အခန်း (၂၆၇-၂၆၈)
Vol. 27 Ch. 267-268
အခန်း ၂၆၇- ဖယ်လိုက်စမ်း ဒါ ငါ့ရဲ့ ပရိသတ်တွေ။
ယခုအခါ ညနေ ၆ နာရီ ရှိပြီဖြစ်သည်။
လုပေါင်သည် စပျစ်သီးဝေသည့်အလုပ်ကို အားလုံးပြီးစီးသွားပြီဖြစ်ကာ ဤliveလွှင့်မှုသည် သူ့ကိုယ်သူ ကြိုတင်ကြော်ငြာလိုက်သကဲ့သို့လည်း ဖြစ်သွားသည်။ လူမှုကွန်ရက်စာမျက်နှာဘက်ကလည်း အတော်လေး ပူးပေါင်းဆောင်ရွက်ပေးပြီး လုပေါင်၏ စပျစ်သီးဝေသည့်သတင်းကိုလူကြည့်အများဆုံးသတင်းစာရင်းထဲသို့ တိုက်ရိုက်ထည့်ပေးထားသည်။
နင်ယွမ်သည် နောက်ဆုံးတော့ သဘောပေါက်သွားပြီဖြစ်သည်။ သူသည် ရင်းနှီးမြှုပ်နှံမှု အများကြီးလုပ်ထားရသဖြင့် တစ်ခုခုတော့ ပြန်ရမှဖြစ်မည်။ နောင်တွင် လုပေါင်နှင့် ပတ်သက်သမျှ အရာအားလုံးကို Weibo ပေါ်တွင် Hot Search တက်အောင်လုပ်ပြီး လုပေါင်၏ ပရိသတ်အချို့ကို ဆွဲဆောင်ရန် သူ စီစဉ်ထားသည်။
ပြိုင်ပွဲကွင်းဘက်တွင်မူ အဝင်ပေါက်၌ ကော်ဇောနီနှင့် လုံခြုံရေးစည်းအတားအဆီးများကို ချထားပြီးပြီဖြစ်သည်။ မကြာမီ အစီအစဉ်အဖွဲ့မှ အနုပညာလေ့ကျင့်သူ များနှင့် ဆရာ များအားလုံး ဝင်ရောက်လာကြတော့မည်။ ဤသည်မှာ လူကိုယ်တိုင်လာကြည့်သည့် ပရိသတ်များအတွက် သူတို့၏ အိုင်ဒေါ များနှင့် နီးနီးကပ်ကပ် တွေ့ဆုံနိုင်သည့် အခွင့်အရေးတစ်ခုပင်ဖြစ်၏။
မကြာမီ ဘတ်စ်ကားတစ်စီး ရောက်ရှိလာပြီး အနုပညာလေ့ကျင့်သူများ အဖွဲ့လိုက် ဆင်းလာကြကာ မော်ဒယ်လ်များကဲ့သို့ လျှောက်လှမ်းလာကြသည်။ သို့သော် လူတိုင်းက မိမိတို့၏ ပရိသတ်များကို ဘယ်လိုနှုတ်ဆက်ရမလဲဟု ကြိုတင်တွေးထားကြသော်လည်း လက်တွေ့တွင်မူ ပရိသတ်အားလုံး၏ မျက်နှာမှာ အေးစက်နေကြသည်ကို တွေ့လိုက်ရသည်။ သူတို့၏ ပရိသတ်တစ်ဦးတစ်ယောက်မှ ရှိမနေပုံရသည်။ ထို့ကြောင့် သူတို့၏ ခန့်ညားလှသော လျှောက်လှမ်းမှုများမှာ တဖြည်းဖြည်း မြန်လာပြီး ကွင်းထဲသို့ အပြေးအလွှား ဝင်သွားကြတော့သည်။
“အရမ်း ရှက်စရာကောင်းတာပဲ အော်ဟစ်အားပေးသံတွေ အများကြီး ကြားရမယ် ထင်နေတာ...”
“ဟုတ်ပ ငါတို့က တိရစ္ဆာန်ရုံထဲက မျောက်တွေလိုပဲ အကြည့်ခံနေရသလို ခံစားရတယ်။”
“အဲလိုတော့ မပြောပါနဲ့ အနည်းဆုံးတော့ မျောက်တွေက အစနောက်တောင် ခံရသေးတယ်...”
