အခန်း (၂၆၅-၂၆၆)
Vol. 27 Ch. 265-266
အခန်း ၂၆၅- ရတနာနတ်ဘုရား၏ ခန့်ညားထည်ဝါမှု။
“မိသားစုဝင်တွေအားလုံး ဝိုင်းဝန်းကူညီပေးကြလို့ အခု ကိစ္စအားလုံး ပြေလည်သွားပါပြီ။ အချိန်လည်း နောက်ကျနေပြီဆိုတော့ အားလုံးပဲ အနားယူကြပါဦး။ ပြီးတော့ ကျေးဇူးတင်တဲ့အနေနဲ့ ဒီလထဲမှာ အနည်းဆုံး သုံးကြိမ် live လွှင့်ပေးမယ်လို့ ကတိပေးပါတယ်။ တစ်ခါလွှင့်တိုင်းလည်း မတူညီတဲ့ အတွေ့အကြုံသစ်တွေ ပေးနိုင်အောင် လုပ်ဆောင်ပေးသွားမှာပါ။”
နင်ယွမ်နှင့် အသေးစိတ် အချက်အလက်များကို ဆွေးနွေးပြီးနောက် လုပေါင်သည် နောက်ထပ် ဗီဒီယိုတစ်ခုကို တင်လိုက်သည်။ လုပေါင်၏ သြဇာညောင်းမှုမှာ အလွန်အားကောင်းလှရာ ဗီဒီယိုတင်ပြီးသည်နှင့် တပြိုင်နက် လူမှုကွန်ရက်စာမျက်နှာ တစ်ခုလုံးမှာ တဖြည်းဖြည်း ငြိမ်သက်သွားပြီး ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားတော့သည်။
သို့သော်လည်း လူတိုင်းကတော့ နတ်ဘုရားတစ်ပါးကဲ့သို့ သြဇာကြီးမားလှသည့် ဤ Streamer ရတနာနတ်ဘုရား ကို ကောင်းကောင်းကြီး မှတ်မိသွားကြပြီဖြစ်သည်။
လုံရှ မှာမူ အစပိုင်းတွင် အောင်ပွဲခံနေခဲ့သော်လည်း။အခုလို ရုတ်တရက် အခြေအနေတွေ ပြောင်းလဲသွားပြီး သူမ၏ အကောင့်ပင် အပိတ်ခံလိုက်ရသည့်အခါ လုံးဝ မှင်သက်သွားတော့သည်။ ညနေပိုင်း လေ့ကျင့်ခန်းတွင်လည်း သူမကို မည်သည့်နေရာတွင်မှ မတွေ့ရတော့ပေ။ မူလက ဒါရိုက်တာ ဝမ်ဟောက်က လုရှောင်မုန့်ဘက်ကို အစွန်းရောက်ဘက်လိုက်နေသဖြင့် ဆရာ နှစ်ဦးက သူမကို ပညာမသင်ပေးဘဲ တမင် လျစ်လျူရှုထားခဲ့ကြသည်။ သို့သော် အခုတော့ လုပေါင်၏ ရတနာမိသားစု ၏ စွမ်းပကားကို မျက်ဝါးထင်ထင် မြင်လိုက်ရသည့်အခါ ဆရာလေးဦးစလုံးမှာ လုရှောင်မုန့်ကို ဖားရန်အတွက် သူမဘေးတွင် ဝိုင်းဝိုင်းလည်နေကြတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်တစ်နေ့သို့ ရောက်ရှိလာခဲ့သည်။ ယနေ့မှာတော့ ပြိုင်ပွဲကွင်းတွင် လူကိုယ်တိုင် လာကြည့်ရမည့် ဖွင့်ပွဲနေ့ပင် ဖြစ်သည်။ လုပေါင်၏ အနားယူမှုကို မနှောင့်ယှက်ဝံ့သဖြင့် ဒါရိုက်တာ ဝမ်ဟောက်နှင့် အဖွဲ့သည် ညနေ သုံးနာရီအထိ စောင့်ဆိုင်းပြီးမှ လုပေါင်ကို လာခေါ်ရန် ဝိုင်ချက်စက်ရုံသို့ ရောက်လာကြသည်။
ဒါရိုက်တာ ဝမ်ဟောက်သည် ဖျော်ဖြေရေးလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သူဖြစ်ပြီး သူ၏ ဝါရင့်မှုအရ ထိပ်တန်းစူပါစတားများကိုပင် အထူးတလည် ယဉ်ကျေးပြနေရန် မလိုပေ။ သို့သော် လုပေါင် ဝိုင်ချက်စက်ရုံထဲမှ ထွက်လာသည်ကို မြင်လိုက်ရသည့်အခါ သူသည် မသိစိတ်ထဲမှပင် အလိုလို ကျုံ့သွားမိသည်။
