← Chapters

အခန်း (၂၆၉-၂၇၀)

Vol. 27 Ch. 269-270

အခန်း (၂၆၉-၂၇၀)

Vol. 27 Ch. 269-270

အခန်း ၂၆၉- ရတနာနတ်ဘုရားနောက်လိုက်ရင် အသားစားရမယ်။

လုပေါင် နှင့် အခြားသူများ ထွက်ခွာသွားပြီးနောက် အစီအစဉ်ကို ဆက်လုပ်သင့်မလုပ်သင့် ဝေခွဲမရဖြစ်နေသော ဒါရိုက်တာသည် Tiger Platform ထံမှ ဖုန်းခေါ်ဆိုမှုတစ်ခု လက်ခံရရှိခဲ့သည်။ ဖုန်းထဲမှ အကြောင်းအရာမှာ ရိုးရှင်းပါသည်။ Tiger Platform ဥပဒေရေးရာဌာနမှ စကားလုံး ခြောက်လုံးတည်းသာ ဖြစ်သည်။

“လျော်ကြေးငွေတွေအဆင်သင့်ပြင်ထားလိုက်တော့။”

ဖုန်းကျသွားသည်နှင့် ဒါရိုက်တာသည် မျက်နှာတွင် မည်သည့်အမူအရာမျှ မရှိတော့ဘဲ မြေကြီးပေါ်သို့ ခွေခနဲ လဲကျသွားတော့သည်...။ တစ်ဖက်တွင်လည်း အထူးတပ်ဖွဲ့ သည် တာဝန်အသစ်တစ်ခု ရရှိခဲ့သည်။ ၎င်းမှာ ခန်းမအဝင်ဝတွင် လုပေါင်၏ ပရိသတ်များကို စောင့်ဆိုင်းပြီး သူတို့ကို တစ်ယောက်ချင်းစီ ငွေပြန်လွှဲပေးရန် ဖြစ်သည်။ လက်မှတ်ဝယ်ယူခဲ့သည့် ဈေးနှုန်းက မည်မျှပင်ဖြစ်စေကာမူ နှစ်ထောင် ထပ်ပေါင်းပြီး ပြန်လွှဲပေးရန်ပင် ဖြစ်သည်။

အခုအချိန်တွင် လုပေါင်မှာ ပိုက်ဆံမရှားတော့ပေ။ သူ၏ လက်ရှိအဆင့်အတန်းမှာ စနစ် အပြင် ဤပရိသတ်များ၏ အားပေးမှုကြောင့် ရရှိလာခြင်းဖြစ်ကြောင်း သူ ကောင်းကောင်းကြီး သိထားသည်။ သို့သော် လူကိုယ်တိုင် လာကြည့်နိုင်သည့် ပရိသတ်များမှာလည်း ထိုပိုက်ဆံလေးကို မက်မောသူများ မဟုတ်ကြသဖြင့် အားလုံးက ငြင်းဆန်ရန် ကြိုးစားကြသည်။

သို့သော် ချက်ချင်းမှာပင် စစ်တပ်နှင့်အတူ မြို့လယ်ခန်းမ ရှေ့တွင် ထူးဆန်းသော မြင်ကွင်းတစ်ခု ပေါ်လာတော့သည်။စစ်သားအချို့က အရပ်သားတစ်ဦးကို ဖမ်းချုပ်ထားပြီး သူ၏ ဖုန်းကို လုယူကာ သူ၏ အကောင့်ထဲသို့ ငွေများ အတင်းလွှဲပေးနေခြင်းပင်။

“လူလည်ကျပြီး နာမည်ကြီးအောင် လုပ်တဲ့နေရာမှာတော့ ငါ့ရဲ့ ရတနာနတ်ဘုရား ကိုမှီတာ ဘယ်သူမှ မရှိဘူး။ သူက လူတွေကို ပိုက်ဆံပေးဖို့အတွက် အတင်းကို လိုက်သတ်နေသလိုပဲ...”

“ကောင်းပြီ ညီအစ်ကိုတို့ ရှက်မနေကြပါနဲ့တော့။ ရတနာနတ်ဘုရား က အတင်းပေးနေမှတော့ ငါတို့ နားထောင်လိုက်ကြတာပေါ့။”

“ဟုတ်တယ် ရတနာနတ်ဘုရား က ငါတို့ကို ထမင်းတစ်နပ် ကျွေးတယ်လို့ပဲ သဘောထားလိုက်ကြရအောင်။”

ခဏချင်းမှာပင် ပိုက်ဆံရယူရန် အတင်းဖမ်းချုပ်ခံထားရသည့် ဖိအားအောက်တွင် လူတိုင်းမှာ တိတ်တဆိတ်ပင် ငွေပေးချေမှု ကုဒ် များကို ထုတ်ပြလိုက်ကြတော့သည်။ သေချာပါသည်။ထိုပေးလိုက်သည့် ငွေများအားလုံးမှာ လုပေါင် ထံမှ လာခြင်းဖြစ်သည်။ သူသည် အမြတ်ရမည့်နေရာဆိုလျှင် လက်မလွှတ်တတ်သော လူလည်တစ်ဦး ဖြစ်သော်လည်း ဤကဲ့သို့သော ပမာဏအနည်းငယ်အတွက်တော့ စိတ်ပူနေမည့်သူ မဟုတ်ပေ။

