← Chapters

အခန်း (၂၇၃-၂၇၄)

Vol. 28 Ch. 273-274

အခန်း (၂၇၃-၂၇၄)

Vol. 28 Ch. 273-274

အခန်းး ၂၇၃- ပါးပါးက ကလေးလေးကို မချစ်လို့ မဟုတ်ပါဘူး။

လုပေါင်၏ ခန့်မှန်းချက်မှာ တကယ်ပင် မှန်ကန်ခဲ့သည်။ ဝိညာဉ်ကြိုးကြာ၏ အသိုက်မှာ ဤဂူပေါက်ဝ၏ အတွင်းဘက်တွင် ရှိနေသည်။ သူ ဝင်ဝင်ချင်းမှာပင် ကြိုးကြာ၏ ဧရာမခန္ဓာကိုယ်ကြီးက လမ်းကို ပိတ်ဆို့ထားပြီး သူ့ကို အလွန်အမင်း သတိကြီးစွာဖြင့် စောင့်ကြည့်နေတော့သည်။

သေချာသည်မှာ သားရဲများ၏ နှစ်သက်မှုကို တိုးပွားစေသည့် စွမ်းရည်မှာ ယခုအချိန်တွင် အလုပ်လုပ်နေခြင်း ဖြစ်သည်။ ကြိုးကြာသည် သူ့ကို တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိဘဲ လမ်းကိုသာ ပိတ်ထားခြင်းပင်။

“ဟို... ကျွန်တော်က ဒီတိုင်း ဝင်ကြည့်တာပါ၊ တခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး။”

လုပေါင် ခေတ္တမျှ တုံ့ဆိုင်းနေပြီးမှ တိုးတိုးလေး ပြောလိုက်သည်။

သူ့စကားဆုံးသည်နှင့် တစ်ပြိုင်နက် ဝိညာဉ်ကြိုးကြာက လုပေါင်ကို နှစ်ချက်မျှ အော်ဟစ်လိုက်သည်။ စိတ်ချင်းဆက်သွယ်မှု မှတဆင့် ကြိုးကြာက သူ့ကို ဤနေရာမှ ထွက်သွားရန် ပြောနေခြင်းဖြစ်ကြောင်း သူ နားလည်လိုက်သည်။ သူ တာဝန်လုပ်ရမည့် တည်နေရာမှာ အတွင်းဘက်တွင် ဖြစ်သဖြင့် လုပေါင် လုံးဝ ထွက်မသွားနိုင်ပေ။

သူ ခဏမျှ စဉ်းစားပြီးနောက် ကြိုးကြာကို

“ကျွန်တော်ပြောတာ နားလည်လား။”

(နားလည်တယ်။)

“တိုက်ဆိုင်လိုက်တာ ကျွန်တော်လည်း ခင်ဗျားပြောတာ နားလည်တယ်။ ဒါ ရေစက်ပဲ။”

(မင်း ဘာလုပ်ချင်တာလဲ)

“အို... ဒီလောက်ကြီး စိမ်းကားမနေပါနဲ့။ ကျွန်တော်တို့က သူငယ်ချင်းတွေပဲဟာ။ ကျွန်တော်က အလည်လာတာပဲလေ ဘာဖြစ်လို့လဲ။”

မည်သည့် အတားအဆီးမျှမရှိသော ဆက်သွယ်မှုဖြင့် လုပေါင်သည် ကြိုးကြာကို အဓိပ္ပာယ်မရှိသော စကားများဖြင့် စတင် ပေါက်ကရ ပြောတော့သည်။ သိသာသည်မှာ ဤကြိုးကြာသည်လည်း ၎င်းနှင့် ဆက်သွယ်နိုင်သည့် လူသားတစ်ဦးကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်ရာ အတော်လေး စိတ်ဝင်စားပုံရသည်။

လူတစ်ယောက်နှင့် ကြိုးကြာတစ်ကောင်သည် ဂူပေါက်ဝတွင် နာရီဝက်တိတိ စကားလက်ဆုံ ကျနေကြတော့သည်။ မီးတောင်ဝ၏ လေထုမှာ ခြောက်သွေ့နေပြီးဖြစ်ရာ စကားတွေ အကြာကြီးပြောပြီးနောက် လုပေါင်မှာ သူ၏ နှုတ်ခမ်းများပင် ပေါက်ပြဲတော့မလို ခံစားနေရသည်။

“ခင်ဗျား ရေမဆာဘူးလား အပြင်ထွက်ပြီး သောက်ဖို့ ရေသွားမရှာဘူးလား။”

(မဆာဘူး။ ငါက ရေမသောက်ဘဲ တစ်နှစ်လောက် နေနိုင်တယ်)

“ဝိညာဉ်ကြိုးကြာဆိုတော့လည်း ဟုတ်တာပေါ့ အထင်ကြီးစရာပဲ။ ဒါဆို ကျွန်တော့်ကို အထဲဝင်ပြီး ခဏလောက် ထိုင်ခွင့်မပေးတော့ဘူးလား။”

