← Chapters

အခန်း (၉၇၅-၉၇၆)

Vol. 81 Ch. 975-976

အခန်း (၉၇၅-၉၇၆)

Vol. 81 Ch. 975-976

အခန်း (၉၇၅) - မသေမျိုးကျွန်းစုများကို ကိုင်တွယ်ဖြေရှင်းနည်းများ

ယီထျန်းဂရုချက်အတွင်းရှိ လူအများသည် ချက်ချင်းပင် ပြန်လည်ဖြေကြားကြတော့သည်။

“ကျုပ်တို့ မဟာမိတ်အဖွဲ့ရဲ့ ကျွန်းတွေပေါ်မှာရှိတဲ့ မသေမျိုးမျိုးနွယ်အားလုံးကို ရှင်းလင်းပြီးပါပြီ။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တိုင်းကိုလည်း ရိုက်ခွဲပစ်လိုက်ပြီ။”

“အပေါ်က ညီအစ်ကို မင်းကလည်း ဘာလို့ အဲ့လောက်တောင် ကြမ်းရတာလဲ။ အမှတ်တရအနေနဲ့ အနည်းဆုံး တစ်ခုလောက်တော့ ချန်ထားခဲ့သင့်တာပေါ့။”

“ဘာအမှတ်တရလဲ။ မသေမျိုးတွေရဲ့ တိုက်ခိုက်မှုကို ငါတို့ ခုခံနိုင်သရွေ့တော့ အများကြီး ထပ်မတောင်းဆိုနဲ့တော့။”

“ဟုတ်တယ်။ ငါတို့ မဟာမိတ်အဖွဲ့လည်း အကုန်လုံးကို ရိုက်ခွဲပစ်လိုက်တယ်။ အဲ့ဒါက အရိုးရှင်းဆုံး နည်းလမ်းပဲ။ ဒါပေမဲ့ အဲ့ဒီ မသေမျိုးကျွန်းတွေပေါ်က သေခြင်းချီတွေတော့ အကုန်မစင်သေးဘူး။”

“အဲ့ဒီကျွန်းတွေက ပျက်စီးယိုယွင်းနေတဲ့ မြင်ကွင်းကြီးအတိုင်းပဲ။ အစိမ်းရောင်အပင်တချို့ကို အစားထိုးစိုက်ကြည့်ပေမယ့် ပြောင်းရွှေ့စိုက်ပျိုးပြီးတာနဲ့ ချက်ချင်း ညှိုးနွမ်းသွားတာပဲ။”

ရှောင်းယီက မျက်မှောင်ကြုတ်လိုက်ပြီး ဂရုထဲတွင် ဝင်ပြောလိုက်သည်။

“အဲဒီကျွန်းတွေပေါ်က မြေဆီလွှာကို သေချာမကုသရသေးခင် အစိမ်းရောင်အပင်တွေ သွားမစိုက်ကြပါနဲ့။ အဲ့ဒီလိုလုပ်တာက အဲ့ဒီ အဏုဇီဝပိုးတွေကို အာဟာရကျွေးသလိုဖြစ်ပြီး သူတို့ကို ပိုတောင်ပွားများလာစေလိမ့်မယ်။”

“အာ... ဒါဆို သူဌေးဆိုလိုတာက မြေဆီလွှာကို ကုသဖို့ ပိုးသတ်ဆေးသုံးဖို့ လိုနေသေးတာပေါ့။”

“ဒါပေါ့။ ဒါကို သူဌေးက ပြောပြနေစရာတောင် လိုလို့လား။ မင်းဘာသာမင်း စဉ်းစားကြည့်ရင်တောင် သိနိုင်တာပဲ။”

“ကျွန်းအထိမ်းအမှတ်ကျောက်တိုင် မရှိတော့ရင် ဒီအဏုဇီဝပိုးတွေက အမြစ်မရှိတဲ့သစ်ပင်၊ အရင်းအမြစ်မရှိတဲ့ ရေလို ဖြစ်သွားပြီ။ အနည်းဆုံးတော့ သူတို့က ထပ်ခါထပ်ခါ ပြန်ဖြစ်လာမှာ မဟုတ်တော့ဘူး။ သူတို့ရဲ့ အရေအတွက်ကို ထိန်းချုပ်ပြီး အမြစ်ပြတ်အောင် သတ်နိုင်သရွေ့တော့ ငါတို့ သေချာပေါက် ကိုင်တွယ်နိုင်မှာပါ။”

“ကျုပ်ကတော့ မီးနဲ့ ရှို့တာလည်း အလုပ်ဖြစ်တာ တွေ့ခဲ့ရတယ်။”

“မင်း တကယ်ပဲ အဲ့ဒီ မသေမျိုးကျွန်းပေါ်က မြေနေရာ လက်မစီတိုင်းကို မီးနဲ့ လိုက်ရှို့နေတာလား။”

“ဟုတ်တယ်။ ဆယ်ပုံတစ်ပုံလောက်တော့ ပြီးသွားပြီ။ မီးရှို့ပြီးသား မြေပေါ်မှာ အပင်စိုက်ကြည့်တော့ အပင်တွေ အသက်ရှင်နိုင်တာ တွေ့ရတယ်။ ဒါပေမဲ့ သိပ်တော့ ကောင်းကောင်းမရှင်ဘူး။”

