အခန်း (၂၆၃-၂၆၄)
Vol. 27 Ch. 263-264
အခန်း ၂၆၃- ဖျော်ဖြေရေးလောကကို အမှုန့်ကြိတ်ခြင်း။
ဖုန်းမြည်သံနှင့်အတူ ချီလမ်းညွှန်မှု ပညာ ကို ကျင့်ကြံနေသော လုပေါင် ရပ်တန့်လိုက်သည်။
“အစ်ကိုကြီး။”
ဖုန်းကိုင်လိုက်သည်နှင့် အခြားတစ်ဖက်မှ ငိုရှိုက်သံတစ်ခု ထွက်ပေါ်လာသည်။
“ဘာဖြစ်လို့လဲ ရှောင်မုန့်လေးရဲ့။ဘယ်သူက နင့်ကို အနိုင်ကျင့်လို့လဲ။”
လုရှောင်မုန်း၏ အသံကို ကြားလိုက်ရသည့်အခါ လုပေါင် ရင်ထဲတွင် တဆစ်ဆစ် နာကျင်သွားရသည်။ တွေ့လျှင် တစ်ယောက်နှင့်တစ်ယောက် ရန်ဖြစ်နေတတ်ကြသော်လည်း သူတို့သည် မောင်နှမအရင်းများ ဖြစ်ကြရာ သံယောဇဉ်ကတော့ အပြည့်ရှိနေဆဲဖြစ်သည်။ လုပေါင် အခက်အခဲဖြစ်စဉ်က သူမထံမှ ကျပ်တစ်သိန်း တောင်းခဲ့ဖူးသည်ကို သတိရမိသည်။ ထိုစဉ်က သူမသည် လုပေါင်မှာ နာမည်ကြီး Streamer တစ်ဦး ဖြစ်နေပြီဆိုသည်ကို မသိသော်လည်း ချက်ချင်းပင် ထုတ်ပေးခဲ့ဖူးသည်။ ယခု သူမ တကယ်တမ်း အခက်ကြုံနေရပြီဆိုလျှင် လုပေါင်အနေဖြင့် သေချာပေါက် ကာကွယ်ပေးရပေမည်။
မကြာမီမှာပင် လုရှောင်မုန့်က ယနေ့ဖြစ်ပျက်ခဲ့သမျှနှင့် လူပြောအများဆုံး သတင်းကိစ္စအားလုံးကို လုပေါင်အား ပြောပြလိုက်သည်။
“အေး... ငါ သိပြီ။ စိတ်မပူနဲ့ နင့်အတွက် ငါ ရှိတယ်။”
သူမ၏ စကားများကို နားထောင်ပြီးနောက် လုပေါင်က နှစ်သိမ့်စကား အနည်းငယ်ပြောကာ ဖုန်းချလိုက်သည်။
ထို့နောက် လုပေါင်သည် လူမှုကွန်ရက်စာမျက်နှာ ကို ဖွင့်ကာ ဖတ်ကြည့်လိုက်သည်။ အချိန်ကြာလာသည်နှင့်အမျှ ဆိုးရွားသော မှတ်ချက်များမှာ ပိုမိုရိုင်းစိုင်းလာသည်။ အချို့သော ဘလော့ဂါများဆိုလျှင် လုရှောင်မုန့်က ဒါရိုက်တာ ဝမ်ကို ဘယ်လိုနည်းလမ်းမျိုးစုံဖြင့် မြှူဆွယ်ခဲ့သည်ဆိုသည်ကိုပင် အကွက်စေ့စေ့ ရေးသားနေကြသည်။ အဖြစ်မှန်ကို မသိသော အများပြည်သူများက ထိုအရာကို ဖတ်လိုက်သည့်အခါ လုရှောင်မုန့်ကို မြှူဆွယ်တတ်သော မိန်းမပျက်တစ်ဦးအဖြစ် ထင်မြင်သွားကြပြီး တရားမျှတမှုကို ဖော်ဆောင်သူများအသွင်ဖြင့် သူမကို ဝိုင်းဝန်းဆဲဆို ကြတော့သည်။
လုပေါင်၏ ပရိသတ်အများစုမှာ သူ၏ live လွှင့်မှုများကိုသာ ကြည့်လေ့ရှိကြပြီး လုရှောင်မုန်းအကြောင်းကို သိပ်မသိကြပေ။ သိသူများမှာလည်း ဤလောကထဲမှ မဟုတ်ကြသဖြင့် အသာတကြည်ပင် နေနေကြသည်။ လုရှောင်မုန့်၏ ပရိသတ်အနည်းငယ်က သူမဘက်မှ ခုခံပြောဆိုပေးသော်လည်း အဆက်မပြတ် ဝင်ရောက်နေသော အကောင့်များကို မယှဉ်နိုင်ဘဲ ပျောက်ကွယ်သွားရသည်။
လုပေါင်သည် မိမိလူကို အမြဲတမ်း ကာကွယ်တတ်သူဖြစ်သည်။ သူက လုရှောင်မုန့်ကို စနောက်တတ်သော်လည်း ထိုအရာမှာ သူတစ်ဦးတည်းသာ လုပ်ပိုင်ခွင့်ရှိပြီး အပြင်လူတစ်ယောက်ကိုမှ ခွင့်မပြုနိုင်ပေ။ မှတ်ချက်များကို ကြည့်ရင်း လုပေါင်၏ သွေးတိုးနှုန်းမှာ မြင့်တက်လာတော့သည်။
“မိသားစုဝင်တို့ရေ... ကျွန်တော့်ညီမလေး အကွက်ဆင်ပြီး အောက်လမ်းနည်းနဲ့ တိုက်ခိုက်ခံနေရပါတယ်။ မကြာသေးခင်က...”
