← Chapters

အခန်း (၁-၂)

Vol. 1 Ch. 1-2

အခန်း (၁-၂)

Vol. 1 Ch. 1-2

အခန်း ၁ - "မျောက်လေး မိန်းမောရခြင်း"

သာယာလှပသော တောင်တန်းကြီးပေစွ။

စိမ်းလန်းစိုပြည်သော ထင်းရှူးတောများနှင့် လှပဆန်းပြားသည့် တောင်ထိပ်တောင်ဆောင်များမှာ တိမ်တိုက်များ၊ စမ်းရေခိုင်များနှင့်အတူ အလှချင်းပြိုင်နေကြသည်။ မျောက်တို့ ခုန်ပေါက်၍ လင်းယုန်တို့ သီချင်းဆိုရာ ဤဝါးတောစိမ်းကြီးအတွင်းဝယ် လောကီလောက၏ ရှုပ်ထွေးမှုများ လုံးဝမရှိပေ။

"တကယ့်ကို နေရာကောင်းလေးပါပဲလား"

ဖန်းချန်က တောင်ခါးပန်းသို့ ရောက်ရှိလာစဉ် မနီးမဝေးရှိ ထိုလှပသောနေရာကို ကြည့်၍ မျက်လုံးများ တောက်ပသွားကာ မချီးမွမ်းဘဲ မနေနိုင်ဖြစ်ရသည်။

သူရပ်နေသည့် နေရာမှကြည့်လျှင် တိမ်မြူများ ဝန်းရံနေသည့် တောင်တန်းများကြားတွင် အေးချမ်းစွာ တည်ရှိနေသော ကျယ်ဝန်းသည့် ကုန်းပြင်မြင့်လေးတစ်ခုကို မြင်တွေ့ရသည်။ ထိုကုန်းပြင်မြင့်၏ တစ်ဖက်တွင် ကွင်းပြင်ငယ်လေးတစ်ခုရှိပြီး ကျန်သည့်နေရာများမှာ သစ်တောများ ဖုံးလွှမ်းနေသည်။ ၎င်း၏ နောက်ဘက်တွင် တိမ်စိုင်များထဲအထိ ထိုးထွက်နေသော တောင်တန်းကြီးရှိပြီး ရှေ့ဘက်တွင်မူ နက်ရှိုင်းလှသော ချောက်ကမ်းပါးကြီး ရှိနေသည်။ ဖန်းချန်ရှိရာဘက်နှင့် ပေပေါင်းများစွာ နက်သော ချောက်ကြီး ခြားနေသဖြင့် ရေကြီးမည့် ဘေးအန္တရာယ်မှလည်း ကင်းဝေးသည်။

တောင်ပေါ်စမ်းရေအိုင်မှ စီးဆင်းလာသော စမ်းရေငယ်လေးမှာ ထိုနေရာ၏ ဘေးဘက်မှတစ်ဆင့် ချောက်ထဲသို့ စီးဝင်သွားရာ ရေစီးသံမှာ ကြည်လင်ပြတ်သားလှသည်။ သစ်ပင်သစ်တောများမှာ နီးနီးဝေးဝေး ပျံ့နှံ့တည်ရှိနေပြီး တောရိုင်းတိရစ္ဆာန်လေးများလည်း ရှိနေပုံရသည်။

အလွန်သန့်ရှင်းအေးချမ်းပြီး ကောင်းချီးပေးထားသည့် နေရာလေးပင် ဖြစ်သည်။

ဖန်းချန်က ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုရင်း စိတ်ထဲတွင် အတွေးတစ်ခု လက်ခနဲ ပေါ်လာသည်။ အခွင့်အရေးမှာ နီးကပ်လာပြီဖြစ်ကြောင်း သိလိုက်သဖြင့် သူက "ဤနေရာသည် ငါနှင့် ရေစက်ရှိပေသည်" ဟု ကျေနပ်စွာ ရေရွတ်လိုက်မိသည်။

ထို့နောက်တွင်မူ ထိုနေရာသို့ သွားနိုင်မည့်လမ်းကို ရှာဖွေပြီး ပတ်ဝန်းကျင်ကို အနီးကပ် လေ့လာရန် လိုအပ်သည်။ ဤအလုပ်မှာ အတန်ငယ် အားစိုက်ထုတ်ရမည်ဟု ဖန်းချန် ခံစားမိသည်။

သူသည် ကျောပေါ်မှ အထုပ်အပိုးကို မြဲမြံအောင် ပြန်ပြင်လွယ်လိုက်ပြီး ကျောက်ဆောင်များနှင့် သစ်ကိုင်းများကို အားပြုကာ ထိုကုန်းပြင်မြင့်လေးဆီသို့ ကျွမ်းကျင်စွာ ချဉ်းကပ်သွားသည်။

လမ်းခုလတ်တွင် ဖန်းချန်က ကျောက်တုံးကြီးတစ်ခုပေါ်၌ ခဏရပ်၍ လမ်းကြောင်းကို ပြန်လည်စစ်ဆေးသည်။ နေမင်းမှာ မွန်းတည့်ချိန်ကို ကျော်လွန်နေပြီ ဖြစ်သည်။ လက်ရှိနေရာမှ ဦးတည်ရာသို့ ရောက်ရန် တောင်ထိပ်ကို ပတ်သွားရမည်ဖြစ်ရာ ခရီးမှာ အတန်ငယ်ဝေးသကဲ့သို့ တောင်စောင်းမှာလည်း အတော်အတန် မတ်စောက်လှသည်။