“အစ်ကိုကြီး”
လုရှောင်မုန့်က လုပေါင်ကို မြင်သည်နှင့် တခိခိရယ်ကာ လှမ်းခေါ်လိုက်သည်။
“တော်စမ်းပါ... ငါ့ကို အဲဒီလောက်ကြီး တက်ကြွမပြပါနဲ့ ငါ မခံစားနိုင်လို့ပါ။”
လုရှောင်မုန့်၏ တက်ကြွလွန်းသော အမူအရာကို မြင်သဖြင့် လုပေါင် တစ်ကိုယ်လုံး နေရခက်သွားရသည်။
“တက်ကြွပြတာ ဘာဖြစ်လို့လဲ။အစ်ကိုနဲ့ ဘာဆိုင်လို့လဲ။”
လုရှောင်မုန့်က မျက်စောင်းထိုးကာ ပြန်ပက်လိုက်သည်။
“ဟေး... အဲဒီပုံစံမှ အမှန်ပဲ။”
ချက်ချင်းပင် လုပေါင် ခေါင်းညိတ်ကာ ပြုံးလျက် ပြောလိုက်သည်။
ထိုစနောက်နေကြသော မောင်နှမနှစ်ယောက်ကို ကြည့်ရင်း ကားပေါ်တွင် လိုက်ပါလာသည့် ဆရာလေးဦးမှာ မှင်သက်နေကြသည်။ လုပေါင်ကို ကြည့်လိုက်လျှင် သာမန်လူငယ်တစ်ဦးကဲ့သို့သာ ဖြစ်သော်လည်း ဗီဒီယိုတစ်ပုဒ်တည်းနှင့် လူသန်းပေါင်းများစွာကို လှုပ်နှိုးပြီး လူမှုကွန်ရက်ကို ပျက်စီးလုနီးပါး ဖြစ်အောင် လုပ်ခဲ့သည့် ရတနာနတ်ဘုရား ဖြစ်နေလိမ့်မည်ဟု မြင်ယောင်ကြည့်ရန်ပင် ခက်ခဲလှသည်။
ဒါရိုက်တာ ဝမ်ဟောက်တို့ စီးလာသော ကားမှာ နာမည်ကြီးများ စီးသည့် နာနီဗင်ကားကြီး ဖြစ်သဖြင့် အားလုံး နောက်ခန်းတွင် ထိုင်သော်လည်း မကျပ်ပေ။ လုပေါင် ကားပေါ်တက်လိုက်သည်နှင့် တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်ကြတော့သည်။ ဤဆရာများမှာ လူသိများသော ပုဂ္ဂိုလ်များဖြစ်ကြရာအရင်တုန်းကဆိုလျှင် သူတို့က နှုတ်ဆက်သည်ကိုပင် လုပေါင် အလွန်စိတ်လှုပ်ရှားနေမိမည် ဖြစ်သည်။ သို့သော် အခုတော့ လုပေါင်သည် အေးတိအေးစက်သာ တုံ့ပြန်ပြီး သူတို့ကို ဂရုမစိုက်တော့ပေ။
လုပေါင်၏ အေးစက်မှုကို ရင်ဆိုင်ရသော်လည်း သူတို့သည် အရှက်ရဟန်မပြဘဲ သူတို့ဘာသာ တိတ်တဆိတ် စကားပြောနေကြသည်။
“ရှောင်မုန့်လေး... ငါ လူမှုကွန်ရက် ပိုင်ရှင်နဲ့ စကားပြောပြီးပြီ။ နင့်ရဲ့ အစီအစဉ် ရိုက်ကူးပြီးတာနဲ့ သူ့ရဲ့ စီမံခန့်ခွဲရေး ကုမ္ပဏီက နင့်ကို စာချုပ်ချုပ်ပြီး လူမှုကွန်ရက်ရဲ့ သံတမန် အဖြစ် မြှင့်တင်ပေးလိမ့်မယ်။”
လုပေါင်က ရှောင်မုန့်ကို တည်ငြိမ်စွာ ပြောလိုက်သည်။
ဤစကားကို ကြားလိုက်ရသည့်အခါ ဒါရိုက်တာ ဝမ်ဟောက် အပါအဝင် လူတိုင်း နောက်တစ်ကြိမ် တုန်လှုပ်သွားကြပြန်သည်။ သူတို့ မနေ့က တစ်နေကုန် ရှာဖွေကြည့်ပြီးမှ လုပေါင်သည် ocean live stream၏ ထိပ်တန်း Streamer ဖြစ်မှန်း သိခဲ့ကြခြင်း ဖြစ်သည်။ သို့သော် အခုတော့ သူသည် လူမှုကွန်ရက် ပိုင်ရှင်နှင့်ပင် တစ်ညတည်းနှင့် သံတမန်စာချုပ်ကို အေးအေးဆေးဆေး ဆွေးနွေးနိုင်ခဲ့သည်တဲ့လား။ သူက ဘယ်လို နတ်ဘုရားမျိုးလဲ။
