အခန်း (၂၇-၂၈)
Vol. 3 Ch. 27-28
အခန်း ၂၇ “ကျားတံတားမြို့ရှေ့မှ ကျားနှိမ်တံတား”
“အရင်က စမ်းချောင်းရေ ပြတ်တောက်သွားစဉ်တုန်းက ရွာထိပ်ကို ရောက်လာတဲ့ အရှင်ဖန့်ပဲ။ အရှင်က နတ်ကမ်းပါးယံမှာ သီတင်းသုံးတာလို့ အဘတို့ ပြောဖူးတယ် မဟုတ်လား။ ပြီးတော့ အရှင်ရှိတဲ့ဆီကို အနားမကပ်ဖို့လည်း ကျွန်တော့်ကို မှာဖူးတယ်လေ”
ကလေးငယ်၏ အသံမှာ ကလေးသဘာဝ မပျောက်သေးဘဲ စူးစူးရှရှနှင့် ကြည်လင်နေ၏။
“အခုလေးတင် အရှင်ဖန့်က အဘတို့နားက ဖြတ်လျှောက်သွားတာတောင် အဘတို့က တစ်ချက်ကလေးမှ မကြည့်မိကြဘူးနော်”
“ဘယ်လိုဖြစ်နိုင်မှာလဲ”
“အရှင်က တောင်အောက်ကို ဆင်းသွားပြီ။ ဟိုမှာ ကြည့်လိုက်လေ ဟုတ်တယ် မဟုတ်လား” ကလေးငယ်သည် လူကြီးများက မယုံကြည်သဖြင့် ရွာပြင်ရှိ တောင်ဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။
ဘေးနားတွင် စကားပြောနေကြသော တောင်ပေါ်သားများမှာ အံ့အားသင့်သွားကြ၏။ အမြင်အာရုံ ကောင်းသူတစ်ဦးက ကလေးငယ် ညွှန်ပြရာသို့ အသေအချာ လှမ်းကြည့်လိုက်ရာ အဝေးသို့ လျှောက်လှမ်းသွားနေသော လူတစ်ဦးကို တွေ့လိုက်ရသည်။
ထိုသူ၏ သွားလာလှုပ်ရှားမှုကို တွေ့နိုင်ရန် အာရုံစိုက်၍ ကြည့်ရမည် ဖြစ်သည်။ အကယ်၍ ဂရုမပြုမိပါက မသိလိုက်ဘဲ ကျော်လွန်သွားနိုင်ပေသည်။ ထိုသူ၏ ပုံပန်းသဏ္ဌာန်မှာ ရင်းနှီးနေပြီး အရှင်ဖန့်ပင် ဖြစ်နေတော့သည်။ ရွာသားများမှာ အရှင်နှင့် စကားမပြောလိုက်ရသဖြင့် အနည်းငယ် နှမြောတသ ဖြစ်သွားကြ၏။
တောင်အောက်သို့ ဆင်းလာလျှင် မလှမ်းမကမ်း၌ မင်းလမ်းမကြီးကို တွေ့ရသည်။ လမ်းမှာ ပြေပြစ်အောင် ပြုပြင်ထားပြီး မြေဝါနုများကို ခင်းထား၏။ လမ်းသွားလမ်းလာများနှင့် လှည်းများ ဖြတ်သန်းသွားသည့်အခါ ဖုန်မှုန့်များမှာ လှိုင်းတံပိုးသဖွယ် ထကြွနေတတ်သည်။
မြစ်ရေသည် တောင်ကို ပတ်စီးကာ တံတားအောက်ရှိ လမ်းမကြီးကို ဖြတ်ကျော်လျက် တောင်ဘက်သို့ စီးဆင်းသွား၏။ ရှန့်ချီကမ်းပါး အစွန်းရှိ ဟွမ်ဟွာစမ်းချောင်းနှင့် လင်းရှီးရွာကို ဖြတ်စီးသော ချောင်းရေတို့သည်လည်း ဤမြစ်အတွင်းသို့ စီးဝင်ကာ မြစ်ပင်လယ်အတွင်းသို့ အတူတကွ ပေါင်းဆုံသွားကြမည် ဖြစ်သည်။
ဖန်းချန်က လမ်းမကြီးပေါ်သို့ ပေါ့ပါးစွာ တက်လှမ်းလိုက်ပြီး အနောက်ဘက်သို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့သည်။ လမ်းပေါ်တွင် အလျင်အမြန် သွားလာနေကြသော လမ်းသွားလမ်းလာများကို ကြည့်ရင်း မိမိကိုယ်ကိုယ် အေးအေးလူလူ အရှိဆုံးသူဟု သူခံစားမိ၏။ ထိုသို့ အေးဆေးနေသောကြောင့်လည်း လမ်းသွားလမ်းလာများ၊ မြည်းများ၊ လားများနှင့် လှည်းများက သူ့ကို ခဏခဏ ကျော်တက်သွားကြသည်။
သူသည် ပျော်ရွှင်စွာ လျှောက်လှမ်းနေစဉ် မြင်းလှည်းတစ်စီးက သူ့အနားမှ ဖြတ်သွား၏။ ဖန်းချန်၏ အမူအရာကို မြင်သောအခါ လှည်းပေါ်ပါလာသူသည် တစ်စုံတစ်ခုသော အကြောင်းကြောင့် ရင်းနှီးလိုစိတ် ဖြစ်ပေါ်လာသဖြင့် လှည်းမောင်းသမားကို အရှိန်လျှော့ခိုင်းလိုက်သည်။ ထို့နောက် ဖန်းချန်ဘက်သို့ ကိုယ်ကိုကိုင်း၍ ပြောလိုက်သည်မှာ။
“ဒီလူကြီးမင်းလည်း ဒီဘက်ကိုပဲ သွားတာဆိုတော့ လမ်းကြုံလိုက်ပါဦးမလား။ မြင်းလှည်းနဲ့ဆိုရင်တော့ ပိုမြန်တာပေါ့”