အနုပညာလေ့ကျင့်သူအဖွဲ့မှာ တိုးတိုးလေး ညည်းတွားရင်း အမြန်လျှောက်သွားကြသည်။ ဤသည်မှာ မတတ်နိုင်ပေ။ ဤလူများအားလုံးမှာ လုပေါင်၏ ပရိသတ်များ ဖြစ်ကြသည်။ အကယ်၍ လုပေါင်သာ မပါလျှင် သူတို့သည် ဤအစီအစဉ်ကို ကြည့်ကြမည်တောင် မဟုတ်သဖြင့် အနုပညာလေ့ကျင့်သူများ၏ ပရိသတ်များ မဖြစ်နိုင်သည်မှာ သဘာဝပင်။
“ညီမလေး အစ်ကိုကြီးက မနေ့ညက လူမှုကွန်ရက်ပေါ်မှာ နင့်ဘက်ကနေ မနက် ၂ နာရီအထိ တိုက်ပေးခဲ့တာနော်။ ငါ တကယ်လန်းတယ် မဟုတ်လား။”
“ရတနာနတ်ဘုရားဘယ်မှာလဲ သူ လာမယ်ဆို။ မြန်မြန်လာပါတော့။”
“ညီမလေး ဒီည အစွမ်းကုန် ကြိုးစားနော်။”
သို့သော် လူတိုင်း အမြန်လျှောက်သွားနေစဉ်မှာပင် ခန်းမရှေ့၌ အလွန်စိတ်လှုပ်ရှားဖွယ် အော်ဟစ်အားပေးသံများ ထွက်ပေါ်လာသည်။ ထိုအားပေးသံများမှာ ဘတ်စ်ကားပေါ်မှ နောက်ဆုံးဆင်းလာသော လုရှောင်မုန့်အတွက်ဖြစ်သည်။
“လန်းတယ် တကယ်လန်းတယ်၊ အရမ်းတော်တာပဲ။”
“ကျွန်မအစ်ကို မကြာခင် ရောက်လာတော့မှာပါ။ ခဏလောက် ထပ်စောင့်ပေးကြပါဦးနော်။”
လုရှောင်မုန့်က ပြုံးလျက် လူအုပ်ကြီးကို ပြန်လည်နှုတ်ဆက်ရင်း ဖြေလိုက်သည်။ ဤလူအများစုမှာ သူမ၏ ပရိသတ်များ မဟုတ်ကြသော်လည်း အားလုံး၏ စိတ်လှုပ်ရှားစွာ အကြည့်ခံရသည့် ခံစားချက်ကို သူမ နှစ်သက်နေမိသည်။
မကြာမီ ဘတ်စ်ကား ထွက်သွားပြီးနောက် နောက်က ကားများပေါ်မှ ဆရာလေးဦးလည်း ဆင်းလာကြသည်။ သို့သော် အရင်ကအတိုင်းပင် လုရှောင်မုန့် ထွက်သွားသည်နှင့် တစ်ကွင်းလုံး ပြန်လည်အေးစက်သွားပြန်သည်။ ထိုလေးဦးစလုံးမှာ အတိုင်းအတာတစ်ခုအထိ နာမည်ကျော်ကြားသူများ ဖြစ်ကြသော်လည်း ယခုကဲ့သို့ အခြေအနေမျိုးကို ပထမဆုံး ကြုံဖူးခြင်းဖြစ်သည်။ သူတို့သည် အရှက်ပြေအောင် တည်တည်ငြိမ်ငြိမ်ဖြင့် ကွင်းထဲသို့ ဝင်သွားကြသည်။
အစီအစဉ်၏ စီစဉ်မှုအရ ဒါရိုက်တာသည် ယနေ့၏ အရေးပါဆုံး ဧည့်သည်မှာ လုပေါင် ဖြစ်ကြောင်း သိထားပြီးဖြစ်သည်။ ထို့ကြောင့် လုပေါင်ကို နောက်ဆုံးမှ အခမ်းနားဆုံး ပွဲထွက်ရန် စီစဉ်ထားခြင်း ဖြစ်သည်။
ဆရာလေးဦး၏ ကားများ ထွက်သွားပြီးနောက် ကော်ဇောနီ၏ အဆုံးတွင် အနက်ရောင် ဆီဒင် ကားတစ်စီး ရပ်လိုက်သည်။ ထိုကားကို ကြည့်ရင်း လူတိုင်း၏ မျက်လုံးများတွင် မျှော်လင့်ချက်များ ဝင်းလက်သွားသည်။ တစ်ချိန်တည်းမှာပင် နောက်က ကားပေါ်ရှိ လုပေါင်က ဒရိုင်ဘာကို ဇဝေဇဝါဖြင့် မေးလိုက်သည်။
“နောက်ထပ် ဧည့်သည် ရှိသေးလို့လား။”
“မသိဘူးဗျ။ စာရင်းအရတော့ ဧည့်သည်တွေ အကုန်လာပြီးပြီ...”
