← Chapters

စိတ်ဒုက္ခရောက်ခြင်း...

Vol. 27 Ch. 365

စိတ်ဒုက္ခရောက်ခြင်း...

Vol. 27 Ch. 365

ရှာမန်နယ်မြေသည် မျက်စိအမြင်အရ လူသူကင်းမဲ့ကာ ယိုယွင်းပျက်စီးနေပုံ ပေါ်သည်။ မြေပြင်အများစုမှာ မီးခိုးရောင်ဖြစ်နေပြီး စိမ်းလန်းသော သစ်ပင်များကို ထိုနေရာတစ်ဝိုက်တွင် တွေ့ရခဲ၏။ ဤနေရာတစ်ဝိုက်တွင် သေခြင်းတရား၏ ရင်းမြစ်ကဲ့သို့ စိတ်ဓာတ်ကျဖွယ် လေထုတစ်ခုလည်း ရှိနေသေးသည်။

သဲမုန်တိုင်းတစ်ခုသည် မြေပြင်ပေါ်ရှိ သဲများကို တိုက်ခတ်၍ ကောင်းကင်ကို ဖုံးလွှမ်းနေစေသကဲ့သို့ ကောင်းကင်အရောင်သည်ပင် အပြာရောင်မဟုတ်ပဲ မွဲခြောက်ခြောက် မီးခိုးရောင် ဖြစ်လို့နေသည်။

မာန်စွမ်းအားရှင်တို့၏ နယ်မြေနှင့်ယှဉ်လျှင် ရှာမန်နယ်မြေက သက်ဝင်လှုပ်ရှားမှု ကင်းမဲ့နေသည်။ သူတို့နယ်မြေသည် လျှိုမြောင်၊ အက်ကြောင်းများဖြင့် ပြည့်နေခဲ့သည်။ ဤအက်ကြောင်းများ မည်မျှကြာအောင် တည်ရှိနေခဲ့မှန်း မည်သူမျှမသိသလို ၎င်းတို့သည် လူမွ ပြုလုပ်ထားခြင်းလား၊ သဘာဝအတိုင်း ဖြစ်ပေါ်လာခဲ့ခြင်းလား ဆိုသည်ကိုလည်း မည်သူမှမသိပေ။

ဤနေရာတစ်ဝိုက်တွင် လေတိုးသံများမှအပ ကျန်အရာအားလုံးမှာ သုဿန်တစပြင်သဖွယ် တိတ်ဆိတ်ငြိမ်သက်နေသည်။ ဤပတ်ဝန်းကျင်မျိုးတွင် ရှင်သန်နေထိုင်သော သေးငယ်သည့် သတ္တဝါငယ်လေးများကသာ ရံဖန်ရံခါ ထွက်ပေါ်လာတတ်သည့် တစ်ခုတည်းသော သက်ရှိလက္ခဏာများ ဖြစ်သည်။

မီးခိုးရောင်မြေပြင်ပေါ်ရှိ ဧရာမလျှိုမြောင်များ၏ တစ်ခုသောနံရံတွင် မယုံနိုင်ဖွယ် ဆိတ်ငြိမ်သော နေရာတစ်ခုရှိနေသည်။ ထိုနေရာတွင် ကြီးမားသော အက်ကွဲကြောင်းကြီးတစ်ခု ရှိနေပြီး ၎င်းအက်ကြောင်း၏ အတွင်းနက်နက်ထဲတွင်တော့ လူလုပ်ကျောက်တုံးအခန်းတစ်ခု ရှိနေ၏။

ဖြူဖျော့နေသော မျက်နှာဖြင့် စုမင်သည် ထိုနေရာတွင်ထိုင်လျက် မျက်လုံးများကို ပိတ်ထားပြီး အသက်ရှူခြင်းကို ဖြည်းညှင်းစွာ လေ့ကျင့်နေခဲ့သည်။ မီးတောက်မျောက်ဝံသည် သူ့အရှေ့ရှိ အက်ကြောင်းဝင်ပေါက်တွင် သတိကြီးစွာထားလျက် ဆောင့်ကြောင့်ထိုင်နေခဲ့သည်။ တစ်ခါတစ်ရံတွင် ၎င်းသည် စုမင်အား ပြန်လှည့်ကြည့်တတ်၏။

စုမင်သည် သွေးစွန်းနေသော အဝတ်အစားများကို လဲလှယ်ထားပြီးချေပြီ။ သူသည် အနက်ရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားကာ သူ့ဆံပင်ရှည်များမှာ ပုခုံးထက်သို့ ပြန့်ကျဲကျနေသည်။ အနက်ရောင်အခိုးအငွေ့များဖြင့် ဖြစ်တည်နေသော လက်ကောက်တစ်ခုသည် စုမင်ညာလက်ကောက်ဝတ်တွင် လှည့်ပတ်နေသည်။