သူသည် လေကို ဖြည်းဖြည်းချင်း မှုတ်ထုတ်လိုက်ပြီး ဖုန်း၏ ဗီဒီယိုရိုက်ကူးမှုကို ဖွင့်ကာ ဗီဒီယိုတစ်ခု ရိုက်လိုက်သည်။
မကြာမီ ဗီဒီယို ရိုက်ကူးပြီးသွားသည်။ လုရှောင်မုန်း ရရှိခဲ့သော C-position မှာ သူကိုယ်တိုင် ဧည့်သည်အဖြစ် ပါဝင်ပေးရန် သဘောတူခဲ့ခြင်းကြောင့် ရရှိလာသော အခွင့်အရေးဖြစ်ကြောင်း လုပေါင်က အကျဉ်းချုပ် ရှင်းပြလိုက်သည်။ ထို့နောက် ဗီဒီယို၏ အဓိကအပိုင်းတွင် လုံရှ ကိုယ်တိုင် ဇာတ်ညွှန်းရေး ကိုယ်တိုင် သရုပ်ဆောင်ကာ သတင်းများ ဝယ်ယူခဲ့ပုံ အဆင့်ဆင့်ကို ဖွင့်ချလိုက်တော့သည်။
ဗီဒီယို ရိုက်ကူးပြီးသည်နှင့် လုပေါင်သည် သူ၏ ဗီဒီယိုအကောင့် သို့ တိုက်ရိုက် တင်လိုက်သည်။ လုပေါင်၏ အကောင့်မှာ Follower အများဆုံး မဟုတ်သော်လည်း ခုနစ်သန်းခန့် ရှိနေဆဲဖြစ်သည်။ ဤနောက်လိုက်များသည် လူမှုကွန်ရက်ပေါ်ရှိ Follower သန်းချီရှိပြီး မှတ်ချက် ရာဂဏန်းသာ ရတတ်သော အကောင့်တုများ မဟုတ်ပေ။ လုပေါင်၏ ဗီဒီယိုတိုင်းတွင် မှတ်ချက်နှင့် Like အရေအတွက်မှာ သန်းနှင့်ချီ ရှိသည်။ ဤသည်မှာ တကယ့် လက်တွေ့နောက်လိုက်များ ဖြစ်ကြသည်။
“ရတနာမိသားစု စုရုံးကြ တိုက်စစ်ဆင်ကြစို့။”
“ဒီလူမှုကွန်ရက် သေးသေးလေးက ဘာအဖိုးတန်လို့လဲ။ ငါတို့ညီမလေးရဲ့ နာမည်ကို သွားပြီး ရှင်းလင်းပေးကြရအောင်။”
“တောက် အခုခေတ် လူငယ်တွေက တခြားသူကို ဒီလိုမျိုး အကွက်ဆင် တိုက်ခိုက်ရတာ ဝါသနာပါနေကြတာလား။”
ဗီဒီယို ထွက်လာပြီး မိနစ်ပိုင်းအတွင်းမှာပင် မှတ်ချက်များ သောင်းနှင့်ချီ ရောက်လာပြီး အလျင်အမြန် တိုးပွားလာသည်။ လုပေါင်၏ ပရိသတ်များသည် သူ့အပေါ်တွင် အကြွင်းမဲ့ ယုံကြည်မှု ရှိကြသည်။ သူတို့သည် လုပေါင်၏ ညီမကိုလည်း သူတို့၏ ညီမအရင်းကဲ့သို့ပင် သဘောထားကြသည်။ မိမိတို့၏ ညီမလေးမှာ ဤကဲ့သို့ စော်ကားခံနေရသည်ဟု တွေးမိသည့်အခါ လူတိုင်းမှာ ဒေါသပေါက်ကွဲကုန်ကြသည်။ လူမှုကွန်ရက် အကောင့်မရှိသူများပင် ချက်ချင်း ဒေါင်းလုဒ်ဆွဲကာ အကောင့်ဖွင့်ပြီး တိုက်ပွဲတွင် ပါဝင်ရန် ပြင်ဆင်ကြတော့သည်။