“ကောင်းပါပြီ။ အားနာလိုက်တာဗျာ”
ဖန်းချန်က လိုလိုလားလားပင် သဘောတူလိုက်ပြီး လှည်းပေါ်သို့ ခုန်တက်လိုက်၏။
ဤလှည်းမှာ အလှဆင်ထားပုံမှာ အလွန်ပင် စေ့စပ်သေချာလှသည်။ ကြီးကျယ်ခမ်းနားပြီး အဖိုးတန်လွန်းသည်မျိုး မဟုတ်သော်လည်း ပိုင်ရှင်၏ အဆင့်အတန်းကို ဖော်ပြနေကာ အတွင်းခန်းမှာလည်း တော်တော်လေး ကျယ်ဝန်းလှသည်။
လှည်းပေါ်တွင် ဆိတ်မုတ်ဆိတ်နှင့် သန့်ရှင်းစင်ကြယ်သော ဂွမ်းဝတ်ရုံကို ဝတ်ဆင်ထားသည့် လူလတ်ပိုင်း အမျိုးသားတစ်ဦး ပါလာ၏။ သူသည် အလွန်ပင် တက်ကြွလန်းဆန်းသော ပုံစံရှိသည်။ မြင်းလှည်းမှာ အရှိန်ပြန်တက်လာပြီးနောက် လှည်းပိုင်ရှင်သည် ဖန်းချန်၏ ဟောင်းနွမ်းသော အဝတ်အစားများကို ဂရုမထားဘဲ လက်အုပ်ချီ နှုတ်ဆက်ကာ ပြောလိုက်သည်။
“ကျွန်တော်က ရှင်းချင်းစီရင်စုက ကျန့်ကျန့်ချူ ဖြစ်ပါတယ်။ လုံအန်းစီရင်စုက ဆွေမျိုးတွေဆီ အလည်သွားပြီး အပြန်မှာပါပဲ။ လူကြီးမင်းကကော ဘယ်ကို ကြွမှာလဲခင်ဗျာ”
ဖန်းချန်က မိမိ မည်သူမည်ဝါဖြစ်ကြောင်း အသေးစိတ် မပြောဘဲ ပြန်လည်နှုတ်ဆက်ကာ ပြောလိုက်သည်မှာ “ကျွန်တော့်နာမည်က ဖန်းချန်လို့ ခေါ်ပါတယ်။ လေလွင့်နေထိုင်သူ တစ်ဦးပါပဲ။ ရှေ့က မြို့လေးကို သွားချင်တာပါ။ ဆယ်မိုင်ကျော်လောက်ပဲ ဝေးတော့တာမို့ လမ်းကြုံလိုက်ခွင့်ပြုတာ ကျေးဇူးတင်ပါတယ်”
“ဒါဆိုရင်တော့ အတော်ပါပဲ။ ရှေ့ကမြို့ကို ရောက်ရင်တော့ လူကြီးမင်းဖန့် ဆင်းလို့ရပါပြီ”
ကျန့်ကျန့်ချူသည် အမေးအမြန်း သိပ်မများလှဘဲ ဖန်းချန်ကို လူကြီးမင်းဖန့်ဟု ခေါ်ဆိုကာ ဖန်းချန်ကလည်း သူ့ကို လူကြီးမင်းကျန့်ဟု ပြန်လည်ခေါ်ဆိုလျက် ရိုးရိုးရှင်းရှင်းပင် စကားစမြည် ပြောဆိုသွားကြ၏။
သူတို့နှစ်ဦး၏ စကားဝိုင်းမှာ နက်နက်ရှိုင်းရှိုင်း မရှိလှဘဲ အကြောင်းအကျိုး မရှိသည့် စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများသာ ဖြစ်သော်လည်း ဖန်းချန်၏ ပြောဆိုပုံများကြောင့် လူကြီးမင်းကျန့်မှာ အံ့အားသင့်သွားရသည်။ ဤခရီးစဉ်တွင် လူကြီးမင်းဖန့်နှင့် ဆုံတွေ့ရခြင်းမှာ သူ၏ ကံကောင်းမှုတစ်ခုဟုပင် ထင်မှတ်သွားတော့သည်။
လမ်းမကြီး၏ ဘေးတစ်ဖက်တစ်ချက်တွင် ရေနုတ်မြောင်းများ ရှိသော်လည်း လမ်းဘေးဝဲယာတွင် သစ်ပင်များ စိုက်ပျိုးထားခြင်း မရှိပေ။ သို့သော် အကွာအဝေး တစ်ခုစီတိုင်းတွင် အရိပ်ရသစ်ပင်ကြီးများ ရှိတတ်သည်။ လမ်းဘေးတွင် သစ်ပင်ကြီးများကို မြင်ရတိုင်း ထိုသစ်ပင်အောက်၌ အနားယူနေသူ သို့မဟုတ် စားသောက်နေသူများကို နှစ်ဦးသုံးဦးခန့် အမြဲတွေ့ရတတ်သည်။
မလှမ်းမကမ်းသို့ ရောက်သောအခါ ယွင်ကျုံးတောင်တန်း နယ်မြေမှ ထွက်ခွာလာပြီး မြေပြန့်ဒေသသို့ ရောက်ရှိလာခဲ့သည်။ မြင်းလှည်းအတွက် နှစ်နာရီနီးပါး သွားရမည့် ခရီးမှာ မိနစ်သုံးဆယ်ခန့်ဖြင့်ပင် ရောက်ရှိသွားတော့သည်။
ရှေ့ရှိ မြို့ငယ်လေးသို့ နီးကပ်လာသည်ကို မြင်သောအခါ ဖန်းချန်က ပြုံး၍ ပြောလိုက်သည်မှာ “ကျွန်တော် သွားမယ့်နေရာကို ရောက်ပါပြီ။ လမ်းကြုံလိုက်ခွင့်ပြုတဲ့အတွက် လူကြီးမင်းကျန့်ကို ကျေးဇူးအထူးတင်ပါတယ်။ နောင်တစ်ချိန် တောင်ရေမြေခြားမှာ ပြန်ဆုံကြဦးတာပေါ့”
