အခန်း (၉၇၉-၉၈၀)
Vol. 81 Ch. 979-980
အခန်း (၉၇၉) - ရှောင်းယီ၏အင်အားနှင့် အရိပ်အမြွတ် ပြန်ပေါ်လာခြင်း
ဟေးလ်၏ စကားကို ကြားသောအခါ ဖိလစ် မျက်မှောင်ကြုတ်သွားပြီး လေသံမှာ အေးစက်သွားခဲ့သည်။
“ဟမ့်... နင်က ငါတို့ကျွန်းပေါ်က လွင်ပြင်နတ်သူငယ်မျိုးနွယ်တွေရဲ့ အင်အားကို သေသေချာချာ အကဲဖြတ်ပြီးမှ ပြောတာရော ဟုတ်ရဲ့လား။”
ဟေးလ်က ခေါင်းခါပြလိုက်သည်။
“တခြား နတ်သူငယ်တွေရဲ့ အင်အားကို ငါကြည့်စရာ မလိုပါဘူး။ မင်းရဲ့ အင်အားကို မြင်ရုံနဲ့တင် လုံလောက်တယ်။”
ဖိလစ်က သူမ၏မျက်လုံးများကို မှေးစင်းလိုက်၏။
“နင် ဘာကို ဆိုလိုတာလဲ။”
“ယေဘုယျအားဖြင့်တော့ နတ်သူငယ်ဘုရင်မဆိုတာ မျိုးနွယ်စုတစ်ခုရဲ့ အမြင့်ဆုံး တိုက်ခိုက်ရေးစွမ်းရည် ရှိသူပဲ။ မင်းရဲ့ အဆင့်က အခု S အဆင့်ပဲ ရှိသေးတယ် မဟုတ်လား။”
ဟေးလ်က ဆက်ပြောလိုက်သည်။ ဖိလစ်က ဂုဏ်ယူဝင့်ကြွားစွာပင် ခေါင်းညိတ်ပြလိုက်၏။
“ဟုတ်တယ်။ အဲ့ဒါ ဘာဖြစ်လဲ။”
ပြီးခဲ့သည့်အကြိမ် အပြင်လူများကို ကူညီခဲ့စဉ်ကလည်း ဖိလစ်၏ မျိုးနွယ်စု ပါဝင်ခဲ့ဖူးသည်။ ထိုစဉ်က သူတို့ကူညီခဲ့သော လူသားများ၏ အင်အားမှာ သူတို့နှင့် မတိမ်းမယိမ်းသာ ဖြစ်သည်။ နောက်ဆုံးတွင် မကျေမလည်နှင့် လမ်းခွဲခဲ့ကြရပြီး အဆင့်တက်စေမည့် အစားအစာများလည်း မရရှိခဲ့သောကြောင့် သူတို့၏ အဆင့်နှင့် အင်အားမှာ ယခင်အတိုင်းသာ ရှိနေခဲ့ခြင်းဖြစ်သည်။
အနည်းငယ် မာန်တက်နေသော ဖိလစ်ကို ကြည့်ရင်း ဟေးလ်က ကူကယ်ရာမဲ့စွာ ခေါင်းခါကာ ပြောလိုက်သည်။
“ဒါဆိုရင် ကျွန်းပိုင်ရှင်ရဲ့ အင်အားကိုရော မင်းသိလား။ ဒါမှမဟုတ် ယီရန်ပင်းမဟာမိတ်အဖွဲ့ရဲ့ အင်အားကို မင်းသိလို့လား။”
“ငါတို့နဲ့ အတူတူလောက်ပဲ ဖြစ်မှာပေါ့။”
ဖိလစ်က ပြန်ပြောလိုက်သည်။
“အတူတူ ဟုတ်လား။”
ဟေးလ်က ရယ်မောလိုက်၏။
“အပြင်က ကင်းစောင့်နေတဲ့ လူတစ်ရာပါတဲ့ အဖွဲ့လေးတစ်ဖွဲ့နဲ့တင် မင်းတို့ ဒီကျွန်းပေါ်က လူအားလုံးကို အမြစ်ပြတ်အောင် သတ်နိုင်တယ်ဆိုတာရော မင်းသိရဲ့လား။”
“ဘာ...။ ဒါ လုံးဝ မဖြစ်နိုင်ဘူး။”
ဖိလစ်က ချက်ချင်း အော်ဟစ်လိုက်၏။ ကျွန်းနှစ်ကျွန်း အစပ်မှာ ကင်းစောင့်နေတဲ့ အဖွဲ့ငယ်လေးက သူမတို့၏ လွင်ပြင်နတ်သူငယ်မျိုးနွယ်စု တစ်ခုလုံးကို ရှင်းပစ်နိုင်၏ဆိုသည်ကို သူမ လုံးဝ မယုံကြည်နိုင်ပေ။
ဟေးလ်သည်လည်း သူမ မယုံကြည်မှန်း သိသောကြောင့် အချက်အလက်များကို ရိုးရိုးရှင်းရှင်းပင် မိတ်ဆက်ပေးလိုက်သည်။
“အဲ့ဒီအဖွဲ့ထဲက စစ်သည်အားလုံးက A အဆင့် ရုပ်ခန္ဓာပိုင်ရှင်တွေပဲ။”
ဤပထမဆုံးစကားကို ကြားသောအခါ ဖိလစ်က ရယ်မောလိုက်သော်လည်း ဟေးလ်၏ စကားကို ဖြတ်မပြောခဲ့ပေ။
ဟေးလ်က သူမကို တစ်ချက်ကြည့်ပြီး ဆက်ပြောလိုက်သည်။
