စွန့်ခွာရန် မဖြစ်နိုင်
Vol. 27 Ch. 366
"ကျင့်ကြံသူလေး ငါ့မှာ မကောင်းတဲ့ စိတ်ဆန္ဒမရှိဘူးဆိုတာ တာဝန်ယူပါတယ်။ နောက်ဆုံးတစ်ကြိမ်တုန်းက မင်းကို တိုက်ခိုက်ခဲ့တယ်ဆိုတာ ငါကမင်းကို အဲနေရာမှာပဲ ရပ်နေစေချင်လို့ပါ" အဘိုးအို၏ စကားလုံးများသည် လေပြင်းများနှင့် အလွှာအတွင်း မျဉ်းဖြောင့်တစ်ကြောင်းသဖွယ် ရှေ့သို့ ရွေ့လျားသွားသည်။
"အဆုံးမှာတော့ မင်းက ငါတို့လူမျိုးတွေရဲ့ စစ်ပြေးတစ်ယောက်ပဲလေ။ စစ်မြေပြင်ကို စွန့်ခွာတယ်ဆိုတာ သစ္စာဖောက်မှုတစ်မျိုးပဲ။ အဲဒါကြောင့်သာ ငါကမင်းကို တိုက်ခိုက်ခဲ့တာပါ။ အစစ်အမှန် စစ်နတ်ဘုရား တစ်ပါးအနေနဲ့ ငါမင်းကို အခွင့်အရေး ပေးနိုင်တယ်။ ငါနဲ့အတူ ကောင်းကင်မြူခိုး မြို့တော်ကို ပြန်လိုက်ခဲ့ပါ။ ငါ မင်းကို ကတိပေးတယ်... မင်းအသက်ကို အန္တရာယ်မဖြစ်စေရပါဘူး"
အဘိုးကြီးသည် ထိုစကားများကို ပြောလိုက်သော်လည်း သူနှင့် ပေသိန်းပေါင်းများစွာ အဝေးတွင်ရှိနေသော စုမင်မှာ နောက်ပြန်လှည့်မကြည့်သည့်အပြင် စကားတစ်ခွန်းမျှမဆိုပဲ ရှေ့သို့သာ ဆက်သွားနေလေသည်။ သူတို့နှစ်ဦးကြား အကွာအဝေးမှာ ပိုမိုကြီးမားလာခဲ့၏။
"မင်းမှာ မာန်နတ်ဘုရားရဲ့ စွမ်းအား ရှိကောင်းရှိလိမ့်မယ်။ ဒါပေမယ့် မင်းရဲ့ အခွင့်အရေးနှစ်ခုကို မဖြုန်းတီးချင်ဘူးဆိုတာတော့ ငါသေချာတယ်။ ဒါ့အပြင် ဒါက ငါ့ရဲ့ကိုယ်ပွားတစ်ခု သက်သက်ပဲ။ ငါ့ကိုယ်ပွားနဲ့တင် မာန်နတ်ဘုရားရဲ့ စွမ်းအားနဲ့ ထိုးနှက်ခြင်းကို တွေ့ကြုံခံစားနိုင်တာဟာ ငါ့အတွက် ကံကောင်းခြင်းတစ်ခုပါပဲ" အဘိုးအိုသည် မျက်နှာထက်တွင် မည်းမှောင်နေသော အမူအယာတစ်ခုနှင့်အတူ ဆက်လက်ပြောဆိုလိုက်၏။
"ဒီလိုဆိုရင်ရော... ငါမင်းကို ဒုက္ခမပေးပါဘူးဆိုပြီး မာန်နတ်ဘုရားရုပ်တုနဲ့ တိုင်တည်ကျိန်ဆိုလိုက်မယ်။ ဒါပေမယ့် မင်းလည်း ဆက်မပြေးရတော့ဘူး။ ငါ့အနားမှာ နေပြီး ငါ့ကို မာန်နတ်ဘုရားရဲ့ စွမ်းအားကို လေ့လာဆန်းစစ်ခွင့်ပြုပါ... စိတ်မပူပါနဲ့ အဲဒါနဲ့ ပက်သက်ပြီး ငါမင်းကို ဘာမှလုပ်ခိုင်းမှာ မဟုတ်ပါဘူး။ ကျေးဇူးဆပ်တဲ့ အနေနဲ့လည်း ငါမင်းကို ရတနာတွေပေးဦးမှာပါ"
အဘိုးအိုမှာ ဤအခြေအနေမျိုး ရောက်သည်အထိ ဖိအားပေးခံခဲ့ရပြီ ဖြစ်သည်။ သူသည် မာန်နတ်ဘုရား၏စွမ်းအားကို လိုချင်တောင့်တသော်လည်း အသက်အန္တရာယ်ရှိသော အကျပ်အတည်းကို ဖြတ်သန်းခဲ့ရပြီးနောက်တွင်တော့ စုမင်အပေါ် မယုံနိုင်လောက်အောင်ပင် သတိကြီးစွာ ထားမိနေချေပြီ။