ထျန်းရှ လူမှုကွန်ရက် ကုမ္ပဏီ ဌာနချုပ်။
ကောင်းကင်မှာ မှောင်နေပြီဖြစ်ကာ စီအီးအို နင်ယွမ် မှာ အလုပ်ဆင်းပြီး အိမ်ပြန်ရန် ပြင်နေစဉ်။
“ဆရာ... အချက်အလက်တွေမှာ ပြဿနာတက်နေပါတယ်။ ဟက်ကာတစ်ယောက်က ကျွန်တော်တို့ရဲ့ နောက်ကွယ်စနစ်ကို ကျူးကျော်နေပုံရတယ်။”
ဖုန်းဝင်လာသည်နှင့် စိုးရိမ်တကြီး ပြောသံကို ကြားလိုက်ရသည်။
“ဘာ”
နင်ယွမ် မျက်မှောင်ကြုတ်ကာ ချက်ချင်းပင် နည်းပညာဌာနသို့ အပြေးသွားလိုက်သည်။
“ဘာဖြစ်တာလဲ။”
နည်းပညာဌာန တံခါးကို ဖွင့်ဝင်လိုက်သည်နှင့် နင်ယွမ်က အော်မေးလိုက်သည်။
“ကျွန်တော်တို့ မှားသွားတာပါ။ ဟက်ကာကျူးကျော်တာ မဟုတ်ဘဲ အသုံးပြုသူ အသစ်တွေ အလုံးအရင်းနဲ့ အကောင့်လာဖွင့်နေကြတာပါ။ အရင်က အသုံးမပြုတော့တဲ့ အကောင့်အဟောင်းတွေလည်း ပြန်ပြီး အသက်ဝင်လာကြတယ်။”
နည်းပညာဌာန အကြီးအကဲက ဇဝေဇဝါဖြင့် ခေါင်းကုတ်ရင်း ရှင်းပြသည်။ သူတို့၏ ထျန်းရှ လူမှုကွန်ရက်မှာ နေ့စဉ် လူသုံးများသယောင် ရှိသော်လည်း အကောင့်အများစုမှာ သတင်းများကို မြှင့်တင်ရန် သုံးသော အကောင့်တု များသာ ဖြစ်ကြသည်။ သို့သော် ယခုအခါ တကယ့် အသုံးပြုသူ အစစ်အမှန်များစွာ ရုတ်တရက် ဝင်ရောက်လာသဖြင့် ဆာဗာ များ ဝန်ပိကာ နှေးကွေးသွားခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် ဟက်ကာတိုက်ခိုက်ခံရသည်ဟု အစပိုင်းတွင် ထင်မှတ်ခဲ့ခြင်းဖြစ်သည်။
“သူတို့အားလုံးက ကျွန်တော်တို့ရဲ့ ဒုတိယမြောက် လူပြောအများဆုံး သတင်းကို အရမ်း စိတ်ဝင်စားနေကြပုံရတယ်။ အဲဒီသတင်းအောက်မှာရော သက်ဆိုင်သူတွေရဲ့ အကောင့်တွေအောက်မှာပါ မှတ်ချက်တွေ တရစပ် ပေးနေကြတယ်။”
အကြီးအကဲဖြစ်သူက ကွန်ပျူတာစခရင်ကို ပြန်ကြည့်ရင်း သံသယဖြင့် ပြောလိုက်သည်။
“ဒါက အင်တာနက်ပေါ်က တိုက်ခိုက်ရေး ကုမ္ပဏီတစ်ခုခုရဲ့ လက်ချက်များလား။”
နင်ယွမ်လည်း ဇဝေဇဝါ ဖြစ်သွားသည်။
“မဟုတ်ပါဘူး IP လိပ်စာတွေကို ကြည့်ရသလောက်တော့ သာမန် အသုံးပြုသူတွေပါပဲ။ ဗဟိုကနေ ထိန်းချုပ်ထားတာ မဟုတ်ဘူး...”
