← Chapters

မာန်နတ်ဘုရား၏ စွမ်းအား

Vol. 27 Ch. 364

မာန်နတ်ဘုရား၏ စွမ်းအား

Vol. 27 Ch. 364

မာန်စွမ်းအားရှင်အိုကြီးက အေးစက်စက်ဖြင့်  နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် စူးရှသော အကြည့်တစ်ခုနှင့်အတူ ဘယ်လက်ကိုမြှောက်၍ စုမင်ဆီသို့ ဝှေ့ယမ်းလိုက်၏။ ထိုဝှေ့ယမ်းမှုသည် အဘိုးအို၏ ခန္ဓာကိုယ်နောက်မှ သွေးပင်လယ်ကြီးကို မိုးထိတိုင်အောင် ထိုးတက်မြင့်မား သွားစေသော်လည်း ထိုအချိန်မှာပင်...

မာန်စွမ်းအားရှင်အိုကြီး၏ အမူအယာမှာ ယခင်က တစ်ခါမျှ မဖြစ်ပျက်ခဲ့ဖူးသော အလွန်တရာ လေးနက်သည့် ဟန်ပန်တစ်ခုအဖြစ် ရုတ်ခြည်း ပြောင်းလဲသွားတော့သည်။

အဘယ်ကြောင့်ဆိုသော် ပြေးဝင်လာနေသော စုမင်သည် ညာလက်ကိုမြှောက်၍ မာန်နတ်ဘုရား၏ စွမ်းအားပါဝင်သည့် ဆံချည်မျှင်ရှိရာ လက်ညှိုးအား ဆန့်ထုတ်လိုက်ခြင်းကြောင့် ဖြစ်သည်။ ထိုလက်ချောင်းတွင် ကောင်းကင်နှင့် မြေပြင်ကိုပင် ဖျက်ဆီးပစ်နိုင်ပြီး မာန်ဝိညာဉ်နယ်ပယ်ရှိလူများကို ထိတ်လန့်သွားစေနိုင်သည့် စွမ်းအားတစ်ခုပါရှိနေ၏။

ထိုအရာက လက်ချောင်းလေးကို ပင့်မြှောက်၍ သူ့တစ်ကိုယ်လုံးမှ စွမ်းအားများဖြင့် ဖန်တီးထားသော သွေးပင်လယ်ကိုထိရန် ပြုလုပ်လိုက်သော လှုပ်ရှားမှုလေး တစ်ခုသာဖြစ်သည်။ လက်ချောင်းပေါ်ရှိ ဆံချည်မျှင်ထက်တွင်တော့ မီးတောက်တစ်ခု၏ အရိပ်အယောင်မျိုး ရှိနေလေသည်။

၎င်းမှာ သည်အတိုင်းလှုပ်ရှားလိုက်သော လုပ်ရပ်သာဖြစ်သော်ငြား မာန်စွမ်းအားရှင်အိုကြီး၏ စိတ်ထဲမှနေ၍ ကြောက်ရွံ့ထိတ်လန့်မှုတစ်ခုကို အထိန်းအကွပ်မဲ့စွာ ပေါက်ကွဲထွက်ပေါ်လာစေခဲ့သည်။ သူ မာန်ဝိညာဉ်နယ်ပယ်သို့ ရောက်ရှိခဲ့ချိန်မှစ၍ ဤသို့ထိတ်လန့်စေသော အရာများနှင့် ကြုံတွေ့မိခြင်းက ရှားပါးလှသည်။

ဤကြောက်လန့်မှုသည် သူ ရိုးရေစတေးနယ်ပယ် ပြည့်စုံဆင့်သို့ ရောက်ရှိပြီးချိန်၌ သူ၏ ပျက်စီးခြင်းကို ဖြစ်ပေါ်စေနိုင်သည့် ထိုခြေတစ်လှမ်းကို အံတင်းတင်းကြိတ်၍ ရှေ့တိုးခဲ့စဉ်က ကြုံတွေ့ခဲ့ဖူးသော အကြောက်တရားထက်ပင် ကျော်လွန်သွားခဲ့ချေပြီ။

ဤကြောက်လန့်မှုမှာ သူ့ဘဝတွင် တစ်ကြိမ်တစ်ခါမျှ မတွေ့ဖူး၊ မကြုံဖူးသော အရာတစ်ခု ဖြစ်သည်။ ဤထူးဆန်းသော အကြောက်တရားမှာ သူကြုံခဲ့ဖူးသမျှ အရာအားလုံးထက် ကျော်လွန်နေခဲ့၏။ ၎င်းက တရားစီရင်ချက် တစ်ခုလိုပင်။