ကျန့်ကျန့်ချူကလည်း “လူကြီးမင်းဖန့်နဲ့ စကားပြောရတာ အလွန်ဝမ်းမြောက်မိပါတယ်။ အခွင့်ကြုံရင် ပြန်တွေ့ကြတာပေါ့” ဟု ပြန်လည်ပြောဆိုလိုက်သည်။
သူတို့နှစ်ဦး နှုတ်ဆက်ကြပြီးနောက် ဖန်းချန်က လှည်းပေါ်မှ ခုန်ဆင်းကာ ထွက်ခွာသွားသော မြင်းလှည်းကို လက်ပြနှုတ်ဆက်လိုက်၏။ ထို့နောက် သူ၏ အထုပ်ကို ကျစ်ကျစ်ပါအောင် ပြင်လွယ်ပြီး မြို့အတွင်းသို့ လျှောက်လှမ်းလာခဲ့သည်။
သူ လှည်းပေါ်မှ ဆင်းလိုက်သည့် နေရာမှာ ကျောက်တံတားတစ်စင်း ပေါ်တွင် ဖြစ်သည်။ တံတားထိပ်သည် မြို့နှင့် ပေအနည်းငယ်သာ ဝေးတော့၏။ ယွင်ကျုံးတောင်အောက်မှ စီးဆင်းလာသော မြစ်ရေသည် ခွဲထွက်သွားကာ မြို့ရှေ့ကို ဖြတ်သန်းသွားပြီး လမ်းမကြီးမှာမူ တံတားကို ဖြတ်၍ မြို့အတွင်းသို့ ဆက်သွယ်ထားသည်။
သယ်ယူပို့ဆောင်ရေး ကောင်းမွန်ခြင်းကြောင့် ဤနေရာ၏ စီးပွားရေးမှာ တက်ကြွနေပြီး အတော်အတန် ချမ်းသာကြွယ်ဝပုံရသည်။ ထို့ပြင် မြို့အတွင်း ဖြတ်သန်းသွားသော လမ်းမကြီးမှာလည်း သန့်ရှင်းခိုင်ခံ့သော ကျောက်ခင်းလမ်း ဖြစ်နေ၏။
လမ်းမကြီးနှင့် နီးကပ်နေသောကြောင့် လမ်းကို အမှီပြု၍ စားဝတ်နေရေး ဖြေရှင်းကြသူများပြားကာ ကျောက်ခင်းလမ်း ဘေးတစ်ဖက်တစ်ချက်တွင် မြင့်မားသော ဆိုင်းဘုတ်များကို တွေ့ရသည်။ ထိုဆိုင်းဘုတ်များ၏ တစ်ဝက်ခန့်မှာ စားသောက်ဆိုင်နှင့် တည်းခိုခန်းများ ဖြစ်ကြသဖြင့် အလွန်ပင် စည်ကားလှပေသည်။
မြို့အဝင်ရှိ တံတားထိပ် ကျောက်တိုင်လေးများပေါ်တွင် “ဖူဟူတံတား” ဟု ကမ္ပည်းထိုးထား၏။ မြို့အဝင်ရှိ လမ်းဘေးတွင် ကျောက်တုံးကြီး တစ်တုံးကို စိုက်ထူထားပြီး ထိုပေါ်တွင် “ကျားတံတားမြို့” ဟူသော စာလုံးကြီး သုံးလုံးကို လှပသော လက်ရေးဖြင့် ရေးထိုးကာ အနီရောင် ဆေးများ ခြယ်သထားသည်။
ဤသည်မှာ စာပေတတ်မြောက်သူတစ်ဦး၏ လက်ရာ ဖြစ်တန်ရာ၏။
မြို့အမည် ရေးထိုးထားသော ကျောက်တုံးကြီး၏ အောက်တည့်တည့်တွင် လမ်းသွားလမ်းလာ အချို့ စကားပြောနေကြပြီး ထိုစကားသံများမှာ ဖန်းချန်၏ နားထဲသို့ တိုးဝင်လာခဲ့သည်။
“တူလေး... မင်းကို ငါပြောပြမယ်၊ ဒီကျားတံတားမြို့ရဲ့ နာမည်က အကြောင်းမဲ့ ပေါ်ပေါက်လာတာ မဟုတ်ဘူးကွ”
“ဘယ်လိုကြောင့်လဲ ဦးလေးရဲ့”
“ဟိုဘေးက တံတားကို မြင်လား။ အဲဒါ ကျားနှိမ်တံတား ခေါ်တဲ့ ဖူဟူတံတားပဲ။ ရှေးယခင်က ယွင်ကျုံးတောင်ပေါ်မှာ လူသားစားတဲ့ ကျားဆိုးကြီး တစ်ကောင် ရှိခဲ့ဖူးသတဲ့။ အဲဒီကျားက သန်မာတဲ့ လူတွေကိုပဲ ရွေးစားပြီး သူ့ကိုယ်သူ အားဖြည့်လေ့ရှိတယ်လို့ ဆိုကြတယ်”
“အဲဒီကျားက အရမ်းရက်စက်သလို အရမ်းလည်း ပါးနပ်တယ်။ ကျော့ကွင်းထောင်တာ၊ အဆိပ်ကျွေးတာ၊ ဝိုင်းတိုက်တာ ဘာတစ်ခုမှ မအောင်မြင်ခဲ့ဘူး။ တခြားနေရာက ခေါ်လာတဲ့ မုဆိုးကောင်းတွေတောင် သူ့လက်ချက်နဲ့ သေကုန်ကြရတာ။ မြို့စားမင်းက ဆုတော်ငွေတွေ အများကြီး ထုတ်ပြန်ခဲ့ပေမဲ့ သာမန်လူတစ်ယောက်ပဲ အဲဒီကိစ္စကို လက်ခံခဲ့တယ်”
“သာမန်လူ ဟုတ်လား။ ဦးလေး... နောက်တော့ ဘာဖြစ်လဲ” ဦးလေးဖြစ်သူက စကားဖြတ်လိုက်သဖြင့် လူငယ်လေးက စိတ်မရှည်စွာ မေးလိုက်၏။
