောက် လုချွမ်းသည် ကောင်းကင်ယံရှိ ပျံသန်းရေးအဖွဲ့ကို ပတ်ဝန်းကျင်၌ ကင်းလှည့်
စောင့်ကြည့်စေပြီး ကျန်ရှိနေသော အဆင့် ၇ ဇွန်ဘီရုပ်သေး ဆယ့်တစ်ကောင်ကိုလည်း သူ့ပတ်ပတ်လည်တွင် ခေါ်ယူထားလိုက်သည်။
ဤအဆင့် ၇ ဇွန်ဘီရုပ်သေး ဆယ့်တစ်ကောင်နှင့် ထက်မြက်လှသော ချီချီလေးရှိနေသဖြင့် မမျှော်လင့်ထားသော အခြေအနေမျိုး ကြုံလာရလျှင်ပင် သူ၏ အဆင့်တက်မှုကို နှောင့်ယှက်နိုင်မည်မဟုတ်ပေ။
အားလုံး အသင့်ဖြစ်ပြီဆိုမှ လုချွမ်းသည် တင်ပျဉ်ခွေထိုင်လိုက်ကာ လက်ထဲရှိ အမြုတေများကို တစ်လုံးပြီးတစ်လုံး ဝါးမြိုလိုက်တော့သည်။ အမြုတေများ ဝမ်းဗိုက်ထဲသို့ ရောက်သွားသည်နှင့် အဆင့် ၇ အမြုတေ လေးလုံးမှ ထွက်ပေါ်လာသော ပြင်းထန်လှသော စွမ်းအင်များသည် ဇက်ကြိုးပြတ်နေသော မြင်းရိုင်းတစ်ကောင်ပမာ လုချွမ်း၏ ခန္ဓာကိုယ်အတွင်း၌ ရူးသွပ်စွာ စီးဆင်းတော့သည်။
ဝုန်း...
ထိုစွမ်းအင်များသည် မျက်စိတစ်မှိတ်အတွင်းမှာပင် လုချွမ်း၏ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းသို့ ပျံ့နှံ့သွားပြီး သူ၏ အသား၊ အရိုးနှင့် ကိုယ်တွင်းအင်္ဂါများကို အဆက်မပြတ် သန့်စင်ပေးလျက် ကိုယ်ခန္ဓာကို အသွင်ပြောင်းလဲစေရန် တွန်းအားပေးနေတော့သည်။
ခန္ဓာကိုယ်အတွင်းမှ ပြင်းထန်သော နာကျင်မှုကို ခံစားရသဖြင့် လုချွမ်းသည် မျက်မှောင်ကြုတ်လိုက်မိသည်။ အမြုတေ၏ အာနိသင် စတင်နေပြီဖြစ်ကြောင်း သူ သိလိုက်သည်။
ထို့ကြောင့် သူသည် ပေါ့ဆမနေဘဲ သူ၏ ဝိညာဉ်စွမ်းအားများကို အသုံးချကာ ထိုစွမ်းအင်များကို လျင်မြန်စွာ ချေဖျက်ရန် ကြိုးစားတော့သည်။
မကြာမီမှာပင် စွမ်းအင်အသစ်များသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ မူလဝိညာဉ်စွမ်းအားများနှင့် ပေါင်းစပ်သွားကြပြီး လုချွမ်း၏ ဝိညာဉ်စွမ်းအား စီးဆင်းမှုမှာလည်း တဖြည်းဖြည်း ပိုမိုကြီးမားလာခဲ့သည်။
သို့သော် အမြုတေမှ ထွက်ပေါ်လာသော ဧရာမစွမ်းအင်များသည် အတွင်းရှိ ဝိညာဉ်အမြုတေကို လှုံ့ဆော်ပေးလိုက်သဖြင့် ယခင်က ဖြည်းညှင်းစွာ လည်ပတ်နေသော ဝိညာဉ်အမြုတေမှာ အရှိန်အဟုန်ဖြင့် စတင်လည်ပတ်လာတော့သည်။
ဝိညာဉ်အမြုတေမှတစ်ဆင့် မျက်မြင်မရသော တုန်ခါမှုတစ်ခု ပျံ့နှံ့သွားပြီး ပြင်းထန်သော စုပ်ယူမှုအားတစ်ခုက အရပ်မျက်နှာအနှံ့မှ စွမ်းအင်များကို ဆွဲငင်လိုက်သည်။
ရှူး...