(မပေးဘူး)

နောက်ထပ် နာရီဝက် ကုန်လွန်သွားပြန်သည်။

လုပေါင်သည် ဂူပေါက်ဝတွင် အားကိုးရာမဲ့စွာ ထိုင်နေမိသည်။ သူ ဘာဆက်ပြောရမှန်း မသိတော့ပေ။ ပြောစရာ အကြောင်းအရာတွေ ကုန်သွားသဖြင့် သူသည် ကြိုးကြာနှင့် နိုင်ငံတကာရေးရာများကိုပင် ဆွေးနွေးရတော့မည့် အခြေအနေသို့ ရောက်နေပြီဖြစ်သည်။ သို့သော် ဝိညာဉ်ကြိုးကြာသည် လုပေါင်နှင့် စကားပြောနေပြီး သူ့အပေါ် ရန်လိုမှုမရှိသော်လည်း ဂူပေါက်ဝမှ ဖယ်ပေးရန်တော့ ခေါင်းမာမာဖြင့် ငြင်းဆန်နေဆဲ ဖြစ်သည်။

လုပေါင် ကောင်းကင်ကို ပြန်ကြည့်လိုက်ရာ မှောင်စပြုနေပြီ ဖြစ်သည်။ သူ၏တာဝန် သတ်မှတ်ချိန်မှာ သုံးရက်အတွင်းဖြစ်ပြီး အခုဆိုလျှင် ပထမဆုံးနေ့မှာ ကုန်ဆုံးတော့မည် ဖြစ်သည်။ သို့သော် လက်ရှိအခြေအနေအရ သူသည် ဤကြိုးကြာနှင့် သုံးရက်တိုင်တိုင် မအိပ်မနေ စကားပြောလျှင်ပင် ၎င်းက သူ့ကို ပေးဝင်ချင်မှ ဝင်ခွင့်ပေးမည်ဟု လုပေါင် ခန့်မှန်းမိသည်။ တိုက်ခိုက်ပြီး ဝင်ဖို့ကျတော့လည်း စောစောက ရုပ်ဆိုးတဲ့ လင်းနို့၏ တုံ့ပြန်မှုကို ကြည့်ခြင်းအားဖြင့် ဤကြိုးကြာ၏ အစွမ်းမှာ ထူးကဲလှသည်။

၎င်းသည် ချီလင်လေး နှင့် အဆင့်တူ သားရဲ တစ်ကောင် ဖြစ်ရမည်ဟု လုပေါင် တွက်ဆလိုက်သည်။ သေချာပါသည်။ အဆင့်တူ ဆိုသည်မှာ ကြိုးကြာသည် ချီလင် နှင့် မျိုးနွယ်တူသည်ဟု ဆိုလိုခြင်းမဟုတ်ဘဲ ဤကြိုးကြာအိုကြီး၏ အစွမ်းမှာ ချီလင်လေး၏ လက်ရှိအစွမ်းနှင့် အဆင့်တူသည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ချီလင်လေး ကြီးပြင်းလာပါက မြင့်မြတ်သောသားရဲအနေဖြင့် ဤကြိုးကြာကို အေးဆေး ချေမှုန်းနိုင်ပေလိမ့်မည်။

သူ တိုက်လျှင် နိုင်မနိုင် မသိရသလို အရေးကြီးဆုံးမှာ သူ ရှုံးသွားပါက နောက်တစ်ကြိမ် ဝင်ရောက်ရန် ပို၍ပင် ခက်ခဲသွားလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် ယခုအချိန်တွင် လုပေါင်မှာ စိတ်ပျက်အားငယ်မှုမှလွဲ၍ ဘာမှမခံစားရပေ။

“ခင်ဗျားက ဘာလို့ ဒီလိုနေရာမျိုးမှာ အသိုက်ဆောက်ရတာလဲ။ ဒီလို ဘုရားသခင် စွန့်ပစ်ထားတဲ့ နေရာမှာ ခင်ဗျားလို ငှက်တစ်ကောင်က ဘာလို့ အသိုက်လာဆောက်တာလဲ။”

လုပေါင် သက်ပြင်းချရင်း ကြိုးကြာကို အားကိုးရာမဲ့စွာ မေးလိုက်သည်။ တခြားနေရာမှာ အသိုက်ဆောက်ခဲ့လျှင် သူ ခိုးဝင်လို့ ရကောင်းရလိမ့်မည်။ ဤနေရာမှာတော့ ကြိုးကြာ၏ ဧရာမခန္ဓာကိုယ်ကြီးက လမ်းပိတ်ထားသဖြင့် ဘယ်လိုမှ ဝင်လို့မရပေ။

(ငါ ဥတွေ စောင့်နေတာလေ။ ဟိုကောင် လာခိုးမှာကို ကာကွယ်နေရတာ)