“အခုတော့ အိမ်ပြန်လိုက်ဦးနော်။ မနက်ဖြန်ကျရင် လူမှုကွန်ရက်ဘက်က စာချုပ်ချုပ်ဖို့ နင်နဲ့ ဆက်သွယ်လိမ့်မယ်။ စာချုပ်ကို သေသေချာချာ ဖတ်ဖို့ မမေ့နဲ့ဦး။ လျော်ကြေးငွေ ကန့်သတ်ချက်တွေ မပါတဲ့ စာချုပ်မျိုး ပေးဖို့ ငါ သူတို့ကို ပြောထားတယ်။ မဖတ်ဘဲနဲ့တော့ စာချုပ်မချုပ်နဲ့ဦး။”

ထိုအချိန်တွင် လုပေါင်က ပြုံးလျက် လုရှောင်မုန်ြ၏ ပုခုံးကို ပုတ်ကာ ပြောလိုက်ပြီး သူမကို အိမ်ပြန်ပို့ရန် အထူးတပ်ဖွဲ့မှ လူတစ်ယောက်ကို စီစဉ်ပေးလိုက်သည်။

လုပေါင်၏ ပထမဆုံး ပွဲထွက်မှုမှာ ဒါရိုက်တာကြောင့် ပျက်စီးသွားရပြီး ပြက်လုံးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ရသည်။ တစ်ချိန်တည်းမှာပင် live လွှင့်မှုကြောင့် ကုမ္ပဏီသို့ ပြန်ရောက်လာသည့် လုလင်းဟွာမှာမူ အလွန်ပင် စိတ်လှုပ်ရှားနေသည်။

“ငါ့ရဲ့ ရတနာနတ်ဘုရား ကတော့ တကယ်ကို မျက်နှာပွင့်အောင် လုပ်ပေးလိုက်တာပဲ။ Tiger Platform က ကောင်တွေ ကြောင်သွားမယ့် ပုံစံကို ငါ အခုကတည်းက မြင်ယောင်ကြည့်လို့ ရနေပြီ။”

လုလင်းဟွာသည် သူ၏ ရုံးခန်းတွင် ထိုင်ကာ Tiger Platform လိုက်ဖ်လွှင့်ခန်းရှိ မှတ်ချက်များကို ကြည့်ရင်း ပြုံးလျက် ပြောလိုက်သည်။ လွန်ခဲ့သော မိနစ်ပိုင်းကပင် မှတ်ချက်များမှာ သာယာပျော်ရွှင်နေခဲ့သော်လည်း အခုတော့ Tiger Platform သည် လူမဆန်ကြောင်း ရတနာနတ်ဘုရား ၏ နာမည်ကျော်ကြားမှုကို အသုံးချ အမြတ်ထုတ်ကြောင်းနှင့် အက်ပ်ကို ဖျက်ပစ်မည်ဖြစ်ကြောင်း ဆဲဆိုသံများဖြင့် ပြည့်နှက်နေသည်။ လွန်ခဲ့သော မိနစ်အနည်းငယ်က တစ်သန်းကျော်ရှိခဲ့သော ကြည့်ရှုသူ အရေအတွက်မှာလည်း တစ်မိနစ်လျှင် သောင်းနှင့်ချီ၍ မျက်ဝါးထင်ထင် လျော့နည်းသွားတော့သည်။

“သူဌေး... ရတနာနတ်ဘုရား က တကယ်ကို အစွမ်းထက်တာပဲ။ ကျွန်တော်တို့ဘက်က ပံ့ပိုးပေးရတာ တကယ်ကို တန်ပါတယ်။”

ဘေးမှလက်ထောက်ကလည်း ပြုံးလျက် ပြောသည်။

ထိုစကားကို ကြားသောအခါ လုလင်းဟွာက လက်ကာပြလိုက်ပြီး။

“မြှောက်ပင့်မနေနဲ့။ ရတနာနတ်ဘုရား က သူ့ဘာသာသူ လူတွေကို ဆွဲဆောင်နိုင်တာ။ ငါတို့ကသာ သူ့ကို အမှီပြုနေရတာပါ။”

လက်ထောက်ကလည်းပြုံးလျက် ခေါင်းညိတ်သည်။

“အချုပ်ပြောရရင်တော့ အခုကစပြီး ငါတို့ရဲ့ မူဝါဒက ရတနာနတ်ဘုရား ပြောသမျှ အမှန်ပဲ။”

