← Chapters

အခန်း (၂၁-၂၂)

Vol. 3 Ch. 21-22

အခန်း (၂၁-၂၂)

Vol. 3 Ch. 21-22

အခန်း ၂၁ “ညအိပ်ရပ်နားကြသူများ”

အရာအားလုံး အသင့်ဖြစ်ပြီဆိုကာမှ ဖန်းချန်သည် တောဝက်ကြီးကို မကာ စမ်းချောင်းသို့ သွားခဲ့သည်။ သူသည် အသားများကို သန့်စင်အောင် ဆေးကြောပြီးနောက် အပိုင်းကြီးအနည်းငယ် ပိုင်းဖြတ်၍ ထမ်းပိုးဖြင့် သယ်ဆောင်လာခဲ့သည်။ ဤအခြေအနေတွင် အသုံးမဝင်သေးသည့် အစိတ်အပိုင်းများကိုမူ တောသားရဲများ စားသောက်ရန် တောင်ပေါ်တွင် ဝေးဝေးလံလံ စွန့်ပစ်ခဲ့လေသည်။

ဆေးကြောပြီးသား ခြင်းတောင်းထဲသို့ အသားတုံးကြီးများကို ထည့်ကာ သူ၏ ဝါးတဲငယ်သို့ ပြန်လာခဲ့သည်။ ထို့နောက် သန့်စင်ထားသော သစ်သားတုံးအချို့ကို အောက်ခံပြုလုပ်၍ အသားများကို ခြင်းတောင်းထဲမှ ထုတ်ကာ အသားပြင်ဆင်ခြင်း လုပ်ငန်းကို စတင်တော့သည်။

မီးဖိုထဲသို့ ထင်းအနည်းငယ် ထပ်ဖြည့်လိုက်ပြီးနောက် ဖန်းချန်သည် တောဝက်သားများထဲမှ အသားကောင်းများကို ရွေးထုတ်ကာ အမြှောင်းရှည်များ လှီးဖြတ်၍ ဝါးဗန်းပေါ်တွင် တင်ထားလိုက်သည်။ ကျန်ရှိသည့် အသားများကိုမူ အတုံးငယ်လေးများ တုံးကာ မြေအိုးထဲထည့်၍ မီးဖိုပေါ်တွင် ခဏမျှ ပြုတ်လိုက်သည်။ ရေတစ်ကြိမ် လဲလှယ်ပြီးနောက် တောကြက်သွန်မြိတ်နှင့် ဂျင်းတို့ကို အပိုင်းပိုင်းဖြတ်ကာ ထည့်လိုက်သည်။ ရေဆူလာသောအခါ မီးကို လျှော့ချလိုက်ပြီး အသားများ နူးအိသွားစေရန် အရှိန်ပျော့ပျော့ဖြင့် တည်ထားလိုက်လေသည်။

အိုးအဖုံးမှာ ဝါးခြမ်းစိတ်ကလေးများဖြင့် ရိုးရိုးရှင်းရှင်း ပြုလုပ်ထားခြင်းဖြစ်၍ အလုံပိတ်မထားနိုင်ပေ။ အက်ကြောင်းများကြားမှ ရေနွေးငွေ့များ တိုးထွက်လာပြီး အသားဟင်းနံ့က တစ်အိမ်လုံး ပျံ့နှံ့သွားလေတော့သည်။ ဖန်းချန်တွင် သကြားမရှိသောကြောင့် ပဲငပိအချိုချက် မချက်နိုင်ဘဲ ယခုလောလောဆယ်တွင် အသားပြုတ်ရည်ကြည်အဖြစ်သာ ချက်ပြုတ်နိုင်ပေသည်။

တောဝက်များသည် တစ်နေ့လုံး လှုပ်ရှားသွားလာနေကြသဖြင့် အဆီနည်း၍ အသားများသော်လည်း ၎င်းတို့၏ အသားအရသာမှာ အလွန်ထူးကဲလှသည်။

ဟင်းအိုးနူးသည်ကို စောင့်ဆိုင်းနေစဉ် ဖန်းချန်သည် ဝါးပြွန်ထဲမှ လက်ဖက်ရည်ကို မြည်းစမ်းရင်း ဝါးနှစ်စကို ယူကာ ကျောက်စိမ်းဓားငယ်ဖြင့် စတင်လုပ်ကိုင်တော့သည်။ ပြီးခဲ့သည့်ရက်များက သူသည် သစ်ကိုင်းများကိုသာ တူအဖြစ် အသုံးပြုခဲ့ရသဖြင့် အဆင်မပြေလှပေ။ ယနေ့တွင်မူ အချိန်အခါသင့်သဖြင့် ဝါးတူနှစ်စုံ ပြုလုပ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

