← Chapters

မာန်ဝိညာဉ်၏ သတ်ဖြတ်လိုစိတ်

Vol. 27 Ch. 363

မာန်ဝိညာဉ်၏ သတ်ဖြတ်လိုစိတ်

Vol. 27 Ch. 363

ကောင်းကင်၏ အမြင့်ဆုံးအပိုင်းတွင် အားပြင်းသော လေပြင်းများ တိုက်ခတ်နေသည်။ ဤလေမှာ ယခုလို ကောင်းကင်အမြင့်မျိုးတွင်သာ တွေ့နိုင်သည့် အပြင်းထန်ဆုံးသော လေဖြစ်၏။ မည်သူမဆို ထိုအားမျိုးအောက်၌ အရှိန်ပြင်းပြင်းဖြင့် ဖြတ်သန်းသွားလာမည်ဆိုပါက ယင်းကို ဖြတ်ကျော်ရန် မယုံနိုင်လောက်အောင်ပင် ခက်ခဲကြောင်း တွေ့ရပေလိမ့်မည်။ သူတို့ခန္ဓာကိုယ်များသည်ပင် ကွဲအက်လာသကဲ့သို့ စတင်ခံစားလာရမှာ ဖြစ်၏။

ဤအရာကပင် လေ၏စွမ်းအား ဖြစ်သည်။

ခန္ဓာကိုယ်ထဲတွင် လေ၏ရင်းမြစ်နှင့်အတူ လေများပါ သိုလှောင်ထားသော စုမင်အတွက်ပင် ဤကဲ့သို့ လေပြင်းတိုက်ခတ်မှုမျိုးအောက်၌ အချိန်ကြာမြင့်စွာ ခံနိုင်ရည်ရှိရန် ခဲယဉ်းလှသည်။ နေ့တစ်ဝက်ခန့် ဆက်လက် ပြေးလွှားလာခဲ့ပြီးသည်နှင့် သူ့အတွက် ရှေ့ဆက်တိုးရန် အလွန်တရာ ခဲယဉ်းနေပြီဖြစ်ကြောင်း တွေ့လိုက်ရသောကြောင့် အလှည့်အပြောင်း တစ်ခုအနေဖြင့် ယခုထက် ပိုနိမ့်သော အမြင့်တစ်ခုဆီသို့ ဦးတည်လိုက်လေ၏။

စုမင်အတွက်တော့ ကောင်းကင်ရှိ လေများမှာ ပိုမြင့်လေ ပိုပြင်းထန်လေ ဖြစ်သည်။ အခြားတစ်နည်း ဆိုရလျှင် သူသာ ပိုမိုနိမ့်သော အမြင့်၌ ရှိနေပါက လေသည်လည်း သိသိသာသာ အားနည်းသွားမှာ ဖြစ်သည်။

သူသည် ရှေ့ဆက်တိုးရင်းဖြင့် ရှာမန်ပိုင်နက်၏ အတွင်းနက်နက်ထဲသို့ ပျံသန်းလာခဲ့သည်။ စုမင်သည် ညအချိန်မှာပင် အချိန်တစ်ခဏခန့် ရပ်တန့်ခြင်းမရှိပဲ ဤအမြန်နှုန်းဖြင့် ဆက်လက်ပြေးလွှားနေခဲ့သည်။

မှောင်မည်းနေသော ကောင်းကင်ကြီးမှာ အလင်းရောင်တို့ ထွက်ပေါ်လာပြီး ထို့နောက်တစ်ဖန် ပြန်လည်၍ မှောင်မည်းသွားခဲ့သည်။ စုမင် သွားလာခဲ့သော နေရာအများစုမှာ ဝေးလံခေါင်သီသော ဒေသများဖြစ်ပြီး ယခုအချိန်က စစ်ပွဲကာလ ဖြစ်နေသောကြောင့် ဤကျယ်ဝန်းသော ဧရိယာအတွင်းရှိ မျိုးနွယ်စုများမှ ရှာမန်အများစုသည်လည်း ထွက်ခွာသွားကြချေပြီ။ ထို့ကြောင့် စုမင်သည် သုံးရက်ဆက်တိုက် ပြေးလွှားခဲ့သော်လည်း ရှာမန်မျိုးနွယ်ဝင် အများအပြားနှင့် ထိပ်တိုက်မတိုးခဲ့ပေ။