ခဏချင်းအတွင်းမှာပင် ပတ်ဝန်းကျင်ရှိ စွမ်းအင်များသည် လုချွမ်းဆီသို့ ဦးတည်၍ စီးဝင်လာပြီး ဧရာမ စွမ်းအင်ဝဲဂယက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ စုပ်ယူလိုက်သော စွမ်းအင်များ ပိုမိုများပြားလာသည်နှင့်အမျှ အရှိန်အဟုန်မှာလည်း ပိုမိုကြီးမားလာတော့သည်။
မကြာမီမှာပင် ရာသီဥတုမှာလည်း ပြောင်းလဲသွားခဲ့သည်။ ကျယ်ပြန့်လာသော စွမ်းအင်မုန်တိုင်းအောက်တွင် ကောင်းကင်ယံမှာ မှောင်အတိကျသွားပြီး ဖြူဖွေးသော တိမ်တိုက်များမှာလည်း မွဲပြာရောင်သို့ ပြောင်းလဲကာ ကောင်းကင်၌ ရူးသွပ်စွာ ဝဲလည်နေကြသည်။
လေပြင်းများမှာလည်း သရဲတစ္ဆေများ အော်ဟစ်နေသည့်အလား ကြောက်မက်ဖွယ်ကောင်းစွာ တိုက်ခတ်နေတော့သည်။
ဧရာမစွမ်းအင်များမှာ သူ၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာပြီး မူလရှိနေသော စွမ်းအင်များနှင့် ပေါင်းစပ်ကာ တစ်ကိုယ်လုံး၌ သောင်းကျန်းနေကြရာ လုချွမ်း ခံစားနေရသော နာကျင်မှုမှာလည်း သတိလစ်သွားလောက်သည်အထိ ပြင်းထန်လာခဲ့သည်။
အကယ်၍ အမှားအယွင်းတစ်ခုခု ဖြစ်သွားပါက ဤကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များက သူ၏ခန္ဓာကိုယ်ကို အစိပ်စိပ်အမွှာမွှာ ဆွဲဖြဲပစ်လိမ့်မည်ဖြစ်ကြောင်း လုချွမ်း သိထားသည်။ ထို့ကြောင့် သူသည် အံကြိတ်ထားကာ အသံတစ်ချက်ပင် မထွက်မိစေရန် ထိန်းချုပ်ထားရသည်။
သူ၏ခန္ဓာကိုယ်မှာ ထိန်းမနိုင်သိမ်းမရ တုန်ရင်နေသော်လည်း သူသည် အသိစိတ်ကို အစွမ်းကုန်စုစည်းကာ အတွင်းရှိ ဝိညာဉ်စွမ်းအားများကို လမ်းကြောင်းပြောင်းလဲပေးခြင်းဖြင့် စွမ်းအင်ချေဖျက်မှုကို ပိုမိုမြန်ဆန်အောင် ပြုလုပ်နေသည်။
အချိန်သည် တဖြည်းဖြည်း ကုန်လွန်သွားသော်လည်း လုချွမ်း၏ ဝေဒနာမှာ ပြီးဆုံးမသွားခဲ့ပေ။ သို့သော် ဤလုပ်ငန်းစဉ်အတွင်း သူ၏ အရှိန်အဝါမှာ လျင်မြန်စွာ အင်အားကြီးမားလာခဲ့ပြီး အဆင့် ၇ ၏ အထွတ်အထိပ်သို့ ရောက်ရှိကာ အဆင့် ၈ သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။
