အခန်း (၂၉-၃၀)
Vol. 3 Ch. 29-30
အခန်း ၂၉ “အရက်ဝယ်ယူခြင်းနှင့် ကံကြမ္မာအငွေ့အသက်ကို ကြည့်ရှုခြင်း”
အရက်ဆိုင်မှာ စီးပွားအလွန်ကောင်းပုံရသည်။
ဆိုင်အတွင်း၌ စားပွဲဝိုင်းလေး သုံးလေးဝိုင်းမှာ အစီအစဉ်မကျဘဲ ရှိနေကြပြီး စားပွဲဝိုင်းများကို ဝိုင်းရံထားသော ထိုင်ခုံရှည်လေးများပေါ်တွင် လူများဖြင့် ပြည့်နှက်နေ၏။ လူတို့မှာ ခွက်ချင်းတိုက်၍ သောက်စားမြူးထူးနေကြသဖြင့် အရက်နံ့မှာလည်း ဆိုင်တစ်ခုလုံး သင်းပျံ့နေပေသည်။
အချို့မှာ အဖွဲ့လိုက် လာကြသူများဖြစ်ပြီး ဝိုင်းဖွဲ့သောက်စားနေကြသည်။ အချို့မှာမူ တစ်ဦးနှင့်တစ်ဦး မသိကြသော်လည်း စားပွဲတစ်ခုတည်းတွင် အတူထိုင်ကာ စားသောက်ဖွယ်ရာများကို ဝေမျှစားသောက်နေကြ၏။ တစ်ကိုယ်တည်း ထိုင်ကာ မြည်းစရာ အနည်းငယ်ဖြင့် အရက်ကို အေးအေးလူလူ အရသာခံသောက်နေသူများကိုလည်း တွေ့ရသည်။ အချို့မှာမူ ဆိုင်ရှင်ရှိရာ ကောင်တာရှည်ကြီးကို မှီရပ်လျက် ကိုယ့်ဘာသာ သောက်နေကြ၏။
အရက်ဆိုင်၏ အဝင်ဝတွင်မူ သန်မာထွားကြိုင်းသော အမျိုးသားအချို့က ခြေဗလာဖြင့် ရပ်နေကြပြီး ကြွေပန်းကန်လုံးအထူကြီးများဖြင့် အရက်ကို အလျင်အမြန် သောက်နေကြသည်။ ဆိုင်အတွင်းသို့ အရက်သောက်ရန် ဝင်လာသူများ ရှိသကဲ့သို့ အရက်သောက်ပြီးနောက် ပါးစပ်ကို သုတ်ကာ ဆိုင်ရှင်ထံ ခွက်များ အပ်နှံပြီး မိမိတို့၏ အလုပ်ခွင်သို့ ပြန်လည်ထွက်ခွာသွားသူများလည်း မပြတ်ရှိနေပေသည်။
ဖန်းချန်က တံခါးခုံကို အသာအယာ ကျော်ဖြတ်ကာ ကောင်တာဆီသို့ လျှောက်လှမ်းသွားလိုက်သည်။
ဘေးနားရှိ စားပွဲဝိုင်းမှ အုပ်စုလိုက် လာသူများမှာ အသံတိုးတိုးဖြင့် စကားပြောနေကြသော်လည်း ကျန်ရှိသူ အများစုမှာမူ တိတ်ဆိတ်စွာ သောက်စားနေကြသဖြင့် ဆိုင်အတွင်း၌ ဆူညံမှု သိပ်မရှိလှပေ။
ဤဆိုင်တွင် ရောင်းချသော မြည်းစရာ အများစုမှာ အသားပြုတ်များနှင့် အသားနှပ်များ ဖြစ်ကြသည်။ ဝက်၊ အမဲနှင့် ဆိတ်တို့၏ ခေါင်းသား၊ လျှာ၊ ခြေထောက်နှင့် နားရွက်တို့ကို အိုးကြီးများဖြင့် ပြုတ်ထားပြီး အမျိုးအစားအလိုက် ဈေးနှုန်းများ ခွဲခြားထားသည်။ ထို့ပြင် မြေပဲ၊ တို့ဟူးခြောက်၊ ပဲကြီးနှင့် အသားဂျယ်လီ စသည့် အလွယ်တကူ စားနိုင်သော အစားအစာများလည်း ရှိပေသည်။
စားပွဲတွင် ဝိုင်းဖွဲ့၍ စားသောက်သူ အချို့ရှိသော်လည်း လူအများစုမှာမူ အရက်တစ်ခွက်နှင့် မြေပဲအနည်းငယ်ကိုသာ မှာယူကာ ကောင်တာကို မှီ၍သော်လည်းကောင်း၊ ဆိုင်ပြင်တွင် ရပ်၍သော်လည်းကောင်း အေးအေးဆေးဆေး သောက်လေ့ရှိကြသည်။ ဈေးအပေါဆုံး အရက်ကို မှာယူကာ မြည်းစရာမပါဘဲ မတ်တပ်ရပ်လျက် တစ်ကျိုက်တည်း သောက်ပစ်သူများလည်း ရှိ၏။ အဝတ်စုတ်များနှင့် လေလွင့်နေသူတစ်ဦးမှာ တံခါးဝတွင် ရပ်ကာ သံမှိုများကို စုပ်ရင်း အရက်သောက်နေသည်ကိုပင် ဖန်းချန် တွေ့လိုက်ရသေးသည်။
“ဆိုင်ရှင်... ဒီမှာ ဘာအရက်တွေ ရနိုင်မလဲ”
“ရိုးရိုးအရက်ဆိုရင် ပန်းကန်လုံးအကြီး တစ်လုံးကို တစ်ပြား၊ အနည်းငယ်ကောင်းတာဆိုရင် တစ်ပြားခွဲ၊ အလတ်စားဆိုရင် သုံးပြားကနေ ငါးပြားအထိ ရှိပါတယ်။ အကောင်းစားဆိုရင်တော့ ဆယ်ပြား ပေးရပါမယ်။ အကောင်းဆုံး အရက်ကို လိုချင်ရင်တော့ ကျင့်ကျိုးမြို့က လာတဲ့ ပန်းတစ်ရာအရက် အိုးလေးတွေ ရှိပါတယ်။ ဒါကတော့ အလေးချိန်နဲ့ ရောင်းတာပါ”
ဖန်းချန်က အရက်နံ့ကို ရှူကြည့်ပြီးနောက် “ကျွန်တော့်ကို အကောင်းစားအရက်ပဲ ပေးပါ။ အပြင်ကို ယူသွားမှာပါ” ဟု ပြောလိုက်သည်။
ဆိုင်ရှင်က ဖန်းချန်ကို တစ်ချက်ကြည့်ကာ “လူကြီးမင်း... ကျွန်တော့်ဆိုင်မှာ အရက်ထည့်စရာ ပုလင်းမရှိဘူးဗျ။ ဘာနဲ့ ထည့်သွားမှာလဲ” ဟု မေးလိုက်၏။
“အဲဒါကတော့...”