ထိုမက်ဆေ့ချ်ကို မြင်သောအခါ ရှောင်းယီက ချက်ချင်း ပြောလိုက်သည်။

“ကျွန်းရဲ့ မြေဆီလွှာထဲမှာရှိတဲ့ အဏုဇီဝပိုးတွေ အမြစ်ပြတ်သွားပြီလား ဆိုတာကို သေချာ ဂရုစိုက်ကြည့်ရမယ်။ မဟုတ်ရင် မင်းရဲ့ ကြိုးစားမှုတွေက အလကား ဖြစ်သွားလိမ့်မယ်။”

“အာ... ကျုပ်ဘက်ကနေတော့ အဏုဇီဝပိုးတွေ အကုန်သေ၊ မသေဆိုတာကို သေချာမခွဲခြားတတ်ဘူးဗျ။”

“အဲ့ဒါကြောင့် ငါ မင်းတို့ကို သတိပေးနေတာပေါ့။”

ရှောင်းယီက ပြန်ဖြေလိုက်၏။

“ဒါဆို ကျုပ် ဘာလုပ်သင့်လဲ။”

ထိုသူက ဆက်မေးသည်။

“ဒီလိုလုပ်ပါ။ မင်းမီးရှို့ထားတဲ့ မြေနေရာရဲ့ ကျပန်းနေရာအချို့ကနေ မြေပြင်အောက် တစ်မီတာအနက်အထိ မြေဆီလွှာ နမူနာအချို့ကို ယူပြီး အဲ့ဒီမြေကြီးအားလုံးကို ငါ့ဆီကို ပို့လိုက်။”

ရှောင်းယီ ခဏစဉ်းစားပြီး ပြန်ပြောလိုက်သည်။

“ဒီတစ်ကြိမ်တော့ ငါ မင်းအတွက် အလကား စစ်ဆေးပေးမယ်။ နောက်ပိုင်းမှာ အလားတူ စစ်ဆေးမှုတွေ လိုချင်ရင်တော့ အခကြေးငွေ ပေးရလိမ့်မယ်။”

“အရမ်းကောင်းတာပဲ။ ကျေးဇူးတင်ပါတယ် သူဌေး။ ကျုပ် အခုချက်ချင်း နမူနာ သွားယူလိုက်ပါ့မယ်။”

ထိုသူက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

အခြားသူများမှာလည်း သူ့ကို အားကျနေကြ၏။ အခမဲ့ စစ်ဆေးခွင့်ရခြင်းမှာ အနည်းဆုံးတော့ ထိုမသေမျိုးကျွန်း၏ မြေဆီလွှာတွင် အပင်များကို လျင်မြန်စွာ ညှိုးနွမ်းစေသည့် အဏုဇီဝပိုးများ ရှိနေသေးသလား ဆိုသည်ကို အဆုံးအဖြတ် ပေးနိုင်လေသည်။

“သူဌေး ကျုပ်တို့လည်း အလားတူ စစ်ဆေးမှုတွေ လုပ်ချင်ရင် အခကြေးငွေကို ဘယ်လိုကောက်ခံမှာလဲ။”

“လက်ရှိမှာတော့ ယီရန်ပင်းမဟာမိတ်အဖွဲ့က အများပြည်သူအတွက် စစ်ဆေးရေးဝန်ဆောင်မှု မပေးသေးဘူး။ မင်းတို့အနေနဲ့ ဒီအပေါ်မှာ ပိုက်ဆံဖြုန်းနေဖို့ မလိုပါဘူး။ အဏုဇီဝပိုးတွေ ရှိ၊ မရှိ ဆိုတာကို ဆုံးဖြတ်ဖို့က လွယ်ပါတယ်။ အစိမ်းအပင်တချို့ကို အဲ့ဒီမှာ ချကြည့်လိုက်ရုံပဲ။ ငါ အခု သူ့ကို စစ်ဆေးပေးတာက ဒီကုသနည်းရဲ့ ထိရောက်မှုကို သိချင်လို့ပဲ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“သူဌေး ပြောတာ မှန်ပါတယ်။ အလွန်ဆုံးရှိ မြက်ခင်းအပင်လေးတွေ ထပ်စိုက်ကြည့်ရုံပဲ။ ဒါက တကယ်ကို ဆုံးဖြတ်ရလွယ်ပါတယ်။”

“တကယ်တော့ ကျုပ်မှာ မေးခွန်းတစ်ခုရှိတယ်။ ပိုးသတ်ဆေးက အဲ့ဒီ အဏုဇီဝပိုးတွေကို တကယ်ပဲ တစ်ရာရာခိုင်နှုန်း သတ်နိုင်ပါ့မလား။”

“ပိုးသတ်ဆေးနဲ့ အပြည့်အဝ ထိတွေ့နိုင်မယ်ဆိုရင်တော့ သေချာပေါက် ပြဿနာမရှိဘူး။ ဒါပေမဲ့ မထိတွေ့မိရင်တော့ အပိုပဲ။”

“အဲ့ဒီလိုဆိုရင်တော့ သူဌေးရဲ့ ပိုးသတ်ဆေးကို အကြိမ်ပေါင်းများစွာ ဖျန်းရမှာပေါ့။”

“အတိအကျပဲ။ ဘာပဲဖြစ်ဖြစ် ဘေးကင်းတာ အကောင်းဆုံးပဲလေ။”