အခန်းတွင်းမှ ဟင်းနံ့များက ပို၍ မွှေးကြိုင်လာသည်။ ဝါးတူဖြင့် ထိုးကြည့်ရာတွင် အသားများ နူးအိနေပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် ဖန်းချန်သည် တောင်ပေါ်သို့ သယ်ဆောင်လာသော အိတ်ထဲမှ ဆားကြမ်းအချို့ကို ထုတ်ကာ အမှုန့်ပြု၍ အိုးထဲသို့ ဖြူးလိုက်သည်။ ဆားသည် ဟင်းချက်ခြင်း၏ အသက်ဝိညာဉ်ပင် ဖြစ်ပေသည်။

ထို့နောက် ခြင်းတောင်းထဲမှ သစ်ဥသစ်ဖုအချို့ကို ရှာဖွေကာ အခွံနွှာ၍ အတုံးငယ်များ လှီးဖြတ်ပြီး အိုးထဲသို့ ထည့်လိုက်သည်။ မီးကို ပြန်တင်ကာ အချိန်အနည်းငယ် ထပ်မံတည်လိုက်သောအခါ အရသာရှိသော ဟင်းတစ်အိုး အဆင်သင့် ဖြစ်သွားလေပြီ။

ဖန်းချန်သည် ပူလောင်ခြင်းကို ဂရုမစိုက်ဘဲ အိုးကို မီးဖိုပေါ်မှ ချလိုက်သည်။ သူ၏ ကျောက်ခွက်ထဲသို့ ဝါးယောင်မဖြင့် ဟင်းများကို အပြည့် ခပ်ထည့်လိုက်သည်။ ပြတင်းပေါက်မှ ဝင်ရောက်လာသော နေရောင်ခြည်သည် ခွက်ထဲရှိ စားဖွယ်ရာများပေါ်တွင် ကျရောက်နေသည်။

ချက်ပြုတ်ပြီးသား အသား၏ မူလအရောင်နှင့် သစ်ဥသစ်ဖုတို့မှာ ဆီမများဘဲ ကြည့်ကောင်းလှသည်။ မွှေးကြိုင်သော ရနံ့နှင့် ဟင်းရည်ကြည်ကလေးမှာ အလွန်ပင် စားချင်စဖွယ် ကောင်းလှပေသည်။

အနည်းငယ် အအေးခံပြီးနောက် အသစ်ပြုလုပ်ထားသော ဝါးတူဖြင့် မြည်းစမ်းကြည့်ရာ အသားမှာ ပါးစပ်ထဲတွင် အရည်ပျော်သွားသကဲ့သို့ နူးညံ့လှပြီး မွှေးကြိုင်သော ရနံ့က ခံတွင်းပျံ့သွားတော့သည်။ တောကြက်သွန်မြိတ်နှင့် ဂျင်းတို့ကြောင့် အသားညှီနံ့ မရှိသည့်အပြင် ထူးခြားသော အရသာကို ပေးစွမ်းသည်။ သစ်ဥသစ်ဖုများမှာလည်း ကျက်ရုံမျှသာ ရှိသေးသဖြင့် ဝါးလိုက်လျှင် စိမ့်အိနေပြီး ချိုမြိန်သောရသမှာ လိုက်ဖက်လှပေသည်။

တစ်ခုတည်းသော အားနည်းချက်မှာ ဆားကြမ်း၏ အရသာမှာ အနည်းငယ် ခါးသက်သက် ဖြစ်နေခြင်းပင်။ လင်းရှီးရွာမှ ရလာသော အရက်ကို အကုန်သောက်လိုက်မိသည်မှာ နှမြောစရာပင်ဖြစ်သည်၊ ထိုအရက်သာ ရှိပါက ဤဟင်းနှင့် ပို၍ လိုက်ဖက်မည်မှာ အမှန်ပင်။

နောက်တစ်နပ်အတွက်မူ ဖန်းချန်သည် ပြီးခဲ့သည့်အကြိမ်က အသားခြောက်ကင်ခဲ့သော ကျောက်ပြားပေါ်တွင် အသားလွှာများကို ကြော်စားရန် စဉ်းစားထားသည်။ တစ်ချိန်တည်းမှာပင် ဖယ်ထုတ်ထားသော အရိုးကြီးများကို ဟင်းရည်ချက်နိုင်သည်။ သို့သော် ဟင်းခတ်အမွှေးအကြိုင် မစုံလင်သဖြင့် အသားကင်ရန်မှာမူ မသင့်တော်သေးပေ။

