အခန်း (၉၇၁-၉၇၂)
Vol. 81 Ch. 971-972
အခန်း ၉၇၁ – ချဉ်းကပ်လာနေသော အခြားကျွန်းသစ်တစ်ခု
ရှောင်းယီသည် သူ၏ကျွန်းအထိမ်းအမှတါကျောက်တိုင်ကို ယီထျန်းဂရုချတ်သို့ ချက်ချင်းပြောင်းလိုက်သည်။
“ကိုယ့်လူတို့... ကျုပ် ဘာတွေ့ခဲ့လဲဆိုတာ ခန့်မှန်းကြည့်ကြစမ်း။”
“ဘာပဲဖြစ်ဖြစ် ဖိုရမ်မှာပဲ တင်လိုက်ပါလား ပိုလွယ်တာပေါ့။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှာ ဘာလို့ စာရိုက်နေသေးတာလဲ။”
“ခဏနေရင် တင်မှာပါ။ အရင်ဆုံး ပြောပြချင်တာက... ကျုပ်ဆီကို မျောပါလာနေတဲ့ နောက်ထပ်ကျွန်းတစ်ကျွန်းကို လှမ်းမြင်နေရပြီ။ တော်တော်တော့ ဝေးသေးတယ်။”
“ဘာ... မသေမျိုးမျိုးနွယ်စုတွေ တစ်ကျော့ပြန် တိုက်ခိုက်လာပြန်ပြီလို့တော့ မပြောနဲ့နော်။”
“ကျုပ်ဆိုရင် နောက်ဆုံးတိုက်ခဲ့တဲ့ မသေမျိုးကျွန်းကိုတောင် ရှင်းလို့ မပြီးသေးဘူး။ သေခြင်းချီတွေကိုတောင် အကုန်မဖယ်ရှားရသေးဘူးလေ။”
“ဘုရားသခင်ရယ်... ကျုပ်တို့ကို အသက်ရှူပေါက်လေးတော့ ပေးပါဦး။”
“ဘုရားသခင်ကို ဆုတောင်းနေလို့ ဘာမှမထူးဘူး။ သူဌေးကို အကူအညီတောင်းတာကမှ ပိုကောင်းဦးမယ်။ သူသာမရှိရင် ခင်ဗျားတို့ အခုထက် ပိုဆိုးတဲ့ဒုက္ခတွေနဲ့ ရင်ဆိုင်နေရမှာ။”
“သူဌေးကို ကျေးဇူးတင်တာကတော့ ဟုတ်ပါပြီ။ ဒါပေမဲ့ ဒီကမ္ဘာ့စည်းမျဉ်းတွေက ကျုပ်တို့ကို ကစားနေတာ ရပ်လိုက်ရင် ကောင်းမယ်။”
“ခုနက စကားပြောတဲ့လူ... အဲ့ဒီကျွန်းမှာ မသေမျိုးတွေနဲ့ ပြည့်နေတာလားဆိုတာ မြင်ရလား။”
“ငါ အတည်ပြုနိုင်ပါတယ်။ မသေမျိုးတွေ မဟုတ်ဘူး။ အဲ့ဒီနေရာက စိမ်းစိုနေတာပဲ။”
“တော်သေးတာပေါ့... မသေမျိုးတွေ မဟုတ်ရင် ပြီးတာပဲ။”
“တော်သေးတယ် ဟုတ်လား။ မသေမျိုးမဟုတ်ရင် တခြားမျိုးနွယ်စုတွေ ဖြစ်မှာပေါ့။ အဲ့ဒီကျရင် သူတို့ရဲ့ တိုက်ခိုက်ပုံတွေကို အစကနေ ပြန်လေ့လာနေရဦးမယ်။”
“ဒီကမ္ဘာ့စစ်မြေပြင်က ငါတို့ကို တခြားမျိုးနွယ်စုတွေနဲ့ပါ ရင်ဆိုင်ခိုင်းနေတာလား။”
ထိုမေးခွန်းသည် ဂရုချတ်ထဲရှိ အသက်ရှင်ကျန်ရစ်သူတိုင်း၏ စိတ်ထဲတွင် ရှိနေသကဲ့သို့ ရှောင်းယီ စိတ်ထဲတွင်လည်း ရှိနေခဲ့သည်။
သူ သိထားသရွေ့ သူတို့၏ တစ်ခုတည်းသော ရန်သူမှာ မသေမျိုးမျိုးနွယ်စုသာ ဖြစ်သင့်သည်။ သို့ဆိုလျှင် အဘယ်ကြောင့် အသက်ရှင်ကျန်ရစ်သူများ၏ ကျွန်းများဆီသို့ အခြားကျွန်းတစ်ကျွန်း မျောပါလာရသနည်း။
ရှောင်းယီကမူ ဤသည်မှာ နောက်ထပ် စမ်းသပ်မှုတစ်ခု ဖြစ်လိမ့်မည်ဟု တွေးလိုက်မိသည်။
“ငါ ဟိုမသေမျိုးကျွန်းပေါ်က သေခြင်းချီတွေကို အကုန်စင်အောင် သန့်စင်လိုက်လို့များလား။”
သူ မသေမချာ ရေရွတ်လိုက်မိ၏။