သို့သော်လည်း စုမင်၏ နှစ်ကြိမ်သာ အသုံးပြုနိုင်သော စွမ်းအားအပေါ် သတိထားနေရခြင်းက သူ့ကို အမှန်ပင် စိတ်ရှုပ်ထွေးစေ၏။ စုမင်ကိုတော့ သူလုံးဝပင် စိတ်ထဲမထည့်ပေ။ ထိုစိတ်ရှုပ်ထွေးမှုသည် စုမင်အား လိုက်လံဖမ်းဆီးလိုခြင်းနှင့် တစ်ချိန်တည်းမှာပင် လိုက်လံ မဖမ်းဆီးလိုခြင်းတို့ကြား ပိတ်မိနေသည့် သူ့ကိုယ်ပိုင်လောဘကြား ရုန်းကန်နေရခြင်းကြောင့် ဖြစ်သည်။
အကယ်၍ သူသာ စုမင်ကို လိုက်လံဖမ်းဆီးပြီး အခွင့်အရေးများထဲမှ တစ်ခုကို အသုံးပြုရသည့် အဆုံးစွန်အထိ ဖိအားပေးခဲ့မည်ဆိုလျှင် အဘိုးအို၏ ကံကြမ္မာမှာ ဟောကိန်းထုတ်ခံလိုက်ရသလို ဖြစ်သွားပေလိမ့်မည်။
သို့သော် ရှာမန်နယ်မြေအတွင်း ဤမျှ ဝေးဝေးအထိ အချိန်ကြာမြင့်စွာ လိုက်လံဖမ်းဆီးခဲ့ပြီးနောက်မှ ယခုလို လက်လျှော့လိုက်မည် ဆိုလျှင်လည်း... သူ ဤရလဒ်ကို လက်ခံလိုက်ဖို့ ဆန္ဒမရှိပါချေ။
သို့သော် သူသည် အနောက်မှ ဆက်လက်လိုက်ပါနေရသော်လည်း သူ့နှလုံးသားအတွင်းရှိ သတိထားနေမှုကြောင့် နှစ်ဦးကြား အကွာအဝေးကို ချုံ့ပစ်ရန် ခက်ခဲနေခဲ့သည်။ ရှာမန်နယ်မြေအတွင်း သို့ နက်ရှိုင်းစွာ တိုးဝင်လာခဲ့ပြီး အချိန်ကြာလာသည်နှင့်အမျှ
သူ ပိုမို၍ စိတ်မသက်မသာ ဖြစ်လာပေလိမ့်မည်။ ဤအကျပ်အတည်းမျိုးက သူ့အား ရူးသွပ်သွားစေပြီး စုမင်ကို အသွေးအသားထဲမှနေ၍ မုန်းတီးလုမတတ် ဖြစ်နေချေပြီ။
အဘိုးအိုသည် လိုက်လံဖမ်းဆီးရင်း တုန့်ဆိုင်းနေစဉ် စုမင်ကတော့ လေပြင်းများကြားမှပင် ၎င်းတို့အကြား အကွာအဝေးကို ပေ၅၀၀၀၀၀ကျော် ပိုမိုဝေးကွာသွားစေပြီ ဖြစ်သည်။ သူတို့နှစ်ဦးကြား ဤအကွာအဝေးမျိုးတွင် သူသည် ကြောက်ရွံ့ခြင်းမရှိ ဆင်းသက်လာပြီး ခပ်နိမ့်နိမ့်အမြင့်တစ်ခုတွင် ရှေ့သို့ ဦးတည်ပြေးလွှားနေရင်းမှ ကျယ်လောင်သော ဆူညံသံကြီး ဖြစ်ပေါ်လာစေလိုက်သည်။
နောက်ထပ် နှစ်ရက်ကြာသည်အထိ ဤကဲ့သို့ ဆက်လက်လည်ပတ်နေခဲ့၏။ ထို့နောက်တွင်တော့ အောက်ခြေရှိမြေကြီးမှာ မီးခိုးရောင် မှုန်းမှိုင်းမှိုင်း မဟုတ်တော့ပဲ စိမ်းလန်းသောမြေကြီးများ ထွက်ပေါ်လာခဲ့ချေပြီ။ သူတို့သည် စွန့်ပစ်နယ်မြှေ ထွက်ခွာလာပြီဖြစ်ပြီး ရှာမန်မျိုးနွယ်စုများ တည်ရှိရာနေရာများနှင့် တစ်ဖြည်းဖြည်း နီးကပ်လာပြီဖြစ်ကြောင်း သိသာထင်ရှားသော လက္ခဏာတစ်ရပ်ပင် ဖြစ်သည်။
