← Chapters

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

အခန်း ၂၃ “မြက်တောထဲမှ လှုပ်ရှားမှု”

“အားထုတ်ခဲ့သမျှ သင်းခွေချပ်မိစ္ဆာ လွတ်သွားတာ နှမြောစရာပဲဗျာ”

ကုန်ထမ်းသမား ရှဲ့ကွမ်းအန်းက နားထောင်ပြီးနောက် ခေါင်းငုံ့ကာ သက်ပြင်းချရင်း ဆိုသည်။ ရှဲ့ကြီး၏ စကားကို ကြားသောအခါ ရွာသား ကိုလင်းက ရယ်မောရင်း ပြန်ပြောလေသည်။

“ဟိုင်ကျီ ပြောတာတော့ ဖန်အရှင်မြတ်က သင်းခွေချပ်ကို နောက်နောင် မကောင်းမှု မလုပ်တော့ပါဘူးလို့ ပြင်းထန်တဲ့ သစ္စာဆိုခိုင်းပြီးမှ အသက်ချမ်းသာခွင့် ပေးလိုက်တာတဲ့။ သစ္စာဆိုပြီးရင်တော့ လိုက်နာရမှာပဲလေ၊ သစ္စာဆိုတယ်ဆိုတာ နောက်စရာမှ မဟုတ်တာ”

ဘေးမှ စာဆိုကျိုးချင်းကမူ အခြားတစ်နေရာကို အာရုံရောက်နေသည်။ သူက မျက်မှောင်ကြုတ်ကာ ထူးဆန်းသော လေသံဖြင့် ကိုလင်းကို မေးလိုက်သည်။

“တကယ့် အရှင်မြတ်တစ်ပါးနဲ့ တွေ့ရပါလျက်နဲ့ ခင်ဗျားတို့က ဒီအတိုင်းကြီး အခွင့်အရေးကို လက်လွတ်ခံလိုက်တာလား”

“ဖန်အရှင်မြတ်က တကယ့်ကို အရှင်မြတ်တစ်ပါးပါပဲ။ အရှင်မြတ်ဆိုတာ အရှင်မြတ်ပေါ့၊ ဘာထူးဆန်းလို့လဲ” ဟု ရွာသားက ပြန်ပြောသည်။ စာဆို၏ အမူအရာကို ရွာသားက အံ့သြနေမိသည်။

ရိုးသားသော တောင်ပေါ်သားများအတွက်မူ ဖန်းချန်သည် အရှင်မြတ်တစ်ပါး ဖြစ်သည်ဆိုခြင်းမှာ ပို၍ ရိုသေလေးစားရမည်ဟူသော အဓိပ္ပာယ်မှလွဲ၍ အခြားမရှိပေ။ စာဆိုမှာ ပြောစရာ စကားမရှိတော့ဘဲ ခဏမျှ တိတ်ဆိတ်သွားတော့သည်။

ဘေးမှ ထမ်းပိုးထမ်းသမားက သက်ပြင်းချရင်း ဆိုသည်။

“ကိုလင်းရေ... ခင်ဗျားတို့ရွာက တကယ် ကံကောင်းတာပဲ။ ဒီလို ဘေးအန္တရာယ်ကြီးကို အရှင်မြတ်တစ်ပါးနဲ့ တွေ့ပြီး ဖြေရှင်းနိုင်ခဲ့တာ။ ဒါဟာ တကယ်ကို ရှားပါးတဲ့ အခွင့်အရေးပဲ၊ ခင်ဗျားတို့ရွာ ဘယ်လောက် ကံကောင်းတယ်ဆိုတာ ခင်ဗျားတို့ သိပုံမရဘူး”

ရွာသားက ခေါင်းညိတ်၍ ပြန်ပြောသည်။

“ဟုတ်ပါ့ဗျာ၊ လူတိုင်းကလည်း ကျွန်တော်တို့ ကံကောင်းတယ်လို့ပဲ ပြောနေကြတာ။ ဒါပေမဲ့ အကျေးဇူးအတင်ရဆုံးကတော့ ဖန်အရှင်မြတ်ပါပဲ”

တစ်ယောက်က ထပ်မေးပြန်သည်။ “အဲဒီ အရှင်မြတ်က ဘယ်မှာ သီတင်းသုံးတာလဲ”

“ယွန်းကျုံးတောင်ရဲ့ နောက်ကွယ်က လူသူမနီးတဲ့ ရှန်းချီကမ်းပါးယံ ထိပ်မှာ နေတာဗျ။ သာမန်လူတွေတော့ မတက်နိုင်ဘူး၊ တောင်ပေါ်မှာ အမြဲ သွားလာနေတဲ့သူတွေပဲ ရောက်နိုင်လိမ့်မယ်”

“ဒါပေမဲ့ ဘယ်သူမှတော့ မတက်ရဲကြပါဘူး။ ကျွန်တော်တို့ ငယ်ငယ်တုန်းက လူကြီးတွေ ပြောတာတော့ အဲဒီအပေါ်မှာ အရှင်မြတ်တွေ ရှိတယ်၊ သွားပြီး မနှောင့်ယှက်နဲ့၊ မဟုတ်ရင် ဘေးသင့်တတ်တယ်လို့ ပြောကြတယ်” ဟု ကိုလင်းက ဖြေကြားသည်။