အကြီးအကဲမှာလည်း ကြောင်တောင်တောင် ဖြစ်နေသည်။ ဤအတိုင်းသာ ဆက်သွားလျှင် သူတို့၏ ဆာဗာများ လောင်သွားပေလိမ့်မည်။
တစ်နေရာရာရှိ မြေအောက်ခန်းတစ်ခုအတွင်း။
ဤနေရာတွင် ဆာဗာများစွာ ရှိနေပြီး ပရိုဂရမ်မာ အများအပြား အလျင်အမြန် လုပ်ဆောင်နေကြသည်။ ဤသည်မှာ အင်တာနက်ပေါ်တွင် လူမှုရေးအရ တိုက်ခိုက်ပေးသော စတူဒီယို တစ်ခုပင်။
“ဆရာ... ကျွန်တော်တို့ သွားပြီ။ တစ်ဖက်က အကောင့်တွေ အများကြီး ငှားထားပုံရတယ်။ ကျွန်တော်တို့ အရင်က တင်ထားတဲ့ လူကြိုက်များတဲ့ မှတ်ချက်တွေ အားလုံး Report အတင်ခံရပြီး အဖြတ်ခံလိုက်ရပြီ။”
“ဒါတင်မကသေးဘူး လုရှောင်မုန့်ကို မကောင်းပြောတဲ့ မှတ်ချက်မှန်သမျှ စက္ကန့်သုံးဆယ်အတွင်းမှာတင် Report အတင်ခံရပြီး ပျောက်ကွယ်သွားတာပဲ။”
“တစ်ဖက်လူမှာ အင်အားတွေ အများကြီး ရှိပုံရတယ်။ကျွန်တော်တို့ မယှဉ်နိုင်တော့ဘူး။”
စတူဒီယို တစ်ခုလုံးတွင် အားကိုးရာမဲ့စွာ အော်ဟစ်သံများဖြင့် ပြည့်နှက်နေသည်။ သူတို့ကဲ့သို့ စတူဒီယို ၄ ခုခန့်မှာလည်း အလားတူ အခြေအနေနှင့် ရင်ဆိုင်နေရသည်။
လုရှောင်မုန့်သည် လုပေါင်ထံ ဖုန်းဆက်ခဲ့ခြင်းမှာ သူမ၏ ခံစားချက်ကို ရင်ဖွင့်ချင်ရုံသက်သက်သာ ဖြစ်ပြီး လုပေါင်က မည်မျှအထိ ကူညီနိုင်မည်ကို သူမ မသိခဲ့ပေ။ သို့သော် ဖုန်းချပြီး ဆယ်မိနစ်ပင် မပြည့်သေးမီမှာပင် သူမ၏ အကောင့်အောက်ရှိ ဆိုးရွားသော မှတ်ချက်အားလုံး ပျောက်ကွယ်သွားတော့သည်။
“ညီမလေး... ငါတို့ နင့်ကို ယုံကြည်တယ်။”
“ညီမလေး မကြောက်နဲ့ ရတနာမိသားစု ရောက်လာပြီ။ ဘယ်အကောင့်က ပေါ်လာရဲသေးလဲ ကြည့်ရအောင်။”
“ညီအစ်ကိုတို့... အဖွဲ့ခွဲပြီး လုံရှရဲ့ အကောင့်ကို သွားတိုက်ကြစို့ ငါတို့ညီမလေးကို ရန်စဝံ့တယ်ပေါ့။”
ဤမှတ်ချက်များ ရုတ်တရက် ပေါ်လာသည်ကို မြင်လိုက်ရပြီး Like အရေအတွက်မှာလည်း Refresh လုပ်တိုင်း ထောင်နှင့်ချီ တိုးတက်နေသည်ကို ကြည့်ကာ လုရှောင်မုန့်နှင့် လုမင်ယောင်တို့ မှင်သက်သွားကြသည်။
“ရှောင်မုန့်လေး... နင့်အစ်ကိုက... ဒီလောက်တောင် သြဇာညောင်းတာလား။”
လုမင်ယောင်က ဖုန်းမျက်နှာပြင်ကို အဆက်မပြတ် ဆွဲတင် ရင်း မှင်သက်စွာ မေးလိုက်သည်။ လုရှောင်မုန့်ကတော့ ခေါင်းကိုသာ ခါလိုက်မိပြီး သူမ၏ ဦးနှောက်မှာ ခေတ္တမျှ ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ထိုညတွင် လူမှုကွန်ရက် ဆာဗာမှာ ဝန်ပိလွန်းသဖြင့် အကြိမ်ကြိမ် ပြန်လည် စတင် ခဲ့ရသည်။
Follower တစ်သန်းရှိသော လုံရှ၏ အကောင့်မှာ မိနစ်သုံးဆယ်အတွင်း Report သန်းချီ ရရှိခဲ့သဖြင့် ပိတ်ပင် ခံလိုက်ရသည်။
ဒုတိယနေရာရှိ Trending Topic ကို လူသန်းပေါင်းများစွာ ကျူးကျော်ဝင်ရောက်ခဲ့ပြီး သတင်းပါဝင်မှုကို အတင်းအကျပ် ပြောင်းလဲပစ်လိုက်ကြသည်။
ထိပ်တန်း အနုပညာရှင်အားလုံးမှာ ရတနာနတ်ဘုရား၏ ပရိသတ်များ၏ ဒေါသနှင့် မထိတွေ့ရလေအောင် သူတို့၏ မှတ်ချက်ပေးသည့် ကဏ္ဍများကို ကြောက်လန့်တကြား ပိတ်ထားကြရသည်။
