အခန်း (၉၇၇-၉၇၈)
Vol. 81 Ch. 977-978
အခန်း (၉၇၇) - ရှားနိုင်ငံ၏ အသက်ရှင်ကျန်ရစ်သူ အရေအတွက်နှင့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်များ
“ကံတရားကိုပဲ ကြည့်လေ။ ဘယ်သူကများ သူတို့ရဲ့ကံကို သူဌေးရဲ့ကံနဲ့ ယှဉ်ရဲမှာလဲ။”
“အတိအကျပဲ။ အစောကြီးကတည်းက အပျော်စီးသင်္ဘောလိုမျိုး အဆင့်မြင့်ပစ္စည်းကို သူဌေးက ရထားခဲ့ပြီးသား။ အခုထိ တခြားဘယ်သူမှ ဒီလောက်အဆင့်မြင့်တာမျိုး ရထားတာ မတွေ့သေးဘူး။”
“အပျော်စီးသင်္ဘောကို ထားလိုက်ပါဦး။ ကျုပ်ဆို သံချပ်ကာစစ်သင်္ဘောတောင် မရသေးဘူး။”
ရှောင်းယီသည် သူတို့၏ ဆွေးနွေးမှုများကို ကြည့်ရင်း မတတ်သာသည့်အဆုံး ခေါင်းခါလိုက်မိသည်။ အမှန်အတိုင်းပြောရလျှင် သူ၏ကံမှာ အချိန်အတော်များများတွင် အတော်လေး ညံ့ဖျင်းလှပေသည်။ ထောက်ပံ့ရေးသေတ္တာများမှ ရရှိသော ပစ္စည်းများကိုသာ ကြည့်မည်ဆိုလျှင် သူသည် အလယ်အလတ်အောက်အဆင့်တွင်သာ ရှိမည်ဟု ခန့်မှန်းရပြီး လူတိုင်းထင်သလို ‘ကံကောင်းခြင်းဧကရာဇ်’ တစ်ဦး လုံးဝမဟုတ်ပေ။
ရှောင်းယီသည် ထိုအကြောင်းများကို လိုက်လံရှင်းပြမနေတော့ချေ။
“အားလုံးပဲ ကောင်းကောင်းပြင်ဆင်ထားကြပါ။ မသေမျိုးတွေရဲ့ ထိုးစစ်က မကြာခင် ရောက်လာတော့မယ်လို့ ငါခံစားနေရတယ်။”
“ဟုတ်တယ်။ မျိုးနွယ်ခြားစစ်ကူတွေလည်း ရောက်လာပြီ။ အရင်ရောက်နေတဲ့ မသေမျိုးကျွန်းတွေကိုလည်း ရှင်းပြီးပြီဆိုတော့ နောက်ထပ်တိုက်ခိုက်မှုတွေ လာဖို့အချိန်တန်ပြီ။”
“စဉ်းစားကြည့်ရုံနဲ့တင် ကြောက်စရာပဲ။ အားလုံးရဲ့ မဟာမိတ်အဖွဲ့တွေထဲက ဒေသခံတွေကိစ္စကိုရော ဖြေရှင်းပြီးကြပြီလား။”
“ငါတို့မဟာမိတ်အဖွဲ့ကတော့ သူတို့ကို မောင်းထုတ်လိုက်ပြီ။ သူတို့မှာရှိတဲ့ အင်အားလေးနဲ့ ငါတို့ကို ဘယ်လိုများ စိန်ခေါ်ရဲတာလဲဆိုတာ စဉ်းစားလို့တောင်မရဘူး။”
“အပေါ်က ညီအစ်ကို စကားကို လျှော့ပြောပါဦး။ သူဌေးဆီကရတဲ့ အဆင့်မြင့်လက်နက်တွေသာ မရှိရင် သူတို့ကို တိုက်ရတာ ငါတို့အတွက် တော်တော်လေး ခက်ခဲလိမ့်မယ်။”
“သူဌေးရှိနေတာကလည်း ငါတို့ရဲ့ အင်အား တစ်စိတ်တစ်ပိုင်းပဲလေ။ သူတို့က မကျေနပ်ရင် သူတို့ဘာသာသူတို့ သူဌေးတစ်ယောက် သွားရှာခိုင်းလိုက်ပေါ့။”
“ဟားဟား... အဲ့ဒီအချက်ကိုတော့ ငါ အပြည့်အဝ ထောက်ခံတယ်။”
ရှောင်းယီ ခေါင်းခါလိုက်ပြီး ထိုအနှစ်သာရမရှိသော မြှောက်ပင့်စကားများကို ဆက်မကြည့်တော့ပေ။
ညရောက်သောအခါ ရှောင်းယီသည် ညစာစားရန် အိပ်ခန်းထဲမှ ဆင်းလာခဲ့လိုက်သည်။ အခြားသူများလည်း အသီးသီး ပြန်ရောက်နေကြပြီဖြစ်သည်။
“ကျွန်းပိုင်ရှင် အဲ့ဒီ မသေမျိုးကျွန်းတွေမှာ အပင်တွေ အကုန်စိုက်ပြီးသွားပြီ။ ပိုးသတ်ဆေးလည်း ထပ်ဖျန်းပြီးပါပြီ။ လောလောဆယ်တော့ ဘာမှ ထူးထူးခြားခြား မရှိသေးဘူး။”
ကျန်းယွင်ထျန်းက ရှောင်းယီကို မြင်သည်နှင့် အစီရင်ခံလိုက်သည်။။ရှောင်းယီ ခေါင်းငြိမ့်ပြလိုက်၏။
