အခန်း (၉၇၃-၉၇၄)
Vol. 81 Ch. 973-974
အခန်း ၉၇၃ - ဂြိုဟ်သားသုံးမျိုး၊ နာဂ၊ နတ်သူငယ်နှင့် နဂါးလူသားများ
ရှောင်းယီသည် ချက်ချင်းထရပ်ကာ ဝမ်ရှင်းရှိရာသို့ အပြေးသွားလိုက်၏။
ရှောင်းယီ ရောက်သွားချိန်တွင် ဝမ်ရှင်းနှင့် အခြားသူများသည် လူခေါင်းနှင့် မြွေကိုယ်လုံးရှိသော သတ္တဝါတစ်စုနှင့် ရင်ဆိုင်နေကြရလေသည်။
[နာဂ: ရေတပ်စစ်ဆင်ရေးအတွက် အလွန်သင့်လျော်သော မျိုးနွယ်စုဖြစ်သော်လည်း ကုန်းမြေပေါ်တွင်လည်း စခန်းချလေ့ရှိကြသည်။]
ရှောင်းယီ လျှောက်လာသည်ကို မြင်သောအခါ ဝမ်ရှင်းက ချက်ချင်းပင် မေးလိုက်သည်။
“ကျွန်းပိုင်ရှင် ဒီသတ္တဝါတွေက ဘာလို့ နွီဝါးနဲ့ တူနေရတာလဲ။”
“မဟုတ်ဘူး။ သူတို့ရဲ့ အနောက်တိုင်းဆန်တဲ့ မျက်နှာတွေကို ကြည့်လိုက်ဦး။ ရှားနိုင်ငံရဲ့ နွီဝါးဆိုရင် အနည်းဆုံးတော့ လူဝါမျိုးနွယ် ရုပ်သွင်ရှိရမှာပေါ့။”
ရှောင်းယီက အသံတိုးတိုးဖြင့် ပြန်ဖြေလိုက်၏။
“ဒါတွေက နာဂတွေပဲ။”
“နာဂလား။”
ဝမ်ရှင်း ကြောင်အသွားသည်။
“ဒါက ကျွန်မတို့ အရင်ကမ္ဘာက ဂိမ်းထဲက ဇာတ်ကောင်တွေနဲ့ အတူတူပဲ မဟုတ်ဘူးလား။”
“အနည်းနဲ့အများတော့ တူပါတယ်။ ဒါပေမဲ့ ပုံသေတော့ တွက်မထားနဲ့။”
ရှောင်းယီက ထိုသို့ပြန်ပြောရင်း ရှေ့သို့တစ်လှမ်းတက်ကာ ဘာသာစကား အခက်အခဲ ဖယ်ရှားရေးကတ်ကို ထုတ်ယူလိုက်သည်။
“အသုံးပြုမယ်။”
ဘာသာစကား အခက်အခဲ ဖယ်ရှားရေးကတ်သည် လေထဲသို့ ပျံတက်သွားပြီး အနက်ရောင် မျဉ်းအနုလေး နှစ်ကြောင်း ထွက်ပေါ်လာကာ ရှောင်းယီနှင့် သူ့အနီးဆုံးရှိ နာဂအမျိုးသမီး၏ နဖူးအတွင်းသို့ အသီးသီး ဝင်ရောက်ပျောက်ကွယ်သွား၏။
ထို့နောက် အခြားထူးခြားမှု တစ်စုံတစ်ရာမရှိဘဲ လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။
“ဒါပဲလား။”
ရှောင်းယီက ဇဝေဇဝါဖြင့် ရေရွတ်လိုက်သည်။
“ဟုတ်တယ် ဒါပါပဲ။”
တစ်ဖက်မှ သာယာနာပျော်ဖွယ် အသံတစ်ခု ထွက်ပေါ်လာ၏။
ရှောင်းယီ အံ့အားသင့်စွာဖြင့် ခေါင်းမော့ကြည့်လိုက်ရာ ခုနက ဘာသာပြန်ကတ်မှ အနက်ရောင်မျဉ်းကြောင်းကို အေးအေးဆေးဆေး လက်ခံခဲ့သည့် နာဂအမျိုးသမီး ဖြစ်နေခဲ့လေသည်။
ဝမ်ရှင်းနှင့် အခြားသူများမှာမူ ပို၍ပင် တုန်လှုပ်သွားကြ၏။ အကြောင်းမှာ တစ်ဖက်လူပြောသည်ကို သူတို့ အမှန်တကယ် နားလည်နေသောကြောင့်ပင်။
“ငါ ခုနက သုံးလိုက်တာ ဘာလဲဆိုတာ မင်းသိလား။”
ရှောင်းယီက တစ်ဖက်လူကို ကြည့်ကာ မေးလိုက်သည်။
“သိတာပေါ့။ ဒါက ဘာသာစကား အခက်အခဲ ဖယ်ရှားရေးကတ်လေ။ ကျွန်မ အရင်က မြင်ဖူးပါတယ်။”
နာဂက ပြန်ဖြေလာခဲ့သည်။ ရှောင်းယီ ခေါင်းညိတ်လိုက်၏။ သူမ ဘာကြောင့် လုံးဝ ခုခံခြင်းမရှိခဲ့သည်ကို သူ နားလည်သွားပြီဖြစ်သည်။ ထို့နောက် သူက ဆက်မေးလိုက်သည်။
“အရင်က ဟုတ်လား။ အတော်ကြာခဲ့လောက်ပြီပေါ့။”
“တကယ်ပဲ အတော်ကြာခဲ့ပါပြီ။ ဒီပစ္စည်းကို ကျွန်မ ဘယ်တုန်းက မြင်ဖူးခဲ့လဲဆိုတာတောင် မမှတ်မိတော့ဘူး။”