တောင်ပေါ်သို့ မော့ကြည့်လိုက်လျှင် နွယ်ပင်များမှာ အထပ်ထပ် ရစ်ပတ်နေကြပြီး အချို့မှာ မြေပြင်သို့ ရောက်လုနီးပါး တွဲလောင်းကျနေသည်။ သူသည် အကြံတစ်ခုရသွားကာ ခိုင်ခံ့သော နွယ်ပင်တစ်ပင်ကို ရွေးချယ်ပြီး အရှည်နှင့် အနေအထားကို စမ်းသပ်ကြည့်သည်။ ထို့နောက် နွယ်ပင်ကို အားပြုကိုင်ကာ အရှိန်ဖြင့် ခုန်လွှဲလိုက်တော့သည်။

သူသည် ဟန်ချက်ညီညီဖြင့် တောင်တန်း၏ အခြားတစ်ဖက်သို့ လွှဲခနဲ ရောက်ရှိသွားသည်။ ခြေချလိုက်သည့်နေရာမှာ ခိုင်ခံ့သည်ဟု ခံစားရသည်နှင့် နွယ်ပင်ကို လွှတ်လိုက်ပြီး အနီးရှိ ချုံပုတ်များကို ဖမ်းကိုင်လိုက်သည်။

သူနင်းလိုက်သော ကျောက်ခဲလေးအချို့မှာ တောင်အောက်သို့ လိမ့်ကျသွားသဖြင့် အောက်ဘက်ရှိ တိရစ္ဆာန်လေးအချို့မှာ လန့်ဖျပ်ကာ ထွက်ပြေးကြကုန်သည်။ ဖန်းချန်က မိမိဝတ်ဆင်ထားသော ကြမ်းတမ်းသည့် အဝတ်အစားများကို ဖုန်ခါလိုက်ပြီး ပေပေါင်းများစွာ မြင့်သည့်နေရာသို့ တက်လာခဲ့ရာ ကုန်းပြင်မြင့်ပေါ်သို့ ရောက်ရှိလာတော့သည်။ သစ်ကိုင်းများကြားမှ ဖြတ်သန်းကျရောက်လာသော နေရောင်ခြည်မှာ သူ၏ ကိုယ်ပေါ်တွင် ဖြာကျနေသဖြင့် သူ၏အသွင်မှာ ပိုမိုခန့်ညားနေတော့သည်။

သူသည် စာဆိုတစ်ဦးကဲ့သို့ ခေါင်းပေါင်းကို ပေါင်းထားသော်လည်း လှုပ်ရှားမှုများမှာမူ သဘာဝတရားနှင့် တသားတည်း ကျနေသကဲ့သို့ အလွန်ပင် ပေါ့ပါးသွက်လက်လှသည်။

တောအုပ်ကို ဖြတ်ကျော်လိုက်သည်နှင့် စောစောက မြင်တွေ့ခဲ့ရသော ကွင်းပြင်လေးသို့ ရောက်ရှိသွားသည်။ ဤနေရာမှ မြေသားမှာ အတန်ငယ် ထူထဲသော်လည်း ကျောက်ဆောင်အချို့မှာမူ မြေပြင်ပေါ်သို့ ထိုးထွက်နေသည်။ ပေါင်းမြက်နည်းသော သန့်ရှင်းသည့် နေရာလေးတစ်ခုကို ရှာဖွေတွေ့ရှိပြီးနောက် ဖန်းချန်က အထုပ်အပိုးများကို ချလိုက်ပြီး ဤနေရာ၌ပင် စခန်းချရန် ပြင်ဆင်တော့သည်။

ဖန်းချန်၏ အထုပ်အပိုးထဲတွင် လဲလှယ်ရန် အဝတ်အစား အနည်းငယ်၊ အိပ်ရာလိပ်ဟောင်းတစ်ခု၊ အပ်နှင့်ချည်မျှင်၊ ဆားကြမ်းတစ်ထုပ်၊ စားကြွင်းစားကျန် ရိက္ခာခြောက် အနည်းငယ်နှင့် စာအုပ်နှစ်အုပ်သာ ပါရှိသည်။ ထိုအရာများမှလွဲ၍ အခြား ဘာမျှမရှိပေ။

သူသည် ပတ်ဝန်းကျင်ကို တစ်ချက် လှည့်ကြည့်လိုက်သည်။

တိမ်မြူများ ဝန်းရံနေသည့် လှပသော တောင်ထိပ်များသည် အနီးအဝေး အနိမ့်အမြင့်အလိုက် ဤကုန်းပြင်မြင့်လေးကို ဝန်းရံထားကြသည်။ သစ်ပင်ကြီးများပေါ်တွင်မူ မျောက်များမှာ တစ်ပင်မှတစ်ပင်သို့ ခုန်ပေါက်ပြေးလွှား ဆော့ကစားနေကြသည်။

ဖန်းချန်က လမ်းကြောင်းကို ထပ်မံ စစ်ဆေးကြည့်သည်။ သူရပ်နေသည့်နေရာမှာ ကျယ်ဝန်းသော တောင်စောင်းတစ်ခု ဖြစ်သည်။ မြောက်ဘက်တွင် တိမ်တိုက်များထဲ ထိုးဝင်နေသော တောင်မြင့်ကြီးရှိပြီး တောင်ဘက်တွင်မူ မြေမျက်နှာသွင်ပြင်မှာ တဖြည်းဖြည်း မြင့်တက်သွားကာ ချောက်ကမ်းပါးအထိ ဆန့်တန်းသွားသည်။

အရှေ့ဘက်နှင့် အနောက်ဘက်တို့မှာ အမြင်အာရုံ ကျယ်ဝန်းလှသဖြင့် နေထွက်ချိန်နှင့် နေဝင်ချိန်အလှကို ကောင်းစွာ ခံစားနိုင်မည်ဖြစ်သည်။ တောင်တန်းများကြားမှ တိုက်ခတ်လာသော လေညင်းမှာ လန်းဆန်းအေးမြသော အထိအတွေ့ကို ဆောင်ကြဉ်းလာသည်။