“သူတို့လက်ထဲက လက်နက်တွေကို ပင်ဖိုင်းယားရိုင်ဖယ်လို့ ခေါ်တယ်။ အဲ့ဒါက S အဆင့်လက်နက်ပဲ။ ခါးမှာ ချိတ်ထားတဲ့ လက်နက်အသေးလေးကို ခြောက်လုံးပြူးလို့ ခေါ်ပြီး SS အဆင့်လက်နက်ဖြစ်တယ်။ ပြီးတော့ သူတို့မှာ ဧရိယာအလိုက် ပေါက်ကွဲနိုင်တဲ့ လက်ပစ်ဗုံးတွေလည်း ရှိသေးတယ်။ အဲ့ဒါကလည်း S အဆင့်ပဲ။ ဒီအဆင့်မြင့် လက်နက်ငယ်လေးတွေက အသုံးပြုသူရဲ့ အဆင့်ပေါ်မှာ ကန့်သတ်ချက် မရှိဘူး။”
ထိုမိတ်ဆက်စကားများကို ကြားရသောအခါ ဖိလစ်၏ အပြုံးမှာ သူမ၏မျက်နှာပေါ်၌ပင် အေးခဲသွား၏။ လက်တွေ့တိုက်ပွဲတွင် ထိုလက်နက်များ မည်မျှအစွမ်းထက်သည်ကို သိရန်ပင် မလိုတော့ဘဲ အဆင့်အဆင့်ကို ကြည့်ရုံနှင့်တင် အလွန်ကြောက်စရာကောင်းမှန်း သူမ သိလိုက်ပြီဖြစ်သည်။
“ဒါ့အပြင် အကြီးစား စစ်လက်နက်တွေလည်း ရှိသေးတယ်။ တစ်ခုက အမြောက်လို့ခေါ်တဲ့ S အဆင့်လက်နက် ဖြစ်ပြီးတော့ နောက်တစ်ခုက မြားလှည်းလို့ခေါ်တဲ့ S အဆင့်လက်နက်ပဲ။ အဲ့ဒီနှစ်ခုလုံးက ဧရိယာအလိုက် တိုက်ခိုက်နိုင်တဲ့ စက်ကိရိယာတွေပဲ။”
ဟေးလ်က ဆက်ပြောလိုက်သည်။
“ဒီအဆင့်မြင့် လက်နက်တွေနဲ့တင် မင်းတို့ ဘယ်လောက်ကြာကြာ ခုခံနိုင်မယ် ထင်သလဲ။”
ဖိလစ် တိတ်ဆိတ်သွား၏။ အရင်ဆုံး အကြီးစားလက်နက်များနှင့် အဝေးမှ ဗုံးကြဲတိုက်ခိုက်ပြီးမှ လက်နက်ငယ်များဖြင့် ထိုးစစ်ဆင်လာမည်ဆိုပါက သူမတို့၏ လွင်ပြင်နတ်သူငယ်မျိုးနွယ်စုဟာ သေချာပေါက် ခုခံနိုင်မှာ မဟုတ်ပေ။
“မင်းက အခုထိ ဒါတွေက ပြင်ပအားကိုးတွေပဲ၊ ငါတို့က ပုန်းအောင်းပြီး လုပ်ကြံသတ်ဖြတ်မှုတွေ လုပ်မယ်ဆိုရင် ကျွန်းပိုင်ရှင်ကို ခေါင်းကိုက်အောင် လုပ်လို့ရတယ်လို့ တွေးနေတုန်းလား။”
ဟေးလ်က ရှောင်းယီကို တိုက်ခိုက်နိုင်မည့် နည်းလမ်းများကိုပင် သူမအတွက် ထည့်သွင်းစဉ်းစားပေးလိုက်၏။ ဖိလစ် ပြန်မဖြေရဲတော့ပေ။
“ငါက အလင်းနတ်သူငယ်မျိုးနွယ်ရဲ့ ဘုရင်မ SS အဆင့် လူတစ်ယောက်ပဲ။ အမှောင်နတ်သူငယ်မျိုးနွယ် ဘုရင်မ ဆာရာက SSS အဆင့်ရှိပြီး သူမလည်း ကျွန်းပိုင်ရှင်ဆီမှာ လက်အောက်ခံ ဖြစ်နေပြီ။ ကျွန်းပိုင်ရှင်ကိုယ်တိုင်ကလည်း SSS အဆင့်ဖြစ်သလို သူ့မှာ SSS အဆင့် ဓားတစ်လက် ရှိတယ်။ သူ့ရဲ့ လက်အောက်မှာလည်း SSS အဆင့် အိမ်မွေးတိရစ္ဆာန် ၁၀ ကောင်လောက် ရှိသေးတယ်။ အခု မင်းမှာ အခွင့်အရေးရှိသေးတယ်လို့ ထင်လား။”
ထိုစကားကို ကြားလိုက်ရသောအခါ ဖိလစ်၏ မျက်လုံးများမှာ ကြေးခေါင်းလောင်းကြီးများကဲ့သို့ ဝိုင်းစက်သွား၏။
“သူက ဘယ်လိုလုပ်ပြီး အဲ့လောက်တောင် အင်အားကြီးနေရတာလဲ။”
ဟေးလ်က ခေါင်းခါပြလိုက်သည်။
“ငါတို့က မျိုးနွယ်တူ နတ်သူငယ်ချင်း ဖြစ်နေလို့သာ ငါက အထူးတလည် လာပြီး သတိပေးတာပဲ။ မင်း ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ မင်းဘာသာ စဉ်းစားပါ။ အခွင့်အရေးရရင် ပင်မကျွန်းပေါ်က အလင်းနတ်သူငယ်မျိုးနွယ်စုရဲ့ နေရာကို ဧည့်သည်အဖြစ် လာလည်ဖို့ ဖိတ်ခေါ်ပါတယ်။”