ဝိညာဉ်ကြိုးကြာက မေးသမျှကို ဆက်လက် ဖြေကြားနေသည်။ ဘာပဲဖြစ်ဖြစ် ဤကဲ့သို့သော သတ္တဝါများသည် လူ့စကားကို တိုက်ရိုက်မပြောနိုင်ပါက သူတို့ဘဝတွင် စကားပြောဖော် အလွန်နည်းပါးလှသဖြင့် မည်သည့် ကောက်ကျစ်မှုမျိုးမျှ မရှိကြပေ။

သို့သော် ဤစကားကို ကြားလိုက်ရသည့်အခါ လုပေါင်၏ မျက်လုံးများ ချက်ချင်း ဝင်းလက်သွားသည်။

“ဘယ်သူလဲ။ ခင်ဗျားရဲ့ ဥတွေကို ခိုးရဲတာ။ ကျွန်တော့်ကို ပြော ကျွန်တော်သူ့ကိုနှိမ်နင်းပေးမယ်။”

လုပေါင် ချက်ချင်း မတ်တပ်ရပ်ကာ တက်ကြွစွာ ပြောလိုက်သည်။ အကြာကြီး စကားပြောခဲ့ပြီးနောက် လုပေါင်သည် နောက်ဆုံးတွင် အခွင့်အရေးတစ်ခုကို တွေ့ရှိသွားပြီ ဖြစ်သည်။ ဥခိုးမည့်သူကို ဖယ်ရှားပေးနိုင်သရွေ့ ကြိုးကြာသည် သူ့ကို သူ့လူအဖြစ် သတ်မှတ်ရပေလိမ့်မည်!

(သူ လာပြီ ဖယ်စမ်း)

သို့သော် ထိုအချိန်မှာပင် ဝိညာဉ်ကြိုးကြာသည် ရုတ်တရက် ရန်လိုမှုများဖြင့် ပြည့်နှက်သွားတော့သည်။ လုပေါင် လန့်သွားကာ မသိစိတ်မှ ဖယ်ပေးလိုက်မိသည်။ တစ်ချိန်တည်းမှာပင် ကြိုးကြာသည် တောင်ပံများကို ဖြန့်ကာ အပြင်သို့ ပျံထွက်သွားတော့သည်။

လုပေါင် ကြိုးကြာနှင့် အကြာကြီး စကားပြောခဲ့သည်မှာ အကျိုးသက်ရောက်မှု ရှိသည်မှာ သိသာသည် အနည်းဆုံးတော့ ကြိုးကြာသည် မထွက်ခွာမီ သူ့ကို မောင်းမထုတ်သွားခဲ့ပေ။ ဒါ အခွင့်အရေးပဲ မဟုတ်လား။

လုပေါင် မျက်လုံးများ ဝင်းလက်သွားပြီး အတွင်းသို့ ချက်ချင်း ပြေးဝင်လိုက်သည်။ ဂူမှာ သိပ်မနက်ပေ မီတာတစ်ဆယ်ခန့် ဆက်လျှောက်ပြီးနောက် ဂူအဆုံးသို့ ရောက်သွားသည်။ ထိုနေရာတွင် သာမန်အဆင့်ထက် ပိုကောင်းသော အသိုက်တစ်ခု ရှိနေပြီးဘောလုံးအရွယ်အစားခန့်ရှိသည့် ဥနှစ်လုံး ရှိနေသည်။ ဥများပေါ်တွင် တိမ်တိုက်သဏ္ဍာန် ပုံစံများပါရှိကာ အလွန်ပင် လှပလှသည်။

“တီ... အိမ်ရှင်သည် တာဝန်တည်နေရာသို့ ရောက်ရှိပါပြီ။ လက်မှတ်ထိုးဝင်နေသည် (ငါးနာရီ ကြာမည်)။”

လုပေါင် ရောက်သည်နှင့် စနစ်၏ အသံ ထွက်ပေါ်လာသည်။

“နောက်နေတာလား ငါးနာရီတောင်လား။”

လုပေါင်၏ နှုတ်ခမ်းများ တွန့်သွားကာ သူသည် ချက်ချင်း လှည့်ထွက်ရန် ဆုံးဖြတ်လိုက်သည်။ အကယ်၍ တစ်နာရီ သို့မဟုတ် နှစ်နာရီခန့်ဆိုလျှင် လုပေါင်သည် ကြိုးကြာ ပြန်လာသည်ကို စောင့်ကာ အချိန်ဆွဲပြီးမှ ထွက်သွားနိုင်သည်။ သို့သော် ယခုအခြေအနေတွင် ကြိုးကြာ ပြန်လာပါက ထိုမျှကြာအောင် သူ အချိန်မဆွဲနိုင်မှန်း သိနေသည်။ ထို့ပြင် ကြိုးကြာက သူ့အပေါ် ရန်လိုလာရန်လည်း လွယ်ကူလှသည်။