ခဏအကြာတွင် လူကြီးဖြစ်သူက စိတ်အားထက်သန်စွာဖြင့် ဆက်ပြောပြသည်မှာ “အဲဒီ သာမန်လူဆိုတာက လမ်းတကာလှည့်ပြီး မုဆိုးမုန့်ရောင်းတဲ့ မုန့်သည်တစ်ယောက်ပဲ။ သူက မြို့စားမင်းကို ပြောတာက သူအရင်က မုန့်လုပ်တဲ့အခါ သကြားနဲ့ ဆီတွေကို အများကြီး သုံးမိလို့ လူတွေသေလုနီးပါး ဖြစ်ပြီး အမှုအခင်းတောင် ဖြစ်ခဲ့ဖူးတယ်တဲ့”
“သကြားနဲ့ ဆီတွေ များတာနဲ့တင် လူသေနိုင်လို့လား”
မိမိတူဖြစ်သူ စိတ်ဝင်တစား နားထောင်နေသည်ကို မြင်ရသဖြင့် ထိုသူက ပို၍ အားတက်ကာ ပြောပြပြန်သည်။ “ဒါပေါ့ကွ။ ဆီနဲ့ သကြား အလွန်အကျွံ သုံးထားတဲ့ မုန့်က စားလို့ကောင်းပေမဲ့ အစာချေရ ခက်သလို အူလမ်းကြောင်းအတွက်လည်း အရမ်း အန္တရာယ်များတယ်။ ကျားဆိုးကြီးကို အဆိပ်နဲ့ ခဏခဏ ခပ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူးလေ။ ဒီတော့ မြို့စားမင်းကလည်း အဲဒီမုန့်သည်ကို စမ်းကြည့်ခိုင်းလိုက်တာပေါ့”
“ဒီမုန့်သည်က တစ်ညလုံး မအိပ်ဘဲ ဆီနဲ့ သကြားတွေ အများကြီး သုံးထားတဲ့ မုန့်တွေကို တောင်းလိုက်နဲ့ အပြည့်လုပ်ခဲ့တယ်။ ပြီးတော့ မုဆိုးတချို့က အဲဒီမုန့်တောင်းတွေကို သယ်ပြီး ကျားဆိုးကြီး အမြဲဖြတ်သွားတတ်တဲ့ လမ်းပေါ်မှာ ချထားခဲ့ကြတယ်။ ကျားဆိုးကြီးက မုန့်နံ့ကို ရတော့ မုန့်တောင်း အများကြီးကို တစ်ထိုင်တည်း အကုန်စားပစ်ပြီး အနားယူဖို့ လှဲနေလိုက်တာပေါ့”
“တစ်နာရီ နှစ်နာရီလောက် ကြာတော့ ကျားကြီးက ရုတ်တရက် ဟိန်းသံကြီး ပေးပြီး ဟိုခုန်ဒီလွှားနဲ့ သစ်ပင်တွေ ကျောက်တုံးတွေကို တိုက်ခိုက်တော့တာပဲ။ အဲဒီကနေ အခု ဒီတံတားရှိတဲ့ နေရာအထိ ပြေးလာပြီး သေသွားခဲ့တာ။ မြို့စားမင်းက ကျားဗိုက်ကို ခွဲကြည့်ခိုင်းတော့မှ အူတွေ အကုန်ပုပ်ပြီး ပြတ်ထွက်ကုန်တာကို တွေ့ရသတဲ့။ ဆီနဲ့ သကြားတွေ အများကြီးပါတဲ့ မုန့်တွေကို စားမိလို့ အစာမကြေဘဲ သေသွားတာပေါ့။ အားလုံးက မုန့်သည်ရဲ့ အကြံကောင်းပုံကို ချီးကျူးကြတာပေါ့”
“အဲဒီတုန်းကတော့ သစ်သားတံတားပဲ ရှိသေးတာ၊ မြို့နာမည်ကလည်း တခြား နာမည်ပေါ့။ ကျားဆိုးကြီး သေပြီးတဲ့နောက် မြို့စားမင်းက ကိုယ်တိုင် အကုန်အကျခံပြီး ကျောက်တံတားကို ပြန်ဆောက်ပေးခဲ့တယ်။ ပြီးတော့ ကျားနှိမ်တံတားလို့ အမည်ပေးခဲ့တာ။ အဲဒီကနေ ကျားတံတားမြို့လို့ အမည်တွင်လာပြီး မူလအမည်ကို ဘယ်သူမှ မခေါ်ကြတော့ဘဲ နောက်ဆုံးမှာ မြို့နာမည်ကိုပါ ပြောင်းလိုက်ကြတာပေါ့”
လူငယ်လေးက စပ်စုသော မျက်လုံးများဖြင့် မေးလိုက်သည်မှာ “အဲဒီ မုန့်သည်ကကော ဘယ်ရောက်သွားလဲ”
“သူက သူများတွေ မလုပ်နိုင်တဲ့ အလုပ်ကို လုပ်နိုင်ခဲ့ပြီး တစ်နယ်လုံးကို အေးချမ်းစေခဲ့တာဆိုတော့ မြို့စားမင်းဆီက ဆုလာဘ်တွေ အများကြီး ရခဲ့တာပေါ့။ ပြီးတော့ ချောမောလှပတဲ့ ဇနီးမယားတွေနဲ့ လက်ထပ်ပြီး ဒီမြို့မှာပဲ ဆိုင်ဖွင့်ကာ သူ့မိသားစုရဲ့ ထူးခြားတဲ့ မုန့်တွေကို ရောင်းစားရင်း နေထိုင်သွားခဲ့တာပေါ့”
“အခု ဒီမြို့ရဲ့ နာမည်ကြီး အစားအစာဖြစ်တဲ့ ကျားနှိမ်မုန့်ရဲ့ အစကလည်း အဲဒီကပဲလို့ ပြောကြတယ်။ ဒါပေမဲ့ အဲဒီသူရဲကောင်းရဲ့ နာမည်ကိုတော့ ဘယ်သူမှ အသေအချာ မသိကြတော့ဘူး။ မင်း စာတတ်ရင်တော့ မြို့ရာဇဝင်ကျမ်းတွေထဲမှာ ရှာကြည့်လို့ ရနိုင်ကောင်းပါရဲ့”