ဤကိစ္စနှင့် ပတ်သက်၍ ထမ်းပိုးထမ်းသမားနှင့် စာဆိုတို့မှလွဲလျှင် ကျန်လူများက တောင်ပေါ်ရွာမှ ပုံပြင်တစ်ပုဒ်အဖြစ်သာ သတ်မှတ်ကြသည်။ ရှဲ့ကွမ်းအန်းမှာ ကိုလင်းနှင့် ရင်းနှီးသူဖြစ်၍ ကိုလင်းက ပုံပြင်လုပ်ပြောမည်မဟုတ်ကြောင်း သိသလို စာဆိုကလည်း ဤကိစ္စမှာ အမှန်ဖြစ်နိုင်ကြောင်း တွေးတောနေလေသည်။

လူတိုင်းက ဤကိစ္စအပေါ် အမြင်အမျိုးမျိုး ပြောဆိုကြပြီးနောက် ထမ်းပိုးထမ်းသမားက ပြုံး၍ ဆိုသည်။

“အရှင်မြတ်ရဲ့ ခြေရာကို လိုက်ဖို့က ခက်ခဲပေမဲ့ ပုံပြင်ထဲက တောင်ပိုင်ရှင်နတ်မင်းရဲ့ ကျောင်းဆောင်ကတော့ ရှိနေမှာပဲ။ နောက်တစ်ခေါက် ယွန်းကျုံးတောင်ကို ဖြတ်တဲ့အခါ အချိန်ရရင်တော့ လင်းရှီးရွာကို ဝင်ပြီး နတ်မင်းကို ပူဇော်ပသရမယ်၊ ဒါဆိုရင် ခရီးလမ်းမှာ စောင့်ရှောက်မှု ရနိုင်တာပေါ့”

မီးပုံဘေးရှိ လူများက ခေါင်းညိတ်ကြသည်။ ဤကဲ့သို့သော ကိစ္စမျိုးကို လူတိုင်းက ယုံကြည်တတ်ကြစမြဲပင်။

ကောင်းကင်ယံသို့ ကြည့်လိုက်ရာ လခြမ်းကလေးမှာ အထက်သို့ မြင့်တက်နေပြီဖြစ်သဖြင့် ရွာသားက ထရပ်ကာ ပြောလိုက်သည်။

“အိမ်ထဲမှာ အိပ်ရာခင်းဖို့ ကောက်ရိုးတွေ ရှိပါတယ်၊ ခရီးပန်းလာကြပြီဆိုတော့ စောစောနားကြပါဦး။ ကျွန်တော်လည်း မီးဖိုကို ရှင်းလင်းပြီး နားပါတော့မယ်”

ထို့နောက် သူသည် ပန်းကန်ခွက်ယောက်များကို သိမ်းဆည်း၍ ခြံပြင်သို့ ထွက်ခွာသွားကာ တံခါးကိုလည်း ပိတ်သွားလေသည်။

စာဆိုကျိုးချင်းသည် ရွာသား ထွက်သွားသည်ကို ကြည့်ကာ ခေါင်းခါရင်း သက်ပြင်းချပြန်သည်။ “ငါကတော့ အသိဉာဏ် နည်းပါသေးတယ်။ ဒီရွာသားတွေဟာ သူတို့ရှေ့က အခွင့်အရေးကောင်းကြီးကို ဘယ်လို တန်ဖိုးထားရမလဲဆိုတာ မသိကြဘူး”

စာဆို၏ စကားကို ကြားသောအခါ ဘေးမှ အစေခံနှင့်တူသော လူက ရယ်မောရင်း ပြောသည်။

“ဒီပုံပြင်က အမှန်လား၊ အမှားလား ဆိုတာ ထားပါဦး၊ အခွင့်အရေးဆိုတာ သိရင်ကော ဘာထူးမှာလဲ။ ကံပါမလာရင်တော့ အရှင်မြတ်က ရှေ့မှာ မတ်တပ်ရပ်နေရင်တောင် သာမန်လူကတော့ လွဲချော်သွားမှာပဲလေ။ နောက်ပြီး ခင်ဗျားရဲ့ ခန္ဓာကိုယ်နဲ့တော့ အဲဒီကမ်းပါးယံကို တက်နိုင်မှာ မဟုတ်ပါဘူး၊ အရှင်မြတ်ကို သွားနှောင့်ယှက်သလို ဖြစ်နေဦးမယ်၊ အခုလို အချိန်ကောင်းမှာ ဘာလို့ အဲဒီလို အန္တရာယ်ရှိတာတွေကို တွေးနေမှာလဲ”

ဘေးမှ ထမ်းပိုးထမ်းသမားကလည်း စာဆိုကို စိတ်မကူးယဉ်ရန် စေတနာဖြင့် တားမြစ်သည်။ စာဆိုက ခေါင်းညိတ်ကာ ဘေးမှ လူများ၏ အကြံပြုချက်ကို လက်ခံလိုက်ပြီး ရှက်ကိုးရှက်ကန်းဖြင့် ဆိုသည်။

“ကျွန်တော့်ကို ခွင့်လွှတ်ကြပါ၊ ကျွန်တော်က ဒီလို ထူးဆန်းတဲ့ ရွာပုံပြင်တွေကို စိတ်ဝင်စားလို့ပါ။ ကျမ်းဂန်တွေထဲမှာတော့ နတ်ဘုရားတွေကို ရိုသေရမယ်၊ ဒါပေမဲ့ ဝေးဝေးကပဲ နေရမယ်လို့ ဆိုထားတာပဲ။ စာသင်သားပီပီ မြို့တော်သွားပြီး စာမေးပွဲဖြေတာကပဲ လမ်းမှန်ပါပဲ၊ ဒါမှလည်း တိုင်းပြည်ကို အကျိုးပြုနိုင်မှာပေါ့”