“ဦးလေးအန်း အဲ့ဒီကျွန်းတွေကို စောင့်ကြည့်ဖို့ လူတချို့ စီစဉ်လိုက်ပါ။ တစ်ခုခု ထူးခြားတာနဲ့ ချက်ချင်းကိုင်တွယ်ပြီး ကျုပ်ကို အကြောင်းကြားပါ။”
“ဟုတ်ကဲ့။”
အန်းယွဲ့က ပြန်ဖြေလိုက်သည်။
“ဒီနေ့ ကျိမိသားစု တွေ့ခဲ့တဲ့ သားရဲကြီးကိစ္စ ဘယ်လိုဖြစ်သွားလဲ မသိဘူး။”
ရှောင်းယီက တိုးတိုးလေး ရေရွတ်လိုက်သည်။
“မင်းပေးထားတဲ့ တော်ပီဒိုတွေ ရှိနေတာပဲ။ ဘာမှ ပြဿနာရှိမှာ မဟုတ်ပါဘူး။”
အန်းယွဲ့က ပြုံးကာ ပြောလိုက်သည်။
“တကယ်လို့ ပြဿနာရှိရင် သူတို့ မင်းဆီကနေ တော်ပီဒိုတွေ ထပ်ပြီး လာဝယ်နေတာ ကြာလှပြီပေါ့။”
“အင်း...ဒါလည်း ဟုတ်တာပါပဲ။”
ရှောင်းယီ ခေါင်းငြိမ့်လိုက်သည်။ ထိုအခါ ကျန်းယွင်ထျန်းက ဆက်ပြောလိုက်သည်။
“ကျွန်းပိုင်ရှင် အခု ငါတို့ဆီမှာ စူပါအစိတ်အပိုင်းဖြုတ်စက် ရှိနေပြီဆိုတော့ လက်နက်အဟောင်းတွေနဲ့ ပစ္စည်းတွေကို အကုန်ဖြုတ်ပစ်လိုက်ရမလား။ အရင်းအမြစ်တွေကို ပြန်ပြီးအသုံးချရာလည်း ရောက်တာပေါ့။”
“အင်း... အကုန်ဖြုတ်လိုက်ပါ။ ဦးလေးအန်း ဒီအလုပ်အတွက် တာဝန်ယူဖို့ လူနည်ူနည်းလောက် ရှာပေးလိုက်ပါဦး။”
“ကောင်းပြီ။”
အန်းယွဲ့က တုံ့ပြန်လိုက်သည်။
“အဆင့်မြင့်အစားအစာတွေ ရောင်းရတာရော အခြေအနေ ဘယ်လိုလဲ။”
ရှောင်းယီက ဆုဝမ်ဘက် လှည့်ကာ မေးလိုက်သည်။
“ဖိုရမ်မှာ နင် ရုပ်ခန္ဓာအဆင့်မြှင့်တင်ဖို့ လမ်းညွှန်ချက်ကို တင်လိုက်ပြီးကတည်းက အဆင့်မြင့်အစားအစာ ရောင်းအားက အရှိန်အဟုန်နဲ့ ထိုးတက်သွားတာပဲ။ အချိန်တိုင်းမှာ ဝယ်ယူနေတဲ့သူတွေ ရှိနေတယ်။”
“ငါ ကြော်ငြာစာ ကောင်းကောင်းတစ်စောင် ရေးမိသွားပုံပဲ။”
ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။ အားလုံးက ဝိုင်းရယ်ကြတော့သည်။
“အဲဒီလိုတော့ မပြောပါနဲ့။ အခုဆို ခင်ဗျားက နာမည်ကြီးတံဆိပ်တစ်ခုလို ဖြစ်နေပြီ။ ခင်ဗျားသာ တစ်ခုခုကို အနံ့ဆိုးတယ်လို့ ပြောပြီး ရောင်းရင်တောင် လူတွေက အဲ့ဒါကို အနံ့ပြင်းတဲ့ တို့ဟူးလိုမျိုး အဖိုးတန်တယ်လို့ သတ်မှတ်ပြီး ဝယ်ကြမှာပဲ။”
ဒူခန်းက ရယ်မောရင်း ပြောလိုက်သည်။
“ငါတို့ ထမင်းစားနေတယ်လေဟဲ့။ ဒီလို ရွံစရာကောင်းတာတွေ မပြောလို့ မရဘူးလား။”
လီယန်က သူ့ကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။
“ကျုပ် ဘယ်လောက်တောင် ယဉ်ယဉ်ကျေးကျေး သုံးနှုန်းထားလဲဆိုတာ မမြင်ဘူးလားဗျာ။”
ဒူခန်းက ကူကယ်ရာမဲ့သည့်လေသံဖြင့် ပြန်ပြောလိုက်သည်။ ရှောင်းယီမှာ ဆွံ့အသွားရသည်။
“အင်း...နာမည်ကြီးတံဆိပ် ဖြစ်နေပြီဆိုမှတော့ ငါတို့ အဲ့ဒါကို ကောင်းကောင်း ထိန်းသိမ်းရမယ်။”
အားလုံးက သဘောတူကာ ခေါင်းငြိမ့်လိုက်ကြသည်။
“ကျုပ်လည်း မထိန်းသိမ်းဘူးလို့ မပြောမိပါဘူး။”
ဒူခန်းက တိုးတိုးလေး ရေရွတ်လိုက်၏။ ညစာစားပြီးနောက် လူတိုင်း မိမိတို့အခန်းအသီးသီးသို့ ပြန်သွားလိုက်ကြသည်။
