အခန်း (၂၇၁-၂၇၂)
Vol. 28 Ch. 271-272
အခန်း ၂၇၁- ကြောက်လန့်တကြား ငိုကြွေးခြင်း။
ကမ်းခြေပေါ်တွင်။
သူတို့သည် အမေရိကန်စစ်တပ်မှ ရေငုပ်သင်္ဘောများဖြစ်ကြရာ နက်နက်ကြီး က မုန့်ဖုတ်တံများနှယ် လိမ်တွန့်ပစ်လိုက်သော်လည်း အတွင်းရှိ ဝန်ထမ်းများမှာမူ ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရခြင်း မရှိကြပေ။ ယခုအခါ ရေငုပ်သင်္ဘောသုံးစူးမှ လူကိုးဦးစလုံးသည် အပြင်သို့ ထွက်လာကြပြီး နက်နက်ကြီး ၏ ဧရာမခန္ဓာကိုယ်ကြီးက သူတို့ကို ဝိုင်းထားလိုက်သည်။
အစပိုင်းတွင် သူတို့က ခုခံရန် ကြိုးစားခဲ့ကြသော်လည်း ကျည်ဆန်များသာ ကုန်သွားခဲ့ပြီးနက်နက်ကြီး၏ မာကျောသော အရေခွံကိုပင် ဖောက်ထွင်းနိုင်ခြင်း မရှိခဲ့ကြပေ...။
"အမှန်အတိုင်း ဝန်ခံရင် သက်ညှာပေးမယ်။ ခင်ဗျားတို့ ဒီမှာ ဘာလာလုပ်နေတာလဲဆိုတာ အမှန်အတိုင်း ရှင်းပြစမ်း။"
နက်နက်ကြီး၏ ခေါင်းပေါ်တွင် ထိုင်နေသော လုပေါင်က ထိုလူများကို ကြည့်ကာ ကျွမ်းကျင်သော အင်္ဂလိပ်ဘာသာစကားဖြင့် အော်မေးလိုက်သည်။
"ကျွန်တော်တို့က တံငါသည်တွေပါ ပြီးတော့ ဒါက ပင်လယ်ပြင်ပိုင်နက် မဟုတ်တဲ့ နေရာလေ။ ခင်ဗျားမှာ ကျွန်တော်တို့ကို ဖမ်းဆီးပိုင်ခွင့် မရှိဘူး။"
လုပေါင်က တိုက်ခိုက်မည့်ပုံမပေါ်သည်ကို မြင်လိုက်ရသည့်အခါ အရာရှိသည် နက်နက်ကြီး အပေါ်ထားရှိသော ကြောက်စိတ်ကို ဖြေဖျောက်ကာ လုပေါင်ကို ပြန်လည်အော်ဟစ်လိုက်သည်။
"အမေရိကန်စစ်တပ် ယူနီဖောင်း ဝတ်ထားတဲ့ တံငါသည်တွေပေါ့ ဟုတ်လား။ ငါ့ကို ငတုံးထင်နေတာလား။"
လုပေါင် မျက်လုံးပြူးသွားသည်။ သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ရုပ်ဆိုးတဲ့ လင်းနို့ ထွက်ပေါ်လာတော့သည်။
"အား..."
လင်းနို့ ပေါ်လာသည်နှင့် အောက်ဘက်မှ ဆူညံစွာ အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။ ထိုအသံမှာ တိုက်ခိုက်ခံရ၍ အော်ခြင်းမဟုတ်ဘဲ လင်းနို့၏ ရုပ်သွင်ကို မြင်ကာ ထိတ်လန့်သွားကြခြင်း ဖြစ်သည်။
"ငါ ပြောသားပဲ မင်းလို ရုပ်ဆိုးတဲ့ကောင်က ငါ့ရဲ့ live လွှင့်မှုမှာသာ ပါလာရင် လူအများကြီးကို သေအောင် ခြောက်မိလိမ့်မယ်လို့။"
လုပေါင်က လင်းနို့ကို စကားမပြောနိုင်လောက်အောင် ကြည့်ရင်း မတတ်နိုင်သည့် အမူအရာဖြင့် ပြောလိုက်သည်။