လုလင်းဟွာက သက်ပြင်းတစ်ချက်ချရင်း အလေးအနက် ပြောလိုက်သည်။ ဤစီးပွားရေးသမားအားလုံးထဲတွင် လုလင်းဟွာက အခြေအနေကို အရှင်းဆုံး မြင်သူဖြစ်သည်။ ရတနာနတ်ဘုရား နောက်ကိုသာ မြဲမြဲလိုက်သွားလျှင် အသားစားရမည် ဖြစ်ကြောင်း သူ ကောင်းကောင်း သိထားသည်။

မြို့လယ်ခန်းမ အပြင်ဘက်တွင်။

ပရိသတ်များ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ပိုက်ဆံပေးသည့်အလုပ်မှာ သိသိသာသာ မြန်ဆန်လာသည်။ မကြာမီ ပိုက်ဆံများအားလုံး ပေးပြီးသွားကာ လူများလည်း ပြန်သွားကြပြီ ဖြစ်သည်။ အထူးတပ်ဖွဲ့ဝင်များမှာလည်း သူတို့၏ ကားများဆီသို့ ပြန်သွားကြပြီဖြစ်သော်လည်း ခေါင်းဆောင်ဖြစ်သူ စစ်သားမှာမူ လုပေါင်ထံသို့ လျှောက်လာခဲ့သည်။

“မစ္စတာ လု... ကျွန်တော်တို့ ဗိုလ်ချုပ်က ကျွန်တော့်ကို...”

သူက လုပေါင်ကို ကြည့်ကာ အလေးအနက် ပြောလိုက်သည်။

“သိတယ် သိတယ်။ ခဏလောက် စောင့်ဦး။”

လုပေါင်က သူ၏ စကားကို ဖြတ်ပြောလိုက်ပြီး ပြုံးလျက် ပြန်ဖြေသည်။ အထူးတပ်ဖွဲ့က သူ့ကို ကျောင်းမှာရော ဒီနေ့မှာရော အများကြီး ကူညီပေးခဲ့သည် မဟုတ်ပါလား။ သူက တစ်ခုခု ပြန်လည်မတုံ့ပြန်လျှင် မသင့်တော်ပေ။

လုပေါင်က လက်ကို ပေါ့ပေါ့ပါးပါး တီးလိုက်သည့်အခါ ကျောက်တုံးဘုရင်သည် သူ၏ ခြေထောက်နားတွင် ပေါ်လာတော့သည်။ ကြွက်ဘုရင်နှစ်ကောင်အနက် တစ်ကောင်ဖြစ်သည့် ကျောက်တုံးဘုရင်၏ အစွမ်းမှာ မေးခွန်းထုတ်စရာ မလိုပေ။ ကြွက်တပ်မတော်နှင့်ဆိုလျှင် သူသည် ဂုဏ်ထူးဆောင်ဆရာကြီးအချို့ကိုပင် ပြဿနာမရှိ ရင်ဆိုင်နိုင်သည်။

ကျောက်တုံးဘုရင် ထွက်လာသည်နှင့် လုပေါင်၏ ခြေထောက်မှတဆင့် ပုခုံးပေါ်သို့ အမြန်တက်လိုက်သည်။

“ဒါ... ဒါက...”

စစ်သားမှာ မှင်သက်သွားပြီး ကိုယ်ကို ချက်ချင်း နောက်ဆုတ်ကာ ခါးရှိ စစ်သုံးဓားမြှောင် ဆီသို့ လက်လှမ်းလိုက်သည်။အထူးတပ်ဖွဲ့ဝင်တစ်ဦးအနေဖြင့် ဤကဲ့သို့သော သားရဲ များကို မြင်လိုက်ရုံနှင့် သူ မှတ်မိသည်။

“မကြောက်ပါနဲ့ ဒါက ကျွန်တော် ခင်ဗျားတို့ကို ပေးမယ့် အထူးလက်နက်ပဲ။”

လုပေါင်က သူ့ကို စိတ်အေးစေရန် လက်ကာပြလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ ထို့နောက် လုပေါင်သည် ကြွက်ဘုရင်၏ ကျောပေါ်သို့ လက်တင်ကာ သားရဲယဉ်ပါးစေခြင်းအတတ် ကို အသက်သွင်းလိုက်သည်။

ထိုအခိုက်အတန့်တွင် လုပေါင်၏ မျက်လုံးထဲ၌ မှိန်ပျပျ အလင်းတန်းတစ်ခု လက်သွားသည်။ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ စစ်သား၏ ရင်ခုန်သံမှာ တစ်ချက်မျှ ရပ်တန့်သွားသလို ခံစားလိုက်ရသည်။ အခုမှပင် သူ ရုတ်တရက် သဘောပေါက်သွားသည်မှာ သူ့အမြင်တွင် Playboyတစ်ယောက်ထက် မပိုသော ဤလူငယ်လေးမှာ အနည်းဆုံးတော့ ဂုဏ်ထူးဆောင်ဆရာကြီး တစ်ဦး၏ အစွမ်းမျိုး ရှိနေခြင်းပင်။