လုရှောင်မုန့်သည် လူသစ်တစ်ဦး ဖြစ်သော်လည်း အစီအစဉ်တွင် ကြာကြာနေခဲ့သဖြင့် ဤအခွင့်အရေးမှာ မည်မျှ ကြီးမားသည်ကို ကောင်းကောင်း နားလည်သည်။
“အစ်ကိုကြီးကတော့ အစ်ကိုကြီးပဲ တကယ်ကို လန်းတယ်။”
ဘေးကလူတွေကို ဂရုမစိုက်ဘဲ လုရှောင်မုန့်ကားပေါ်မှာတင် အားရပါးရ အော်ဟစ် အောင်ပွဲခံတော့သည်။ အရင်ကဆိုလျှင် ဆရာများက သူမ၏ အမူအရာကို ဝေဖန်ကြပေလိမ့်မည်။ သို့သော် အခုတော့ သူတို့အားလုံးမှာ ပြုံးစိစိနှင့် ဟန်ဆောင်ဂုဏ်ပြုစကားများသာ ပြောနေကြသည်။ ဤအခွင့်အရေးနှင့်ဆိုလျှင် လုရှောင်မုန့်သည် မကြာမီ သူတို့နှင့် တန်းတူ သို့မဟုတ် သူတို့ထက်ပင် မြင့်မားသော အဆင့်သို့ ရောက်ရှိလာတော့မည်ကို သူတို့ သိနေကြသည်။
သူတို့အားလုံး၏ စိတ်ထဲတွင် ဖုန်းပွတ်နေသော လုပေါင်ကို ကြည့်ကာ နတ်ဘုရားဆိုသည့် စကားလုံး တစ်လုံးတည်းသာ ပေါ်လာတော့သည်။
“ရတနာနတ်ဘုရား... ကျွန်တော်က ခင်ဗျားရဲ့ အမာခံ ပရိသတ်တစ်ယောက်ပါ။ ခင်ဗျားရဲ့ live တွေ အကုန်ကြည့်ဖူးတယ်။”
“ရတနာနတ်ဘုရား... ရေအောက် live လွှင့်တုန်းက မှတ်မိလား။ကျွန်တော် ရတနာမြေပုံ တစ်ခု ပေးခဲ့ဖူးတယ်။”
“ကျွန်တော်တို့တွေ တစ်ခါလောက် ပေါင်းပြီး အလုပ်လုပ်ကြမလား။ ကျွန်တော့်ရဲ့ သီချင်းအသစ်လည်း မကြာခင် ထွက်တော့မှာဆိုတော့။”
မျက်စိတစ်မှိတ်အတွင်းမှာပင် မနေ့ညကမှ လုပေါင်နှင့် စတင်တွေ့ဖူးသော ဆရာများမှာ အမာခံ ပရိသတ်များ အဖြစ်သို့ ပြောင်းလဲသွားကြသည်။ လုပေါင်ကတော့ ဤလူများမှာ အခြေအနေကြည့်ပြီး ဖားတတ်သူများမှန်း သိထားသည်။ သူတို့လို စတားတွေက သူ့လိုက်ဖ်ကို ကြည့်ဖို့ အချိန်ရှိမှာ မဟုတ်တာ သေချာသည်။ သူသည် ဟန်ဆောင်ရယ်မောပြီးသာ တုံ့ပြန်လိုက်ကာ သူတို့ကို အာရုံမစိုက်တော့ပေ။
“ဟင် ဘာလို့ ရပ်သွားတာလဲ။”
ထိုအချိန်တွင် ဒါရိုက်တာ ဝမ်ဟောက်က ဇဝေဇဝါဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ သူတို့ကွင်းကို သွားနေကြခြင်းဖြစ်ပြီး အခုမှ လမ်းတစ်ဝက်မှာသာ ရှိသေးသည်။
“ဒုန်း ဒုန်း”
တစ်ချိန်တည်းမှာပင် ကားတံခါးကို လာခေါက်သံ ကြားလိုက်ရသည်။ ဤကားများသည် စတားများ စီးသည့်ကား ဖြစ်သဖြင့် လျှို့ဝှက်ရိုက်ကူးမှုများ မခံရစေရန် မှန်တင်းမပါဘဲ ပိတ်ထားခြင်း ဖြစ်သည်။ အပြင်မှာ ဘာဖြစ်နေမှန်း မည်သူမျှ မသိပေ။ လုပေါင်သည် တံခါးနှင့် အနီးဆုံး ဖြစ်သဖြင့် ဇဝေဇဝါဖြင့် တံခါးကို ဖွင့်လိုက်သည်။