သို့သော် လင်းနို့ကတော့ ဂရုမစိုက်ပေ။ လုပေါင်နှင့် တွေ့ကတည်းက ၎င်း၏ ဘဝမှာ အတော်လေး သနားစရာ ကောင်းခဲ့ရသည်။ တွေ့သမျှလူကို မနိုင်ခဲ့ဘဲ ဘေးပတ်ဝန်းကျင်တွင်လည်း စီနီယာကြီး ချည်း ဖြစ်နေခဲ့သည်။ သို့သော် ယခုအခါတွင်မူ လုံးဝ ထူးခြားသွားပြီဖြစ်သည်။ ၎င်းကို ကြောက်ရွံ့သည့် လူအချို့နှင့် နောက်ဆုံးတော့ တွေ့ဆုံလိုက်ရပြီ မဟုတ်ပါလား။
"ဟားဟား... အားလုံး ငြိမ်ငြိမ်နေကြ မဟုတ်ရင် တစ်ယောက်ချင်းစီကို ငါ စားပစ်မယ်။"
၎င်းက တောင်ပံများကို ခတ်ကာ လူယုတ်မာပြုံးဖြင့် အော်ဟစ်လိုက်သည်။ ၎င်း၏ ရုပ်သွင်ကပင် ကြောက်စရာကောင်းနေပြီဖြစ်ရာ ထိုလူများမှာ တရုတ်စကားကို နားမလည်ကြသဖြင့် နတ်ဆိုးများ၏ ဘာသာစကားဖြင့် ကျိန်စာတိုက်နေသလို ခံစားနေရသည်။
ခဏချင်းမှာပင် နှစ်ယောက်မှာ ကြောက်လန့်ပြီး သတိမေ့သွားကြကာ ကျန်ရှိသူများမှာလည်း ဒူးတုန်သွားကြသဖြင့် မြေကြီးပေါ်တွင် ထိုင်ချလိုက်ကြတော့သည်။
"မေးရင်အမှန်အတိုင်း ဖြေကြ။ မဟုတ်ရင် ဒီကောင်ရဲ့ အစာ ဖြစ်သွားလိမ့်မယ် နားလည်လား။"
လုပေါင်က ခဏလေးကပင် မာန်တက်နေခဲ့သော်လည်း အခုတော့ မျက်နှာတွင် သွေးမရှိတော့လောက်အောင် ဖြူဖျော့နေသော အရာရှိကို ကြည့်ကာ ခြိမ်းခြောက်လိုက်သည်။ အရာရှိသည် စာကလေး ဆန်ကောက်သလို ခေါင်းကို အမြန်ငြိတ်လိုက်သည်။ သူသည် ကြောက်လန့်လွန်းသဖြင့် အသိဉာဏ်များပင် ပျောက်ဆုံးနေပြီဖြစ်သည်။
အစွမ်းကုန် ကြောက်လန့်နေသော ထိုလူများကို ကြည့်ကာ လုပေါင်သည် ကလေးတွေကို ခြောက်လှန့်နေရသလိုမျိုး နောက်ပြောင်ချင်စိတ် အနည်းငယ် ပေါ်လာသည်။
"ဟက်ဟက်... ဒီအမေရိကန် စစ်သားတွေကလည်း သနားစရာပဲ ကြောက်လွန်းလို့ အသိစိတ်တောင် မရှိကြတော့ဘူး။"
လုပေါင်က လှောင်ပြုံးဖြင့် ထိုလူများကို ကြည့်လိုက်သည်။ လူနှစ်ယောက် သတိမေ့သွားသည်ကို မြင်လိုက်ရသောအခါ လင်းနို့မှာ ပို၍ပင် စိတ်လှုပ်ရှားသွားပြီး အမူအရာ အမျိုးမျိုးလုပ်ကာ သူ့ဘာသာသူ စကားတွေ ပြောနေတော့သည်။
ဗိုလ်ချုပ် ချန်ချုံရှန်း ဘက်ကတော့ အတော်လေး မြန်ဆန်လှသည်။ လုပေါင် နှစ်နာရီခန့်သာ စောင့်လိုက်ရပြီး စစ်သင်္ဘောတစ်စီး ဆိုက်ကပ်လာခဲ့သည်။ စစ်သင်္ဘော ရောက်လာသည်ကို မြင်သည့်အခါ လုပေါင်က လင်းနို့နှင့် နက်နက်ကြီးတို့ကို ပြန်သိမ်းလိုက်သည်။
ထိုသတ္တဝါကြီး နှစ်ကောင် ပျောက်ကွယ်သွားသည့်အခါမှ သတိမမေ့သေးသော အမေရိကန် စစ်သားအချို့မှာ သက်ပြင်းချနိုင်ကြတော့သည်။ သူတို့အနက် နှစ်ယောက်မှာမူ ဖိအားများလွန်းသဖြင့် မြေကြီးပေါ်တွင် လဲကျကာ ငိုယိုပါတော့သည်။
"မင်္ဂလာပါ ကျွန်တော်က အထူးတပ်ဖွဲ့ ရဲ့ စစ်ဦးစီးချုပ် ဖုန်းယွမ် ပါ။ လူကြီးမင်းက မစ္စတာ လု လားခင်ဗျာ။"