ယခုအခါ လူတိုင်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် တစ်နေကုန် ထိုင်စောင့်နေစရာ မလိုတော့ဘဲ လက်ကိုင်ဖုန်းများကိုယ်စီ ကိုင်ထားကြပြီဖြစ်သည်။ လူအများအပြားသည် ဂရုထဲတွင် စကားပြောနေကြပြီး သူတို့လည်း နောက်ဆုံးတွင် ပါဝင်ဆွေးနွေးနိုင်ခဲ့ပြီဖြစ်သည်။ ယခင်က ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကိုသာ အသုံးပြုနိုင်ခဲ့သော်လည်း ကျောက်တိုင်အရေအတွက်မှာ ကန့်သတ်ချက်ရှိပြီး လူတိုင်း၏ အိပ်ခန်းထဲတွင် တစ်ခုစီ ရှိမနေခဲ့ပေ။
ရှောင်းယီသည် ဂရုထဲမှ တက်ကြွလှုပ်ရှားနေသော စကားဝိုင်းများကို ကြည့်ရင်း ခဏမျှ စဉ်းစားကာ ရုတ်တရက် မေးလိုက်သည်။
“လက်ရှိ ရှားနိုင်ငံက အသက်ရှင်ကျန်ရစ်သူ အရေအတွက် ဘယ်လောက်လောက် ကျန်သေးလဲ။”
ဂရုထဲတွင် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် လူတိုင်း စတင်ပြောဆိုလာကြတော့သည်။
“ဘယ်သူသိမှာလဲ။ အများကြီး ကျန်သေးမှာပါနော်။”
“စာရင်းကောက်ကြည့်ကြမလား။ မဟာမိတ်အဖွဲ့တစ်ခုချင်းစီက ကိုယ့်လူဦးရေကို အစီရင်ခံကြပေါ့။”
“စိတ်ကူးကောင်းပဲ။ အဲ့ဒါဆိုရင် ရှားနိုင်ငံက လူဘယ်နှစ်ယောက် အသက်ရှင်ကျန်သေးလဲဆိုတာ အတိအကျ သိရတာပေါ့။”
“ဒါဆို ဘာစောင့်နေတာလဲ။ စာရင်းစကောက်ကြစို့။ ငါတို့ မဟာမိတ်အဖွဲ့မှာ ၇၂ ယောက် ကျန်သေးတယ်။”
“ငါတို့ဆီမှာ ၁၃၆ ယောက်။”
“တော်ကြတော့။”
ရှောင်းယီက လူတိုင်း၏ စကားပြောဆိုမှုကို ချက်ချင်းဖြတ်တောက်လိုက်ပြီး ဆက်ပြောလိုက်သည်။
“အားလုံး ခဏလောက် တိတ်ပေးကြပါ။ မဟာမိတ်အဖွဲ့ ခေါင်းဆောင်တွေပဲ အချက်အလက် နှစ်ခုကို ဒီပုံစံအတိုင်း ပို့ပေးပါ။ လူဦးရေ + ကျွန်းအထိမ်းအမှတ်ကျောက်တိုင် အရေအတွက် ‘လက်ခံရရှိပါသည်’ လို့ ပြန်ဖြေနေစရာ မလိုဘူး။ ကိန်းဂဏန်းတွေကိုပဲ တိုက်ရိုက် ပို့ပေးပါ။”
“၁၃၆ + ၃၁”
“၆၈ + ၁၉”
...
ခဏချင်းအတွင်းမှာပင် ယီထျန်းဂရုချက်ထဲတွင် ကိန်းဂဏန်းများစွာ ထွက်ပေါ်လာတော့သည်။ ဆုဝမ်သည် အန်းရန်၏ အခန်းသို့ ချက်ချင်းသွားကာ အနီးအနားတွင်ရှိနေသော လုပင်းအာကိုပါ ခေါ်လိုက်သည်။ အမျိုးသမီး သုံးဦးသည် ထိုကိန်းဂဏန်းများကို စုပေါင်းစာရင်းပြုစုကြတော့၏။
သူတို့၏ လက်ကိုင်ဖုန်းများတွင် ဂဏန်းတွက်စက်များ ပါရှိသောကြောင့် ပေါင်းရုံသာဖြစ်သည်။ စာရင်းပြုစုရ လွယ်ကူစေရန် ဆုဝမ်သည် ထိုကိန်းဂဏန်းအားလုံးကို စက္ကူတစ်ရွက်ပေါ်တွင် ကူးရေးလိုက်၏။
လူတိုင်း အချက်အလက်များ ပေးပို့ပြီးနောက် ခဏမျှသာ စောင့်လိုက်ရသော်လည်း စိတ်မရှည်စွာ မေးမြန်းလာကြတော့လေသည်။
“သူဌေး ကျုပ်တို့ ဘယ်နှစ်ယောက် ကျန်သေးလဲ။”
“ဟေ့လူတွေ... မင်းတို့က သူဌေးကို လူလို့တောင် မသတ်မှတ်တော့ဘူးလား။ အချက်အလက်တွေက ဒီလောက်များတာ။ အခု ကွန်ပျူတာလည်း မရှိဘူး။ သူတို့ လက်နဲ့ပဲ ပေါင်းနေရမှာပေါ့ဟ။”
“အတိအကျပဲ။ ဘာတွေ လောနေတာလဲ။ ခဏစောင့်ပါဦး။ မကြာခင် ထွက်လာတော့မှာပါ။”
မကြာမီမှာပင် အန်းရန်နှင့် အခြားသူများသည် နောက်ဆုံးရလဒ်ကို တွက်ချက်ပြီးစီးသွားခဲ့၏။