ထို့အပြင် သူက အလွန်လည်း လျင်မြန်နေပြန်သေး၏။ အခြားရှာမန်များနှင့် ထိပ်တိုက်တွေ့လျှင်ပင် များသောအားဖြင့် ၎င်းတို့မှာ အလင်းတန်းရှည်တစ်ခုကိုသာ မြင်ကြရပြီး စုမင်က ရှာမန်လား၊ မာန်စွမ်းအားရှင်လားဟူ၍ အတပ်မပြောနိုင်ကြသဖြင့် အဆီးအတားမရှိ ဆက်လက်သွားလာနိုင်ခဲ့သည်။

စုမင်သည် စတုတ္ထမြောက်နေ့ ညနေကျမှသာ ရပ်တန့်သွားပြီး သူနေထိုင်ရန်အတွက် လွင်ပြင်ကျယ်ကြီးပေါ်တွင် လှိုဏ်ဂူတစ်ခု တူးဖွင့်လိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ် နေရာမလပ် ပြည့်နှက်နေသော ပင်ပန်းနွမ်းနယ်မှုများနှင့်အတူ လှိုဏ်ဂူထဲသို့ ဝင်ထိုင်လိုက်လေသည်။

လေးရက်ကြာ ပျံသန်းခဲ့မှုမှာ သူ့အကန့်အသတ်ကို ကျော်လွန်နေခဲ့ပြီး ဖြစ်သည်။ ဤတစ်လျှောက်လုံး၌ ဆေးလုံးများ သောက်သုံးလာခြင်းကြောင့်သာ မဟုတ်လျှင် ယခုအချိန်ထိပင် ခံနိုင်ခဲ့လိမ့်မည် မဟုတ်ပေ။ ယခုတော့ သူသည် ဦးတည်ချက် ပျောက်ဆုံးနေပြီဖြစ်သလို ရှာမန်ပိုင်နက်ထဲရှိ မည်သည့်နေရာသို့ ရောက်နေမှန်းလည်း အတိအကျ မသိတော့ချေ။ သို့သော် သူသာ မာန်စွမ်းအားရှင်အိုကြီးကို ဖယ်ထုတ်နိုင်သေးသရွေ့ ဤအရာအားလုံးက ထိုက်တန်ပေ၏။

စုမင်မှာ အလွန်အမင်း မောဟိုက်နေပြီး တင်ပလ္လင်ခွေ ထိုင်နေရင်းဖြင့် သူ့ကိုယ်တွင်းမှ ကစဉ့်ကလျား စွမ်းအင်များ ထွက်ပေါ်လာခဲ့သည်။ သူ၏ ရိုးရေစတေးနယ်ပယ်သို့ ရောက်ရှိခဲ့သည့် အချိန်ကာလမှာ

အလွန်တိုတောင်းလွန်းလှပြီး အချိန်ကြာမြင့်စွာ အလျင်အမြန် ပျံသန်းခဲ့ရခြင်းကြောင့်လည်း သူ့စွမ်းအားများက မတည်ငြိမ်တော့သည့် လက္ခဏာများ တစ်ဖြည်းဖြည်း ပြသလာချေပြီ။

'ငါ ပျံသန်းလာတာ လေးရက်ရှိပြီ။ အဲဒီ မာန်စွမ်းအားရှင်အိုကြီးက ဟိုရှာမန်ကို သတ်ဖို့ ထွက်သွားခဲ့တယ်။ ငါတို့က မတူညီတဲ့ လမ်းကြောင်းနှစ်ခုဆီ ခွဲခွာလာခဲ့မှတော့ သူလည်း အခုလောက်ဆို ငါ့ကို မရှာတွေ့နိုင်လောက်တော့ပါဘူး။ ဒါပေမယ့် သူ့လက်ထဲမှာ တစ်ခြား လှည့်ကွက်တွေ ရှိလိုရှိငြား ငါသတိထားဖို့ လိုသေးတယ်'

စုမင် မျက်လုံးများကို မှိတ်လိုက်သော်လည်း ကျင့်ကြံခြင်းထဲသို့ လုံးဝနစ်မြောမသွားဝံ့ပေ။ နတ်ဘုရားစိတ်အာရုံကို အပြင်သို့ ဖြန့်ကျက်ထားပြီး သူ့ကိုယ်တွင်းမှ ရိုးရေစတေးစွမ်းအားများကို ဖြည်းညှင်းစွာ စတင်လှည့်ပတ်လိုက်သည်။