စစ်သင်္ဘော ဆိုက်ကပ်သည့်အခါ လူလတ်ပိုင်း အမျိုးသားတစ်ဦးက ပထမဆုံး ဆင်းလာခဲ့သည်။ သူက လုပေါင်ကို အလေးပြုလိုက်ပြီး အလွန်ပင် ရိုသေဟန် ပြသည်။
"ဟုတ်တယ် သူတို့ကို ခင်ဗျားတို့ပဲ ကိုင်တွယ်လိုက်တော့။ ချန်ချုံရှန်း ကိုလည်း ပြောလိုက်ဦး။သူ ငါ့ကို ကျေးဇူးကြွေး တစ်ခု တင်သွားပြီလို့။"
လုပေါင်က ခေါင်းညိတ်ပြကာ မှာကြားလိုက်သည်။ လုပေါင်သည် အလွန်ပင် လူလည်ကျသူဖြစ်ရာ ဤကဲ့သို့သော ကိစ္စမျိုးကို စာရင်းမှတ်ထားရမည် ဖြစ်သည်။ ဖုန်းယွမ်မှာ ခေတ္တမျှ ကြောင်သွားပြီးမှ ပြုံးလျက် သဘောတူလိုက်သည်။
ထိုအချိန်တွင် စစ်သင်္ဘောပေါ်မှ အခြားစစ်သားများ ဆင်းလာကြပြီး လိမ်တွန့်နေသော ရေငုပ်သင်္ဘော သုံးစင်းကို သုတေသနလုပ်ရန်အတွက် ကြိုးများဖြင့် ချည်နှောင်ကာ ဆွဲယူရန် ပြင်ဆင်ကြသည်။ ထိုအခါမှသာ ကလေးသူငယ်များနှယ် ငိုယိုနေသော အမေရိကန် စစ်သားများကို စစ်သင်္ဘောပေါ်သို့ ခေါ်ဆောင်သွားကြသည်။
"ကျွန်တော်တို့ကို အဲဒီ နတ်ဆိုးကြီးဆီ အစာကျွေးမှာ မဟုတ်ဘူး မဟုတ်လား။"
အရာရှိကစစ်သားတစ်ဦးကို ကြောက်ကြောက်လန့်လန့်ဖြင့် မေးလိုက်သံကို လုပေါင် ခပ်သဲ့သဲ့ ကြားလိုက်ရသည်။
"ဘာတွေ လာပြောနေတာလဲ ငါ မင်းပြောတာ နားမလည်ဘူး။"
ရှေ့က စစ်သားက အရာရှိ၏ ခေါင်းကို ဇဝေဇဝါဖြင့် ပုတ်ကာ သင်္ဘောပေါ်သို့ ဆွဲတင်သွားတော့သည်။
ဤမြင်ကွင်းကို ကြည့်ကာ လုပေါင်မှာ အောင့်မထားနိုင်ဘဲ ပေါက်ကွဲထွက်မတတ် ရယ်မောလိုက်တော့သည်။
"မစ္စတာ လု လူကြီးမင်းကို ပြန်လိုက်ပို့ပေးဖို့ လိုမလားခင်ဗျာ။"
ဖုန်းယွမ်သည် လုပေါင် ဘာကြောင့် ရယ်နေသည်ကို နားမလည်သော်လည်း ယဉ်ကျေးစွာ မေးလိုက်သည်။
"မလိုပါဘူး ခင်ဗျားတို့ပဲ ပြန်ကြတော့။ ကျွန်တော့်မှာ လုပ်စရာတွေ ရှိသေးတယ်။"
လုပေါင်က လက်ဝှေ့ယမ်းပြကာ လင်းနို့ကို ခေါ်လိုက်ပြီး ၎င်း၏ ကျောပေါ်တွင် ထိုင်ကာ ထွက်ခွာသွားခဲ့သည်။ လင်းနို့ပေါ်တွင် ထိုင်ကာ ထွက်သွားသော လုပေါင်၏ ကျောပြင်ကို ကြည့်ရင်း ဖုန်းယွမ်မှာ နေရာမှာတင် မှင်သက်ကျန်ရစ်ခဲ့သည်။
အထူးတပ်ဖွဲ့၏ စစ်ဦးစီးချုပ်အနေဖြင့် ထူးဆန်းသော လူများနှင့် အဖြစ်အပျက်များစွာကို မြင်ဖူးခဲ့သော်လည်း လုပေါင် ကဲ့သို့ လက်တစ်ချက် ဝှေ့ယမ်းရုံဖြင့် ဧရာမလင်းနို့ကြီးကို ခေါ်ထုတ်ကာ ပျံထွက်သွားနိုင်သူမျိုးကို မြင်ဖူးသည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။
"ဟာ... ဒါကတော့ တကယ်ကို..."