ဖန်းချန်က တောင်ပေါ်မှ ဆင်းလာစဉ်က ဝါးကျည်တောက် တစ်ခုမျှ ယူမလာခဲ့မိသည်မှာ မှားသွားပြီဟု ခံစားလိုက်ရသည်။ သူက ခေတ္တစဉ်းစားပြီးနောက် “ခဏစောင့်ဦး ဆိုင်ရှင်၊ ကျွန်တော် အခုချက်ချင်း ပြန်လာခဲ့မယ်” ဟု ပြောကာ ဆိုင်ပြင်သို့ ခပ်သွက်သွက် ထွက်လာခဲ့၏။
ဆိုင်ပြင်ရှိ လမ်းဘေးဝဲယာတွင် ဈေးသည်များစွာ ရှိနေသည်။ ထိုအထဲတွင် လယ်သမားတစ်ဦးသည် ကောက်ရိုးဖျာစုတ်ပေါ်တွင် ဘူးသီးခြောက်များကို တင်၍ ရောင်းနေ၏။ ဘူးသီးလေးများမှာ လုံးဝန်းကာ ကြည့်၍ အလွန်လှပလှသည်။ သူသည် ထိုဈေးသည်ထံသို့ သွားကာ ဆောင့်ကြောင့်ထိုင်လျက် မေးလိုက်သည်။
“ဒီဘူးသီးတွေကို ဘယ်လိုရောင်းတာလဲ”
“အကြီးဆိုရင် နှစ်ပြား၊ အသေးဆိုရင် တစ်ပြားပါ။ ကိုယ့်အိမ်နောက်ဖေးမှာ စိုက်ထားတာတွေကို မီးခွက်ဆီဖိုး ရအောင် လာရောင်းတာပါ”
“ဒါဆိုရင် အကြီးလည်းမဟုတ် အသေးလည်းမဟုတ်တဲ့ တစ်လုံး ပေးပါ” ဟု ဖန်းချန်က ပြုံး၍ ပြောကာ အလတ်စား ဘူးသီးတစ်လုံးကို ရွေးချယ်လိုက်သည်။
ဈေးရတော့မည် ဖြစ်သဖြင့် ရိုးသားသော လယ်သမားလေးက “အလတ်စားဆိုရင်တော့ တစ်ပြားပဲ ပေးပါ” ဟု ပြောလေသည်။
ဈေးလျှော့ပေးသည်ကို ကြားသောအခါ ဖန်းချန်က “မလိုပါဘူး၊ ခင်ဗျားကို အရှုံးမခံနိုင်ပါဘူး” ဟု ဆိုကာ ကြေးပြား နှစ်ပြားကို ချပေးပြီး ထွက်ခွာလာခဲ့သည်။ လယ်သမားလေးမှာမူ အလွန်ဝမ်းသာသွားတော့၏။
သူသည် လက်ထဲမှ ဘူးသီးခြောက်ကို လှည့်ပတ်ကြည့်ရင်း ကျောက်စိမ်းဓားငယ်လေးကို ထုတ်၍ ဖြတ်ရန် ပြင်လိုက်သော်လည်း မသင့်တော်ဟု ထင်သဖြင့် ဓားကို အိမ်အတွင်းသို့ ပြန်ထည့်လိုက်၏။ ထို့နောက် သူ၏ လက်ချောင်းများဖြင့် ဘူးသီးဝကို ညှစ်ကာ အသာအယာ လှည့်လိုက်ရာ ဓားအရှိန်အဝါမှာ ပိုးမျှင်ကဲ့သို့ သေးငယ်စွာ ထွက်ပေါ်လာပြီး ဘူးသီးဝကို အဝိုင်းလိုက် ညီညာစွာ ဖြတ်တောက်ပေးလိုက်တော့သည်။
သူသည် အတွင်းမှ ဘူးစေ့များနှင့် အသားဖတ်များကို ခါထုတ်လိုက်ပြီး လူသူမရှိသော နေရာတစ်ခုတွင် အမှုန့်ဖြစ်သွားသော အသားဖတ်များကို သွန်ပစ်လိုက်သည်။ ဘူးစေ့များကိုမူ မလွှင့်ပစ်ဘဲ ကျားနှိမ်မုန့် ထုပ်ခဲ့သော စက္ကူဖြင့် ထုပ်ကာ အိတ်အတွင်းသို့ ထည့်လိုက်၏။
ဤသို့ ဖြတ်တောက်ထားသော ဘူးသီးမှာ အဖုံးကို ပြန်ပိတ်၍ ရသော်လည်း ရေရှည်အတွက်မူ မခိုင်ခံ့ပေ။ တစ်ကြောင်းမှာ ဘူးသီးမှာ နုသေးသဖြင့် သယ်ဆောင်ရ ခက်ခဲခြင်းဖြစ်ပြီး နောက်တစ်ကြောင်းမှာ ပြုတ်၍ အခြောက်လှန်းထားခြင်း မရှိသောကြောင့် ဖြစ်သည်။ ကောင်းမွန်သော ဘူးသီးအရက်အိုး တစ်လုံးဖြစ်ရန်အတွက် အဖုံးကို သစ်သား သို့မဟုတ် ဦးချိုဖြင့် ပြုလုပ်ရမည် ဖြစ်သည်။ ထို့ကြောင့် ယခု ဘူးသီးမှာ ခေတ္တအသုံးပြုရန်သာ ဖြစ်ပေသည်။