ဤအရာက တရားစီရင်ခြင်း ဖြစ်နေသည်။

သူ့အရှေ့ရှိလူမှာ အားနည်းကျိုးပဲ့လွယ်သော စုမင်မဟုတ်တော့ပဲ အမြင့်မားဆုံး အာဏာရှိနေသည့် လူတစ်ဦးကဲ့သို့ပင်။ ထိုလူသည် သူ့ကိုကြည့်၍ ညာလက်ကိုမြှောက်ကာ သူ့ဆီသို့ ညွှန်ပြနေခဲ့သည်။

ထိုသူက ပထမဆုံး မာန်နတ်ဘုရားသဖွယ်ပင် ဖြစ်၏။

ဤသည်မှာ ပထမဆုံး မာန်နတ်ဘုရား၏ စီရင်ချက်ဖြစ်သည်။ ဤသည်မှာ သူ့အသက်၊ သူ့လိုအင်ဆန္ဒနှင့် သူပိုင်ဆိုင်သမျှ အရာအားလုံးကို လုယက်ယူဆောင်သွားနိုင်သည့် စီရင်ချက်လက်ချောင်း ဖြစ်သည်။

ဤလက်ချောင်းရှေ့မှောက်တွင်တော့ သူအနည်းငယ်ပင် ခံနိုင်ရည်မရှိတော့သလို ပြန်လည်တိုက်ခိုက်လိုသည့် အတွေးအနည်းငယ်ပင် ထုတ်ဖော်နိုင်ခဲ့ခြင်း မရှိချေ။ ထိတွေ့လိုက်သည်နှင့် အက်ကွဲသွားတော့မည့် ရေခဲလွှာပါးပါးလေးသဖွယ် အားနည်းလှသည်ဟုပင် သူ့ကိုယ်သူ ခံစားနေရလေသည်။

ထိုအကြောက်တရား လှိုင်းလုံးကြီးမှာ သူ့နှလုံးသားနှင့် စိတ်ဝိညာဉ်ကို လွှမ်းမိုးလုနီးပါး ဖြစ်သွားပြီး မာန်စွမ်းအားရှင်အိုကြီး၏ မျက်လုံးများကို ကျဉ်းမြောင်းသွားစေသည်။ အဘိုးအိုသည် ကျယ်လောင်စူးရှစွာ အော်ဟစ်လျက် နောက်သို့ အလျင်အမြန် ဆုတ်ခွာလိုက်တော့၏။ သူသာ နောက်မဆုတ်ပါက သေချာပေါက် သေဆုံးသွားပေလိမ့်မည်။ သူ နောက်မဆုတ်ခဲ့လျှင်လည်း သူ့ခန္ဓာကိုယ်ကပင် သူ့ဆန္ဒကို ဆန့်ကျင်လိမ့်မှာဖြစ်သည်။

အဘိုးအို၏ ရင်ဘတ်ထဲမှ နှလုံးခုန်သံမှာ ရုတ်တရက် ရပ်တန့်သွားပုံပေါ်သည်။ ထိုလက်ချောင်းလေး တစ်ချောင်း၏ စွမ်းအားအောက်၌ သူ့နှလုံးသားသည်ပင် မလှုပ်ရှားတော့သလို ဖြစ်သည်။

အဘိုးအို နောက်ဆုတ်သွားသည်နှင့် တစ်ပြိုင်တည်းလိုလိုပင် စုမင်နှုတ်ခမ်းထောင့်စွန်းမှ သွေးများ စီးကျလာခဲ့သည်။ လက်ချောင်းပေါ်ရှိ ဆံချည်မျှင်မှ အပိုင်းသေးသေးလေး လောင်ကျွမ်းသွားပြီး ထိုလက်ချောင်း၏ စွမ်းအား ထွက်ပေါ်လာတော့မည့် အချိန်မှာပင် စုမင်သည် လက်ညှိုးကို ချက်ချင်း ပြန်ချလိုက်ချေသည်။

မာန်နတ်ဘုရား၏ စွမ်းအားမှ ထွက်ပေါ်လာမည့် ခွန်အားနှင့် ပက်သက်၍ စုမင် စိတ်ထဲတွင် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။ ထိုသို့ဆိုလျှင်တောင် သူ့စိတ်ထဲတွင် ခံစားလိုက်ရသော အရာကြောင့် တုန်လှုပ်သွားရဆဲ ဖြစ်၏။

သူ့ရှေ့ရှိ မာန်ဝိညာဉ်နယ်ပယ်မှ ဤမာန်စွမ်းအားရှင်ကို သတ်ရန်အတွက်တော့ ဤမျှ ကြီးမားသော စွမ်းအားမျိုးကို စုမင် အသုံးမပြုလိုပေ။

'ငါ ဒါကို နှစ်ကြိမ်ပဲ သုံးနိုင်တာ။ ဒီမာန်နတ်ဘုရားရဲ့ စွမ်းအားဆိုတဲ့အရာကြောင့် မာန်စွမ်းအားရှင်တွေရဲ့ နယ်မြေထဲကလည်း ထွက်ပြေးခဲ့ရသေးတယ်။ အဲဒါကို ဒီနေရာမှာ တစ်ခါသုံးပစ်လိုက်တာက မတန်ဘူး'