ယခုအကြိမ်တွင် အဆီ များများစားစား မရသော်လည်း ဖန်းချန်သည် ရသမျှကို စုဆောင်းကာ ဝက်ဆီထုတ်ရန် ပြင်ဆင်လိုက်သည်။ ဆီကြော်ဖတ်မှာ မြိန်ယှက်သော စားစရာတစ်ခု ဖြစ်သလို ဝက်ဆီကိုလည်း ဟင်းသီးဟင်းရွက်များ ချက်ပြုတ်ရာတွင် အသုံးပြုနိုင်သဖြင့် လူနေမှုဘဝကို များစွာ အထောက်အကူပြုစေသည်။

ဝဝလင်လင် စားသောက်ပြီးနောက် ဝါးဗန်းပေါ်ရှိ အသားများကို စတင်ပြင်ဆင်တော့သည်။ အောက်တွင် ဝက်အရေခွံကို ခံကာ ဆားကြမ်းများကို အသားထဲစိမ့်ဝင်အောင် ဖြည်းညှင်းစွာ ပွတ်နယ်လိုက်သည်။ အရသာဝင်ပြီဟု ယူဆသောအခါ နွယ်ပင်ငယ်များဖြင့် ချည်နှောင်၍ မီးဖိုအထက် တဲအမိုးတွင် ချိတ်ဆွဲကာ မီးခိုးမှိုင်းတိုက်လေသည်။

ဖန်းချန်သည် ထင်းအဖြစ် ထင်းရှူးနှင့် တောင်ဇလပ်သားများကို အသုံးများသဖြင့် ထိုမှထွက်သော မီးခိုးများသည် အသားခြောက် ပြုလုပ်ရန် အလွန်သင့်တော်လှသည်။ ယူလာသော ဆားများစွာ ကုန်သွားသော်လည်း ကျန်ရှိသော ပမာဏမှာ ခဏတာ အသုံးပြုရန် လုံလောက်ပါသေးသည်။ သို့သော် ဆားထပ်မံရှာဖွေရန်ကိုမူ သူ စဉ်းစားရတော့မည်ဖြစ်သည်။

…

လင်းရှီးရွာသည် အမှန်တကယ်တွင် အလွန်ခေါင်လှသော အရပ်မဟုတ်ပေ၊ အကြောင်းမှာ မိုင်အနည်းငယ်မျှ ဝေးသောနေရာတွင် မင်းလမ်းမကြီး ရှိနေသောကြောင့်ဖြစ်သည်။ မင်းလမ်းမကြီး ဆိုသည်မှာ နန်းတော်က ဖောက်လုပ်ထားသော လမ်းဖြစ်ပြီး မြေကြီး၊ သဲ၊ ကျောက်ခဲများဖြင့် ခင်းကျင်းကာ ဘေးတစ်ဖက်တစ်ချက်တွင် ရေနုတ်မြောင်းများ ပြုလုပ်ထားသည်။ ထိုလမ်းပေါ်တွင် မြင်းရထားနှစ်စီး ဘေးချင်းယှဉ် သွားလာနိုင်ပေသည်။

ထိုသို့သောလမ်းမျိုးမှာ မိုးရွာလျှင်ဖြစ်စေ၊ နှင်းကျလျှင်ဖြစ်စေ ချော်ပြီး ရွှံ့ထူသဖြင့် သွားလာရ ခက်ခဲတတ်သည်။ ၎င်းမှာ ထိုခေတ်၏ သဘာဝပင်ဖြစ်ပြီး ကျောက်ခင်းလမ်းများမှာ အလွန်ကုန်ကျစရိတ် များသဖြင့် မြို့ကြီးများ သို့မဟုတ် ချမ်းသာသော ရွာကြီးများ၌သာ တွေ့ရလေ့ရှိသည်။

အေးချမ်းသာယာသော ကာလဖြစ်၍ လမ်းမကြီးပေါ်တွင် ခရီးသွားများနှင့် မြင်းများစွာ သွားလာနေကြသည်။ လားပေါ်တွင် ကုန်တင်လာသူများ၊ ထမ်းပိုးထမ်းလာသူများနှင့် နွားလှည်းမောင်းနှင်လာသူများမှာ အလောတကြီးမရှိဘဲ အေးအေးလူလူ သွားလာနေကြသည်။

ပခုံးပေါ်မှ ထမ်းပိုးကို တစ်ဖက်သို့ ပြောင်းရင်း ရှဲ့မျိုးနွယ် ထမ်းပိုးထမ်းသမားက ကောင်းကင်မှ နေမင်းကို ကြည့်ကာ ပြောလိုက်သည်။