မီးပွတ်ရင်း main character ဖြစ်သွားတယ်
အခန်း ၂၈ “ဖုန်တထောင်းထောင်းကြားမှ လူမှုဘဝများ”
လမ်းသွားလမ်းလာ လူငယ်လေး၏ အံ့ဩသံများနှင့်အတူ ဦးလေးဖြစ်သူမှာ စကားလမ်းကြောင်းလွှဲကာ အဝေးကမြို့ကြီးများရှိ အရသာရှိသော စားသောက်ဖွယ်ရာများအကြောင်း ဆက်လက်ပြောပြလေရာ လူငယ်လေးမှာ သွားရည်တမြားမြား ဖြစ်နေရတော့သည်။
ဖန်းချန်က သူတို့နှစ်ဦးဘေးမှ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားရင်း အသာအယာ ပြုံးလိုက်မိ၏။
ထိုလူကြီး ပြောပြနေသော အကြောင်းအရာမှာ အလွန်ဟောင်းနွမ်းလှပြီ ဖြစ်သလို ပြောသူ၏ ဟန်အမူအရာမှာလည်း ချဲ့ကားလွန်းလှသဖြင့် အမှန်တရား မည်မျှပါဝင်သည်ကို ခန့်မှန်းရ ခက်ခဲလှပေသည်။ သို့သော် အကယ်၍ ထိုဇာတ်လမ်းသာ အမှန်ဖြစ်ခဲ့လျှင် ထိုကျားဆိုးကြီးမှာ သာမန်တိရစ္ဆာန် မဟုတ်ဘဲ မိစ္ဆာတစ်ကောင် ဖြစ်နေပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ထိုဇာတ်လမ်းထဲတွင် ကျားကြီးသည် မုဆိုးများ၏ အဆိပ်နှင့် ကျော့ကွင်းများကို ခွဲခြားသိမြင်နိုင်ခြင်း၊ လူသားများနှင့် ဉာဏ်ကစားနိုင်ခြင်းနှင့် အင်အားကြီးမားလွန်းခြင်းတို့မှာ မိစ္ဆာတစ်ကောင်၏ လက္ခဏာရပ်များပင် ဖြစ်သည်။ သို့သော် ထိုကျားမိစ္ဆာသည် လူသားများကို အလွန်အကျွံ သတ်ဖြတ်ခဲ့သဖြင့် သူ၏ ဝိညာဉ်အလင်းမှာ ကွယ်ပျောက်ကာ နောက်ဆုံးတွင်မူ အလွန်ရယ်စရာကောင်းသော နည်းလမ်းဖြင့် သေဆုံးသွားခဲ့ရခြင်း ဖြစ်ပေမည်။
ထိုဇာတ်လမ်း၏ အမှန်တရားကို ဖန်းချန် စူးစမ်းလိုစိတ် မရှိပေ။ သို့သော် ဤနေရာတွင် ကျားနှိမ်တံတား ရှိနေသည်မှာ အကြောင်းမဲ့တော့ မဟုတ်နိုင်ရာ အမှန်တကယ်ပင် ကျားတစ်ကောင် သေဆုံးခဲ့ဖူးဟန် တူပေသည်။
မည်သို့ပင်ဆိုစေ ဤမြို့၏ နာမည်ကြီး စားဖွယ်ဖြစ်သော ကျားနှိမ်မုန့်ကိုတော့ မြည်းစမ်းကြည့်ရပေမည်။
ဖန်းချန်က မြို့အတွင်းသို့ လျှောက်လှမ်းဝင်လာရင်း လူတို့၏ ဘဝသဏ္ဌာန်မျိုးစုံကို လှည့်လည်ကြည့်ရှုနေမိ၏။ လူကြီးများမှာ ဟိုဟိုဒီဒီ အလုပ်ရှုပ်နေကြပြီး ကလေးငယ်များမှာမူ ဖုန်တထောင်းထောင်းကြားတွင် ကစားနေကြသည်မှာ မြင်ရသူအဖို့ များစွာ သက်ဝင်လှုပ်ရှားနေပေသည်။
စားသောက်ရန်အတွက် ငွေကြေးလိုအပ်ပေသည်။
ဖန်းချန်၏ လက်ထဲတွင် ယခုအခါ ပြားစေ့တစ်စေ့မျှ မရှိတော့ပေ။ နေရပ်မှ ထွက်ခွာလာစဉ်က ပါလာသော ပိုင်ဆိုင်မှုများကို ရောင်းချထားသည့် ငွေများမှာလည်း တောင်ပေါ်သို့ ရောက်သည့်လမ်းတွင် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သဖြင့် သူ၏ လက်ထဲ၌ ဘာမျှ မကျန်တော့ပေ။
သူသည် ကျင့်စဉ်လောကတွင် အောင်မြင်မှု အတိုင်းအတာတစ်ခုအထိ ရရှိထားသူ ဖြစ်သော်လည်း လောကီလူသားတို့၏ ငွေကြေးကို မတရားသောနည်းဖြင့် မယူအပ်ပေ။ “သူဌေးကို လု၍ ဆင်းရဲသားကို ကူခြင်း” သို့မဟုတ် “ကျောက်ခဲကို ရွှေဖြစ်အောင် ဖန်တီးခြင်း” စသည်တို့ကို မပြုလုပ်သင့်ပေ။ သို့မဟုတ်ပါက ကံကြမ္မာ အကုသိုလ်များနှင့် ငြိတွယ်ကာ မိမိ၏ ကျင့်စဉ်အဆင့်ကို ထိခိုက်စေနိုင်သောကြောင့် ဖြစ်သည်။