စုမင် ညာလက်ညှိုးကို ပြန်ချလိုက်ပြီးသည်နှင့် သူ့မျက်ခုံးများ အလယ်၌ အစိမ်းရောင်အလင်းတစ်ဖြာ တောက်ပသွားပြီး ဓားမြှောင်ငယ်လေးက မာန်စွမ်းအားရှင်အိုကြီးထံ တိုးဝင်သွားခဲ့သည်။

စုမင်သည် ထွက်ပေါ်လာမည့် ရလဒ်ကို စောင့်ကြည့်ရန် အချိန်ဖြုန်းမနေတော့ပဲ ထိုအစား လှုပ်ရှားမှု တစ်ချက်နှင့်အတူ အဝေးတစ်နေရာမှ ကောင်းကင်သို့ ဦးတည်လိုက်လေသည်။ သူအဝေးသို့ ဦးတည်လိုက်ပြီးသည်နှင့် ဆေးတစ်ချို့ကို ထုတ်၍ မျိုချလိုက်ပြီး မျက်စိတစ်မှိတ်အတွင်း အဝေးသို့ ထွက်ခွာလာခဲ့တော့သည်။ ကျောက်စိမ်းဓားမြှောင်ငယ်လေး၏ အရှိန်နှုန်းက မယုံနိုင်ဖွယ် လျင်မြန်လှသည်။ ၎င်းသည် မာန်စွမ်းအားရှင်အိုကြီးထံ တိုးဝင်သွားကာ သူ့ရင်ဘတ်ကို ထိုးဖောက်ပြီးသည်နှင့် စုမင်နှင့်အတူ ထွက်ခွာလာခဲ့ချေ၏။ ထို့နောက် မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းတို့အားလုံး ပျောက်ကွယ်သွားတော့သည်။

စုမင် ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် မာန်စွမ်းအားရှင်အိုကြီးမှာ သွေးတစ်လုပ် အန်ထုတ်လိုက်ရ၏။ ထို့နောက် ခေါင်းကိုမော့၍ ကြောက်ရွံ့ထိတ်လန့်မှုနှင့် ရက်စက်ကြမ်းကြုတ်မှုများ ပေါင်းစည်းဖြစ်ပေါ်လာသည့် ရှုပ်ထွေးသော အသွင်အပြင်တစ်ခုကို ဖော်ထုတ်ပြသလာခဲ့လေသည်။

အချိန်အတော်ကြာပြီးနောက် သူ့ရင်ဘတ်မှ ဒဏ်ရာအပေါက်ကို ငုံ့ကြည့်လိုက်သည်။ ထိုဓားက သူ့နှလုံးသားကို ထိုးဖောက်သွားခဲ့၏။ အခြား မည်သူမဆိုသာ ယခုလို ဒဏ်ရာမျိုး ရရှိလိုက်ပါက အချိန်ကြာမြင့်စွာတည်းကပင် သေဆုံးနေခဲ့ပြီး ဖြစ်ပေလိမ့်မည်။ သို့သော် မာန်ဝိညာဉ်နယ်ပယ်ရှိ ထိုမွန်းစတားအိုကြီးအတွက်တော့ ဤဒဏ်ရာက သေစေနိုင်လောက်သည့် အရာမဟုတ်ခဲ့ပေ။

အဘိုးအိုသည် စိတ်ရှုပ်ထွေးသော အမူအယာ တစ်ခုနှင့်အတူ စုမင်ထွက်ခွာသွားသည့် လမ်းကြောင်းကို စိုက်ကြည့်လိုက်သည်။ သူ့မျက်နှာထက်တွင် တွန့်ဆုတ်ဟန်များ ပေါ်လာသော်လည်း မကြာမီမှာပင် သူ့မျက်လုံးများအတွင်းရှိ လောဘဇောက ထိုတွန့်ဆုတ်မှုများကို ပျောက်ကွယ်သွားစေခဲ့သည်။ အံတင်းတင်းကြိတ်လိုက်သော်လည်း ဆက်လက်၍ လိုက်လံဖမ်းဆီးခြင်းတော့ မပြုခဲ့ပေ။ ထိုအစား သူ့ကိုယ်သူ ကုစားရန် မြေပြင်သို့ ဆင်းသက်လိုက်လေသည်။

'မာန်နတ်ဘုရားရဲ့ စွမ်းအား... ဒါက မာန်နတ်ဘုရားရှင်ရဲ့ စွမ်းအားပဲ... ဒါက မာန်ဝိညာဉ်နယ်ပယ်မှာ ရှိတဲ့ လူတွေအားလုံးထက် သာလွန်တဲ့ စွမ်းအားတစ်ခုပဲ။ အဲဒါသာ ငါ့မှာရှိရင် မာန်ဝိညာဉ်နယ်ပယ်က ဘယ်သူမဆို ငါ့ပြိုင်ဘက် မဖြစ်နိုင်တော့ဘူး'