“ကျုပ်ကတော့ ကုသမှုပြီးလို့ အပင်စိုက်တဲ့အခါ ပိုးသတ်ဆေး ထပ်ဖျန်းဖို့ စီစဉ်ထားတယ်။ ဘာပဲဖြစ်ဖြစ် ဈေးလည်း သိပ်မကြီးဘူးလေ။”

“အားလုံးပဲ... မင်းတို့ ကျွန်းတွေပေါ်က မျိုးနွယ်ခြားတွေကိစ္စကိုရော ဖြေရှင်းပြီးကြပြီလား။”

“ဒါပေါ။ မင်းတို့ဆီက လူတွေကိုရော မရှင်းရသေးဘူးလား။”

“မရှင်းရသေးဘူး။ ငါတို့မဟာမိတ်အဖွဲ့က အခုထိ ဘာသာစကား အခက်အခဲ ဖယ်ရှားရေးကတ် တစ်ကတ်မှ မရသေးဘူး။”

“ကံဆိုးတာတွေတော့ ငါ မြင်ဖူးပါတယ်။ ဒါပေမဲ့ ဒီလောက်အထိ ကံဆိုးတာမျိုးတော့ ငါ တစ်ခါမှမတွေ့ဖူးဘူး။”

“ဟုတ်တယ်။ မဟာမိတ်အဖွဲ့တစ်ခုလုံးမှာ အသက်ရှင်ကျန်ရစ်သူ ဒီလောက်အများကြီးရှိတာကို ဘာသာစကားကတ် တစ်ကတ်မှ ရှာမတွေ့တာကတော့ တကယ့်ကို ကံဆိုးတာပဲ။”

“ဘဝက ခက်ခဲနေတာကို အစိုးရကို အပြစ်တင်လို့မရသလို ကံဆိုးနေတာကိုလည်း လူ့အဖွဲ့အစည်းကို အပြစ်တင်လို့မရဘူးလေ။”

“အခုက ဒီပစ္စည်းတွေက အကြီးအကျယ် စတင်ထွက်ပေါ်လာပြီဆိုတော့ နောက်ပိုင်းမှာ သေချာပေါက် ပိုထွက်လာဦးမှာပါ။ စိတ်မပူပါနဲ့။”

“ငါ အဲ့အတွက် စိတ်မပူပါဘူး။ ဒါပေမဲ့ အဲ့ဒီမျိုးနွယ်ခြားတွေနဲ့ ဘယ်လိုဆက်သွယ်ရမလဲဆိုတာပဲ စိတ်ပူတာ။ ဒီအတိုင်း အချိန်ဆွဲနေရင်းနဲ့ ပဋိပက္ခတစ်ခုခုဖြစ်သွားရင် ငါတို့အတွက် အကြီးအကျယ် ဆုံးရှုံးမှာ မဟုတ်ဘူးလား။”

“မဖြစ်နိုင်ပါဘူး။ မဟာမိတ်အဖွဲ့အများစုက မျိုးနွယ်ခြားတွေနဲ့ ဆက်သွယ်ပြီးလောက်ပါပြီ။ သူတို့က ငါတို့ကိုကူညီပြီး မသေမျိုးတွေကို တိုက်ထုတ်ဖို့ လာကြတာလေ။ အဲ့ဒီတော့ မင်းတို့ဘက်က အရင်စပြီး မတိုက်ခိုက်သရွေ့တော့ ဘာပြဿနာမှ ရှိမှာမဟုတ်ပါဘူး။”

“အဲ့ဒီလိုလား။ ဒါဆို ငါတို့ကင်းသမားတွေကို သေသေချာချာ သတိပေးထားရမယ်။ သေနတ်တွေ ကျည်မထွက်အောင် ဂရုစိုက်ခိုင်းရမယ်။ မဟုတ်လို့ နောက်ထပ်ရန်သူတစ်ယောက် ထပ်တိုးလာရင်တော့ ငါတို့ ဒုက္ခရောက်ကုန်လိမ့်မယ်။”

ထိုအချိန်တွင် ရှောင်းယီက ဂရုထဲ၌ ဝင်ပြောလိုက်သည်။

“အင်း... မင်းတို့ဆီမှာ ဘာသာစကားကတ် မရှိသေးရင်တောင်မှ မျိုးနွယ်ခြားတွေနဲ့ အာဃာတမဖြစ်အောင် သတိထားကြပါ။ အကောင်းဆုံးကတော့ မိတ်ဆွေဖွဲ့တဲ့အနေနဲ့ အဆင့်မြင့်အစားအစာ တချို့ကို ပေးကမ်းလိုက်တာပဲ။”

“မှန်တယ်။ သူဌေးဆီကရတဲ့ အဆင့်မြင့်အစားအစာတွေက အခုဆို ဈေးတော်တော်သက်သာနေပြီပဲ။ သူတို့ကို နည်းနည်းပါးပါး ပေးလိုက်တာက ဘာမှမဖြစ်ပါဘူး။”

“ဒါက အလှူလက်ဖက်နဲ့ မျက်နှာလုပ်တာ မဟုတ်ဘူးလား။”

“ဒါက အလှူလက်ဖက်နဲ့ မျက်နှာလုပ်တာတာမဟုတ်ပါဘူးကွာ...။ ကိုယ်တိုင်ဝယ်ပြီး ပေးတာဆိုတော့ ကိုယ့်ပစ္စည်းနဲ့ကိုယ် မျက်နှာလုပ်တာလို့ပဲ ပြောရမှာပေါ့။”

“သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သူဌေး။ ကျုပ် စောစောကတင် သူတို့ကို အဆင့်မြင့်အစားအစာတချို့ ပေးလိုက်ပြီးပြီ။ သူတို့တွေ အရမ်းစိတ်လှုပ်ရှားသွားပြီး ကျုပ်တို့ကို အထပ်ထပ်အခါခါ ကျေးဇူးတင်နေကြတယ်။”

ရှောင်းယီသည် ဆက်သွယ်ရခက်ခဲနေသော မဟာမိတ်အဖွဲ့များအတွက် ဆက်ဆံရေးပြေလည်စေမည့် နည်းလမ်းတစ်ခုကိုသာ အကြံပြုရန် ရည်ရွယ်ခဲ့သော်လည်း ဆက်သွယ်နိုင်သူများကပါ ဤနည်းလမ်းကို အသုံးပြုခဲ့ကြပြီး ကြည့်ရသည်မှာ သူတို့လည်း နာမည်ကောင်း ရရှိသွားကြပုံပေါ်သည်။

ရှောင်းယီသည် မိမိမဟာမိတ်အဖွဲ့နှင့် စတင်တွေ့ဆုံခဲ့သော မျိုးနွယ်ခြားအချို့ကိုလည်း ရုတ်တရက် သတိရသွား၏။ သူတို့နှင့် စကားပြောနေစဉ်က သူတို့အားလုံးမှာ ပြောစရာတစ်ခုခု ရှိပုံရသော်လည်း နောက်ဆုံးတွင် ဘာမှထုတ်မပြောခဲ့ကြပေ။ အထင်ရှားဆုံးမှာ နာဂ မျိုးနွယ်ဖြစ်သည်။ ထိုစဉ်က မယ်ဒူဆာဘေးနားရှိ နာဂအမျိုးသားသည် တစ်ခုခုပြောချင်နေသည်မှာ သေချာသော်လည်း မယ်ဒူဆာက သူ့ကို တားမြစ်ခဲ့သည်။

မိမိဆီသို့ ရောက်ရှိလာခဲ့သော မျိုးနွယ်ခြားများအားလုံးမှာ အဆင့်မြင့်အစားအစာများ လိုအပ်နေခဲ့သည်ကို ပြန်လည်စဉ်းစားမိရာ ရှောင်းယီ သဘောပေါက်သွား၏။

ထို့နောက် ရှောင်းယီ ဖုန်းကိုကောက်ကိုင်ကာ အန်းယွီထံ ဖုန်းဆက်လိုက်တော့သည်။

“ဦးလေးအန်း ကျုပ်တို့ကျွန်းနဲ့ စောစောက လာထိစပ်နေတဲ့ မျိုးနွယ်ခြားတွေအတွက်ပေးဖို့ S အဆင့် ပါဝင်ပစ္စည်းတချို့ ပြင်ဆင်ပေးပါဦး။”

“ဟုတ်ကဲ့။”

အန်းယွဲ့က ပြန်ဖြေလိုက်သည်။

“အမျိုးအစား သတ်မှတ်ချက်ရှိလား။”

“အဲ့ဒါတော့ ကျုပ်လည်း သေချာမသိဘူး။ အမျိုးအစားစုံအောင် ပြင်ထားပြီး သူတို့ဘာသာ ရွေးခိုင်းလိုက်တာပေါ့။”

ရှောင်းယီက မတတ်သာသည့်အသံဖြင့် ပြန်ပြောလိုက်၏။

“ဒါနဲ့ ဒီတစ်ခါ မျိုးနွယ်ခြားတွေထဲမှာ နတ်သူငယ်မျိုးနွယ်တွေလည်း ပါတယ်။ သူတို့ရဲ့ အလေ့အထကတော့ ကျုပ်တို့ကျွန်းပေါ်က နတ်သူငယ်တွေနဲ့ အတူတူပဲ ဖြစ်လိမ့်မယ်။ ကျန်တဲ့ နှစ်မျိုးကတော့ ကြည့်ရတာ ကျုပ်တို့ လူသားတွေနဲ့ တူမယ်ထင်တယ်။ သူတို့အတွက် အရင်ပြင်ပေးကြည့်လိုက်ပါဦး။”

“ဟုတ်ကဲ့။”

အန်းယွဲ့က တုံ့ပြန်လိုက်သည်။

ထိုအချိန်တွင် အသက်ရှင်ကျန်ရစ်သူတစ်ဦး၏ ကျွန်းပေါ်၌ လူငယ်တစ်ဦးက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။

“ငါ အောင်မြင်ပြီ။ ငါလည်း အခု SSS အဆင့်စွမ်းအားရှင်တစ်ယောက် ဖြစ်သွားပြီကွ။”

သူ့ဘေးနားရှိ အဘိုးအိုမှာလည်း ထူးထူးခြားခြား စိတ်လှုပ်ရှားနေခဲ့သည်။

“သခင်လေး ယီရန်ပင်း ပြောပြခဲ့တဲ့ နည်းလမ်းက တကယ် ထိရောက်လိမ့်မယ်လို့ ကျုပ် မထင်ထားခဲ့မိဘူး။”

“ဟုတ်တယ်။ ဒီယီရန်ပင်းဆိုတဲ့လူက မရိုးရှင်းဘူး။ ငါတို့ သူနဲ့ ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးကို ဆက်ထိန်းထားရမယ်။”