အကယ်၍ ထိုသို့သာ မှန်ကန်ပါက သူသည် မြေပုံသစ်တစ်ခုကို ဖွင့်လိုက်ခြင်း ဖြစ်ပေလိမ့်မည်။
သူ ကျန်းယွင်ထျန်းထံ ဖုန်းခေါ်ရန် ပြင်လိုက်စဉ်မှာပင် ဖုန်းဝင်လာခဲ့သည်။
ဖုန်းကိုင်လိုက်ပြီးနောက် ရှောင်းယီက မေးလိုက်သည်။
“ငါတို့ဆီကိုလည်း ကျွန်းအသစ်တစ်ကျွန်း ချဉ်းကပ်လာနေတာလား။”
ကျန်းယွင်ထျန်း ခဏမျှ ဆွံ့အသွားပြီး ပြန်ဖြေလိုက်သည်။
“ဂရုချတ်ထဲမှာ တစ်ယောက်ယောက် ပြောထားပြီးပြီလား။”
“အင်း”
ကျန်းယွင်ထျန်းက ဆက်ပြောသည်။
“ဟုတ်တယ်။ ငါတို့ မဟာမိတ်ကျွန်းစုရဲ့ အရှေ့တောင်ဘက်၊ မြောက်ဘက်နဲ့ အနောက်ဘက်တွေမှာ ကျွန်းတွေ ချဉ်းကပ်လာတာကို တွေ့ရတယ်။”
“တစ်ခါတည်းနဲ့ သုံးကျွန်းတောင်လား။”
ရှောင်းယီ အံ့အားသင့်သွား၏။
“ဟုတ်တယ်။ အသေးစိတ်ကို မြင်ရဖို့ ဝေးလွန်းသေးပေမဲ့ မသေမျိုးကျွန်းတွေတော့ မဟုတ်တာ သေချာတယ်။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။ ရှောင်းယီ ခေါင်းညိတ်လိုက်သည်။
“ကင်းထောက်သင်္ဘောတွေ လွှတ်လိုက်။ ခပ်လှမ်းလှမ်းကပဲ စောင့်ကြည့်ဖို့နဲ့ အနားမကပ်ဖို့ သတိပေးလိုက်ပါ။”
“လက်ခံရရှိပါပြီ။”
“ပြီးတော့ ငါ အရှေ့တောင်ဘက်ကျွန်းကို အခုချက်ချင်း လာခဲ့မယ်။”
ရှောင်းယီက ထပ်ပြောလိုက်သည်။
“နားလည်ပြီ။”
သူ ထိုင်ခုံမှာတောင် မထိုင်ရသေးမီ မြို့ပြန်ကျောက်ကို အသုံးပြုကာ မဟာမိတ်အဖွဲ့၏ အရှေ့တောင်ဘက်ကျွန်းသို့ ရောက်ရှိသွားခဲ့သည်။
ထိုနေရာ၏ တာဝန်ခံ ဝမ်ရှင်းက တည်နေရာကူးပြောင်းခြင်း အမှတ်တွင် စောင့်နေပြီဖြစ်သည်။
“ကျွန်းပိုင်ရှင်... ကားပေါ်တက်ပါ။”
သူမက ပြောလိုက်သည်။ ထို့နောက် သူတို့သည် ကားပေါ်တက်ကာ ကမ်းခြေသို့ အမြန်မောင်းနှင်ခဲ့ကြ၏။ ကမ်းခြေရောက်သော် ဝမ်ရှင်းက ပြောလာခဲ့သည်။
“ကင်းထောက်တွေရဲ့ အဆိုအရ ကျွန်းက ကီလိုမီတာ ၃၀ အကွာမှာ ရှိနေပါတယ်။”
“သင်္ဘောနဲ့ သွားကြည့်ရအောင်း။”
ရှောင်းယီက သံချပ်ကာစစ်သင်္ဘောပေါ်သို့ တက်ရင်း ပြောလိုက်သည်။
စစ်သင်္ဘော ထွက်ခွာသွားစဉ် သူသည် သတင်းအချက်အလက်များ ပိုမိုရရှိရန်အတွက် အသက်ရှင်ကျန်ရစ်သူများ ဖိုရမ်ကို ဖွင့်ကြည့်လိုက်သည်။
ထင်သည့်အတိုင်းပင် မျောပါလာသောကျွန်းနှင့် ပတ်သက်သည့် ပထမဆုံးပို့စ်မှာ ‘ပင်’ လုပ်ခြင်း ခံထားရ၏။
အားလုံးက ထိုပို့စ်အောက်တွင် မှတ်ချက်များ ပေးနေကြသည်။
“ငါတို့ မဟာမိတ်အဖွဲ့ဆီမှာလည်း တစ်ကျွန်း တွေ့ထားတယ်။”
“ဒီမှာလည်း အတူတူပဲ။”
“အားလုံး ဒီအတိုင်းပဲ ကြုံနေရတာ ကြည့်ရရင် ဒါက ကမ္ဘာ့စည်းမျဉ်းတွေဆီက စမ်းသပ်မှုတစ်ခု ဖြစ်မှာ သေချာတယ်။”
“ကျုပ်တို့ ဘာလုပ်ကြမလဲ။ တစ်ခုပြီးတစ်ခုကို စမ်းသပ်နေတော့တာပဲ...။ အသက်ရှူပေါက်လေးတောင် မပေးတော့ဘူးလား။”