“ဆိုင်ရှင်... ဒါလေး အပြည့် ထည့်ပေးပါဦး”
ဖန်းချန်က အရက်ဆိုင်သို့ ပြန်သွားကာ ဆိုင်ရှင်ထံ ဘူးသီးကို ကမ်းပေးလိုက်သည်။ ဆိုင်ရှင်ကလည်း လိုလိုလားလားပင် လက်ခံကာ အကောင်းစားအရက်ကို လောင်းထည့်ပေး၏။ သူသည် ဘူးသီးဝတွင် ခရားငယ်တစ်ခုကို တပ်ဆင်ကာ အရက်အိုးကြီးမှ အရက်များကို ခပ်ယူ၍ ထည့်ပေးရာ လေးကြိမ်ခန့် ခပ်ပြီးသောအခါ ဘူးသီးမှာ ပြည့်သွားတော့သည်။
“လူကြီးမင်း... သုံးဆယ့်ငါးပြား ကျသင့်ပါတယ်”
ဖန်းချန်က ခေါင်းညိတ်ကာ ငွေကို အလွယ်တကူ ပေးလိုက်၏။ ထို့နောက် ကောက်ရိုးကြိုးတစ်ချောင်းကို တောင်းယူကာ ဘူးသီးကို ခါးတွင် ချည်နှောင်လျက် ဆိုင်ပြင်သို့ ထွက်လာခဲ့သည်။
နေမင်းမှာ အနောက်ဘက်သို့ စောင်းနေပြီး အိမ်ခေါင်မိုးများပေါ်သို့ ကျရောက်နေပြီ ဖြစ်သည်။ သူသည် ဘူးသီးအဖုံးကို ဖွင့်ကာ အရက်ကို တစ်ငုံ အသာအယာ သောက်လိုက်၏။
အမှန်တကယ်ပင် အရသာရှိသော အရက်ဖြစ်ပေသည်။
လင်းရှီးရွာမှ ရခဲ့သော ပြောင်းဆန်အရက်ထက် များစွာ ပိုကောင်းလှသည်။ ဤနေရာမှာ ကျင့်ကျိုးစီရင်စု၏ လက်အောက်တွင် ရှိသဖြင့် ကုန်စည်များကို မြို့ကြီးများမှ မှာယူရရှိနိုင်သောကြောင့် ဖြစ်ပေလိမ့်မည်။
ဤအရက်ဆိုင်ရှင်မှာလည်း မြို့တော်အထိ သွားရောက်ကာ အဆင့်မြင့်ကုန်စည်များကို ဝယ်ယူနိုင်စွမ်းရှိသဖြင့် အဆက်အသွယ် ကောင်းသူတစ်ဦး ဖြစ်ပေမည်။ အိုးငယ်လေးများဖြင့် ရောင်းချသော ပန်းတစ်ရာအရက်မှာမူ အဆင့်အတန်းမြင့်သော ခရီးသည်များအတွက် ရည်ရွယ်ထားခြင်း ဖြစ်ပေလိမ့်မည်။ ဝယ်ယူသူ နည်းပါးနိုင်သော်လည်း ဆိုင်၏ အဆင့်အတန်းကို မြှင့်တင်ပေးနိုင်ပေသည်။
မြို့ကြီးများမှ မှာယူကာ အိုးငယ်များဖြင့် ထည့်ထားသော အရက်မှာ ယခုဘူးသီးထဲမှ အရက်ထက် ပို၍ အရသာရှိနိုင်သော်လည်း ပြင်းအားမှာမူ တူညီမည် မဟုတ်ပေ။ ဖန်းချန်က အရက်ကို အလွန်အကျွံ စွဲလန်းသူ မဟုတ်သော်လည်း တွေ့ရှိပါက မိမိစိတ်ကြိုက် မြည်းစမ်းလေ့ရှိသဖြင့် အလွန်အမင်း ရွေးချယ်နေခြင်း မရှိပေ။
သူသည် ဈေးအပေါဆုံး အရက်နှစ်မျိုးကို မဝယ်ယူခဲ့ခြင်းမှာ ထိုအရက်များတွင် ရေရောထားသောကြောင့် ဖြစ်သည်။ အကယ်၍ ရေမရောထားပါက ယခုသူသောက်နေသော အရက်နှင့် အတူတူပင် ဖြစ်ပေလိမ့်မည်။ ရေရောခြင်းမှာ လူတိုင်းသိသော လျှို့ဝှက်ချက်ဖြစ်သော်လည်း မည်သူမျှ ဂရုမစိုက်ကြပေ။ အဘယ်ကြောင့်ဆိုသော် ချမ်းသာသူများမှာ အကောင်းစားအရက်ကို ဝယ်သောက်နိုင်သော်လည်း ရေမရောပါက ဈေးနှုန်းကြီးမြင့်မှုကြောင့် သာမန်လူများမှာ အရက်ကို သောက်နိုင်ကြတော့မည် မဟုတ်သောကြောင့် ဖြစ်သည်။
သူသည် နောက်ထပ် တစ်ငုံသောက်ကာ အရက်၏ ရနံ့ကို လျှာပေါ်တွင် ခဏထားပြီးမှ အသာအယာ မျိုချလိုက်၏။ မွှေးကြိုင်သော အရသာမှာ လျှာဖျားတွင်တင်မကဘဲ ရင်ထဲအထိ စိမ့်ဝင်သွားတော့သည်။