ထိုလူငယ်က ခေါင်းငြိမ့်ကာ ပြောလိုက်လေသည်။

အခန်း (၉၇၆) - နောက်ထပ် SSS အဆင့် တစ်ဦး ပေါ်ထွက်လာခြင်းနှင့် စမ်းသပ်မှုများ

“ဒါဆို သူက ကျုပ်တို့ရဲ့ အပြင်စည်းတပည့်တွေကို သတ်ခဲ့တဲ့ကိစ္စကို ဒီအတိုင်းပဲ လွှတ်ထားလိုက်တော့မှာလား။”

အဘိုးအိုက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“သူတို့က အပြင်စည်းတပည့်တွေပဲဟာ။ သူတို့အတွက်နဲ့ ဒီလောက်အစွမ်းထက်တဲ့ ရန်သူမျိုးကို သွားပြီး ရန်စနေဖို့ မလိုပါဘူး။”

လူငယ်က အေးစက်စွာ ပြောလိုက်သည်။ ထိုအပြင်စည်းတပည့်များ၏ အသက်မှာ သူ့အတွက် ဘာမှအရေးမပါသကဲ့သို့ပင်။

“ဟုတ်ကဲ့ပါ သခင်လေး။”

အဘိုးအိုက ရိုသေစွာ ပြန်ဖြေလိုက်သည်။

ထို့နောက် လူငယ်သည် မတ်တပ်ရပ်ကာ အဝေးသို့ ငေးကြည့်ရင်း ရေရွတ်လိုက်သည်။

“ယီရန်ပင်း... မင်းဆီမှာ လျှို့ဝှက်ချက်တွေ ဘယ်လောက်တောင် များနေဦးမလဲ။”

“ကျုပ်တို့ လူအတော်များများကို ယီရန်ပင်းရဲ့ကျွန်းဆီ လွှတ်ပြီး စုံစမ်းခိုင်းထားပေမဲ့ သူတို့ရဲ့ လုံခြုံရေးက အရမ်းတင်းကျပ်တယ်။ ကျွန်းထဲအထိ နက်နက်ရှိုင်းရှိုင်း စုံစမ်းဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။”

အဘိုးအိုက လေးပင်သောအသံဖြင့် ဆိုသည်။

“အင်း... စုံစမ်းတာတွေကို လောလောဆယ် ရပ်ထားလိုက်ပါ။ ရိပ်မိသွားရင် မကောင်းဘူး။ အခုချိန်မှာတော့ ယီရန်ပင်း ဖိုရမ်မှာ တင်ထားတဲ့ လမ်းညွှန်ချက်အတိုင်း ငါတို့ကျွန်းပေါ်က အသက်ရှင်ကျန်ရစ်သူတွေရဲ့ အဆင့် မြင့်လာအောင်ပဲ အာရုံစိုက်ထားကြရအောင်။”

လူငယ်က ပြောလိုက်သည်။

“သခင်လေး... တကယ်ပဲ ဒီအတိုင်းလုပ်တာ သင့်တော်ပါ့မလား။”

အဘိုးအိုက စိုးရိမ်တကြီး မေးလိုက်၏။

“ဘာလို့မသင့်တော်ရမှာလဲ။ အဲ့ဒီလမ်းညွှန်ချက်က အခြေအမြစ် ခိုင်လုံတယ်။ သဘာဝလည်းကျသလို ယုတ္တိလည်း ရှိတယ်။”

လူငယ်က ပြန်ပြောလိုက်သည်။

“သခင်လေး... အကျိုးအမြတ်တစ်ခုခုသာ မရှိရင် ယီရန်ပင်းက ဒီလောက်အရေးကြီးတဲ့ အတွေ့အကြုံတွေကို လူတိုင်းကို မျှဝေပါ့မလား။”

ထိုအဘိုးအိုသည် ဤမျှအထိ ကိုယ်ကျိုးမဖက်သည့် လူစားမျိုးရှိသည်ဟု လုံးဝမယုံကြည်ပေ။

လူငယ်က ခဏကြာအောင် စဉ်းစားပြီးမှ ပြောလိုက်သည်။

“သူ့အတွက် အကျိုးအမြတ် ရှိနေစေဦးတော့ ငါတို့ဘက်ကလည်း အများကြီး ပြန်ရနေတာပဲ။ နှစ်ဦးနှစ်ဖက် အကျိုးရှိတာပဲလေ။ အဲ့ဒီလိုမဟုတ်ဘဲ ငါတို့က သိပ်ပြီး သံသယများနေလို့ သာမန်အသက်ရှင်ကျန်ရစ်သူတွေရဲ့ နောက်မှာ ကျန်ရစ်ခဲ့မယ်ဆိုရင် အဲ့ဒါကမှ တကယ့်အရှုံးပဲ။”

အဘိုးအိုသည်လည်း မျက်မှောင်ကြုတ်ကာ အလေးအနက် စဉ်းစားနေမိသည်။

“ယီရန်ပင်း ဘာတွေပဲ ကြံစည်နေပါစေ ငါတို့အတွက် လက်တွေ့ကျတဲ့ အကျိုးအမြတ် ရနေသရွေ့တော့ အဲ့ဒါက လုံလောက်ပြီ။”