လက်ရှိတွင် ရှားနိုင်ငံမှ အသက်ရှင်ကျန်ရစ်သူ ၁၃၆၅၈၉ ဦး ကျန်ရှိနေပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှာမူ ၅၀၇၁၈ ခုသာ ရှိတော့သည်။ ဤကျောက်တိုင် အရေအတွက်တွင် မဟာမိတ်အဖွဲ့ အသီးသီးက ယခုတစ်ကြိမ် မသေမျိုးကျွန်းများမှ ရရှိခဲ့သော ကျောက်တိုင်များလည်း ပါဝင်ပေသည်။
ရှောင်းယီသည် ထိုအချက်အလက်များကို ဂရုထဲတွင် တင်ပေးလိုက်၏။
“ရှားနိုင်ငံသားတွေ အတော်များများ အသက်ရှင်ကျန်ခဲ့ပုံပဲ။”
“အတော်များများ ဟုတ်လား။ အရင်ကမ္ဘာမှာ ငါတို့ ရှားနိုင်ငံက လူဦးရေ ၂.၆ ဘီလီယံကျော် ရှိတာလေ။ အခု တစ်သိန်းသုံးသောင်းကျော်ပဲ ကျန်တော့တာ။ အသက်ရှင်နှုန်းက နှစ်သောင်းမှာ တစ်ယောက်ပဲ ရှိတယ်။”
“ဟုတ်တယ်။ သူဌေးသာ မရှိရင် ဒီအရေအတွက်က ဒီထက် အများကြီး ပိုနည်းသွားမှာ သေချာတယ်။”
“မှန်တယ်။ သေချာပေါက် ပိုနည်းသွားမှာပဲ။”
“ကံကောင်းလို့ ငါတို့ ရှားနိုင်ငံမှာ ယီရန်ပင်း ရှိနေတာ။ မဟုတ်ရင် ငါ အခုထိ အသက်ရှင်နေပါ့မလားတောင် မသိဘူး။”
လူတိုင်းက အသက်ရှင်နှုန်း နည်းပါးလွန်းသည်ကို မြည်တမ်းနေကြစဉ် ရှောင်းယီကမူ ကျွန်းအထိမ်းအမှတ်ကျောက်တိုင် အရေအတွက်မှာ အနည်းငယ် နည်းလွန်းနေသည်ဟု စဉ်းစားနေမိသည်။
အကယ်၍ ရှောင်းယီသာ မရှိခဲ့လျှင် လူအများစုမှာ ပထမတစ်လအတွင်းမှာပင် သေဆုံးသွားကြမည်ဖြစ်ရာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင် အမြောက်အမြား ကျန်ရစ်ခဲ့မည်ဖြစ်သည်။ ရှောင်းယီသာ မရှိခဲ့လျှင် လူတိုင်းသည် သေဆုံးသွားသူများ၏ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်များကို ရှာဖွေတွေ့ရှိရန် အချိန်အတော်ကြာ စောင့်ဆိုင်းရမည်ဖြစ်ပြီး ထိုအချိန်တွင် ကျောက်တိုင်များကို တင်ဆောင်နိုင်သည့် သင်္ဘောများလည်း လုံလုံလောက်လောက် ရှိနေနိုင်ပေလိမ့်မည်။
သို့သော် ရှောင်းယီ ရှိနေခြင်းကြောင့် လူအများအပြား အသက်ရှင်ကျန်ခဲ့၏။ ထို့ပြင် ရေကြောင်းသွားလာရေး တိုးတက်မှု အရှိန်မှာလည်း ပိုမိုမြန်ဆန်လာခဲ့သည်။
ထိုသို့ အရှိန်မြှင့်တင်လိုက်ခြင်း၏ နောက်ဆက်တွဲရလဒ်မှာ လူများတွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်များကို ထားရှိရန် သင်္ဘောအလုံအလောက် မရှိခြင်းပင်ဖြစ်သည်။ ပိုင်ရှင်မဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်များကို တွေ့ရှိသူများ၏ ပထမဆုံး တုံ့ပြန်မှုမှာ ၎င်းတို့ကို ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်သည်။
၎င်းမှာ “ငါ ယူသွားလို့မရရင် ဘယ်သူမှလည်း မရစေနဲ့။” ဟူသော စိတ်ဓာတ်မျိုးပင် ဖြစ်တော့သည်။
အခန်း (၉၇၈) - ရှင်သန်နှုန်း၊ နာဂတို့၏ တုန်လှုပ်မှုနှင့် နတ်သူငယ်မျိုးနွယ်များ တွေ့ဆုံခြင်း
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ယူသွား၍ မရသောကြောင့် ၎င်းကို ဖျက်ဆီးကာ အုတ်မြစ်ကျောက်များ ပြန်လည်ရယူခြင်းသည် အသက်ရှင်ကျန်ရစ်သူတစ်ဦးအတွက် ပုံမှန်တုံ့ပြန်မှုသာ ဖြစ်သည်။