နောက်တစ်ဆင့်မှာ မီးမွှေးရန် ဖြစ်သည်။

တောင်ပေါ်ရှိ နှင်းရည်များနှင့် မြူများကြောင့် ဖန်းချန်၏ ဆံပင်၊ အဝတ်အစားနှင့် ဖိနပ်များမှာ စိုထိုင်းနေသည်။ ဖန်းချန်က အပူအအေးကို ခံနိုင်ရည်ရှိနေပြီ ဖြစ်သော်လည်း ဤသို့ စိုထိုင်းနေခြင်းကိုမူ သဘောမကျပေ။

ပတ်ဝန်းကျင်တွင် သစ်တောများရှိသဖြင့် ထင်းရှာရသည်မှာ မခက်ခဲလှပေ။ ခြောက်သွေ့သော သစ်ကိုင်းနှင့် သစ်ရွက်များမှာ နေရာအနှံ့ ရှိနေသည်။ သို့သော် အများစုမှာ လုံလောက်အောင် မခြောက်သွေ့သေးပေ။ ကံကောင်းထောက်မစွာဖြင့် နေရောင်ရသော ကျောက်ဆောင်ကြီးတစ်ခုအောက်မှ မြက်ခြောက်အနည်းငယ်ကို ရှာဖွေတွေ့ရှိလိုက်သဖြင့် သူအတော်ပင် ဝမ်းသာသွားသည်။

စမ်းရေတွင်းမှာ ခြေလှမ်းအနည်းငယ်သာ ဝေးသည်။ ဖန်းချန်က ရေသွားသောက်ပြီးနောက် ထင်းပုံဆီသို့ ပြန်လာကာ သစ်သားတုံးကြီးတစ်တုံးနှင့် ဖြောင့်စင်းပြီး မာကျောသော သစ်ကိုင်းတစ်ခုကို ရွေးချယ်လိုက်သည်။

မီးမွှေးသည့် လုပ်ငန်းစဉ်မှာ ထူးခြားမှု မရှိပေ။ သူသည် သစ်ကိုင်းကို အပေါ်မှ ဖိကာ အရှိန်အဟုန်ဖြင့် အဆက်မပြတ် ပွတ်တိုက်နေသည်။ နာရီဝက်နီးပါး ကြာပြီးနောက်တွင်မှ မီးပွားလေးများကို စတင် မြင်တွေ့ရတော့သည်။

သူသည် မီးပွားလေးကို မြက်ခြောက်ပုံထဲသို့ ဂရုတစိုက် ထည့်လိုက်ပြီး ဖြည်းညင်းစွာ မှုတ်ပေးလိုက်ရာ မီးတောက်ကလေး စတင် ထွက်ပေါ်လာသည်။

ပထမဦးစွာ သစ်ကိုင်းငယ်လေးများကို ထည့်လိုက်ပြီး မီးရှိန်ရလာမှသာ သစ်ကိုင်းကြီးများကို ထပ်ထည့်သည်။ ထို့နောက် စိုထိုင်းနေသော ထင်းများကို မီးပုံဘေးတွင် အစီအရီ တင်ထားလိုက်ရာ မီးအပူရှိန်ဖြင့် ခြောက်သွေ့သွားစေရန် ဖြစ်သည်။

ဖန်းချန်က သူ၏ အပေါ်အင်္ကျီနှင့် ဆံပင်များကို ဦးစွာ ခြောက်အောင် လုပ်သည်။ ထို့နောက် အိတ်ထဲမှ ကျန်ရှိနေသော ရိက္ခာခြောက်ကို သစ်ကိုင်းဖြင့် ထိုး၍ ကင်လိုက်သည်။ ဤသည်မှာ လက်ရှိအခြေအနေတွင် သူလုပ်နိုင်သည့် တစ်ခုတည်းသော ချက်ပြုတ်နည်း ဖြစ်သည်။

မကြာမီပင် ရိက္ခာခြောက်ကင်နံ့မှာ ပျံ့လွင့်လာတော့သည်။

မနီးမဝေးရှိ သစ်ပင်ပေါ်တွင်မူ မျောက်များ ခုန်ပေါက်နေကြသည်။ ထိုအထဲတွင် အမွှေးအဖြူရောင်ရှိသော မျောက်လေးတစ်ကောင်မှာ အခြားမျောက်များနှင့်မတူဘဲ ထူးခြားနေသည်။

၎င်းသည် သစ်ပင်ပေါ်တွင် ထိုင်ကာ လူသား၏ လုပ်ရပ်အားလုံးကို ငြိမ်သက်စွာ စောင့်ကြည့်နေသည်။ ဤလူသား၏ ထူးဆန်းသော လုပ်ရပ်များနှင့် ပတ်သက်၍ အသိဉာဏ်ဝင်စ မျောက်လေး၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။

"ငါ သူ့ကို ခဲနဲ့ ပေါက်လိုက်ရမလား"

နောက်ဆုံးတွင်မူ ထိုအဖြူရောင် မျောက်လေးသည် မိမိ၏ အသိဉာဏ်ဖြင့် ထိုအတွေးကို ထိန်းချုပ်လိုက်ပြီး အခြားမျောက်များကိုလည်း တားဆီးလိုက်သည်။ အသိဉာဏ် စတင်ပွင့်လင်းလာသော ထိုမျောက်လေးမှာ ဘေးရန်ကို ရှောင်ရှားတတ်သည့် သဘောကို နားလည်နေပြီ ဖြစ်သည်။

ဖန်းချန်က အရသာရှိသော ရိက္ခာခြောက်ကို ကျေနပ်စွာ စားသုံးပြီးနောက် မီးပုံထဲသို့ ထင်းအနည်းငယ် ထပ်ထည့်ကာ တောအုပ်ထဲသို့ ဝင်သွားသည်။ မှောင်မလာမီ နေစရာ အမိုးအကာတစ်ခုကို သူဆောက်လုပ်လိုသည်။ သူကိုယ်တိုင်မှာ နှင်းရည်များကို ခံနိုင်ရည်ရှိသော်လည်း သူယူဆောင်လာသော အိတ်နှင့် ပစ္စည်းများမှာမူ ပျက်စီးသွားနိုင်သောကြောင့် ဖြစ်သည်။