တံခါးပွင့်သွားသည်နှင့် ရှိသမျှလူအားလုံး မှင်သက်သွားကြတော့သည်။ ကားအပြင်ဘက်တွင် စစ်ကားများစွာက သူတို့၏ ကားကို ဝိုင်းထားခြင်း ဖြစ်သည်။
“ကျွန်တော့်ကို ရှာတာလား။”
ကားပေါ်ရှိ စစ်ကားများနှင့် အထူးတပ်ဖွဲ့ဝင် များကို ကြည့်ကာ လုပေါင်က တံခါးခေါက်သူကို မေးလိုက်သည်။
“ဟုတ်ကဲ့ ခင်ဗျားကို ရှာနေတာပါ။”
ခေါင်းဆောင်ဖြစ်သူက ပြတ်သားစွာ ခေါင်းညိတ်ပြသည်။
“ကျွန်တော်တို့က သူနဲ့ သိပ်မသိပါဘူးနော်။”
“ဟုတ်တယ်။ဒီနေ့မှ တွေ့ကြတာပါ။ အစီအစဉ်တစ်ခုတည်းမှာ ပါလို့သာ အတူတူ လိုက်လာတာပါ။”
“တစ်ခုခု ဖြစ်လို့လားခင်ဗျာ။”
အခြေအနေကို မြင်လိုက်ရသည့်အခါ ခုနကတင် သစ္စာရှိ ပရိသတ်ဖြစ်ချင်ယောင်ဆောင်နေသူများမှာ ချက်ချင်းပင် လုပေါင်နှင့် မပတ်သက်ကြောင်း အော်ဟစ်ငြင်းဆိုကြတော့သည်။ သူတို့အမြင်တွင် လုပေါင်မှာ ပြဿနာတစ်ခုခု အကြီးအကျယ် တက်နေပြီဟု ထင်သွားကြခြင်း ဖြစ်သည်။
သို့သော် နောက်တစ်စက္ကန့်တွင် သူတို့အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားစေမည့် မြင်ကွင်းတစ်ခု ပေါ်လာသည်။
“မင်္ဂလာပါ... ကျွန်တော်တို့ကို ဗိုလ်ချုပ် ချန် က လွှတ်လိုက်တာပါ။ ခင်ဗျား လူကိုယ်တိုင် ဖျော်ဖြေပွဲမှာ ပါဝင်မယ်ဆိုတာကို ဗိုလ်ချုပ်ကြားသိရတဲ့အတွက် ကျွန်တော်တို့ကို အထူး အစောင့်အရှောက်အဖြစ် စေလွှတ်လိုက်တာပါ။”
လုပေါင်၏ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုပြီးသည်နှင့် ထိုသူသည် ချက်ချင်းပင် ကိုယ်ကိုမတ်ကာ လုပေါင်ကို အလေးပြုလိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။
“မင်္ဂလာပါ အရာရှိချုပ်။”
တစ်ချိန်တည်းမှာပင် နောက်က စစ်ကားများပေါ်မှလည်း ကျယ်လောင်သော အော်ဟစ်သံများ ထွက်ပေါ်လာသည်။
ဒါကို မြင်လိုက်ရသည့်အခါ လုပေါင်၏ နှုတ်ခမ်းများ တွန့်သွားသည်။ ဗိုလ်ချုပ် ချန်ချုံရှန်းသည် မနေ့က သူလုပ်ခဲ့သမျှကို သိသွားပြီး သူ့အတွက် အရှိန်အဝါ မြှင့်တင်ပေးချင်နေမှန်း သူ သိလိုက်သည်။ ဒါက ဒုတိယအချက်ပေါ့ အဓိကအချက်ကတော့ သူ ကတိပေးထားတဲ့ အထူးတပ်ဖွဲ့ကိစ္စကို မြန်မြန်လုပ်ပေးဖို့ လာတိုက်တွန်းတာပဲ ဖြစ်ရမည်။ သို့သော် တစ်ဖက်လူက အခုလို မျက်နှာသာပေးလာသဖြင့် လုပေါင်အနေနှင့်လည်း မငြင်းသာပေ။
“ကောင်းပါပြီ ပင်ပန်းသွားကြပါဦးမယ်။”
လုပေါင်က ပြုံးလျက် ခေါင်းညိတ်ပြလိုက်ပြီးနောက် ကားတံခါးကို ပြန်ပိတ်လိုက်သည်။ ခုနကတင် လုပေါင်နှင့် မပတ်သက်ကြောင်း အမြန်ငြင်းဆိုခဲ့ကြသော ဆရာများမှာမူ အလွန်အမင်း အရှက်ရသွားကြပြီး လုပေါင်ကို မော့တောင် မကြည့်ရဲကြတော့ပေ။