နာဂက ပြန်ဖြေ၏။
“ကျွန်မကိုယ်ကျွန်မ မိတ်ဆက်ပါရစေ။ ကျွန်မနာမည်က မယ်ဒူဆာပါ။”
ရှောင်းယီ မျက်ခုံးပင့်လိုက်မိ၏။
“မင်းမှာ မင်းနဲ့ ရုပ်ချင်း အရမ်းတူတဲ့ ညီမ နှစ်ယောက်လည်း ရှိတယ်မဟုတ်လား။”
မယ်ဒူဆာ ခဏမျှ ကြောင်သွား၏။
“ရှင် ဘယ်လိုသိတာလဲ။”
“ငါ ခန့်မှန်းကြည့်လိုက်တာပါ။ ဘယ်လိုကိစ္စမျိုးကြောင့် ဒီကို ရောက်လာတာလဲ။”
ရှောင်းယီက နှုတ်ခမ်းကို တွန့်လိမ်ပြီး မေးလိုက်သည်။
“ဒါက နတ်ဘုရားရဲ့ အလိုတော်ကြောင့်ပါ။ ဆိုးယုတ်တဲ့ မသေမျိုးတွေကို သတ်ဖြတ်ရာမှာ ရှင်တို့ကို ကူညီဖို့ ကျွန်မတို့ကို စေလွှတ်လိုက်တာပါ။”
မယ်ဒူဆာက လေးနက်တည်ကြည်စွာ ပြောလိုက်သည်။
“ဒါဆိုရင်တော့ ငါတို့ မဟာမိတ်ဖွဲ့ကြတာပေါ့။ မင်းတို့ လက်ရှိ ကျွန်းပေါ်မှာပဲ ခဏနေနိုင်ပါတယ်။ တကယ်လို့ မသေမျိုးတွေ ပေါ်လာရင် ဘယ်လို ပူးပေါင်းမလဲဆိုတာ ထပ်ဆွေးနွေးကြတာပေါ့။”
ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။
“တကယ်လို့ တစ်ခုခု လိုအပ်ရင် ငါတို့ဆီမှာ လာတောင်းဆိုနိုင်ပါတယ်။”
“ကျေးဇူးအများကြီးတင်ပါတယ်။ ရှင့်နာမည်ကို ကျွန်မ မသိသေးဘူးနော်။”
မယ်ဒူဆာက ရှောင်းယီကို စူးစမ်းစွာ ကြည့်ရင်း မေးလိုက်သည်။
“ရှောင်းယီပါ။”
ရှောင်းယီက ပြန်ဖြေပြီး ဝမ်ရှင်းကို ညွှန်ပြကာ ဆက်ပြောလိုက်သည်။
“မင်း သူမနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။”
ဝမ်ရှင်းက မယ်ဒူဆာကို ခေါင်းညိတ်ပြလိုက်သည်။ မယ်ဒူဆာကလည်း ခေါင်းညိတ်ပြကာ ပြန်လည် တုံ့ပြန်လိုက်သည်။
“ငါ ဒီမှာ တခြားကိစ္စတွေ ကိုင်တွယ်ဖို့ ရှိသေးလို့ ခွင့်ပြုပါဦး။”
ရှောင်းယီက လက်ယှက်ကာ နှုတ်ဆက်ရင်း ပြောလိုက်သည်။
“ရပါတယ် သွားပါ။”
မယ်ဒူဆာက ဆိုသည်။ သူမနောက်ကွယ်မှ သန်မာထွားကြိုင်းလှသော နာဂအမျိုးသားတစ်ဦးက တစ်ခုခု ပြောချင်ပုံရသော်လည်း မယ်ဒူဆာက တားလိုက်သည်။
ရှောင်းယီသည် ထိုလှုပ်ရှားမှုကို မြင်သော်လည်း အခြားအရပ်မျက်နှာများတွင်လည်း ဂြိုဟ်သားမျိုးနွယ်စုများ ပေါ်လာနေပြီဖြစ်ရာ ထိုနေရာသို့ သွားရဦးမည်ဖြစ်သည်။
ရှောင်းယီသည် နှုတ်ဆက်စကားဆိုကာ မြို့ပြန်ကျောက်ကို အသုံးပြု၍ မဟာမိတ် အနောက်ဘက်ကျွန်းသို့ တိုက်ရိုက် ကူးပြောင်းလိုက်သည်။
မဟာမိတ် အနောက်ဘက်ကျွန်းတွင် ပိုင်ချီသည်လည်း နတ်သူငယ်တစ်စုကို ရင်ဆိုင်ရန် စစ်သားများကို ဦးဆောင်နေ၏။ သူတို့သည် ဆွေးနွေးမှုများပင် စတင်နေပြီ ဖြစ်သည်။
ယီရန်ပင်း မဟာမိတ်အဖွဲ့တွင် နတ်သူငယ်များ ရှိနှင့်ပြီးသား ဖြစ်သောကြောင့် နတ်သူငယ်စကားကို ဘာသာပြန်ပေးနိုင်သည့် သီးသန့် ဘာသာပြန်များ ရှိနေပြီ ဖြစ်သည်။
“တကယ်ပဲ နတ်သူငယ်တွေပဲ။”
ရှောင်းယီ အနည်းငယ် အံ့အားသင့်သွားပြီးနောက် ချက်ချင်းပင် လျှောက်သွားလိုက်တော့သည်။
ရှောင်းယီကို မြင်လိုက်သည်နှင့် ပိုင်ချီက ချက်ချင်းပင် ပြောလိုက်သည်။