သူ့လက်ညှိုးမှာ မယုံနိုင်ဖွယ်ပင် ပုံမှန်ဆန်လွန်းနေခဲ့သည်။ ၎င်းနှင့် ပက်သက်၍ ထူးဆန်းသည့် တစ်ခုတည်းသော အရာမှာ ၎င်းပတ်ပတ်လည်တွင် အထပ်ထပ် ရစ်ပတ်ထားသော ဆံချည်မျှင်သာဖြစ်သည်။ သို့သော် ဤလက်ချောင်းသည် မာန်ဝိညာဉ်နယ်ပယ်ရှိ မွန်းစတားအိုကြီးများကို ထိတ်လန့်သွားစေနိုင်ရန် လုံလောက်ပြီး ကမ္ဘာကြီးကိုပင် ဖျက်ဆီးပစ်နိုင်သည့် စွမ်းအားများ ပါဝင်နေသော လက်ချောင်းဖြစ်သည်၊

အချိန်များ တရွေ့ရွေ့ ကုန်လွန်သွားပြီးနောက် စုမင် မျက်လုံးများကို ဖြည်းညှင်းစွာ ပြန်ဖွင့်လိုက်သည်။ ထိုသို့လုပ်လိုက်သည်နှင့် တစ်ပြိုင်နက် သူ့မျက်လုံးများအတွင်း လေးနက်သော အကြည့်တစ်ခု ပေါ်လာပြီး သူ့အရှိန်ဝါ တစ်ခုလုံးလည်း ပြောင်းလဲသွားခဲ့သည်။ စုမင်သည် သူ့ကိုကြည့်လိုက်သူများအတွက် ဖြတ်သန်းမမြင်နိုင်သည့် သမုဒ္ဒရာကြီးတစ်ခု သဖွယ်ပင်။

"ရိုးရေစတေး နယ်ပယ်" စုမင် အသာယာ ရေရွတ်လိုက်သည်။ ယခု သူ့ကိုယ်တွင်း၌ ကွဲပြားနေသည်ကို ရှင်းရှင်းလင်းလင်း ခံစားမိနိုင်ပြီဖြစ်သည်။ သူ့ကျောရိုးတွင် မာန်အရိုးလေးခုမှာ အပြာရောင်အလင်းဖြင့် တောက်ပနေသည်။ ၎င်းတို့အထဲတွင် ပေါက်ကွဲနိုင်သော စွမ်းအားများ ပါဝင်နေသည်။ ထိုစွမ်းအားများသည် စုမင်အား ကမ္ဘာပေါ်ရှိ မမြင်ရသော စွမ်းအင်ကို ခံစားမိနိုင်ရန် ပြုလုပ်ပေးနေပြီး ရုပ်နယ်လွန်နယ်ပယ်တွင် ရှိနေစဉ်အချိန်ကထက်လည်း ပိုမိုသန်မာလာစေ၏။

မာန်အရိုးလေးခုပေါ်ရှိ အက်ကြောင်း အများစုမှာလည်း ပြန်လည်ကောင်းမွန်လာခဲ့ချေပြီ။ အက်ကြောင်းသုံးခုသာ ကျန်ရှိတော့ပြီး ၎င်းတို့ အပြည့်အဝ မပျောက်ကင်းမီ အချိန်တစ်ခုသာ လိုအပ်ပေလိမ့်မည်။

'ငါ စစ်မြေပြင်က ထွက်လာခဲ့ရတာ မတော်တဆပဲ... ဒါပေမယ့် အဲဒီ မတော်တဆမှု ဖြစ်သွားတာက ငါ့အတွက် ကံကောင်းတဲ့ ဖြစ်ရပ်တစ်ခုလည်း ဖြစ်သွားနိုင်တယ်။ ဒီနေရာမှာ ငါ့စွမ်းအားတိုးအောင် လုပ်ပြီး စစ်မြေပြင်မှာ ပေါ်လာခဲ့တဲ့ ဆံပင်ရှည်အမျိုးသမီးကို ထွက်ရှာရမယ်။

အဲဒီအမျိုးသမီးက ကံကြမ္မာဆိုတဲ့ အကြောင်းနဲ့ပက်သက်ပြီး အများကြီးသိထားတယ်။ သူ့ဆီကနေ အဖြေတစ်ချို့ ရနိုင်ကောင်းပါရဲ့' စုမင် မျက်လုံးများအတွင်း တောက်ပသော အကြည့်တစ်ခု ဖြစ်ပေါ်လာပြီး ညာလက်ကိုမြှောက်၍ မျက်ခုံးများအလယ်သို့ ထိလိုက်သည်။