သို့သော် သူ့တွင် ကိုယ်ပိုင်နည်းလမ်း ရှိပေသည်။
ဖန်းချန်က ကျောက်ခင်းလမ်း ဘေးတစ်ဖက်တစ်ချက်ကို ကြည့်ရှုရင်း ရွှေငွေဆိုင်တစ်ဆိုင်ကို တွေ့သဖြင့် ဝင်လိုက်လေသည်။ ဤမြို့မှာ စည်ကားသည်ဆိုသော်လည်း မြို့ကြီးပြကြီးများနှင့်မူ မယှဉ်နိုင်ပေ။ လူစည်ကားသော်လည်း သီးသန့်ရတနာဆိုင်ဟူ၍ မရှိပေ။
ရွှေငွေဆိုင်များမှာပင် ပေါင်နှံခြင်း၊ ရွှေငွေ လက်ဝတ်ရတနာများ ပြုလုပ်လဲလှယ်ခြင်းတို့ကို ဆောင်ရွက်ကြသဖြင့် ရတနာဆိုင်သဖွယ်လည်း ဖြစ်နေသလို တစ်ခါတစ်ရံ ကုန်စုံဆိုင် အလုပ်ကိုပါ တွဲဖက်လုပ်ကိုင်ကြပေသည်။ လူသူ အသွားအလာများသော ဤမြို့လေးတွင် ထိုသို့သောဆိုင်များမှာ စီးပွား အလွန်ကောင်းလှသည်။
“လူကြီးမင်း... ဘာများ အလိုရှိပါသလဲခင်ဗျာ”
ဆိုင်အတွင်းသို့ ဝင်လိုက်သောအခါ ရှေးဟောင်းဗီရိုကြီးများ စီတန်းနေသည်ကို တွေ့ရပြီး ကောင်တာမှာမူ အသစ်ပြုလုပ်ထားဟန် တူသည်။ ဆိုင်ရှင်ဖြစ်သူမှာ ကောင်တာနောက်တွင် ထိုင်ရင်း လက်ချောင်းများဖြင့် အံစာတုံးများကို ခေါက်နေ၏။ ဖန်းချန် ဝင်လာသည်ကို မြင်သောအခါ ချက်ချင်းပင် ပြုံးရွှင်သော မျက်နှာဖြင့် နှုတ်ဆက်လေသည်။
သူ့ရှေ့တွင် အထုပ်တစ်ထုပ်ကို လွယ်ထားသော ဖန်းချန်ကို ကြည့်ရင်း အဆင့်အတန်းရှိသူ တစ်ဦးဟု ဆိုင်ရှင်က သတ်မှတ်လိုက်၏။ ဖန်းချန် ဝတ်ဆင်ထားသော အဝတ်အစားများမှာ ကြမ်းတမ်းသော်လည်း ဆိုင်ရှင်မှာ ကျွမ်းကျင်သူပီပီ ဧည့်သည်ကို မလေးမစား မပြုပေ။
“ဒီနေရာမှာ ကျောက်စိမ်းရိုင်းတွေကို ဝယ်ယူပါသလား”
“ဝယ်ပါတယ်ခင်ဗျာ” ဟု ဆိုင်ရှင်က အလေးအနက် ပြန်ပြောလိုက်သည်။
အပေးအယူကြီးတစ်ခု ဖြစ်တော့မည်ဟု ဆိုင်ရှင်က တွေးလိုက်မိ၏။ သူ၏ အမြင်အာရုံကို စမ်းသပ်ရမည့်အချိန် ရောက်လာပြန်လေပြီ။ တစ်ဖက်လူက ဝယ်သလားဟု မေးသည်မှာ ပေါင်နှံရန် မဟုတ်ဘဲ ရောင်းချရန်သာ ဖြစ်ပေလိမ့်မည်။
“ဒါဆို ဒီကျောက်စိမ်းရိုင်းလေးကို တစ်ချက်လောက် ကြည့်ပေးပါဦး”
ဖန်းချန်က သူ၏ အထုပ်ထဲသို့ လက်နှိုက်လိုက်ပြီး ကျောက်စိမ်းတုံး တစ်တုံးကို ထုတ်ယူကာ ကောင်တာပေါ်သို့ တင်လိုက်လေသည်။
ကျောက်စိမ်းတုံး ငြိမ်သွားသောအခါ ဆိုင်ရှင်သည် လှမ်းယူလိုက်ပြီး ပြတင်းပေါက်မှ ဝင်လာသော အလင်းရောင်ဖြင့် ကျောက်စိမ်း၏ အရည်အသွေးနှင့် အတွင်းသား အသားတက်တို့ကို အသေအချာ စစ်ဆေးလေသည်။
“ကျောက်စိမ်းကောင်းပါပေတယ်” ဟု ဆိုင်ရှင်က ဦးစွာ ချီးမွမ်းလိုက်ပြီးနောက် “ကြည်လင်ပြီး အပြစ်အနာအဆာ ကင်းစင်လှပါတယ်။ ဒါပေမဲ့ နှမြောစရာကောင်းတာက အရွယ်အစား မကြီးတာရယ်၊ ကျောက်စိမ်းရိုင်း အဆင့်ပဲ ရှိသေးတာရယ်ကြောင့် ပညာရှင်တွေရဲ့ လက်ရာမပါသေးတော့ ဈေးကတော့ သိပ်မမြင့်နိုင်ဘူးပေါ့ဗျာ။ လူကြီးမင်းအနေနဲ့ ကျွန်တော်ပေးမယ့် ဈေးကို စိတ်ကျေနပ်မှု ရှိပါ့မလား”
“ရပါတယ်”
ဖန်းချန်က ဈေးမဆစ်တော့ဘဲ အလွယ်တကူပင် သဘောတူလိုက်လေသည်။
“ဒါဆိုရင် ခဏလောက် စောင့်ပေးပါဦး လူကြီးမင်း” ဟု ပြောကာ ဆိုင်ရှင်က ငွေများနှင့် စာချုပ်စာတမ်း အချို့ကို ယူဆောင်လာ၏။ “လူကြီးမင်းအနေနဲ့ ဒီကျောက်စိမ်းရဲ့ အရွယ်အစားနဲ့ ဈေးနှုန်းကို မှတ်တမ်းတင်ထားတဲ့ အရောင်းအဝယ် စာချုပ် လိုအပ်ပါသလား”