ကျောက်တုံးဘုရင်သည် လုပေါင်ကို အပြည့်အဝ ယုံကြည်သဖြင့် သားရဲယဉ်ပါးစေခြင်းအတတ်ကို အသုံးပြုသည့်အခါတွင်လည်း လုံးဝ ခုခံခြင်းမရှိပေ။ တစ်မိနစ်ပင် မပြည့်မီ အလုပ်အားလုံး ပြီးစီးသွားကာ ကျောက်တုံးဘုရင်မှာ သားရဲယဉ်ပါးစေခြင်းအတတ်၏ ထိန်းချုပ်မှုအောက်သို့ အပြည့်အဝ ရောက်ရှိသွားတော့သည်။ အမှန်စင်စစ် ဤအတတ်ကို မသုံးလျှင်ပင် ကျောက်တုံးဘုရင်သည် လုပေါင်၏ အမိန့်များကို တိတိကျကျ နာခံမည် ဖြစ်သည်။ လုပေါင် ဤသို့လုပ်ရခြင်းမှာ မမျှော်လင့်ထားသော အခြေအနေများ ဖြစ်မလာစေရန် ကျောက်တုံးဘုရင်နှင့် အမြဲတမ်း အဆက်အသွယ် ရှိနေစေရန် ဖြစ်သည်။ ဤအတတ်၏ ဆက်သွယ်မှုဖြင့် လုပေါင်သည် မိုင်ပေါင်း ထောင်ချီဝေးနေလျှင်ပင် ကျောက်တုံးဘုရင်၏ အခြေအနေကို အလွယ်တကူ သိရှိနိုင်သည်။

“မင်းမှာ ချန်ချုံရှန်း ရဲ့ ဓာတ်ပုံ ရှိလား။”

ချက်ချင်းပင် လုပေါင်က မော့ကြည့်ကာ ထိုသူကို မေးလိုက်သည်။ အကယ်၍ လွန်ခဲ့သော ခဏကဆိုလျှင် ဗိုလ်ချုပ်၏ ဓာတ်ပုံမှာ လျှို့ဝှက်ချက်ဖြစ်ကြောင်း သူ ဖြေပေလိမ့်မည်။ သို့သော် အခုတော့ သူသည် တုံ့ဆိုင်းမနေဘဲ ဖုန်းကို ထုတ်ကာ ချန်ချုံရှန်း ၏ ဓာတ်ပုံကို ရှာပြလိုက်သည်။

“တွေ့လား သူ့နောက်ကို လိုက်သွားပါ။ ငါ မရှိတဲ့အချိန်မှာ ဒီလူ့ရဲ့ အမိန့်ကို နာခံလိုက်နာပြီးတော့ ကိုယ်ပိုင် ကြွက်တပ်မတော် တစ်ခုကိုလည်း တည်ထောင်လိုက်ဦး။”

လုပေါင်က ကျောက်တုံးဘုရင်၏ ကျောကို ပုတ်ကာ တိုးတိုးလေး ပြောလိုက်သည်။ စကားဆုံးသည်နှင့် ကျောက်တုံးဘုရင်သည် အသံပေးကာ ခုန်ထွက်လိုက်ပြီး ထိုစစ်သား၏ ပုခုံးပေါ်သို့ ရောက်သွားတော့သည်။

ထိုသူ၏ ခန္ဓာကိုယ်မှာ မသိစိတ်မှ တုန်ရီသွားသည်။ သူသည် လုပေါင်ကို မော့ကြည့်ကာ။

“ကျွန်တော်... ကျွန်တော် ဘာလုပ်ရမလဲ။”

“အများကြီး လုပ်စရာ မလိုပါဘူး။ သူ့ကို ချန်ချုံရှန်း ဆီ ခေါ်သွားလိုက်။ပြီးရင် တောနက်နက် တစ်နေရာရာမှာ သွားလွှတ်လိုက်ပါ။ သူ ပြန်လာတဲ့အချိန်ကျရင် ငါ ကတိပေးထားတဲ့ အထူးတပ်ဖွဲ့ ရောက်လာလိမ့်မယ်။”

လုပေါင်က ပုခုံးတွန့်ပြကာ။

“သူက ချန်ချုံရှန်း ရဲ့ အမိန့်ကို အပြည့်အဝ နာခံလိမ့်မယ် စိတ်မပူနဲ့။”

အထူးတပ်ဖွဲ့ဝင်များ ပေါ်လာကတည်းက လုပေါင်မှာ သေသေချာချာ စဉ်းစားခဲ့ပြီးနောက် နောက်ဆုံးတွင် ကြွက်ဘုရင် တစ်ကောင်ကို ချန်ချုံရှန်း ထံ လွှဲပြောင်းပေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ကျောက်တုံးဘုရင်၏ ဉာဏ်ရည်မှာ လူ့စကားကို နားလည်နိုင်စွမ်းရှိပြီးသားဖြစ်ကာ သားရဲယဉ်ပါးစေခြင်းအတတ်၏ ထိန်းချုပ်မှုကြောင့်လည်း ထိန်းမနိုင်သိမ်းမရ ဖြစ်သွားမည့်အရေးကို စိတ်ပူစရာမလိုတော့ပေ။