သူ့ကိုယ်တွင်း၌ လေများ ချက်ချင်းဆိုသလို မွှေနှောက်လှုပ်ရှားလာသည်။ ထိုလေသည် စုမင်၏ တစ်စိတ်တစ်ပိုင်း ဖြစ်နေပုံပေါ်ပြီး သူ့ကိုယ်တွင်း၌ လှည့်ပတ်နေသည်။ ၎င်း၏ လှုပ်ရှားမှုများတွင် ပုံသဏ္ဍာန်မရှိပဲ ကေမာက္ကမ ဖြစ်နေပုံပေါ်သော်လည်း စုမင်ကို ယခင်ထက် ပိုမိုမြန်ဆန်လာစေရန် လုံလောက်ချေသည်။

'ဒီလေရဲ့ ဇစ်မြစ်ကို ပိုသန်မာလာအောင် ဘယ်လိုလုပ်ရမလဲ မသိတာတော့ စိတ်မကောင်းစရာပဲ...'

စုမင်သည် အလေးအနက် စဉ်းစားတွေးတောနေရင်းဖြင့် သိုလှောင်အိတ်ထဲမှ လက်သီးဆုပ်အရွယ် သလင်းကျောက်တစ်လုံးကို ထုတ်ယူလိုက်သည်။ ထုတ်ယူလိုက်သည်နှင့် တစ်ပြိုင်နက် လေများ စတင်စီးဆင်းလှုပ်ရှားလာပြီး ကျောက်တုံးခန်းအတွင်း လေတိုးသံများ ထွက်ပေါ်လာသည်။ ၎င်းတို့မှာ အလွန်အမင်း ရုတ်တရက်ဆန်စွာ ဖြစ်ပေါ်လာသဖြင့် မီးတောက်မျောက်ဝံလေးသည်ပင် အလျင်အမြန် လှည့်ကြည့်လာခဲ့၏။ ၎င်းသည် စုမင် လုပ်နေခြင်းဖြစ်ကြောင်း မြင်လိုက်သည်နှင့် စိတ်အေးလက်အေး ပြန်ဖြစ်သွားခဲ့သည်။

စုမင်သည် လေပြင်း အမွေဆက်ခံခြင်း သလင်းကျောက်ကို သူ့မျက်ခုံးများအလယ်သို့ ဖြည်းညှင်းစွာ ဖိကပ်လိုက်သည်။ သို့သော် သလင်းကျောက်သည် သူ့နံဖူးကို ထိမိသည်နှင့် တစ်ပြိုင်နက် မည်သည့်အကြောင်းကြောင့်ဖြစ်စေ စုမင်နှင့် မပေါင်းစည်းချင်ဟန်ဖြင့် ၎င်းထံမှ ပြင်းထန်သော တွန်းကန်အားတစ်ခု ပျံ့နှံ့လာခဲ့သည်။

အချိန်အတော်ကြာပြီးနောက် စုမင်သည် မည်းမှောင်နေသော မျက်နှာထားဖြင့် ညာလက်ကို ပြန်လည်ဖယ်ရှားလိုက်သည်။ အေးစက်စက်ဖြင့် နှာရှုံ့လိုက်ပြီး သူ့လက်ထဲရှိ သလင်းကျောက်ကို စိုက်ကြည့်လိုက်သည်။

'မင်းက ငါ့ကို အသိအမှတ်မပြုဘူးပေါ့လေ... ဟမ့်' စုမင်သည် ခဏတာ ငြိမ်သက်နေပြီးနောက်မှ သလင်းကျောက်ကို သိုလှောင်အိတ်ထဲသို့ ပြန်ထည့်လိုက်ပြီး မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်ချလိုက်သည်။ မျက်လုံးများကို မှိတ်လိုက်သည်နှင့် မာန်ဝိညာဉ်နယ်ပယ် နတ်ဘုရားရုပ်တုထံမှ လက်ခံရရှိခဲ့သော လေထုခွဲဖြာ ဓားချက်ကျင့်စဉ်က သူ့ခေါင်းထဲတွင် ပေါ်လာခဲ့သည်။

ဤကျင့်စဉ်သည် အစစ်အမှန် လေမာန်စွမ်းအားရှင် နတ်ဘုရားအတွက် ထူးခြားသော အမွေအနှစ်တစ်ခု ဖြစ်သည်။ ၎င်းကို အမွေဆက်ခံခြင်း သလင်းကျောက်နှင့် ခွဲခြားပေးအပ်ခဲ့ခြင်း ဖြစ်၍ ဤကျင့်စဉ်မှာ မည်မျှထူးခြားကြောင်း ရှင်းရှင်းလင်းလင်း ပြသနေခြင်းပင်။ စုမင်သည် ကျင့်စဉ်ပညာရပ်တစ်ခုလုံးကို ရရှိခဲ့ပြီး ၎င်းတွင် ပုံစံသုံးမျိုးသာရှိကြောင်း သိရှိခဲ့သည်။