ဒရိုင်ဘာကခေါင်းကုတ်ရင်း ရေရွတ်သည်။ ဤကားမှာ မူလက ကားတန်းထဲတွင် မပါဝင်ဘဲ လုပေါင်၏ ကား ဆိုက်တော့မည့်အချိန်ကျမှ ရုတ်တရက် ရှေ့က ဖြတ်ဝင်ရပ်လိုက်ခြင်းဖြစ်သည်။ ဒရိုင်ဘာက အစီအစဉ်အဖွဲ့၏ အစီအစဉ်ဟု ထင်ထားသဖြင့် လုပေါင်နှင့်အတူ ဇဝေဇဝါ ဖြစ်နေခြင်းဖြစ်သည်။
သူတို့နှစ်ဦး စကားပြောနေစဉ်မှာပင် ကားတံခါးမှာ ဖြည်းဖြည်းချင်း ပွင့်လာသည်။ တံခါးပွင့်လာသည်နှင့် ခန်းမရှေ့၌ အော်ဟစ်အားပေးသံများ ဆူညံသွားတော့သည်။ အခြားဧည့်သည်များ အားလုံး ဝင်သွားကြပြီ ဖြစ်သဖြင့် အခုဆင်းလာသူမှာ လုပေါင် သေချာပေါက် ဖြစ်ရမည် မဟုတ်ပါလား။
သို့သော် အားပေးသံများ မြင့်တက်လာချိန်တွင် ကားပေါ်မှ ဆင်းလာသူကို မြင်လိုက်ရသည့်အခါ ပရိသတ်များမှာ ခေတ္တမျှ ဆွံ့အသွားကြသည်။ ကားပေါ်မှ ဆင်းလာသူမှာ လုပေါင် မဟုတ်ဘဲ လုံရှ ၏ အစ်မဖြစ်သူ၊ နာမည်ကြီး အနုပညာရှင် လုံလင် ဖြစ်နေသည်။
လုံလင်သည် အနည်းငယ် ပြုံးပြကာ လူအုပ်ကြီးကို နှုတ်ဆက်လိုက်ပြီးနောက် ကားထဲမှ လုံရှ ၏ လက်ကို ဆွဲထုတ်လိုက်သည်။ သူမရှေ့မှ အော်ဟစ်အားပေးနေသော လူအုပ်ကြီးကို ကြည့်ကာ လုံရှ ၏ နှုတ်ခမ်းထောင့်တွင် မသိသာသော လှောင်ပြုံးတစ်ခု ပေါ်လာသည်။
မနေ့ညက ကိစ္စပြီးနောက် သူမသည် အစီအစဉ်အဖွဲ့မှ ချက်ချင်းထွက်ကာ သူမ၏ အစ်မထံသွားပြီး ဖြစ်ပျက်သမျှကို ပြောပြခဲ့သည်။ ထို့ကြောင့် အစ်မဖြစ်သူက သူမကို ကော်ဇောနီပေါ်သို့ ခေါ်လာပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် အစ်မဖြစ်သူ၏ နာမည်ကျော်ကြားမှုကို အသုံးချကာ သူမအတွက် စကားအနည်းငယ် ပြောပေးခိုင်းမည်။ ထိုအချိန်ကျလျှင် ညံ့ဖျင်းလှသော Streamer တစ်ယောက်က အခြေအနေကို ပြောင်းပြန်လှန်နိုင်ဦးမလား ဆိုတာ ကြည့်ကြသေးတာပေါ့။
ခန်းမရှေ့တွင် လူအများကြီး ရှိနေသဖြင့် အနောက်က လူတွေက ဘာဖြစ်နေမှန်း မမြင်ရဘဲ အော်ဟစ်အားပေးနေကြဆဲ ဖြစ်သည်။ ဤမြင်ကွင်းကို ကြည့်ကာ လုံရှ ပို၍ပင် ဘဝင်မြင့်သွားသည်။
‘တွေ့လား။ ငါ့အစ်မ ရောက်လာတာနဲ့ နင်တို့လို လူတန်းစားတွေက အော်ဟစ်အားပေးနေရတာပဲ။ ခဏနေရင် နင်တို့တွေ ငါ့နာမည်ကို ပြန်ကောင်းအောင် လုပ်ပေးရလိမ့်မယ်။’
ဤသို့တွေးရင်း ထိုလူများကို ကြည့်ကာ လုံရှ ကိုယ့်ကိုယ်ကိုယ် ပို၍ ကျေနပ်နေမိသည်။
“ရတနာနတ်ဘုရား မဟုတ်ဘူး အဲဒီ ဖာသည်မနဲ့ သူ့အစ်မပဲ။”
“ရပ်လိုက်ကြ အဲဒါ ဟန်ဆောင်ကောင်းပြီး မြှူဆွယ်တတ်တဲ့ မိန်းမပျက်ပဲ။”
“နောက်ကလူတွေ မအော်ကြနဲ့ဦး အဲဒါ လုံရှ။”
ခဏချင်းမှာပင် လူအုပ်ထဲမှ လူအများအပြားက အလိုအလျောက် အော်ဟစ်လိုက်ကြသည်။ လုံရှ နှင့် လုံလင် တို့မှာမူ အရှိန်အဝါရှိဟန်ဖြင့် ကားဘေးတွင် ရပ်ကာ အားလုံးကို လက်ဝှေ့ယမ်းပြနေဆဲ ဖြစ်သည်။
“နင်က လာရဲသေးတယ်ပေါ့။”
“ထွက်သွားစမ်း နင်တို့လို လူမျိုးက ဘယ်လိုမျက်နှာနဲ့ ထွက်လာရဲသေးတာလဲ။”
“ငါသာ နင်ဆိုရင် အခုချက်ချင်း ပုန်းနေလိုက်ပြီ။ ဘယ်လိုများ သတ္တိရှိရှိ ပြန်ထွက်လာရတာလဲ။”