“ကျေးဇူးတင်ပါတယ်။”

ထိုသူသည် ကျောက်တုံးဘုရင်ကို ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ပြန်ကြည့်လိုက်ပြီးမှ ပြတ်သားစွာ ပြောလိုက်သည်။ လုပေါင်က ခေါင်းညိတ်ပြကာ ဘာမှမပြောတော့ဘဲ လှည့်ထွက်သွားခဲ့သည်။ ထိုစစ်သားသည်လည်း ကျောက်တုံးဘုရင်ကို ဂရုတစိုက် ခေါ်ဆောင်ကာ ထွက်ခွာသွားတော့သည်။

အခန်း ၂၇၀- ကစားစရာလှေ ကောက်ရခြင်း။

နောက်ထပ် မနက်ခင်းတစ်ခုတွင် လုပေါင်သည် ဝိုင်ချက်စက်ရုံ ရှိ သူ၏အခန်းထဲ၌ နိုးလာခဲ့သည်။ မြို့လယ်ခန်းမတွင် ဖျော်ဖြေပွဲလုပ်ခဲ့သည်မှာ သုံးရက်ရှိသွားပြီဖြစ်သည်။

ထိုသုံးရက်အတွင်း အစီအစဉ်အဖွဲ့မှာ အံကြိတ်ကာ ဆက်လက်ရိုက်ကူးနေခဲ့သော်လည်း ကြည့်ရှုနှုန်း မှာ ၉ မှတ်မှ ၃ မှတ်အထိ ထိုးဆင်းသွားခဲ့သည်။ လူထု၏ စိတ်ဝင်စားမှုမှာ အောက်ဆုံးအဆင့်သို့ ရောက်သွားပြီး အနုပညာလေ့ကျင့်သူ များမှာလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြသဖြင့် ရိုက်ကူးရေး ဆက်လုပ်ရန်ပင် မဖြစ်နိုင်တော့ပေ။ ဒါရိုက်တာ ဝမ်ဟောက်သည်လည်း လုပေါင်ကို အကြိမ်ကြိမ် လာတွေ့ရန် ကြိုးစားခဲ့သော်လည်း အမြဲတမ်း ငြင်းပယ်ခံခဲ့ရသည်။

မျက်နှာဝိုင်းလေးနှင့် ကောင်မလေးအတွက်မူ နင်ယွမ်က လုပေါင်ကို စိတ်မပျက်စေခဲ့ပေ။ ထိုကောင်မလေးသည် သူမ၏ မိဘများနှင့်အတူ နောက်ထပ် အရည်အချင်းပြိုင်ပွဲ အစီအစဉ်အသစ်တစ်ခုသို့ ရောက်ရှိသွားပြီဖြစ်သည်။ သူမ ရှန်းကျင်း တွင် ရိုက်ကူးရေးလုပ်နေသည်ဟု ကြားရသည်။

ဝိုင်ချက်ရန်အတွက် စပျစ်သီးများကိုမူ လုပေါင်က မနေ့ကတည်းက အားလုံးခူးဆွတ်ပြီးပြီဖြစ်ရာ လောလောဆယ် ဝိုင်ချက်စက်ရုံတွင် စိတ်ပူစရာ ဘာမှမရှိတော့ပေ။ မူလက လုပေါင်၏ နာမည်ကျော်ကြားမှုကြောင့် လူအများအပြားက သူ့ကို ဧည့်သည်အဖြစ် ဖိတ်ချင်ခဲ့ကြသော်လည်း လိုက်ဖ်လွှင့်နေစဉ်အတွင်း ပွဲဖျက်ထွက်သွားသည်ကို မြင်လိုက်ရသည့်အခါ မည်သူမျှ ဤအချိန်ကိုက်ဗုံးကို မကိုင်ရဲကြတော့ပေ။

လုပေါင်၏ ပတ်ဝန်းကျင်မှာ အောင်မြင်စွာဖြင့် လုံးဝ ဆိတ်ငြိမ်သွားခဲ့သည်။ သို့သော် လုပေါင်ကတော့ အားနေသည်ကို ပျော်နေမိသည်။ ဤသုံးရက်အတွင်း သူသည် ချီလမ်းညွှန်ပညာကို အသုံးပြုကာ သူ၏ အတွင်းအား ကို လုံးဝ ချောမွေ့သွားအောင် လုပ်ဆောင်နိုင်ခဲ့သည်။ တိုက်ပွဲအတွေ့အကြုံမရှိဘဲ သူ မည်မျှ တိုးတက်လာသည်ကို အတိအကျမသိသော်လည်း အရင်က သူ့ကိုယ်သူ နှစ်ယောက်စာလောက်ကို အေးဆေးယှဉ်နိုင်မည်ဟု သူ ခံစားနေရသည်။

“ဟူး... နားရတာ ကောင်းပေမဲ့ နည်းနည်းတော့ ပျင်းစရာကောင်းသား...”