“သူဌေးကိုပဲ မေးကြည့်ကြရအောင်။ အဆင်ခြင်မဲ့ သွားမလုပ်တာ အကောင်းဆုံးပဲ။”
“ဟုတ်တယ် သူလည်း ဒီဖိုရမ်မှာ အကောင့်ရှိမလား သိချင်မိတယ်။”
“ရှိမှာပေါ့ မရှိရင်တောင် ယီထျန်းဂရုချတ်ထံကစာတွေကို သူ မြင်မှာပါ။”
ထိုစာများကို ဖတ်ပြီးနောက် ရှောင်းယှက ဝင်ရောက်မှတ်ချက်ပေးလိုက်သည်။
“ကျုပ် မြင်ပါတယ်။ အခု စုံစမ်းစစ်ဆေးနေပါပြီ။”
သူ ပို့စ်တင်လိုက်သည်နှင့် လူတိုင်းက ချက်ချင်းပင် သတိထားမိသွားကြ၏။
“သူဌေး ဖိုရမ်ပေါ်မှာ ရှိနေတယ်ဟေ့...။ အားလုံး စိတ်အေးအေးထားကြ။ သူ သွားစစ်ဆေးနေပြီ။”
“ဟုတ်တယ်။ ငါတို့ ဒီမှာ အသက်ရှင်လာတာ ၉၈ ရက် ရှိနေပြီ။ ရက်ပေါင်း ၁၀၀ ပြည့်ဖို့ ၂ ရက်ပဲ လိုတော့တယ်...။ တောင့်ခံထားကြ။”
“အမ်...ငါ သတိမထားမိလိုက်ဘူး။ ဒီနေ့က ၁၄ ပတ်မြောက်ရဲ့ နောက်ဆုံးနေ့ပဲ။”
“ဟုတ်တယ်...။ ပင်လယ်ရေက ကျွန်းအုတ်မြစ်ကျောက်တွေကို တိုက်စားနေတာကို ဘယ်သူ ဂရုစိုက်နေမှာလဲ။ ကျုပ်ကတော့ ရက်ပေါင်း ၁၀၀ စံချိန်တင်ဖို့ပဲ စိတ်စောနေမိပြီ။”
“နောက်ထပ် ၂ ရက်ပါပဲ...။ တိုက်ပွဲဝင်ကြစို့။”
ရှောင်းယီက ခေါင်းခါလိုက်ပြီး မှန်ပြောင်းကို မြှောက်ကာ အနားသို့ ကပ်လာသော ကျွန်းကို လေ့လာလိုက်သည်။ သေချာကြည့်ပြီးနောက် သူ မျက်မှောင်ကြုတ်သွားမိ၏။
ကျွန်းတစ်ခုလုံးတွင် သစ်ပင်ချုံနွယ်များ ထူပိတ်နေပြီး အတွင်းထဲ၌ ဘာရှိသည်ကို မမြင်ရဘဲ ပတ်ပတ်လည်ရှိ ကမ်းခြေကိုသာ မြင်နေရသည်။
“ကျွန်းပိုင်ရှင်... ဒါ ဘယ်လိုနေရာမျိုးလဲဆိုတာ လုံးဝ ခန့်မှန်းလို့ မရဘူး။”
ဘေးရှိ ဝမ်ရှင်းကလည်း ဝေခွဲမရစွာ တိုးတိုးလေး ပြောလိုက်သည်။ ရှောင်းယီက ခေါင်းညိတ်လိုက်၏။
“အတွင်းထဲအထိ ဆင်းကြည့်မှပဲ သိရတော့မယ်။”
“အခုချက်ချင်း ဆင်းဖို့က အရမ်း အန္တရာယ်များမနေဘူးလား။”
သူမက မေးလိုက်သည်။
“ဟုတ်တယ်။ အဲ့ဒါကြောင့် အဲ့ဒီကျွန်း ငါတို့ကျွန်းနဲ့ လာပေါင်းတဲ့အထိ စောင့်ရမယ်။”
သူက တင်းမာသော မျက်နှာပေးဖြင့် ပြန်ဖြေလိုက်သည်။
“လောလောဆယ်တော့ ပြန်ကြရအောင်။”
ထိုအတောအတွင်း အခြားသော အရပ်မျက်နှာနှစ်ခုမှလည်း သတင်းပို့လာကြ၏။ ၎င်းမှာလည်း သစ်ပင်များ အုပ်ဆိုင်းလွန်းသဖြင့် အတွင်းပိုင်းကို မမြင်ရကြောင်းပင်။
“မဟာမိတ်ကျွန်းစုကို ပြန်ကြမယ်။ ခံစစ်စည်းတွေ ချထားလိုက်ပါ။ အဲ့ဒီမှာ ဘာတွေပဲ ရှိနေနေ... ငါတို့မြေပေါ်ကို ခြေတစ်လှမ်းတောင် အနင်းမခံစေနဲ့။”
ရှောင်းယီ အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့။”
ကမ်းခြေသို့ ပြန်ရောက်သောအခါ ကျွန်းချင်း တိုက်မိရန် အချိန်အနည်းငယ် လိုသေးကြောင်း သူ သိလိုက်ရသည်။