သို့သော် စက္ကန့်အနည်းငယ်အတွင်းမှာပင် အားပေးသံများမှာ ရုတ်တရက် ရပ်တန့်သွားပြီး ဝိုင်းဝန်း လှောင်ပြောင်သံများ အဖြစ်သို့ ပြောင်းလဲသွားတော့သည်။ လုံရှ နှင့် လုံလင် တို့၏ မျက်နှာပေါ်မှ အပြုံးများမှာလည်း ထိုအခိုက်အတန့်တွင် ခဲသွားတော့သည်။ သူတို့၏ အလုပ်နယ်ပယ်တွင် တိုက်ခိုက်သူ များနှင့် ကောလာဟလများ ရှိတတ်သည်မှာ ဓမ္မတာပင် ဖြစ်သဖြင့် သူတို့မှာ ကျင့်သားရနေပြီ ဖြစ်သည်။
ထို့အပြင် နောက်ဆုံးဖြစ်ခဲ့သော ကောလာဟလမှာလည်း လုပေါင် ကဲ့သို့ Streamer တစ်ယောက်ကြောင့် ဖြစ်သဖြင့် သူတို့အမြင်တွင် Streamer ဆိုသည်မှာ ဘာမှ မဟုတ်ပေ။ ထို့ကြောင့် သူတို့နှစ်ဦးစလုံးမှာ လူမှုကွန်ရက်ကို ပြန်ကြည့်ရန်ပင် စိတ်မဝင်စားကြဘဲ သူတို့ လူကိုယ်တိုင် ပေါ်လာလိုက်လျှင် သူတို့၏ ဂုဏ်သိက္ခာ ပြန်တက်လာမည်ဟု ယုံကြည်နေကြသည်။
သို့သော်အခုတော့...
“ဖယ်လိုက်စမ်း ဒါ ငါ့ရဲ့ ပရိသတ်တွေ။”
ထိုအချိန်တွင် သူတို့နှစ်ဦး၏ နောက်ကွယ်မှ တည်ငြိမ်သော အသံတစ်ခု ထွက်ပေါ်လာသည်။
သူတို့နှစ်ဦးမှာ မှင်သက်သွားကာ လှည့်ကြည့်လိုက်သည့်အခါ လုပေါင်က သူတို့ကို လှောင်ပြုံးဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ထို့နောက် လုပေါင်က လက်ကို မြှောက်ကာ ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“မိသားစုဝင်တို့ရေ... ကျွန်တော် ရောက်ပါပြီ။”
“ဝူး”
ခဏချင်းမှာပင် လှောင်ပြောင်သံများ ပျောက်ကွယ်သွားပြီး မကြုံစဖူး ထက်သန်သော အော်ဟစ်အားပေးသံများဖြင့် အစားထိုးဝင်ရောက်လာတော့သည်။
“ရတနာနတ်ဘုရား ရတနာနတ်ဘုရာ ရတနာနတ်ဘုရား...”
ညီညာထက်သန်သော ဟစ်ကြွေးသံများမှာ တစ်ကွင်းလုံးတွင် ပဲ့တင်ထပ်သွားတော့သည်။ ထိုအော်ဟစ်သံများနှင့်အတူ အနီးနားရှိ လမ်းမများပေါ်မှ ကားများပင် ရပ်တန့်သွားကြပြီး ဒရိုင်ဘာများကလည်း ခေါင်းပြူကာ အတူတူ လိုက်လံဟစ်ကြွေးကြသည်။
ပရိသတ်တွေမှာလည်း ကိုယ်စီ အလုပ်ရှိကြသည် မဟုတ်ပါလား။ လူအများအပြားမှာ ဤပွဲအကြောင်းကို ကြိုတင်မသိရှိခဲ့ကြသော်လည်း ဖြတ်သွားရင်း ရတနာနတ်ဘုရား ဟု အော်သံကြားသည်နှင့် ဤသစ္စာရှိ ပရိသတ်များမှာ ချက်ချင်းပင် ပါဝင်လာကြခြင်းဖြစ်သည်။
ဤအခိုက်အတန့်တွင် လူတိုင်းမှာ ပျော်ရွှင်ချမ်းမြေ့သော အငွေ့အသက်များအတွင်း နှစ်မြုပ်နေကြသော်လည်း။လုံ ညီအစ်မနှစ်ဦးမှာမူ လုံးဝ ဆွံ့အသွားကြတော့သည်။ ဤလူက တကယ်ပဲ သာမန် Streamer တစ်ယောက်သက်သက်ပဲလား။
အခန်း ၂၆၈- အရှက်မရှိတဲ့ ဒါရိုက်တာကို ပညာပေးခြင်း။
လုပေါင် ကွင်းထဲဝင်သွားပြီးမှသာ လုံ ညီအစ်မနှစ်ယောက် သတိပြန်ဝင်လာကြသည်။ သို့သော် လုပေါင် ဝင်သွားပြီဖြစ်ရာ သူတို့နှစ်ဦးမှာလည်း လမ်းမပေါ်မှ ပြေးလွှားနေသည့် ကြွက်များနှယ် ဒေါက်ဖိနပ်စီးထားသည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အမြန်ဆုံး ပြေးဝင်သွားကြရတော့သည်။
အစီအစဉ်၏ ဧည့်သည်တစ်ဦးအနေဖြင့် ဒါရိုက်တာ ဝမ်ဟောက်က လုပေါင်ကို စင်ပေါ်တက် ဖျော်ဖြေခိုင်းရန် ရည်ရွယ်ထားသော်လည်း လုပေါင်က ပြတ်ပြတ်သားသားပင် ငြင်းဆိုလိုက်သည်။