'ပြီးတော့ ဒီစွမ်းအားကို အသုံးပြုရမယ့် ပုံစံအစစ်အမှန်က သတ်ဖြတ်ဖို့ မဟုတ်ဘူး။ ဉာဏ်အလင်းပွင့်မှု ရရှိဖို့ပဲ' အဘိုးအို၏ မျက်လုံးများအတွင်း အရူးအမူးဖြစ်နေသော လောဘဇောလှိုင်းတစ်ခု ပေါ်လာခဲ့သည်။

'တစ်ကယ်လို့ ငါသာ မာန်ဝိညာဉ်နယ်ပယ် ပြည့်စုံဆင့် ဒါမှမဟုတ် နှောင်းပိုင်းအဆင့်ကို ရောက်ပြီးသွားတာနဲ့ ဒီစွမ်းအားကို အဆက်မပြတ် တွေးတောဆင်ခြင်နိုင်မယ်ဆိုရင်... မာန်ဝိညာဉ်နယ်ပယ်ကို ဖြတ်ကျော်နိုင်ဖို့ အခွင့်အရေး ရလာနိုင်လိမ့်မယ်။ ဒီစွမ်းအားက မာန်ဝိညာဉ်နယ်ပယ် ပြည့်စုံဆင့်မှာရှိတဲ့ မွန်းစတားအိုကြီးတွေ အကုန်လုံးကိုတောင် ရူးသွပ်သွားစေနိုင်တာပဲ'

အဘိုးအို၏ အသက်ရှူနှုန်းမှာ မြန်ဆန်လာပြီး ၎င်းက သူ့ဒဏ်ရာများကို ပိုမိုဆုတ်ဖြဲလိုက်သော်လည်း သူ့အတွက် ထိုနာကျင်မှုကို လျစ်လျူရှုထားသည်မှာ အချိန်ကြာမြင့်ခဲ့ချေပြီ။ ယခုအချိန်တွင်တော့ သူ့စိတ်ထဲတွင် မာန်နတ်ဘုရား၏ စွမ်းအားကြောင့် ဖြစ်ပေါ်လာသည့် ထိတ်လန့်တုန်လှုပ်မှုများဖြင့်သာ ပြည့်လို့နေသည်။

စုမင်၏ သတိထားမှုသည် သူ့အား အသက်အန္တရာယ်ရှိသော အကျပ်အတည်းမှ လွတ်မြောက်စေခဲ့သည်။ အကယ်၍ အဘိုးအို တွေဝေမိန်းမောနေစဉ်၌ သူသာ လောဘကြီးပြီး ထပ်မံတိုက်ခိုက်ခဲ့မိမည်ဆိုလျှင် နောက်တစ်ကြိမ်ထပ်မံ၍ မာန်နတ်ဘုရား၏ စွမ်းအားကို သေချာပေါက် အသုံးပြုရပေလိမ့်မည်။ ထိုသို့မဟုတ်ပဲ မာန်ဝိညာဉ်နယ်ပယ်မှ မွန်းစတားအိုကြီးကသာ တန်ပြန်တိုက်ခိုက်ခဲ့မည်ဆိုလျှင်လည်း  သူခံနိုင်ရည်ရှိတော့မှာ မဟုတ်ချေ။

အဆုံးမတော့ သူသည် အလွန်အားနည်းနေသေး၏။ ထို့အပြင် မာန်နတ်ဘုရား၏ စွမ်းအားကိုလည်း အမြဲတစေ အသုံးမပြုနိုင်ပေ။ ဆံချည်မျှင် စတင်လောင်ကျွမ်းသောအခါမှသာ ဤစွမ်းအားကို ထုတ်လွှတ်နိုင်လိမ့်မှာ ဖြစ်သည်။ ဤအရာကိုသာ အကြိမ်ကြိမ် ပြုလုပ်နေရမည်ဆိုလျှင်တော့ ထိုအဘိုးကြီးကို သတ်ပစ်ခြင်းက ပိုကောင်းပေလိမ့်မည်။

အဘိုးအိုသည် စုမင်ကိုလိုက်ဖမ်းရန် ခေတ္တ လက်လျှော့လိုက်၏။ ထို့နောက် သူ့ကိုယ်သူ ကုစားရန် မြေပြင်သို့ ဆင်းသက်လိုက်သည်နှင့် စုမင်သည်လည်း ကောင်းကင်ပေါ်မှ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။

သူ့နှုတ်ခမ်းထောင့်မှ သွေးများ ဆက်လက် စီးကျနေသည်။ ထောက်ကူပေးနေသော ဆေးဝါးများသာမရှိလျှင် သူ လဲကျသွားခဲ့ပြီး ဖြစ်သည်မှာ ကြာလောက်ချေပြီ။