အချိန်များ တစ်ဖြည်းဖြည်း ကုန်လွန်သွားသည်။ တစ်ရက်၊ နှစ်ရက်၊ သုံးရက်... ငါးရက်မြောက်နေ့၌ စုမင်မျက်လုံးတို့ကို ဖွင့်လိုက်၏။ သူ့မျက်လုံးများထဲရှိ ပင်ပန်းနွမ်းနယ်မှုများမှာ အတန်ငယ် လျော့နည်းသွားခဲ့ချေပြီ။ သူ အသက်ပြင်းပြင်း ရှူရှိုက်လိုက်သည်။ ကိုယ်တွင်းရှိ ရိုးရေစတေးစွမ်းအားများမှာလည်း နောက်ဆုံး၌ တည်ငြိမ်လာပြီး ယိုယွင်းလာသော လက္ခဏာရပ်များ ပြသနေသည့် ယခင်ငါးရက်ကနှင့် မတူညီတော့ပေ။

'ဒါပေမယ့် လိုလိုမယ်မယ် အရေးပေါ်အနေနဲ့ ငါဒီနေရာမှာ အကြာကြီး နေလို့မဖြစ်ဘူး' စုမင်မျက်နှာထက်၌ သတိထားနေသော အမူအယာတစ်ခု ဖြစ်ပေါ်လာသည်။ ထို့နောက် မတ်တပ်ထရပ်ကာ နေရာမှ ထွက်သွားတော့မည့် အချိန်မှာပင် စုမင် အမူအယာက သိသိသာသာ ပြောင်းလဲသွားတော့သည်။

သူ၏ ဖြန့်ကျက်ထားသော နတ်ဘုရားစိတ်အာရုံအတွင်း၌ ပေတစ်သိန်းအကွာအဝေးမှနေ၍ သူ့ဆီ တိုးဝင်လာနေသော ပြင်းထန်သည့် လှိုင်းလုံးကြီးများကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရလသည်။ ထိုလှိုင်းများအကြားရှိ လူက မာန်စွမ်းအားရှင်အိုကြီးပင် ဖြစ်သည်။

'ငါ သိနေတယ်။ သူ့မှာ ငါ့ကိုရှာဖို့ နည်းလမ်းရှိနေတာပဲ' စုမင် တွန့်ဆုတ်မနေပဲ မြေပြင်ပေါ်မှ ခုန်ထွက်လိုက်ပြီး အံတင်းတင်းကြိတ်လျက် လေထုအလယ်သို့ ဦးတည်လိုက်တော့သည်။

မာန်စွမ်းအားရှင်အိုကြီး၏ အမူအယာမှာ ပုံမှန်အတိုင်း တည်ငြိမ်နေသည်။ သူ့နှုတ်ခမ်းများထက်တွင် အေးစက်စက် လှောင်ပြုံးတစ်ခု ရှိနေသော်ငြား သူ့မျက်နှာကတော့ အတော်လေး ဖြူဖျော့လို့နေခဲ့သည်။ ရှာမန်ကြီးအား သတ်ဖြတ်ရခြင်းနှင့် ရက်အနည်းငယ်ခန့် လိုက်လံဖမ်းဆီးရခြင်းတို့ကြောင့် စုမင်ကို ရှာတွေ့ချိန်၌ ထိခိုက်ဒဏ်ရာ ရနေခဲ့ပြီးဖြစ်သည်မှာ ထင်ရှားလို့နေသည်။

ဒဏ်ရာရထားသော်လည်း သူ့ပစ်မှတ်ကို ဖမ်းဆီးရန်ကတော့ မယုံနိုင်လောက်အောင်ပင် လွယ်ကူနေဆဲဖြစ်သည်ဟု သူ ယုံကြည်နေဆဲ ဖြစ်သည်။

'မင်း မလွတ်မြောက်နိုင်ပါဘူးကွာ' မာန်စွမ်းအားရှင်အိုကြီး၏ မျက်ဝန်းထဲ၌ စူးရှသော အကြည့်တစ်ခု ပေါ်လာပြီး စုမင်နောက်သို့ မရပ်မနား လိုက်ပါသွားလိုက်သည်။