ပထမပုံစံမှာ နေမင်း ဖန်ဆင်းခြင်း ဖြစ်သည်။

ဒုတိယပုံစံမှာ လမင်း မြှုပ်နှံခြင်း ဖြစ်သည်။

တတိယပုံစံမှာ လေထု ခွဲဖြာခြင်း ဖြစ်သည်။

ဤလေနှင့် ဆက်နွှယ်သော နတ်ဘုရားစွမ်းရည် အတွင်းရှိ ပုံစံသုံးမျိုးသည် ၎င်းတို့မှာ ကြီးကျယ်သော စွမ်းအားတစ်မျိုးဖြင့် ပြည့်နှက်နေသည်ဟု စုမင်ကို ခံစားရစေသော်လည်း ၎င်းက ပုံရိပ်ယောင်တစ်ခုလိုပင် ဖြစ်သည်။ သူသည် ထိုအရာကို အာရုံခံနိုင်သော်လည်း မထိတွေ့နိုင်ချေ။

'အမွေဆက်ခံခြင်း သလင်းကျောက်' စုမင် မျက်လုံးများကို ပြန်ဖွင့်ကာ မျက်မှောင်ကျုံ့လိုက်သည်။ ပုံစံသုံးရပ်ကို မစူးစမ်းနိုင်ရသည့် အကြောင်းရင်းမှာ သူသည် အမွေဆက်ခံခြင်း သလင်းကျောက်နှင့် ပေါင်းစည်းထားခြင်း မရှိသည့်အချက်နှင့် များစွာဆက်စပ်နေကြောင်း သူပြောနိုင်၏။

'ဒါပေမယ့် လေထုခွဲဖြာခြင်း ပုံစံသုံးမျိုးက သီးခြားအမွေအနှစ် တစ်ခုအဖြစ် ငါ့ကိုပေးခဲ့တာဆိုမှတော့ အဲဒါတွေကို ကျွမ်းကျင်ဖို့ အမွေဆက်ခံခြင်း သလင်းကျောက်ကို သေချာပေါက် လိုအပ်တာတော့ မဖြစ်နိုင်ဘူး...' စုမင်သည် ဆက်လက်တွေးတောနေရင်းဖြင့် သူ့စိတ်က လက်ခံရရှိထားသော ပုံစံသုံးမျိုးဆီသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

အချိန်များ ကုန်လွန်လာပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် သုံးရက် ကြာမြင့်သွားခဲ့၏။

ထိုသုံးရက်အတွင်း စုမင် အပြင်မထွက်ခဲ့ပေ။ ယာယီနေရာအဖြစ် ပြုလုပ်ထားသော ကျောက်တုံးခန်း အတွင်း၌သာ နေထိုင်ခဲ့သော်လည်း မည်သို့မျှ တိုးတက်မှုမရှိခဲ့ချေ။ အမွေဆက်ခံခြင်း သလင်းကျောက်ကို အသုံးပြု၍ သင်ကြားခြင်းမှအပ သူ့အတွက် ထိုကျင့်စဉ်ကို အသုံးချရန် အခြားဖြတ်လမ်းနည်း မရှိခဲ့ပေ။

သူသာ အမွေဆက်ခံခြင်း သလင်းကျောက်နှင့် မပေါင်းစည်းနိုင်လျှင် လေထုခွဲဖြာခြင်း ပုံစံသုံးမျိုးသည်လည်း သူ့စိတ်ထဲ၌ ပုံရိပ်ယောင်တစ်ခု  အဖြစ်သာ ကျန်ရှိနေမှာ ဖြစ်သည်။ ၎င်းတို့ကို အာရုံခံနိုင်သော်လည်း အသေးစိတ် အချက်အလက်များကိုတော့ ရရှိနိုင်မှာ မဟုတ်ပေ။

အမှန်စင်စစ် သူသည် ကျင့်စဉ်ကို ခံစားမိနိုင်သည်ဆိုလျှင်တောင် ၎င်းက သူ့စိတ်ထဲတွင် မပြတ်မသား ဝိုးတဝါးခံစားချက်တစ်ခု အဖြစ်သာ ရှိနေခြင်းဖြစ်၏။ လေထုခွဲဖြာခြင်း ပုံစံသုံးမျိုးအား မည်သူမျှ ရှင်းရှင်းလင်းလင်း မမြင်နိုင်စေရန် အကာအရံတစ်ခုဖြင့် ဖုံးအုပ်ထားသကဲ့သို့ ဖြစ်သည်။