သုံးရက်ဆက်တိုက် ထွက်ပြေးပြီးနောက် စုမင်သည် မြေပြင်ပေါ်သို့ ရုတ်တရက် ပြုတ်ကျသွားခဲ့သည်။ ၎င်းသည် အရောင်အဆင်း မရှိသော နယ်မြေတစ်ခုဖြစ်ပြီး ကမ္ဘာမြေ၏ တစ်လက်မတိုင်းစီမှ ယိုယွင်းပျက်စီးနေသော လေထုတစ်ခု ထုတ်လွှတ်နေသည်။ စုမင်သည် ကျယ်လောင်သော အသံတစ်ချက်နှင့်အတူ ပြုတ်ကျသွားပြီးသည်နှင့် နောက်ထပ်တစ်ဖန် သွေးအန်လိုက်ရပြန်သည်။

'ငါသာ မာန်နတ်ဘုရားရဲ့ စွမ်းအားကို မဖြုန်းတီးချင်ဘူးဆိုရင် အဲဒီလူကို သတ်ဖို့ နည်းလမ်းတစ်ခု စဉ်းစားမှဖြစ်တော့မယ်' စုမင် သွေးများကို သုတ်ပစ်လိုက်သည်။ မောဟိုက်စွာဖြင့် ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာလိုက်သည်။ ဤနေရာသည် လုံးဝရှင်းလင်းနေပြီး သက်ရှိဝိညာဉ် အရိပ်အမြွက် တစ်ခုလေးတောင် ရှိမနေချေ။

'အဲဒီလူရဲ့ အမြန်နှုန်းက အရမ်းအံ့သြဖို့ ကောင်းလွန်းတယ်။ သူက ပေ၈၀၀၀၀ အကွာအဝေးကို တစ်ခဏအတွင်း ဖြတ်ကျော်လာနိုင်တယ်။ ဒါက အမြန်နှုန်းနဲ့ မဆိုင်လောက်တော့ဘူး။ သူ တစ်ခြားနည်လမ်းတစ်ခု သုံးနေတာပဲ ဖြစ်ရမယ်' လွန်ခဲ့သော သုံးရက်က တိုက်ပွဲအကြောင်း ပြန်လည်စဉ်းစားမိသောအခါ စုမင်နှလုံးသားက တုန်လှုပ်ချောက်ချားသွားခဲ့ရသည်။

'မာန်ဝိညာဉ်... ဒါက မာန်ဝိညာဉ်နယ်ပယ်ပေါ့...' စုမင် ရုန်းကန်၍ မတ်တပ်ထရပ်လိုက်သည်။ မြေပြင်ကို ဝေ့ဝဲကြည့်ရှုလိုက်သောအခါ လွင်ပြင်ပေါ်တွင် အဆုံးမရှိသော လျှိုမြောင်များနှင့် အက်ကွဲကြောင်းများကို တွေ့လိုက်ရလေသည်။ ဤထူးဆန်းသော မြေပြင်အနေအထားမှာ မည်သို့ဖြစ်ပေါ်လာကြောင်း မသိနိုင်ပေ။

သူ ထိုနေရာတွင်ရပ်၍ အချိန်အတော်ကြာ စောင့်ကြည့်နေခဲ့ပြီးနောက် ညာလက်ကိုမြှောက်ကာ ရင်ဘတ်ထဲရှိ အိတ်တစ်ခုကို အသာအယာပုတ်လိုက်သည်။ အိတ်ထဲမှ အနီရောင်အလင်းတန်းတစ်ခု ချက်ချင်းထွက်ပေါ်လာပြီး သူ့နံဘေးတွင် မီးတောက်မျောက်ဝံအဖြစ် ပြောင်းလဲသွားသည်။

မီးတောက်မျောက်ဝံ၏ ခါးတွင် လူဦးခေါင်း အများအပြား ချိတ်ဆွဲထားဆဲ ဖြစ်ပြီး ၎င်း၏ လက်သည်းများအတွင်း ကြိမ်လုံးတစ်ခု ကိုင်ဆောင်ထားသည်။ သိုလှောင်အိတ်ထဲမှတစ်ဆင့် စုမင်လုပ်သမျှကို အာရုံစိုက်နေခဲ့ကြောင်း သိသာထင်ရှားသော လက္ခဏာတစ်ခုအနေဖြင့် အိတ်ထဲမှ ထွက်ပေါ်လာချိန်တွင် ၎င်း၏ မျက်နှာထက်၌ စိတ်လှုပ်ရှားနေသည့် အမူအယာတစ်ခု ရှိနေခဲ့သည်။

ထိုစစ်ပွဲ၊ နတ်ဘုရားရုပ်တု နှစ်ခု၏ ထွက်ပေါ်လာခြင်းနှင့် မာန်ဝိညာဉ်နယ်ပယ်ရှိ မွန်းစတားအိုကြီးလက်မှ လွတ်မြောက်ခဲ့မှုများပင်...