သို့သော် အဆင့် ၈ ၏ အတားအဆီးမှာ လုချွမ်း မျှော်လင့်ထားသည့်အတိုင်းပင် ချိုးဖျက်ရန် အလွန်ခက်ခဲသည်။
"အင့်... "
ရုတ်တရက် လုချွမ်းသည် ညည်းတွားသံတစ်ချက် ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်မှာ သိမ့်သိမ့်တုန်သွားခဲ့သည်။ သူ၏ နှုတ်ခမ်းထောင့်မှ သွေးစအချို့ စီးကျလာပြီး မျက်နှာတွင်လည်း နာကျင်မှုများ အထင်းသား ပေါ်လွင်နေတော့သည်။
အဆင့် ၈ အတားအဆီးကို ပထမတစ်ကြိမ် တိုက်ခိုက်လိုက်သည်နှင့် လုချွမ်းသည် ပြင်းထန်သော တုံ့ပြန်မှုကို ခံစားလိုက်ရပြီး သူ၏ခန္ဓာကိုယ်အတွင်း ဒဏ်ရာအချို့ ရရှိသွားခဲ့သည်။
သို့သော် လုချွမ်းသည် နောက်မဆုတ်ခဲ့ပေ။ အဆင့် ၈ ဆိုသည်မှာ သူ၏ရှေ့မှောက်သို့ ရောက်နေပြီဖြစ်ရာ ယနေ့တွင် သူသည် ဤအတားအဆီးကို မဖြစ်မနေ ချိုးဖျက်ရမည်သာ ဖြစ်သည်။
ထို့နောက် သူသည် ခန္ဓာကိုယ်အတွင်းရှိ ဟုန်စီးဆင်းနေသော ဝိညာဉ်စွမ်းအားများကို တစ်ဖန်ပြန်လည် စုစည်းလိုက်ပြီး မည်သူမျှ မတားဆီးနိုင်သော အရှိန်အဟုန်ဖြင့် ရှေ့မှအတားအဆီးကို ပြင်းထန်စွာ တိုက်ခိုက်လိုက်ပြန်သည်။
ဝုန်း...
ချက်ချင်းပင် သူ၏နားထဲ၌ မိုးကြိုးပစ်သံကဲ့သို့ ကျယ်လောင်သော အသံကြီး ပေါက်ကွဲသွားပြီး လုချွမ်းမှာ ခေါင်းထဲ၌ မူးဝေနောက်ကျိသွားခဲ့ရသည်။
နောက်တစ်ခဏတွင် သတိပြန်ဝင်လာချိန်၌ လုချွမ်း၏ နှုတ်ခမ်းထောင့်မှ သွေးများ ထပ်မံစီးကျလာပြီး မျက်နှာမှာလည်း ဖြူဖျော့နေတော့သည်။ ဤတစ်ကြိမ် ကြိုးစားမှုသည်လည်း အတားအဆီးကို မချိုးဖျက်နိုင်ခဲ့သည်မှာ ထင်ရှားသည်။
အသက်ရှူအနည်းငယ်ကြာပြီးနောက် လုချွမ်းသည် ပြတ်သားသော မျက်ဝန်းများဖြင့် အံကို တင်းတင်းကြိတ်လိုက်ကာ တဖြည်းဖြည်း လျော့ရဲလာပြီဖြစ်သော အတားအဆီးကို သူ၏ ဝိညာဉ်စွမ်းအားများဖြင့် ထပ်မံ၍ တိုက်ခိုက်လိုက်ပြန်သည်။
အချိန်သည် တဖြည်းဖြည်း ကုန်လွန်သွားခဲ့ရာ မည်မျှအထိ ကြာမြင့်သွားသည်ကို မသေချာတော့ပေ။ လုချွမ်းမှာ သေလုမတတ် ဖြူဖျော့နေပြီး သူ၏အင်္ကျီအရှေ့ဘက်မှာလည်း သွေးကွက်များဖြင့် နီရဲနေတော့သည်။
ဘုန်း...