အတူပါလာသူများက စာဆိုကို ချီးကျူးကြပြီး စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ပါစေကြောင်း ဆုတောင်းပေးကြသည်။ ထို့နောက် စကားဝိုင်းက ပြောင်းလဲသွားပြီး ရှဲ့ကွမ်းအန်းက အနီးအနားရှိ မြို့ငယ်လေးအကြောင်း စတင်ပြောဆိုသည်။

“ကျေးလက်က ထူးဆန်းတဲ့ ပုံပြင်တွေအကြောင်း ပြောရရင်တော့ ဟူချောင်မြို့မှာလည်း အခုတလော ထူးဆန်းတာတွေ ဖြစ်နေတယ်ဗျ”

အချိန်အတော်ကြာ တိတ်ဆိတ်နေသော လူကြီးက ခေါင်းညိတ်ကာ ဆိုသည်။ “ဟုတ်တယ်၊ ကျွန်တော်လည်း နည်းနည်း ကြားမိတယ်။ တစ္ဆေခြောက်တယ်လို့ ပြောကြတယ်၊ တကယ်ကော ဘာတွေဖြစ်နေတာလဲ”

ကျန်ရှိသူများက စိတ်ဝင်တစား နားထောင်ကြသည်။ ရှဲ့ကွမ်းအန်းက ဆက်ပြောပြသည်။

“ကျွန်တော်က ခင်ဗျားတို့ထက် ခရီးစောထွက်ခဲ့တာဆိုတော့ ဟူချောင်မြို့ကို ဖြတ်လာတုန်းက အသိတွေနဲ့ စကားပြောခဲ့ရသေးတယ်။ အဲဒီက သူဌေးကြီးဖန်ရဲ့ အိမ်မှာ အခုတလော ထူးဆန်းတာတွေ ဖြစ်နေသတဲ့၊ အိမ်မွေးတိရစ္ဆာန်တွေလည်း ဂဏာမငြိမ် ဖြစ်နေကြလို့ ဘေးအန္တရာယ် ကင်းဝေးအောင် ဆရာတစ်ယောက်ကိုတောင် ပင့်ထားရတယ်လို့ ကြားတယ်”

“သူဌေးကြီးဖန်လား၊ သူက တော်တော် သြဇာရှိတဲ့ မိသားစုပဲ”

“ဟုတ်ပါ့ဗျာ၊ ဘေးပတ်ဝန်းကျင်က လူတွေက သူ့အကြောင်း ကောင်းကောင်း မပြောကြပေမဲ့ ကွယ်ရာမှာပဲ ပြောရဲကြတာလေ”

“အေးလေ... အေးချမ်းတဲ့ ခေတ်ဆိုပေမဲ့ နေရာတိုင်းတော့ အေးချမ်းတာ မဟုတ်ဘူးပေါ့” ဟု စာဆိုကျိုးချင်းက သက်ပြင်းချရင်း ဆိုသည်။

လူတိုင်းက ခေါင်းခါကြသည်။ လူကြီးက စတင်၍ သမ်းဝေလိုက်ပြီး “ညဉ့်နက်လှပြီ၊ စောစောနားကြစို့၊ မနက်ဖြန်လည်း အတူတူ ခရီးဆက်ရဦးမယ်၊ လုံအန်းနယ်ကို ရောက်ဖို့က မနက်ဖြန် ညနေထိ လျှောက်ရဦးမှာ” ဟု ပြောလိုက်သည်။

လူတိုင်းလည်း အသီးသီး အိပ်စက်ရန် ပြင်ကြတော့သည်။ ရှဲ့ကွမ်းအန်းသည် ပခုံးပေါ်မှ ထမ်းပိုးကို ချကာ ယူလာသော အိပ်ရာခင်းကို ကောက်ရိုးပေါ်တွင် ဖြန့်ခင်း၍ ဝတ်ထားသော အဝတ်အစားများဖြင့်ပင် အိပ်စက်လိုက်လေသည်။

…

ဖန်းချန်သည် ခြင်းတောင်းကို ကျောပိုး၍ တောင်ပေါ်တွင် လျှောက်လှမ်းနေသည်။ သို့သော် သူသည် ကျောက်ဆိန်ကို ယူမလာဘဲ ကျောက်စိမ်းဓားငယ်လေးကိုသာ သစ်ခေါက်ဖြင့် ပြုလုပ်ထားသော ဓားအိမ်ထဲ ထည့်၍ ယူလာခဲ့သည်။

အရင်က ရရှိထားသော တောဝက်သားများ ကုန်သွားပြီဖြစ်သလို အရိုးများကိုလည်း ဟင်းရည်ချက်သောက်ခဲ့ပြီးပြီ ဖြစ်သည်။ မီးဖိုပေါ်တွင် ချိတ်ဆွဲထားသော အသားခြောက်များမှာလည်း မကျက်သေးသဖြင့် သူသည် အစားအစာ ရှာဖွေရန် ထွက်လာခြင်းဖြစ်သည်။