တစ်ဖက်တွင်လည်း ဒါရိုက်တာ ဝမ်ဟောက်သည် လုပေါင်ကို ထိတ်လန့်တကြား ကြည့်နေမိသည်။ ရတနာနတ်ဘုရား၏ အဆင့်အတန်းက တကယ်တော့ ဘာလဲ။Variety Show တစ်ခုမှာ ပါဝင်ဖို့အတွက် ဒီလောက်အထိ ခန့်ညားထည်ဝါတဲ့ အခြံအရံတွေနဲ့ လာတာတဲ့လား။
အခန်း ၂၆၆- အရည်အသွေးမြင့် ပရိသတ်ဆိုတာ ဘာလဲ။
ချင်းကျန်း မြို့လယ်ခန်းမ။
ဤနေရာမှာတော့ အစီအစဉ်ရိုက်ကူးရေးအဖွဲ့က ယခုအကြိမ်အတွက် ရွေးချယ်ထားသည့် ပြိုင်ပွဲကျင်းပရာနေရာ ဖြစ်သည်။ မူလက သတ်မှတ်ထားသည့် ပြိုင်ပွဲမှာ ည ၇ နာရီတွင် စတင်မည် ဖြစ်သော်လည်း အခု ညနေ ၄ နာရီကျော်ကျော်မှာတင် ကွင်းပတ်ဝန်းကျင် တစ်ခုလုံးမှာ လူများဖြင့် ပြည့်နှက်နေပြီဖြစ်သည်။
အစီအစဉ်၏ ဧည့်သည်များဖြစ်သည့် လုပေါင်နှင့် အဖွဲ့မှာမူ သာမန်ပရိသတ်များနှင့် ရောနှော၍ မရပေ။ ထိုသို့လုပ်လျှင် ရုန်းရင်းဆန်ခတ်မှုများသာ ဖြစ်လာပေလိမ့်မည်။ ကွင်းတစ်ခုလုံးမှာ အနိမ့်အမြင့် အထပ်များစွာရှိပြီး လုပေါင်တို့အဖွဲ့မှာ ဒုတိယထပ်သို့ တိုက်ရိုက်ရောက်ရှိသည့် VIP လမ်းကြောင်းမှ ဝင်ရောက်ခဲ့ကြသည်။
ကားများ ရပ်နားပြီးသည်နှင့် အထူးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက လုံခြုံရေးတာဝန်များကို တိုက်ရိုက် လွှဲပြောင်းယူလိုက်ပြီး ကွင်းပတ်ဝန်းကျင်တွင် ကင်းလှည့်ခြင်းနှင့် ကာကွယ်ရေး အစီအမံများကို စတင် လုပ်ဆောင်ကြတော့သည်။
လုရှောင်မုန့်သည် မူလက ပျော်ရုံသက်သက်သာ ပြိုင်ပွဲဝင်ခဲ့ခြင်း ဖြစ်သော်လည်း အခုတော့ အစ်ကိုဖြစ်သူက သူမအတွက် လမ်းခင်းပေးထားပြီ ဖြစ်သည်။ အကယ်၍ သူမသာ အစွမ်းကုန် မကြိုးစားလျှင် အစ်ကိုဖြစ်သူ၏ စီစဉ်ပေးမှုများကို အားနာစရာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ကားပေါ်မှ ဆင်းသည်နှင့် လုရှောင်မုန့်သည် ဆရာ အချို့နှင့်အတူ လေ့ကျင့်ရန် ကွင်းထဲသို့ လိုက်သွားတော့သည်။
“အောက်က လူတွေအားလုံးက ခင်ဗျားရဲ့ ပရိသတ်တွေ ဖြစ်နေပုံရတယ်။ ငါတို့ အစီအစဉ်ရဲ့ ပရိသတ်တွေကို ခေါ်နိုင်စွမ်းကတော့ အတော်လေး အားနည်းနေသေးတယ်။”
ဒါရိုက်တာ ဝမ်သည် လုပေါင်နှင့်အတူ ရပ်ကာ အပေါ်ထပ်မှ တစ်ဖက်မြင်မှန်ကတဆင့် အောက်က လူအုပ်ကြီးကို ကြည့်ရင်း ခါးသီးသော အပြုံးဖြင့် ပြောလိုက်သည်။ ယခုအခါ သူသည် လုပေါင်၏ စွမ်းဆောင်ရည်ကို သိထားပြီး ဖြစ်သဖြင့် လုပေါင်ကို ပို၍ ချီးကျူးရန် ဝန်မလေးတော့ပေ။
“သူတို့အားလုံးက ကျွန်တော့် ပရိသတ်တွေလား။”