ထိုအချိန်မှသာလျှင် အဘိုးအိုသည်လည်း နောက်ဆုံးတွင် သူ့ဆုံးဖြတ်ချက်ကို ချနိုင်သွားခဲ့သည်။ ပေသိန်းပေါင်းများစွာ အဝေးတွင်ရှိနေသော စုမင်အား စိုက်ကြည့်ရင်း အံကြိတ်ကာ ရပ်တန့်သွားသည်။ သူ့မျက်လုံးများအတွင်း အမုန်းတရားများ တောက်လောင်နေသော်လည်း နောက်သို့ပြန်လှည့်ကာ လိုက်လံဖမ်းဆီးခြင်းကို လက်လျှော့လိုက်သည်။ ထိုအစား မူလလမ်းကြောင်းသို့သာ ပြန်လှည့်၍ နောက်သို့ဦးတည်လိုက်လေသည်။
အဆုံးတွင်တော့ သူသည် လက်လျှော့ရန်သာ ရွေးချယ်ခဲ့ဆဲ ဖြစ်သည်။ ဤကဲ့သို့ လိုက်လံဖမ်းဆီးမှုမျိုးသည် မည်သည့်ရလဒ်မျိုးမှ ထွက်ပေါ်လာစေမည် မဟုတ်ပေ။ ဤခက်ခဲသော အခြေအနေနှစ်မျိုး၏ ကောင်းကျိုး၊ ဆိုးကျိုးများကို ချိန်ဆပြီးသည်နှင့် သူ့စွမ်းအားသည်သာ မာန်ဝိညာဉ်နယ်ပယ် အလယ်ဆင့်တွင်ရှိနေပြီး ပိုမိုအစွမ်းထက်သော နတ်ဘုရားစွမ်းရည်မျိုး ပိုင်ဆိုင်ထားမည်ဆိုပါက စုမင်အနေဖြင့် မာန်နတ်ဘုရား၏ စွမ်းအားကို အသက်သွင်းရန် အခွင့်အရေးမရခင်မှာပင် စုမင်ကို သတ်ရန် ပိုမိုကောင်းမွန်သော အခွင့်အလမ်းမျိုး ရှိနိုင်ကြောင်း သိရှိသွားခဲ့သည်။
သို့သော် ယခုတော့ သူ ထိုသို့လုပ်နိုင်စွမ်း မရှိပေ။ ထို့ကြောင့်ပင် ယခုလိုမျိုး ဆက်လက်၍ လိုက်လံဖမ်းဆီးနေမည့်အစား လုံးဝလက်လျှော့လိုက်ခြင်းက သူ့အတွက် ပိုမိုကောင်းမွန်ချေ၏။
သို့သော်ငြား မည်းမှောင်နေသော မျက်နှာအမူအယာဖြင့် အဘိုးအိုသည် လက်လျှော့ရန် ရွေးချယ်လိုက်ပြီး လာရာလမ်းကို ပြန်လှည့်သွားစဉ်မှာပင် စုမင်သည်လည်း လွတ်မြောက်ရန် ဆက်လက်မရွေးချယ်တော့သည်ကို တွေ့ရှိလိုက်ရသည်။ ထိုအစား စုမင်သည် ကစားပွဲကို ပြောင်းပြန်လှန်လိုက်သကဲ့သို့ အဘိုးအိုနောက်မှ လိုက်ပါလာပြီး ယခုတော့ သူ့ကိုပင် လိုက်လံဖမ်းဆီးနေချေပြီ။
၎င်းက အကုန်မဟုတ်သေးပေ။ ထိုသို့သာဆိုလျှင် သူသည် စုမင်ကို လျစ်လျူရှုထားပြီး သူ့နောက်မှ လိုက်ပါခွင့်ပြုထားမှာ ဖြစ်သည်။ လူငယ်လေးသည် ကောင်းကင်မြူခိုး မြို့တော်ဆီသို့ မပြန်ဝံ့ကြောင်း သူသေချာသိနေ၏။ အကယ်၍ စုမင်သာ သူ့အနောက်သို့ ယခုလို လိုက်ပါနေမည်ဆိုလျှင် အဘိုးအိုက မကြာမီမှာပင် သူ့ဘာသာသူ ထွက်သွားပေလိမ့်မည်။ ထို့အပြင် သူသာ အနောက်မှ အချိန်ကြာမြင့်စွာ လိုက်ပါခဲ့မည်ဆိုလျှင် အဘိုးအိုအတွက် မာန်နတ်ဘုရား၏ စွမ်းအားကို ရယူရန် အခွင့်အရေးတစ်ခုပင် ရှိကောင်းရှိလာလိမ့်မှာ ဖြစ်သည်။