နှစ်ဦးလုံးသည် ကောင်းကင်ဆီသို့ တစ်ယောက်ပြီးတစ်ယောက် ခုန်ထွက်ပြေးလွှားလာကြသည်။ သူတို့အကြားတွင် ပေတစ်သိန်းခန့် ရှိနေခဲ့သော်လည်း ထိုအကွာအဝေးက တစ်ဖြည်းဖြည်း တိုတောင်းလာခဲ့သည်။ နှစ်နာရီကြာပြီးနောက်... သူတို့အကြား ပေရှစ်သောင်းခန့်သာ ဝေးတော့သောအခါ မာန်စွမ်းအားရှင်အိုကြီး၏ မျက်ဝန်းများအတွင်း အေးစက်စက်အကြည့်တစ်ခု ပေါ်လာပြီး နှုတ်ခမ်းများတွင်လည်း လှောင်ပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။

ထိုလှောင်ပြောင်သော အမူအယာမျိုး ဖြစ်ပေါ်လာပြီးသည်နှင့် တစ်ပြိုင်နက် အဘိုးအို၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့သည်။ အရိုးအချင်းချင်း ထိရိုက်မိသကဲ့သို့ အသံများလည်း သူ့ကိုယ်တွင်းမှ ထွက်ပေါ်လာ၏။ အဘိုးအို၏ မျက်နှာမှာ ရုတ်ခြည်းဆိုသလို ခရမ်းပုပ်ရောင် ပြောင်းသွားပြီး အရေပြားပေါ်တွင်လည်း သွေးကြောများ စတင်ပေါ်ထွက်လာခဲ့သည်။

ဤအရာအားလုံး၏ နောက်တွင်တော့ ကောင်းကင်သို့မော့၍ ကြွေးကြော်လိုက်သော အဘိုးအို၏ ဟိန်းဟောက်သံကြီး လိုက်ပါထွက်ပေါ်လာခဲ့၏။ သူသည် အလွန်လျင်မြန်စွာ ပျံသန်းနေခဲ့ခြင်းကြောင့် စုမင်ထက် အဆပေါင်းများစွာ ပိုမိုလျင်မြန်နေခဲ့ပြီး ဖြစ်သည်။ ယခုတော့ လှုပ်ရှားမှုတစ်ချက်နှင့်အတူ သူ့အရှေ့ရှိ လေထုအတွင်း အက်ကြောင်းတစ်ခု ဖန်တီးလိုက်ပြီး ပျောက်ကွယ်သွားတော့သည်။

စုမင် စိတ်ထဲတွင် အသက်အန္တရာယ်ကိုပင် ခြိမ်းခြောက်နိုင်သည့် ခံစားချက်တစ်ခု ချက်ချင်းဖြစ်ပေါ်လာခဲ့သည်။ ထို့ကြောင့် ချက်ချင်း ရပ်တန့်ကာ အတင်းအကျပ်အားသုံး၍ သူ့ဦးတည်ရာကို ပြောင်းလဲပစ်လိုက်တော့သည်။ ရှေ့ဆက်မတိုးတော့ပဲ ထိုအစား နောက်သို့ ပြန်လည်ဆုတ်ခွာလာလေသည်။

ဤကဲ့သို့ ဦးတည်ရာကို အတင်းအကြပ် ပြောင်းလဲမှုက စုမင်ပါးစပ်မှ သွေးများစီးကျလာစေသည်။ သို့သော် သူစတင်ဆုတ်ခွာလာပြီးသည်နှင့် တစ်ပြိုင်နက် သူ့အရှေ့ရှိ လေထုမှာ အက်ကွဲသွားခဲ့ပုံပေါ်ပြီး မာန်စွမ်းအားရှင်အိုကြီးက စုမင်အရှေ့ လေထုထဲ၌ ထွက်ပေါ်လာခဲ့သည်။

ဤလှုပ်ရှားမှုမျိုးမှာ အမြန်နှုန်းဟုပင် ယူဆ၍ မရနိုင်တော့ပဲ ရုတ်ခြည်းတည်နေရာ ရွှေ့ပြောင်းမှုမျိုးနှင့်ပင် ပိုတူနေသေးသည်။

ထွက်ပေါ်လာသော အဘိုးအိုမှာလည်း သွေးတစ်ပွက် အန်ထုတ်လိုက်ရသည်။ သူ့မျက်နှာမှာ ဖြူရော်နေသော်လည်း အမူအယာကတော့ ရက်စက်ကြမ်းကြုတ်လို့နေ၏။ စုမင်နှင့် ပေတစ်ရာပင် မဝေးသောနေရာ၌ ပေါ်လာပြီးသည်နှင့် ညာလက်ကို လျင်မြန်စွာ မြှောက်လိုက်ရာ သူ့အနောက်မှနေ၍ သွေးပင်လယ်ကြီးတစ်ခု တိုးထွက်လာခဲ့သည်။ ထိုသွေးပင်လယ်သည် ပေတစ်ထောင်ပတ်လည် ဧရိယာကို ဖုံးလွှမ်းလျက် စုမင်ထံသို့ ဒီရေလှိုင်းလုံးကြီးသဖွယ် တိုးဝင်လာခဲ့သည်။