“ကျွန်းပိုင်ရှင် သူတို့က မသေမျိုးတွေကို တိုက်ခိုက်ရာမှာ ကူညီဖို့ ရောက်လာတာလို့ ပြောပါတယ်။”
ရှောင်းယီက ခေါင်းညိတ်ပြပြီး တစ်ဖက်ရှိ နတ်သူငယ်ခေါင်းဆောင်ကို ကြည့်ကာ မေးလိုက်သည်။
“ဒါက ဒီမဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်ပဲဖြစ်ရမယ်။ မင်းရဲ့နာမည်ကို သိပါရစေ။”
“ဖီးလစ်ပါ။”
နတ်သူငယ်ခေါင်းဆောင်က ပြန်ဖြေလိုက်သည်။
“မင်္ဂလာပါ။ ကျုပ်နာမည်က ရှောင်းယီပါ။ ကျုပ်တို့မဟာမိတ်အဖွဲ့ထဲမှာလည်း နတ်သူငယ်တွေ ရှိပါတယ်။ အချိန်ရတဲ့အခါ သူတို့ကို မင်းနဲ့လာပြီး စကားပြောခိုင်းလိုက်ပါ့မယ်။”
ရှောင်းယီက မိတ်ဆက်ပေးလိုက်သည်။
ဖီးလစ်တစ်ယောက် ခေတ္တမျှ မှင်တက်သွားပြီး မေးလိုက်၏။
“ရှင်တို့ကျွန်းမှာလည်း နတ်သူငယ်တွေ ရှိတာလား။”
“ဟုတ်တယ်။ သူတို့ ကျုပ်တို့မဟာမိတ်အဖွဲ့ထဲမှာ နေလာတာ ကြာပြီ။”
ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။
“မင်းတို့က ကျုပ်တို့ကို ကူညီဖို့ ရောက်လာတာဆိုတော့ သတ်မှတ်ထားတဲ့ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကိုတော့ မသေမျိုးတွေ ပေါ်လာပြီးမှ ဆွေးနွေးကြတာပေါ့။ အခုတော့ အရင်ဆုံး အနားယူလိုက်ပါဦး။”
“ကောင်းပါပြီ။”
ဖီးလစ်က ခေါင်းညိတ်ကာ သဘောတူလိုက်သည်။
ဤနေရာတွင် ကိစ္စရပ်များကို စီစဉ်ပြီးနောက် ရှောင်းယီသည် မဟာမိတ် မြောက်ဘက်ကျွန်းသို့ တစ်ဖန် ပြန်သွားလိုက်၏။
ထိုအချိန်တွင် မြောက်ဘက်ကျွန်း၌ ကျန်းယွင်ထျန်းနှင့် စွန်းကုထောင်တို့သည် သူတို့ရှေ့မှ လူများကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေကြပြီး ခဏတာမျှ ဘာပြောရမှန်း မသိဖြစ်နေခဲ့ကြသည်။
ရှောင်းယီသည် အမြန်ရောက်လာပြီး တစ်ဖက်ကျွန်းတွင် ပေါ်လာသော သတ္တဝါများကို မြင်လိုက်သောအခါ သူကိုယ်တိုင်လည်း ခဏမျှ မှင်တက်သွားခဲ့ပြီးနောက်မှ လျှောက်သွားလိုက်သည်။
တစ်ဖက်ကျွန်းရှိ သတ္တဝါများသည် ခန္ဓာကိုယ်ပေါ်တွင် ထူထပ်သော အကြေးခွံများ ရှိပြီး ဦးခေါင်းပေါ်တွင် ချိုဟု ယူဆရသော အတက်တစ်စုံ ရှိနေခဲ့သည်။ သူတို့သည် အနီရောင်အမွှေးဖွားများပါသော လှံများကိုလည်း ကိုင်ဆောင်ထားကြ၏။ သူတို့၏ နောက်ကျောတွင် အမြီးတစ်ခု ရှိနေသည်ကိုလည်း ရှောင်းယီ မြင်တွေ့လိုက်ရသည်။ ပုံသဏ္ဌာန်မှာ အလွန်ထူးဆန်းသော်လည်း သူတို့တွင် ရှားနိုင်ငံသားမျက်နှာပေါက်များ ရှိကြသည်။
[နဂါးလူသား (S အဆင့်): ပြန်လည်ကောင်းမွန်နိုင်စွမ်း အလွန်အားကောင်းသည်။ လူသားများနှင့် အလွန်ဆင်တူသော သတ္တဝါဖြစ်သည်။ အကယ်၍ သူတို့နှင့် တိုက်ခိုက်ရမည်ဆိုလျှင် သူတို့နောက်က အမြီးကို သတိထားပါ။]
စနစ်၏ အချက်ပေးချက်ကို မြင်လိုက်ရသောအခါ ရှောင်းယီ၏ စိတ်ထဲတွင် ကလေးကဗျာတစ်ပုဒ် အလိုအလျောက် ပေါ်လာတော့သည်။
“ငါ့ခေါင်းပေါ်မှာ ချိုတွေရှိတယ်...”