အဘိုးအိုအတွက်တော့ ဤသည်က ကောင်းသော အရာတစ်ခု ဖြစ်သည်... ၎င်းက သူ့အနောက်မှ ကျယ်လောင်သော အသံများနှင့် အဝေးမှပင် ကြားနိုင်သည့် စကားလုံးများကို ထည့်မတွက်သ၍ပင်။
စုမင်၏ လိုက်လာမှုနောက်မှ ရည်ရွယ်ချက်ရှိရှိ ဖန်းတီးထားသော ကျယ်လောင်သည့် ပေါက်ကွဲသံများ လိုက်ပါထွက်ပေါ်လာခဲ့သည်။ ရံဖန်ရံခါဆိုသလို လေထုအား ထိုးနှက်လိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသော ထိုပေါက်ကွဲသံ၊ မြည်ဟည်းသံများမှာ လေထုအတွင်း အဆက်မပြတ် ပဲ့တင်ထပ်တုန်ခါနေခဲ့၏။
ဤသည်မှာ ရှာမန်များ၏ နယ်မြေဖြစ်ပြီး အဘိုးအိုအနေဖြင့် ကောင်းကင်မြူခိုး မြို့တော်သို့ ရောက်ရှိရန်လည်း အတော်ဝေးကွာနေသေးသည်။ အကယ်၍ မာန်စွမ်းအားရှင်အိုကြီးသာ သတိထားမည်ဆိုလျှင် သူ့အတွက် တိတ်တိတ်ဆိတ်ဆိတ် ပြန်သွားရန် ဖြစ်နိုင်သော်လည်း... ယခုလို ပေါက်ကွဲသံများသာ သူ့အနောက်တွင် ဆက်ရှိနေဦးမည်ဆိုပါက ဘေးကင်းကင်းဖြင့် ပြန်သွားနိုင်ဖို့ အလွန်ခက်ခဲပေလိမ့်မည်။
'သေစမ်း... သေစမ်း... သေစမ်း'
မာန်စွမ်းအားရှင်အိုကြီးမှာ ရူးသွပ်သွားတော့မလို ခံစားနေရသည်။ မိမိဘက်မှ စုမင်အား လိုက်လံ၍ ဖမ်းဆီးသတ်ဖြတ်ခြင်းကို လက်လျှော့လိုက်ပြီ ဖြစ်သော်လည်း ထိုကောင်စုတ်လေးက သူ့အတွက် ဘာကောင်းလဲဆိုသည်ကို သဘောမပေါက်ပဲ မိမိအပေါ် တွယ်တာနေသလို ပုံစံမျိုး ပြုမူနေသဖြင့် သူ့အပြန်လမ်းကို စိတ်သောကရောက်မှုများနှင့် ပြည့်သွားစေသည်။
ဆူညံသံများမှာ အလွန်အမင်း ပိုမိုကျယ်လောင်လာပြီး သူသာ စုမင်ကို မတားဆီးလျှင် ဘာဆက်ဖြစ်လာမလဲ ဆိုသည်ကိုပင် အဘိုးအို မသိချင်တော့ပေ။ လွန်ခဲ့သော ရက်အနည်းငယ်ခန့်က သူ တစ်ဖက်လူကို လိုက်လံဖမ်းဆီးနေချိန်တွင်လည်း ဤကဲ့သို့ ကျယ်လောင်သောအသံများ ထွက်ပေါ်လာခဲ့ဖူးသဖြင့် ၎င်းတို့က ရှာမန်များ၏ အာရုံကို ဖမ်းစားထားနိုင်လောက်ပြီ ဖြစ်သည်။
ယခုလည်း သူ့အိမ်အပြန်လမ်း၌ ဤအရာမျိုး ဖြစ်ပျက်နေပြန်ချေပြီ။ ယခုလိုကိစ္စများကို စုံစမ်းစစ်ဆေးရန် မည်သည့်ရှာမန်မှ ထွက်လာလိမ့်မည် မဟုတ်ဟုတော့ သူလုံးဝမယုံကြည်ပေ။
အဘိုးအိုသည် ထိုအသံများကြောင့် ရူးသွပ်သွားရုံသာမက အမှန်တစ်ကယ်ပင် ခေါင်းကိုက်လာခဲ့သည်။ ထို့ကြောင့် သူသည် နောက်တစ်ကြိမ် ရပ်တန့်၍ ဦးတည်ချက်ပြောင်းကာ စုမင်အနောက်သို့ လိုက်ဖမ်းရန် ရွေးချယ်လိုက်ရပြန်သည်။