အသားအရသာမှာ အမြဲတမ်း ကောင်းမွန်လှပေသည်။ ယခုအခါ ဟင်းချက်ကိရိယာများ ရှိနေပြီဖြစ်၍ မြေအိုးတစ်လုံးတည်းနှင့်ပင် အစားအစာ၏ အရသာမှာ များစွာ တိုးတက်လာခဲ့သည်။ အသားကို သစ်ဥသစ်ဖုများနှင့် ရောနှောချက်ပြုတ်ခြင်းဖြင့် ထူးခြားသော အရသာကို ရရှိစေသည်။

လမ်းလျှောက်နေရင်း ဖန်းချန်သည် အနီရဲရဲ အသီးလေးများ သီးနေသော အပင်ငယ်အချို့ကို တွေ့လိုက်ရသည်။ သူသည် ထိုအသီးကို ခူးယူကာ ပါးစပ်ထဲ ထည့်လိုက်သည်။

“အလို... ခါးလှချေလား”

အလွန်ခါးသဖြင့် စား၍ မရပေ၊ လှပသလောက် အရသာက ဆိုးရွားလှသည်။ ဤအခါးဓာတ်မှာ ဆေးဖက်ဝင်အပင်နှင့် တူသော်လည်း ဖန်းချန်အတွက်မူ ဆေးဝါးက ယခုအချိန်တွင် အသုံးမဝင်သေးပေ။

သူ၏ ယခု အခြေအနေအရ ဆေးဖက်ဝင် အပင်များကို ခွဲခြားနိုင်စွမ်း ရှိနေပြီဖြစ်သည်။ ပြီးခဲ့သည့် ရက်များအတွင်း သူသည် ထူးခြားသော စွမ်းအင်များ ထွက်ပေါ်နေသည့် အပင်အချို့ကို တွေ့ရှိခဲ့ပြီး ၎င်းတို့ ရင့်မှည့်လာချိန်တွင် ခူးယူရန် နေရာကို မှတ်သားထားခဲ့သည်။

“ဘယ်ပြေးမလဲ”

ရှေ့ရှိ မြက်တောထဲတွင် လှုပ်ရှားမှုကို မြင်လိုက်ရသဖြင့် ဖန်းချန်သည် အမြန်ပြေး၍ ဖမ်းဆီးလိုက်သည်။ ၎င်းမှာ ဖြူဖွေးနေသော ယုန်ကလေးတစ်ကောင် ဖြစ်ပြီး စားချင်စဖွယ် ကောင်းလှပေသည်။

ယုန်ကို သတ်၍ ခြင်းတောင်းထဲ ထည့်လိုက်သည်။ ဤယုန်နှင့် တောသီးတောနှံအချို့ဆိုလျှင် သူ နှစ်ရက်စာ စားရန် လုံလောက်ပြီဖြစ်၍ ထပ်မံ ဖမ်းဆီးရန် မလိုတော့ပေ။

ဘေးနားတွင် မကြာသေးမီက ပြုပြင်ထားသော တောင်ပိုင်ရှင် နတ်မင်း၏ ကျောင်းဆောင် ရှိနေသည်။ နတ်မင်းကြီး ဒဏ်ရာ သက်သာပြီလားဆိုသည်ကို မသိရသေးသဖြင့် ဖန်းချန်မှာ မသွားရောက်သေးဘဲ နေခဲ့ခြင်းဖြစ်သည်။

ထိုစဉ် ရှေ့ရှိ မြက်တောထဲတွင် လှုပ်ရှားမှုတစ်ခု ထပ်မံ ဖြစ်ပေါ်လာပြန်သည်။

မီးပွတ်ရင်း main character ဖြစ်သွားတယ်

အခန်း ၂၄ “မြေခွေးချိုင့်ဝှမ်း”

“ဟေ့... ဘာလို့ ပုန်းနေတာလဲ၊ မင်းကို ငါမစားပါဘူး”

ဖန်းချန်သည် ရှေ့သို့တိုးကာ မြက်တောကို လက်ဖြင့်ဖယ်လိုက်ပြီး တုန်တုန်ရင်ရင် ဖြစ်နေသော မြေခွေးကလေးတစ်ကောင်ကို ဆွဲထုတ်လိုက်သည်။

မြေခွေးကလေးသည် အပြင်သို့ ရောက်လာသောအခါ နောက်ဆက်တွဲ ဖြစ်လာမည့် ဘေးအန္တရာယ်ကို မကြည့်ရဲသကဲ့သို့ ရှေ့ခြေထောက်ကလေးနှစ်ဖက်ဖြင့် မျက်လုံးကို အတင်းပိတ်ထားလေသည်။ မြေခွေးကလေး၏ ပုံစံကို ကြည့်ပြီး ဖန်းချန်မှာ အော်ရယ်မိတော့မတတ် ဖြစ်သွားရသည်။

ယွန်းကျုံးတောင်မှာ တကယ်ပင် သယံဇာတ ပေါကြွယ်လှပေသည်၊ အသိဉာဏ်ပွင့်စ ပြုနေသည့် မိစ္ဆာကလေးများပင် ပေါများလှသည်။

ဤမြေခွေးကလေး၏ ကျင့်စဉ်မှာ မဆိုးလှပေ။ ဖန်းချန် အသေအချာ ကြည့်လိုက်သောအခါ ၎င်းမှာ အရိုးစုကို သန့်စင်ပြီးဖြစ်၍ လူစကား ပြောနိုင်နေပြီ ဖြစ်သည်။ ဤမျှ ငယ်ရွယ်သော မြေခွေးကလေးက ဤအဆင့်သို့ ရောက်နေခြင်းမှာ အံ့သြစရာပင်။ လောကကြီးမှာ ကျယ်ပြောလှသဖြင့် ဆန်းပြားသော အရာများ ရှိနေတတ်သည်မှာ မထူးဆန်းသော်လည်း ဤသည်မှာ သာမန်တော့ မဟုတ်ပေ။