ရှောင်းယီသည် လွင့်ပျံ့နေသော အတွေးများကို ပြန်လည်စုစည်းကာ ပြောလိုက်၏။
“မင်္ဂလာပါ။ ကျုပ်က ဒီမဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင် ရှောင်းယီပါ။”
တစ်ဖက်မှ နဂါးလူသားသည် ရှောင်းယီကို အံ့အားသင့်စွာ ကြည့်နေပြီး မိမိကိုယ်ကို မိတ်မဆက်သေးဘဲ အရင်မေးလိုက်သည်။
“ဘာသာစကား အတားအဆီး ဖယ်ရှားရေးကတ် မရှိဘဲနဲ့ မင်းပြောတာကို ငါ ဘာလို့ နားလည်နေရတာလဲ။”
နဂါးလူသား၏ စကားကို ကြားသောအခါ ရှောင်းယီက ပြုံးကာ ရှင်းပြလိုက်သည်။
“ဒါက ကျုပ်ရဲ့ ကိုယ်ပိုင်စွမ်းရည်ပါ။ အရင်ဆုံး မိတ်ဆက်ပါရစေ။ တခြား မျိုးနွယ်စု နှစ်စုကတော့ မိတ်ဆက်ပြီးသွားပြီ။ ကျုပ်တို့ စကားပြောရတာ အဆင်ပြေပါတယ်။”
ထိုအခါ နဂါးလူသားက ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။
“ငါ့နာမည်က ရွှမ်းချီ။ နဂါးလူသား မျိုးနွယ်စုရဲ့ အကြီးအကဲပဲ။”
“မင်္ဂလာပါ အကြီးအကဲ ရွှမ်းချီ။”
ရှောင်းယီက ဆိုသည်။
“မသေမျိုးတွေက အခုထိ တိုက်ခိုက်ခြင်း မရှိသေးပါဘူး။ အဲ့ဒါကြောင့် အရင်ဆုံး အနားယူလိုက်ပါဦး။ မသေမျိုးတွေ တိုက်ခိုက်လာတဲ့အခါမှ ပူးပေါင်းဆောင်ရွက်ရေးကို အသေးစိတ် ဆွေးနွေးကြတာပေါ့။”
ရွှမ်းချီက ခေါင်းညိတ်လိုက်သော်လည်း မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“မင်းတို့မှာ ဘာသာစကား အခက်အခဲ ဖယ်ရှားရေးကတ်တွေ မရှိဘူးလား။ တကယ်လို့ အဲ့ဒီလိုဆိုရင် ငါတို့က မင်းတစ်ယောက်တည်းနဲ့ပဲ ဆက်သွယ်လို့ ရမှာပေါ့။”
“ရှိတာပေါ့ ခဏစောင့်ပါ။”
ရှောင်းယီသည် ဘာသာစကား အခက်အခဲ ဖယ်ရှားရေးကတ်တစ်ခုကို ထုတ်ယူကာ အသုံးပြုလိုက်၏။
ကျန်းယွင်ထျန်းနှင့် အခြားသူများသည် ထိုနဂါးလူသားများ ပြောဆိုနေသည်များကို ချက်ချင်းပင် နားလည်သွားကြတော့သည်။
“ဒါက ဘာလဲ။”
ကျန်းယွင်ထျန်းသည် ပြန်မသွားရသေးသလို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိ ယီထျန်းဂရု၏ အချက်အလက်များကိုလည်း သတိမထားမိသေးသဖြင့် ဤအရာမှာ ဘာမှန်း မသိသေးပေ။
“ဘာသာစကား အခက်အခဲတွေကို ဖယ်ရှားပေးတဲ့ ပစ္စည်းလေ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ဒါက တကယ်ကောင်းတဲ့ အရာပဲ။”
ကျန်းယွင်ထျန်း၏ မျက်လုံးများ တောက်ပသွား၏။ ဆက်သွယ်ပြောဆိုနိုင်သရွေ့ တိုက်ပွဲများစွာကို တိုက်ခိုက်နေစရာ မလိုတော့ပေ။
“ဒီနေ့ ရိက္ခာသေတ္တာထဲကနေ အသစ်ထွက်လာတဲ့ အရာပဲ။”
ရှောင်းယီက ပြောလိုက်သည်။
“ဒီမှာ စောင့်ကြည့်ဖို့ လူတစ်ယောက် ထားခဲ့လိုက်။ တခြားလုပ်စရာရှိတာတွေ သွားလုပ်ကြတော့။”
“ဟုတ်ကဲ့။”
အခန်း (၉၇၄) – Chat Software အား အရေးပေါ်လွှင့်တင်ခြင်းနှင့် မျိုးနွယ်ခြားအရေအတွက်