လုပေါင်သည် အခန်းရှိ ပြတင်းပေါက်ကြီးနားသို့ လမ်းလျှောက်သွားကာ အဝေးက ပင်လယ်ထဲမှ နေထွက်လာသည်ကို ကြည့်ရင်း ရေရွတ်လိုက်သည်။

“တီ... တာဝန်အသစ် ရရှိသည်။ကျေးဇူးပြု၍ ကြိုးကြာနားခိုရာ သို့သွား၍ လက်မှတ်ထိုးဝင်ပါ။ အချိန်ကန့်သတ်ချက်- သုံးရက်။ တာဝန် မပြီးမြောက်ခြင်း သို့မဟုတ် နားခိုရာနေရာ ပျက်စီးခြင်းသည် တာဝန် ကျရှုံးသည်ဟု မှတ်ယူမည်။”

ထိုအချိန်တွင် လုပေါင်၏ နားထဲ၌ အသံတစ်ခု ရုတ်တရက် မြည်လာသည်။လုပေါင်၏ မျက်လုံးများ ချက်ချင်း ဝင်းလက်သွားသည်။ ဤစနစ် က အချိန်ကိုက် ရောက်လာတာပဲ။ သူ ပျင်းနေချိန်မှာ တာဝန်တစ်ခု ပေးလိုက်ပြီ မဟုတ်ပါလား။ ပရိသတ်တွေကို ကတိပေးထားတဲ့ live လွှင့်ခြင်းကို ပြန်စလို့ ရပြီဟု ထင်ရသည်။

ချက်ချင်းပင် လုပေါင်သည် စနစ်ထဲသို့ ဝင်ကာ တာဝန်တည်နေရာကို အတည်ပြုလိုက်သည်။

“ဝိုး... ဆာကူရာနိုင်ငံ ရဲ့ ဖူဂျီတောင် လား...”

တာဝန်တည်နေရာကို ကြည့်ရင်း လုပေါင် မျက်ခုံးပင့်လိုက်မိသည်။ ကြိုးကြာနားခိုရာက ဖူဂျီတောင်ပေါ်မှာ ရှိလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သို့သော် စနစ်၏ တည်နေရာကတော့ သေချာပေါက် မှန်ကန်ပေလိမ့်မည်။ သူသည် ပြတင်းပေါက်ကို အမြန်ဖွင့်ကာ အပြင်သို့ ခုန်ချလိုက်သည်။ မြေပြင်နှင့် မထိမိခင်မှာပင် အောက်ဘက်တွင် အလင်းတစ်ချက် လက်သွားပြီး ရုပ်ဆိုးတဲ့ လင်းနို့ က သူ့ကို ဖမ်းယူလိုက်သည်။

“ဆာကူရာနိုင်ငံကိုသွားစို့။”

လုပေါင်က လက်ကို မြှောက်ကာ လမ်းညွှန်ပြသရင်း ကျယ်လောင်စွာ အော်လိုက်သည်။ လင်းနို့သည် တောင်ပံများကို ခတ်ကာ ထိုအရပ်သို့ ပျံသန်းသွားတော့သည်။

ချင်းကျန်း မြို့ ပင်လယ်အပြင်ဘက်မှ အရှေ့ဘက်သို့ ပျံသန်းလျှင် ဆာကူရာနိုင်ငံသို့ တိုက်ရိုက် ရောက်ရှိနိုင်သည်။ ဤလင်းနို့က ကြည့်ရသည်မှာ သိပ်မထူးခြားသော်လည်း ပျံသန်းနှုန်းမှာ အလွန်မြန်ပြီး သာမန် ခရီးသည်တင် လေယာဉ်တစ်စီး၏ အမြန်နှုန်းနှင့် ယှဉ်နိုင်သည်ဟု ဆိုရမည်။ မျက်စိတစ်မှိတ်အတွင်း နာရီအနည်းငယ် ကြာပြီးနောက် လင်းနို့၏ လမ်းပြမှုဖြင့် လုပေါင်သည် တရုတ်ပြည် ၏ ရေပိုင်နက် နယ်နိမိတ်နားသို့ ချဉ်းကပ်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် ရေပိုင်နက် နယ်နိမိတ်၌။

ရေငုပ်သင်္ဘော အချို့သည် တိတ်တဆိတ် ချဉ်းကပ်လာနေပြီး လမ်းတစ်လျှောက်တွင် အမည်မသိ ကိရိယာအချို့ကို တပ်ဆင်နေကြသည်။

“ဆရာ... ကျွန်တော်တို့ရဲ့ အပေါ်ဘက်မှာ အမည်မသိ ပျံသန်းနေတဲ့ အရာတစ်ခု ချဉ်းကပ်လာနေပါတယ်။”

ဦးဆောင်လာသည့် ရေငုပ်သင်္ဘောပေါ်မှ ရေဒါစောင့်ကြည့်နေသော စစ်သားတစ်ဦးက အင်္ဂလိပ်လို အော်ပြောလိုက်သည်။ သူတို့၏ ယူနီဖောင်းကို ကြည့်ရသည်မှာ အမေရိကန် စစ်တပ်မှ ဖြစ်ပုံရသည်။