မိမိကို ကိုင်ထားသူက တိတ်ဆိတ်နေသဖြင့် မြေခွေးကလေးသည် ခြေသည်းများကို ဖြည်းဖြည်းချင်း ဖယ်လိုက်ပြီး လေထဲတွင် ဝပ်တွားဟန်ပြုကာ မပီကလာ ပီကလာ စကားဖြင့် အော်ပြောလေသည်။

“အသား... အသား သိပ်မရှိပါဘူးဗျ”

ဖန်းချန်မှာ အသံထွက်၍ ရယ်မောလိုက်တော့သည်။

ဤမြေခွေးကလေးသည် သူ ယုန်ဖမ်းသည်ကို မြင်တွေ့ခဲ့ပြီး ကြောက်လန့်နေခြင်း ဖြစ်ပုံရသည်။ လူသားတစ်ယောက်က ယုန်တစ်ကောင်ကို မျက်စိရှေ့တင် ဖမ်းဆီးသတ်ဖြတ်လိုက်သည့် အရှိန်အဟုန်မှာ မြေခွေးကလေးအတွက်တော့ မယှဉ်နိုင်သော စွမ်းအားကြီး ဖြစ်နေပေလိမ့်မည်။ ဗဟုသုတ နည်းပါးလှသော မြေခွေးကလေးမှာ မိမိလည်း အန္တရာယ်ရှိနေပြီဟု ထင်မှတ်နေရှာသည်။

ဖန်းချန်က သူ၏ အမွေးများကို ပွတ်သပ်ရင်း ရယ်မောနေသည်ကို မြင်သောအခါ မြေခွေးကလေးမှာ ပို၍ ကြောက်လန့်သွားပြီး ဝပ်တွားလျက် အော်ဟစ်ပြန်သည်။

“အိမ်မှာ... အဖိုးအိုကြီး ရှိပါသေးတယ်ဗျ”

ဖန်းချန်က ပြုံး၍ ဆိုသည်။ “စိတ်မပူပါနဲ့၊ အသိဉာဏ်ပွင့်နေတဲ့ သတ္တဝါတွေကို ငါမစားပါဘူး”

ထိုစကားကို ကြားမှ မြေခွေးကလေးမှာ ကိုယ်ရရှိသွားပြီး မြေပြင်ပေါ်သို့ ချပေးလိုက်သည်နှင့် တစ်ပြိုင်နက် လည်ပင်းကို ဆွဲခဲ့သော လူကို လှည့်ကြည့်ကာ ချိုင့်ဝှမ်းအတွင်းပိုင်းသို့ အမြန်ပြေးဝင်သွားတော့သည်။

အသိဉာဏ်ရှိသော ငှက်နှင့် သားရဲများသည် သာမန်သတ္တဝါများနှင့် လုံးဝကွဲပြားသည်။ မိုက်မဲမှုမှ နိုးထလာသူဖြစ်စေ၊ လူစကားပြောနိုင်သည်အထိ အရိုးသန့်စင်ပြီးသူဖြစ်စေ၊ လူ့အသွင်ကို ရရှိထားသူဖြစ်စေ ထိုသူအားလုံးမှာ မူလမျိုးစိတ်ထဲတွင် မပါဝင်တော့ပေ။

ဖန်းချန်အတွက်မူ အမဲလိုက်ခြင်းနှင့် အသားစားခြင်းမှာ သဘာဝတရား၏ နိယာမတစ်ခုသာ ဖြစ်သည်။ သူ၏ ကျင့်စဉ်မှာ သဘာဝနှင့် နီးစပ်ရန် လိုအပ်သော်လည်း လွန်ကဲသော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတော့ မဟုတ်ပေ။ သူ၏ သဘာဝဆိုသည်မှာ မိမိ၏ စိတ်ဆန္ဒနှင့်အညီ လောကကို နားလည်သဘောပေါက်ခြင်းသာ ဖြစ်သည်။

အသိဉာဏ်ရှိသော သတ္တဝါများမှာ အပြင်ပန်းအားဖြင့် အာဟာရဖြစ်ဖွယ် ရှိသော်လည်း အကြောင်းမဲ့ သတ်ဖြတ်စားသောက်ခြင်းမှာ ကျင့်စဉ်ကို ထိခိုက်စေနိုင်သည်။ အကြောင်းမှာ လောကတွင် အသိဉာဏ်ပွင့်နေသော သတ္တဝါတိုင်း၌ အဆိုး၊ အကောင်း၊ အချစ်၊ အမုန်းဟူသော ခံစားချက်များ ရှိနေကြပြီး ၎င်းတို့နှင့် ဆက်သွယ်မိပါက ကံတရား၏ အကျိုးဆက်များ ငြိတွယ်လာတတ်သောကြောင့် ဖြစ်သည်။