ဤမကြုံစဖူး ဖြစ်ရပ်များအားလုံးသည် တစ်ညတည်းတွင် ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဖျော်ဖြေရေးလောကမှ လူတိုင်းသည် ရတနာနတ်ဘုရား ဆိုသည့် နာမည်ကို မှတ်မှတ်ထင်ထင် ရှိသွားကြတော့သည်။ ဤအဆင့်ရှိသော သြဇာလွှမ်းမိုးမှုမှာ မကြုံစဖူးဟု ဆိုရပေမည်။ သူသည် ဖျော်ဖြေရေးလောကရှိ ထိပ်တန်းစတား အားလုံးကို အမှုန့်ကြိတ်နိုင်စွမ်း ရှိသည်ဟု ဆိုလျှင်ပင် ပိုအံ့သြစရာ မဟုတ်တော့ပေ။
အခန်း ၂၆၄- ပရိသတ်များတာက တကယ်ကို လန်းတာပဲ။
အခုဖြစ်ပျက်နေတဲ့ အခြေအနေတွေကြောင့် လုပေါင် ကိုယ်တိုင်တောင် အနည်းငယ် အံ့သြသွားရသည်။ သူ၏ ပရိသတ်များ၏ တိုက်ခိုက်နိုင်စွမ်းမှာ အံ့မခန်းဖြစ်မှန်း သိထားသော်လည်း ယခုလို အဆင့်ထိ ရောက်လိမ့်မည်ဟုတော့ သူ မျှော်လင့်မထားခဲ့ပေ။
လုပေါင် လူမှုကွန်ရက်စာမျက်နှာကို ဖတ်နေစဉ်မှာပင် သူ၏ဖုန်းက ထပ်မံ မြည်လာပြန်သည်။ ဖုန်းနံပါတ်မှာ သူ မမြင်ဖူးသော နံပါတ်တစ်ခု ဖြစ်နေသည်။
“ဟဲလို... ရတနာနတ်ဘုရားနဲ့ စကားပြောလို့ ရမလားခင်ဗျာ။”
ဖုန်းကိုင်လိုက်သည်နှင့် အခြားတစ်ဖက်မှ သတိကြီးစွာဖြင့် မေးသံကို ကြားလိုက်ရသည်။
“ဘယ်သူပါလဲ။”
လုပေါင် ဇဝေဇဝါဖြင့် မျက်တောင်ခတ်လိုက်မိသည်။ ဒါ လုံရှ က တစ်ယောက်ယောက်ကို လွှတ်ပြီး လာတောင်းပန်ခိုင်းတာလားဟု သူ တွေးလိုက်မိသည်။
သို့သော် အခြားတစ်ဖက်မှလူက စိတ်မကောင်းစွာဖြင့်။
“ကျွန်တော် ထျန်းရှ လူမှုကွန်ရက်ရဲ့ သူဌေး နင်ယွမ် ပါ။ ခင်ဗျားရဲ့ ပရိသတ်အရေအတွက်က တကယ်ကို များလွန်းလို့ ကျွန်တော်တို့ ဆာဗာတွေ အလုပ်မလုပ်နိုင်တော့ပါဘူး။ ခင်ဗျားအနေနဲ့ သူတို့ကို နည်းနည်းလောက် ပြန်ငြိမ်သွားအောင် ပြောပေးလို့ ရမလားခင်ဗျာ။”
“စီအီးအို နင်... ကျွန်တော့်ရဲ့ ပရိသတ်တွေက မတရားမှုကို မုန်းတီးတဲ့သူတွေပါ။ သူတို့က မကောင်းတာ ဘာမှလုပ်နေတာ မဟုတ်တဲ့အတွက် သူတို့ကို ရပ်ခိုင်းဖို့ကတော့ ကျွန်တော့်အတွက် ခက်ပါတယ်။”
လုပေါင်က ပြတ်ပြတ်သားသားပင် တုံ့ပြန်လိုက်သည်။
ယခင်က ocean Live stream ဆာဗာတွေ ဖြစ်ခဲ့သလိုမျိုး အခုလည်း လူမှုကွန်ရက် ဆာဗာတွေ ဝန်ပိနေလိမ့်မည်ဆိုသည်ကို လုပေါင် ခန့်မှန်းမိသည်။ သို့သော် ထိုအရာက လုပေါင်နှင့် ဘာဆိုင်သနည်း။ရှောင်မုန့်လေး အကွက်ဆင် တိုက်ခိုက်ခံရစဉ်တုန်းက လူမှုကွန်ရက်ဘက်က ဘာမှ ဝင်မတားခဲ့သည့်အပြင် ကြော်ငြာခတွေ ယူပြီး ထိုသတင်းကို ပိုတက်အောင်တောင် လုပ်ပေးခဲ့သေးသည် မဟုတ်ပါလား။ အခုကျမှ လုပေါင်ကို ရပ်ခိုင်းချင်နေတာကတော့ အဲလောက် မလွယ်ကူလှပေ။
လုပေါင်၏ စကားကို ကြားလိုက်ရသည့်အခါ နင်ယွမ် စိတ်ညစ်သွားရသည်။ လုပေါင်၏ ဗီဒီယို ထွက်လာကတည်းက သူတို့ ဆာဗာတွေမှာ ဝန်ပိနေခဲ့ခြင်း ဖြစ်သည်။ ဤအတိုင်းသာ ဆက်သွားလျှင် အချက်အလက်များစွာ ဆုံးရှုံးသွားနိုင်သည်။ သို့သော် ဆာဗာကို တိုက်ရိုက် ပိတ်လိုက်လျှင်လည်း လူတွေက သူတို့သည် လုံရှကို ကာကွယ်ပေးနေသည်ဟု ထင်သွားကြလိမ့်မည်။ အကယ်၍ ဤလူအုပ်ကြီးက နေ့တိုင်းသာ လာနေကြမည်ဆိုလျှင် လူမှုကွန်ရက်က ရှေ့ဆက် အလုပ်လုပ်နိုင်တော့မည် မဟုတ်ပေ။
“ဒီလိုလုပ်ရင်ကော ဘယ်လိုလဲ ခင်ဗျားညီမလေးနဲ့ ပတ်သက်တဲ့ သတင်းတွေကြောင့် သူမမှာ စိတ်ဖိစီးမှုတွေ အများကြီး ရှိနေမှာပါ။ ဒါကို နှစ်သိမ့်ပေးတဲ့အနေနဲ့ ကျွန်တော် ယွမ် တစ်သန်း ပေးပါ့မယ်။ ခင်ဗျား ဘယ်လိုထင်လဲ...”