သုံးရက်မြောက်နေ့ နေ့လည်ခင်းတွင် စုမင်သည် တရားထိုင်နေရာမှ မျက်လုံးများကို ရုတ်တရက်ဖွင့်လိုက်၏။ သူ့မျက်လုံးများအတွင်း စူးရှသော အကြည့်တစ်ခုဖြစ်ပေါ်လာပြီး မြေပြင်ပေါ်မှ ထရပ်လိုက်သည်။ သူ့လက်မောင်းကို တစ်ချက်ဝှေ့ယမ်းလိုက်သည်နှင့် မီးတောက်မျောက်ဝံမှာ အနီရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားလေသည်။ စုမင်သည် ၎င်းကို သိမ်းဆည်းပြီးသည်နှင့် အလင်းတန်းတစ်ခု အသွင်ဖြင့် အပြင်သို့ ပြေးထွက်လိုက်သော်လည်း လျှိုမြောင်ထဲမှတော့ မထွက်ခဲ့ပေ။ ယင်းအစား သူသည် ပိုမိုနက်ရှိုင်းသော အပိုင်းများဆီသို့ ခုန်ဆင်းသွားခဲ့ပြီးနောက်မှ အခြားလမ်းကြောင်းတစ်ခုဆီသို့ ပျံသန်းသွားခဲ့သည်။

အပြင်သို့ ပြေးထွက်လာသောအခါ စုမင်သည် သူ၏ မျက်နှာကို ဖုံးအုပ်ထားနိုင်သော ကောက်ရိုးခါးမောက် တစ်လုံးနှင့် အနက်ရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသဖြင့် လူများက သူ့အား ပထမဆုံးအကြည့်တစ်ချက်တည်းဖြင့် မာန်စွမ်းအားရှင်ဖြစ်ကြောင်း မပြောနိုင်တော့ပေ။ သူသည် မျက်စိတစ်မှိတ်အတွင်း ကောင်းကင်သို့ ဦးတည်ပြေးလွှားသွားခဲ့၏။

စုမင် ထွက်ခွာသွားပြီးနောက် မကြာမီမှာပင် လွန်ခဲ့သော ရက်ပိုင်းက သူ၏ ယာယီနေထိုင်ရာအဖြစ် တည်ရှိခဲ့သော လျှိုမြောင်အပြင်ဘက်ရှိ လေထုမှာ ရုတ်တရက် တွန့်လိမ်ပုံပျက်သွားပြီး လူတစ်ဦး လျှောက်လှမ်းထွက်ပေါ်လာခဲ့သည်။ ထိုလူ၏ အမူအယာမှာ အလွန်အမင်း မည်းမှောင်နေပြီး သူ့ပတ်ဝန်းကျင်တွင်လည်း သတ်ဖြတ်လိုသည့် လေထုတစ်ခု ရှိနေသည်။ ထိုလူမှာ မာန်စွမ်းအားရှင်အိုကြီးပင် ဖြစ်သည်။

ရှာမန်နယ်မြေထဲတွင် စုမင်ကို လိုက်ဖမ်းနေခဲ့သည်မှာ လဝက်ခန့် ရှိနေခဲ့ချေပြီ။ ရှာမန်ကြီးကိုသတ်ရန် သူ၏အချိန် အချို့ကို ဖြုန်းတီးခဲ့ရသည်။ မာန်နတ်ဘုရား၏ စွမ်းအားကို စုမင် အသုံးပြုလိုက်ချိန်တွင် သူအံ့သြမင်သက်သွားသဖြင့် သူ့ရင်ဘတ်ကို ထွင်းဖောက်သွားခဲ့သော ဓားမြောင်ကြောင့် ဖြစ်ပေါ်လာသည့် ဒဏ်ရာကို ကုစားရန် အချိန်ပိုယူခဲ့ရ၏။ သူ့တွင်သာ စုမင်ကို ရှာဖွေရန် ထူးခြားသော နည်းလမ်းတစ်ခု ပိုင်ဆိုင်ထားခြင်းမရှိပါက သူ့အနေဖြင့် စုမင်ကို ရှုံးနိမ့်ခဲ့သည်မှာ ကြာလောက်ချေပြီ။