ဤမြင်ကွင်းက စည်းကမ်းကြီးလှသော စစ်ဦးစီးချုပ်ကိုပင် ဆဲရေးမိစေခဲ့သည်။ ဗိုလ်ချုပ် ချန်ချုံရှန်း က သူ့ကို ဖုန်းဆက်တုန်းက လုပေါင်သည် နတ်ဘုရားအဆင့်ရှိသူဖြစ်ကြောင်း ဘာကြောင့် ပြောခဲ့သည်ကို အခုမှပင် သူ နားလည်သွားတော့သည်။ အတော်ကြာမှ သူ သတိပြန်ဝင်လာကာ သက်ပြင်းရှည်ကြီး ချရင်း သူ၏ လူများကို ဦးဆောင်ကာ ထွက်ခွာသွားတော့သည်။
နောက်ထပ် နာရီအနည်းငယ် ပျံသန်းပြီးနောက် လုပေါင်သည် ဆာကူရာနိုင်ငံ၏ နယ်မြေအတွင်းသို့ နောက်ဆုံးတွင် ဝင်ရောက်နိုင်ခဲ့သည်။ ဤသေးငယ်သော နယ်မြေတွင် အမြင့်မှ ပျံသန်းနေသဖြင့် အဝေးမှ မြင့်မားသော ဖူဂျီတောင်ကြီးကို အလွယ်တကူ မြင်တွေ့နေရသည်။ ဖူဂျီတောင်မှာ ခရီးသွားဆွဲဆောင်ရာ နေရာတစ်ခု ဖြစ်သော်လည်း ၎င်းမှာ မီးတောင်ရှင် တစ်ခုလည်း ဖြစ်သဖြင့် မီးတောင်ထိပ်ဝအထိ တက်ရောက်ကြည့်ရှုသူ အနည်းငယ်သာ ရှိသည်။
ဤအကွာအဝေးတွင်မူ လင်းနို့သည် အနိမ့်မှ မပျံတော့ဘဲ တိမ်တိုက်များကြားမှ ချဉ်းကပ်သွားကာ ဖူဂျီတောင်ထိပ်ရှိ မီးတောင်ဝ အနားစွန်းတွင် ဆင်းသက်လိုက်သည်။
"ဝိုး... ဒီ ရင်းနှီးနေတဲ့ ခံစားချက်ကြီးက အိမ်ပြန်ရောက်သွားသလိုပဲ။"
မီးတောင်ဝ အနားစွန်းတွင် ရပ်ရင်း လင်းနို့က စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်သည်။ လုပေါင်၏ ခေါ်ဆောင်ခြင်း ခံရကတည်းက ချော်ရည်ရှိသော နေရာသို့ ပထမဆုံးအကြိမ် ပြန်ရောက်လာခြင်း ဖြစ်သည်။ သို့သော် ၎င်း စကားပြောပြီးသည်နှင့် တစ်ကိုယ်လုံး တုန်ရီသွားကာ လည်ပင်းကို ကျုံ့လိုက်သည်။
တစ်ချိန်တည်းမှာပင် မီးတောင်ဝ အောက်ခြေမှ ကြိုးကြာတစ်ကောင် ရုတ်တရက် ပျံတက်လာသည်။ ၎င်းမှာ သာမန် ကြိုးကြာများထက် အဆပေါင်းများစွာ ပိုမိုကြီးမားလှပြီး တောင်ပံအကျယ် ၁၀ မီတာရှိသော ရုပ်ဆိုးတဲ့ လင်းနို့ ပင်လျှင် ၎င်း၏ ရှေ့တွင် သေးငယ်သွားသလို ခံစားရသည်။
ကြိုးကြာ ပေါ်လာသည်နှင့် လင်းနို့ကို သတိကြီးစွာ စိုက်ကြည့်လိုက်ပြီး သတိပေးသည့် အော်ဟစ်သံများကို တရစပ် ပြုလုပ်တော့သည်။ လုပေါင်သည် ချက်ချင်းပင် လက်ဝှေ့ယမ်းကာ လင်းနို့ကို အောက်ခြေမဲ့တွင်းထဲသို့ ပြန်ပို့လိုက်သည်။
တစ်စက္ကန့်တွင် သတိပေးနေသော ကြိုးကြာမှာ နောက်တစ်စက္ကန့်တွင် လင်းနို့ ပျောက်ကွယ်သွားသဖြင့် ကြောင်သွားတော့သည်။ ၎င်းက လင်းနို့၏ ခြေရာကို ရှာဖွေသည့်အလား အဝိုင်းလိုက် အကြိမ်အနည်းငယ် ပျံသန်းကြည့်သည်။ ဘာမှ ရှာမတွေ့သည့်နောက်တွင်မူ ၎င်းက ပြန်ဆင်းလာပြီး လုပေါင်ကို တစ်ချက် ကြည့်လိုက်သည်။ လုပေါင်မှာ သူ့အတွက် ခြိမ်းခြောက်မှု မဟုတ်ကြောင်း ခံစားမိသည့်အတွက် ၎င်းသည် လှည့်ထွက်ကာ မီးတောင်ဝအတွင်းသို့ ပြန်လည် ပျံဝင်သွားတော့သည်။