ရှောင်းယီ ခဏမျှ စဉ်းစားလိုက်ပြီးနောက် အပန်းဖြေစခန်းသို့ အမြန်သွားရန် မြို့ပြန်ကျောက်ကို အသုံးပြုလိုက်သည်။ အပန်းဖြေစခန်းသို့ ရောက်ရှိပြီးနောက် ရှောင်းယီသည် ဘားသို့ တန်သွားကာ chat software ဖန်တီးနေသည့် ပရိုဂရမ်မာများကို ရှာဖွေလိုက်သည်။
“သုတေသနက ဘယ်လိုအခြေအနေရှိလဲ။”
ရှောင်းယီက စိုးရိမ်တကြီး မေးလိုက်သည်။
“သူဌေး ယီရန်ပင်း ဘာလို့ ဒီကိုရောက်နေတာလဲ။”
တစ်ယောက်က ရှောင်းယီကို အံ့သြတကြီး ကြည့်ပြီး မေးလိုက်၏။ သူဌေးကိုယ်တိုင် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု အခြေအနေကို လာရောက်စုံစမ်းလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားကြပေ။
“မပြီးသေးပါဘူး။ အခြေခံ Chat function ကတော့ အားလုံးနီးပါး ပြီးစီးနေပါပြီ။ အရင်ကမ္ဘာမှာ နမူနာပုံစံရှိခဲ့တော့ ကျုပ်တို့အဖွဲ့ စုပေါင်းပြီး လုပ်ဆောင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုအတိုတွေ တင်တာ၊ အီမိုဂျီတွေနဲ့ အသံဖုန်းခေါ်ဆိုမှု စတဲ့ လုပ်ဆောင်ချက်တွေကတော့ အချောမသတ်ရသေးပါဘူး။”
ထိုလူ၏ ရှင်းပြချက်ကို ကြားရပြီးနောက် ရှောင်းယီက ပြောလိုက်သည်။
“ခင်ဗျားတို့က အားလုံးကို တစ်ခါတည်း အပြီးသတ်ချင်နေတာလား။ အရင်ဆုံး လွှင့်တင်လိုက်ပါ။ ပြဿနာရှိရင် နောက်မှ တဖြည်းဖြည်း Update လုပ်လို့ရတယ်။ လုပ်ဆောင်ချက်အသစ်တွေကိုလည်း Update ထဲမှာ ထည့်လို့ရတာပဲ။ အရင်ဆုံး ဘယ်နေရာမှာမဆို အချိန်မရွေး စကားပြောနိုင်မယ့် အခြေခံအကျဆုံး လိုအပ်ချက်ကို ဖြည့်ဆည်းပေးလိုက်ပါ။”
“ဟုတ်ကဲ့။”
ထိုသူက ပြန်ဖြေသည်။
“ဒါဆိုရင်တော့ အခုချက်ချင်း လွှင့်တင်လို့ ရပါပြီ။”
“ကောင်းပြီ။ လွှင့်တင်လိုက်တော့။”
ရှောင်းယီ ခေါင်းငြိမ့်ပြလိုက်သည်။
မကြာမီမှာပင် ယီရန်ပင်း၏ တရားဝင်ဝဘ်ဆိုဒ်တွင် Installation package တစ်ခု ထွက်ပေါ်လာတော့သည်။
“ယီရန်ပင်းမဟာမိတ်အဖွဲ့မှ အကြံပြုထားသည့် Chat tool။ နွမ်လျောင် APP ကို အွန်လိုင်းပေါ် တင်လိုက်ပါပြီ။ သူဌေး ယီရန်ပင်းကိုယ်တိုင် စိတ်ရင်းမှန်ဖြင့် အကြံပြုထားပါသည်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် စကားပြောရခြင်းမှ ကင်းဝေးပြီး အချိန်မရွေး၊ နေရာမရွေး စကားပြောနိုင်ပါပြီ။”
ယီရန်ပင်းမဟာမိတ်အဖွဲ့၏ ကြော်ငြာအားဖြင့် ဤဆော့ဖ်ဝဲလ်သည် ၃ မိနစ်အတွင်း Download ပြုလုပ်သူ တစ်သန်းကျော်သွားခဲ့၏။ ထိုလူအများစုမှာ ယီရန်ပင်းမဟာမိတ်အဖွဲ့ဝင်များပင် ဖြစ်သည်။ ယီရန်ပင်းမဟာမိတ်အဖွဲ့သည် လူတစ်ဦးလျှင် လက်ကိုင်ဖုန်းတစ်လုံးစီ ရှိစေရန် ရည်မှန်းချက်ကို အခြေခံအားဖြင့် အောင်မြင်ထားပြီးဖြစ်သည်။