ကျောက်ခင်းလမ်း၏ ရှေ့နားတွင် ဘေးပတ်ဝန်းကျင်ရှိ အိမ်များထက် ပိုမိုမြင့်မားကာ ခမ်းနားထည်ဝါသော အိမ်ကြီးတစ်အိမ်ကို တွေ့လိုက်ရသည်။ ဤအိမ်မှာ ကျားတံတားမြို့ရှိ သူဌေးကြီးတစ်ဦး၏ အိမ်ဖြစ်တန်ရာ၏။ ဖန်းချန်က ထိုနေရာသို့ သွားရောက်ကြည့်ရှုကာ ထူးဆန်းသော အဖြစ်အပျက်များ မည်သို့ကြောင့် ဖြစ်ပွားနေသည်ကို စူးစမ်းလိုစိတ် ဖြစ်ပေါ်လာသည်။
ထိုအိမ်ကြီးသို့ သွားရာလမ်းမှာ အတော်ပင် တိတ်ဆိတ်ခြောက်ကပ်နေ၏။ မင်းလမ်းမကြီးနှင့် နီးကပ်သော်လည်း အိမ်ကြီး၏ အနီးအနားတွင် ဆိုင်ခန်းများ သို့မဟုတ် ဈေးသည်များ မရှိသလို လမ်းသွားလမ်းလာလည်း အလွန်နည်းပါးလှသည်။
အနားသို့ ရောက်သောအခါ ဖန်းချန်က အိမ်ကြီးကို မော့ကြည့်လိုက်သည်။
အိမ်ကြီး၏ အပေါ်ဘက်ရှိ ကံကြမ္မာအငွေ့အသက်များမှာ အလွန်ပင် ခက်ထန်ကြမ်းတမ်းနေသည်ကို သူတွေ့လိုက်ရ၏။ ဤအိမ်ကြီးမှာ အေးချမ်းသော နေရာတစ်ခု မဟုတ်သည်မှာ သေချာပေသည်။
ထိုသို့ ကြမ်းတမ်းသော စွမ်းအင်များနှင့်အတူ အားနည်းလာသော လက္ခဏာများကိုလည်း တွေ့ရပြီး ထူးဆန်းသော စွမ်းအင်တစ်ခုကလည်း ရစ်ပတ်နှောင့်ယှက်နေသည်ကို မြင်ရသည်။ ထိုထူးဆန်းသော အငွေ့အသက်မှာ လွင့်မျောနေပြီး ကြံ့ခိုင်မှုရှိသော်လည်း တစ်ခါတစ်ရံတွင်မူ လေးလံထိုင်းမှိုင်းနေကာ မိစ္ဆာ သို့မဟုတ် သရဲတစ်ကောင်၏ အငွေ့အသက်နှင့် တူနေတော့သည်။
ဤသည်မှာ အမှန်တကယ်ပင် ထူးဆန်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပေတော့မည်။
မီးပွတ်ရင်း main character ဖြစ်သွားတယ်
အခန်း ၃၀ “ဆိတ်သားခေါက်ဆွဲဆိုင်”
“ဆိတ်သားခေါက်ဆွဲ တစ်ပွဲပေးပါ”
“ဟုတ်ကဲ့ပါဗျာ”
ဖန်းချန်၏ မှာကြားသံကို ကြားသည်နှင့် ဆိုင်ရှင်သည် ဝမ်းမြောက်ဝမ်းသာ ထူးလိုက်ပြီး သူ၏ လက်အမူအရာများမှာလည်း ပို၍ သွက်လက်လာတော့သည်။ သူသည် ဂျုံနယ်ခြင်း၊ ခေါက်ဆွဲနန်းဆွဲခြင်းတို့ကို ပြုလုပ်ကာ ပွက်ပွက်ဆူနေသော အိုးကြီးအတွင်းသို့ ခေါက်ဆွဲဖတ်များကို ပစ်ထည့်လိုက်၏။ ခေါက်ဆွဲဖတ်ဖြူဖြူလေးများမှာ အိုးအတွင်း၌ ကခုန်နေကြပေသည်။
ဆိုင်ရှင်သည် အလုပ်လုပ်ရင်းနှင့်ပင် စကားဆိုလိုက်သည်မှာ။
“လူကြီးမင်းက ကံကောင်းတာပဲ။ နည်းနည်းလေး နောက်ကျပြီးမှ ရောက်လာရင်တော့ ဆိတ်သားခေါက်ဆွဲ ကုန်သွားပြီဗျ”
ဖန်းချန်ကလည်း ဘာမျှလုပ်စရာ မရှိသဖြင့် ခါးမှ ဘူးသီးကို ဖြုတ်ကာ အရက်တစ်ငုံ သောက်လိုက်ရင်း “ဦးလေး ဒီမှာ ဈေးရောင်းတာ ဘယ်လောက်ကြာပြီလဲ” ဟု မေးလိုက်၏။
“နှစ်ပေါင်း သုံးဆယ်ကျော်ပါပြီ” ဆိုင်ရှင်သည် အတိတ်ကို ပြန်လည်အမှတ်ရနေသော်လည်း လက်ကမူ မနားပေ။ “ဒီဆိုင်ကို အစက ကျွန်တော့်အဖေက တည်ခဲ့တာပါ။ အဲဒီတုန်းက ကျွန်တော်က သူ့နောက်ကနေ အမြဲတမ်း ကူညီပေးခဲ့ရတာ”