ဤသည်ကို မြင်လိုက်ရသည့်အခါ လုပေါင် သက်ပြင်းချနိုင်တော့သည်။ အနည်းဆုံးတော့ ကြိုးကြာမှာ သူ့အပေါ် ရန်လိုမှု သိပ်မရှိပုံရသည်။ ခဏနေလျှင် ၎င်း၏ အသိုက်ထဲဝင်ပြီး လက်မှတ်ထိုးဝင်ရမည်မှာ ကြီးမားသော ပြဿနာ မဟုတ်နိုင်တော့ပေ။
အခန်း ၂၇၂- ဒီကောင်မလေး ဘာတွေလာပြောနေတာလဲ။
အကြံအစည်က ကောင်းသော်လည်း မီးတောင်ဝ အနားစွန်းတွင် ရပ်လိုက်သည်နှင့် လုပေါင် တစ်ယောက် ဆွံ့အသွားတော့သည်။ မီးတောင်ဝအတွင်းသို့ ငုံ့ကြည့်လိုက်သည့်အခါ မည်းနက်နေသော်လည်း အလွန်ပူပြင်းလှသော ချော်ရည်ကျောက်တုံးများနှင့် ဆူပွက်ချောက်ချားနေသော ချော်ရည်ပူများကိုသာ မြင်ရသည်။
“ကြိုးကြာအသိုက်က... ဒီချော်ရည်ပူတွေထဲမှာတော့ မဖြစ်နိုင်ပါဘူးနော်။”
လုပေါင်သည် အနားစွန်းတွင်ရပ်ကာ ငုံ့ကြည့်ရင်း သူ့ဘာသာသူ ရေရွတ်လိုက်သည်။
ယုတ္တိဗေဒအရဆိုလျှင် ကြိုးကြာများသည် မီးနှင့် ပတ်သက်မှုမရှိသင့်ပေ။အထူးသဖြင့် အသိုက်ဆောက်သည့်နေရာမျိုးတွင် ဖြစ်သည်။ ချော်ရည်ပူထဲမှာ ရှိနေမှာတော့ မဟုတ်တန်ရာ။ စောစောက ကြိုးကြာ၏ သတိကြီးလှသော အမူအရာကို ကြည့်ရခြင်းအားဖြင့် သူ မည်သည့် ဝိညာဉ်သားရဲ ကိုမဆို ခေါ်ထုတ်လိုက်သည်နှင့် ကြိုးကြာက သတိပြုမိသွားပေလိမ့်မည်။
တာဝန်အောင်မြင်စွာ လက်မှတ်ထိုးဝင်နိုင်ရန်အတွက် လုပေါင်သည် ဤတစ်ကြိမ်တွင် ကိုယ်တိုင်ဆင်းရန် ဆုံးဖြတ်လိုက်သည်။ သို့သော် အောက်ဘက်တွင် ဆူပွက်နေသော ချော်ရည်ပူများကို ကြည့်ပြီး လုပေါင် အနည်းငယ်တော့ တွန့်ဆုတ်နေမိသည်။ သူ၌ တာအိုအရှင်သခင် ကိုယ်စောင့်အတတ်ရှိသော်လည်း နဂါးကျားတောင် ၏ အတတ်ပညာများထဲတွင် မီးဒဏ်ခံနိုင်သည့် အကွက်များ ပါမပါ သူ မသိပေ။
အကယ်၍ မပါခဲ့လျှင် ချော်ရည်ပူထဲ ပြုတ်ကျသွားပါက သူ သွားပြီ မဟုတ်ပါလား။ လက် သို့မဟုတ် ခြေထောက်နှင့် အရင်စမ်းကြည့်လျှင်ပင် အတတ်က အလုပ်မလုပ်ပါက ဒဏ်ရာရသွားနိုင်သည်။ ထို့ကြောင့် လုပေါင်၏ မျက်နှာတွင် ဝေခွဲမရဖြစ်နေသော အမူအရာများဖြင့် ပြည့်နှက်နေသည်။
“やめておけ(မလုပ်ပါနဲ့)”
လုပေါင် ဝေခွဲမရဖြစ်နေစဉ်မှာပင် သူ၏ နောက်ကွယ်မှ ထိတ်လန့်တုန်လှုပ်နေသော အမျိုးသမီးအသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ လုပေါင် ဇဝေဇဝါဖြင့် လှည့်ကြည့်လိုက်ရာ အသက် ၁၈ သို့မဟုတ် ၁၉ နှစ်ခန့်ရှိမည့် ကောင်မလေးတစ်ယောက်က သူ့ကို ကြောက်လန့်တကြား လက်ကာပြနေသည်ကို တွေ့လိုက်ရသည်။ သူမသည် တောင်တက်ဝတ်စုံများ ဝတ်ဆင်ထားပြီး လက်ထဲတွင်လည်း ရေခဲပုဆိန် ကို ကိုင်ထားရာ တောင်တက်ရန် သီးသန့်လာသူဖြစ်ပုံရသည်။