ထို့ကြောင့် လုပေါင်သည် သူ၏ ယခင်စီမံကိန်းအတိုင်း ဆက်လုပ်ရန် ဆုံးဖြတ်လိုက်သည်။ ကြိုးကြာကို ဥခိုးသူအား ကိုင်တွယ်ပေးရန် ကူညီမည်။ ထို့နောက်မှ ရင်းနှီးမှုရယူပြီး ပြန်ဝင်မည်။ ဂူထဲမှ ထွက်လာသည်နှင့် လုပေါင်သည် လင်းနို့ကို ချက်ချင်းခေါ်ကာ ၎င်း၏ကျောပေါ်တွင် ထိုင်ပြီး အပေါ်သို့ ပျံတက်လိုက်သည်။

ဝိညာဉ်ကြိုးကြာသည် တိမ်တိုက်များအထက်တွင် ရှိနေပြီး တိုက်ပွဲဖြစ်နေကြောင်း လုပေါင် ခံစားမိသည်။ မကြာမီ လင်းနို့နှင့်အတူ တိမ်တိုက်များအထက်သို့ ရောက်သည့်အခါ လုပေါင်သည် ထိတ်လန့်ဖွယ် မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။ ကျောပေါ်တွင် အတောင်ပံများ ပါရှိသည့် မြွေတစ်ကောင်သည် ဝိညာဉ်ကြိုးကြာနှင့် လုံးထွေး သတ်ပုတ်နေခြင်းပင်။ ဤမြွေမှာလည်း သေးမနေဘဲ အရှည် ဆယ်မီတာကျော်ကာ လုံးပတ်မှာ တစ်မီတာကျော်မည်ဟု ခန့်မှန်းရသည်။

“အမလေး... ဒါ ဘာကြီးလဲ။”

လုပေါင် ရေရွတ်ရင်း ဘယ်လိုကူညီရမလဲ ဝေခွဲမရ ဖြစ်နေသည်။ ထိုနှစ်ကောင်မှာ အလွန်လျင်မြန်စွာ တိုက်ခိုက်နေကြပြီး သူကိုယ်တိုင်ကလည်း မပျံသန်းနိုင်ပေ။

“ဟူး... ချီလင်လေးရေ ပါးပါးက သားကို မချစ်လို့ မဟုတ်ပါဘူး။ ဒါပေမဲ့ အခုချိန်မှာ သားပဲ ကူညီနိုင်တာမလို့ပါ။”

လုပေါင် တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် သူ၏ ဘေးတွင် အောက်ခြေမဲ့တွင်း၏ အဝင်ဝ ပေါ်လာသည်။ လုပေါင်က လက်နှိုက်ကာ အိပ်ပျော်နေသော ချီလင်လေး ကို ဆွဲထုတ်ပြီး ရင်ခွင်ထဲ ပိုက်လိုက်သည်။

ထို့နောက် ချီလင်လေး ကို စက်သေနတ်တစ်လက်လိုမျိုး ကိုင်ကာ မြွေကို ချိန်နိုင်ရန် ဘယ်ညာ ရွှေ့နေတော့သည်။ နောက်ဆုံးတွင် ဝိညာဉ်ကြိုးကြာက ထိုထူးဆန်းသော မြွေ၏ ခန္ဓာကိုယ်ကို ဆိတ်လိုက်ရာ မြွေမှာ နာကျင်စွာဖြင့် အနည်းငယ် နောက်ဆုတ်သွားပြီး လှုပ်ရှားမှုများ နှေးကွာသွားသည်။

“ဒါ အချိန်ကိုက်ပဲ။”

“ဝိညာဉ်ကြိုးကြာ ဖယ်လိုက်တော့။”

ဝိညာဉ်ကြိုးကြာ ပြန်လည် တိုက်ခိုက်တော့မည်ကို မြင်သည့်အခါ လုပေါင်က ဟိန်းဟောက်လိုက်သည်။ ထို့နောက် သူသည် လှည့်ကာ ချီလင်လေး ၏ ခေါင်းကို မြွေဆီသို့ ချိန်လိုက်ပြီး ချီလင်လေး ၏ တင်ပါးကို ရုတ်တရက် ရိုက်လိုက်တော့သည်...။

အခန်း ၂၇၄- ကြိုးကြာမွှေးဝတ်ရုံ။

လုပေါင်၏ လက်ဝါးရိုက်ချက်နှင့်အတူ ချီလင်လေး၏ ပါးစပ်မှ ချီလင်မီးတောက် တစ်ချက် ပွင့်ထွက်သွားသည်။ ဤတစ်ကြိမ်တွင် ချီလင်မီးတောက်မှာ ယခင်ကထက် ပိုမိုအားကောင်းလာသည်မှာ သိသာလှပြီး အရှိန်မှာလည်း အလွန်ပင် မြန်ဆန်လှသည်။