စီးပွားရေးသမားဖြစ်သည့်အတိုင်း နင်ယွမ်သည် အခုအချိန်တွင် တစ်ခုခု ပေးဆပ်ခြင်း မပြုဘဲ အခြေအနေကို ဖြေရှင်းရန် ခက်ခဲမည်ကို သိနေသည်။
‘တစ်သန်း။’
‘ခင်ဗျားက ငါ ရတနာနတ်ဘုရားကို အထင်သေးနေတာလား။’
လုပေါင် အနည်းငယ် ချောင်းဟန့်လိုက်ပြီး။
“စီအီးအို နင်... ကျွန်တော်က အဲဒီ ပိုက်ဆံလေးကို လိုအပ်နေတဲ့သူလို့ ထင်နေတာလား။ ကျွန်တော် ပြောပြီးသားလေ။ ဒါက ကျွန်တော့် ပရိသတ်တွေရဲ့ လုပ်ရပ်ဖြစ်လို့ ကျွန်တော် ဝင်ပါဖို့ မသင့်တော်ဘူးဆိုတာ။”
‘ကျွန်တော်က အဲဒီ ပိုက်ဆံလေးကို လိုအပ်နေတဲ့သူလို့ ထင်နေတာလား။’
ခဏချင်းမှာပင် နင်ယွမ် အဓိက အချက်ကို သဘောပေါက်သွားသည်။သူ တုံ့ဆိုင်းသွားပြီး သွားကြိတ်က။
“ဟားဟား... ကျွန်တော့်အမှားပါ။ ဒီလိုဆိုရင် ငါးသန်း... မဟုတ်ဘူး ရှစ်သန်း ဒါဆိုရင် ကျွန်တော်တို့ ညီမလေးကို နှစ်သိမ့်ပေးဖို့ လောက်ငမယ် ထင်လား။”
စကားပြောနေသည့် အချိန်တိုအတွင်း ခင်ဗျားညီမမှ ကျွန်တော်တို့ ညီမလေး ဟု ပြောင်းလဲခေါ်ဆိုသွားခြင်းမှာ နင်ယွမ်က ဆက်ဆံရေးကို ရင်းနှီးအောင် ကြိုးစားနေခြင်းဖြစ်သည်။
ရှစ်သန်းတည်းလား ဒါက သူ ကိုယ်တိုင်ချက်တဲ့ ဝိုင် တစ်ဆယ်ကျော်လောက် ရောင်းရတဲ့ ဈေးထက် မပိုဘူး မဟုတ်လား။ လုပေါင်က ပိုက်ဆံကို ဂရုမစိုက်သော်လည်း သူ ငြင်းတော့မည့် အချိန်တွင် တစ်ခုခုကို သတိရသွားသကဲ့သို့ မျက်လုံးများ ဝင်းလက်သွားသည်။
“ပိုက်ဆံအကြောင်း မပြောကြေး။ ဒါပေမဲ့ ကျွန်တော့်မှာ အကူအညီ လိုနေတာ တစ်ခု ရှိတယ်။ စီအီးအို နင် ကူညီနိုင်မယ်ဆိုရင်တော့ ပရိသတ်တွေကို ပြန်ဆုတ်ဖို့ ကျွန်တော် ကြိုးစားကြည့်ပေးမယ်။”
လုပေါင်က တိုးတိုးလေး ပြောလိုက်သည်။
“ပြောပါ ကျွန်တော် လုပ်နိုင်သရွေ့ သေချာပေါက် လုပ်ပေးပါ့မယ်။”
အခြေအနေ ပြောင်းလဲသွားသည်ကို ကြားလိုက်ရသဖြင့် နင်ယွမ် ချက်ချင်းပင် ရင်ဘတ်ကို ပုတ်ကာ ကတိပေးလိုက်သည်။
“ကျွန်တော့်ညီမက အနုပညာလေ့ကျင့်သူ တစ်ယောက်ပဲဆိုတာ ခင်ဗျား သိမှာပါ။ နောင်ကျရင် သူမမှာ ပြဿနာတွေ အများကြီး ကြုံလာရဦးမယ်။ အဲဒီအခါကျရင် ကျွန်တော့် ပရိသတ်တွေက နောက်ထပ် ပြဿနာတွေ ထပ်ရှာကြဦးမှာပဲ။”
လုပေါင် ကုတင်ပေါ်တွင် လှဲနေရင်း လူလည်ကျသော အပြုံးဖြင့် ပြောလိုက်သည်။