ထိုသို့ ပြောပြီးသည်နှင့် ဟေးလ်သည် ထရပ်ကာ အပြင်သို့ ထွက်သွားတော့လေသည်။ ဖိလစ်မှာမူ ထိတ်လန့်တုန်လှုပ်နေဆဲဖြစ်ပြီး ဘာပြောရမှန်းပင် မသိတော့ပေ။
ဟေးလ်သည် မဟာမိတ်အဖွဲ့၏ အနောက်ဘက်ကျွန်း ကာကွယ်ရေးစခန်းသို့ လျှောက်သွားပြီး ပိုင်ချီနှင့် အခြားသူများကို အလေးပြုလိုက်ကာ မြို့ပြန်ကျောက်ကို အသုံးပြု၍ ပင်မကျွန်းသို့ ပြန်သွားခဲ့သည်။
“ဘုရင်မ... အဲ့ဒီ ဘုရင်မဟေးလ်က ကျွန်မတို့ကို လိမ်နေတာများလား။”
လွင်ပြင်နတ်သူငယ်မျိုးနွယ်တစ်ဦးက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ကျွန်းပိုင်ရှင် ရှောင်းယီရဲ့ အင်အားကို ငါ သတိမထားမိပေမဲ့ ဟေးလ်ရဲ့ အင်အားကိုတော့ ငါ ခံစားလို့ရတယ်။ သူမက အနည်းဆုံး SS အဆင့် ရှိတယ်။”
ဖိလစ်က ပြန်ဖြေလိုက်သည်။
“သူမက ငါတို့ကို လိမ်နေစရာ မလိုပါဘူး။ ဒီတစ်ခါ လူသားတွေက တကယ်ပဲ ကွဲပြားပုံရတယ်။”
“ဒါဆို ကျွန်မတို့က...”
“အရင်ဆုံး မသေမျိုး သတ္တဝါတွေရဲ့ တိုက်ခိုက်မှုကို ကာကွယ်ဖို့ပဲ အာရုံစိုက်ထားကြစို့။”
ဖိလစ်က စိတ်ကို တည်ငြိမ်အောင်ထားပြီး ပြန်ပြောလိုက်သည်။
“ဟုတ်ကဲ့...။”
မဟာမိတ်အဖွဲ့၏ မြောက်ဘက်ကျွန်းနှင့် ထိစပ်နေသော နဂါးလူသားကျွန်းပေါ်တွင်မူ နဂါးလူသားများသည် ရှောင်းယီ ပေးပို့လိုက်သော အဆင့်မြင့်အစားအစာများကို အလွန်ယဉ်ကျေးစွာ လက်ခံခဲ့ကြသည်။
“ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်။ မသေမျိုးတွေ ရောက်လာတဲ့အခါ မြောက်ဘက်ခြမ်းကို ကျုပ်တို့ တာဝန်ယူပါ့မယ်။”
နဂါးလူသား မျိုးနွယ်စုခေါင်းဆောင်ရွှမ်းချီက တိုက်ရိုက်ပင် ပြောလိုက်ပြီး အဆင့်မြင့်အစားအစာများကို ဝေခြမ်းပေးလိုက်သည်။
လူတိုင်း စကားစမြည် ပြောဆိုနေကြစဉ် အချိန်မှာ တဖြည်းဖြည်းနှင့် သန်းခေါင်ယံသို့ ရောက်ရှိလာရာ လူတိုင်း ဖုန်းများကို ချထားခဲ့ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ရှေ့သို့ ရောက်လာခဲ့ကြတော့သည်။
ညသန်းခေါင် ၁၂ နာရီ ကျော်သည်နှင့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ အချက်ပေးသံ မြည်လာပြီး စာသားအချို့ ပေါ်လာတော့လေသည်။
“တကယ်ကို အံ့သြစရာပဲ။ သင်တို့က ဒီမသေမျိုးကျွန်းတွေကို ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်းမှာ ကိုင်တွယ်နိုင်ခဲ့ကြတယ်ပေါ့။”
“ကောင်းလှပြီ။ အခုတော့ မင်းတို့ကို ဖိအားအသစ်တွေ ထပ်ပေးလို့ ရပြီပေါ့။”
“မဆိုးပါဘူး။ နောက်ထပ် SSS အဆင့် အသက်ရှင်ကျန်ရစ်သူ တစ်ယောက် ပေါ်ထွက်လာပြီပဲ။ နောက်ပိုင်းမှာလည်း တိုက်ပွဲတွေကြားထဲကနေ ဆက်ပြီး တိုးတက်နေကြပါဦး။ ငါ သင်တို့ကို စောင့်နေမယ်။”
ထိုစာသားများ ပြီးဆုံးသွားသည်နှင့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှာ ပြန်လည် တိတ်ဆိတ်သွားပြန်သည်။