တြိဂံပုံစံ တဲလေးတစ်လုံး ဆောက်ရန် သစ်တုံးရှည် သုံးတုံးသာ လိုအပ်သည်။ ပတ်ဝန်းကျင်ရှိ တောအုပ်ထဲတွင် သင့်တော်သော သစ်တုံးများကို ရှာဖွေရသည်မှာ မခက်ခဲလှပေ။

သစ်တုံးများကို မီးပုံနားသို့ ဆွဲယူလာပြီးနောက် ဖန်းချန်က စမ်းရေအိုင်သို့ တစ်ခေါက် ထပ်သွားသည်။

စမ်းရေအိုင်ထဲတွင် ကျောက်တုံးအမျိုးမျိုး ရှိနေသည်။ သူသည် ပါးလွှာပြီး ထက်မြက်သော ကျောက်တုံးတစ်တုံးကို ကျောက်ဓားအဖြစ် ရွေးချယ်လိုက်ကာ နွယ်ကြိုးအချို့ကို ဖြတ်တောက်သည်။ ထို့နောက် သစ်ရွက်ကြီးသော သစ်ပင်တစ်ပင်မှ သစ်ကိုင်းများကိုလည်း ခုတ်ယူခဲ့သည်။

သူသည် မီးပုံကို အခြားတစ်နေရာသို့ အနည်းငယ် ရွှေ့လိုက်ပြီး သစ်ကိုင်းများကို တံမြက်စည်းသဖွယ် အသုံးပြုကာ မြေပြင်ကို သန့်ရှင်းအောင် လှည်းကျင်းသည်။ မီးပုံကြောင့် ပူနွေးခြောက်သွေ့နေသော မြေပြင်မှာ အိပ်စက်ရန် အလွန်ပင် သင့်တော်လှသည်။

သူသည် သစ်တုံးရှည် သုံးတုံးကို အသုံးပြု၍ ခိုင်ခံ့သော တဲအိမ်အရိုးစွဲကို တည်ဆောက်သည်။ ထို့နောက် နွယ်ကြိုးများဖြင့် သစ်ကိုင်းငယ်များကို ရစ်ပတ်ချည်နှောင်ကာ သစ်ရွက်ကြီးများဖြင့် ဖုံးအုပ်လိုက်ရာ ယာယီနေထိုင်ရန် တဲလေးတစ်လုံး ဖြစ်လာတော့သည်။

နေမင်းမှာ အနောက်ဘက်တောင်တန်းတွင် ဝင်လုနီးပြီ ဖြစ်သည်။

ဖန်းချန်က တဲအတွင်း၌ မြက်ခြောက်အချို့ကို ခင်းလိုက်ပြီး အိပ်ရာလိပ်နှင့် အခြားပစ္စည်းများကို အစီအရီ ထည့်လိုက်သည်။

သူသည် တဲအပြင်သို့ ပြန်ထွက်ကာ မိမိ၏ လက်ရာကို ကျေနပ်စွာ ငေးကြည့်နေမိသည်။

စိမ်းလန်းသော တြိဂံပုံ တဲလေးတစ်လုံး၊ တဲရှေ့တွင် တောက်လောင်နေသော မီးပုံကြီးနှင့် ဘေးနားရှိ ထင်းပုံများမှာ လောကအလယ်တွင် တစ်ကိုယ်တည်း လွတ်လပ်စွာ ရှင်သန်နေသည့် အသွင်ကို ဆောင်နေသည်။

ဤသည်မှာ စိတ်ကျေနပ်စရာကောင်းသော အစပြုခြင်းပင် ဖြစ်သည်။

ကောင်းကင်မှာ တဖြည်းဖြည်း မှောင်လာပြီး မြက်ခင်းထဲမှ ပုစဉ်းရင်ကွဲများ၏ အော်သံကို ကြားနေရသည်။ ဤလောကသို့ ရောက်ရှိလာပြီးနောက် ယနေ့သည် သူ၏စိတ်တွင် အေးချမ်းမှုအရှိဆုံးနှင့် ဤကမ္ဘာလောကနှင့် အနီးကပ်ဆုံး ဖြစ်သည်ဟု ဖန်းချန် ခံစားရသည်။

မနီးမဝေးမှ အဖြူရောင် မျောက်လေးမှာမူ ဆက်လက် စောင့်ကြည့်နေဆဲ ဖြစ်သည်။ ကြည့်ရင်းကြည့်ရင်းဖြင့် ၎င်း၏ စိတ်ထဲတွင် ပိုမို ကြောက်ရွံ့ထိတ်လန့်လာရသည်။

နားမလည်နိုင်သော ထိုလူသား၏ လုပ်ရပ်များကြောင့် မျောက်လေးမှာ တစ်ကိုယ်လုံး ထုံကျဉ်သွားသကဲ့သို့ ငေးငိုင်မိန်းမောနေမိတော့သည်။

မီးပွတ်ရင်း main character ဖြစ်သွားတယ်

အခန်း ၂ - "ဝမ်းရေးကို အရင်ဖြေရှင်းပြီးမှ..."