ရုတ်တရက်ဆိုသလို နက်ရှိုင်းသော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး လုချွမ်း၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။ ထိုသောင်းကျန်းနေသော ဝိညာဉ်စွမ်းအားများသည် နောက်ဆုံးတွင် နယ်ပယ်၏ အတားအဆီးကို ချိုးဖျက်သွားနိုင်ခဲ့ပြီ ဖြစ်သည်။
ထို့နောက်တွင် နတ်ဘုရားတစ်ပါး၏ တည်ရှိမှုမျိုးကဲ့သို့ ပြင်းထန်လှသော အရှိန်အဟုန်တစ်ခုသည် လုချွမ်းထံမှ ထွက်ပေါ်လာပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားတော့သည်။ ချက်ချင်းပင် ပတ်ဝန်းကျင်ရှိ ဇွန်ဘီရုပ်သေးများအားလုံးမှာ ဂနာမငြိမ်ဖြစ်လာကြပြီး လုချွမ်း၏ရှေ့တွင် အလိုအလျောက် ဒူးထောက်အရိုအသေပြုလိုက်ကြသည်။
အဆင့် ၈ သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သော်လည်း လုချွမ်း၏ ပြင်ပရုပ်သွင်မှာ များစွာပြောင်းလဲသွားခြင်းမရှိပေ။ အဆင့် ၇ သို့ ရောက်ကတည်းက သူ၏ရုပ်သွင်မှာ လူသားတစ်ဦးနှင့် မခြားနားတော့သဖြင့် ယခုတွင် သူ၏အရှိန်အဝါမှာ ပိုမိုအင်အားကြီးမားလာခြင်းသာ ရှိတော့သည်။
သိသာသောပြောင်းလဲမှုမှာ သူ၏အသားအရေပင်။ မူလက ပန်းရောင်သမ်းနေသော အသားအရေမှာ ယခုအခါ ကျောက်စိမ်းကဲ့သို့ ကြည်လင်တောက်ပလာခဲ့သည်။
ဘေးမှ စောင့်ကြပ်နေသော ကျိရုရွှယ်မှာလည်း ပြုံးရွှင်သွားခဲ့သည်။ သံသယဖြစ်စရာမလိုဘဲ ဖခင်ဖြစ်သူသည် အဆင့် ၈ သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။
"နောက်ဆုံးတော့ အောင်မြင်သွားပြီ"
ခေတ္တမျှကြာသော် လုချွမ်းသည် စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းလိုက်ပြီး မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ရာ သူ၏မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
သူ၏အင်အားကို ခံစားကြည့်ရာ လုချွမ်းသည် လက်တစ်ဖက်ဖြင့် ကောင်းကင်ကို ရိုက်ခွဲနိုင်ပြီး ခြေတစ်ဖက်ဖြင့် မြေပြင်ကို အက်ကွဲစေနိုင်လောက်သည့်အထိ အရာရာကို လုပ်ဆောင်နိုင်စွမ်းရှိသည်ဟု ခံစားနေရသည်။
၎င်းမှာ ရုတ်တရက် အင်အားကြီးမားလာမှုကြောင့် ဖြစ်ပေါ်လာသော စိတ်အာရုံမှားမှုတစ်ခုဖြစ်ကြောင်း သူသိသော်လည်း အဆင့် ၈ မှာ အဆင့် ၇ ထက် များစွာ ပိုမိုအင်အားကြီးမားသည်မှာ အမှန်ပင်။