“ယနေ့ နေ့ခင်းဘက် နေရှိန်က တော်တော်ပြင်းလှချေလား”

သူ့အနားတွင် အထုပ်တစ်ထုပ်ကို ကျောပိုး၍ တိတ်ဆိတ်စွာ လျှောက်လှမ်းလာသူက ပြန်လည် ဖြေကြားသည်။

“ဟုတ်ပဗျာ၊ ပူတော့ ပူတာပေါ့၊ ဒါပေမဲ့ ခဏပါပဲ၊ နောက်ထပ် နာရီဝက်လောက်ဆို နေဝင်တော့မှာမို့ ပိုပြီး နေလို့ကောင်းသွားမှာပါ”

ခရီးသွားသူအချင်းချင်း အဖော်ရရန်နှင့် အမောပြေစေရန် စကားပြောဆိုခြင်းမှာ ဓလေ့တစ်ခုပင် ဖြစ်သည်။ လမ်းခရီးတွင် ရေများများသောက်ရန် လိုအပ်သည်၊ မဟုတ်ပါက စကားပြောလွန်းလျှင် ရေငတ်တတ်ပေသည်။

နေဝင်ချိန် နီးကပ်လာသောအခါ ကောင်းကင်ယံမှာ နီရဲလာပြီး အဝေးရှိ ရှုခင်းများကြောင့် နေမင်းမှာ ပို၍ပင် ကြီးမားနေသယောင် ထင်ရသည်။ ခရီးသွားတစ်စုမှာ ညဘက် နားခိုမည့်ကိစ္စကို ဆွေးနွေးလာကြသည်။

ထမ်းပိုးထမ်းသမားမှာ ဤလမ်းကို ကျွမ်းကျင်သူဖြစ်၍ နားခိုရန်နေရာကို အကြံပြုသည်။

“ဒီနားမှာ လင်းရှီးရွာ ရှိတယ်ဗျ၊ ညနေစောင်းဆိုရင် ရောက်နိုင်တယ်၊ အဲဒီမှာပဲ နားကြတာပေါ့။ အဲဒီမှာ လူမနေတော့တဲ့ အိမ်အိုကြီး နှစ်လုံးရှိတယ်၊ တစ်ယောက်ကို ပြားအနည်းငယ်ပေးရင် တည်းလို့ရသလို ရွာသားတွေကို ခပ်ချိုချိုပြောရင် မနက်စာပါ ချက်ခိုင်းလို့ရတယ်၊ အတော်လေး တွက်ခြေကိုက်တယ်ဗျ”

စာအုပ်များကို ကျောပိုးလာသော စာဆိုတစ်ဦးက သံသယဖြင့် မေးမြန်းသည်။

“ခုနက ဟူချောင်မြို့ကို ဖြတ်လာတုန်းက ဘာလို့ အဲဒီမှာ မနားခဲ့တာလဲ၊ အဲဒီမှာက စားသောက်ဆိုင်တွေ၊ တည်းခိုခန်းတွေနဲ့ စည်စည်ကားကား ရှိလှတာကို”

ထမ်းပိုးထမ်းသမားက ပြုံး၍ ပြန်ပြောသည်။

“ဆရာကြီးက ခရီးသွားလောကအကြောင်း သိပ်မသိသေးလို့ပါ၊ ကျွန်တော်တို့လို ခရီးသွားတွေက အချိန်ကုန်မှာ အကြောက်ဆုံးပဲဗျ။ နေ့ဘက်မှာ ခရီးနိုင်သလောက် နှင်မှ အိမ်ပြန်ရောက်မယ့်ရက်ကို လျှော့ချနိုင်မှာလေ။ ရတဲ့ရက်တွေမှာ အလုပ်ပိုလုပ်ရင် မိသားစုစားဝတ်နေရေးအတွက် ပိုအဆင်ပြေတာပေါ့”

“အခုသွားနေတဲ့လမ်းအတိုင်းဆိုရင် လင်းရှီးရွာမှာ ညအိပ်တာ အကောင်းဆုံးပဲ၊ အပြန်ကျမှ ဟူချောင်မြို့မှာ ညအိပ်ရင် အချိန်မကုန်ဘူးလေ။ လမ်းက ဆယ်မိုင်ကျော် ဝေးတာဆိုတော့ အခုမသွားရင် နောက်တစ်နေ့ထိ ခရီးဖင့်သွားနိုင်တယ်”