ယခုအခါ ရှောင်းယီ စိုးရိမ်နေသည်မှာ နောက်ထပ် စမ်းသပ်မှုအဆင့်တွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင် လိုအပ်လာမည်ကိုပင်။ အဘယ်ကြောင့်ဆိုသော် ယခင်အသုတ် အသက်ရှင်ကျန်ရစ်သူများ ချန်ထားရစ်ခဲ့သည့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်အချို့ ရှိသော်လည်း အရေအတွက်မှာ အလွန်နည်းပါးလွန်းကြောင်း သူတို့ တွေ့ရှိခဲ့ရသည်။ ထိုသူများ ထွက်ခွာသွားချိန်တွင် ကျောက်တိုင်များကို ဖျက်ဆီးသွားခဲ့နိုင်သည့် အလားအလာကို ဖယ်ထုတ်၍ မရသော်လည်း ရှောင်းယီကမူ ထိုသူများသည် ကျောက်တိုင်များကို သူတို့နှင့်အတူ ယူဆောင်သွားခဲ့ကြသည်ဟု ပို၍ ယုံကြည်မိ၏။ ကျန်ရစ်ခဲ့သည်များမှာ အပိုပစ္စည်းများသာ ဖြစ်နိုင်သည်။
ရှောင်းယီ ခေါင်းခါလိုက်မိသည်။
“အနာဂတ်က လုံးဝကို မရေမရာ ဖြစ်နေတဲ့ ဒီခံစားချက်ကြီးက တကယ်ကို အဆင်မပြေဘူး။ ဒီနေ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်က အရိပ်အမြွတ်တစ်ခုခု ပေးလာလိမ့်မယ်လို့ ငါ မျှော်လင့်မိတယ်။”
ယနေ့သည် ရှောင်းယီနှင့် သူတို့အသုတ် အသက်ရှင်ကျန်ရစ်သူများ ဤကမ္ဘာသို့ ရောက်ရှိလာခဲ့သည်မှာ ၉၈ ရက်မြောက်နေ့ ဖြစ်ပြီး တိတိကျကျဆိုလျှင် ၁၄ ပတ်မြောက် ဖြစ်သည်။ ဤအပတ်ကုန်တွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်၌ တစ်ခုခု ထူးခြားလာမည်ဟု သူ မျှော်လင့်နေမိသည်။
ရှောင်းယီ သူ၏လက်ကိုင်ဖုန်းရှိ ယှထျန်းဂရုချက်ကို တစ်ချက်ပြန်ကြည့်လိုက်ရာ လူတိုင်းမှာ အသက်ရှင်ကျန်ရစ်သူ အရေအတွက်နှင့် ပတ်သက်၍ ဆွေးနွေးနေကြဆဲဖြစ်သည်။
“နိုင်ငံခြားက အသက်ရှင်ကျန်ရစ်သူတွေ ဘယ်လောက်ကျန်သေးလဲ မသိဘူးနော်။”
“ကိုယ့်အရေးကိုယ်ပဲ အရင်ပူစမ်းပါ။ သူတို့လူ ဘယ်နှစ်ယောက်ကျန်ကျန် ဘယ်သူက ဂရုစိုက်မှာလဲ။”
“ငါက နည်းနည်း သိချင်ရုံပါ။ နိုင်ငံခြားသားတွေ သူဌေး ယီရန်ပင်းဆီကရတဲ့ အကူအညီက ကန့်သတ်ချက်ရှိတော့ သူတို့ဆီမှာ ရှင်သန်မှုနှုန်းက သိပ်မမြင့်လောက်ဘူး။”
“ဒါက လွယ်ပါတယ်။ ဂရုကြီးထဲ သွားမေးကြည့်လိုက်ရုံပဲ။”
ယီထျန်းဂရုကြီးထဲသို့ ဝင်ရောက်ရန် သတ်မှတ်ချက်မှာ အတော်လေး လျော့ရဲပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ရှိကြောင်း သက်သေပြရန် မလိုပေ။ ထို့ကြောင့် ထိုဂရုကြီးထဲတွင် နိုင်ငံခြားသားများ တိတ်တဆိတ် ခိုအောင်းနေကြမည်မှာ သေချာပေသည်။
လူတစ်ယောက်က ဂရုကြီးထဲတွင် ထိုကိစ္စကို အမှန်တကယ်ပင် သွားရောက်မေးမြန်းခဲ့၏။
“ကျုပ်က လွတ်လပ်မှုနိုင်ငံက ဂျေဘီပါ။ လွတ်လပ်မှုနိုင်ငံက မဟာမိတ်အဖွဲ့ အသီးသီးရဲ့ အခြေအနေကို စာရင်းကောက်ပြီးပါပြီ။ အရင်ကမ္ဘာက လူဦးရေအပေါ် အခြေခံမယ်ဆိုရင် ကျုပ်တို့ဆီမှာ ရှင်သန်မှုနှုန်းက ရှစ်သောင်းမှာ တစ်ယောက် ဝန်းကျင်ပဲ ရှိပါတယ်။”
“အားပါးပါး... တကယ် နည်းတာပဲ။ ငါတို့ ရှားနိုင်ငံရဲ့ ရှင်သန်မှုနှုန်းက သူတို့ထက် ၄ ဆတောင် ပိုများတယ်။”
“အခုမှ သူဌေး ရှိနေရခြင်းရဲ့ တန်ဖိုးကို သိကြပြီမလား။ သူဌေးက သူကိုယ်တိုင် အသက်ရှင်နိုင်ဖို့တင် မဟုတ်ဘူး။ သူ့ရဲ့ မျိုးချစ်နိုင်ငံသားတွေကိုပါ အသက်ရှင်အောင် ကူညီပေးနိုင်တယ်။ အဲ့ဒါမှ တကယ့် သူဌေးပဲ။”