ရှောင်းယီသည်လည်း တစ်ခုအား Download ဆွဲကာ Register ပြုလုပ်လိုက်ပြီး ယီရန်ပင်းဟူသော အမည်ကိုပင် အသုံးပြုလိုက်၏။ သူသည် ဤအမည်ကို Server ပေါ်တွင် Lock ချထားပြီးဖြစ်ရာ မည်သူမျှ ဤအမည်ကို ထပ်မံအသုံးပြုနိုင်မည် မဟုတ်ပေ။
ဆော့ဖ်ဝဲလ်ကို ဖွင့်လိုက်ပြီးနောက် ရှောင်းယီသည် ချက်ချင်းပင် ဂရုတစ်ခု တည်ဆောက်လိုက်လေသည်။ ၎င်းမှာ ယီထျန်းအသက်ရှင်ကျန်ရစ်သူဂရုဖြစ်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ID ရှိသူများကိုသာ ထည့်သွင်းပေးမည်ဖြစ်သည်။ ထို့နောက် မည်သူမဆို ဝင်ရောက်နိုင်သည့် အကြီးစားယီထျန်းဂရုကြီးကိုလည်း တည်ဆောက်လိုက်သည်။
ယခင်ကမ္ဘာတွင် Chat software အများစုသည် ဂရုတစ်ခုအတွင်းရှိ လူဦးရေကို ကန့်သတ်ထားလေ့ရှိသည်။ ၎င်းမှာ စီမံခန့်ခွဲမှုကုန်ကျစရိတ်၊ ဆက်သွယ်မှုကုန်ကျစရိတ်၊ အသုံးပြုသူများ၏ စာဖတ်ရသည့် ဖိအားနှင့် နည်းပညာပိုင်းဆိုင်ရာ ဖိအားများကြောင့် ဖြစ်သည်။ သို့သော် အဆိုပါအကြောင်းရင်းများထဲမှ အစောပိုင်းအချက်များသည် လူသားဆိုင်ရာ အကြောင်းပြချက်များသာဖြစ်ပြီး နောက်ဆုံးအချက်တစ်ခုသာ Hardware ပိုင်းဆိုင်ရာ အကြောင်းပြချက်ဖြစ်သည်။
ယခုအခါ ရှောင်းယီထံတွင်ရှိသော Server နှင့် စက်ပစ္စည်းပိုင်းဆိုင်ရာ စွမ်းဆောင်ရည်များမှာ ပြဿနာမရှိသောကြောင့် ဤ Chat software တွင် လူဦးရေကန့်သတ်ချက် မထားရှိပေ။
ဂရုများ တည်ဆောက်ပြီးနောက် သူသည် အန်းယွဲ့ကို ဝဘ်ဆိုဒ်နှင့် ဖိုရမ်များတွင် ကြော်ငြာခိုင်းလိုက်၏။ လူအများအပြားသည် ယီထျန်းဂရုကြီးထဲသို့ ချက်ချင်း တိုးဝင်လာကြပြီး ယီထျန်းအသက်ရှင်ကျန်ရစ်သူများဂရုကမူ ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ID အား စစ်ဆေးအတည်ပြုပြီးမှသာ ဝင်ရောက်ခွင့်ရမည်ဖြစ်သည်။
ဂရုချက်ထဲသို့ ရောက်သည်နှင့် လူတိုင်းသည် ချက်ချင်းပင် တက်ကြွစွာ စကားပြောကြတော့လေသည်။ ရှောင်းယီသည် ဂရုကြီးအား ‘Do Not Disturb’ မုဒ်ပြောင်းရန် ရှာဖွေလိုက်သော်လည်း အချိန်အတော်ကြာသည်အထိ ထို function ကို ရှာမတွေ့ခဲ့ပေ။
ရှောင်းယီမှာ ကူကယ်ရာမဲ့သွားခဲ့ပြီး ဤဆော့ဖ်ဝဲလ်မှတစ်ဆင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ထံသို့ မက်ဆေ့ချ်ပို့လိုက်ရတော့သည်။
“ဂရုချက်တွေအတွက် ‘Do Not Disturb’ မုဒ်ကို အရင်ဆုံး အမြန်ဆုံးဖြစ်အောင် လုပ်ပေးကြပါ။”
ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ဝင်များသည် ရှောင်းယီ၏ မက်ဆေ့ချ်ကို မြင်သောအခါ ရယ်မောလိုက်ကြ၏။
“ဒီလိုဖြစ်မယ်ဆိုတာ ငါသိသားပဲ။ အရင်က ငါတို့ဂရုမှာ လူတစ်ရာလောက်ပဲ ရှိတာတောင် ဖုန်းက တတီတီနဲ့ မနားတမ်း မြည်နေတာ။ အခု ဒီဂရုကြီးထဲမှာ လူသောင်းနဲ့ချီပြီး ဝင်နေပြီဆိုတော့ စဉ်းစားကြည့်ရုံနဲ့တင် ကြောက်စရာကြီးပဲ။”