ဘေးနားရှိ လူများကလည်း ထိုစကားကို မှတ်သားထားကြသည်။

ထမ်းပိုးထမ်းသမားက ဆက်လက်၍ ပြောပြသည်။

“နောက်ပြီး ဟူချောင်မြို့မှာ တစ်ခုခုဖြစ်နေတယ်လို့ သတင်းကြားခဲ့တယ်ဗျ၊ အဲဒီတော့ ဝေးဝေးက ရှောင်တာ အကောင်းဆုံးပဲ”

လူအားလုံးက ခေါင်းညိတ် ထောက်ခံကြသည်။ ဘေးမှ စာဆိုကမူ တိုးတိုးလေး ရေရွတ်လိုက်လေသည်။

“ပညာရှိသူတို့သည် ဘေးအန္တရာယ်ရှိသော အရပ်၌ မနေအပ်ပေ”

မီးပွတ်ရင်း main character ဖြစ်သွားတယ်

အခန်း ၂၂ “တောင်ရွာညစကား”

ထမ်းပိုးထမ်းသမား ရှဲ့မှာ လမ်းကျွမ်းသူပီပီ ခရီးသွားများကို သူနှင့်ရင်းနှီးသော ရွာသားတစ်ဦးရှိရာ လင်းရှီးရွာသို့ ခေါ်ဆောင်လာခဲ့သည်။ သူသည် အသိအိမ်တစ်အိမ်၏ တံခါးကို ခေါက်လိုက်သည်။

ခဏအကြာတွင် အိမ်ရှင်အမျိုးသား ထွက်လာပြီး အသိဟောင်းဖြစ်ကြောင်း သိလိုက်ရသောအခါ ပြုံးရွှင်စွာ နှုတ်ဆက်လေသည်။

“ရှဲ့ကြီးပါလား၊ အရှေ့ဘက်ကို တစ်ခေါက်ပြန်သွားတာလား”

ရှဲ့မျိုးနွယ် ထမ်းပိုးထမ်းသမားက ရွာသားကို ပြန်ပြောလိုက်သည်။

“ကိုလင်းရေ၊ ဒီလူတွေက ကျွန်တော်နဲ့ လမ်းကြုံလိုက်လာကြတာ၊ ဒီနေ့တော့ တည်းခိုစရာ မရှိလို့ ခင်ဗျားတို့ရဲ့ အိမ်ဝင်းဟောင်းလေးမှာ တစ်ညလောက် နားခိုခွင့်ပြုပါဦး”

“ရပါတယ်ဗျာ၊ ဧည့်သည်တွေ ကျွန်တော့်နောက်က လိုက်ခဲ့ကြပါ”

ကိုလင်းဟု ခေါ်သော ထိုရွာသားသည် လူအားလုံးကို ခြံဝင်းဟောင်းတစ်ခုသို့ ခေါ်ဆောင်သွားပြီး တံခါးဖွင့်ပေးကာ ထင်းများကိုလည်း ယူဆောင်လာပေးသည်။

“ဒီခြံထဲမှာ ထင်းတွေရှိတယ်၊ အအေးဒဏ်ကို ကာကွယ်ဖို့ မီးဖိုပြီး ကင်ကြပါ၊ ဒါမှ တောင်ပေါ်က အအေးဒဏ် ပျောက်ပြီး ညဘက် ကောင်းကောင်း အိပ်ပျော်မှာ”

လူတိုင်းက တစ်ယောက်လျှင် ကြေးပြားနှစ်ပြားစီ ပေးကြပြီး ညစာအတွက်ပါ ကူညီပြင်ဆင်ပေးရန် အကူအညီ တောင်းကြသည်။ ရွာသားသည် ပိုက်ဆံကို ရရှိသဖြင့် အလွန်ဝမ်းသာသွားပြီး လက်အုပ်ချီကာ ပြောလိုက်သည်။

“ဧည့်သည်တို့ ခဏစောင့်ပါဦး၊ ကျွန်တော့်မိန်းမကို ဟင်းချက်ခိုင်းလိုက်ပါ့မယ်၊ ဒါပေမဲ့ တောင်ပေါ်ရွာဆိုတော့ အစားအသောက်က သိပ်မစုံလင်တာကိုတော့ နားလည်ပေးကြပါ”

ထိုသို့ပြောပြီးနောက် ခရီးသွားများအတွက် စားစရာ ပြင်ဆင်ရန် ထွက်ခွာသွားလေသည်။

ဤခြံဝင်းမှာ လူမနေတော့သော နေရာဖြစ်ပြီး အိမ်ရှင် ကိုလင်း၏ မိသားစုမှာ နေရာသစ်တွင် အိမ်အသစ် ဆောက်ကာ ပြောင်းရွှေ့သွားကြပြီ ဖြစ်သည်။ တံခါးနှင့် ပြတင်းပေါက်များ မရှိတော့သော်လည်း ခြံဝင်းမှာ အမြဲသန့်ရှင်းနေသဖြင့် နားခိုရန် အဆင်ပြေလှပေသည်။