ထို့အတူပင် မိစ္ဆာများက လူသားများကို စားသောက်ခြင်းမှာလည်း ထိုသို့ပင် ဖြစ်သည်။ လူသားများသည် ကောင်းကင်နှင့် မြေကြီး၏ ကောင်းချီးကို ရရှိထားပြီး ဝိညာဉ်ဖြင့် မွေးဖွားလာသူများ ဖြစ်သောကြောင့် အလွန်နက်ရှိုင်းသော ကံတရားများနှင့် ငြိတွယ်နေကြသည်။ မိစ္ဆာများက လူကို အလွန်အကျွံ သတ်ဖြတ်စားသောက်ပါက ဒေါသမာန်များ ဖုံးလွှမ်းလာပြီး ဝိညာဉ်ရေးရာ ကွယ်ပျောက်ကာ ရူးသွပ်သွားတတ်သဖြင့် မည်သည့်အခါမျှ လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။

မြေခွေးကလေး ပြေးသွားသည်ကို ကြည့်ပြီး ဖန်းချန် လှည့်ထွက်မည်အပြုတွင် ရှေ့ရှိ တောင်စောင်းမှ တောင်ပိုင်ရှင်နတ်မင်း ကျန်းဇီချင်းသည် တောင်ဝှေးကို အားပြုလျက် ဖြည်းဖြည်းချင်း ဆင်းလာကာ ပြုံး၍ ဆိုသည်။

“အရှင်မြတ်က တကယ်ပဲ ကြင်နာတတ်တဲ့ နှလုံးသား ရှိတာပဲ”

ကျန်းနတ်မင်းမှာ ကျန်းမာရွှင်လန်းစွာ လမ်းလျှောက်နိုင်သည်ကို မြင်သောအခါ ဖန်းချန်က လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။ “ကျန်းနတ်မင်းကိုယ်တိုင်ပါလား၊ ဒဏ်ရာတွေ သက်သာသွားပြီ ထင်ပါတယ်”

“ဒါတွေအားလုံးက အရှင်မြတ်ရဲ့ ကျေးဇူးကြောင့်ပါ၊ လင်းရှီးရွာသားတွေကလည်း အထူးတလည် လာရောက် ပူဇော်ကြတယ်၊ အခုတလော အမွှေးနံ့သာတွေ အများကြီး ရရှိတာကြောင့် ကျွန်ုပ်လည်း အမြန်ပြန်လည် နာလန်ထူနိုင်ခဲ့တာပါ”

“ဒါဟာ ကျန်းနတ်မင်းက ဒီနယ်မြေကို စောင့်ရှောက်ခဲ့တဲ့ ကောင်းမှုတွေကြောင့် ရရှိတဲ့ ကံတရားပါပဲ”

ဤနေရာမှာ နတ်ကျောင်းရှိသော တောင်စောင်းနှင့် အလွန်နီးကပ်လှသည်။ နတ်မင်းက ဖန်းချန်ကို သူ အမြဲနားနေကျ ကျောက်တုံးကြီးနှစ်ခုဆီသို့ ခေါ်ဆောင်သွားပြီး အားနာစွာဖြင့် ဆိုသည်။ “အခုတလော အိပ်ရာထဲမှာပဲ ရှိနေခဲ့ရလို့ စားစရာ ဘာမှ မပြင်ဆင်ထားနိုင်ဘူး၊ ဧည့်ခံဖို့ ဘာမှ မရှိတာကို ခွင့်လွှတ်ပါ”

ဖန်းချန်က သိလိုစိတ်ဖြင့် မေးမြန်းသည်။ “ကျန်းနတ်မင်း အရင်က ကျွေးခဲ့တဲ့ သစ်အယ်သီးနဲ့ ထင်းရှူးစေ့တွေက အလွန်ကောင်းပါတယ်၊ ဒီအနားမှာ ထင်းရှူးပင်တွေ အများကြီး ရှိပေမဲ့ သစ်အယ်ပင်ကိုတော့ မတွေ့မိဘူး၊ နတ်မင်းကြီး ဘယ်ကနေ ခူးယူခဲ့တာလဲ”

ကျန်းနတ်မင်းက လက်ညှိုးညွှန်ပြလျက် ဆိုသည်။

“ဒီကနေ မြောက်ဘက်ကို ရေတွက်ရင် ငါးခုမြောက်တောင်မှာ သစ်အယ်ပင်တွေ အပြည့်ရှိတယ်၊ အဲဒီတောင်က သိပ်မမြင့်ပေမဲ့ ဒီကြားထဲမှာ တောင်တွေ ကာနေတော့ ဒီကနေ မမြင်ရတာပါ”

တောင်ပေါ်ရှိ ပထဝီဝင်အခြေအနေများကို ခဏမျှ စကားစမြည် ပြောဆိုပြီးနောက် ဖန်းချန်က ဆိုသည်။

“ဒီယွန်းကျုံးတောင်ဟာ တကယ်ပဲ ထူးခြားတဲ့ နေရာတစ်ခုပဲ၊ ခုနက မြေခွေးကလေးဆိုရင် မွေးဖွားတာ နှစ်အနည်းငယ်ပဲ ရှိဦးမယ် ထင်ရပေမဲ့ အသိဉာဏ် ပွင့်နေပြီ။ ကျွန်ုပ် မိစ္ဆာတွေကို အများကြီး မတွေ့ဖူးပေမဲ့ ဒါဟာ တကယ့်ကို ထူးခြားတဲ့ ဖြစ်ရပ်မှန်ဆိုတာ သိပါတယ်”