လုပေါင် သေသေချာချာပင် မမြင်လိုက်ရခင်မှာပင် ချီလင်မီးတောက်မှာ ထူးဆန်းသောမြွေ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားတော့သည်။ မြွေ၏ ခန္ဓာကိုယ်မှာ တစ်ချက်တွန့်သွားပြီး အော်ဟစ်သံပင် မပြုလုပ်နိုင်ဘဲ တစ်ကိုယ်လုံး ပြာအဖြစ် ပြောင်းလဲကာ လေထဲတွင် လွင့်စင်ပျောက်ကွယ်သွားတော့သည်။

“အဝူး...”(ပါးပါး... ကလေးလေးကို ရိုက်လိုက်တာလား။”

ချီလင်လေးသည် အိပ်ချင်မူးတူး မျက်လုံးလေးများဖြင့် ကြည့်ကာ လုပေါင်ကို ချွဲသလိုမျိုး အော်လိုက်သည်။

“အို... ကလေးလေး ရယ် ပါးပါးက စောစောက အရမ်းစိတ်ဝင်စားဖို့ကောင်းတာ တစ်ခုတွေ့လို့ သားကို ကြည့်ခိုင်းမလို့ ခေါ်လိုက်တာ ဒါပေမဲ့ သားက တစ်ချက်တည်းနဲ့ မှုတ်ထုတ်ပစ်လိုက်တာပဲ။”

ကြောင်အမ်းအမ်းဖြစ်နေသော ချီလင်လေးကို ကြည့်ကာ လုပေါင်က အားကိုးရာမဲ့သည့် အမူအရာ လုပ်လိုက်သည်။ လုပေါင် ပြောသည်ကို ကြားသည့်အခါ ဘာဖြစ်သွားမှန်း သေချာမသိသော်လည်း သူက ပြဿနာတစ်ခုခု လုပ်မိလိုက်ပုံရသည်ဟု ချီလင်လေး ထင်သွားသည်။ ထိုအချိန်တွင် သူ၏ မျက်လုံးလေးများမှာ ဝမ်းနည်းသလိုမျိုး ဖြစ်လာတော့သည်။

သို့သော် ချက်ချင်းပင် လုပေါင်က သူ၏ နဖူးလေးကို ပွတ်ပေးကာ တိုးတိုးလေး ပြောလိုက်သည်။

“ရပါတယ် ပါးပါးက အပြစ်မတင်ပါဘူး။ ဒါက သား အိပ်ရေးမဝသေးလို့ ဖြစ်မှာပါ။ သွား... ခဏ ပြန်အိပ်လိုက်ဦး။”

“အဝူး” (ပါးပါးကအကောင်းဆုံးပဲ။)

ချီလင်လေးသည် ချက်ချင်းပင် ပျော်ရွှင်စွာ အော်လိုက်ပြီး မျက်လုံးမှိတ်ကာ ပြန်လည် အိပ်မောကျသွားတော့သည်။ သူ အခုချိန်မှာ အတော်လေး အိပ်ချင်နေပုံရသည်။

ဤသည်ကို မြင်လိုက်ရသည့်အခါ လုပေါင်က ပြုံးလျက် ချီလင်လေးကို အောက်ခြေမဲ့တွင်းထဲသို့ ပြန်ပို့လိုက်သည်။ သူ၏အောက်ရှိ ရုပ်ဆိုးတဲ့ လင်းနို့ကတော့ ခါးသက်သက် ပြုံးနေမိသည်။ သူ၏ သခင်မှာ တကယ်ကို အရှက်မရှိဘဲ ချီလင်လေးကို ကြောင်သွားအောင် လိမ်ညာလိုက်သည် မဟုတ်ပါလား။

ကြိုးကြာကတော့ ကောင်းကင်တွင် အချိန်အတော်ကြာ ဝဲပျံနေပြီး ထူးဆန်းသောမြွေ သေဆုံးသွားသည်ကို အတည်ပြုပြီးနောက်မှ လုပေါင် ဆီသို့ ဖြည်းဖြည်းချင်း ပျံသန်းလာကာ အော်လိုက်သည်။ အခြားသူက သူ့ကို ကျေးဇူးတင်နေခြင်းဖြစ်ကြောင်း လုပေါင် သိလိုက်သဖြင့် ချက်ချင်းပင် အောက်သို့ လက်ညွှန်ပြကာ အောက်ရောက်မှ စကားပြောကြတာပေါ့ ဟု ပြောလိုက်သည်။

မကြာမီ ဂူပေါက်ဝသို့ ပြန်ရောက်သည့်အခါ လုပေါင်သည် လင်းနို့ကိုလည်း အောက်ခြေမဲ့တွင်းထဲသို့ ပြန်သိမ်းလိုက်သည်။ ဤတစ်ကြိမ်တွင် ကြိုးကြာ၏ လုပေါင်အပေါ် သတိထားမှုမှာ လုံးဝမရှိတော့ဘဲ သူ့ကို အသိုက်အနားအထိ လမ်းလျှောက်ခွင့် ပေးလိုက်သည်။