သူ ဖိုရမ်ကို ပြန်ဖွင့်ကြည့်လိုက်ရာ ပို့စ်အသစ်အချို့ တက်လာသည်ကို တွေ့လိုက်ရလေသည်။
“သစ်ပင်တွေ အရမ်းထူလွန်းတယ်။ ဘာမှကို မမြင်ရဘူး။”
“အနီးကပ်ဓာတ်ပုံတွေ တင်ပေးလိုက်ပြီ။ ရှုခင်းကတော့ လှပါတယ်။ ဒါပေမဲ့ ဘာအန္တရာယ်တွေ ချောင်းနေမလဲမသိဘူး။”
“မျောပါနေတဲ့ ကျွန်းပေါ်ကို တိုက်ရိုက်တက်ပြနေတဲ့ ဖိုရမ်ပို့စ်...အခုပဲ ကျွန်းပေါ် ခြေချနေပါပြီ။”
နောက်ဆုံးခေါင်းစဉ်က ရှောင်းယီကိုပင် ဖိနှိပ်ကြည့်မိအောင် ဆွဲဆောင်သွားခဲ့သည်။
ထိုပို့စ်တင်သူသည် တကယ်ပင် ရွေ့လျားနေသော ကျွန်းပေါ်သို့ တက်သွားခြင်းဖြစ်သည်။ ဓာတ်ပုံများအရ သူက ကမ်းခြေပေါ်တွင်သာ ရှိသေးပုံရသည်။
“ဒီကောင် ရူးနေတာလား။ ဘာမှမသိဘဲ တိုးဝင်သွားတာလား။”
“ငတုံးပဲ။ အဲ့ဒီလို ဇွတ်တိုးရင် ဘာကြောင့် သေရမှန်းတောင် သိလိုက်မှာမဟုတ်ဘူး။”
“ဆဲလ်ဖီဓာတ်ပုံအရဆိုရင် သူက ငါတို့နိုင်ငံသား မဟုတ်ဘူး။”
“ကျိန်းသေတာပေါ့... ဒေသခံ တစ်ယောက်ပဲ ဖြစ်ရမယ်။”
“ဒေသခံလူမျိုးတစ်ယောက်ကတောင် ဖုန်းနဲ့ စာရိုက်ပြီး ငါ့ထက်အရင် တင်နေနိုင်ပြီလား။ ငါတော့ ခေတ်နောက်ကျ ကျန်ခဲ့ပြီထင်တယ်။”
“လိုက်ဖ် လွှင့်လို့ရရင် ကောင်းမှာပဲ။ တစ်ယောက်ယောက် stream လို့ရတဲ့ App လေး လုပ်ပေးကြပါဦး။ ဒီဓာတ်ပုံတွေနဲ့က နှေးလွန်းတယ်။”
“ဟုတ်တယ်။ သူ ဘယ်လို သေသွားမလဲဆိုတာကို အချိန်နဲ့တပြေးညီ ကြည့်ချင်တယ်။”
ပို့စ်တင်သူသည်မူ ဘာကိုမှ ဂရုမစိုက်ဘဲ တောအုပ်ထဲသို့သာ တဖြည်းဖြည်း တိုးဝင်သွားခဲ့သည်။
မကြာမီ သူသည် နောက်ထပ် ဓာတ်ပုံတစ်ပုံကို တင်လိုက်ပြန်ရာ ထိုပုံကို မြင်လိုက်ရသည့် ရှောင်းယီ မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားရတော့သည်။
အခန်း ၉၇၂ - လူတစ်ပိုင်း မြင်းတစ်ပိုင်း သတ္တဝါများ၊ ဘာသာစကား အခက်အခဲကို ကျော်လွှားခြင်း
ဖိုရမ်ထဲသို့ အခုလေးတင် တင်လိုက်သည့် ဓာတ်ပုံမှာ အမှန်တကယ်ပင် လူတစ်ပိုင်း မြင်းတစ်ပိုင်း မိစ္ဆာသတ္တဝါကြီး ဖြစ်နေခဲ့လေသည်။
ဖိုရမ်ကို ကြည့်ရှုနေသူတိုင်း အလွန်အမင်း တုန်လှုပ်သွားကြပြီး ဓာတ်ပုံအောက်တွင် မှတ်ချက်များစွာ စတင်ရေးသားကြတော့သည်။
“ဒါက ဘာကြီးလဲ။”
“ဒီလို သတ္တဝါမျိုး ငါတစ်ခါမှ မမြင်ဖူးဘူး။”
“ငါ မြင်ဖူးတယ်။”
“တတိယထပ်ကလူ မင်း မဟုတ်တာ လျှောက်မပြောနဲ့။ ဒါက ဘာလဲဆိုတာ မင်းပြောကြည့်ဦး။”
“ငါ ဂိမ်းဆော့တုန်းက ဒါမျိုး တွေ့ဖူးတယ်။ စင်တော (Centaur) လေ။”
“ဝိုး... တကယ်တူတာပဲ။ ငါလည်း အရင်က အဲ့လိုဂိမ်းတွေ ဆော့ဖူးတယ်။ အဲ့ဒီထဲမှာ တကယ်ပဲ အဲ့ဒီမျိုးနွယ်စု ရှိတယ်။”
“အေးဟ... မင်းတို့ပြောမှပဲ ငါလည်း သတိရတော့တယ်။ အရင်က ရုပ်ရှင်တွေထဲမှာလည်း ဒီလိုမျိုးနွယ်စုတွေ ပါတယ်လေ။ ဒါပေမဲ့ ငါပြောတာက လက်တွေ့လောကအကြောင်း ပြောနေတာပါနော် ဟုတ်ပြီလား။”