“ဒါကတော့...” ကျန်းနတ်မင်းက ရယ်မောရင်း ဆိုသည်။ “အဲဒီမြေခွေးကလေးရဲ့ အခြေအနေမှာ အကြောင်းရင်း ရှိပါတယ်၊ ကျွန်ုပ်လည်း အဲဒါကို သိနေတာနဲ့ အတော်ပဲ။ ဘာမှ အလုပ်မရှိရင် ကျွန်ုပ်နဲ့အတူ အဲဒီကို တစ်ခေါက်လောက် သွားလည်ကြမလား”

ဖန်းချန်က နတ်မင်းကြီး၏ ဖိတ်ခေါ်မှုကို ဝမ်းမြောက်စွာ လက်ခံလိုက်သည်။

သူတို့နှစ်ဦးသည် နတ်ကျောင်း၏ အနောက်မြောက်ဘက်ရှိ ချိုင့်ဝှမ်းတစ်ခုသို့ အတူတူ ထွက်ခွာခဲ့ကြသည်။ ဤနေရာမှာ မြင့်မား၍ စိမ်းလန်းသော ထင်းရှူးပင်ကြီးများ အောက်တွင် ရှိပြီး နေရောင်ခြည် ကောင်းစွာရသဖြင့် မြေပြင်မှာ ခြောက်သွေ့နေသည်။ ၎င်းမှာ တောင်ပေါ် သတ္တဝါများ နေထိုင်ရန် အလွန်ကောင်းသော နေရာတစ်ခုပင် ဖြစ်သည်။

နတ်မင်းကြီးသည် ချိုင့်ဝှမ်းဝသို့ ရောက်သောအခါ တောင်ဝှေးကို မြေကြီးတွင် အသာအယာ စိုက်ထူပြီး အထဲသို့ လှမ်းအော်လိုက်သည်။ “မိတ်ဆွေဟောင်း ဟူဖုန်း ရှိသလား၊ ကျန်းဇီချင်း လာရောက် လည်ပတ်ပါတယ်”

ခဏအကြာတွင် ချိုင့်ဝှမ်းထဲမှ ခပ်ဩဩနှင့် စူးရှသောအသံတစ်သံ ပြန်လည် ထွက်ပေါ်လာသော်လည်း ထိုအသံမှာ အသက်ရှူသံ မမှန်လှပေ။ “တောင်ပိုင်ရှင်နတ်မင်းကြီး ခဏလောက် စောင့်ပါဦး၊ ကျွန်ုပ် ထွက်လာခဲ့ပါ့မယ်”

မကြာမီတွင် မြေခွေးနှစ်ကောင် ချိုင့်ဝှမ်းထဲမှ ထွက်လာသည်။ မြေခွေးကလေးမှာ ဖန်းချန် ခုနက ဖမ်းမိခဲ့သော မြေခွေးကလေး ဖြစ်ပြီး ယခုအခါ ဖန်းချန်ကို မြင်သောအခါ အနည်းငယ် ကြောက်ရွံ့နေဟန် ရှိသည်။

အခြားမြေခွေးတစ်ကောင်မှာမူ သာမန်ထက် ပို၍ ကြီးမားပြီး ရွှေရောင်အမွေးများ ရှိကာ ခြေထောက်လေးဖက်မှာမူ အမည်းရောင် ဖြစ်သည်။ သို့သော် ၎င်းမှာ အိုမင်းရင့်ရော်နေပြီဖြစ်၍ လမ်းလျှောက်ရာတွင် မလွယ်ကူလှဘဲ မြေခွေးကလေး၏ အကူအညီကို ယူနေရသည်။

“ဧည့်သည်တော်ပါလား၊ အို... ဒါကတော့...” ဘေးမှ မြေခွေးကလေးနှင့် ယှဉ်လျှင် ဤမြေခွေးအိုကြီးမှာ ဗဟုသုတ ပိုမို ကြွယ်ဝပုံရသည်။ သူတို့နှစ်ဦး၏ ပုံစံကို မြင်သည်နှင့် တစ်ပြိုင်နက် ရှေ့သို့ တိုးလာကာ ဆိုသည်။ “မိစ္ဆာငယ် ဟူဖုန်းက မြေးဖြစ်သူ ဟူယွင်ကို ခေါ်ပြီး အရှင်မြတ်ကို ဂါရဝပြုပါတယ်၊ ကျန်းနတ်မင်းကိုလည်း နှုတ်ဆက်ပါတယ်”

“မင်းရဲ့ နာမည်ကလည်း ယွင် ပဲလား” ဖန်းချန်က လက်ဝှေ့ယမ်းကာ နှုတ်ဆက်ရင်း မြေခွေးကလေးကို ကြည့်ကာ မေးလိုက်သည်။

ဘေးမှ ကျန်းနတ်မင်းက နားမလည်သဖြင့် ဖန်းချန်က ပြုံး၍ ရှင်းပြသည်။ “ရှန်းချီကမ်းပါးယံမှာ အသိဉာဏ်ပွင့်နေတဲ့ မျောက်လေးတစ်ကောင် ရှိတယ်ဗျ၊ လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ သူ လူစကားပြောနိုင်အောင် အရိုးသန့်စင်ပြီးသွားလို့ ကျွန်တော့်ဆီ လာလည်သေးတယ်။ သူ့ကို မျိုးနွယ်အမည် ဆွန်း၊ အမည် ယွင် လို့ ပေးထားတာ၊ အခုတော့ နောက်ထပ် ဟူယွင် တစ်ကောင်နဲ့ ထပ်တွေ့တာပဲ”