“အိုး... စောစောက တိုက်ပွဲက အရမ်းပင်ပန်းတာပဲ ငါ ခဏလောက် နားဦးမှပါ”

စနစ်၏ အသံကို ကြားလိုက်ရသဖြင့် လုပေါင် သက်ပြင်းချနိုင်သွားကာ နဖူးကို ကိုင်ရင်း ကြိုးကြာကို ပြောလိုက်သည်။ ပြောပြီးသည်နှင့် လုပေါင်သည် အသိုက်ဘေးတွင် တိုက်ရိုက် လှဲချလိုက်ပြီး မျက်လုံးမှိတ်ကာ အိပ်ပျော်သွားတော့သည်။

ကြိုးကြာက လုပေါင်ကို ဇဝေဇဝါဖြင့် ကြည့်ကာ

‘စောစောကတိုက်ခိုက်တာ ချီလင်လေး မဟုတ်ဘူးလား။သူက ဘာလို့ ပင်ပန်းနေရတာလဲ။’

ဘာပဲဖြစ်ဖြစ်ကြိုးကြာအတွက်မူ လုပေါင်မှာ ကျေးဇူးရှင် ဖြစ်သဖြင့် သူ့ကို မောင်းမထုတ်ခဲ့ပေ။

ညတာမှာ ဆိတ်ငြိမ်စွာ ကုန်လွန်သွားသည်။ လုပေါင်သည် မကြာသေးမီက ချီလမ်းညွှန်ပညာကို ကျင့်ကြံနေသဖြင့် ရက်အတော်ကြာ မအိပ်ခဲ့ရရာ ဤတစ်ကြိမ်တွင် အလွန်ပင် နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့သည်။

နောက်တစ်နေ့ မွန်းတည့်ချိန်တွင် လုပေါင်သည် အိပ်ချင်မူးတူးဖြင့် မျက်လုံးဖွင့်လိုက်ပြီးနောက် ချက်ချင်းပင် သတိဝင်ကာ စနစ် ကို ခေါ်ယူလိုက်သည်။

“တီ ကြိုးကြာအသိုက်တွင် လက်မှတ်ထိုးဝင်ခြင်းအောင်မြင်ပါသည်။ ရရှိသောဆု- ကြိုးကြာမွှေးဝတ်ရုံ။”

‘ကြိုးကြာမွှေးဝတ်ရုံဆိုတာ ဘာကြီးလဲ။’

လုပေါင် မျက်တောင်ခတ်ရင်း လုံးဝ နိုးကြားသွားတော့သည်။ ထို့နောက် စနစ်၏ ရှင်းလင်းသော အချက်ပေးချက်ကို မြင်လိုက်ရသည်။

“ထုတ်ယူခြင်းမပြုရသေးသော ပစ္စည်းတစ်ခု ရှိပါသည်။

“ဟင် တကယ့် ပစ္စည်းဆုလာဘ်လား။”

ဤအချက်ပေးချက်ကို မြင်လိုက်ရသည့်အခါ လုပေါင်၏ မျက်လုံးများ ချက်ချင်း ဝင်းလက်သွားသည်။ စဉ်းစားကြည့်လျှင် သူ စနစ်တာဝန်တွေ အတော်များများ လုပ်ခဲ့သော်လည်း ဆုလာဘ်တွေက အမြဲတမ်း ကျင့်စဉ်တွေပဲ ဖြစ်ခဲ့သည်။ အောက်ခြေမဲ့တွင်းတို့ နဂါးဧရာကျွန်းတို့ဆိုတာကလည်း ကိုင်ဆောင်လို့ရတဲ့အရာတွေ မဟုတ်ဘဲ ကြီးမားလွန်းသည်။ ဒါက သူ တကယ်ကိုင်ဆောင်လို့ရမယ့် ရတနာတစ်ခုကို ပထမဆုံးအကြိမ် ရရှိခြင်း ဖြစ်သည်။

“ငါတို့ အတူတူ အလုပ်လုပ်လာတာ ဒီလောက်ကြာပြီ ဒီ ပထမဆုံး ပစ္စည်းဆုလာဘ်ကတော့ သိပ်မဆိုးလောက်ဘူးလို့ မျှော်လင့်ရတာပဲ...”