သို့သော်ငြား စုမင်က သူလာရှာတိုင်း ကြိုသိနေဆဲ ဖြစ်သည်။ ပထမအကြိမ်တွင် မထင်မှတ်ထားသော အကြောင်းပြချက် တစ်ခုခုကြောင့်ဟု တွေးနိုင်သော်လည်း ယခု ဒုတိယအကြိမ် ဖြစ်ပေါ်လာသောအခါ စုမင်တွင် လူမသိသူမသိ လျှို့ဝှက်ဆန်းကြယ်မှု တစ်ခုရှိနေကြောင်း အဘိုးအိုအနေဖြင့် မသိနိုင်စရာ အကြောင်းမရှိတော့ချေ။

'အမွေအနှစ်ကို လက်ခံရရှိခဲ့တဲ့ အစစ်အမှန် စစ်နတ်ဘုရားဆိုတဲ့ အတိုင်းပဲ... မင်းက အခု ရိုးရေစတေးနယ်ပယ် အလယ်ဆင့်မှာပဲ ရှိသေးတာတောင် ငါ့ကို မင်းနောက် ရက်ပေါင်းများစွာ လိုက်ဖမ်းရအောင် လုပ်နိုင်နေပြီ။ မင်းမှာသာ ကြီးထွားဖို့ အခွင့်အလမ်း ရှိခဲ့မယ်ဆိုရင် မာန်ဝိညာဉ်နယ်ပယ်ကိုတောင် ရောက်နိုင်လောက်တယ်'

'မင်းက ရှေ့ကို အများကြီး ပိုဝေးဝေးပြေးနိုင်ပေမယ့် ငါ့ကိုရန်စချင်နေတဲ့ ပုံစံမျိုးနဲ့ အဲလိုမလုပ်ဖို့ ရွေးချယ်ခဲ့တယ်။ ငါမင်းကို အမီလိုက်နိုင်ဖို့ စောင့်နေပြီး ရှာမန်နယ်မြေရဲ့ အနက်ပိုင်းတွေဆီ သွေးဆောင်ခေါ်သွားဖို့ ကြိုးစားနေတာပဲ...'

'ဟမ့် မင်းကလည်း ရှာမန်တစ်ယောက်မှ မဟုတ်တာ။ ဒီလိုလုပ်တာက မင်းကိုလည်း ကောင်းတာဖြစ်စေမှာ မဟုတ်ဘူး' မာန်စွမ်းအားရှင်အိုကြီးသည် အေးစက်စက်ဖြင့် နှာခေါင်းရှုံ့လိုက်၏။ သူ့မျက်လုံးများကို မှိတ်လိုက်ပြီး ခဏအကြာတွင် စုမင် ထွက်ခွာသွားသည့် နေရာအတိအကျကို မြင်လိုက်ရဟန်ဖြင့် မျက်လုံးများကို ပြန်ဖွင့်ကာ အလင်းတန်းတစ်ခုအသွင်ဖြင့် ပြေးထွက်သွားလေသည်။

စုမင်သည် ကောင်းကင်တွင် ပျံသန်းနေ၏။ ဝါးခါးမောက်ဖြင့် ဖုံးအုပ်ထားသော သူ့မျက်နှာမှာ တည်ငြိမ်နေသော်လည်း မျက်လုံးများထဲတွင်တော့ သတ်ဖြတ်လိုသည့် အကြည့်တစ်ခု ရှိနေသည်။ သို့သော်ငြား ထိုလူ၏ ကျင့်ကြံဆင့်မှာ အလွန်မြင့်မားလွန်း၏။ မာန်နတ်ဘုရား၏ စွမ်းအားကို အသုံးမပြုပဲ ဤလူကို သတ်ဖြတ်လိုပါက အလွန်ခက်ခဲပေလိမ့်မည်။

စုမင် တွေးနိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ ဤလူကို သတ်ဖြတ်ဖို့ ရှာမန်များကို အသုံးချရန်သာ ဖြစ်သည်။

ထို့ကြောင့် သူသည် ရှာမန်နယ်မြေထဲသို့ နက်ရှိုင်းစွာ ပျံသန်းလာခဲ့သည်။ သူသာ ယခုလို ဆက်လက်ပျံသန်းနေမည်ဆိုလျှင် တစ်စုံတစ်ဦး၏ အာရုံကို ဖမ်းစားနိုင်လိမ့်မည်ဖြစ်ကြောင်း သေချာသိနေသည်။ ရှာမန်များ ရောက်လာသောအခါ သူ မည်သူမည်ဝါ ဖြစ်ကြောင်း ဖုံးကွယ်ရန် လုပ်ရမည့် ကိစ္စအတွက်လည်း စုမင် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။

နေ့လည်ခင်းက အလျင်အမြန် ကုန်ဆုံးသွားသည်။ နေမင်းကြီးသည် မိုးကုပ်စက်ဝိုင်းတွင် တစ်နေ့တာ၏ နောက်ဆုံး ရောင်ခြည်တန်းများဖြင့် စတင်တောက်ပလာသည့် ဆည်းဆာချိန် ရောက်လာသောအခါ အဘိုးအိုသည် စုမင်အနောက်ဘက် ပေ၂သိန်းအကွာတွင် ရှိနေလေသည်။