ယနေ့ညမှာ ရာသီဥတု မအေးသဖြင့် အိမ်ထဲသို့ ဝင်နေစရာ မလိုဘဲ ကြယ်ရောင်ကို ကြည့်ရင်း အပြင်မှာပင် မီးပုံဖိုကာ ဝိုင်းဖွဲ့ စကားပြောနေကြသည်။ တစ်ဦးနှင့်တစ်ဦး အမည်နာမများ မိတ်ဆက်ကြသည်။ လမ်းတွင် အဖော်အဖြစ် လိုက်ပါလာကြခြင်း ဖြစ်သော်လည်း တစ်ညလုံး အတူရှိကြမည် ဖြစ်သဖြင့် ပို၍ ရင်းနှီးအောင် လုပ်ကြခြင်း ဖြစ်သည်။

ထမ်းပိုးထမ်းသမားက စတင်၍ မိတ်ဆက်သည်။

“ကျွန်တော့်နာမည် ရှဲ့ကွမ်းအန်းပါ၊ ဝေဖုန်းနယ်သား ဖြစ်ပါတယ်၊ ဝေဖုန်းနဲ့ လုံအန်းနယ်ကြားမှာ ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ပေးတဲ့ အလုပ်ကို မိသားစုအဆက်ဆက် လုပ်ကိုင်လာတာပါ၊ နောင်တစ်ချိန်မှာ အကူအညီလိုရင် ဝေဖုန်းက ကုန်ထမ်းသမား ရှဲ့ကြီးလို့ စုံစမ်းလိုက်ပါ”

စာအုပ်သေတ္တာကို ဘေးတွင်ချထားသော လူငယ်စာဆိုကလည်း မိမိကိုယ်မိမိ မိတ်ဆက်သည်။

“ကျွန်တော့်နာမည် ကျိုးချင်းပါ၊ ကွမ်ဖျင်နယ်က လာတာပါ၊ အခုတော့ လုံအန်းနယ်ကို ဖြတ်ပြီး ရန်ကျိုးက မိတ်ဆွေတွေဆီကို ပညာသင်ဖို့ သွားနေတာပါ၊ ဒါကတော့ ကျွန်တော့်ရဲ့ စာဖတ်ဖော် ကျိုးချွမ်ပါ၊ အခုလို အတူတူ ခရီးသွားရတာ ဂုဏ်ယူပါတယ်”

လူတိုင်း ယဉ်ကျေးပျူငှာစွာ စကားဆိုကြပြီးနောက် အသက်ကြီးပိုင်း အမျိုးသားတစ်ဦးနှင့် အစေခံဟု ထင်ရသူတစ်ဦးတို့ကလည်း ၎င်းတို့၏ အကြောင်းကို အနည်းငယ် မိတ်ဆက်ကြသည်။

အချင်းချင်း သိကျွမ်းသွားကြပြီးနောက် စကားဝိုင်းမှာ ပို၍ လွတ်လပ်လာသည်။

“လမ်းတစ်လျှောက် ကြည့်လာရသလောက်တော့ ဝေဖုန်းနဲ့ နန်ယွန်းနယ်တွေမှာ စပါးပင်တွေ တော်တော်ဖြစ်ထွန်းတာပဲ၊ ဒီနှစ်တော့ ကောက်ပဲသီးနှံတွေ အထွက်ကောင်းမှာ သေချာတယ်” ဟု စာဆိုကျိုးချင်းက မီးပုံကို ကြည့်ရင်း မှတ်ချက်ပြုသည်။

ဘေးမှ လူကြီးကလည်း ခေါင်းညိတ် ထောက်ခံသည်။

“လုံအန်းနယ်မှာလည်း ဒီလိုပါပဲ၊ ဒီနှစ်သစ်ကူးကတော့ ပျော်စရာ ကောင်းတော့မှာပဲ”