“ဒီအမြန်နှုန်းနဲ့ဆိုရင်... ဒါက သာမန်လေယာဉ်ပဲ ဖြစ်ရမယ်။ ဒါပေမဲ့ ဘာလို့ ဒီလောက် အနိမ့်က ပျံနေတာလဲ။ငါတို့ကို တွေ့သွားတာလား။”

အရာရှိတစ်ဦးကရှေ့တိုးလာကာ သေသေချာချာ ကြည့်ရင်း ဇဝေဇဝါဖြင့် မေးသည်။

စစ်သားက ခေါင်းခါပြကာ။

“ကျွန်တော်တို့က အခု ရေအောက် မီတာ နှစ်ထောင်မှာ ရှိနေတာပါ။ ဘယ်ရေဒါကမှ မတွေ့နိုင်သေးပါဘူး။”

တိုးတိုးလေးပြောလိုက်သည်။

ထိုစကားကြောင့်အရာရှိက ခေါင်းညိတ်ပြကာ။

“ဒါဆို တာဝန်ကို ဆက်လုပ်ပါ။ ရေဒါကို ဆက်စောင့်ကြည့်ပြီး ပြဿနာရှိရင် ချက်ချင်း အစီရင်ခံပါ။”

“ဟုတ်ကဲ့ပါဆရာ။”

စစ်သားက ကျယ်လောင်စွာ ပြန်ထူးပြီး ချဉ်းကပ်လာသော UFO ကို ဆက်လက် စိုက်ကြည့်နေတော့သည်။

“ဘာပြောလိုက်တာလဲ။”

ပင်လယ်ပြင် အထက်တွင် လုပေါင်က လင်းနို့ကို ဇဝေဇဝါဖြင့် မေးလိုက်သည်။ လေယာဉ်များ မြင်တွေ့သွားပြီး သာမန်လူများ ကြောက်လန့်ကုန်မည်ကို စိုးရိမ်သဖြင့် လုပေါင်က အမြင့်ကို လျှော့ခိုင်းထားခြင်းဖြစ်ရာ အခုဆိုလျှင် ပင်လယ်မျက်နှာပြင် အထက် မီတာငါးရာတွင် ရှိနေသည်။ လေတိုက်နှုန်းက ပြင်းထန်လွန်းသဖြင့် လင်းနို့ ပြောလိုက်သည်ကို လုပေါင် မကြားလိုက်ရခြင်း ဖြစ်သည်။

“ရေအောက်မှာ ရေငုပ်သင်္ဘောလိုမျိုး တစ်ခုခု ရှိနေပုံရတယ်လို့ ပြောတာပါ။ သွားကြည့်ကြမလား။”

လင်းနို့ကအရှိန်လျှော့ကာ အော်ပြောလိုက်သည်။

အရင်ကဆိုလျှင် ဤလင်းနို့သည် ဒုက္ခမရောက်အောင် ရှောင်ရှားတတ်သော်လည်းယခုအခါ သားရဲယဉ်ပါးစေခြင်းအတတ်၏ ထိန်းချုပ်မှုအောက်တွင် လုပေါင်အပေါ် သစ္စာရှိလှသဖြင့် တွေ့ရှိသမျှကို အစီရင်ခံခြင်း ဖြစ်သည်။

“ရေငုပ်သင်္ဘောတွေလား ဘယ်လိုလုပ် တွေ့တာလဲ။”

လုပေါင် အံ့သြသွားသည်။ ဤနေရာက ရေပိုင်နက် အစွန်းနားမှာ ဖြစ်သဖြင့် ဟွာရှ ရေငုပ်သင်္ဘောများ ဤနေရာမှာ ရှိမနေသင့်ပေ။

“ဟွန်း ကျွန်တော်က ဘယ်လို သတ္တဝါမျိုးလဲဆိုတာ ခင်ဗျား မေ့နေတာလား။”

လင်းနို့ကတိုးတိုးလေး ပြန်ပြောသည်။ ထိုအခါမှသာ ၎င်းမှာ လင်းနို့တစ်ကောင် ဖြစ်သဖြင့် အာထရာဆောနစ် စနစ်ဖြင့် ရှာဖွေနိုင်ခြင်းမှာ ပြဿနာမရှိကြောင်း လုပေါင် သဘောပေါက်သွားတော့သည်။

“ပင်လယ်မျက်နှာပြင်နားအထိ ဆင်းလိုက်။”

ချက်ချင်းပင် လုပေါင်က လင်းနို့ကို အောက်သို့ ဆင်းခိုင်းလိုက်သည်။ ပင်လယ်ပြင်နှင့် နီးကပ်သွားသည်နှင့် လုပေါင်က လက်ကို ဝှေ့ယမ်းလိုက်ရာ အောက်ခြေမဲ့တွင်း၏ အဝင်ဝတစ်ခုမှာ ပေါ်လာပြီး နက်နက်ကြီး ထွက်လာတော့သည်။