စုမင်သည် မီးတောက်မျောက်ဝံကို ကြည့်လိုက်ရာ ၎င်း၏ မျက်လုံးများအတွင်း ကြောက်ရွံ့မှု အရိပ်အမြွက်ကို တွေ့လိုက်ရသည်။ တိတ်ဆိတ်စွာဖြင့် ညာလက်ကိုမြှောက်၍ ဝှေ့ယမ်းလိုက်ရာ မီးတောက်မျောက်ဝံ၏ လည်ပင်းပေါ်ရှိ သံကြိုးမှာ ချက်ချင်းပြုတ်သွားခဲ့၏။

သံကြိုး ပြတ်သွားသဖြင့် မီးတောက်မျောက်ဝံမှာ ၎င်း၏ လွတ်လပ်မှုကို ချက်ချင်းပြန်လည် ရရှိသွားခဲ့သည်။

လွတ်မြောက်လိုသော ဆန္ဒသည် မီးတောက်မျောက်ဝံအတွက် ဖမ်းဆီးခံခဲ့ရချိန်မှစ၍ အိပ်မက်မက်ခဲ့ရသော အရာတစ်ခု ဖြစ်သော်လည်း ယခုလို ရုတ်တရက် ရရှိလိုက်ရသောအခါ ၎င်းကို ခဏတာ မင်သက်သွားခဲ့စေသည်။

"ရှာမန်နယ်မြေထဲကို ရောက်တာနဲ့ မင်းရဲ့ လွတ်လပ်မှုကို ပြန်ပေးမယ်လို့ ငါကတိပေးခဲ့တယ်။ ဒါက ရှာမန်တွေရဲ့ နယ်မြေပဲ။ သတိထားပါ။ လူတွေနဲ့ ရင်းရင်းနှီးနှီး မနေနဲ့။ သိပ်မကြာခင်မှာပဲ ဒီနေရာဟာ ကြီးမားတဲ့ ကပ်ဆိုးကြီးတစ်ခုကို ဖြတ်ကျော်ရလိမ့်မယ်။ မင်းဉာဏ်ရည်နဲ့ဆိုရင် အသက်ရှင်နေထိုင်နိုင်ဖို့ တစ်ခြား နည်းလမ်းတစ်ခု ရှာတွေ့နိုင်ပါလိမ့်မယ်"

"သွားတော့။ ငါ့နောက်မှာ တစ်စုံတစ်ယောက် လိုက်ပါနေလို့ ငါမင်းကို လိုက်မပို့နိုင်တော့ဘူး။ ငါတို့တွေ နောက်တစ်ကြိမ်ဆုံဖို့ကံပါရင် ပြန်ဆုံပါလိမ့်မယ်" စုမင် မီးတောက်မျောက်ဝံလေးကို ကြည့်လိုက်သည်။ မည်သို့ပင်ဆိုစေ ဤမျောက်ဝံလေးမှာ ရှောင်ဟုန် မဟုတ်ပေ။ ထိုအရာကို သူသိလို့နေ၏။

ထို့ကြောင့် သူသည် မီးတောက်မျောက်ဝံကို ဆက်နေရန် အတင်းအကြပ် ဖိအားမပေးပဲ လွတ်လပ်ခွင့်ပေးလိုက်ခြင်း ဖြစ်သည်။

မီးတောက်မျောက်ဝံသည် ခဏတာ အံ့အားသင့်နေခဲ့သည်။ ထို့နောက် စုမင်အား တစ်ချက်ကြည့်လိုက်ပြီး မီးတောက်နီရောင် ဝေဝါးဝါး အရာတစ်ခုအသွင်ဖြင့် အဝေးသို့ ဦးတည်လိုက်ချေသည်။

နည်းငယ် ခုန်လွှားလိုက်ရုံဖြင့် စုမင်မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။

မှုန်ဝါးဝါး မီးတောက်နီရောင်လေး ပျောက်ကွယ်သွားသည်နှင့် စုမင်နှလုံးသားအတွင်း ဝမ်းနည်းမှုတစ်ခု ဖြစ်ပေါ်လာသည်။ သူသည် ခဏတာ ငြိမ်သက်နေပြီးနောက် ခေါင်းခါလိုက်မိ၏။ မြေပြင်ပေါ်ရှိ လျှိုနှင့် အက်ကြောင်းများကို ဝေ့ဝဲကြည့်ရှုလိုက်ပြီး ၎င်းတို့အထဲမှ တစ်ခုကို ရွေးချယ်ကာ အတွင်းသို့ ခုန်ဆင်းသွားလိုက်သည်။