သို့သော် သူဦးတည်ချက် ပြောင်းလိုက်သည်နှင့် စုမင်သည်လည်း အဝေးမှနေ၍ အလားတူအရာမျိုးကို လိုက်လုပ်လေသည်။ သူတို့နှစ်ဦးသည် ပြေးသူနှင့်လိုက်သူ ဇာတ်ရုပ်များကို ပြန်လည်စတင်လိုက်ကြပြန်၏။ မပြောင်းလဲသည့် တစ်ခုတည်းသောအရာမှာ ကျယ်လောင်သော ဆူညံသံများသာ ဖြစ်သည်။ ထိုအသံများသည် လေထဲတွင် မြည်ဟည်းနေပြီး လွင့်ပါးပျောက်ကွယ် မသွားခဲ့ချေ။
အဘိုးအိုသည် ထိုဆူညံသံကို ကြားလိုက်ရသောအခါ မယုံနိုင်လောက်အောင် တုန်လှုပ်သွားပြီး တစ်ချိန်တည်းမှာပင် ကြောက်လန့်သွားခဲ့၏။ သူသည် လိုက်သူ ဖြစ်နေလျှင်တောင် ထိုဆူညံသံများကြောင့် ရှာမန်များ အာရုံစိုက်လာမည်ကို စိုးရိမ်နေရသဖြင့် သူ့ပတ်ဝန်းကျင်ကို များစွာ အာရုံစိုက်နေရလေသည်။
သူ၏ ယခုလက်ရှိ စိတ်အခြေအနေမှာ ညသန်းခေါင်တွင် ရှာဖွေထုတ်ဖော်ခြင်း မခံရပဲ တိတ်တဆိတ် လှုပ်ရှားလိုသော်လည်း နံဘေးနားတွင် ကျယ်လောင်သော ဆူညံသံများ အမြဲတစေရှိနေသည့် လူတစ်ဦးသဖွယ် ဖြစ်နေလေသည်။
အဘိုးအိုမှာ မျက်လုံးများပင် နီရဲလာခဲ့သည်။ ဤသည်မှာ ရိုးရေစတေးနယ်ပယ်မှ လူတစ်ဦးကို သူပထမဆုံးအကြိမ် ကြောက်ရွံ့ဖူးခြင်း ဖြစ်ပြီး ကြောက်ရွံ့ရခြင်း အကြောင်းရင်းမှာလည်း စုမင်တွင်ရှိနေသော မာန်နတ်ဘုရား၏ စွမ်းအားကြောင့်မဟုတ်ပဲ စုမင်၏လုပ်ရပ်များကြောင့် ဖြစ်နေ၏။
ထိုလုပ်ရပ်များသည် သူ့ဆံပင်များကိုပင် ခေါင်းမှ ဖြတ်ပစ်ချင်မတတ် ဖြစ်လာစေသည်။ အချိန်အတော်ကြာ လိုက်ဖမ်းပြီးနောက် အဘိုးအိုမှာ စိတ်ပျက်ဒေါသထွက်စွာဖြင့် လွှတ်ခနဲ အော်ဟစ်လိုက်မိတော့မလို ဖြစ်သွားသော်လည်း ၎င်းကို ပြန်လည်မြိုသိပ်လိုက်ရသည်။ ထို့နောက် သူ့ခေါင်းကိုလှည့်ကာ လိုက်လံဖမ်းဆီးခြင်းကို နောက်တစ်ကြိမ် လက်လျှော့လိုက်ပြီး ကောင်းကင်မြူခိုး မြို့တော်ဆီသို့ အရှိန်အပြည့်တင်၍ ပြန်လည်ဦးတည်လိုက်လေသည်။
သူ့အနောက်မှ စုမင်သည်လည်း အေးအေးဆေးဆေးပင် ဦးတည်ရာကို ပြောင်းလဲလိုက်ပြီး ကောင်းကင်နှင့် မြေပြင်ကိုပင် တုန်ခါစေသည့် ဆူညံသံများကို ဖန်တီးရင်း နောက်မှ လိုက်ပါလာလေသည်။
အဘိုးအို အရှိန်မြှင့်လျှင် စုမင်သည်လည်း အရှိန်မြှင့်၏။
အဘိုးအို အရှိန်လျှော့လျှင် စုမင်သည်လည်း လိုက်နှေးသွားပေလိမ့်မည်။ သူ ရပ်တန့်လျှင် စုမင်သည်လည်း ရပ်တန့်သွား၏။ သူတို့နှစ်ဦးကြားရှိ ပေသိန်းပေါင်းများစွာမှာ ထာဝရတည်ရှိနေသလိုပင် ဖြစ်နေခဲ့သည်။