ထမ်းပိုးထမ်းသမား ရှဲ့ကွမ်းအန်းကမူ သက်ပြင်းချရင်း ဆိုသည်။

“နှမြောစရာကောင်းတာက လယ်သမားတွေအတွက်တော့ အကျိုးအမြတ်က သိပ်မရှိတာပါပဲ၊ ကောက်ပဲသီးနှံတွေ ဘယ်လောက်ထွက်ထွက် ဈေးနှုန်းတွေက ထိုးကျသွားမှာပဲလေ၊ နေ့စဉ်သုံး ပစ္စည်းတွေရဲ့ ဈေးနှုန်းက ပိုမြင့်နေမှာပါ၊ ဒါပေမဲ့ လူတွေ ဝဝလင်လင် စားရမယ်ဆိုရင်တော့ ဒါကပဲ မင်္ဂလာတစ်ပါးပါပဲ”

လူတိုင်းမှာ လောကအကြောင်း နားလည်ကြသူများ ဖြစ်သဖြင့် ထိုစကားကို မအံ့သြကြပေ။ ထိုစဉ် ရွာသား ကိုလင်းသည် လူငယ်တစ်ဦးနှင့်အတူ အိုးခွက်များ သယ်ဆောင်လာပြီး ဧည့်သည်များကို ညစာစားရန် ဖိတ်ခေါ်သည်။

ခရီးသွားများ ကြည့်လိုက်သောအခါ မြေအိုးထဲတွင် တောဝက်သားခြောက် အတုံးလေးများ ရောနှောထားသော ပြောင်းဖူးထမင်းက အငွေ့တထောင်းထောင်း ထွက်နေသည်။ အိုးငယ်တစ်လုံးထဲတွင် ဆီဦးကင်းကလေးများ ဝေ့နေသည့် ကြက်ဥပွင့်ဟင်းရည်လည်း ပါရှိသည်။ အချဉ်ပန်းကန်ထဲတွင်မူ နှမ်းဆီနံ့ မွှေးနေသော အချဉ်ဖတ်များကို သပ်ရပ်စွာ လှီးဖြတ်ထားသည်။

မီးပုံ၏ အလင်းရောင်အောက်တွင် မြိန်ယှက်ဖွယ် ညစာကို မြင်လိုက်ရသောအခါ ခရီးပန်းလာသော သူများမှာ အားရပါးရ စားသောက်ကြတော့သည်။ စာဆိုတစ်ဦးသာလျှင် ယဉ်ကျေးစွာ စားသောက်နေလေသည်။

လူတိုင်း စားသောက်ပြီးသောအခါ ရွာသားမှာ ပန်းကန်များကို ချက်ချင်း မသိမ်းသေးဘဲ ခရီးသွားများ၏ စကားဝိုင်းကို ဘေးမှ ထိုင်နားထောင်နေသည်။ တောင်ပေါ်ရွာငယ်လေးမှာ ပြင်ပနှင့် အဆက်အသွယ် နည်းသဖြင့် ခရီးသွားများ၏ ဗဟုသုတများကို နားထောင်ရခြင်းမှာ သူတို့အတွက် စိတ်ဝင်စားစရာ ဖြစ်ပေသည်။

စာဆိုက ရွာသားကို လှည့်မေးလိုက်သည်။

“ဒီမှာ တည်းခိုတဲ့သူတွေ အမြဲရှိတတ်သလား”

ရွာသားက ပြုံး၍ ဖြေသည်။

“လမ်းမကြီးပေါ်က လူအများစုကတော့ ဟူချောင်မြို့မှာပဲ နားကြတာပါ၊ ဒါပေမဲ့ သုံးလေးရက် တစ်ခါတော့ ဒီကို လာတတ်ကြပါတယ်၊ အမြဲရှိတယ်လို့တော့ ပြောလို့မရပါဘူး”

“ဒါပေမဲ့ ကျွန်တော်ကတော့ ဒီခြံဝင်းကို နေ့တိုင်း သန့်ရှင်းရေး လုပ်ထားပါတယ်၊ အစားအသောက်နဲ့ ဆီ၊ ဆား၊ ဟင်းသီးဟင်းရွက်တွေကိုလည်း အသင့်ပြင်ထားတယ်၊ ဧည့်သည်လာရင် ဧည့်ခံရင်း မိသားစုအတွက်လည်း ဝင်ငွေ အနည်းငယ် ရတာပေါ့”

စာဆိုကျိုးချင်းက အကြံပြုသည်။

“ဘာလို့ ဒီနေရာမှာ တည်းခိုခန်းတစ်ခု မဖွင့်တာလဲ၊ ဒါက စီးပွားရေးတစ်ခုပဲလေ”

ရွာသားက ရယ်မောရင်း ပြန်မေးသည်။

“ဧည့်သည်ကြီး... တည်းခိုခန်းဆိုတာ ဘာအတွက်လို့ ထင်ပါသလဲ”