သူ့ကိုယ်သူ ကုစားရန်အတွက် လေ့ကျင့်ခြင်းကို ချက်ချင်းစတင်ရပေမည်။ မာန်ဝိညာဉ်နယ်ပယ်ရှိ မွန်းစတားအိုကြီး၏ လက်ဝါးရိုက်ချက်တွင် ပါဝင်သော စွမ်းအားကြောင့် သူ့ကိုယ်တွင်းအင်္ဂါများ ကြေမွလုနီးပါး ခံစားခဲ့ရပြီး ၎င်းကို ရက်ပေါင်းများစွာ ဖိနှိပ်၍ မရပ်မနား ပြေးလွှားခဲ့ရသော အကြောင်းရင်းလည်း ရှိနေသေးသည်။

စုမင်သာ ဆေးအမြောက်အများကို မမျိုချထားပါက ပြိုလဲသွားပေလိမ့်မည်။

ထို့ထက် ပိုအရေးကြီးသည်မှာ မာန်ဝိညာဉ်နယ်ပယ်မှ ထိုမွန်းစတားအိုကြီး၏ ရိုက်ချက်ပြီးနောက် သူ၏ မာန်အရိုးလေးခုပါ အက်ကွဲသွားခြင်း ဖြစ်သည်။ ဤသည်မှာ စုမင်အတွက် အဆိုးရွားဆုံးသော ထိုးနှက်ချက်ဖြစ်၏။

စုမင်သည် သူ့ကိုယ်သူ ကုစားရန်အတွက် လွင်ပြင်ပေါ်ရှိ ဧရာမလျှိုမြောင်ကြီးထဲမှာပင်  ယာယီ ကျောက်တုံးခန်းတစ်ခု ဖွင့်၍ ထိုနေရာတွင်ထိုင်ကာ စတင်လေ့ကျင့်ရန်အတွက် မျက်လုံးများကို မှိတ်ချလိုက်သည်။ သို့သော်လည်း သူ မျက်လုံးမှိတ်ချလိုက်ပြီးသည်နှင့် တစ်ပြိုင်နက်ပင် ချက်ချင်း ပြန်ဖွင့်လိုက်ရ၏။ သူ့မျက်စိရှေ့ရှိ ကျောက်တုံးခန်းအပေါက်ဝတွင် မီးတောက်နီရောင် ပုံရိပ်လေးတစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရလေသည်။

ထိုအရာက မီးတောက်မျောက်ဝံလေး ဖြစ်သည်။

၎င်းသည် စုမင်အား သွားဖြဲပြလိုက်ပြီး လက်သီးဆုပ်လေးကို မြှောက်၍ လေထဲတွင် ဝှေ့ယမ်းကာ အပြင်သို့ ညွှန်ပြလိုက်သည်။ ထို့နောက် နောက်ထပ်တစ်ကြိမ် လက်ဟန်ခြေဟန် ပြလိုက်ပြီးနောက်  စိတ်ဆိုးနေဟန်ဖြင့် မျက်လုံးပြူးပြကာ နံဘေးသို့ မှီနေလေသည်။

"ဒီနေရာက လူသူကင်းမဲ့ပြီး ယိုယွင်းပျက်စီးနေတယ်ဆိုတာ ငါသိပါတယ်... ကောင်းပြီလေ။ လောလောဆယ်တော့ ငါ့နားမှာပဲ ဆက်နေပေါ့။ လွင်တီးခေါင်မဟုတ်တဲ့ နေရာတစ်ခုကိုရောက်ရင် မင်းထွက်သွားလို့ရပြီ" စုမင် ပြုံး၍ မီးတောက်မျောက်ဝံလေးကို ကြည့်လိုက်၏။ ထို့နောက် မျက်လုံးများကို တစ်ဖန် ပြန်မှိတ်လိုက်တော့သည်။

ကောင်းကင်မြူခိုး မြို့တော်အလွန်ရှိ စုမင်ပါဝင်ခဲ့သော တိုက်ပွဲမှာ ပြီးဆုံးသွားပြီ ဖြစ်သော်လည်း စစ်ပွဲကတော့ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်သည်။ မျိုးနွယ်နှစ်ခု၏ သက်ဆိုင်ရာ နယ်မြေများတွင် စစ်သည်အုပ်စု အသစ်များ စုဝေးရောက်ရှိနေကြချေပြီ။