“ဟုတ်တယ်။ ‘Do Not Disturb’ မုဒ်ကို မြန်မြန်လုပ်ရမယ်။”
“ပြီးတော့ Mute လုပ်တဲ့ mode လည်း ထည့်ရဦးမယ်။ လုပ်စရာတွေ အများကြီး ကျန်နေသေးတယ်။ လက်ကိုင်ဖုန်းနဲ့ လုပ်ရတာ နည်းနည်းနှေးသလိုပဲ။ ကွန်ပျူတာသာရှိရင် ပိုမြန်လိမ့်မယခး်။”
“ဟုတ်တယ်။ လက်ကိုင်ဖုန်းစခရင်က အရမ်းသေးလွန်းတယ်။ နှစ်နာရီလောက် ဆက်တိုက်အလုပ်လုပ်ပြီးရင်ကို မျက်လုံးတွေ တော်တော်ညောင်းနေပြီ။”
“ဒါကတော့ ခဏလောက် အချိန်ယူရဦးမယ် ထင်တယ်။”
“သိပ်မသေချာပါဘူး။ အခုဖွံ့ဖြိုးတိုးတက်မှုအခြေအနေအရဆိုရင် ကွန်ပျူတာလည်း ထွက်လာတော့မှာပါ။ ပြီးတော့ ငါတို့မှာ သူဌေး ရှိနေတာပဲ မဟုတ်ဘူးလား။”
“မှန်တယ်။ သူဌေးက ကွန်ပျူတာကို ကြိုတင်ရရှိအောင် သေချာပေါက် လုပ်နိုင်လိမ့်မယ်။ အဲ့ဒီအခါကျရင် ငါတို့ရဲ့ ဆော့ဖ်ဝဲလ်ရေးသားမှုနှုန်းကလည်း အရမ်းမြန်သွားလိမ့်မယ်။”
“အနာဂတ်ကို သိပ်ပြီး စိတ်ကူးမယဉ်နေကြနဲ့ဦး။ အခု သူဌေးက အမိန့်ပေးလိုက်ပြီဆိုတော့ ငါတို့ အရှိန်မြှင့်မှ ဖြစ်မယ်။”
ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ဝင်များသည် မတတ်သာသည့်အဆုံး လက်ကိုင်ဖုန်းများကို ပြန်လည်ကောက်ကိုင်ကာ စခရင်အသေးလေးပေါ်တွင် ပရိုဂရမ်များကို ဆက်လက်ရေးသားကြတော့သည်။
ဂရုချက်အတွင်းတွင် ဆူညံနေသော်လည်း ရှောင်းယီသည် သတင်းအချက်အလက်အသစ်များ ရှိ၊ မရှိကို သတိထားကြည့်ရှုနေဆဲပင်။
“နောက်ဆုံးတော့ Chat tool တစ်ခု ရလာပြီပဲ။ အရင်က တစ်နေကုန် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်နားမှာပဲ ကပ်နေခဲ့ရတာ။ အပြင်ခဏလောက် လမ်းထွက်လျှောက်ချင်ရင်တောင် မက်ဆေ့ချ်တွေ လွတ်သွားမှာ စိုးရိမ်နေရတယ်။”
“ဟုတ်တယ်။ ဒါက နောက်ဆို ငါတို့ရဲ့ အခြေစိုက်စခန်း ဖြစ်လာတော့မယ်။ ဒါနဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ တင်တဲ့ function ကို ဘာလို့မတွေ့ရသေးတာလဲ။”
“မပြီးသေးလို့ပါ။ စိတ်မပူပါနဲ့။ ဖြည်းဖြည်းချင်းပေါ့။ အခုလို စကားပြောလို့ရတာကိုက ကောင်းနေပါပြီ။”
“ဒါနဲ့ အားလုံးပဲ... မျိုးနွယ်ခြားတွေနဲ့ စကားပြောဖြစ်ကြလား။”
“ငါကတော့ အားလုံး အဆင်ပြေပြေ ပြောပြီးပြီ။ ဒီဘာသာစကား အခက်အခံ ဖယ်ရှားရေးကတ်သာ အစောကြီးကတည်းက ထွက်လာခဲ့ရင် ငါ့မှာ ဒေသခံလက်အောက်ခံတွေ အများကြီး ရနေလောက်ပြီ။”
“အပိုတွေပြောမနေစမ်းပါနဲ့။ သူဌေး စီစဉ်ပေးထားတဲ့ ဘာသာပြန်နဲ့ ဒီကတ်နဲ့ ဘာကွာလို့လဲ။ ဘာမှမကွာဘူး။ မင်း လက်အောက်ခံတွေ အများကြီး မရတာက မင်းမှာ အရည်အချင်းမရှိလို့ပဲ။”
ထိုစဉ် ရှောင်းယီက ဝင်ပြောလိုက်သည်။
“အားလုံးပဲ... မင်းတို့ ဘယ်လို မျိုးနွယ်ခြားတွေနဲ့ တွေ့ခဲ့ကြလဲဆိုတာ ပြောပြကြပါဦး။”
“လူပုတွေ။”
“နာဂ။”
“နတ်သူငယ်မျိုးနွယ်။”
......