“တောက်... ဒါက ဘာသဘောလဲ။ ငါတို့ကို မျောက်တွေလို ကစားနေတာလား။”
“အတိအကျပဲ။ အမြဲတမ်း ဘုန်းကြီးတရားဟောသလိုလို ဘာလိုလိုနဲ့ လျှို့ဝှက်ဆန်းကြယ်သလို လုပ်နေတယ်။ အဲ့ဒီနောက်ကွယ်က လူကိုသာ ရှာတွေ့ရင် အသေထုပစ်မယ်ကွ။”
“မင်းတို့ကတော့ တကယ့်ကို သတ္တိရှိတာပဲ။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်မှာ ဒါမျိုးတွေ ပြောရဲတယ်ပေါ့။ အဲ့ဒီနောက်ကွယ်ကလူက မင်းတို့ကို ဒုက္ခပေးမှာ မကြောက်ဘူးလား။”
“ပေးပါစေတော့။ ဒီလိုမျိုး နေနေရတာက တကယ်ကို အသက်ရှူကျပ်လွန်းတယ်။ သေသွားတာကမှ ပိုကောင်းဦးမယ်။ ဖိအားတွေ၊ စမ်းသပ်မှုတွေကလည်း ဘယ်တော့မှ မပြီးနိုင်တော့ဘူး။”
“ဒါပေမဲ့ ငါတို့ ဒီအဆင့်အထိတောင် ရောက်နေပြီပဲ။ နည်းနည်းလောက်တော့ ထပ်ပြီး သည်းခံကြရမှာပေါ့။”
“ဟုတ်တယ်။ အချက်ပေးစာသားရဲ့ အဓိပ္ပာယ်အရဆိုရင်တော့ နောက်ထပ် တိုက်ပွဲကြီးတွေ လာတော့မယ့်ပုံပဲ။”
“ဟူး... ဘာတတ်နိုင်မှာလဲ။ တိုက်ပွဲအတွက်ပဲ အမြန်ပြင်ဆင်ကြရတော့မှာပေါ့။”
ရှောင်းယီမှာလည်း အနည်းငယ် စိတ်ပျက်မိသွားကာ ခေါင်းခါယမ်းလျက် ကုတင်ပေါ်တွင် ပြန်လှဲလိုက်ရုံသာ တတ်နိုင်တော့လေသည်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ ထိုအချက်ပေးစာသားများကို ဖုန်းထဲရှိ ဂရုချက်များသို့လည်း ကူးယူတင်ပြလိုက်ကြသည်။
“ဆော့ဖ်ဝဲလ်ရေးတဲ့သူတွေကို အနူးအညွတ် တောင်းဆိုချင်ပါတယ်။ ဓာတ်ပုံတင်တဲ့ function ကို အမြန်ဆုံး ပြီးအောင် လုပ်ပေးကြပါ။ ဒီစာတွေကို ရိုက်နေရတာ တော်တော်ကြာတယ်။”
“အသံနဲ့ ပို့လို့မရဘူးလား။”
“အသံနဲ့ ပို့ရင် ငါတို့ရဲ့ အသံနေအသံထားတွေကြောင့် တခြားလူတွေကို အနှောင့်အယှက် ဖြစ်မှာစိုးလို့လေ။ စာရိုက်တာက ပိုကောင်းပါတယ်။”
“ဒီအချက်ပေးစာသားရဲ့ အဓိပ္ပာယ်ကို ကြည့်ရင် ငါတို့ မသေမျိုးကျွန်းတွေကို ကိုင်တွယ်ခဲ့တဲ့ နည်းလမ်းက အဆင်ပြေတယ်လို့ ယူဆလို့ရမယ် ထင်တယ်။”
“ငါတို့က ကိုင်တွယ်တာ အရမ်းတော်လွန်းသွားလို့ သူတို့က ပိုကြီးတဲ့ ဖိအားတွေပေးဖို့ ပြင်နေတာလား မသိဘူး။ သေးစမ်း... အဲ့ဒီလိုဆိုရင်တော့ သေချာမကိုင်တွယ်ခဲ့တာကမှ ကောင်းဦးမယ်။”
“မင်း သေချာမကိုင်တွယ်ခဲ့ရင်တောင် သူတို့က ဖိအားပေးဦးမှာပဲ။ ပြဿနာတစ်ခုကို ရှင်းပြီးမှ နောက်တစ်ခု ရင်ဆိုင်ချင်တာလား၊ ဒါမှမဟုတ် ပြဿနာနှစ်ခုလုံးကို တစ်ပြိုင်တည်း ရင်ဆိုင်ချင်တာလား။”
အဖြေမှာ ရှင်းပါသည်။ မည်သူမျှ ပြဿနာနှစ်ခုကို တစ်ပြိုင်တည်း ရင်မဆိုင်လိုကြပေ။ ပြဿနာတစ်ခုချင်းစီကို အာရုံစိုက်ဖြေရှင်းခြင်းကသာ အထိရောက်ဆုံး ဖြစ်ပေလိမ့်မည်။
“ဒီအချက်ပေးစာသားထဲမှာ နောက်ထပ် SSS အဆင့် အသက်ရှင်ကျန်ရစ်သူ တစ်ယောက် ပေါ်လာပြီလို့ ပြောထားတယ်။ အဲ့ဒါ သူဌေးဘက်က လူများလား။”