လုပေါင် အံ့သြတုန်လှုပ်စွာ ကြည့်လိုက်မိပြီးမှ လူအများအပြားမှာ အားပေးသည့် ဆိုင်းဘုတ်မျိုးစုံ ကိုင်ထားကြသည်ကို သတိထားမိတော့သည်။ အဆိုပါ ဆိုင်းဘုတ်များမှာ ခြွင်းချက်မရှိ ရတနာနတ်ဘုရားကို အားပေးသည့် စာသားများဖြင့် ပြည့်နှက်နေသည်။ ဆန့်ကျင်ဘက်အနေဖြင့် ပြိုင်ပွဲဝင်များကို အားပေးသည့် ဆိုင်းဘုတ်များမှာမူ မတွေ့ရသလောက်ပင်။
အစီအစဉ်အဖွဲ့က ပြိုင်ပွဲဝင်များအတွက် အားပေးသည့် မီးဆိုင်းဘုတ်များကို အပြင်ဘက်တွင် ဝေငှရန် စီစဉ်ထားသော်လည်း မည်သူမျှ သွားရောက် မယူကြပေ...။ အွန်လိုင်းမှသည် လက်တွေ့ဘဝသို့ ကူးပြောင်းလာသည့် ဤခံစားချက်မှာ လုပေါင်အတွက် ဖော်ပြမရနိုင်အောင် ထူးဆန်းနေသည်။
“အစီအစဉ်က ဘယ်အချိန် စမှာလဲ။”
ထိုအချိန်တွင် လုပေါင်က ခေါင်းလှည့်ကာ ဒါရိုက်တာ ဝမ်ကို မေးလိုက်သည်။
“ည ၇ နာရီမှာပါ။ ဘာလို့လဲဗျ။”
ဒါရိုက်တာ ဝမ်က ဇဝေဇဝါဖြင့် မေးသည်။
“ကောင်းပြီလေ ဒါဆို အစီအစဉ်မစခင်လေးမှ ကျွန်တော် ပြန်လာခဲ့မယ်။”
လုပေါင်က ပြန်ပြောပြီး ဒါရိုက်တာ ဝမ် ဘာမှပြောခွင့်မရခင်မှာပင် အပေါ်ထပ် လမ်းကြောင်းအတိုင်း ထွက်သွားတော့သည်။
လုပေါင် ရုတ်တရက် ထွက်သွားသည်ကို ကြည့်ပြီး ဒါရိုက်တာ ဝမ်၏ နှုတ်ခမ်းများ တွန့်သွားသော်လည်း ဘာမှ မပြောရဲပေ။ သူသည် ဤဆရာကြီးကို စိတ်မဆိုးစေဝံ့ပါ။
လမ်းကြောင်းမှ ထွက်လာပြီးနောက် လုပေါင်သည် လူမရှိသော ထောင့်တစ်ခုကို ရှာကာ နဂါးဧရာကျွန်း သို့ ဝင်သွားလိုက်သည်။ ပြန်ရောက်လာသည့်အခါတွင်မူ သူသည် လမ်းတစ်လျှောက် လမ်းလျှောက်လာခဲ့သည်။
“ဦးလေး... ဖရဲသီး တစ်လုံး ဘယ်လောက်လဲ။”
မကြာမီ လုပေါင်သည် ဖရဲသီးဆိုင်တစ်ခု ရှေ့တွင် ရပ်လိုက်သည်။ ဤဆိုင်မှာ လျှပ်စစ်သုံးဘီးဆိုင်ကယ် နောက်တွဲတွင် ဖရဲသီးများ ပုံထားခြင်း ဖြစ်သည်။
“လူငယ်လေး... ဒါတွေက အခင်းထဲက ခုတင်ပဲ ခူးလာတာ လတ်ဆတ်နေတာပဲ။ တစ်ပိဿာကို နှစ်ထောင် ပဲ သေချာပေါက်...”
လူလာသည်ကို မြင်သည်နှင့် ဖရဲသီးရောင်းသည့် အဖိုးအိုက အမြန်ထရပ်ကာ ပြုံးလျက် ပြောလိုက်သည်။ သို့သော် သူ စကားမဆုံးခင်မှာပင် လုပေါင်က ငွေကျပ် တစ်သောင်း ကို သူ၏ ရှေ့သို့ တိုက်ရိုက် ပစ်ချပေးလိုက်သည်။
“လူငယ်လေး... မင်း...”
ပိုက်ဆံအများကြီးကို မြင်လိုက်ရသည့်အခါ အဖိုးအိုမှာ လုံးဝ မှင်သက်သွားတော့သည်။
ထိုအခါ လုပေါင်က ပြုံးလျက် ပြောလိုက်သည်။
“ကျွန်တော် ဦးလေးရဲ့ အသီးတွေကို ဝယ်တာ မဟုတ်ပါဘူး။ အသီးတွေကို မြေကြီးပေါ် ချထားပြီး ဆက်ရောင်းလိုက်ပါ။ ကျွန်တော့်ကို ဆိုင်ကယ်လေး ခဏလောက် ငှားပါ နောက်မှ မြို့လယ်ခန်းမ မှာ လာယူလိုက်ပါ။”
“အို... မင်း... လူငယ်လေး... မင်း မသိပါဘူး။ ငါ့အိမ်မှာ လူမမာ နှစ်ယောက် ရှိနေတာ ငါလည်း...”