ထိုဒီရေလှိုင်းသည် ရှေ့သို့ တိုးဝင်လာသည်နှင့်အမျှ စုမင်အား ဝါးမြိုရန် ပါးစပ်အကျယ်ကြီး ဟထားသော သွေးဝံပုလွေကြီးသဖွယ် ပုံသဏ္ဍာန်မျိုး ပြောင်းလဲသွားခဲ့သည်။

ဤအရာအားလုံးမှာ အချိန်ကြာမြင့်စွာ ဖြစ်ပျက်နေပုံပေါ်သော်လည်း အမှန်စင်စစ် တစ်ခဏအတွင်းမှာပင် ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ အဘိုးအိုအနေဖြင့် ပေရှစ်သောင်းအကွာမှ ဤနေရာသို့ ခုန်ကျော်လာပြီး ထိုနတ်ဘုရားစွမ်းရည်ကို ထုတ်ဖော်ရန် အသက်နှစ်ကြိမ် ရှူစာခန့်ပင် မကြာခဲ့ချေ။

စုမင်မှာတော့ ဦးတည်ရာကို အတင်းအကြပ် ပြောင်းလဲပြီးနောက် ပေတစ်ရာကျော်သာ ဆုတ်ခွာနိုင်ခဲ့လေသည်။

ပြင်းထန်လှသည့် အသက်အန္တရာယ် ခြိမ်းခြောက်နိုင်စွမ်းရှိသော ခံစားချက်က စုမင်အား ကြက်သီးမွေးညှင်းများ ထသွားစေသည်။ သူ့အရှေ့ရှိ အရာအားလုံးမှာ သွေးရောင်တို့ဖြင့် ရဲရဲနီသွားပြီး မြင်ကွင်းတစ်ခုလုံး ပြည့်နှက်နေသော သွေးဝံပုလွေကြီးက ဟိန်းဟောက်လျက် ခုန်အုပ်လာခဲ့သည်။

စုမင်၏ နှလုံးသားနှင့် စိတ်ဝိညာဉ်ကို ထိတ်လန့်တုန်လှုပ်စေသည့် သန်မာသော စွမ်းအားတစ်ခုကလည်း သွေးဝံပုလွေထံမှ ပျံ့နှံ့လာခဲ့သည်။ ဤအရာက မာန်ဝိညာဉ်နယ်ပယ်မှ လူများ၏ စွမ်းအားဖြစ်သည်။

မကြာသေးမီကပင် ရိုးရေစတေးနယ်ပယ်သို့ ရောက်ရှိခဲ့သော စုမင်အတွက်တော့ ဤနတ်ဘုရားစွမ်းရည်မျိုးနှင့် ထိပ်တိုက်ရင်ဆိုင်ရန်မှာ မဖြစ်နိုင်ပေ။ သို့သော် သွေးဝံပုလွေကြီး နီးကပ်လာသည်နှင့် စုမင်အား သူရှိနေရာမှာပင် ချိပ်ပိတ်လိုက်ဟန်ဖြင့် ထိုဧရိယာကိုလည်း ဖိနှိပ်သော ခံစားချက်ကြီးတစ်ခုမှ လွှမ်းမိုးသွားခဲ့သည်။ ထို့ကြောင့် ၎င်းကို ရှောင်တိမ်းရန်လည်း ခက်ခဲသွားခဲ့၏။

သေမင်း၏အရိပ်မှာ စုမင်ခန္ဓာကိုယ် တစ်ခုလုံးကို ဖုံးအုပ်လာပြီး သူ့မျက်လုံးများအား ချက်ချင်းနီရဲသွားစေသည်။ အစီအရင်များ ရေးဆွဲချိန်ညှိထားသော ရိုးရေစတေး၏ အပြာရောင်ချပ်ဝတ်သည်လည်း သူ့ကိုယ်ပေါ်၌ ချက်ချင်းထွက်ပေါ်လာခဲ့သည်။ ဤကဲ့သို့ သေရေးရှင်ရေး အခြေအနေမျိုးတွင် စုမင်၏ စွမ်းရည်အလားအလာများမှာ အကန့်အသတ်မရှိ ထွက်ပေါ်လာပုံရပြီး တစ်ကြိမ်ကြိုးစားလိုက်ရုံဖြင့် အစီအရင်များအားလုံးကို အောင်မြင်စွာ ရေးဆွဲချိန်ညှိလိုက်နိုင်၏။