‘နောက်နေတာလား။ ခင်ဗျားတို့က ငါ ရတနာနတ်ဘုရားရဲ့ နာမည်ကျော်ကြားမှုကို အသုံးချနေတာပဲ။ ငါ ဒီကို လာပေးတာတောင် ခင်ဗျားတို့အတွက် ကံကောင်းလှပြီ။ အခု ငါ့ကို စင်ပေါ်တက်ခိုင်းဦးမလို့လား။အိပ်မက်ပဲ မက်လိုက်တော့။’
ထို့ကြောင့် လုပေါင်သည် အသစ်ထပ်တိုးထားသော ဆရာနေရာတွင် ထိုင်ကာ ဖျော်ဖြေပွဲ လာကြည့်သည့်အတိုင်း ပြုံးပြုံးလေး ကြည့်နေခဲ့သည်။ ဝေဖန်အကဲဖြတ်သည့် အပိုင်းတွင်လည်း သူသည် နှုတ်ဆိတ်နေပြီး တစ်ခါတစ်ရံမှသာ သူ၏ ပရိသတ်များနှင့် စကားစမြည်ပြောရန် ခေါင်းလှည့်ကြည့်တတ်သည်။ ဘာပဲဖြစ်ဖြစ် ဒါက အရည်အချင်းပြိုင်ပွဲ မဟုတ်ပါလား။ ကိုယ်ပိုင်အရည်အချင်းကို ခဏဖယ်ထားလျှင်တောင် ဤအနုပညာလေ့ကျင့်သူ များမှာ ကြည့်ရသည်မှာ အတော်လေး မျက်စိပသာဒ ဖြစ်လှသည်။
လုပေါင် ပြုံးပြုံးလေး ကြည့်နေစဉ်မှာပင် သူ၏ ဖုန်းမြည်လာပြန်သည်။ လုလင်ဟွာ ဆီမှ ဖုန်းဖြစ်သည်။
“ဟဲလို... ကျွန်တော် အခု အစီအစဉ် ကြည့်နေတာ။ ဘာကိစ္စရှိလို့လဲ။”
လုပေါင် ဇဝေဇဝါဖြင့် ဖုန်းကိုင်ကာ တိုးတိုးလေး မေးလိုက်သည်။
“ရတနာနတ်ဘုရား... ခင်ဗျား ဒီလိုလုပ်လို့ မရဘူးလေ။”
လုလင်းဟွာ၏ အသံမှာ အလွန် ခါးသီးနေပုံရသည်။
“ဟင် ဘာလုပ်လို့ မရတာလဲ။ကျွန်တော် ဘာလုပ်လို့လဲ။”
ဤသည်မှာ လုပေါင်ကို လုံးဝ ကြောင်သွားစေသည်။ သူ ဘာအမှားတွေများ ထပ်လုပ်မိပြန်ပြီနည်း။
လုလင်ဟွာက သက်ပြင်းချရင်း။
“Tiger Platformရဲ့ live ကို သွားကြည့်လိုက်ပါဦး။ဒါဆို ခင်ဗျား နားလည်သွားလိမ့်မယ်...”
လုပေါင် ဖုန်းချလိုက်ပြီးနောက် နားမလည်နိုင်စွာဖြင့် Tiger Platform အက်ပ်ကို ဒေါင်းလုဒ်ဆွဲကာ ဖွင့်ကြည့်လိုက်သည်။ အက်ပ်၏ အဖွင့်ကြော်ငြာမှာပင် ဤအစီအစဉ်နှင့် Tiger Platform တို့ ပူးပေါင်းထားသည့် ကြော်ငြာကြီး ဖြစ်နေသည်။
ယခု တိုက်ရိုက်လွှင့်နေသည် နှိပ်၍ ဝင်ရောက်ကြည့်ရှုပါ။
ဤကြော်ငြာကို မြင်လိုက်ရုံနှင့် လုပေါင် တစ်ခုခု မှားနေပြီဟု ခံစားလိုက်ရကာ တိုက်ရိုက် နှိပ်ဝင်လိုက်သည်။ ဝင်လိုက်သည်နှင့် အမှန်ပင် Tiger Platform မှာ ဤပြိုင်ပွဲကို လိုက်ဖ်လွှင့်နေသည်ကို တွေ့ရသည်။ ထို့အပြင် အောက်ခြေတွင် ကင်မရာထောင့် ကိုလည်း စိတ်ကြိုက် ရွေးချယ်နိုင်သေးသည်။ ကင်မရာထောင့် အားလုံးနီးပါးတွင် ကြည့်ရှုသူ နည်းပါးသော်လည်း ကင်မရာ နံပါတ် ၃ တွင်မူ ကြည့်ရှုသူ တစ်သန်းကျော် ရှိနေသည်။
လုပေါင် မျက်မှောင်ကြုတ်ကာ နှိပ်ကြည့်လိုက်သည်။ အမှန်ပင် ကင်မရာ ၃ မှာ ပြိုင်ပွဲစင်မြင့်ဆီသို့ ချိန်ထားခြင်း မဟုတ်ဘဲ သူ့ထံသို့ တည့်တည့်ချိန်ထားခြင်း ဖြစ်သည်။
“ဟားဟား... ရတနာနတ်ဘုရားရဲ့ ပြုံးနေတဲ့ မျက်နှာကို ကြည့်ဦး။ သူ ဒီကို လာတာ မိဖုရား လာရွေးတာပဲ ဖြစ်ရမယ်လို့ ငါ ပြောသားပဲ။”
“ဟုတ်ပ ဒါက ရယ်စရာကြီး။ ရတနာနတ်ဘုရားက လူအေးကြီး ထင်နေတာ တကယ်တော့ သူက အဖိုးကြီး အိုစာလေးပဲ။”
“ဒါက ရယ်စရာကောင်းလွန်းတယ်။ ရတနာနတ်ဘုရားရဲ့ မြင့်မြတ်တဲ့ ပုံရိပ်ကြီးတော့ ပြိုလဲသွားပြီဟေ့ ဟားဟား...”