အဘိုးအိုသည် ပြေးလွှားနေစဉ်အတွင်း ဆေးရည်ပမာဏ အမြောက်အများ သုံးစွဲခဲ့ရသည်။ သူ့တွင် အလုံအလောက် သိမ်းဆည်းထားမိ၍သာ ကံကောင်းသွားခြင်း ဖြစ်သည်။ သို့မဟုတ်ပါက ယခုလို မြင့်မားသောအမြန်နှုန်းမျိုးကို ထိန်းသိမ်းထားနိုင်ရန် အလွန်ခက်ခဲပေလိမ့်မည်။

စုမင်၏ ခန္ဓာကိုယ်တွင်းရှိ လေ၏ရင်းမြစ်ကြောင့် သူ့အမြန်နှုန်းမှာ အလွန်မြန်ဆန်နေရုံသာမက သူ့စွမ်းအင်ကိုလည်း အနည်းငယ်သာ ကုန်ဆုံးစေသည်။ ဤအရာက လေမာန်စွမ်းအားရှင် တစ်ဦး၏ စွမ်းအားဖြစ်သည်။ စုမင်သည် ၎င်း၏ သေးငယ်သော အစိတ်အပိုင်းလေးကိုသာ ထိန်းချုပ်နိုင်သေးသည် ဆိုသော်လည်း ထိုအရာက လုံလောက်ပေသည်။

သို့သော် ထိုသို့ဆိုလျှင်တောင် စုမင်သည်လည်း ဆေးအမြောက်အများကို သောက်သုံးနေဆဲဖြစ်သည်။ မည်သို့ပင်ဆိုစေ သူ၏ဆေးများသည် အဘိုးအို၏ ဆေးများနှင့်ယှဉ်လျှင် သဘာဝကျကျပင် ပိုမိုမြင့်မားသော အရည်အသွေး ရှိနေလေသည်။ သူတို့နှစ်ဦးအကြား စွမ်းအင်အဆင့် ကွာဟချက်ကို ဆေးများမှ ထိန်းညှိပေးထားမှုကြောင့် နေ့လည်ခင်းတစ်ခုလုံး ကုန်ဆုံးသွားချိန်မှာပင် အဘိုးအိုသည် စုမင်နှင့် ပေနှစ်သိန်း အကွာအဝေးသို့သာ ရောက်ရှိနိုင်ခြင်း ဖြစ်၏။

ထိုသို့မဟုတ်ပါက ၎င်းတို့အကြားရှိ ကြီးမားသော စွမ်းအင်ကွာခြားမှုဖြင့်ဆိုလျှင် စုမင်အနေဖြင့် ရက်ပေါင်းများစွာ ထွက်ပြေးနေနိုင်ရန် လုံးဝဖြစ်နိုင်ခဲ့မည် မဟုတ်ပေ။

အဘိုးအိုမှာ သူနှင့် ပေနှစ်သိန်းသာ ကွာဝေးတော့သည်ကို မြင်လိုက်သော်လည်း စုမင်က အေးဆေးတည်ငြိမ်နေဆဲ ဖြစ်သည်။ သူ့အနောက်ရှိ ဧရိယာကို စစ်ဆေးရန် နတ်ဘုရားစိတ်အာရုံကို စေလွှတ်ပြီးနောက် ပိုမိုမြင့်မားသော နေရာဆီသို့ နောက်တစ်ကြိမ်ထပ်မံ၍ အလျင်အမြန် ပျံသန်းလိုက်သည်။ သူ၏ မြင့်မားသော အမြန်နှုန်းဖြင့် ကောင်းကင်ဘုံကိုးလွှာအထက်သို့ ချက်ချင်းထိုးတက်သွားပြီး အဆုံးမရှိသော လေပြင်းများ တိုက်ခတ်နေသည့် ကောင်းကင်၏ အမြင့်ဆုံးနေရာသို့ ရောက်ရှိသွားသည်။

သူ့အနောက် ပေတစ်သိန်းနီးပါးသို့ ရောက်ရှိလာသော အဘိုးအိုသည် စုမင်အပေါ်သို့ ပျံတက်သွားသည်နှင့် ကျယ်လောင်စွာ ကျိန်ဆဲလိုက်သည်။ သူ့မျက်နှာမှာ  မည်းမှောင်နေပြီး ဘယ်တော့မျှ အရည်မပျော်တော့မည့် ရေခဲသဖွယ် အေးစက်နေခဲ့သည်။ သူ့ရင်ထဲမှလည်း စွမ်းအားမဲ့သော ခံစားချက်များ တိုးထွက်လာနေ၏။