'မင်းသာ ရှာမန်တွေကို မျှားခေါ်နိုင်ပြီးတာနဲ့ အဲဒါကို ဘယ်လိုဆက်ကိုင်တွယ်မလဲ ဆိုတာ ငါကြည့်ချင်မိတယ်။
မင်းလို ရိုးရေစတေးနယ်ပယ်မှာပဲ ရှိသေးတဲ့ လူတစ်ယောက်ကတောင် မကြောက်ရင် ဘာလို့များ ငါက ကြောက်နေရဦးမှာလဲ'
ထိုအချိန်တွင် အဘိုးအို၏ မျက်လုံးများမှာ နီရဲလာသည်။ ရိုးရိုးသားသားဆိုရလျှင် သူသည် စုမင်၏လုပ်ရပ်များကြောင့် စဉ်းစားဆင်ခြင်နိုင်စွမ်း မရှိတော့သဖြင့် စကားတစ်ခွန်းမျှမဆိုပဲ ရှေ့ဆက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ သူမြိုသိပ်ထားရသော စိတ်ပျက်ဒေါသများဖြင့် သူ့အရှိန်ကို မြှင့်တင်လိုက်သလိုပင် ဖြစ်၏။
သူတို့နှစ်ဦးသည် ရှေ့ဆင့်နောက်ဆင့် ဆိုသလို ရှေ့ကို ဆက်တိုးခဲ့ကြသည်။ မည်သို့ပင်စဉ်းစားပါစေ စုမင်သည်သာ အဘိုးအိုကို လိုက်လံဖမ်းဆီးနေသည့်ပုံ ပေါ်နေလေသည်။ သို့သော်လည်း ၎င်းတို့အကြားရှိ အလွန်ကြီးမားသော စွမ်းအားကွာခြားချက်က ဤလိုက်လံဖမ်းဆီးမှုအား အလွန်အမင်း ထူးဆန်းနေသည့်ပုံ ပေါ်သွားစေသည်။
ရိုးရေစတေး နယ်ပယ်အလယ်ဆင့်မှ လူတစ်ဦးသည် မာန်ဝိညာဉ်နယ်ပယ် ကနဦးဆင့်မှ လူတစ်ဦးနောက်သို့ လိုက်လံဖမ်းဆီးနေခြင်း...
သုံးရက်ကြာအောင် လိုက်လံဖမ်းဆီးပြီးသည်နောက် ရှာမန်နယ်မြေအတွင်း ကျယ်လောင်သော ဆူညံသံများ ဖန်တီးနေခဲ့သည့် စုမင်၏ လုပ်ရပ်မှာ နောက်ဆုံးတွင်တော့ ရှာမန်မျိုးနွယ်စုဝင်များ၏ အာရုံကို ဖမ်းစားသွားနိုင်ခဲ့ချေပြီ။
အမှန်စင်စစ် ထိုဧရိယာအတွင်းရှိ ရှာမန်အများစုမှာ စစ်ပွဲဆီသို့ ထွက်ခွာသွားကြပြီး ဖြစ်သည်။ ထို့ကြောင့်လည်း စုမင်နှင့် အဘိုးအိုတို့သည် ဤကာလအတွင်း ၎င်းတို့အား တားဆီးရန်ကြိုးစားမည့် ရှာမန်များနှင့် မရင်ဆိုင်ခဲ့ရခြင်းပင်။
ယခုအခါမှသာ စစ်မြေပြင်မှ ရှာမန်များ ပြန်ရောက်လာခြင်းဟုလည်း မဆိုလိုပေ။ ထိုအစား စုမင်နှင့် အဘိုးအိုတို့သည် ကောင်းကင်မြူခိုး မြို့တော်ရှိ စစ်မြေပြင်သို့ ဦးတည်သွားနေသော ရှာမန်စစ်သည်တော် အဖွဲ့အသစ်တစ်ခု၏ အာရုံကို ဖမ်းစားသွားခဲ့ခြင်းသာ ဖြစ်၏။
အတိအကျဆိုရလျှင် ဤအရာမှာ ရွှေ့ပြောင်းအခြေချနေသော မျိုးနွယ်စုတစ်ခု ဖြစ်သည်။