လုပေါင်က စနစ်ကို စိတ်ထဲမှ ပြောရင်း အချက်ပေးချက်ကို နှိပ်လိုက်သည်။ ထို့နောက် လုပေါင် မှင်သက်သွားတော့သည်။ စနစ် Interface ပေါ်တွင် သားမွေးအင်္ကျီ နှင့် ဆင်တူသော အလွန် ခန့်ညားထည်ဝါသည့် ဝတ်ရုံတစ်ခုကို သူ မြင်လိုက်ရသည်။ ကွာခြားချက်မှာ ၎င်းကို သားမွေးဖြင့် လုပ်ထားခြင်းမဟုတ်ဘဲ ကြိုးကြာမွှေးများဖြင့် လုပ်ထားခြင်း ဖြစ်သည်။ အဖြူအမဲ ရောယှက်နေသော အရောင်မှာ ခံ့ညားသော ခံစားချက်ကို ပေးစွမ်းသည်။ လုပေါင်၏ အမြင်တွင်တော့ စကားတစ်လုံးတည်းရှိသည်။

“လန်းတယ်။”

ဝတ်ရုံ၏ အောက်ဘက်တွင် မိတ်ဆက်စာတစ်ကြောင်း ပါရှိသည်။ကြိုးကြာမွှေးဝတ်ရုံ။ ၎င်းကို ဝတ်ဆင်ပြီးနောက် ပေါ့ပါးသွက်လက်လာပြီး အရှိန်နှုန်း တိုးမြင့်လာမည်။ တစ်ချိန်တည်းမှာပင် အတွင်းအား ဖြင့် လှုံ့ဆော်လိုက်ပါက အမွှေးအမျှင်များကို ပျံသန်းမှုအဖြစ် ပြောင်းလဲနိုင်ပြီး ဆယ်ရက်လျှင် တစ်ကြိမ် တစ်နာရီကြာ အသုံးပြုနိုင်သည်။

‘ဒါကို ဝတ်လိုက်ရင် ငါ ပျံလို့ရပြီပေါ့။’

ဤဆုလာဘ်ကို မြင်လိုက်ရသည့်အခါ လုပေါင် မျက်လုံးပြူးသွားသည်။ လက်ရှိတွင် သူ့မှာ လင်းနို့ရှိသဖြင့် သွားလာရေးအတွက် ပျံသန်းဖို့က ပြဿနာမရှိသော်လည်းကိုယ်တိုင် ပျံသန်းရခြင်းနှင့် သားရဲပေါ်ထိုင်ပြီး ပျံသန်းရခြင်းမှာ ခံစားချက် လုံးဝ ကွဲပြားသည် မဟုတ်ပါလား။

(မင်း နိုးလာပြီလား ငါက...)

လုပေါင် မျက်လုံးဖွင့်ကာ နိုးလာသည်ကို မြင်သည့်အခါ ကြိုးကြာကလည်း သူ့ကို တိုးတိုးလေး အော်လိုက်သည်။ သို့သော် ၎င်း စကားမဆုံးခင်မှာပင် လုပေါင်၏ ရှေ့၌ အလင်းတစ်ချက် လက်သွားပြီး သူ၏ လက်ထဲတွင် အမွှေးဝတ်ရုံတစ်ခု ပေါ်လာသည်ကို မြင်လိုက်ရသည်။ ထို့ပြင် ထိုဝတ်ရုံပေါ်ရှိ အမွှေးများမှာ ၎င်း၏ ကိုယ်ပေါ်က အမွှေးများနှင့် အတူတူပင်။

“ညီအစ်ကိုကောင်းကြီး နောက်မှ စကားပြောကြတာပေါ့။ ငါ အပြင်ထွက်ပြီး ဒီအင်္ကျီကို စမ်းဝတ်ကြည့်ဦးမယ်။”

လုပေါင်သည် ဝတ်ရုံကို ကိုင်ကာ စိတ်လှုပ်ရှားစွာ မတ်တပ်ရပ်ပြီး အပြင်သို့ ပြေးထွက်သွားတော့သည်။ ဂူပေါက်ဝတွင် ရပ်ရင်း လုပေါင်သည် ထိုဝတ်ရုံကို ဝတ်လိုက်သည်။ ၎င်းမှာ စနစ်က သီးသန့်ချုပ်လုပ်ထားပေးသလိုပင် လုပေါင်နှင့် အလွန်အံကိုက်ဖြစ်နေကာ ကြီးလွန်းခြင်း သေးလွန်းခြင်း မရှိပေ။

တစ်ချိန်တည်းမှာပင် ကြိုးကြာမွှေးဝတ်ရုံကို ဝတ်လိုက်ပြီးနောက် လုပေါင်သည် သူ၏ တစ်ကိုယ်လုံးမှာ ပေါ့ပါးသွားပြီး ကမ္ဘာ့ဆွဲအား လျော့နည်းသွားသလို ခံစားလိုက်ရသည်။

“အတွင်းအားနဲ့ လှုံ့ဆော်ရမှာဆိုတော့ ဒီလိုလား...”