“အနုပညာဆိုတာ ဘဝကနေ ဆင်းသက်လာတာပဲ။ ဘဝထက်တောင် ပိုမြင့်သေးတယ်။ ဒီသတ္တဝါတွေက မူလကတည်းက ရှိနေခဲ့တာလည်း ဖြစ်နိုင်တာပဲ။”
ရှောင်းယီ ထိုဓာတ်ပုံကို မြင်လိုက်ရသည်နှင့် စနစ်၏ သတိပေးချက်ကလည်း ထွက်ပေါ်လာခဲ့သည်။
“စင်တော စစ်သည် (B အဆင့်): ခွန်အား အလွန်ကြီးမားသော မျိုးနွယ်စုဖြစ်ပြီး မွေးရာပါ စစ်သည်တော်များ ဖြစ်ကြသည်။”
“ဒါက တကယ် ဂြိုဟ်သား မျိုးနွယ်စုပဲ။”
ရှောင်းယီက အံ့ဩတုန်လှုပ်စွာ ရေရွတ်လိုက်မိ၏။ ခဏမျှ စဉ်းစားပြီးနောက် သူသည် ကျန်းယွင်ထျန်းထံသို့ ချက်ချင်း ဖုန်းဆက်ကာ ညွှန်ကြားလိုက်သည်။
“သေချာနားထောင်ပါ။ လုံးဝ ဦးအောင် တိုက်ခိုက်တာမျိုး မလုပ်နဲ့။ အဲ့ဒီကျွန်းတွေပေါ်မှာ ဂြိုဟ်သား မျိုးနွယခစုတွေ နေထိုင်နေတာ ဖြစ်နိုင်ခြေ အရမ်းများတယ်။”
“ဂြိုဟ်သား မျိုးနွယ်စုတွေလား။ လူပုတွေ၊ နတ်သူငယ်တွေ၊ သမန်းဝံပုလွေတွေလိုမျိုးလား။”
ကျန်းယွင်ထျန်းကလည်း ထပ်တူပင် အံ့ဩသွားကာ မေးလိုက်သည်။
“ဟုတ်တယ်။ တစ်ယောက်ယောက်က စုံစမ်းဖို့ ကျွန်းပေါ်ကို တက်သွားပြီ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
ကျန်းယွင်ထျန်းက ပို၍ပင် အံ့အားသင့်သွား၏။
“ဘယ်သူက အဲ့လောက်တောင် သတ္တိကောင်းနေတာလဲ။”
“ဒါက ဒေသခံစစ်သည်တွေကို ကျွန်းပေါ်လွှတ်ပြီး စုံစမ်းခိုင်းတဲ့ မဟာမိတ်အဖွဲ့ တစ်ခုခု ဖြစ်ရမယ်။”
ရှောင်းယီက ခန့်မှန်းလိုက်သည်။ ကျန်းယွင်ထျန်း သဘောပေါက်သွား၏။
“ဪ... အဲ့ဒါကြောင့်ကိုး။”
အသက်ရှင်ကျန်ရစ်သူများသည် ဤကမ္ဘာသို့ အသက်ရှင်နိုင်ရန် ရောက်လာကြခြင်း ဖြစ်သည့်အတွက် မရင်းနှီးသော ကျွန်းတစ်ကျွန်းပေါ်ကို အဆင်ခြင်မဲ့ တက်သွားခြင်းက ကိုယ့်သေတွင်းကိုယ် တူးခြင်းနှင့် အတူတူပင်။ သို့သော် ဒေသခံတစ်ယောက်ကို လွှတ်လိုက်သည်ဆိုလျှင်တော့ ဤသည်မှာ နားလည်ပေးနိုင်စရာ ရှိပေသည်။
ရှောင်းယီသည် မတ်တပ်ရပ်ကာ ကမ်းခြေသို့ လမ်းလျှောက်သွားရင်း တဖြည်းဖြည်း နီးကပ်လာသော ကျွန်းကို ကြည့်ကာ ပြောလိုက်သည်။
“ဒီကျွန်းပေါ်မှာကော ဘယ်လို ဂြိုဟ်သား မျိုးနွယ်စုမျိုး ရှိနေမလဲဆိုတာ ငါသိချင်မိတယ်။”
နှစ်နာရီ ကြာပြီးနောက် ထိုကျွန်းများသည် ယီရန်ပင်း မဟာမိတ်ကျွန်းများနှင့် ကပ်လျက် အနေအထားသို့ ရောက်ရှိလာခဲ့၏။
ကမ်းခြေရှိ အစောင့်များသည်လည်း အလွန်အမင်း တင်းမာနေကြပြီး လက်ထဲရှိ လက်နက်များကို အသင့်ပြင်ထားကြသည်။
“အားလုံး စိတ်မလှုပ်ရှားကြနဲ့။ မှတ်ထားပါ...မင်းတို့ဘက်က အရင် စပြီး မပစ်ရဘူး။”
ရှောင်းယီက ညွှန်ကြားလိုက်သည်။