တရစပ် တက်နေသော မှတ်ချက်များကို ကြည့်ရင်း လုပေါင်၏ မျက်နှာ ပျက်သွားတော့သည်။ ဤ ဝမ်ဟောက်... ပထမတော့ ညီမဖြစ်သူကို သုံးပြီး သူ့ကို အလကား လာခိုင်းရုံတင် မကဘူး အခုတော့ လိုက်ဖ်လွှင့်ခွင့် တွေကိုပါ ရောင်းစားနေတာလား။ ဒါက သူ့ကို အသုံးချပြီး အမြတ်ထုတ်နေတာ မဟုတ်လား။
ထိုအချိန်တွင် ဝမ်ဟောက်သည် ပရိသတ်ကြားတွင် ထိုင်ကာ Tiger Platform ပေါ်မှ လိုက်ဖ်ကြည့်ရှုသူ အရေအတွက်ကို ကြည့်ပြီး ပြုံးပျော်နေသည်။ သူ၏ လျင်မြန်သော အကြံဉာဏ်ကိုလည်း ကျေနပ်နေမိသည်။ လုပေါင် လာမည်ဟူသော သတင်းထွက်ကတည်းက အစီအစဉ်၏ နာမည်ကျော်ကြားမှုမှာ မကြုံစဖူး မြင့်တက်လာခဲ့သည်။ သူသည် ထိုအခွင့်အရေးကို ဆုပ်ကိုင်ကာ Tiger Platform ဆီသို့ သွားပြီး live လွှင့်ခွင့်ကို ယွမ် သန်းနှစ်ဆယ် ဖြင့် ရောင်းချခဲ့ခြင်း ဖြစ်သည်။
Tiger Platform က လုပေါင်ကြောင့် လာသည်ကို သူ သိသဖြင့် ကင်မရာတစ်လုံးကို လုပေါင်ထံသို့ သီးသန့် ချိန်ပေးထားခဲ့ခြင်း ဖြစ်သည်။ Tiger Platform ဘက်ကလည်း ဤပူးပေါင်းဆောင်ရွက်မှုကို အလွန်ကျေနပ်ကြောင်း ဖုန်းဆက်လာခဲ့သေးသည်။
ဝမ်ဟောက် ပြုံးကာ မော့ကြည့်လိုက်သည်။ အခုဆိုလျှင် လုရှောင်မုန့် စင်ပေါ်တက် ဖျော်ဖြေရမည့် အလှည့် ရောက်နေပြီဖြစ်ကာ တစ်ကွင်းလုံး၏ အငွေ့အသက်မှာလည်း အလွန် သက်ဝင်လှုပ်ရှားနေသည်။ ပိုက်ဆံတွေ အများကြီး ရတော့မှာပဲ။ထိုခံစားချက်တစ်ခုတည်းသာ ဝမ်ဟောက်၏ စိတ်ထဲတွင် ရှိနေသည်။
သို့သော် ထိုအချိန်မှာပင် လုပေါင်သည် ဆရာ နေရာမှ ထလိုက်ပြီး ဝမ်ဟောက် ဆီသို့ တိုက်ရိုက် လမ်းလျှောက်လာခဲ့သည်။
“ကျွန်တော်က Ocean Live Streamရဲ့ Streamer တစ်ယောက်ဆိုတာ ခင်ဗျား သိတယ် မဟုတ်လား။”
လုပေါင် မျက်မှောင်ကြုတ်ကာ ဝမ်ဟောက်ကို ကြည့်ပြီး အေးစက်စက် မေးလိုက်သည်။
ဤစကားကို ကြားလိုက်ရသည့်အခါ ဝမ်ဟောက် မှင်သက်သွားပြီး လုပေါင် သိသွားပြီဆိုသည်ကို ချက်ချင်း သဘောပေါက်လိုက်သည်။ သို့သော် သူက သိပ်အရေးမကြီးသလို ဟန်ဆောင်ကာ အခက်တွေ့နေသည့် အမူအရာဖြင့်။
“အာ... သိပါတယ် ဒါပေမဲ့ ကျွန်တော်လည်း မတတ်နိုင်လို့ပါ။ Tiger Platform နဲ့ ပူးပေါင်းဖို့ကို အကြာကြီးကတည်းက ဆွေးနွေးခဲ့တာဆိုတော့ ကျွန်တော်လည်း အကူအညီမဲ့နေလို့ပါ...”