“အဲဒါ ဘာပြောတာလဲ။”
လုပေါင် ခေါင်းကုတ်ရင်း နားမလည်နိုင်ဖြစ်နေသည်။ ကျောင်းမှာ သင်ခဲ့ရသဖြင့် သူ အင်္ဂလိပ်စကားကို သိသော်လည်း ဆာကူရာနိုင်ငံ၏ ဘာသာစကားကိုတော့ တစ်ခါမှ မလေ့လာဖူးပေအချို့သော ပညာပေး ရုပ်ရှင်များ ကြည့်စဉ်တွင် ကြားဖူးသော်လည်းစကားလုံး အနည်းငယ်မျှနှင့် ဘယ်သူက သင်ယူနိုင်ပါ့မလဲ...။
“どうか愚かなことはしないでください。人生はまだ美しいのですから、飛び降りないでください。”
(ကျေးဇူးပြုပြီး မိုက်မဲတာတွေ မလုပ်ပါနဲ့ ဘဝက လှပနေပါသေးတယ် အောက်ကို မခုန်ချပါနဲ့။)
လုပေါင် လှည့်ကြည့်လိုက်သည်ကို မြင်သောအခါ ကောင်မလေးက သူမ၏ အသံကို နှိမ့်ကာ သူ့ကို အတင်းဖျောင်းဖျတော့သည်။ သို့သော် လုပေါင်ကတော့ သူမ၏ ဆာကူရာ ဘာသာစကားကို တစ်လုံးမှ နားမလည်ပေ။
ဆာကူရာနိုင်ငံတွင် လူမှုဖိအားများက အလွန်ကြီးမားလှသဖြင့် မခံနိုင်သောကြောင့် မိမိကိုယ်ကိုယ် အဆုံးစီရင်သူများစွာ ရှိသည်။ ထို့ကြောင့် ရှေ့ကကောင်မလေးက လုပေါင်ကို ဖိအားတွေမခံနိုင်၍ အဆုံးစီရင်ရန် ပြင်နေသူဟု အထင်မှားသွားခြင်း ဖြစ်သည်။
“အင်္ဂလိပ်လို ပြောတတ်လား။”
ကောင်မလေး၏ ပျာယာခတ်နေသော မျက်နှာကို ကြည့်ကာ ဘာဖြစ်နေမှန်းမသိသဖြင့် လုပေါင်က နားမလည်နိုင်စွာ မေးလိုက်သည်။ သို့သော် ကောင်မလေးကလည်း အင်္ဂလိပ်စကားကို သိပ်နားလည်ပုံမရဘဲ တိုးတိုးလေး ဆက်လက် ဖျောင်းဖျနေဆဲ ဖြစ်သည်။ ဤသည်မှာ လုပေါင်ကို လုံးဝ လမ်းပျောက်သွားစေသည်။
လုပေါင်က မီးတောင်ဝ အနားစွန်းမှ ဖယ်ခွာမည့်ပုံမပေါ်သည်ကို မြင်သည့်အခါကောင်မလေးမှာ တွန့်ဆုတ်နေပြီးမှ လက်ကို ဂရုတစိုက် ဝှေ့ယမ်းကာ လုပေါင် ဆီသို့ တစ်လှမ်းချင်း ဖြည်းဖြည်းချင်း လမ်းလျှောက်လာခဲ့သည်။ သူမ ရုတ်တရက် ချဉ်းကပ်လိုက်လျှင် လုပေါင်က လှည့်ပြီး ခုန်ချသွားမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။
သို့သော် လုပေါင်၏ အမြင်တွင်မူ သူ၏ ကိုယ်ပေါ်တွင် ဗုံးတစ်လုံး ရှိနေသည့်အလား သူမက မူပျက်နေသည်ဟု မြင်နေသည်။
“ဒီကောင်မလေး ဘာတွေ လာပြောနေတာလဲ။”
လုပေါင် မေးစေ့ကို ပွတ်ရင်း သူမ၏ ကိုယ်ဟန်အမူအရာမှတဆင့် နားလည်ရန် ကြိုးစားနေသည်။ သို့သော် ကောင်မလေးမှာ ကိုယ်လုံးကိုယ်ပေါက် လှပသည်မှလွဲ၍ လုပေါင် ဘာမှ ခန့်မှန်း၍ မရပေ။
ထိုသို့ စဉ်းစားနေစဉ်မှာပင် ကောင်မလေးက လက်ကို ဝှေ့ယမ်းရင်း လုပေါင် အနားသို့ ရောက်လာသည်။ ချက်ချင်းဆိုသလိုပင် သူမက လုပေါင်၏ ပုခုံးကို ဆွဲကိုင်ကာ အန္တရာယ်ရှိသော နေရာမှ ဆွဲထုတ်ရန် ကြိုးစားလိုက်သည်။ သို့သော် လုပေါင်က ဘယ်သူလဲ။ သူသည် ဂုဏ်ထူးဆောင်ဆရာကြီး များထဲတွင်ပင် ထိပ်တန်းအဆင့် ရှိသူဖြစ်သည်။ စနစ်နှင့် သူသင်ယူထားသော ကျင့်စဉ်များကြောင့် သူ၏ တုံ့ပြန်မှုနှုန်းမှာ မသိစိတ်မှ ပါလာသော ဗီဇတစ်ခုလို ဖြစ်နေပြီဖြစ်သည်။