“ဘယ်သူသိမှာလဲ။ ဘာပဲဖြစ်ဖြစ် ငါတို့ မဟာမိတ်အဖွဲ့ထဲကတော့ မဟုတ်တာ သေချာတယ်။”
“သူဌေးဘက်က အသက်ရှင်ကျန်ရစ်သူ ဖြစ်ဖို့ကတော့ အခွင့်အရေး အများဆုံးပဲ။”
အခန်း (၉၈၀) - ဆီမီးအော်တို ကာဘိုင်ရိုင်ဖယ်နှင့် စမ်းသပ်ပစ်ခတ်ခြင်း
ရှောင်းယီသည် သူတို့၏ ဆွေးနွေးမှုများကို အပေါ်ယံမျှ ကြည့်ရှုရင်း အံ့အားသင့်သွားကာ မျက်တောင်တခတ်ခတ် ဖြစ်သွား၏။ ထို့နောက် အန်းယွဲ့ထံသို့ အခြေအနေကို အတည်ပြုရန် မက်ဆေ့ချ် အမြန်ပို့လိုက်သည်။
မိမိမဟာမိတ်အဖွဲ့အတွင်းရှိ အသက်ရှင်ကျန်ရစ်သူများထဲတွင် ဒူခန်းကဲ့သို့ စူပါစုပ်ယူမှု ပါရမီမျိုး ပိုင်ဆိုင်ထားသူ ရှိ၊ မရှိ သူ မသေချာသောကြောင့်ပင်။
“ဦးလေးအန်း ကျုပ်တို့ မဟာမိတ်အဖွဲ့ထဲမှာ SSS အဆင့်ကို ရောက်သွားတဲ့သူ ရှိလား။”
ရှောင်းယီက မေးလိုက်သည်။
“မရှိပါဘူး။ အဲ့ဒီ SSS အဆင့်က ငါတို့လူ မဟုတ်ဘူး။ ရှေးဟောင်းသိုင်းပညာ မိသားစု တစ်ခုခုက လူဖြစ်ရမယ်။”
အန်းယွဲ့က ပြန်ဖြေလိုက်သည်။ သူသည် ရှောင်းယီ ဘာကြောင့်မေးသည်ကို ကြိုတင်ခန့်မှန်းမိပြီးသားဖြစ်သည်။
စဉ်းစားကြည့်လျှင် ယီရန်ပင်းမဟာမိတ်အဖွဲ့တွင် အစားအသောက် အကောင်းဆုံးစားရသူများမှာ ရှောင်းယီဘေးနားရှိ လူများပင်ဖြစ်သည်။ လက်ရှိတွင် အဆင့်အမြင့်ဆုံးမှာ SS အဆင့်သို့ ရောက်ရှိနေသည့် ဒူခန်း ဖြစ်ပြီး သူသည် သူ၏ ထူးခြားသောပါရမီကြောင့် နောက်မှလိုက်လာသော်လည်း အားလုံးကို ကျော်တက်သွားခြင်းဖြစ်သည်။
တစ်ဖက်တွင်မူ S အဆင့်သို့ ရောက်ရှိနေသည်မှာ ကြာပြီဖြစ်သော ကျန်းယွင်ထျန်းမှာမူ SS အဆင့်သို့ တက်လှမ်းနိုင်ခြင်း မရှိသေးပေ။ ကျန်းယွင်ထျန်းသည် အလွန်အမင်း ပြင်းပြင်းထန်ထန် လေ့ကျင့်ပြီး သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အဆမတန် မြင့်မားလာသော်လည်း သူ၏ ရုပ်ခန္ဓာအဆင့်မှာမူ အဆင့်တက်မလာသေးပေ။
“မနက်ဖြန်ကျမှ ဘယ်သူက တော်ပီဒိုတွေ လာဝယ်မလဲဆိုတာ စောင့်ကြည့်ရမှာပဲ။”
ရှောင်းယီက တိုးတိုးလေး ရေရွတ်လိုက်သည်။
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ အကြောင်းကြားစာကို ဖတ်ပြီးနောက် ရှောင်းယီမှာ အိပ်မပျော်တော့ဘဲ အသစ်ရောက်ရှိလာသောနေ့အတွက် လက်မှတ်ထိုးဝင်လိုက်တော့လေသည်။
“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ဆုလာဘ် - ဆီမီးအော်တို ကာဘိုင်ရိုင်ဖယ် (Semi-Automatic Carbine Rifle) ပုံစံခွက် (SS အဆင့်) ၁။”
စနစ်၏ ဖော်ပြချက်အရ ဤပုံစံခွက်သည် ကုန်ကြမ်းပစ္စည်းများရှိပါက ဆီမီးအော်တို ကာဘိုင်များကို အမြောက်အမြား ထုတ်လုပ်နိုင်သည်ဟုသာ ဆိုထားသည်။ ကာဘိုင်ဆိုသည်မှာ အမှန်တကယ် မည်သို့သော အရာဖြစ်သည်ကိုမူ ရှောင်းယီအနေဖြင့် ကျန်းယွင်ထျန်းကိုသာ မေးကြည့်ရမည်ဖြစ်သည်။