လူငယ်က ဆက်ပြောလိုက်သည်။

နောက်ဆုံးတွင် အဘိုးအိုက ခေါင်းငြိမ့်လိုက်တော့သည်။ ရှောင်းယီ ပေးထားသည့် အဆင့်အမြန်တက်နည်း လမ်းညွှန်ချက်မှာ လေ့ကျင့်လိုက်လျှင် သွေးလေချောက်ချားနိုင်သည့် အတွင်းအားကျင့်စဉ်မျိုး မဟုတ်ဘဲ အခြေခံ အတွေ့အကြုံများသာ ဖြစ်သည်။ တစ်ဦးချင်းစီအတွက် ဘေးထွက်ဆိုးကျိုး မရှိနိုင်သည့်အတွက် ထိုလမ်းညွှန်ချက်အတိုင်း အဆင့် မြှင့်တင်ခြင်းမှာ ပြဿနာမရှိပေ။

သို့သော်လည်း အဘိုးအိုသည် တစ်ခုခု လွဲချော်နေသည်ဟု ခံစားနေရဆဲဖြစ်သော်လည်း ဘာလဲဆိုသည်ကိုမူ အတိအကျ မပြောနိုင်ခဲ့ပေ။

ထိုအချိန်တွင် ယီရန်ပင်းမဟာမိတ်အဖွဲ့အတွင်းရှိ အသက်ရှင်ကျန်ရစ်သူများအားလုံးသည်လည်း ရှောင်းယီပေးထားသည့် လမ်းညွှန်ချက်အတိုင်း အဆင့်မြှင့်တင်နေကြပြီဖြစ်သည်။ သူတို့လိုအပ်သည့် အဆင့်မြင့်အစားအစာများမှာလည်း အလကားနီးပါး ဈေးနှုန်းအထိ ကျဆင်းသွားခဲ့သည်။ သို့သော် ကျွန်းပေါ်ရှိ အသက်ရှင်ကျန်ရစ်သူများ သတိမထားမိသည့် အချက်တစ်ခုမှာ ထိုအစားအစာများကို SS အဆင့်အထိသာ ပံ့ပိုးပေးထားခြင်း ဖြစ်သည်။

ဒါသည်လည်း ကျွန်းပေါ်ရှိ လူများ၏ အဆင့်ကို ထိန်းချုပ်လိုသည့် ရှောင်းယီ၏ နည်းလမ်းတစ်ခုလည်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူတိုင်းသာ SSS အဆင့်ဖြစ်သွားပါက နေ့စဉ်နေ့တိုင်း သားရဲကြီးများ၏ တိုက်ခိုက်မှုကို အကြိမ်ကြိမ် ခံရနိုင်သောကြောင့်ပင်။ လူတိုင်း SSS အဆင့် အနီးအနား ရောက်လာမှသာ ထပ်မံစဉ်းစားရန် သူ ဆုံးဖြတ်ထားပေသည်။

မဟာမိတ်အဖွဲ့ဝင်များမှာ သူတို့၏ အဆင့်များမှာ မမြင့်မားသေးသည့်အတွက် ထိုကဲ့သို့ အဆင့်မြင့်အစားအစာ ပြဿနာကို သတိမမူမိကြပေ။ သို့သော် ပြင်ပသို့ ရောင်းချရာတွင်မူ ရှောင်းယီသည် အဆင့်မြင့်အစားအစာများကို ကန့်သတ်ချက်မရှိ ရောင်းချပေးထားခဲ့လေသည်။

ဓာတ်ခွဲခန်း၏ အကူအညီဖြင့် ယွမ်နွန်သည် အထွက်နှုန်းကောင်းသည့် သီးနှံများစွာကို သုတေသနပြုထားပြီးဖြစ်သည်။ အသက်ရှင်ကျန်ရစ်သူများ စားသုံးရန်အတွက် ထောက်ပံ့ပေးရန်မှာ လုံလောက်သည်ထက်ပင် ပိုနေသေးသည်။ ယွမ်နွန်သည်လည်း ရှောင်းယီရှေ့တွင် ဤစူပါဓာတ်ခွဲခန်းကို မကြာခဏ ချီးကျူးလေ့ရှိသည်။

“အရင်ကမ္ဘာမှာသာ ဒီလိုဓာတ်ခွဲခန်းမျိုး ရှိခဲ့ရင် ငါ့ရဲ့ သိပ္ပံသုတေသနတွေက ဘယ်တော့မှ လမ်းခုလတ်မှာ ရပ်တန့်နေမှာ မဟုတ်ဘူး။ ကမ္ဘာ့စားနပ်ရိက္ခာ ပြဿနာဆိုတာလည်း ရှိလာတော့မှာမဟုတ်ဘူး။”

ယွမ်နွန်က သူ၏ အထွက်နှုန်းကောင်း ခရမ်းချဉ်သီးစီမံကိန်း ရလဒ်များကို ကြည့်ရင်း မြည်တမ်းလိုက်၏။

ဓာတ်ခွဲခန်း၏ အချက်အလက်များအရ ဤခရမ်းချဉ်သီးများ၏ အထွက်နှုန်းမှာ အရင်ကမ္ဘာထက် ၁၂.၅ ဆ ပိုများပေသည်။ ဤကျွန်း၏ အပင်ကြီးထွားမှု အရှိန်မြှင့်တင်ခြင်းဂုဏ်သတ္တိနှင့် ပေါင်းစပ်လိုက်ပါက ထွက်ရှိနှုန်းမှာ မယုံနိုင်စရာပင် ဖြစ်တော့သည်။