ဖြူဖွေးသောအမွှေးရှိသည့် မျောက်လေး၏ မျက်လုံးထဲတွင် ဖန်းချန်၏ လှုပ်ရှားမှုတိုင်းမှာ ဤကမ္ဘာလောကကြီးနှင့် တစ်သားတည်း ဖြစ်နေသည်။ ဖန်းချန်က သစ်ကိုင်းများကို ခုတ်ထစ်နေချိန်၌ပင် ထိုအခြေအနေမှာ ပြောင်းလဲသွားခြင်း မရှိပေ။

ဤအချက်ကို သတိပြုမိပြီးနောက် မျောက်လေး၏ ကိုယ်ပေါ်ရှိ အမွှေးအမျှင်များမှာ ထောင်ထလာပြီး ပိုမို ဖောင်းကြွလာသည်။ ၎င်းသည် သစ်ပင်ပေါ်တွင် လှုပ်ရှားခြင်းမရှိဘဲ အချိန်အတော်ကြာ စောင့်ကြည့်နေမိသဖြင့် တစ်ကိုယ်လုံး ထုံကျဉ်ကာ တောင့်တင်းနေတော့သည်။

အခြားမျောက်တစ်ကောင်က မိမိတို့ခေါင်းဆောင်၏ ထူးဆန်းသော အမူအရာကို သတိပြုမိ၍ လာရောက်ထိတွေ့လိုက်မှသာ "ဘုန်း" ခနဲ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီးမှ ထုံကျဉ်နေသည့် ဒဏ်မှ လွတ်မြောက်သွားတော့သည်။

မျောက်လေး ဘာတွေမြင်နေသည်ကို ဖန်းချန် မသိရှိပေ။ သူသည် အိတ်ကပ်ထဲမှ သစ်တော်သီးငယ် အနည်းငယ်ကို ထုတ်ယူကာ ညစာအဖြစ် စားသုံးလိုက်သည်။

ဤအသီးများကို စောစောက တဲအတွက် ထုတ်တန်းရှာစဉ် တွေ့ရှိခဲ့သဖြင့် ခူးယူလာခဲ့ခြင်း ဖြစ်သည်။ တောတွင်းသစ်တော်သီးလေးများမှာ သေးငယ်သော်လည်း အနည်းငယ် ချိုအေးပြီး ချဉ်ပြုံးပြုံး အရသာရှိသည်။ ကံကောင်းထောက်မစွာဖြင့် ဖန်ခါးခြင်း မရှိဘဲ စားပြီးနောက်တွင်လည်း မွှေးရနံ့လေးမှာ ပါးစပ်ထဲတွင် ကျန်ရစ်နေခဲ့သည်။

အသီးအဆံများကို တောင်စောင်းအောက်သို့ ပစ်ချလိုက်ပြီးနောက် ဖန်းချန်က အထုပ်ထဲမှ စာအုပ်နှစ်အုပ်ကို ထုတ်ယူကာ မီးပုံအလင်းရောင်ဖြင့် ဖတ်ရှုတော့သည်။

ထိုစာအုပ်များကို အကြိမ်ကြိမ် ဖတ်ရှုခဲ့သော်လည်း အသစ်အတိုင်းပင် သန့်ရှင်းနေဆဲ ဖြစ်သည်။ စာအုပ်တစ်အုပ်၏ မျက်နှာဖုံးတွင် "ကျင့်ကြံခြင်းလမ်းစဉ်" ဟု ရေးသားထားပြီး အခြားတစ်အုပ်တွင်မူ "ကျင့်ကြံခြင်းနည်းနာ" ဟု ရေးသားထားသည်။

စာအုပ်နှစ်အုပ်စလုံးရှိ လက်ရေးလက်သားများမှာ ထင်ရှားပြတ်သားပြီး ထူးခြားသော စွမ်းအားနှင့် အရှိန်အဝါတို့ ကိန်းဝပ်နေသကဲ့သို့ ခံစားရသည်။ လမ်းခရီးတစ်လျှောက်တွင် ဤစာအုပ်နှစ်အုပ်ကြောင့်ပင် အဆိပ်ရှိသော ပိုးမွှားများနှင့် မြွေကင်းသတ္တဝါများမှာ သူ့အနီးသို့ မချဉ်းကပ်ဝံ့ကြပေ။

၂၁ ရာစုမှ လူငယ်တစ်ဦးဖြစ်သော ဖန်းချန်က ဤကမ္ဘာသို့ ရောက်ရှိလာပြီး မကြာမီမှာပင် ထိုစာအုပ်နှစ်အုပ်ကို ကံကောင်းထောက်မစွာ ရရှိခဲ့ခြင်း ဖြစ်သည်။

ဤသည်မှာ သူ၏ ကံကြမ္မာဖြစ်ကြောင်း သူသိရှိသကဲ့သို့ စာအုပ်ထဲရှိ အကြောင်းအရာများမှာလည်း အလွန်ပင် နက်နဲလှသည်။ သို့သော် ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ စတင် လျှောက်လှမ်းပြီးနောက် ဖန်းချန်၏ တိုးတက်မှုမှာ ထင်သလောက် မြန်ဆန်ခြင်း မရှိခဲ့ပေ။

အချိန်အတော်ကြာ စဉ်းစားပြီးနောက် မိမိတွင် ဆွေမျိုးသားချင်း သံယောဇဉ်နှင့် တွယ်တာစရာ ဘာမျှမရှိသည်ကို ဆင်ခြင်မိကာ ဖန်းချန်က ပိုင်ဆိုင်သမျှကို ရောင်းချ၍ အိမ်နီးချင်းများကို နှုတ်ဆက်ကာ တောတောင်များထဲသို့ ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။

ဖန်းချန် အံ့သြရသည်မှာ ခရီးတစ်လျှောက်တွင် သူ၏ ကျင့်ကြံမှုနှုန်းမှာ အနည်းငယ် ပိုမိုမြန်ဆန်လာခြင်း ဖြစ်သည်။ သူ၏စိတ်မှာ ပိုမိုကြည်လင်လာသကဲ့သို့ အခွင့်အရေးမှာလည်း ဤခရီးစဉ်အတွင်း ရှိနေမည်ဖြစ်ကြောင်း သူသိနေသည်။

ဤယွင်ကျုန်းတောင်တန်းသို့ ရောက်ရှိလာချိန်တွင် ဖန်းချန်၌ ပိုင်ဆိုင်သမျှ ငွေကြေးများလည်း ကုန်ဆုံးသွားပြီ ဖြစ်ရာ ဤသည်မှာလည်း ကောင်းကင်ဘုံ၏ အလိုကျပင် ဖြစ်ပေလိမ့်မည်။