ရှောင်းယီသည် သူ့ဖုန်းထဲရှိ အစကတည်းက သူ့နောက်သို့ လိုက်ပါလာသူများသာရှိသော သီးသန့်ဂရုကို ဖွင့်လိုက်သည်။
“အစ်ကိုကျန်း ကာဘိုင်ဆိုတာ ဘာလဲ။”
ရှောင်းယီ စာရိုက်လိုက်သည်။
ယခုမှာ အပတ်စဉ်၏ နောက်ဆုံးနေ့ဖြစ်သောကြောင့် မည်သူမျှ အိပ်မပျော်ကြသေးပေ။ ၎င်းမှာ ပုံမှန်အလေ့အထတစ်ခုကဲ့သို့ ဖြစ်နေပြီဖြစ်သည်။
ကျန်းယွင်ထျန်းသည် ကုတင်ပေါ်တွင် လှဲလျက် ဂရုထဲရှိ မက်ဆေ့ချ်များကို ဖတ်နေပြီး တစ်ခါတစ်ရံတွင် အသက်ရှင်ကျန်ရစ်သူ ဖိုရမ်ဘက်သို့ ကူးကြည့်နေတတ်သည်။ တစ်ဝက်တစ်ပျက် အိပ်ချင်မူးတူး ဖြစ်နေသော သူသည် ရှောင်းယီ၏ မက်ဆေ့ချ်ကို မြင်သည်နှင့် ချက်ချင်းပင် မျက်လုံးပွင့်သွားတော့လေသည်။
“ကျွန်းပိုင်ရှင် ကာဘိုင် ရလာတာလား။”
ကျန်းယွင်ထျန်းက ချက်ချင်း ပြန်မေးလိုက်သည်။ ရှောင်းယီ ပြန်မဖြေခင်မှာပင် ကျန်းယွင်ထျန်းက ဆက်တိုက် စာရိုက်တော့လေသည်။
“ကာဘိုင်ဆိုတာ ရိုင်ဖယ်ထက် ပိုတိုအောင် ပြုပြင်ထားတဲ့ အမျိုးအစားပဲ။ လက်နဲ့မောင်းတင်ရတာရှိသလို၊ ဆီမီးအော်တို ဒါမှမဟုတ် အော်တိုလည်း ရှိတယ်။ သူက သာမန်ရိုင်ဖယ်ကျည်တွေကိုပဲ သုံးတာဆိုပေမယ့် ပိုတိုတယ်၊ ပိုပေါ့ပါးပြီး ကိုင်တွယ်ရတာ ပိုလွယ်ကူတယ်။ အရင်ကမ္ဘာက ဂိမ်းတွေထဲမှာပါတဲ့ M4 ဆိုတာ ကာဘိုင်အမျိုးအစားပဲ။”
“ကြည့်ရတာ တော်တော်ကောင်းတဲ့ သေနတ်ပဲ။”
ရှောင်းယီက အံ့သြတကြီး ပြောလိုက်သည်။
“လက်ရှိ ငါတို့ရဲ့ အခြေအနေမှာဆိုရင် ဒါက ထိပ်တန်းအဆင့် လက်နက်ပဲ။ ကျွန်းပိုင်ရှင်...မင်း တကယ် ရလာတာလား။”
ကျန်းယွင်ထျန်းက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
“အင်း”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“အရမ်းမိုက်တယ်။”
ကျန်းယွင်ထျန်း ကုတင်ပေါ်၌ ဆတ်ခနဲ ထထိုင်လိုက်၏။
ထိုအခါ ဘေးနားတွင် လှဲနေသော ကျန်းရွှဲ့က သူ့ကို စိုက်ကြည့်လိုက်သည်။ ကျွင်းကျွင်းကို ချော့သိပ်ထားရသည်မှာ မကြာသေးပေ။
“သူ နိုးလာရင် နင်ပဲ ပြန်ချော့သိပ်ရမှာနော်။”
ကျန်းရွှဲ့က တိုးတိုးလေး ခြိမ်းခြောက်လိုက်သည်။
ကျန်းယွင်ထျန်း ချက်ချင်း ပြန်ငြိမ်သွားတော့သည်။ သူ့ကို စစ်တပ်တစ်တပ်လုံးနှင့် တိုက်ခိုက်ခိုင်းလျှင်ပင် သူ မတွန့်ဆုတ်သော်လည်း ကလေးချော့သိပ်ရမည်ဆိုလျှင်မူ သူ တကယ်ကို ကြောက်လှသည်။
“နင် ဘာလို့ အဲ့လောက် စိတ်လှုပ်ရှားနေတာလဲ။”
ကျန်းရွှဲ့က ကျွင်းကျွင်း၏ စောင်ကို သေချာပြန်ခြုံပေးရင်း တိုးတိုးလေး မေးလိုက်သည်။
“ကျွန်းပိုင်ရှင် ကာဘိုင်တွေ ရလာပြီတဲ့။”
ကျန်းယွင်ထျန်းက တိုးတိုးလေး ပြန်ပြောလိုက်သည်။
“အခု ဂရုထဲမှာ အဲ့ဒီအကြောင်း လာမေးနေတာ။”
“ဒါက သတင်းကောင်းပဲ။ ဒါပေမဲ့ လက်နဲ့မောင်းတင်ရတဲ့ Manual ဆိုရင်တော့ ငါတို့ ပြန်ပြီး လေ့ကျင့်ရဦးမယ်။”
ကျန်းရွှဲ့ မျက်မှောင်အနည်းငယ် ကြုတ်ကာ ဆိုသည်။