ရှောင်းယီ၏ စူပါပေါင်းစပ်ခြင်းစက်နှင့် ပူးပေါင်းလုပ်ဆောင်မှုကြောင့် အဆင့်အမျိုးမျိုးရှိသော စားနပ်ရိက္ခာ ထောက်ပံ့မှုမှာ အလွန်ပေါများလာခဲ့သည်။ အန်းယွဲ့သည် စားနပ်ရိက္ခာ သိုလှောင်ရုံကို စီမံခန့်ခွဲရန်နှင့် မည်သည့်သီးနှံမျိုးစေ့များကို စိုက်ပျိုးသင့်သည်ကို ယွမ်နွန်ထံ အချိန်မီ အကြောင်းကြားရန်အတွက် လူတစ်စုကို သီးသန့်ပင် စီစဉ်ပေးခဲ့ရသည်။

ယွမ်နွန်သည် ယခုအခါ သူ၏အချိန်အများစုကို ဓာတ်ခွဲခန်းထဲတွင်သာ ကုန်ဆုံးစေခဲ့သည်။ ထိုအဆင့်မြင့် ကိရိယာတန်ဆာပလာများနှင့် သူ၏ သိပ္ပံနည်းကျ သုတေသနစိတ်ဓာတ်တို့ ပေါင်းစပ်လိုက်သောအခါ သုတေသနစမ်းသပ်ချက်များ ပြုလုပ်ရသည်မှာ အလယ်တန်းကျောင်းသားတစ်ယောက် စမ်းသပ်ခန်းဝင်ရသကဲ့သို့ပင် ရိုးရှင်းလွယ်ကူနေတော့သည်။

အဆင့်တိုင်းအတွက် စားနပ်ရိက္ခာများ ပေါများနေသော်လည်း ယီရန်ပင်းမဟာမိတ်အဖွဲ့အတွင်းရှိ ဒေသခံများကိုမူ အမြင့်ဆုံး A အဆင့်အထိသာ ကျွေးမွေးထား၏။ ၎င်းမှာ ဘေးကင်းလုံခြုံရေးအတွက်ပင် ဖြစ်သည်။ ထိုဒေသခံများသည် ယခုအခါ အလွန်လိမ္မာယဉ်ကျေးပုံရသော်လည်း ရှောင်းယီအမှန်တကယ် ယုံကြည်သူများမှာ စာချုပ်ကတ် အသုံးပြုထားသည့် ဒေသခံ မှော်ဆရာများသာဖြစ်သည်။ ကျန်ရှိသော ဒေသခံများအပေါ်တွင်မူ ရှောင်းယီက သတိထားနေဆဲပင်။

ဒေသခံများ၏ အဆင့်ကို အသက်ရှင်ကျန်ရစ်သူများ၏ အဆင့်အောက်တွင်သာ အမြဲရှိနေစေရပေမည်။

ကလင်...ကလင်...ကလင်

ရှောင်းယီ၏ လက်ကိုင်ဖုန်းမှာ အသံမြည်လာ၏။

“ကျွန်းပိုင်ရှင် အဲ့ဒီ မသေမျိုးကျွန်းတွေကို တစ်ခေါက်စီ ရှင်းလင်းပြီးပါပြီ။ ခြောက်သွေ့နေတဲ့ သစ်ကိုင်းတွေနဲ့ သစ်ရွက်ကြွေတွေကို အကုန်မီးရှို့ဖျက်ဆီးလိုက်ပြီး မြေပြင်အနှံ့ကိုလည်း ပိုးသတ်ဆေး ဖျန်းပြီးပါပြီ။”

ကျန်းယွင်ထျန်း၏ အသံကို ဖုန်းထဲမှ ကြားလိုက်ရ၏။

“နောက်ထပ် သီးနှံစိုက်ပျိုးတာတွေ တန်းပြီး စတင်လို့ ရပြီလား။”

ရှောင်းယီက အနည်းငယ် စဉ်းစားပြီး ပြန်ပြောလိုက်သည်။

“ရှင်းလင်းပြီးသား ကျွန်းတွေက မြေဆီလွှာတချို့ကို ယူပြီး ဓာတ်ခွဲခန်းကို စစ်ဆေးဖို့ ပို့လိုက်ဦး။ အဆင်ပြေတယ်ဆိုမှ စိုက်ပျိုးရေးကို စတင်လိုက်ပါ။ အဲ့ဒီလိုစိုက်ပြီးရင်တောင်မှ ပိုးသတ်ဆေးကို နောက်ထပ်တစ်ကြိမ် ထပ်ဖျန်းပေးလိုက်ဦး။”

“ဟုတ်ကဲ့။”

ကျန်းယွင်ထျန်းက တုံ့ပြန်လိုက်သည်။

ထိုအချိန်တွင် မီးရှို့သည့်နည်းလမ်းဖြင့် မသေမျိုးကျွန်းကို ကုသခဲ့သည့် အသက်ရှင်ကျန်ရစ်သူသည်လည်း သူကျပန်းစုဆောင်းထားသော မြေဆီလွှာနမူနာများကို ပေးပို့လာခဲ့သည်။ ရှောင်းယီသည် လဲလှယ်မှုကို ချက်ချင်းလက်ခံလိုက်ပြီး ရရှိလာသော မြေကြီးများကို ဓာတ်ခွဲခန်းသို့ ပို့လိုက်သည်။