“စိတ်မပူပါနဲ့၊ ဒီလိုမျိုး နောက်တစ်ခါ လုံးဝ မဖြစ်စေရဘူး။ သူမနဲ့ ပတ်သက်တဲ့ မကောင်းတဲ့ သတင်းတစ်ခွန်းတောင် လူမှုကွန်ရက်ပေါ်မှာ မပေါ်စေရဘူးလို့ ကျွန်တော် အာမခံပါတယ်။”
“အင်း... ဟုတ်တာပေါ့။ ပြီးတော့ ခင်ဗျားတို့ လူမှုကွန်ရက်က သြဇာအရမ်းညောင်းတာဆိုတော့ သူမအတွက် အနုပညာ အလုပ်တွေ ရအောင် ကူညီပေးနိုင်မယ်လို့ ကျွန်တော် စဉ်းစားနေတာ။ အခုနောက်ပိုင်း Reality Show တွေ အများကြီး ရှိတယ်မလား။ သူမကို ပွဲတွေ အများကြီး တက်ခိုင်းလိုက်ပါ။သူမ အနားမယူရတဲ့အထိပေါ့... အဟမ်း ဘာပဲဖြစ်ဖြစ် အဲဒီသဘောမျိုးပါပဲ။ ခင်ဗျား ကူညီနိုင်မလား။”
စကားပြောနေရင်း လုပေါင်သည် သူ၏ စိတ်ရင်းအမှန်ကို အမှတ်မထင် ပြောမိသွားသဖြင့် ချက်ချင်း ပြန်ထိန်းလိုက်ရသည်။ လုပေါင်၏ အကြံမှာ ရိုးရှင်းပါသည်။ ရှောင်မုန့်လေးက သူ့ကို အမြဲတမ်း ဒုက္ခပေးနေတတ်သဖြင့် သူမကို အလုပ်များနေအောင် လုပ်ထားလိုက်ရုံပင်။ ဘာပဲဖြစ်ဖြစ် ထိုကောင်မလေးက ဤနယ်ပယ်ကို အထူးစိတ်ဝင်စားသည် မဟုတ်ပါလား။ ဤနည်းဖြင့် လုပေါင်သည်လည်း သူ၏ လွတ်လပ်သော ဘဝကို ပြန်လည် ရရှိပေလိမ့်မည်။
လုပေါင်၏ စကားကို ကြားလိုက်ရသည့်အခါ နင်ယွမ် ခေတ္တ မှင်သက်သွားသည်။ အခုအချိန်တွင် လူမှုကွန်ရက်စာမျက်နှာမှာ ဖျော်ဖြေရေးလောက တစ်ခုလုံး၏ ဗဟိုဌာနချုပ်ဟု ခေါ်လျှင်ပင် မမှားပေ။ သူသာ ဆိုလျှင် ထိုသို့သော အခွင့်အရေးများကို သေချာပေါက် ရှာပေးနိုင်သည်။ သို့သော် သူ၏ ကုမ္ပဏီအောက်မှ အနုပညာရှင် မဟုတ်သည့်အပြင် ပိုက်ဆံလည်း မပေးသော လူတစ်ယောက်အတွက် ဤမျှ လုပ်ပေးရခြင်းမှာ အနည်းငယ် အရှုံးပေါ်သလို ခံစားရသည်။
သို့သော် ထိုသို့တွေးမိသည်နှင့် တပြိုင်နက် နင်ယွမ်သည် လုပေါင်၏ ပရိသတ်များကို သတိရသွားသည်။ အကယ်၍ သူသာ လုရှောင်မုန့်ကို စာချုပ်ချုပ်နိုင်မည်ဆိုလျှင်လုပေါင်၏ သစ္စာရှိသော ပရိသတ်များနှင့် ပေါင်းစပ်လိုက်ပါက အမြင့်ဆုံးသို့ ရောက်နေပြီဟု သူ ထင်ထားသော သူ၏ လူမှုကွန်ရက်မှာ နောက်ထပ် တစ်ရှိန်ထိုး တိုးတက်လာနိုင်သည် မဟုတ်ပါလား။
ထိုသို့ တွေးမိသည်နှင့် နင်ယွမ် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“ဒါဆို ဒီလိုလုပ်ကြရအောင် သူမကို ကျွန်တော်တို့ လူမှုကွန်ရက်ရဲ့ သံတမန် အဖြစ် စာချုပ်ချုပ်ပြီး အခွင့်အရေးတွေ အများကြီး ပေးလိုက်မယ်။”