“ကံကောင်းလို့ပေါ့။ ငါ့ကျွန်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုက တော်တော်ညံ့တယ်။ သူဌေးသာ မရှိရင် ငါလည်း အဲ့ဒီ အထုတ်ခံရတဲ့ လူတွေထဲ ပါသွားလောက်ပြီ။”
နိုင်ငံခြားတွင် ရှင်သန်မှုနှုန်း အလွန်နည်းပါးကြောင်း ကြားသိရသောအခါ ရှားနိုင်ငံသား အသက်ရှင်ကျန်ရစ်သူများသည် ရှောင်းယီအပေါ် ပိုမို၍ ကျေးဇူးတင်လာကြတော့သည်။
ထိုအချိန်တွင် ယီရန်ပင်းမဟာမိတ်အဖွဲ့နှင့် ပူးပေါင်းထားသည့် မျိုးနွယ်ခြားကျွန်း သုံးကျွန်းပေါ်တွင် ထိုမျိုးနွယ်ခြားများအားလုံးမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေကြသည်။
နာဂကျွန်းပေါ်တွင် မယ်ဒူဆာသည် သူမရှေ့ရှိ S အဆင့် အဆင့်မြင့်အစားအစာများကို ကြည့်ကာ ယခုထိ မယုံနိုင်သေးဘဲ ဖြစ်နေ၏။
“ဒါတွေအားလုံးကို အဲ့ဒီလူတွေ ငါတို့ကို ပေးလိုက်တာလား။”
မယ်ဒူဆာက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ဟုတ်ပါတယ်။ ဒါက ကျုပ်တို့အတွက် မိတ်ဆက်လက်ဆောင်လို့ ပြောပါတယ်။”
“ကောင်းတယ်...အရမ်းကောင်းတယ်။ ဒီအဆင့်မြင့်အစားအစာတွေနဲ့ဆိုရင် ငါတို့မျိုးနွယ်စုရဲ့ အင်အားက နောက်ထပ် အဆင့်တစ်ခုကို မြင့်တက်သွားနိုင်တယ်။”
မယ်ဒူဆာက ဝမ်းသာအားရ ပြောလိုက်သည်။
“ဒါပေမဲ့ ဒီထဲမှာ လှည့်ကွက်များတစ်ခုခု ရှိနေနိုင်မလား။”
သူမဘေးနားရှိ နာဂစစ်သည်တစ်ဦးက သံသယဖြင့် မေးလိုက်သည်။
မယ်ဒူဆာက ခေါင်းခါလိုက်၏။
“သူတို့က ငါတို့ကို အမှန်တကယ် အန္တရာယ်ပြုချင်တယ်ဆိုရင် ဒီလောက်အဆင့်မြင့်တဲ့ အစားအစာတွေကို သုံးစရာ မလိုပါဘူး။ ဒါက ဖြုန်းတီးရာ ရောက်လွန်းတယ်။ အဲ့ဒီစစ်သည်တွေရဲ့ လက်ထဲက လက်နက်တွေက ငါတို့ကို အမြစ်ပြတ်အောင် သတ်ပစ်နိုင်စွမ်းရှိတယ်။ ပြီးတော့ မဟာမိတ်ခေါင်းဆောင် ရှောင်းယီလည်း ရှိသေးတယ်။ သူ့ရဲ့အင်အားက ဒီကလူတိုင်းထက် သာလွန်တယ်။”
“ဘာ...။ ဘုရင်မ... သင်တောင်မှ သူ့ကို မယှဉ်နိုင်ဘူးလား။”
နာဂစစ်သည်က အံ့သြတကြီး မေးလိုက်၏။ မယ်ဒူဆာက ခေါင်းခါပြလိုက်သည်။
“သူ့ရဲ့ အဆင့်ကို ငါ ခံစားလို့မရဘူး။ ဒါပေမဲ့ သူ့ကျောမှာ လွယ်ထားတဲ့ ဓား... အဲ့ဒီဓားက ဓားအိမ်ထဲက မထွက်ရသေးရင်တောင်မှ ဖိအားတစ်မျိုးကို ငါ ခံစားနေရတယ်။ တကယ်လို့သာ ငါ သူ့ကို တိုက်ခိုက်ရမယ်ဆိုရင် အဲ့ဒီဓားတစ်လက်တည်းနဲ့တင် သူက အနိုင်မရနိုင်တဲ့သူ ဖြစ်နေလိမ့်မယ်။”
ဘေးပတ်ဝန်းကျင်ရှိ နာဂများမှာ လုံးဝကို ဆွံ့အသွားကြ၏။ သူတို့၏မျက်လုံးထဲတွင် အလွန်အစွမ်းထက်လှသော သူတို့၏ဘုရင်မသည် အမှန်တကယ်ပင် လူသားတစ်ယောက်ကို မယှဉ်နိုင်ဟု ဆိုလိုခြင်းလော။
“ကဲ... အားလုံးပဲ ငေးမနေကြနဲ့တော့။ ဒီအစားအစာတွေကို ဝေခြမ်းလိုက်ကြ။”
မယ်ဒူဆာက အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့။”
မယ်ဒူဆာသည် မဟာမိတ်အဖွဲ့၏ အရှေ့တောင်ဘက်ကျွန်းကို လှမ်းကြည့်ရင်း စိတ်ထဲမှ တွေးနေမိသည်။