“နှစ်အနည်းငယ် ကြာတော့ အဖေ ဆုံးသွားတယ်လေ။ အဲဒီကစပြီး ကျွန်တော်ပဲ ဒီဆိုင်ကို ဆက်ခံပြီး တောင်ဘက် မြောက်ဘက်က လာကြတဲ့ ဧည့်သည်တွေကို ခေါက်ဆွဲရောင်းရင်း အသက်မွေးခဲ့တာပေါ့။ အချိန်တွေက ကုန်သွားလိုက်တာ။ ခဏအတွင်းမှာပဲ ကျွန်တော်လည်း အဖေ့အရွယ် ရောက်နေပြီ။ ကလေးတွေတောင် ကြီးကုန်ကြပြီဗျာ”
ဆိုင်ရှင်၏ စကားကို ကြားသောအခါ ဖန်းချန်က ပြုံး၍ ပြောလိုက်သည်မှာ “ဆယ်စုနှစ်နဲ့ချီတဲ့ လက်ရာဟောင်းဆိုတော့လည်း စီးပွားကောင်းနေတာ မဆန်းပါဘူး”
“အဲဒါတော့ ဟုတ်တယ်ဗျ။ ကျွန်တော့်ဆီမှာက ဖောက်သည်ဟောင်းတွေ အများကြီး ရှိတယ်။ တချို့ဆိုရင် ဆယ်နှစ်လောက်ရှိပြီ။ ဒီလမ်းမကြီးကနေ မကြာခဏ ဖြတ်သွားတတ်သူတွေကတော့ မြို့ထဲကို ရောက်တိုင်း ကျွန်တော့်ဆီမှာ ခေါက်ဆွဲတစ်ပွဲတော့ ဝင်စားလေ့ရှိကြတာ”
“ကျွန်တော့်ခေါက်ဆွဲက နူးညံ့ပြီး အရသာရှိတယ်။ စားလိုက်ရင်လည်း ချောမွတ်နေတာပဲ။ ဗိုက်လည်း ဝစေသလို တစ်နေ့လုံး ပင်ပင်ပန်းပန်း လုပ်ကိုင်လာရသူတွေအတွက် အသင့်တော်ဆုံးပေါ့ဗျာ”
ဘေးပတ်ဝန်းကျင်ရှိ ခေါက်ဆွဲစားနေသူများကို ကြည့်လိုက်ရာ အားလုံးမှာ ဖုန်တောထဲမှ လာခဲ့ကြသူများ ဖြစ်ကြပြီး အားရပါးရ မြန်မြန်ဆန်ဆန် စားနေကြသည်မှာ ကျေနပ်နေကြသည့် ပုံစံရှိသည်။
ဆိုင်ရှင်သည် အိုးအတွင်းမှ ခေါက်ဆွဲဖတ်လေးများကို ကြည့်ရင်း ဆက်၍ ရယ်မောကာ ပြောပြနေပြန်သည်။
“ခုနက လူကြီးမင်းကို ကံကောင်းတယ်လို့ ပြောတာက အလကား ပြောတာ မဟုတ်ဘူးဗျ။ ကျွန်တော်က ဆိတ်သားခေါက်ဆွဲကို အရည်အသွေးကောင်းအောင် လုပ်ပေးတယ်ဆိုပေမဲ့ အများကြီးတော့ မလုပ်ရဲဘူး။ လုပ်ငန်းသေးသေးလေးဆိုတော့ အရှုံးဒဏ်ကို မခံနိုင်ဘူးလေ”
“အသားက ဈေးကြီးတယ် မဟုတ်လား။ အများကြီး ပြင်ဆင်ထားလို့ လမ်းအခြေအနေ မကောင်းလို့ လူနည်းသွားတဲ့နေ့မျိုးဆိုရင် နောက်နေ့မှာ အရသာက ပြောင်းသွားတတ်တယ်။ ဒါကြောင့် လူကြီးမင်းသာ နည်းနည်းလေး နောက်ကျရင် ဆိတ်သားခေါက်ဆွဲက ကုန်သွားပြီ။ တို့ဟူးခေါက်ဆွဲနဲ့ နှမ်းဆီခေါက်ဆွဲပဲ ကျန်တော့မှာ”
စကားပြောနေရင်း ဆိုင်ရှင်သည် ဇကာဖြင့် ခေါက်ဆွဲများကို ခပ်ယူလိုက်ကာ ကြွေပန်းကန်လုံးကြီး တစ်လုံးအတွင်းသို့ ကျွမ်းကျင်စွာ ထည့်လိုက်သည်။ ထို့နောက် ဘေးရှိ ပုံးအတွင်းမှ ဆီဦးဝါဝါနှင့် ဆိတ်သား အသားအဆီ တစ်ဝက်စီပါသော အသားတုံးကြီးများကို ခေါက်ဆွဲပေါ်သို့ တင်လိုက်၏။ ကြက်သွန်မြိတ်လေးများ ဖြူးကာ နှမ်းဆီ အနည်းငယ် ထည့်ပြီးနောက် ခေါက်ဆွဲပြုတ်ရည် တစ်ယောက်စာကို လောင်းထည့်ပေးလိုက်တော့သည်။