“အေး... အဲဒါမျိုးပဲ သူမကို မနားရအောင် အလုပ်တွေ ပေးထားလိုက်။ ဒါပေမဲ့ စာချုပ်နဲ့ ပတ်သက်ရင်တော့ လျော်ကြေးတွေ ဒဏ်ကြေးတွေ မပါတာ အကောင်းဆုံးပဲ။ ကျွန်တော် ဘာကို ဆိုလိုလဲဆိုတာ သိတယ်မလား။”
လုပေါင်က ပြုံးလျက် ထောက်ခံလိုက်ပြီးနောက် လေသံတိုးတိုးဖြင့် သတိပေးလိုက်သည်။ ထိုကောင်မလေး၏ အကျင့်ကို သူ သိသည်။ အကယ်၍ လျော်ကြေးတွေ ပါနေလျှင် တစ်ခုခု မှားယွင်းသွားသည့်အခါ သူကပင် လိုက်ရှင်းပေးနေရမည် မဟုတ်ပါလား။
“ဒါကတော့... လျော်ကြေးဆိုတာက ကန့်သတ်ချက် တစ်ခုအနေနဲ့ ထားတာပါပဲ။ အဲဒါကို လုံးဝ ဖျက်လိုက်ဖို့ ဆိုတာကတော့...”
နင်ယွမ် ခုနကတင် ပျော်နေသော်လည်း အခုတော့ ဆဲချင်စိတ် ပေါက်သွားသည်။
‘ခင်ဗျားကကျွန်တော့်ကို သူမကို အစွမ်းကုန် မြှင့်တင်ခိုင်းပြီးတော့ ဘာကန့်သတ်ချက်မှ မထားရဘူးဆိုတော့... ကျွန်တော့်ကို ပရဟိတ လုပ်ငန်း လုပ်နေတယ်လို့ ထင်နေတာလား။’
‘ပရိသတ်တွေ အများကြီး ရှိတာနဲ့ပဲ ဒီလောက်တောင် မ်ိုက်နေရတာလား။’
“ကောင်းပါပြီလေ အေးအေးဆေးဆေးပဲ စဉ်းစားပါ။ အော်... ကျွန်တော့် ပရိသတ်တွေကလည်း ကျွန်တော့် ဗီဒီယိုတွေအောက်မှာ နေ့တိုင်း ဗီဒီယိုအသစ် တင်ဖို့ တောင်းဆိုနေကြတာ။ သူတို့ကို အလုပ်တစ်ခုခု ပေးထားလိုက်ရင် အတော်ပဲ။ သူတို့ကို လူမှုကွန်ရက်ရဲ့ အဆင့်သတ်မှတ်ချက်တွေနဲ့ စာရင်းတွေကို ကြိုက်သလို ဝင်ပြီး တိုက်ခိုက်ခိုင်းလိုက်ရုံပေါ့။”
လုပေါင်က နင်ယွမ်ကို ဆွေးနွေးဖို့ အခွင့်အရေး မပေးတော့ဘဲ သူ့ဘာသာ ရေရွတ်နေသကဲ့သို့ ပြောလိုက်သည်။
“ပြီးတော့ ခင်ဗျားတို့ လူမှုကွန်ရက်မှာ ကူးသန်းရောင်းဝယ်ရေး အမှာစာတွေ အများကြီး ရှိတယ် မဟုတ်လား။ အဲဒီအချိန်ကျရင် ကျွန်တော့် ပရိသတ်တွေကို ခင်ဗျားတို့နဲ့ လက်တွဲလုပ်နေတဲ့ လုပ်ငန်းအားလုံးရဲ့ အပြစ်အနာအဆာတွေကို လိုက်ရှာခိုင်းလိုက်မယ်။ အရည်အသွေးမမီတဲ့ ကုန်သည်တွေကြောင့် ခင်ဗျားတို့ လိမ်မခံရအောင် ကူညီပေးတာပေါ့။”
ဒီနေ့ခေတ် လူ့အဖွဲ့အစည်းမှာ အပြစ်အနာအဆာ ကင်းတဲ့ လုပ်ငန်းဆိုတာ ဘယ်မှာ ရှိမှာလဲ။အကယ်၍ လုပေါင်သာ တကယ် လုပ်လိုက်မည်ဆိုလျှင် သူတို့ လူမှုကွန်ရက် ရှေ့ဆက်ဖို့ မတွေးဝံ့စရာပင်။
“အဟမ်း... ကောင်းပါပြီ ကျွန်တော် ထင်တာတော့ ကျွန်တော်တို့ ညီမလေးက တကယ်ကို အရည်အချင်းရှိပြီး အခြေခံကောင်းတွေ ရှိတာပဲ...”