ထို့နောက်တွင်တော့ သွေးဝံပုလွေကြီးမှာ စစ်နတ်ဘုရားချပ်ဝတ်ဖြင့် ကာကွယ်ခံထားရသော စုမင်အပေါ် ခုန်အုပ်လာခဲ့ချေပြီ။ အပြင်းအထန် နာကျင်မှုနှင့်အတူ စုမင်ပါးစပ်မှ သွေးတစ်ပွက် အန်ထုတ်လိုက်ရသည်။ သူ့အပေါ်သို့ တောင်ပေါင်း တစ်သောင်းက ပြိုကျသွားသလိုပင်။ သူ့ချီများမှာ ရုတ်ခြည်းတိုးဝှေ့မြင့်တက်လာပြီး စွမ်းအားများမှာလည်း စတင်၍ ကွဲအက်ပျက်စီးလာသည်။ မာန်အရိုးလေးခုသည်ပင် စတင်အက်ကွဲလာချေသည်။

စုမင်စိတ်ကို တုန်လှုပ်သွားစေသော အရာမှာ သွေးဝံပုလွေကြီး၏ ပါးစပ်မှ ထွက်ပေါ်လာသည့် တွန်းလှန်ရန် ခက်ခဲသော စုပ်ယူအားတစ်ခုကို ခံစားမိလိုက်ရခြင်း ဖြစ်သည်။ ၎င်းက သူ့စိတ်ဝိညာဉ်ကို စုပ်ယူချင်နေပုံ ပေါ်သော်လည်း... ကံကောင်းထောက်မစွာဖြင့် စုမင်ထံ၌ စစ်နတ်ဘုရား ချပ်ဝတ်ရှိနေခဲ့သည်။

စစ်နတ်ဘုရားချပ်ဝတ်သည်လည်း အသက်ရှူကြိမ် အနည်းငယ်ခန့်သာ ရုန်းကန်နိုင်ခဲ့ပြီးနောက် ပြိုကွဲသွားခဲ့သည်။ စုမင်သည် အနောက်သို့ အပြင်းအထန် လွင့်ထွက်သွားပြီး သူ၏ လုပ်ရပ်များကတော့ လုံးဝပင် အသုံးမဝင်ခဲ့ချေ။ ချိန်ညှိထားသော အစီအရင်များနှင့် ပေါင်းစည်းထားသည့် စစ်နတ်ဘုရားချပ်ဝတ်၏ ခွန်အားသည် စုမင်အား မာန်ဝိညာဉ်နယ်ပယ်၏ ထိုတိုက်ခိုက်မှုအောက်မှာပင် အပြင်းအထန်သာ ဒဏ်ရာရသွားစေခဲ့၏။ သူ ချက်ချင်း သေဆုံးမသွားခဲ့ပေ။

ကြီးမားသော ဖိအားအောက်တွင် စုမင်မှာ ကြိုးပြတ်သွားသော စွန်တစ်ခုသဖွယ် အနောက်သို့ ဆက်တိုက် လွင့်ထွက်သွားခဲ့သည်။ သူ သွေးအန်လိုက်ရစဉ်မှာပင် သွေးဝံပုလွေကြီးက နောက်ထပ်တစ်ဖန် ဟိန်းဟောက်လျက် ပြေးဝင်လာပြန်သည်။

သို့သော် ထိုသွေးဝံပုလွေမှာလည်း ယခင်ကလောက် သိသာထင်ရှားခြင်း မရှိတော့ပေ။ ၎င်းသည် စုမင်၏ စစ်နတ်ဘုရား ချပ်ဝတ်ဖြင့်သာ နောက်တစ်ကြိမ် တိုက်မိသည်နှင့် ထွင်းဖောက်မြင်နိုင်သော အခြေအနေတစ်ခုသို့ ရောက်ရှိသွားမှာ ဖြစ်သည်။ ထိုသို့ဆိုလျှင်ပင် လုံးဝဥဿုံ အကာအကွယ် ကင်းမဲ့နေသော စုမင်ကို ဖမ်းဆီးရန်နှင့် သတ်ဖြန်ရန်မှာ သူ့အတွက် အလွန်လွယ်ကူနေဆဲ ဖြစ်သည်။