ကောင်မလေးက လက်လှမ်းလိုက်သည်နှင့် လုပေါင်၏ ပုခုံးက တွန့်သွားပြီး သူက မသိစိတ်မှ နောက်သို့ တစ်လှမ်း ဆုတ်လိုက်မိသည်။ ဤသည်မှာ ကိုယ်ခံပညာပေါင်းစုံ သင်ယူထားပြီးနောက် ရုတ်တရက် တိုက်ခိုက်ခံရလျှင် ပြုလုပ်မိတတ်သော သဘာဝတုံ့ပြန်မှု ဖြစ်သည်။ သို့သော် ထိုနောက်ဆုတ်လိုက်သော တစ်လှမ်းကြောင့် သူ၏ ခန္ဓာကိုယ်မှာ ဟန်ချက်ပျက်သွားတော့သည်သူ၏ နောက်ကွယ်တွင် ဘာမှမရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေသည် မဟုတ်ပါလား။
ထို့ကြောင့် ကံဆိုးစွာဖြင့် လုပေါင်သည် ထိတ်လန့်တုန်လှုပ်နေသော မျက်နှာဖြင့် မီးတောင်ဝအတွင်းသို့ ပြုတ်ကျသွားတော့သည်။ ကောင်မလေးမှာလည်း ကြောက်လန့်လွန်းသဖြင့် မျက်နှာဖြူဖျော့သွားကာ အောက်သို့ ငုံ့ကြည့်ရန်ပင် မဝံ့ဘဲ စူးစူးဝါးဝါး အော်ဟစ်နေတော့သည်။ အတော်ကြာမှ သူမ သတ္တိမွေးကာ အောက်သို့ ချောင်းကြည့်လိုက်သည်။ သို့သော် အောက်ဘက်တွင် လုပေါင် ပြုတ်ကျသွားသည့် နေရာ၌ ချော်ရည်ပူများ ပြန်လည် ဖုံးလွှမ်းသွားသည်မှလွဲ၍ ဘာမှမမြင်ရပေ။ ကောင်မလေးမှာ ချက်ချင်းပင် ခေါင်းကို ပြန်ဆွဲထုတ်ကာ မြေကြီးပေါ်တွင် ထိုင်ချလိုက်ပြီး အားကိုးရာမဲ့စွာ ငိုယိုပါတော့သည်။
တစ်ဖက်တွင်မူ လုပေါင်သည် သူ၏ ရွှေရောင်အလင်း ဂါထာ မှာ အလိုအလျောက် အလုပ်လုပ်နေသည်ကို တွေ့ရှိလိုက်ရသည်။ ဤဂါထာသည် တိုက်ခိုက်မှုများကို ကာကွယ်ရုံနှင့် ရွှေရောင်လျှပ်စီးများကို ထုတ်လွှတ်နိုင်ရုံတင် မကဘဲ မီးဒဏ်ခံနိုင်သည့် အာနိသင်လည်း ရှိပုံရကြောင်း သူ အခုမှ သဘောပေါက်သွားသည်။ သို့သော် ချော်ရည်ပူထဲတွင် ရှိနေသဖြင့် အတွင်းအားကုန်ဆုံးမှုမှာ အလွန်ပင် မြန်ဆန်လှသည်။
သူ၏ ခန္ဓာကိုယ်အတွင်းရှိ အတွင်းအားများကို ပြန်လည် စုစည်းလိုက်သော်လည်းဤချော်ရည်ပူထဲတွင် အလွန်ဆုံး နာရီဝက်ခန့်သာ ခံနိုင်မည်ဟု သူ ခန့်မှန်းလိုက်သည်။ ထိုထက်ပိုကြာလျှင် သူ၏ အတွင်းအားက လုံလောက်တော့မည် မဟုတ်ပေ။ ချက်ချင်းပင် လုပေါင်သည် အပေါ်သို့ ပြန်ကန်တက်လိုက်သည်။ ချော်ရည်ပူမှာ တစ်ပိုင်းတစ်စ ခဲနေသည့် အခြေအနေဖြစ်သဖြင့် ရေထက်စာလျှင် ပို၍ တွန်းကန်ရလွယ်ကူကာ သူ၏ တက်နှုန်းမှာလည်း အလွန်မြန်လှသည်။
မကြာမီ လုပေါင်၏ ခေါင်းမှာ ချော်ရည်ပူထဲမှ ပေါ်ထွက်လာသည်။