လုပေါင်၏ စကားကို ကြားလိုက်ရသည့်အခါ အဖိုးအိုမှာ စကားများပင် ထစ်ကုန်ပြီး အလွန်အမင်း စိတ်လှုပ်ရှားနေပုံရသည်။ လူတိုင်းမှာ ကိုယ်စီ အခက်အခဲ ရှိကြသည် မဟုတ်ပါလား။ ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ လုပေါင်လည်း ခါးသီးစွာ ပြုံးလိုက်မိပြီးနောက် အဖိုးအိုအား အသီးများ ချပေးရန် ကူညီပေးလိုက်သည်။
“လူငယ်လေး... နာမည်လေး ပြောပေးခဲ့ပါလား။ ဦးလေး နောင်ကျရင် ဒီပိုက်ဆံကို ပြန်ဆပ်နိုင်အောင် ကြိုးစားပါ့မယ်။”
အဖိုးအိုက မြေကြီးပေါ်တွင် လုပေါင် ချထားပေးခဲ့သည့် ပိုက်ဆံများကို ကြည့်ကာ တုံ့ဆိုင်းစွာ ပြောလိုက်သည်။
“ကောင်းမှုလုပ်တာ နာမည် ထားခဲ့စရာ မလိုပါဘူး။ ဒါပေမဲ့ ဦးလေး တကယ် သိချင်တယ်ဆိုရင်တော့ ကျွန်တော့်ကို ရတနာနတ်ဘုရား လို့သာ ခေါ်လိုက်ပါ။ ခန်းမရှေ့မှာ ဆိုင်ကယ် ပြန်လာယူဖို့ မမေ့နဲ့ဦးနော်။”
လုပေါင်က အနည်းငယ် ပြုံးပြလိုက်ပြီး ဆိုင်ကယ်ကို ချက်ချင်း လှည့်ကာ မြို့လယ်ခန်းမဆီသို့ မောင်းထွက်ခဲ့သည်။ သူသည် နေရပ်ဇာတိတွင် ဤကဲ့သို့သော သုံးဘီးဆိုင်ကယ်များကို မကြာခဏ စီးဖူးသဖြင့် မောင်းနှင်ရန် ပြဿနာမရှိပေ။
သူသည် လူမရှိသော နေရာသို့ အရင်သွားကာ တွင်းနက်ထဲမှ သူ ခူးလာခဲ့သည့် စပျစ်သီးအချို့ကို ထုတ်ယူကာ ဆိုင်ကယ်နောက်တွင် ပုံထားလိုက်ပြီးမှ ဆက်လက် မောင်းလာခဲ့သည်။
နွေရာသီ၏ အပူရှိန် အပြင်းဆုံးအချိန် ဖြစ်သဖြင့် ခန်းမအပြင်ဘက်တွင် အရိပ်ရစရာ သိပ်မရှိပေ။ လူတိုင်းမှာ ထီးများကို ကိုင်ထားကြရသလို အချို့ကလည်း အားပေးသည့် မီးဆိုင်းဘုတ်များကိုပင် နေကာအဖြစ် အသုံးပြုနေကြသည်။ လုပေါင် သုံးဘီးဆိုင်ကယ်နှင့် မောင်းလာသည်မှာ အစပိုင်းတွင် သိပ်သတိမထားမိကြပေ။
သို့သော် လုပေါင်က ဖုန်းကို ထုတ်ကာ live လွှင့်သည့် အက်ပ်ကို ဖွင့်လိုက်သည့် အချိန်အထိပင်။ လူတွေ အများကြီး ရှိနေသဖြင့် လုပေါင်သည် စနစ် ကို အသုံးမပြုနိုင်ပေ။အနားတွင် လူတွေ အများကြီး ရှိနေသဖြင့် ရှင်းပြရန် ခက်ခဲမည် ဖြစ်သလိုအားလုံးမှာလည်း သူ၏ ပရိသတ်များ ဖြစ်နေကြသည်။
“ဟေး... ဟိုးမှာကြည့် ရတနာနတ်ဘုရား live လွှင့်နေပြီ။”
“သွားကြည့်ကြရအောင် ရတနာနတ်ဘုရား လိုက်ဖ်လွှင့်နေတယ် နေဦး... သူ့ရဲ့ တည်နေရာက...”
“တစ်ခုခုတော့ မှားနေပြီ။ သူက ငါတို့နဲ့အတူ ဒီမှာ ရှိနေသလိုပဲ။”
အမှန်ပင်။လုပေါင် live လွှင့်လိုက်သည်နှင့် ခန်းမအပြင်ဘက်တွင် အော်ဟစ်သံများ ဆူညံသွားတော့သည်။ ချက်ချင်းပင် လူတိုင်းက လုပေါင် ရှိရာကို မြင်သွားကြပြီး သူ့ဆီသို့ အလုံးအရင်းနှင့် ပြေးလာကြတော့သည်။
“အားလုံးပဲ အားပေးကြလို့ ကျေးဇူးတင်ပါတယ်။ အကြာကြီး စောင့်လိုက်ရပြီနော်။ ဒါတွေက ကျွန်တော် ကိုယ်တိုင် စိုက်ထားတဲ့ စပျစ်သီးတွေပါ။ ပရိသတ်တွေအတွက် လက်ဆောင် အနေနဲ့ ပေးတာပါ။အလကားယူလို့ ရပါတယ်။”
ပြေးလာသော လူအုပ်ကြီးကို ကြည့်ကာ လုပေါင်က ပြုံးလျက် ကျယ်လောင်စွာ ပြောလိုက်သည်။