“ခရီးသွားတွေကို နေရာချပေးမယ်၊ အစားအသောက် ကျွေးမယ်၊ အနားယူဖို့ နေရာပေးမယ်၊ အဲဒါ တည်းခိုခန်းပဲပေါ့” ဟု စာဆိုက သဘာဝကျကျ ဖြေသည်။

“အခု ကျွန်တော် လုပ်ပေးနေတာကကော ဘာထူးလို့လဲ” ဟု ရွာသားက မြေကြီးကို လက်ဖြင့် ပုတ်ရင်း မေးလိုက်သည်။

“ဒီမှာ လိုနေတာက ဆိုင်းဘုတ်တစ်ခုပဲ၊ ဒါပေမဲ့ လမ်းမကြီးပေါ်ကနေ ဆိုင်းဘုတ်ကို မမြင်ရဘူးဆိုရင် ဆိုင်းဘုတ်က အရေးပါပါဦးမလား၊ နောက်ပြီး ကျွန်တော့်မှာလည်း အရင်းအနှီး အများကြီး မရှိပါဘူး၊ အခုလို လူအနည်းငယ်ကို ဧည့်ခံရတာကပဲ ကျွန်တော့်အတွက် အဆင်ပြေနေပါပြီ”

ကိုလင်း၏ စကားကို ကြားသောအခါ စာဆိုမှာ ပြောစရာ စကားမရှိတော့ဘဲ ရွာသား၏ အတွေးအခေါ်ကို ချီးကျူးလိုက်ရတော့သည်။

မီးပုံဘေးတွင် ပတ်ဝန်းကျင် နယ်ပယ်အသီးသီးမှ ထူးဆန်းသော သတင်းများကို ပြောဆိုကြရင်း တောင်ပေါ်ရွာလေးကဲ့သို့ အေးချမ်းသော နေရာမျိုးမှာ နေချင်စရာ ကောင်းကြောင်း ပြောကြသည်။

ထမ်းပိုးထမ်းသမား ရှဲ့ကွမ်းအန်းက ကိုလင်းကို စနောက်လိုက်သည်။

“လင်းရှီးရွာကတော့ ဘာမှ ပြောင်းလဲမှာ မဟုတ်ဘူး၊ ကျွန်တော် လာတိုင်း အမြဲတမ်း ဒီအတိုင်းပဲ၊ အေးအေးချမ်းချမ်းနဲ့ သိပ်ကောင်းတာပဲ”

ရွာသား ကိုလင်းက ခေါင်းခါရင်း ပြန်ပြောသည်။

“ရှဲ့ကြီး... ခင်ဗျား မသိသေးလို့ပါ၊ ဒီတစ်ခေါက်တော့ ရွာမှာ တကယ်ပဲ ထူးထူးခြားခြား ဖြစ်ပျက်ခဲ့တာဗျ”

“အို... ဘာများလဲ”

စိတ်ဝင်စားစရာ စကားသံကြောင့် လူတိုင်းက ရွာသားကို ဝိုင်းကြည့်လိုက်ကြသည်။

ရွာသားက ဆက်ပြောပြသည်။

“ဧည့်သည်တို့ မသိလို့ပါ၊ ဒီလင်းရှီးရွာလေးက ပျောက်ကွယ်သွားလုနီးပါး ဖြစ်ခဲ့တာ၊ ဒီနေရာက မြေမြင့်တော့ ရေတွင်းတူးလို့ မရဘူး၊ ရွာပြင်က စမ်းချောင်းလေးကိုပဲ အားကိုးနေရတာ၊ ဒါပေမဲ့ လွန်ခဲ့တဲ့ ရက်ပိုင်းက အဲဒီစမ်းချောင်းက ရုတ်တရက် အနံ့အသက်တွေ ဆိုးလာပြီး ရေစီးတာ ရပ်သွားတယ်”

သူသည် လွန်ခဲ့သည့် ရက်ပိုင်းက ဖြစ်ရပ်များကို အသေးစိတ် ရှင်းပြသည်။ ရွာသားတစ်ဦး တောင်ပေါ်သို့ တက်၍ အရှင်မြတ်ကို သွားရောက် အကူအညီ တောင်းပုံ၊ ဖန်အရှင်မြတ်က သင်းခွေချပ်မိစ္ဆာကို နှိမ်နင်းပုံနှင့် တောင်ပိုင်ရှင် နတ်မင်းကို ပင့်ဖိတ်၍ ရေကြောကို ပြန်လည် ပွင့်စေခဲ့ပုံများကို ပြောပြသောအခါ ခရီးသွားများမှာ အံ့သြတကြီးဖြင့် နားထောင်နေကြလေတော့သည်။

All Chapters