လင်းနို့နှင့် တည်နေရာကို အတည်ပြုပြီးနောက် လုပေါင်သည် လင်းနို့ကို အောက်ခြေမဲ့တွင်းထဲသို့ ပြန်ပို့လိုက်ပြီး သူကတော့ နက်နက်ကြီး ၏ ခေါင်းပေါ်တွင် ထိုင်ကာ ရေအောက်သို့ ငုပ်ဆင်းလိုက်သည်။ တစ်ချိန်တည်းမှာပင် ရေငုပ်သင်္ဘော သုံးစူးမှာမူ ပင်လယ်ကြမ်းပြင်၏ မြေမျက်နှာသွင်ပြင်ကို တိုင်းတာရန်အတွက် အာရုံခံကိရိယာများကို တိတ်တဆိတ် တပ်ဆင်နေကြဆဲ ဖြစ်သည်။

“အစီရင်ခံစရာ ရှိပါတယ် ဆရာ။”

ထိုအချိန်တွင် စစ်သားက ထပ်မံ အော်ပြောပြန်သည်။

“ဘာဖြစ်ပြန်တာလဲ။”

အရာရှိကဇဝေဇဝါဖြင့် လျှောက်လာရင်း မေးသည်။သို့သော် သူ ရောက်ရောက်ချင်းမှာပင် သူ၏ ဇဝေဇဝါ ဖြစ်နေသော မျက်နှာမှာ ထိတ်လန့်တုန်လှုပ်မှုများဖြင့် အစားထိုးဝင်ရောက်သွားတော့သည်။သူတို့ ရေငုပ်သင်္ဘောနှင့် မလှမ်းမကမ်းတွင် ဧရာမ မြွေကြီးတစ်ကောင် ကူးခတ်နေသည် မဟုတ်ပါလား။ဤမျှကြီးမားသော မြွေကြီးကို မြင်လိုက်ရခြင်းက မည်သူ့ကိုမဆို ကြောက်ရွံ့စေရန် လုံလောက်လှသည်။

“နေဦး... အဲဒါ ဘာလဲ။”

ထိုအချိန်တွင် အရာရှိက မြွေကြီး၏ ခေါင်းပေါ်သို့ လက်ညှိုးထိုးပြလိုက်သည်။ လူတစ်ယောက်က ထိုအပေါ်မှာ ထိုင်နေသည် မဟုတ်ပါလား။ သူတို့ ထပ်မံ မလေ့လာနိုင်ခင်မှာပင် မြွေကြီးမှာ သူတို့ဆီသို့ တိုက်ရိုက် ကူးခတ်လာတော့သည်။

ဤပင်လယ်ပြင်နှင့် မလှမ်းမကမ်းရှိ သဲကန္တာရ ကျွန်းငယ်လေးတစ်ခုပေါ်တွင်။

လုပေါင်သည် ပင်လယ်ထဲမှ ပထမဆုံး ခုန်ထွက်ကာ ကျွန်းပေါ်သို့ ဆင်းသက်လိုက်သည်။ သူ၏ နောက်ကွယ်မှ နက်နက်ကြီး၏ ဧရာမ ခန္ဓာကိုယ်ကြီးမှာ ကမ်းပေါ်သို့ တက်လာပြီး ရေငုပ်သင်္ဘော သုံးစင်းကိုပတ်ချာလည် ဝိုင်းထားလိုက်သည်။ မုန့်ဖုတ်တံများနှယ် လိမ်တွန့်နေသော ရေငုပ်သင်္ဘော သုံးစင်းကို နက်နက်ကြီးက ကမ်းခြေပေါ်သို့ ပစ်တင်လိုက်သည်။

“ဟဲလို... ချန်ချုံရှန်း ပါ။”

လုပေါင်၏ ဖုန်းထဲမှ ဗိုလ်ချုပ် ချန်၏ အသံ ထွက်ပေါ်လာသည်။

“ကျွန်တော် လုပေါင် ပါ။ ဒီနေ့ ပင်လယ်ထဲ ထွက်ကစားရင်းနဲ့ အမေရိကန် စစ်တပ်က ကစားစရာလှေ သုံးစင်းကောက်ရလို့ပါ။ ခင်ဗျား လာကြည့်ဦးမလား။”

လုပေါင်ကဖုန်းထဲသို့ ပြုံးလျက် ပြောလိုက်သည်။

“ကစားစရာလှေ ကောက်ရတာကို ငါ့ကို ဘာလို့ လာပြော... နေဦး... မင်း အခု ဘယ်မှာလဲ။”

ဖုန်းထဲမှ ဗိုလ်ချုပ် ချန်မှာ အစပိုင်းတွင် ဇဝေဇဝါ ဖြစ်သွားသော်လည်း နောက်မှ အခြေအနေကို သိသွားကာ ချက်ချင်း ထိတ်လန့်သွားတော့သည်။

All Chapters