“မလိုအပ်ပါဘူး” ဖန်းချန်က ခေါင်းယမ်း၍ ငြင်းပယ်လိုက်သည်။
“ကောင်းပါပြီ။ ဒါဆိုရင် ဒီငွေတွေကို သိမ်းဆည်းလိုက်ပါဦး။ ကြေးပြား ရှစ်ရာ ဖြစ်ပါတယ်” ကြေးပြား ရှစ်ရာမှာ တော်တော်လေး လေးလံလှသဖြင့် ဆိုင်ရှင်မှာ လက်နှစ်ဖက်ဖြင့် မကာ ဖန်းချန်ထံသို့ ကမ်းပေးလေသည်။
ဖန်းချန်က အကြမ်းဖျင်း ကြည့်လိုက်ရာ အရေအတွက်မှာ မှန်ကန်သဖြင့် ဆိုင်ရှင်ကို ကျေးဇူးတင်စကား ပြောကာ ငွေများကို သိမ်းဆည်းပြီး ဆိုင်ပြင်သို့ ထွက်လာခဲ့၏။ ဤအရောင်းအဝယ်တွင် ဆိုင်ရှင်ဘက်မှ အမြတ်အစွန်း ရရှိမည်မှာ သေချာသော်လည်း ဖန်းချန်မှာမူ ဂရုမစိုက်ပေ။
မိမိတွင် ရှိသော အရာကို တစ်ဖက်လူ လိုအပ်သော အရာနှင့် ထိုက်တန်သော တန်ဖိုးဖြင့် လဲလှယ်ခြင်းမှာ ငွေကြေးရှာဖွေသည့် သဘာဝကျသော နည်းလမ်းဖြစ်သဖြင့် ကံကြမ္မာ အကျိုးပေးနှင့်လည်း ပတ်သက်မှု နည်းပါးလှပေသည်။ အကယ်၍ လဲလှယ်ရန် ရတနာ မရှိခဲ့ပါက ဖန်းချန်က လမ်းသွားလမ်းလာများနှင့် ကုန်သည်များအတွက် ကုန်စည်ထမ်းပိုးပေးသည့် အလုပ်ကိုပင် ဝင်ရောက်လုပ်ကိုင်ရန် စဉ်းစားထားခဲ့သေးသည်။
ဤမြို့ငယ်လေးတွင် အသင့်ဝတ် အဝတ်အထည်ဆိုင်များ မရှိဘဲ မြို့ကြီးများတွင်သာ ရှိတတ်ပေသည်။ သို့သော် အစားအစာ၊ အဝတ်အထည်၊ နေထိုင်ရေးနှင့် သွားလာရေးမှာ လူတို့၏ မရှိမဖြစ် လိုအပ်ချက်များ ဖြစ်သဖြင့် မြို့လေးတွင် “ရှောက်မိသားစု ပိုးထည်တိုက်” ဟူ၍ ရှိနေသေးသည်။ ထိုဆိုင်တွင် အဝတ်အထည် ချုပ်လုပ်ပေးသည်ဟုလည်း ဘေးလူများ ပြောသံကို ဖန်းချန် ကြားလိုက်ရ၏။
ဆိုင်ရှေ့တွင် “အထည်” ဟု ရေးထားသော အလံတစ်ခုကို ထောင်ထားသော်လည်း ဆိုင်အတွင်းရှိ ပစ္စည်းများမှာမူ ဆိုင်အမည်နှင့် ကွဲလွဲနေသည်။ ပိုးထည် တစ်စမျှ မရှိဘဲ သာမန် အထည်အလိပ်များသာ ရှိလေသည်။
“လူကြီးမင်း... ဘာများ ကြည့်မလဲခင်ဗျာ”
“အဝတ်အစား ချုပ်ချင်လို့ပါ။ ဒီလို အထည်မျိုးနဲ့ပဲ ချုပ်မယ်” ဖန်းချန်က သူ၏ဘေးရှိ မီးခိုးရောင်ရင့်ရင့် အထည်စကို ပုတ်ပြရင်း ပြောလိုက်သည်။
အပ်ချုပ်သမားသည် အနားသို့ ရောက်လာပြီး ပေတံဖြင့် ကိုယ်အရှည်၊ ပုခုံးအကျယ်၊ ခါးအတိုင်းအတာနှင့် ခြေလက် အရှည်တို့ကို တိုင်းတာလေသည်။ ဈေးနှုန်းညှိနှိုင်းပြီးနောက် စရန်ငွေပေးကာ အမည်စာရင်း ပေးခဲ့၏။ သူတို့နှစ်ဦးသည် နောက်သုံးရက်အကြာတွင် အဝတ်အစား လာယူရန် ချိန်းဆိုလိုက်ကြသည်။
အဝတ်အစားမှာ တန်ဖိုးကြီး ပစ္စည်းတစ်ခု ဖြစ်သဖြင့် ဖန်းချန်က ကျောက်စိမ်းရောင်း၍ ရသော ငွေများထဲမှ ထက်ဝက်ခန့်ကို အပ်နှံခဲ့ရလေသည်။
ဒေသထွက် နာမည်ကြီး မုန့်ဖြစ်သော ကျားနှိမ်မုန့်ကို နေရာအနှံ့တွင် ရောင်းချနေကြသည်။ ကျားနှိမ်မုန့် ဆိုင်းဘုတ်ကို အခိုင်အမာ ချိတ်ဆွဲထားသော ဆိုင်ကြီးများ ရှိသလို ဆိုင်ရှေ့တွင် ဧည့်သည်ခေါ်နေသော အလုပ်သမားများလည်း ရှိကြသည်။ လမ်းဘေး ဝဲယာတွင်မူ ဇနီးမောင်နှံ နှစ်ဦးတွဲ၍ ရောင်းချနေသော မုန့်ဆိုင်လေးများကိုလည်း တွေ့ရသည်။
ဖန်းချန်က လူအများဆုံး တန်းစီနေသော ဆိုင်တစ်ဆိုင်ကို ရွေးချယ်ကာ တန်းစီလိုက်ပြီး ကြေးပြား ဆယ်ပြားကျော်ခန့်ဖြင့် မုန့်အချို့ကို ဝယ်ယူလိုက်၏။ မုန့်ကို တစ်ကိုက် ကိုက်လိုက်သည်နှင့် အလွန်ပင် ကြွပ်ရွကာ မွှေးကြိုင်လှပေသည်။