“ဒီလောက်စောစောစီးစီး ကာဘိုင်ရတာကိုပဲ ဝမ်းသာစမ်းပါ။ အများကြီး ထပ်မတောင်းဆိုနဲ့။ အနည်းဆုံးတော့ အခုသုံးနေတဲ့ ပင်ဖိုင်းယားရိုင်ဖယ်တွေထက် ပိုပေါ့ပြီး သယ်ရလွယ်တာပေါ့။”
ကျန်းယွင်ထျန်းက ပြောလိုက်သည်။ ကျန်းရွှဲ့က ခေါင်းညိတ်လိုက်သည်။
“ဟုတ်ပါတယ်လေ။ အိပ်တော့...မနက်ဖြန်ကျရင် အဲ့ဒီ ကလေးတသိုက်ကို သေနတ်အသစ် ဘယ်လိုကိုင်ရမလဲဆိုတာ ထပ်သင်ပေးရဦးမှာ။”
“မင်း အရင်အိပ်နှင့်လိုက်ပါ။ ငါ ခဏလောက် ထပ်ကြည့်လိုက်ဦးမယ်။”
ကျန်းယွင်ထျန်းမှာ စိတ်လှုပ်ရှားနေဆဲဖြစ်သည်။ ကျန်းရွှဲ့ကလည်း ထပ်မတားတော့ပေ။
“မနက်ဖြန် မနိုးရင်တော့ ငါကိုယ်တိုင် နင့်ကို နှိုးပေးမယ်...ငါကိုယ်တိုင်နော်။”
ထိုစကားကြောင့် ကျန်းယွင်ထျန်း တစ်ကိုယ်လုံး တုန်တက်သွားပြီး ဖုန်းကို ဘေးသို့ပစ်ချကာ တိုးတိုးလေး ပြောလိုက်တော့လေသည်။
“အိပ်ပြီ၊ အိပ်ပြီ၊ အခုချက်ချင်း အိပ်ပါပြီကွာ...။”
ဂရုထဲတွင် ကာဘိုင်အကြောင်း မေးမြန်းပြီးနောက် ရှောင်းယီသည်လည်း မှေးခနဲ အိပ်ပျော်သွားတော့သည်။
နောက်တစ်နေ့မနက် ငါးနာရီတွင် ရှောင်းယီ နိုးလာကာ ပုံမှန်အတိုင်း တရားမှတ်ပြီးနောက် ညစာစားရန် ဆင်းလာခဲ့သည်။ ပုံမှန်အားဖြင့် ကျန်းယွင်ထျန်းနှင့် ကျန်းရွှဲ့တို့သည် ဗီလာတွင် မနက်စာ မစားကြပေ။ သူတို့သည် အရုဏ်တက်ချိန်ကတည်းက စစ်စခန်းသို့သွားကာ စစ်သည်များနှင့်အတူ လေ့ကျင့်ပြီး ထိုနေရာ၌ပင် စားလေ့ရှိသည်။
သို့သော် ယနေ့တွင်မူ ထိုဇနီးမောင်နှံမှာ ရှောင်းယီ မနက်စာစားပြီးသည်အထိ ဗီလာ၌ပင် စောင့်နေခဲ့ကြ၏ သူတို့ကို မြင်သောအခါ ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။
“အရင်စားကြပါဦး။ ကျန်တဲ့ကိစ္စတွေက ပြီးမှလုပ်လို့ရပါတယ်။”
ကျန်းယွင်ထျန်းနှင့် ကျန်းရွှဲ့တို့မှာ စိတ်လှုပ်ရှားမှုကို အောင့်အည်းထားပြီး အစားအသောက်ကို အမြန်ဆုံး အပြီးစားလိုက်ကြရသည်။
“သွားကြစို့။”
ရှောင်းယီက ထရပ်ရင်း ပြောလိုက်သည်။ ထို့နောက် သူတို့ သုံးဦးသည် မြို့ပြန်ကျောက်ကို အသုံးပြု၍ စစ်စခန်းအတွင်းရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်အနီးသို့ ရောက်လာခဲ့ကြသည်။ ရှောင်းယီသည် ကျောက်တိုင်ကို စစ်ဆေးပြီး ကာဘိုင်ထုတ်လုပ်ရန် လိုအပ်သည့် ကုန်ကြမ်းစာရင်းကို ကြည့်လိုက်ရာ သာမန်သစ်သားနှင့် သတ္တုများသာ ဖြစ်နေခဲ့လေသည်။
သူသည် ကာဘိုင် ၃ လက်ကို ထုတ်လုပ်ရန် ရွေးချယ်လိုက်ပြီးနောက် လိုက်ဖက်ညီမှုမြင့်မားသော ကျည်အိမ်ပုံစံခွက်ကို အသုံးပြု၍ ကာဘိုင်ကျည်အိမ် ၉ ခုကို ထုတ်လုပ်လိုက်တော့သည်။ နောက်ဆုံးတွင် စမတ်ကျည်ဆန် ထုတ်လုပ်စက်ကို အသုံးပြု၍ ကိုက်ညီသော ကျည်ဆန်များကို အမြောက်အမြား ထုတ်လိုက်လေသည်။