မီးပုံဘေးတွင် ထိုင်ကာ ကျမ်းစာများကို ဖတ်ရှုရင်း ဖန်းချန်က မော့ကြည့်လိုက်သည်။ တောင်ပေါ်ရှိ မြူနှင်းများမှာ ခြုံလွှာတစ်ခုကဲ့သို့ ဖုံးလွှမ်းနေသဖြင့် ကြယ်ရောင်နှင့် လရောင်မှာ ဝေဝါးနေသည်။

အအေးပိုလာသဖြင့် ဖန်းချန်က မီးပုံထဲသို့ ထင်းအနည်းငယ် ထပ်ထည့်ကာ အိပ်စက်ရန် ပြင်ဆင်လိုက်သည်။

လွန်ခဲ့သော နှစ်နှစ်အတွင်း သူသည် "ကျင့်ကြံခြင်းနည်းနာ" စာအုပ်ထဲရှိ ညွှန်ကြားချက်များအတိုင်းသာ အိပ်စက်ခဲ့သည်။

"မအိပ်စက်မီ စိတ်ကို ကြည်လင်သန့်ရှင်းစေလျက် မည်သည့်အတွေးမျှ မရှိစေရ။ နံဘေးတစ်စောင်း လှဲလျက် လျှာဖျားကို အထက်အာခေါင်တွင် ထိထားကာ သွားများကို မစိထားဘဲ အသက်ရှူမှုကို ပုံမှန်စီးဆင်းစေရမည်။ စိတ်ဝိညာဉ်ကို ကိုယ်တွင်း၌သာ ထိန်းထား၍ အပြင်သို့ လွင့်ပျံ့ခြင်း မရှိစေရ"

ဖန်းချန် နိုးလာချိန်တွင် အရှေ့ဘက်ကောင်းကင်၌ အာရုဏ်ဦး အလင်းတန်းများ ပေါ်ထွက်နေပြီ ဖြစ်သည်။

သူသည် အဝတ်အစားများကို ပြန်ပြင်ဝတ်လိုက်ရာ စိတ်ရောကိုယ်ပါ လန်းဆန်းသွားတော့သည်။

ကွင်းပြင်၏ တောင်ဘက်ပိုင်း မြေမျက်နှာသွင်ပြင်မှာ တဖြည်းဖြည်း မြင့်တက်သွားကာ ချောက်ကမ်းပါးဆီသို့ ဆန့်တန်းသွားသည်။ ဖန်းချန်က ချောက်ကမ်းပါး အစွန်းသို့ လမ်းလျှောက်သွားကာ နေထွက်ချိန်ကို ကောင်းစွာ မြင်တွေ့နိုင်မည့် ကျောက်ဆောင်ပြားကြီး တစ်ခုပေါ်တွင် ထိုင်လိုက်သည်။

ဖန်းချန်က ကျင့်ကြံခြင်းနည်းနာအတိုင်း တင်ပျဉ်ခွေထိုင်ကာ လက်ဖဝါး၊ ခြေဖဝါးနှင့် ထိပ်ပြောင် (ဦးခေါင်း) တည်းဟူသော အချက်ငါးချက်ကို ကောင်းကင်သို့ မျက်နှာမူလျက် နေထွက်ချိန်၏ စစ်မှန်သော နေမင်းမီးဓာတ်ကို စုပ်ယူတော့သည်။

နေမင်း၏ မီးဓာတ်သည် နှလုံးသားသို့ စီးဝင်ပြီး ထိုမှတစ်ဆင့် သရက်ရွက်နှင့် မြေဓာတ်ကို ရှင်သန်စေသည်။ မြေဓာတ် ရှင်သန်လာသောအခါ အဆုတ်နှင့် သံဓာတ်ကို ဖြစ်ပေါ်စေပြီး အဆုတ် အားကောင်းလာသောအခါ ကျောက်ကပ်နှင့် ရေဓာတ်ကို ထွက်ပေါ်စေသည်။ ထိုရေဓာတ်သည် အသည်းနှင့် သစ်သားဓာတ်ကို ပြုစုပျိုးထောင်ပေးကာ အသည်းမှတစ်ဆင့် မီးဓာတ်ကို ပြန်လည် အားဖြည့်ပေးပြန်သည်။ ဤသို့ဖြင့် ဓာတ်ကြီးငါးပါးတို့သည် အဆုံးမရှိ လည်ပတ်နေကာ လောကဓာတ်၏ စွမ်းအင်များကို စုပ်ယူလျက် ကျင့်ကြံမှု စွမ်းအားများကို ပိုမို ခိုင်မာတောင့်တင်းစေတော့သည်။

ထွက်ပြူစ နေမင်း၏ ရွှေရောင်အလင်းတန်းများသည် ဖန်းချန်၏ ကိုယ်ပေါ်တွင် ဖြာကျနေသည်။

သူ၏ အသက်ရှူသံမှာ ပိုမို ရှည်လျားလာသည်။ သူ အသက်ရှူသွင်းလိုက်တိုင်း ပတ်ဝန်းကျင်ရှိ လေထုမှာ လှုပ်ခတ်သွားသကဲ့သို့ ရှိပြီး အသက်ရှူထုတ်လိုက်သောအခါတွင်မူ နှာခေါင်းမှ ဖြူလွလွ မြူခိုးတန်းကြီးများ ရှည်လျားစွာ ထွက်ပေါ်လာတော့သည်။

သူကျင့်ကြံနေစဉ်အတွင်း ပတ်ဝန်းကျင်ရှိ စွမ်းအင်သိပ်သည်းဆမှာလည်း သိသိသာသာ ပြောင်းလဲလာသည်။