ဂျုံမုန့်အတွင်း၌ သကြားနှင့် ဝက်ဆီတို့ကို ဌာပနာထားပြီး ကြွပ်နေအောင် ဖုတ်ထား၏။ အပေါ်မှ နှမ်းစေ့လေးများ ဖြူးထားကာ ကောက်ရိုးစက္ကူပါးလေးဖြင့် ညှပ်၍ ပေးထားသည်။
လမ်းထောင့်သို့ ရောက်သောအခါ ဖန်းချန်က အထုပ်ကို ဖြည်လိုက်ပြီး တောင်ပေါ်မှ ယူဆောင်လာကာ သစ်ရွက်များဖြင့် ထုပ်ပိုးထားသော အသားကျက်များကို ထုတ်လိုက်လေသည်။ အသားများမှာ အေးစက်နေပြီ ဖြစ်သော်လည်း အရသာမှာမူ ရှိနေဆဲ ဖြစ်သည်။ သစ်ရွက်နံ့ သင်းသင်းလေးမှာလည်း အသားထဲတွင် စိမ့်ဝင်နေ၏။ သူသည် မုန့်ကို နှစ်ခြမ်းခွဲကာ အေးစက်နေသော အသားများကို အထဲသို့ ထည့်လိုက်သည်။ ပူနွေးသော မုန့်နှင့် အေးစက်နေသော အသားတို့၏ အရသာမှာ အလွန်ပင် လိုက်ဖက်လှပေသည်။
မလှမ်းမကမ်းရှိ ဆိုင်ရှင်ဖြစ်သူက ဧည့်သည်များကို ပြောနေသည်မှာ “အားလုံးပဲ စိတ်အေးလက်အေး စားကြပါဗျာ။ ဒီမုန့်က အရင် ကျားဆိုးကြီး လက်ထက်ကထက်စာရင် သကြားနဲ့ ဆီကို အများကြီး လျှော့ထားပါတယ်။ ဒါပေမဲ့လည်း အလွန်အကျွံတော့ မစားကြနဲ့ဦးပေါ့”
ထိုစကားကို ကြားသောအခါ ဖန်းချန်က ပြုံးရင်း လက်ထဲမှ မုန့်များကို အကုန်စားပစ်လိုက်လေသည်။
ထို့နောက်တွင်မူ သူသည် ကျားတံတားမြို့အတွင်း လှည့်လည်ကြည့်ရှုနေမိ၏။ တောင်ဘက် မြောက်ဘက်သို့ သွားလာနေကြသော ခရီးသည်များနှင့် မြင်းလှည်းများသည် ဤနေရာတွင် ခေတ္တနားခိုကြခြင်း သို့မဟုတ် မွန်းတည့်ချိန်တွင် ဗိုက်ဖြည့်ရန် ဝင်ရောက်လာကြခြင်း ဖြစ်သည်။ လမ်းဘေးတစ်လျှောက်တွင် ဆိုင်ခန်းများနှင့် တဲများမှာ စီတန်းနေပြီး စကားပြောသံများ၊ ဈေးရောင်းသံများ၊ တိရစ္ဆာန်တို့၏ အော်သံများနှင့် လှည်းဘီးသံများဖြင့် အလွန်ပင် စည်ကားလှပေသည်။
သူ၏ ကျင့်စဉ်ကြောင့် အကြားအာရုံမှာ အလွန်စူးရှနေသော်လည်း ထိုဆူညံသံများမှာ သူ့အပေါ် သက်ရောက်မှု မရှိပေ။ စည်ကားလှသော ဤမြို့လေးတွင် သူသည် လူစိမ်းတစ်ဦးကဲ့သို့ ကျောက်ခင်းလမ်းပေါ်တွင် တစ်ဦးတည်း လျှောက်လှမ်းနေ၏။
ဖန်းချန်က ဤကဲ့သို့သော စိတ်အခြေအနေမျိုးကို အလွန်နှစ်သက်မိသည်။
ရှေ့နားတွင် အရက်ဆိုင်တစ်ဆိုင် ရှိပြီး ဆိုင်ရှေ့တွင် “အရက်” ဟု ရေးထားသော အလံမှာ လေထဲတွင် လွင့်နေကာ အရက်နံ့ သင်းသင်းလေးကို ရရှိနေသည်။ လင်းရှီးရွာမှ ပြောင်းဆန်အရက်ကို သတိရသွားသဖြင့် သူသည် ဈေးနှုန်းသွားမေးရန် ပြင်လိုက်၏။
ထိုအချိန်တွင် ဆန်ကာကို ကိုင်ထားသော အမျိုးသမီးတစ်ဦးနှင့် သူမ၏ အိမ်နီးချင်းတို့ ပြောဆိုနေသော စကားသံမှာ ဖန်းချန်၏ နားထဲသို့ တိုးဝင်လာခဲ့သည်။
“...သူဌေးကြီးဦးပန်ရဲ့ အိမ်မှာ ဖြစ်နေတဲ့ ထူးဆန်းတဲ့ အဖြစ်အပျက်တွေက ပိုပိုပြီး ဆိုးလာပြီနော်”
“ဟုတ်ပါရဲ့။ ဆရာတွေ၊ မော်ဆရာတွေ ခေါ်ပြီး ကုခိုင်းတာလည်း မအောင်မြင်ကြဘူး။ ဘာကြောင့် ဖြစ်တယ်ဆိုတာတောင် ဘယ်သူမှ မသိကြဘူးတဲ့။ တချို့ကလည်း သရဲခြောက်တာလို့ ပြောကြသလို တချို့ကလည်း မိစ္ဆာတွေ နှောင့်ယှက်တာလို့ ပြောနေကြတယ်”
“တကယ် ကြောက်စရာကြီးပဲ။ ဒါပေမဲ့ တော်သေးတာက သူ့မိသားစု တစ်ခုတည်းမှာပဲ ဖြစ်နေလို့ပေါ့...”