မျိုးနွယ်စုရှိ စစ်သည်များသည် အဖွဲ့များစုဖွဲ့၍ ရှေ့သို့ဦးတည်ရွေ့လျားနေစဉ်အတွင်း သူတို့မျိုးနွယ်စုကို ကာကွယ်နေကြသည်။ တစ်ချိန်တည်းမှာပင် မျိုးနွယ်စုသည်လည်း ၎င်းတို့အတွက် စီစဉ်ပေးထားသော နေရာသို့ ရောက်သည်နှင့် မျိုးနွယ်ဝင်အများအပြားမှာ ကောင်းကင်မြူခိုး မြို့တော်အပြင်ရှိ ရှာမန်မျာစုဝေးရာဆီသို့ ဦးတည်ထွက်ခွာကြပေလိမ့်မည်။
ရှာမန်လူမျိုးစုအတွင်း ယခုလို ပြောင်းရွှေ့အခြေချကျသော မျိုးနွယ်စုများ များစွာရှိသည်။ စုမင်နှင့် အဘိုးအိုတို့ ကြုံလိုက်ရသော မျိုးနွယ်စုမှာ ၎င်းတို့ထဲကတစ်ခုသာ ဖြစ်၏။
၎င်းတို့အား ကောင်းကင်ကိုပင် ဖုံးလွှမ်းသွားပုံပေါ်သည့် အနက်ရောင်အရိပ်များဖြင့် ဖွဲ့စည်းထားသည်။ သိပ်သည်းလှသော ထိုအရိပ်များမှာ အရေအတွက် ထောင်ပေါင်းများစွာ ရှိနေသည်။ အနက်ရောင်အရိပ် တစ်ခုစီတိုင်းမှာ အလွန်သေးငယ်သော မက်ကရယ်ငါးများ ဖြစ်သည်။
ကြီးမားသော မက်ကရယ်ငါးကြီး တစ်ကောင်သည် တိမ်များအကြား ကူးခတ်နေပြီး ၎င်း၏ကျောပေါ်တွင် ရှာမန်စစ်သည်တစ်ဦး ရှိနေသည်။ မြေပြင်ထက်တွင်လည်း ထောင်ပေါင်းများစွာသော ရှာမန်များ သွားလာနေကြသဖြင့် မြေပြင်ကိုပင် တုန်ခါနေစေသည်။
ပေသိန်းပေါင်းများစွာ အရွယ်အစားရှိသော စတုရန်းပုံ အခွံများဖြင့် လိပ်ပုံသဏ္ဍာန် သားရဲရိုင်း ကိုးကောင်သည်လည်း ၎င်းတို့ကို အနောက်မှ အကာအကွယ် ပေးထားကြသည်။
ထူးဆန်းသော လိပ်ကြီးကိုးကောင် အပေါ်တွင်လည်း ရှာမန်အများအပြား ထိုင်နေကြသည်။ မြေပြင်ပေါ်မှ ဆွဲဖြုတ်ကာ အခွံပေါ် တင်ထားပုံပေါ်သည့် အဆောက်အဦး အချို့လည်း ရှိနေသည်။
၎င်းတို့ အနောက်ဝေးဝေးတွင်တော့ လေထုအတွင်း လွင့်ပျံနေသော ဖုန်မှုန့်များနှင့်အတူ အဆုံးသတ်ကိုပင် မမြင်နိုင်သည့် အဖွဲ့တစ်ခုသဖွယ် လူတန်းရှည်ကြီး ရှိနေ၏။ ဤသည်မှာ မျိုးနွယ်စုငယ်လေးတစ်ခု၏ ရွှေ့ပြောင်းခြင်းမဟုတ်ပဲ ရှာမန်နယ်တစ်ကြောမှ မျိုးနွယ်စုကြီးတစ်ခု ဖြစ်သည်မှာ ထင်ရှားလို့နေသည်။
ဤမျိုးနွယ်စုမျိုးအတွင်း သန်မာသော အဆုံးသတ်ရှာမန်များပင် ရှိလာပေလိမ့်မည်။ စုမင်သည် မာန်စွမ်းအားရှင်အိုကြီးနောက်မှ လိုက်ပါလာရင်း အဝေးမှလာနေသော ကြောက်မက်ဖွယ် အရေအတွက်ဖြင့် ရှာမန်များကို သူတို့နှစ်ဦးလုံး သတိပြုမိသွားကြသည်။ ရှာမန်များသည်လည်း အဝေးမှ မာန်စွမ်းအားရှင်အိုကြီးနှင့် စုမင်တို့ကို မြင်တွေ့သွားကြသည်။
အမှန်စင်စစ် ထိုရှာမန်များသည် စုမင်နှင့် မာန်စွမ်းအားရှင်အိုကြီးတို့ကို မတွေ့မီတည်းကပင် ကျယ်လောင်သော အသံများကို အရင်ကြားခဲ့ခြင်းဖြစ်သည်။