မာန်စွမ်းအားရှင်အိုကြီး၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ စုမင်၏စစ်နတ်ဘုရား ချပ်ဝတ်မှာ သူ၏ နတ်ဘုရားစွမ်းရည်ကို ခုခံနိုင်ခဲ့လိမ့်မည်ဟု မထင်ထားမိခြင်း ဖြစ်သည်။ ထိုချပ်ဝတ် ပြိုကွဲသွားသော်လည်း စုမင်၏ စိတ်ဝိညာဉ်ကိုတော့ ချက်ချင်းမရယူနိုင်ခဲ့ပေ။

"မျှော်လင့်ချက် ရေးရေးပေါ်နေတာပေါ့လေ ဟမ့်" အေးစက်စက် လှောင်ပြောင်သံတစ်ခုနှင့်အတူ အဘိုးအိုသည် စုမင်ထံသို့ ခြေတစ်လှမ်းတိုးလိုက်သည်။

သူ ရှေ့သို့လျှောက်လှမ်းလိုက်သည်နှင့် တစ်ပြိုင်တည်းလိုလိုပင် တစ်ဝက်ခန့် ထွင်းဖောက်မြင်နေရပြီဖြစ်သော သွေးဝံပုလွေသည် စုမင်ကို ဖမ်းဆီး၍ စုမင်စိတ်ဝိညာဉ်ကိုသာ မရရှိပါက ပျောက်ကွယ်သွားမည် မဟုတ်ဟူသောပုံစံဖြင့် ဆက်လက်တိုက်ခိုက်လိုက်ချေ၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် သွေးဝံပုလွေက တိုးဝင်လာပြီး စုမင်၏ အကာအကွယ် ကင်းမဲ့နေသော ခန္ဓာကိုယ်ကို တိုက်ခိုက်ရန်ပြင်လိုက်သည်။ သို့သော် ၎င်း တိုးကပ်လာသည်နှင့် စုမင်အနီး၌ ကြီးမားသော ခေါင်းလောင်းကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဟန်တောင်တန်း ခေါင်းလောင်း...

သွေးဝံပုလွေမှာ ဟန်တောင်တန်းခေါင်းလောင်းပေါ်သို့ ချက်ချင်းကျရောက်သွားပြီး ဆူညံသံများက ကောင်းကင်နှင့် မြေပြင်ကိုပင် တုန်ခါသွားစေသည်။

ကျယ်လောင်သော ခေါင်းလောင်းသံများမှာ လေထဲတွင် ပဲ့တင်ထပ်လျက် မာန်စွမ်းအားရှင်အိုကြီးကို ခဏတာ မင်သက်ရပ်တန့်သွားစေသည်။

သူမင်သက်သွားသည်နှင့် တစ်ပြိုင်နက် ဟန်တောင်တန်းခေါင်းလောင်းနှင့် သွေးဝံပုလွေတို့ တိုက်မိသောနေရာမှ အနက်ရောင်မျဉ်းတစ်ကြောင်း ရုတ်ခြည်းတိုးထွက်လာခဲ့သည်။ ၎င်းသည် ထိတ်လန့်ဖွယ် အရှိန်မျိုးဖြင့် အဘိုးအို၏ မျက်ခုံးအလယ်တည့်တည့်သို့ တိုးဝင်သွားခဲ့၏။

သို့သော်လည်း မာန်စွမ်းအားရှင်အိုကြီးမှာ မာန်ဝိညာဉ်နယ်ပယ် ကနဦးဆင့်သို့ ရောက်ရှိနေပြီးသား မွန်းစတားတစ်ကောင် ဖြစ်နေသည်။ ချက်ချင်းဆိုသလို ပြန်လည်သတိဝင်လာပြီး လက်မောင်းကို တစ်ချက်ဝှေ့ယမ်းလျက် တိုးဝင်လာသော အနက်ရောင်မျဉ်းကြောင်းကို ဖမ်းဆီးလိုက်၏။ သို့သော် သူ့အား စောင့်ကြိုနေသော အရာမှာ လက်ဖဝါးပေါ်မှ စူးရှသောနာကျင်မှုနှင့်အတူ သူ့နှုတ်ခမ်းမှ စီးကျလာသော သွေးများသာ ဖြစ်နေ၏။