ထို့နောက်တွင်မူ ဆိုင်ရှင်သည် ဝန်ထမ်းတစ်ဦးကဲ့သို့ အသံမြှင့်၍ ဟစ်အော်လိုက်၏။
“သင့်ခေါက်ဆွဲ ရပါပြီ”
“ကျေးဇူးပါပဲ”
ဖန်းချန်က ခေါက်ဆွဲကို လက်ခံလိုက်ရာ ဆိုင်ရှင်က ဆက်၍ ပြောလိုက်သည်မှာ “စားပွဲပေါ်မှာ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ အရန်ဟင်းတွေ ရှိပါတယ်။ မိမိစိတ်ကြိုက် ထည့်စားနိုင်ပါတယ်”
စားပွဲပေါ်တွင် ပဲငံပြာရည်၊ ပုန်းရည်၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ ဆား၊ ငရုတ်သီးနှင့် နံနံပင်တို့ကို အိုးငယ်လေးများနှင့် သစ်သားသေတ္တာလေးများထဲတွင် ထည့်ထားကာ စားသုံးသူများ စိတ်ကြိုက် ယူနိုင်ရန် စီစဉ်ပေးထားသည်။
ဖန်းချန်က ဘာမျှ ထပ်မထည့်တော့ဘဲ ဝါးကျည်တောက်ထဲမှ ဝါးတူတစ်စုံကို ထုတ်ကာ စတင်မြည်းစမ်းလိုက်၏။
“တကယ်ကို အရသာ ရှိတာပဲ” သူသည် အနည်းငယ် စားကြည့်လိုက်ရာ ခေါက်ဆွဲမှာ ဆိုင်ရှင် ပြောသကဲ့သို့ပင် နူးညံ့ချောမွတ်လှပေသည်။ ပါးစပ်ထဲ ရောက်သည်နှင့် လည်ချောင်းထဲသို့ အလိုလို လျောဝင်သွားကာ အရသာမှာ စွဲကျန်နေတော့သည်။
ဧည့်သည်က သူ၏ လက်ရာကို ချီးမွမ်းသည်ကို ကြားသောအခါ ဆိုင်ရှင်မှာ အနည်းငယ် ဂုဏ်ယူသွားပုံရ၏။
“ကျွန်တော့်ခေါက်ဆွဲကို စားဖူးသူတိုင်း ဒီလိုပဲ ပြောကြတာပါ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာ ကျွန်တော်က ခေါက်ဆွဲလုပ်နည်းကို အကြိမ်ပေါင်း များစွာ ပြုပြင်ခဲ့တာ။ နောက်ထပ် နှစ်အနည်းငယ် ကြာရင်တော့ ဒီထက် ပိုကောင်းတဲ့ အရသာမျိုး ရအောင် လုပ်နိုင်မှာပါ”
“ဒီကျားတံတားမြို့က လူကြီးလူငယ်မရွေး အဘိုးအိုရွှီရဲ့ ခေါက်ဆွဲလက်ရာကို သိကြပါတယ်။ ဒီမှာတော့ ကျွန်တော့်ရဲ့ ဂုဏ်သတင်းက ကျားနှိမ်မုန့်ထက်တောင် မနိမ့်ပါဘူး”
ဖန်းချန်က ခေါက်ဆွဲကို စားရင်း ပြုံး၍ မေးလိုက်သည်မှာ “ကျားတံတားမြို့အကြောင်း ပြောရရင်တော့... ဦးပန်သူဌေးကြီးရဲ့ အိမ်မှာ ဘာတွေဖြစ်နေလဲဆိုတာ ဦးလေး သိသလား”
“ဆိတ်သားခေါက်ဆွဲ တစ်ပွဲပေးပါဦး” ဧည့်သည်တစ်ဦး ထပ်မံရောက်ရှိလာပြီး ဆိုင်ရှင်ကို ပြောကာ ဖန်းချန်၏ စားပွဲတွင် ဝင်ထိုင်လိုက်သည်။
“ဟုတ်ကဲ့ပါဗျာ”
ဆိုင်ရှင်က ချက်ချင်းပင် ထူးလိုက်ပြီး ဂျုံနယ်သည့် အလုပ်ကို ဆက်လုပ်လေသည်။
ခေါက်ဆွဲနန်းကို ဆွဲနေရင်း သူသည် စားပွဲတွင် ထိုင်နေသော ဖန်းချန်ကို လှည့်ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်မှာ “ကျွန်တော့်ကို ဆိုင်ရှင်လို့တော့ မခေါ်ပါနဲ့ဗျာ။ ကျွန်တော့်မှာက ကောင်တာလည်း မရှိပါဘူး။ ဒီခေါက်ဆွဲတွန်းလှည်း အဟောင်းလေးပဲ ရှိတာပါ။ ဦးပန်အိမ်က ထူးဆန်းတဲ့ အဖြစ်အပျက်ကိုတော့ လူတိုင်း သိကြတာပေါ့။ ဒါပေမဲ့ ဘယ်သူမှတော့ အကျယ်တဝင့် မပြောရဲကြဘူး။ အပြင်လူတွေရဲ့ နားထဲကို ရောက်သွားရင် ဘေးဒုက္ခ တွေ့နိုင်တယ်လေ။ ကျွန်တော်တို့ မိသားစုက ဒီမြို့မှာပဲ ဆက်နေကြရဦးမှာကိုး”