ဤရက်များတွင် သူ စုမင်ကို ဖမ်းမိခါနီး ဖြစ်သွားသည့်အချိန်တိုင်း စုမင်သည် လေပြင်းများ တိုက်ခတ်နေသည့် ကောင်းကင်ဘုံကိုးလွှာအကြားရှိ နေရာသို့ ချက်ချင်းပျံတက်သွားတတ်သည်။ စုမင်၏ အမြန်နှုန်းမှာ အနည်းငယ်ပင် မထိခိုက်သော်လည်း အဘိုးအိုကတော့ အရှိန်လျှော့ချရန် ဖိအားပေးခံလိုက်ရသည်။

တစ်ဦးနှင့် တစ်ဦး အလွန်ဝေးကွာသွားသောအခါ စုမင်သည် လေပြင်းများ တိုက်ခတ်နေသည့် ကောင်းကင်အလွှာတွင် မနေတော့ပဲ တစ်ဖန်ပြင်ဆင်းလာကာ ခပ်နိမ့်နိမ့်အမြင့်တွင် ကြီးမားသော ရန်ပွဲတစ်ခုကို ဖြစ်ပေါ်စေ၏။ သူ့အား အခြားသူများ မြင်တွေ့သွားမည်ကို မကြောက်သည့်ဟန်ဖြင့် ရှေ့သို့ပြေးလွှားနေရင်းမှ ကျယ်လောင်သော ပေါက်ကွဲသံများ ဖြစ်ပေါ်လာစေတတ်သည်။

"သေစမ်း"

အဘိုးအို၏ မျက်လုံးများအတွင်း ဒေါသများ တောက်လောင်နေပြီး ကူကယ်ရာမဲ့သော ခံစားချက်ကြီး တစ်ခုကလည်း သူ့နှလုံးသားအတွင်း မြင့်တက်ဖြစ်ပေါ်လာသည်။ လွန်ခဲ့သော ရက်အနည်းငယ်ခန့်က စုမင်ကို သူလိုက်ဖမ်းနေချိန်တွင် သူ့စွမ်းအားများစွာကို အသုံးပြုရသည့် ကျင့်စဉ်တစ်ခုကို ထုတ်သုံးခဲ့ရာ စုမင်နှင့် ပေရှစ်သောင်းအကွာအဝေးတွင် ချက်ချင်းပေါ်လာခဲ့ပြီး စုမင်ကို သေချာပေါက် ရိုက်ချနိုင်လိမ့်မည်ဟု ထင်သည့် တိုက်ခိုက်မှုတစ်ခုအား စတင်ခဲ့သည်။ သို့သော်လည်း စုမင်က ထိုအရာကို ခံနိုင်ရည်ရှိနေခဲ့သည်။ သူသည် ဒဏ်ရာအပြင်းအထန်ရခြင်းဖြင့်သာ အဆုံးသတ်သွားနိုင်ခဲ့သော်လည်း အဘိုးအိုသည်ကတော့ တန်ပြန်တိုက်ခိုက်မှုကြောင့် အတော်လေး သနားစရာကောင်းသွားခဲ့၏။

ထိုအချိန်မှစ၍ စုမင်သည် သူ့အား ပေရှစ်သောင်း အကွာအဝေးသို့ ရောက်ရန် အခွင့်အရေး မပေးတော့ပေ။ ပုံမှန်အားဖြင့် စုမင်သည် သူတို့အကြား အကွာအဝေးမှာ ပေနှစ်သိန်းခန့် ဖြစ်သွားသည်နှင့် လေပြင်းများ ရှိနေရာဆီသို့ ချက်ချင်းပျံတက်သွားတတ်သည်။

အဘိုးအိုသည်လည်း သူ၏ ရုတ်ခြည်းတည်နေရာရွှေ့ပြောင်းခြင်း ကျင့်စဉ်ကို အသုံးမပြုရဲတော့ပေ။ ထိုကျင့်စဉ်မှာ သူ့စွမ်းအားကို အလွန်အကျွံ သုံးစွဲရသည့်အပြင် ၎င်းကို မသုံးရခြင်း၏ အဓိကအကြောင်းရင်းမှာ စုမင်ကို သတိထားနေမိခြင်းကြောင့် ဖြစ်သည်။

အဘိုးအိုမှာ သူ ဆက်လက်၍ လိုက်လံဖမ်းဆီးသင့်သလား ဆိုသည်ကိုပင်  တွေးတောရုန်းကန် နေရချေပြီ။

***

All Chapters