‘ဒီမဟာမိတ်အဖွဲ့က တကယ်ပဲ ဒီလောက်တောင် အင်အားကြီးတာလား။ အဆင့်မြင့်အစားအစာတွေကို ဒီလောက်အများကြီးကို အလွယ်တကူ ပေးကမ်းနိုင်တယ်ပေါ့။’
တစ်ချိန်တည်းမှာပင် မဟာမိတ်အဖွဲ့၏ အနောက်ဘက်ကျွန်းနှင့် ထိစပ်နေသော နတ်သူငယ်မျိုးနွယ်ကျွန်းပေါ်တွင်မူ ထိုနတ်သူငယ် များမှာ ပို၍ပင် အံ့အားသင့်နေကြ၏။
ပထမအချက်မှာ အဆင့်မြင့်အစားအစာများကြောင့် ဖြစ်ပြီး ဒုတိယအချက်မှာ သူတို့၏ မျိုးနွယ်တူများကို အမှန်တကယ် တွေ့ဆုံခဲ့ရခြင်းကြောင့်ဖြစ်သည်။ ထိုတွေ့ဆုံသူမှာ နတ်သူငယ်ဘုရင်မတစ်ပါးပင် ဖြစ်နေသေးသည်။
ရှောင်းယီက မဟာမိတ်အဖွဲ့ထဲတွင် နတ်သူငယ်များ ရှိကြောင်း ယခင်က ပြောခဲ့ဖူးသော်လည်း သူတို့က နတ်သူငယ်အနည်းငယ်သာ ရှိမည်ဟု ထင်မှတ်ထားခဲ့ကြခြင်းဖြစ်သည်။ မျိုးနွယ်စုတစ်ခုလုံး ရှိနေလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။
မဟာမိတ်အဖွဲ့၏ ပင်မကျွန်းပေါ်တွင်မူ အလင်းနတ်သူငယ်မျိုးနွယ် ဘုရင်မ ဟေးလ်သည် နောက်ထပ် နတ်သူငယ်ကျွန်းတစ်ခု မဟာမိတ်အဖွဲ့ကျွန်းနှင့် ချိတ်ဆက်မိသွယးကြောင်း ကြားသိလိုက်ရသောအခါ အနောက်ဘက်ကျွန်းရှိ နတ်သူငယ်များကို သွားရောက်တွေ့ဆုံရန် ရှောင်းယီထံသို့ ချက်ချင်းပင် ခွင့်တောင်းခဲ့၏။
ရှောင်းယီကလည်း သဘာဝကျစွာပင် ကန့်ကွက်ခြင်းမရှိခဲ့ပေ။ ဘာပဲဖြစ်ဖြစ် မျိုးနွယ်တူခြင်း ဆက်သွယ်ရသည်မှာ ပို၍လွယ်ကူသည် မဟုတ်ပါလော။
“မင်္ဂလာပါ။ ကျွန်မက အလင်းနတ်သူငယ်မျိုးနွယ် ဘုရင်မဟေးလ်ပါ။”
“မင်္ဂလာပါ။ ကျွန်မက လွင်ပြင်နတ်သူငယ်မျိုးနွယ် ဘုရင်မ ဖိလစ်ပါ။”
“ကျွန်မတို့ မဟာမိတ်အဖွဲ့ကို ကူညီပြီး မသေမျိုးတွေကို တိုက်ခိုက်ပေးဖို့ ရောက်လာပေးတဲ့အတွက် ကြိုဆိုပါတယ်။”
ဟေးလ်သည် အိမ်ရှင်တစ်ယောက်ကဲ့သို့ ဖိလစ်နှင့် စကားစမြည် ပြောဆိုလိုက်၏။ ဖိလစ် အလွန်အံ့သြသွားခဲ့သည်။
“ရှင်တို့ရဲ့ အလင်းနတ်သူငယ်မျိုးနွယ်စုက ဘာလို့ လူသားတွေနဲ့ ရောနှောနေထိုင်နေတာလဲ။”
သူမက မေးလိုက်သည်။ ဟေးလ်သည် သူမ၏ အံ့သြမှုကို အပြည့်အဝ နားလည်ပြီး ပြန်ဖြေလိုက်သည်။
“ကျွန်မတို့ မဟာမိတ်အဖွဲ့က သက်ရှိအားလုံးရဲ့ တန်းတူညီမျှမှုကို အလေးထားတယ်။ ကျွန်မတို့ နတ်သူငယ်တွေဟာလည်း သက်ရှိ အမျိုးအစားတစ်ခုပဲလေ။ ဘာမှ ထူးခြားမနေပါဘူး။”
“တန်းတူညီမျှမှု ဟုတ်လား။”
ဖိလစ်က ခေါင်းခါလိုက်သည်။
“လူသားတွေရဲ့ သဘာဝက လောဘကြီးကြတယ်။ ပြီးခဲ့တဲ့အကြိမ်တုန်းက ကျွန်မတို့ လူသားတွေကို ကူညီပြီး မသေမျိုးတွေကို တိုက်ထုတ်ပေးခဲ့ပေမဲ့ သူတို့က ကျွန်မတို့ကို ပြန်ပြီး တိုက်ခိုက်ဖို့ ကြံစည်ခဲ့ကြတယ်။ ရှင် ဒီက လူသားတွေရဲ့ လှည့်ဖြားမှုကို ခံနေရတာ မဟုတ်ဘူးလို့ သေချာရဲ့လား။”
ဟေးလ်တစ်ယောက် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
“ရှင်တို့ တခြားလူသားတွေကို အရင်က ကူညီခဲ့ဖူးတာလား။ အဲ့ဒါက ဘယ်တုန်းကလဲ။”
“ကျွန်မ မှတ်မိသလောက် နောက်ဆုံးတစ်ခေါက် လူသားတွေကို ကူညီခဲ့တာက... အရင်တစ်ခေါက်တုန်းကပဲ။”