အချိန်အတော်ကြာပြီးနောက်တွင်မှ သူသည် ထရပ်လိုက်သည်။ ဤနည်းလမ်းကို နေ့စဉ် အချိန်အနည်းငယ်သာ ကျင့်ကြံရန် လိုအပ်ပြီး ကျန်ရှိသည့် အချိန်များတွင်မူ "ကျင့်ကြံခြင်းလမ်းစဉ်" အတိုင်း မိမိ၏ စိတ်အခြေအနေကို သန့်စင်ကာ သဘာဝတရားနှင့် တသားတည်းဖြစ်အောင် နေထိုင်ရမည် ဖြစ်သည်။

မနီးမဝေးရှိ သစ်ပင်ပေါ်တွင် နံနက်စာ စားနေသော မျောက်လေးမှာ ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ မှင်တက်သွားပြီး လက်ထဲမှ အသီးပင် လွတ်ကျသွားသည်ကို သတိမထားမိပေ။

ဖန်းချန်၏ ထူးခြားသော လုပ်ရပ်များကြောင့် မျောက်လေးမှာ တစ်ညလုံး အိပ်မပျော်ခဲ့ပေ။ ထို့ကြောင့် ယနေ့ နံနက်တွင် စောစောထ၍ လာကြည့်ရာ ဤမြင်ကွင်းနှင့် တိုးတော့သည်။ ဤလူသားမှာ သာမန်လူ မဟုတ်ဘဲ ကျင့်ကြံသူတစ်ဦး ဖြစ်ကြောင်း ၎င်း အတည်ပြုလိုက်နိုင်သည်။

အဖြူရောင် မျောက်လေးသည် သတိပြန်ဝင်လာသောအခါ အလွန်ပင် စိတ်လှုပ်ရှားသွားပြီး ခေါင်းကို ကုတ်ချင်သော်လည်း အောင့်ထားလိုက်သည်။ ထို့နောက် တိတ်တဆိတ် နောက်ဆုတ်သွားကာ ပိုမိုမြင့်မားသော သစ်ပင်ပေါ်မှ ဆက်လက် စောင့်ကြည့်နေတော့သည်။

ဖန်းချန်မှာမူ အဝေးမှ မျောက်လေးကို သတိမထားမိဘဲ စားစရာ ရှာဖွေရန်သာ ပြင်ဆင်နေသည်။

ဖန်းချန်အနေဖြင့် လေကိုစား၍ နှင်းရည်ကိုသောက်သော "အဟာရဖြတ်ခြင်း" နည်းလမ်းကို မည်သည့်အချိန်တွင်မဆို ကျင့်ကြံနိုင်သော်လည်း ထိုနည်းလမ်းမှာ ကြားရသည်မှာ အဆင့်မြင့်သယောင်ရှိသော်လည်း လက်တွေ့တွင်မူ အတော်ပင် ဆင်းရဲပင်ပန်းလှသည်။

၎င်းမှာ စစ်မှန်သော "လေကိုသောက်ခြင်း" ဖြစ်ပြီး အလွန်အမင်း ဆင်းရဲမွဲတေသည့် အခြေအနေရောက်မှသာ အသုံးပြုသင့်သည့် နည်းလမ်းဟု ဖန်းချန် ယူဆသည်။ သူ၏ အမြင်တွင်မူ မိမိအလိုရှိသလို စားသောက်ခြင်းကသာ မိမိကျင့်ကြံနေသော "သဘာဝတရားအတိုင်း ကျင့်ကြံခြင်း" လမ်းစဉ်နှင့် ပိုမို ကိုက်ညီပေလိမ့်မည်။

ချုံပုတ်များကြားတွင် တောတွင်းသစ်သီးများ ရှိနေတတ်သဖြင့် ဖန်းချန်က အချို့ကို ခူးယူကာ ပဝါဖြင့် ထုပ်လိုက်သည်။

မနေ့က စားခဲ့သော သစ်တော်သီးပင်ကိုမူ သူထပ်မရှာတော့ပေ။ အကြောင်းမှာ တောတောင်ထဲတွင် စားစရာများမှာ နေရာအနှံ့ ပေါများလှသောကြောင့် ဖြစ်သည်။

သစ်သီးများ ခူးနေစဉ် နံနက်စောစော သစ်တောထဲ၌ မှိုများစွာ ပေါက်နေသည်ကိုလည်း သူတွေ့ရှိခဲ့သည်။ သို့သော် မှိုများမှာ အဆိပ်ရှိမရှိ ခွဲခြားရန် အချိန်ပေးရမည်ဖြစ်သဖြင့် လောလောဆယ်တွင် သူ မစားလိုသေးပေ။

ထို့နောက်တွင်မူ သူသည် နှံကောင် အချို့ကို ဖမ်းဆီးလိုက်သည်။

ဤသည်မှာ နည်းပညာလိုအပ်သော အလုပ်တစ်ခု ဖြစ်သည်။ လက်ဖဝါးကို ခွက်ထားကာ ဂရုတစိုက် ချဉ်းကပ်ပြီး ခုန်ထွက်တော့မည့် နှံကောင်ကို အပေါ်မှ အရှိန်ဖြင့် ဖမ်းရခြင်း ဖြစ်သည်။ နှံကောင်များကို မြက်ပင်ဖြင့် သီလိုက်သောအခါ သယ်ယူရသည်မှာ အလွန်ပင် အဆင်ပြေသွားတော့သည်။

မနေ့က မြှိန်းထားသော မီးပုံမှာ ငြိမ်းသွားပြီ ဖြစ်သည်။

ပြာများကို ဖယ်ကြည့်လိုက်သော်လည်း အနည်းငယ် ပူနွေးနေရုံသာရှိပြီး မီးပွား လုံးဝမကျန်တော့ပေ။