ပတ်ပတ်လည်ကို ကြည့်ရှုပြီးနောက် ရှောင်းယီသည် မျိုးနွယ်ခြားအသစ် တစ်ခုမှ မတွေ့ရပေ။ အားလုံးမှာ သူ့ဘက်တွင် ပေါ်လာဖူးပြီးသား မျိုးနွယ်များသာ ဖြစ်ကြသည်။
“မင်းတို့ဆီကို မျိုးနွယ်ခြား ဘယ်နှစ်မျိုးလောက် ရောက်လာကြလဲ။”
ရှောင်းယီက ဆက်လက်မေးမြန်းလိုက်သည်။
“ဟင်...အဲ့ဒါက ဘာအဓိပ္ပာယ်လဲ။ ကျွန်းတစ်ကျွန်းထက်ပိုပြီး ချဉ်းကပ်လာနိုင်လို့လား။ ကျုပ်လူတွေကို သေချာပြန်ကြည့်ခိုင်းလိုက်ဦးမယ်။”
“ဟင်း... သူဌေးဘက်မှာတော့ ကျွန်းတစ်ကျွန်းထက် ပိုနေမှာ သေချာတယ်။ ငါတို့ မဟာမိတ်အဖွဲ့မှာတော့ တစ်ကျွန်းပဲ ရှိတယ်လို့ အတည်ပြုထားတယ်။”
“ငါတို့ဆီမှာလည်း တစ်ကျွန်းပဲ။ သူဌေးဆီမှာကျမှ ဘာလို့ အများကြီး ဖြစ်နေတာလဲ။”
ထိုအချိန်တွင် တိလင်းထျန်းရှားက မက်ဆေ့ချ်တစ်ခု ပို့လိုက်သည်။
“ငါ့ဆီမှာ နှစ်ကျွန်းရှိတယ်။”
“ဝိုး... အကြီးအကဲ တိလင်လည်း မိုက်တယ်ဟေ့။”
“ကူညီမယ့် မျိုးနွယ်ခြားနှစ်မျိုး တောင်ရှိတာဆိုတော့ မသေမျိုးတွေကို ပြန်တိုက်ရတာ ပိုလွယ်သွားမှာပဲ။”
“သေချာတာပေါ့။ အဲ့ဒီ မျိုးနွယ်ခြား စစ်သည်တွေက ကြည့်ရတာ တော်တော် ခွန်အားကြီးပုံရတယ်။”
“အပြင်ပန်းပဲ ဟန်ပြဖြစ်နေမှာတော့ ကြောက်ရတယ်။”
“မဖြစ်နိုင်ပါဘူး။ သူဌေး ပြောတာတော့ ဒီမျိုးနွယ်ခြားတွေက ငါတို့ကို ကူညီပြီး မသေမျိုးတွေကို တိုက်ထုတ်ဖို့ လာကြတာဆိုတော့ သူတို့မှာ အစွမ်းအစတော့ ရှိမှာပါ။”
ဂရုထဲမှ မက်ဆေ့ချ်များကို ကြည့်ရင်း ရှောင်းယီ စဉ်းစားနေမိသည်။
မဟာမိတ်အဖွဲ့တစ်ခုချင်းစီ တွေ့ကြုံရသည့် မျိုးနွယ်ခြား အရေအတွက်မှာ မတူညီကြသော်လည်း အများစုမှာ တစ်မျိုးသာ ဖြစ်သည်။ သူ့မဟာမိတ်အဖွဲ့မှာ သုံးမျိုးတွေ့ရပြီး တိလင်းထျန်းရှားမှာ နှစ်မျိုးတွေ့ရသည်။ အချို့မှာ ထိုထက်ပိုကောင်း ပိုနိုင်သော်လည်း ထုတ်မပြောကြခြင်းလည်း ဖြစ်နိုင်ပေသည်။
ဤအချက်အလက်များအပေါ် အခြေခံ၍ ရှောင်းယီက ရဲရဲဝံ့ဝံ့ ခန့်မှန်းလိုက်သည်။
တွေ့ကြုံရသည့် မျိုးနွယ်ခြားအရေအတွက်သည် မိမိတို့ မဟာမိတ်အဖွဲ့အတွင်းရှိပြီးသား မျိုးနွယ်ခြား အရေအတွက်နှင့် တိုက်ရိုက် အချိုးကျနေခြင်း ဖြစ်နိုင်၏။ သို့သော် ၎င်းမှာ သေချာပေါက် ပုံသေကိန်းတစ်ခုတော့ မဟုတ်တန်ရာ။
ယီရန်ပင်းမဟာမိတ်အဖွဲ့တွင် မျိုးနွယ်ခြား အမြဲတမ်းနေထိုင်သူ ၃ မျိုးရှိရာ ယခု ၃ မျိုးနှင့် တွေ့ရသည်။ တိလင်းထျန်းရှားတွင် လက်ရှိ သိထားရသလောက် သစ်ပင်လူသား ၁ မျိုးရှိသော်လည်း ၂ မျိုးနှင့် တွေ့ရသည်။ အမှန်စင်စစ် တိလင်းထျန်းရှားတွင် လူမျိုးခြား ၁ မျိုးထက်ပို၍ ရှိနေနိုင်ပြီး သူက ထိိန်ချန်ထားခြင်းလည်း ဖြစ်နိုင်သည်။
“အခု မင်းတို့ အဲ့ဒီ မသေမျိုးကျွန်းတွေကို ရှင်းထုတ်ပြီးကြပြီလား။”
ရှောင်းယီက ဂရုထဲတွင် ထပ်မံ မေးမြန်းလိုက်သည်။