ဖိလစ်က ပြန်ဖြေလိုက်သည်။
“ဒါပေမဲ့ သူတို့က အခု လူသားတွေရဲ့ပုံစံနဲ့ နည်းနည်း ကွဲပြားတယ်။ အကြီးမားဆုံး ကွာခြားချက်က အဲ့ဒီလူသားတွေရဲ့ လက်မှာ လက်ချောင်း ခြောက်ချောင်းစီ ရှိကြတယ်။”
ဟေးလ် ခေါင်းညိတ်လိုက်သည်။
“ရှင်ပြောတာ မှန်ပါတယ်။ ဒီအချက်နဲ့ ပတ်သက်လို့ ကျွန်မတို့ ကျွန်းပိုင်ရှင် ရှောင်းယီ ကိုယ်တိုင်လည်း ပြောဖူးတယ်။ လူသားတွေမှာ အမှန်တကယ်ပဲ လောဘတွေ အများကြီးရှိတယ်။ ဒါပေမဲ့ ပြင်ပက ဥပဒေတွေနဲ့ ကျင့်ဝတ်တွေက အဲ့ဒီလောဘကို ထိန်းချုပ်ထားလို့ ရတယ်လို့ သူပြောခဲ့တယ်။”
“သူက လူသားတွေရဲ့ လောဘကို တကယ်ပဲ ဝန်ခံခဲ့တာလား။”
ဖိလစ် ယခုမှ အံ့သြသွားတော့သည်။
လူသားတစ်ယောက်က မိမိတို့၏ နက်ရှိုင်းသော အားနည်းချက်ကို ရဲရဲဝံ့ဝံ့ ဝန်ခံရဲလိမ့်မည်ဟု သူမ အမှန်တကယ် မမျှော်လင့်ထားခဲ့ပေ။ သူမ အရင်က တွေ့ခဲ့ဖူးသော လူသားများမှာ သေအံ့ဆဲဆဲအထိ သူတို့၏ အမှားများကို ဝန်ခံလေ့ မရှိကြသည် မဟုတ်ပါလော။
ဒီတစ်ကြိမ်မှာ တကယ်ပဲ ကွဲပြားနေတာလား။
ဟေးလ်က ခေါင်းညိတ်ပြလိုက်သည်။
“အမှန်ပဲ။ တကယ်တော့ ကျွန်မတို့ မဟာမိတ်အဖွဲ့မှာ နတ်သူငယ်တွေနဲ့ လူသားတွေတင် မကဘူး။ တခြားမျိုးနွယ်တွေလည်း ရှိသေးတယ်။”
“တခြားမျိုးနွယ်တွေ ရှိသေးတာလား။”
ဖိလစ်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ဟုတ်တယ်။ သမန်းဝံပုလွေတွေနဲ့ လူပုလေးတွေလည်း ရှိတယ်။”
ဟေးလ်က ပြန်ဖြေလိုက်သည်။
“သူတို့အားလုံး အတူတူ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ကြတယ် ဟုတ်လား။”
ဖိလစ်က ထိုအရာမှာ မဖြစ်နိုင်ဟု ခံစားနေရသည်။
ဖိလစ်၏ အမြင်တွင် မတူညီသော မျိုးနွယ်စုများကြားတွင် အမြဲတမ်း ပွတ်တိုက်မှုများ ရှိနေမည်ဖြစ်ရာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရန်မှာ လုံးဝ မဖြစ်နိုင်ဟု ယူဆထားခြင်း ဖြစ်သည်။
“ကျွန်မ ဒီအတိုင်း ပြောနေရင်တော့ ရှင် သေချာပေါက် ယုံမှာ မဟုတ်ဘူး။ အခွင့်အရေးရရင် ရှင့်ကို မဟာမိတ်ပင်မကျွန်းဆီ ခေါ်သွားပြီး ရှင့်မျက်စိနဲ့ကိုယ်တိုင် မြင်အောင် ပြချင်ပါတယ်။”
ဟေးလ်က ပြုံးကာ ပြန်ပြောလိုက်သည်။ လက်ရှိတွင် ဖိလစ်သည် ဟေးလ်ကို လုံးလုံးလျားလျား မယုံကြည်သေးပေ။ ဟေးလ်နောက်သို့ လိုက်ပြီး ပင်မကျွန်းဆီ တစ်ယောက်တည်း သွားရန်မှာ သူမအတွက် မဖြစ်နိုင်ပေ။
အကယ်၍ ဟေးလ်သည် ရှောငယီ လွှတ်ထားသော ငါးစာတစ်ခုသာ ဖြစ်နေပါက အဘယ်သို့လုပ်မည်နည်း။ သူမသာ အဖမ်းခံရပါက သူမ၏ မျိုးနွယ်စုတစ်ခုလုံးမှာ ရှောင်းယီ၏ ကျွန်များ ဖြစ်သွားနိုင်သည် မဟုတ်ပါလော။
ဖိလစ်၏ သံသယဖြစ်နေသော မျက်နှာပေးကို မြင်သောအခါ ဟေးလ်က ကူကယ်ရာမဲ့နေဟန်ဖြင့် ခေါင်းခါလိုက်မိသည်။
“တကယ်တော့ ရှင် ဘာမှ စိုးရိမ်စရာ မလိုပါဘူး။ ရှင်တို့ကျွန်းမှာရှိတဲ့ အင်အားနဲ့ဆိုရင် ကျွန်းပိုင်ရှင်က ရှင်တို့ကို တကယ် တိုက်ခိုက်ချင်တယ်ဆိုရင် ရှင်တို့မှာ ပြန်ပြီး ခုခံနိုင်စွမ်းတောင် ရှိမှာ မဟုတ်ဘူး။”