ဖန်းချန်က နှံကောင်များနှင့် သစ်သီးများကို ချထားလိုက်ပြီး မနေ့က မီးမွှေးရန် အသုံးပြုခဲ့သော သစ်သားတုံးနှင့် သစ်ကိုင်းကို အိပ်ရာအောက်မှ ထုတ်ယူလိုက်သည်။ နံနက်ခင်း နှင်းရည်များကြောင့် စိုထိုင်းမသွားစေရန် သူသည် ထိုအရာများကို အိပ်ရာအောက်တွင် ထည့်၍ အိပ်ခဲ့ခြင်း ဖြစ်သည်။

သူသည် အိပ်ရာအောက်မှ မြက်ခြောက်အချို့ကို ယူလိုက်ပြီး စမ်းရေအိုင်ထဲမှ အပေါက်ပါသော ကျောက်တုံးတစ်တုံးကို ရှာဖွေလိုက်သည်။ ဖန်းချန်က ယနေ့တွင် "မီးလေး" နည်းလမ်းဖြင့် မီးမွှေးရန် ကြိုးစားကြည့်မည် ဖြစ်သည်။

ဤနည်းလမ်းမှာ ပိုမို ကျွမ်းကျင်မှု လိုအပ်သော်လည်း လက်ဖြင့် ပွတ်တိုက်ခြင်းထက်မူ ပိုမို လွယ်ကူသက်သာသည်။

မီးလေး တစ်ခုပြုလုပ်ရန်မှာ အနည်းငယ် ကွေးနေသော သစ်ကိုင်းတစ်ဖက်တစ်ချက်တွင် လျှော်ကြိုးတစ်ချောင်းကို ချည်နှောင်လိုက်ရုံသာ ဖြစ်သည်။

လျှော်ကြိုးကိုမူ ဖန်းချန်၏ အထုပ်ထဲမှ ယူလိုက်ခြင်း ဖြစ်သည်။ ဤသည်မှာ ယာယီအသုံးပြုရန်သာ ဖြစ်ပြီး နောက်ပိုင်း အချိန်ရသောအခါတွင်မူ သစ်ခေါက်နှင့် နွယ်ပင်များကို အသုံးပြု၍ ကိုယ်တိုင် ကြိုးကျစ်ရန် လိုအပ်ပေလိမ့်မည်။

သူသည် လျှော်ကြိုးကို သစ်သားချောင်းတွင် ရစ်ပတ်လိုက်ပြီး ကျောက်တုံးဖြင့် ဖိကာ လက်သမားများ အပေါက်ဖောက်သည့် ကိရိယာကဲ့သို့ အမြန်ဆွဲလိုက်ရာ မကြာမီပင် မီးပွားများ ထွက်ပေါ်လာတော့သည်။ ထိုမီးပွားကို မြက်ခြောက်ပုံလေးထဲသို့ ဂရုတစိုက် ထည့်ကာ နှစ်ချက်ခန့် မှုတ်ပေးလိုက်သောအခါ မီးတောက်ကလေး ပြန်လည် ထွက်ပေါ်လာသည်။

မနေ့က ခြောက်အောင် လုပ်ထားသော ထင်းများမှာ အပြင်ဘက်တွင် စိုထိုင်းနေသော်လည်း အတွင်းသားမှာမူ ခြောက်သွေ့နေဆဲ ဖြစ်သဖြင့် မကြာမီမှာပင် တဲရှေ့၌ မီးပုံကြီး ပြန်လည် တောက်လောင်လာတော့သည်။

နှံကောင်ကင် မွှေးမွှေးလေးနှင့် တောတွင်းသစ်သီးများ ပေါင်းစပ်လိုက်သောအခါ ဤနံနက်စာမှာ အလွန်ပင် အရသာရှိလှသည်။ သို့သော် နောင်တွင်မူ ပိုမိုကောင်းမွန်ပြီး တည်ငြိမ်သော စားနပ်ရိက္ခာ အရင်းအမြစ်ကို ရှာဖွေရန် သူစဉ်းစားရပေမည်။

စားကြွင်းစားကျန်များကို မီးပုံထဲသို့ ပစ်ထည့်လိုက်ပြီးနောက် ဖန်းချန်က ထရပ်၍ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်သည်။ စာအုပ်ထဲရှိ သင်ကြားမှုများအတိုင်း သူသည် ကွင်းပြင်တွင် တိရစ္ဆာန်များ၏ လှုပ်ရှားမှုကို အတုယူထားသော ကိုယ်လက်လှုပ်ရှားမှုများကို လေ့ကျင့်တော့သည်။ ကျားဟန်၊ ဝက်ဝံဟန်၊ မျောက်ဟန်၊ ငှက်ဟန်နှင့် သမင်ဟန်တို့ကို တစ်လှည့်စီ လေ့ကျင့်ရာတွင် တစ်ခါတစ်ရံ မခန့်ညားသယောင်၊ တစ်ခါတစ်ရံ အေးချမ်းသယောင်၊ တစ်ခါတစ်ရံ ပေါ့ပါးသွက်လက်သယောင်ဖြင့် အလွန်ပင် ကြည့်ကောင်းလှသည်။

ထိုသို့ လေ့ကျင့်ပြီးနောက် သူ၏ ကိုယ်ခန္ဓာမှာ ပိုမို ပေါ့ပါးလန်းဆန်းလာသည်။ ဖန်းချန်က မီးပုံကို သေချာ စစ်ဆေးပြီးနောက် တောအုပ်ထဲသို့ တစ်ဖန် ပြန်ဝင်သွားသည်။

ထင်းများကို ပိုမို စုဆောင်းထားရန် လိုအပ်သည်။ အချို့ကို မိုးလုံစေရန် အိပ်ရာအောက်တွင် ထားရမည် ဖြစ်သကဲ့သို့ မြက်ခြောက်များကိုလည်း စုဆောင်းရဦးမည် ဖြစ်သည်။

ယနေ့ ရာသီဥတုမှာ အလွန်ပင် သာယာလှပေသည်။

All Chapters