၎င်းတို့အများစုသည် အရှေ့မှ မာန်စွမ်းအားရှင်အိုကြီးကို လေ့လာပြီးသည်နှင့် ၎င်း၏ မယုံနိုင်ဖွယ် စွမ်းအား၊ ဖုံးကွယ်မထားသော မျက်နှာတို့ကြောင့် ထိုသူက ရှာမန်တစ်ဦးမဟုတ်ကြောင်း သိသွားကြသည်။
ပိုအရေးကြီးသည်မှာ သူက ထွက်ပြေးလာခြင်း ဖြစ်သည်။
ရှာမန်နယ်မြေအတွင်း မာန်စွမ်းအားရှင်တစ်ဦး အရှေ့မှ ပြေးလွှားနေရခြင်းမှာ ယုတ္တိတန်သော အရာတစ်ခုဖြစ်သည်။ ထို့ကြောင့်ပင် သူ့အနောက်မှ လိုက်လံဖမ်းဆီးနေသူသည် သူ့ရန်သူသာ ဖြစ်ပြီး
ရှာမန်နယ်မြေထဲတွင်တော့ မာန်စွမ်းအားရှင်များအတွက် တစ်မျိုးတည်းသော ရန်သူမှာ ရှာမန်များသာ ဖြစ်သည်ဟု ယူဆလို့ရပေသည်။
ထို့အပြင် စုမင်သည် ကောက်ရိုးခါးမောက်တစ်လုံးကို ဝတ်ဆင်ထားပြီး နတ်ဘုရားစိတ်အာရုံမှတစ်ဆင့် ရှာမန်အုပ်စုကြီးကို သတိပြုမိလိုက်သည်နှင့် ဝိညာဉ်လုယက်တစ်လုံးကို ထုတ်ယူလိုက်သည်။ သို့သော် ၎င်းကို သူ့နံဘေးတွင်မထားပဲ လက်ထဲတွင်သာ ဆုပ်ကိုင်ထားလိုက်သည်။ သို့သော်ငြားလည်း ဆေးလုံးထံမှ ထူးခြားသော အနက်ရောင်အလင်းနှင့် စုပ်ယူစွမ်းအားတို့မှာ ဖြန့်ကျက်ထွက်ပေါ်လာဆဲဖြစ်ပြီး စုမင်ဝန်းကျင်ရှိ လေထုကို ပုံပျက်နေသလို ဖြစ်သွားစေခဲ့သည်။ ထို့ကြောင့်ပင် ပထမဆုံး အကြည့်တစ်ချက်ဖြင့်ဆိုလျှင် သူ့ပုံစံမှာ သူယခင်က တွေ့ဖူးသော စိတ်ဝိညာဉ်ဖမ်းစားသူ လူငယ်နှင့် အတော်တူသွားခဲ့သည်။
ထို့အပြင် ခြောက်ကပ်အက်ကွဲနေသော အသံဖြင့် ပြောလိုက်သည့် စုမင်၏ စကားလုံးများကလည်း ရှိနေသေး၏...
"ငါ့နောက်က အနွယ်တူ မျိုးနွယ်ဝင်တို့ မင်းတို့က ဘယ်ကများလဲ။ ငါက ဖွတ်ရှာမန်မျိုးနွယ်စု (ဖွတ်လူရိုင်းမျိုးနွယ်စု)က အလယ်အလတ် စိတ်ဝိညာဉ်ဖမ်းစားသူ မော့စုပါ။ ကျေးဇူးပြုပြီး ဒီလူကိုသတ်ဖို့ ကူညီပေးကြပါ။ သူက မာန်ဝိညာဉ်နယ်ပယ် ကနဦးဆင့်က အစွမ်းထက် မာန်စွမ်းအားရှင် တစ်ယောက်ပဲ"
အရှေ့မှ လျင်မြန်စွာ ပြေးလွှားနေသော မာန်စွမ်းအားရှင်အိုကြီးမှာ ထိုစကားများကို ကြားသောအခါ သွေးအန်လုမတတ် ဖြစ်သွားရသည်။
သူ့တွင် တဟုန်ထိုးပြေးလွှားရင်း ပြန်ပြောနေရန် အချိန်မရှိသဖြင့် စိတ်ထဲမှသာ စတင်ကျိန်ဆဲလိုက်သည်။
'အဲဒီရှာမန်တွေကို မျက်စိကန်းနေတယ်လို့များ သူထင်နေတာလား။ အလယ်အလတ် စိတ်ဝိညာဉ်ဖမ်းစားသူပေါ့၊ ဟာသပဲ... ဟမ့်'
သူ့အတွေးများသည် တစ်ဝက်တစ်ပျက်မှာပင် ရုတ်ခြည်း ရပ်တန့်သွားခဲ့ရလေသည်။
***