“ဟုတ်ပါတယ်၊ နားလည်ပါတယ်”
ဖန်းချန်က ဆက်၍ ခေါက်ဆွဲစားနေလိုက်သည်။ ခေါက်ဆွဲမှာ အမှန်တကယ် ကောင်းလှသဖြင့် ခဏအတွင်းမှာပင် ပန်းကန်တစ်ဝက်ခန့် ကုန်သွားလေပြီ။
ဘေးနားရှိ ဧည့်သည်အသစ်မှာ သူ၏ ဆိတ်သားခေါက်ဆွဲကို စောင့်ဆိုင်းနေရင်း ဖန်းချန်နှင့် ဆိုင်ရှင်တို့ စကားပြောနေသည်ကို ကြားသဖြင့် ဖန်းချန်ကို ကြည့်လိုက်၏။
ဖန်းချန်၏ အဝတ်အစားများမှာ ဟောင်းနွမ်းနေပြီး လမ်းဘေးဆိုင်တွင် ခေါက်ဆွဲစားနေသည် ဖြစ်သော်လည်း သူ၏ ထူးခြားသော အမူအရာကို ဖုံးကွယ်ထား၍ မရပေ။ ထိုသူသည် ဖန်းချန်ကို ကြည့်ကာ သဘောကျသွားပုံရသဖြင့် လက်အုပ်ချီ နှုတ်ဆက်လျက် မေးလိုက်သည်။
“မိတ်ဆွေ... သင့်ရဲ့ နာမည်နဲ့ ဘယ်က လာသလဲဆိုတာကို သိခွင့်ရမလား”
ဖန်းချန်က ခေါင်းမော့၍ ကြည့်လိုက်ရာ ထိုသူမှာလည်း ဖုန်တောထဲမှ လာခဲ့သည့် ခရီးသည်တစ်ဦးပင် ဖြစ်ပေသည်။
ထမ်းပိုးတစ်ခုမှာ စားပွဲဘေးတွင် မှီထား၏။ နှစ်ပေါင်းများစွာ ကြမ်းတမ်းသော အလုပ်ကို လုပ်ကိုင်ခဲ့သဖြင့် သူ၏ လက်များတွင် အသားမာများ တက်နေပြီး နေပူမိုးရွာထဲတွင် သွားလာနေရသဖြင့် မျက်နှာတွင် အရေးအကြောင်းများ ထင်ကျန်နေကာ မုတ်ဆိတ်များထဲတွင်လည်း ဆံပင်ဖြူအချို့ ရောနှောနေသည်။
ဖန်းချန်က ပါးစပ်ထဲမှ ခေါက်ဆွဲကို မျိုချလိုက်ပြီး “ကျွန်တော့်နာမည်က ဖန်းချန်ပါ၊ လောကကြီးထဲမှာ လေလွင့်နေထိုင်သူ တစ်ဦးပါပဲ” ဟု ပြန်လည်ဖြေကြားလိုက်သည်။
တစ်ဖက်လူကလည်း သူ၏အကြောင်းကို မိတ်ဆက်ပေးလိုက်သည်မှာ “ကျွန်တော်က ဖုန်းဖုန်းစီရင်စုက ရှဲ့ကွမ်အန်းပါ။ ဖုန်းဖုန်းက အဘိုးကြီးရှဲ့လို့လည်း ခေါ်ကြပါတယ်။ ဦးပန်သူဌေးကြီးရဲ့ အိမ်က ထူးဆန်းတဲ့ ကိစ္စတွေကိုတော့ ကျွန်တော်လည်း ကြားဖူးပါတယ်။ ဒါပေမဲ့ လူကြီးမင်းဖန့်က ဘာကြောင့် အဲဒီအကြောင်းကို စပ်စုနေရတာလဲ”
“သိချင်ရုံ သက်သက်ပါပဲ”
ရှဲ့ကွမ်အန်းက ခေါင်းညိတ်ပြကာ ပြုံးလျက် ပြောလိုက်သည်မှာ “ဒါဆိုရင်လည်း ကောင်းပါပြီ။ ဒီကိစ္စကို အစပြုပြီး အနက်ရှိုင်းကြီး မသိတာပဲ ကောင်းပါတယ်။ ကျွန်တော့်အမြင်အရတော့ ဒါဟာ ဦးပန် ခံစားနေရတဲ့ ဝဋ်ကြွေးပဲလို့ ထင်တယ်”
“ဝဋ်ကြွေး ဟုတ်လား” ဖန်းချန်က ခေါက်ဆွဲစားနေရင်း အနည်းငယ် အံ့အားသင့်သွားသည်။
“ဟုတ်တယ်လေ။ ကျွန်တော်က ဒီဒေသခံ မဟုတ်တော့ ဦးပန်ရဲ့ ဩဇာကို ကျားတံတားမြို့သားတွေလို ကြောက်နေစရာ မလိုဘူး။ ကျွန်တော့် မိတ်ဆွေတွေဆီက ကြားရတာကတော့ ဒီဦးပန်ဆိုတဲ့သူက အမြဲတမ်း ရက်စက်ကြမ်းကြုတ်စွာ ပြုမူတတ်သူတဲ့။ မကြာခင်ကတောင် မိသားစုတစ်စုလုံးကို ပျက်စီးအောင် လုပ်ခဲ့သေးတယ်လို့ ဆိုတယ်”