အကြောင်းမှာ သူရရှိထားသော အချက်အလက်များအရ ဂြိုဟ်သား မျိုးနွယ်စုများကို မိမိဘက်ပါအောင် စည်းရုံးနိုင်သောကြောင့် ဖြစ်သည်။ ရန်သူတစ်ယောက် တိုးလာမည့်အစား မိတ်ဆွေတစ်ယောက် ပိုလာခြင်းက အမြဲတမ်း ပိုကောင်းပေသည်။
“ဟုတ်ကဲ့။”
စစ်သားများက တစ်ယောက်ပြီးတစ်ယောက် တုံ့ပြန်လိုက်ကြသည်။
ရှောင်းယီနှင့် သူ၏အဖွဲ့သည် ကမ်းခြေတွင် စောင့်ဆိုင်းနေသော်လည်း တစ်ဖက်ကျွန်းမှ မည်သည့် သတ္တဝါမျှ ပေါ်မလာခဲ့ပေ။
“ကျွန်းပိုင်ရှင် ဒီကျွန်းပေါ်မှာ ဘယ်သူမှ မရှိတာများလား။”
ဝမ်ရှင်းက သံသယဖြင့် မေးလိုက်သည်။
ရှောင်းယီက ခေါင်းခါလိုက်၏။ သူလည်း မသေချာပေ။ သူသည် ထိုကျွန်းပေါ်ရှိ ဂြိုဟ်သားမျိုးနွယ်စုများကို စည်းရုံးရန် ပြင်ဆင်ထားသည့်အတွက် သူတို့၏ နယ်မြေထဲသို့ အလွယ်တကူ ကျူးကျော်ဝင်ရောက်ခြင်း မပြုနိုင်ပေ။
“ထပ်စောင့်ကြည့်ရအောင်။”
ရှောင်းယီက ဖုန်းထုတ်ကာ ကျန်းယွင်ထျန်းထံ ဖုန်းဆက်လိုက်သည်။
“မင်းတို့ဘက်မှာရော အခြေအနေ ဘယ်လိုရှိလဲ။”
“သတင်းပို့ပါတယ် ကျွန်းပိုင်ရှင် တစ်ဖက်ကျွန်းကနေ ဘယ်သတ္တဝါမှ ထွက်မလာသေးပါဘူး။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
“ကောင်းပြီ မှတ်ထားပါ။ ငြိမ်းချမ်းရေးကို ဦးစားပေးရမယ်။ တကယ်လို့ တစ်ဖက်ကျွန်းမှာ သတ္တဝါတွေ ပေါ်လာရင် ငါ့ကို ချက်ချင်း လှမ်းခေါ်လိုက်။”
ရှောင်းယီက ထပ်မံ ညွှန်ကြားလိုက်၏။
“ဟုတ်ကဲ့။”
မိမိရှေ့ရှိ ကျွန်းပေါ်တွင် မည်သည့် လှုပ်ရှားမှုမျှ မရှိသည်ကို မြင်သောအခါ ရှောင်းယီသည် အသက်ရှင်ကျန်ရစ်သူ ဖိုရမ်ကို ထပ်မံ ဖွင့်ကြည့်လိုက်သည်။
ယခင် ပို့စ်ဟောင်းမှာပင် ဖြစ်သည်။ ရှောင်းယီက မှတ်ချက်များကို ဖတ်ကြည့်ရာ ကျွန်းပေါ်သို့ တက်သွားသော ဒေသခံစစ်သည်မှာ စင်တော စစ်သည်များ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး ၎င်းတို့က စစ်သည်ကို သတိမေ့အောင် ရိုက်နှက်ကာ ခေါ်ဆောင်သွားကြောင်း သိလိုက်ရလေသည်။
“ဒီမိစ္ဆာက တကယ် သန်မာတာပဲ။ အဲ့ဒီလူက လုံးဝ ပြန်မခုခံနိုင်ဘူး။”
“ဟုတ်တယ်။ သူ့ကိုယ်ပေါ်က ကြွက်သားတွေကို ကြည့်လိုက်ဦး။ သူ့လက်မောင်းတွေက ငါ့ပေါင်ထက်တောင် ပိုတုတ်သေးတယ်။”
“နောက်ထပ် ရန်သူတစ်ယောက် တိုးလာပြန်ပြီ ထင်တယ်။”
ထိုအရာကို မြင်လိုက်ရသောအခါ ရှောင်းယီက ပို့စ်အသစ်တစ်ခု မတင်ဘဲ မနေနိုင်တော့ပေ။ သူသည် “ဂြိုဟ်သား မျိုးနွယ်စုများအကြောင်း” ဆိုသည့် ခေါင်းစဉ်နှင့် ရေးသားလိုက်သည်။
“အားလုံးပဲ ဂြိုဟ်သား မျိုးနွယ်စုတွေအပေါ် အရမ်း ရန်မလိုကြပါနဲ့။ သူတို့တွေက ငါတို့ရဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွေကို သိမ်းပိုက်လို့ မရဘူး။ အဲ့ဒါကြောင့် သူတို့က ငါတို့ကို အရင်စပြီး တိုက်ခိုက်မှာ မဟုတ်ပါဘူး။”