ရှောင်းယီသည် ကျန်ရှိသော ကာဘိုင်နှစ်လက်ကို ကျန်းယွင်ထျန်းနှင့် ကျန်းရွှဲ့တို့ထံ တိုက်ရိုက် ပစ်ပေးလိုက်၏။ သေနတ်ကို ဖမ်းမိလိုက်သည်နှင့် နှစ်ဦးသား အံ့အားသင့်စွာ ငေးကြည့်နေကြတော့သည်။
“ဒါက ဆီမီးအော်တို ကာဘိုင်လား။”
ကျန်းရွှဲ့က အံ့သြတကြီး ရေရွတ်လိုက်သည်။
“အင်း။ အော်တို မရသေးတာကတော့ နှမြောစရာပဲ။”
ရှောင်းယီက မချင့်မရဲ ပြောလိုက်သည်။ ကျန်းယွင်ထျန်းကမူ ပို၍ပင် ဝမ်းသာနေသည်။
“ဆီမီးအော်တိုနဲ့တင်ပဲ ပြည့်စုံနေပါပြီ။ ငါတို့တပ်ဖွဲ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက နောက်ထပ် အဆင့်ကြီးတစ်ခုကို ခုန်တက်သွားပြီ။”
ကျန်းရွှဲ့သည်လည်း ထပ်တူပင် ဝမ်းသာနေခဲ့သည်။
“တကယ်တော့ ကျွန်မက ဆီမီးအော်တိုကို ပိုကြိုက်တယ်။ ကျည်ဆန်အရွယ်အစား တူတူပဲဆိုရင် သူက ပစ်မှတ် ပိုတိကျပြီး ကျည်ဆန်လည်း သက်သာစေတယ်။ အော်တိုဆိုရင်တော့ ထိန်းပြီးပစ်ရင်တောင်မှ သေနတ်ပြောင်းက အရမ်းခါတာ။”
ရှောင်းယီက ခေါင်းညိတ်လိုက်သည်။ ကျန်းရွဲ့သည် ရှောင်းယီအနေဖြင့် အော်တိုစနစ်တွင် အားသာချက်မရှိဟု ထင်သွားမည်စိုး၍ ထပ်လောင်းပြောပြသည်။
“ဒါပေမဲ့ ချုံခိုတိုက်ခိုက်တဲ့နေရာမှာ ဒါမှမဟုတ် ရန်သူကို ခေါင်းမဖော်နိုင်အောင် ပစ်နှိပ်ထားရမယ့် အခြေအနေမျိုးမှာတော့ ဆီမီးအော်တိုက အော်တိုကို မယှဉ်နိုင်ပါဘူး။”
“တကယ့်ကို ကျွမ်းကျင်သူပဲ။”
ရှောင်းယီက သူမကို လက်မထောင်ပြကာ ချီးကျူးလိုက်သည်။
ကျန်းယွင်ထျန်းမှာမူ သေနတ်ကို အစိတ်အပိုင်းများ ချက်ချင်း ဖြုတ်ကြည့်နေပြီဖြစ်သည်။ သူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ လက်ရာကို သံသယရှိ၍ မဟုတ်ဘဲ အရင်ကမ္ဘာက ကာဘိုင်များနှင့် တည်ဆောက်ပုံ ကွဲပြားမှု ရှိ၊ မရှိ သိလိုခြင်းကြောင့်သာ ဖြစ်သည်။
“အရင်ကအတိုင်းပဲ။ ကျည်အိမ်က ပုံမှန် ၃၀ ဆံ့မယ့်အစား အခုက ၄၀ ဆံ့သွားတာပဲ ကွာတယ်။”
ကျန်းယွင်ထျန်းက အစီရင်ခံလိုက်သည်။
“ပစ်ကွင်းကိုသွားပြီး စမ်းကြည့်ကြမလား။”
ရှောင်းယီက အကြံပြုလိုက်သည်။
“သွားကြတာပေါ့။ ဆီမီးအော်တို ရိုင်ဖယ်ကို မကိုင်ရတာ ကြာပြီ။ ငါ လက်တွေတောင် ယားနေပြီ။”
ကျန်းယွင်ထျန်းက ရယ်မောလိုက်သည်။
သူတို့သည် ကျည်အပြည့်ပါသော ကျည်အိမ် သုံးခုစီ လွယ်ကာ ပစ်ကွင်းသို့ ထွက်ခွာလာခဲ့ကြလေသည်။ ပစ်ကွင်းသို့ ရောက်သောအခါ အမှောင်နတ်သူငယ်မျိုးနွယ် ဘုရင်မ ဆာရာနှင့် တိုးတော့သည်။ ပင်ဖိုင်းယားရိုင်ဖယ်များထက် အနည်းငယ် ပိုတိုသော သေနတ်အသစ်များကို မြင်သောအခါ သူမ ရှေ့တက်လာခဲ့၏။
“ကျွန်းပိုင်ရှင်... ရှင်တို့ရဲ့ ဒီသေနတ်ရှည်တွေက ခြောက်လုံးပြူးကိုတောင် မမီဘူး။ ရှင်တို့ တစ်ချက်ပစ်ရတဲ့ အချိန်အတွင်းမှာ ကျွန်မ မြားသုံးစင် ထွက်အောင် ပစ်နိုင်တယ်။”
ဆာရာက မျက်မှောင်ကြုတ်ကာ ဆိုလိုက်သည်။
“ဒီလိုလက်နက်မျိုးတွေကို လွှင့်ပစ်လိုက်သင့်ပြီ မဟုတ်လား။”