မြေခွေးကလေး၏ မျက်လုံးများမှာ ဝေ့ဝဲနေသော်လည်း ဘာမှ ပြန်မပြောဝံ့ပေ။ မြေခွေးအိုကြီးက နှစ်ခါမျှ တွန်းလိုက်မှသာ အားနာစွာဖြင့် ဂါရဝပြုလေသည်။

နတ်မင်းကြီးက မိတ်ဆက်ပေးသည်။ “ဟူဖုန်းက မြေခွေးမိစ္ဆာတစ်ကောင်ပါ၊ အရင်က ကျွန်ုပ်ကို အများကြီး ကူညီပေးခဲ့ဖူးတယ်။ ကျွန်တော်တို့က နှစ်နှစ်တစ်ကြိမ်လောက် အမြဲ တွေ့ဖြစ်ကြတာ။ ဘေးက မြေခွေးကလေးကတော့ သူ့ရဲ့မြေး ဟူယွင် ပဲ။ ဟူဖုန်း... ဒါကတော့ ရှန်းချီကမ်းပါးယံမှာ နေထိုင်တဲ့ ဖန်အရှင်မြတ်ပဲ၊ တရားဓမ္မတွေ တတ်မြောက်ထားတဲ့ အရှင်မြတ်တစ်ပါးပေါ့”

ဟူဖုန်း မြေးအဖိုးနှစ်ဦးက လူတစ်ဦးနှင့် နတ်တစ်ပါးကို ချိုင့်ဝှမ်းအတွင်းသို့ ဖိတ်ခေါ်ပြီး ချိုချိုချဉ်ချဉ် တောသီးလေးများဖြင့် ဧည့်ခံကြသည်။

စကားပြောနေစဉ်အတွင်း ကျန်းနတ်မင်းသည် ဖန်းချန်က ဟူယွင်ကို ဖမ်းဆီးခဲ့သည်ကို အဝေးမှ မြင်တွေ့ခဲ့ပြီး အကူအညီပေးရန် လာရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိခဲ့ရသည်။ ဖန်းချန်က မြေခွေးကလေးကို ကြည့်ရုံသာ ကြည့်ပြီး ပြန်လွှတ်ပေးလိုက်သည်ကို မြင်မှသာ နတ်မင်းကြီး စိတ်အေးသွားခဲ့ခြင်း ဖြစ်သည်။

မြေခွေးအိုကြီး ဟူဖုန်းမှာ မိစ္ဆာသက်တမ်း နှစ်တစ်ရာခန့် ရှိပြီဖြစ်သော်လည်း ယခုအခါ အိုမင်းကာ သေအံ့ဆဲဆဲ ဖြစ်နေရှာသည်။ ဤကိစ္စနှင့် ပတ်သက်၍ မြေခွေးအိုကြီးမှာ စိတ်အေးချမ်းစွာပင် ဆိုသည်။

“လောကမှာရှိတဲ့ အရာအားလုံးဟာ အိုခြင်းနဲ့ သံသရာကနေ ဘယ်သူမှ မလွတ်ကင်းနိုင်ပါဘူး။ လောကကြီးမှာတောင် အဆုံးသတ် ရှိသေးတာပဲ၊ ကျွန်ုပ်လို မြေခွေးမိစ္ဆာတစ်ကောင်အဖို့တော့ ပြောနေစရာ မလိုတော့ပါဘူး။ ကျွန်ုပ်ရဲ့ အကြီးမားဆုံး နောင်တကတော့ လူ့အသွင်ကို မရရှိခဲ့တာပါပဲ၊ ဒါဟာ တရားဓမ္မနဲ့ လွဲချော်ခဲ့လို့ ဖြစ်ပါလိမ့်မယ်”

“ကျွန်ုပ်ရဲ့ နောက်ဘဝမှာတော့ လူအဖြစ် ပြန်လည်မွေးဖွားပြီး လူ့လောကရဲ့ စည်ကားမှုကို ခံစားချင်ပါတယ်၊ ကံကောင်းလို့ ကျင့်စဉ်လမ်းကို ပြန်လျှောက်ခွင့်ရမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ ကျွန်ုပ်မှာ မျိုးဆက်တွေ ရာနဲ့ချီ ရှိခဲ့ပေမဲ့ အားလုံးက မိုက်မဲကြသူတွေပါပဲ၊ ဒီမြေးလေး ဟူယွင် တစ်ယောက်ပဲ အသိဉာဏ် ရှိတာပါ။”

“ဒါကြောင့် ကျွန်ုပ်ရဲ့ တစ်ဦးတည်းသော ဆက်ခံသူလေးကို ကျန်းနတ်မင်းက ကျွန်ုပ်တို့ရဲ့ ခင်မင်မှုကို ထောက်ထားပြီး စောင့်ရှောက်ပေးပါဦး။ ကျွန်ုပ် သေဆုံးသွားတဲ့အခါမှာတော့ အနားက ပန်းခင်းလေးတွေရှိတဲ့ တောင်စောင်းမှာပဲ မြှုပ်နှံပေးပါ။ အဲဒီနေရာဟာ ကျွန်ုပ်ရဲ့ ဇာတိဖြစ်သလို ကြီးပြင်းခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်၊ ကျွန်ုပ်ရဲ့ ဘဝနိဂုံးကို အဲဒီလို လှပတဲ့ နေရာမှာပဲ အဆုံးသတ်ချင်ပါတယ်”

All Chapters