ရှဲ့ကွမ်အန်း၏ စကားကြောင့် ဖန်းချန်က လက်ထဲမှ ဝါးတူကို ခေတ္တရပ်လိုက်ပြီး “မိသားစုတစ်စုလုံး ပျက်စီးအောင် လုပ်ခဲ့တယ် ဟုတ်လား။ ဘာကြောင့်လဲ”
“ကြားရတာကတော့ အဲဒီမိသားစုမှာ အရမ်းကောင်းတဲ့ လယ်မြေ နှစ်ကွက် ရှိသတဲ့။ ဦးပန်က အဲဒါကို ဝယ်ချင်ပေမဲ့ အဲဒီမိသားစုက အသက်မွေးဝမ်းကျောင်းအတွက် မရောင်းနိုင်ဘူးလို့ ငြင်းခဲ့ကြတယ်။ ဒါနဲ့ပဲ မကြာခင်မှာပဲ အဲဒီအိမ်ထောင်ဦးစီးက မြို့စောင့်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး မိသားစုလည်း ပြိုကွဲပျက်စီးသွားရတော့တာပဲ။ အဲဒီလယ်ကွက်တွေကတော့ ဦးပန်ရဲ့ လက်ထဲကို အလိုလို ရောက်သွားတာပေါ့”
“အစိုးရကော မသိဘူးလား။ အဲဒီမိသားစုက တရားမစွဲကြဘူးလား”
“မြို့စောင့်တပ်ရဲ့ နောက်ကွယ်မှာ စီရင်စုအစိုးရ အရာရှိတွေ ရှိတယ်လို့ ကြားရတယ်။ ဒီကျားတံတားမြို့က ဖုန်းဖုန်းစီရင်စုက လုံအန်းမြို့ကို သွားရတာ လွယ်ပေမဲ့ ဒီနေရာကို အုပ်ချုပ်တဲ့ နင်ဟယ်စီရင်စု အစိုးရရုံးဆီ သွားဖို့ကတော့ မလွယ်လှဘူးလေ”
“ပြီးတော့ အဲဒီအထိ ရောက်သွားရင်တောင် အရာရှိတွေက လက်ခံမှာ မဟုတ်ဘူး။ ဒီလိုမျိုး ကိစ္စတွေ ဖြစ်နေတာ ဒါက ပထမဆုံးအကြိမ် မဟုတ်ဘူးဗျ။ အရင်ကလည်း အသတ်ခံရသူတွေ၊ ကိုယ်လက်အင်္ဂါ မသန်မစွမ်း ဖြစ်သွားရသူတွေ ရှိခဲ့ဖူးတယ်။ အားလုံးလည်း နောက်ဆုံးမှာ ဘာမှမထူးဘဲ ပြီးသွားကြတာပါပဲ။ အင်း...”
ဤသည်မှာ အလွန်ပင် ရိုးအီနေသော ဇာတ်လမ်းမျိုး ဖြစ်သော်လည်း ကာယကံရှင်များအတွက်မူ ကြီးမားသော ဘေးဒုက္ခတစ်ခုပင် ဖြစ်သည်။
ရှဲ့ကွမ်အန်းသည် ပန်းကန်လုံးထဲမှ ခေါက်ဆွဲများကို မွှေနှောက်ရင်း ဆက်လက်ပြောပြသည်မှာ။
“ဒါပေမဲ့ အဲဒီအချိန်နဲ့ တစ်ပြိုင်နက်တည်းမှာပဲ ဦးပန်ရဲ့ အိမ်မှာ ထူးဆန်းတဲ့ ကိစ္စတွေ ခဏခဏ ဖြစ်လာတော့တာပဲ။ တစ်ခါတလေ အိမ်ထဲက ပစ္စည်းတွေ ပျောက်သွားပြီး ထူးဆန်းတဲ့ နေရာတွေမှာ ပြန်ပေါ်လာတတ်တယ်။ အိမ်ဖော်တွေကလည်း ရုတ်တရက် အလဲလဲအပြားပြား ဖြစ်ကုန်ပြီး အိမ်ခေါင်မိုးပေါ်က ရေနုတ်မြောင်းတွေထဲမှာ ရောက်နေတတ်တယ်တဲ့”
“ဒါကြောင့် ဒီသူဌေးကြီးလည်း မနေသာတော့ဘဲ စီရင်စုမြို့က ပညာရှင်တွေကို ငွေအများကြီးပေးပြီး ခေါ်ပြခဲ့တာပေါ့။ ဒါပေမဲ့ ပညာရှင်တွေ ရောက်လာတော့လည်း ဘာကြောင့် ဖြစ်မှန်း မသိကြတော့ ဖြေရှင်းရခက်တယ်လို့ပဲ ပြောကြတယ်။ အခြေအနေကို အသေအချာ မသိနိုင်တဲ့အတွက် အကာအကွယ်လေး တစ်ခုလောက်ပဲ လုပ်ပေးပြီး ပြန်သွားကြတာပဲ။ အဲဒီနောက်ပိုင်းကစပြီး ထူးဆန်းတဲ့ အဖြစ်အပျက်တွေက ဆက်ဖြစ်နေတုန်းမို့ ဒါဟာ ဝဋ်ကြွေးပဲလို့ အားလုံးက တိတ်တဆိတ် ပြောနေကြတာပေါ့”