ဝတ်ရုံ၏ ထူးခြားသော အာနိသင်ကို ခံစားရင်း လုပေါင် ရေရွတ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် လုပေါင်၏ ခန္ဓာကိုယ်အတွင်းမှ အတွင်းအားများ တိုးထွက်လာသည်နှင့်အမျှ သူသည် ဂူပေါက်ဝမှနေ၍ လေထဲသို့ ပေါလောပေါ် ထွက်သွားတော့သည်။

အစပိုင်းတွင် သူ၏ ပျံသန်းမှုမှာ အနည်းငယ် မတည်မငြိမ်ဖြစ်နေသော်လည်း မီးတောင်ဝအတွင်း၌ ခဏမျှ ကျင့်သားရအောင် လုပ်ပြီးနောက်တွင်မူ ဝတ်ရုံကို မည်သို့အသုံးပြုရမည်ကို သူ လုံးဝ ကျွမ်းကျင်သွားတော့သည်။ အတွင်းအား ထည့်သွင်းမှု အနည်းအများအပေါ် မူတည်၍ ပျံသန်းမှုအရှိန်ကို ဆုံးဖြတ်သည်။ အပေါ် အောက်ဘယ် ညာ သွားခြင်းမှာမူ သူ၏ ခန္ဓာကိုယ် ဟန်ချက်ကို ညှိယူခြင်းသာ ဖြစ်သည်။

သူ၏ ဘဝတွင် ပထမဆုံးအကြိမ် ကိုယ်တိုင် ပျံသန်းရခြင်း ဖြစ်သဖြင့် လုပေါင်သည် ကြိုးကြာမွှေးဝတ်ရုံ၏ အမြင့်ဆုံးအရှိန်မှာ မည်မျှမြန်သည်ကို စမ်းသပ်ရန် ရည်ရွယ်လိုက်သည်။

မီးတောင်ဝ အထက်တွင်မူ။

ဆာကူရာနိုင်ငံမှ ကောင်မလေးသည် ပန်းစည်းတစ်ခုကို ကိုင်ဆောင်ကာ လုပေါင် ပြုတ်ကျသွားခဲ့သည့် နေရာတွင် ရပ်နေသည်။ တစ်ညလုံး စိတ်ထဲတွင် ဝေခွဲမရဖြစ်နေပြီးနောက် သူမသည် ရဲစခန်းသို့ သွားရောက် အဖမ်းခံမည်မဟုတ်ဟု ဆုံးဖြတ်လိုက်သော်လည်း သူမ၏ ကိုယ်ကျင့်တရားအရ စိတ်ထဲ နေသာစေရန်အတွက် ဤနေရာသို့ လာရောက်ကာ လုပေါင်၏ ဝိညာဉ်အတွက် ပူဇော်မှုအချို့ ပြုလုပ်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

“အဲဒီအချိန်တုန်းက ရှင်ကို ကယ်ချင်ရုံသက်သက်ပါ။ ရှင့်ရဲ့ ဝိညာဉ်က ကောင်းကင်ကနေ ကြည့်နေတယ်ဆိုရင် ကျွန်မကို အပြစ်မယူဖို့ မျှော်လင့်ပါတယ်။”

ကောင်မလေးသည် မီးတောင်ဝ အနားစွန်းတွင် ပန်းများကို ချထားရင်း တိုးတိုးလေး ရေရွတ်နေသည်။ ထိုအချိန်မှာပင် ဝတ်ရုံကို ဝတ်ဆင်ထားသော လုပေါင်သည် မီးတောင်ဝထဲမှနေ၍ ယိမ်းထိုးလျက် အပေါ်သို့ ပျံတက်လာတော့သည်။

လုပေါင်ကို မြင်လိုက်ရသည့် ခဏမှာပင် ကောင်မလေး၏ မျက်လုံးများ ပြူးသွားပြီး နှုတ်ခမ်းများ တွန့်ကာ တန်းစီပြီး သတိမေ့သွားပြန်တော့သည်...။

“ဒီကောင်မလေးက တစ်ခါပြန်လာပြန်ပြီ။ သူက ဘာလို့ ဒီအပေါ်ကို နေ့တိုင်း လာနေရတာလဲ။”

လုပေါင် ခေတ္တမျှ ကြောင်ကြည့်ပြီးနောက် သူမကို ထပ်မံ ဂရုမစိုက်တော့ပေ။ ဘာပဲဖြစ်ဖြစ် ဒီကောင်မလေးက ပျံတတ်တဲ့လူတစ်ယောက်ကို တွေ့တယ်လို့ ဘယ်သူ့ကိုသွားပြောပြော ဘယ်သူမှ ယုံမှာ မဟုတ်ဘူး။ ဘာသာစကား အခက်အခဲကြောင့် လုပေါင်မှာ သူသည် စိတ်ရင်းကောင်းသော ကောင်မလေးတစ်ဦး၏ စိတ်ထဲတွင် မရည်ရွယ်ဘဲ စိတ်ဒဏ်ရာတစ်ခု ချန်ထားခဲ့မိသည်ကို သိရှိလိမ့်မည် မဟုတ်ပေ...။

All Chapters