ပရိသတ်တွေ အများကြီး ရှိနေသည့်အတွက် လုပေါင် ကဲ့သို့ လူလည်တစ်ယောက်က ဤကြော်ငြာအခွင့်အရေးကို လွယ်လွယ်နှင့် လက်လွှတ်မည် မဟုတ်ပေ။ သူ၏ ရွှေရောင်ကမ်းခြမှာ စိုက်ပျိုးရေး လုပ်နိုင်အောင် ပြောင်းလဲပြီးပြီ ဖြစ်သည်။ ဤအခိုက်အတန့်တွင် မကြော်ငြာလျှင် မည်သည့်အချိန်တွင် ကြော်ငြာမည်နည်း။ live မှာ ဘယ်လောက်ပဲ ကောင်းတယ်ပြောပြော လူတွေ ကိုယ်တိုင် မြည်းစမ်းကြည့်ပြီး ပြောတဲ့ နှုတ်ထွက်စကားလောက် အစွမ်းမထက်ပေ။
အဓိကကတော့ ဤလူများ သူ့ကို စောင့်နေကြသည်ကို မြင်ရသည့်အခါ လုပေါင် စိတ်မကောင်း ဖြစ်မိသောကြောင့် ဖြစ်သည်။ အသီးအချို့ လက်ဆောင်ပေးခြင်းက သူ လုပ်ပေးနိုင်သော အနိမ့်ဆုံးအရာပင်။
“ဝိုး... ရတနာနတ်ဘုရားက တကယ်ကို ဂရုစိုက်တတ်တာပဲ။ပရိသတ်တွေကို ဒီလိုမျိုး ဖေးမတယ်ပေါ့။ ငါ့ရဲ့ အိုင်ဒေါကတော့ တကယ်ကို အားကိုးထိုက်တယ်။ အရမ်းချစ်တာပဲ။”
“တောက်... ငါလည်း သွားခဲ့သင့်တာ။ ရတနာနတ်ဘုရား ကိုယ်တိုင်စိုက်တဲ့ စပျစ်သီးတွေတဲ့ဟ။”
“တခြား နာမည်ကြီးတွေကို ကြည့်လိုက်ဦး ငါ့ရဲ့ ရတနာနတ်ဘုရား လိုမျိုး အပူဒဏ်သက်သာအောင် ကိုယ်တိုင်လာပြီး အသီးတွေ ဝေပေးတာ ဘယ်သူရှိလဲ။ ယှဉ်လို့တောင် မရဘူး။”
ခေတ္တမျှအတွင်း live လွှင့်ခန်းထဲရှိ လူတိုင်းမှာလည်း အလွန်ပင် စိတ်လှုပ်ရှားသွားကြသည်။ တစ်ချိန်တည်းမှာပင် လုပေါင်ကို ပိုက်ဆံပြန်အမ်းသည့်အလား လက်ဆောင်မျိုးစုံမှာလည်း တရစပ် ဝင်ရောက်လာတော့သည်။ လက်တွေ့ရှိ လူများမှာမူ ပို၍ ထူးခြားလှသည်။ တစ်ယောက်ချင်းစီမှာ အလွန်ပင် စိတ်လှုပ်ရှားနေကြသော်လည်း လုပေါင် ရှိရာသို့ ရောက်လာသည့်အခါတွင်မူ အားလုံးမှာ အမှန်တကယ်ပင် ရပ်တန့်သွားကြသည်။
“ညီအစ်ကိုတို့... ငါတို့က ရတနာနတ်ဘုရား ရဲ့ ပရိသတ်တွေ ဖြစ်တဲ့အတွက် သိက္ခာမကျပါစေနဲ့။ တန်းစီပြီးတော့ ယူကြရအောင်။”
လူအုပ်ထဲမှ တစ်ယောက်က အော်ပြောလိုက်သည်။ ထိုစကားကို ကြားသည်နှင့် ရုန်းရင်းဆန်ခတ် ဖြစ်နေသော လူအုပ်ကြီးမှာ အလိုအလျောက် တန်းစီလိုက်ကြတော့သည်။ စပျစ်သီးယူသည့်အခါ လုပေါင်နှင့် ဓာတ်ပုံတစ်ပုံ ရိုက်ရုံထက် ပိုမလုပ်ကြပေ။
“ဟင်... ဒါ ဘယ်လိုမျိုး အရည်အသွေးမြင့် ပရိသတ်တွေလ။ ဒီ ရတနာနတ်ဘုရား က တကယ်ကို စွမ်းတာပဲ မဟုတ်လား။”
“တကယ် ပြောတာပါ တခြား နာမည်ကြီးတွေရဲ့ ပရိသတ်တွေ ဒီလောက် ကောင်းတာ တစ်ခါမှ မမြင်ဖူးဘူး။ လူချင်းယှဉ်ရင် စိတ်ဆိုးစရာတောင် ကောင်းတယ်...”
“ကြည့်ရင်းနဲ့တောင် အားကျလိုက်တာ။ ဒီလူက ဘယ်လိုလုပ် ဒီလောက်အထိ အစွမ်းထက်နေရတာလဲ။”
ခန်းမအတွင်း ပြတင်းပေါက်နားတွင် နေခင်းစာ သောက်နေကြသော ဆရာအချို့မှာ ဤမြင်ကွင်းကို မျက်ဝါးထင်ထင် မြင်လိုက်ရသည့်အခါ မနာလိုဝန်တိုစိတ်ဖြင့် တိုးတိုးလေး ပြောနေကြတော့သည်။
လုပေါင် ကမူ သူ၏ အရည်အသွေးမြင့် ပရိသတ်များကို ကြည့်ကာ အလွန်ပင် ကျေနပ်နေမိသည်။
‘ငါ ရတနာနတ်ဘုရား ပရိသတ်တွေ ဖြစ်ရကျိုးနပ်ပါတယ်။ ဒါကိုမှ အရည်အသွေးလို့ ခေါ်တာပေါ့။’