စူပါဓာတ်ခွဲခန်းသည် အလွန်ပင် စွမ်းဆောင်ရည်မြင့်မားရာ ရလဒ်များကို လျင်မြန်စွာ ထုတ်ပေးခဲ့၏။ ပိုးသတ်ဆေးဖြင့် ကုသထားသော မြေဆီလွှာနမူနာများတွင် ပစ်မှတ်ထားသည့် အဏုဇီဝပိုးများကို လုံးဝရှာမတွေ့တော့ပေ။ သို့သော် မီးရှို့ရုံသာပြုလုပ်ထားသည့် မြေဆီလွှာနမူနာများတွင်မူ ပမာဏအနည်းငယ်မျှ ကျန်ရှိနေသေးကြောင်း တွေ့ရှိခဲ့ရသည်။

ရှောင်းယီသည် ဤစစ်ဆေးမှုရလဒ်များကို သူ၏လက်ကိုင်ဖုန်းထဲရှိ ယီထျန်းဂရုချက်တွင် ချက်ချင်း အသိပေးလိုက်၏။

“အားလုံးပဲ... မင်းတို့ မီးရှို့တဲ့နည်းလမ်းကို သုံးနေတယ်ဆိုရင်တော့ နည်းနည်း ပိုပြီးသတိထားဖို့ လိုဦးမယ်။ တချို့နေရာတွေမှာ ပိုးတွေ ကျန်နေခဲ့နိုင်တယ်။”

ရှောင်းယီက ဂရုထဲတွင် ပြောလိုက်သည်။

“သတိပေးတဲ့အတွက် ကျေးဇူးပါ သူဌေး။ ဒါနဲ့ သူဌေးဘက်မှာ မသေမျိုးကျွန်းပြဿနာကို ဘယ်လိုကိုင်တွယ်လဲဆိုတာ သိပါရစေ။”

တစ်ယောက်က မေးမြန်းလာခဲ့သည်။

“မီးရှို့တယ်။ ပြီးတော့ ပိုးသတ်ဆေးပါ သုံးတယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ကျုပ်တို့ စစ်ဆေးချက်အရဆိုရင်တော့ အပင်တွေကို ညှိုးနွမ်းစေတဲ့ အဏုဇီဝပိုးတွေကို လောလောဆယ် မတွေ့ရတော့ဘူး။”

“မျှော်လင့်ထားတဲ့အတိုင်းပဲ။ သူဌေးရဲ့ ပိုးသတ်ဆေးက ပိုပြီး စိတ်ချရတယ်။”

“ဟုတ်တယ်။ တစ်ကောင်လောက် ကျန်နေခဲ့ရင်တောင် ငါတို့စိုက်ထားတဲ့ အပင်တွေ အကုန် ပျက်စီးသွားမှာပဲ။”

“ကျုပ် ဘာမှမစိုက်ဘဲ ထားလိုက်ပြီး အဲ့ဒီအဏုဇီဝပိုးတွေကို အစာငတ်ပြီး သေသွားအောင် လုပ်လို့ရမလား။”

“မင်း။ဘာတွေတွေးနေတာလဲ။ လုံးဝမရဘူး။ အပင်မရှိရင် သူတို့က အိပ်ပျော်နေတဲ့ အခြေအနေထဲ ရောက်သွားမှာ။ အစိမ်ရောင်အပင်လေးတွေ ပေါ်လာတာနဲ့ သူတို့က ချက်ချင်း ပြန်နိုးထလာမှာပဲ။”

“ဒါဆို သူဌေးရဲ့ ပိုးသတ်ဆေးကို သုံးတာကပဲ တစ်ခုတည်းသော နည်းလမ်းဖြစ်ပုံရတယ်။”

ထိုအခါ ရှောင်းယီက ဂရုထဲတွင် ဆက်ပြောလိုက်သည်။

“အားလုံးပဲ... ပိုးသတ်ဆေးကိုလည်း သိပ်ပြီး အစွဲအလမ်းမကြီးကြပါနဲ့။ ပိုးသတ်ဆေးသုံးရင်တောင် လွတ်သွားတဲ့ နေရာတွေ ရှိနိုင်သေးတယ်။ အဲ့ဒါက ငါတို့ ဘယ်လောက် စေ့စေ့စပ်စပ် ဖျန်းနိုင်သလဲ ဆိုတာပေါ်မှာ မူတည်တယ်။ ဘေးကင်းဖို့အတွက် ဆိုရင်တော့ အပင်တွေစိုက်ပြီးရင်တောင် နောက်ထပ်တစ်ခေါက် ထပ်ဖျန်းတာ အကောင်းဆုံးပဲ။”

“အင်း... သူဌေး ပြောတာက လက်တွေ့ကျတယ်။ ဖျန်းတဲ့အခါ ညီညာမှု မရှိရင် နေရာလွတ်တွေ ကျန်နေနိုင်တာပဲ။”

“သူဌေးက တကယ်ကို စေ့စပ်သေချာတာပဲ။ ငါတို့အားလုံး သူ့ဆီက သင်ယူသင့်တယ်။”

“မင်းက ဒီနေ့မှ သိတာလား။ ငါဆိုရင် သူဌေးကို အမြဲတမ်း စံပြပုဂ္ဂိုလ်အဖြစ် ထားထားတာ။ ဒါပေမဲ့ တချို့အရာတွေကတော့ လိုက်ပြီးအတုခိုးလို့တောင် မရဘူးကွာ...။”

All Chapters