‘အရင်က လက်မှတ်တောင် မရောင်းရတဲ့ အစီအစဉ်က အခုမှ အကြာကြီးကတည်းက ဆွေးနွေးထားတာလို့ ပြောရဲတယ်ပေါ့ ငါ့ကို သောက်ပေါထင်နေတာလား။’
လုပေါင် သက်ပြင်းတစ်ချက်ချလိုက်ပြီး ပြုံးလျက်။
“ကောင်းပြီလေ ဒါဆိုလည်း ခင်ဗျားတို့ ဆက်လုပ်ကြပေါ့။”
လှည့်ထွက်သွားခဲ့သည်။
ဝမ်ဟောက်ကတော့ လုပေါင်ကို နောက်တစ်ကြိမ် ဧည့်သည်အဖြစ် လာခိုင်းဖို့ လုရှောင်မုန့်ကို ဘယ်လို မြှူဆွယ်ရမလဲဟု စိတ်ထဲတွင် ကြံစည်ရင်း ပြုံးနေဆဲ ဖြစ်သည်။ သို့သော် သူ၏ အပြုံးမှာ ချက်ချင်းပင် ခဲသွားတော့သည်။ လုပေါင်သည် သူ၏ နေရာသို့ ပြန်မသွားဘဲ စင်ပေါ်သို့ တိုက်ရိုက် တက်သွားသည်ကို မြင်လိုက်ရသောကြောင့် ဖြစ်သည်။
“လုံခြုံရေး သူ့ကို တားလိုက်စမ်း။”
ဝမ်ဟောက် တစ်ခုခု မှားတော့မည်ဟု ချက်ချင်း သိလိုက်ကာ အရေးတကြီး အော်ဟစ်လိုက်သည်။ သို့သော် တစ်ကွင်းလုံးရှိ လုံခြုံရေးများမှာ အထူးတပ်ဖွဲ့ မှ ဖြစ်သည်။ သူတို့က လုပေါင်ကို ကာကွယ်ရန် လာခြင်းဖြစ်သည်။
“ခင်ဗျားကဘယ်သူမို့လို့ ငါတို့ကို လာခိုင်းနေတာလဲ။”
စစ်သားများကဝမ်ဟောက်ကို သောက်ပေါတစ်ယောက်လို ကြည့်ကာ လျစ်လျူရှုထားလိုက်သည်။
ထိုအချိန်တွင် စင်ပေါ်၌ လုရှောင်မုန့်သည် မိုက်ခရိုဖုန်းကို ကိုင်ကာ အကဲဖြတ်စကားများကို နားထောင်နေစဉ်၊ယ လုပေါင် စင်ပေါ်တက်လာပြီး သူမလက်ထဲမှ မိုက်ကို တိုက်ရိုက် လုယူလိုက်သည်ကို တွေ့လိုက်ရသည်။
“မိသားစုဝင်တို့ရေ... အစီအစဉ် ဒါရိုက်တာက ကျွန်တော့်ရဲ့ ခွင့်ပြုချက်မပါဘဲ ကျွန်တော့်ရဲ့ ရုပ်သံတွေကို Tiger Platform ဆီ ပို့ပြီး live လွှင့်နေပါတယ်။ ဒါကြောင့် ဒီနေရာကနေ ထွက်သွားကြရအောင်။ ဒီလို ညံ့ဖျင်းတဲ့ အစီအစဉ်မှာ ဆက်နေစရာ မလိုတော့ဘူး။”
မိုက်ကို ကိုင်ကာ လုပေါင်က ကျယ်လောင်စွာ ကြေညာလိုက်သည်။
“ခင်ဗျားတို့ကို အားနာတဲ့အနေနဲ့ နောက်မှ ခင်ဗျားတို့ရဲ့ အကောင့်အချက်အလက်တွေကို စုဆောင်းပြီး လက်မှတ်ဖိုးတွေကို ပြန်အမ်းပေးပါ့မယ်။ အားလုံးရဲ့ အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။”
“သွားကြရအောင်။”
ပြောပြီးသည်နှင့် လုပေါင်သည် မိုက်ကို ပေါ့ပေါ့ပါးပါးပင် ပစ်ချလိုက်ကာ လုရှောင်မုန့်၏ ပုခုံးကို ပုတ်လိုက်သည်။ လုရှောင်မုန့်မျက်တောင်ခတ်လိုက်ပြီးမှ ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် အစ်ကိုဖြစ်သူက သူမအတွက် လူမှုကွန်ရက် သံတမန်စာချုပ် ချုပ်ပေးထားပြီးပြီ မဟုတ်ပါလား။ ဤအစီအစဉ်မှာ ပါဝင်သည်ဖြစ်စေ မပါဝင်သည်ဖြစ်စေ သူမအတွက် သိပ်မရေးကြီးတော့ပေ။