“အဲ့ဒီအစား ငါတို့က အဲ့ဒီ မသေမျိုးတွေကို တိုက်ထုတ်ဖို့အတွက် ဂြိုဟ်သားမျိုးနွယ်စုတွေနဲ့ လုံးဝ ပူးပေါင်းလို့ ရပါတယ်။ အခုထိ ငါရထားတဲ့ အချက်အလက်တွေအရ ဆိုရင် ဒါမျိုးတွေ အရင်က တကယ်ပဲ ဖြစ်ပျက်ခဲ့ဖူးတယ်။”
ထိုပို့စ်ကို မြင်သောအခါ အားလုံးက အောက်၌ မှတ်ချက်များ လာပေးကြတော့သည်။
“ဒီဂြိုဟ်သားတွေနဲ့ တကယ်ပဲ ပူးပေါင်းလို့ ရပါ့မလား။”
“ဟုတ်တယ်။ စကားပုံတောင် ရှိတယ်လေ။ လူမျိုးမတူရင် စိတ်ထားချင်းလည်း မတူနိုင်ဘူးတဲ့။ တကယ်လို့ သူတို့က ငါတို့ကို နောက်ကျောကနေ ဓားနဲ့ထိုးရင် ငိုဖို့တောင် အချိန်ရလိုက်မှာ မဟုတ်ဘူး။”
“ကျုပ်ကတော့ သူဌေးပြောတာကို နားထောင်ပြီး စမ်းကြည့်သင့်တယ်လို့ ထင်တယ်။ အကယ်၍ ပူးပေါင်းမှုက အောင်မြင်သွားရင် နောက်ပိုင်း မသေမျိုးတွေကို ရင်ဆိုင်ရတာ ပိုလွယ်သွားမှာပဲလေ။”
“ဟုတ်တယ်။ ဘာပဲဖြစ်ဖြစ် ငါကတော့ သူဌေး ပြောတဲ့အတိုင်းပဲ တသွေမတိမ်း လိုက်နာမှာပဲ။”
“အမှန်ပဲ။ အပန်းဖြေစခန်းမှာ နတ်သူငယ်တွေ၊ သမန်းဝံပုလွေတွေနဲ့ လူပုလေးတွေကို အားလုံး မြင်ဖူးကြမှာပါ။ သူဌေးက အဲ့ဒီမျိုးနွယ်စုတွေကို သူ့မဟာမိတ်အဖွဲ့ထဲမှာတောင် ပေးနေခိုင်းထားတာပဲ။ မင်းတို့က ဘာကို စိုးရိမ်နေကြတာလဲ။”
“ဒါကတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ငါတို့ ရင်ဆိုင်နေရတဲ့ ပြဿနာက သူတို့နဲ့ ဘယ်လို ဆက်သွယ်ကြမလဲ ဆိုတာပဲ။”
“ဟုတ်တယ်။ အရင်က ဒေသခံတွေရဲ့ စကားကိုတောင် နားမလည်တာ။ ဒီဂြိုဟ်သား မျိုးနွယ်စုတွေဆိုရင် ပိုဆိုးပြီပေါ့။”
ရှောင်းယီက လူအများ၏ တုံ့ပြန်မှုများကို သိနိုင်ရန် ပိုစ်ကို မကြာခဏ Refresh လုပ်ပြီး ကြည့်နေရသည်။
“ဒီလိုမျိုး Refresh လုပ်နေရတာ တကယ် ပင်ပန်းတာပဲ။ Chat App တစ်ခုလောက် တကယ် ထွက်လာသင့်ပြီ။”
ရှောင်းယီက တီးတိုး ရေရွတ်လိုက်သည်။
ပို့စ်ထဲတွင် ပြောထားသည့် ဘာသာစကား အခက်အခဲနှင့် ပတ်သက်ပြီးတော့တော့ ရှောင်းယီအနေနှင့် အခုလောလောဆယ် သူ၏ မဟာမိတ်အဖွဲ့ကိုသာ ဂရုစိုက်နိုင်ပါသေးသည်။ တခြား မဟာမိတ်အဖွဲ့များအတွက်မူ နောက်မှသာ ဖြေရှင်းပေးတော့ပေမည်။
ရှောင်းယီ အနည်းငယ် စဉ်းစားပြီးနောက် ကမ်းခြေနားရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ပါသည့် သင်္ဘောဆီကို လျှောက်သွားလိုက်သည်။ ကျောက်တိုင်ပေါ်တွင် သတင်းအသစ်များ ရှိမလားဆိုသည်ကို သူကြည့်ချင်နေ၏။
“ခုနက ဖိုရမ်ထဲမှာ ဆက်သွယ်ရေး ပြဿနာအကြောင်း ပြောနေကြတာ။ အားလုံးပဲ ဒီနေ့ရတဲ့ ရိက္ခာသေတ္တာတွေကို မြန်မြန်ဖွင့်ကြည့်ကြဦး။ အံဩစရာ တစ်ခုရှိတယ်။”