အခြားတိုက်ပွဲတစ်ခု စတင်ရန် အချိန်သိပ်မကြာတော့ခြင်းပင် ဖြစ်ကောင်းဖြစ်နိုင်၏။

ကောင်းကင်မြူခိုး မြို့တော်မှ လူအများစုသည် စုမင်ထွက်ခွာသွားခြင်းနှင့် ပက်သက်၍ နှုတ်ဆိတ်နေရန် ရွေးချယ်ခဲ့ကြသည်။ ဤကိစ္စကို မပြောဖို့ လူတိုင်းက တညီတညွတ်တည်း ရွေးချယ်ခဲ့ကြသလိုပင်။ အခြားသူများသည်လည်း စုမင်နောက်သို့ လိုက်ပါသွားသော မာန်စွမ်းအားရှင်အိုကြီး အကြောင်း မပြောရန် ရွေးချယ်ခဲ့ကြသည်။ ဖော်ပြခြင်းငှါ မစွမ်းသာသော လေထုတစ်ခုသည် ကောင်းကင်မြူခိုး မြို့တော်အတွင်းရှိ အစွမ်းထက် မာန်စွမ်းအားရှင်များကို ထူးဆန်းစွာ ဝန်းရံထားလေသည်။

ထျန်းလန်မုန်သည်လည်း ဤအကြောင်းနှင့် ပက်သက်၍ နှုတ်ဆိတ်နေခဲ့သည်။ သူမ ဘာတွေးနေလဲ ဆိုသည်ကို မည်သူမှ အတိအကျ မသိပေ။

စုမင်၏ နောက်လိုက်တစ်ရာကျော် ဖြစ်သော ယန်ပေါ်၊ ကျီချဲနှင့် အခြားသုများသည်လည်း စုမင် အဘယ်ကြောင့် ထိုကဲ့သို့ ပြုလုပ်သွားသည်ကို နားမလည်ခဲ့ကြပေ။ သူတို့သည်လည်း နှုတ်ဆိတ်နေခဲ့ကြသည်။

မာန်စွမ်းအားရှင်များ၏ အောင်မြင်မှုများကို မှတ်တမ်းတင်ထားသော ကောင်းကင်မြူခိုး မြို့တော်အတွင်းရှိ အထိမ်းအမှတ် မော်ကွန်းတိုင်ကြီးသည် အောင်မြင်မှုမှတ်တမ်းများကို နေ့စဉ် အသစ်ပြန်လည် ပြင်ဆင်လေ့ရှိသည်။ စုမင်သည် ထိုအပေါ်တွင် ရှိမနေသော်လည်း ယွဲ့ဖုန်းဟုခေါ်သော လူတစ်ဦးသည်တော့ ထိပ်ဆုံးလူ၂၀၀ အတွင်းသို့ တက်လှမ်းနိုင်ခဲ့သည်။

ထိုအချိန်တွင် အနက်ရောင် ဆံပင်ရှည်တို့ဖြင့် ချောမောသော လူငယ်တစ်ဦးသည် ကောင်းကင်မြူခိုးမြို့တော် အတွင်းရှိ ကျောက်တိုင်ကြီးအောက်တွင် မတ်တပ်ရပ်နေသည်။ အပြုံးတစ်ခုနှင့် သူ့ထံမှ ထူးဆန်းသော စွဲမက်ဖွယ်လေထုတစ်ခု ထုတ်လွှတ်နေသည်။ သူသည် တိုက်ပွဲအောင်မြင်မှုများကို မှတ်တမ်းတင်သော ကောင်းကင်မြူခိုး မြို့တော်မှ လူရှေ့တွင် ရပ်နေပြီး ထိုလူအား သိုလှောင်အိတ်ကို လွှဲပြောင်းပေးနေခဲ့၏။

"ယွဲ့ဖုန်းကို နောက်ထပ် တိုက်ပွဲအောင်မြင်မှု အမှတ် ၃၇မှတ်၊ အခု အဆင့် ၁၉၈ ပါ" တိုက်ပွဲအောင်မြင်မှုများကို မှတ်တမ်းတင်နေသော ကောင်းကင်မြူခိုး မြို့တော်မှလူသည် ခေါင်းကို မော့၍ ဆံပင်အနက်ဖြင့်လူကို တစ်ချက်ကြည့်လိုက်သည်။

"ကျေးဇူးတင်ပါတယ်" ထူးဆန်းစွဲမက်ဖွယ်ကောင်းသော ထိုလူက ပြုံးလိုက်သည်။ ထို့နောက် နောက်လှည့်၍ ထွက်ခွာရန် ပြင်လိုက်ပြီးသည်နှင့် ရှာမန်များ၏ နယ်မြေရှိရာဘက်ဆီသို့ တစ်ချက်လှမ်းကြည့်လိုက်သည်။

"သခင်၊ မင်းအခု ဘာများလုပ်နေမလဲ... တစ်ခြားသူတွေ လိုက်ဖမ်းတာများ ခံနေရသလား။ ဟဲဟဲ ငါခံစားမိပါတယ်။ တစ်နေ့ကျရင် ငါက မင်းကိုကျော်လွန်ပြီး ကမ္ဘာပေါ်က အစစ်အမှန် မီးတောက်မာန်စွမ်းအားရှင် ဖြစ်လာလိမ့်မယ်"

***

All Chapters