ချက်ချင်းပင် လုပေါင် ဦးဆောင်ကာ လုရှောင်မုန့်နှင့်အတူ အပြင်သို့ တိုက်ရိုက် ထွက်ခွာသွားကြတော့သည်။ ပရိသတ်ကြားရှိ လုပေါင်၏ ပရိသတ်များအားလုံးမှာလည်း တစ်ယောက်ပြီးတစ်ယောက် ထရပ်လိုက်ကြသည်။ Tiger Platform မှာ ocean Live၏ အကြီးမားဆုံး ပြိုင်ဘက်ဖြစ်ကြောင်း သူတို့ သိကြသဖြင့် လုပေါင်၏ လုပ်ရပ်ကို အပြည့်အဝ နားလည်ကြသည်။
“ရတနာနတ်ဘုရား ရတနာနတ်ဘုရား မသွားပါနဲ့ဦး ကျွန်တော်တို့ ညှိနှိုင်းလို့ ရပါတယ် live လွှင့်ခွင့်က ရတဲ့ ပိုက်ဆံတွေ အကုန်လုံး ခင်ဗျားကို ပေးပါ့မယ်။”
အောက်တွင်မူ ဝမ်ဟောက်မှာ လုံးဝ ဆွံ့အသွားတော့သည်။ ဤကဲ့သို့ လုပ်ဆောင်မည့်သူမျိုးကို သူ တစ်ခါမှ မတွေ့ဖူးပေ။သို့သော်လုပေါင်က သူ့ကို လှည့်တောင်မကြည့်ပေ။ အထူးတပ်ဖွဲ့၏ ကာကွယ်မှုအောက်တွင် လုရှောင်မုန့်ကို ခေါ်ဆောင်ကာ ထွက်ခွာသွားခဲ့သည်။ ဝမ်ဟောက်နှင့် ဝန်ထမ်းများမှာ အနားသို့ပင် မကပ်နိုင်ကြပေ။
တစ်ချိန်တည်းမှာပင် ပရိသတ် ကိုးဆယ်ရာခိုင်နှုန်းကျော်မှာ ချက်ချင်းပင် ထွက်ခွာသွားကြရာ စည်ကားနေသော ကွင်းကြီးမှာ မျက်စိတစ်မှိတ်အတွင်း အနည်းငယ်သာ ကျန်ရှိခဲ့တော့သည်။ အခုဆိုလျှင် အစီအစဉ်မှာ ဆက်လက်လုပ်ဆောင်ရန် မဖြစ်နိုင်တော့ပေ။ ဝန်ထမ်းများ အနုပညာလေ့ကျင့်သူများနှင့် ဆရာများအားလုံးမှာ ဝမ်ဟောက်ကို အံ့သြတုန်လှုပ်စွာ ကြည့်နေကြသည်။ ဝမ်ဟောက်မှာတော့ နေရာမှာတင် ရပ်တန့်နေပြီး ရင်ထဲမှာ အေးစက်သွားတော့သည်။ ဤအစီအစဉ်နှင့် ပတ်သက်ပြီး ဆွေးနွေးစရာ ဘာကျန်တော့မှာလဲ။
“အစ်ကိုကြီး... အစ်ကိုကြီးက ဒီနေ့ တကယ်ကို ခန့်ညားတာပဲ။”
ကွင်းအပြင်ဘက်တွင် လုရှောင်မုန့်က လုပေါင်ကို အားကျစွဲလမ်းသော မျက်လုံးများဖြင့် ကြည့်နေသည်။ ဘာဖြစ်ခဲ့သည်ကို သူမ အတိအကျ မသိသော်လည်း live လွှင့်နေသည့် အစီအစဉ်တစ်ခု၏ အလယ်တွင် ဤကဲ့သို့ ထွက်လာခြင်းမှာ သူမအမြင်တွင် အလွန်လန်းလှသည်။
လုပေါင်၏ မျက်နှာပေါ်တွင် လူလည်ကျသော အပြုံးတစ်ခု ပေါ်လာပြီး။
“ဒါက လုပ်သင့်လုပ်ထိုက်တာပဲလေ။ ငါ့ကို အသုံးချပြီး အမြတ်ထုတ်ရဲတယ်ပေါ့ ဒါကတော့ ရလဒ်ပဲ။”
ယနေ့ သူလုပ်ခဲ့သည့်အရာမှာ ဒေါသထွက်ရုံသက်သက် မဟုတ်ဘဲ သတိပေးချက်တစ်ခု ပေးလိုက်ခြင်းလည်း ဖြစ်သည်။
‘ငါရတနာနတ်ဘုရား ဆိုတာ စိတ်ရှည်တတ်တဲ့သူ မဟုတ်ဘူး။’