“ဘာအံ့ဩစရာလဲ။ မြန်မြန်ပြောပါဦး။ ငါကတော့ ဖွင့်ပြီးပြီ ဘာမှလည်း ထူးထူးခြားခြား မတွေ့ပါဘူး။”
“ဒါကို ငါတစ်ယောက်တည်းပဲ ရတာတော့ မဟုတ်ပါဘူးနော်။[ဘာသာစကား အခက်အခဲ ဖယ်ရှားရေးကတ်] ၁ ခု ရထားတယ်။”
“ဝိုး... ဒီလို ပစ္စည်းမျိုးလည်း ရှိတာပဲလား။ ဒါဆို ငါလည်း ရိက္ခာသေတ္တာ သွားဖွင့်ဦးမယ်။”
“ဟားဟား ငါလည်း တစ်ခု ရခဲ့တယ်။”
“ငါလည်း ရတယ်ဟေ့။”
ထိုအရာကို မြင်သောအခါ ရှောင်းယီက အန်းယွဲ့ဆီသို့ ချက်ချင်း ဖုန်းဆက်ကာ မေးလိုက်သည်။
“ဒီနေ့အတွက် ရိက္ခာသေတ္တာတွေ ဖွင့်ပြီးပြီလား။”
“မဖွင့်ရသေးဘူး။”
အန်းယွဲ့က ပြန်ဖြေလာခဲ့သည်။
“ကျွန်းပိုင်ရှင်၊ ဘာပြဿနာ ရှိလို့လဲ။”
“သွားဖွင့်ကြည့်လိုက်ဦး။ ယီထျန်းဂရုထဲမှာ ဒီနေ့ ဘာသာစကား အခက်အခဲ ဖယ်ရှားရေးကတ် ရနိုင်တယ်လို့ ပြောနေကြတယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ဟုတ်ကဲ့။”
အန်းယွဲ့က ပြန်ဖြေပြီး ဆယ်ယူထားသည့် ရိက္ခာသေတ္တာများကို ချက်ချင်း သွားဖွင့်တော့လေသည်။
ခဏအကြာမှာတော့ အန်းယွဲ့က ပြန်ဖုန်းဆက်လာခဲ့သည်။
“ဘာသာစကား အခက်အခဲ ဖယ်ရှားရေးကတ် တကယ်ရလာတယ်။ စုစုပေါင်း ၆ ကတ်တောင်။”
“ကောင်းပြီ။ အဲ့ဒါတွေကို ကျုပ်ဆီ လွှဲပေးလိုက်ပါ။”
ရှောင်းယီက ဝမ်းသာအားရ ပြောလိုက်၏။
ရိက္ခာသေတ္တာထဲမှ ပစ္စည်းအသစ်ကို ပထမဆုံးအကြိမ် ရလိုက်သလိုမျိုး သူ ခံစားလိုက်ရသည်။ ယခင်ကဆိုလျှင် အခြားလူများ ပစ္စည်းအသစ်ရသည်ကိုသာ သူ အမြဲကြည့်နေခဲ့ရ၏။ ရှောင်းယီသည် သူ၏ ကံကောင်းမှုများမှာ နေ့စဉ် လက်မှတ်ထိုးဝင်ခြင်းစနစ်ပေါ်မှာသာ ကုန်ဆုံးနေသည်ဟုပင် ထင်နေမိခဲ့ခြင်းဖြစ်သည်။ ယခုတော့ သူလည်းပဲ တကယ့် ကံကောင်းသူတစ်ယောက် ဖြစ်သွားခဲ့ချေပြီ။
အန်းယွဲ့သည် ချက်ချင်းပင် ဘာသာစကား အခက်အခဲ ဖယ်ရှားရေးကတ် ၆ ကတ်ကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် ပို့ပေးလိုက်တော့သည်။
ရှောင်းယီသည် အနက်ရောင် ကတ်ပြား ၆ ခုကို ကိုင်ကြည့်လိုက်ရာ ကတ်ပေါ်တွင် တရုတ်ရိုးရာစာလုံးဖြင့် ‘ဘာသာပြန်’ ဟု ရေးထားပုံရသည်။
[ဘာသာစကား အခက်အခဲ ဖယ်ရှားရေးကတ် : တစ်ကြိမ်သုံး ပစ္စည်းဖြစ်သည်။ ဤကတ်ကို အသုံးပြုခြင်းဖြင့် မတူညီသော ဘာသာစကား နှစ်ခုကြားရှိ အတားအဆီးကို ဖယ်ရှားပေးနိုင်ပြီး အပြန်အလှန် ချောမွေ့စွာ ဆက်သွယ်နိုင်စေမည်။]
“ဒါက တကယ်ကို အချိန်ကိုက် ရွာချလိုက်တဲ့ မိုးပြေးလေးပဲ။”
ရှောင်းယီက သူ့ဘာသာ တွေးလိုက်မိ၏။ ထိုစဉ်...
“ကျွန်းပိုင်ရှင်၊း တစ်ဖက်ကျွန်းကနေ သတ္တဝါတွေ ထွက်လာနေပါပြီ။”
ဝမ်ရှင်းက ဖုန်းဆက်ပြီး သတင်းပို့လာခဲ့လေသည်။