‘ဟိုကောင်မလေးသာမရှိရင် ငါ ဒီလို မတော်တဆ ပြုတ်ကျမှာ မဟုတ်ဘူး။ တော်သေးလို့ ငါ့မှာ ချော်ရည်ဒဏ်ခံနိုင်တဲ့ စွမ်းရည် ရှိနေလို့မဟုတ်ရင် ဒီနေ့တော့ သေတွင်းထဲ ရောက်ပြီ။’
အစွမ်းထက်တဲ့ပညာရှင်တစ်ယောက်ကြောင့် သေရရင်တောင် စိတ်ထဲ နည်းနည်း ဖြေသာဦးမည်။အခုလို သာမန်လူတစ်ယောက်ကြောင့် သေရမှာကတော့ တကယ်ကို အရှက်ရစရာကြီး။
လုပေါင် စဉ်းစားလေလေ ပိုဒေါသထွက်လေဖြစ်ကာ တိုးတိုးလေး ဆဲဆိုနေတော့သည်။ အပေါ်က ကောင်မလေးမှာတော့ သူမကြောင့် လူတစ်ယောက် ချော်ရည်ထဲ ပြုတ်ကျသွားပြီဟု ထင်ကာ ရှိုက်ကြီးတငင် ငိုနေသည်။ ချော်ရည်ပူအောက်မှ အသံကို ကြားလိုက်ရသည့်အခါ သူမ၏ ရင်ခုန်သံမှာ မြန်လာသည်။ သူမ အောက်သို့ တွန်းချလိုက်သည့်လူက မသေသေးတာလား။
ဤသို့တွေးကာ သူမ စိတ်လှုပ်ရှားစွာဖြင့် အောက်သို့ ထပ်မံ ချောင်းကြည့်လိုက်သည်။ ထိုအခါ ချော်ရည်ပူထဲတွင် ကူးခတ်ရင်း အပေါ်တက်ရန် နေရာရှာနေသည့် လုပေါင် ကို မြင်လိုက်ရသည်။ ထို့ပြင် လုပေါင်၏ ကိုယ်ပေါ်တွင် ရွှေရောင်အလင်းတန်းများ ဖုံးလွှမ်းနေသည်။ သူမတို့နိုင်ငံတွင် ထိုကဲ့သို့ အလင်းမျိုးမှာ သေဆုံးသွားသော လူတစ်ယောက်၏ ဝိညာဉ် ပြန်လည်ဝင်စားခါနီးမှသာ ပေါ်လာတတ်သည်။
“幽霊”
(သ သရဲ)
ကောင်မလေးမှာ အတော်ကြာအောင် မှင်သက်သွားပြီးမှ အော်ဟစ်ကာ တန်းစီပြီး သတိမေ့သွားတော့သည်။
“ဒီကောင်မလေးက အခု ဘာလို့ ထပ်အော်နေပြန်တာလဲ။”
လုပေါင် မတတ်နိုင်သလို သက်ပြင်းချလိုက်သည်။ နောက်ဆုံးတွင် လုပေါင်သည် အတော်လေး မာကျောသော ကျောက်တုံးတစ်ခုကို တွေ့ရှိလိုက်ကာ လက်ကောက်ဝတ်ကို အားပြုပြီး မတ်တပ်ရပ်လိုက်သည်။ ချော်ရည်ပူအောက် ရောက်နေစဉ်မှာပင် ဤနေရာ၌ အသိုက်ရှိရန် မဖြစ်နိုင်ကြောင်း သူ အတည်ပြုနိုင်ခဲ့သည်။
သူ ကျောက်တုံးပေါ်တွင် ရပ်ကာ ပတ်ပတ်လည်ကို ကြည့်လိုက်သည့်အခါမှ မီးတောင်ဝ နံရံပေါ်ရှိ အပေါက်တစ်ခုကို တွေ့ရှိလိုက်ရသည်။ ထိုအပေါက်မှာ အနည်းငယ် အောက်ဘက်သို့ မျက်နှာမူနေသဖြင့် အပေါ်မှကြည့်လျှင် လုံးဝ မမြင်ရဘဲ အောက်မှကြည့်မှသာ မြင်ရခြင်း ဖြစ်သည်။
တစ်ခုခု မှားယွင်းမှု မရှိလျှင် ကြိုးကြာအသိုက်မှာ ထိုဂူထဲ၌ ရှိနေပေလိမ့်မည်။ ဤသို့တွေးကာ လုပေါင် တွန်းကန်လိုက်သည်။ သူ၏ အတွင်းအားများ အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်လာမှုကြောင့် သူ၏ တစ်ကိုယ်လုံးမှာ ပျံသန်းသွားသလိုမျိုး ခုန်တက်သွားကာ ဂူပေါက်ဝရှေ့သို့ ဆင်းသက်လိုက်သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ် မြေပြင်သို့ မထိမီမှာပင် လုပေါင်က လက်ကိုဆန့်ကာ အပေါက်ဝ အစွန်းကို ဆွဲကိုင်ပြီး အတွင်းသို့ ကိုယ်ကို လွှဲတင်လိုက်တော့သည်။