ထိုအနက်ရောင်မျဉ်းမှာ အဘိုးအို၏ လက်ဖဝါးကို ဖြတ်သန်းထွင်းဖောက်သွားခဲ့သည်။ သို့သော် အလားတူပင် အနက်ရောင်မျဉ်းလေးအတွက်လည်း လက်ဝါးရိုက်ချက်မှ စွမ်းအင်ကို ခံစားလိုက်ရလေသည်။ ၎င်း၏ အမြီးက ချက်ချင်းပေါက်ကွဲသွားသလို ၎င်းသည်လည်း အနောက်သို့ လွင့်ထွက်သွားခဲ့သည်။

"အဲဒါ ဘာကြီးလဲ" မာန်စွမ်းအားရှင်အိုကြီး၏ လက်ဖဝါးမှာ သွေးသံရဲရဲ ဖြစ်နေကာ မျက်နှာထက်တွင်လည်း ထိတ်လန့်တုန်လှုပ်ဟန်များ ထွက်ပေါ်လာခဲ့သည်။

ထို အနက်ရောင်မျဉ်းကြောင့် သူဒဏ်ရာရသွားချိန်မှာပင် ဟန်တောင်တန်းခေါင်းလောင်း နံဘေးမှ သွေးဝံပုလွေ၏ ဧရာမခန္ဓာကိုယ်ကြီးသည်လည်း ပြိုကွဲပျက်စီးသွားတော့သည်။ ဟန်တောင်တန်းခေါင်းလောင်းသည်လည်း ချက်ချင်း ကျုံ့ဝင်သွားပြီး စုမင်ကိုယ်တွင်းသို့ ပြန်လည်ဆုတ်ခွာသွားခဲ့၏။

စုမင် နောက်ထပ်တစ်ဖန် သွေးအန်လိုက်ရပြန်သည်။ သူသည် အပြင်းအထန် ဒဏ်ရာရနေခဲ့ပြီး ဖြစ်သော်လည်း ဆက်လက်၍ ထွက်မပြေးတော့ပေ။ ထိုအစား သွေးရောင်ရဲနေသော မျက်လုံးများဖြင့် စုမင်မှာ ရူးသွပ်သွားသကဲ့သို့ အဘိုးအိုထံ တိုးဝင်လာခဲ့လေသည်။

သူတို့နှစ်ဦးကြား အကွာအဝေးသည် ယခင်အစတည်းကပင် ဝေးကွာခြင်းမရှိသည့် အတွက် မာန်စွမ်းအားရှင်အိုကြီး၏ လက်ဖဝါး ထိုးဖောက်ခံရပြီး ထိတ်လန့်သွားချိန်၌ ၎င်း၏ အနီးသို့ စုမင်ပြေးဝင်သွားခြင်း ဖြစ်သည်။ ထိုသို့ပြုလုပ်လိုက်ခြင်းသည် စုမင်အတွက် သူ့ကိုယ်ပိုင်အဆုံးသတ်ဆီသို့ ဦးတည်နေပုံပေါ်ပြီး မာန်စွမ်းအားရှင်အိုကြီးနှင့် ပေ၃၀ပင် မဝေးတော့သော နေရာသို့ ရောက်ရှိလာခဲ့စေသည်။

'ပိုးဖလံမျိုး မီးကိုတိုး'သကဲ့သို့...

စုမင်၏ ကျင့်ကြံဆင့်ဖြင့်ဆိုလျှင် သူ၏ ယခုလှုပ်ရှားမှုအား ထိုစကားခုနစ်လုံးဖြင့်သာ ဖော်ပြနိုင်သည်။ သို့သော် ဤသို့မလုပ်ပြန်လျှင်လည်း ထွက်ပြေးနိုင်မည် မဟုတ်သလို သေဆုံးရလိမ့်ဦးမည်သာ။ စစ်မြေပြင်မှ သန့်စင်ထားခဲ့သော သူ့စိတ်စွမ်းအင်သည် ဤပြင်းထန်သော အသက်အန္တရာယ်ရှိသည့် ခြိမ်းခြောက်မှု အကျပ်တည်းမျိုးအောက်မှာပင် စုမင်စိတ်ကို ပြိုလဲမသွားစေခဲ့ပေ။

သူ တန်ပြန်တိုက်ခိုက်ခဲ့ချေပြီ။

***

All Chapters