အဆင့် ၈ သို့ ရောက်ရှိပြီးနောက် သူ၏စွမ်းရည်များမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ အဆင့် ၈ သို့ မတက်လှမ်းမီက သူ၏စွမ်းရည်မှာ ဇွန်ဘီများကို ထိန်းချုပ်ခြင်းနှင့် ဝါးမြိုဆင့်ကဲပြောင်းလဲခြင်းဟူ၍ နှစ်မျိုးရှိခဲ့သည်။
ယခုတစ်ကြိမ်တွင်မူ သူသည် အလွန်အစွမ်းထက်သော စွမ်းရည်အသစ်တစ်ခုကို နိုးထလာစေခဲ့ပြီး ၎င်းမှာ မူလစွမ်းရည်နှစ်မျိုးလုံးကို တစ်ပါတည်း ပေါင်းစပ်ထားခြင်းပင်။ ဤစွမ်းရည်အသစ်တွင် မူလစွမ်းရည်နှစ်မျိုးအပြင် နောက်ထပ် စွမ်းရည်သစ်နှစ်မျိုးလည်း ပါဝင်လာခဲ့သည်။
ပထမတစ်ခုမှာ လုချွမ်းသည် သူ၏လက်အောက်ခံ ဇွန်ဘီရုပ်သေးများ၏ စွမ်းရည်များကို သူ့စိတ်ကြိုက် လွှဲပြောင်းရယူနိုင်ခြင်းပင်။ ဥပမာအားဖြင့် မီးလျှံဇွန်ဘီ၏ စွမ်းရည်ကို လွှဲပြောင်းယူလိုက်ပါက လုချွမ်းကိုယ်တိုင် မီးလျှံများကို အသုံးပြုနိုင်မည်ဖြစ်သည်။
ဒုတိယတစ်ခုမှာ ထိခိုက်မှုမျှဝေခြင်းစွမ်းရည်ဖြစ်ပြီး ၎င်းမှာ လုချွမ်းအား သူ၏လက်အောက်ခံ ဇွန်ဘီရုပ်သေး ဆယ်ကောင်နှင့် ချိတ်ဆက်ထားနိုင်စေသည်။ တိုက်ပွဲအတွင်း လုချွမ်းအပေါ် ကျရောက်လာသော ထိခိုက်မှုအားလုံးကို ထိုဇွန်ဘီရုပ်သေး ဆယ်ကောင်ဆီသို့ ခွဲဝေ၍ပို့ဆောင်ပေးမည် ဖြစ်သည်။
ဤစွမ်းရည်အသစ်၏ အစွမ်းသတ္တိကို နားလည်သွားသောအခါ လုချွမ်းမှာ အလွန်ပင် စိတ်လှုပ်ရှားသွားခဲ့ရသည်။ ၎င်းမှာ စွမ်းရည်လေးမျိုးကို တစ်ခုတည်းတွင် ပေါင်းစပ်ထားခြင်းဖြစ်ပြီး အသစ်နိုးထလာသော စွမ်းရည်နှစ်မျိုးမှာ အလွန်ပင် အစွမ်းထက်လှသည်။
ဇွန်ဘီရုပ်သေးများ၏ စွမ်းရည်ကို စိတ်ကြိုက်ပြောင်းလဲနိုင်သော စွမ်းရည်ကြောင့် လုချွမ်းသည် တူညီသောအဆင့်ရှိသူများကြားတွင် ပြိုင်ဘက်ကင်းသူ ဖြစ်လာခဲ့ပြီဖြစ်သည်။ တိုက်ပွဲအတွင်း အမျိုးမျိုးသော စွမ်းရည်များကို အသုံးပြုနိုင်ခြင်းမှာ တွေးကြည့်ရုံနှင့်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
ထိခိုက်မှုမျှဝေခြင်းမှာ ပို၍ပင် ကြောက်စရာကောင်းလှရာ ၎င်းမှာ တိုက်ပွဲအတွင်း လုချွမ်းကို မည်သူမျှ မသတ်နိုင်သော အခြေအနေသို့ ရောက်ရှိသွားစေသည်။
"ဒီစွမ်းရည်အသစ်က ဒီလောက်အစွမ်းထက်နေမှတော့... ဇွန်ဘီဘုရင်ရဲ့ အရှိန်အဝါလို့ပဲ အမည်ပေးလိုက်တော့မယ်"
ကျေနပ်အားရစွာဖြင့် လုချွမ်းသည် ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်သည်။